29 November, 2009

ဗာရာဏသီရွှေပြည်တော်အ၀င်

ဗုဒ္ဓဂယာမှာ တစ်ညတာ ခိုဝင်ခဲ့သည်။ နောက်ကျိနေသောစိတ်များ ကြည်မြသွားရ၏။ အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ ပညာရေးဗိမာန်တော်ကြီးကလည်း ခံ့ညားထည်ဝါလျက်ရှိချေပြီ။ တစ်ကမ္ဘာလုံးရှိအလှူရှင်တို့၏ သဒ္ဓါတရားဖြင့် ထုဆစ်ထားသော ပုံရိပ်စစ်စစ်တစ်ခုပင်ဖြစ်တော့သည်။ ထိုကျောင်းတော်ကြီးတွင် တစ်ရက်တာနားခိုခဲ့၏။ ညရေးညတာကုန်ဆုံးမှုကိုတော့ မိတ်ဆွေရဟန်းတော်တစ်ပါးက သူနေထိုင်ရာအဆောင်သို့်ဖိတ်ခေါ်ထားချေသည်။

ရွှေပြည်ကြီးအကြောင်း၊လွမ်းမိသူတို့အကြောင်း စကားတိုစ ပြောကြရပေမည်။ ပုထုဇဉ်ရဟန်းတို့၏ စကားဝိုင်းသည်လည်း ဓမ္မသာကစ္ဆာအမည်တပ်ရပေမည်ကော။ အားသာချက်များသော အမျိုးသားစာရေးဆရာတို့က “ မိန်းမများပြောလျှင် အတင်း၊ ယောက်ျားများ ပြောလျှင်တော့ သတင်း” ဟု ကင်းပွန်းတပ်ကြပေရာ ရဟန်းတော်များ ပြောကြလျှင် ဓမ္မသာကစ္ဆာ ဟု ကမ္ပည်းထိုးကြပေလ္တံ့။

၂၉ နိုဝင်ဘာနံနက်ခင်းတွင်တော့ အိပ်ရာစောစောထရန် ဗာရာဏသီပြည်တော်ဝင်မည့် ရဟန်းတော်များကို နိုးဆော်ထားသည့်အတိုင်း သူလည်း ခပ်ဝါးဝါးပင် မျက်နှာထသစ်ရချေသည်။ မဇ္ဈိမကား အေးချေပြီ။ သူ့တွင် အိန္ဒိယထုံးစံဝတ်ဆင်စရာ ကပလာမပါ။အနွေးထည်ဆွယ်တာလေးတစ်ထည်ပင် ပါမလာ။သင်္ကန်းထူထူတစ်စုံကတော့ မဇ္ဈိမဆောင်းကို ကာကွယ်ပေးနိုင်ကောင်းပါသည်။ ဖြစ်ချင်တော့ ပိုင်စိုးဝေ၏ ကဗျာစာအုပ်တစ်အုပ်တော့ ပါလာသေးသည်။ မိဝင်းဖို့ ကဗျားများ စသည်။

ဗုဒ္ဓဂယာနှင့် ဗာရာဏသီက ကီလိုမီတာ ၂၆၀ ခန့်ဝေးသည်မို့ တာတာကုမ္ပဏီလုပ် ဆူမိုကားတစ်စီးငှါးကြရသည်။ စုစုပေါင်းလိုက်ပါမည့် ရဟန်းတော်က (၆)ပါး။ ယမန်နေ့က ပျင်းရိငြီးငွေ့နေသောစိတ်များလွင့်ပါးစပြုလာ၏။ မဇ္ဈိမသည်လည်း မဇ္ဈိမအလှရှိချေသည်။
ဗာရာဏသီလမ်းသည်လည်း ယခင်ကလို မကြမ်းတော့။ ဟိုင်းဝေးလမ်းမကြီးသည် ကွန်ကရိခင်းထားသည့်အတွက် ချောညက်နေသည်။ စည်းကမ်းမဲ့စွာ မောင်းနှင်တတ်သည့် ယာဉ်အချို့မှလွဲ၍ အနှောင့်အယှက်ကင်းလှသည်။

လက်ျာမောင်းသော ရွှေပြည်ကြီးနှင့်တော့ မတူပါ။ အိန္ဒိယက လက်ဝဲမောင်းဖြစ်သည်။ တစ်ခါတစ်ရံတော့ လမ်းဖြတ်ကူးသည့်အခါ ယောင်မှားတတ်သေးသည်။ လက်ျာပဲ မောင်းမောင်း။ ဗိုလ်ဇေယျပဲမောင်းမောင်း၊ သိန်းဖေမြင့်ပဲမောင်းမောင်း။ သတိရှိဖို့သာ အဓိကဖြစ်ချေမည်။

နံနက် ၉း၀၀ နာရီခန့်က စတင်ထွက်ခွာလာသော ကားသည် ဗာရာဏသီသို့ ၂း၀၀ နာရီခန့်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ဆိုက်ကပ်၏။ လမ်းမှာ ကားဘီးတစ်ခါပေါက်၏။ ခပ်ညံ့ညံ့စားသောက်ဆိုင်တစ်ခုတွင် ပလာတာ၊ နို့ခဲချက်၊နှင့် ရောသမမွှေကုလားပဲဟင်းချက်စားသုံးခဲ့ရ၏။ ဘာပဲဖြစ်ဖြစ် ဗာရာဏသီရှိ မိတ်ဆွေရဟန်းတော်များ၏ အပြုံးကိုပဲ နေ့လည်စာအဖြစ် စားသုံးလိုက်ပါသည်။

မင်းသိင်္ခလို “ ပျော်ပါတယ် ကိုပြေသိမ်း”ပေါ့လေ။

27 November, 2009

ဂယာလမ်းဆုံ

ဗမနက်စောစောအိပ်ရာထလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တက္ကစီတစ်စီးငှားလို့ ထွက်ခဲ့သည်။ မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် ကျောင်းသားတစ်ယောက် လိုက်ပို့ကြသည်။လေယာဉ်ကွင်းချိန်းက ၇း၀၀နာရီ။
သည်တစ်ခေါက်ခရီးကတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ ခေါင်းစဉ်အကြီးကြီးတွေကြောင့်သာ ထွက်လာရခြင်းပင်။ အမျိုးအရင်းချာတွေကြားမှာ အနေကြာတော့လည်း အလွမ်းဓါတ်လေးက ခိုင်သွားတာလည်း ဖြစ်နိုင်သည်။ ဥပါဒါန်ဆိုတာက လွယ်လွယ် ထွေးထုတ်ပစ်လို့ ရကောင်းသည်မဟုတ်။ အပြုံးတွေ ဘယ်လောက်ကြာအောင် ငတ်မွတ်ရဦးမည်မသိ။ အိန္ဒိယမှာ နေရခိုက် အပြုံချိုချိုတွေ သောက်သုံးခွင့် ရှားပါလှသည်ပဲ။ လေယာဉ်မယ်လေးများ၏ အပြုံးတွင်တော့ မြန်မာ့ရနံ့ကို ရှိုက်မိသေး၏။

လေဆိပ်ထဲမှာ အတူလိုက်ပါမည့် မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် တွေ့ရသည်။ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ပစ္စည်းတွေ ကီလိုပို၍ ချန်ထားခဲ့ရသေးသည်။လေယာဉ်အမှတ်က MAI 8M 601 ။ ဘုရားဖူးရာသီဆိုသော်လည်း လေယာဉ်ပေါ်မှာ ခရီးသည်က ခပ်ကြဲကြဲသာ။ လေယာဉ်စတင်ထွက်ခွာတော့ နံနက် ၉ နာရီ။ ပျံသန်းချိန် ၂ နာရီမျှသာမို့ အိန္ဒိယစံတော်ချိန် ၁၀း၀၀နာရီခန့်မှာ ဂယာသို့ ဆိုက်ရောက်လေသည်။ မိတ်ဆွေရဟန်းတော်များက ကားတစ်စီးဖြင့် လာကြိုနေကြသည်။

သြော် ရောက်ပြန်ချေပြီကော မဇ္ဈိမရေ။ ဘယ်လောက်ကြာအောင် ထပ်မံငြိကပ်နေရဦးမည်မသိပြီ။

25 November, 2009

မနက်ဖြန်များကို စမ်းဝါးခြင်း(၂)

နောက်တစ်နေ့ နံနက် ၁၁း၀၀ နာရီတိတိမှာတော့ ပါမောက္ခကြီး မစ္စတာထရိပါတီနှင့်တွေ့ရပါလေသည်။

