(စာမရေးနိုင်သေးလို့ ဓါတ်ပုံလေးတွေပဲ တင်လိုက်ပါတယ်။ဒီနေ့က နှစ်သစ်လေ။ နှစ်သစ်ကို အကောင်းလေးတွေနဲ့ စဖို့ စီစဉ်နေပါတယ်။ သိချင်ရင် စောင့်ဖတ်ကြကုန်ရာသတည်း။)
31 December, 2009
နေရဉ္ဇရာမှတ်တမ်း(၅)
(စာမရေးနိုင်သေးလို့ ဓါတ်ပုံလေးတွေပဲ တင်လိုက်ပါတယ်။ဒီနေ့က နှစ်သစ်လေ။ နှစ်သစ်ကို အကောင်းလေးတွေနဲ့ စဖို့ စီစဉ်နေပါတယ်။ သိချင်ရင် စောင့်ဖတ်ကြကုန်ရာသတည်း။)
30 December, 2009
့နေရဉ္ဇရာမှတ်တမ်း(၄)
29 December, 2009
နေရဉ္ဇရာမှတ်တမ်း(၃)
ဒုတိယနေ့နံနက်ခင်းအစည်းအဝေးကတော့ ရင်ခုန်စရာကောင်းခဲ့ပါတယ်။ အဖွဲ့ကြီးကို ပုခုံးနဲ့ရော နှလုံးနဲ့ပါ ထမ်းဆောင်ကြမယ့် အလုပ်အမှုဆောင်သစ်ရဟန်းတော်တွေ ရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။ ရဟန်းတော်တွေ ရွှေပြည်ကြီးမှာ မဲပေးခွင့်မရှိပေမယ့် မဟာမြေမြတ်မှာတော့ အဲဒီအခွင့်အရေးကို အရယူကြရမှာဖြစ်ပါတယ်။
အစည်းအဝေးမစတင်မီ ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် မဇ္ဈိမသုခဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသက အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ်အရှင်ဂန္ထသာရ(မဂဓတက္ကသိုလ်)က ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲဝင်ရမယ့် မဲဆန္ဒနယ်တွေကတော့ ပညာသင်မြန်မာရဟန်းတော်တွေ အများစုရှိရာ ဗာရာဏသီဌာန၊ နာလန္ဒာဌာနနဲ့ မဂဓဌာနတွေပဲဖြစ်ပါတယ်။ ရပ်ဝေးတက္ကသိုလ်က သိက္ခာဝါကြီးတဲ့ရဟန်းတော်ငါးပါးက ရွေးကောက်ပွဲကော်မရှင်အဖြစ် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။
အခမ်းအနားမှူးက ဒသမနှစ်ပတ်လည်အတွက် အမှုဆောင်အဖြစ်ဆောင်ရွက်တော်မူခဲ့ကြတဲ့အဖွဲ့ဝင်ရဟန်းတော်များ တာဝန်မှနှုတ်ထွက်ကြောင်းလက်မှတ်ရေးထိုးအတည်ပြုရန်ကြေငြာလိုက်ပါတယ်။ အဲဒီမှာ “ အုတ်ကျိုး(ဥက္ကဌပြုတ်) တွင်းပျက်(အတွင်းရေးမှူးပြုတ်)” ဆိုတဲ့ချစ်စနိုးခေါ်သံတွေ ဟိုနားဒီနားက ပေါ်လာပါတော့တယ်။ ခေါ်တဲ့သူတွေကလည်း ရွှင်ရွှင် အခေါ်ခံရတဲ့သူကလည်း ပြုံးပြုံး။ “ ခင်ခင်မင်မင် လက်ရေတစ်ပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်” ဆိုတဲ့ နန်းတော်ရှေ့ကြီးကိုတောင် သတိရမိသေးတော့။
သီတဂူဆရာတော်ကြီး အဖွဲ့ပိုင်ကျောင်းတော်ကြီးကိုကြွပြီး အလှူငွေပေးအပ်ရင်း သြ၀ါဒပေးတဲ့အခါ “မင်းတို့ဥက္ကဌသက်တမ်းက ဘယ်နှစ်နှစ်တုန်း” လို့ မေးတော့ “တစ်နှစ်တည်းပါဘုရား” ပြန်လျှောက်တာကို အလွန်ကျေနပ်တော်မူပါတယ်။
နောက်နှစ်အရွေးခံရမှာလည်းမသေချာ၊ကိုယ့်အတွက်လည်းဘာမှမပါဘဲ အဖွဲ့အတွက် နှောင်ကြိုးမဲ့ဆောင်ရွက်တော်မူကြတဲ့ အမှုဆောင်ရဟန်းတော်တွေကို သီတဂူဆရာတော်ကြီးက လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ခဲ့ဖူးပါတယ်။
ိ(၁)ဥက္ကဌ
(၂)အတွင်းရေးမှူး
(၃)ဘဏ္ဍာရေးမှူး
(၄)ပြန်ကြားရေးမှူးနဲ့
(၅)စာရင်းစစ်တာဝန်တို့အတွက်ရွေးချယ်ရမှာဖြစ်ပါတယ်။ကိုယ့်ဌာနကို ကိုယ့်မဲဆန္ဒနယ်ကပဲ မဲပေးခွင့်ရှိပါတယ်။ အခြားတက္ကသိုလ်က မဲပေးခွင့်မရှိပါဘူး။ ရွေးကောက်ပွဲကာလက ပျော်စရာကြီးပါ။
ကိုယ့်နာမည်ကိုယ်ထည့်ရေးလို့ တစ်မဲတော့ ရတယ်ဆိုတာမျိုးလည်း ရှိပါသေးတယ်။
ဗာရာဏသီဌာနအတွက် သူ့အနေနဲ့ ၂၀၀၇-၂၀၀၈ နှစ်နှစ်ဆက်တိုက် ဥက္ကအဖြစ်အရွေးချယ်ခံခဲ့ရဖူးပါတယ်။ တော်လို့တော့ ဟုတ်ဟန်မတူ၊ ခိုင်းကောင်းလို့သာ ဖြစ်မှာပါ။ ဒီနှစ်မှာတော့ သူ့နာမည်က နေရာတစ်ခုစီအတွက် အမြဲတမ်း တစ်မဲ သို့မဟုတ် နှစ်မဲ ရနေတာကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ခပ်သောသောလေးကြေငြာပေးနေတဲ့အတွက် အားလုံးက တ၀ါးဝါးပွဲကျနေကြလေရဲ့။“ အားမငယ်ပါနဲ့ ဥက္ကဌမဖြစ်လည်း အတွင်းရေးမှူးရာထူးကျန်ပါသေးတယ်” ဆိုတာမျိုးပါ။ နောက်ဆုံး စာရင်းစစ်ရောက်တဲ့အထိပါပဲ။ ဗာရာဏသီဌာနပြီးတော့ မဂဓဌာနရွေးကောက်ပွဲကျင်းပသွားပါတယ်။
ဌာနအသီးအသီးအမှုဆောင်များကို မဲပေးရွေးပြီးတဲ့အခါ အဖွဲ့ကြီးအတွက် အရေးကြီးတဲ့ ဗဟိုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးနေရာအတွက် ရွေးချယ်ကြမှာဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ နေရာများအတွက် ရပ်ဝေးရပ်နီးတက္ကသိုလ်အသီးအသီးက အဖွဲ့ဝင်ရဟန်းတော်အားလုံးက မဲပေးကြရမှာပါ။ ပြီးတော့လည်း ဒီနေရာနှစ်ခုအတွက် ဌာနအသီးသီးကရွေးချယ်ခံထားရတဲ့ ဥက္ကဋ္ဌ များနဲ့ အတွင်းရေးမှူးများအပြင် တစ်သီးပုဂ္ဂလိကလည်း တင်သွင်းနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေငြာပါတယ်။ ဌာနကြီးသုံးခုအပြင် အခြားတက္ကသိုလ်များက ရဟန်းတော်တွေလည်း အရွေးခံခွင့်ရှိပါတယ်။ ဒါပေမယ့် တစ်ပါးတည်းတင်သွင်းလို့တော့ မရပါဘူး၊ အနည်းဆုံးငါးပါးက ထောက်ခံတင်သွင်းရမှာဖြစ်ပါတယ်။
အထွေထွေအတွင်းရေးမှူးနေရာကို အခု ရွေးကြတော့မှာပါ။ အတွင်းရေးမှူးသုံးပါးကိုလည်း အဖွဲ့ဝင်ရဟန်းတော်အားလုံးရဲ့ ရှေ့မှောက်မှာ နေရာယူပေးကြဖို့ အခမ်းအနားမှူးက ဖိတ်ခေါ်နေပါပြီ။
အဲဒီမှာ ဗာရာဏသီဌာနက ရဟန်းတော်တစ်ပါးက အရှင်ဉာနောဘာသာလင်္ကာရကို တစ်သီးပုဂ္ဂလတင်သွင်းပါကြောင်း လျှောက်ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်တမ်းရေးနေတဲ့ အရှင်ဉာနော ထရပ်လိုက်ပါတယ်။
သူကတော့ နောက်နားက တံခါးဝမှာ ရပ်လို့ မိတ်ဆွေအချိ့နဲ့ စကားပြောရင်း ရွေးကောက်ပွဲမြင်ကွင်းကို ငေးနေပါတယ်။အဲဒီအချိန်မှာပဲ သူ့နာမည်တင်သွင်းလိုက်တဲ့အသံကို ကြားလိုက်ရတော့တာပါပဲ။ မှတ်ကရော..။ “ ထောက်ခံပါသလား” ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့မေးခွန်းကို ငါးခုထက်မကတဲ့ လက်ညှိုးတွေက အတည်ပြုလိုက်ကြပါတယ်။
ဒီတာဝန်ဟာ ကြီးလေးမှန်းလည်းသိ၊ ရွေးဖို့ မရွေးဖို့လည်း မသေချာပေမယ့် ပထမနေ့က ဆွေးနွေးချက်တွေထဲမှာ သာသနာ့တာဝန်ကို မလွဲမသွေထမ်းဆောင်သင့်ကြောင်းတွေ ပြောထားကြလေတော့ သူလည်း မျက်စိမှိတ်ပြီး အဖွဲ့ဝင်ရဟန်းတော်များရဲ့ ရှေ့မှောက်က ထိုင်ခုံမှာ နေရာယူလိုက်ရပါတယ်။သီတဂူဆရာတော်ကြီးရဲ့ “ ဒီသံဃာတွေကြောင့် ငါအလုပ်လုပ်ခွင့်ရတယ်” ဆိုတဲ့အတွေးကို သီတဂူအရှင်သီဟဉာဏာလင်္ကာရကလည်း နားဝင်အောင်ပြောခဲ့သေးသကိုး။
“ဗာရာဏသီဌာနမှာ နေရာတစ်ခုမှ မရလို့ အထွေထွေအတွင်းရေးမှူးရာထူးအထိတက်ပြိုင်တယ်ဗျို” ဆိုတဲ့ ပြောင်ပြောင်ပျော်ပျော်အသံတွေလည်း ကြားရပါတယ်။
ဗာရာဏသီဌာနက အတွင်းရေးမှူးနေရာအတွက် အရွေးချယ်ခံသုံးပါးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ မဂဓဌာနက အရှင်စန္ဒောဘာသကို တစ်သီးပုဂ္ဂလတင်သွင်းပါတယ်။အရှင်စန္ဒောဘာသဆိုတာလည်း အဖွဲ့ကြီးအတွက် မဂဓဌာနဘဏ္ဍာရေးမှူးနဲ့ အတွင်းရေးမှူးတာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူပါ။ သူနဲ့လည်း ရင်းနှီးပါတယ်။
အထွေထွေအတွင်းရေးမှူးနေရာအတွက် ခြောက်ပါးယှဉ်ပြိုင်အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အင်း မဲဆွယ်စည်းရုံးရေးကာလကို လွန်မြောက်မှ အရွေးချယ်ခံစင်မြင့်ဆီရောက်နေတာမျက်နှာပူစရာပါ။
ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ပြုံးထားမှ။ အဖွဲ့ဝင်တွေပေးတဲ့ မဲတွေကို ရေတွက်လိုက်တဲ့အခါမှာ ဌာနအသီးသီးက ရဟန်းတော်တွေထက် သူနဲ့ အရှင်စန္ဒောဘာသက မဲအရေအတွက်များပါတယ်။ ခက်တာက ထူးထူးခြားခြားမဲအရေအတွက်ပါတူနေကြောင်း ကော်မရှင်က ကြေငြာချက်ထုတ်ပြန်ပါတယ်။
“အပြေးပြိုင်” အသံတစ်သံထွက်လာပါတယ်။ အဲဒါဆိုရင်တော့ ရှုံးပြီ။
ဒုတိယအကြိမ်ထပ်ပြီးမဲပေးကြပြန်ပါပြီ။ အရှင်စန္ဒောဘာသနဲ့ သူကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ရှေ့မှာ စကားတိုးတိုးပြောရင်း ရင်ခုန်နေကြလေရဲ့။ ရွေးကောက်ပွဲကော်မရှင်က မဲတွေရေတွက်နေချိန်မှာတော့ ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။ အခမ်းအနားမှူးက “ အပ်ကျသံတောင်ကြားရနိုင်ပါတယ်” လို့ တောက်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မဲအနည်းငယ်စွန်းပြီး ဓမ္မဂင်္ဂါ အထွေထွေအတွင်းရေးမှူးဖြစ်သွားပါတယ်။
အဖွဲ့ကြီးအတွက်ဆောင်ရွက်ပေတော့ပေါ့။
အရှင်စန္ဒောဘာသကို လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ အားလုံးကလည်း သာဓုခေါ်လိုက်ကြပါတယ်။
နောက်ဆုံးကျန်ရှိတဲ့ ဗဟိုဥက္ကဋ္ဌနေရာအတွက် မဲပေးရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ အခမ်းအနားမှူးက အမှန်တကယ်သင့်တော်သူကိုသာ ရွေးချယ်ရေးတိုက်တွန်းမှာကြားသံတွေ အထပ်ထပ်ကြားနေရပါတယ်။ ဌာနအသီးသီးက ရွေးချယ်ထားတဲ့ ဥက္ကဌများနေရာယူဖို့ အခမ်းအနားမှူးက ဖိတ်ပါတယ်။ မဂဓတက္ကသိုလ်က ယမန်နှစ်က ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အရှင်ပညာဒီပနဲ့
