31 October, 2009

ဒိုင်ယာလော့ခ် ပြတင်းပေါက်


ဟေး ပြတင်းပေါက်တွေ ဖွင့်ကြစို့
ဘာကိုမှ မမြင်ဘူး
အသက်ရှူရတာမ၀ဘူး..
ဟောဒီမှာ ဆာလောင်နေပြီ

ဟေး ပြတင်းပေါက်တွေဖွင့်ကြစို့
ကမ္ဘာမြေကို ရှုမြင်ကြ
မြင်လား
ရောင်စုံငှက်တွေ
စုစုဝေးဝေး တောအုပ်အုပ်တွေ
လတ်ဆတ်တဲ့ လေတွေ
ကိုယ်စုပ်ယူနိုင်စွမ်းရှိသလောက် ဂီတတွေ...

ဟေး ပြတင်းပေါက်တွေ ဖွင့်ကြစို့
ဟိုးခပ်ဝေးဝေးက အရိုးပြိုင်းပြိုင်းသစ်ခြောက်ပင်ကြီးတောင်
လှလာတယ်....။
ဆူးတွေလည်း ဆူးဖြစ်ခွင့် ရှိရမယ်။
ကိုယ်က တက်မနင်းမိဖို့တော့ လိုမယ်....။

စကားတွေ ပြောကြမယ်
ကျောပေးရပ်နေတာ ရပ်လိုက်တော့။

အပြုံးတွေကို ဆေးကြောလိုက်
မလတ်ဆတ်ဘူးထင်ရင်တော့
ရိုးရိုးသားသားပဲ သွန်ပစ်လိုက်ကြစို့

ပဋိပက္ခမွေးမြူရေးပရောဂျက်တွေနဲ့ပဲ
ကမ္ဘာမြေရဲ့ စိုက်ကွက်တွေ မစိမ်းလန်းတော့ဘူး၊

ဟေး ပြတင်းပေါက်တွေ ဖွင့်ကြစို့
သဘောထားကြီးမြတ်မှုအလင်းတိုင်တွေ လင်းစေပေါ့..
ဆွဲယူနှုတ်ဆက်လိုက်တဲ့ ခိုင်ခိုင်မာမာလက်ထဲမှာ
ငြိမ်းချမ်းရေညစာအတွက်
ယုံကြည်ရသောဖိတ်စာ....။


ဟေး ပြတင်းပေါက်တွေ ဖွင့်ကြစို့။

30 October, 2009

နီကိုရဲလက်ကျန်များ(၂)

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။



အိုစေ၊ နာစေ၊ သေစေဆိုတဲ့ အရေးယူမှုတွေကိုတော့ ခန္ဓာလက်ဝယ်ထားရှိခြင်းပြစ်မှုတစ်ခုတည်းနဲ့ပဲ မလွဲမရှောင်သာခံနေကြရဦးမှာပါ။ လူ့ဘ၀ လူ့ခန္ဓာကို ရပြီးဆိုမှတော့ ချိန်းချက်မထားပေမယ့် သေခြင်းတရားက ဒကာ နီကိုရဲကြီးဆီကို ရောက်လာတော့တာပါ။ သူ့ရဲ့ဈာပနမျက်ရည်မြစ်ထဲမှာ လွမ်းသူ့ပန်းခွေတွေလည်း မျောလို့ပါပဲ။



သူ့ကို ချစ်တဲ့သူတွေအတွက် သူ လက်ကျန်လေးတွေ ထားခဲ့တာ သေချာခဲ့ပါတယ်။

အကောင်းတွေကို သူတူးဖော်စိုက်ပျိုးခဲ့တာ သေချာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကောင်းစလေးတွေကို ရှည်အောင် မထိန်းနိုင်ခဲ့တာတော့ သူ့အတွက်ရော၊ သူ့မိသားစု ။ သူ့ဝန်းကျင်၊ သူ့နိုင်ငံ၊ သူ့ကမ္ဘာအတွက် ကြေကွဲစရာပါ။ ဘာပဲဖြစ်ဖြစ်




သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။



ဘ၀ကတိုတိုလေးပေမယ့် အလွမ်းတွေက အရှည်ကြီး။ သံသရာကို ယုံကြည်သူတွေအတွက်တော့ တမလွန်ဖြတ်သန်းမှုတွေက အရှည်ကြီးဖြစ်နေဦးမှာပါပဲ။ ကံတရားနဲ့ ကိလေသာတွေကို ၀တ်ဆင်ထားကြဦးမယ်ဆိုရင်ပေါ့။ ကိုယ့်စွဲလမ်းမှုနဲ့ကိုယ် ကောင်းကံ ဆိုးကံတွေကို ပြုဖြစ်နေကြဦးမှာပဲမဟုတ်လား။



မသေမီ ဘ၀ဖြစ်တည်မှုလေးမှာ သမုတိနဲ့ ပရမတ္ထနယ်ကို စည်းရိုးခြားနားလည်ဖို့တော့ လိုပါလိမ့်မယ်။ ငါ၊ ငါ့မိသားစု၊ ငါ့ရပ်ဝန်း၊ ငါ့ဒေသ၊ ငါ့နိုင်ငံ၊ ငါ့ကမ္ဘာ ဆိုတဲ့ ငါတွေကို လှပအောင် ခြယ်ရေးတတ်ဖို့ပါ။ သမုတိနယ်ထဲက “ ငါ ” ဆိုတာကို ပရမတ္ထနယ်ထဲက “ငါ” နဲ့ မကွဲပြားတော့တဲ့အခါ လမ်းပျောက်သွားတတ်ပါတယ်။



“ငါ အစွဲတွေကို ဖြုတ်ကြ ” ဆိုတဲ့ ငါက ပရမတ္ထနယ်ထဲက သက္ကာယတရားတွေနဲ့ ပူလောင်နေတဲ့ ငါ ပါ။ ဖြတ်ထုတ်စွန့်ပယ်ပစ်ရမယ့် သက္ကာယ ငါ နဲ့

ဝန်ဆောင်ထမ်းပိုးရမယ့် သမုတိနယ်ထဲက ငါ .....။



ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာက သမုတိနယ်ထဲက “ငါ” ကို ညွှန်းပါတယ်၊ ဆရာဇော်ဂျီက သူ့ကိုယ်သူ လက်ညှိးထိုးရင်း

လူမှုလောကကြီးထဲက မလွတ်မြောက်သေးသူတိုင်းကိုလည်း

ပုခုံးပုတ်လိုက်ပါတယ်။

“ဘာလုပ်သွားမှာလဲ”တဲ့။ ”သင်သေသွားသော်” တဲ့။

တစ်ခုခုတော့ ကမ္ဘာမြေကို ပေးခဲ့ကြရမယ်ပေါ့။

လောကီတာဝန်လေးတွေတော့ ကြေခဲ့ကြရမယ်ပေါ့။



ဒကာ နီကိုရဲကြီး ဘယ်ဝန်တွေကိုများ ထမ်းခဲ့ပါလိမ့်။

ဆရာဇော်ဂျီကတော့ခေါင်းလေးဆတ်ပနဲ ညိတ်ရင်း ပြုံးမိသွားမှာပါ။



သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။



နီကိုရဲဟာ စာတွေကို တကုတ်ကုတ်ရေးခဲ့လေသပေါ့။

စာပေအသစ်တွေကို ဖန်တီးခဲ့လေသပေါ့။ ဆရာကြီးမောင်ထင်တို့ ကုသတို့ ဇ၀နတို့ ဖောက်ခဲ့တဲ့လမ်းကို ထပ်လျှောက်ရင်း အရောက်သွားခဲ့လေသပေါ့။



သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
သင်သေသွားသော်

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။



ဘာပဲဖြစ်ဖြစ်ပေါ့လေ

သူတစ်ကိုယ်တည်းဆိုင်တဲ့စာမျက်နှာတွေကို သူပဲ ရေးသွားပါလိမ့်မယ်။

ပရမတ္ထနယ်က “ငါ” ကို သူဘယ်လို ကိုင်တွယ် သုံးသပ်လေသလဲဆိုတာပါ။


29 October, 2009

နီကိုရဲ လက်ကျန်များ


(၁)

အတ္တာ ဂေဟေ နိဝတ္တန္တိ၊
သုသာနေ မိတ္တဗန္ဓ၀ါ။
သုကတံ ဒုက္ကဋံကမ္မံ၊
ဆာယာဝ အနုပါယိနီ။

စုဆောင်းခဲ့သမျှ ဥစ္စာက အိမ်မှာ ကျန်ခဲ့မယ်။
ချစ်သူခင်သူတို့ကတော့ သုသာန်မှာ လှည့်ပြန်ကြမယ်။
ကောင်းကံ ဆိုးကံသာ၊
အရိပ်ပမာ မခွဲမခွာ။

(သံဝေဂဂါထာ)

စာရေးဆရာနီကိုရဲရဲ့ နာရေးသတင်းအတွက် အမှတ်တရပါ။ ပွင့်ပွင့်လင်းလင်းရယ်သံတွေကို ဖန်တီးတတ်တဲ့နီကိုရဲဟာ ပရလောကမှာလည်း ဟာသအသစ်တွေနဲ့ လွတ်လပ်ပေါ့ပါးနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါရစေတော့။

လူချင်းမရင်းနှီးပေမယ့် ၁၉၉၅ လွန်နှစ်တွေမှာ သူ့စာတွေကို စောင့်ဖတ်ခဲ့တဲ့ ပရိသတ်အမာတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
ဟန်သစ်မဂ္ဂဇင်းနဲ့ သရဖူမဂ္ဂဇင်းအဟောင်းအသစ်တွေနဲ့ တက္ကသိုလ်စာသင်ချိန်အကူးအပြောင်းကာလတွေမှာ နီကိုရဲရဲ့ စာတွေကို သီတင်းသုံးဖော်ရဟန်းတွေနဲ့အတူ လုဖတ်ခဲ့ဖူးပါသေးရဲ့။ နီကိုရဲနဲ့အတူ သစ္စာနီ၊ ဇော်ဇော်အောင်၊ မောင်မောင်ဇေယျ၊ နေမျိုး ။တာရာမင်းဝေ၊မင်းခိုက်စိုးစံ၊ စတဲ့ မော်ဒန်။ပို့စ်မော်ဒန် စာပေသရဲကြီး၊သရဲလေးတွေရဲ့ စာတွေအတွက် ရဟန်းတစ်ပါးရဲ့ ဂန္ထဓုရအချိန်တွေကို ဖဲ့ပေးခဲ့ဖူးလေသပေါ့။

သာသနာ့တက္ကသိုလ်အဆောင်ညတွေမှာ ရဟန်းငယ်တွေရဲ့စကားဝိုင်းဟာ နီကိုရဲရဲ့ မကြည်ပြာကြောင့် ရယ်သံဟဟတွေနဲ့ စည်ဝေခဲ့ဖူးပါတယ်။ သူ့ရဲ့ပင်ရင်းဇာတ်ကောင် မသီတာကနေ မကြည်ပြာအဖြစ် နာမည်ပြောင်းသတင်းရေးဟန်ကိုတောင် တခုတ်တရပြောဖြစ်ကြတာပါ။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် မသီတာမှ မကြည်ပြာသို့ ဆိုတာမျိုးပါ။


ခုတော့ နီကိုရဲဟာ ဟာသလက်ကျန်၊ အတွေးလက်ကျန်တွေကို ထားခဲ့ပြီပေါ့။ သူ့ချစ်သူလက်ကျန်တွေ၊ သူ့မိတ်ဆွေလက်ကျန်တွေနဲ့ သောက်လက်စလက်ကျန်လေးတွေကိုလည်း ထားခဲ့ရပြီပေါ့။ ဘာတွေကိုများ သူချန်ထားချင်ခဲ့ပါလိမ့်။ ဘာတွေ ကိုရော ဆုပ်ဆုပ်ကိုင်ကိုင် ယူဆောင်သွားနိုင်ခဲ့ပါလိမ့်။


ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့ ကဗျာလေးနှစ်ပုဒ်ကို ရှာရှာဖွေပြန်ဖတ်မိပါတော့တယ်။
ဇော်ဂျီရဲ့ သင်သေသွားသော် နဲ့ နာရေးလက်ကမ်းယပ်တောင်လေးတွေမှာ တွေ့ရလေ့ရှိတဲ့ ဧည့်သည် ဆိုတဲ့ကဗျာလေးတွေပါ။ ဖတ်ကြည့်လိုက်ပါဦး။

(၂)


သင်သေသွားသော်

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
သင်သေသွားသော်

သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။

ဇော်ဂျီ




(၃)

ဧည့်သည်

လာတုန်းကလည်း ၊ တစ်ယောက်တည်း(ထဲ)နော်
လက်တွဲခေါ်ကာ ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။

ပြန်သွားတော့လည်း ၊ တစ်ယောက်တည်း(ထဲ)နော်
လက်တွဲခေါ်ကာ ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး ၊ ကိုယ်ထီးတည်း။

လာပြီးတော့နား ၊ မသွားသေးခင်
ချိန်လေးတွင်မှ ၊
ဝန်းကျင်ယှက်နွယ် ၊ နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ၊ ချစ်မုန်းပိုကြ
မလိုဒေါသ ၊ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ၊ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် ၊ လက်တွဲဖြုတ်ကာ
သုတ်သုတ်စောလျင် ၊ ခရီးနှင်သည်
တို့များဧည့်သည်ပါတကား။ ။