ဂုရုကြီးက ဟင်ဒီဘာသာစကားဖြင့်နှုတ်ဆက်စကားဆိုသည်။ အိန္ဒိယတွင် သုံးနှစ်တာဖြတ်သန်းနေထိုင်ခဲ့ဖူးသည့် တိုင် ဟင်ဒီဘာသာစကားကို ခါနားပီနားထက်(ထမင်းစားရေသောက်)ထက်ပိုအောင် မပြောတတ် သည့်သူ့ကို ကူညီဘာသာပြန်ပေးမည့် ရဟန်းတော်တစ်ပါးက အသင့်ရှိနေခဲ့ပြန်သည်။ ယခင်နှစ်က MMWAI အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ အရှင်စန္ဒိမာက သူ့အနားမှာထိုင်နေသည်။ အင်္ဂလိပ်ဘာသာ(သို့မဟုတ်) ပါဠိဘာသာစကားပြောနိုင်ပါသည်ဟု အရှင်စန္ဒိမာက မိတ်ဆက်ပေးမှသာ ပါဠိဘာသာဖြင့် စကားစသည်။ ရံခါအင်္ဂလိပ်လို ညှပ်ပြော၏။

အသက်ရှစ်ဆယ်ကျော်အဘိုးကြီးဆိုသော်လည်း အာရုံခံကိရိယာများက ထက်မြက်နေကြဆဲပင်ဖြစ်သည်။ အဘိဓမ္မာနှင့်ပတ်သက်သော မေးခွန်းအချို့မေးသည်။ အတိအကျဖြေရသည့်မေးခွန်းများတော့ မဟုတ်။ ဖြေချင်သလိုဖြေ၍ အမှတ်ပေးချင်မှ ပေးလို့ရသော မေးခွန်းများဖြစ်သည်။ အဘိဓမ္မာဆိုတာ ဗုဒအရှင်တကယ်ဟောမဟောဆိုတာမျိုးဖြစ်သည်။

သည်ဂုရုကြီးက လွန်ခဲ့သောနှစ်အနည်းငယ်က အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့တွင် ခေါင်းချသွားတော်မူသည့် ဒေါက်တာအရှင်ရေ၀တဓမ္မ၏ ဆရာဖြစ်သည်တဲ့။ စကားပြောကြရင်း ဒေါက်တာရေ၀တဓမ္မ ပညာထူးချွန်ကြောင်း၊ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကို ဟင်ဒီဘာသာသို့ ပြန်ဆိုစဉ်က သူများစွာကူညီခဲ့ရကြောင်း၊ ထိုဘာသာပြန်စာမူဖြင့် ဒေါက်တာအရှင်ရေ၀တဓမ္မ ကာလီဒါသစာပေဆုကို ဆွတ်ခူးရယူခဲ့ကြောင်း၊ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလန်ရောက်ပြီးကတည်းက အတွေ့နည်းသွားပြီးဖြစ်ကြောင်း၊ သူကြွလာမှသာ တွေ့ရတော့ကြောင်း စသည် ချိတ်ဆက်မိသမျှ စကားများ......

သူကလည်း ဒေါက်တာအရှင်ရေ၀တဓမ္မ မြန်မာနိုင်ငံသို့ ကြွရောက်ကာ ထေရ၀ါဒတက္ကသိုလ်တွင် အဘိဓမ္မာနှင့် ၀ိပဿနာတရားတော်များလာရောက်ပို့ချစဉ်က ပို့ချချက်များကို နာယူဖူးပါကြောင်း၊ ဆရာတော်လွန်တော်မူသည့်အခါ ဆရာတော်၏ မွေးရပ်မြေတွင် တည်ဆောက်ခဲ့သည့် ဆရာတော့်အထိန်းအမှတ်စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရသေးကြောင်း စသည် ဆက်စပ်မိရာ......။ ဒေါက်တာအရှင်ရေ၀တဓမ္မ လွန်သွားပြီကို ဂုရုကြီး သိပါသလား မေးမိတော့ တက္ကသိုလ်ဆီနိတ်ကပင် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့သေးသည်ဟုဆိုပါသည်။

ဒေါက်တာအရှင်ရေ၀တဓမ္မဆိုသည်က ဗာရာဏသီ ပညာတတ်ဗြဟ္မဏအ၀န်းအ၀ိုင်းတွင် လင်းပခဲ့သူဖြစ်သည်။ ဗာရာဏသီဟိန္ဒူတက္ကသိုလ်၊ ကာသိဝိဒျာပိဌ်(မဟတ္တမဂနီ)တက္ကသိုလ်နှင့် ဆန်ဆခရစ်တက္ကသိုလ်တို့တွင် ပါဠိကထိကအဖြစ်တွင်ကျယ်ခဲ့သည်။ သူ၏ မှတ်တိုင်တစ်ခုမှာ ဆန်ဆခရစ်တက္ကသိုလ် ဗုဒကျမ်းစာဆိုင်ရာအထွေထွေအယ်ဒီတာချုပ်အဖြစ်တာဝန်ယူကာ ပါဠိစာပေကျမ်းစာများစွာကို ဒေ၀နာဂရီအက္ခရာဖြင့် တည်းဖြတ်ထုတ်ဝေးခဲ့ခြင်းပင်ဖြစ်သည်။

ဂုရုကြီးနှင့် ၄၅ မိနစ်ခန့်စကားပြောပြီးသည့်အခါ နောက်ဆုံးမေးခွန်းတစ်ခုကိုတော့ ဂုရုကြီးက မှတ်မှတ်ရရမေးလေသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား တဲ့။

23 November, 2009

မနက်ဖြန်များကို စမ်းဝါးခြင်း

မကြာမီမှာ ဒီဇင်ဘာက ရောက်လာချေတော့မည်။ ဒီဇင်ဘာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုနှင့်အတူ စောင့်နေပါလိမ့်မည်။ လွန်ခဲ့သော သြဂုတ်လနေ့လည်ခင်းတစ်ခုဆီက သူသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗဟိုတိဘက်အဆင့်မြင့် လေ့လာရေးတက္ကသိုလ်(Central University of Higher Tibetan Studies) ရှိ ဒုတိယအဓိပတိ၏ ရုံးခန်းတွင် ရောက်ရှိနေခဲ့သည်။

ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့တိုးမြင့်ခြင်းခံရသည်မှာမကြာလှသေးသော မဟာယာနနှင့် တိဘက်လေ့လာရေးအထူးပြုကျောင်းသည် ထေရ၀ါဒဗုဒဘာသာကို လေ့လာရန် မွတ်သိပ်နေလေသည်။ ထေရ၀ါဒကို တို့ထိမည်ဆိုလျှင် ထေရ၀ါဒ၏ မိခင်စာပေဖြစ်သည့် ပါဠိဘာသာစကားမုခ်ဦးမှ ၀င်ရပေလိမ့်မည်။ ထေရ၀ါဒကို ဆာလောင်နေသည့် ကျောင်းတော်သည် ပါဠိရေချမ်းစင်လေးကို မဖြစ်မနေ တည်ဆောက် လေတော့မည်။

ထိုကွက်လပ်ကို ဖြည့်စွက်ရန် တက္ကသိုလ်အဓိပတိရုံးခန်းသို့ သူရောက်ရှိနေခြင်းဖြစ်လေသည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးအဖြစ် ခပ်ရဲရဲ လက်မှတ်ထိုးရပေလိမ့်မည်။
“ ဘန္တေ ပါဠိဘာသာကို ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်ပါ့မလား”
“ ကျောင်းသားတွေ နားလည်အောင်တော့ သင်ပေးနိုင်ပါတယ်”
အဓိပတိနှင့် အင်တာဗျူးက စကားအများကြီးမပြောလိုက်ရပါ။
“ ကောင်းပြီလေ မနက်ဖြန် နံနက် ၁၁း၀၀ နာရီ တစ်ခေါက်ပြန်လာစေချင်ပါတယ်၊ ဒီတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခကြီးအဖြစ်ခန့်အပ်ထားတဲ့ မစ္စတာထရီပါတီနဲ့တွေ့လိုက်ဦး။”
“ထိကေ ဂုရုဂျီး”
ထို့နောက် အဓိပတိလားမားကြီးနှင့်အတူ ထေရ၀ါဒနှင့် မဟာယာနယှက်နွှယ်ဆက်စပ်မှုများ၊ မြန်မာနှင့် တိဘက်အက္ခရာအရေးအသားစသည်တို့ အလွတ်သဘောပြောဖြစ်ကြသေးသည်။ ပညာရှင်တစ်ဦး၏ ဟန်ပန် အပြည့်ရှိသော လားမားကြီးသည် စကားပြောရာတွင် နုညံ့နွေးထွေးစွာ ပြောဆိုတတ်လေသည်။

