31 August, 2009

အမေ့ရွာလေးမှာ ပန်းပြန်ဖြစ်မယ့် မြစ်


နှုတ်ဆက်ခဲ့ပါတယ်
ရေးလို့မ၀သေးတဲ့ ၀ါကျတွေ
ပြန်မြိုချထားရ
အမေ့အိမ်ပြန်မယ်လေ။

ရထားလက်မှတ်အဆင်သင့်ဖြစ်ပြီ
လေယာဉ်ထွက်ခွာချိန်လည်းသိပြီ
နောက်တစ်ပတ်နေထွက်ချိန်
အမေ့အိမ်တံခါးဝမှာ
အလွမ်းဆွမ်းရပ်တဲ့ သားရဟန်း
အမေ့ရင်ထဲက ကျေးလက်ပန်းတွေ
ပွင့်ကြစေ မွှေးကြစေပေါ့။

ဒီအချိန်ရောက်မှတော့
ဆွမ်းလည်းကျက်ပြီ
မေတ္တာအနံ့သင်သင်း အပြုံးဟင်းတွေက
အသင့်ခူးခပ်ပြီးသားဖြစ်လိမ့်မယ်။

ဓမ္မဂင်္ဂါစီးကြောင်းမှာ
အမေက လှေလေးတောင် မခတ်နိုင်ခဲ့ဘူးပေါ့
ခွဲစိတ်ထားတဲ့ မျက်လုံးဝေေ၀တွေကြား
သားရဟန်းအသံတွေသာ
ဂီတဖြစ်စေတော့။

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်ထဲ
သားရယ် အမေရယ်လို့များ
စကားတွေကြား
တံတားမရှိခဲ့လေဘူး။

တစ်နယ်လုံးသုံးတဲ့ ဖုန်းလေးဆီ
အမေ မရောက်နိုင်ခဲ့ဘူး။


ကွန်ယက်တွေအပြင်ဘက်နားက
လသာချိန်တွေမှာ
ခေတ်ဟောင်းတေးက
ရွာလေးကို ပွေ့ဖက်
အမေအိပ်စက်ပျော်ပါစေပေါ့
သဘာဝကလည်းလှပါတယ် အမေရယ်။

ဒကာမကြီးလို့ ခေါ်ရမယ့်သူတွေအများသားမို့
အမေလို့ ခေါ်ခွင့်မရုပ်သိမ်းလိုက်ပါနဲ့
ရှင်ပြုတုန်းက တစ်ခါပျော်ခဲ့ပြီးပြီလေ။
သြော်..
ကိုရင်လေးလို့ ခေါ်ရင်
ဒကာမကြီးလို့ထူးမှာပေါ့နေ့ရက်များ။


ဂုဏ်ယူစရာရှိရင်လည်း ငိုလိုက်
ငိုစရာရှိလည်း ငိုလိုက်
အမေ့ရေးတဲ့ ဘ၀သံသရာမြစ်ပြင်ကျယ်ထဲ
ဓမ္မဂင်္ဂါမြစ်ကျဉ်းလေးသာ
စီးလာရမယ်ပေါ့။

သားဟောတဲ့တရားနာပြီး
အမေကျွတ်မယ်မထင်ဘူး
သားရဟန်းအသံမှာ ကပ်နေတဲ့
အမေ့သံယောဇဉ်ထူထူကြီး
ှဆွဲခွာပစ်နိုင်ပါမှကိုး။

စီးလာမယ်
စီးဝင်လာခဲ့မယ်ပေါ့ အမေရယ်
နောက်တစ်ပတ်နေထွက်ချိန်
ရွှေကျီးသာတဲ့နေ့
ဓမ္မဂင်္ဂါဟာ
အမေ့အိမ်ထဲ ခပ်ကဲကဲစီးလာမယ့်
မျက်ရည်သောင်ဖြိုမြစ်တစ်စင်းသာဖြစ်ပေလိမ့်။

(အားလုံးကို နှုတ်ဆက်ပါတယ်။တစ်လတာလောက် ဓမ္မဂင်္ဂါရေးစီးက ရပ်နေပါလိမ့်မယ်။ စိတ်ကူးပေါ်ရာ ၀ါကျတွေကို ဆွဲဆန့်ခွင့်ရခဲ့တဲ့ တစ်လတာ ကာလတိုလေးက လွမ်းစရာပါ။ ရေးစရာတော့ အများကြီးရှိပါသေးတယ်။ ရေးလက်စ “ သီတဂူလမ်း” ကိုလည်း ပြီးအောင် လျှောက်ရဦးမယ်။ အမေ့အိမ်က ပြန်လာတဲ့အခါ တွေ့ကြသေးတာပေါ့။ အားလုံးပျော်ရွှင်ငြိမ်းချမ်းပါစေ။)

မုဒိတာဖြင့်
ဓမ္မဂင်္ဂါ


30 August, 2009

သီတဂူလမ်း(၆)





စစ်ကိုင်းတောင်အရိပ်ကို ခိုမိရင်ပဲ နေရောင်က အလင်းဖျော့စပြုပါပြီ။ ဇေယျပူရမြို့တော်အဖြစ်ထင်ရှားခဲ့ဖူးတဲ့ တစ်ရံခါဆီက စစ်ကိုင်းဟာ သမိုင်းအသစ်တွေရေးဖို့ တက်ကြွနေခဲ့တာပါပဲ။ အလံတံခွန်တလူလူတွေကြားထဲ ဖြတ်မောင်းလာတဲ့ သူတို့ရဲ့ ဟိုင်းဝေး ဘတ်စ်ကားကြီးက သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်မုခ်ဦးမှာ ငြိမ့်ကနဲ ထိုးရပ်လိုက်ပါတယ်။ WOH! အားလုံးဟာ တောက်ပနေတော့တာပါ။
နတ်ဒေ၀တာတို့ဖန်ဆင်းထားတဲ့ ရေကန်ထဲ ခုန်ဆင်းလိုက်ကြရတာပါ။ အရာရာဟာ လင်းလက် နေခဲ့ပါတယ်။ ခမ်းနားတဲ့ မုခ်ဦးဝ။ ကြီးကျယ်မှုဆိုတဲ့ ဝေါဟာရကို ကိုယ်စားပြုနေတဲ့ သန္တိမဟာဘွဲ့နှင်းခန်းမကြီးနဲ့ တက္ကသိုလ်အခန်းခန်းအဆောင်ဆောင်များက မင်သက်အံ့သြမှုကိုသာ ဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်အဆောင် တွေရဲ့အမည်တွေကလည်း ဗုဒ္ဓခေတ်မဇ္ဈိမနဲ့ မြန်မာနိုင်ငံတော်ရဲ့ သာသနာထွန်းကားပြန့်ပွားရာမြို့ပြတွေကို ပြန်ရောက်သွားစေပါတော့တယ်။
ကြည့်ပါဦး ။
အရှေ့မြောက်ထောင့်အရပ်ကနေ အရှေ့တောင်ထောင့်အရပ်အထိ
၁။ကာသိဆောင်
၂။ဗာရာဏသီဆောင်
၃။မိဂဒါဝုန်ဆောင်
၎။မဂဓဆောင်
၅။ဥရုဝေလဆောင်
၆။ဂယာဆောင်
အရှေ့တောင်ထောင့်အရပ်ကနေ အနောက်တောင်ထောင့်အရပ်ထိ
ရ။ဂန္ဓာရဆောင်
ဂ။ပါဋလိပုတ်ဆောင်
၉။လင်္ကာဒီပဆောင်
၁၀။အမရာဝတီဆောင်
၁၁။ယောနကဆောင်
၁၂။ဝေသာလီဆောင်
အနောက်တောင်ထောင့်အရပ်ကနေ အနောက်မြောက်ထောင့်အရပ်အထိ
၁၃။ရာဇဂြိုဟ်ဆောင်
၁၄။နာလန္ဒာဆောင်
၁၅။သာဝတ္ထိဆောင်
၁၆။ကပိလ၀တ္ထုဆောင်
၁၇။လုမ္ဗိနီဆောင်
၁၈။ဒေ၀ဒဟဆောင်
အနောက်မြောက်ထောင့်အရပ်ကနေ အရှေ့မြောက်ထောင့်အရပ်အထိ
၁၉။ရတနာပုံဆောင်
၂၀။ဟံသာဝတီဆောင်
၂၁။ပုဂံဆောင်
၂၂။သရေခေတ္တရာဆောင်
၂၃။ကေတုမတီဆောင်
၂၄။သုဝဏ္ဏဘူမိဆောင်။
စတုဂံကျအောင် ဖွဲ့ယှက်ထားတာပါ။
အဲဒီအဆောင်(၂၄)ဆောင်အပြင် တက္ကသိုလ်ပရိဝုဏ်ကြီးရဲ့ ပဉ္စဂံနေရာတွေမှာတော့ တက္ကသိုလ်အဓိပတိ ဆောင်၊ ပါမောက္ခချုပ်ဆောင်။ မဟာထေရာဝါသဆောင်၊စီမံဆောင်နဲ့ မော်ကွန်းထိန်းဆောင်တို့ကို စနစ်တကျ အကွက်ချတည်ဆောက်ထားပါတယ်။
ကျောင်းကြီးထဲရောက်ရင် ပြန်ထွက်ချင်မှာ မဟုတ်တော့ပါဘူး။ ဗုဒ္ဓကိုယ်တော်နည်းကျ ကျောင်းဆောက် နည်းဖြစ်ပါလိမ့်မယ်။ မဂဓတိုင်းမြို့တော် ရာဇဂြိုဟ်က ဝေဠုဝန်ကျောင်းတော်ဟာ ယနေ့ခေတ်ကျောင်းတိုက် တည်နေသူတွေအတွက်နည်းယူစရာဖြစ်ပါလိမ့်မယ်။ကျောင်းထဲရောက်သူတွေကို ပြန်မထွက်ချင်အောင် စွဲ ဆောင်နိုင်သလို သူတို့ရဲ့မိတ်ကောင်းဆွေကောင်းတွေကိုလည်း ကျောင်းထဲရောက်အောင် ဖိတ်ကြားလိုတဲ့ အထိ ဆွဲအားတွေ ရှိနေရမှာဖြစ်ပါတယ်။ဗဟိဒ္ဓဆွဲအားတွေနဲ့ ဓမ္မအ၀န်းအ၀ိုင်းအထိ ပို့ပေးနိုင်ရမှာ ဖြစ်ပါ တယ်။ ဒီလိုနဲ့ အလှမာန်ကြီးလွန်းတဲ့ ဗိမ္ဗိသာရ ဧကရာဇ်ရဲ့ မဒမ်ခေမာဟာ ဝေဠုဝန်ရဲ့ ပတ်ဝန်းကျင် အလှတရားတွေကို ရှာဖွေရင်း အလှအစစ် ဓမ္မမှာ ပျော်ဝင်သွားရတာပါ။
သီတဂူဆရာတော်ကြီးက လောကီလောကုတ်အရေးအရာတော်တော်များများမှာ နှံ့စပ်သိမြင်တော်မူတာပါ။ မဇ္ဈိမတိုက်ကြီးတစ်ခုလုံး ကျေညက်အောင်သွား ခဲ့သလို လိုအပ်တဲ့အသိအမြင်တွေကိုလည်း ပိဋကတ်အရှိနဲ့ ညှိယူခဲ့တာပါ။ ဆရာတော်ကြီးက ဝေဠုဝန်ကျောင်း တော်၊ ဇေတ၀န်ကျောင်းတော်၊စတဲ့ မဟာရာမ်တွေကို ဘုရားရှင်လျှောက်ခဲ့တဲ့တိုင်း လျှောက်ခဲ့တာသေချာလေ တော့ ကိုယ်တော်တိုင် ဖန်ဆင်းတဲ့ သီတဂူအ၀န်းအ၀ိုင်းဟာလည်း ဗုဒ္ဓနည်းကျဖြစ်နေတော့တာပါပဲ။ ဆရာ တော်ကြီးရဲ့ ကျောင်းတော်တွေက ကြီးကျယ်သလို အလုပ်တွေကလည်း မြင့်မောက်နေတာပါ။ အလုပ် လက်မဲ့ ကျောင်းတော်ကြီး တွေရဲ့အနှစ်မဲ့ခမ်းနားမှုတွေကို ဆရာတော်ကြီးသတိပြုမိဟန်တူပါရဲ့။
သီတဂူဆရာတော်ကြီးက တက္ကသိုလ်မုခ်ဦးဝက ဧည့်ခံကွန်းရိပ်သာလေးမှာစောင့်မျှော်နေပါပြီ။ ဆရာတော်ကြီး ကို ဂါရ၀ပြုကြဖို့ သူတို့အားလုံးတွေရဲ့ ခြေလှမ်းတွေကလည်း
တက်ကြွနေကြခဲ့ပါလေရဲ့..။
ဝေဠုဝန်ထဲ ရောက်နေသလား ..။
ဇေတ၀န်ထဲ ရောက်နေသလား...။
ဘာပဲဖြစ်ဖြစ် သူကတော့ ကြည်နူးနေခဲ့တာပါပဲ။

29 August, 2009

သီတဂူလမ်း(၅)







သာသနာ့တက္ကသိုလ်က စစ်ကိုင်းကိုအကူးမှာတော့ နာမည်ကျော်ဓမ္မကထိကဓမ္မဒူတအရှင်ဆေကိန္ဒလည်း သူတို့ရဲ့ ဟိုင်းဝေးဘတ်စ်ပေါ်မှာ ပါလာခဲ့ပါတယ်။ စီးလာတဲ့ကားကို သီးသန့်ပြန်လွှတ်ပြီး ထေရ၀ါဒအုပ်စုတွေ စုဝေးရာကားကြီးပေါ် တက်လိုက်ခဲ့တာပါ။ ဓမ္မကထိကဆရာတော်ပါလာတော့ ပွဲစည်သွားတော့တာပါ။ ဟိတ်ဟန်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ပါးမို့ အားလုံးက ကောင်းချီးပေးကြရတာပါ။ ဘုန်းကံအလွန်ကြီးမားသူမို့ ရှင်သီဝလိလို့လည်း အချို့က ရည်ညွှန်းကြပါသေးတယ်။ လုပ်သမျှ သာသနာပြုလုပ်ငန်းတွေကလည်း အောင်မြင်နေတာပါပဲ။

ဆရာတော်အရှင်ဆေကိန္ဒက ထေရ၀ါဒတက္ကသိုလ်တက်စဉ်က ဒီပလိုမာနဲ့ ၀ိဇ္ဇာတန်းတွေမှာ သုံးနှစ်လုံး ၀ိပဿနာဘာသာရပ်မှာ ဆရာတော်ခဲ့ဖူးပါတယ်။ နာမည်ကြီးမို့ ဆရာကောက် တော်ပစ်လိုက်တာ----လို့တော့ မထင်စေချင်ပါဘူး။ တကယ်အလုပ်လုပ်နေတဲ့ ဘုန်းကြီးတစ်ပါးမို့ လေးစားရင်းစွဲရှိနေတာပါ။

အရှင်ဆေကိန္ဒက ခေါင်းစဉ်အမျိုးမျိုးအောက်မှာ ပြေးလွှားနေရရှာတာပါ။ ထေရ၀ါဒတက္ကသိုလ် စာသင်ခန်း တွေဆီ အချိန်မှန်ရောက်ဖို့ ကြိုးစားရသလို မှော်ဘီက ဆေကိန္ဒာရာမကျောင်းမှာ ဖွင့်တဲ့ မျိုးဆက်သစ် ကလေးသင်တန်းတွေကိုလည်း သွားပြီးကြီးကြပ်ရပါသေးတယ်။ အခြားလူမှုရေး လုပ်ငန်းတွေကလည် အများကြီးပါ။ ဆရာတော့်မွေးရပ်မြေ စစ်ကိုင်းမှာလည်း သောတာပန် ဆီအလှူတော်ဆိုတဲ့ အံ့မခန်း အလုပ်ကြီး လည်း ရှိပါသေးတယ်။

စစ်ကိုင်းတောင်ရိုးပျော် သူတော်စင် တွေအတွက် ဆီလှူဒါန်းတာပါ။ လူငယ်လူရွယ်စုံတရားစခန်းတွေမှာလည်း ကလေးတွေရဲ့ ဘ၀အခက်အခဲတွေကို ကူညီဖြေရှင်းပေးလိုကြောင်း ကမ်းလှမ်းဖိတ်ခေါ်တတ်တာကို ကြားရလေ့ ရှိပါတယ်။ ဒီကြားထဲမှာ စာအုပ်ထုတ်ဝေဖို့ အခက်အခဲဖြစ်နေရှာတဲ့ စာပေပညာရှင်ကြီး တွေကို စာအုပ်ထုတ်ဝေဖို့မတည်ငွေလှူဒါန်းတတ်တာလည်း ကိုယ်တွေ့မြင်ခဲ့ဖူးပါတယ်။ ရေဘေး မီးဘေး ဆိုတာမျိုး တွေမှာလည်း ရှေ့က ရောက်ရောက်သွားတတ်ပါသေးတယ်။


ဆရာတော့်နောက်မှာ မျိုးဆက်သစ်တွေရဲ့ တက်ကြွတဲ့ ခြေလှမ်းတွေအများကြီးကို မြင်ရပါတယ်။ မျိုးဆက် သစ်တွေနဲ့ တွဲပြီး မြို့တော်သန့်ရှင်းရေး ဆိုတာမျိုးကအစ လူမှုရေးအကျိုးပြု လှုပ်ရှားမှု တွေကို ဦးဆောင် လမ်းညွှန်တတ်ပါသေးတယ်။ ဒါကြောင့်လည်း ဂျာနယ်လ်တစ်စောင်က Person of The Year လို့ ဖော်ပြခဲ့ဖူးပါတယ်။

မူလဓမ္မဒူတဆရာတော်ကြီးချမှတ်ထားခဲ့တဲ့မူကကို လှပါတယ်။ ရဟန်းမှန်ရင် စာသင်စာချ တရားဟော တရားပြ ဆိုတဲ့ မူပါ။ နောက်ကတော့ ပရဟိတဖြစ်မှာပါ။ မှော်ဘီက အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကျောင်းမှာ ရှင်ငယ်ရဟန်းငယ်တွေအတွက် ပရိယတ္တိစာသင်တိုက်ရှိသလို တရားရှာယောဂီတွေအတွက်လည်း တရားစခန်း ပွဲတွေရှိနေတတ်ပါတယ်။ ဆရာတော်ရဲ့ ဓမ္မကထိကဘ၀ကတော့ လွယ်ကူသက်သာလှတယ်တော့ မဟုတ် ပေဘူး။ ပုံမှန်ဟောနေကျ ညတရားပွဲကြီး တွေအပြင် မနက်အရုဏ်ဆွမ်းတရား၊ နေ့လည်ဆွမ်းတရားဆို တာတွေလည်း ဟောရတတ်ပါသေးတယ်။

ဒီကြားထဲ ဆည်းဆာတရားပွဲဆိုတာတွေ ပါလာရင်တော့ ဓမ္မကထိကကိုယ်စားရင်ထိတ်မိပါသေးတယ်။ အထိုင်များတဲ့ ဒုက္ခက မသေးဘူးမဟုတ်လား။ တံခါးခေါက်သံတွေနဲ့ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်တွေကလည်း အများသားပါ။ အနုပညာရှင်တွေလို တံခါးပိတ်ထားပြီး သီးခြားရပ် တည်လို့လည်း မရဘူးလေ။
Celebrity ချင်းတူပေမယ့် သာသနာ့ဝန်ထမ်း Celebrity က မသက်သာတာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော့်ဒုက္ခက အများအတွက် သုခကို မွေးပေးနိုင်တာမို့ နာရတာကို သာယာလောက်ပါတယ်။ တရားပွဲ တွေက ရသမျှန၀ကမ္မတွေက ဘဏ့်အကောင့်စာရင်းထဲမှာပဲ အိပ်မနေတာကိုက သာသနာပြုကုသိုလ်တော်တွေ လှနေတာ ဖြစ်ပါလိမ့်မယ်။

ဆရာတော်အရှင်ဆေကိန္ဒက သူတို့ထေရ၀ါဒတက္ကသိုလ်ကျောင်းသားရဟန်းတော်တွေ စုဝေးရာ ကင်းတင်း လေးထဲ ၀င်လာပြီဆိုရင် လက်ခါပြလေ့ရှိပါတယ်။ မလွယ်ဘူးလို့ ပြောတာပါ။ အားမကျနဲ့ လို့လည်း ငြီးတတ် ပါသေးတယ်။ ဒါပေမယ့် ကိုယ်တိုင်ရွေးတဲ့လမ်းကိုတော့ ဆရာတော်က နောက်မဆုတ်တမ်းလျှောက်တော့တာပါ။

များသော အားဖြင့် ကင်းတင်းလေးထဲ အရှင်ဆေကိန္ဒမို့ ၀င်လာပြီဆိုရင် ကျောင်းသားတွေက ပြောလက်စ စကားရပ်ပြီး အားလုံးထပေးကြတာပါ။ ဆရာလည်းဆရာမို့ ဓမ္မကထိကလည်း ဓမ္မကထိကမို့ အရိုအသေပေး ကြတာပါ။ ဆရာတော်က “ထိုင်ကြလေကွာ ငါ့လည်း ပစ်မထားကြပါနဲ့ဟ ငါလည်း မင်းတို့လို စကားပြောချင် တာပေါ့ကွာ” ဆိုပြီး ရင်းရင်းနှီးနှီး ၀င်ထိုင်တော့တာပါ။


“နာမည်ကျော်လို့ ဘုန်းကံကြီးပြီဆို ပုန်းအိပ်ရတော့တာပဲ”တဲ့။ ဒီစကားကို အမိန့်ရှိတာက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ဒုတိယပါမောက္ခချုပ်တာဝန်က အနားယူသွားခဲ့တဲ့ ဗန်းမော် ဆရာတော်ကြီးပါ။ ဆရာတော်ကြီးကို နှုတ်ဆက်ကန်တော့ကြတဲ့ ပွဲမှာ မှတ်မှတ်ရရ မိန့်သွားခဲ့တာပါ။ အဲဒီပွဲမှာ အရှင်ဆေကိန္ဒလည်း တက်ရောက်တာမို့ ကိုယ်တွေ့မို့လားမသိဘူး။ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်အောင် ရယ်(ရီ)တော့တာပါပဲ။ ဆရာတော်ကြီးကတော့ ပုံပြင်လေးနဲ့ကို လှအောင် ပြောသွား တာပါ။ နောက်ကြုံရင် ရေးပါဦးမယ်။

ဘုန်းကံကြီးလို့ နာမည်ကျော်ရင်တော့ တံခါးခေါက်သံတွေက အမြဲတမ်းဆူညံနေတော့မှာပါ။
ဒါကြောင့် ဆရာတော်ကြီးတွေက လာဘ်လာဘနဲ့ အခြွေအရံ ကျော်ဇောမှုတွေကို ဒုက္ခလို့ ငြီးလေ့ရှိတာပါ။ အကြောင်းမသိသူတွေကတော့ အဲဒီလို ဒုက္ခမျိုးတော့ သူတော်တို့များ ခံလိုက်ချင်သေး လုပ်ကြတာ နေမှာ..။ အင်း သူတော်တို့စာရင်းထဲမှာ သူများပါနေဦးမလား။

