29 October, 2010

မောင်သိန်းဇော်နဲ့ ဂင်္ဂါမြစ်ကမ်းက ဆွတ်ဆွတ်ဖြူ..............

ဂင်္ဂါမြစ်ကမ်းမှာ မြူတွေ ဆိုင်းစပြုပြီ....။ ဗာရာဏသီရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ မလုံမခြုံ အေးစက်လို့ ဓါတ်တိုင်လေးတွေကို မှီထားရသေးတယ်။ လျှပ်စစ်မီးရောင်တွေမပါလည်း လရောင်ကို အာသာငမ်းငမ်း ကဗျာဖွဲ့လို့ရပါသေးတယ်။ ဒီနေ့မနက်မှာတော့ သူနေထိုင်ရာ အခန်းကျဉ်းလေးဆီ ကဗျာတစ်ပုဒ် ရောက်လာတယ်။

ဆယ်စုနှစ်တစ်ခုရဲ့ ဆောင်းထူထူဆီက ပြေးထွက်လာတဲ့ မောင်သိန်းဇော်ရဲ့ ဆွတ်ဆွတ်ဖြူအနမ်း...။ ခဏ ခဏ သရဇ္ဈာယ်မိတဲ့ ပါဒများ... စကားလုံးများ၊ ဟိုးတစ်ခါက မန္တလေးနဲ့ အတိတ်ကို တွယ်ဖက်လိုဟန်မရှိတော့ပေမယ့် နန်းတော်ရှေ့က ကျုံးထိပ်မှာ စံပယ်တွေ ပွင့်နေကြတုန်းပဲလား....။ ကုသိုလ်တော်ဘုရားပရိဝုဏ်မှာလည်း ခရေတွေ ကြွေနေကြပေဦးမယ်..............။ သင်ခန်းစာကော်ပီစာအုပ်လေးကို လက်ထဲမှာကိုင် လမ်းလျှောက် ထွက်ခဲ့တဲ့ ဥပါဒါန်ခြစ်ရာ မထင်သော မန်းတောင်ရိပ်ခိုနံနက်ခင်းများ....။

အော် ဆွတ်ဆွတ်ဖြူလေသော အနမ်း.....တဲ့ ။ မှောင်ပိန်းနေတဲ့ ဒုက္ခသစ္စာထဲက ပါးပါးရှရှလေးကို လင်းမြ ကြည်မွှေး သွားအောင်ဖွဲ့လိုက်တဲ့ မောင်သိန်းဇော်ရဲ့ ဝေဒနက္ခန္ဓာအေးအေးလေးကို ကျေးဇူးတင်စွာ.....။ သာမန် ချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်မျှလို့ မယုံကြည်တဲ့ ရဟန်းတစ်ပါးအနေနဲ့ သူကူးရေးနေမိပါတယ်။

ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား
လရဲ့ ဆွဲအားနဲ့ ကျွန်တော့်နှလုံးသားကြွတက်လာတဲ့အချိန်
ရင်ထဲက လျှံကျလာတဲ့ စပယ်ပန်းတွေ
ဘယ်သူယူမလဲ

ပျော်ရွှင်စွာ ကြည်နူးစွာ ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမယ့်
တေးသံစဉ်မထွက်နိုင်တဲ့ ကြယ်ကလေးရေ
မင်းပျော်ရဲ့လားကွယ်

ကြင်နာစွာ မြတ်နိုးစွာ ဆွတ်ဆွတ်ဖြူလို့
ကြည်လင်စွာ သန့်ရှင်းစွာ ဆွတ်ဆွတ်ဖြူလို့
တမဟုတ်ချင်းသန်းကောင်ယံတွေ လင်းစေမတဲ့
ယုံကြည်စွာ မျှော်လင့်စွာ ဆွတ်ဆွတ်ဖြူလို့

စင်တော်ဖွင့်အမီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့ အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကို ရွှေဖြစ်အောင် ဘယ်သူချစ်ခဲ့ဖူးသလဲ

လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်

သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်နှလုံးသားထဲ ကျွန်တော်ရောက်ရှိလာမယ်
ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ် ကျွန်တော်ရောက်ရှိလာမယ်
ကျွန်တော်ရောက်ရှိလာမယ် ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ်။

မောင်သိန်းဇော်
(သရဖူ၊ဖေဖော်ဝါရီ၊၁၉၉၅)

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား ၊အားလုံးကို ရွှေဖြစ်အောင် ဘယ်သူချစ်ခဲ့ဖူးသလဲ၊
တဖိတ်ဖိတ်လက်နေပေမယ့် တေးသံစဉ်မထွက်နိုင်တဲ့ ကြယ်ကလေးရေ မင်းပျော်ရဲ့လားကွယ် တဲ့..။ ဒီမနက် အတွေးတွေ မှိုင်းသွားတယ်... တဖိတ်ဖိတ်လက်နေပေမယ့် တေသံစဉ် မထွက်နိုင်တဲ့ ကြယ်ကလေးရေ မင်းပျော်ရဲ့လားကွယ်....။ ဒါပေမယ့် လှနေပါတယ်။ ဆွတ်ဆွတ်ဖြူအနမ်း.... လရောင်စစ်စစ် မွှေးရနံ့ စစ်စစ် မေတ္တာစစ်စစ်တွေအတွက် ....။

ဓမ္မဂင်္ဂါ
၃၀-၁၀-၂၀၁၀




ခင်ကြီးဇောနဲ့ ခင်ကြီးနော

အေဒီ ၂၀၁၀ခရစ်နှစ်ကြီးထဲ အတွေး တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ဒရောသောပါး ဘလော့ဂ်မယ့် သူ့မိတ်ဆွေရဟန်း နှစ်ပါး ပေါ်လာပါတော့တယ်။ အင်းဝခေတ် ကုန်းဘောင်ခေတ်တုန်းက ရဟန်းတော်တွေကို မြတ်မြတ်နိုးနိုး ခေါ်ကြသလို ဆိုရင်တော့ ခင်ကြီးဇောနဲ့ ခင်ကြီးနောလို့ပဲ ခေါ်ကြရပေမှာပ။ ပုဂံခေတ်မှာတော့ သင်ကြီးလို့ သုံးကြတယ် ထင်ပါရဲ့။

ကုန်းဘောင်ခေတ်လယ်ခေတ်နှောင်းနဲ့ကုန်းဘောင်အလွန် ဗြိတိသျှအုပ်ချုပ်ရေး ကာလတွေမှာတော့ ဘုန်းတော်ကြီးတွေက ခင်ကြီးနေရာမှာ ဦးပြောင်းပြီး လူ့ဘ၀ငယ်နာမည်နဲ့ တွဲဖက်ကာ ပျော်ပျော်ကြီး သုံးကြတာ တွေ့ရပါရဲ့။ ဆရာတော်ဦးဗုဓ်၊ဦးပိုး၊ဦးကျီး၊ ဦးသီး၊ ဦးကြည်၊ ဦးကြယ်ဆိုသဟာမျိုးပ။

အသျှင်ဆိုတာမျိုး သျှင်ဆိုတာမျိုးလည်း သုံးစွဲလာကြတာ တွေ့ရပါသေးတယ်။ ဦးဆိုတာကို အက္ခရာ “ဦး”အယူအဆလေး ကွဲလွဲကာ သုဓမ္မာဆရာတော်တွေက “ ဦး” ၊ ရွှေကျင်ဆရာတော်တွေက “ ဥုး” ဆိုပြီး သုံးတာမျိုးတွေ့လာရပြန်ပါတယ်။ အကင်းပါးပြီး ဂိုဏ်းဂဏတွေကို လွန်မြောက်လိုတဲ့ အရှင်မြတ်တွေကတော့ “ဦး”နဲ့“ဥုး”ကို ကျောခိုင်းပြီး “အရှင်”ဆိုတာလေးကို လွတ်လွတ်ကင်းကင်း သုံးလာပါတော့တယ်။ အရှင်ဇနကာဘိဝံသ၊ အရှင်ဝိစိတ္တသာရာဘိဝံသ ဆိုသဟာမျိုးပေပ။

ခု ခေတ်မှာတော့ ပိုပြီး အဆင်လည်းပြေ၊ ခန့်ခန့်ညားညားလည်းရှိတဲ့ “ဘဒ္ဒန္တ”ဆိုတဲ့ ပါဠိဝေါဟာရကို ဘွဲ့တော် ရဲ့ထိပ်မှာ တံဆိပ်ခတ်လိုက်တဲ့အခါမှာတော့ လူပုဂ္ဂိုလ်တွေရဲ့ မေးခွန်းတွေကို မကြာခဏ ဖြေရတတ်ပါတယ်။ “ အရှင်ဘုရား ဘဒ္ဒန္တဘွဲ့ရပြီးပြီလားဘုရား” ဆိုတာမျိုးပါ။ ဘဒ္ဒန္တဆိုတာကို လွတ်လပ်ရေးနေ့မှာ ကြေငြာ ဆက်ကပ်တဲ့ ဘွဲ့တံဆိပ်တော်လို့ ထင်နေကြပေသကိုး။

ဘဒ္ဒန္တဓမ္မဂင်္ဂါ ဆိုတာ မစ္စတာဓမ္မဂင်္ဂါ ၊ အရှင်ဓမ္မဂင်္ဂါထက်မပိုပါဘူး။ ဒါပေမယ့် ဘဒ္ဒန္တဆိုတဲ့ဝေါဟာရကြီးကို ထင်းထင်းကြီးဖြစ်အောင် ရေးထားတဲ့ ယပ်တောင်တော်ကြီးကိုတော့ ထမ်းပြီးသွားခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် လေးစားလောက်တဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ “ မောင်ရင်တို့လည်းကွယ် ကိုယ့်နာမည်ကြီးကိုယ်ထမ်းသွားနေ ရတာ မလေးဘူးလားကွယ်ရို့” ဆိုတဲ့အသံကို ကြားမိတော့ မျက်နှာအပူသား။ အဲဒါနဲ့ သံဖြူဇရပ်ဘက်က လာတဲ့ ထန်းရွက်ယပ်တောင်လေး ပြောင်းသုံးရလေတော့တာကိုး။

ခင်ကြီးဆိုတဲ့ ဝေါဟာရကိုတော့ ငယ်စဉ်ကိုရင်ဘ၀က မကာရလောပအကျော် ခင်ကြီးဖျော်(ပျော်)ရဲ့ သဒ္ဒါကျမ်း အနှစ်ချုပ် ပုဒ်စစ်ကျမ်းကို အော်ကျက်ခဲ့ရကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့တာကလား။ ဥပမာသမူဟ ဂီရက္ကမကျမ်းမှာလား ဦးပေါ်ဦးလျှောက်ထုံးမှာလား အခြားကျောင်းကန်အနီးပြောကြဆိုကြတဲ့ ဟာသပုံပမာ စကားဝိုင်းမှာလား ကြားရဖူး ဟားရဖူးတဲ့ “ ဒို့နှစ်ယောက်နောက် ခင်ကြီးပေါက်” ဆိုတဲ့ ပုံပြင်လေးကလည်း ခင်ကြီး ဆိုတဲ့ဝေါဟာရလေးကို အကျွမ်းတ၀င် ဖြစ်စေတော့တာပါ။

ခင်ကြီးဇောဆိုတာကတော့ ဂျာမဏီနိုင်ငံမှာ သတင်းသုံးပြီး “မြတ်ရောင်နီ”ဘလော့ဂ်စာမျက်နှာကြီးကို နှစ်ဆန်းတစ်ရက်နေ့မှာပဲ မင်္ဂလာရှိစွာ ဖွင့်လှစ်လိုက်တဲ့အရှင်တေဇောဘာသ(မြင်းခြံ)ဖြစ်ပါတယ်။ ခင်ကြီးဇောနဲ့က ရန်ကုန် ထေရ၀ါဒတက္ကသိုလ်နေ့ရက်များမှာ မျက်မှန်ထူထူတပ်၊ သင်္ကန်းသပ်သပ်ခတ်ခတ်ရုံ၊ ထီးကြီးတစ်ချောင်းကို ထမ်း လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီး သွားအဖွေးသား ပြုံးကာ ရောက်လာတတ်တဲ့ ရဟန်းတော်တစ်ပါးအဖြစ် ရင်းနှီးခဲ့ရပါတယ်။ ထေရ၀ါဒတက္ကသိုလ်မှာ ဗုဒ္ဓဓမ္မ၀ိဇ္ဇာဘွဲ့ ယူပြီးတဲ့နောက်မှာတော့ ခင်ကြီးဇောက သီဟိုဠ်ကျွန်းညိုဆီ ပညာရေးကွန်းခိုဖို့ ထွက်ခွာသွားခဲ့ပါတော့တယ်။

အဲဒီအချိန်ကတည်းက မတွေ့ဖြစ်ကြတော့တာပါ။ သူ မဇ္ဈိမကို ထွက်လာဖြစ်တဲ့ အချိန်မှာမှ အွန်လိုင်းမှာ ဘွားကနဲ ဆုံကြရပြန်တာပါ။

နောက်မကြာမီ ခင်ကြီးဇောက သီဟိုဠ်ကို ဘုရားဖူးကြွလာတဲ့ ဂျာမန်ဘုန်းတော်ကြီးကို တရားဓမ္မ အဟောအပြကောင်းလို့ မဟာဝိဇ္ဇာဘွဲ့ယူအပြီး တိုင်းဂျာမဏီ ရွှေပြည်ထုတ်ချောက် လမ်းမကောက်ဘဲ အရောက်ကြွဖို့ ပင့်ဆောင်သွားပြီလို့ သတင်းကောင်းကြားရပြန်ပါတယ်။ အဲဒီအချိန်မှာ သူကလည်း ဓမ္မဂင်္ဂါရေစီးကို ပရိသတ်ကျဉ်းကျဉ်းလေးထဲ သွန်းလောင်းချနေခဲ့ပါတယ်။ ခင်ကြီးဇောကတော့ ပင်တိုင်ကူးခတ်သူပါပဲ။ သူက တိုက်တွန်းဖြစ်ပါတယ်။ အနောက်နိုင်ငံကို ရောက်နေတဲ့ ရဟန်းတော်တစ်ပါးဆီက အသံကို ကြားချင်ပါတယ် လို့။ သူရဲ့ဝါသနာနဲ့ စာပေဓါတ်ခံတွေကိုလည်း မြင်နေမိသကိုး။ ဒီလိုနဲ့ “မြတ်ရောင်နီ” ဘလော့ဂ်တော်ကြီး ပေါ်လာတော့ သာဓု ခေါ်မိပါတော့တယ်။

ခင်ကြီးဇောရဲ့ဘလော့ဂ်ဖွင့်ဦးစနေ့မှာပဲ သူက ဒီလို အဘိယာစက အမှုပြုခဲ့မိပါတယ်။
ဓမ္မဂင်္ဂါ said...