15 November, 2009

ကွန်ရက်တွင် ပိတ်မိခြင်း

အမှန်တကယ်တော့ သူသည် ကွန်ပြူတာတစ်လုံး၏ ရှေ့တွင် အချိန်ကြာမြင့်စွာ ထိုင်လိုသူမဟုတ်ခဲ့။
သူက ညောင်းညာကိုက်ခဲသည့်ဒဏ်ကိုမခံစားနိုင်ခြင်းဖြစ်သည်။ သာသနာ့တက္ကသိုလ်ဘွဲ့ယူစာတမ်းရိုက်တော့လည်း စာစီစာရိုက်ဆိုင်လေးတွေဆီကိုသာ ပြေးခဲ့ကြသည်ပဲ။

ထေရ၀ါဒတက္ကသိုလ်နေ့ရက်များတွင် ကွန်ပြူတာပိုင်ဆိုင်ကြသူမိတ်ဆွေရဟန်းတော်တို့က နည်းပညာခေတ်ကြီးမှာ ကွန်ပြူတာကို ဥပေက္ခာမပြုသင့်ဟု အနုသာသနပြုကာ ကွန်ပြူတာပေးသုံးကြသည့်တိုင် သူကတော့ ပေကပ်နေခဲ့မြဲဖြစ်သည်။ သို့သော် အိန္ဒိယသို့ ပညာသင်ထွက်ခွာတော့မည် ဟုစိတ်ပိုင်းဖြတ်လိုက်ချိန်တွင် အီးမေးလ်အသုံးပြုတတ်ဖို့တော့ မဖြစ်မနေလိုအပ်ကြောင်း နားလည်ခဲ့လေသည်။

ကံကောင်းထောက်မစွာပင် သူတို့လို ဘွဲ့လွန်ကျောင်းသားများအတွက် အင်တာနက်အီးမေးလ်အချိန်ပိုင်းအသုံးပြုနိုင်ရန် ထေရ၀ါဒတက္ကသိုလ်က စီစဉ်ပေးထားသည်။
တစ်ခါတစ်ရံ တက္ကသိုလ်အင်တာနက်ခန်းမတွင် ကော်နက်ရှင်းအားနည်းလျှင်တော့ ရှစ်မိုင်က ကဖေးလေးဆီကို သွားရောက်ခိုဝင်ကြသည်။

သူ့မိတ်ဆွေရဟန်းတော်များကပင် သူ၏ ပါရမီနည်းပါးလှသောကွန်ပြုတာစိတ်ပါဝင်စားမှုကို အလင်းမြှင့်ပေးခဲ့ကြသည်။ အီးမေးလ်လိပ်စာတစ်ခုကို ဖန်တီးဖြစ်ခဲ့သည့်နေ့က မိတ်ဆွေရဟန်းများနှင့်
ဟိုင်း
ဟိုင်း
ဟု နှုတ်ဆက်စကားဆိုရသည်ကို ပီတိဖြစ်သွားသည်။

သိလိုစိတ် စူးစမ်းလိုစိတ်ပြင်းပြသောသူ့အတွက် Google Search သေတ္တာများထဲတွင် အချက်အလက်တွေက အသင့်ရှိနေခဲ့ပါသည်။
သူ့ဘွဲ့အမည်ကို ရိုက်ထည့်လိုက်သည်။ ပေါ်လာ၏။ သို့သော် သူတော့မဟုတ်ပါ။ မင်းကွန်းဆရာတော်ကြီးတစ်ပါးတည်း၏ အကြောင်းအရာများသာ တဖျပ်ဖျပ်လက်လာသည်။ ဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိ၊ ဆရာတော်ဘုရားပြုစုခဲ့သောကျမ်းစာများ၊
ဆက်နွှယ်ရာအကြောင်းများ စသည်....။
ခုတော့ အမည်တူရဟန်းများကို ထိုသေတ္တာများတွင် တွေ့လာရပြီ။
ဘလော့ဂါရဟန်းတော်များဖြစ်ပါသည်။
ထိုနေ့က အချိန်အတော်ကြာအောင် ကဖေးလေးတွင် ဖတ်မကုန်သောသတင်းအချက်အလက်များကြား သူပျော်ဝင်သွားခဲ့ပါသည်။ လောကီ လောကုတ်စာမျက်နှာများ..။

ထို့နောက် သူက မေးလ်တစ်စောင်ကို အစမ်းရိုက်ပြီး တစ်ဘက်ကွန်ပြူတာမှ မိတ်ဆွေရဟန်းထံ ပို့လိုက်သည်။

ဟိုင်း ငါ့ရှင်
ပြန်ကြကုန်စို့


နောက်များမကြာမီ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ကြီးထဲ စိတ်ချလက်ချတိုးဝင်လိုက်ချိန်မှာတော့ သူမျှော်လင့်ထားသလို အင်တာနက်သုံးစွဲမှုက များစွာမကျယ်ပြန့်လှသေး။ တကယ်တော့ ဗာရာဏသီဆိုတာက တတိယတန်းစားမြို့တစ်ခုသာဖြစ်သည်။ ဘာသာရေးအစဉ်အလာကြီးမားသောရှေးဟောင်းမြို့တော်ကြီးအဖြစ်သာ ထင်ရှားနေခြင်းဖြစ်သည်။
သည်တော့ နေရာတိုင်းတွင် အင်တာနက်ကဖေးလေးတွေ ရှိမနေခဲ့ပါ။

သို့သော့် ရှားရှားပါးပါး သူတက်ရောက်နေသောတက္ကသိုလ်ပရိဝုဏ်ပြင်ဘက်က ပန်ချာပီအဘိုးကြီးတစ်ဦး၏ ကဖေးဆိုင်လေးမှတစ်ဆင့် မိတ်ဆွေများထံ ဆက်သွယ်ခွင့်ရသည်။ ကမ္ဘာအရပ်ရပ်က မိတ်ဆွေအသစ်များလည်း တိုးပွားလာသည်။
သူကိုယ်တိုင် ဂင်္ဂါမြစ်ကြီး၏ ကမ်းစပ်မှာထိုင်ရင်း ဧရာဝတီမြစ်ကြီး၏ လှိုင်းပုတ်သံများကို လွမ်းဆွတ်စွာ ဓမ္မဂင်္ဂါအဖြစ် ဘလော့ဂ်မိလေသောအခါ မလူးမလွန့်သာတော့ပြီ။ စာတွေပိုပြီး ဖတ်ဖြစ်ခဲ့သည်။ မိတ်ဆွေများ၏ နှလုံးသားပေါ် ဖျပ်ကနဲလက်သွားသောအရောင်သည် သူ့အတွေးတစ်စဖြစ်လျှင် သူကြည်နူးရသည်။
သူနက်ထဲတွင်ပိတ်မိသွားတာ သေချာသွားခဲ့ပါတော့သည်။


အင်း သံသရာတစ်ခုလုံး ၀ဲသြဃကြီးတွေထဲ မြုတ်လိုက်၊
သံယောဇဉ်အနှောင်အဖွဲ့တွေက ရစ်ပတ်လိုက်၊
အာသဝေါအမူးလွန်ပြီး လဲကျလိုက်ဖြစ်နေရတဲ့ကြားထဲ ကွန်ရက်အသစ်တစ်ခုထဲမှာပါ ပိတ်မိသွားပါရောလား။

12 November, 2009

မြွေဆိုးတစ်ကောင်နှင့် လမ်းလျှောက်ခြင်း


ပုဇွန်ဆီရောင်ညနေခင်းသည် သူနှင့်အတူ တွဲလျှောက်နေရာမှ ခပ်ခွာခွာသို့ တိမ်းစောင်းပစ်လိုက်သည်။ ညနေခင်း၏ ရင်ခွင်ထဲမှ နေတစ်စင်း၏ ထွက်သက်ကို ရှိုက်မိ၏။ သြော် တစ်နေကုန်ပြန်ပြီ။ သူကတော့ လျှောက်မြဲလမ်းပေါ်မှာ သူ့ခြေလှမ်းများကို မောင်းနှင်နေမိဆဲပင်။
ခြေလှမ်းထဲမှာ အကောင်းအဆိုးလောကဓံတို့ ငြိယှက်တတ်သည့်အခါ သူကျက်မှတ်ခဲ့ဖူးသော ဂါထာတစ်ပိုဒ်ကို အားယူဆုပ်ကိုင်ထားမိ၏။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ။