မန္တလေးကန်တော်ကြီးပတ်လမ်းပေါ် သူတို့ကားကြီးမောင်းတက်သွားစဉ်မှာပဲ စစ်ကိုင်းတောင်ရိုးက စေတီ တော်တွေ ဖူးရပါပြီ။သီချင်းသံလေး သဲ့သဲ့လည်း ကြားလိုက်ရပါတယ်။ “ စစ်ကိုင်းတောင် စစ်ကိုင်းတောင် အထက်နားဆီက အရှေ့တလွှားကြည့်လိုက်ပြန်ရင်လေ.........။”

သီတဂူလမ်း(၄)







သာသနာ့တက္ကသိုလ်ဆိုတာက ၆၂ လမ်းမကြီးပေါ် နန်းတော်ရှေ့ရဲ့ လွမ်းမောဖွယ်ရာနေရာမှာ တည်ရှိပါတယ်။ ရွှေနန်းတော်ကျောင်း။ အတုမရှိကျောင်းတော်ကြီး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ တင်စားခံရတဲ့ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား၊ ကနောင်ကိုယ်တော်ကြီးကျဆုံး သွားတဲ့နေရာမှာ အမှတ်တရတည်ထားတဲ့ စန္ဒာမုနိဘုရား၊ ကျောက်တော်ကြီးရုပ်ပွားတော်မြတ်နဲ့ အသက်ကလေးရယ်တဲ့ ရှည်စေလိုရင် သီချင်းရဲ့ ပြယုဂ် မန္တလေးတောင်တော်ကြီးတစ်ဝိုက်မှာ သီးခြားအလှတွေနဲ့ ခမ်းနား လှတဲ့ ကျောင်းတော်ကြီးပါ။

ဒီတက္ကသိုလ်နေ့ရက်တွေမှာ သူ့ဘ၀ကို အများကြီးသွေးပေးလိုက်တဲ့ သင်ခန်းစာတွေရှိခဲ့ပါတယ်။ ရဟန်း ပုဂ္ဂိုလ်ဆရာတော်တွေရဲ့ ထေရ၀ါဒရိုးရာသင်ရိုးတွေကို မှတ်သားခဲ့ရသလို ဥရောပနဲ့ အမေရိကားနိုင်ငံတွေက ယေးလ်လို လန်ဒန်လို တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခွင့်ရခဲ့တဲ့ လူပုဂ္ဂိုလ် ဆရာတွေကြီးရဲ့ သိပ္ပံနည်းကျနဲ့ သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာတရားဓမ္မတွေကိုလည်း တမေ့ တမော နားထောင်ခွင့်ရခဲ့ပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ လူမျိုးပေါင်းစုံရဟန်းတော်တွေ ရဲ့ချစ်ကြည် ရင်းနှီးမှုကို ခံစားနိုင်ခဲ့တဲ့အတွက် ဂိုဏ်းဂဏအစွဲအလမ်းတွေလည်း ကင်းခဲ့ပြန်ပါတယ်။

ကျောင်းတက်ချိန် မနက် ၂ ကြိမ်။ နေ့လည် ၃ ကြိမ်ကလွဲရင် ကိုယ်ပိုင်အချိန်တွေ များလာတဲ့အတွက်
တက္ကသိုလ်စာကြည့်တိုက်နဲ့ နန်းရှေ့ဈေးနားက မို့မို့စာပေ။ စပယ်ဖြူစာပေတို့ကို ဦးတည်နိုင်ခဲ့ပါတယ်။အခြေအနေပေးရင်တော့ မန္တလေး ၈၄ လမ်းမကြီးပေါ်လျှောက်ပြီး နဂါး၊ ရဲရင့်။ ဒေါင်းအိုးဝေ၊ သုခမိန်၊ ဥတ္တရလွင်ပြင်စာအုပ်ဆိုင်တွေနဲ့ ဈေးချိုတော်ရဲ့ စာအုပ်အဟောင်း ဆိုင်တန်းတွေကိုလည်း မွှေခဲ့ဖူးပါတယ်။စာတွေ ဖတ်ဖြစ်ခဲ့တာတော့ သေချာလှပါတယ်။
မန္တလေးရဲ့ ယဉ်ကျေးမှုဇုံထဲမှာ နေခွင့်ရတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စကားလက်ဆုံ ကျဖို့လည်း အခွင့်အလမ်းရခဲ့ပါတယ်။ အထင်ကြီးစရာတော့ မရှိခဲ့ပါဘူး။ “ ရဟန်းဘ၀ရောက်တာ ဘယ်လောက်ကြာပါပြီလဲ” ဆိုတဲ့မေးခွန်းကို '' YES'' လို့ဖြေခဲ့ဖူးတာပါ။(အဟေးဟေး)

ပြီးတော့ သူပေါင်းခဲ့တဲ့ မိတ်ဆွေတွေကလည်း စာပေအသစ်တွေနောက်လိုက်ေ န သူတွေပါ။ ကျောင်းစာသင်ခန်းထဲမှာ မြန်မာစာဘာသာရပ်အတွက် ရှင်ဥတ္တမကျော်ရဲ့ တောလား။ ရှင်အုန်းညို ရဲ့ ဂါထာခြောက်ဆယ်ပျို့၊ ရာဇကုမာရ်ရဲ့ မြစေတီကျောက်စာတွေ သဲသဲမဲမဲ ကူးရင်း ခေတ်အသစ် ကြီးရဲ့ စာပေတွေကို ၆၂ လမ်းမကြီးပေါ်မှာ တိုးတိုးဝှေ့ဝှေ့ ဖတ်ခဲ့ကြတာပါ။

နောက်မျိုးဆက်အသစ်ကို ထိန်းကျောင်းမယ့် ရဟန်းတော်တွေ အနေနဲ့ လူငယ်တွေရဲ့ အမြင်၊ ခံစားမှုတွေနဲ့ အတူ တွဲလျှောက်ရမယ်လို့ ခံယူခဲ့ကြပါတယ်။ ရော့ခ်သီချင်းတွေကိုလည်း လက်လှမ်းမီခဲ့ကြတာပါပဲ။ဥဂ္ဂါသေနသူဌေးသားရဲ့ လိုက်ဖ်ရှိုးမှာ ဘုရားရှင်ကိုယ်တိုင် အားပေးခဲ့သလိုမျိုးပေါ့။ဒီလိုနဲ့ မိတ်ဆွေတွေ စုမိခဲ့ပါတယ်။

သူတို့အဖွဲ့မှာ ကဗျာဆရာရဟန်းတစ်ပါး။ အဲဒီရဟန်းရဲ့ ကဗျာတစ်ပုဒ်ကလည်း မောင်ခိုင်မာရဲ့ ဧည့်ခန်းဆောင် များကို ဖြတ်ကျော်ခြင်းထဲထိ ရောက်သွားလေတော့ မြောက်ချင်စရာပါ။ ဂျူးရဲ့ အမှတ်တရ ကို ဗလာစာအုပ်နဲ့ ကူးရေးဖူးသူမိတ်ဆွေရဟန်းတစ်ပါး။ မောင်ချောနွယ်ရဲ့ မောင်ချောနွယ်အတု နဲ့ ပိုင်စိုးဝေကြီးရဲ့ သိန်းစွန်ငှက်ရဲ့အပြန်လမ်း၊ နေရောင်ခြည်နဲ့တွေ့ဆုံခြင်းကဗျာတွေ အာဂုံဆောင် ထားသူ မိတ်ဆွေရဟန်းတစ်ပါး။ ထွက်လာသမျှ မဂ္ဂဇင်းတွေက ကဗျာတွေကို အက္ခရာဝလိစဉ် ပြီးကူးလေ့ရှိသူ မိတ်ဆွေရဟန်းတစ်ပါး။ ဘာမှဝင်မပြောပေမယ့် ပြောသမျှကို အားရစွာ နားထောင်တတ်တဲ့ မိတ်ဆွေ သုံးလေးပါး။အဲဒီပုဂ္ဂိုလ်တွေက သူ့ထက်စီနီယာကျသလို အတန်းလည်း မတူကြလေတော့ အဲဒီစာပေ အသိုင်းအ၀ိုင်းထဲ တိုးနိုင်ဖို့ သူ့ဝင်ခွင့်စာမေးပွဲမှာ သစ္စာနီရဲ့ “နေထိုင်ခြင်းမိတ္တူ” ကဗျာ ဟာ အသာစီးရခဲ့ပါတယ်။

၆၂လမ်းပေါ်က လက်ဘက်ရည်ဆိုင်ယိုင်ယိုင်လေးမှာ။ အတုမရှိကျောင်းတော်ကြီးရှေ့ ကြာပွင့်ကြီးရဲ့ လပြည့်ညတွေမှာ သူတို့ စကားဝိုင်းတွေ လှခဲ့ဖူးတယ်။ သရဖူနဲ့ ဟန်သစ်မဂ္ဂဇင်းတွေကို အပိုင်ဝယ်ပြီး တာရာမင်းဝေ ၊မင်းခိုက်စိုးစံတို့ရဲ့ ခြေလှမ်းကို စောင့်ကြည့်ခဲ့ကြဖူးသလို နီကိုရဲရဲ့ မကြည်ပြာဖြစ်လိုက် မသီတာဖြစ်လိုက် ကျွန်တော့်ဘ၀အချစ်အကြောင်းကိုလည်း ဘယ်လောက် ထိထွက်လာနိုင်မလဲ စိတ်ဝင်စားခဲ့ကြဖူးပါတယ်။

လေးဖြူရဲ့ အလင်းရောင်နဲ့ မူရင်းသီချင်း Dream on ဘယ်ဟာပိုကောင်းသလဲကိစ္စကိုတော့ အတည်ပြုချက်မရခဲ့ကြဘူး။ကိုယ့်စာမျက်နှာကိုယ်လှန်ပြီး အနာဂတ်သာသနာဆိုတဲ့ ခေါင်းစဉ်နဲ့ ပိဋကတ်စာမျက်နှာတွေထဲ တိုးဝင်ရင်း ဆွေးနွေးခဲ့ကြဖူး သဘောထားလည်းကွဲလွဲခဲ့ကြဖူးလေရဲ့။

အော် ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကြီးက ပိုပြီးလှနေခဲ့ပါပြီ။
တက်သစ်စ ကထိက နည်းပြတွေရဲ့ အတွေးသစ်နဲ့ နိုင်ငံတကာအမြင်တွေက ဖန်တီးလိုက်ကြတာပါ။
သူကျောင်းသားဘ၀က တက္ကသိုလ်စာကြည့်တိုက်နဲ့ မော်ကွန်းထိန်းရုံးကလွဲရင် ကွန်ပြူတာဆိုတာ သရဲတစ်ကောင်လို ရှားခဲ့ပေမယ့် ခုတော့ အင်တာနက်ခန်းမမှာ မျိုးဆက်သစ်ရဟန်းငယ်တွေက စုစုရုံးရုံး။

အဲဒီညနေက အချက်ပေးဟွန်းသံကြောင့်သာ ထွက်လာခဲ့ရတယ်။
နာရီစင်ကြီးရှေ့မှာ ရပ်ပြီး ငေးချင်နေတုန်း။

သီတဂူလမ်း (၃)








မဟာမုနိရုပ်ရှင်တော်မြတ်ပရိဝုဏ်ကအပြန် စစ်ကိုင်းကိုမ၀င်မီ မန္တလေးသာသနာ့ တက္ကသိုလ်က လည်း သီတဂူညီလာခံဧည့်သည်တော်တော်တွေကို ဖိတ်ကြားထားပါသတဲ့...။ သူ ၀မ်းသာသွား ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုနောက်ဆုံးနေ့တွေထဲ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်တံခါးဝကို ဆယ်စုနှစ် တစ်ခုနီးပါးကြာမှ ပြန်ဝင်ရဦးမယ်။

ဟိုတုန်းကလို ကျောင်းခေါ်ချိန်နောက်ကျလို့ ခိုးကြောင်ခိုးဝှက် ချောင်ကပ်ဝင်ရတဲ့ ကျောင်းသားတစ်ယောက် မဟုတ်တော့ဘူးပေါ့။ ခုတော့ သူက ထေရ၀ါဒ တက္ကသိုလ်များညီလာခံမှာ ခပ်တည်တည် (မိတ်ဆွေများပြောသလို မယောင်မလည်) ကိုယ်စားလှယ်အဖြစ်တက်ရောက်မယ့်သူ ဖြစ်နေပါရောလား။

နန်းတော်ရှေ့ ၆၂ လမ်းကို ချိုးကွေ့ဝင်လိုက်ရုံနဲ့ သူ့စိတ်တွေက လတ်လတ်ဆတ်ဆတ် ဖြစ်သွားတယ်။ လင်းလက်နေတဲ့ တက္ကသိုလ်မုခ်ဦးဝကြီးထဲ တိုးဝင်ခိုက်မှာပဲ သူဝေဒနာက္ခန္ဓာတွေလည်း လင်းသွားခဲ့ပါတယ်။ မိတ်ဆွေတွေရဲ့ အော်ဟစ်နှုတ်ဆက်သံတွေကို မြတ်နိုးစွာ သိမ်းပိုက်မိပါရဲ့။

သူ့ Same Batch တွေက ဒီတက္ကသိုလ်မှာ နည်းပြနဲ့ ကထိကဆရာတော်တွေအဖြစ့်  မိတ်ဆွေများကိုယ်တိုင်ကြောက် ခဲ့တဲ့ စာသင်ခန်းတွေထဲ ပြန်ဝင်ပျော်မွေ့နေကြလေရဲ့။ ကျောင်းတက်ချိန်တုန်းက စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်သာ ကုန်သွားတယ် ခုဆရာဖြစ်နေကြတဲ့ မိတ်ဆွေရဟန်းတော်တစ်ချို့ ကို သူ စကားမပြောလိုက်ရဘူး။ ခုတော့ မိတ်ဟောင်းဆွေဟောင်းတွေအဖြစ် သွေးနီးသွားသလို ခံစားကြရပြီ..။ အားလုံးရဲ့ နှုတ်ဆက်အပြုံးတွေကို တစ်ခုချင်းလိုက်ကောက်လို့ မမီတော့ဘူး။

သူတက်ခဲ့တဲ့ တက္ကသိုလ်ရာသီတွေမှာ သူက အုပ်စုတစ်ခုထဲ အခိုင်အမာ ရောက်သွားခဲ့ပါတယ်။ စာအုပ်စာပေတွေ အပြိုင်ဖတ်ပြီးငြင်းကြခုန်ကြဆွေးနွေးကြတဲ့ အုပ်စုပါ။ ဒီလိုနဲ့စာမေးပွဲရမှတ်တွေ လျော့လျော့သွားတာပါ။

ပထမနှစ် လေးဘာသာဂုဏ်ထူး

ဒုတိယနှစ် သုံးဘာသာဂုဏ်ထူး

တတိယနှစ် နှစ်ဘာသာဂုဏ်ထူး

နောက်ဆုံးနှစ် တစ်ဘာသာဂုဏ်ထူး

(တက္ကသိုလ်မှာ ရှိတဲ့ ဘာသာတွေက မေဂျာသုံးဘာသာ မိုင်နာလေးဘာသာပါ)

အဲဒါတွေက

၁။ ၀ိနည်း

၂။သုတ္တန်

၃။အဘိဓမ္မာ

၎။ပါဠိ

၅။မြန်မာစာ

၆။အင်္ဂလိပ်

ရ။ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာ(ဗုဒ္ဓ၀င်ဆိုင်ရာသမိုင်း၊ ဒဿနနှင့် ပထ၀ီဘာသာ)

သူဂုဏ်ထူးထွက်လေ့ရှိတဲ့ ဘာသာတွေက မေဂျာဘာသာတွေများပါတယ်။ ပထမဆုံးနှစ်ကဆို သူ့မိတ်ဆွေတွေ အံ့အားသင့်သွားဖူးပါတယ်။ ) မေဂျာတွေချည်း ဂုဏ်ထူးထွက်လို့ပါ။ (ကြွားတယ်လို့ ထင်ချင်ရင်လည်း ဖော့ပြီး ထင်ကြပါ) သူဂုဏ်ထူးမထွက်တာက အမှတ် (၅) နဲ့ အမှတ် (၇) ဘာသာရပ်တွေပါပဲ။ အမှတ်(၆)ဘာသာ အင်္ဂလိပ်စာကတော့ ဂုဏ်ထူးထွက်ပေးဖို့မသင့်ဘူးလို့ စဉ်းစားထား တာမှန်ပါတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်အင်္ဂလိပ်စာ အဆင့်အတန်းက ဘယ်မှာ အဆင်ပြေမှာတုန်း။ မေးထားတဲ့ မေးခွန်းကို ဖြေနိုင်လို့ ဂုဏ်ထူးထွက်မယ်ဆိုရင်တော့ သူ့နာမည်ကို ချန်ထားလို့ရမှာ မဟုတ်ဘူးပေါ့။(တော်လို့မဟုတ်ပါ..;) ဓမ္မာစရိယအဆင့်အတန်းရှိတဲ့ ကျောင်းသားတွေအတွက် အင်္ဂလိပ် သဒ္ဒါဆိုင်ရာမေးခွန်းတွေက လွယ်နေလို့ပါ။တက္ကသိုလ်ပထမနှစ်မှ အင်္ဂလိပ်စာ ကကြီးခခွေး သင်ကြရတာကိုး။

တက္ကသိုလ်ပထမနှစ်မှာ အင်္ဂလိပ်စာသင်ပုန်းကြီးစာအုပ်တွေ ဝေပေးပါတယ်..။ အဲဒီ သင်ပုန်းကြီးစာအုပ်လေးတွေ ၀ှက်ပြီး လူလစ်မှ ခိုးခိုးကျက်ကြရတာပါ..။ အဲဒီလို စာအုပ်လေးဝှက်ထားတဲ့ ကြားထဲက မိတ်ဆွေရဟန်းတစ်ပါးကတော့ လူမိသွားပါသေးတယ်..။

မိတ်ဆွေရဟန်းကို ကြည်ညိုတဲ့ မိသားစုတစ်စုက တက္ကသိုလ်အခန်းကို လာလည်ပါတယ်.။ ပထမတန်းအရွယ်ကလေးငယ်လေးတွေကလည်း မျောက်ရှုံးအောင် ဆော့ကြ..။ မိတ်ဆွေရဟန်းရဲ့ စာအုပ်စင်ကို ဖွကြနဲ့ နောက်ဆုံးတော့ ပထမတန်းဖတ်စာအုပ်လေးတွေ့သွားကြပါတယ်..။ကလေးငယ်တစ်ယောက်က ''ဘုန်းဘုန်းဖတ်တဲ့ စာအုပ်ကလည်း သားသားတို့နဲ့ တူတူပဲ '' တဲ့..။ ;)

ဘာပဲဖြစ်ဖြစ် တကယ်ကြိုးစားလိုက်တော့လည်း တက္ကသိုလ်ပညာသင်လေးနှစ်အတွင်း ခရီးပေါက်သွားတဲ့ရဟန်းတော်တွေ မနည်းပေဘူး..။

သူရေးနေကျမြန်မာစာကို ပါရာယန၀တ္ထုနဲ့ ဇိနတ္ထပကာသနီစကားပြေလွှမ်းမိုးခံထားရတဲ့ ဆရာက သိပ်ဘ၀င်မကျလှပါဘူး။ သမိုင်းဆရာကတော့ သက္ကရာဇ်တွေကိုပဲ အမှတ်ပေးချင်လေတော့ သင်ခန်းစာတွေကို တွေးပြီးရေးတတ်တဲ့ သူ့အဖြေလွှာမှာ အမှတ်စာရင်းတွေ နည်းသွားတာပါ။ ခုဆရာတွေ ပြန်တွေ့တော့ ရာစုအသစ်ကြီးထဲ ဘာတွေ ပေးရမယ်ဆိုတာ သိနေကြပြီဆိုတာ နားလည်နေခဲ့ပါတယ်။

သူစာကျက်တာ မမြင်ဖူးတဲ့သူ့မိတ်ဆွေတွေလောကမှာတော့ ဉာဏ်ကောင်းတယ်ဆိုတာမျိုးလည်း နာမည်ထွက်ခဲ့ဖူးပါတယ်။

၂၀၀၀ ခုနှစ်အလွန် ထေရ၀ါဒတက္ကသိုလ်တက်ခဲ့တဲ့အချိန်မှာတော့ မိတ်ဆွေရဟန်းတစ်ပါးရဲ့ မှတ်ချက်စကားကြောင့် ပြုံးမိရပါသေးတယ်။“ ဉာဏ်ကောင်းတယ်လို့ နာမည် ကြီးပြီ ဆိုရင်တော့ ညည အိပ်ရေးပျက်ပြီသာ မှတ်ပေရော”တဲ့။ စာခိုးကျက်ရတာလို့ ပြောချင်တာပါ..။

ဘာပဲဖြစ်ဖြစ် ခုတစ်ခေါက်ရောက်ချိန်မှာတော့ မိတ်ဆွေတွေရဲ့ နှုတ်ခွန်းဆက်သံတွေကြားထဲ သူမျောပါခဲ့ရဲ့။ ကထိကနဲ့ နည်းပြဆရာတော်ကြီးတွေက သူ့မိတ်ဆွေတွေဆိုပဲ။ တကယ်တော့ သူလည်း မိတ်ဆွေရဟန်းတို့ အမြင်မှာ တစ်ခုခုဖြစ်နေလေသလား( ဖတ်မိတဲ့ ငါ့ရှင်တို့ရေ ဘွာတေး) မစ္စတာ ဖရီးမင်းရေ ခင်ဗျားပြောတဲ့ The World Is Flat. ကမ္ဘာကြီးပြားသွားပြီဆိုတာ လက်ခံလိုက်ပြီ။ ကစားကွင်းက ပြင်ညီသွားပြီပေါ့။

28 August, 2009

သီတဂူလမ်း(၂)



ထေရ၀ါဒတက္ကသိုလ်မှာ မဟာတန်းတက်ခဲ့စဉ်က သူ့ရဲ့ မေဂျာပါမောက္ခဖြစ်ခဲ့ဖူးတဲ့ ကျိုက္ကလော့ဆရာတော်ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသကအပါအ၀င် သူက အခြားပါမောက္ခ၊ ကထိက ၊ နည်းပြ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ဆရာဆရာမတွေနဲ့ ရင်းရင်းနှီးနှီးပါ။ စာကြည့်တိုက်တွေ စာသင်ခန်းတွေကြား လမ်းသလားခဲ့ဖူးတာကိုး။ အတန်းစုံမှာလည်း မိတ်ဆွေတွေ ရှိသလို နောက်တက်လာတဲ့ ဂျူနီယာတွေကိုလည်း ဆရာလုပ်ဖို့က ၀ါသနာပါခဲ့သေးတာပေါ့။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်က ဟိုင်းဝေးဘတ်စ်ကားကြီးပေါ်မှာ မိတ်ဟောင်းဆွေ ဟောင်းတွေ ဆရာ ဆရာမတွေ ပြန်ဆုံတွေကြ၊ တသောသောရယ်မောကြ ကြည်နူးစရာခရီး တစ်ခုဖြစ်ခဲ့ပါတယ်။ လမ်းစဉ်တစ်လျှောက်မှာလည်း သီတဂူဆရာတော့်ဘုန်းရိပ်မှီရလို့ ကြိုဆို ဧည့်ခံရေး တွေက နွေးနွေးထွေးထွေး စောင့်နေခဲ့ကြတာပါ။