ဇာမဏီပြည်ကြီး၌ နေထိုင်ပျော်မွေ့ သာသနာအလေ့ကို ပြလျက်ရှိပါသော မြတ်ရောင်နီအရှင်၏ ဒေသနာခရီးကို ရှာမှီးသိလိုပါသော ကျွန်ုပ်တို့ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့အား သနားလည်းဟော မသနားလည်းဟော တရားသဘောပေါက်ဖို့သာ လိုရင်းဟု မှတ်ကြပါမည်။
အတွဲ ပထမမှသည် နိဂမနိဂုံး အဆုံးမသတ် တုံးတိကြီး ဖြတ်မပစ်လိုက်ပါနှင့်
မဇ္ဈိမဒေသ ဥတ္တရတိုင်း ဗာရာနဂရနေ ဓမ္မဂင်္ဂါမောင်ရှင်က နောင်အစဉ်နာလိုကြောင်းပါဘုရား။
ပုဒိအာနှင့် ပြည့်စုံရပါလို၏။

ခင်ကြီးဇောကလည်း စာရေးဖြစ်တဲ့ အကြောင်းတွေကို “စာရေးဆရာနားနီးစာရေးဆရာ” ဆိုပြီး ပြန်ပြောင်း ရေးပြပါသေးတယ်။

“အဲဒီထဲမှာ ကိုယ်နဲ့  နီးစပ်တာက တက္ကသိုလ်ဆရာများလည်းဖြစ်၊
အပ္ပမာဒ ပင်တိုင်စာရေးဆရာများဖြစ်တဲ့-ဒေါက်တာ အရှင်အာစာရ၊
ဒေါက်တာကျမ်းပြု အရှင်ပါရမီ၊ ပြီးတော့ ကိုယ့်ထက် စီနီယာဖြစ်တဲ့
မော်ဒန်-အရှင်ဝိစိတ္တသာရ ( ယခု ဓမ္မဂင်္ဂါ ) ဘလော့ အုန်နာ။
ပြီးတော့ ဆရာဖြစ်တဲ့ ကဗျာဆရာ မောင်သစ်ဝေ (မြင်းခြံ) ။ ကဲ ဒီလို
စာရေးဆရာတွေကြား ရောက်သွားတဲ့ ကိုယ်။
စာရေးချင်စိတ်က ကလိကလိ ဖြစ်လာတယ်။
ဒါနဲ့ ပဲ စာရေးချင်တဲ့ကြောင်း ပြောပြတော့လည်း ဒီအရှင်တွေက တွယ်စမ်းပါတဲ့။
ကိုယ်သိထားတာတွေ ရေးချလိုက်စမ်းပါ လို့  မြှောက်ပင့်ကြလို့ စာရေးဆရာ
ဖြစ်လာပါတယ်။”

တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲတွန်းတွန်း၊ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲနီးနီး ကိုယ့်မှာဝါသနာနဲ့ ဇလေးကလည်း ရှိဦးမှဖြစ်မှာ။ ဒီတော့ သူကလည်းခင်ကြီးဇောရဲ့ ပို့စ်အောက်မှာ ဒီလိုလေး မှတ်ချက်ပေးမိပြန်ပါတယ်။ ခင်ကြီးတို့ သင်ကြီးတို့ဆိုတဲ့ ဝေါဟာရလေးတွေ နှစ်ခြိုက်မိတော့လည်း ရေးမိတာကိုက ကုန်းဘောင်ဆန်သလိုလို၊ ဆုတောင်းစာလို ဖြစ်သွားခဲ့ပါသေးတယ်။ တတ်နိုင်ပေဘူး။ လက်ကကျူးမိပြီကိုး။

ဓမ္မဂင်္ဂါ said...

စာရေးဆရာ မဟာရောင်နီ ဇာမဏီကျော် လူတော်ဥက္ကဋ္ဌ် အတ္ထုပ္ပတ်ကို သိရပါမှ အော် ကောင်းလင့်တေး ကောင်းလင့်တေး ပီတိကို မွေးမိတော့သည်။ ငါသည်ကား အရတော်လေစွ အရတော်စွ ဟု စူဠဥဒါန်း အခါခါလွှမ်းတော့သည်။ စာရေးဆရာနီး စာရေးဆရာ ဖြစ်ထိုက်စွာသား စကားအရှိ ဆိုလေဘိသော်လည်း အသိဓါတ်ခံ အတွေးဥာဏ်ထွက်မှသာလျှင် အချက်ကျကျ ဓမ္မအရေး မျှော်တွေးထောက်ဆ ဖော်ပြနိုင်ပေမကိုးဗျ။
ဟင်းအိုးနားနီးသော်ငြား ခါးခါးချိုချို အပိုမသိ ယောင်းမစကားပုံအရှိသား။
စိတ်အားမငယ် အတွေးကြွယ်သမျှ ရေးခြယ်ပြဖို့သာ မျှော်လင့်ရတော့သည်။
ဇာမဏီဘောင်အတွင်း သာသနာပြောင်ဝင်းအောင် အရောင်အဆင်းကိုသာ လင်းပါရော့ မြတ်ရောင်နီအရှင်ကိုယ်တော်မြတ်ကြီးဘုရား။
(သာဓု သာဓု သာဓု)

ဘာပဲဖြစ်ဖြစ် အနောက်မှာ နေထွက်နေတဲ့ အရှင်တွေရဲ့ ခြေလှမ်း လက်လှမ်းတွေကိုတော့ မှီသလောက် သိချင်တာ အမှန်ပါ။ ဘာလုပ်နေကြပါလိမ့်ပေါ့။ ခင်ကြီးဇောရဲ့ ဥရောပသာသနာစာမျက်နှာကိုတော့ လှမ်းလှမ်းမျှော်မိကြောင်းပါ။

နောက်တစ်ပါးကတော့ ဗာရာဏသီရေအတူ သောက်နေတဲ့ ခင်ကြီးနောပါ။ ဘွဲ့အမည်အပြည့်အစုံကတော့ အရှင်ဉာနောဘာသာလင်္ကာရပါ။ နောက်မှာ ရွှေပြည်ကြီးတုန်းက ရတဲ့ဘွဲ့တွေလည်း မနည်းဘူးပ။ ခင်ကြီးနောကလည်း မျက်မှန်အ၀ိုင်းသားနဲ့ သင်္ကန်းတဖားဖားရုံကာ သူ့အခန်းကို ရောက်လာလေ့ရှိပါတယ်။

များ
သောအားဖြင့် ဉာဏ်ကို ကိုယ်စားပြုတဲ့ စကားလုံးတွေ ရေးတဲ့အခါ ဏကြီးအက္ခရာနဲ့ရေးလေ့ရှိပါတယ်။ ဒါပေမယ့် ရွှေကျင်ထိပ်ခေါင်တင် ဆရာတော်ကြီးတွေကတော့ နငယ်နဲ့တခုတ်တရ ရေးလေ့ရှိပါတယ်။ သာသနာပိုင် မြောင်းမြဆရာတော် အရှင်ဉာနာဘိဝံသ၊ အင်္ဂလန်သာသနာပြု မြောင်းမြဆရာတော် အရှင်ဉာနိက ဆိုတာမျိုးပါ။ ခင်ကြီးနောကတော့ နငယ်နဲ့ ရေးရတာက ပိုလွယ်သဟ လို့ပြောလေ့ရှိပါတယ်။

ခင်ကြီးနောကလည်း ကမ္ဘာကြီးတစ်ခုလုံး ဘလော့ဂ်ကုန်ကြပြီ။ ကျန်မနေသင့်တောဘူး ဆိုတဲ့ အတွေးနဲ့ “ ကိုနော” ဆိုတဲ့ ဘလော့ဂ်တစ်ခုကို အပြင်းမောင်းနှင်ဖို့ စိုင်းပြင်းနေတော့တာပါ။
ကြိုဆိုရမှာ တစ်ခုက ခင်ကြီးနောရဲ့ ဘလော့မှာ ဟိန္ဒီဘာသာပြန် လက်ရာသန့်သန့်တွေကို ဖတ်ကြရမှာပါ။ ခင်ကြီးနောရဲ့ အခန်းထဲမှာ ဟိန္ဒီအဘိဓါန်ကြီးတွေ၊ အမျိုးအမည်မသိတဲ့ ဘုတ်အုပ် ထူထူကြီးတွေနဲ့ ပွနေပါတယ်။ တမင်တကာ ဖွထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကုပ်ကုပ်စိုက်စိုက် အားထုတ်နေတာပါ။

ပြီးတော့ ခင်ကြီးနောက အဘိဓါန်ထူထူကြီး တစ်အုပ်ပြုစုဖို့ ပြင်ဆင်နေပါသေးတယ်။ အဘိဓါန်ရဲ့ အမည်သညာ ခေါ်စရာကား “လက်ယားအဘိဓါန်” ဟူလို၊( လက်ယားလို့ မနေနိုင် မထိုင်နိုင် ထရေးတဲ့အဘိဓါန် လို့ ခင်ကြီးနောက အနက်ဖွင့်ပြပါတယ်)

အိန္ဒိယရောက် မြန်မာရဟန်းတော်အများစုဟာ အင်္ဂလိပ်ဘာသာစာပေနဲ့ တက္ကသိုလ်ပညာရေးကိုပဲ အရယူပြီး ပြန်သွားကြတာ များပါတယ်။ ရှေးခေတ်ဦးဆီက ပညာသင်ရဟန်းတော်တွေကတော့ အိန္ဒိယနိုင်ငံထဲက ရသမျှ ပညာတွေ ထုပ်ပိုးသယ်ဆောင်သွားတတ်ကြတာပါ။ အဘယာရာမဆရာတော်။ အရှင်အာဒိစ္စ၀ံသ၊ အသျှင်ဥက္ကဋ္ဌ၊ ပြည်ဗာရာဏသီဆရာတော် စတဲ့ ပါဠိသက္ကတ ပြာကတစွယ်စုံပညာရှင်ကြီးများ ရွှေပြည်ကြီးရဲ့ စာပေ၀မ်းစာကို ဖြည့်ပေးခဲ့ကြဖူးပါတယ်။

ဒီနေ့ခေတ်မှာတော့ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မ၊ စာရေးဆရာကြီးပါရဂူ။ ဆရာကြီးမာဃ စတဲ့ပုဂ္ဂိုလ်ကြီးတွေဟာ ရွှေပြည်ကြီးရဲ့ စာပေအ၀န်းအ၀ိုင်းကို ဟိန္ဒီစာပေတွေနဲ့ ပေါင်းကူးပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟိန္ဒီစာပေပေါင်းကူးဖို့ မျိုးဆက် လိုလာတာတော့ အသေအချာပါပဲ။ ဆရာကြီး ပါရဂူလည်း ပေးနိုင်သမျှ ပေးခဲ့ပြီ။ ချန်ထားနိုင်သမျှ ချန်ခဲ့ပြီ။ ဘယ်သူ လက်ဆင့်ကမ်းမလဲ။
ကဲ ခင်ကြီးနောရေ တောင်ပံခတ်ပေရော။

ခင်ကြီးနောရဲ့ ဘလော့က မျက်နှာဖွင့်တုန်းမို့ ပြည့်စုံမှုတော့ မရှိသေးပေဘူး။ နည်းပညာနဲ့ ပတ်သက်ရင် အကန်းလောက် နီးနီးဖြစ်တဲ့ ဓမ္မဂင်္ဂါကို ဆရာတင်ထားရှာလေတော့ စာလုံးတွေ ပျောက်သွားလိုက်၊ ပုံတွေပျောက်သွားလိုက်နဲ့ ခမျာမှာ ဒီရက်ပိုင်းအတွင်း အိပ်ကောင်းခြင်း မအိပ်ရရှာချေဘူး ဆိုပဲ။ လောလောဆယ်တော့ ခင်ကြီးနော ဟိန္ဒီဘာသာကနေ ရွှေပြည်ကြီးရဲ့ ဘာသာနဲ့ တိုက်ရိုက်ပြန်ဆိုထားတဲ့ ကဗျာလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။

သမီးငယ်လေးရဲ့ ဒိုင်ယာရီ(ကဗျာ)

ဖေဖေကြီး...
သမီးဟာ

ငှက်ကလေးတစ်ကောင်ဖြစ်တယ် ၊
နောက်တော့ ..မြစ်တစ်စင်း ဖြစ်လာတယ် ၊
ကောင်းကင်ပြာလည်း ဖြစ်လာပြန်ရော ....
ဖေဖေကြီးကကော ဘာလဲဟင်....?

ဖေဖေကြီးဟာ
မိုးစိုစိုလည်း သွားရဦးမယ် ၊
နေပူပူလည်း သွားရဦးမယ် ၊
မုန်တိုင်းထန်လည်း သွားရဦးမယ် ၊

ဖေဖေ့အိပ်မက်က စာအုပ်ကြားမှာဆိုတော့
နူးညံ့တဲ့စကားလုံးတွေကြားမှာ သမီးလည်းရှိနေတယ် ၊
ဘာကြောင့် ပုန်းနေလဲ သိလား ဖေဖေ..?
ဖေဖေ့ဆီမှာ ထီးမှ မရှိတာ ။

ဖေဖေ...သမီးလေ
အရာရာကို နားလည်ချင်ပြီ ၊
အရာရာကို ပြောချင်နေပြီ ၊
သမီး ကိုယ်တိုင် ပျံသန်းကြည့်ရတော့မလား?

သမီးလေ..
လနဲ့အတူ သွားနေတယ် ၊
လေနဲ့အတူ ပြန်လာတယ် ၊
မိုးရွာတဲ့အရပ်မှာတော့
ရေးချိုးနေလိုက်တယ် လေ..။

ကိုနော

၁၃.၈.၂၀၀၈

(က၀ိတာ အဂ်ျကလ် ကဗျာစာအုပ်မှ ၀ိမလ် ကူးမား(ရ်)၏ ဧက် နန်ဟီးဆီ လရကီး ကီ ဒါယရီကို ပြန်ဆိုသည်။)

(လွန်ခဲ့တဲ့နှစ်ဦးဆီက ရေးခဲ့တဲ့အဟောင်းလေးပါ။ ချောင်ကပ်နေပြီမို့ မဖတ်ဖူးသေးတဲ့ မိတ်ဆွေများအတွက် ကိုယ့်ရင်ဘတ်ကိုယ် ပြန်တူးမိခြင်းပါ။ မြတ်ရောင်နီအရှင်ကတော့ ဥရောပစာမျက်နှာမှာ သာသနာ့အက္ခရာ အသစ်တွေ ခပ်ထင်းထင်းရေးနေတာ အားရစရာပါ...။ ကိုနောကတော့ ရွှေပြည်ကြီးကို ခရီးလွန်နေလို့ အသစ်ကလေးတွေ မီးမညှိရတာ ကြာပြီ။ လူကို မလွမ်းပေမယ့် စာတွေကိုတော့ တမိပါတယ်။း) ....ကဗျာလေးကတော့ ရာသီစာလေးလိုပါပဲလေ...)
ဓမ္မဂင်္ဂါ
(၂၉-၁၀-၂၀၁၀)






26 October, 2010

အမျိုးသမီးများအတွက် အမေရိကားမှာ ဘိက္ခုနီသာသနာ ထူထောင်ပြီ

ရဟန်းဘ၀ကို ရချင်လှပါတယ် ဆိုတဲ့ အမျိုးသမီးတွေအတွက် စိတ်ဝင်စားစရာဖြစ်မှာပါ....။ ကွယ်ပျောက် သွားပြီးဖြစ်တဲ့ ဘိက္ခုနီသာသနာကို ပြန်လည်ထူထောင်ဖို့ ၀ိနည်းလမ်းကြောင်းအရ မဖြစ်နိုင်တော့ဘူး လို့ မကြာသေးမီက မြန်မာနိုင်ငံအထူးသံဃ၀ိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အာရှနိုင်ငံရှေးရိုး အစဉ်အလာ သံဃာ့ အဖွဲ့အစည်းတွေကလည်း ဘိက္ခုနီသာသနာဆိုတာကြီးကို လက်ခံဖို့ ငြင်းဆန်နေကြတုန်း ပါပဲတဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ခြမ်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိယ်ဂျယ်လိစ်မှာတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်နေ့က ဘိက္ခုနီရဟန်းခံပွဲကြီးကို သမိုင်းဝင်အပြည်ပြည်ဆိုင်ရာဘိက္ခုနီရဟန်းခံပွဲကြီး အဖြစ် ကျင်းပခဲ့ပါသတဲ့..။

ကနေဒါသူတစ်ယောက်က အနာဂါရိက(ရှစ်ပါးသီလခံယနေ့ခေတ်သီလရှင်များနှင့် အဆင့်တူ) အဖြစ်ခံယူပြီး အမေရိကန်ဖွားအမျိုးသမီးနှစ်ယောက်ကလည်း သာမဏေရီ(သာမဏေကို ကိုရင်လို့ ခေါ်တော့ သာမဏေရီကို မယ်ရင်လို့များ ခေါ်ရလေမလား)အဖြစ် သာသနာဘောင်ကို ၀င်ရောက်ခဲ့ကြပါသတဲ့။