28 October, 2009

ယခင်စာသင်တိုက် ယခုတက္ကသိုလ်










(၁)
ဗာရာဏသီ၏ မွှန်ထူပူလောင်သော မြို့ပြအငွေ့အသက်ကို သက်ပြင်းနှင့်အတူ မှုတ်ထုတ်ပစ်လိုက်ရသည်။ နွေခေါင်ခေါင် မန္တလေးကို မိတ္တူကူးထားသော ရှုမျှော်ခင်းပင် ဖြစ်လိမ့်မည်။ ပရိဝုဏ်တစ်ခုအတွင်းသို့ ချိုးကွေ့ ၀င်လိုက်သည့်အခါမှပင် ကျယ်ပြောလွတ် လပ်သော အသက်ရှူကွက်ကို ပြန်လည် ဆုပ်ကိုင်မိ၏။ အေးမြသော လေပြည်တို့ ရင်ဘတ်ကို တိုးဝှေ့လာသည်။ ခမ်းနားသော ညီမူရာ ခန်းမဆောင်၊ထည်ဝါသော စာသင်ဆောင်များနှင့် ညီညာစိန်းလန်းသော သစ်ပင်တန်းများ သည် ခြေလှမ်းးများကို ညှို့ငင်နေကြသည်။ ငယ်စဉ်က ကျွမ်းဝင်ခဲ့ဖူးသည့် မစိုးရိမ်ကျောင်းတိုက်ကြီးကို နောက်တစ်ကြိမ်ဖြတ်သန်းနေရသလိုမျိုးပါပဲလား။ ကျောင်းတော် ကြီး၏ ကွက်လပ်ရင်ပြင်အသီးသီးတွင် ပူဇော်ထိုက်သူတို့၏ အထိမ်းအမှတ်ရုပ်တုများ တည်ရှိသည်။ ကျေးဇူးတရားကို သင်္ကေတပုံရိပ် အထိမ်းအမှတ်ရုပ်ပွားတို့ဖြင့် ဖော်ကျူးတတ် သည်မှာ မဇ္ဈိမ၏ မြတ်သောအစဉ်အလာဖြစ်သည်။

ဗုဒ္ဓ၏ ကျေးဇူးမြတ်ကို ကမ္ဘာက မမေ့စေလိုသည့် အသောကဧကရာဇ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖော် ဆောင်ခဲ့သော လမ်းလည်းဖြစ်သည်။ ဗုဒ္ဓဒိုင်ယာရီနှင့် ဓမ္မသတင်းစကား ကို ယနေ့ ကမ္ဘာက ယုံကြည် လေးမြတ်စွာ ဖတ်ရှုနိုင်ကြသည်မှာ အသောက ကျောက်စာ တိုင်များက မျှော်မှန်းသည့် ဥဒါန်းပင်ဖြစ်တော့သည်။

ဗရာမင်ဝတ်စားဆင်ယင်မှုဖြင့် ခန့်ညားစွာ ထုဆစ်ထားသည့် ဗြဟ္မဏလူကြီး လူကောင်း တစ်ဦး၏ ရုပ်တုကို တက္ကသိုလ် အစဦးတည်ထောင်သူ သမ္ပုဏ္ဏာနန္ဒ ဟုသိရလေသောအခါ မမြင်ဖူးလိုက်သည့် မစိုးရိမ်ကျောင်းဒကာကြီး ဦးသက်ရှည်ကို မြန်မာ့ဝတ်စုံဆင်မြန်း၍ လွမ်းလိုက်မိသေးသည်။ ဗာရာဏသီမြို့သားကြီး သမ္ပုဏ္ဏာနန္ဒက သက္ကတစာပေနှင့် ဟိန္ဒူဘာသာရေးအတွက် သက္ကတစာသင်တိုက်ကို တည်ထောင်သည်။ မန္တလေးသားကြီး ဦးသက်ရှည်က ပါဠိစာပေနှင့် ဗုဒ္ဓသာသနာတော်အတွက် ပါဠိစာသင် တိုက်ကို တည်ထောင်သည်။

ကိုယ့်အမျိုးဘာသာသွေးကို နွှေးကြပုံချင်းတူသော်လည်း အတ္တနွှယ်ယှက်သော ပုဏ္ဏားကြီးက သူ့အမည်ကို ကျောင်းကမ္ပည်းတင်လိုက်သည်။ အနတ္တနွယ်ဖွား မြန်မာကြီးက ဥယျာဉ်ဟောင်း အမည်ကိုသာ ထင်ရှား စေခဲ့သည်။


(၂)

တက္ကသိုလ်စာသင်ဆောင်များဆီသို့ တိုးဝင်မိသောအခါ ရိုးရာကို တွယ်ဖက်နေဆဲဖြစ်သည့် ဗြဟ္မဏစာ သင်ခန်းများအချို့က ဌာန်ကရိုဏ်းကျနသော သက္ကတကျမ်းဂန် ရွတ်ဖတ်သံများကို သိုမှီးထားလေ သည်။ နိုင်ငံတကာကျောင်းသားတို့ ရုံးစုနေသည့် စာသင်ခန်းများကတော့ အရှေ့တိုင်းဒဿန၏ မြစ်ဖျားဆီ ပြန်လည်ဆန်တက်နေကြသည်။


သက္ကတစာပေဌာန၊ ပါဠိစာပေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလေ့လာရေးဌာန၊ အာယုဗ္ဗေဒဌာန စသည့် မဟာဌာနကြီးများနှင့် ဌာနငယ်ပေါင်းများစွာဖြင့် ဖွဲယှက်ထားသည့် တက္ကသိုလ် ကွန်ရက်က အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးနှင့် နိုင်ငံရပ်ခြားမှ ကျောင်းသားများစွာကို ဖြန့် ကျက်မိနေသည်။ ကောဇောပြည့်ခင်းထားသည့် စာသင်ခန်းဦးက ဖုံလိပ်မွေ့ရာတွင် ဘာသာရပ်ဆိုင် ရာဂုရုကြီးများက အခန့်သား နေရာယူကာ သက္ကတစာပေကို သက္ကတဘာသာစကားဖြင့် ပို့ချမည်။ ပါဠိစာပေကို ပါဠိဘာသာစကားဖြင့် ပို့ချမည်။ နိုင်ငံတကာကျောင်းသားကို တိုးချဲ့ရှင်းပြဖို့တော့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကြလေမည်။ လက်ထောက်ဆရာလေးများကလည်း ဆရာဂုရုကြီးများ၏ ခြေရာထပ်မျှ အရည် အချင်းကို သွေးယူနေကြသည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ မမေ့နိုင်သော နေ့ရက်များက ဒစ်ဂျစ်တယ်လ်ပြကွက်များအဖြစ် အတွေးစီး ကြောင်းထဲ တဖျတ်ဖျတ်လင်းလက်လာသည်။ ညီမူရာ သာသနနယူပဒေသ အလယ်တိုက်မကြီးကို ခြံရံထား သည့် ပိဋကနယူပဒေသ၊အဘိဓမ္မာနယူပဒေသ၊ ပါဠိ နယူပဒေသ စသော ကျောင်းဆောင်အသီးသီး၏ ရွှေရည်သုတ်နံရံတိုင်းကို နာယက အဆူဆူနှင့် စာချစာသင်တို့၏ ပိဋကတ်ကျမ်းဂန် ပို့ချရွတ်ဖတ်သံများက ဓမ္မအဆင် အသွေးခြယ် ရေးထားလေသည်။


သံသရာထွက်ရပ်လမ်းအဘိဓမ္မာ၊ နေ့စဉ်ဘ၀လမ်းညွှန်သုတ္တန္တနှင့် အထူးလိုက်နာကျင့်သုံးဖွယ် ၀ိနယဘာ သာရပ်တို့ကို ပို့ချပေးနိုင်သည့် အရည်အသွေးလင်းပသော နာယကဆရာမြတ်တို့က ထောင်ပေါင်း များစွာသော စာသင်သားတို့၏ ပရိယတ္တိအသိဥာဏ်အကိုင်းအခက်ကို စိမ်းမြရှင်သန်အောင် စိုက်ပျိုးရန် တက်ကြွနေ တတ်ကြမြဲ ဖြစ်လေသည်။


နာရီစင်အချက်ပေးခေါင်းလောင်းသံများကလည်း ကျောင်းတိုက်ကြီးကို ငိုက်မြည်းမနေအောင် ပုတ်နှိုးနေတတ် သည်။ ထို့ကြောင့်ပင် သာသနာတော်နှင့် ပတ်သက်၍ အရေးအရာကြုံလာတိုင်း မစိုးရိမ်သွေးက နွေးနေတတ်လေသည်။


(၃)


သက္ကတတက္ကသိုလ်ကြီး၏ သမိုင်းဆီပြန်လည်ငေးမောမိသောအခါ မစိုးရိမ်ကျောင်းတိုက်ကြီး၏ စဦးနေ့ရက် များလို တာထွက်ကောင်းခဲ့သည်တော့ မဟုတ်ပါ။လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ ခန့်က ဗြိတိသျှလူမျိုး တစ်ဦြး့ဖစ်သည့် ယောနသန်ဒန်ခမ်ဆိုသူက အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်မှု အောက်ရှိနိုင်ငံများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ လေ့လာရေးရည်ရွယ် ချက်ဖြင့် သက္ကတပဋသာလစာသင်တိုက်ငယ်ကို တည်ထောင်ခဲ့ခြင်းဖြစ် သည်။ စာသင်တိုက် ငယ်တွင် သျှတြိ၊ အာကျရယနှင့် ၀ိဒျာဝရိဓိဟု အတန်းသုံးခု သတ်မှတ်ကာ ပညာသင်ကြား ပေးလေသည်။


ဗြိတိသျှအုပ်စိုးမှုအခြေခိုင်လာသည့်အခါ ၀ိတိုးရီးယားကောလိပ်အဖြစ် အဆင့်မြှင့်တင် ပေးခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးသည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ သမ္ပုဏ္ဏာနန္ဒက တက္ကသိုလ်အဖြစ် တစ်ဆင့် တိုးမြှင့်ကာ ပြည်တွင်းကျောင်းသားများ အတွက် သာမက ပြည်ပပညာတော်သင်များအတွက်ပါ သက္ကတ စာပေနှင့် အရှေ့တိုင်း ပညာရပ်တို့ သင်ယူရာ အဆင့်မြင့်ပညာရေးဌာနကြီးတစ်ခု ဖြစ်စေခဲ့လေသည်။ ယခင် သတ်မှတ်ထားသော အတန်းသုံးတန်းသည်လည်း ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့ ဟူ၍ဖြစ်လာကာ နိုင်ငံတကာပညာရေးလောကတွင် ၀င်ဆန့်စေခဲ့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ သမိုင်းကတော့ ခမ်းနားသောနေ့ရက်တို့ဖြင့် စတင်ခဲ့လေသည်။ တက္ကသိုလ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကဲ့သို့ပင် ခိုင်မာသည့် သြ၀ါဒါနုသာသနီ ကတိက၀တ်စာတမ်းကို ရေးဆွဲချမှတ် နိုင်ခဲ့သလို ပညာရှင်များစွာတို့၏ ကိုယ်ရောင် ကိုယ်ဝါဖြင့် သာသနာ့နယ်မြေတွင် လင်းပခဲ့လေသည်။ သက္ကတအရာတွင် ပါမောက္ခတစ်ဆူဖြစ်သည့် အရှင်သောမာဘိသိရီ၊ အင်္ဂလိပ်စာပေပညာရှင် ပထမကျော် အရှင်ဥာဏ၊ ပါဠိပညာရှင် အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်လောင်းလျာ အရှင်သူရိယနှင့် အရည်အချင်း ပြည့်ဝသည့် ဓမ္မာစရိယထေရ်အရှင်များစွာတို့၏ အသိဥာဏ် အရင်းအမြစ်တို့ဖြင့် ပရိယတ္တိနယ်ပယ်ကို ချဲ့ထွင် နိုင်ခဲ့ကြသည်။

ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထူးအရေးထားလေ့လာနေရသည့် လယ်တီဒီပနီ ကျမ်းစာများကို ဦးဆောင် ဘာသာပြန်ဆိုခဲ့သူမှာ မစိုးရိမ်၏ ဂန္ထ၀င်ပုဂ္ဂိုလ်ကျော် အရှင်ဥာဏ ပင်ဖြစ်လေသည်။ ဂရိတ်ဗြိတိန်၊ လန်ဒန်ပါဠိ စာတော်မူအသင်းကြီးသည် မစိုးရိမ် ပိဋကတ်ဦးနှောက်များ၏ တန်ဖိုးကြီးမားလှသော အကြံဥာဏ်ကို နို့သက်ခံယူခဲ့ရပေသေး သည်။

မန္တလေးမြို့၏ နာမည်ကျော်ကြားလှသည့် ပရိယတ္တိသာသနဟိတ(သကျသီဟ)အသင်းကြီးမှ ဆက်ကပ်သည့် သကျသီဟဓမ္မာစရိယဘွဲ့လက်မှတ်သည် မစိုးရိမ်ကျောင်းတိုက်ကြီး၏ နာယကစာချ( ပါမောက္ခ) ခန့်အပ်စာ ပင် ဖြစ်တော့သည်။ မစိုးရိမ်ကျောင်းတိုက်ကြီးတွင် သင်ကြားပို့ချပေးနေသည့် သကျသီဟစာသင်တန်းသည် ၀ိဇ္ဇာဘွဲ့၊ သကျသီဟဓမ္မာစရိယ(စာချတန်း)သည် မဟာဝိဇ္ဇာဘွဲ့၊ နာယကစာချအဖြစ် တာဝန်ယူပြီးသည့်နောက် ပါဠိအဘိဓာနသဟကာရီနိကာယပါဠိအဘိဓာန်ပြုစုရေးအဖွဲ့ (ယခုတိပိဋကပါဠိမြန်မာအဘိဓာန်ပြုစုရေးအဖွဲ့) တွင် ဆက်လက်၍ ပိဋကတ်စာပေများ သုတေ သနပြုရသောအဆင့်သည် ပါရဂူဘွဲ့နှင့် ညီမျှပေလိမ့်မည်။