ပဲခူးအလွန်တစ်နေရာမှာ နံနက်စာ။
တပ်ကုန်းမှာက နေ့လည်စာ။
ရမည်းသင်းမှာတော့ အချိုပွဲ။

မန္တလေးမဟာမြတ်မုနိဘုရားကြီးပရိဝုဏ်ထဲကို ကြိုဆိုရေးအဖွဲ့က ကမ်းပေးတဲ့ သစ္စာပန်းစည်း လေးကိုင်ပြီး လျှောက်မိတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ဆီက မန္တလေးစာသင်သားဘ၀ စာဝါပိတ်ချိန် (ကျောင်းပိတ်ချိန်)တွေကို ပြန်လွမ်းမိတော့တာပါ။

၁၉၉၀ ပြည့်လွန်မစိုးရိမ်တိုက်သစ်ကြီးရဲ့ တုန်းမောင်းခေါက်သံတွေ ပြန်မည်လာခဲ့ပါတယ်။အဲဒီစာ သင်သားဘ၀နေ့ရက်တွေမှာတော့ စာဝါချိန်တွေက မလွန့်သာအောင်ပိတ်ဆို့ထားလေတော့ တစ်ရက်လေးသာ နားခွင့်ရလေတဲ့ ဥပုသ်နေ့တွေကို စာတွေအော်ကျက်ရင်း ဘုရားရှိခိုးရင်း ပြက္ခဒိန်ကြည့်စရာမလိုပဲ သိနေတော့တာပါ။

အဲဒီ ဥပုသ်နေ့တွေမှာ ၀ယ်စရာရှိရင် ဈေးချိုကို ပြေးရမယ်။ စာတိုပေစ ရေးထားတာလေးတွေကို ဘုရားကြီးစာတိုက်သွားထည့်မယ်။အဲဒီရှားရှားပါးပါး ဥပုသ်နေ့လေးက ရုံးပိတ်ရက်ဖြစ်နေရင်တော့ နောက်တစ်ပတ်စောင့်ပေဦးပေါ့။ အထွေအထူးလုပ်စရာမရှိလည်း အဲဒီဥပုသ်နေ့တွေမှာတော့ ကျောင်းနဲ့ဝေးနိုင်သမျှဝေးအောင်သွားတော့တာပဲ..။ ဆရာသမားတွေအချုပ်အနှောင်က လွတ်ရာပြေးတော့တာပဲပေါ့။ ဒါ ကိုယ်ပိုင်အခွင့်အရေးပဲ။ ဒီလိုနဲ့ ကိုရင်လေးတွေ ဦးဇင်းလေးတွေ တူရာတူရာပေါင်းပြီး မန္တလေးမြို့ကြီးကို ပန္နက်ပြန်ချကြတော့တာပါ။

အမရပူရက ဦပိန်တံတားပေါ်မှာ။ မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်ဘေးမှာ ။ တစ်ချို့ကိုယ်တော်လေးတွေကတော့ ရန်ကင်းတောင်လို စစ်ကိုင်းတောင်လို ဝေးဝေးလံလံတွေအထိ ခြေဆန့်ကြတော့တာပဲ။ဥပုသ်နေ့က သူတို့နေ့ပဲဆိုတာကို နာယကဆရာတော်ကြီးတွေ ကိုယ်တိုင်က အသိအမှတ်ပြုထားတာပါ။ ကျန်တဲ့နေ့တွေဆို သင်ရိုးညွှန်းတမ်းစာအုပ်က လွဲရင် အခြားစာအုပ်တွေ လက်ဝယ်တွေ့လို့ မရဘူး။ စာအုပ်အသိမ်းခံရလို့ ငှားနေကျ ဗေဒါလမ်းစာအုပ် ဆိုင်လေးမှာ စာအုပ်ဖိုးလျော်ရတာလည်း မှတ်မိနေသေးတယ်။ အဲဒီဥပုသ်နေ့မှာတော့ ဆရာတော်ကြီးကလည်း ဘာစာအုပ်ဖတ်ဖတ် မပြောတော့ဘူး။ တစ်နေကုန်အိပ်နေလည်း အပြစ်မတင်ဘူး။

အပြင်ထွက်ခွင့်တစ်နေကုန်ရပေမယ့် ညနေ ၆နာရီဘုရားရှိခိုးချိန်ကိုတော့ အမီရောက်အောင် လာရမယ်။ ဘုရားရှိခိုးပျက်ရင်တော့ ဒဏ်တွေလာပါပြီ။ မစိုးရိမ်းတိုက်သစ်ကြီးရဲ့ ဒဏ်ကလည်း လှပါတယ်။ စာကျက်ရတာပါ။ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရုတ်သိမ်းလိုက်တာပါ။

နေ့စဉ်နေ့တိုင်း နေ့ဆွမ်းစားပြီးချိန်( ၁၂း၀၀-၀၁း၀၀ နာရီ) ဟာ စာသင်သားတွေ တစ်နေကုန် စာကျက်နိုင်ဖို့ အနားယူခွင့်ပေးထားတာပါ။ အဲဒီအချိန်မှာ သင်္ကန်းခေါင်းမြီးခြုံပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် ကျိန်းစက်ကြရတာပါ။ စကားမပြောရ မဆူရပါဘူး။ စကားပြောမက်တဲ့ကိုယ်တော်တွေကတော့ ကျောင်းရှေ့က သစ်ပင်တွေအောက်ကို ပြေးကြရတာပါ။

တစ်ချို့ အချိန်ကို တန်ဖိုးထားတဲ့ ကိုယ်တော်လေးတွေကတော့ အဲဒီကိုယ်ပိုင်အချိန်လေးမှာ ကျောင်းအပြင်ထွက်ပြီး လောကီပညာတစ်ခုခု သင်တော့တာပါ။ ကျောင်းပေါက်ဝမှာလည်း သင်တန်းအမျိုးမျိုးကြော်ငြာတွေကလာကပ်ထားပါတယ်။အင်္ဂလိပ်စကားပြေသင်တန်း။စက်ချုပ်သင်
တန်း။ တိုင်းရင်းဆေးသင်တန်း ဗေဒင်သင်တန်းအစ နောက်ဆုံး ဗန်တိုဗန်ရှည်သိုင်း ကရာတေးသိုင်းသင်တန်းတွေအထိ စုံပါတယ်။ စရိုက်ကလည်းအစုံဆိုတော့ အမျိုးမျိုးကြုံရတာပါပဲ။


အဲ ဒဏ်ကျတဲ့ ကိုယ်တော်ကတော့ အဲဒီအချိန်မှာ စာအုပ်တစ်အုပ်ကိုင်ပြီး နာယကဆရာ တော်ကြီးခြေရင်းသွားပြီး စာကျက်ရတော့တာပါ။ သူများနားလို့ မနားရတော့ပါဘူး။ ဒဏ်ကျစာသင်သားတွေကလည်း ညစ်ကျယ်ကျယ်တွေဆိုတော့ စာကို သံပြိုင်အော်ကျက်ကြတာပါ။ ဆရာတော်ကျိန်းမရအောင်ပေါ့။ ဆရာတော်ကြီးကလည်း ပါရမီထူးပါတယ်။ မင်းတို့စာအော် ကျက်လေ ငါအိပ်ပျော်လေလုပ်တာပါ။ စာသင်သားတွေရဲ့ စာကျက်သံတွေကို့ ရစ်သမ်ဖြစ်နေတဲ့ ပရိယတ္တိပျော်ဆရာတော်ကြီးပါ။ အခုမန္တလေးမြို့က မစိုးရိမ်တိုက်ကြီးသုံးတိုက်ရဲ့ အဓိပတိ မဟာနာယကဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်ပါတယ်။ ပစ်မှားမိသမျှ ၀န်ချဦးခိုက် ပါတယ်ဘုရား။

ပြောရရင်တော့ မျက်နှာပူပါတယ်။ အဲဒီဒဏ်က တစ်ပတ်ဒဏ်၊ နှစ်ပတ်ဒဏ်။ တစ်လဒဏ်စသည် သတ်မှတ်ထားတာပါ။ တစ်လဒဏ်တွေ ဆက်လာပြီဆိုရင်တော့ ရာသက်ပန်ဒဏ်အဖြစ် တိုးမြှင့် လိုက်တော့တာပါ။ တိုက်ပိတ်လိုက်တဲ့ သဘောပါပဲ၊ ကျောင်းတိုက်မှာ နေသမျှကာလပတ်လုံး နေ့လည်ပိုင်း ကိုယ်ပိုင်အချိန်လေး စတေးလိုက်ရတော့တာပါ။ ရာသက်ပန်ဒဏ်က ကျောင်းက ထွက်သွားပြီး နောက်တစ်ခါ မျက်စိလည်ပြန်ရောက်လာရင်လည်း အသက်ဝင်ပါသတဲ့။ အဟဲ နောက်တစ်ခါ ကျောင်းအရိပ်မခိုတော့ပါဘူးဘုရား။ လက်ကျန်လေးတွေ ရှိနေသေးလို့ပါ။

ဘုရားရှိခိုးမမီမှာ စိုးတဲ့ စာသင်သားအများစုကတော့ ပြန်လို့လွယ်ကူတဲ့ ဘုရားကြီးကို သွားပါတယ်။ ကားခမရှိလည်း ခြေလျင်သုတ်လို့ရတဲ့ အကွာအဝေးမှာ ရှိတာကိုး။ ၄၁ လမ်းမကြီးပေါ်က နေပူကြဲကြဲနေ့တွေအမှတ်ရစရာပဲ။ ဘုရားကြီးရောက်လို့ ဘုရားပရိဝုဏ်ထဲ တစ်ပတ်ပတ်ပြီးရင် လိပ်ကန်ဘေးမှာ တစ်နေကုန် ထိုင်တော့တာပါ။ ဘာရယ်ကို မဟုတ်ဘူး ။ လွတ်လပ်ခွင့်လေးကို တရှိုက်မက်မက်ခံစားတာပါပဲ။

ပြောရင်းနဲ့ လွမ်းသွားတာ အဆိုတော်အငဲရဲ့ “တစ်ခါတုန်းက မန္တလေး” ဟာ ရဟန်းတစ်ပါးနဲ့လည်း ဆိုင်နေပြန်ပါရောလား။ ဒါပေမယ့် ရိုမန္တိက(Romantic)စာမျက်နှာတွေတော့ ပန်းရောင် မလွှမ်းခဲ့ဘူးပေါ့လေ။

သီတဂူလမ်း








ဒိုင်ယာရီစာမျက်နှာ အဟောင်းတွေကို လှန်မိတော့ တောက်တောက်ပပနေ့တွေကို ကောက်ယူ မွှေးမိပြန်ပါတယ်။
သီတဂူကြောင့် မွှေးရတာပါ။ သူကတော့ သီတဂူစိုက်တဲ့ ပန်းတွေကြား ၀င်ပွင့်ခွင့် ရလိုက်တာပါ။ မတ်လရဲ့ အစောပိုင်းနေ့တွေဟာ သီတဂူဆရာတော်ကြီးမွေးနေ့ ပွဲတော်အမီ လှပနေခဲ့ပါတယ်။ သာသနာ့အလံတော်တွေ၊ သီတဂူအထိမ်းအမှတ်တံခွန်တွေ ၊ နိုင်ငံတကာရောင်စုံ သင်္ကေတတွေက စစ်ကိုင်းတောင်တစ်ရိုး တလူလူလွင့်နေခဲ့ပါရော့။ ဆွမ်းဦးပုညရှင်ဆီက ဆည်း လည်းသံတွေကို ကြားကြားသမျှ အားလုံးက သိမ်းပိုက်မိကြပေါ့။

သီတဂူဆရာတော်ကြီးရဲ့ ၇၂ ပြည့်မွေးနေ့တော်မှာ အမှတ်တရတွေ မော်ကွန်းထိုးဖို့ အများသား..။
၁။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးရဲ့သန္တိမဟာဘွဲ့နှင်းခန်းမကြီးဖွင့်ပွဲနဲ့တွဲပြီးသီတဂူကမ္ဘာ့ဗုဒ္ဓတက္က
သိုလ်ပထမဆုံးအသုတ် ၀ိဇ္ဇာတန်းပညာသင်တွေကို B.A ဘွဲ့နှင်းအပ်ကြမယ်။

၂။သီတဂူဆရာတော်ကြီးကို ထိုင်းဘုရင့်နိုင်ငံတော် Mahamakut University က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဆက်ကပ်ကြမယ်၊
၃။သီတဂူဆရာတော်ကြီးရဲ့ အမွေ့လျော်ဆုံးဆန္ဒတော်နဲ့ ဖန်တီးခဲ့တဲ့ (Association of Theravada Buddhist Universities) အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်များအဖွဲ့ကြီးရဲ့ ဒုတိယမြောက် ညီလာခံကိုကျင်းပကြမယ်ပေါ့။

သီတဂူဆရာတော်ကြီးက အိန္ဒိယကို မမေ့ခဲ့ဘူး။ တကယ်တော့ အိန္ဒိယကိုသာမဟုတ်ဘူး။ မျိုးဆက်သစ်တွေကို သူ့နေ့စွဲထဲ ထည့်ရေးခဲ့တာပါ။ ဆရာတော်ကြီးက အိန္ဒိယကို တစ်နှစ်တစ်ခေါက်တော့ ရောက်လာလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးမှာ ပညာသင်နေတဲ့ရဟန်းတွေ (ဒီနှစ်ဆို သုံးရာကျော်လောက်ရှိပါတယ်) အတွက် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁၀၀ စီ လှူဒါန်းလေ့ရှိပါတယ်။

“မင်းတို့ရတာတော့ တစ်ရာပေါ့ကွာ ငါ့မှာတော့ သုံးသောင်း ”ဆိုတာမျိုးခပ်ရွှင်ရွှင်လည်း မိန့်လေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာတော့်စကားနာကြားခွင့်ရတာကိုက ကံထူးခြင်းတစ်မျိုးပါ။ ပြီးတော့လည်း သီဟိုဠ်ကျွန်းကိုလည်း ဆရာတော်က ကြွလေ့ရှိပါသတဲ့။ သီဟိုဠ်မှာ ပညာသင်နေတဲ့ရဟန်းတော်တွေကိုလည်း ဆရာတော်က မှတ်မှတ်ရရရှိခဲ့ပါတယ်။

ဒီတော့ ဆရာတော်ရဲ့ မွေးနေ့မင်္ဂလာနဲ့ တွဲဖက်ထားတဲ့ နိုင်ငံတကာပွဲမှာ မဇ္ဈိမနဲ့ သီဟိုဠ်ကို ပွဲထုတ်တော့တာပါပဲ။ “အိန္ဒိယက ပညာသင်ရဟန်းတော် ဆယ်ပါး။ သီရိလင်္ကာက ပညာသင်ရဟန်း တော်ဆယ်ပါး ကြွလာစေ”တဲ့။ဆရာတော်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဂုဏ်ယူဖွယ်ဖိတ်စာမှာ မျိုးဆက်သစ်ရဟန်းတော်တွေ အားသစ်ခဲ့ကြပေါ့။

အဲဒီဖိတ်စာဟာMMWAI(အိန္ဒိယနိုင်ငံလုံးဆိုင်ရာမြန်မာပညာသင်ရဟန်းတော်များသာယာဖွံဖြိုးရေး
အဖွဲ့) ကြီးရဲ့ အသက်သွင်းရွေးချယ်မှုနဲ့ သီဟပူရ(Singapore)မှာ ကျောက်ချနေတဲ့သူ့အတွက် လည်း အကျုံးဝင်ခဲ့ပါတယ်။
အိန္ဒိယကို ကိုယ်စားပြုမယ့် ရဟန်းတော်ဆယ်ပါးထဲ သူလည်း စာတမ်းတစ်စောင်ဖတ်ဖို့ ခပ်သုတ်သုတ်ကြိုးစားလို့ ချန်ဂီလေဆိပ်ကနေ ပိုးသားလေကြောင်း(Silk Air)နဲ့ အမြန်ပြန်ခဲ့တယ်..။

လေယာဉ်ပေါ်မှာ မှတ်မှတ်ရရတွေ့ခဲ့ရတဲ့ ကမ္ဘာ့ဗုဒ္ဓစာပေပညာရှင်ကြီး ဒေါက်တာဂုဏရတနကို မသိနိုးနား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့မိသေးရဲ့။ ညီလာခံတက်ကြမယ့်သူအချင်းချင်းပေါ့..။ပြီးမှ မျက်နှာပူရတယ်..။ ညီလာခံမှာ ဆရာတော်ကြီးက သဘာပတိထိုင်ခုံမှာ မိန့်မိန့်ကြီးသီတင်း သုံးလို့..။ ဆရာတော်ကြီးက အမေရိကားမှာ နှစ်ရှည်လများနေထိုင်သာသနာပြုနေတဲ့ ကျမ်းပြု သီဟိုဠ်ဆရာတော်ကြီးပါ။

ဘာပဲဖြစ်ဖြစ် မတ်လအစောပိုင်းရက်တွေအမီ စစ်ကိုင်းရဲ့ သံချောင်းခေါက်သံတွေဆီ သူ့ခြေလှမ်း တွေ သွက်ခဲ့ပါတော့တယ်။

မတ်လ(၄)ရက် ရန်ကုန်က ထွက်ခွာ...ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မုခ်ဦးဝက ကားစထွက်တော့ နံနက်၃း၃၀ နာရီ..။
ပါမောက္ခ၊ ကထိကဆရာတော်တွေ၊ လူပုဂ္ဂိုလ်ပါမောက္ခ၊ ကထိကဆရာ ဆရာမတွေနဲ့အတူပေါ့။
သူကတော့ သီတဂူဆရာတော်ရဲ့ ဖိတ်ကြားစာရင်းမှာ ပါသော်လည်း “ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ကြွ ကုန်ကျစားရိတ် စစ်ကိုင်းမှာထုတ်ယူ”ဆိုတဲ့သီတဂူမိတ်ဆွေပါမောက္ခတစ်ချို့ရဲ့ အကြောင်းပြန်ချက် ကြောင့် ကားလက်မှတ်အဆင်သင့်ဖြတ်ထားပေမယ့် အဖော်ကောင်းလို့ ထေရ၀ါဒခရီးစဉ်ထဲ ရောပါမိပါရော။


26 August, 2009

ကုသိနာရုံဆင်ဖိုနီ


အဲဒီညနေခင်းဟာ
နွမ်းလျလျရှိခဲ့တယ်
ခန္ဓာဆိုတာ ၀န်ထုပ်ဝန်ပိုးမို့
နောက်ဆုံးသယ်ဆောင်ရမယ့်
နောက်ဆုံးထွက်သက်မှာတောင်
သင်္ခါရတွေ စီးစီးပိုးပိုး
ရှုကြရော..။

“ ဟိရည၀တီမြစ်ကို ဖြတ်လို့
အင်ကြင်းပန်းတွေပွင့်ရာ
ဟိုး..
ကုသိနာရုံတောအုပ်လေးဆီ
သွားကြစို့”

“ပန်းလေစွ အာနန္ဒာ
အင်ကြင်းပင်တွေကြား
မြောက်ဘက်အရပ်ကို ခေါင်းထားလို့
ညောင်စောင်းလေးကို ခင်း
ကိုယ်တော် ကျောခင်းတော်မူဦးမယ်။”

အံ့ချီးဖွယ်တွေက
လောကတစ်ခုလုံးရဲ့ ကြေကွဲမှုကို ဖုံးဖို့
ပင်လုံးကျွတ်အင်ကြင်းခိုင်တွေ
ဝေကြ ဝေ့ကြ
ကြွေကြပေါ့
ပန်းတွေကတော့ ငိုကုန်ပြီ။
မန္ဒာရ၀နတ်ပန်းတွေ
စန္ဒကူရနံ့မိုးတွေ
ကုသိနာရုံကို စိုးချေပြီ။
နတ်တို့ရဲ့ ဂီတက
ကောင်းကင်အဆွေးကြီးထဲ
ပေါက်ပြဲလို့
သာယာပေမယ့် နာမိကြပေါ့။

“မြင်ရဲ့လား အာနန္ဒာ
အခါမဲ့အင်ကြင်းပန်းတွေ ဝေလို့
နတ်ပန်းမြတ်တွေက ကြွေလို့
စန္ဒကူးမိုးတွေက စွေလို့
လာခြင်းကောင်းသာအရှင်ကို
ပူဇော်ကြနေကြရဲ့ ..။
မှတ်လော့ အာနန္ဒာ
ပူဇော်ခြင်းအစစ်ဆိုတာ
တရားသဘောရှုမှတ်
ဓမ္မာနုဓမ္မပဋိပတ်
ဖြောင့်မတ်တဲ့အကျင့်သာဖြစ်ပေတယ်
အဲဒီပူဇော်ခြင်းမျိုးသာ
မြတ်နိုးရပေမယ်”

ကိုယ်တော်မြတ်ရဲ့ညောင်စောင်းတော်ဘေးမှာတော့
ရဟန္တာမြတ်ဥပ၀ါဏက
သားမြီးယတ်ကို ခတ်လို့
လေးအေးဓါတ်ကို
ဆက်ကပ်နေလေရဲ့
“ ရဟန်း
ဖဲလော့ ရှားလော့
မျက်မှောက်တော်မှာ
မတည်လေနဲ့”
ကိုယ်တော်အရှင့်မိန့်ကြားသံ
ရှင်အာနန်အံသြစွာ စဉ်းစားမိပေါ့။
“ဥပ၀ါဏရဟန်းမြတ်ဟာ
ကိုယ်တော်အရှင့် အလုပ်အကျွေး
နှစ်ရှည်လများ
ကျေးဇူးတွေ ပွားခဲ့ဖူးပေါ့။
ဘဇာအရေးကြောင့်
ကိုယ်တော်ရှင့်နံဘေး
ရပ်တည်ခွင့်မပေးပါသလဲ”တဲ့..။

“သိလော့ အာနန္ဒာ
လောကဓါတ်တစ်ခုလုံး
နတ်ဗြဟ္မာတွေ စုရုံး
နောက်ဆုံးထွက်သက်တော်မီဖို့အတွက်
အုတ်အုတ်ကျက်ကျက်
ဟောဒီကုသိနာရုံအကွင်းအကွက်ထဲမှာ
သမန်းမြက်ဖျားတစ်နေရာစာတောင် မရှိတော့ချေဘူး။

ဥပ၀ါဏက
နတ်မျက်စိနဲ့ထွင်းဖောက်မမြင်နိုင်တဲ့ ရဟန္တာ
သူတို့ခမျာ
ကိုယ်တော့်မျက်နှာ ဖူးမျှော်ခွင့်အရေး
ရင်လေးနေကြရှာလေရဲ့” တဲ့
နောက်ဆုံးသာတဲ့ လကို
နောက်ဆုံးမျှော်ငေးခွင့် မရှုံးစေလိုတဲ့ အရှင်ပေါ့။