လောကဓံနဲ့ တွေ့ထိငြား
စိတ်ကား မတုန်လှုပ်။

တစ်ခါတစ်ရံမှာတော့ ပုထုဇဉ်ပီသသွားတတ်တာမျိုးလည်း ကြုံရပါသေးသည်။
သူလျှောက်နေသော လမ်းပေါ်မှာ
အမှားများစွာဖြင့် ဟု လက်မှတ်ရေးထိုးလေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ များမကြာမီက သာသနာ့ဘောင်စည်းအတွင်းမှာ မိတ်ဆွေရဟန်း ပါရမီနည်းသွားခဲ့ပြီ ဟူသောသတင်းကြားလိုက်ရ၏။
ရဟန်းဘ၀ဆိုတာကလည်း ပေခံနိုင်ပါမှ အဖတ်တင်နိုင်သည်။

သာသနာ့ထိပ်ခေါင်တင်ဆရာတော်ကြီးတစ်ပါး၏ မှတ်ချက်ပေးစကားလေးက ပြုံးချင်စရာကောင်းသည်။
ဒကာတစ်ဦးက ရင်းနှီးစွာ လျှောက်ထားသည်။ တပည့်ဒကာဒကာမတွေ အကျိုးများအောင် တစ်မဂ်တစ်ဖိုလ်ဆိုက်အောင် ကျင့်တော်မူပါဘုရား တဲ့။ ဆရာတော်ကြီးက တစ်မဂ်တစ်ဖိုလ်ရဖို့နေနေသာသာ လူမထွက်ဖြစ်အောင်ပဲ မနည်းအောင့်နေရသကွ တဲ့။
ထိုဆရာတော်ကြီးက ဒုတိယမြောက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဖြစ်သည်။

ယနေ့ခေတ်လို ရောင်စုံယှက်သန်းနေသော ယဉ်ကျေးမှုကြီးထဲ အာရုံမထွေပြားအောင် ဖြတ်သန်းရသည့် ရဟန်းတစ်ပါး၏ ဒိုင်ယာရီစာမျက်နှာတွင် စိတ်ကူးစိတ်သန်းများ နောက်ကျိနေတတ်ပါလေသည်။ နောက်ကျိညစ်နွမ်းမှုဆိုသည်က ကိလေသာဖြစ်သည်။
ကိလေသာဆိုသည်က မြွေးဆိုးတစ်ကောင်ဖြစ်သည်။

ရင်ဘတ်ထဲမှာ သံသရာအဆက်ဆက်ကပင် ၀င်ရောက်ခွေအိပ်နေသောမြွေဆိုးတစ်ကောင်သည် အနုသယကိလေသာဖြစ်သည်။
ငြိယှက်ဖွယ်အာရုံကို ထိရှတိမ်းညွတ်လိုက်သည့်အခါ ပါးပြင်းထောင်လာသော မြွေဆိုးတစ်ကောင်၏ မာန်ဖီသံသည် ဥပက္ကမကိလေသာ။ ကိုယ်ဖြင့် နှုတ်ဖြင့် မိုက်မဲစွာမှားယွင်းကျူးလွန်မိပြီဆိုလျှင်တော့ မြွေဆိုးတစ်ကောင်၏ အဆိပ်ပြင်းသောကိုက်ခဲမှုသည် ၀ီတိက္ကမကိလေသာ။ သံသရာများစွာ သေရဦးတော့မည်။
ဘုံအဆင့်ဆင့်နိမ့်ပါးရတော့မည်။
ကိုယ့်ကို ကိုက်ခဲသတ်ဖြတ်ဖို့အသင့်ရှိနေတဲ့ မြွေဆိုးတစ်ကောင်နဲ့ အတူအိပ်စက်နေခဲ့ရတာ ဘယ်လောက်များ အန္တရာယ်များလိုက်ပါသလဲ။
ကိုယ်တိုင်ကများ အဲဒီမြွေဆိုးကို မွေးမြူထားခဲ့မိလေသလား။
ခက်တာက မြွေဆိုတာကလည်း ကိုယ်ပိုင်ဂီတနှင့် ပျော့ပျောင်းကွေးညွတ်လှပစွာ ကတတ်ပြန်ပါလေသည်။
ဘာသားနဲ့ထုထားတာမို့လဲ ဟုဆင်ခြေပေးရန် ၀ါကျအသင့်စီပြီးသာ ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။

ဆုံးမသွန်သင်ချက်သာသနာက လမ်းညွှန်ပေးထားသည်။
မြွေဆိုးမကိုက်အောင် သီလဆောင်
ပါးပြင်းထောင်မလာအောင်တော့ သမာဓိထူထောင်
ခွေအိပ်နေတာကို ကော်ထုတ်ပစ်ဖို့တော့ ပညာအရောင်တဲ့။
သီလ သမာဓိ ပညာဆိုသည်က ရင်းနှီးကျွမ်းဝင်ပြီးသား သိက္ခာသုံးပါးအကျင့်မြတ်ပင်။
သို့သော် အဲဒီဓါးကို ထက်ရှအောင် သွေးခဲ့မိကြပါရဲ့လား။


သူဆက်လျှောက်နေသည်။
သူ့ရင်ဘတ်ထဲမှာတော့ မြွေဆိုးတစ်ကောင်က အသေအခြာ အိပ်နေသည်။
သူက လမ်းဆက်လျှောက်ရင်း ဓါးတစ်လက်အကြောင်းကို စဉ်းစားနေလေသည်။
မရှိသေးရင် ရှာထားဖို့။
ရှိလက်စလေးဆိုရင်လည်း ထက်ရှမြိမြအောင် သွေးထားဖို့။

ဓမ္မဂင်္ဂါရဲ့ ဓမ္မဂင်္ဂါ

ငယ်စဉ်က အတူတူသီတင်းဖူးတဲ့ နောင်တော်ရဟန်းတစ်ပါးထံက ဖုန်းဝင်လာပါတယ်။ ဓမ္မဂင်္ဂါရဲ့ ကိုယ်ရေးအကျဉ်းပေးပါတဲ့။ ငယ်ငယ်က နေခဲ့ဖူးတဲ့ ရွာလေးက ဂုဏ်ပြုကြမလို့တဲ့။


ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဆောင်းဦးပေါက်ရာသီတစ်ခုမှာ မြောင်းမြမြို့နယ်ထဲက ရှမ်းရေကျော်ဆိုတဲ့ ရွာလေးဆီ ကျေးဇူးရှင်ဆရာတော်ကြီးတစ်ပါးရဲ့ နောက်တော်ပါးက လိုက်ပါပြီး နှပ်တရှုံ့ရှုံ့နဲ့ စာတက်ခဲ့ဖူးတာ အမှတ်ရလာပါတယ်။ ရေမိုးရှားပါးတဲ့ ရပ်ဝန်းက ရောက်လာတဲ့ အညာသားကိုရင်လေးအတွက်တော့ ဒီရေဆန်အတက်မှာ လှေကလေးတစ်စင်းကို ဖက်တွယ်လှော်ခတ်ခဲ့ရတာကို မမေ့ခဲ့နိုင်ပါဘူး။

ဆရာတော်ကြီးက ရန်ကုန် တာမွေမြို့နယ်ထဲက ဓမ္မ၀ိဟာရလမ်းမှာရှိတဲ့ ဗြဟ္မ၀ိဟာရကျောင်းတိုက်ဆရာတော်ကြီးပါ။ ရိုးရှင်းတိုးတိတ်စွာ နေထိုင်သီတင်းသုံးလိုတဲ့ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေက လူမြင်ကွင်းကို ရောက်မလာခဲ့ပါဘူး။ ဓမ္မာစရိယဘွဲ့တွေ အထပ်ထပ်ရပြီး အခြားဆေးကျမ်း နက္ခတ်ကျမ်းတွေကိုလည်း တတ်ပွန်တော်မူတဲ့ ဆရာတော်ကြီးဟာ နံနက်ခင်းတိုင်း လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို အင်္ဂလိပ်ဘာသာနဲ့ ဖတ်တော်မူလေ့ရှိပါတယ်။ ကျောင်းဂိတ်တံခါးမှာ ညှပ်ထားတဲ့ သတင်းစာကို ကျောင်းမှာ အငယ်ဆုံးကိုရင်လေးဖြစ်တဲ့ သူက ပြေးယူပြီး ဆရာတော်ကြီးကို ဆက်ကပ်ရပါတယ်။ တစ်ခါတစ်ရံမှာ သူက ခပ်တည်တည်နဲ့ သတင်းခေါင်းကြီးပိုင်းတွေကို စာလုံးပေါင်းပြီး အော်ဖတ်ရင် ဆရာတော်ကြီးက ကျောင်းတံခါးတိုင်ကို လက်ပိုက်မှီရပ်ရင်း မိန့်မိန့်ကြီးပြုံးတော်မူလေ့ရှိပါတယ်။
Nation ဆိုတာကို နာတီအွန် လို့ဖတ်တော့ ဆရာတော်ကြီးလည်း ပြုံးပေမပေါ့။ ဟုတ်သားပဲ Na-နာ ti -တီ on-အွန် ပဲမဟုတ်လား။