တဖြည်းဖြည်း စည်ပင်ကြီးထွားလာရသော သက္ကတတက္ကသိုလ်ထက်ပိုလွန်သည့် မစိုးရိမ် ကျောင်းတိုက်ကြီး၏ အားသာချက်မှာ လိုအပ်သည့် အခြေခံအဆောက်အဦနှင့် ပညာရေးမြှင့် တင်မှုစသည့် အရာမှန်သမျှကို ထောက်ပံပေးမည့် ကျောင်းဒကာကြီး ဦးသက်ရှည်၏ ထက်သန်လှသော သာသနာမြတ်နိုးမှုပင်ဖြစ်လေသည်။

(၄)

သက္ကတတက္ကသိုလ်ကြီး၏ လက်အောက်ခံကောလိပ်နှင့် စာသင်ကျောင်းပေါင်း တစ်ထောင် ခန့် ရှိသည်ဟု မှတ်သားရသည့်အခါ မစိုးရိမ်ဟုအမည်မခံသည့်တိုင် မစိုးရိမ်မျိုးဆက်တို့၏ ပရိယတ္တိသီးထပ်စိုက်ပျိုးရာ စာသင် တိုက်ကြီးငယ်များစွာကို မှန်းဆဂုဏ်ယူမိပြန်လေသည်။

သို့သော် ယခင်က ဗြဟ္မဏပုဏ္ဏားလုလင်ငယ်တို့၏ သက္ကတစာပေနှင့် ဝေဒကျမ်းဂန်တို့ ရွတ်ဖတ်သင်အံရာ သံသကရိတ ပဋသာလသက္ကတစာသင်တိုက်ငယ်သည် ရာစုသစ် အပြောင်းအလဲများနှင့် အသားကျစွာ Sampurnanand Sanskrit University အဖြစ် ကမ္ဘာ့တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာကျောင်းသားများအတွက် အဆင့်မြင့် ပညာရေးဝင်ပေါက်တစ်ခုဖြစ်နေလေပြီ။

မစိုးရိမ်ကျောင်းတိုက်ကြီးကတော့ အမည်မခံသော တက္ကသိုလ်ကြီးအဖြစ် အရှိန်အဟုန်မြှင့် စိးဆင်းနေဆဲ။ နိုင်ငံတကာကျောင်းတော်သားတို့၏ အမြင်တွင် မပေါ်လွင်လှသော်လည်း ခေတ်အဆက် ဆက် သာသနာ့ လုပ်ငန်းစဉ်တို့ဖြင့် ဂုဏ်ယူဖွယ်နေ့ရက်တို့ကို ရေးခြစ်နေမြဲ။

ကမ္ဘာ့သာသနာပြုအိပ်မက်ရှင်တို့ကို မွေးမြူနေမြဲသာ။


(လွန်ခဲ့သော ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ သတ္တမနှစ်လည်စာစောင်တွင် ရေးခဲ့ဖူးသည့် ပရိယတ္တိသူရဲကောင်းများအတွက် ဂုဏ်ပြုစာတမ်း။)

26 October, 2009

ဒေါင်းမြူးချောင်းတေး(၂)


ဝန်းသိုမြို့လေး၏ အ၀န်းအ၀ိုင်းတွင် ဘုန်းတော်ကြီးကျောင်းဆယ်ကျောင်းသာ ရှိသည်။ မြို့အရှေ့ပိုင်းမှာက မြို့ဦးလွင်တောရကျောင်း၊ မြို့ရှေ့ရေ၀န်းကျောင်း၊ ကုန်းသာလေးထပ်ကျောင်း၊ မြို့မြောက်ဘက်ပိုင်းမှာက လယ်ပြင်ကျောင်း၊ သင်တိုင်းတောင်ကျောင်း၊ မှန်ကျောင်း ။ မြို့အနောက် ဘက်ခြမ်းမှာက ရွှေကျောင်း၊ မဟာ ဗောဓိကျောင်း၊ ခန္တီးစာသင်တိုက်တို့ရှိသည်။ မြို့လေး၏ တောင်ဘက်ခြမ်း ခပ်လှမ်းလှမ်းတောင် ကုန်းလေးဆီမှာတော့ ကျောင်းတောင်ဟု ဒေသခံများက ခေါ်လေ့ရှိသည့် ခန္တီးရိပ်သာကြီးရှိသည်။


ရဟန္တာဟုပင် ကိုးစားယုံကြည်ရသော အဂ္ဂါဘိဓဇခန္တီး ဆရာတော်ကြီးက ထိုရိပ်သာမှာ သီတင်းသုံးနေ ပါလေသည်။ ဆရာတော်ကြီးက ဘ၀တစ်သက် တာလုံး မြို့တွင်းက ခန္တီးစာသင်တိုက်ကြီးမှာ ပရိယတ္တိ စာပေတွေ ဦးစီးပို့ချကာ သာသနာ့မျိုးဆက်သစ်တွေကို မွေးထုတ်ပေး ခဲ့သည်။ သက်ရွယ် တော်ရလာ သည့်အချိန်မှာတော့ ခန္တီးရိပ်သာအဖြစ် ထင်ရှားလာမည့် တောင်ကုန်းလေးဆီ တိုးတိုးတိတ်တိတ်ကြွရောက် တရားအားထုတ်ခဲ့သည်။ ခြုံအုပ်အုပ်လေးတစ်ခုထဲမှာ မှက်ခြင်တွေတ၀ီဝီ ပျံသန်းကိုက်ခဲ နေသည့်ကြားက မတုန်မလှုပ်တရားစီးဖြန်းမြဲ စီးဖြန်းလျှက်ရှိ သော ဆရာတော်ကြီးကို တံငါမုဆိုးကြီးက ဖူးလိုက်ရသည်။


ထိုအချိန်ကစလို့ မြို့လေးတစ်မြို့လုံးက ပိပိရိရိ အလိုနည်းစွာ တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးနေသည့် ဆရာတော်ကြီး အကြောင်းကို သိသွားကြသည်။ ထိုသို့ဖြင့် ဆရာတော်ကြီးထံနည်းခံ တရားအားထုတ် လိုသော အနယ်နယ်အရပ်က ယောဂီများအတွက် တရားကျောင်းလေးတွေ ပေါ်ပေါက်လာခဲ့သည်။ နောက်တော့လည်း တောင်ရိုးတစ်ခုလုံး ဘုရားကျောင်းကန်တွေ စည်စည်ဝေေ၀ဖြစ်ကာ မြို့လေး၏ ဂုဏ်ဆောင်နေရာ တစ်ခုဖြစ်သွားသည်။ မုဆိုးကြီးကိုယ်တိုင်လည်း ဆရာတော်ကြီးကို ကြည်ညို လေးမြတ်စိတ်ဖြင့် သူ့အသက် မွေးဝမ်းကျောင်းကို စွန့်ကာ ဆရာတော်ကြီး၏ ကပ္ပိယဒကာကြီးဖြစ်သွားသည်။


ပရိယတ္တိစာပေအသိတွင် ပဋိပတ်အကျင့်ကိုပါ အထွတ်တင်သော ဆရာတော်ကြီး၏ “စက်ဖြတ်ဝိပဿနာ” ကျမ်းစာသည် လူရှင်ယောဂီတို့ အားထားစရာ ၀ိပဿနာလမ်းညွှန်ဖြစ်သည်။ နိုင်ငံအ၀ှမ်းက ဆရာတော်ကြီး ကို ဖူးမျှော်ရန်လာရောက်သူများဖြင့် မြို့လေး၏ ဘူတာရုံလေးသည် စိုပြေစိမ်းလန်းနေခဲ့ဖူးသည်။ ဆရာတော်ကြီး၏ သိက္ခာသုံးရပ်အကျင့်မြတ်ကို မြတ်နိုးစွာပင် နိုင်ငံတော်အစိုးရကလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို အသီးသီးဆက်ကပ်ခဲ့သည်။

ယခုလိုမျိုးသီတင်းဝါလကျွတ်ပြီဆိုလျှင် မြို့ပေါ်ရှိဆရာတော်ကြီးများကို လှည့်လည် ကန်တော့ရသည်က ကြည်နူးစရာကောင်းသည်။ ၀ါတော်ငယ်သည့် ဘုန်းတော် ကြီးများက ၀ါတော်ကြီးမြတ်သည့် ဆရာတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ကန်တော့ကြသည်။ ၀ါတော်ကြီးသည့် ဆရာတော်ကြီးများကလည်း တပည့်လက်သားများကို စေလွှတ်ကာ ၀ါတော်ငယ်သည့် ဘုန်းတော်ကြီးများကို ကန်တော့စေသည်။


ထိုစဉ်က သူ့ဆရာတော်၏ ၀ါတော်မှာ အရေအတွက်နည်းသေးသည်မို့ တစ်မြို့လုံး လောက်နီးပါး လှည့်လည်ကန်တော့ရလေသည်။ ကျောင်းထိုင်ဆရာတော်ကြီး များကလည်း ဆရာဘုန်းကြီး၏ နောက်တော်ပါးက ကန်တော့ပွဲထမ်းလိုက်ရသော သူတို့လိုကိုရင်လေးများကို စားဖွယ်မုန့်များ၊ ဆပ်ပြာ သွားတိုက်ဆေးနှင့် ၀တ္ထုငွေစ လေးများ စွန့်ကြဲတတ်ပါလေသည်။


ခန္တီးဆရာတော်ကြီး ရိပ်သာကျောင်းကိုတော့ သူတို့ကိုရင်လေးတွေ သည်းသည့်လှုပ် လိုက်ချင်ကြသည်။ ဆရာတော်ကြီးကို ဖူးမျှော်ရသည်က ပျော်စရာကောင်းသည်။ ဆုပေးလျှင်လည်း တိုတိုနဲ့ လိုရင်းကျအောင် ပေးတတ်သည်။ စစ်ဘေးစစ်ဒဏ်များကြား ခါးသည်းစွာ ဖြတ်သန်းခဲ့ရသည့် ဆရာတော်ကြီး၏ ဆုပေးထဲတွင် “ဗုံးဘေး အမြောက်ဘေး ကင်းဝေးကြပါစေ ”ဆိုတာလည်း ပါသည်။ နားထဲတွင် ယခုတိုင်ကြား ယောင်နေသည်ကတော့
“ကြံတိုင်းအောင် ဆောင်တိုင်းမြောက် နိဗ္ဗာန်ပေါက် နိဗ္ဗာန်ရောက် ချမ်းသာကြပါစေ” ဟု လေးလေးပင်ပင် မိန့်လိုက်သော အသံတော်ပင်ဖြစ်သည်။

ထူးခြားသည်က ဆရာတော်ကြီး၏ ဥပဓိရုပ်ရည်ပင်။ နှစ်ပေါင်းသုံးဆယ်ကျော် ဘ၀ဖြတ်သန်းမှုတွင် ဆရာတော်ကြီးလို ဥပဓိရုပ်ရည်မျိုး မဖူးတွေ့ရသေး။ အခြားအခြားသော ဆရာတော်ကြီးများသည်လည်း ဘုန်းကံတော်အလျောက်ထူးခြားကြသည်ပင်။
သို့သော် ခန္တီးဆရာတော်ကြီး၏ ဥပဓိအသွင်တော်ကတော့ တစ်ဘာသာပင်ဖြစ်သည်။

ဘုန်းကံကြီးမားသည့်ဆရာတော်ကြီးဘေးမှာ သင်္ကန်းထီးဘိနပ် မျက်နှာသုတ်ပုဝါ စသည့် လှူဖွယ်ပစ္စည်းတွေက ပုံနေသည်။ ဆရာတော်ကြီးက ပစ္စည်းဝတ္ထုကို ပမာမပြုဘဲ နီးရာလှမ်းဆွဲကာ စွန့်ကြဲတတ်သည်မို့ မျက်စိမှိတ်ဆုတောင်းရသည်။ ကိုယ်လိုချင်သည့် အရာကို ဆရာတော်ကြီးဆွဲမိပါစေ ၊ ဘုရား ဘုရား ။


သည်တော့လည်း သီတင်းဝါလကျွတ်ချိန်များသည် သူတို့အတွက် ရေဆူသော ရာသီအဖြစ် မျှော်ရပါလေသည်။

ဘလော့ဂါကမ္မဌာန်း

ချစ်ခင်ပေါင်းသင်း

ကော်နက်ခ်ရှင်းကား


ကွေကွင်းနောက်ဆုံး “ကျ”ချေသည်။

25 October, 2009

နတ်စောင်းနဲ့တီးခတ်တဲ့ အလွမ်းသီချင်း

ဒကာ ကိုလေးဖြူကြီးလို “အလွမ်းများ” ဆိုတဲ့အပိုဒ်ကို မျက်လုံးလေးမှေးပြီး ဆွဲဆွဲငင်ငင် ဆွေးဆွေးမြေ့မြေ့ ကြေကွဲပြလိုက်တာ မျိုးတော့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မယ်။ ဒါပေမယ့် တာဝတိံသာက ဂီတသမား တစ်ယောက်ဟာလည်း နတ်သံစဉ်နဲ့ အလွမ်းကို ဖောက်ခွဲခွင့် ရှိတာပဲ မဟုတ်လား။