ဗာရာဏသီဌာနဥက္ကဋ္ဌအဖြစ်အရွေးအချယ်ခံထားရတဲ့ အရှင်ဓမ္မသီလာဘိဝံသက ဗဟိုဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရန်အခြေအနေမပေးသည့်အတွက် သူ့အားပေးမည့်မဲများကို အခြားအရွေးချယ်ခံရဟန်းတော်များကိုသာ ပေးကြစေလိုကြောင်း ကြိုတင်အသိပေးခဲ့ပါတယ်။
28 December, 2009
နေရဉ္ဇရာမှတ်တမ်း(၂)
(၁)
ပထမနေ့နေ့လည်ပိုင်အခမ်းအနားးအစီအစဉ်ကို နေ့လည် ၁း၀၀ နာရီတိတိမှာ စတင်ကျင်းပခဲ့ပါတယ်။ သဘာပတိအဖြစ် ဒုတိယဥက္ကဌ အရှင်ဂန္ထသာရ( ပါရဂူတန်းကြို။ မဂဓတက္ကသိုလ်)က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဘက်အတွင်းရေးမှူး အရှင်နန္ဒသာရ(မဟာတန်း၊ ဗာရာဏသီဟိန္ဒူတက္ကသိုလ်)က ဆောက်ရွက်ပါတယ်။ ပထမသဘာပတိဆရာတော်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာ အဖွဲ့ရဟန်းတော် ၃၁၃ ပါးအတွက် ပညာရေးပဒေသာပင်မှ အထောက်အပံ့ပေးရေးကို အဖွဲ့ကြီးရဲ့ ဥက္ကဌဆရာတော်က ကြေငြာပေးပါတယ်။ အဖွဲဝင်တစ်ပါးလျှင် အမေရိကန်ဒေါ်လာ ၅၀ စီ အထောက်အပံရကြမှာဖြစ်ပါတယ်။ အဖွဲ့ဝင်များအတွက် ပမာဏနည်းကောင်းနည်းပေမယ့် အဖွဲ့ကြီးရဲ့ ပညာရေးပဒေသာပင်ကတော့ ခါလီပြသွားကြောင်းလည်း သိလိုက်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ အဖွဲ့ဝင်ရဟန်းတော်တွေဟာ မိမိတို့ရဲ့ ပညာရေးပဒေသာပင်ခံစားခွင့် အမေရိကန်ဒေါ်လာတစ်သောင်းနှစ်ထောင်တိတိကို နာဂစ်မုန်တိုင်းဒုက္ခသည်များကို စာနာမှုကြီးစွာ ပေးပို့လှူဒါန်းခဲ့ကြပါတယ်။
အဖွဲ့ကြီးတည်ထောင်ထားတာဟာ အိန္ဒိယမှာပညာသင်နေကြတဲ့ ရဟန်းတော်တွေ ကျန်းမာရေး ပညာရေးစတဲ့ အခက်အခဲတွေကို စုပေါင်းဖြေရှင်းကြဖို့ အချင်းချင်းပံ့ပိုးပေးကြဖို့ ဆိုတဲ့ရည်ရွယ်ချက်က စခဲ့တာပါ။ အဲဒီကမှ အဆင့်ဆင့်ရည်မှန်းချက်တွေ တိုးမြှင့်ဆောင်ရွက်လာခြင်းပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ မြန်မာဘုရားဖူးခရီးသည်တွေရဲ့ အခက်အခဲတွေကိုလည်း ကျောင်းစာတစ်ဖက်နဲ့ ကူညီခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ၂၀၀၉ နှစ်အတွင်း ကျန်းမာရေးချို့ယွင်းမှုကြောင့် ဆေးကုသမှုခံယူရတဲ့ ပညာသင်ရဟန်းတော်တွေကို အဖွဲ့ကြီးက အထောက်အပံ့ပေးရေးအစီအစဉ်ဖြစ်ပါတယ်။ ဆေးကုသမှုမှတ်တမ်းအပြည့်အစုံနဲ့ ဆေးဝယ်ဖြတ်ပိုင်းတွေကို တင်ပြလာမယ်ဆိုရင် ကုသစရိတ်ပဏာမပေါ်မူတည်ပြီး လှူဒါန်းထောက်ပံ့ပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့မူကတော့ သုံးချိုးတစ်ချိုးလှူဒါန်းရမှာပါ။ ကျန်းမာရေးပဒေသာပင်ကတော့ နှစ်စဉ်ကောက်ခံထားတဲ့ အဖွဲ့ဝင်ကြေးထဲကနေ ထောက်ပံပေးတာပါ။
အဲဒီနောက်မှာတော့ တက္ကသိုလ်အသီးသီးက တက်ရောက်လာတဲ့ အဖွဲ့ဝင်ရဟန်းတော်တွေက အဖွဲ့ကြီးရဲ့ တိုးတက်ရာတိုးတက်ကြောင်းဆွေးနွေးပေးကြဖို့ အခမ်းအနားမှူးက ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ အလှဆုံးပါပဲ။ နွေးလည်းနွေးထွေးလှပါတယ်။ ရွှေပြည်ကြီးမှာတုန်းက စာသင်တိုက်ကြီးတွေမှာ နေထိုင်သီတင်းသုံးခဲ့ပြီး ဓမ္မာစရိယတစ်ဘွဲ့ဘွဲ့၊ သို့မဟုတ် သာသနာ့တက္ကသိုလ်နဲ့ ထေရ၀ါဒတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ယူခဲ့ပြီး ၀ိဇ္ဖာနဲ့ မဟာဝိဇ္ဇာဘွဲ့တွေ ဆွတ်ခူးခဲ့ပြီးတဲ့ လက်ရှိပါရဂူတန်းမှာ ကျမ်းပြုနေကြတဲ့ ရဟန်းတော်တွေ။အချို့ရဟန်းတော်တွေကတော့ သီရိလင်္ကာနိုင်ငံက မဟာဝိဇ္ဇာဘွဲ့ဆွတ်ခူးလာတဲ့သူတွေစုဝေးမိကြပါပြီ။ ပြီးတော့ အဲဒီရဟန်းတော်တွေဟာ ပီဘိစာသင်သားသက်သက်မဟုတ်ဘဲ ပဓာနနာယက၊ နာယကစာချ။ ဓမ္မကထိက၊ကမ္မဌာန်းနည်းပြနဲ့ ပရဟိတလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ဖူးကြတဲ့ဆရာတော်တွေချည်းဖြစ်နေတာတွေ့ရပါတယ်။
တက္ကသိုလ် ၁၃ ခုရဲ့ ကိုယ်စားလှယ်တစ်ပါးစီ ဆွေးနွေးကြပါတယ်။သူတို့မဆွေးနွေးမီ ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ကျမ်းပြုနေတဲ့ အဖွဲ့ဝင်ရဟန်းတော်အရှင်ဓမ္မသီလာဘိဝံသက အဖွဲ့ကြီး တိုးတက်မြင့်မားရေး အကြံပြုဆွေးနွေးခဲ့ပါတယ်။ အရှင်ဓမ္မသီလာဘိဝံသဆိုတာက သူ မန္တလေး၊ မစိုးရိမ်တိုက်သစ်မှာ ပညာသင်နေတဲ့ ၉၀ လွန်နှစ်များမှာကတည်းက မန္တလေးမြို့ရဲ့ အစဉ်အလာကြီးတဲ့ သကျသီဟစာမေးပွဲကို ပထမစွဲအောင်မြင်ပြီး ဖြစ်ဖို့မလွယ်တဲ့ မစိုးရိမ်နာယကစာချအဖြစ် ဓမ္မာစရိယစာဝါတွေ ပို့ချခဲ့ပါတယ်။
သူလည်း အရှင်ဓမ္မသီလာဘ၀ံသရဲ့ စာဝါတွေကို နာယူခဲ့ဖူးပါတယ်။ မစိုးရိမ်တိုက်သစ်မှာနေခဲ့ဖူးတဲ့အဖွဲ့ဝင်တော်တော်များလည်း ဆရာ့စာဝါတွေ ဆက်ဆက်စပ်စပ်ရှိခဲ့ဖူးကြပါတယ်။
ခုတော့ ဆရာတပည့်တွေ နိုင်ငံတကာပညာရေးရှုမျှော်ခင်းထဲမှာ အတွေးချင်းလာတိုက်မိကြတာပါ။ ရိုးရာကို ဖောက်ထွက်ပြီး ရွှေပြည်ကြီးရဲ့ပညာရေးအကွင်းအကွက်ကို ပြောင်းမလား(Change) ရွှေ့မလား(Shift) ဆိုတာမျိုးပါ။
ခုတော့ ဆရာက တပည့်များနဲ့ တပြေးညီအစည်းအဝေးခန်းမထဲမှာ ရောက်နေခဲ့ပြီ။ ရဟန်းတော်တွေ တိုင်းပြည်အတွက် ပေးဆပ်ကြဖို့အတွေးစတွေ ချပြခဲ့ပါတယ်။ တက္ကသိုလ်အသီးသီးက ရဟန်းတော်တွေရဲ့ ဆွေးနွေးချက်တွေဟာ အဖွဲ့ကြီးအတွက်သာမက ရွှေပြည်ကြီးရဲ့ အမျိုးဘာသာသာသနာအရေးတွေအထိ ကျယ်ကျယ်ပြန့်ပြန့်လင်းလင်းလက်လက်ရှိခဲ့တာပါ။အဓိကဆွေးနွေးဖြစ်တာကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ ပညာအရည်အသွေးမြှင့်တင်ရေးပါပဲ။ ကျောင်းတော်ကြီးခိုင်ခိုင်မာမာဆောက်လုပ်ပြီးပြီဆိုတော့ ဒီကျောင်းတော်ကြီးမှာ ဘယ်လိုပညာရေးစီမံကိန်းတွေ အကောင်အထည်ဖော်ကြမလဲဆိုတာက အရေးကြီးတဲ့ မေးခွန်းတစ်ရပ်ဖြစ်ခဲ့ပါတော့တယ်။
အစည်းအဝေးမှတ်တမ်းအပြည့်အစုံကိုတော့ www.mmwai-mmwai.blogspot.com မှာ တင်ပြပေးဖို့နဲ့ နှစ်လည်စာစောင်မှာ ဖော်ပြပေးဖို့ စီစဉ်ထားပါတယ်။အခမ်းအနာမှူးကလည်း သွက်သွက်လက်လက် ခပ်ထက်ထက်မို့ အစည်းအဝေးပရိုဂရမ်တွေဟာ စည်စည်ဝေေ၀ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဖွဲ့ကြီးရဲ့ ဆယ်နှစ်မြောက်အထူးအစီအစဉ်တစ်ရပ်အနေနဲ့ အဖွဲ့ပိုင်ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် မတည်လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီး ဒေါ်မြရှင်ကို ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု အပ်နှင်းရေးအဆိုကို အထူးဧည့်သည်တော်အဖြစ်အစည်းအဝေးတက်ရောက်လာတဲ့
အဖွဲ့ကြီးရဲ့ ဥက္ကဌအဖြစ်လေးနှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ပိုင်ကျောင်းတော်ကြီးဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့တဲ့ မဇ္ဈိမသုခဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသက တင်ပြအကြံပြုခဲ့ပါတယ်။ သင့်လျော်တဲ့ ဘွဲ့တွေကို အဖွဲ့ဝင်ရဟန်းတော်အသီးသီးက တင်ပြခဲ့ရာမှာ “မဇ္ဈိမသံဃမာတာ”ဆိုတဲ့ဘွဲ့ကို အတည်ပြုခဲ့ကြပြီး တစ်ဆက်တည်းမှာပဲ ကျောင်းအမကြီးဒေါ်မြရှင်အား ထိုဘွဲ့ကို အပ်နှင်းကြောင်းကြေငြာခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ အဖွဲ့ဝင်ရဟန်းတော်အားလုံးက တညီတညွတ်တည်း သာဓုခေါ်ခဲ့ကြပါတယ်။
ပထမနေ့ နေ့လည်ပိုင်းအခမ်းအနားအစီအစဉ်ကို ဗုဒ္ဓသာသနံ စိရံ တိဌတု နဲ့ ပျော်ပျော်ကြီးရုတ်သိမ်းခဲ့ပါလေရဲ့။
27 December, 2009
နေရဉ္ဇရာမှတ်တမ်း
ဒီဇင်ဘာ ၂၅ ရက် တစ်ကမ္ဘာလုံးမှာ “ ပျော်ရွှင်သော ခရစ်စမတ်စ်” ဖြစ်နေသလို ဗုဒ္ဓဂယာမှာ ရောက်ရှိနေတဲ့ သူုတို့ရဟန်းတော်တွေဟာလည်း ကြည်လင်သော နံနက်ခင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဘုရားရှင်ပွင့်ထွန်းခဲ့ရာ မြေမြတ်မှာ ဗုဒ္ဓအရှင်ကျူးရင့်ခဲ့တဲ့ အနေကဇာတိချီဂါထာတော်မြတ်တွေကို မြန်မာသံပီပီသနဲ့ မြန်မာရဟန်းတော်တွေ စုပေါင်းရွတ်ဖတ်ခဲ့ကြပါတယ်။ ဗုဒ္ဓအရှင့်ရဲ့ သားတော်များအဖြစ် လောကဟိတ လောကသုခလမ်းကြောင်းအမှန်အတိုင်း လျှောက်လှမ်းကြမယ့် သိကြားစေ သက်သေညွှန်းလို့ပဲ ကြည်နူးဝမ်းမြောက်ကြပါလေတော့။
အနေကဇာတင်ပွဲကို ကျောင်းတော်ကြီးရဲ့ ခမ်းမမှာ စုပေါင်းကျင်းပပြီးတာနဲ့ ဆွမ်းစားခန်းမကြီးမှာ ကြာဇံဟင်းခါးပူပူလေးနဲ့ နံနက်ခင်းကို ထပ်နွှေးခွင့်ပါတယ်။ ဒီပညာသင်မြန်မာရဟန်းတော်များအစည်းအဝေးကြီးရဲ့ ထူးခြားချက်ကတော့ ဝေယျာဝစ္စပြုလုပ်သူလူဝတ်ကြောင်တစ်စုံတစ်ယောက်မှ မပါတာပါပဲ။ ရဟန်းတော်အချင်းချင်း “ မြင့်မြတ်သော သာသနာ့ကျွန် သံဃကျွန်” အဖြစ် ဂုဏ်ယူမြတ်နိုးစွာ ဆောင်ရွက်ပေးကြခြင်းပဲ ဖြစ်ပါတယ်.။ ဧည့်ခံကြိုဆိုရေး နေရာချထားရေး ဆွမ်းကွမ်းချက်ပြုတ်ရေးစတာတွေကို စုပေါင်းဆောင်ရွက်စနစ်ကို ကျင့်သုံးခဲ့ကြတာပါ။
အဓိကအဖွဲ့ကြီးရဲ့ ပင်မဌာနကြီးသုံးခုဖြစ်တဲ့ ဗုဒ္ဓဂယာမှာ ရှိတဲ့ မဂဓဌာန၊ ဗာရာဏသီဌာနနဲ့ နာလန္ဒာဌာနက ရဟန်းတော်တွေက တစ်နေ့စီ အလှည့်ကျချက်ပြုတ်ကျွေးမွေးကြမှာဖြစ်ပါတယ်။ရပ်ဝေးတက္ကသိုလ်က ရဟန်းတော်တွေကိုတော့ အေးအေးလူလူ သီတင်းသုံးစေခဲ့ပါတယ်.