သူကလည်း အဲဒီနှစ် ၁၉၈၇ မှာ မြို့ပြပညာတော်သင်အဖြစ် ၀န်းသိုက ဆရာဘုန်းတော်ကြီးကိုယ်တိုင် လိုက်ပို့လို့ ရန်ကုန်မှာ ခြေချခွင့်ရခဲ့ပါတယ်။ ဆရာဘုန်းတော်ကြီးက တပည့်ကိုရင်လေးတွေကို မူလတန်းနဲ့ ပထမငယ်တန်းအောင်ရင် ရန်ကုန် မန္တလေးမြို့ကြီးတစ်မြို့မြိုကို ပညာသင်ပို့ပေးမယ်လို့ ကတိပေးလေ့ရှိတဲ့ အတိုင်း လိုက်ပို့ခဲ့တာပါ။ ဓမ္မ၀ိဟာရလမ်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာခဲ့တော့တာပါ။
အဲဒီတုန်းက အဆိုတော်ရဲလေး မမွေးလောက်သေး။

မလွှကုန်းဘူတာတစ်ဘက်က ရပ်ကွက်လေးထဲ သံလမ်းတွေ ကျော်ဖြတ်ပြီး ဆွမ်းခံခဲ့ရတာ မှတ်မှတ်ရရရှိနေပါသေးတယ်။ ကျဉ်းမြောင်းတဲ့ လမ်းကြိုလမ်းကြားလေးတွေကြား ရွှံဗွက်အိုင်တွေ ခုန်ပျံကျော်လွှားရင်း ပုံစံတူအိမ်လေးတွေကို မှားမှားဝင်မိလို့ ဆွမ်းတွေ အများကြီးရခဲ့လေသပေါ့။

ပထမငယ်တန်းအောင်လို့ ပထမလတ်တန်းတက်ရမယ့် သူ့ကို ဆရာတော်ကြီးကိုယ်တိုင် စာပို့ချပေးခဲ့တာပါ။
လူကငယ်ပြီး စာတွေက လေးနေလို့ မထမ်းနိုင်ခဲ့ပါဘူး။ အဲဒီနှစ်က စာမေးပွဲကျပါတယ်။ ဘာပဲဖြစ်ဖြစ်ဆရာတော်ကြီးဆီမှာ စာတက်ခဲ့ရတာ၊ ဆရာတော်ကြီးရဲ့ ပုံရိပ်တွေကို ကြည်ညိုအားကျခွင့်ရခဲ့တာ က တန်ဖိုးရှိလှတဲ့အမြတ်အစွန်းတွေပါပဲ။ ဆရာတော်ကြီးက စာအုပ်မပါဘဲ စာချလေ့ရှိပါတယ်။ ဒို့များတော့ ဒီတစ်သက် ဒီစာတွေ မေ့မယ် မထင်တော့ပါဘူးကွာလို့ လည်း ရွှန်းတတ်ပါသေးတယ်။

သီတင်းဝါလကျွတ်ပြီဆိုရင်တော့ ဆရာတော်ကြီးက မြောင်းမြမြိုနယ်ထဲက ရှမ်းရေကျော်ရွာလေးမှာ ဆောင်းခိုလေ့ရှိပါတယ်။ ဒီတော့လည်း ဆရာတော်ကြီးနောက်တော်ပါးက သူလည်း ပါရပြီပေါ့။ အော်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆောင်းခိုနေ့ရက်များ...။

ကရင်ဗမာတွေ စုဝေးနေထိုင်ကြရာ ရှမ်းရေကျော်ရွာလေးက ဆရာတော်ကြီးကို ကြည်ညိုလေးမြတ်ကြပါတယ်။ ရွာသူရွာသားတွေကလည်း ဖော်ဖော်ရွေရွေ ပွင့်ပွင့်လင်းလင်းတွေမို့ သူလည်း ရွာလေးကို ချစ်သွားရပါတယ်။ ဒါပေမယ့် အောက်ပြည်အောက်ရွာက မုန့်တစ်မျိုးကိုတော့ သူဘယ်တော့မှ မစားတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အညာသားကျောကုန်း ဆိုတဲ့ မုန့်ပါ။ ရွာက အပျိုကြီးတွေက အဲဒီမုန့်ကို တခုတ်တရလာပို့တိုင်း သူ့ကို စလေ့ရှိပါတယ်။ ဆရာတော်ကြီးကတော့ သင်ပေးပါတယ်။ အောက်သူမ ဗိုက်ခေါက်မုန့်လို့ ပြောကွာတဲ့။

ခုတော့ ဆရာတော်ကြီးလည်း မရှိတော့ပြီ။ ရွာလေးနဲ့လည်း ဝေးခဲ့တာကြာပြီ။ ဆရာတော်ကြီးလက်ကျန်သာဝကထဲက ဆရာတော်ကြီးရဲ့ ဂုဏ်ရည်တွေကို လင်းပစေသူဟု ရွာလေးက သူ့ကို ယုံကြည်မျှော်လင့်ကြဟန်ပါပဲ။ သူဖြတ်သန်းခဲ့သမျှ ပြန်စောင့်ငဲ့ကြည့်နေမိသေးတော့။
ဘာပဲဖြစ်ဖြစ်
သူ့ကိုယ်ရေးအကျဉ်းကို သော့သော့လေးရေးကာ နောင်တော်ရဟန်းရဲ့ လက်ထဲ ထည့်ပေးလိုက်ပါတော့တယ်။

11 November, 2009

ဒေါင်းမြူးချောင်းတေး (၄)

ဝန်သိုရေ၀န်းကျောင်းတိုက်ကြီးက တိုင်များစွာ ပါဝင်ဖွဲစည်းတည်ဆောက်ထားသည့် ရှေးမြန်မာရိုးရာအသားကျောင်းကြီးဖြစ်သည်။ ဆွမ်းစားကျောင်း၊ပိဋကတ်တိုက်တို့နှင့် တစ်ဆက်တည်း စင်္ကြန်လမ်းများဖောက်ထားသည်။ ကျောင်းတစ်ခုနှင့်တစ်ခု ကူးသန်းရန် မြေပြင်သို့ဆင်းရန်မလိုပေ။

နံနက်လေးနာရီထိုးသည်နှင့် အုန်းမောင်းခေါက်သံပေးကာ ကျောင်းတိုက်၏ တစ်နေ့တာ စတင်လေသည်။
ဝန်းသိုမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် ပုတိမ်ကုန်းရွာမှ အုံးမောင်းခေါက်သံသည် အချိန်တိကျမှန်ကန်သလို အသံလည်း အောင်သည်ဟု ကျော်ကြားသည်။ ပုတိမ်ကုန်းအုန်းမောင်းသံနှင့်အပြိုင် မြို့ပေါ်ကျောင်းများ၏ အုန်းမောင်းသံများက ၀န်းသိုမြို့လေးကို လွှမ်းသွားသည်။
နံနက်လေးနာရီထိုးပြီဆိုတာ သေချာပြီ။ဆွမ်းချက်ရန်အချိန်ကျချေပြီ။
ယခု ပုတိမ်ကုန်အုန်းမောင်းသံကြားရသေးလား မသိတော့ပါ။ အချိန်တိကျသော အုန်းမောင်းပိုင်ရှင်ဆရာတော်ကြီးကတော့ ပျံလွန်တော်မူရှာပြီတဲ့။

အုန်းမောင်းခေါက်ပြီးသည်နှင့် ဆရာဘုန်းတော်ကြီးနှင့် ရဟန်းတော်များဘုရားဝတ်ပြုရသည်။
ကိုရင်လေးများကတော့ စောစောအိပ်ရာထဖွယ်မလိုပါ။ ဆရာဘုန်းတော်ကြီးတို့ ဘုရားဝတ်ပြုပြီးသည့်အခါမှာတော့ ဦးဇင်းများက ကိုရင်လေးများကို ခြေကန်နှိုးတော့သည်။ တစ်ခါတစ်ရံ့ အိပ်ရာမနိုးလျှင် ရေလောင်းကာ နှိုးတတ်၏။
ဘုန်းတော်ကြီး၏ အသံတစ်ခုကို ကြားယောင်နေတာ ရှိသေးသည်။ သူများဆီမှာ ကပ်ရပ်တောင်းစားမယ်ဆိုရင် ဆက်အိပ်ကြ။ လူလူသူသူ လုပ်စားကိုင်စားမယ်ဆိုရင် ထကြတော့ တဲ့။ မကြားချင်ယောင်ပြုကာ ပေအိပ်မိလျှင်တော့ ကြိမ်လုံးဝင့်သံ တရွှမ်းရွှမ်းကြားရတော့မည်။ ဟကောင် ထ ထ တကယ်ဆော်တော့မယ်။ ကိုရင်လေးတွေအချင်းချင်း ဆရာဘုန်းတော်ကြီး၏ နိစ္စဓုဝကြိမ်လုံးဝင့်သံကို ဖေးဖေးမမရှောင်လွှဲကြရသည်။