အဓိကအားဖြင့် ဘိက္ခုနီ(ဘိက္ခုကို ရဟန်းဆိုတော့ ဘိက္ခုနီကိုတော့ ရဟန်းမပေါ့) အဖြစ်ခံယူကြခဲ့တဲ့ သာမဏေရီများကတော့ သီရိလင်္ကာဖွား တစ်ဦး၊ ဗီယက်နမ်ဖွားသုံးဦးနဲ့ မြန်မာဖွား တစ်ဦးတို့ဖြစ်ကြပါသတဲ့။ ဒီပွဲကို ဦးဆောင် ဦးရွက်ပြုတော်မူတာက သီရိလင်္ကာသံဃာ့အဖွဲ့လို့ သိရပါတယ်။(အင်းမြန်မာလည်း သမိုင်းဝင်သွားပြန်ပေါ့)

ဒီဘိက္ခုနီသာသနာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးတော့ဘဲ သတင်းအဖြစ်ဖော်ပြလိုက်ပါတယ်..။ မူရင်းသတင်း


သီတင်းကျွတ်

ကရုဏာမီးပုံးလေးထဲ
သံသရာအမောတွေ
ထွန်းညှိ

နိုဝင်ဘာမှာ
တကယ်ပြန်လာလေမလား တဲ့
သားလည်း မပြောနိုင်သေးပါဘူး အမေရယ်...
အိပ်မက်နှစ်တစ်သန်းစာ
မုန်တိုင်းတွေ

ခြားပဲခြားနိုင်တတ်လွန်းလို့

ဘာပဲဖြစ်ဖြစ်
အဲဒီနေ့က
အမေ့အိမ်မှာ
လင်းသွားတဲ့ အလွမ်း
တယ်လီဖုန်းလေးက ထမ်းထားရရှာတယ်.....။

ဓမ္မဂင်္ဂါ
(၂၇-၁၀-၂၀၁၀)



20 October, 2010

ဘိနပ်စီးထားတဲ့ မြစ်

(၁)
ကဗျာဆရာနေမျိုး၏ သွားတုတပ်ထားတဲ့ ပင်လယ်ကဗျာခေါင်းစီးကို မိတ္တူပွားလိုက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကိုယ်ပိုင်စကားလုံးများကို ချွေတာသင့်တာပဲ မဟုတ်လား။ တကယ်တော့ မိတ္တူပွားခြင်း၊ ကော်ပီပွားခြင်း ဆိုသည်ကလည်း လောကလိုအပ်ချက်တစ်မျိုးပင်ဖြစ်သည်။ ဂေါတမဗုဒ္ဓအရှင်မြတ်ကြီး ကိုယ်တော်တိုင် ပါရမီ အဆင့်ဆင့်ဖြည့်၍ ဘုရားရှင်အဆူဆူ၏ မဇ္ဈိမပဋိပဒါကို ဖော်ထုတ်ခဲ့လေသည်ပဲ။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာ နေမျိုး၏ ကဗျာခေါင်းစီးနှင့် နီးကပ်လွန်းအောင် သူက ကူးချလိုက်ပြီ။

သူပထမကြီးတန်း ဒုတိယအကြိမ်ကျရှုံးသည့်နှစ်တွင် မတ္တရာမြို့လေးသို့ သူရောက်သွားခဲ့သည်။ စာမေးပွဲကလည်း ထိုက်ထိုက် တန်တန်ကျခဲ့ခြင်းဖြစ်၍ သူက ထိခိုက်ရှနာမဖြစ်။ သို့သော် သူ့ဖခင်က မကျေလည်။ ကဗျာစာအုပ်များ။ မဂ္ဂဇင်းဘုတ်အုပ်များနှင့် ရောရောထွေးထွေးနေသော သူ့ကို မကြည်လင်။ လူထွက်ချင်လည်း ထွက်၊ ဒါမှမဟုတ်ရင် စာကျက်။ သူက နှစ်ခုစလုံးကို စိတ်မ၀င်စား။း)း) ။ သို့သော် သူ့ဖခင်က သူ့ကို ရွာဆွေမျိုးရပ်ဆွေမျိုး ဆရာတော်များရှိရာ မတ္တရာမြို့လေးသို့ ပို့လိုက်သည်။

ခက်သမှ သိပ်ခက်သွားသည်။ ရေငတ်နေသောသူ့ကို သူ့ဖခင်က ရေတွင်းထဲ ပစ်ချလိုက်ခြင်းပင်ဖြစ်သည်။ မတ္တရာမြို့သစ်စာသင်တိုက်ငယ်လေးမှ ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များက စာအုပ်ချစ်သူများ ဖြစ်နေကြလေသည်။ သူက ပထမကြီးတန်းတွင် တစ်ပါးတည်းဖြစ်နေသည်။ အတန်းကြီး၍ ဘာသာရပ်များ သည့်အတွက် ဆရာတော်နှစ်ပါးလုံးထံတွင် စာတက်ရသည်။

အမှန်တကယ်တော့ သူက စာမကျက်၍ စာမေးပွဲမအောင်သော်လည်း စာဝါများကိုတော့ အဖွင့်ကျမ်းများမှ လွဲ၍ သင်ရိုးညွန်းတမ်းစုံအောင် မန္တလေး မစိုးရိမ်တိုက်သစ်နှင့် ၀န်းသိုမြို့ ရေ၀န်းကျောင်း၊ မှန်ကျောင်းနှင့် ခန္တီးစာသင်တိုက်မှ စာချဆရာတော်များထံတွင် တက်ရောက်သင်ယူထားပြီးဖြစ်လေသည်။ သို့သော် ယမိုက်နှင့် ပဌာန်းလို အဘိဓမ္မာကျမ်းများကိုတော့ ကျောင်းထိုင်ဆရာတော်ထံတွင် မွမ်းမံသင်ယူရသေးသည်။ ကျောင်းထိုင် ဆရာတော်သည် အတန်းစုံအဘိဓမ္မာည၀ါကျမ်းများကို ပို့ချပေးသည်။ ကျန်သည့် အတန်းစုံစာဝါများကိုတော့ စာချဆရာတော်က တစ်ပါးတည်း ဒိုင်ခံပို့ချပေးသည်။

(၂)
ဆရာတော်နှစ်ပါးလုံးက မန္တလေးမိုးကောင်းတိုက်မှ နာမည်ကျော်စာချဆရာတော်ကြီးအရှင်ပဏ္ဍိစ္စာဘိဝံသ၏ တပည့်ရင်းကြီးများဖြစ်၍ စာပေတတ်ပွန်သည်နှင့် အမျှ စာပေပို့ချရာတွင်လည်း စေတနာပါသလောက် ဂုဏ်မြောက်အောင် ပို့ချပေးနိုင်ကြလေသည်။ ထိုဆရာတော်နှစ်ပါး၏ ထူးခြားချက်နှင့် ၀ါသနာကို ရိပ်စား မိလာသောအခါ သူပျော်သွားလေသည် ။ ကျောင်းထိုင်ဆရာတော်၏ စာအုပ်စင်တွင် ဂန္ထ၀င်နှင့် သရုပ်မှန် စာအုပ် စာပေများသာ ရှိသည်။ ဆရာကြီးစစ်ကိုင်းဦးဘိုးသင်း၏ ငမဲကျွန်ဝတ္ထုကြီး၊ ဆရာသိန်းဖေမြင့်၏ တက်ဘုန်းကြီးနှင့် တက်ဘုန်းကြီးဝတ္ထုကို ချေပရေးသားထားသော ဘုန်းကြီးယောက်ဖစသော ၀တ္ထုများကို ကျောင်းထိုင်ဆရာတော့်စာအုပ်စင်မှ သူဖတ်ခဲ့ရသည်။

စာချဆရာတော်၏ စာအုပ်စင်မှာတော့ နတ်ရှင်နောင်၏ ရတုပေါင်းချုပ်မှသည် မော်ဒန်ကဗျာ ကော်ပီစာအုပ်များထိ ရှိနေသည်။ မြသန်းတင့်နှင့် မောင်ထွန်းသူတို့၏ ဘာသာပြန်ဝတ္ထုများ။ မျက်စိထဲ စွဲနေသည်က ဘုန်းမြင့်(မန္တလေး)၏ ကာရာဗင်ဘာသာပြန်ဝတ္ထု။ လင်းဝေမြိုင်၏ ကုတ်အင်္ကျီ၊ဖေမြင့်၏ လူနာဆောင် (၁၆) တို့ဖြစ်သည်။

ဂီတကို မြတ်နိုးခုံမင်ရာတွင်လည်း ကျောင်းထိုင်ဆရာတော်က ကျောင်းတွင် အလှူအတန်းအစုအမှုရှိလျှင် မြန်မာသံတေးစစ်စစ်များကိုသာ ဖွင့်စေသည်။ သို့သော် စာချဆရာတော်က ဇော်ဝင်းထွဋ်၊ ရဲသွင်နဲ့ ဟယ်ရီလင်းဖြစ်နေပြီ။ ဟယ်ရီလင်းက ရင်ဘတ်ထဲက အသံကွ ဆိုတာကြီးကို မကြာမခဏ ချီးပပြောဆိုလေ့ရှိသည်။ မဇ္ဈိမလှိုင်းက ကိုနေ၀င်းတို့အဖွဲ့ ရေးသော သီချင်းများကို ကြိုက်သည်။ ကျောင်းမှာ တောသီချင်းတွေ မဖွင့်ကြနဲ့ကွာ ဟု ပြောတတ်သည်။ သို့သော် တွံတေးသိန်းတန်ကြီးကိုတော့ ကျေးလက်ဂန္ထ၀င်ကြီးအဖြစ် လေးစားတတ်ပြန်လေသည်။

စာချဆရာတော်သည် စာပေနှင့် တေးဂီတကို မွေ့ထုံကာ အနေငြိမ်းချမ်းလှသည်ကို သူအားကျ ငေးမောဖြစ်ခဲ့သည်။ အဖုံးအကာ မာယာကင်းလှသည့် ရိုးရှင်းသော ရဟန်းဘ၀ကို ပိုင်ဆိုင်ရယူထားလေသည့် စာချဆရာတော်သည် ယခုတိုင် သူ့စိတ်နှလုံးမှီခိုအားထားရာ ဖြစ်နေလေသေးသည်။ စာချဆရာတော်က မန္တလေးရောက်တိုင်း မျက်သွယ်ကဖေးတွင် ထိုင်ပြီး ခင်မောင်တိုးကြီးတို့အုပ်စုကို မျှော်တတ်သည် ဟု ကြားဖူးသလို ရန်ကုန်ရောက်လျှင်လည်း လေထန်ကုန်းမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစန် တို့နှင့် စကားပြောရန် စိတ်ဝင်စားလေသည်။ စာချဆရာတော်၏ အခန်းနံရံတွင် သစ္စာနီ၏ နေထိုင်ခြင်းမိတ္တူကဗျာကို ရေးကူး ချိတ်ဆွဲထားလေသည်။

(နောက်နှစ်အနည်းငယ်ကြာတွင်မူ သူနှင့် တစ်ရွာတည်းဘွားဖြစ်သော စာချဆရာတော်သည် ကျေးဇူးရှင်ရွာဦး ကျောင်းဆရာတော်ကြီး ပျံလွန်သောအခါ မလွဲမရှောင်သာ ရွာဦးကျောင်းခနိုခနဲ့လေးကို ဦးဆောင်ရ တော့သည်။ ထိုအချိန်က ရွာတွင် ကျောင်းအမွေဆက်ခံမည့်သူက သူနှင့် စာချဆရာတော်နှစ်ပါးသာ ရှိလေသည်။ စာချဆရာတော်က ပညာသင်လက်စ သူ့အတွက် အနာခံလိုက်ခြင်းဖြစ်သည်။ ယခု စာချ ဆရာတော်သည် ပန်းခင်းပျိုးထားသော ရွာဦးကျောင်းလေးတွင် အခြေခံအဆောက်အဦများကို ဖန်တီးလျက် ကျေးလက်ကို ပြုစုသွန်းလောင်းနေလေသည်။ ၀ိပဿနာတရား။ သံမဏိကြက်ခြေဂီတ(IC)၊ ပန်းချီဆွဲခြင်းနှင့် စာသင်ကလေးငယ်များကြားတွင် ပျော်မွေ့နေသည်။)

(၃)
သူသည် ထိုစာသင်တိုက်လေးတွင် ခြောက်လတာမျှသာ ဖြစ်သန်းခဲ့ရာတွင် ဘ၀အတွက်လှေကားထစ်တွေ ရခဲ့သည်ကို ကျေးဇူးတင်နေသည်။ သူက ထိုစာသင်တိုက်လေးသို့ သီတင်းဝါလကျွတ်ပြီးချိန်တွင် ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်။ စာသင်တိုက်တစ်တိုက်သို့ ရောက်ဦးစ စာသင်သားတို့ ထုံးစံအတိုင်း သူက ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များ ကျေနပ်စေရန် အချိန်ပြည့် စာကျက်ပြလေသည်။ (အပြဖြစ်သည်။) နောက်ပိုင်း ကျောင်းတွင် နေသားကျသွားသည့်အခါမှ အရှိန်ကို တဖြေးဖြေးလျှော့ချသွားမည်။ အင်း ကြီးပွားဦးမှာပဲး)...။

သို့သော် သူ့အကြံကို သိနေကြသည့်အလား ဆရာတော်နှစ်ပါးလုံးက သူမထင်မှတ်သည့် အကွက်ကို ဖန်တီးလိုက်ကြသည်။ စာသင်သားသံဃာများစုံသည့် ဆွမ်းစားဝိုင်းမှာ လူသိရှင်ကြား ထုတ်ဖော် ပြောလိုက်ခြင်းဖြစ်သည်။ "ငါတို့မြို့မှာ ပထမကြီးတန်းမအောင်တာ ကြာပြီ။ ဒီနှစ်တော့ တစ်ပါးတော့ သေချာပြီ" တဲ့။ တည့်တည့်ကို ထိသွားခြင်းဖြစ်သည်။ စာကျက်တာကိုလည်း ချီးမွမ်းပြီးသား ပန်းတိုင်ကို ချမှတ်ပေးပြီးသား။ စာမေးပွဲကို သူမဖြစ်မနေ အောင်မြင်အောင် ကြိုးစားရပါလေတော့မည်။

ထိုမြို့လေးတွင် စာမေးပွဲက အောင်ချက်ကောင်းလှသည်တော့ မဟုတ်ပါ။ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းဟု အခြေခံအတန်းလေးတန်းရှိရာတွင် ပထမကြီးတန်း အောင်မြင်သူ မရှိသည်မှာ (၁၀ ) နှစ်ကို တော်တော်စွန်းပြီ ဟု သိရသည်။ အားပျက်စရာကောင်းလှချည့်။ သို့သော် ဆရာတော်နှစ်ပါးကလည်း သူ့ကို အမြဲ တည့်မတ်ပေးနေခဲ့သည်။ သူ့ဘ၀င်ကို ဆွပေးနေခဲ့သည်။ ဆရာတော်နှစ်ပါးတာဝန်ကျေခဲ့ပါလေသည်။