ဆွမ်းအလှူရှင်တွေဆိုတာလည်း ရဟန်းတော်တွေအချင်းချင်းပဲ ကွယ်လွန်သွားတဲ့ မိဘများကို ရည်စူး၍တစ်မျိုး ။ဆရားသမားများကို ဦးထိပ်ထား၍တစ်ဖုံ လှူဒါန်းကြတာပါ။
(၂)
နံနက်ဆွမ်းကိစ္စပြီးတာနဲ့ နှစ်ပတ်လည်အစည်းအဝေးကြီးပထမနေ့ကို ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဉာဏိန္ဒရဲ့ သြ၀ါဒကထာကို နာယူခြင်းနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အစည်းအဝေးသဘာပတိက အဖွဲကြီးရဲ့လက်ရှိဥက္ကဌအရှင်ပညာဒီပ(မဂဓ)ဖြစ်ပြီး အခမ်းအနားမှူးကတော့ အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူ အရှင်ဇနက(နာလန္ဒာ)အဲဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်အတွင်း ဘ၀နတ်နန်းစံတော်မူသွားရှာပြီးဖြစ်ကြတဲ့ အဖွဲ့ကြီးရဲ့ ပြည်တွင်းပြည်ပသြ၀ါဒါစရိယဆရာတော်ကြီးများဖြစ်ကြတဲ့ ဖြူးဆရာတော်ကြီး ဘဒ္ဒန္တနရပတိအရှင်သူမြတ်နဲ့ ဗာရာဏသီဆေးဝင်္ကဘာဆရာတော် ဒေါက်တာအရှင်ဂမ္ဘီရဗုဒ္ဓိတို့အတွက် သံဝေဂဉာဏ်ပွားမှတ်တမ်းတင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အဖွဲ့ကြီးရဲ့ ဥက္ကဌဆရာတော်အရှင်ပညာဒီပ(ပါရဂူကျမ်းပြု၊မဂဓတက္ကသိုလ်)က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ အမှန်တကယ်တော့ ပထမနေ့နံနက်ပိုင်းအစည်းအဝေးဟာ လွန်ခဲ့တဲ့နှစ်အတော်အတွင်း ဆောင်ရွက်ခဲ့သမျှတွေကို အမှုဆောင်ရဟန်းတော်တွေအနေနဲ့ အဖွဲ့ဝင်ရဟန်းတော်တွေ သိအောင် တင်ပြအစီအရင်ခံလျှောက်ထားရတာပါ။ ဥက္ကဌအမှာစကားအပြီးမှာတော့ သက်ဆိုင်ရာဘဏ္ဍာရေးမှူးရဟန်းတော်တွေက အဖွဲကြီးရဲ့ တစ်နှစ်တာသုံးစွဲငွေနဲ့ အလှူရှင်များရဲ့လှူဒါန်းငွေစတာတွေကို တင်ပြလျှောက်ထားကြပါတယ်။ အဖွဲ့ကြီးရေရှည်တည်တံ့ရေးနဲ့ အဖွဲ့ဝင်ရဟန်းတော်များအတွက် ပညာရေးပဒေသာပင် ၊ကျန်းမာရေးပဒေသာပင်၊ဆွမ်းပဒေသာပင်နဲ့ ကျောင်းအလှူပဒေသာပင်လေးမျိုးနဲ့ ပိုင်းခြားပြီးတော့လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ ကျောင်းတော်ကြီးဆောက်လုပ်ရေးဘဏ္ဍာငွေကိုတော့ သီးခြားတင်ပြပါတယ်။
ဘဏ္ဍာရေးကိစ္စရပ်များပြီးတဲ့အခါမှာတော့ တစ်နှစ်တာဆောင်ရွက်ချက်မှန်သမျှကို ဒကာဒကာမတွေ မုဒိတာပွားသာဓုခေါ်နိုင်အောင် နှစ်လည်စာစောင်ထုတ်ဝေးရေးအတွက် ဆွေးနွေးကြပြန်ပါတယ်။ ပထမဆုံးအနေနဲ့ အယ်ဒီတာချုပ်ရွေးချယ်ကြကြရတာပါ။ အဖွဲ့ကြီးရဲ့ ဒုတိယဥက္ကဌဆရာတော် အရှင်လာဘသာမိ(ပါရဂူကျမ်းပြု၊ ဗာရာဏသီ) က နှစ်လည်စာစောင်ကို ဗာရာဏသီမှ တာဝန်ယူထုတ်ဝေမည်ဖြစ်ကြောင်း တင်ပြပါတယ်။ နှစ်စဉ်လည်း ဗာရာဏသီမှာ အခြေစိုက်ပြီး ထုတ်ဝေခဲ့ကြတာပါ။
ဘုံဘေတက္ကသိုလ်က အရှင်သာဓိန(ပါရဂူကျမ်းပြု)က အယ်ဒီတာချုပ်အဖြစ် သူဆောင်ရွက်မည်ဖြစ်ကြောင်းတင်ပြပါတယ်။ ခက်တာက ပုံနှိပ်ထုတ်ဝေမယ့်နေရာနဲ့ အယ်ဒီတာဝေးကွာမှုပြဿနာပါ။ အယ်ဒီတာချုပ်တာဝန်က စာဖတ် စာစစ် တည်းဖြတ်ရုံနဲ့ မပြီးတာပါ။ ပုံနှိပ်ထုတ်ဝေစာအုပ်အဖြစ်ရောက်တဲ့အထိ ဆောင်ရွက်ရမှာပါ။ ပုံနှိပ်မှာက မြောက်ပိုင်းဗာရာဏသီ။ အယ်ဒီတာက တောင်ပိုင်းဘုံဘေ။ ရွာ့တောင်ခြမ်းမြောက်ခြမ်းဖြစ်နေလေတော့ မြောက်ခြမ်းမှာနေတဲ့ သူ့ဆီကို လက်ညှိုးတွေ ရောက်လာပါတော့တယ်။ဒီလိုနဲ့ ဓမ္မဂင်္ဂါ အယ်ဒီတာချုပ်ဖြစ်ရရှာပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၇-၂၀၀၈ ခုနှစ်နှစ်လည်တွေကိုလည်း သူပဲတည်းဖြတ်ထုတ်ဝေခဲ့ဖူးပါရဲ့။ အယ်ဒီတာဆိုတာကလည်း စာမေးပွဲဖြေရသလို အမှတ်ကောင်းကောင်းရဖို့ ရင်ထိတ်ရတာပါပဲ။ အဖွဲ့ကြီးကို ထောက်ပံလှူဒါန်းနေကြတဲ့ အလှူ့ရှင်စာရင်းတွေ နာမည်မကျန်ဖို့ နာမည်မှန်ဖို့ကအစ စိစစ်ရတာကလား။ ဘာပဲဖြစ်ဖြစ် သူ့မှာ ရဲဘော်ရဲဘက်တွေ ရှိတာမို့ အဲဒီပုဂ္ဂိုလ်တွေရဲ့ နာမည်စာရင်းကို တင်သွင်းပြီး နှစ်လည်စာစောင်ကော်မတီတစ်ရပ်ကို သပ်သပ်လေးဖွဲ့နိုင်ခဲ့ပါတယ်။ ခံစရာရှိရင် လွှဲချဖို့ လူရှာထားတာပါ။ (ငါ့ရှင်တို့ အဟုတ်မထင်ကြလေနဲ့ တကယ်)။
အယ်ဒီတာချုပ်ကို အလုပ်မရှုပ်စေလိုတဲ့ အဖွဲ့ဝင်တွေက လက်ထောက်အယ်ဒီတာတစ်ယောက်ကို ရွေးကောက်ကြပါစို့ ဆိုတော့ နာလန္ဒာတက္ကသိုလ်က အရှင်သုဇယဉာဏက လက်ညှိုးထောင်ပါတယ်။ သူက အင်္ဂလိပ်စာတော်သူလို့ နာမည်ကျော်သလို ဗုဒ္ဓဂယာမဟာဗောဓိပင်ရိပ်မှာ နိုင်ငံတကာပညာကျော်ပုဂ္ဂိုလ်တွေနဲ့ ရင်ဘောင်တန်းပြီး ဗုဒ္ဓဓမ္မကို အင်္ဂလိပ်ဘာသာနဲ့ ရဲရဲဝံ့ဝံ ဟောကြားဖူးသူပါ။ အဲဒီတော့ အင်္ဂလိပ်စာကဏ္ဍကို တာဝန်ပေးအပ်လိုက်ကြပါတယ်။
နှစ်လည်စာစောင်အရေးဆွေးနွေးပြီးတဲ့အခါ မျှော်လင့်စောင့်စားနေတဲ“ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်“သာဓု” ခေါ်လိုက်ကြပါတော့တယ်။
26 December, 2009
ဂင်္ဂါမှ နေရဉ္ဇရာသို့
ဒီနေ့ရက်တွေမှာ ဂင်္ဂါနဲ့ နေရဉ္ဖရာပူးပေါင်း စီးဆင်းခဲ့လေရဲ့၊ ဒီဇင်ဘာ၂၄ ရက် နေ့လည် ၁၂း၂၀ နာရီခန့်မှာ ဂင်္ဂါမြစ်ကမ်းပါးမှာ ရှိတဲ့ ဗာရာဏသီမြို့က တက္ကသိုလ်ကျောင်းတော်သားရဟန်းတော်တွေဟာ နေရဉ္ဖရာမြစ်ကမ်းပါးမှာ မှေးထားတဲ့ ဗုဒ္ဓဂယာဆီ စင်းလုံးငှါးကားတစ်စီးနဲ့ ထွက်ခဲ့ကြတာပါ။ သူတို့လိုပါပဲ အိန္ဒိယတစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ တက္ကသိုလ်ကျောင်းတော်သားရဟန်းတွေလည်း ရထားတစ်တန် ကားတစ်တန်နဲ့ ဗုဒ္ဓဂယာမြေမြတ်ဆီ ချီတက်လာနေကြပါပြီ။ ဘုံဘေ၊ပူနေး၊ ဒေလီ၊ ပန်ဂျပ်၊ ကိုလ်ကတ္တား၊ ဟိုက်ဒရာဘတ်၊ ဂျမူး ကက်ရှမီးယား ဗာရာဏသီ အိန္ဒိယနိုင်ငံနယ်ပယ်အသီးသီးက တက္ကသိုလ်ကြိး (၁၃) ခုမှာ မြန်မာရဟန်းတော်တွေ တက်ရောက်ပညာသင်ကြားနေကြလေရဲ့။ ရွှေပြည်ကြီးကတော့ နာလန္ဒာတက္ကသိုလ်တစ်ခုတည်းကိုပဲ ရင်းနှီးကြတာပါ။
အိန္ဒိယနိုင်ငံလုံးဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ဒသမနှစ်ပတ်လည်အစည်းအဝေးကြီးကို မျက်နှာစုံညီ ကျင်းပကြတော့မှာပါ။
(၂)
အညာဆန်တဲ့ ရှုမျှော်ခင်းတွေကို တရိပ်ရိပ်နောက်ချန်ထားရစ်ခဲ့တဲ့ သူတို့ရဲ့ ကားကြီးဟာ ညနေအမှောင်ပျိုးချိန်မှာ ဂယာဆောင်းကို သိမ့်ကနဲအေးစိမ့်သွားအောင် ၀င်တိုးမိသွားပါတော့တယ်။ အော်ကြ ဟစ်ကြ နှုတ်ဆက်ကြ။ ရေမြေခြားမှာ ပညာသင်နေကြတဲ့ ရဟန်းတော်တွေ မျက်နှာစိမ်းမျက်နှာကျက်လာစုံကြတော့တာပါ။ စိမ်းနေရင် မိတ်ဆက်ကြ၊ ရင်းနေရင်လည်း နှုတ်ဆက်ကြ။
ဂယာဆောင်းက အေးပေမယ့် သူ့ရင်ဘတ်ကြီးကတော့ နွေးသွားပါတယ်။
အဖွဲ့ဝင်ရဟန်းတော်တွေက အသစ်အဟောင်း အပါး(၃၀၀) ကျော်သွားပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ရဟန်းတော်အချို့ မတက်ရောက်နိုင်ပေမယ့် ဒီမှာ လာစုံကြတာက အပါး (၂၀၀)ခန့်ရှိပါတယ်။
နိုင်ငံတကာစေတနာရှင်တွေရဲ့ သဒ္ဓါတရားထုထည်နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့ပိုင်သုံးထပ်ကျောင်းဆောင်ကြီးကလည်း ကျယ်ကျယ်ဝန်းဝန်း မြင့်မြင့်မားမားရှိတာမို့ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ကျောင်းကိုယ့်ကန်ဆိုတဲ့ အရသာကို ခံစားနိုင်တော့တာပါ။ ညရေးညတာ အိပ်စက်ပျော်ခဲ့ပါတော့တယ်။