နတ်တွေက
သူတို့ရဲ့ မျက်ရည်ဘာသာစကားမှာ
အလဲလဲအပြိုပြိုဖြစ်ကြ
ဟစ်အော်မည်တမ်းကြ
“ လောကမျက်လုံးကွယ်တာ စောလှချည့်”တဲ့။
မရင့်ကျက်သူတို့
ကြေကွဲမှုမြစ်ထဲ အပိုင်းပိုင်းမျောကြရဲ့။
တရားသိသူတို့
ငြိမ်ဆိတ်လို့
သံဝေဂမှတ်တိုင်မှာ ရပ်နေကြလေတယ်။

“ဟိုးယခင် သီတင်းဝါလကျွတ်ချိန်တွေမှာ
အရှင်မြတ်ခြေရင်း
ခေါင်းခင်းပူဇော်နေကြသားရဟန်းတွေ
နောက်များမှာ အလွမ်းပြေပူဇော်ဖို့
ဆုံးရှုံးကြပေါ့” တဲ့
ရှင်အာနန်က အားတင်းလျှောက်ပြန်တယ်။

“နာယူလော့ အာနန္ဒာ
သဒ္ဓါစွပ်စိုတဲ့ အမျိုးကောင်းသားတွေအတွက်
လာခြင်းကောင်းသောအရှင့် မွေးဖွာရာ
လာခြင်းကောင်းသောအရှင့် တရားသိမြင်ရာ
လာခြင်းကောင်းသောအရှင့် တရားဦးဟောရာ
လာခြင်းကောင်းသောအရှင့် နောက်ဆုံးလျောင်းစက်ရာ
သံဝေဂဉာဏ်ပွားရင်းလှည့်လှည်
သံသရာအစီးအပွား
သုဂတိသာ လားပေလိမ့်”။

ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။

“ကိုယ်တော့်ရှင့်
အန္တိမပူဇာအရေး နည်းပေးညွှန်းပါဦးတဲ့
“မကြောင့်ကြလေနဲ့ အာနန္ဒာ
သင်တို့ဝန်တာမလေးစေနဲ့
ဒကာ ဒကာမတွေ အရေးသာဖြစ်လေရဲ့
တရားဓမ္မသာ သင်တို့ ရှာရော”

ပူဇော်ပုံအခြင်းအရာ
ရှင်းလင်းသိရပါမှ ဘုရားတဲ့
တစ်ဆင့်တက်မေးပြန်တယ်
စကြာဝတေးမင်းပမာ
ပူဇော်ပုံ ထူးရာ၏ တဲ့

လောကတစ်ခွင်မှာ
စေတီထိုက်သူ
လူမြတ်လေးပါးရှိလေရဲ့
ဘုရား
ပစ္မေကဗုဒ္ဓါ
ဘုရားတပည့် သာဝကာနဲ့
စကြာမင်း
ဂုဏ်သတင်းအလိုက်
ပူဇော်ထိုက်ပ
ဦးခိုက်လေးမြတ်လို့
နတ်လမ်းဖောက်ကြပေရော..။

ရှင်အာနန် မေးခွန်းဆိတ်ပြီမို့
ကိုယ်တော့်အရှင့်အနားက တိတ်တိတ်လေးခွာ
ကျောင်းလေးထဲ အသာဝင်
ကျောင်းတံခါးတိုင်ကို ဖက်ရမ်း
အားကိုးရာမဲ့ကြိတ်ငိုခဲ့ပေါ့
“ကျေးဇူးရှင်ကြီးကား လွန်တော့မည်။
ငါ့မှာ ထောက်တည်ရာ တရားမမြင့်သေး
ငါ့အရေးကို ဘယ်သူညှာတာပေးပါလိမ့်”တဲ့။

“အာနန္ဒာ ဘယ်မှာ ရောက်ပါလိမ့်”
ကိုယ်တော်မြတ်အမေးတော်နဲ့
ရှင်အာနန်ကို ဆွဲခေါ်ခဲကြပေါ့
“မျက်ရည်တွေ သုတ်လိုက်တော့ အာနန္ဒာ
ချစ်သူတွေ မြတ်နိုးရသူတွေ ရှင်ကွဲမကွဲ သေကွဲကွဲကြ
ဓမ္မတာတရား
ကိုယ်တော် အကြိမ်ကြိမ်ဟောကြားခဲ့
တစ်လောကလုံးဖြစ်မြဲ အပျက်တရား
ကိုယ်တော့်ကိုလည်း ချန်ထားမှာ မဟုတ်ပေဘူး။
မမေ့နဲ့ အာနန္ဒာ
သင့်မေတ္တာကာယကံ
သင့်မေတ္တာဝစီကံ
သင့်မေတ္တာမနောကံတွေနဲ့
ကိုယ်တော်မြတ်အပါးမှာ
ကာလရှည်လျား
ကျေးဇူးတွေများခဲ့ပေါ့
သင်ဆည်းပူးခဲ့သမျှ ကောင်းမြတ်ခြင်းတွေ
အာသဝေါယစ်မူးခြင်းတွေက
သင့်ကို လန်းစေလိမ့်မယ်
ဝီရိယသာ အရှိန်မြှင့်ပေရော” တဲ့
ကိုယ်တော်အရှင့်အားပေးစကား
ရှင့်အာနန့် နားနဲ့ နှလုံးသားကို ချိတ်ဆက်မိစေပေါ့။

ဂင်္ဂါကို ဘလော့ခြင်း


ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်နေတာကတော့ ကြာပါပြီ။ ကွန်ပြူတာရှေ့မှာ အကြာကြီးပိတ်မိနေတာမျိုးလည်း ကျန်းမာရေးက လက်မခံ၊ အညောင်းမိတတ်တာမျိုးပါ။ ဘာပဲဖြစ်ဖြစ် ပြောချင်တာလေးတွေ ရှိလာတော့ ဂင်္ဂါကို ဘလော့ဂ်ဖြစ်တော့တာပါ။ ခုလည်း နည်းပညာအရ ဘာမှ ကျွမ်းကျင်မှုမရှိဘူး။ ဒီတော့ ဘလော့စာမျက်နှာတွေက မသေသပ်ဘူးဖြစ်နေတာပါ။ စာပိုဒ်ခွဲတာတောင် စနစ်မကျဘူး။

ပြီးတော့ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး လူဦးရေအထူအထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်က မြို့တွေဟာ မီးအလွန်ပျက်ပါတယ်။ ဂင်္ဂါမြစ်ကမ်းက မြို့တော်ဗာရာဏသီဟာလည်း မီးပျက်တဲ့လောကဓံအောက်မှာ ခြစ်ခြစ်တောက်ဖြစ်ရရှာတာပါ။ နွေလယ်ရက်တွေမှာဆို ငိုချင်ရက် လက်တို့ထက် တစ်ကိုယ်လုံးတွန့်အောင် အပူဒီဂရီက တရိတ်ရိတ်မြင့်တက်လာတဲ့အခါ လေးအေးပေးစက်လေးဖွင့်နိုင်မှ သက်သာရုံရှိတာပါ။

လေအေးပေးစက်ဆိုလို့လည်း အဲယားကွန်းလို့ ပြေးမြင်မိမလား။ နိုး ဟိုး ဟိုး..။ အိန္ဒိယပြည်တွင်းဖြစ် အဖိုးနည်းဝန်ပါကိရိယာတစ်ခုပါပဲ။ သံပြားသေတ္တာပုံးထဲမှာ ပန်ကာတပ်ဆင်ပြီး သေတ္တာရဲ့ နံရံတွေမှာ ကောက်ရိုးတွေ ညှပ်ထားရပါတယ်။ ပြီးတော့ သေတ္တာပုံးထဲကို ရေထည့်ပေးရပါတယ်။ ပန်ကာလည်တဲ့အချိန်မှာ ရေခိုးရေငွေ့တွေကို ဖြတ်သန်းလာတဲ့ လေအေးအေးလေးကို အငမ်းမရ တွယ်ဖက်ကြရတာပါ။ water cooler ပေါ့လေ။

နွေရာသီမှာဆို အပြင်မထွက်ရဲတော့ဘူး။ သတင်းစာမှာ ပါတဲ့ အပူဒီဂရီမှတ်တမ်းကို စောင့်ဖတ်ရင်း ၃၈-လောက်ကနေ တက်သွားတာ ၄၅-၄၆ ဒီဂရီအထိမြင့်တက်သွားတဲ့နေ့တွေဆို နာရေးသတင်းတွေလည်း ကြားရတော့တာပါ။ စက်ဘီးနင်းရင်း လဲကျသေဆုံးသွားတာမျိုးတွေပေါ့။ ဒီတော့လည်း အခန်းထဲမှာ ငြိမ်ကုပ်နေကြရတော့တာပါ။ ဖြစ်ချင်တော့ ကုလားပြည်ကလည်း ပူပြီဆိုမှ စာမေးပွဲတွေကို စစ်ကြတာကလား။ စောင့်ပေရော့ မေလအထိ။ ဧပြီလထဲက ပိတောက်တွေနဲ့လည်း ခပ်စိမ်းစိမ်းဖြစ်ရတော့တာပါ။ အပူလှိုင်းဒဏ်ကလည်း အခန်းအပြင်ဘက်ထွက်လိုက်တာနဲ့ ထိတော့ပါပဲ။ တစ်ကိုယ်လုံးမှာ အဖုတွေ ပေါက်ကြတာ ကိုယ်တော်လေးတွေရဲ့ မျက်နှာတော်တွေလည်း နီလို့ရဲလို့ ပေါက်ပြဲလို့ပါပဲ။

ခုလို မိုးရာသီမှာတောင် ဗာရာဏသီက ပူချင်တုန်းပါ။ ပူအိုက်စွပ်စိုရာသီဖြစ်မှာပေါ့။ မီးကတော့ မနက်ကိုးနာရီဆို ပျက်ပါတယ်။ နေ့လည် နှစ်နာရီမှာ ပြန်လာတတ်ပါတယ်။ ခုတစ်ပတ်လောက်အတွင်းမှာတော့ မီးပျက်ချိန်က ပိုများလာပါတယ်။ ဒီနေ့ဆို ညနေ ငါးနာရီထိုးမှပဲ ပန်ကာလေးဖွင့်နိုင်တော့တယ်။ လေအေးစက်ကတော့ ရေထည့်စရာကုန်သွားလို့ ရေတင်ပြီးမှပဲ ဖွင့်လို့ရတော့မယ်။ ရွာက အမျိုးတွေကတော့ ငါတို့ဦးဇင်းတော့ နိုင်ငံရပ်ခြားမှာ အပျံစားဖြစ်နေပြီလို့ လူစုစုရှိတိုင်းပြောကြမှာ မြင်မိတယ်။ အဟတ် အဟတ်။

မီးလာတဲ့အချိန်လေးမှာ ဂင်္ဂါကို ဘလော့ဖြစ်တော့တာပါပဲ။ နေတာက သုံးပါးပါ။ ကွန်ပြူတာက တစ်လုံးတည်းဆိုတော့ အလစ်ကို စောင့်ရတာပါ။ ကွန်ပြူတာပိုင်ရှင် မိတ်ဆွေ သူငယ်ချင်းက နောက်နှစ်ထဲမှာ တင်ရမယ့် ကျမ်းစာအတွက် အလုပ်တွေ ရှုပ်နေတာပါ။ ကျန်မိတ်ဆွေဦးဇင်းလေးကတော့ မာစတာပထမနှစ် အောင်စာရင်းတွေ ထွက်လို့ ဖိုင်နယ်လ်တန်းတက်ဖို့ စာရွက်စာတမ်းတွေနဲ့ ပြေးလွှားနေရရှာပါတယ်။
မနှစ်ကတော့ ကွန်ပြူတာတစ်ပါးတစ်လုံး ရှိကြပါလေရဲ့။ အမေရိကားက သာသနာ့အမျိုးဇနီးမောင်နှံက ကွန်ပြူတာဖြင့် မပင်ပန်းစိမ့်သောငှါ ကွန်ပြူတာဖိုးန၀ကမ္မပေးပို့လှူဒါန်းကြလို့ ညဘက်တွေမှာ လက်ပ်တော့တစ်လုံးနဲ့ အင်တာနက်ကသိုဏ်းကမ္မဋ္ဌာန်းစီဖြန်းရတော့တာကလား။

ဒီတစ်ခေါက် ရွာအပြန်မှာတော့ ကျေးလက်မြို့လေးကို ပြန်ပြီးကျောင်းထိုင်ရတော့မယ့် ငယ်စဉ်က မိတ်ဆွေရဟန်းတစ်ပါးနဲ့ အတူနေဖြစ်ခဲ့ပါတယ်။ သူက လက်ပ်တော့ကွန်ပြုတာလေးကို အရိပ်တကြည့်ကြည့်ဖြစ်နေတော့တာပါ။ ကလစ်တစ်ချက်ခေါက်တိုင်း သိချင်တာလေးတွေ ထွက်ထွက်လာတတ်တာကိုပဲ သူက သဘောကျနေတာပါ။ ပိုင်တယ်ကွာ ဆိုတဲ့စကားလုံးကတော့ ဘယ်နှစ်ကြိမ်မှန်းကို မသိတော့ပါဘူး။ သူက ဈေးနှုံးလည်းမေးပါသေးတယ်။ အခြားမိတ်ဆွေတွေကိုလည်း သူကျေးလက်မြို့လေးကို မပြန်ခင် ကွန်ပြူတာလေးတစ်လုံးတော့ ၀ယ်နိုင်အောင် ကြိုးစားရမယ်လို့လည်း ပြောတတ်ပါသေးတယ်။ ဟုတ်ပါတယ် အဲဒီမြို့လေးမှာ သူက တရားဟော တရာပြဆောင်ရွက်ရမှာဆိုတော့ ပိဋကတ်တော် စီဒီရွမ်တွေဖွင့်ကြည့်ဖို့ ကွန်ပြူတာလေးတစ်လုံးကိုတော့ သူအိပ်မက်နေတာဖြစ်ပါလိမ့်မယ်။

နောက်ဆုံးတော့ မိတ်ဆွေရဟန်းရဲ့အိပ်မက်ကို တကယ်ပုံဖော်ဖို့ ကြိုးစားမိပါတယ်။ အိန္ဒိယမှာ ကျောင်းတက်နေသူအတွက် ကွန်ပြူတာ မျှဝေသုံးစွဲဖို့ မခက်ခဲနိုင်ဘူးပေါ့။ ဒီလိုနဲ့ လက်ပ်တော့လေးကို နိဗ္ဗာနဿ ပစ္စယောဖြစ်ခဲ့တာပါ။ စုဆောင်းထားတဲ့ စာအုပ်တွေလည်း အများကြီးရှိနေပြီဆိုတော့ စာကြည့်တိုက်လေးတစ်လုံးအဖြစ်လည်း အသုံးဝင်တော့မှာပါ။ အခု မိတ်ဆွေရဟန်းလည်း မြို့လေးကို မပြန်မီ ကွန်ပြူတာသင်တန်းတွေ တက်နေပြီဆိုပဲ။ လက်ဆင့်ကမ်းနိုင်ပါစေပေါ့။

ဒီလိုနဲ့ ဗာရာဏသီကို ပြန်ရောက်ခဲ့ပါတယ်။ ကွန်ပြူတာကပ်ပြီး အသုံးပြုမယ့် အကြံက ထင်သလောက်ပေါက်ခဲ့ပေမယ့် မီးလာချိန်နဲ့ မိတ်ဆွေရဲ့ ကျမ်းပြုချိန်တွေကိုတော့ သတိပြုရသပေါ့လေ။
မာစတာတက်နေတဲ့ မိတ်ဆွေဦးဇင်းလေးလည်း မနှစ်က လက်ပ်တော့တစ်လုံးရှိပါတယ်။ သူလည်း ရွှေပြည်တော်ဆီပြန်တော့ နာဂစ်မုန်တိုင်းဒဏ်ခံရွာလေးတစ်ရွာက ကျောင်းဆရာဆရာမလေးတွေ သုံးဖို့ လှူခဲ့တယ်ဆိုပဲ။ အဲ သူကတောင် ပိုလှသွားသေးရဲ့။

ဘာပဲဖြစ်ဖြစ်
ရသလောက်အခွင့်အရေးလေးနဲ့ ဂင်္ဂါကို ဆက်ဘလော့ကြည့်တာပေါ့။



25 August, 2009

နေ့စွဲအစစ်များ

တကယ်ပဲ ဖြစ်ခဲ့တယ်။
အတူတူပဲ ရှိခဲ့တယ်။

ညနေခင်းတွေက ၀ါးလို့လည်း မကြေခဲ့ဘူး။
ဟိုဘက်တောင်ရိုးမှာ
ငါတို့အတွက် မိုးတွေ ညိုခဲ့ဖူးလေရဲ့။

အဲဒီစောင်းတန်းလေးအတိုင်းပဲ
လွမ်းခဲ့ပါ။
အဲဒီထိုင်ခုံလေးကပဲ
အဲဒီစကားလုံးတွေနဲ့ပဲ...
အဲဒီကောင်တွေ ရောက်လာရင်တော့
ပွဲပြုပေလိမ့်မယ်။
ဖျက်ပစ်လိုက်ကွာ။

ကျောင်းခေါ်ချိန်သာမမှန်တာပါ၊
ဘ၀ရဲ့ခေါ်သံတွေကိုတော့
ကျယ်ကျယ်လောင်ကြားတတ်ခဲ့ကြသေး
ငါရယ် မင်းရယ်
အဲဒီကမ္ဘာပြုအတွေးတွေထဲ
မန္တလေးကျုံးကြီးနစ်သွားခဲ့လေရဲ့။

မကြာပါဘူး
ပြန်ခဲ့မယ်
ရဲရဲညီးညီးတောက်လောင်စအပြုံးတွေကို
ဲငြိမ်းသတ်ဖို့


24 August, 2009

မဂဓတက္ကသိုလ်ကျောင်းသား






(၁)

သူငေးမျှော်ကြည့်နေမိသောဂယာသည် လွန်ခဲ့သော နှစ်ဆယ့်ငါးရာစုကျော်ဆီက ညနေချမ်းတစ်ခုနှင့် ကွဲပြားခြားနားနေတော့မည်မှာ သေချာလှပါသည်။ ဤနေရာသည် တစ်ချိန်က ၀ိဝေကမြတ်နိုးသည့် သူတော်စင်တို့အတွက် ဆိတ်ငြိမ်အေးချမ်းသော ဥရုဝေလ တောအုပ်လေးဖြစ်သည်။ နေရဉ္ဖရာမြစ်ကမ်းပါးဆီက ခြေကျွံလာသော လေအေးအေးသည် ဤတောအုပ်လေးကို ဓမ္မသိင်္ဂါရဖြင့် ထွေးပွေ့ထားပေမည်။

ယခုဂယာသည် ရာစုသစ် ဒစ်ဂျစ်တယ်လ်ပြကွက်ထဲက တဖျတ်ဖျတ်လက်နေသော ဂယာဖြစ်နေသည်။ အထွတ်အထိပ်အသိဉာဏ်သီးပွင့်ရာ ညောင်မြတ်မဟာသည်ပင် ဗုဒ္ဓအရှင်ကို အလွန်အကျွံလေးမြတ်သူတို့၏ သဒ္ဓါယိုစီးမှုဖြင့် ယိမ်းယိုင်နေခဲ့ပြီ။ ယမန်နေ့က အိန္ဒိယတိုင်းသတင်းစာ( ၁၇၊၃၊၂၀၀၈)တွင် မဟာဗောဓိညောင်ပင်မြတ်သည် အတိုင်းအဆမဲ့စွာ မီးပူဇော်ကြသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်လွန်ကဲသော ဒဏ်ကြောင့် ကျန်းမာရေးချို့တဲ့နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနေရာတစ်ခုကို ပူဇော်ရာနေရာတစ်ခုအဖြစ် သတ်မှတ်သင့်ပြီဖြစ်ကြောင်း စသည်ဆွေးနွေးတိုင်ပင်ကြသည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။

တစ်ကမ္ဘာလုံး၏ သဒ္ဓါအနမ်းအောက်က ညောင်ပင်အိုသည် သူကိုယ်တိုင် မနာယူလိုက်ရသော အနတ္တလက္ခဏသုတ်ကိုသာ ဆင်ခြင်ဖို့ရှိတော့သည်။မည်သို့ဖြစ်စေ သူသည်လည်း ပုထုဇဉ်ရဟန်းတစ်ပါးပီပီ သစ္စာဓါတ်စီးခဲ့ဖူးလေသည့် ညောင်ရွက်လေးတစ်ရွက်ပူဇော်ခွင့်ရဖို့ လေညှင်းခချိန်ကို စောင့်မျှော်ရသည့် ရသကိုတော့ ခုံမင်နေဆဲပင်။

သူသည် ပညာသင်ရဟန်းတစ်ပါးအဖြစ် ငယ်စဉ်က တိုးတိတ်စွာ လွမ်းမောခဲ့ရသော မဇ္ဈိမဒေသနှင့် ကျွမ်းဝင်ခွင့်ရလာသည့်အခါ ဂယာ၏ ဆီးကြိုမှုက အိက်မက်ပမာဖြစ်နေခဲ့သည်။ သူမျှော်လင့်ပုံဖော်ထားသည့် ဂယာတော့ မဟုတ်ခဲ့။ သူကိုယ်တိုင်ကပင် ၀ိဝေကကို မရှုမြင်တတ်သည်လား၊ ဂယာသည် ရောင်စုံဂိုဏ်းဂဏနှင့် ဒဿနရောယှက်မှုတို့ဖြင့် ရှုပ်ထွေးငြိကပ်ကာ သူ့ရင်ထဲတွင် ဆူညံနေလေသည်။

ကြီးမြတ်သော အရှင်လျှောက်ခဲ့သော လမ်းတွင် လူသူစိမ်းတို့၏ ခြေသံကို ကြားနေရသလိုပင်၊ သို့သော် အရှင့်ဓမ္မ၊ အရှင့်အသံကို ဖွင့်ဆိုပုံ ကွဲပြားနေကြသည့်တိုင် အရှင်မြတ်၏ အမည်တော်ကို မြတ်နိုးတသ တဖွဖွ ရွတ်ဖတ်သရဇ္ဈာယ်နေကြသူတို့၏ မျက်ဝန်းတွင်ရွှန်းမြကြည်လဲ့သော ဗြဟ္မစိုရ် ရိပ်ကို ဖမ်းဆုပ်မိပြန်သည်။

ဂယာသည် ပြည့်စုံသော ရှုမျှော်ခင်းဖန်သားပြင်တစ်ချပ်ဖြစ်ကြောင်း ငြင်းကွယ်မရ၊ သံပြိုင်တရားဓမ္မရွတ်ဖတ်သံများ၊ ထူးထွေဆန်းပြားစွာ ပုံဟန်အမျိုးမျိုးဖြင့် ၀တ်ပြုဆုတောင်းနေကြသူများ၊ ဖိတ်စင်ကျလာမည့် စေတနာအပိုင်းအစလေးအတွက် မွတ်သိပ်စွာ တိုးဝှေ့နေသော သူဖုန်းစားများ၊ ဟိုးခပ်ဝေးဝေးဆီက တရွေ့ရွေ့ပြန်ထွက်သွားသော လူစုလူဝေးများ၊ ထည်ဝါသောဘာသာရေးခန်းဆောင်များ၊ ညစ်ထေးထေးကလေးသူငယ်များ၊ နိုင်ငံတကာဆန်သော အငွေ့အသက်များကြားက ဖုံးဖိမထားနိုင်သော ရွံရှာဖွယ်အနံ့များ၊ စာသင်ကျောင်းမှိန်မှိန်လေးများ၊ နေပူကျဲကျဲဂျုံစိုက်ခင်းထဲက ဆာရီဝတ်ကောက်ရိတ်သမများ၊ ခွန်အားချိနဲ့နေသည့်တိုင် ဆိုက်ကားနင်းနေရရှာသော ရစ်က်ရှောဝါလားအဖိုးအိုများ၊