ထိုနှစ်က သူ့နာမည်ကို ပထမကြီးတန်းအောင်စာရင်းတွင် မျဉ်းတစ်ကြောင်းတည်းဖော်ပြခြင်းခံရလေသည်။ သူ ထိုမြို့လေးမှ ထွက်လာပြီးနောက်တွင်လည်း ပညာရေးစနစ်ပြောင်းလဲ သွားသည့် ဆယ့်လေးနှစ်ခန့်ကြာမှသာ ပထမကြီးတန်း အောင်မြင်သူရှိလာသည် ဟု သိရသည်။ သူ၏ ပျင်းပုံပျင်းရိုးနှင့်တော့ ပထမကြီးတန်းကို အောင်မြင်ဖို့မလွယ်...။ ဆရာတော်နှစ်ပါး၏ သူ့အကြော သူမနောကို သေချာစောကြော ထိန်းမတ် နိုင်ခဲ့ခြင်းကြောင့်သာ ပထမကြီးတန်းအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ် သူ့အကြောကို ပိုသိသည်က အနီးကပ်နေရသော စာချဆရာတော်ဖြစ်သည်။ ဥပုသ်နေ့တစ်ရက်တွင် စာချဆရာတော်က အတန်းစုံစာသင်သားများကို စာစီစာကုံးရေးခိုင်းပါသည်။ သူက ၀န်းသိုမြို့၊ ခန္တီးစာသင်တိုက်တွင် စာရေးဆရာဘုန်းတော်ကြီး အရှင်ဇ၀န(မြစေတီ)၏ ကြီးကြပ်မှုဖြင့် စာစီစာကုံးများစွာကို ရေးဖူးပြီးဖြစ်၍ စာချဆရာတော်က သူ့ဝါသနာကို လင်းသွားခြင်းဖြစ်သည်။

ထိုစာစီစာကုံးလေ့ကျင့်သော ကော်ပီစာအုပ်ဟောင်းလေးတွင် သူ့ကိုယ်ပိုင်ကဗျာများကိုလည်း တွေ့သွားသည်။ မောင်စိန်ဝင်း(ပုတီးကုန်း)ဟန်များကို တုပထားခြင်းဖြစ်သည်။ မင်း တော်တော်လုပ်ရဦးမယ် တဲ့။ နေဦး မင်းကို ငါ ကဗျာတွေ ဖတ်ခိုင်းရဦးမယ် တဲ့။ သူ့စာအုပ်စင်မှ ကော်ပီဗလာစာအုပ်များ ထုတ်ချလာသည်။ လစဉ်ထုတ် မဂ္ဂဇင်းများမှ ခေတ်ပေါ်ကဗျာများဖြစ်သည်။ (ဥပုသ်နေ့တိုင်း မဂ္ဂဇင်းစာအုပ်များမှ ကဗျာများကို လက်ရေး လှသည့် ကိုရင်များက ကူးပေးကြရသည်။)

ထိုညနေမှ စ၍ ဥပုသ်နေ့ညနေတိုင်း သို့မဟုတ် ဆရာတပည့်နှစ်ဦးသား လက်စုံကျသည့်အခါတိုင်း (သူက အတန်းကြီးသမားမို့ တစ်ခါတစ်ရံ စကားပြောခွင့်ပေးထားသည်။) ခေတ်ပေါ်မော်ဒန်ကဗျာများကို ပို့ချ လေတော့သည်။ မှတ်မှတ်ရရ ကဗျာဆရာမ မအိ၏ ကဗျာတစ်ပုဒ်နှင့် စသည်။ ကဗျာခေါင်းစဉ်ကို မမှတ်မိ။ စာသားအကုန်မမှတ်မိ...။

အိပ်မက်ပဲ အမေရယ်
အိပ်မှတော့ မက်မှာပေါ့ တဲ့။

စာချဆရာတော်က သူ့ကို ကြည့်ကာ "ကဲ ဘာတဲ့လဲကွ အဓိပ္ပါယ်က " ဟုမေးသည်။ သည်လိုတွေးပြီး ဖတ်ရမည်ဟု သူမသိခဲ့။ အသံသာသောကဗျာများ၊ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပါယ်ကို တစ်ခါမှ မတိုက်ချွတ်မိခဲ့။ သူငေးနေမိသည်။ ''ကွာ မင်းကလည်း အချစ်ပဲ အမေရယ် ချစ်မှတော့ လွမ်းရမှာပေါ့ လို့ ကောင်မလေးက ပြောလိုက်တာကွ'' ဟု ဖွင့်ဆိုချလိုက်သည်။ သူလည်း ကြည်နူးသွားသည်။ အော် ဂလိုကိုး...။

နောက်တစ်ပုဒ်ကတော့ ကဗျာဆရာနေမျိုး၏ ''သွားတုတပ်ထားတဲ့ ပင်လယ်" ဖြစ်သည်။ "အတော့်ကို ကောင်းတယ်မောင် '' တဲ့။ '' ကဗျာမဖတ်ဘဲ ကဗျာခေါင်းစဉ်နဲ့ကို တန်လှပြီ "တဲ့။ သူကတော့ သွားအတုကြီးနဲ့ ပင်လယ်ထဲ မြုတ်နေသည် ။ ဘာမှ မမြင် .. ဘာမှ မလင်း...။ စာချဆရာတော်ကတော့ ကောင်းလိုက်တာ တဲ့။

"ဘ၀ကို လူတွေက ပင်လယ်နဲ့ နှိုင်းလေ့ရှိသကွ။ ပြီးတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာလည်း ရှိသေးကွာ...။ ဘယ်တော့မှ ပြည့်တယ် လို့ မရှိဘူး။ အမြဲတမ်းဖြည့်ဆည်းနေရတာကွ။ ဘ၀ဟာ ပင်လယ်ပေါ့ကွာ...။ သွား ဆိုတာကတော့ ၀ါးဖို့ပဲ ...။ ခက်တာက သွားက အတုကြီးတဲ့ကွ.။ ကိုယ့်သွားနဲ့ ကိုယ်ဝါးတာနဲ့ သွားအတုကြီးနဲ့ ၀ါးတာ ဘယ်ဟာက ပိုကောင်းမယ် ထင်သလဲ..။ "

"ဘ၀မှာ လူတွေ ကြည့်လိုက်တော့ ကိုယ့်သွားနဲ့ ကိုယ်ဝါးခွင့်မရကြတဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ်ကွ၊ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ရိုးသားခွင့်တွေ ပျောက်ဆုံးနေတာကို ကဗျာဆရာက ပြောချင်တာကွ။ သူ့ဂုဏ်သိက္ခာ သူ့ပညာနဲ့ ထိုက်တန်တဲ့ ရပ်တည်ခွင့်သာ ရှိမယ်ဆိုရင် ဆရာဝန်ကလည်း အသပြာဆရာဝန်ဘယ်ဖြစ်ချင်ပါ့မလဲကွာ။ ၀မ်းစာသာ လုံလောက်မယ်ဆိုရင် ကျောင်းဆရာမလေးကလည်း တပည့်တွေရဲ့ ဆရာမဖြစ်ချင်တာပေါ့ကွာ..။"

စာချဆရာတော်၏ စကားများနောက်သို့ သူမျောသွားသည်။ ရိုးသားခွင့် ပျောက်ဆုံးနေတဲ့ ဘ၀ ....သွားတုတပ်ထားတဲ့ ပင်လယ်...။ ယင်းသို့ဖြင့် စာချဆရာသည် သူ့၏ ကဗျာပိုးကို မွေးမြူပေးသလိုပင် '' စာကျက်ရတာ စိတ်ညစ်ညူးတဲ့ အခါ ကဗျာတွေ ဖတ်ပေါ့ကွာ '' ဟု တစ်ဘက်လှည့်ဖြင့် စာကျက်ခိုင်းခဲ့ဖူးလေသည်။

ယမန်နေ့က သူဘိနပ်တစ်ရံဝယ်ဖြစ်သည့် အကြောင်းကို သူက ရေးချင်သည်။
ဘာပဲဖြစ်ဖြစ် ပင်လယ်တွေ သွားအတု တပ်ထားချိန်မှာ မြစ်ကလည်း ဘိနပ်ကို ကောက်စီးလိုက်ပါသည်။
အင်း ဘိနပ်ကရော စစ်မှ စစ်ရဲ့လား....။

ဓမ္မဂင်္ဂါ
၂၁-၁၀-၂၀၁၀


19 October, 2010

ဒေါက်တာနေဇင်လတ်သင်တန်းအောင်မြင်စွာပြီးဆုံး

ယမန်နေ့(၁၉-၁၀-၂၀၁၀)က အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးရဲ့ မြန်မာဗုဒ္ဓဘာသာပညာရေး ဗိမာန်တော်ကြီးမှာ ဆရာကြီးဒေါက်တာနေဇင်လတ် သင်ကြားပို့ချခဲ့တဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ်ပညာ (၁၀)ရက် သင်တန်းဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ သင်တန်းပိတ်ပွဲအခမ်းအနားမှာ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးပညာသာမိက ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဓမ္မလက် ဆောင်များ အပ်နှင်းခဲ့ပါတယ်။ (၁၅) ရက်ကြာအောင် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်တာဝန်တွေကို ကျောခိုင်ပြီး ဒီသင်တန်းကို ဓမ္မဒါနအဖြစ် မိမိစရိတ်နဲ့ မိမိ လာရောက်ပို့ချပေးခဲ့တဲ့ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ကြီးက မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းတက်ရောက်ခဲ့ကြတဲ့ ရဟန်းတော်တွေက သင်တန်းအတွေ့အကြုံများ၊ အတွေးမြင်များလည်း သင်တန်းပိတ်ပွဲမှာ ပွင့်လင်းနွေးထွေစွာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ရောက်မြန်မာ ပညာသင်ရဟန်းတော်အတွက် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအတတ်ပညာကို အစုအဝေးလိုက် သင်ယူတက်ရောက်ခွင့်ရတဲ့ မှတ်တမ်းဝင်သင်တန်းတစ်ခုဖြစ်ခဲ့တာတော့ သေချာလှပါတယ်။ ဒီသင်တန်းကြီးဖြစ် ပေါ်လာဖို့အတွက် ကျေးဇူးတင်ထိုက်တဲ့ ဒကာဝိမုတ္တိသုခ၊ သင်တန်းကာလနေ့ရက်အချို့မှာ သင်တန်းသားရဟန်းတော်များကို ဆွမ်းဆက်ကပ်ကြတဲ့ အလှူရှင်များ၊ အထူးအားဖြင့် ပညာရေး ကော်မတီပဒေသာပင်စိုက်ထူလှူဒါန်းကြတဲ့ သြစတေးလျနိုင်ငံနဲ့ စင်ကာပူမှ အလှူရှင်များ (ပညာရေးကော်မတီအလှူရှင်များကို ဧဟိသွာဂတံဝက်ဘ်ဆိုဒ်တွင် ဖော်ပြပြီး) နဲ့ သင်တန်းကာလ (၁၀)တာ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြတဲ့ ဥက္ကဋ္ဌဆရာတော်နဲ့ အဖွဲ့ဝင်များအားလုံး ကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းပို့ချချက် ဗီဒီယိုဖိုင်လ်တွေကို ကော်နက်ရှင်းကောင်းမွန်တဲ့ အချိန်မှာ အဖွဲ့ဝက်ဘ်ဆိုဒ်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလမှတ်တမ်းဓါတ်ပုံလေးတွေကိုတော့ အဖွဲ့ကြီးရဲ့ ဧဟိသွာဂတံစာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီမှာ ကလစ်လိုက်ပါ..။

18 October, 2010

ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၅)

လူတို့သည် ရဟန်းတို့ကို မြင်သောအခါ- ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။
(၀ိနည်းမဟာဝါမြန်မာပြန်)


ရာဇဂြိုဟ်ရုပ်သံ(RTV)စင်တာမှ
ထုတ်လွှင့်ချက်.....
(မဟာသက္ကရာဇ် ၁၀၃၊ တပိုတွဲလပြည့်ကျော်........)
Breaking News
ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ
လွန်ခဲ့တဲ့ လအနည်းငယ်က မဂဓတိုင်းနိုင်ငံတော်၊ရာဇဂြိုဟ်စီတီးကို ကြွရောက်လာခဲ့ပြီး ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံနေတဲ့ ဂေါတမဗုဒ္ဓအရှင်နဲ့ တပည့်ရဟန်းတော်များဟာ ရာဇဂြိုဟ်မြို့တော်လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။ အဓိကအကြောင်းရင်းကတော့ ဂေါတမဗုဒ္ဓအရှင်ရဲ့ တရားဓမ္မအသစ်ကို နှစ်သက်လက်ခံသူအမျိုးသားတွေက အိမ်ရာကို စွန့်ခွာပြီး ရဟန်းပြုကုန်ကြတာကြောင့် လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ရာဇဂြိုဟ်ရုပ်သံရဲ့ ဝေဘာရသတင်းထောက်က တိုက်ရိုက်တင်ပြပေးပါ့မယ်။

ဝေဘာရသတင်းထောက်ထံမှ တိုက်ရိုက်အသံ...
ဂေါတမဗုဒ္ဓအရှင်ဟာ သကျမျိုးနွယ်စုရဲ့ ဘုရင်တစ်ပါးအဖြစ် ကပိလနန်းကို ကြင်ယာတော်ယသော်ဓရာနဲ့အတူ စံတော်မူခဲ့ပြီး သက်တော်၂၉ နှစ်မှာ ဇနီး၊ မွေးဖွားစသားငယ်နဲ့ နန်းစည်းစိမ်အရပ်ရပ်ကို စွန့်ခွာပြီး ရဟန်းပြုခဲ့တယ်လို့ ဆိုပါတယ်။ ဥရုဝေလတောတောင်အရိပ်ကို ခိုပြီး သစ္စာတရားကို ခြောက်နှစ်ကြာအောင် ဗြဟ္မဏ၊ တပသီ၊ ယောဂီဆရာအမျိုးမျိုးဆီ ချဉ်းကပ်ပြီး ရှာဖွေခဲ့ပေမယ့် ဂေါတမဗုဒ္ဓအရှင်လိုချင်တဲ့ အဖြေနဲ့ ရိုးရာသွန်သင်ချက်၊ အကျင့်တရားတွေဟာ အလှမ်းဝေးခဲ့တယ် လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့ညမှာတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့ သွန်သင်လမ်းပြမှုမှ မရှိဘဲ ဗောဓိဥာဏ်တော်ကို မျက်မှောက်ပြုနိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။

အရှင်မြတ်ရဲ့ အသစ်တွေ့ရှိချက်ဖြစ်တဲ့ မဇ္ဈိပဋိပဒါတရားမြတ်ကို ကာသိရွာအနီးက မိဂဒါဝုန်သမင်တောမှာ ပထမဆုံး မိတ်ဆက်ဟောကြားခဲ့တဲ့ ပွဲမှာ ဝေဒပါမောက္ခဟောင်းများဖြစ်တဲ့ ရသေ့ကြီးငါးဦးဟာ ဗုဒ္ဓအရှင်ရဲ့ သာဝကရဟန်းများအဖြစ် ခံယူခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ယသသူဌေးသားနဲ့ မိတ်ဆွေစီးပွားရေး လုပ်ငန်းရှင်ကြီး(၅၅)ယောက်၊ ကောသလတိုင်းက ဘဒ္ဒ၀ဂ္ဂီမင်းညီမင်းသား သုံးကျိပ်တို့ အဆင့်ဆင့် ဗုဒ္ဓအရှင်ရဲ့ သာဝကများဖြစ်လာခဲ့ကြပါတယ်။