23 December, 2009
အဲ ခက်တာပဲ
“သဘောပါရဲ့လား” ဆိုတဲ့ စကားကို သူက ရင်းနှီးနေတာ ကြာပါပြီ။
မိုးကုတ်ဆရာတော် ကြီးရဲ့လက်သုံးစကားပါ။ငယ်ငယ်ကိုရင်ဘ၀ထဲက ဆရာဘုန်းတော်ကြီးက ပရိယတ်စာပေပို့ချမှုကနေ ပဋိပတ် နယ်ကို ကူးပြောင်းသွားတဲ့အခါ မိုးကုတ်ဝိပဿနာဆိုတဲ့ စကားလုံးတွေ သူတို့နေတဲ့ကျောင်းလေးထဲ ရောက် လာပါတော့တယ်။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲဆိုတာမျိုးဖြစ်လာတာ တွေ့လာရပါတယ်။ အရင်တုန်းက စာချနေတဲ့ ဆရာဘုန်းကြီးဟာ အလွန်ကြည်ညိုစရာကောင်းပါတယ်။ (ဘာပဲဖြစ်ဖြစ် အခုလည်း ကြည်ညိုဆဲပါပဲ ဆရာ)၊
လောက ဓမ္မနှစ်ဌာနကို မျှမျှတတ ယူဆတတ် ဆုံးမတတ်ပါတယ်။ အစွဲအလမ်းကင်းစွာလည်း ဘုန်းတော်ကြီးရဲ့ တရားဟောဓမ္မာသနပလ္လင်တော်မှာ ဂိုဏ်းဂဏမရွေး၊ ရိပ်သာမရွေး၊ နည်းလမ်းမရွေး တရားဟောဆရာတွေ ဟောပြောခွင့်ပေးခဲ့ဖူးပါတယ်။
အင်းခက်တာက ပိုပိုမြင့်မားသွားရမယ့် ၀ိပဿနာကို ခံယူကျင့်သုံးလိုက်ခါမှ အစွဲအလမ်းက ပိုကြီးသွား ပါတော့တယ်။ “ မိုးကုတ်တရားမှ အားမထုတ်ဖူးရင် အမျိုးပြုတ်ဖို့ မလွယ်ဘူး” ဆိုတဲ့ အပြောမျိုးတွေ ပြောပါ တော့တယ်။
ဒီနေရာမှာ အမျိုးပြုတ်ဆိုတာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ အရင့်အရင်တုန်းက “မြေမျို၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်မည်” နဲ့ မဆိုင်ကြောင်း သတိပြုစေလိုပါတယ်။။ ဒီနေရာမှာ အမျိုးဆိုတာက ဥပါဒါနပစ္စယာ ဘဝေါ ထဲက အမျိုးကို ပြောတာပါ။ ဆရာဘုန်းတော်ကြီးက စာချကောင်းမို့ အပြောလည်းကောင်းပါတယ်၊ ဒါပေမယ် ခက်တာက “မိုးကုတ်ဝိပဿနာ”ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီးချိန်မှာ ဆရာဘုန်းတော်ကြီးရဲ့ ကျောင်း နံရံတွေမှာ အခြားအခြားသောဓမ္မကထိကအကျော်အမော်တွေရဲ့ တရားသံတွေ ပဲ့တင်ထပ် ခွင့်မရှိ တော့ပါဘူး။
မိုးကုတ်ဆရာတော်ကြီးဆိုတာက မြန်မာနိုင်ငံမှာ လယ်တီဆရာတော်ကြီးနောက်ပိုင်း ဗုဒ္ဓအရှင်မြတ်ရဲ့ တရားတော်တွေကို မိခင်ဘာသာစကားနဲ့ ဟောတဲ့ပြောတဲ့နေရာမှာ ရှင်းလင်းလွယ်ကူ ထိမိလွန်းလို့ လူကြိုက်များခဲ့သလို လိုက်နာပွားသူတွေလည်း များခဲ့ပါတယ်။ ယဉ်ကျေးလိမ္မာတဲ့ တာဝန်သိတတ်တဲ့ ရိုးသားချင်တဲ့ ရိုးသားခွင့်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတည်ထောင်ရေးမှာ များစွာအထောက်အကူပြုနိုင်ခဲ့ပါတယ်။
မိုးကုတ်ဆရာတော်ကြီးကတော့ ကရုဏာကြီးစွာ သံသရာအပူတွေထဲ လောကီဝဲတွေထဲ မြဲမြဲမြံမြံ ဟန်မကျဖြစ်နေတဲ့ ဝေနေယျတွေကို အစွဲဖြုတ်ခဲ့ရှာပါတယ်။ အစွဲအလမ်းတွေ ကင်းကြ။ ဉာဏ်တွေ ရှင်းကြ၊ အမြင်တွေလင်းကြ၊ ဒါပေမယ့် ခက်တာက ဆရာတော်ကြီးခမျာ ခုနောက်ပိုင်းမြင်ကွင်းကိုတော့သာဓု ခေါ်နိုင်ဖွယ်မမြင်ဘူး ။ တံဆိပ်တပ်ခံလိုက်ရရှာပါတယ်။ မိုးကုတ်ယောဂီ မဟာစည်နဲ့ ဝေးပြီ။
သူကတော့ မဟာစည်ဆရာတော်ကြီးကိုလည်း ကြည်ညိုခွင့်ရခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ သာသနာသမိုင်းမှာ စွဲစွဲမြဲမြဲ ထင်ကျန်နေတော့မယ့် ဆဋ္ဌသံဂါယနာပွဲတော်ကြီးမှာ မဟာစည်အမေး မင်းကွန်းအဖြေဆိုပြီး ရဲရဲတောက်ခဲ့တဲ့ ပိဋကတ်သူရဲကောင်းကြီးအဖြစ် ကိုရင်လေးဘ၀မှာကတည်းက လေးစားကြည်ညိုခဲ့ရ။ မဟာစည်ဆရာတော်ကြီးလို မင်းကွန်းဆရာတော်ကြီးလို မိန့်မိန့်ကြီးထိုင်ပြီး တရားစာတွေ ရွတ်ချင်ဖတ် ချင်စိတ်လွန်ကဲခဲ့ဖူးတာကလား။
သာသနာ့တက္ကသိုလ်နောက်ဆုံးနှစ်မှာတော့ “လေးနှစ်တာပရိယတ္တိစာပေနှင့် ခေတ်ပညာကို သင်ယူပြီးမြောက် ကာ သာသနာပြုကြရမည့်တက္ကသိုလ်ကျောင်းတော်သား ရဟန်းတော်များသည် ပဋိပတ်ကို နည်းရသည်အထိ အားထုတ်ရမည်” ဆိုတဲ့အသံကို ကြားလိုက်ရတာပါ။ ဒီလိုနဲ့ မဟာစည်ကမ္မဌာန်းနည်းပြဆရာတွေ တက္ကသိုလ် ဘွဲ့နှင်းဓမ္မာရုံထဲရောက်လာပါတော့တယ်။နာခဲ့ ကျင့်ခဲ့ နည်းယူခဲ့ဖူးပါရဲ့။ သတိပဋ္ဌာန် နည်းအမှန်ကို ညွှန်ကြား ပြသကြတဲ့ ထိုထိုကမ္မဌာနာစရိယအပေါင်းကို ဦးခိုက်လိုက်ပါရဲ့။
ဒါပေမယ့် အင်းဒါပေမယ့်ပါပဲ.....မဟာစည်ဆရာအချို့ခမျာလည်း မဟာစည်ဆရာတော်ကြီးရဲ့ ရည်မှန်း ချက်တွေကို ထမ်းမထားနိုင်တာမျိုးတွေ့လာရပြန်ပါတယ်၊ သတိပဋ္ဌာန်သုတ်တော်ကြီးကို လည်ချောင်းနာအောင် ရှင်းခဲ့ရ လင်းခဲ့ရ....“ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ” ။ သတ္တ၀ါတွေ စင်ကြယ်ဖို့ တစ်ခု တည်းသောလမ်းကြောင်းကတော့ ဒါပါပဲ လို့ ဆရာတော်ကြီးခမျာ အသံတော်ဝါကို ပြာအောင် ဟောတော်မူုခဲ့ရရှာပေမယ့် စင်ကြယ်ရာလမ်းကို မလှမ်းချင်တဲ့ တပည့်အဆန်း ယောဂီအဆန်းလေးတွေလည်း ရှိနေတတ်ပြန်ပါတယ်။
မဟာစည်အလုပ် မိုးကုတ်အပြောဆိုတဲ့ စကားမျိုးကြားဖူးပါရဲ့။
ဆိုလိုချက်ကိုကား နားခွက်က မီးမတောက်ချင်လေပြီ။
ဒါကတော့ ရိပ်သာကြီးနှစ်ခုရဲ့ မြင်ကွင်းပါ။ ဆရာတော်ကြီးနှစ်ပါးသာ ရှိရင် ဆွမ်းတစ်ဝိုင်းတည်း ထိုင်ဘုန်ပေးပြီး တရားဆွေးနွေးတော်မူကြမယ့် မြင့်မြတ်တဲ့ပုံရိပ်ကို ကြည်ညိုမှန်းဆနိုင်ပါတယ်။ “အခြားအခြားသော စွန်းလွန်း သဲအင်းဂူ ဖားအောက် စသည် စသည်များသာမက နောက်နောက်တိုးလာကုန်သော မက်ဒီတေးရှင်း မာစတာအပေါင်း ယောဂီအပေါင်းတို့သည်လည်း ဆရာတော်ကြီးများကတော်တော် မယ်ဘော်တွေက ကဲ ” လို့သာ မှတ်ချက်မပေးပါရစေနဲ့။ ဆရာတော်ကြီးတွေကပါ (အချို့) မှားနေတာဗျ ဆိုလေတော့။ အင်း ခက်တာပဲ။ ဓမ္မ၊အဓမ္မ ၀ိနိစ္ဆယရုံးတွေ ခဏ ခဏဖွင့်နေရတာ မျက်နှာပူစရာကောင်းသေးတော့..။
နိုင်ငံတကာယောဂီတစ်ယောက်ကတော့ မျက်စိလည်ပြီး သူ့ကို မေးပါတယ်
“ယူတို့ရွှေပြည်ကြီးက ထေရ၀ါဒဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးချိတ်ပြီး ရောက်လာလို့ တရားဓမ္မအစစ်တွေနာရမယ်ထင်လို့ သွားသွားနာမိတာ ယူတို့ မက်ဒီတေးရှင်းမာစတာ(Meditation Master)တွေကလည်း တစ်ပါးနဲ့ တစ်ပါးမတူပါလား၊ နည်းမတူတာတော့ ထားတော့ ကိုယ့်နည်းကတော့ မှန်တယ် သူ့နည်းကတော့မှားတယ်ဆိုတော့ အိုင်တို့ ဘယ်နှယ်လုပ်ရပါ့၊
ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ သူတို့အားလုံး ကာလာမသုတ်တော့ အလွတ်ရကြတယ်” ဆိုပဲ။
အော် ကောင်းစွ ကောင်းစွ င့ါနှမ ဟုသာ စာထဲကအတိုင်း ထိုယောဂီမလေးရဲ့ နဖူးလေးကို လက်ညှိုးလေးနဲ့တောက်လိုက်ချင်ပါတော့တယ်။( စာထဲမှာက “ ကောင်းစွ ကောင်းစွ င့ါနှမဟု နဖူးတင်ထား လက်ချောင်းများကိုလည်း ပေးကြကုန်၏၊” လို့ပါတာပါ၊ ဘာလဲဆိုတာကတော့ နီးစပ်ရာ ဓမ္မာစရိယဆရာတော်တစ်ပါးပါးကို မေးကြကုန်ရာသတည်း။)
အင်း ခက်တာပဲ နိုင်ငံတကာမှ မဟုတ်ပါဘူး။ ရွှေပြည်ကြီးနှင့် မကင်းရာမကင်းကြောင်း ယောဂီ အပေါင်း တို့သည်လည်း ခေါင်းကိုသာ တွင်တွင်ကုတ်လျှက် မလှုပ်မယှက် ရုတ်တရက်သေချင်ဆိုသလို ဆရာအစစ် လိုက်ရှာနေရပါသတဲ့။
တကယ်တော့ ကမ္မဌာန်းဆရာတွေ မျက်နှာမစုံကြတာက အရင်းအမြစ်ပါ။ ပဋိပတ်ဆွမ်းစားဝိုင်းတွေ ဆွေးနွေးပွဲတွေ ရိပ်သာများညီလာခံတွေ မဖြစ်မနေလိုအပ်လာပါပြီ။ ဓမ္မကထိကများညီလာခံကလည်း အရေးပေါ်လိုနေပြန်သေးရဲ့။ အဲဒီလို ဆွေးနွေးပွဲတွေ ညီလာခံတွေ မရှိလို့ ငြင်းကြခုန်ကြ မျက်နှာပျက်ရ မျက်နှာငယ်ရ။ဘလော့တွေအလုပ်များရဖြစ်ကြရတာပါ။