ဂယာသည် ပို့စ်မော်ဒန်နေ့စွဲများထဲက ကျေးလက်အသွေးအသားနှင့် အင်တာနက်ကဖေး ရောယှက်ထားသော သရုပ်မှန်ချင်ရှာသော ရပ်ဝန်းလေးတစ်ခုသာ ဖြစ်သည်။ ဂယာကို ပတ်ခွေစီးနေသော ဤညနေခင်းနာရီလက်တံရွေ့လျားမှုများနှင့်အတူ မဟာဗောဓိပရိဝုဏ်၏ မှိန်လိုက်လင်းလိုက် သမိုင်းဆေးသားများက ရောနှောပျက်ပျယ်မသွားခဲ့။ ရှုပ်ထွေးနက်ရှိုင်းလှသော အိန္ဒိယ၏ သမိုင်းအချိုးအကွေ့များကြားတွင် ကိုယ်ပိုင်အမည်နှင့် ကိုယ်ပိုင်ဟန်ကို ခိုင်ခံ့လှသော ကျောက်သားထုထည်ဖြင့် ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

ဂယာလေယာဉ်ကွင်းသည် ဓမ္မခရီးသည်အတွက် နိဗ္ဗာန်ဆိပ်ဖြစ်နေသည်။ ဂယာကို ပေးဆပ်လိုသူများ၊ ဂယာကို ထုပ်ပိုးယူငင်လိုသူများ၊ ဘာပဲဖြစ်ဖြစ် ထိုသူတို့၏ ခြေလှမ်သည် တစ်စုံတစ်ခုကို အရယူဖို့ဖြစ်ကြောင်းသေချာလှပါသည်။

သူကိုယ်တိုင်ကရော ဘာများရယူဖို့ မျှော်လင့်ထားခဲ့မိပါလိမ့်၊


(၂)

သူ့ကို မဇ္ဈိမနေ့ရက်များထဲ သိမ်းသွင်းခဲ့သော အဓိကအရာသည် သူကိုယ်တိုင်၏ ဘယ်တော့မှ မဆုံးနိုင်သော အသိပညာငတ်မှုဆာလောင်မှုပင်ဖြစ်သည်။ ထိုသို့ဖြင့် သူသည် မဂဓတက္ကသိုလ်ကျောင်းတက်ချိန်ဇယားများနှင့် အသားကျအောင် ကြိုးစားရလေ့ရှိသော မြန်မာရဟန်းတော်များစာရင်းတွင် သူ့အမည်ကို ရေးထိုးဖြစ်သွားသည်။ မဂဓတက္ကသိုလ်သည် ဗုဒ္ဓဂယာနှင့် နှစ်ကီလိုမီတာခွဲခန့်အကွာအဝေးတွင် တည်ရှိသည့် ဘီဟာရ်ပြည်နယ်၏ ဂုဏ်ဆောင်တက္ကသိုလ်ကြီးဖြစ်သည်။

ဤတက္ကသိုလ်ကြီးတွင် ဓမ္မာစရိယဘွဲ့ရ မြန်မာရဟန်းတော်များတက်ရောက်သင်ယူနိုင်သည့် ပါဠိဌာန၊ ဗုဒ္ဓဒဿနိကဌာနနှင့် ဗုဒ္ဓသမိုင်းသုတေသနဌာနဟု ဌာနသံးခုရှိရာတွင် သမိုင်းမျက်လုံးမှုံဝါးလွန်းသည့် သူ့အနေဖြင့် နောက်ဆုံးဘာသာရပ်ကို ရွေးချယ်ခဲ့လေသည်။

ကုသိုလ်ပညာ ဥစ္စာရဖို့ သင်ရာအရပ်အမြဲနေ ဟူသော ငယ်စဉ်က စွဲမြဲခဲ့ရသော မင်္ဂလာနီတိ၏ တွန်းအားဖြင့်သာ မဂဓတက္ကသိုလ်ကျောင်းသားဘ၀စဦးနေ့ရက်များကို ကြိတ်မှိတ်ဖြတ် သန်းခဲ့ရခြင်းဖြစ်သည်။
ကုသိုလ်ရဖို့ မဟာဗောဓိစေတီအရိပ်အောက်မှာ။
ပညာရဖို့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု၏ စာသင်ခန်းထဲမှာ။ ဥစ္စာရဖို့ကတော့ ရွာဦးကျောင်းဆရာတော်ဆော်သြ၍ မိဘဆွေမျိုးများ၊ရပ်ရွာဒကာဒကာမများ ကျစ်ကျစ်ပါအောင် စုထုပ်ပေးလိုက်သော ၀တ္ထုငွေစကြေးစလေးကို လောက်ငှအောင် သုံးစွဲရုံကလွဲ၍ ဘာမှမျှော်လင့်ချက်မရှိ။ သို့သော် သီတင်းသုံးဖော် မိတ်ဆွေများ၏ ကံသုံးပါး ကူညီစောင့်ရှောက်မှုက သူ့အတွက် လုံခြုံခဲ့ပါသည်။

ဂယာရောက်စနေ့ရက်များသည် သူ့အတွက် မှတ်မှတ်ရရရှိလွန်းလှသည်။ တက္ကသိုလ်အဆောင်က ချက်ချင်းမရခဲ့။ အခန်းလျှောက်လွှာ ပုံစံဖြည့်ပြီး တင်ထားဖြစ်ခဲ့သည်။ လပိုင်းနှင့် ရလျှင် ရမည်။ သို့မဟုတ် နှစ်နှင့်ချီပြီးလည်း စောင့်ရတတ်သည်ဟု မိတ်ဆွေများက အပြုံးတစ်ဝက်ဖြင့် အားပေးကြလေသည်။ နိုင်ငံသားဦးစားပေးစနစ်ကိုသာ ကျင့်သုံးသဖြင့် သူ့လိုတိုင်းတစ်ပါးသားတစ်ဦးအတွက် မျှော်တလင့်လင့် ဇာတ်ဝင်ခန်းထဲမျောပါရချေဦးမည်။ (အမှန်တကယ်ပင် ပညာသင်နှစ်တစ်ခုကုန်ဆုံးသွားသောအခါမှသာ သူသည် အဆောင်နေကျောင်းသားဘ၀ကို ရဲဝံ့စွာ ကြေငြာဖြစ်လေသည်။ ယခု သူရေးခြစ်နေသော စာကြောင်းများသည် မဂဓတက္ကသိုလ်အဆောင်တံခါးချပ်များကို တိုးဝှေ့ဝင်ရောက်လာသော အတွေးစများကို လိုက်ကောက်နေမိခြင်းသာဖြစ်လေသည်)

အဆောင်မရသော ကျောင်းသားတစ်ယောက်အနေဖြင့် မဟာဗောဓိစေတီအနီးရှိ ဈေးနှုံးချိုသာသော ပုဂ္ဂလိကအဆောင်တစ်ခုတွင် ငှားရမ်းနေထိုင်ခဲ့ရသည်။ ထိုအဆောင်၏ အမည်မှာ ဗုဒ္ဓရိပ်သာဖြစ်သည်။ အမှန်တကယ် ဈေးနှုံးချိုသည်တော့ မဟုတ်ပါ။ သူပေးနိုင်သော နောက်ဆုံးဈေးနှုံးနှင့် အဆင်သင့်သွားခြင်းသာဖြစ်လေသည်။

သူ့အတွက် ပထမဆုံးအခက်အခဲသည် ဆွမ်းဟင်းချက်တာဝန်ဖြစ်၏။ ရန်ကုန်မန္တလေး စာသင်သားဘ၀က ဆွမ်းဆွမ်းဟင်းဆိုသည်မှာ သပိတ်တစ်လုံး၏ အရေးသာဖြစ်သည် စာချဆရာဘ၀မှာတော့ ဆွမ်းကွမ်းကိစ္စက ပူစရာမလိုပြီ။ သို့သော် ယခုသူသည် စာချဆရာတော်တစ်ပါးဟူသော အရေခွံကို ရန်ကုန်လေဆိပ်မှာပင် ခွာချထားခဲ့ရသည်။ လမ်းမကြီးငယ်တွေပေါ်မှာ ဆွမ်းခံကြွနိုင်သည့် ရဟန်းတစ်ပါး၏ အခွင့်အလမ်းသည်လည်း ဘာသာမတူ လူမျိုးကွဲပြားသည့် တိုင်းတစ်ပါးတွင် မရှိနိုင်တော့လေပြီ။

အိန္ဒိယသို့ပညာသင်သွားမည်ကိုသိသော အဖွားအိုတစ်ယောက်က သပိတ်လေးတစ်လုံး လာရောက်လှူဒါန်းသည်ကို သတိရနေမိသည်။ အိန္ဒိယ၏ အခြေအနေမှန်ကို သိပြီးဖြစ်သော်လည်း အလွန်ရိုးသားရှာသည့် အဖွားအို၏ သဒ္ဓါတရားကို သူမပစ်ပယ်ရက်၊ သင့်တော်သလို အသုံးပြုပါမည် ဟု ၀န်ခံကာ အလှူခံခဲ့သည်။ ယခုအချိန်တွင် ကိုရင်လေးတစ်ပါးကတော့ ထိုသပိတ်လေးကို အကျိုးရှိစွာ အသုံးချနေပေတော့မည်။

ယခုတော့ သူသည် အဆင့်မြင့်တက္ကသိုလ်ပညာရေးဟူသော ခေါင်းစဉ်အောက်တွင် ၀ိနည်းကျင့်ဝတ်ကို ယွင်းပျက်စေနိုင်သော အပြုအမူ အပြောအဆိုမှလွဲ၍ အရာရာကို မျက်စိမှိတ်ထားရမည့် မဇ္ဈိမပညာတော်သင်ဖြစ်နေပြီ။ ပညာရေးမပြည့်စုံ မထင်ပေါ်လှသေးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးကိုပင် နှစ်ရှစ်လများဆွမ်းလောင်းလှူကြသည့် သူ့ဒကာဒကာမများ၏ ကျေးဇူးတရားသည် ယခုလိုအခြေအနေမျိုးတွင် ပို၍ပင် လင်းလက်တောက်ပလာလေသည်။

ကံကောင်းထောက်မစွာပင် သူနေထိုင်ရာအဆောင်တွင် စုပေါင်းချက်ပြုတ်သည့် စနစ်ကို ကျင့်သုံးသည်မို့ ဆွမ်းဟင်းမချက်တတ်ခင် ဈေးဝယ်ထွက်ရသည်။ ပထမတစ်ပတ်ခန့် ဂယာဈေးထဲ ဦးဇင်းတစ်ပါး၏ နောက်က ဈေးခြင်းဆွဲ၍ လိုက်ရသည်။ ထိုတစ်ပတ်အတွင်းမှာပင် ဈေးဝယ်ရန် လုံလောက်သည့် ဝေါဟာရအချို့ကို လေ့ကျက်မိသွားသည်။

“ယေးဝါလား ဧကီလို ကစ်တနားဟဲ”
(ဒါ တစ်ကီလို ဘယ်လောက်လဲ)
လက်ညှိုးတစ်ချောင်းကူလိုက်လျှင် သူ့ဈေးခြင်းထဲတွင် ချက်ပြုတ်စရာ ဟင်းအမယ် များပြည့်သွားပေမည်။ ဧ၊ဒိုး၊တီးန်၊ကျားစသည့် ဂဏန်းအရေအတွက်များကိုတော့ အပိုင်ကျက်ထားပြီးဖြစ်၏။ ဈေးဝယ်သင်တန်းတက်နေချိန်မှာပင် ဟင်းချက်သင်ခန်းစာများကိုလည်း ဆည်းပူးနေရသည်။ ကြက်သွန်လှီး၊ အာလူးအခွံနွှာ။ငရုပ်သီးထောင်းစသော အခြေခံလေ့ကျင့်ခန်းများ။

သီတင်းသုံးဖော် မိတ်ဆွေတို့ အလှည့်ကျချက်ပြုတ်ကာ စုစုဝေးဝေးဝေးဘုန်းပေးနေကြသည်ကို မြင်တော့ သူသည်လည်း ထိုဝေယျာဝစ္စကုသိုလ်ကို ပြုလုပ်ရန် လက်ယားနေမိသည်။ ထိုဆန္ဒကို ရိတ်မိသော စီနီယာရဟန်းတော်တစ်ပါးက “ ငါ့ရှင်ရေ ဟင်းချက်တာ ငယ်ငယ်က သင်္ဂြိုဟ်သရုပ်ခွဲသလောက်မခက်ပါဘူး၊ အခုတက္ကသိုလ်မှာ သင်ရတဲ့ ဘာသာတွဲထဲက သဒ္ဒဗေဒ၊ ဘာသာဗေဒစကားလုံးအရင်းအမြစ်ရှာဖွေ ဆက်စပ်ရသလိုမျိုးပဲ၊ ဟိုစင်ပေါ်မှာ တင်ထားတဲ့ ဆားဗူး၊ နနွင်းဗူး၊ ငရုပ်သီးမှုန့်ဗူး၊ အချိုမှုန့်ဗူးတွေ တွေ့လား၊ ချက်မယ့် ဟင်းထဲ အဲဒါတွေ ရောထည့်လိုက်၊ အစပ်တည့်သွားရင် ဟင်းဖြစ်ပြီ။”
သူ့သြ၀ါဒအတိုင်း ချက်ပြုတ်ကြည့်ရာ လအနည်းငယ်ကြာသည်အထိ အစပ်မတည့်ခဲ့၊ မိတ်ဆွေရဟန်းများ၏ ကောင်းချီးပေးသံသည်သာ သူ့အတွက် ဟင်းဖြစ်ခဲ့သည်။ သူအလွန်အမင်းချက်ပြုတ်လိုမှန်းသိ၍ ဟင်းချက်အလှည့်ကျစာရင်းတွင် ထည့်သွင်းထားရသော်လည်း သူ့အမည်နောက်တွင် (စမ်းသပ်ဆဲကာလ) ဟု မှတ်ချက်ပေးထားလေသည်။ သူဟင်းချက်အလှည့်ကျသည့် နေ့တွင် အခြားကျွမ်းကျင်အဆင့် ရဟန်းတစ်ပါးက စောင့်ကြပ်နေပေတော့မည်။

အိန္ဒိယပညာသင်ရဟန်းတော်တို့လောကတွင် “မငတ်ခြောက်လ ငတ်ခြောက်လ” ဟူသော ဝေါဟာရရှိသည်။ အောက်တိုဘာလမှ မတ်လအထိ ဗုဒ္ဓဂယာဘုရားဖူးရာသီကို မငတ်ခြောက်လဟု တင်စားလိုခြင်းဖြစ်သည်။ ဘုရားဖူးအဖွဲ့အသီးသီးနှင့်အတူ မြန်မာပြည်မှ စေတနာရှင်တို့ စုပေါင်းလှူဒါန်းလိုက်ကြသည့် ကော်ဖီမစ်ထုပ်၊ လက်ဖက်ထုပ်လို စားသောက်ဖွယ်ရာများ၊ ငါးခြောက်ငါးခြမ်း၊ပုန်းရည်ကြီးလို ချက်ပြုတ်ဖွယ်ရာများ ရောက်ရှိလာပြီဆိုလျှင်တော့ မြန်မာရဟန်းတော်အချင်းချင်း ဝေကြငှကြ ကြည်နူးစရာဖြစ်သည်။ သူတို့ မြန်မာစာအုပ်စာပေငတ်မည်ကို စဉ်စားမိဟန်တူသော စေတနာရှင်အချို့ကတော့ လှူဖွယ်ပစ္စည်းများနှင့်အတူ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ဂျာနယ်များ ထည့်သွင်းပေးပို့ကြလေသည်။

ထိုနေ့ရက်များတွင် သူ့အခန်းလေးသည် မြန်မာ့ရနံ့ မြန်မာ့အငွေ့အသက်တို့ဖြင့် နွေးထွေးလုံခြုံနေလေသည်။ ဘုရားဖူးရာသီတွင် ဆွမ်းအတွက် လစဉ်ကြေးအနည်းငယ်အသက်ရှူ ချောင်သွားသည့်အတွက် ဖတ်ချင်သည့် စာအုပ်အချို့ကို တိုးဝယ်ဖြစ်ခဲ့သည်။ စာရေးဆရာကြီးပါရဂူ၏ သျှန္တိနိကေတန်စာကြည့်တိုက်လို သူလည်း တစ်ခုခုတော့ ပေးဆပ်လိုပါသေးသည်။

(၃)

သူနေထိုင်ရာ ရိပ်သာနှင့် သူတက်ရောက်ရမည့် တက္ကသိုလ်၏ အကွာအဝေးသည်လည်း သူကိုယ်ပိုင် န၀ကမ္မလေးကို နေ့စဉ်ညှစ်ထုတ်ကြပြန်လေသည်။ နံနက်ငါးနာရီတွင် သူအိပ်ရာထမည်။ ထမင်းကြော်တစ်ပွဲ သို့မဟုတ် ပေါင်မုန့်ကြမ်းနှစ်ချပ်ခန့်သည် သူ့အတွက် ဝေစုရ နံနက်စာဖြစ်သည်။ ပြီးလျှင် သူနေထိုင်ရာရိပ်သာမှ ငါးမိနစ်ခန့် လမ်းလျှောက်ရသော မဟာဗောဓိစေတီတော်သို့ စောစောသွားကာ တရားဓမ္မရှုမှတ်၊ သို့မဟုတ် သုတ္တန်တစ်ခုခုကို ရွတ်ဖတ်ကာ ပူဇော်နေမည်။

ဘုရားမှ ပြန်လာပြီးချိန်တွင် ဟင်းချက်ရန်အလှည့်မကျလျှင် သူ့အခန်းကျဉ်းလေးထဲတွင် ငြိမ်ကုပ်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေမည်။ သို့မဟုတ် မပြီးပြတ်သေးသော ကျောင်းသင်ခန်းစာများနှင့် လုံးထွေးနေမည်။ တစ်ခါတရံမှာတော့ သူ့အင်္ဂလိပ်စာအသံထွက် ပိုမိုချောမွတ်စေရန် ရေဒီယိုလေးတစ်လုံးဖြင့် နိုင်ငံခြားသတင်းဌာနများ၏ သတင်းထုတ်ပြန်ကြေငြာချက်များကို နားထောင်ရင်း တီးတိုးလိုက်ဆိုနေမည်။ ကုလားစကားကတော့ ခါနာ ပီနား (ထမင်းစားရေသောက်)ပြောတတ်နေပြီ။ ကိုယ်ပိုင် ကွန်ပြူတာနှင့် အလှမ်းကွာဝေးသော သူ့အတွက် အင်တာနက် အီးမေးလ်အရေးပေါ်အသုံးပြုလိုလျှင်တော့ မဟာဗောဓိစေတီတော်ဘုရားစောင်းတန်းက အင်တာနက်ကဖေးလေးထဲ တိုးဝင်လိုက်ရုံပင်။

နေ့လည်စာ စုပေါင်းစားသုံးပြီးသည်နှင့် သုံးကီလိုမီတာခန့်ဝေးကွာသော တက္ကသိုလ်စာသင်ခန်းသို့ ရစ်က်ရှောလ် (မြန်မာအခေါ် ဆိုက်ကား) ဖြင့် သင်တန်းချိန်အမီ သွားရပေမည်။ တက္ကသိုလ်အသွားအပြန်ခရီးအတွက် ကုန်ကျသော ရူပီးငွေ ခြောက်ဆယ်ဟူသော အသပြာသည် မြန်မာကျပ်ငွေဖြင့် တစ်ထောင့်ရှစ်ရာဖြစ်သည်။ နေ့စဉ်ကျောင်းသွားစရိတ်ပင် ဤမျှကုန်ကျနေလျှင် ပညာသင်နှစ်မကုန်မီမှာပင် သူ့အတွက် ရွေးချယ်စရာတစ်ခုခုကို စဉ်းစားရပေတော့မည်။ ပြန်သွားမှာလား ကျန်ခဲ့မှာလား၊

အော်တိုသုံးဘီးလိုင်းကားလေးများက ဈေးနှုံးချိုသာသော်လည်း ဆာရီဝတ်ကုလားမများနှင့် ငါးပိသိပ်ငါးချင်သိပ် စီးရမည်မို့ ရဟန်းးတစ်ပါးအတွက် အဆင်မပြေ။ ခြေလျှင်လျှောက်သွားရအောင်လည်း အပူဒီဂရီမြင့်မားလှသော နွေကျောင်းတက်ရက်များတွင် အပူလှိုင်းအန္တရာယ်က မသက်သာ၊

ထိုသို့ဖြင့် သူသည် တန်ဖိုးနည်းစက်ဘီးလေးတစ်စီးကို ရိုးရိုးသားသားဝယ်ယူဖြစ်ခဲ့တော့သည်။ သို့သော် ယခုအချိန်အထိ သူသည် ၀ိနည်းတရားတော်အရ ပညတ်ချက်မရှိသည့်တိုင် ထိုစက်ဘီးလေးကို ၀ံ့ဝံ့ရဲရဲစီးနင်းရန် စိတ်မလုံခြုံသေးပေ။ ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီး အရှင်သေဋ္ဌိလ၏ အင်္ဂလန်အတွေ့အကြုံနေ့ရက်များကို တမေ့တမော ဖတ်ရှုကာ သူ့စိတ်ကို လွတ်လပ်ကျယ်ပြောအောင် မွေးမြူရလေသည်။ ဗုဒ္ဓအရှင်၏ အဆုံးအမကို မသွေဖီသော၊ ကမ္ဘာနှင့် ၀င်ဆန့်ကာ သာသနာပြုလိုသော ရဟန်းတစ်ပါး၏အိပ်မက်ကို ထိုစက်ဘီးလေးပေါ်တွင် ဆက်မက်နိုင်အောင် ကြိုးပမ်းနေရဆဲဖြစ်သည်။

တက္ကသိုလ်စာသင်ခန်းသို့ ရောက်ရှိသွားသည့်အခါတွင်လည်း အိန္ဒိယနွယ်ဖွား ပါမောက္ခ၏ အင်္ဂလိပ်စာလေယူလေသိမ်းက သူ့ကို ၀ဋ်နယ်ကံနယ်ထဲ ဆွဲနှစ်ပြန်လေသည်။ နှစ်လသုံးလခန့်ကြာသည်အထိ ကုလားအင်္ဂလိပ် (Hinglish)ကို နားလည်ရန်ကြိုးစားခဲ့ရကြောင်း ၀န်ခံရပေမည်။ မြန်မာပြည်က စာသင်တိုက်လေးတွင် တပည့်ကျော်မောင်ကိုရင် မောင်ပဇင်းလေးများကို ပါဠိဘာသာ အသံထွက်မပီရကောင်းလား၊နားမလည်ရကောင်းလား ဟု အော်ငေါက်ခဲ့ဖူးသော ၀ဋ်လည်ပြန်လေပြီ ဟု စာချဆရာတော်အချင်းချင်း ၀ဋ်နာကံနာ ညှိကာ ပြုံးမိကြလေသည်။