မဂဓတိုင်းနိုင်ငံရဲ့ ဘာသာရေးဥသျှောင်ဖြစ်တဲ့ ဥရုဝေလရသေ့ကြီးနဲ့ ညီနောင်နှစ်ပါးအပါအ၀င် ရသေ့အပါး တစ်ထောင်လုံးကို ဗုဒ္ဓအရှင်မြတ်စည်းရုံးနိုင်ခဲ့တဲ့ သတင်းဟာ မဂဓနိုင်ငံတော်၊ ဧကရာဇ်ဘုရင်မင်းမြတ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပါမောက္ခပညာရှင်ကြီးတွေနဲ့ လူကုံထံအသိုင်းအ၀ိုင်းကို စွဲဆောင်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓအရှင်ထံ ချဉ်းကပ် တရားနာယူပြီး ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကများအဖြစ် ခံယူလိုက်ကြပြီဖြစ်ကြောင်း ဘုရင်မင်းမြတ်ရဲ့ မဂဓတော်ဝင်သတင်းဌာနက အတိအလင်း ကြေငြာပြီး ဖြစ်ပါတယ်။ ခုဆို ဗုဒ္ဓသာသနာဟာ မဂဓတိုင်းမှာ ရေပန်းအစားဆုံးပေါ်ပြူလာဘာသာတရားအသစ်အဖြစ် တစ်နေ့တစ်ခြား ထင်ရှားလာတယ် လို့ စစ်တမ်းများက ဆိုပါတယ်။

စင်တာမှ မေးမြန်းချက်...
ခု ရာဇဂြိုဟ်စီးတီးမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေက ဘယ်လို စတင်ခဲ့တာလဲ ပြောပြပေးပါဦး။

ဝေဘာရသတင်းထောက်....
လွန်ခဲ့တဲ့ လက သိဉ္ဇည်းဆရာကြီးရဲ့ ထင်ရှားတဲ့ တပည့်ကြီးနှစ်ဦးဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတအပါအ၀င် ပရိဗိုဇ်ဂိုဏ်းဝင် (၂၅၀) ဗုဒ္ဓအရှင်ထံမှာ သာဝကအဖြစ်ခံယူပြီး ရဟန်းပြုသွားတာက စတာပါ။ လွန်ခဲ့တဲ့ တပိုတွဲလပြည့်နေ့က ကျင်းပပြီးစီးသွားတဲ့ သာဝကသန္နိပါတလို့ခေါ်တဲ့ ပထမအကြိမ်ဗုဒ္ဓသာဝကများ ညီလာခံမှာ ဗုဒ္ဓအရှင်က သံဃာ့အဖွဲ့အစည်းကြီးကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာပဲ ဥပတိဿနဲ့ ကောလိတတို့ကို လက်ျာတော်ရံနဲ့ လက်ဝဲတော်ရံရာထူးများ ခန့်အပ်ပြီး တာဝန်အသီးသီး ခွဲဝေပေးခဲ့တဲ့ အတွက် သဃာ့အဖွဲ့အစည်းကြီးဟာ အချိန်တိုတိုအတွင်းမှာ ကျစ်လျစ်ခိုင်မာ စုစည်းမှုရှိတဲ့ အဖွဲ့ အစည်းကြီး တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ တစ်ခြားဘာသာတရားများထက် ဓမ္မအင်အားကြီးမားလာပြီ လို့ ဘာသာရေး စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

အဲဒီညီလာခံကြီးပြီးတဲ့ အချိန်ကစပြီး ရာဇဂြိုဟ်စီးတီးရဲ့ လူကုံထံလောကမှာ ရဟန်းပြုသူတွေ၊ ရဟန်းပြုလိုသူတွေ တစ်နေ့ တစ်ခြား များပြားလာခဲ့တယ် လို့ သိရတယ်။ အဲဒီအတွက် ရာဇဂြိုဟ်စီးတီးက လင်သားအစွန့်အပစ်ခံရတဲ့ အိမ်ရှင်မတွေ၊ အမွေဆက်ခံသူသားသမီးကင်းမဲ့သွားမှာကို စိုးရိမ်တဲ့ မိဘတွေ၊ မောင်ဘွားအကိုတွေနဲ့ မခွဲနိုင်တဲ့ အမနှမတွေက ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကတွေ ဆွမ်းခံကြွတဲ့လမ်းမှာ ဆန္ဒပြနေကြတာပါ။

စင်တာမှ မေးမြန်းချက်...
ဆန္ဒပြသူတွေက ဘယ်လို ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတာလဲ ကျေးဇူးပြုပြီး...

ဝေဘာရသတင်းထောက်..
ဆန္ဒပြသူတွေက
"ရဟန်းကြီး ဂေါတမရောက်လို့လာ
သဉ္ဇည်းဆရာတွေ အကုန်ပါသွား၊
တောင်ငါးလုံးရံတဲ့ ရာဇဂြိုဟ်
ခုဆို ဘယ်သူ့ကို သူခေါ်မတုန်း "ဆိုပြီး ဂါထာသံချပ်ထိုးပြီး ကြွေးကြော်ကြတာပါ။ ဆန္ဒပြသူတွေရဲ့ သဘောထားအမှန်ကို သိဖို့တဲ့ အတွက် ဝေပုလ္လရပ်ကွက်က အိမ်ရှင်မတစ်ဦးကို မေးမြန်းကြည့်တဲ့အခါ....
'" ဘယ်လို ပြောရမလဲ ပေါ့နော်၊ ရဟန်းကြီးဂေါတမ ကျမတို့ ရာဇဂြိုဟ်စီးတီးကို ရောက်လာတော့ ဘာသာရေးလွတ်လပ်ခွင့် အနေနဲ့ ကြည့်ရင် ဘာမှ ကန့်ကွက်စရာ မရှိဘူးပေါ့နော်..။ ဘာသာတရားလွတ်လပ်ခွင့်ဆိုတာ မဇ္ဈိမရဲ့ အစဉ်အလာပဲလေ။ ဒါပေမယ့် ဘယ်လိုပြောမလဲပေါ့နော် (ပေါ့နော်တွေအများသား)။ ကျမတို့ လင်တွေ၊ သားတွေ ရဟန်းပြုကုန်ကြတာတော့ ကျမတို့ ဘယ်ကျေနပ်မလဲနော်။ ခုဆို ကျမတို့ ရာဇဂြိုဟ်က အိမ်ရှင်မတွေ တစ်ခုလပ်တွေ ၊လင်ပစ်မတွေ ဖြစ်ကုန်ပြီ။ မိသားစုအသိုက်အအုံလေးတွေ ပြိုကွဲကုန်ပြီ။ တစ်ချို့မိသားစုတွေဆိုရင် အမွေခံသားလေး တစ်ယောက်တည်း ရှိတာမျိုး ရဟန်းဝတ်သွားတော့ မျိုးဆက်ပြတ်ပြီပေါ့နော် ။ သတို့သားပျောက်သွားရှာတဲ့ သတို့သမီးလောင်း လေးတွေဆို အိပ်မက်တန်းလန်းနဲ့ မျက်ရည်စက်လက်ဖြစ်ကြရတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့က ဆန္ဒပြရတာပါ။"

စင်တာမှ ထုတ်လွှင့်ချက်...
ရာဇဂြိုဟ်စီးတီးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဝေဘာရသတင်းထောက်ပေးပို့တဲ့ သတင်းပါ။

16 October, 2010

မိုးဆုံးမိုးဖျားမှာ နေခဲ့တော့ ဂင်္ဂါ

(၁)
ဝါး........။
နံနက်စောစော အိပ်ရာက နိုးနေသည်။ ကမ္ဘာတစ်ခြမ်းက မိတ်ဆွေများ၏ နှုတ်ဆက်သံကို သူကြားနာနေခဲ့သည်။ ဆယ်စုနှစ်တစ်ခုနီးပါးမတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဆွေများကို ပြန်တွေ့ရသည်က ကြည်နူးစရာဖြစ်သည်။ ခြင်တစ်ကောင်က အမှောင်ကို ကွယ်ပြီး သူ့လက်မောင်းကို မိမိရရ ကိုက်လိုက်သေးသည်။ ငယ်စဉ်ကိုရင်လေးဘ၀က ဖတ်မိသမျှလေးနှင့် ကမ္ဘာတစ်ခြမ်းအကြောင်း သူက ခပ်တည်တည်ပြောတော့ '' ကြီးကြီးကျယ်ကျယ်ကွယ် "ဟု ဦးဇင်းတစ်ပါးက သူ့ကို ချစ်စနိုးခေါင်းခေါက်တာ ခံရဖူးသည်။ ခုလည်း သူက ကမ္ဘာတစ်ခြမ်းအကြောင်း ပြောမိပြန်သည်။ ခေါင်းကို ပြန်ပွပ်သပ်မိသေး၏။

စိုစိမ့်စိမ့်ရှိသလို ခံစားမိသည်နှင့် သူ့အခန်းကျဉ်းလေး၏ ပြတင်းတံခါးကို ဖွင့်လိုက်တော့ အားပါး လျှပ်တပြက်မိုးစက်များ....။ ဗာရာဏသီမှာ မိုးတွေ ရွာနေပါပေါ့လား။ သည်နှစ် ဗာရာဏသီတွင် မုတ်သုံနောက်ကျခဲ့သည်။ ရောက်လာတော့လည်း ခပ်ကြဲကြဲ။ ပူအိုက်လောင်မြိုက်ခြင်းနှင့် လျှပ်စစ်မီး မလုံလောက်မှုများကြားတွင် သူက ကျဉ်းကြပ်စွာပင် အသည်းကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ ပုဂ္ဂလိကနှင့် အများဆိုင်စာမျက်နှာပေါ်က မျက်ရည်များ၊ ရိုးစင်းနားလည်လွယ်သော ဘာသာစကားများ...။ ခုလည်း မိုးတွေ ရွာနေပြန်ပြီ။

(၂)
ဗာရာဏသီရောက် မြန်မာရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ဟိုခြစ် ဒီခြစ် ပရဟိတစာမျက်နှာများ ရှိသည်။ ဤသည်မှအပ ဘာမှမထူးခြား...။ စာသင်ခန်းနှင့် စာအုပ်။ မိတ်ဆွေရဟန်းတော်များ ချက်ပြုတ်ထားသော ဟင်းလျာ။ မဇ္ဈိမ၏ ရာသီပွဲတော်ဂီတများ။ သည်နေ့ရက်များတွင် ကျောင်းများ ရုံးများ ပိတ်ထားသည်။ ဒူရဂါနတ်သမီးပူဇော်ပွဲရာသီဖြစ်သည်။

ဗာရာဏသီလမ်းမများတွင် မဏ္ဍပ်ကြီးငယ်များ ထိုးကာ ပွဲတော်ကို တိုးဝှေ့ကျင်းပနေသည်။ ဒူရဂါနတ် သမီးဆိုသည်က ငယ်စဉ်က သိနှင့်ပြီးသော လက်ချောင်းများစွာ ပါသည့် ကာလီမယ်တော်ပင်ဖြစ်သလို သျှီဝနတ်ဘုရား၏ ကြင်ယာတော် ပရ၀တီလည်း ဖြစ်သည်။ မဟာပိန္နဲ ဟု လူသိများသည့် ဆင်နတ်မင်း ဂဏေသ၏ မယ်တော်အဖြစ်လည်း ထင်ရှားသည်။ ဟိန္ဒူရိုးရာ နတ်ဗြဟ္မာများက ကိုယ်ခွဲအမျိုးမျိုးရှိကြလေသည် ပဲ။

သူ ဗာရာဏသီရောက်သည့်နှစ်က ဒူရဂါပူဇာပွဲတော်ထဲတွင် ပိတ်မိနေခဲ့သေးသည်။ မြို့တော်တစ်ခုလုံး ရွှေပြည်ကြီးမှာ ကထိန်ပွဲလှည့်သလိုမျိုး ဒူရဂါနတ်သမီး၏ ရုပ်ပုံပန်းချီကားချပ်များ၊ ကြီးမားသော ရုပ်ထု ရုပ်လုံးများကြီးကို ကားများ၊ အော်တိုရှစ်ရှောများ၊ အချို့က ထမ်းစင်များဖြင့် သယ်ယူလှည့်လည်ကာ ဂင်္ဂါမြစ်ကမ်းပါးဆီမှာ စုဝေးကြသည်။ ဂင်္ဂါမြစ်အတွင်းမှာ ဒူရဂါနတ်သမီးကို မျှောကြသည်။ ကကြ ခုန်ကြ သီဆိုတီးမှုတ်ကြနှင့် မြို့တော်တစ်ခုလုံး မဇ္ဈိမ၏ ရိုးရာဗုံသံများ ဖုံးလွှမ်းနေတော့သည်။

ဒူရဂါနတ်သမီး၏ သင်္ကေတက ကျား သို့မဟုတ် ခြင်္သေ့ကို စီးနင်းကာ လက်နက်အမျိုးမျိုးနှင့် ကြာပန်းကို ကိုင်ဆွဲထားသည်။ တည်ကြည်သော အပြုံးရိပ်ထင်နေမည်။ သူမ၏ လက်များကလည်း မုဒြာဟန်အမျိုးမျိုးကို ဖော်ဆောင်ထားလေမည်။ သူမက အကြောက်အရွံ့ကင်းမှု၊ သည်းခံခြင်းနှင့် ရယ်သံများကို ကိုယ်စားပြုသည်။ ဒူရဂါနတ်သမီးသည် မဇ္ဈိမနတ်လောကတွင် ထိပ်သီးစာရင်းဝင်ဖြစ်သည်။ ဗြဟ္မာ၊ ဗိဿနိုးနှင့် သျှီဝတို့၏ စွမ်းအားများစုစည်းရာမှ ပေါ်ထွက်လာသည့် အလင်းပင်လယ်မှ မွေးဖွားလာသော နတ်သမီးဖြစ်သည်။ ကျွဲယောင်ဖန်ဆင်းလာသည့် နတ်လောကတစ်ခုလုံး၏ ရန်သူအသုရာနတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့သဖြင့် နတ်လောက်တစ်ခုလုံး၏ ကယ်တင်ရှင်တစ်ဆူလည်း ဖြစ်လေသည်တဲ့။

ဒူရဂါပူဇာပွဲတော်က လေးရက်တိတိကြာမည်။ သူလည်း ကျောင်းပိတ်ရက်(၅) ရက်ရထားသည်မို အေးအေးလူလူ ဖြစ်နေသည်။ ဗုဒ္ဓဂယာမှာ ဖွင့်လှစ်နေသည့် ဒေါက်တာနေဇင်လတ်၏ သင်တန်းကို သွားရောက်တက်ဖို့ စိတ်ကူးမိသေးသည်။ သို့သော် စိတ်ကူးထက်မပိုခဲ့။ လွန်ခဲ့သော နှစ်ရက်က ဘုရားဖူးရောက်လာသည့် ဆရာနေဇင်လတ်နှင့် မိဂဒါဝုန်မြက်ခင်းစိမ်းလမ်းပေါ်လျှောက်ရင်း ဘီစီခြောက်ရာစုရှုမျှော်ခင်းအချို့ဆီသို့ ရောက်ဖြစ်ခဲ့ကြသေးသည်။

ဒူရဂါပူဇာပွဲတော်ရက်များအတွင်း ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ မိတ်ဆွေရဟန်းတော်များကတော့ ကျောင်းပိတ်ရက် (၁၀) ရက်ကြီးများပင် ရကြလေသည် တဲ့။ ယမန်နေ့က သူနေထိုင်ရာမိဂဒါဝုန် အခန်းလေးထဲသို့ မိတ်ဆွေ ရဟန်းတော်အချို့ ရောက်လာကြသေးသည်။ ကျောင်းပိတ်ရက်များအတွင်း မိဂဒါဝုန်ကို လာရောက် လည်ပတ်ကြခြင်းဖြစ်သည်။ ဟိန္ဒူတက္ကသိုလ်နှင့် မိဂဒါဝုန်က ဗာရာဏသီတောင်ဖျားနှင့် မြောက်ဖျား၊ (၁၄ ) ကီလိုမီတာဝေးသည်မို့ မိတ်ဆွေများ ဆုံနှိုင်ခဲသည်။ ရေမပျက်မီးမပျက် အင်တာနက်ကော်နက်ရှင် ချက်ချက်ချာချာ ရှိလှသော ဟိန္ဒူတက္ကသိုလ် နိုင်ငံတကာအဆောင်ကို စွန့်ခွာ၍ ရေးမီးအစုံ ပြာဋိဟာကင်းလှသော မိဂဒါဝုန်ကို ဆန်တက်ရသည်မှာ မိတ်ဆွေရဟန်းတော်များအတွက် နေက္ခမ္မ ပါရမီဖြည့်ခြင်းတစ်မျိုးဖြစ်နိုင်သည်။