ထမင်းချက်သူများညီလာခံ။ တိုင်းရင်းဆေးသမားတော်များညီလာခံ၊ ဖိနပ်ချုပ်သမားများညီလာခံ၊ အတွင်းခံ ထည်ချုပ်သူများညီလာခံ၊ ပူစီပေါင်းရောင်းသူများညီလာခံဆိုတာမျိုးတွေတောင် ထူးထူးကဲကဲ ကျင်းပနေကြတဲ့ ခေတ်မှာ ရွှေပြည်ကြီးရဲ့ ဓမ္မကထိကများညီလာခံနဲ့ ကမ္မဌာနာစရိယများမျက်နှာစုံညီအစည်းအဝေးများ ကျင်းပကြဖို့ စပွန်ဆာဘယ်သူလုပ်မလဲ။
ကဲကဲ ညီလာခံခေါ်ကြစို့ဗျား မင်းကြီးများ။:D
အဲလေ ခက်တာပဲ၊ ၀ါဒအသစ်အသစ်တွေကလည်း ပေါ်ပေါ်လာတတ်လွန်းလို့ ဒီမိုကရေစီရွှေခေတ်ကြီးမှာ ပွင့်လင်းမြင်သာရှိအောင် “ ၀ါဒအသစ်မိတ်ဆက်ပွဲနှင့် စာနယ်ဇင်းများထံအပ်နှံ” ဆိုတာမျိုးတော့လုပ်ကြဦးလေ...။
ဓမ္မဂင်္ဂါ
(အဟောင်းလေးကို ပြန်ဖတ်မိရင်း နည်းနည်းလေးတော့ သတ်ပုံပြင်လိုက်သေးတယ်..။)
22 December, 2009
“အဲဒါရဟန်းတဲ့လား” နဲ့စတဲ့ နံနက်ခင်း
ဟာ အစောကြီးကို နိုးနေပါရောလား...။ နံနက် ၄း၀၀ နာရီစွန်းရုံလေးရှိသေး၊ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီးက အိပ်ရာစောစော ထဖြစ်အောင် အလေ့အကျင့်လုပ်ပေးခဲ့ဖူးပါတယ်။ အိပ်ရာထဘုရားရှိခိုး ပရိတ်ပဌာန်းရွတ်ကြရပါတယ်။ ရဟန်းဆိုတာ လူတွေထက် ပိုပြီး နိုးနိုးကြားကြား ဖြစ်နေရမယ်လို့လည်း သြ၀ါဒလည်း ပေးခဲ့ဖူးပါရော။
ဒကာ ဒကာမတွေက နံနက်အရုဏ်ဆွမ်းလာပို့တာပဲ ဖြစ်ဖြစ် အရုဏ်ဆွမ်းကပ်ဖို့ လာပင့်တာပဲ ဖြစ်ဖြစ် ရဟန်းဆိုတာက အဆင်သင့်ဖြစ်နေရမယ် တဲ့။
ဒကာ ဒကာမတွေက တံခါးခေါက်နှိုးရတာမျိုး ၊ ဒကာ ဒကာမတွေလာမှ ရဟန်းက အိပ်မှုံစုံမွှားနဲ့ မျက်နှာထသစ်တာမျိုးဘယ်တော့မှ မဖြစ်စေနဲ့ ဆိုတာမျိုးတွေလည်း “ ရဟန်းဟူက အိပ်ရာစောစောထရေး” ဆုံးမစာအဖြစ် နာခဲ့ရသေးသပေါ့။
ဒါပေမယ့် ဒါပေမယ့်ပါပဲ အိပ်ရာစောစောထခြင်း အလေ့အထဟာ ဆရာဘုန်းတော်ကြီးရဲ့ ကျေးလက်မြို့ကျောင်းလေးရဲ့ အရိပ်ကလွန်ပြီး မြို့ပြပညာရေးနယ်နိမိတ်ထဲ အ၀င်မှာ ပျယ်လွင့်စပြုခဲ့ပါတယ်။ မြို့ပြပညာရေးမှာ အချင်းချင်းပြုတ်မကျန်ရစ်ခဲ့ဖို့တို့ ရင်ဘောင်တန်းလျှောက်ဖို့တို့ဇွဲတွေနဲ့ စာတွေအလုအယက်ကျက်ခဲ့ရတော့ အိပ်ရာဝင်ညနက်တာမျိုးတွေရှိလာတာက စတာပါ။
ဒါပေမယ့် ပုထုဇဉ်ရဟန်း တွေအတွက်တော့ အခြားအကြောင်းတွေလည်း အများကြီးရှိခဲ့ဖူးသပေါ့။
အိမ်း ညညစာဖတ်တာ အကြောင်းပြ ခုတော့ ကွန်ပြူတာနဲ့ အင်တာနက်ကသိုဏ်းပေါ့လေ ။
စင်ကာပူက ဒကာမကြီးတစ်ယောက်ကတော့ “ပရိယတ် ပဋိပတ်အပြင် ပရိချတ်(Chatting) တွေနဲ့ အရှင်ဘုရားတို့လည်း အလုပ်ရှုပ်ပေမပေါ့” လို့ ဆွမ်းပို့လာရင်း ခပ်လှောင်လှောင် လျှောက်ဖူးခဲ့သေးတာပဲ။ ဘာပဲဖြစ်ဖြစ် ရဟန်းကတော့ ရဟန်းပါပဲ။ ၀တ်ဖူး နေဖူးရင် သိပါတယ်။ ဒါကြောင့်မို့ပဲ ရွာဦးကျောင်းပုံပြင်တွေမှာ ဒကာက ဆရာဘုန်းကြီးအချိုးမကျတာတွေ ပြုပြင်ဖို့ လျှောက်လေတိုင်း “မင်းနဲ့ ငါ လဲမကွာ” လို့ ဆရာက ကြိမ်းလိုက်တာနဲ့ ဒကာက လစ်ထွက်ရတာမျိုး ခပ်သောသောပြောတတ်လေ့ရှိတာ ကြားဖူးပါရဲ့။ ဆရာ့မှာက ကျောင်းအိုနဲ့ ဇရပ်ပျက် အော်ဟစ်ငေါက်ငမ်း စာသင်နေရတဲ့ ဘုစုခရုကျောင်းသားကိုရင်တွေပဲ ပိုင်ဆိုင်ရှာ တာကလား။ ဒကာမှာက ဇနီးကချောချော သမီးလေးပါ အဆစ်ပါလိုက်သေးတော့ ပြေးပေမပေါ့။
ဆရာဘုန်းတော်ကြီးတွေကတော့ တပည့်ရှင်ငယ် ရဟန်းငယ်တွေကို “သာသနာနောက်ပိုင်းကာလမှာ ရဟန်း သံဃာအနေနဲ့ မင်းတို့မှ မကိုးကွယ်ရင် ကိုးကွယ်စရာမရှိတော့ဘူးပေါ့ကွာ။ မင်းတို့ ဘာလုပ်လုပ်ကိုး ကွယ်ကြရတော့မှာပဲ။”တဲ့ ဒါပေမယ့် ဆက်ပြီးမိန့်တာက “ သူတို့ ရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းမှုကိုတော့ အားနာတတ်ကြပေါ့ကွာ”တဲ့။ မှတ်ဖွယ်မှတ်ရာပါပဲ။
အင်း ဗာရာဏသီ မိဂဒါဝုန်ဆောင်းကလည်း အေးစိမ့်စိမ့်မို့ မျက်နှာချက်ချင်းသစ်ဖို့ဆိုတာက မလွယ်။ အိပ်ရာက ထပြီး ရေနွေးတစ်အိုးကျိုလိုက်ပါတယ်။ ပြီးတော့ အင်တာနက်စာမျက်နှာထဲ ၀င်လိုက်မိပါတယ်။ နေ့စဉ် ပထမဆုံးဖွင့်ဖြစ်တဲ့ ဦးလောကနာထရဲ့ နေ့စဉ်ရေးသောတရားတော်များလင့်ခ်ကို ကလစ်ပြီး ဓမ္မမိတ်ဆွေများရဲ့ စာတွေ ဟိုတစ်ကွက်ဒီတစ်ကွက် လိုက်ဖွင့်မိတော့ ဒဿနခရီးစဉ် ဘလော့စာမျက်နှာပေါ်က “ အဲဒါ ရဟန်းတဲ့လား ” ဆိုတဲ့ စာလုံးတွေက ဖမ်းစားလိုက်ပါတယ်။ ဘာပါလိမ့် လို့လည်း ထိတ်သွားပါတယ်။ ဘယ်ရဟန်းတွေက ဘာတွေများ လုပ်နေကြပါလိမ့်လို့လည်း အတွေးပွားသွားရပြန်ပါတယ်။
အင်တာနက်ကွန်ရက်ကြီးထဲမှာ ငါလည်း ဖြစ်နိုင် သူလည်း ဖြစ်နိုင်နေတာကိုး။ ချက်ချင်းပဲ ကောက်ဖတ်မိတော့တယ်။ ဓမ္မရတနာမဂ္ဂဇင်းက အရှင်သုဇာတ( သရက်တောကျောင်း)ရဲ့ စာမူပါ။ မဂ္ဂဇင်းစာဖိုင်တွေကို တင်ထားတာမို့ တစ်ရွက်ချင်း ကလစ်ခ်ရတာပလေ။ ဖတ်ပြီးတဲ့အခါမှပဲ ပြုံးချင်သလို ရီချင်သလို သရော် တော်တော်ဖြစ်သွားရတာပါ။ တော်တော်နောက်တဲ့ ကိုယ်တော်။ ရေးလည်း ရေးတတ်ပလို့ ချီးမွမ်းမိပြန်တယ်။
အရှင်သုဇာတက သူ့ရဲ့ စာကို “ သားသမင်သည် မိမိသွားလိုရာသို့ ပေါ့ပါးလျင်မြန်စွာ သွားနိုင်သကဲ့သို့ ငှက်တို့သည် အလိုရှိရာ ပျံသန်းသောအခါ အတောင်သာလျှင် ၀န်ရှိသကဲ့သို့ ထို့အတူ ရဟန်းတို့သည် ပေါ့သောတာဝန်ရှိရာ၏၊ နည်းသောအမှုကိစ္စရှိရာ၏၊ အသက်မွေးမှု လွယ်ကူစေရာ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်နဲ့ ဖွင့်ပါတယ်။
ရဟန်းတစ်ပါးရဲ့ တကယ့်ဖြတ်သန်းရမှုကို ရိုးရိုးစင်းစင်းဖွဲ့ထားတာပါ။ လေးလေးပင်ပင်ကြီးတွေ မပြောဘဲနဲ့ လှအောင်ခြယ်သွားပါတယ်။ သူရေးပြတဲ့ ရဟန်းကလည်း ရွာကျောင်း မြို့ကျောင်းတွေနဲ့ မဆိုင်တဲ့ တောင်ပေါ်ကျောင်းလေးမှာ နေတဲ့ရဟန်းတဲ့။ သမထအလုပ်လုပ်ဖို့ဆိုပြီး ရွာနီးချုပ်စပ်က တောင်ပေါ် ကျောင်းလေးဆီ ပေါ့ပေါ့ပါးပါး တက်သွားတဲ့ ရဟန်းတစ်ပါးတဲ့ ။
သင်္ကန်းလေးထည်( တိစီဝရိတ်သင်္ကန်းသုံးထည်အပြင် ရေလဲသင်္ကန်းလေးပါ ပါလို့ စတုစီဝရိတ်လို့ ရယ်သွမ်းသွေးလိုက်ပါသေးတယ်)သပိတ်တစ်လုံး။ ဖတ်စရာစာအုပ်တစ်အုပ်၊ ရေးဖို့ ကော်ပီစာရွက်အချို့၊ ဘောလ်ပင်နှစ်ချောင်း၊ ရေချိုးခွက် ဆပ်ပြာ အခြားလိုအပ်တဲ့ ပစ္စည်းလေးအချို့တဲ့ ။ တကယ့်ပေါ့ပေါ့ပါးပါး ရဟန်းတစ်ပါးဘ၀။ ရပ်ရွာ မြို့ပြနဲ့ ကင်းလွတ်တဲ့ တောင်ပေါ်ကျောင်းရဟန်းတစ်ပါးရဲ့ ပုံရိပ်တဲ့။ကြည့် သူနေမယ့် ကျောင်းလေးက အင်ဖက်မိုး အင်ဖက်ကာကျောင်းလေးတဲ့။ဒါပေမယ့် အဲဒီအင်ဖက်ကျောင်းလေးနဲ့ မလှမ်းမကမ်းတစ်ဖာလုံအကွာမှာ သွပ်မိုးကျောင်းလေးရှိပေမယ့် ရာသီဥတုနဲ့ သပ္ပါယဖြစ်မယ့် အင်ဖက်ကျောင်းလေးကိုပဲ ရွေးချယ်ခဲ့ပါသတဲ့..။
အဲဒီတောင်ပေါ်မှာကလည်း ရေမရှိပြန်တော့ သောက်ရေ ချိုးရေအတွက် တောင်အောက်ကို ဆင်းရမယ်တဲ့။
ီကဲတောင်အောက်ကို ဆင်းပါပြီ၊ ရေချိုးပြီး သပိတ်လေးနဲ့ သောက်ရေခပ်လာတော့ မညီမညာတောင်တက်လမ်းတွေမို့တောင်ပေါ်လည်းရောက်ကရော ရေလည်း ကုန်သလောက်ဖြစ်တော့တာတဲ့..။ အဲဒီတော့ နှစ်ဂါလံပုံးလေးတစ်လုံးဝယ်ရရှာပါသတဲ့..။ သင်္ကန်းလျှော်ဖို့အတွက်တော့ အ၀ကျယ်သွပ်ပုံးတစ်လုံး ၀ယ်ရပြန်ပါသတဲ့..။