ဝိနည်းဓိုရ်ဘုန်းတော်ကြီးများ၏ ထုံးစံအရ မနက်ခင်းတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံရလေ့ရှိသည်။ ဆရာဘုန်းတော်ကြီးက ညနေပိုင်းတွင် ထန်းလျက်ကိုပင် သုံးဆောင်လေ့မရှိ။ ဆာလောင်မှုသည် ဒေါသမီးလျှံကို မွေးပေးတတ်၏။ ထို့ကြောင့် မနက်စောစော အနေအထိုင်ဆင်ခြင်ရလေသည်။ အမြင်မတော်လျှင် အဆော်ခံရချေမည်။

ကိုရင်လေးများက ရေနွေးအိုတည်ရသည်။ အရုဏ်ဆွမ်းပြင်ရသည်။ ၀န်းသိုမြို့လေး၏ ဓလေ့က နံနက်စောစောအရုဏ်ဆွမ်းကို ဒကာဒကာမများကိုယ်တိုင် ချိုင့်များ။ဆွမ်းအုပ်များဖြင့် လာရောက်ပို့ဆောင်လေ့ရှိသည်။ ဆရာဘုန်းတော်ကြီးက ငါးပါးသီလချီးမြင့်ပေးရ၏။

အောက်ပြည်အောက်ရွာမှာလို သီလပေးရေစက်ချတွေကို ဆရာဘုန်းတော်ကြီးက ရှေ့က ဦးဆောင်နှုတ်တိုက်ချပေးရန်မလို။ ပန်းဒကာက ဦးဆောင်လေ့ရှိသည်။ အလှူပွဲများတွင် ပန်းဒကာအတွက်ပါ ကန်တော့ပွဲထိုးရ၏။ ပထမ
အရဟတာဒိ န၀ဂုဏေဟိ အစချီကာ လွန်စွာ သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် ဆွမ်းတော်တင်သည်။ ထို့နောက်
ဘုရား၊တရား၊သံဃာ ရတနာုမြတ်သုံးပါးကို အစဉ်အတိုင်း ရှိခိုးသည်။ နောက်ဆုံးမှ ယခုရှိသမုတိသံဃာတော်အရှင်သူမြတ်ကြီးအား ရှိခိုးကြဦးစို့ဗျား လုပ်သည်။ ထိုအခါမှ ဘုန်းတော်ကြီးက ဆုပေးရလေသည်။ အကြောင်းမသိသော အောက်ပြည်အောက်ရွာက ကြွလာသည့် ဘုန်းတော်ကြီးများ ဆုပေးရန် ပါးစပ်တပြင်ပြင်ဖြင့် အခက်ကြုံရတတ်သည်။

ရွှေပြည်ကြီးရှိ ရဟန်းတော်များလောကတွင် ကျော်ကြားသည့် ပန်းဒကာပုံပြင်တစ်ပုဒ်ရှိသည်။ အမှန်တကယ်တော့ ပုံပြင်မဟုတ်ပါ။ သူ့မိခင်မွေးရပ်ရွာအနီးက ရွာလေးတွင် အမှန်တကယ်ဖြစ်ခဲ့ခြင်း ဟုသိရသည်။

ထိုရွာလေးတွင် ကျောင်းထိုင်ဘုန်းတော်ကြီးက မြဲလေ့မရှိ။ ရွာရောက်လျှင် လူထွက်ကြတာမျိုး၊ ပျံတော်မူကြတာမျိုးအမြဲဖြစ်လေ့ရှိသည်။ ဘုန်းတော်ကြီးပင့်ရလွန်းတော့ ရွာလည်းအထိနာနေသည်။ စိတ်လည်းပျက်နေဟန်ရှိပါပြီ။ ရွာရှိ ကျောင်းရှိပါလျှက် ဘုန်းတော်ကြီးမရှိပါက မတင့်တယ်။ သို့နှင့် ဘုန်းတော်ကြီးလေးတစ်ပါးကို ကံစမ်းမဲဖောက်ကြရပြန်သည်။

ကျောင်းတင်ပွဲမှာတော့ ပန်းဒကာကြောင့် ဘုန်းတော်ကြီးလေးမှာ မျက်နှာရှုံ့သွားသည်။ ပရိသတ်များကလည်း ကြိတ်ရယ်(ရီ)ကြရသည်။ ရာဇ၀င်လည်း တွင်သွားပါလေသည်။ ပန်းဒကာက ယခုရှိသမုတိသံဃာတော်အရှင်သူမြတ်ကြီးအား ရှိခိုးကြဦးစို့ဗျား မလုပ်ဘဲ ဟုတ်တာ မဟုတ်တာ အပထားလို့ ကျုပ်တို့ ------ကိုယ်တော်လေးကို ကန်တော့ကြဦးစို့ဗျား တဲ့။ ပန်းဒကာက ခပ်သောသော၊ ဟာသဥာဏ်ရှိဟန်တူသည် ။ သေချာအောင် နောက်တစ်ကြော့ ထပ်တော့လိုက်ကြဦးစို့ဗျား လို့ပါ ကွန့်လိုက်ပြန်တော့ သံဃာစင်ပါ မှောက်မတတ်ဖြစ်သွားရလေသည်။ ကာယိနြေ္ဒကြီးတော်မူသည့် ဆရာတော်ကြီများလည်း တခွိခွိဖြစ်သွားရရှာလေသည်။

ဘာပဲဖြစ်ဖြစ် ဘုန်းတော်ကြီးလေးကတော့ မခံချင်စိတ်ကြောင့်ပဲလား မသိ ထိုရွာလေးမှာပဲ ခေါင်းချသွားတော်မူခဲ့ပါသည်။ တပည့်ပေါင်းများစွာကိုလည်း အမွေခံအဖြစ် ချန်ထားနိုင်ခဲ့သည်။

ငယ်စဉ်က ဖြတ်ကနဲဖူးလိုက်ရသော ထိုဘုန်းတော်ကြီး၏ အေးဆေးတည်ကြည်သောပုံရိပ်ကို မြင်ယောင်နေမိသေးတော့၏။

10 November, 2009

ရာသက်ပန်ဥပါဒါန်ယောဂီ



ညနေချမ်းတစ်ခုမှာပါ၊ သာသနာနဲ့စပ်လို့တော်ရတဲ့ မယ်တော်တစ်ယောက်က ရိပ်သာတရားစခန်းဝင်မှာမို့ လာနှုတ်ဆက်ကန်တော့ပါတယ်။ တရားအလုပ်လုပ်မှာဆိုတော့ သာဓုခေါ်ရပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်လေးတစ်ခုကလည်း ၀င်လာလို့ စကားလေးတစ်ခွန်းတော့ ပါးလိုက်ရပါသေးတယ်။

ချွတ်ဖို့သွားတဲ့ ဥပါဒါန်ဝတ်စုံအဟောင်းကြီးပေါ်မှာ
ဥပါဒါန်ဝတ်စုံအသစ်တစ်ထည် ထပ်ဝတ်မလာခဲ့ဖို့ပါ။
ဥပါဒါန်ဆိုတာကိုတော့
စွဲလမ်းမှု လို့ရင်းနှီးနေကြမှာပါ။
ပဋိစ္စသမုပ္ပါဒ်ဒေသနာကတော့ မျက်နှာမလိုက်ပါဘူး၊
ဥပါဒါနပစ္စယာ ဘဝေါ လို့ ခပ်စပ်စပ်လေးပဲ ဟောထားပါတယ်။
ဘ၀ကို ကိုယ်က ရွေးနိုင်ရင်တော့ အရတော်မှာပါ။ ဘ၀က ကိုယ့်ကို ရွေးလိုက်ရင်တော့ မတွေးရဲစရာဖြစ်တတ်ပါတယ်။
ဒါကြောင့်ပဲ မယ်တော်ကြီးကို စကားပြောမိတော့တာပါ။ပြီးတော့ ကိုယ့်ရင်ဘတ်ကိုလည်း ကိုယ်တိုင်ပွတ်သပ်ရပါသေးတယ်။