နောက်လမှာလည်း သီတင်းဝါလကျွတ်သည့် ဒီပါဝလီ ရောင်စုံ မီးထွန်းပွဲတော်ကြီးလာဦးမည်။ ကိုးကွယ်စရာ နတ်ဗြဟ္မာများစုဝေးလွန်းသည့် အိန္ဒိယတွင် ရာသီပွဲတော်များက စိတ်လွန်းလှသည်။ ထင်ရှားသည်နှင့် တိုးတိတ်ခြင်းသာ ကွာခြားသည်။ ပြီးတော့လည်း နိုင်ငံ့ပြက္ခဒိန်ပေါ်က လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့မျိုးသာမက ကျေးဇူးရှင်များကို အမှတ်ရသည့် ဗုဒ္ဓနေ့၊မဟတ္တမဂန္ဓီနေ့၊အမ်ဘေဒကာနေ့၊ နေရူးမွေးနေ့ဆိုတာမျိုးလည်း ရှိသေးသည်။ ထိုရုံးပိတ်ကျောင်းပိတ်ရက်တို့ကို ကာမိစေရန် စနေနေ့မှာလည်း ရုံးတက် ကျောင်းတက်ကြရသည်။

ဘာပဲ ဖြစ်ဖြစ် သည်နေ့ မိုးရွာတော့ ဒူရဂါပူဇာပွဲတော်ကို ထိခိုက်နိုင်သည်။ မဇ္ဈိမသားတို့က နွေအပူကို အံတုနိုင်သလောက် မိုးအစိုဓါတ်ကိုတော့ မြတ်နိုးကြဟန်မတူ။ မိုးရွာသည်နှင့် လမ်းများ ရှင်းသွားတတ်သည်။
(၃)

မကြာမီမှာ ဟိုးအဝေးက ဟိမ၀န္တာဆီးနှင်းများ နိုဝင်ဘာသစ်ရွက်စိမ်းများပေါ် ခြေသံပြင်းပြင်းနှင့် ချွတ်နင်းဝင်ရောက်လာချေတော့မည်။ သူ့အခန်းလေးသည်လည်း ခိုက်ခိုက်တုန်အောင် ချမ်းရှာပေတော့မည်။ ဂင်္ဂါမြစ်ရေကတော့ ဒူရဂါပူဇာပွဲတော်ရက် နောက်ပိုင်းတွင် သည်းသည်း လှုပ် စီးနိုင်တော့မည် မဟုတ်။ မိုးရွာသလောက်သာ မြစ်ရေက စီးရမည်။

ခု မိုးဆုံး မိုးဖျားမှာ ဂင်္ဂါ ရောက်နေပြီ။
နေရစ်တော့ ဂင်္ဂါ....။
မိုးက ထားခဲ့ပေမယ့် ဂင်္ဂါက သွယ်မိပြီ၊
ပင်လယ်ဆီ ရောက်အောင် လွှင့်တော့မည်။
ကယောင်ချောက်ခြားအော်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ

ဓမ္မဂင်္ဂါ
၁၆-၁၀-၂၀၁၀

14 October, 2010

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်


ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၄) 

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်
(မဟာသက္ကရာဇ် ၁၀၃ ခုနှစ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့)

'ရဟန်းတို့
ငါဘုရားသည် လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။
ရဟန်းတို့
သင်တို့သည်လည်း လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။
ရဟန်းတို့
များစွာသော လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့် ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ဖြစ်ခြင်း ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန် လော့၊
ခရီးတစ်ကြောင်းလျှင် နှစ်ပါးမသွားကြကုန်လင့်။

ရဟန်းတို့
အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်လော့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်လော့။
ပညာမျက်စိ၌ ကိလေသာ မြူနည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ တရားတော်ကို မကြားနာရသဖြင့် ဆုတ်ယုတ်ကြရကုန်၏၊ တရားတော်ကို သိလွယ်သော သူတို့ ရှိကုန်လတံ္တ့။

ရဟန်းတို့
ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူပေအံ့''

(၀ိနည်းမဟာဝါမြန်မာပြန်)

နောက်ခံစကားပြော.....

အော်ဒီယို(၅)

ဗုဒ္ဓအရှင်က ပထမ၀ါတော်မှာပဲ စွမ်းရည်မြင့်သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့တာပါ။ သာသနာ့တပ်ဦးမှာ အရဟတ္တဓဇလို့ခေါ်တဲ့ အရိယာအလံတော်တွေ တလူလူလွှင့်နိုင်ခဲ့တာ အားတက်စရာပါပဲ။ သီတင်းဝါလကျွတ်တာနဲ့ မိဂဒါဝုန်ပြန်တမ်းလို့ ခေါ်ဆိုနိုင်တဲ့ သာသနာပြုမိန့်ခွန်းတော်ကို ထုတ်ပြန်ပြီး မဇ္ဈိမနယ်ပယ်အရပ်ရပ်ဆီ သာသနာပြုစေလွှတ်တော်မူခဲ့ပါတယ်။ သာသနာပြုအင်အား မပြုန်းတီးဖို့ လမ်းကြောင်းတစ်ခုကို တစ်ပါးတည်းသာ ကြွကြလေ တဲ့။

ဗုဒ္ဓအရှင်က မိဂဒါဝုန် သာသနာပြုမိန့်ခွန်းတော်ကို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့တာပါ။ " ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူ ပေအံ့'' တဲ့။ အဖော်မမှီး ကိုယ်တော်တစ်ပါးတည်း ကြွတော်မူတဲ့ သာသနာပြုခရီးဟာ မိုးမြေသိမ့်တုန် အောင်မြင်ခဲ့ပါတယ်။ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်။ ဥရုဝေလညီနောင်သုံးပါးအပါအ၀င် ရသေ့မြတ် ရှင်တစ်ထောင်ကို သာသနာအင်အားစု အရိယာ အရှင်မြတ် များအဖြစ် ချီးမြှောက်နိုင်ခဲ့ပါတယ်။ အော်ဒီယို (၃) နဲ့ (၄)မှာ တင်ပြခဲ့တဲ့အတိုင်း မဂဓတိုင်းနိုင်ငံတော်ကြီးမှာလည်း ဗုဒ္ဓအရှင်ရဲ့ ဓမ္မတံခွန်တော် လွှင့်ထူနိုင်ခဲ့ပါတယ်။

အော်ဒီယို (၆)

သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ရဲ့ သာသနာပြုခရီးလမ်းကြောင်းတွေကို ပိဋကတ်မှာ အပြည့်အစုံ မှတ်တမ်းမတင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓအရှင်ရဲ့ သစ္စာဓမ္မကို နှစ်ခြိုက်စွာ ကျင့်သုံးလိုသူတွေကို ရဟန်းပြုပေးဖို့ အခွင့်အာဏာတစ်ရပ်ကို နှင်းအပ်ခဲ့ကြောင်းတော့ မှတ်သားရပါတယ်။

သာသနာတော်ရဲ့ စဦးမျက်နှာအဖွင့်မှာ ဗုဒ္ဓအရှင့်ပါးကို ချဉ်းကပ်ရောက်လာသူမှန်သမျှဟာ သံသရာကို တကယ်ငြီးငွေ့နေသူ (ထွင်ပြီး ငြီးငွေ့သူများ မဟုတ်) အရင့်အမာပါရမီရှင်ကြီးတွေပဲ ဖြစ်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ဆိုသူများ တစ်ဦးတစ်လေမှ ပါဝင်မလာလေတော့ ဗုဒ္ဓအရှင်ကလည်း " လာကွဲ့ ရဟန်း " ဆိုပြီး ရဲဝံ့စွာ နေရာပေးချီးမြှောက်ခဲ့တာပါ။ ၀င်ခွင့်စာမေးပွဲ ဖြေစရာမလိုတဲ့ အမြတ်ဆုံးပါရမီရှင်အုပ်စုပဲ ဖြစ်ပါတယ်။ သာသနာတော်မှာ ဧဟိ ဘိက္ခုရဟန်းများ လို့ ထင်ရှားတဲ့ အရိယာသူတော်ကောင်းကြီးတွေပါပဲ။

ဒုတိယအုပ်စုကတော့ ဗုဒ္ဓအရှင်နဲ့ တိုက်ရိုက်မတွေ့ရဘဲ သာသနာပြုရဟန္တာအရှင်မြတ်ကြီးတွေနဲ့ ဆုံပြီး သာသနာ့အရေတော်ကို ခြုံခွင့်ရသူတွေပါ။ သူတို့ကတော့ သရဏဂုံသုံးပါးလို့ ထင်ရှားတဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့ အဓိဋ္ဌာန်ပြုရုံနဲ့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရရှိကြသူတွေပါပဲ။
(အစောပိုင်းကာလမှာတော့ သာသနာပြုရဟန္တာကိုယ်တော်ကြီးတွေဟာ ရဟန်းပြုရေးနဲ့ ပတ်သက်ပြီး အခက် အခဲကြုံခဲ့ကြရတယ် လို့ဆိုပါတယ်။ သာသနာပြုလမ်းကြောင်းပေါ်မှာ ရဟန်းဘ၀ကို တောင်းဆိုကြတဲ့ ဝေနေယျမှန်သမျှကို ဗုဒ္ဓအရှင်ဆီ ပြန်ပြီး ပို့၊ ဗုဒ္ဓအရှင်က "လာကွဲ့ ရဟန်း" လို့ခေါ်၊ ရဟန်းဖြစ်။ ဒီခရီးမတွင်လှတဲ့ ဖြစ်စဉ်ကို ကျော်လွှားဖို့ ဗုဒ္ဓအရှင်က သရဏဂုံသုံးပါးနဲ့ ရဟန်းပြုခွင့်ပေးတော်မူခဲ့ရပါသတတ်။) ဗုဒ္ဓအရှင်ဟာ ကိုယ်တော်မြတ် နောက်ကို လိုက်ပြီး ရဟန်းပြုခွင့်တောင်းရတဲ့ ရဟန်းလောင်းတွေနဲ့ သာသနာပြုအရှင်မြတ်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို မဟာကရုဏာကြီးစွာ သာသနာပြု အထူးအခွင့် အာဏာတစ်ရပ်ကို အပ်နှင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအရှင်ဆိုတာကလည်း (၀ါဆိုဝါကပ်ချိန်ကလွဲရင်) ဘ၀သက်တမ်းတော် တစ်လျှောက်လုံး ဒီနေ့ဂလိုဘယ်လ်ခေတ်မှာ ရေးကြီးခွင်ကျယ်ပြောနေကြတဲ့ ရွေ့လျားပညာရေး(Mobile Education) ရဲ့ လမ်းပြလို့ ဆိုရမယ့် မိုဘိုင်းလ်ဓမ္မတက္ကသိုလ်တွေကို မဇ္ဈိမဒေသအနှံ့အပြားမှာ ဖွင့်လှစ်ဟောကြားပြီး ဓမ္မပါမောက္ခတွေကို မွေးထုတ်ပေးနေခဲ့တာပါ။ ဗုဒ္ဓခေတ်မဇ္ဈိမပညာရေးဟာ သစ္စာဓမ္မကို ဗဟိုပြုပြီး နက်နဲကျယ်ပြန့်စွာ ထွန်းကားခဲ့တာ ငြင်းလို့ ရမယ်မထင်ဘူး။

အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်ရယ်လို့ ကြီးမြင့် ထင်ရှားလာမယ့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ သစ္စာရှာဖွေကြသူ သူငယ်ချင်းကောင်းနှစ်ဦးဟာ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိရဲ့ သာသနာပြုစိုက်ခင်းထဲက သိက္ခာသုံးရပ်အရည်ရွှမ်းလှတဲ့ ဓမ္မအသီးအပွင့်ကြီးများပဲ ဖြစ်ပါတယ်။

ဗာရာဏသီအော်ဒီယို

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၃)

အော်ဒီယို(၃)

ဗုဒ္ဓအရှင်က သာသနာ့အရေးနဲ့ သံဃာ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်ရဟန်းတွေကို နေရာပေးရမယ်ဆိုတာ ဥာဏ်တော်စူးရှစွာ သိနေခဲ့ပါတယ်။ ဒါကြောင့်လည်း အရှင်သာရိပုတြာနဲ့ အရှင် မောဂ္ဂလာန်တို့ကို တိတိကျကျနေရာပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရဟန်းမဖြစ်မီ အရှင်မြတ်ထံတော်ကို လှမ်းဝင်လာကတည်းက ယောက်ျားမြတ်တစ်စုံတော့ ရောက်လာပြီ၊ ငါ့ရဲ့ လက်က်ျာ၊ လက်ဝဲနေရာပေးရမယ့် သူတွေပဲ လို့ အတိအလင်းကြေငြာခဲ့တာပါ။ တကယ်လည်း နေရာပေးခဲ့ပါတယ်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တဲ့ အရှင်ဟာ အဲဒီနှစ် ၀ါဆိုလပြည့်နေ့မှာ ပထမဆုံး တရားဦးဒေသနာကို အဲဒီခေတ်မဇ္ဈိမရဲ့ ဒဿနပညာရှင်နဲ့ တပဂုရုကြီးများ အလယ်မှာ ကြေငြာနိုင်ခဲ့ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးလို့အသိများတဲ့ လေးစားဖွယ်ဝေဒပါမောက္ခကြီးတွေ ဗုဒ္ဓအရှင်ရဲ့ သာဝကကြီးတွေ ဖြစ်ကုန်ကြတာပါ။

ဗာရာဏသီဆိုတာက ယခင်က ကာသိနိုင်ငံဟောင်းပါ၊ ဗုဒ္ဓခေတ်မှာတော့ စူပါပါဝါနိုင်ငံတွေ ဖြစ်တဲ့ မဂဓနဲ့ ကောသလကြားက အငြင်းပွားဖွယ်ဒေသတစ်ခု ဖြစ်နေခဲ့ပါပြီ။ ဗုဒ္ဓခေတ်မတိုင်မီကတော့ ကောသလနဲ့ ကာသိဆိုတာက စစ်ပြိုင်နိုင်ငံကြီးတွေပါပဲ။ တစ်ဘက်စီ နိုင်လိုက်ရှုံးလိုက်ရှိခဲ့ပေမယ့် ဗုဒ္ဓအရှင် လက်ထက် တော်မှာတော့ ကာသိဆိုတာ ကောသလတိုင်း လက်အောက်ခံလုံးလုံး ဖြစ်သွားခဲ့ပါပြီ။ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ မရှိတော့ပါဘူး။ ဒဿနပညာရှင်တွေနဲ့ အယူသည်းဗြဟ္မဏတွေ ကြီးစိုးရာ ပြီးတော့ စီးပွားရေးအရ ပိုးထည်လုပ်ငန်းထွန်းကားရာ ကာသိရွာကြီးဖြစ်နေခဲ့ပြီ။ ကာသိတိုင်းဖြစ် အဖိုးတစ်သိန်းထိုက်တန်သော ၀တ်လဲတော်ဆိုတာမျိုး ဖတ်ဖူးကြမှာပါ။ ငယ်ငယ်က သင်ခဲ့တဲ့ ရှေးသရောခါ ပြည်ဗာရာဝယ်ဆိုတာနဲ့ ဗြဟ္မဒတ်မင်းကြီးဆိုတာ မရှိတော့ပါဘူး။