အဲဒီလိုဝယ်ဖို့လည်း ရွာနီးချုပ်စပ်က အလှူအတန်းလေးတွေ ဆွမ်းစားလေးတွေကြွလို့ ၀တ္ထုငွေလေးတွေ ရတာ တဲ့..။ အမှန်တကယ်က အဲဒီကိုယ်တော်လေးက သမထဘာဝနာအလုပ်ကို တသမတ်တည်း နှစ်ပြီး အားထုတ်ချင်လို့ ဆွမ်းစားတွေ မလိုက်ဘဲ ရှောင်ခဲ့ပေမယ့် ကျေးရွာဆရာတော်ကြီးတွေက သံဃာ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး မနေနဲ့ လို့ သြ၀ါဒပေးတဲ့အတွက် ဖတ်ချင်တဲ့ စာအုပ်လေး ၀ယ်ရတာပေါ့လေ အတွေးနဲ့ ဆွမ်းစားကွမ်းစားတွေ လိုက်ဖြစ်ခဲ့တာ ဆိုပဲ..။ စာအုပ်လေးတွေလည်း ၀ယ် လိုအပ်တဲ့ တိုလီမိုလီလေးတွေလည်း ၀ယ်နဲ့ တောရကျောင်းလေးထဲမှာ ပစ္စည်းဝတ္ထုတွေ လိုအပ်တာရော မလိုအပ်တာရော ပြည့်လာခဲ့ပါသတဲ့..။
ဝါဆိုသင်္ကန်းကပ် ကထိန်သင်္ကန်းကပ်လို ပွဲတွေက သင်္ကန်း၊ထီးဖိနပ်တွေ၊စောင်ခြင်ထောင်တွေကလည်း အပုံလိုက်ကြီးဖြစ်လာပါရော တဲ့..။
တစ်နေ့ မိုးကြီးလေကြီးကျမည့်ဟန်မြင်ရတော့ သင်္ကန်းပရိက္ခရာတွေ၊ တိုလီမိုလီပစ္စည်းတွေ မိုးရေမစိုအောင် မလှမ်းမကမ်းကသွပ်မိုးကျောင်းလေးဆီ ရွှေ့ဖို့ ပြင်ပါသတဲ့..။ ရှင်သုဇာတရေးထားတာလေး ဖတ်ကြည့်ပါဦး..။
''ပထမတစ်ခေါက် ဖျာနှစ်ချပ်နှင့် စာအုပ်များကို သယ်၏။ ဒုတိယတစ်ခေါက် အိပ်ရာလိပ်နှင့် တိုလီမိုလီအချို့သယ်၏။
လေကလည်း ပြင်းလိုက်လာသည်မှာ ဧကသီကို ပုံမှန်ဝတ်ထား၍ မရ..။စုပြီး စလွယ်သိုင်းပတ်ထားရ၏။ တတိယတစ်ခေါက် သင်္ကန်းထုပ်နှင့် တိုလီမိုလီတစ်ချို့ သွပ်ပုံးထဲ စုထည့်ပြီး သယ်၏၊ သို့ဖြင့်လည်း မကုန်သေး။
တောင်စောင်းတစ်ဖက်သို့ တစ်ဖာလုံခန့် ဆင်းချည်တက်ချည်ဖြင့် ရွှေ့ရပြောင်းရသည်မှာ အဆင်း၌ ကျောက်တုံးများပေါ်မှ ခြေချော်မကျအောာင် ဂရုစိုက်ရ၏၊ အတက်၌ကား မော၏၊ တစ်ခါလေက လူကိုပါ တိုက်လွှင့်တတ်သေးရာ မနည်းထိန်း၍ ဆင်းရတက်ရ၏။
လေးခေါက်မြောက်သယ်မိသောအခါ လူမောရုံသာမက စိတ်ပါညစ်လာ၏။ သယ်စရာကား မကုန်သေး၊ ဘာတွေ ဘာတွေမှန်းလည်း မသိ၊ သည်အတိုင်းနေစဉ်က သည်လောက်များသည်ဟု မထင်မိ၊ သယ်ရရွှေ့ရပြီဆိုမှ များလိုက်သည့်ဖြစ်ခြင်း..''
အိမ်း အိမ်း မူရင်းအရသာအတိုင်းဖတ်ချင်ရင်တော့ အရှင်သုဇာတစာကိုသာ ဆက်ဖတ်ကြည့်ကြပေတော့။
http://www.lknt11.com/2009/12/blog-post_3367.html
အော် ရဟန်းဆိုတာ ပေါ့ပေါ့ပါးပါး ရှိရမယ်ဆိုပါကလား။ ဒါပေမယ့် လေးလေးလာတာကိုးနော်။
ဒီက ပြန်ရင် သူ့နာမည်နောက်မှာ လေးလေးလာတဲ့ ဘွဲ့တွေနဲ့ လိုက်ဖက်အောင် လေးလေးပင်ပင် အလုပ်တွေလုပ်ရမယ်။ ဓမ္မဂင်္ဂါပါဠိအင်စတီကျု(တ်)ကြီး တည်ထောင်ရဦးမယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် သာသနာအတွက် သူ့ရဲ့ အတွေးသစ်တွေနဲ့ ပရိယတ္တိပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ချပြရမယ်။ ပင်မကျောင်းဆောင်ကြီးကိုတော့ ကိုးန၀င်းကြေအောင် ကိုးထပ်ဆောင်ကြီးဆောက်ရမယ်။ စင်ကာပူက တပည့်ကျော်အင်ဂျင်နီယာတွေကို ခေါ်ပြီး အကြံဉာဏ်တောင်းရမယ်။
အော် တွေးတာတောင် လေးနေရသေးတယ်။ ဒုက္ခ။
ဓမ္မဂင်္ဂါ
(၂၂-၁၂-၂၀၀၉)
ိ
စာက အဟောင်းလေးပါ.. ဒါပေမယ့် မနေ့က အခန်းပြောင်းရတော့ သယ်ရပိုးရတဲ့ ပစ္စည်းပုံကြီးကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေနပ်....၀ိုင်းဝန်းပြီး သယ်ပေးကြတဲ့ မိတ်ဆွေရဟန်းတော်များကို အားနာ....။ တစ်ခါတစ်ခါ လေဆိပ်မှာ ကီလိုတွေ ပိုတတ်တဲ့ ခေတ်ထဲက ရဟန်းတစ်ပါးဘ၀..။ ၀န်စည်စလွယ်တွေ များလွန်းတဲ့ ကိုယ့်မျက်နှာကို ကိုယ်တိုင်လက်ညှိုးထိုးပြီး သရော်လိုက်ပါတယ်..။
21 December, 2009
ဒေါင်းမြူးချောင်းတေး(၅)
နေလုံးကြီးဝင်သွားတာကို ဥရောပမဆန်ပဲ ငေးငေးကြည့်တတ်ခဲ့ပါတယ်။
ကိုရင်လေးဘ၀မှာ ဆွမ်းအလှူရှင်အိမ်တွေကို ညနေဘက် ဆွမ်းချိုင့်သွားပို့ရင်း မြို့လေးရဲ့ နာမည်ကျော်မောင်းကော်တံတားကြီးဆီ ရောက်အောင် သွားလေ့ရှိပါတယ်။....မောင်းကော်တံတားဆိုတာ ဒေါင်းမြူးချောင်းကို ဖြတ်ခင်းထားတဲ့ တံတားကြီးပါ။
တံတားကြီးကို ကျော်ဖြတ်ပြီး မြို့သစ်လမ်းလေးအတိုင်း လမ်းလျှောက်ရတဲ့ရသကို ခုထိ လွမ်းတမိတုန်း။ ကဗျာတွေ နားမလည်တတ်သေးပေမယ့် ညနေခင်းရဲ့ ကာရန်တွေကို ရေးခြစ်မိနေပါပြီ။
သူတို့ကိုရင်ဘ၀က စနစ်သစ်ပရိယတ္တိပညာရေးဆိုပြီး တရားဝင်မြန်မာစာသင်ခွင့်ပြဌာန်းထားတော့ လယ်တီ၊ မာန်လည်၊ စဥ့်ပါဆရာတော်တို့လို အထင်ကရဆရာတော်ကြီးတွေရဲ့ လင်္ကာကဗျာတွေ စကားပြေတွေ။ စိန္တကျော်သူဦးသြရဲ့ သြ၀ါဒထူးပျို့ဆိုတာမျိုးတွေ ကျက်မှတ်ခဲ့ရသပေါ့။ ခုတော့ မျိုးဆက်သစ်ရှင်ငယ်ရဟန်းငယ်လေးတွေ မြန်မာစာသင်ရိုးညွှန်းတမ်းမရှိရှာတော့ပါဘူး။ စနစ်သစ်ပညာရေးစနစ်မှသည် စနစ်ဟောင်းသို့ ပြန်ဆုတ်သွားခဲ့လေပြီ။ရှေးခေတ်က ကျမ်းပြုဆရာတော်ကြီးတွေဟာ မြန်မာစာကို သင်ရိုးပေါက်အောင်သင်ခဲ့ကြတာပါ။ ဆရာတော်ကြီးတွေရဲ့ ကိုယ်ရေးထုပ္ပတ်တွေမှာ ထင်ရှားပါတယ်။ ဆရာတော်ကြီးတွေ မြန်မာစာကို ဆရာနည်းကျသင်ယူခဲ့ရလို့ ဒီနေ့ခေတ်သာသနာတော်တစ်ရပ်လုံးအတွက် ဖတ်စရာမြန်မာဓမ္မကျမ်းဂန်တွေ ရှိနေတာပါ။အထင်ရှားဆုံးက လယ်တီဆရာတော်ကြီးဟာ ယောမင်းကြီးဆီမှာ မြန်မာစာသင်ယူခဲ့ ပြီး ကမ္ဘာသိဒီပနီကျမ်းတွေ ပြုစု
နိုင်ခဲ့တာပါပဲ။
သူတို့တော့ မြန်မာစာအခြေခံကောင်းစေတဲ့ ခေတ်ပါးပါးလေးကို မီလိုက်သေးတယ်။
ပါဠိပညာရေးမှာ ထင်ရှားတဲ့စာပေအလင်္ကာကျမ်းတစ်စောင်ဖြစ်တဲ့ သုဗောဓာလင်္ကာရကိုလည်း မြန်မာစာအသင်အပြကောင်းတဲ့ အရှင်ဇ၀န(မြစေတီ)ရဲ့ ပို့ချမှုမှာ ရသမြောက်ခဲ့ကြ ဒေါသတွေ ပျောက်ခဲ့ကြပါရဲ့။ အရှင်ဇ၀န(မြစေတီ)ဆိုတာက မာန်လည်ဆရာတော်ကြီးရဲ့ကျော်ကြားလှတဲ့ မဃဒေ၀လင်္ကာသစ်ကို ခက်ဆစ်အဖြေရေးသွားတဲ့ ဆရာတော်ပါ။ အရှင်ဇ၀နဆီမှာ အလင်္ကာတက်နေတုန်းက မဃဒေ၀လင်္ကာသစ်ခက်ဆစ်အဖြေကျမ်းက စာမူအဆင့်ပဲ ရှိပါသေးတယ်။လက်နှိပ်စက်မူ စာအုပ်ထူကြီးနှစ်အုပ်ကို ကိုင်ပြီး “ဒီစာအုပ်ကြီးတွေ အပြီးသတ်နိုင်ရင် သေပျော်ပါပြီ ” လို့ တဖွဖွပြောပြတတ်တာ အမှတ်ရနေပါတယ်။အရှင်ဇ၀နဟာ တကယ်သေပျော်သွားခဲ့တာပါ။ မြန်မာ့စာပေလောကအတွက်ကိုးကားစရာ စာအုပ်ထူထူကြီးနှစ်အုပ်ကို ထုတ်ဝေပြီး မကြာမီမှာပဲ လွန်တော်မူသွားခဲ့တာပါ။
အရှင်ဇ၀နက ၀န်းသိုမြို့လေးမှာ အမြဲနေတာတော့ မဟုတ်ပါဘူး။ သီတင်းဝါလကျွတ်ချိန်များမှာ ရန်ကုန်ကနေ ခန္တီးစာသင်တိုက်ကို ရောက်ရောက်လာပြီး စာဝါပို့ချပေးခဲ့တာပါ။ အရှင်ဇ၀နရဲ့ အလင်္ကာစာဝါတက်ချိန်တွေဟာ သူ့အတွက်တော့ ရတနာပုံရော နေပြည်တော်ပါ ဆိုက်သွားတော့တာပါ။
သူနေတဲ့ မြို့အရှေ့ခြမ်းရေ၀န်းကျောင်းကနေ မြို့အနောက်ခြမ်းခန္တီးစာသင်တိုက်ကို မြန်မာစာနဲ့ ပါဠိအလင်္ကာသင်ယူဖို့ ဆရာဘုန်းတော်ကြီးက စေခိုင်းတိုက်တွန်းအပ်နှံတော့တာပါ။
မြို့လေးရဲ့လမ်းရိုးလေးအတိုင်း ဖြတ်လျှောက်ပြီး စာအုပ်အထူကြီး ဟန်ရေးပြထမ်းပြီး စာဝါတွေ တက်ပြီပေါ့။
20 December, 2009