တိမ္ဗရူသက နတ်မင်းကြီးရဲ့ သမီးချောလေး သူရိယ ၀စ္ဆသာကို စွဲလမ်းနေတဲ့ နတ်ဂီတသမား ပဉ္စသိခ နတ်သားက စောင်းကြိုးတီးခတ်ပြီး အသဲကွဲသီချင်း ဆိုနေခဲ့ဖူးပါတယ်။ တစ်ဦးတည်းသော ပရိသတ်ကတော့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပါပဲ။ ဒီတစ်ကိုယ်တော် ဖျော်ဖြေပွဲလေး ဖြစ်လာပုံက ဒီလိုပါ။ ဘုရားရှင်က မဂဓတိုင်း အတွင်းက ပုဏ္ဏားရွာလေး တစ်ရွာအနီးက တောင်ရိုး လိုဏ်ဂူတစ်ခုမှာ သီတင်းသုံးနေပါတယ်။

ဘုရားဖူးချင်တဲ့ သိကြားမင်းက နောက်လိုက် နောက်ပါ အခြံအရံတွေခေါ်ပြီး ရောက်လာခဲ့တာပါ။ ဒါပေမယ့် ဈာန်ချမ်းသာနဲ့ မွေ့ပျော်လေ့ရှိတဲ့ ဘုရားရှင်တို့ရဲ့ သဘောကို ရိပ်စားမိလေတော့ အခြံအရံတွေ အများကြီးနဲ့ အုတ်အုတ်ကျက်ကျက် အနှောက်အယှက် မဖြစ်စေချင်တဲ့အတွက် ပဉ္စသိခကို အထောက်တော် လွှတ်တာပါ။

အဲဒီမှာ ပဉ္စသိခ နတ်သားက ဗေလုဝပဏ္ဍု နတ်စောင်းကို ထုတ်ပြီး ဘုရားရှင် သီတင်းသုံးတဲ့ လိုဏ်ဂူနားမှာ ဘုရားရှင် ကြားအောင် သူ့အလွမ်းတွေကို ရင်ဖွင့်တော့တာပါ။

လွမ်းလည်း လွမ်းလောက်ပါတယ်။ သူစွဲလမ်းရသူ ချစ်သော သူရိယ ၀စ္ဆသာလေးက သိကြားမင်းကြီး အပါးက ရထားထိန်း မာတလိနတ်မင်းရဲ့ သား သိခဏ္ဍီ နတ်သားနဲ့ ရည်ငံနေပါပြီ။ သူ့လို ဂီတသမား တစ်ယောက်အတွက် သုဒဿန နေပြည်တော်မှာ နေရာ မရရှာပါဘူး။ ဖျော်ဖြေသူ သက်သက်မို့ မျက်နှာကြီး နတ်သမီးလေးတွေက အဖက်မလုပ်ကြဖူးပေါ့လေ။

ဒီတော့လည်း လူ့ပြည်က ရောခ်ကာ တစ်ယောက်လို ကြေကွဲမှုတွေကို သံစဉ်ထဲ ရောမွှေပစ်လိုက် တော့တာပါ။

အံသြစရာ ကောင်းတာက အလွမ်းထဲမှာ တရားသဘောတွေ ပါနေတာပါ။ ဘုရားရှင်နဲ့ ရဟန္တာမြတ်တို့ရဲ့ ဂုဏ်တော်တွေကိုပါ ထည့်သွင်း စပ်ဆိုသွားတာပါ...။ လွမ်းတာတောင် ကုသိုလ်ရအောင် လွမ်းတဲ့ နတ်ဂီတာသမားပေပဲ။

ကဲ…
နားထောင်ကြည့်လိုက် ပါဦး။ အင်း မျိုးဆက်သစ် နတ်လေးတွေ ကတော့ အောလ်တာနေတစ်ဗ်တွေ ပန့်ခ်တွေ ရပ်ပ်တွေ ဘာတွေ လုပ်နေကြရောပေါ့။ ပင်လယ်က သစ်ပင်ရှိုးပွဲတွေမှာ နတ်ပြည်ဖြစ် hiphop သီချင်းတွေ ဆူညံနေလောက်ပြီ။

ပဉ္စသိခသီချင်း



ဟဲလို သူရိယ၀စ္ဆသာ
တိမ္ဗရူသကနတ်မင်း ငါဦးညွတ်
သူက နင့်ဘ၀ကောင်းမြတ်မှုကို မွေးဖွားသူဖခင်
နင်ကတော့ ငါ့ကို မြတ်နိုးစေသော ချစ်သောကောင်မလေး....။

တောက်ပလင်းလက်သူ ကောင်မလေး
ချွေယိုစီးတဲ့အခိုက် လေညှင်းအေး
ရေလိုတဲ့ အခိုက် ရေးအေးအေး
ရဟန္တာတွေအကြိုက်ကတော့ တရားဓမ္မအမြိုက်ဆေး
ငါ့ကတော့ နင်ကိုပဲ ချစ်နေမိသေး......။

ဆေးက နာကျင်သူကို ငြိမ်းပေး
အစာက ဆာလောင်သူကို ငြိမ်းပေး
ရေက မီးလျှံကို ငြိမ်းပေး
နင်က ငါ့အချစ်ကို ငြိမ်းပေး ....။

အေးမြမြရေကန်သာ
ဝတ်မှုံပြွမ်းတဲ့ကြာတောထဲ
ပူလောင်နေတဲ့ ဆင်ပြောင်ကြီးထိုးဆင်းချသလိုမျိုး
နင့်ရင်ခွင်ထဲ ငါပြေးဆင်းခဲ့မယ် ....။


ပေါင်သားပြည့်ပြည့်ကောင်မလေး
မုန်ယိုနေတဲ့ ဆင် လှံအန္တရာယ်ကို မမြင်
မာန်ယစ်မူး ရူးမိုက်သလိုမျိုး
နင့်ကြောင့် အချစ်မူးနေတဲ့ငါ
ဘာမှ မသိတော့ဘူး (ဘာမှမသိတော့ဘူး)...။

နင့်ဆီမှာ ငါ့စိတ်ဟာ တစ်ဘက်သတ်ဖြစ်နေ
နင့်ဆီမှာပဲ ငါ့စိတ်ဟာ တိမ်းညွတ်နေ..
နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး..
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးတစ်ကောင်လို လူး....။

ကလျာဏီ
ပေါင်တံလှလှကောင်မလေး
ငါ့ကို ဖက်ထားစမ်းပါဟေး
မခို့တရို့ကြည့်တတ်သူကောင်မလေး
ငါ့ကိုပွေ့ဖက်ထားပါဟေး
အကောင်းဆုံး ကောင်မလေး
ငါ့ကိုပွေ့ဖက်လိုက်ပါဟေး...
နင့်ထွေးပိုက်မှုကိုပဲ ငါမျှော်တွေး....။

ဆံဖျားကော့ညွတ်လှပသူကောင်မလေး
ငါ့ချစ်ခြင်းက နည်းကောင်းနည်းပေမယ့်
ဆတိုးပွား ကြီးထွားလာနေမြဲ
ရဟန္တာမြတ်ကို လှူတဲ့ ဒါနလိုမျိုးပဲ....။

ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
သည်းခံခြင်းဂုဏ်လွှမ်းတဲ့ ဘုရားအဆူဆူ
ငါပြုခဲ့ကုသိုလ်အမျှကို နင်ယူ
အတူအကျိုးပေးစေသား....။

ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
ဒီမိုးအောက်မြေပြင် ငါဆည်းပူးခဲ့ ကုသိုလ်
အမျှကို နင်ယူ အတူအကျိုးပေးစေသား....။

ဟဲလို သူရိယ၀စ္ဆသာ
ချစ်သောကောင်မလေး
သကျနွယ်ဖွား ဘုရားမြတ်
ဈာန်ပွား စိတ်တည် သတိနဲ့ကြည်မွေ့
အမြိုက်ချမ်းသာကိုရှာသလိုမျိုး
ငါကတော့ နင်ကိုပဲ ရှာဖွေနေ....။

ကလျာဏီ
ချစ်သောကောင်မလေး
အမြတ်ဆုံးမုနိဘုရား အမြတ်ဆုံးဉာဏ်တော်ကို ဆိုက်ရောက်
ဝမ်းမြောက်တော်မူသလိုမျိုး
နင်နဲ့ ပေါင်းဖက်ကာ အားတက်ပျော်ရွှင်ရစေသား...။

ချစ်သောကောင်မလေး
တာဝတိံသာအရှင် မိုးသခင်ကသာ
ဆုမြတ်တစ်ခုကိုရွေး အခွင့်ပေးခဲ့မယ်ဆို
နင့်ကိုပဲ ငါယူမယ်
ငါအချစ်က ခိုင်မြဲခဲ့...။

မေဓာဝီ
ထက်မြက်တဲ့ကောင်မလေး
ကောင်းမြတ်ခြင်းတွေပြည့်စုံတဲ့သမီးရတနာရှင်
ပွင့်သစ်စ အင်ကြင်းပန်းပမာ သခင်
နင့်ဖခင်နတ်မင်းကို
ငါဦးညွတ်လိုက်ပါတယ်....။

(ဒီဃနိကာယ်။ မဟာဝါပါဠိတော်၊သက္ကပဉှသုတ်)

23 October, 2009

ဒေါင်းမြူးချောင်းတေး


(၁)


ထိုညနေက သူသည် အရှေ့ဈေးရပ်ကွက်ကို ဖြတ်ကာ နဘဲကျင်းရပ်ရှိ လမ်းကျဉ်းလေးအတိုင်း လျှောက်လာခဲ့သည်။ မြို့လေးသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကလိုပင် ရိုးသားနေဆဲပင်။ မီးရောင်မှိန်ပျ သောမြို့လေးသည် ဖော်ရွေသောအပြုံးတို့ကိုတော့ လင်းလက်အောင် ထွန်းညှိထားနိုင်သေးသည်။


“ဟေး နင်ဘယ်တုန်းက ပြန်ကြွလာသလဲ ငါတိုအိမ်ဘက်လည်း လျှောက်ခဲ့ပါဦးညယ်”။


လမ်းခုလတ်တံ တားလေးပေါ်သို့ အဖြတ် အဖွားအိုတစ်ဦးက သူ့ငယ်ရုပ်ကို ဖမ်းဆုပ်မိဟန် သူ့လက်မောင်းကို ဆွဲယမ်းလှုပ်ကိုင်ကာ နှုတ်ဆက်ဖိတ်ခေါ်သည်။ ဒီမြို့ လေးမှာ သူ့ငယ်ဘ၀တစ်ခုလုံး ပျော်မွေ့ခဲ့သည်ပဲ။


ဒီမြို့လေးတွင် သာသနာ့ဝန်ထမ်းရဟန်းသာမဏေများကို ကြည်ညိုချစ်ခင်မှုက မိသားစုသံယောဇဉ်နွှယ် လေသည်။ အဝေးမှပြန်ရောက်လာသည့် တူသားတစ်ယောက်ကို ပြန်ဆုံရသည့် မိခင်တစ်ယောက်၏ အကြည့်မျိုးဖြင့် အဖွားအိုက စူးစူးကြည့်နေဆဲတွင် သူနှုတ်ဆက်ထွက်ခွာလာခဲ့သည်။


ရဟန်းတစ်ပါးကို နှုတ်ဆက်နေသော အဖွားတစ်ဦး၏ ဒိုင်ယာလော့ခ်ကို အကြောင်းမသိသူတစ်စုံ တစ်ယောက်ကသာ ကြားရလျှင် ရိုင်းပျသည် ဟုထင်မြင်စရာရှိသည်။ ဒါသည်ပင် မြို့လေး၏ အလှ တရားဖြစ် သည်။ ကတူးကနန်းလူမျိုးတို့၏ လွတ်လပ်ပွင့်လင်းသော ဒေသသုံးစကားဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားမှာ I နှင့် You သာ ရှိသလိုမျိုး “နင်နဲ့ ငါ” သာ ရှိပေမည်။ ရဟန်း သာမဏေများကိုပင် “ဦး”တွေ “အရှင်”တွေ ပါချင်မှ ပါမည်။ သို့သော် နားဝင်ချိုစရာ ပွင့်လင်းမှုကို ဖမ်းဆုပ်နိုင်သည်ကတော့ သေချာလှပါသည်။


ခုတော့ မြို့ပြနှင့် ကူးလူးဆက်ဆံမှုတွေများလာတော့ မြို့လေး၏အခေါ် အဝေါ်များက မာလ်တီ ပယ်လ်ဖြစ်လာသည်။ အပေါင်းလက္ခဏာဆန်သည်ဟု ဆိုနိုင်သည့်တိုင် သူချစ်သောမြို့ လေး၏ သီးခြား အာဝေဏိက သင်္ကေတတစ်ခု ပျက်ယွင်းသွားသည်ဟု ခံစားမိသည်။ ကျနော် ကျမတွေ ရှင်တွေ ခင်ဗျားတွေ ဖြစ်လာပြီ။


ဘာဖြစ်လဲ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းရမှာပေါ့ညယ်။ စကားလုံးတစ်လုံးဆုံးတိုင်း “ညယ်”ဆိုတာလေးထည့်ထည့်ပြောတတ်တာ ကိုယ်ပိုင် ဘာသာစကားပဲလေ၊ ကဗျာဆရာမောင်သွေးသစ် ကတော့ “ညယ်“ကို မြတ်နိုးစွာ ”မချမ်းဘောသူမ” ခရီးသွားကဗျာတွေမှာထည့်သွင်း ရေးဖွဲ့ခဲ့ဖူးသည်။ ဘာဖြစ်လို့ စွန့်ပစ်ရမှာလဲညယ်။