နောက်များမှာတော့ ခေါင်းတခါခါ လည်တခါခါ ပြောတတ်ကြသော ကုလားအင်္ဂလိပ်စာကို နားရည်ဝလာသည်။ သို့သော် သူတို့အသံထွက်အတိုင်း မပြောမိအောင်တော့ ဂရုစိုက်ရလေသည်။ သူတို့က welcome ကို ဗဲလ်ကမ်း၊wait ကို ဗေ့ထ်၊ zero ကို ဂျီရိုးလုပ်ကြတာကလား၊

(၄)

ဤနိုင်ငံသားတို့အမြင်တွင် သူသည် တိုင်းတစ်ပါးသားတစ်ယောက်ဟူသော ထင်မြင်ချက်တစ်ခုထက်မပို၊ တက္ကသိုလ်စာသင်ခန်းတွင် သူသည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ နံနက်ခင်းဈေးတွင် သူသည် ဈေးဝယ်သူ တစ်ယောက်ဖြစ်သည်။ ရထားစီးသည့် အခါမျိုးတွင် သူသည် ခရီးသည်တစ်ယောက်သာ ဖြစ်လေသည်။

တင်ကြို၍သာ နိဝါတတရားကို မွေးမြူမထားခဲ့လျှင် ဘာသာခြားကုလားတို့၏ မထီလေးစားနိုင်လှသော အပြုအမူတို့က သည်းခံရန်ခက်ပေလိမ့်မည်။ အဆိုးဝါးဆုံးပြဿနာမှာ ဗုဒ္ဓဘာသာရဟန်းတော်များကို ဇာတ်နိမ့်များအဖြစ် ရှုမြင်လိုခြင်းပင်ဖြစ်သည်။၁၉၅၀ ခုနှစ်များဆီက အိန္ဒိယဇာတ်နိမ့်ခေါင်းဆောင်ကြီးဒေါက်တာအမ်ဘေဒကာ၏ စည်းရုံးမှုဖြင့် ဟိန္ဒူဇာတ်မြင့်များ၏ လူလူချင်းဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုများကို တော်လှန်ကာ ထောင်ပေါင်းများစွာသော ဇာတ်နိမ့်များ ဗုဒ္ဓဘာသာသို့ကူးပြောင်းဝင်ရောက်ခဲ့ခြင်းက ထိုသို့ရှုမြင်ခြင်းခြင်း၏ အကြောင်းတစ်ရပ်ဖြစ်လေသည်။

ဇာတ်နိမ့်များမှ သာသနာ့ဘောင်သို့ ၀င်ရောက်လာကြသူတို့သည်လည်း ၀ိနည်းတရားတော်ကို စနစ်ကျနစွာ သင်ယူကျင့်သုံးရန် အခွင့်အရေးမရကြရှာသည့် အတွက် ဘာသာခြားတို့၏ အလယ်တွင် အထင်အမြင်သေးဖွယ်ဖြစ်နေရသည်ဟု ပြောပြသော မိတ်ဆွေအိန္ဒိယရဟန်းတော်တစ်ပါး၏ စကားကို သူအမှတ်ရနေမိသည်။ သူ့မိတ်ဆွေရဟန်းတော်က မြန်မာပြည်တွင် ရှင်သာမဏေဘ၀မှ ရဟန်းဘ၀အထိ နှစ်ရှည်လမျာ ပိဋကတ်စာပေသင်ယူခဲ့ဖူးသည်။

ထိုသူ့မိတ်ဆွေကပင် “ မြန်မာပြည်မှာ အရည်အချင်းပြည့်ရဟန်းတွေ ငါအများကြီး တွေ့ခဲ့ရတယ်။ ဒီနိုင်ငံမှာ ဗုဒ္ဓသာသနာကို ပြန်လည်စိုက်ပျိုးဖို့ ငါ့ရှင်တို့ မြန်မာရဟန်းတွေရဲ့ လက်တွေကို ငါသိပ်လိုချင်တာပဲ။ ငါ့ရှင့်လည်း အိန္ဒိယကို ပညာသင်ရာဌာနတစ်ခုအပြင် သာသနာပြုစိုက်ခင်းတစ်ခုအဖြစ် မမြင်နိုင်ဘူးလား” ဟု ဆက်ပြောသောအခါ သူ့ရင်ကို ထိရှစေသည်တော့ အမှန်ပင်။

'' I need your hands'' ဟူသော သူ့မိတ်ဆွေ၏ စကားသည် သူ့အတွက် အတွေးများစွာကို ပေးလေသည်။


(၅)

သို့သော် ယခုတော့ သူသည် စာသင်ခန်းတွေကို ဖြတ်သန်းရလေဦးမည်။
ကမ္ဘာ့သာသနာပြုခရီး၏ လမ်းခုလပ်ဟု တင်စားကြသော အိန္ဒိယကို ဖြတ်သန်းရချေဦးမည်။
ဟိုးအဝေး မီးရောင်ပြပြဆီက ဂယာကို သူလှမ်းမျှော်ကြည့်နေမိဆဲဖြစ်သည်။

မဂဓတက္ကသိုလ်ကြီး၏ အခန်းခန်းအဆောင်ဆောင်သည် တိတ်ဆိတ်မှုတို့ဖြင့် ဆူညံနေလေသည်။
သူတစ်ကိုယ်တည်း ပြုံးလိုက်မိသည်ထင်သည်။
အိန္ဒိယကို ဖြတ်သန်းပြီးလျှင် ကမ္ဘာသည် ကိတ်မုန့်တစ်ချပ်သာ ဖြစ်သည်တဲ့။


23 August, 2009

နေက္ခမ္မလရောင်






၁-က။
ညအခါ
လသာသာ
ကစားမလား
နားမလား။
(သူငယ်တန်းဖတ်စာ)

ပီဘိကလေးငယ်ဘ၀က အသံသာသာဖြင့် ရွတ်ဆိုဟစ်အော် မြူးပျော်ခဲ့ရဖူးသော ကဗျာ..၊
ကျေးလက်ည၏ လရောင်ဆမ်းကွင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက် စိတ်မြောက်ခဲ့ရဖူးသော အလင်္ကာ..၊
သူငယ်တစ်ယောက်၏ ရိုးရှင်းကြည်မြနေသည့်စိတ်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲနာရီများ၊ သေကောင် ပေါင်းလဲ ချိန်းဆိုချက်များ၊ ရှုပ်ထွေးေ၀၀ါးသော အိပ်မက်များနှင့် ခမ်းနားထည်ဝါသော မနက်ဖြန်များလည်း ရှိမနေခဲ့ပါ။ကစားခြင်းနှင့် အနားယူခြင်းသည်သာ ကလေးငယ်တစ်ယောက်၏ အဘိဓမ္မာ (သို့) ပစ္စုပ္ပန်စစ်စစ်ဖြစ်ခဲ့သည်။လရောင်လင်းပသော ညအခါတွင် လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှားဆော့ကစားမည်။ နွမ်းနယ်ပင်ပန်းသွားခဲ့လျှင်တော့ အပူအပင်ကင်းစွာ အနားယူ အိပ်စက်ပစ်လိုက်မည်။
လရောင်သည် မြတ်နိုးစရာဟုတော့ နုနယ်သော နှလုံးသားကပင် ထိထိရှရှ ပွတ်တိုက်မိလေသည်။


၁-ခ

အန္ဓီဘူတော အယံ လောကော။
ဤလောကသည် အမှောင်သဖွယ်ဖြစ်၏။

(ကစ္စာယနဗျာကရဏ)

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်၏ နားစည်ကို ရိုက်ခတ်လာသောအသံ၊ ဘယ်မှာ မှောင်လို့လဲ။

ခြေလှမ်းတို့ကို မြှင့်တင်ပေးနိုင်သည် သင်ယူလေ့လာစရာ သင်ခန်းစာများရှိသည်။ ရည်မှန်း ချက်များကို ကြွတက်လာစေသည့် အတ္ထုပ္ပတ္တိစာအုပ်ထူထူများရှိသည်။ ကျောင်းသွားဖော်တို့၏ နွေးထွေးပွင့်လင်းသော ရယ်သံများရှိသည်။ ဗြဟ္မစိုရ်တွန်းအားနှင့် စေတနာဆွဲငင်အားလည်း ရှိသည်။ လတ်ဆတ်သောအတွေးနှင့် ယစ်မူးဖွယ်ဂီတတို့ကလည်း လူငယ်တစ်ယောက်၏ ပုဂ္ဂလိက ရင်ခွင်ကို သိမ်းပိုက်ကြပြန်လေသည်။
စာသင်ခန်းအဆောင်ဆောင်ကို အောင်မြင်စွာ ကျောခိုင်း နိုင်ခဲ့ပြီ ဆိုလျှင် မုဒိတာတံခါးချပ်များက အသင့်ဆီးကြိုနေကြပေဦးမည်။
ဘယ်မှာလဲ အမှောင်။
အတွေ့အကြုံ တိုးတိမ်လွန်းနေသေးသည့် လူငယ်တစ်ယောက်က သူ၏ အိပ်မက်မှတ်စုတွင် မျှော်မှန်းချက်အလင်းတို့ကိုသာ လက်လက်ထအောင် ရေးခြစ်နေမိလေသည်။


၁-ဂ။
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါမစ္စုနော ပဒံ။
မမေ့ခြင်းသည် မသေလမ်း၊
မေ့ခြင်းသည် သေလမ်း။
(ဓမ္မပဒ)

ဦးနှောက်ထဲမှ သင်ခန်းစာကို စားဝတ်နေရေး သင်ခန်းစာတွင် အမှန်တကယ် ချခင်းပြရသောအခါ လူရွယ်တစ်ဦး၏ နေ့စဉ် ရုန်းကန်ရမှုများက ချောင်ချောင်ချိချိ အင်္ကျီတစ်ထည်ကို ၀တ်ဆင်ရသလို လွယ်ကူချောမွေ့ခဲ့သည်တော့ မဟုတ်ပါ။နာကျင်ကြေကွဲမှုများရှိသည်။ ချောင်ပိတ်ခံရခြင်းများ ရှိသည်။ တွန်းတွန်းတိုက်တိုက်ဖြတ်စီးလာသော လှောင်ရယ်သံများလည်း ရှိနေနှင့်လေသည်။ သို့သော် ချွန်ထက်မြိမြသော မာနဖြင့် မိမိကိုယ်ကိုယ် ချွန်းကုန်ဖွင့်ပစ်ခဲ့ပါသည်။

ဤသို့ဖြင့် ပိတ်ထားသော တံခါးများ ပွင့်ထွက်၊ ရန်လိုသော စမ်းသပ်မှုများ ချုပ်ငြိမ်း၍ ထုထည် ကောင်းကောင်း ပြဿနာများပြိုလဲသွားခဲ့သည်။ လောကဓံပြေးလမ်းရှင်း၍ ခါးသက်ကြမ်း ရှသော နေ့ရက်တို့ ပြေလျော့စပြုသည်နှင့် ပကာသနစီးဝင်နှုံးက မြင့်တက်ခဲ့ပါသည်။

လက်ခုပ်သံတို့က တစ်ပွေ့ တစ်ပိုက်၊

ဂုဏ်ပြုတေးတို့က တမေ့တမိုက်။

အောင်မြင်ပြည့်စုံမှု အခြွေအရံနှင့် ရယ်သံလွင်လွင်တို့သာ လွှမ်းခြုံနေသည့် ပြက္ခဒိန်စာမျက်နှာကို မထင်မှတ်စွာ ပေါက်ပြဲသွားစေခဲ့သည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၏ နာရေးဖိတ်စာ။ နာရေးသတင်းပေါင်းများစွာကို အများနှင့်ထပ်တူ ရောနှောစုပ်သပ်ခဲ့ဖူးပါသည်။ အများနှင့်ထပ်တူပဲ စာနာအားဖြည့်ခဲ့ဖူးပါသည်။

သို့သော် ဤမျှလောက် သွေးပျက်ဖွယ် ထိတ်ပျာေ၀၀ါးမှု မပွားစီးခဲ့။
အနီးကပ်ကျကွဲသံက ပိုမို ကျယ်လောင်ခဲ့ပါသည်။
သေခြင်းတရား..။
ကိုယ်နှင်မဆိုင်သော ဘာသာရပ်တစ်ခုသဖွယ် မေ့လျော့ခြင်းသေတ္တာတွင် ခေါက်သိမ်းထားခဲ့ သောအရာ။

ငါ ဘာလဲ..
ငါ ဘယ်လဲ...
ငါဆိုတာကရော ဘာလဲ..
ငါဆိုတာကရော ဘယ်လဲ.......။
မေးခွန်းတို့က ရင်တစ်ခုလုံးကို တ၀ုန်းဝုန်းထုနှက်နေကြ၏။

ချွေးသီးချွေးပေါက်တို့ဖြင့် နစ်မွန်းရသည်က အခါခါ အိပ်မက်ဆိုးတို့ဖြင့် ချောက်ချောက်ခြားခြား လန့်နိုးရသည်က အကြိမ်ကြိမ်။
သေခြင်းတရားက ချစ်လှစွာသော သူငယ်ချင်းဆီ အချိန်ကိုက်ရောက်ခဲ့တာမှ ဟုတ်ရဲ့လား။
ချစ်လှစွာသော သူငယ်ချင်းကလည်း သေခြင်းတရားကို သတ္တိအပြည့်နဲ့ လက်ခံကြိုဆိုဖို့ အသင့်ရှိ နေခဲ့တာမှ ဟုတ်ပါရဲ့လား။
မေ့လျော့မှုပမာဒ၏ သွေးဆောင်မှုမာယာတွင် နှစ်ခြိုက်ပျော်ဝင်နေခဲ့သည့် သူကိုယ်တိုင်ကရော.....။





၂-က

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်။
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ယာယီအလုပ်။
(မိုးကုတ်ဆရာတော်)

ကံကောင်းထောက်မစွာ အမှတ်မထင် ကြားနာခွင့်ရခဲ့သည့်ရှင်းလင်းပီပြင်သည့် သြ၀ါဒက တင်း တင်းဆုပ်ကိုင်ထားခဲ့သော အတွေးစများကို ဖျတ်ဖျတ်လူးသွားစေခဲ့သည်။ ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာ ရွှေရောင်စကားလုံးတွေနဲ့ ရေးထွင်းထားသည့် နာမည်တစ်ခုလား။
ဇိမ်ခံကားတစ်စီးပေါ်က မြင့်မောက်ဝင့်ဝါခြင်းတစ်မျိုးလား။
လက်ကိုင်စကားပြောကိရိယာတစ်ခုနှင့် ရှုပ်ထွေးဝင့်ကြွားခြင်းလား။
အရောက်လက်လက်သတ္တုစတွေကို တွဲစပ်ဝတ်ဆင်ခြင်းလား။
ဟန်ဆောင်ရောနှောရယ်မောရခြင်းတွေလား။

အမှန်တကယ် ဘ၀ဆိုသည်မှာ “သေရာသို့ အဆက်မပြတ်သွားနေရခြင်း” ၀န်ပိနေသည့် ကာလတိုဖြစ်ရှိမှုလေးမျှသာတကား။ မိမိနှင့် မိမိစွဲလမ်းသမျှ အရာရာကို အခိုင်အမာဟု သေချာမှတ်ယူ ထမ်းပိုးထားလိုသော ပုထုဇဉ်ပီသလွန်းသည့် မိစ္ဆာဒဿနတို့ လဲပြိုယိုင်နဲ့ သွားတော့၏။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများဆီ ခုတ်မောင်းနေဆဲအရှိန်အဟုန်များက လောင်မြိုက် လာကြသည်။ သူ့အဇ္ဈတ္တသည် ပူပြင်းအိုက်စပ်နေခဲ့၏။

အမှောင်ထုဖြင့် ပိတ်ဆို့လျက်ရှိသော သူ့ဝန်းကျင်တစ်ဆုံး သွေးရူးသွေးတမ်း ငဲ့စောင်းကြည့်မိ သောအခါ
လရောင်.....
သန္တရသ စက်စက်ယိုကျနေသော
ဓမ္မလရောင်.....
လွတ်မြောက်မှုတို့ဖြင့် ရုန်းကြွနေသော
ပရမတ္ထလရောင်...။

၂-ခ

သွာက္ခာတော ဘဂ၀တာ ဓမ္မော၊
စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။
တရားဓမ္မကို ကောင်းစွာ ဟောပြအပ်ပြီ။
ဆင်းရဲခြင်းကို အဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်သုံးကြ။
(ဗုဒ္ဓ)

လရောင်ရွှန်းမြသော ညတစ်ညဆီက တိမ်းညွတ်ဖွယ် ပဒေသရာဇ်အဆောင်အယောင်နှင့် အမြစ် တွယ်ကာ အကိုင်းအခက်ဝေစ မိသားစုဘ၀သံယောဇဉ်ကို နောက်ပြန်မလှည့်ကြေး စွန့်ခွာဝံ့ရဲ ထွက်ပြေးနိုင်ရက်သည့် မင်းပျိုမင်းလွင် သိဒ္ဓတ္ထ၏ ခြေလှမ်းစိပ်စိပ်တို့က အနောမာမြစ်ကမ်းဆီ ဦးတည်လျက်..။
စကြာဝဠာတစ်ခုလုံး၏ မျက်ရည်များကို သုတ်ပေးဖို့ ပုဂ္ဂလိကကြေကွဲမှုကို မျက်နှာလွှဲခဲ့ရသူ မင်းသားမြတ်သည် “တစ်သံသရာလုံးငိုခဲ့ရပြီးပြီပဲ” ဟူသော သံဝေတို့ဖြင့် ခြေလှမ်းတို့ကို တည့်မတ် ခရီးဆက်ခဲ့ရပေလိမ့်မည်။

ထိုသို့ဖြင့် ဗုဒ္ဓအရှင်သည် ကိုယ်တော်တိုင်နှင့်တကွ ဝေနေယျအနန္တတို့၏ သောကအပူမှန်သမျှကို ငြှိမ်း၍ မျက်ရည်ဇာတ်လမ်းတို့ကို သိမ်းစေခဲ့သည်။ အရှင်မြတ်၏ နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ပကတိလရောင်အောက်တွင် ဓမ္မလ၀န်းထွန်းလင်းခဲ့ လေပြီ။


၃-က
သေတာကို မြတ်စွာဘုရားလည်း မတားနိုင်ဘူး။
နောက်ထပ်မသေဖို့ပဲ လမ်းပြနိုင်တယ်။
(မစိုးရိမ်ဆရာတော်)

တရားဓမ္မ၏ သန္တရသအရိပ်ထိုးကျရာ ဥပုသ်ကျောင်းဆောင်လေးသည် ဆိတ်ငြိမ်အေးမြ လျက်ရှိသည်။ ကဗျာအသက်ဓါတ်တို့ ပူးကပ်ယှက်သန်းနေသည့် ဓမ္မကထိကရဟန်းတော်လေး၏ စကားလုံးများက ပြိုးပြက်တောက်ပနေကြသည်။

“က
လေး
ဘ၀က သင်ခဲ့ရတဲ့
ညအခါ လသာသာကဗျာဟာ
မိမိတို့ နှလုံးသားပေါ်မှာ အကြိမ်ကြိမ်ဝဲနေရမယ့်
ကြာပွတ်ရိုက်သံဖြစ်သင့်တယ်။ သံသရာတစ်လျှောက်လုံး မှောင်ခဲ့ကြပြီးပြီ။
မှားခဲ့ကြပြီးပြီ။
လမ်းကြောင်းလွဲခဲ့ကြပြီးပြီ။
မိမိတို့ရဲ့ ခြေလှမ်းတွေကို တည့်မတ်ဖို့
သစ္စာဓမ္မလရောင်သာတဲ့အချိန်ထက်
ကောင်းမြတ်တဲ့အချိန်ကာလမရှိနိုင်တော့ပါဘူး။
မိမိတို့ ခြေလှမ်းတွေမှာ အပ္ပမာဒ အထိန်းအကွပ်ရှိကြရဲ့လား။
ဒါမှမဟုတ် ပမာဒခြေချင်းခတ်လို့ ကာမဂုဏ်မီးလျှံထဲမှာ ပိတ်မိနေကြသလား။”

“ လူ့ဘ၀ဆိုတဲ့ အပြည့်စုံဆုံး အချိန်ကို ပိုင်ဆိုင်ထားသူတွေအတွက် မေးခွန်းတွေ အများကြီးမလိုဘူး။ နှစ်ခုပဲ ကစားမလား နားမလား။”


၃-ခ

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ပြုပြင်ပေးရ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့ခြင်းဖြင့် ကိစ္စပြီးစေကြ။
(ဗုဒ္ဓ)

တီဗွီချန်နယ်လ်တစ်ခုကို ဖွင့်ကြည့်လိုက်မိသည်နှင့် မသေချာမှုများနှင့်သာ သေချာလှသော ပစ္စက္ခ ကမ္ဘာမြေ၏ ကူကယ်ရာမဲ့ အခြေအနေအရပ်ရပ်က သူ့ရင်ဝကို စူးအောင့်နာကျင်စေပါသည်။ ဆူနာမီ ဒီလှိုင်း၊ဟာရီကိန်းနှင့် နာဂစ်မုန်တိုင်း။အင်အားကြီးမြေငလျင်၊ တောင်ပြိုမြေကြွံနစ်မှု၊ ကြက်ငှက်တုပ် ကွေးစသော သဘာဝဘေးအန္တရာယ်များနှင့် အသေခံဗုံးဖောက်ခွဲမှု၊လူမျိုးရေးပဋိပက္ခ၊ စစ်မက်ပြု ကျူးကျော်ခြင်းစသော ပြဿနာအရပ်ရပ်က ဘ၀၏ပြည့်စုံမှုဆိုသည်ကို ရယ်သွမ်းသွေးနေကြသည်။

အကြောင်းတရားအမျိုးမျိုး၏ နောက်ကွယ်တွင် သေခြင်းတရားရှိလေသည်။
မွေးစားရင်း ၀င်ခဲ့ပြီးမှတော့ သေစာရင်းတွင်လည်း ကိုယ့်နာမည်က အထင်းသားဖြစ်နေတော့မှာ သေချာလှ ပါသည်။

အချိန်မရွေးရောက်လာနိုင်သော သေခြင်းတရား၏
တံခါးခေါက်သံမကြားရမီ၊

သစ္စာဓမ္မလရိပ်မလွန်မီ၊
သူကိုယ်တိုင် အပြီးသတ်ဖြေဆိုရမည့် မေးခွန်းကို သူမိတ်ဆွေများကိုလည်း မျှဝေလိုက် ချင်ပါသေးသည်။
ညအခါ
လသာသာ
ကစားမလား
နားမလား။

(လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ကွယ်လွန်သွားတဲ့ မိတ်ဆွေတစ်ယောက်အတွက် အမှတ်တရရေးဖြစ်ခဲ့တာပါ၊ ဘလော့ရှေ့ပိုင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ တစ်စုံတစ်ရာ စဉ်းစားစရာ ကြုံလာလေတိုင်း နေက္ခမ္မလရောင် ပြန်ပြီးဖတ်လေ့ရှိပါတယ်။ ခုလည်း တစ်ကိုယ်တည်း တိုးတိတ်စွာ ဖတ်ရင်း ပြန်မျှမိပြန်တာပါ။ ကျေနပ်ပါစေ)

22 August, 2009

အင်ကြင်းပန်းရနံ့ကို လွမ်းခြင်း


အင်ကြင်းပန်းဆိုတာ ဗုဒ္ဓ၀င်စာအုပ်ထဲက ဒဏ္ဍာရီဆန်လွန်းတဲ့ ပန်းအဖြစ်သာ မြတ်နိုးခဲ့ဖူးတာ။ မြန်မာနိုင်ငံမှာနေတုန်းက အောက်ရပ်ညာကြေ ဒေသစုံအောင် ပရိယတ်ဆရာအဆူဆူရဲ့ ခြေမှုံတွေကိုပဲ ရနံ့အဖြစ် ခံစားခဲ့ရလေတော့ အင်ကြင်းပန်းဆိုတာ အဝေးကြီးပါ။ ပိတောက်ပန်းပွင့်ချိန်တွေကိုတောင် လွဲလွဲချော်ချော်ဖြစ်ခဲ့ရသူပါ။

ဘာပဲဖြစ်ဖြစ် မဇ္ဈိမကိုပြန်လျှောက်ခွင့်ရတဲ့အခါမှ အင်ကြင်းပန်းတွေက ဝေလို့လှလို့ ကြေလို့မွလို့ပါပဲ။
ဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမှာလည်း အင်ကြင်းတွေက ဝေလို့။
ဘုရားရှင်နောက်ဆုံးမြတ်သောထွက်သက်တော်ဝန်းကျင်မှာလည်း အင်ကြင်ပန်းတွေက ကြေလို့မွလို့ပေါ့။
ဗုဒ္ဓအရှင်ရဲ့ စဦးနေ့ရက်ကို အင်ကြင်ပန်းရနံ့တွေက သင်းပျံ့ခဲ့သလို နောက်ဆုံးနေ့ရက်တွေမှာလည်း အင်ကြင်းတွေက ဝေခဲ့ပါသတဲ့။ ကုသိနာရုံမှာ ဗုဒ္ဓကို လွမ်းဆွတ်တသသူတိုင်း အင်ကြင်းတောထဲမှာ မျက်ရည်တွေ ဝေ့၀ဲလွင့်ကြွေခဲ့ကြရတာချည်း။ တကယ်လွမ်းဖို့ကောင်းခဲ့တာပါ။
ဘုရားရှင်က မွေးဖွားတုန်းကလည်း အင်ကြင်းပင်အောက်မှာ။ မဟာပရိနိဗ္ဗာန်စံတော်မူတော့လည်း ဒီအင်ကြင်းပင်အောက်မှာပဲတဲ့။

ဗုဒ္ဓစာပေတွေမှာ အင်ကြင်းနဲ့ပတ်သက်လို့ရှားရှားပါးပါး ကြေကွဲစရာဇာတ်လမ်းလေးတော့ ရှိခဲ့ဖူးတာပါပဲ။
“ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပနဲ့ ခင်မ ၀မ်းမြောက်ပါလေတော့” ဆိုတဲ့ စာဆိုတော် ဦးပုညရဲ့ စာသားလေးက အမှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ အင်ကြင်းပန်းတစ်ခိုင်နဲ့ အသည်းကွဲခဲ့ရတဲ့ စူဠသုဘဒ္ဒါနဲ့ သူမရဲ့ အာဃာတတွေကြားဘ၀စတေးခဲ့ရတဲ့ အလောင်းတော်အတွက် မျက်ရည်သီသီဝေ့ခဲ့ရဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် အင်ကြင်းပန်းတွေကတော့ ပွင့်နေကြဦးမှာပါ။
ကြေကွဲစရာပဲဖြစ်ဖြစ် အံ့ချီးဖွယ်ရာပဲဖြစ်ဖြစ် အင်ကြင်းပန်းရနံ့ကို ရှူရှိုက်သူရဲ့ ဝေဒနက္ခန္ဓာပေါ်မှာပဲ ထင်ကျန်နေပါလိမ့်မယ်။

တစ်ဆက်တည်း တွေးမိတာက လပြည့်နေ့တွေ အကြောင်းပါ။
ဗုဒ္ဓအရှင်ရဲ့ အရေးကြီးတဲ့ လပြည့်နေ့တွေဟာ လနှစ်လနဲ့ သက်ဆိုင်နေတာပါ။
ဝါဆိုလပြည့်နဲ့ ကဆုန်လပြည့်တွေပါပဲ။
ဒီမှတ်တမ်းလေးကြည့်ရင် ထင်ရှားပါတယ်။

ဝါဆိုလပြည့်- ပဋိသန္ဓေတည်နေတော်မူပါတယ်။
ကဆုန်လပြည့်- မွေးဖွားတော်မူပါတယ်။


ဝါဆိုလပြည့်- တောထွက်တော်မူပါတယ်။
ကဆုန်လပြည့်- ဘုရားအဖြစ်ကို ရောက်ရှိတော်မူပါတယ်။

ဝါဆိုလပြည့်-ဓမ္မစကြာတရားဦးကို ဟောတော်မူပါတယ်။
ကဆုန်လပြည့်-မဟာပရိနိဗ္ဗာန်စံတော်မူပါတယ်။

ဗုဒ္ဓအရှင်မြတ်ရဲ့ အထိမ်းအမှတ်လို့ ပြောရမယ့် အင်ကြင်းပင်နဲ့ လမြတ်နှစ်ပါးနဲ့ ပတ်သက်ပြီး ရုက္ခဗေဒပညာရှင်တွေနဲ့ နက္ခတ္တဗေဒပညာရှင်တွေ ဆက်တွေးကြဖို့ပါ။

ဒါပေမယ့် အရေးကြီးဆုံး သဗ္ဗညုတအသိမြတ်ကို ရတော်မူတဲ့ အချိန်မှာ အေးရိပ်ပေးခဲ့တဲ့ မဟာဗောဓိညောင်ပင်မြတ်ကိုလည်း စဉ်းစားရမှာပါ။
ဒါကတော့ ဆက်ပြီးဆွေးနွေးချင်စရာပါပဲ။

21 August, 2009

အမြိုက်လမ်းညွန်


စက်တင်ဘာလက တော်တော်လေးနီးနေပါပြီ။ သြဂုတ်လမှာတော့ မိုးကြွင်းမိုးကျန်တွေ ရှိနေသေးသလို ဘုရားရှင်နောက်ဆုံးစံတော်မူရာ အရပ်မှာ ရေလွှမ်းမိုးမှု အချက်ပေးသံတွေက ဆူညံနေတုန်းပါ။ နောက်လဆိုရင်တော့ ရာသီဥတုကလည်း မိုးသားတိမ်တိုက်တွေ ကင်းစင်သွားပြီမို့ ခရီးတစ်ခုကို စတင်မယ်ဆိုရင် မှန်းသလောက် ပေါက်နိုင်တဲ့ အနေအထားကို ရောက်တော့မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဗုဒ္ဓအရှင်ရဲ့ ခြေရာနောက်လိုက်ပြီး ပရမတ္တအရောင်တွေ တလက်လက် တောက်ပခဲ့ရာနေရာတွေကို မြတ်နိုးကြည်ညိုစွာ လျှောက်လှမ်းလိုသူတိုင်းအတွက် ဘုရားဖူးခရီးစတင်သင့်တဲ့ အချိန်ကောင်းပါပဲ။(တကယ်တော့ ဗုဒ္ဓဘာသာဝင်တိုင်း ဒီလိုစိတ်ထားရှိကြတာ သေချာလှပါတယ်။ ဂုရုကွေးကြီးပြောသလို ဖွတ်ကလိဒင်္ဂါး ငွေယားလေးသာရှိရင် ဘုရားဖက်တရားဖက်ရောက်ကြတဲ့ ကျုပ်တို့အမျိုးရင်းကြီးတွေအတွက်တော့ အထူးပြောဖွယ်မလိုဘူးပေါ့။)

ဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂယာအနီးမှာ ရည်ရွယ်ချက်မွန်မြတ်စွာနဲ့ ဖွင့်လှစ်ထားတဲ့ ဂယာလေဆိပ်ဟာလည်း နိဗ္ဗာန်ဆိပ်ကူးတံတားထိုးတော့မှာဖြစ်ပါတယ်။ ဂယာလေဆိပ်က ဘုရာဖူးရာသီတွေမှာပဲ ဖွင့်လှစ်တတ်ပါတယ်။

မြန်မာနိုင်ငံကလာကြမယ့် ဘုရားဖူးခရီးသည်တွေ အတွက်တော့ ဘုရားဖူးခရီးသွားအေဂျင်စီတွေရဲ့ တခုတ်တရ၀န်ဆောင်မှုတွေနဲ့ အေးအေးချမ်းချမ်း အစီအစဉ်တကျ ဖူးမျှော်နိုင်ကြမှာ ဖြစ်ပေမယ့် နိုင်ငံတကာမှာ ရောက်နေကြတဲ့ သူတော်စင်တွေအတွက်တော့ ဘုရားဖူးခရီးစဉ်တစ်ခုဖြစ်လာဖို့ အဆက်အသွယ်ကောင်းလေးတွေ လိုအပ်လှပါတယ်။

ဥရောပလို အမေရိကလို ယုတ်စွအဆုံး အဖရိကတိုက်ထဲက တောနက်ကြီးတွေထဲပဲ ဖြစ်ဖြစ် ပိုက်ဆံငွေကြေးရှိရင် လမ်းပြကောင်းတစ်ယောက်နဲ့အတူ အလွယ်တကူ သွားလာဖြတ်သန်း နိုင်ပေမယ့် အိန္ဒိယနိုင်ငံဆီကို ဦးတည်လာတဲ့ သံဝေဇနိယဘုရားဖူးခရီးကတော့ ဘာသာရပ်အသစ်တစ်ခုပါ။

နေရာလမ်းညွှန်ထက် အမြိုက်လမ်းညွှန်က ပိုအရေးကြီးပါတယ်။ အမြိုက်ဆိုတာ အမရိတ(amrita) ဆိုတဲ့ သက္ကတစကားကို မွေးစားထားတာပါ။ ပါဠိလိုတော့ “အမတ” ပါပဲ။ အမတဆိုတာ မသေခြင်းလို့ အဓိပ္ပါယ်ရသလို နိဗ္ဗာန်ကို ရည်ညွှန်းကြောင်းလည်း သိကြမှာပါ။ ဘုရားရှင့်သာသနာ ထွန်းကားပွင့်လန်းရာ အထိမ်းအမှတ်နေရာတွေအတွက် နေရာအနှံ့ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိလေတော့ လက်ညှိုးတစ်ချောင်းညွှန်ပြလိုက်ရုံနဲ့ ပြည့်စုံသွားနိုင်ပါတယ်။ ဘယ်နေရာက ဘာလို့ လွယ်လွယ်ပြောလိုက်ရင် ပြီးသွားနိုင်ပါတယ်။

ဘုရားရှင်ကတော့ သမိုင်းပညာရှင်တွေလို လကမ္ဘာစူးစမ်းသူတွေလို ကောက်ချက်အမျိုးမျိုးချပြီး ဘာတရားမှလည်းမရ ဘာသံဝေဂကိုမှလည်း မဆည်းပူးဖြစ်တဲ့ ဘုရားဖူးတွေကိုတော့ သံဝေဇနိယလေးဌာနတရားကို ဟောလိုခဲ့မှာ မဟုတ်ကြောင်းသေချာလှပါတယ်။
ကိုယ်တော်မြတ်လျှောက်ခဲ့တဲ့ လမ်းမှာ ကိုယ်တော်အရှင်ဘာတွေ ဟောခဲ့သလဲ။ ဘယ်လို ကျင့်ကြံစေလိုခဲ့သလဲ စတဲ့ ဓမ္မနွှယ်တဲ့ အတွေးတွေနဲ့ ဘုရားဖူးခြင်းကိုသာ ချီးမွှမ်းအားရတော်မူပေလိမ့်မယ်။

''HE WHO SEES THE DHAMMA, SEES ME,
HE WHO SEES ME, SEES THE DHAMMA.''

ဘာပဲဖြစ်ဖြစ်ပေါ့ လွန်ခဲ့တဲ့ နှစ်က အမေရိကတိုက်မှာ နေထိုင်ကြတဲ့ သာသနာ့မိခင်မိသားစုရဲ့ အဖေကြီး အမေကြီးနှစ်ယောက်အတွက် ဘုရားဖူးခရီးစဉ်တစ်ခုကို ရေှးဆွဲပြီး အမြိုက်ခရီးသွားဖော် အဖြစ် ပါရမီဖြည့်ခဲ့ဖူးပါတယ်။

သူတို့အတွက် ရေးဆွဲဖြစ်တဲ့ ဘုရားဖူးခရီးစဉ်လေးကို မျှဝေလိုက်ပါတယ်။ လိုအပ်ရင် နည်းမှီစဉ်းစားနိုင်အောင်ပါ။ ခရီးစဉ်ထဲမှာ ဗုဒ္ဓဂယာကို ပိုပိုသာသာလေး ရက်သတ်မှတ်ပေးထားပါတယ်။ ဘုရားပွင့်ရာ မြေမြတ်မဟာမှာ အေးအေးလူလူ ဘာဝနာတစ်ခုခုကို ပွားများနိုင်တာပေါ့။
တစ်ခုတော့ ရှိပါတယ်။၊ အိန္ဒိယရောက်မှတော့ ကမ္ဘာ့အံဖွယ်တစ်ပါးလို့ သတ်မှတ်ထားတဲ့ တပ်ခ်ျမဟာလ်ကိုလည်း ခရီးစဉ်ထဲ ထည့်ပေးရတာပါ။ ကလေးတွေက သူတို့သိတာက စမေးရင် ဖြေနိုင်ရမယ်လေ။ ပြီးမှ ဘုရားဖူးခရီးစဉ်အကြောင်းနဲ့ ဗုဒ္ဓ၀င်ကို ဆက်ပြောကြတာပေါ့။.


Dear Religious Brother & Sister

This is the itinerary for the Buddhist Circuits
(18/19-10.2008 ) (from US to India)

(20.10.2008) (New Delhi Sight-Seeing)and (at 6:00 pm we take train to Varanasi)
နယူးဒေလီမြို့တော် လည်ပတ်ခြင်း

(21.10.2008)(Varanasi where the Buddha delivered his first Dhamma)
(22.10.2008) (Varanasi Sightseeing)
ဗာရာဏသီ ( ဓမ္မစကြာတရားဦးဟောရာနှင့် ဂင်္ဂါမြစ်ကမ်းပါးရှုခင်း)

(23.10.2008) from this day early morning, we begin to go by car to (Savatthi where the Buddha stayed for 25 years)
ဗုဒ္ဓရှင်တော်မြတ်သီတင်းသုံးခဲ့ရာ သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်ရာနှင့် ကောသလမင်း၏ မြို့တော်ဟောင်း

(24.10.2008) (Lumbini where there the Buddha was born ) Noted that it is situated in Nepal
ဘုရားအလောင်းတော်ဖွားမြင်ရာ လုမ္ဗိနီသာမော အင်ကြင်းတော

(25.10.2008) ( Kusinagara where the Buddha passed away)
ဘုရားရှင်နောက်ဆုံးလျောင်းစက်ရာ ကုသိနာရုံ အင်ကြင်းစုံ

(26.10.2008) (Vasali and Pattana the kindom of Asoka)
ဗုဒ္ဓသာသနာပြုမင်းဧကရာဇ်အသောက၏ နန်းတော်ရာဖြစ်ခဲ့ဖူးသည့် ယနေ့ခေတ် ဘီဟာပြည်နယ်မြို့တော် ပတ္တနားနှင့် ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီ

(27.10.2008 ) (Rajagriha the Kindom of Bimbisara ) (Nalanda University)
ဗိမ္ဗိသာရမင်း၏ မဂဓတိုင်းမြို့တော် ရာဇဂြိုဟ်မှ ဗုဒ္ဓ၀င်နေရာများနှင့် နာလန္ဒာတက္ကသိုလ်

(28.10.2008) to (2.11.2008)(Bodh Gaya where the Buddha attained the Enlightenment)
ဗုဒ္ဓအရှင် သဗ္ဗညုတရွှေဥာဏ်တော်ကိုရရှိရာ မဟာဗောဓိညောင်ပင်၊ နေရဉ္ဇရာမြစ်ကမ်းပါးနှင့် ဥရုဝေလတော

(2.11.2008) (from Boodh Gaya to Delhi by train)
ဂယာမှသည် ဒေလီမြို့တော်သို့

(4.11.2008) ( Taj Mahar the world wonder)
တပ်ခ်ျမဟာလ်သို့

At that night my Dagagyi and Dagamagyi will take the flight to US( 5.11.2008 12:30 am)that is Midnight of (4.11.2008)

With Metta

UZIN

Noted
Four Samvejaniya places are ;
1)Lubini(23.10.2008) (Phwar)
2)Bodh Gaya(25.10.2008) (Pwint)
3)Varanasi(21.10.2008) (Haw)
4)Kusinagara(23.10.2008) (San)

ဆုတောင်း။ ဘုရားရှင်နှင့်တွေ့ပါစေသော်


17 August, 2009

ဗြဟ္မဒဏ္ဍ (သို့) ဗုဒ္ဓခေတ်ဆန်ခ်ရှင်း

မှတ်စု (၄)

န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။

သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။

(ဓမ္မပဒ၊ ၇၈)
(၁)

ငယ်စဉ် နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေက ခပ်များများပါ။ အိမ်မှာ နေခဲ့ရတဲ့ ကလေးဘ၀က ခပ်နည်းနည်းမို့ ဘုန်းတော်ကြီးကျောင်းပရိဝုဏ်ထဲက ကိုရင်လေးဘ၀နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေပဲ ဖြစ်ခဲ့တာ သဘာဝကျပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးရဲ့ငယ်ဘ၀ဖွားမြင်တော်မူခန်းက အံ့ချီးဖွယ်ရာတွေ၊
ခမည်းတော်ရဲ့ လယ်ထွန်မင်္ဂလာပွဲမှာ လူတွေအုံကျင်းဖွဲ့ မျှော်မောနေကြချိန် ပီဘိကလေးမျှသာ ဖြစ်တဲ့ အလောင်းတော်မင်းသားလေးက သစ်ပင်ရိပ်တစ်ခုမှာ တရားဘာဝနာစီးဖြန်းနေပုံတွေ၊ လုလင်ပျိုဘ၀ လေးတော်တင်ခန်းအဆုံးမှာ ရွှေမင်းသမီးလေးယသော်ဓရာနဲ့ ၀တ်မှုံကူးပွဲတော်ကျင်းပခဲ့ပုံတွေ ၊

အဲဒီ ပြည့်စုံမှုတွေကိုပဲ အဆုံးမဲ့သံသရာသင်္ချိုင်းအဖြစ်ရှုမြင် လောကီနေ့ရက်တွေကို ငြီးငွေ့စွာ ရွှေနန်းအဆောင်ဆောင်နဲ့ စည်းစိမ်ရိပ်ငြိမ် ဂီတစံအိမ်တွေကို စွန့်ခွာလို့ တောရပ်မှီးတော်မူခဲ့ပုံတွေက ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေထဲထိ စီးဝင်နေခဲ့ပါတော့တယ်။


ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းတွေထဲက ဇာတ်ကောင်တွေဟာလည်း ကလေးဘ၀က ကစားဖော်တွေလို ရင်းနှီးနေခဲ့ပြန်ပါတယ်။ အဲဒီလို ရင်နှီးနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မြင်းမြီးဆွဲ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြွကြွရွရွ ရှိနေခဲ့ပါတယ်။


ဝါဆိုလပြည့်ည တိတ်ဆိတ်ငြိမ်ဆိတ်မှုတွေ ကြီးစိုးနေချိန် အမှန်တရားအစစ်ကို ရှာဖွေဖို့ ထွက်ခွာတော်မူမယ့် သိဒ္ဓတ္ထအရှင်ရဲ့ ယုံကြည်ကိုးစားမှုကို ခံယူခဲ့ရသူ၊ ဘွားဖက်တော်မြင်းမြတ်ရဲ့ အကူအညီနဲ့ အနော်မာသောင်ကမ်းဆီအရောက် နောက်တော်ပါးက လိုက်ပါခွင့်ရခဲ့သူ မောင်ဆန်ဟာ သူရဲကောင်း ဆန်နေခဲ့ပါတယ်။


အလောင်းတော်က အနော်မာသောင်ကမ်းမှာ ဆံတော်ကို ပယ်၊ ဖန်ရည်စွန်းအဝတ်ကို တွယ်ဖက် ။ သပိတ်ခွက်ကို လက်စွဲပြီး စိမ်းစိမ်းရဲရဲကြီး လှည့်ထွက်သွားတော်မူသွားတဲ့အခါ ရင်ကွဲနာကျသေတဲ့ စီးတော်မြင်းဘေးမှာ ငိုကြွေးလို့ နေပြည်တော်ဆီ သတင်းပေးဖို့ ခေါင်းငိုက်စိုက်ချကာ တရွေ့ရွေ့ပြန်သွားနေတဲ့ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြေကွဲစရာပါပဲ။


ဒါပေမယ့် ကိုရင်လေးဘ၀ကိုလွန်မြောက်လို့ ပိဋကတ်စာပေတွေကို တစ်ဆင့်တိုးသင်ယူခွင့်ရတဲ့အခါမှာတော အဲဒီမောင်ဆန်ဟာ အသွင်တစ်မျိုးဖြစ်နေခဲ့ပါပြီ။
ရဟန်းတော်ရှင်ဆန္နအဖြစ်နဲ့ အားလုံးရဲ
မစ္စတာအန်ဂျော်လောဖြစ်နေခဲ့ပါပြီ၊ အော်ကြော်လန်နေတော့တာပါ။

(၂)


မောင်ဆန်နဲ့လမ်းခွဲထွက်ကြွတော်မူတဲ့ သိဒ္ဓတ္ထအရှင်ဟာ ဥရုဝေလတောစခန်းမှာ အကျင့်မှားတွေနဲ့ ခြောက်နှစ်ခြောက်မိုး တ၀ဲလည်လည်ဖြတ်သန်းပြီးချိန်မှာမှ မဇ္ဈိမပဋိပဒါလမ်းအမှန်ကို တွေ့ရှိပြီး ဂယာအနီးက ဗောဓိညောင်အရိပ်မှာ တစ်လောကလုံး ငိုသံတိတ်စေမယ့် အထွတ်အထိပ်တရားမြတ်ကို သိမြင်ကာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။


အဲဒီနှစ် ပထမ၀ါတော်မှာ ဗာရာဏသီ မိဂဒါဝုန်ကို ကြွရောက်ပြီး ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာကို ကိုယ်တော်မြတ်ရဲ့ manifesto အဖြစ် အတ္တ၀ါဒီတွေကြားထဲမှာ တရားဝင် ကြေငြာတော်မူခဲ့ပါတယ်။