ဒါပေမယ့် ကောသလတိုင်းဘုရင် ပေဿနဒီကောသလက မဂဓတိုင်းဘုရင်ဗိမ္ဗိသာရနဲ့ လက်ဆက်ခဲ့တဲ့ သူ့ရဲ့ နှမတော်ဝေဒေဟီ( အဇာတသတ်၏ မယ်တော်) အတွက် ကာသိရွာကို မင်္ဂလာလက်ဖွဲ့အဖြစ် အပ်နှင်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ မဂဓနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု (အဇာတသတ်နဲ့ သူ့ရဲ့စစ်တပ်က ဖခင်အရင်းဆီက အာဏာသိမ်းခဲ့မှု) တွေကြောင့် ကောသလတိုင်းက ကာသိကို ပြန်လိုချင်တဲ့အတွက် ရေတိုစစ်ပွဲလေးတွေ နွှဲခဲ့တာမျိုးရှိခဲ့လို့ မငြိမ်မသက်ကာလတွေ ကြုံခဲ့ရပါသေးတယ်။

အော်ဒီယို (၄)

ပဉ္စ၀ဂ္ဂီရဟန်းမြတ်တွေ အရိယာအဖြစ် လွတ်မြောက်မှုကို ခံစားရပြီးတဲ့အချိန် မိဂဒါဝုန်ညချမ်းတစ်ခုမှာ ယသလို လူကုံတန်တစ်ယောက်ကို ဓမ္မအရိပ်အောက် ရောက်အောင် စည်းရုံးနိုင်ခဲ့တာက အစ ယသရဲ့ မိတ်ဆွေ ကုန်သည်ပွဲစား သူဌေးသူကြွယ်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ (၅၄) ဦးဟာလည်း ရဟန်းဘ၀ကို ခိုလှုံလာခဲ့ကြပါတယ်။ ဗုဒ္ဓအရှင်ရဲ့ ဗာရာဏသီမိုးရာသီမှာ သာသနာပြုနိုင်တဲ့ ရဟန္တာအရှင်မြတ် အပါး(၆၀)ကို စည်းရုံးနိုင်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ အရိယာသံဃာ့အဖွဲ့အစည်းကြီးရဲ့ ရဲဘော်ခြောက်ကျိပ်လို့များ ကမ္ပည်းထိုးရ လေမလား။

ဘာပဲဖြစ်ဖြစ် ပထမ၀ါတော်အတွင်းမှာ တင်းပြည့်အရိယာမဟာသာဝကကြီးအပါး(၆၀)နဲ့ သာသနာ့ စာမျက်နှာကို ဖွင့်နိုင်ခဲ့တာဟာ ဗုဒ္ဓအရှင်ရဲ့ စည်းရုံးရေးစွမ်းရည်မြင့်မားမှုပဲ ဖြစ်ပါတယ်။ သီတင်းဝါလ ကျွတ်တာနဲ့ ရဟန္တာမြတ်အပါးခြောက်ဆယ်ကို သာသနာပြုမိန့်ခွန်းပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သံသရာ အေးကြောင်းလမ်းကို ပြဖို့ စေလွှတ်တော်မူခဲ့ပါတယ်။

သာသနာပြုမိန့်ခွန်းတော်မှာပါတဲ့ ခရီးလမ်းကြောင်း တစ်ခုကို နှစ်ပါးမသွားကြလေနဲ့ဆိုတဲ့ သြ၀ါဒတော်ကို ကိုယ်တော်လည်း လိုက်နာပြီး တစ်ပါးတည်း သာသနာပြုလမ်းကြောင်း ရွေးချယ်ခဲ့ပါတယ် (ပြီးတော့ ငါဘုရားဆိုပြီး ခိုဝင်လာသမျှ တပည့်တွေ ခြံရံပြီး ဟန်ရေးမပြဘဲ နေရာပေးခဲ့တာ၊ သစ္စာတရားကို နားလည်ပြီးတဲ့ ရဟန်းတော်တွေကို ကိုယ်တော်နဲ့ ထပ်တူပြုပြီး သာသနာပြုခွင့်ပေးခဲ့တာ အံ့သြကြည်ညို စရာဖြစ် နေပါတော့တယ်)

ပထမ၀ါတော်ဆိုပြီး ဒုတိယ၀ါတော်မတိုင်မီကာလမှာ ဗာရာဏသီ၊ မိဂဒါဝုန်ကနေ ဥရုဝေလတောကို ပြန်ကြွခဲ့ပါတယ်။ (အိန္ဒိယမရောက်ခင်ကတော့ ဘုရားရှင်ကြွခဲ့တဲ့ ခရီးက နီးနီးလေးပဲ ထင်ရပေမယ့် ဒီနေ့ခေတ် ကားနဲ့ အပြင်းနှင်ရင် ငါးနာရီခရီး ရှိပါတယ်)။ သာသနာပြုလုပ်ငန်းတွေကို အခိုင်အမာ အုတ်မြစ်ချဖို့ မဂဓနိုင်ငံဘက်ကို ပြန်ကူးလာတာပါ။ လမ်းခရီးမှာ မိန်းမပျောက်ရှာနေတဲ့ (ကောသလဘုရင်ရဲ့ သားတွေဖြစ်တဲ့) ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်နဲ့တွေ့လို့ သစ္စာအလင်းပြလို့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်စေခဲ့ပါသေးတယ်။

ဥရုဝေလတောကို ရောက်တော့လည်း မဂဓနိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဆူဖြစ်တဲ့ ဥရုဝေလကဿပ ရသေ့ကြီးကို ခဲခဲကတ်ကတ် သာသနာပြုတော်မူခဲ့ရပါတယ်။ ဗုဒ္ဓ၀င်စာမျက်နှာမှာ ဖတ်ရှုရသမျှ သာသနာပြုလုပ်ငန်းတွေထဲမှာ ဥရုဝေလရသေ့ကြီးအတွက် အချိန်ပေးရတာက အများဆုံးပဲ ဖြစ်ပါတယ်။ (ပြန်ဖတ်ကြည့်ကြပါ။ အကျယ်ရေးရင် လက်ညောင်းလို့)။ ပင်ပန်းရကျိုးလည်း နပ်ပါတယ်။ ဥရုဝေလကဿပရသေ့ကြီးနဲ့ အတူ သူ့နောက်မှာရှိတဲ့ ညီတော်နှစ်ပါးနဲ့ တပည့်ပရိသတ်တစ်ထောင်လုံးက ရဟန်းဘ၀ကို တောင်းဆိုခဲ့ကြတာပါ။ ဒုတိယ၀ါမဆိုမီ ခိုင်မာတဲ့ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်မိပါပြီ။

ဘာသာရေးခေါင်းဆောင်ဥရုဝေလကဿပရသေ့ကြီးကို ကြည်ညိုနေတဲ့ မဂဓဘုရင်ဗိမ္ဗိသာရနဲ့ မှူးမတ်ပညာရှိ သူဌေးသူကြွယ်တွေ၊ တိုင်းသူပြည်သားတွေ ဗုဒ္ဓအရှင်ရဲ့ အရိပ်အောက်ကို ခိုလှုံလာကြတာပါ။ ဥရုဝေလကဿပကြီးရဲ့ အရှိန်အ၀ါကြီးပါတယ်။ ဗုဒ္ဓအရှင်ရဲ့ သာသနာပြုမစ်ရှင်ဟာ တိုင်းပြည်ရဲ့ ဘာသာရေးခေါင်းဆောင်၊ တိုင်းပြည်ရဲ့ အစိုးရမင်းနဲ့ မှူးမတ်ပညာရှိ၊ သူဌေးသူကြွယ်၊ တိုင်းသားပြည်သူတွေ အုတ်အုတ်ကျက်ကျက်ပါဝင်လာတဲ့ အထိ လူထုလူတန်းစား ပေါင်းစုံကို ထိုးဖောက်နိုင်ခဲ့တာဟာ အံ့သြစရာကြီးပါပဲ။

ပြီးတော့ မိဂဒါဝုန် သာသနာပြုမစ်ရှင်အဖြစ် စေလွှတ်လိုက်တဲ့ ရဟန္တာအပါးခြောက်ဆယ်ကလည်း မဇ္ဈိမဒေသကြီးတစ်ခုလုံးဆီ ဓမ္မတံခွန်လွှင့်ထူဖို့ တရွေ့ရွေ့ကြွချီနေကြပါပြီ။

13 October, 2010

ဓမ္မခေတ်အော်ဒီယို

ငြိမ်းပေးမယ့် အငြိမ်းမနေနိုင်သူများ(၂)


နှလုံးသားဖြင့် နားထောင်နိုင်သည့် နောက်ခံစကားပြော......

အော်ဒီယို (၁)

ဗုဒ္ဓအရှင်နဲ့ အဂ္ဂမဟာသာဝကကြီးနှစ်ပါးတို့ရဲ့ စကားဝိုင်းဟာ ပစ္စက္ခသာသနာ့အရေးနဲ့ အနာဂတ်သာသနာ့ ၀န်ဆောင်မှုတာဝန်များအတွက် ဓမ္မပရိယာယ်ပါဝင်တဲ့ အချက်ပြ မက်ဆေ့ခ်ျပဲ ဖြစ်ပါတယ်...။ အရိယာအရှင်မြတ်တို့ရဲ့ ဝေါဟာရမှာ အဓိပ္ပါယ်တွေအများကြီး ကျယ်ပြန့်နက်ရှိုင်းနေတာကို နမ်းရှိုက်လိုက်မိပါတယ်။

အရှင်သာရိပုတြာရဲ့ စကားကို ဗုဒ္ဓအရှင်တုန့်ပြန်ပုံက ဘုရားမြတ်တို့ရဲ့ မြို့ပြယဉ်ကျေးမှုဆန်တဲ့ နှုတ်ရေးကြွယ်ဝမှု ဂုဏ်တစ်မျိုးပါပဲ။ ပိဋကတ်စာပေမှာတော့ ပေါရီလို့ ဖွင့်ဆိုပါတယ်။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာနဲ့ အေးအေးလူလူပဲ နေတော့မယ် ဆိုတဲ့ လက်ျာရံကိုယ်တော်ကြီးရဲ့ စကားကို မှားတယ်၊ မှန်တယ်၊ ကောင်းတယ်။ မကောင်းဘူး လို့ မှတ်ချက်မပေးဘဲ "နေပါဦးကွယ် "တဲ့။

မှားတယ်၊မှန်တယ်၊ ကောင်းတယ်၊ မကောင်းဘူး လို့ မှတ်ချက်ပေးလိုက်ရင် အရှင်မြတ်တော်တိုင် ချီးမွမ်းတော်မူတဲ့ သံသရာမှ လွတ်မြောက်ငြိမ်းချမ်းမှု မဂ်ဖိုလ်ချမ်းသာနဲ့ အမြိုက်နိဗ္ဗာန် ၀င်ပေါက်ကို ပိတ်လိုက်သလို ဖြစ်သွားပေလိမ့်မယ်။ လောကဓမ္မသဘာဝကို ကွဲပြားအောင် နားမလည်သူတွေအတွက် အငြင်းပွားဖွယ်ရာ ဖြစ်ပေလိမ့်မယ်၊ ဒီတော့'' နေပါဦးကွယ် " တဲ့။


ဒီနေရာမှာ ဗုဒ္ဓအရှင်ရဲ့ အစွန်းလွတ် နှုတ်ရေးကြွယ်မှုကို ပြောချင်ပါသေးတယ်။ ဗုဒ္ဓအရှင်နဲ့ လာရောက် တွေ့ဆုံသူတွေက ဗုဒ္ဓအရှင်ကို ပြန်တော့မယ် ဘုရား လို့ နှုတ်ဆက်ကြတဲ့ အခါ "သင်တို့အချိန်အခါကို သင်တို့ သိကြကုန်လော့" တဲ့။ ပြန်လို့လည်း မနှင်၊ မပြန်ပါနဲ့ လို့လည်း မတား။ အရိယာသာဝကကြီးတွေ ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံးနှုတ်ဆက်ကန်တော့ခွင့်ပန်ကြတဲ့ အခါ "ဘယ်မှာ ပရိနိဗ္ဗာန် စံမှာလဲကွယ်ရို့ " လို့ပဲ မေးတော်မူလေ့ရှိပါသတဲ့။ ပရိနိဗ္ဗာန်ပြုတော့လို့ ခွင့်ပေးလိုက်ရင် သေခြင်းတရားကို ချီးမွမ်းရာရောက်ပြီး မပြုပါနဲ့ဦးလို့ တားရင်လည်း သံသရာကို အားပေးရာ ရောက်လေသတဲ့။

အော်ဒီယို (၂)

ဒီစာတုမရွာဒိုင်ယာလော့ခ်မှာ အရှင်သာရိပုတြာကလည်း သူ့အတွက် ရည်ရွယ်ထားတဲ့ မေးခွန်းကို ဗုဒ္ဓအရှင်မြတ်ရဲ့ အလိုတော်ကျ ဖြေဆိုလျှောက်ထားခဲ့တယ် လို့ပဲ ထင်ပါတယ်။ "အငြိမ်းပဲ နေတော့မယ် ဘုရား" တဲ့။ ဗုဒ္ဓအရှင်ကလည်း "နေပါဦးကွယ်၊ အငြိမ်းနေချင်တာလေး စောင့်ပါဦး" တဲ့။

အရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးကတော့ ''ရှင်တော်မြတ်ဘုရား အေးအေးလူလူနေမယ် ဆိုရင် သံဃာတွေကို အရှင်သာရိပုတြာနဲ့ တွဲပြီး ဦးဆောင်မယ် ဘုရား "တဲ့။ ဒီတစ်ခါတော့ ဗုဒ္ဓအရှင်က သိပ်ကောင်းတယ် သိပ်ကို ကောင်းတာပဲ၊ ငါတို့သုံးပါးပေါင်းပြီး သံဃာတွေကို အတူတူ ဦးဆောင်ကြမယ် တဲ့။

အငြိမ်းအနေဘဲ သံဃာတွေကို ဦးဆောင်မယ်ဘုရားဆိုတဲ့ လက်ဝဲတော်ရံကြီးရဲ့ စကားကိုတော့ သိပ်ကောင်းတာပဲ လို့ ထပ်တလဲ ချီးမွမ်းတော်မူပြီး သာသနာတော်ရေးအတွက် သွေးနွေးကြဖို့ ဗုဒ္ဓအရှင်က ဆော်အောလိုက်ပါတယ်။ အငြိမ်းနေလိုသူတွေ စောင့်ကြဦး။

ပြီးတော့လည်း အတူတူ ဦးဆောင်ကြမယ်လေ တဲ့။ ဒီနေ့ခေတ်မှာ ကျယ်ကျယ် လောင်လောင်ကြားနေရတဲ့ Team Work ကို ဗုဒ္ဓအရှင်က လမ်းပြလိုက်တာပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ကွပ်ကဲမှုသဘောတရားကို တော်လှန်လိုက်တာပါ။


တကယ်လည်း ဗုဒ္ဓအရှင် ကျင့်သုံးခဲ့ပါတယ်။ ဒုတိယ၀ါတော်မှာပဲ အရှင်မြတ်ထံတော်ပါးကို ချဉ်းကပ်လာတဲ့ ဥပတိဿနဲ့ ကောလိတဆိုတဲ့ ဗြဟဏလူရွယ် အမျိုးကောင်းသားနှစ်ဦးကို အဂ္ဂမဟာသာဝကကြီးနှစ်ပါးရယ်လို့ နေရာပေးပြီး ပုခုံးအနားမှာ ထားခဲ့တာပါ၊ လကျာ်တော်ရံ အရှင်မဟာသာရိပုတြာ၊ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်တဲ့။ ဘယ်လောက်များ ပုခုံးနဲ့ နီးလိုက်ပါသလဲ....။ ရွှေပြည်ကြီးက ပရိယတ် ပဋိပတ်ကျောင်းတိုက်ကြီးတွေ၊သာသနာရေးဆိုင်ရာလုပ်ငန်းဆောင်တာကြီးတွေ တစ်ခုပြီး တစ်ခု ပြိုလဲသွားတော့" အော် ပခုံးနားမှာ တစ်ဦးတစ်ယောက်မှ မထားခဲ့ကြတာပဲ " လို့ မြင်နေမိပါတယ်။

11 October, 2010

ပိဋကတ်ရှုမျှော်ခင်းပေါ်က စိတ်ကင်မရာ

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၁)


“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန်တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

ပိဋကတ်ရှုမျှော်ခင်းပေါ် စိတ်ကင်မရာမီးပွင့်များ တဖျပ်ဖျပ်လက်သွား.......