နားမလည်ပေမယ့် ဆက်ဖတ်မိတဲ့ကဗျာ
ဗာရာဏသီဆောင်းတစ်ညမှာ အအေးဓါတ်ကို မျက်ကွယ်ပြုမိတော့ မနက်လင်းတာနဲ့ တစ်ကိုယ်လုံးနာကျင်လို့ပါပဲ။
မစိုးရိမ်ကိုလည်း ဆက်မလွမ်းနိုင်။ ဒေါင်းမြူးချောင်းတေးလည်း ဆက်မရေးနိုင်ဖြစ်ခဲ့ရသပေါ့။ အမေရေ ကမ္ဘာမြေရဲ့ နာမကျန်းသူတွေထဲ သားလည်း အပါအ၀င်ဖြစ်ခဲ့ပြီ။ ပုထုဇဉ်ရဟန်းတစ်ပါးရဲ့ သံဝေဂမှာ အမေ့ကို တမ်းတခြင်းလည်း အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်ပေရဲ့။ ဒီလိုနဲ့ မိတ်ဆွေရဟန်းတစ်ပါးရဲ့ အခန်းမှာ ကွေးရင်း၊၊မိတ်ဆွေရဟန်းတော်ရဲ့ သဒ္ဓါတရားစစ်စစ်ဆန်ပြုတ်နွေးနွေးကို လွေးရင်း စာအုပ်အဟောင်းတွေကို ဖတ်မိ၊
ဆရာအောင်သင်းရဲ့ “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ထဲက “လောကတွင် စည်းစိမ်အရှိဆုံးမှာ အနည်းငယ်နေမကောင်းခြင်းဖြစ်သည်” ဆိုတဲ့ စကားလေးကို ပြန်အမှတ်ရမိတယ်။ ဘာပဲဖြစ်ဖြစ် ဇိမ်မကျလှဘူးဗျ။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အမေအိမ်ဆိုရင်တော့ ဇိမ်ကျကောင်းဇိမ်ကျနိုင်ပါတယ်။ ခုတော့ သူစိမ်းတို့ရပ်ဝန်းမှာ နေရတဲ့အခိုက် မိတ်ကောင်းဆွေကောင်းလေးရှိလို့သာ ခုလို စာလေးပေလေးနဲ့ ကွေးနေနိုင်တာပါ။ ဒါပေမယ့် မျက်နှာပူစရာပါ။ ကျေးဇူးတင်ပါတယ် မိတ်ဆွေ။
စာအုပ်အဟောင်းတွေထဲ ပိုးဟတ်တစ်ကောင်လို တိုးဝင်တတ်တာ အကျင့်ပါနေတော့ ၂၀၀၈ ခုနှစ် မတ်လထုတ် သရဖူမဂ္ဂဇင်းတစ်အုပ်ထဲက ကဗျာတစ်ပုဒ်ကို သွားထိမိပါတယ်။ ကဗျာဆိုတာကလည်း သူသိရသလောက် ဖတ်လို့နားမလည်တဲ့ကဗျာ။ ဖတ်လို့နားလည်တဲ့ ကဗျာ။ နားလည်ပေမယ့် ဖတ်လို့ မကောင်းတဲ့ကဗျာ။ ဖတ်လို့ကောင်းပေမယ့် နားမလည်တဲ့ ကဗျာ။(ရိုးရိုးသားသားပြောမိတာပါ၊ ပညာရပ်ဆိုင်ရာဝေါဟာရတွေလည်း နားမလည်ဘူးလေ။)
ဖတ်မိတဲ့ကဗျာခေါင်းစဉ်က “ ၀ိမုတ္တိရှုမျှော်ခင်း” ရေးသူက နိုင်မွန်အောင်သွင်.....။ ကဗျာခေါင်းစဉ်ကတော့ လွတ်မြောက်မှုမြင်ကွင်းကို ရည်ညွှန်းထားတာ ရိပ်မိလိုက်ပါတယ်။ ကဗျာဖတ်ပြီးချိန်မှာတော့ ရေးရေးရိပ်ရိပ် မြင်သာထင်သာရှိလာသလိုပါပဲ။ ဒါပေမယ့် အပြည့်အ၀နားမလည်နိုင်သေးတာ အမှန်ပါ။ နားမလည်ပေမယ့် ဆက်ဖတ်ချင်လို့ ဖတ်မိပြန်ပါတယ်။ အံသြစရာကောင်းတာက ကဗျာရဲ့ အနှစ်သာရက လောကုတ္တရာအတွင်းသားဆီ တရွေ့ရွေ့ပို့နေတာကိုလည်း ဖတ်ရင်းနဲ့ သိသာလာပါတယ်။
ကျေးဇူးပါ မစ္စတာနိုင်မွန်အောင်သွင်၊ ဒီကဗျာမှာ ဆွဲနှုတ်၊ လွတ်မြောက်စေ နဲ့ လွှတ်ပေးဆိုတဲ့ ကြိယာသုံးခုကို စနစ်တကျသုံးစွဲထားတာကိုတော့ သတိပြုမိလိုက်ပါတယ်။
လေးညှို့မှ မြားတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
ထောင်ချောက်မှ နာကျင်ခြင်းတို့ကို လွတ်မြောက်စေခဲ့ပြီ။
ချည်တိုင်မှ နွားတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှသောစိတ် ကျွန်တော်ဘ၀မှ
စာနာရိုကျိုးသော နှလုံးဖြင့် တစ်နေ့တာကို ရွေ့လျားခဲ့ပါသည်။
လေးညှို့မှ မြားကို ဆွဲနှုတ်
ထောင်ချောက်မှ နာကျင်ခြင်းကိုလွတ်မြောက်စေ
ချည်တိုင်မှ နွားတို့ကို လွှတ်ပေး...
ပထမအပိုဒ်ထဲကို တိုးဝင်ကြည့်လိုက်တော့ တစ်ခါမှ မလွတ်လပ်ဖူးတဲ့လူတစ်ယောက်လိုပဲ
မြူးသွားပါတော့တယ်။
ရိုးစင်းတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ သာမန်ဘ၀.........။ ကဗျာရေးသူက ပုထုဇဉ်တော့ ပုထုဇဉ်။ ဒါပေမယ့် ဗြဟ္မစိုရ်ကျင့်သုံးနေဆဲ ပုထုဇဉ်အဖြစ် ရွေ့လျားနေခဲ့ပါပြီတဲ့။ ကဗျာဆရာကိုယ်တိုင်လည်း “မလွတ်မြောက်နိုင် သေးသမျှစိတ်” အကျဉ်းထဲက သူလွှတ်ပေးနိုင်တာတွေ လွှတ်ပေးနေခဲ့တာပါ။ သံသရာဝန်တွေပိနေတာမှန်ပေမယ့် လူမှုဘ၀နယ်ပယ်နဲ့ လောကအခင်းအကျင်းမှာတော့ ဗြဟ္မစိုရ်တရားတွေ သိပ်သိပ်သည်းသည်း ထိထိစပ်စပ် နွေးနွေးထွေးထွေး အေးအေးမြမြလိုအပ်နေခဲ့တာကတာ့ တကယ့်အမှန်တရားပါ။
ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းတို့ကို ဆွဲနှုတ်ပစ်ပယ်ခဲ့ပြီ။
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေခဲ့ပြီ။
မိုးတိမ်တောင်ညိုတို့၏ ပိတ်ဆို့ကာဆီခြင်းတို့မှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။
ကတိက၀တ်မှ စူးနစ်လှောင်ပိတ်ခြင်းကို ဆွဲနှုတ်..
မုန်တိုင်းအစမှ လေပြေလေညင်းတို့၏ သိမ်မွေ့မှုတို့ကို လွတ်မြောက်စေ..
မိုးတိမ်တောင်ညိုတို့၏့ ပိတ်ဆို့ကာဆီးခြင်းမှ နေရောင်တ၀င်းဝင်းတို့ကို လွှတ်ပေး
လောကီလူမှုနယ်ပယ်တွေကိုပဲ ခပ်ပါးပါးညွှန်းပါရစေတော့။
ကတိတွေအထပ်ထပ်ပေးရတဲ့ နေ့ရက်များ ပေးထားတဲ့ကတိတွေကိုပဲ ထပ်တလဲလဲ ချိုးဖျက်မိနေတဲ့ ဘ၀အစုန် အဆန်....သူတစ်ပါးကို မိဘကို မိသားစုကို မိတ်ဆွေတွေကို ပေးထားတဲ့ကတိတွေ ပေးမိတဲ့ကတိတွေ ပေးလိုက်ရတဲ့ကတိတွေ....ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိတွေက ကိုယ်ကိုယ်တိုင်အတွက်တောင် မလုံခြုံခဲ့ပါလား။
“ခင်ဗျားအရက်ဖြတ်လိုက်ပြီဆိုဗျ”ဆိုတဲ့စကားကို ကြောင်အအရီဝေေ၀နဲ့ ပြန်ကြည့်ခဲ့ရတဲ့ ရှက်ရွံ့နာကျင်ဖွယ်တိုက် ဆိုင်မှုများ...“အဖေကြီး ပြောတော့ ဒီနှစ်ကျောင်းအပ်ပေးမယ်ဆို“လို့ အားကိုးတကြီးမော့ကြည့်နေရှာတဲ့ သမီးလေးရဲ့ မျက်ဝန်းကို မျက်နှာလွှဲလိုက်ရတဲ့ ကတိမတည်နိုင်ရှာတဲ့ ဖခင်တစ်ယောက်ရဲ့ အဇ္ဈတ္တမိုးခါးများ...။“မင်းပြောတော့ ဒီနှစ်ဆိုရင် စာမေးပွဲအောင်ပါပြီဆိုကွ” စာမေးပွဲကျရှုံးလို့ အားငယ်တိုးတိတ်နေတဲ့ သားတစ်ယောက်နဲ့ မျှော်လင့်ချက်ကြီးမားရှာတဲ့ ဖခင်တစ်ယောက်ကြားက ကတိများ....။ ကတိတွေ ကတိတွေ။ မိသားစုအသိုက်အမြုံသေးသေးလေးကနေ နိုင်ငံအရေးအရာတွေထိ ပေးထားမိတဲ့ ကတိတွေ...မတည်နိုင်ခဲ့တဲ့ ကတိတွေ....ငယ်ငယ်တုန်းကဖတ်ခဲ့ရတဲ့ ဘကြီးအောင်ညာတယ်ဆိုတဲ့ ကတိတွေ.....။ လောကရှုမျှော်ခင်းထဲမှာ ကတိတွေနဲ့လှောင်ပိတ်ခဲ့နေပါရောလား။ ကတိတွေဟာ အနှောင်အဖွဲ့ဆိုပါလား ဆွဲနှုတ်ပစ်..။
ကတိတွေ ကျိုးပဲ့လို့ လူမှုဘ၀ဟာ မုန်တိုင်းဆန်လာလေရဲ့...။ပဋိပက္ခတွေ ငြင်းခုန်ရန်လိုမှုတွေနဲ့ ပြက္ခဒိန်စာမျက်နှာတွေဟာ ပြဿဒါးတွေချည်းမွေးဖွားနေတော့တယ်..အဲဒီမုန်တိုင်းအစထဲက လေပြည်တွေကို လွတ်မြောက်စေကြ....
လူတစ်ဦးချင်းဆီရဲ့ အခွင့်အရေးတွေဟာ နေရောင်တ၀င်းဝင်းတွေပါပဲ။ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို အသိအမှတ်ပြုကြ......ကဗျာဆရာရှဲု့ စကားနဲ့ ပြောမယ်ဆိုရင်တော့ ပိတ်ဆို့ခံထားရတဲ့ နေရောင်တ၀င်းဝင်းတွေကို လွှတ်ပေးကြ.....။
ဗြဟ္မစိုရ်တရားလက်ကိုင်ထားတဲ့ ကဗျာဆရာကတော့ အမြင်မတော်တာတွေကို ဆွဲနှုတ်ပစ်ချင်.. လွတ်မြောက် စေချင်..လွှတ်ပေးချင်နေရှာပါတယ်။ ဒါဟာ ကဗျာဆရာရဲ့ ဓမ္မဒိဌာန်ပါပဲ..။ ဗြဟ္မစိုရ်ခွန်အားမရှိပဲ ၀ိပဿနာတကား ကားလုပ်နေသူတွေကိုတော့ ကဗျာဆရာရဲ့ ကိုယ်စား အနည်းငယ်သရော်လိုက်ပါတယ်။
ကဗျာဆရာကတော့ စာနာရိုကျိုးသော နှလုံးဖြင့် ဆိုတာနဲ့ ဗြဟ္မစိုရ်ကို လှစ်ပြခဲ့ပါပြီ..။စာနာမှုတွေ ထွန်းကားရင် နာကျင်ကြေကွဲမှုတွေ လွင့်ပါးသွားရမှာပါပဲ..