မြို့လေးသည် အေးချမ်းသည်။ ကျေးလက်ဆန်သည်။ မြို့ဆိုသည့်တိုင် ဟိုဘက်အိမ် ဒီဘက်အိမ်ကူးလူးဆက်ဆံ အော်ဟစ်နှုတ်ဆက်သံများဖြင့် နွေးနွေးထွေးထွေးရှိနေတတ်သည်။


မာနနည်းနည်း ပဋိပက္ခနည်းနည်း မြို့လေးပါ။ ဒါပေမယ့် ပါတောမူခေတ်မြန်မာ့ နယ်ချဲ့တော်လှန်ရေး ရာဇ၀င်စာမျက်နှာတွေပေါ်မှာတော့ မြို့လေး၏ သွေးများက ရဲစွေးခဲ့ဖူးသည်။ ကျိုင်းခွင်တောင်တိုက်ပွဲ ခေါ်သံများနှင့် နယ်ချဲ့ကို တော်လှန်ခဲ့သူ စော်ဘွားလေးဖိုးအောင်မြတ် အကြောင်းက မြို့လေး၏ အိပ်ရာဝင်ပုံပြင် ကောင်းတစ်ပုဒ်အဖြစ် ကမ္ဘာတည်တော့ချေမည်။



(၂)


ဟိုးခပ်ဝေးဝေးဆီက မှိုင်းပျပျ မိုင်းသုံတောင်တန်းကြီးတွေဆီက မိုးတိမ်လိပ်တွေ တရိပ်ရိပ်တက်လာတိုင်း မြို့လေးက သူ့ရင်သားပေါ်က တံတားနဲ့နဲ့လေးတွေအတွက် ထိတ်ထိတ် ပြာပြာဖြစ်ရရှာသေးသည်။ မိုင်းသုံ တောင်ဆီက တဝေါဝေါပြိုကျလာသော တောင်ကျချောင်းရေများက မြို့ခံဒေါင်းမြူးချောင်ရေနှင့်ရောနှောကာ မြို့လေးအတွက် အသည်းကွဲဇာတ် လမ်းများစွာကို ရက်စက်စွာ ရေးခြစ်ခဲ့ဖူးသေးတာကလား။ မိုးပကာလများတွင် ဒေါင်းမြူးချောင်းရေက အေးစိမ့်ငြိမ်သက်နေတတ်သော်လည်း မိုင်းသုံတောင်ညို့ညို့ဆီက တိမ်လွှာတွေ မို့မောက်နေတော့ရင်ဖြင့် စိတ်ရူးနောက်တတ်ပါလေသည်။


သို့နှင့်ပင် ချစ်သူခင်သူတွေ နေ့မြင်ညပျောက်ဖြစ်သွားခဲ့ကြရဖူးရှာသည်။ မိသားစုထမင်းဝိုင်းလေးတွေ ပျက်သုဉ်းမျောပါသွားကြားရရှာသည်။ ငယ်ငယ်တုန်းက ကစားဘက် သူငယ်ချင်းမလေးတစ်ယောက်လည်း သူမရဲ့ ရင်သွေးငယ် နှစ်ယောက်ကို ရင်ခွင်ထဲ အုပ်မိုးကာကွယ်ရင်း အဲဒီတောင်ကျချောင်းရေထဲ မျောပါသွားခဲ့ သည်။ အော် သူငယ်ချင်း ကျောင်းဆရာမလေး သူမရဲ့ စာသင်ကျောင်းလေးဆီ ပြန်ရောက်မလာတော့ပါ။


သူကိုရင်လေးဘ၀က ဆွမ်းချိုင့်ဆွဲခဲ့ရသော အိမ်များလည်းမရှိတော့။ အုန်းပင်အချို့နှင့် အတူ နှုတ်ဆက်သံမဲ့နေသောလမ်းလေးသာ သူ့ကိုဆီးကြိုနေသည်။ ချောင်းကမ်းဘေးက အိမ်များ မြို့သစ်လေးဆီ ပြောင်းရွှေ့သွားခဲ့ပြီ။ “ကိုရင် မယ်သီတာကို ဘယ်မှာထားခဲ့လဲ” မေးခွန်းများ မကြားရတော့ပြီ။


ရှင်သာမဏဘ၀က သူ့ဘွဲ့အမည်က ရှင်လက္ခဏဖြစ်သည်။ မေဆွိ၏ “ကိုကို မမ မောင်လေးလက္ခဏဘ၀” သီချင်းစာသားသည် သူနှင့်ရွယ်တူကောင်မလေးများအတွက် သူဆွမ်းချိုင့်ယူချိန်တိုင်း အော်ဟစ်နောက်ပြောင်စရာ chorus line အပိုဒ်ဖြစ်နေသည်။


မြို့လေးမှာက ဆွမ်းခံခြင်းထက် အိမ်ပေါက်ဝ နံရံများတွင် အသင့်ချိတ်ဆွဲထားသော ဆွမ်းချိုင့်များကို လှည့်လည်ကောက်ယူရခြင်းဖြစ်သည်။ ဆွမ်းကျက်ပါ လျက် ဆွမ်းချိုင့်ကို ကွယ်ဝှက်၊သူရောက်လာပြီး “ဆွမ်းချိုင့်ဗျို့” အသံကုန်အော်တာကို စောင့်နားထောင်၊ “ကန်တော့ဆွမ်း” သံပြိုင်အော် ၊ပြီးမှ ပြုံးစစဖြင့် ဆွမ်းချိုင့်ပေးလှူတတ်သော ဆွမ်းအမငယ်ငယ်အထက်တန်းကျောင်းသူများ။


ဆယ်နှစ်သားအရွယ် ကိုရင်ပေါက်စလေးကို သူတို့က ပုံစံတစ်မျိုးမျိုးဖြင့် ကြိုဆိုရန် နေ့စဉ် အသင့်ရှိ နေတတ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့သည်ပင် သူ့ကို ခဲတံ၊ဗလာစာအုပ်၊ ဖယောင်းတိုင်စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြပြန်လေသည်။


--

ဧဟိသွာဂတံ ဆိုင်းဘုတ်လေးတွေဆီ



၁-က

သိပ္ပံ နည်းပညာတွေက မှော်ဆရာ တစ်ယောက်ရဲ့ ကြိမ်လုံးလို ကမ္ဘာကြီးကို ချုံ့ပစ်လိုက်ပါတယ်။ ကမ္ဘာကြီးက ရွာလေးတစ်ရွာ ဖြစ်သွားတဲ့အခါ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့အသံတွေက ပဲ့တင်ထပ် ကျယ်လောင်လာခဲ့ ပါတော့တယ်။ အရှေ့အနောက် ယဉ်ကျေးမှု စီးပြန့်နှုံးကလည်း မျက်စိမှိတ်ချိန် လက်ဖျစ်တီးချိန်တောင် မရ လိုက်ပါဘူး။ ကမ္ဘာတစ်ခြမ်းက မျက်နှာက ကမ္ဘာတစ်ခြမ်းမှာ ဘွားကနဲ ပေါ်လာ၊ ကမ္ဘာတစ်ခြမ်းက အသံက ကမ္ဘာတစ်ခြမ်းမှာ ၀ုန်းကနဲ ပေါက်ကွဲ။ သွားကြ လာကြ လေ့လာကြ လည်ပတ်ကြ စီးပွားကူးသန်းကြနဲ့ ပွဲဈေးခင်းလေး ဖြစ်နေတဲ့ ကမ္ဘာမြေ ကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာ့စီတီဇင် တစ်ဦးနဲ့တစ်ဦး မလွဲမသွေ ခလုတ်တိုက်ကြ ဆက်ဆံကြရပါပြီ။ ပြုံးပြရုံနဲ့ လုံလောက်ရင် ပြုံးပြ၊ လက်ဆွဲ နှုတ်ဆက်သင့်ရင်လည်း နှုတ်ဆက်လို့၊ မဖြစ်မနေ စကားပြောရမယ် ဆိုရင်လည်း ပြောကြရုံပဲပေါ့။ အကြောင်းအမျိုးမျိုးနဲ့ အတူ အလျဉ်ဖြစ်နေတဲ့ ရာစုသစ် စီးကြောင်းထဲမှာ ကိုယ်က ရေသေအဖြစ် ကျန်မနေခဲ့ဖို့ အရေးကြီးလှပါတယ်။ ပင်လယ်ဆီ အရောက်သွားမလား၊ နွံဖြစ်ပြီး နစ်နေခဲ့မလား။

၁-ခ

ဒေသ ယဉ်ကျေးမှု ဘာသာစကာားနဲ့ အတွေးအခေါ် တွေကို အရောင်အသွေး ကွဲပြားစွာ ၀တ်ဆင်ထားတဲ့ လူအချင်းချင်း ထိပ်တိုက် တွေ့ဆုံကြတဲ့အခါ ကိုယ့်ရင်ဘတ်မှာ သတိမီးပွိုင့်လေး တပ်ဆင်ထားဖို့ လိုအပ် လာပါလိမ့်မယ်။ နီရင်ရပ်၊ ၀ါရင်ကြည့်၊ စိမ်းရင်တော့ သွားပေါ့လေ။ ဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ခု လွဲချော်ခဲ့ပြီ ဆိုရင်တော့ ပဋိပက္ခနဲ့ တွန်းတိုက်မှုတွေ ၀ိရောဓိနဲ့ ငြင်းခုန် ရန်လိုမှုတွေဟာ မငြိမ်းသတ်နိုင်တဲ့ မီးတောက် မီးလျှံများ ပမာ လောင်မြိုက် ကြတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ဦးတစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို တစ်ဦးတစ်ယောက်က အသိအမှတ် ပြုတတ်ဖို့၊ လေးစားတတ်ဖို့၊ ဖေးမတတ်ဖို့ ပညာ၊ လူမှုဆက်ဆံရေး နည်းနာ (Etiquette)တွေဟာ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်လာကြရပါပြီ။

၁-ဂ

လူမှုနီတိကျမ်းနဲ့ ပညာ အဆိုအမိန့်တွေ ဘယ်လိုပဲ ဖတ်ဖတ်၊ ဘယ်လောက်ပဲ လေ့လာ လေ့လာ၊ တကယ် လက်တွေ့ ကျင့်သုံးမှသာ ထိရောက် အောင်မြင်နိုင်မှာပါ။ ဒါပေမယ့် ကံဆိုးလှစွာ တစ်ခါတစ်ရံမှာတော့ မထင်မှတ်ပဲ သတိ လွတ်ကျသွားလို့ ဖြစ်ပေါ်လာရတဲ့ ဆက်ဆံရေး အကြိတ် အဖုလေး တစ်ခုအတွက် နားလည်မှု လွဲမှားခြင်းနဲ့အတူ အနှိုင်းဆမဲ့ ဆုံးရှုံးမှုတွေ အုံကျင်းဖွဲ့ ၀င်ရောက်လာ တတ်ပါတယ်။ အမှန်တကယ်လည်း ဆုံးရှုံးခဲ့ကြဖူးပါတယ်။ တစ်သက်လုံး မွေးလာတဲ့ ကြက်ကိုလည်း တစ်မနက်တည်းနဲ့ ရိုက်သတ်ခဲ့ကြ ဖူးပါတယ်။ စကားတစ်ခွန်း၊ အမူအရာ တစ်ချက်နဲ့လည်း နာလည်မှု ကမ်းပါးတွေ ပြိုကျခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ရင်းနှီး ကျွမ်းဝင်ဖူးသူတို့ရဲ့ သူစိမ်းဆန်တဲ့ အသွင်အပြင်တွေ ကြားမှာ ချောက်ခြားစွာ ရှက်ရွံ့ နာကျင်ခဲ့ကြ ဖူးပါတယ်။ တကယ်ပါပဲ လူမှုဆက်ဆံရေး ပညာဟာ လူတိုင်းလူတိုင်း နေ့စဉ် ဖြေဆိုနေကြရပြီး အမှတ်ကောင်းကောင်း ရဖို့လည်း မသေချာတဲ့ ဘာသာရပ် တစ်ခု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြေတော့ ဖြေနေကြရ ဦးမှာပါပဲ။