ပဉ္စ၀ဂ္ဂီရဟန်းငါးပါးတို့လို နိုင်ငံရေးပရောဖက်ကြီးတွေ။ ယသလုလင်နဲ့ သူမိတ်ဆွေသူဌေးသားတို့လို ဂုဏ်သရေရှိ လူကုန်ထံတွေ။ ဘဒ္ဒီဝဂ္ဂီညီနောင်သုံးကျိပ်လို မင်းညီမင်းသားတွေနဲ့ ဥရုဝေလကဿပအပါအ၀င်ရသေ့ညီနောင် ရှင်တစ်ထောင်တို့လို ဘာသာရေးခေါင်းဆောင်တွေကို ပထမ၀ါတော်မှာပဲ သိမ်းသွင်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သာသနာတော်ဟာ အဆင့်မြင့်တဲ့ အထင်ကြီးစရာအဖွဲ့ကြီးအဖြစ် စတင်နိုင်ခဲ့တာပါ.။


အကျိုးဆက်အနေနဲ့ ဒုတိယ၀ါမ၀င်မီမှာပဲ ခေတ်ကာလရဲ့ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ မဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရကိုယ်တိုင်နဲ့ တိုင်းသားပြည်သူတွေက ဘုရားအစစ်နဲ့ တရားအသစ်ကို အုတ်အုတ်ကျက်ကျက် ကိုးကွယ်ကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အဲဒီသတင်းတွေက မဇ္ဈိမတိုက်ကြီးတစ်ခုလုံးကို လွှမ်နေတာဆိုတော့ ဇာတိမြေကပိလ၀တ်ကလည်း ကြားရပါပြီ ။ အဲဒီတော့လည်း ဘုရားရှင့်မျက်နှာကလည်း ကြီးပြီမို့ ဆွေဘုရား မျိုးဘုရားကို လွမ်းသလေး ဘာလေးဖြစ်ကုန်ကြတော့တာပါပဲ။

ဒီတောလည်း ဘုရားပင့်ဆောင်ရေးစီမံကိန်းကြီးချမှတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပကြတော့ကလား။

တကယ်တော့ ဘုရားရှင်ဟာ မိဘဆွေမျိုးတွေရဲ့ ဆန္ဒကို ကျောခိုင်းပြီး တစ်လောကလုံးရဲ့ မျက်ရည်တွေ သုတ်ပေးဖို့ လမ်းကြမ်းကြမ်းတွေ လျှောက်ကာ လမ်းအသစ်ကို ဖောက်ခဲ့ရတာမဟုတ်လား။
မိရိုးဖလာကို ချိုးဖောက်လို့ တိမ်းမှောက်သွားခဲ့ရင်တော့ ကပိလ၀တ်သမိုင်းလည်း ပြောင်းသွားနိုင်တာပေါ့လေ။


(၃)

ဘုရားရှင်ရဲ့ပြည်တော်ပြန်နေ့ရက်တွေမှာ ဆွေတော်မျိုးတော်တို့ရဲ့ ကြိုဆိုမှုက လှိုက်လှဲမှု အပြည့်ရှိခဲ့ပေမယ့် သာကီဝင်တို့ရဲ့ မာနနဲ့ အလွယ်တကူဦးညွတ်ဖို့တော့ ခက်ခဲခဲ့ ကြပြန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ အနှိုင်းမဲ့ မေတ္တာတော်နဲ့ ကရုဏာအသရေတော်က
သာကီဝင်တို့ရဲ့မာနတောင်ထွတ်ကို ဖြိုချပစ်နိုင်ခဲ့ပါတယ်။
အဲဒီမှာမှ ငါတို့ဘုရားမှ ငါတို့ဘုရားဖြစ်ကုန်ကြတာပါ။

ဒါထက်ပိုသွားတာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေး အယူအဆတစ်ရပ်ပေါ်ပေါက်လာတာပါ။ ဒီလိုနဲ့ ကပိလ၀တ်မြို့ပြမှာ ရှင်တစ်ရာ ရှင်တစ်ထောင်ဝတ်ပွဲတွေက ပေါ်ပြူလာဖြစ်သွားတဲ့အထိပါပဲ။

အဲဒီခြိမ့်ခြိမ့်သဲရှင်ပြု ပွဲကြီးတွေနဲ့ သီးခြားပုဂ္ဂလိက ရဟန်းဝတ်ပွဲတွေမှာ
အစစ်အမှန်ပဗ္ဗဇ္ဇိတ
ဖြစ်တဲ့ ရှင်အာနန္ဒာ ရှင်အနုရုဒ္ဓါ ရှင်ဘဒ္ဒိယ ရှင်ကိမိလတို့လို မဟာပါရမီရှင်ပုဂ္ဂိုလ်မြတ်တွေ ပါဝင်သလို သာသနာရဲ့ အကြီးဆုံးဆူးညှောက်ဖြစ်လာမယ့် ရှင်ဒေ၀ဒတ်၊ ပစ္စည်းလာဘ်လာဘနဲ့ ဒကာဒကာမတွေနောက်ပဲ တကောက်ကောက်လိုက်တတ်တဲ့ ရှင်ဥပနန္ဒ။ တသမ်းသမ်းတဝေေ၀နဲ့ ပျင်းရိပျင်းတွဲ နေတတ်တဲ့ ရှင်တိဿတို့လို ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတော့တာပါ။

ရဟန်းမှ မ၀တ်ရင် ခေတ်မမီတော့တဲ့ အခြေအနေမှာ မြင်းမြီးဆွဲမောင်ဆန်ဟာလည်း ရှင်ဆန္နအဖြစ် အသွင်ကူးပြောင်းခဲ့ပါတော့တယ်။

(၄)

ရှင်ဆန္နရဟန်းဖြစ်လာတော့ ဘုရားရှင်းကြွတော်မူရာ သီတင်းသုံးရာ တိုင်းကြီး ပြည်ကြီးတွေဆီ လိုက်ပါခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေးအယူအဆကို ဘာသာပြန်အမှားကြီးနဲ့ဆုပ်ကိုင်ထားတာဟာ သူ့အတွက် နစ်နာစရာတွေဖြစ်လာတော့တာပါ။

ဘုရားရှင်က သာသနာဆိုတဲ့ ပင်လယ်ထဲရောက်နေပါပြီ။ ရှင်ဆန္နတို့က ခတ္တိယမြစ်ထဲမှာ ကူးချင်ကြတုန်းပါ။ ဒီတော့လည်း ဘုရားရှင်ဘေးမှာ ထည်ထည်ဝါ၀ါဝန်းရံခွင့် ရနေတဲ့ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးနှစ်ပါးကို အမြင်ဝါးနေတော့တာပါပဲ။ ကြည့်လိုက်တော့လည်း လက်ျာရံကိုယ်တော်ကြီး ရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံကိုယ်တော်ကြီး ရှင်မဟာမောဂ္ဂလာန်တို့က ဗြဟ္မဏမျိုးနွယ်ဝင်တွေ ဖြစ်နေကြတာပါ။

မဇ္ဈိမဒေသရဲ့ ခေတ်အဆက်ဆက်သမိုင်းကားချပ်တွေကို ဖွင့်ကြည့်လိုက်ရင် ခတ္တိယနဲ့ ဗြဟ္မဏဆိုတာက အမြဲတမ်းအားပြိုင်နေကြတဲ့ အမျိုးအနွယ်တွေပဲ။ တစ်ခါတစ်ခါ ရန်သူလုံးလုံးကြီးဖြစ်သွားရတဲ့ ခေတ်တွေတောင်ရှိခဲ့သေးတာပါ။
အဲဒီတော့ ဖြစ်ခြင်းဖြစ်ရင် ဒီလိုကြီးကျယ်ခမ်နားတဲ့ ရာထူးတွေဟာ သူတို့လို ခတ္တိယအနွယ်ဝင်တွေနဲ့သာ ထိုက်တန်ရပေမပေါ့တဲ့။

အဲဒီလို ခတ္တိယချင်းတူရင်တောင် သူ့လို စွန့်စားရတဲ့ ၀ါဆိုလပြည့်တစ်ညက သေမတူရှင်မကွာ လိုက်ပါခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ဦးကသာ ပိုပြီးထိုက်တန်တယ် ဆိုတဲ့အတွေးက သူ့ရဲ့နေ့ရက်တွေကို နှိပ်စက်ကြတော့တာပါပဲ။ ဘုန်းကြီး
နောက်က ထီးထမ်းပြီးလိုက်ရတာနဲ့ ဘုန်းကြီးဆွမ်းဝိုင်း ၀င်နှိုက်ချင်တော့တာပါ။

ဘုရားရှင်က သာသနာ့မျက်နှာကိုသာ ကြည့်ခဲ့တာဖြစ်ပါတယ် ။ ဆွေမျိုးဉာတိအစွဲနဲ့ အမျိုးဇာတ်နံရံတွေကို ကျော်လွှားပြီး ထိုက်တန်သူသာ ယူစေလုပ်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း သာသနာတော်ဟာ ရာစုများစွာတိုင်အောင် ခိုင်ခံ့ခဲ့တာ အဓွန့်ရှည်ခဲ့တာဖြစ်ပါတယ်။
နှမပေးရလို့ ရှင်ကြီးဒေ၀ဒတ်ကို ဘုရားရာထူးလွှဲပြီး အတူတူရဲဘော်ရဲဘက်ချင်းမို့ ရှင်ဆန္နကိုသာ ဓမ္မသေနာပတိရာထူးပေးခဲ့ရမယ်ဆိုရင် သာသနာဆိုတဲ့ ဝေါဟာရဟာ ဒီနေ့ခေတ်အဘိဓာန်တွေထဲမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။

ဘုရားရှင်က ထိုက်တန်သူကို ထိုက်တန်သလို ချီးမြောက်ခဲ့တာပါ။ နှောင်ကြိုးတွေ မရှိပါဘူး။ အရိယာစိတ်နှလုံးဖြူဆွတ်နေတဲ့ ခတ္တိယရဟန်းတော်တွေ အတွက်လည်း ထိုက်တန်တဲ့ နေရာတွေ ချမှတ်ပေးတော်မူခဲ့တာပါ။ ဧတဒဂ်ဘွဲထူးတွေ ဆွတ်ခူးခဲ့တဲ့ ခတ္တိယသူတော်စင်ရဟန်းမြတ်တွေ သာသနာဝင်မှာ အထင်အရှားပါပဲ။

တကယ်တော့ ညီတော် အရင်းခေါက်ခေါက် ရှင်နန္ဒ၊ သွေးသားရင်နှစ်ရှင်ရာဟုလာ
နဲ့ ကစားဖက် တစ်ဝမ်းကွဲညီတော် ရှင်အာနန္ဒာတို့လို မွန်မြတ်လှတဲ့ ခတ္တိယသွေးစစ်စစ်ကြီးတွေက နေရာအတွက်စကားဟသံ ပိဋကတ်စာမျက်နှာမှာ ကြားကြရမှာမဟုတ်ပေဘူး။

ရှင်ရာဟုလာလေးဆို မိမိကိုယ်ကိုယ်နှိမ့်ချလွန်းလို့ တစ်သာသနာလုံးက သံဃာတော်တွေက ချီးမွမ်းကြရတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို ချစ်ကြောက်ရိုသေစွာ သြ၀ါဒခံယူလေ့ရှိတဲ့ ကိုယ်တော်လေးပါ။ ရှင်အာနန္ဒာဆိုရင်လည်း သာသနာတော်မှာ ဘုရားပေးဘွဲ့အများဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် အသက်အရွယ်တွေရလို့ ဆံတွေဖြူတဲ့အထိ
ရှင်မဟာကဿပကိုယ်တော်ကြီးက“ဒီကောင်လေး ” လို့ ခေါ်ပြီး ဆုံးမတဲ့အခါ “ ကရုဏာကြီးစွာ ဆုံးမပေသဟဲ့” လို့ ပီတိဖြစ်လေ့ရှိသူပါ။

(၅)

ဘာပဲဖြစ်ဖြစ် ရှင်ဆန္နကတော့ သူ့ဇာတ်လမ်းသူဆက်ကတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို စကားလုံးနဲ့ ထိုးနှက်တော့တာပါ။
ဆစ်ဂမန်ဖရွိုက်ပြောသလို ရန်သူပြိုင်ဘက်ကို ကျောက်ခဲနဲ့ မထုဘဲ စကားလုံးနဲ့ ပစ်ပေါက်တဲ့ ပထမဆုံးလူဟာ Civilization ကို တီထွင်သူပါပဲတဲ့။ ရှင်ဆန္နကလည်း စကားလုံးတွေနဲ့ ပစ်ပေါက်ပြီးတိုက်ခိုက်လိုက်တာပါ
။ သူ့ဒိုင်ယာလော့ခ်တွေကလည်း အတိအကျဖော်ပြစရာ ပိဋကတ်စာအုပ်က အနားမရှိဘူး။
ဟောဒီမှာ ဆရာမကြီးဒေါ်မြတင်ရဲ့ အင်္ဂလိပ်ဘာသာပြန်မူလေးတော့ ရှိလေရဲ့။
'' I came along with my master when he left the palace for the forest. At that time, I was only one companion of my Master and there was no one else. But now Sariputta and Moggallana are saying 'we are the Chief Disciples, and are strutting about the place.''

“ င့ါအရှင် တောရပ်မြိုင်မှီးဖို့ ထွက်တော်မူစဉ်က ငါပဲ လိုက်ပါခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါကလွဲလို့ ဘယ်သူမှ ငါ့အရှင်ရဲ့ အဖော် မရှိခဲ့ဘူး။ ခုချိန်မှ ဒီသာရိပုတ္တရာ မောဂ္ဂလာန်တို့က
“ ငါတို့က အဂ္ဂမဟာသာဝက” ဆိုပြီး နေရာကောင်းယူကြတာပဲ” တဲ့။

သူပစ်ပေါက်လိုက်တဲ့စကားလုံးတွေက အရိယာအရင့်အမာကြီးတွေအတွက် ဘယ်လိုမှ ထိရှစရာမရှိ လေတော့ ပစ်ပေါက်သူဆီကိုပဲ ပြန်ဝေ့လာပါတယ်။ သူ့စကားလုံးတွေက အရိယာရဟန်းတွေ အတွက် တရားသံဝေဂပွားစရာဖြစ်သလို ပုထုဇဉ်ရဟန်းတွေအတွက်တော့ ထိတ်လန့် သွေးပျက် ဖွယ်ရာပါ။ သာသနာတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ပါးကို ထိပါးဝေဘန်နေတာဆိုတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ပြောနေတဲ့ ပုဂ္ဂိုလ်ကလည်း အညတရ မဟုတ်ပြန်တော့ တုန့်ပြန်စကားဆိုဖို့လည်း မရှိပြန်ပါဘူး။

ဒီတော့လည်း ဘုရားရှင်ဆီကိုပဲ သတင်းပို့ရတော့တာပါ။ ဘုရားရှင်ကလည်း သနားကရုဏာကြီးစွာ သုံးကြိမ်တိုင်တိုင် ခေါ်ပြီးဆုံးမတော်မူပါတယ်။ ဘုရားရှေ့ရောက်တော့လည်း ရှင်ဆန္နက အပိုးကျိုးပါတယ်။ ပြန်မပြောနားမထောင်လုပ်ခဲ့တာပါ။ ဘုရားရှေ့မှောက်က လွန်တာနဲ့ သူ့မူလပုံရိပ်က ထင်းထင်းကြီးပြန်ဖြစ်သွားတာပါ။

စုစုဝေးဝေးရှိပြီဆို ကျယ်ကျယ်လောင်လောင်ပဲ ဘုရားရှင်တောထွက်ခဲ့တဲ့
လွန်ခဲသော ၀ါဆိုလပြည့်ညတစ်ညဆီ ပြန်ရောက်သွားတော့တာပါပဲ။
အပြောခက်လှတဲ့ သူ့အတွက်လည်း ၀ိနည်းပိဋကတ်မှာ ဥပဒေအသစ်တွေ ထုတ်ပြန်ရတဲ့အထိ ပွဲဆူစေခဲ့တာပါ။ ဒုဗ္ဗစပုဂ္ဂိုလ် (အပြောရခက်သူကြီး) ရယ်လို့လည်း အော်ကြောလန်တော့ပါပဲ။
ဒါပေမယ့် သူကတော့ သူ့မူအတိုင်း ခေါင်းမာစွာ တင်းခံနေဆဲပါ။

ရဟန်းတွေကလည်း သူနဲ့ဆက်ဆံရမှာ ခပ်လန့်လန့် ဖြစ်ကုန်ကြပေမယ့် “သမဂ္ဂေါ ဟိ သံဃော ” ဥပဒေသက ရှိနေပြန်တော့ သံဃာညီညွတ်ရေးကို ရှေးရှုပြီး သံဃာ့အစည်းအဝေးတွေမှာတော့ ပေါင်းဖက်ဆက်ဆံနေခဲ့ရပါတယ်။ ဒါပေမယ့် ရဟန်းတွေရဲ့ နားကိုတော့ ရှင်ဆန္နရဲ့စကားလုံးတွေက အကြမ်းဖက်နေကြဆဲပါ။

ဘုရားရှင်ကလည်း နောက်ဆုံးကရုဏာအခွင့်ပေးတော်မူတဲ့အနေနဲ့ အနားမှာ ခေါ်ယူပြီး ဒီဂါထာလေးနဲ့ စေ့စပ်တော်မူခဲ့ပါသေးတယ်။


န ဘဇေ ပါပကေ မိတ္တေ၊

န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။

သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။

လက်ျာရံ လက်ဝဲရံပုဂ္ဂိုလ်ကြီးနှစ်ပါးဟာ သာသနာတော်အတွင်းမှာ မိတ်ဆွေများသာဖြစ်ကြောင်း၊ထိုပုဂ္ဂိုလ်မြတ်နှစ်ပါးကို မိတ်ကောင်းဆွေကောင်းများအဖြစ် ပေါင်းဖက်သင့်ကြောင်း ဖျောင်းဖျတော်မူခဲ့ပါတယ်။ ဒါပေမယ့် တကယ့် ဒါပေမယ့်ပါပဲ
ဘုရားရှင်ကိုယ်တိုင် လက်လျှော့ရအောင် ရှင်ဆန္နရဲ့ ခေါင်းမာမှုက ပြောင်မြောက်ခဲ့တာပါ။
ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှင်ဆန္နဟာ ဘုရားအားကိုးနဲ့ နွဲ့ဆိုးကြီးဆိုးနေတယ်လို့မြင်တော်မူခဲ့သလို ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိသမျှတော့ ရှင်ဆန္နရဲ့ အမူအကျင့်တွေပြောင်းလဲမှာ မဟုတ်ကြောင်းလည်း သိတော်မူခဲ့ပါတယ်။

ဒီတော့
်ကိုယ်တော်မြတ်ရဲ့ နောက်ဆုံးထွက်သက်တော်နီးကပ်လာချိန်မှာ
ရှင်အာနန္ဒာကို အပါးခေါ်ပြီး ရှင်ဆန္နအပေါ် မဟာကရုဏာကြီးစွာပဲ အကောင်းဆုံးချဉ်းကပ်မှုတစ်ခုကို မှာထားတော်မူခဲ့ပါတယ်။
အဲဒါကတော့ ဗြဟ္မဒဏ္ဍ(မြတ်သောဒဏ်ပေးခြင်း) လို့ခေါ်တဲ့ အဖက်မလုပ်ရေးမူဝါဒပဲဖြစ်ပါတယ်။ {Brahmadanda (for the Monks to simply ignore Channa and to have nothing to do with him)} သာသနာတော်တွင်းမှာ ရှိသမျှ သံဃာတော်အားလုံး ရှင်ဆန္နနဲ့ အဖက်မလုပ်စေရ ဆိုတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ထားတော်မူခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လိုပြောရရင်တော့ Sanction လုပ်လိုက်တဲ့သဘောပါပဲ။ ဂါထာရဲ့ ဒုတိယအပိုဒ်ကို ရှင်ဆန္နက မလိုက်နာတော့ ပထမပိုဒ်အတိုင်း အရေးယူလိုက်ရတာပါ။

(၆)

ဘာပဲဖြစ်ဖြစ် ရှင်ဆန္နက ခေါင်းမာပေမယ့် ပါရမီရှင် သူတော်ကောင်းကြီးတစ်ပါးပါ။ ဘုရားရှင်နဲ့ တစ်နေ့တည်းမွေးဖွားလာတဲ့ ဖွားဖက်တော်တစ်ဦးဖြစ်သလို ဘုရားရှင်ရဲ့ နိက္ခမပါရမီတော်အခန်းမှာ နောက်တော်ပါအဖြစ် ၀န်ထမ်းခွင့်ရအောင်ကုသိုလ်ထူးတဲ့သူလည်း ဖြစ်ပါတယ်။ ပုထုဇဉ်သွေးကြွပြီး မာနတလူလူနဲ့ ယာယီမြင့်မောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဘုရားရှင် မရှိပြီဆိုမှ သူ့အတွက် ဆန်ခ်ရှင်က အသက်ဝင်တာပါ။ အားလုံးက ၀ိုင်းပယ်လိုက်ကြပါပြီ။
ရဟန်းတွေမှန်သမျှ သူ့နဲ့ ဝေးဝေးရှောင်ကြတော့တာပါ။ ပြောကြစို့ဆိုရင် ရှင်ဆန္နဟာ The Lone Swam ဖော်မဲ့ဟင်္သာ သို့မဟုတ် အထီးကျန်ရဟန်းတစ်ပါးဖြစ်သွားခဲ့ပါပြီ။

ဒါပေမယ့် ပါရမီတော်ရင့်ကျက်ခဲ့တဲ့ ပုဂ္ဂိုလ်ပီပီ သူတော်ကောင်းဓါတ်က သူ့ကို မာန အမှောင်တိုက်က ပြန်လည်နိုးထစေခဲ့ပါတယ်။ အထီးကျန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားကို ရှာဖွေတော့တာပါ။ မိတ်ရင်းဆွေချာ ရှင်အာနန္ဒာဆီ ပြေးကပ်မှ အကြောင်းစုံ သိကာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးရတော့တာပါပဲ။

လွန်တော်မူလေပြီးတဲ့ ကျေးဇူးရှင်ကြီးရဲ့ သူ့အပေါ်ထားတဲ့ မဟာမေတ္တာ မဟာကရုဏာတော်တွေကို မှန်းဆဦးတင်မိပါတော့တယ်။ ဗြဟ္မဒဏ္ဍဟာ ကျေးဇူးရှင်ကြီးရဲ့ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့တဲ့ သူ့အတွက် ကယ်ပေါက်တစ်ခုအဖြစ် မြင်သွားခဲ့ပါတယ်။ သူပြင်ဆင်ချိန်ရလိုက်ပါတယ်။

ရဟန်းသံဃာတွေကို ပစ်မှားမိသမျှ ၀န်ချတောင်းပန်လို့ ရဟန်းတရားကို အချိန်မီ အားထုတ်နိုင်ခဲ့ပါတယ်။ တကယ်ပါ ဗြဟ္မဒဏ္ဍဟာ ရဟန်းတော်ရှင်ဆန္နအတွက်တော့ ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။


(ရဟန္တာအရှင်ဆန္နအား ပူဇော်ဦးခိုက်လိုက်ပါ၏)