ပထမဆုံးအကြိမ်ဝင်မယ့်တရားစခန်းဆိုတော့ မယ်တော်ကြီးအတွက် အချိန်မီဦးမယ်ထင်ပါတယ်။ ရာသက်ပန်----ယောဂီဆိုတဲ့ ရင်ထိုးလေးတစ်ခု ချိတ်ဆွဲထားပြီးရင်တော့ ရာသက်ပန်ဥပါဒါန်ယောဂီဖြစ်ရှာတော့မှာပါ။
ဒီနေခေတ်ဟာ ကမ္မဌာန်းဆရာတွေအလိုအရ ၀ိမုတ္တိယုဂခေတ်ကြီးလို့ဆိုပါတယ်။ သံသရာကို ကြောက်ရွံ့ထိတ်လန့်စွာ ကပ်ငြိနေတဲ့ ဥပါဒါန်တွေ ဆွဲခွာချွတ်ပုံပြီး အမတမုခ်ဦးဆီ လွတ်လွတ်ကျွတ်ကျွတ် ဦးတည်ထွက်ခွာကြဖို့ ယောဂီတွေရဲ့ ခြေသံတွေကို ကမ္ဘာ့နေရာအနှံ့ ကြားနေရပါတယ်။

အလုပ်ကြီးအကိုင်ကြီးလုပ်ပြီဆိုရင်တော့ မိတ်ကောင်းဆွေကောင်းက အမှန်လိုအပ်ပါတယ်။ ပါဠိဘာသာနဲ့တော့ သပ္ပုရိသူပနိဿယ ပါ။ အညွှန်းမှားရင် ပန်းတိုင်က ဝေးတတ်ပါတယ်။
ဗုဒအရှင်ကတော့ ဓမ္မနဲ့ ၀ိနယရယ်လို့ပဲ သာသနာ့အမွေချန်ခဲ့တာပါ။ သာဝကတွေ ဥာဏ်ကွန့် ဥာဏ်လွန့်ကြတာနဲ့ပဲ အရှင်မြတ်ရဲ့ ဓမ္မ ၀ိနယဟာ ဆိုင်းဘုတ်တွေ အမျိုးမျိုးအောက်မှာ အရောင်အသွေး ကွဲကွဲပြားပြားဖြစ်သွားရရှာတာပါ။ နှစ်ပေါင်းကလည်း နှစ်ဆယ့်ငါးရာစုကျော်ပြီးကိုး။

ကိုယ့်ဆိုင်းဘုတ်ကို စွဲစွဲလမ်းလမ်း ဖက်တွယ်ကြ ကာကွယ်ကြရင်း စီးရမယ့် ဖောင်ကို ပုခုံးထက်မှာ ထမ်းမိရက်သားဖြစ်သွားရတာပါ။ ဒီလိုနဲ့ ကမ်းတွေ ဝေးခဲ့ကြပါတယ်။
ရွှေပြည်ကြီးကတော့ ထေရ၀ါဒဆိုင်းဘုတ်အောက်မှာ ခိုင်ခိုင်မာကြီးကို ရပ်မိနေတာပါ။ လောကသဘောအရ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း၊ ဘုရားရှင့်တပည့်အရင်းအချာတွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အတိုင်း ဖြူဖြူစင်စင် ကိုးကွယ်ခွင့်ရနေတာမို့ ဂုဏ်ယူစရာကြီးပါ။
ဒါပေမယ့် တစ်ဘက်ကမ်းသွားမယ်ဆိုရင်တော့ ထမ်းထားလို့မဖြစ်ပါဘူး။ စီးကြရမှာပါ။

ထေရ၀ါဒဆိုင်းဘုတ်အောက်မှာပဲ လက်ညှိုးညွှန်ဆိုင်းဘုတ်သေးသေးလေးတွေ ထပ်ထပ်ညွှန်းကြတာ ဒီနေ့ တွေ့တွေ့လာပါတယ်။ ထေရ၀ါဒချင်းတော့ တူပါတယ်။ ငါ့လိုတော့ နည်းမမှန်သေး ဆိုတာမျိုးပါ။ ဒီကြားထဲ ငါတော်၊သူရှော် တရားဟောဆရာတွေ ထွန်းကားလာတာလည်း ထိတ်ထိတ်ပြာပြာဖြစ်စရာပါ။ စာလို ပေလိုတော့ အတ္တုက္ကံသန၊ ပရ၀မ္ဘန ၀ါဒီတွေပေါ့လေ။ ဘာသာခြားတွေကြား မျက်နှာပူစရာကြီးပါ။
တစ်နေ့မှာတော့ ဓမ္မကထိကများညီလာခံ၊
ကမ္မဌာန်းဆရာများမျက်နှာစုံညီအစည်းအဝေးကြီးဆိုတာမျိုးတွေ ပေါ်လာရင် ကောင်းမှာပါ။
ဓမ္မကထိကဖြစ်ဖို့ ကမ္မဌာန်းဆရာဖြစ်ဖို့ဆိုတာကလည်း ဆာတီဖိကေ့ထ်တွေ ဘာတွေမှ မလိုအပ်ဘဲကိုး။
စာတတ်ဖို့ မလိုဘူးလို့ ဟောတဲ့ပုဂ္ဂိုလ်သူမြတ်တွေကလည်း ဟောကြလေတော့ ကျောင်းကကိုရင်လေးတွေ စာကျက်ချင်အောင် ဘယ်လိုများ တို့ပေးထောင်ပေးရပါ့။

ပရိယတ္တိသည်သာ သာသနာ့ အမြစ်၊ သာသနာ့အသက်လို့ ကြွေးကြော်ခဲ့သမျှ
ရှင်မဟာကဿပကိုယ်တော်ကြီးတို့ ရှင်အာနန္ဒာကိုယ်တော်ကြီးတို့ ရှင်ဥပါလိကိုယ်တော်ကြီးတို့ဘုရား ဘယ်နှယ်လုပ်ကြရမတုန်း မိန့်တော်မူကြပါဦးဖျာ့ (ဇာတ်သံနှောလျက် ငိုချင်းကို သောလိုက်ရန်။ နှဲသံရှည်ရှည် ထည့်)

အို ယောဂီ
ဘယ်လမ်းလိုက်ရပါ့။ ငါ ငါ့မိသားစုအစွဲတွေက ပူလောင်လွန်းလို့ ရိပ်သာကို ပြေးမိပါတယ်။ အေးစေလိုလို့ တရားနာ ပူဇာစ ဟော ဆိုတာလို ပုဂ္ဂိုလ်အစွဲ၊ တရားအစွဲ ၊ ဆိုင်းဘုတ်အစွဲတွေနဲ့ ထပ်ငြိဦးမှာကို စိုးရိမ်မိတာပါ။ အေးချင်လို့ ရေချိုးတာတော့ ချိုးပေါ့။ ပြီးရင်တော့ ရေစင်အောင် သုတ်ပါမှ ။ ရေမစင်ရင်တော့ နှာစေးအအေးမိတတ်ပါသေးတယ်။

ရိပ်သာမ၀င်မီက သံဃာဆိုတိုင်း ကြည်ကြည်မြမြ လက်အုပ်ချီတတ်ပေမယ့်။ တရားဆိုရင် ယုံယုံရဲရဲ နာယူတတ်ပေမယ့် ……။

တစ်ခါဆို တစ်ခါဝင်မိတဲ့ ရိပ်သာကလည်း ရာသက်ပန်----ယောဂီရင်ထိုးလေး ချိတ်ပေးလိုက်ပြန်တော့။

ကဲမယ်တော်ကြီးရေ
သွားမယ့်ရိပ်သာကို ဖြောင့်ဖြောင့်သာ သွားပါလေ။
ကံအဆင့်ဆင့် ဥာဏ်အဆင့်အဆင့် မြင့်သည်ထက် မြင့်ပါစေ။
ဥပါဒါန်ခွာချပေးမယ့် ဆရာကောင်းနဲ့လည်း တွေ့ပါစေ ။


01 November, 2009

ဒေါင်းမြူးချောင်းတေး(၃)

(၁)

နဘဲကျင်းရပ်ကိုလွန်လိုက်သည်နှင့် ငယ်စဉ်က သူနေခဲ့ရာ မြို့ရှေ့ရေ၀န်းကျောင်းတိုက်ကြီးက ဘွားကနဲ ပေါ်လာသည်။


ကျောင်းတိုက်ပရိဝုဏ်ပြင်ပတွင် ရှည်လျားခိုင်ခံ့သောအုတ်တံတားကြီးရှိသည်။ သူကိုရင်လေးဘ၀က ညနေခင်း ဆွမ်းချိုင့်ပို့ပြီး ပြန်လာချိန်တွင် ကျောင်းထဲသို့တိုက်ရိုက်မပြန်ဘဲ ရပ်ကွက်ထဲက ကလေးများနှင့် ရောနှော ဆော့ကစားခဲ့ဖူးရာ တံတားကြီးဖြစ်သည်။