၂-က

ပိဋကတ် ပြတင်းပေါက်ကနေ ဖြတ်ကနဲ လှမ်းပြီး ဖူးမြင်လိုက်ရတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုဆက်ဆံရေး အခင်းအကျင်း ကတော့ ကြည်ညို လေးမြတ်ဖွယ်၊ ကြည်နူး အံသြဖွယ် ကောင်းစွာ ရင်ကို ထိရှခဲ့ပါတယ်။ လှိုက်လှဲပျူငှါ ရှိလှတဲ့ ဗုဒ္ဓအရှင်ရဲ့ ဆက်ဆံရေး နည်းနာများက ဗုဒ္ဓနဲ့ တွေ့ဆုံဖူးသူတိုင်းရဲ့ ရင်ထဲမှာ မှတ်မှတ်ရရ စွဲထင် စိမ့်ကျန်ရစ်နေခဲ့ သလို နှုတ်ကလည်း တဖွဖွ၊ စိတ်ကလည်း တသသ ဖြစ်ခဲ့ရပါတယ်။ သူတို့ရင်ထဲက ပဲ့တင် လျှံဝေကျလာတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုရေးဆိုင်ရာ ဘုန်းတော် ဘွဲ့များစွာထဲမှာ ဧဟိသွာဂတ ၀ါဒီ ဆိုတဲ့ ပါဠိစကားလုံးက ရိုးရှင်း လှပသလောက် နက်ရှိုင်း ကျုယ်ဝန်းတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင် နေပါတယ်။ လှည့်ဖြား သွေးဆောင်မှုမှာ အာဝဋ္ဋနီမာယာ အတတ်တစ်မျိုးကို အသုံးပြုသူအဖြစ် ပြိုင်ဘက် မိစ္ဆာတို့ရဲ့ စွပ်စွဲတိုက်ခိုက်မှုနဲ့ အထင်လွဲမှားအောင် ၀ါဒဖြန့်မှုကို ခံယူတော် မူခဲ့ရရှာသေးတဲ့ အရှင်မြတ်ရဲ့ ခမ်းနားတဲ့ အပြုံးတော်မှာ မဟာ ကရုဏာဓါတ်နဲ့အတူ တောက်ပ သန့်စင်နေတဲ့ ရိုးသားမှုများသာ လင်းလက် သီးပွင့်ခဲ့ကြောင်း အဲဒီ ပါဠိစကားလုံးလေးက ခေတ်အဆက်ဆက် သက်သေ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မိတ္တဗလဋီကာမှာ မာယာ တစ်စွန်းတစ်စ မပါဝင်ခဲ့ကြောင်း သေချာခဲ့ပါတယ်။

၂-ခ

အားလုံးသည် ဗုဒ္ဓဘာသာအတွက် မဖြစ်နိုင်သော်လည်း ဗုဒ္ဓဘာသာသည် အားလုံးအတွက် ဖြစ်သည်တဲ့။ လူမျိုး အသီးသီးရဲ့ ဓလေ့ ထုံးစံတိုင်းမှာ နှုတ်ဆက်ခြင်းဟာ ယဉ်ကျေးသော အမူအရာ အဖြစ် လက်ခံထားကြပါတယ်။ နှုတ်ဆက်ပုံ အခြင်းအရာ စကားတွေကိုလည်း ကြွယ်ဝစွာ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီ တံခါးချပ်တွေဟာ လူတိုင်းအတွက် ပွင့်ခဲ့တာမှ ဟုတ်ပါရဲ့လား။

ဗုဒ္ဓ အရှင်ကတော့ ကမ္ဘာမြေရဲ့ နံရံအားလုံးအတွက် ဧဟိသွာဂတံ ဆိုတဲ့ နှုတ်ခွန်းဆက် တံခါးချပ်ကို ဖွင့်လို့ သစ္စာ ညောင်ရိပ်အောက်မှာ သန္တိသုခ ရေချမ်းစင် တည်ထားခဲ့ပါပြီ။ လူတန်းစား အလွှာအသီးသီး၊ ပြဿနာအဖုံဖုံ၊ အကြောင်းအရာ အသွယ်သွယ်၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း အတွက် ဗုဒ္ဓအရှင်ရဲ့ နှုတ်တော်က နုညံ့သိမ်မွေ့စွာ စီးဆင်းလာတဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်စကား ကတော့ ‘’ဧဟိ သွာဂတံ‘’ ပဲ ဖြစ်ပါတယ်။ ဧဟိ-လာပါ၊ သွာဂတံ-ကောင်းသော လာခြင်းပါပဲ တဲ့။ ဗုဒ္ဓအရှင်ရဲ့ အသံတော်ကို အာရုံညွတ်ပြီး တစ်ခေါက်လောက် နားထောင် ကြည်ညို ကြည့်လိုက်ပါ။ အနောက်တိုင်း ဓလေ့နဲ့ ရင်းနှီး ကျွမ်းဝင်သူတစ်ယောက် ဆိုရင်တော့ “Come, you are welcome.’’ လို့များ ကြားရလေမလား။ ဘယ်လောက်များ အေးမြ ငြိမ်းချမ်းလိုက်ပါသလဲ။ နေပူကြဲကြဲ ချွေးပြိုက်ပြိုက်ကျ ဖုန်းဆိုးတော ခရီးမှာ ညောင်ရိပ်နဲ့ ရေချမ်းစင်ကို တွေ့လိုက်ရသလိုမျိုး မခိုနားမီက အမောပြေ အေးမြစေနှင့်မယ့် နှစ်လိုဖွယ်ရာ လုပ်ဆောင်ချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။ အလွန် ယဉ်ကျေးပါတယ် ဆိုတဲ့ အနောက်တိုင်းသား တွေရဲ့ နှုတ်ဆက်စကားဟာ ဧဟိသွာဂတံက ဆင်းသက်လာခြင်းပဲ ဖြစ်ပေလိမ့်မယ်။

၂-ဂ

နေ့စဉ်နဲ့အမျှ တနည်းနည်းနဲ့ ဆက်စပ် နွှယ်ယှက်နေကြရတဲ့ လူတွေထဲမှာ တစ်ချို့က မိမိတို့ရဲ့ ထွန်းကား အောင်မြင်နေတဲ့ လက်ရှိဘ၀ကို အသိအမှတ်ပြုပြီး ဆက်ဆံစေချင် ကြပါတယ်။ တစ်ချို့ကတော့ မိမိတို့ရဲ့ ပါးလျှကျရှုံးနေတဲ့ လက်ရှိဘ၀ကို မေ့ပျောက် လွှဲဖယ်ပြီး ဆက်ဆံ စေချင်ကြပါတယ်။ အဲဒီအချက်ကို မျက်ကွယ်ပြုပြီး မြင့်မားသူကို မုဒိတာ မပွားနိုင်ဘူး၊ နိမ့်ပါးသူကို ကရုဏာ မထားနိုင်ဘူး ဆိုရင်ဖြင့် ကိုယ့်ထက် သာသူကို မြင်တိုင်း မနာလိုမှု၊ ကိုယ့်အောက် နိမ့်ပါးသူကို တွေ့တိုင်း ၀န်တိုမှု အကုသိုလ် တရားတွေရဲ့ လှိုက်စားမှုကို ခံစားကြရမှာ အမှန်ပါပဲ။ ဒီလိုနဲ့ပဲ အတုအယောင် ဆက်ဆံရေး နယ်ပယ်ထဲမှာ မလတ်ဆတ်တဲ့ အပြုံးတွေကို ဖန်တီး ကျင်လည်ရင်း ကိုယ်လည်း မချမ်းသာ၊ သူလည်း မကြည်ဖြူ ဖြစ်ကြ ရပါတော့တယ်။

ဗုဒ္ဓ အရှင်မြတ်ကတော့ ကရုဏာ၊ မုဒိတာတွေ ထုံမွှမ်းထားတဲ့ ဧဟိ သွာဂတံ မေတ္တာရေ စစ်စစ် တစ်ခွက် လူတိုင်းအတွက် အကျုံးဝင်စေတော် မူခဲ့ပါတယ်။ လူတိုင်းရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုပြီး လူတိုင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးတော်မူခဲ့ပါတယ်။ ဧဟိ သွာဂတံ ဆိုတဲ့ စကားတော် တစ်ခွန်းဟာ ဧကရာဇ် ဘုရင်တစ်ပါးရဲ့ ၀င့်ကြွားမှုကို ခိုင်မာ တည်ကြည် စေခဲ့ပါတယ်။ သူဖုန်းစား တစ်ယောက်ရဲ့ သိမ်ငယ်မှုကို ပျယ်လွင့် မေ့ပျောက် စေခဲ့ပါတယ်။ သူကြွယ်တစ်ဦးရဲ့ သဒ္ဓါတရားကို တိုးပွား မြင့်တက် စေခဲ့ပါတယ်။ ပညာရှင် တစ်ဆူရဲ့ ထောင်လွှားမှုကို သိမ်မွေ့ မျှတစေခဲ့ပါတယ်။ ဗုဒ္ဓအရှင်မြတ်ရဲ့ ဗြဟ္မစိုရ် ဖြန့်ခင်းထားတဲ့ ဧဟိ သွာဂတံ လမ်းမှာ ပသေနဒီကောသလ၊ ဗိမ္ဗိသာရတို့လို တိုင်းကြီး ပြည်ကြီးရှင် ဘုရင်မင်းမြတ်တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ကုဋ္ဌနူနာ စွဲကပ်နေတဲ့ သုပ္ပဗုဒ္ဓတို့လို အိမ်ခြေယာမဲ့တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ အနာထပိဏ္ဍိက၊ ဇောတိကတို့လို ကုဋေကြွယ် သူဌေးကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ပေါက္ခရသာတိ၊ ဗြဟ္မာယုနဲ့ ကူဋဒန္တတို့လို ပညာရှင် ပါမောက္ခ ပါရဂူကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ဗုဒ္ဓခေတ် အိန္ဒိယပြည်ကြီးဟာ လာခြင်း ကောင်းသူတို့ရဲ့ သာသနာ့ အရောင်၊ ဓမ္မအသံ၊ သစ္စာအသိတွေ တောက်ပ လင်းလက်၊ ပျံ့လွင့်စည်ဝေ၊ အေးမြငြိမ်းချမ်းရာ ဒေသကြီး တစ်ခုအဖြစ် မော်ကွန်းရေးထိုး နိုင်ခဲ့ပါ တော့တယ်။

၃-က

လူသား တစ်ဦးနဲ့တစ်ဦး ကူးလူး ဆက်သွယ်မှုမှာ ယုံကြည် ကိုးစားမှု၊ မျှော်လင့်ချက်၊ ရင်းနှီး ကျွမ်းဝင်မှုနဲ့ အခြားသော အရာတွေများစွာ ပါဝင်နေခဲ့ကြ ပါတယ်။ လူတစ်ယောက်က လူတစ်ယောက် ဆီကို သွားတယ် လာတယ်ဆိုတာ အကြောင်းမဲ့ သက်သက် ဖြစ်ပေါ်ခဲ့တာတော့ မဟုတ်ပေဘူး။ ဒီတော့ ကိုယ့်ဆီ ရောက်လာသူ တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုဆန္ဒနဲ့ ရည်ရွယ်ချက်တွေ စိမ့်ယို ပျော်ဝင်နေခဲ့ကြ သလဲ။ အလွမ်းတွေလား၊ အပျော်တွေလား၊ လောကဓံ အခက်အခဲတွေလား။

တကယ်ပါ လူဆိုတာ ဝေဒနက္ခန္ဓာရဲ့ တွန်းအားနဲ့ အလွမ်းတွေကို မျှဝေချင်ပါတယ်။ အပျော်တွေကို ကူးစက်စေချင် ပါတယ်။ အခက်အခဲတွေကို ရင်ဖွင့်ချင် ပါတယ်။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုမှ မျက်ကွယ်ပြု လစ်လျူရှုခဲ့မိကြ လေသလား။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုပဲ နားလည် စာနာမှုနဲ့အတူ နွေးထွေးစွာ သိမ်းပိုက်မိခဲ့ကြ ပါလေစ။ လူတစ်ဦးက လူတစ်ဦးကို အသိအမှတ်ပြုတယ် ဆိုတာ အသိအမှတ်ပြု ခံရသူရဲ့ ဘ၀ခွန်အားကို အရှိန် မြှင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခုတော့ သတိတရ လွမ်းစိတ်နဲ့ လာခဲ့တယ်၊ တင်းမာ စိမ်းပြတ်တဲ့ အကြည့်တွေကိုပဲ ရင်ဆိုင်လိုက် ရတယ်။ မေတ္တာ စေတနာ တနင့်တပိုးနဲ့ ကံကောင်းခြင်း ယူဆောင် လာခဲ့တယ်၊ အရေးမထားခြင်းက စောင့်ကြိုနေခဲ့တယ်။ အမှားတွေကို တည့်မတ်ပေးဖို့ လာခဲ့တယ်၊ နားလည်မှု လွဲမှားခြင်းကိုပဲ ရိတ်သိမ်းလိုက်ရတယ်။ အခက်အခဲ တွေကို ဖွင့်ဟဖို့ မျှော်လင့်ချက် အပြည့်နဲ့ လာခဲ့တယ်၊ ဖြစ်နိုင်ပါလျက်နဲ့ ငြင်းပယ် ခံလိုက်ရတယ် (ဒါမှ မဟုတ်ရင်လည်း) ကိုယ်ကိုယ်တိုင် မပြောရက်တဲ့ စကားတွေကို ကိုယ်တိုင် နားထောင်ရဲမှ မဖြစ်စလောက် အကူအညီလေး တစ်ခုနဲ့ ပစ်ပေါက်ခြင်း ခံလိုက်ရတယ်။
“ဒီကတော့ လွမ်းလိုက်ရတာ၊” “ဒီမှာတော့ စေတနာတွေ ထားလိုက်ရတာ၊” “သူမို့ ဒီလို ပြောရက်တယ်၊” ဆိုတဲ့ အတွေးတွေက ရင်ကို လှိုက်စား ဖဲ့ချွေခဲ့ကြ ဖူးပါပြီ။ ဒီလိုနဲ့ အတုံ့အလှည့် စက်ဝိုင်းထဲ သူကအလှည့် ကိုယ်က အတုံ့၊ ကိုယ်က အလှည့် သူက အတုံ့ ရုပ်ဆိုးလွန်းစွာ လည်ပတ် နေကြရ ပါတော့တယ်။ တစ်ဦးက တစ်ဦးဆီ သွားဖို့ ခြေလှမ်းတွေ ဆွံ့အခဲ့ကြ ပါတော့တယ်။ “လူသာ လာပါ ပြဿနာ ခေါ်မလာပါနဲ့” “ကျွန်ုပ် ဒုက္ခရောက်စဉ် သင် ဘာကူညီဖူးသလဲ” အဲလိုမျိုး ဆိုင်းဘုတ်တွေကို ဘယ်လောက်ကြာအောင် မသိဆိုးဝါးစွာ ချိတ်ဆွဲခဲ့ကြ ပြီးပြီလဲ၊ အဲဒီဆိုင်းဘုတ်တွေ ရှေ့ကနေ ဘယ်နှစ်ကြိမ် ရှက်ရွံ့ကြေကွဲစွာ လှည့်ပြန်ခဲ့ကြ ပြီးပြီလဲ။