ဘာပဲဖြစ်ဖြစ် ကဗျာဆရာကတော့ ဒုက္ခတစ်ဝက်ခန္ဓာဖြင့် အလင်းဖျော့ စက်ဝန်းတစ်ရပ်စာကို ရွေ့လျားခဲ့ပါသည်။ လို့ ပြောခဲ့ပါတော့တယ်။ ကဗျာဆရာက တရွေ့ရွေ့ပြောင်းလဲမှုထဲမှာ ကမ္မဌာန်းအာရုံတစ်ခုကို စူးစူးစိုက်စိုက် ရှုမှတ်နေပြီလို့ ယုံကြည်ရတဲ့အခြေအနေပါ။ ဒုက္ခတစ်ဝက်ခန္ဓာတဲ့ အလင်းဖျော့ စက်ဝန်းတစ်ရပ်စာတဲ့......။
ဥပါဒါန်မှ သံသရာတို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နယ်နိမိတ်ထဲမှ လူမျိုးတစ်ရာ့တစ်ပါးတို့ကို လွတ်မြောက်စေခဲ့ပြီ။
ကာရန်ထဲမှ ကဗျာကို လွှတ်ပေးခဲ့ပြီ။
ကျွန်ုပ်မှာ မလွတ်မြောက်နိုင်သေးသမျှစိတ် ကျွန်တော်ဘ၀မှ
နွံမပျော်နိုင်ရပါလိုသော စိတ်စေတသိက်ဖြင့် ရွေ့လျားခဲ့ပါသည်။
ကဗျာဆရာဟာ ဥပါဒါန်ကိုစွန့်လွှတ်လိုက်ပါပြီတဲ့၊ အရိယာဆန်လာတာပါ။ (ဒီနေရာမှာအရိယာဆန်လာတာလို့ပဲ သုံးခဲ့ပါတယ်) ဒီအဆင့်မှာ လူကို လူလိုပဲ မြင်ကြရတော့မှာပါ။ အသွေးအရောင် နယ်နိမိတ်တွေ ဂလိုဘယ်ဖြစ်ရတော့မှာပါ ။ ဒဿနအစွဲတွေနဲ့ ဝေေ၀၀ါးဝါး အစ်ဇင်တွေနဲ့ ထွေပြားခဲ့တာတွေ ရပ်ပစ်ကြရတော့မှာပါ။ကိုယ့်အမျိုးကို ကိုယ်စောင့်ရှောက်ရမှာ သေချာပေမယ့် မျက်ကန်းမျိုးချစ်စိတ်တွေဟာ အလုပ်မဖြစ်တော့တာ သေချာခဲ့ပါပြီ...။.ကူးကြသန်းကြ လက်ဆွဲနှုတ်ဆက်ကြ. အပြုံးတွေ ဝေငှကြ ...။ကဗျာဆရာက ဥပါဒါနပစ္စယာ ဘဝေါ ဆိုတာကြီးကို.....။ လူမျိုးအစွဲတွေ နောက်ဆုံး ကဗျာဆရာတစ်ယောက်ရဲ့ အဆုံးစွန်အတ္တဖြစ်တဲ့ ယုံကြည်ချက်အစွဲအလမ်းဖြစ်တဲ့ ကာရန်တွေကိုတောင် လွှတ်ပေးခဲ့ပြီတဲ့။
နွံမပျော်နိုင်ရပါသော စိတ်စေတသိက်ဆိုပဲ...။ ကိလေသာနွံတွေထဲ မပျော်နိုင်ရပါသောစိတ်စေတသိက်.....အဲဒါ လိုအပ်ချက်အစစ်ပဲ။
အချိန်ထဲမှ နာရီပညတ်တို့ကို ဆွဲနှုတ်ပယ်ပစ်ခဲ့ပြီ။
နာရီပညတ်များထဲမှ စောင့်စားရခြင်းဝေဒနာများကို
လွတ်မြောက်စေခဲ့ပြီ။
စောင့်စားရခြင်းဝေဒနာများတို့မှ သက်ပြင်းအစအနများကို
သက်ပြင်းအစအနများမှ ရာသီပြောင်း ခေါင်းလောင်းသံများကို
ရာသီပြောင်းခေါင်းလောင်းသံများမှ နာကျင်စွာ
သတိရနေတတ်ခြင်းတို့ကို
နာကျင်စွာ သတိရနေတတ်ခြင်းများမှ ကြာပွတ်ရာများကို
လွှတ်ပေးခဲ့ပြီ လွှတ်ပေးနိုင်ခဲ့ပါပြီ။
ကဗျာဆရာဟာ လောကီနယ်ထဲက သူ့အတွေးစတွေကို ထုတ်ယူနိုင်ခဲ့ပြီ။ ပထမ သူက ကလျာဏပုထုဇဉ်အဆင့် ဗြဟ္မစိုရ်ကျင့်သုံးဆဲဘ၀လေးနဲ့ ကဗျာကို ဖွင့်ခဲ့ပါတယ်။ ဒုတိယတော့ ၀ိပဿနာလမ်းကို လျှောက်ပြီဆိုတာ ပြပါတယ်...။တတိယမှာတော့ အရိယာမုခ်ဦးဝအ၀င်ထဲ ဆွဲခေါ်လာပါတယ်။ ခုတော့ သူက ပညတ်တွေ ပရမတ်တွေ ခွဲခွဲခြားခြား ပြတ်သားသား မြင်သွားခဲ့ပါပြီတဲ့...။
မစ္စတာစတီဖင်ဟော့ကင်းရဲ့ အချိန်၏ သမိုင်းကိုလည်း ကြေညက်အောင်မဖတ်ဖူး၊ ဘုန်းတော်ကြီးကျောင်းပညာရေးနဲ့ပဲ တင်းတိမ်ခဲ့ရတဲ့ သူ့လိုရဟန်းတစ်ပါးအတွက် ရူပဗေဒသဘောတရားတွေနဲ့ ဇော်ဇော်အောင်တို့ ဇေယျာလင်းတို့လိုတော့ ကဗျာကို ရှင်းပြနိုင်မှာမဟုတ်ချေဘူး။ ဒါပေမယ့် ကဗျာဆရာဟာ အချိန်နဲ့ နေရာဆိုတဲ့ ပညတ်သဘောတရားတွေထဲက အစွဲအမှတ်တွေနဲ့ တကယ့်ပရမတ်ကို ခွဲထုတ်နိုင်ခဲ့ပြီလို့တော့ ကောက်ချက် ချနိုင်ခဲ့ပါတယ်။
အချိန်နဲ့ နေရာအပေါ်မှာ ဆက်စပ်နေရတဲ့ ခန္ဓာငါးပါးကြီးကိုပဲ ရုပ်တရား နာမ်တရားတွေကိုပဲ အလိုမကျဖြစ်ရ။ မချင့်မရဲဖြစ်ရ၊ မကြေမချမ်းဖြစ်ရ...စွဲစွဲလမ်းလမ်းဖြစ်ရ မိုက်မိုက်မဲမဲ ဖြစ်ရ....တိုက်တိုက်ခိုက်ခိုက် တွန်းတွန်းတိုက်တိုက်လုပ်ကြ ..လုပ်ရ...
သြော် အချိန်ထဲမှာ နာရီပညတ်တို့ကို ဆွဲနှုတ်နိုင်ခဲ့ပါပြီတဲ့။ အချိန်ဟာ အချိန်ပဲ ...ဥပါဒါန်မပါတဲ့ အချိန်....။စောင့်စားရခြင်းဝေဒနာများကို လွန်မြောက်ခဲ့ပါပြီတဲ့..။ စောင့်စားရခြင်းမရှိရင် သက်ပြင်းတွေလည်း မရှိတော့ဘူးပေါ့။ စောင့်စားရခြင်းရဲ့ခါးသည်းမှုကို လူတိုင်းကြုံဖူးကြတာပဲ....
ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ ကဗျာအပိုင်းအစကို သတိရမိသေးတော့...
“အဲဒီလိုစောင့်မျှော်ခြင်းကို ဆာလောင်ခြင်းကို မျိုမျိုချခဲ့ရလွန်းလို့ စောင့်မျှော်ခြင်းနာရီတွေသာ ခရီးထွက်သွားမယ်ဆိုရင် ခုလောက်ဆို နယူးယောက်မြို့ကို ရောက်လောက်ပြီ” တဲ့။
တွေ့ထိမှု ကြုံကြိုက်မှုဟာ ဖဿလေးမျှပဲ.....တွေ့ထိကြုံကြိုက်ရင်ဆိုင်ရပြီဆိုရင် မဖြစ်မနေတစ်ခုခု အချိုပဲဖြစ်ဖြစ် အခါးပဲဖြစ်ဖြစ် နာတာပဲ ဖြစ်ဖြစ် သာတာပဲဖြစ် ခံစားရတော့မှာ အသေအချာပဲ...
ဖဿပစ္စယာ ဝေဒနာ......
ကဲခံစားမှုနောက်ကို ကဗျာဆရာက တစ်ခုခု တွယ်ငြိကပ်ပါမသွားတော့ပုံကို....အဆင့်ဆင့်ခွာချသွားပါတယ်။ မခွာချနိုင်ရင်တော့ ငါရှိတယ် ငါခံစားတယ် ငါနာကျင်တယ် ငါပျော်ရွှင်တယ် အဲဒီငါနောက်မှာလည်း ငါ့ကို ငါနဲ့ ငါအား ငါဆီက ငါ့ရဲ့ ငါ့ဆီမှာဆိုတာတွေ ကပ်ငြိညစ်ထေးသွားနိုင်တာကလား...။
ဝေဒနာနောက်မှာ တဏှာမရှိတော့ ....တဏှာမရှိတော့ ဥပါဒါန်မရှိတော့...စွဲလမ်းမှုပြဿနာ သံသရာဆိုတာ မရှိတော့။ အဆင့်မြင့်သွားတာက မာနတွေ အာဃာတတွေလည်း မရှိတော့...ငါ့မှ ဖြစ်ရလေခြင်းတွေ မရှိတော့...
နာရီပညတ်...စောင့်စားရခြင်း....သက်ပြင်း....ရာသီပြောင်းခေါင်းလောင်းသံ......နာကျင်စွာ သတိရခြင်း....ကြာပွတ်ရာ.....။ မရှိ မရှိတော့။
တရားသိမြင်သူဆိုတာ လောကဓံကို ကျောပေးရပ်နိုင်သူပါပဲ။ လောကကို လွန်မြောက်ခဲ့ပါပြီ။
တောမီးလောင်ခဲ့သမျှသော စကြ၀ဠာတို့သည်ပင်
သံသရာရှုမျှော်ခင်း၌ အစက်အပြောက်အဖြစ်နှင့်သာ ရှိ၍
မာကျောချွန်မြလှစွာသော ငါ့အတ္တတို့သည်လည်း
ငါ့ခန္ဓာ၏ အလွန်သို့ ပျော့ပျောင်းသိမ်မွေ့စွာ
လွတ်မြောက်နိုင်ကြပါစေသား။
ဒီအပိုဒ်ကတော့ တရားသိမြင်သူရဲ့ သံသရာအမြင်နဲ့ နောက်ဆုံးခရီးလို့ပဲ မှန်းဆမိပါတယ်......။ သံသရာနဲ့ ယှဉ်လိုက်ရင် အရာရာဟာ အသေးအမွှားလေးဖြစ်သွားတော့တာပဲတဲ့.။ စကြာဝဠာကြီးလည်း အစက်အပြောက် လေးမျှ.....ကြီးကျယ်မြင့်မြတ်တယ်ဆိုတာဘာလဲ မြဲမြံခိုင်ခန့်ခြင်းဆိုတာတွေကရော ဘာလဲ....။မီးတောက်တွေ ကိုယ့်ကိုယ်ကိုယ်မွှေး .......အဲဒီမီတောက်တွေထဲမှာပဲ ကိုယ်တိုင်လောင်မြိုက်....သူတစ်ပါးကိုလည်း ရှို့မြှိုက်.....
ငါဆိုတာကြီး၊အတ္တဆိုတာကြီး၊အတ္တလို့စွဲလမ်းမှုကြီး၊ ချွန်ထက်မြိမြမာကျောလှစွာသောဆုပ်ကိုင်မှုကြီး........ချုပ်ငြိမ်းရာ.........အေးငြိမ်းမှုတစ်ခုဆီ.......။
(ဒီကဗျာက စကားလုံးတွေအများကြီး တွေးစရာတွေအများကြီးကို ဖြစ်စေတာတော့ အမှန်ပါ။ ဒါပေမယ့်ရေးရင်းနဲ့ ခေါင်း(ဂေါင်း)တစ်ခြမ်းကိုက်လာလို့ ခဏလောက်တော့ နားပါရစေဦး။ ဘာပဲဖြစ်ဖြစ် ရေးစရာလေးတွေကလည်း ရှိနေတော့ ရေးမိနေဦးမှာပါပဲ။ ခေါင်းကိုက်တယ်ဗျို့..။)