ဝန်းသိုမြို့လေး၏ ထုံးစံက ညနေပိုင်းတွင် ဆွမ်းအလှူရှင်အိမ်များဆီ သူတို့ကိုရင်လေးများက ဆွမ်းချိုင့်အလွတ်များကို လိုက်ပို့ထားရသည်။ နောက်နေ့ နံနက် ၉း၃၀ နာရီခန့်မှာတော့ ထိုဆွမ်းချိုင့်များကို ပြန်ယူရမည်ဖြစ်သည်။ ညနေခင်းသည် တစ်နေ့တာအတွက် သူမျှော်လင့်ရသော အချိန်ဖြစ်သည်။ နံနက် လင်းသည်နှင့် ကျောင်းဝေယျာဝစ္စ၊ ဆရာသမားဝတ်ဖြည့်ရခြင်းနှင့် ပျင်းရိငြီးငွေ့ဖွယ် စာတက်စာကျက် ချိန်များကိုသာ တွန့်လိမ်နေအောင် ကျော်ဖြတ်ရလေသောအခါ ညနေခင်း ဆွမ်းချိုင့်ပို့ ချိန်များကို တစ်နေတာ အကောင်းဆုံးအချိန်ဆုပေးဖြစ်သည်။


စာတက်စာကျက်ဆိုသည်ကလည်း အချိန်ပိုင်းခြားထားသည်မျိုးမဟုတ်။ ဆရာဘုန်းကြီးထံမှ ကြမ်းပြင်ကို ကြိမ်ဖြင့်ရိုက်လိုက်သည့် ဗြောင်းကနဲ မည်သံမကြားမချင်း တစ်နေကုန် အသံအီနေရလေသည်။ ဆရာဘုန်းကြီး က အတွေးခေါ်ခေတ်မီဟန်ရှိသော်လည်း ရှေးရိုးအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း တတ်ပါသည်။ ရဟန်းသာမဏေဟူသည် စိတ်မလေလွင့်အောင် အချိန်တိုင်း စာဖြင့် ဖိကပ်ထားရမည် ဟု ယုံကြည်နေသည်။ တစာစာ လုပ်နေမှ စာတတ်မယ် ဟုလည်း သြ၀ါဒပေးတတ်သည်။


ဘယ်အချိန်မှာ စာကျက်ရမည် မပြဌာန်း၊ နံနက်ဆွမ်း နေဆွမ်းစားချိန်၊ ကျောင်းဝေယျာဝစ္စဆောင်ရွက်ချိန်နှင့် ရေချိုးချိန်များမှအပ ကျန်အချိန်များသည် သူတို့အတွက် စာအုပ်နှင့် မျက်နှာကပ်နေရလေသည်။ ရေက တစ်နေ့လျှင် နံနက်တစ်ကြိမ်သာ ချိုးရလေ့ရှိသည်။ ညနေခင်းရေချိုးလျှင် မကြိုက်ပါ။ လှချင်ပချင် လိုက်ကြတာ ဟုပင် အပြစ်တင်တတ်ပါသေးသည်။ ဖျားနာလျှင် ညနေရေချိုးလို့ ဟုလည်း အယူရှိတတ်သည်။


စည်းကမ်းကြီးကာ အကွပ်အညပ်ကောင်းလှသော သူတို့ဆရာဘုန်းကြီးထံတွင် စာသင်သားများများ ကြာကြာ နေနိုင်လေ့မရှိပါ။ သူသည်ပင်လျှင် ဖခင်က ဘုန်းတော်ကြီးနှင့် ငယ်သူငယ်ချင်းပီပီ ''တပည့်တော်သား မကျိုး မကန်းပြီးရော၊ ရိုက်သာရိုက်ဘုရား။ စာတတ်ဖို့သာ အဓိက၊ အရှင်ဘုရားရိုက်လို့ ထွက်လာရင်လည်း တပည့်တော်က ဆီးရိုက်မယ် ဘုရား "ဟု ဆရာဒကာအချင်းချင်း ကတိစကားထားကြသည်ကို ကြားရသော ကြောင့်သာ ထွက်ပေါက်မရှိဖြစ်သွားသည်။ သူလည်း ပြေးချင်ခဲ့တာပါပဲ။


ထိုသည့်အခါ ကျောင်းတိုက်နှင့်၊ ဘုန်းကြီး၏ ကြိမ်လုံးနှင့်၊ ပျင်းရိငြိးငွေ့ဖွယ်ရာ သဒ္ဒါ သဂြိုဟ်စာမျက်နှာများနှင့် ဝေးရာ ဆွမ်းချိုင့်ပို့ချိန်များကို သူမျှော်ရပါသည်။ ဆွမ်းအလှူရှင်က ဝေးလေ သူတို့ကိုရင်လေးတွေ အကြိုက်တွေ့လေ ဖြစ်သည်။ ကျောင်းပြန်နောက်ကျလျှင်လည်း ဝေးလို့နောက်ကျတာပေါ့လေ။ တကယ်တော့ သူတို့ကိုရင်လေးတွေက လူပြတ်သောလမ်းကို ရွေးပြီး ပြေးကြသည်။ ဆွမ်းချိင့်မည်သံ ဂွလွမ်း ဂွလွမ်းတွေကိုပင် ပြန်ကြားနေသေးသည်။


သူတို့ကို စောင့်နေမည့် အုတ်တံတားကြီးဆီ ။ ထိုအုတ်တံတားပေါ်က ဒိုးပစ်၊ သရေးကွင်းပစ်ပွဲလေးတွေဆီ၊ သူ့စည်း ကိုယ့်စည်း ငြင်းခုန်သံများဆီ။


(၂)


ထိုအုတ်တံတားကြီးက ပထမရေ၀န်းဆရာတော်ကြီးကို ကန်တော့ရန်ရောက်လာမည့် မဃဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာ တော်ကြီးကို ကြိုဆိုရန် ခင်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ ၀န်းသိုနှင့် မန်လည်ဆိုသည်က ခရီးကြမ်းတစ်ပြေးတည်း ဖြစ်သည်။


ပထမရေ၀န်းဆရာတော်ကြီး ဘွဲ့တော်က အရှင်ဇယန္တမဟာထေရ်ဖြစ်သည်။ မန္တလေးရတနာပုံနေပြည်တော်မှာ ပရိယတ္တိပညာတွေကို ကုံလုံအောင် ဆည်းပူးခဲ့သည့် ပရိယတ္တိအချွန်အမွန်ဆရာတော်ကြီးတစ်ပါးဖြစ်သည်။

ရတနာပုံနန်းတွင်းရေးအခြေအနေများ ရှုပ်ထွေးချိန်မှာတော့ အေးချမ်းသော ၀န်းသိုမြို့လေးဆီ ခိုလှုံရန် ရောက် ရှိလာခြင်းဖြစ်သည်။



ဝန်းသိုမြို့လေးတွင် တပည့်ရဟန်းသာမဏေများကို စာပေပို့ချရင်း သိက္ခာသုံးရပ်ကို ဖြည့်ဆည်းကျင့်ကြံ နေခဲ့သည်။ ဆရာတော်ကြီးကို အကြောင်းပြုကာ ရေ၀န်းကျောင်းတိုက်သည် ပရိယတ္တိစာသင်တိုက်ကြီးအဖြစ် နှစ်ပေါင်းများစွာ ထွန်းကားခဲ့သည်။ မြို့ပေါ်ရှိထက်ဝက်ခန့်မျှသော ကျောင်းတိုက်များသည် ရေ၀န်းကျောင်း တိုက်ကြီးကို အမှီပြုဖြစ်ပေါ်လာကြသည်။



ဝိနည်းပိဋကတ် ၀ိနိစ္ဆယကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ မဟာဗောဓိဆရာတော်ကြီးသည် ၀န်းသိုပထမ ရေ၀န်းဆရာတော်ဘုရား၏ သြရသတပည့်ကြီးဖြစ်သည်။ အဘိဓဇ ခန္တီးဆရာတော်ဘုရားကြီးသည်လည်း ပထမရေ၀န်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုကာမြတ်သောရဟန်းဘ၀ကို ခံယူခဲ့သည်။ ထို့ကြောင့် ပင် ခန္တီးဆရာ တော်ကြီးက နှစ်စဉ် ရေ၀န်းကျောင်းတိုက်သို့ ကြွရောက်ကာ ဥပဇ္ဈာယ်ဆရာ၏ အရိုးဂူကို ဦးခိုက်လေ့ရှိသည်။