၃-ခ

ဗုဒ္ဓအရှင်မြတ်ဟာ ကိုယ်တော်တိုင် ကမ္ဘာလောကကြီး အတွက် လာခြင်းကောင်းသော အရှင်သုဂတ ဖြစ်သလို အရှင်မြတ်ထံပါး အကြောင်း အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း ကိုလည်း လာခြင်းကောင်းသူ သွာဂတ တွေ ဖြစ်စေလိုတဲ့ ဆန္ဒတော်သာ အမှန်ရှိခဲ့ပါတယ်။ လောကဓံ အပျက်အစီးတွေ ဒုက္ခပင်လယ် ဝေပြီး အရူးမတစ် ယောက်လို ၀ိုင်းပယ် ဟားတိုက်ခြင်း ခံနေရရှာတဲ့ ပဋာစရာ (ပဋာစာရီ) ကို နားလည် စာနာစွာ သွာဂတဖြစ်စေ တော်မူခဲ့ပါတယ်။ ဓမ္မ ဆာလောင်မွတ်သိပ်မှုနဲ့ အတူ မေးခွန်း ပြဿနာတွေ လေးလံစွာ ထမ်းပိုးလာခဲ့တဲ့ သုဘဒ္ဒကိုလည်း ပရိနိဗ္ဗာန် စံဝင်ဖို့ နာရီပိုင်းသာ လိုတော့တဲ့ နောက်ဆုံး အချိန်မှာတောင် မဟာ ကရုဏာကြီးစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါသေးတယ်။ ယုတ်စွအဆုံး အစွယ်ငေါငေါမှာ ရန်လိုမှုတွေ တပ်ဆင်ပြီး ကိုယ်တော်မြတ်ကို ထိုးသတ် နင်းခြေဖို့ ပြေးဝင်လာတဲ့ နာဠာဂီရိလို အဟိတ် တိရိစ္ဆာန်ကိုတောင် ခန္တီမေတ္တာ ကြီးမားစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါလေရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လက ထင်ပါတယ်။ အပ္ပမာဒ မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့တ~ဲ့ စာပါ။ မဂ္ဂဇင်းလက်ခံ မရှိတော့လို့ ပြန်တွေ့ရတဲ့ ကော်ပီ စာရွက်ကြမ်းလေး ကိုပဲ ပြန်တင်မိတာပါ။ ကံဆိုးချင် တော့ နောက်ဆုံး နိဂုံးစာရွက်က ပျောက်ရှ သွားပါပြီ။ မဂ္ဂဇင်း ပြန်တွေ့ရင်တော့ နိဂုံးလေးနဲ့ဆိုရင် ပိုလှသွားမ လားပဲ၊)

ဘတ္တုဒ္ဒေသကရဟန်းရဲ့ တံခါးခေါက်သံမှတစ်ဆင့်


(၁)

ဒီနေ့မနက်မှာတော့ စောစီးစွာ တံခါးခေါက်သံက ကျယ်လောင်ခဲ့ပါတယ်။ ဘတ္တုဒ္ဒေသက ရဟန်းတော်ရဲ့ တက်ကြွတဲ့ နိုးဆော်မှုပါ။ မဟာသဒ္ဓမ္မဇောတိက ဆရာကြီးဦးဝင်းကြိုင်ရဲ့ ဇနီး ကွယ်လွန်သူ ဒကာမကြီး ဒေါ်အုန်းကျင်ရဲ့ (၇)ရက်ပြည့် ရက်လည်ဆွမ်းကျွေးကို ကြွကြရမှာပါ။ နိုင်ငံတော် သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ် ညောင်တုန်း ဆရာတော်ကြီး ကိုယ်တိုင် ကြွမှာမို့ သူ့ကို လောဆော်တော့တာပါ။ ဆရာတော်ကြီးတွေက ၅း၃၀ နာရီမှာ အရောက် ကြွမှာဆိုတော့ သူတို့လို ရဟန်းငယ်တွေက ၅း၀၀ နာရီတိတိမှာ စောစီးစွာ ရောက်နေသင့်တာပေါ့ ။ ဒီတော့လည်း တံခါးခေါက်သံက ပိုကျယ်သွားတာဖြစ်ပါလိမ့်မယ်။
Get up!
Please get up!
အိုကေ အိုကေ။

(၂)

ကျောင်းတိုက်တစ်ခုမှာ ဘတ္တုဒ္ဒေသကရဟန်းရဲ့ အခန်းက အရေးကြီးပါတယ်။ ဘတ္တုဒ္ဒေသက ရဟန်းဆိုတာ ဆွမ်းစားကျောင်း ဘုန်းကြီးလို့ လွယ်လွယ်ကူကူ ခေါ်ကြပေမယ့် ကျောင်းတိုက်တစ်ခုလုံးရဲ့ မော်ကွန်းထိန်းသဖွယ်ပါ။ ကျောင်းတိုက်ရဲ့ သံဃာတော် စာရင်းတွေ လက်ကိုင်ထားပြီး ဆွမ်းကွမ်း ဝေယျာဝစ္စတွေကို စီမံခန့်ခွဲရတာပါ။

ပဓာနနာယက ဆရာတော်၊ နာယကဆရာတော်၊ စာချဆရာတော်နဲ့ စာသင်သား ရဟန်းသာမဏေတို့ရဲ့ အရေးအရာတွေ တော်တော်များများကိုလည်း သိနေရပါတယ်။ နာမကျန်း ဂိလာနရဟန်း၊ ဧည့်သည် အာဂန္တုကရဟန်းနဲ့ ကပ္ပိယကျောင်းသား စာရင်းတွေကိုလည်း မျက်ချည်ပြတ်လို့ မရပါဘူး။ နောက်ဆုံး ဆွမ်းကျန် ဟင်းကျန်စွန့်ချိန်ကို စောင့်မျှော်နေကြရှာတဲ့ ဖုန်းတောင်းယာစကာတို့ရဲ့ ဖြန့်နေတဲ့ လက်တွေကို ဖြည့်ဆည်းဖို့အထိ စဉ်းစားထားရတာပါ။

ကိုးကွယ်သူ ဒကာဒကာမတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ကတော့ ဘတ္တုဒ္ဒေသကရ ဟန်းတစ်ပါးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ စရိုက်အမျိုးမျိုးရှိတဲ့ ဒကာဒကာမတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဒ္ဓါတရားကို မြင်အောင် ကြည့်နိုင်ဖို့ကလည်း မလွယ်ကူတဲ့ ဘာသာရပ်တစ်ခုပါပဲ။ ဒကာဒကာမတွေ သဒ္ဓါတရား မတိုးပွားသည့်တိုင် သဒ္ဓါတရား လျော့ပါးမသွားအောင် ကြီးကြပ်ရတာပါ။ ဒါနကို သဘာဝကျအောင် လှူချင်သူတွေ ရှိသလို ပကာသနလေးနဲ့ လှအောင် လှူချင်သူတွေလည်း ရှိနေတတ်ပါရောလား။
ချုံ့မလား၊
ချဲ့မလား၊
ဘာပဲဖြစ်ဖြစ် ဘတ္တုဒ္ဒေသက ရဟန်းတစ်ပါးဟာ ဒကာ ဒကာမတို့ရဲ့ နတ်လမ်းညွှန်ကောင်း ဖြစ်ဖို့ အရေးကြီးတာက သေချာလှပါတယ်။
ပြီးတော့ ကျောင်းတိုက်နဲ့ ပတ်သက်တဲ့ သာရေးနာရေး ပင့်ဖိတ်လွှာတွေကိုလည်း စီမံခန့်ခွဲရပါသေးတယ်။

ဘယ်နာယက ဆရာတော် ဘယ်စာချ ဆရာတော်ကတော့ ဘယ်ပရိသတ်၊ ဘယ်ပွဲသဘင်နဲ့ ကိုက်ညီတယ်၊ ဘယ်ပရိသတ်ကတော့ ဘယ်နာယက ဆရာတော် ဘယ်စာချ ဆရာတော်ကိုပဲ လိုလားတယ်၊ ဘယ်ပရိသတ်ကတော့ ပဓာန နာယက ဆရာတော်ကိုယ်တိုင် ကြွစေချင်တယ်။ နောက်ဆုံး ပြောကြဆို့ဆိုရင် ကိုယ်တိုင် မြတ်နိုးနိုး ပင်ပင်ပန်းပန်း ချက်ပြုတ်ထားတဲ့ ဆွမ်းကို အားရပါးရ များများဘုန်းပေးတာကို ဘေးကထိုင်ပြီး ကြည်နူးချင်တဲ့ ဒကာဒကာမတွေ အတွက် အစားကောင်းတဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေးတွေကို တစေ့တစောင်း အကဲခတ် မှတ်သားထားရတဲ့ အထိ။

စီမံခန့်ခွဲမှု လွဲချော်ခဲ့ရင်လည်း သီတင်းသုံးဘော် ရဟန်းများရဲ့ အမြင်တိမ်းစောင်းမှုကို ခံရတတ်ပါသေးတယ်။ သတိကြီးစွာ အထားရဆုံး အရေးအရာကတော့ ကျောင်းတိုက် သံဃာထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းလာဘ်လာဘတွေ အလွဲ မသုံးမိအောင်ပါပဲ။ သံဃာ့ပစ္စည်း ဆိုတာ အဆိပ်သီးလို့ ရှေးပညာရှိတွေက သတိပေးခဲ့ကြတာ ကြားဖူးကြမှာပါ။ တကယ်တော့ ဘတ္တုဒ္ဒေသက ရဟန်းတစ်ပါးဟာ ဓါးသွားပေါ်မှာ လှပစွာ လျှောက်တတ်ဖို့ အထူးကျွမ်းကျင်မှု လိုအပ်တဲ့ ဆပ်က ဆရာတစ်ယောက်လိုပါပဲ။ ဘတ္တုဒ္ဒေသက ရဟန်းရဲ့ လောကဓံကို ပွက်ပွက်ညံအောင် ခံတော်မူရရှာတဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီး တစ်ပါးလည်း ဘုရားရှင် လက်ထက်တော်မှာ ရှိခဲ့ပါသေးတယ်။ နောင်များမှာ သီးခြားရေးပါဦးမယ်။


(၃)

အခု သူနေထိုင် သီတင်းသုံးပြီး စာပေပို့ချနေရာ မြို့မကျောင်းတိုက်ကြီးရဲ့ ဒုတိယ ဆရာတော်ကြီးဟာ ဆဋ္ဌသင်္ဂါယနာ ပွဲတော်ကြီးမှာ ပြောင်မြောက်ထူးချွန်တဲ့ ဘတ္တုဒ္ဒေသက ရဟန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆဋ္ဌသင်္ဂါနာ ပွဲတော်ကြီးအောင်မြင်စွာ ကျင်းပပြီးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃနာယက အဖွဲ့ကြီးရဲ့ မဟာနာယက ဥက္ကဋ္ဌဖြစ်တော်မူတဲ့ မစိုးရိမ် ဆရာတော်ဘုရားကြီးက “ဆဋ္ဌသံဂါယနာ သံဃဟိတဓရ” ဆိုတဲ့ဘွဲ့ကို နှင်းအပ်ခြင်း ခံယူခဲ့ရတာပါ။ အဲဒီခေတ်က မင်းကွန်းဆရာတော် မဟာစည်ဆရာတော် တို့လို သာသနာ့ ထိပ်တန်း အကျော် ဆရာတော်ကြီးတွေရဲ့ ချစ်ကြည် ရင်းနှီးမှုကိုလည်း ခံယူခဲ့ရပါသေးတယ်။

သင်္ဂါယနာ ၀န်ဆောင် သာသနာ့ အာဇာနည် သံဃာတော်ပေါင်း (၂၅၀၀)နဲ့ ကမ္ဘာအရပ်ရပ်က သံင်္ဂါယနာပွဲ တက်ရောက်လာတဲ့ ဆရာတော် များစွာအတွက် စီမံခန့်ခွဲရတဲ့ တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတော်ကြီးကတော့ ဂုဏ်ယူ အားကျစရာကြီးပါ။ ကမ္ဘာအေး ကုန်းမြေက ဥတ္တရကုရု အဆောင်ကြီး ရှေ့မျက်နှာစာမှာ နိသီဒိုင်အခင်းလေး ပုခုန်းပေါ်တင်လွှားလို့ သံဃာ့ကျွန်၊ သာသနာ့ကျွန်အဖြစ် ပျော်မွေ့နေတဲ့ ဆရာတော်ကြီးရဲ့ ဒုတိယအရွယ် ပုံရိပ်အချို့ကို ဓါတ်ပုံ မှတ်တမ်းများမှာ ဖူးမျှော်ခဲ့ရဖူးပါတယ်။

“တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား” လို့ ပြောခဲ့ဖူးတဲ့ လယ်တီ ဆရာတော်ကြီးရဲ့ စကားကို အမှတ်ရစရာပါ။ လယ်တီ ဆရာတော်ကြီးကလည်း မုံရွာမြို့ထဲက ကျောင်းတိုက်မှန်သမျှ ၀င်ပြီး ကုဋီအိမ်သာ ဆေးကြောတာကအစ သံဃာ့ ဝေယျာဝစ္စ လုပ်လေတော့ မြို့ခံရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက ပြန်လည် လျှောက်ထားတဲ့ စကားပါ။်

မြို့မဆရာတော်ကြီးဟာ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်က ပေးအပ်လာတဲ့ အခြားသော သာသနာရေး တာဝန်တွေကိုလည်း ရှေ့တိုး ဆောင်ရွက်ခဲ့တာ ချည်းပါပဲ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့စည်းကြီး မပေါ်ပေါက်မီက ခေတ်အလိုက် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ကျောင်းထိုင် ဘုန်းတော်ကြီးများ အဖွဲ့ချုပ်၊ နယ်စပ် တောင်တန်းသာသနာပြု အဖွဲ့မျိုးတွေနဲ့ သံဃာ့ဝိနိစ္ဆယ အဖွဲ့တွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။ ပရဟိတ အကျိုးများလွန်းတဲ့ မရမ်းကုန်းမြို့နယ် အထက(၁)၊ အမက(၂) တို့လို အခြေခံပညာ စာသင်ကျောင်းကြီး တွေကို ဦးစီး တည်ထောင်နိုင်တဲ့ အထိ ဘုန်းကံ ကြီးမားတော်မူသလို စီမံ ခန့်ခွဲရာမှာလည်း သေသပ်တော် မူပါတယ်။ ဆရာတော့်ကို ဂုဏ်ပြုပူဇော်တဲ့ အနေနဲ့ မရမ်းကုန်း အထက(၁)ရဲ့ ခန်းမကြီးကို ဆရာတော့် ဘွဲ့အမည်တော်နဲ့ စန္ဒိမာ ခန်းမလို့ ကမ္ပည်း ရေးထိုးထားပါရောလား။ နှစ်စဉ် စန္ဒိမာ ပညာရည်ချွန်ဆု ဆွတ်ခူးယူနေကြတဲ့ မျိုးဆက်သစ်တွေ ဟာလည်း ကမ္ဘာ့နေရာ အသီးသီးမှာ ဆရာတော်ကြီး လျှောက်ခဲ့တဲ့ ဗြဟ္မစိုရ်လမ်းကိုပဲ ဆက်လျှောက်နေကြမှာမို့ ဆရာတော်ကြီးရဲ့ ဘယ်တော့မှ မခန်းခြောက်နိုင်တဲ့ ပညာ စမ်းရေအိုင်ကြီးထဲ မုဒိတာနဲ့ ကူးနေမိတတ်ပါတယ်။

(၄)

မျက်နှာသစ် ရေချိုးပြီး သင်္ကန်းရုံ ယပ်တောင်ထမ်း ထွက်လာတော့ ဘတ္တုဒ္ဒေသက ရဟန်းတော်နဲ့အတူ ဆွမ်းစားကြွမယ့် ဘုန်းတော်ကြီးများက အသင့်ဖြစ်နေကြပါပြီ။

ဓမ္မဂင်္ဂါ-အရှင်ဝိစိတ္တသာရ

21 October, 2009

ဥပါဒါန်နက်တ်ဝပ်ခ်

ပျော်ပါရဲ့လား
ဒီနေ့ညနေကလည်း
မနေ့ကသင်္ခါရအတိုင်း
စင်တော်ကျနာရီတွေကို
ကျောပိုးအိပ်ထဲမှာထည့်လို့..။
အဲလစ်ဇဘက်တေလာသတင်းဘာထူးလဲ
စိတ်ယားယံမှုပေါ် ဟစ်ဟော့သီချင်းတစ်ပုဒ်က
ပြောပြောဆိုဆိုဖြတ်လျှောက်သွားသေးရဲ့
ယောဂီ သတိလေးကပ်ထား
ကိုယ့်တရားကိုယ်ရှုမှတ်...။
စိတ်ထဲကထွက်စင်ကျလာတဲ့မီးစတွေ
တောအုပ်လေးကိုပါစွဲလောင်တယ်။
ရေချမ်းစင်တိုင်းကရေတွေတော့
အေးလေ့အေးထရှိတတ်ပါသတဲ့....။
အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ကော်နက်ရှင်မကောင်းဘူး
Ok လား
Yes လား
No လား
တစ်ခုခုကိုသာ မျက်စိမှိတ်လိုက်တော့......။
ရင်ဘတ်ထဲက ဆော့ဖ၀ဲယားတွေကိုပဲပြန်စစ်ကြည့်
အမိုက်ပုံးထဲမှာအမှန်တွေပါရောပါသွားလေရဲ့...။

18 October, 2009

ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ


ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊

ဝဿ ဒေ၀ ယထာသုခံ။
စိတ္တံ မေ သုသမာဟိတံ ၀ိမုတ္တံ၊

အာတာပီ ၀ိဟရာမိ ၀ဿ ဒေ၀။

(ထေရဂါထာပါဠိတော်)

မိုးကာလိုက်ပြီ ငါ့ေ
ကျာင်းလေး
ချမ်းသာဆောင် လေကိုလည်း ရှောင်နိုင်ပေါ့၊
ရွာချင်သလိုသာ ရွာတော့ မိုး။

ငါ့စိတ်ဟာ တည်ငြိမ် လွတ်မြောက်၊
လုံ့လသည်းစွာ ငါနေသမို့ ရွာသာရွာပါ့ မိုး။

အရှင်သုဘူတိရဟန္တာကိုယ်တော်ကြီး ကြည်နူးရွှင်ပျစွာ ရွတ်ဆိုလိုက်တဲ့ ကဗျာပါ။
မိုးလေထန်
တဲ့ ရာသီကြမ်းကြမ်းထဲ အမိုးအကာလုံတဲ့ သူ့ရဲ့ သစ်ခက်တဲကျောင်းလေးကို ကြည့်ပြီး ရွတ်ဆိုမိတဲ့ကဗျာပေါ့။
ပါဠိလိုဆိုရင်တော့ ဂါထာအဖွဲ့ပေါ့လေ။
ညတုန်းက အိပ်ရာမ၀င်မီ ပိဋကတ်စာအုပ်စင်ကို မမှီမကမ်းလှမ်းဆွဲရင်း လက်ထဲပါလာတဲ့ ထေရဂါထာပါဠိတော်ကို လှန်လှောမိတဲ့အခါ အာသဝေါကင်းတဲ့ စိတ်နဲ့ ဖွဲ့သီထားတဲ့ အလှဆုံးကဗျာတွေကို တွေ့လိုက်ရတာပါ။ ရဟန္တာမထေရ်မြတ်တွေနဲ့ ထေရီမကြီးတွေ ရွတ်ဆိုသီဖွဲ့ကြ၊ ကျူးရင့်ကြတဲ့ နှောင်ကြိုးမဲ့ကဗျာတွေပဲဖြစ်ပါတယ်။
ပုထုဇဉ်ကဗျာဆရာဆိုရင် အာသဝေါတရားမူးမူးနဲ့သာ ရေးဖွဲ့ဖြစ်မှာဆိုတော့ ဘယ်လောက်လှတဲ့ ကဗျာပဲဖြစ်ဖြစ် လောကီအညှီနံ့လေးတော့ ရှိုက်မိပါသေးတယ်။
အာသဝ
တရားဆိုတာက ကာမအမူး၊ဘ၀အမူး၊ဒဿနအမူးနဲ့ အ၀ိဇ္ဇာအမူးတွေပါပဲ။အားလုံးသိကြတဲ့ အာသဝေါတရားလေးပါးပေါ့။

ပုထုဇဉ်တစ်ယောက်ရဲ့ နေ့စဉ်ရုန်းကန်ရခြင်းမှာ တစ်ခုခုနဲ့တော့ အမြဲတမ်းမူးနေတတ်ပါတယ်။
အရက်မသောက်လည်း မွေးရာပါမူးပြီးသား။
မူးကြပေါ့လေ။
ပုထုဇဉ်သွေးမကုန်ခင်မူးကြရတာကလား။
ဒါပေမယ့်
အမူးများရင်များသလောက် မှောက်တတ်တာဆိုတော့ ကိုယ်ဖြစ်ကိုယ်ခံပေါ့။
မှောက်လျက်လဲရင် ဇောက်ထိုးလည်း ကျတတ်ပါတယ်။

သုဘူတိကိုယ်တော်ကြီးက ရဟန္တာဆိုတော့ အာသဝေါအမူးပြေသွားပြီမို့ သမ္မာဒဿနအမြင်နဲ့ ကြည်လင်နေပါတယ်။ ရြတ္လိုက္တဲ့ ကဗ်ာေ
လးက ရိုးစင်းပါတယ်။ ဒါပေမယ့် အဲဒီကဗျာရဲ့ စကားလုံးလေးတွေ၊ပါဒလေးတွေကို အဖွင့်ကျမ်းတွေက ခုလို ခွဲစိတ်ဖြေပြမှသာ ရင်သပ်ရှုမောဖွယ် ကဗျာတစ်ပုဒ်ဖြစ်မှန်း အတွေးတိမ်တိမ်လေးက နက်သွားရတာပါ။

ခက်ဆစ်က ဒီလိုပါ။
အမိုးအကာ=၀ိပဿနာပညာ ၊မဂ်ဖိုလ်ပညာ
ကျောင်း =
ခန္ဓာကိုယ်အတ္တဘောဟူသောကျောင်း
ချမ်းသာ =ကိလေသာကြောင့်ဖြစ်သောဒုက္ခတို့မှ ကင်းခြင်းချမ်းသာ
လေ = ထောင်လွှားမှု မာနဟူသောလေ
ယစ်မူးမှု မဒဟူသောလေ
ခက်မာမှု ထမ္ဘဟူသောလေ
ချုပ်ချယ်မှု သာရမ္ဘဟူသော လေ
မိုး=ကိလေသာတရားများ
တည်ငြိမ်= မဂ်ဖိုလ်သမာဓိ
လွတ်မြော
က်=သံယောဇဉ်အားလုံးတို့မှလွတ်မြောက်မှုနိဗ္ဗာန်

ကိလေသာမိုးစက်များ ဘယ်လိုပဲ ရွာရွာ
ခန္ဓာဆိုတဲ့ကျောင်းလေးကို
ပညာဆိုတဲ့ အမိုးအကာနဲ့ လုံခြုံအောင်ထွေးပွေ့ထားလိုက်ပြီ။
မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတဲ့ ယိုပေါက်တွေထဲက တိုးဝှေ့ရောက်လာမယ့် အာရုံတွေနဲ့ အပြိုင်တိုက်ခတ်မယ့် မာနအစရှိတဲ့ လေတွေ မတိုးဝင်နိုင်အောင် သတိ ၀ီရိယနဲ့ စောင့်ကြပ်ထားလိုက်ပြီ။
မဂ်ဖိုလ
်သမာဓိနဲ့ တည်ငြိမ်၊
လွတ်မြောက်မှုနိဗ္ဗာန်ကို ရရှိပြီ။
ကိလေသာမိုးစက်တွေ ရွာချင်သလိုသာ ရွာတော့။
မိုးမယိုမှတော့ မိုးမစိုနိုင်တော့ဘူးပ။

ကဗျာရဲ့ ပါဒေ
လးတွေကိုလည်း သိက္ခာသုံးရပ်နဲ့ စိတ်ဖြာကြပါသေးတယ်။
၁)မိုးကာလိုက်ပြီ ငါ့ကျောင်းလေး ချမ်းသာဆောင် မိုးကိုလည်းရှောင် ဆိုတဲ့ အပိုဒ်က သီလသိက္ခာ
၂)ငါ့စိတ်ဟာ တည်ငြိမ် ဆိုတဲ့ အပိုဒ်က သမာဓိသိက္ခာနဲ့
၃)လွတ်မြောက် ဆိုတဲ့ အပိုဒ်က ပညာသိက္ခာကို ရည်ညွှန်းပါသတဲ့။


ဒီကဗျာလေးမျိုးရွတ်နိုင်ဖို့တော့ အပေါက်တွေ ဖာထေးကြရဦးမှာပါ။
ပါရမီကနည်းနည်း အပေါက်က ပြဲပြဲ။
အိုဇုန်းလွှာပါးသလို သမာဓိကလည်း ခပ်ကြဲကြဲမို့။

ခက်တာက ယိုကျတဲ့မိုးတွေကို ချိုတယ်ဆိုပြီး မော့မော့သောက်မိတော့တာပါ။
တစ်ချို့ကတော့ တစ်ကိုယ်လုံးကို စိမ်ချိုးကြတော့တာကလား။

အရှင်ဘုရားရေ
နေတာတော့ ကွန်ကရိတိုက်ကျောင်းမှာပါ။
မိုးကတော့ မလုံရေးချမလုံသေးပါကလား။

မစ္စတာအယ်လ်ဂိုးနဲ့ပေါင်းပြီး မသက်မသာအမှန်တရားဆိုတဲ့ နောက်ထပ်ဇာတ်ကားတစ်ကားရိုက်ရဦးမှာပါ။
ကမ္ဘာ့ရာသီဥတုထက် ကိုယ့်ခန္ဓာကိုယ်ပေါ်က ရာသီကိုတောင် မထိန်းချုပ်နိုင်သေးပါကလား။