ပြကွက်(၁)

စာတုမရွာက သျှစ်သျှားတောကျောင်းလေးမှာ ဗုဒ္ဓအရှင်က ရဟန်းတော်အချို့နဲ့ အတူ ငြိမ်းချမ်းစွာ သီတင်းသုံးနေခဲ့ပါတယ် ။ ဗုဒ္ဓအရှင်ရဲ့ ဓမ္မဂီတ၊ ရဟန်းမြတ်တို့ရဲ့ ဘာဝနာမယနဲ့ စာတုမရွာခံတော ကျောင်းလေးက စိမ်းလန်းငြိမ်းအေးလို့ပါပဲ..။

အဲဒီအချိန်မှာပဲ တောကျောင်းလေးရဲ့ အရိပ်ရသစ်ပင်တွေမှာ ခိုနားနေတဲ့ ရောင်စုံတေးဆိုငှက်တွေ တအုပ်တမကြီး ရုတ်တရက် ထပျံသွားကြလေရဲ့။ သစ်ရွက်ခြောက်တွေကို တချွတ်ချွတ်ဖိနင်းလိုက်တဲ့ ခြေသံများ...။ အော်ဟစ်နှုတ်ဆက်သံများ......။ ဆိတ်ငြိမ်အေးချမ်းတဲ့ တောကျောင်းလေးရဲ့ ၀ိဝေကကြမ်းခင်းလေး ကျိုးပဲ့သွားခဲ့ပါတော့တယ်။

အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ခေါင်းဆောင်ပြီး အရေအတွက် ငါးရာရှိတဲ့ ရဟန်းတွေ အုပ်စုလိုက်ကြီး တောကျောင်းလေးဆီ ရောက်လာခဲ့ကြတာပါ။ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဖြစ်ပေမယ့် ဘုရားအလိုတော်နဲ့ ကိုက်ညီတဲ့ အပြုအမူမျိုးကိုတော့ မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။

ဗုဒ္ဓအရှင်က ဆူဆူဝေေ၀ အသံတွေကို နှစ်ခြိုက်တော်မမူဘဲ ၀ိဝေကရပ်ဝန်းကိုသာ ဂုဏ်တင်လေ့ရှိတာပါ။
ဧည့်သည်ရဟန်းတွေက စာတုမရွာတောကျောင်းလေးကို ရောက်တာနဲ့ ကျောင်းခံရဟန်းတွေကို အော်ဟစ်နှုတ်ဆက်ကြ၊ နေရာထိုင်ခင်း ပြင်ဆင်ကြ၊ သပိတ် သင်္ကန်းတွေ သိမ်းဆည်းကြနဲ့ ခုတော့ တောကျောင်းလေးရဲ့ မူလအရောင်တွေ ပျယ်လွင့်သွားခဲ့ပါပြီ။ ဆူညံပူလောင်မှုတွေသာ တံလျှပ် ထနေပါတော့တယ်။
ပြကွက် (၂)

'' အာနန္ဒာ တံငါရွာက ငါးစိမ်းသည်တွေလို ဆူညံသံတွေက ဘာသံတွေလဲ''။''အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ဦးဆောင်လာတဲ့ ဘုရားဖူးရဟန်းတွေပါ ဘုရား ''။

ဗုဒ္ဓအရှင်က အဂ္ဂမဟာသာဝကကြီးနှစ်ပါးကို ခေါ်ပြီး တောကျောင်းလေးက နှင်ထုတ်ခဲ့ပါတယ်။
''ရဟန်းတို့ သင်တို့အဖွဲ့ကို ငါနှင်ထုတ်ပြီ၊ သင်တို့ ငါနဲ့ နေဖို့ မထိုက်တန်ပေဘူး " တဲ့။

အဂ္ဂမဟာသာဝကကြီးနှစ်ပါးက အမိန့်နာခံတဲ့ နေရာမှာ စံပြဖြစ်လေတော့ ဘုရားရှင်ကို နှုတ်ဆက်ကန်တော့ပြီး ချက်ချင်းပဲ ဘုရားဖူးရဟန်းတွေနဲ့အတူ စာတုမရွာလေးက ထွက်ခဲ့ကြပါတယ်။

ဒါပေမယ့် စာတုမရွာ အစည်းအဝေးခန်းမမှာ ရပ်ရွာကော်မတီအစည်းအဝေးထိုင်နေတဲ့ သာကီဝင်မင်းတွေက ရဟန်းတော်တွေ တပြုံကြီးပြန်ထွက်လာတာ မြင်သွားခဲ့ကြတယ်။ အကြောင်းစုံသိသွားတော့ ရဟန်းတော်တွေရဲ့ ကိုယ်စား ဘုရားရှင်ကို တောင်းပန်ပေးကြလို့ ဘုရားရှင်က ရဟန်းတော်တွေကို ပြန်လက်ခံပါတယ်။ (သဟမ္ပတိဗြဟ္မာကြီးလည်း လာပြီး တောင်းပန်ပေးတယ်လို့ ကျမ်းစာမှာ ဆိုပေမယ့် စာတုမရွာသားတွေနဲ့ လုံလောက်နေပြီမို့ ဒီမှာ ချန်လှပ်ခဲ့ပါတယ်။ )


ပြကွက် (၃)

ဒိုင်ယာလော့ခ် (၁)
"သာရိပုတြာ၊ ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူလတ္တံ့။ ယခုအခါ ငါတို့သည်လည်း မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေထိုင်မှုကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့” ဟူသော အကြံဖြစ်ပါ၏ ဘုရား''

“သာရိပုတြာ ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခြင်းကို ဆိုင်းငံ့ဦးလော့ ''။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

ဒိုင်ယာလော့ခ် (၂)

''မောဂ္ဂလာန် ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားသည်မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ နေတော်မူခြင်းကို အားထုတ်လျက် နေတော်မူလတ္တံ့။ ယခုအခါ ငါသည်လည်းကောင်း၊ အရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်တော့အံ့” ဟူသောအကြံ ဖြစ်ပါ၏ဘုရား''
“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန် တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။" (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

10 October, 2010

မောင်ချောနွယ်၊အဂ္ဂါအယ်လင်ပိုးနဲ့ ဓမ္မဂင်္ဂါမစားဖူးတဲ့ ထမင်းဆိုင်

Inn - ထမင်းဆိုင်

တစ်နေကုန် ဖွင့်တယ်။
ညဥ့်နက်တဲ့အထိ ဖွင့်သေးတယ်။
ဝါကြံ့ကြံ့ ဘူတာရုံကလေးကနေ ညာဘက်ကို တစ်ဆစ်ချိုးဆင်း။

ကွမ်းယာလေးတစ်ယာ ထုတ်ဝါးလာ။
ကွမ်းတစ်ယာညက် အကွာမှာ
ထမင်းဆိုင်လေးကို ရောက်တယ်။

ထမင်းဆိုင်လေးကို
ကွမ်းယာဆိုင်လေးနဲ့ တွဲဖွင့်ထားတယ်။
လမ်းအကူး မျက်စောင်းထိုးမှာ
လက်ဖက်ရည်ဆိုင်လေး ရှိတယ်။
တွဲလျက် ကွမ်းယာဆိုင်မှာ
သွားကြားထိုးတံတွေ အလကားရတယ်။
မျက်စောင်းထိုး လက်ဖက်ရည်ဆိုင်မှာ
အီကြာကွေးလို
ပျော့စိစိ အရာတွေကို
အဓိကထား ရောင်းတယ်။

ထမင်းဆိုင်မှာ
အဆီတ၀င်းဝင်းတွေ ရတယ်။
သဲတရှပ်ရှပ်တွေ ရတယ်။
လွတ်သွားတဲ့ ငါးကြီးတွေကို
အကွင်းအကွင်း ဟင်းချက်ရောင်းတယ်။
နှာဖားကြိုးအထိုးမခံတဲ့ နွားတွေ၊
ကိုယ့်ခြံကိုယ် မ၀င်တဲ့ နွားတွေကို
အမဲပေါ်ပြီး အမဲနှပ်လုပ်ရောင်းတယ်။
လယ်တီဆရာတော်ရဲ့ ရွာသူတို့ဝက်ကို
သုံးထပ်သားလုပ် ရောင်းတယ်။
အတုံးမျှင်လေးတွေကို
ဝါးတံလေးတွေနဲ့ ထိုးရောင်းတယ်။
နားရွက်တွေကိုတော့
အထူးဈေးနဲ့ သီးသန့်ရောင်းတယ်။

မောင်ချောနွယ်ရဲ့ ကိုက်လမ်းယုန်ကို
အကောင်လိုက် ကင်ရောင်းတယ်။
ဆန်တောင်းရာမှာ အသုံးမကျတော့တဲ့ မျောက်တွေ၊
ရေမကူးတတ်တဲ့ ဘဲတွေ၊
ဖျံမကျတတ်တဲ့ ဖျံတွေ၊
ပျံရာကနေ ပြန်မကျနိုင်တဲ့ ကြက်တွေ၊
ပင်ဂွင်းလို မပျံတတ်တဲ့ ငှက်တွေကို
အကောင်လိုက် ကြော်ပြီးရောင်းတယ်။
ရာသီအလိုက်
တစ်ခြားဟင်းလျာတွေလည်း
ကြော်လှော်ချက်ပြုတ်ဖုတ်ကင်သုပ်ပြီး ရောင်းသေးတယ်။

ထမင်းဆိုင်က
ကာလပေါ်တေးတွေ
ညည်းညည်းနေတာ ကြားရတတ်တယ်။
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်။
မင်းမှမင်းပဲ။
နောက်ဆုံးရထားလေး။
မင်းရည်းစားတောင် သိရဲ့လား။
တစ်ခြား စုံတကာစေ့သီကျူးသံတွေလည်း
အခါအားလျော်စွာ ကြားရတတ်သေးတယ်။

ထမင်းဆိုင်ကို
အတန်းပျက်တဲ့ ဆရာ ဆရာမတွေ လာတယ်။
အတန်းမတက်တဲ့ ကျောင်းသူကျောင်းသားတွေ လာတယ်။
ကျိကျိတက်တွေ လာတယ်။
မ၀ရေစာတွေ လာတယ်။
မစားရ၀ခမန်းတွေ လာတယ်။
သမ္ဘာကြီးတွေ လာတယ်။
ဗလာကြီးတွေ လာတယ်။
ဗမာကြီးတွေ လာတယ်။
ကုလားကြီးတွေ လာတယ်။
မုဆိတ်မွှေးတွေ လာတယ်။
ပသိုင်းမွှေးတွေ လာတယ်။
နှုတ်ခမ်းမွှေး ထူထူကြီးတွေ လာတယ်။
နှုတ်ခမ်းသား ပါးပါးလေးတွေ လာတယ်။
ယုံတမ်းစကားတွေ လာတယ်။
ရိုးရာပုံပြင်တွေ လာတယ်။
အရည်မရ အဖတ်မရတွေ လာတယ်။
ထိုင်တွေးသူတွေ လာတယ်။
ဆိုင်ငေးသူတွေ လာတယ်။
အမွှေးစုတ်စုတ် ခွေးလေးတွေ လာတယ်။
ခွက်စုတ်စုတ် သူတောင်းစားတွေ လာတယ်။
အတွေးစုတ်စုတ် ကဗျာဆရာတွေ လာတယ်။
ဆွမ်းခံရပ်တဲ့ ကိုယ်တော်တွေ လာတယ်။
ဆွမ်းဆန်ရပ်တဲ့ သီလရှင်တွေ လာတယ်။
တစ်ခြားလူတွေလည်း လာသေးတယ်။

ထမင်းဆိုင်လာစားသူတွေထဲမှာ
ဆိုင်ရှင့်သမီး ရိတဲ့သူက ရိ။
စားပွဲထိုးမတွေ ပိုးတဲ့သူက ပိုး။
စားတဲ့သူချင်း ပုခုံးချင်း ယှဉ်တဲ့သူက ယှဉ်။
ခွာရာချင်း တိုင်းတဲ့သူက တိုင်း။
ရိုင်းတဲ့သူ ရိုင်း။
ယဉ်တဲ့သူ ယဉ်။
ညဉ်ကောင်းတဲ့သူက ကောင်း။
ညဉ်ဆိုးတဲ့သူက ဆိုး။
နွားသိုးကြိုးပြတ် ပြတ်တဲ့သူက ပြတ်။
နွားငတ်ရေကျ ကျတဲ့သူက ကျ။
သူများပန်းကန်ထဲက အတုံး ပိုကြီးတယ် ထင်တဲ့သူက ထင်။
အလကားရတဲ့ သွားကြားထိုးတံ ယူထိုးတဲ့သူက ထိုး။
အီကြားကွေးလို ပျော့စိစိ အရာနဲ့ တူတဲ့သူက တူ။
ဘာတိဘာသာ စားတဲ့သူက စား။

ထမင်းဆိုင်လေး ကိုယ်တိုင်ကတော့
ပုံမှန်ချက်ပြုတ်။
ပုံမှန်ကြော်လှော်။
ပုံမှန်ရုံးဆင်း
ပုံမှန်ရုံးတက်။
ပုံမှန်အားလပ်ရက်ယူ။
ပုံမှန်လမ်းလျှောက်။
လူကျရင်ကျသလို သူ့ဆိုင်သူ ကူတဲ့အခါကူ။
ပြည်ပက မှာယူသူတွေနဲ့
အိမ်အရောက် မှာယူသူတွေနဲ့
စရံရိုက်သူတွေနဲ့ နေရာမှတ်သူတွေနဲ့
အကြွေးမှတ်သူတွေနဲ့
အကြွေးဆပ်သူတွေနဲ့
အကြွေးတောင်းသူတွေနဲ့
အကြွေတောင်းသူတွေနဲ့
ငွေချေးသူတွေနဲ့
ငွေချေသူတွေနဲ့
အမ်းငွေတောင်းသူတွေနဲ့
အဆစ်တောင်းသူတွေနဲ့
နောက်မလာတော့ဘူးဆိုသူတွေနဲ့

ပြန်လာအားပေးအုံးမယ်ဆိုသူတွေနဲ့
စားရတာမတန်ဘူး ဆိုသူတွေနဲ့
တန်တယ်တန်တယ် ပြောသူတွေနဲ့
အွန်လိုင်းကနေ ပြောတဲ့အခါ ပြော၊
ဖုန်းလိုင်းကနေ အော်တဲ့အခါ အော်၊
လူချင်းထိပ်တိုက် ငြင်းတဲ့အခါ ငြင်း၊
အတင်းပြောတဲ့အခါ ပြော၊
စကားရောဖောရော လုပ်တဲ့အခါ လုပ်။
ဖောက်သည်ရှာတဲ့အခါ ရှာ။
ဈေးကွက်ချဲ့တဲ့အခါ ချဲ့။
မောလို့ အိပ်တဲ့အခါ အိပ်။
ညောင်းလို့ အနှိပ်ခံတဲ့အခါ ခံ။
ဟန်ကျလို့ ရယ်တဲ့အခါ ရယ်။
ဟန်မကျလို့ ငိုတဲ့အခါ ငို။
သူများတွေလို လိုက်လုပ်တဲ့အခါ လုပ်။
သူများနဲ့ မတူအောင် ထွင်တဲ့အခါ ထွင်။

အဲဒါ
မခေါင်လှတဲ့ မြို့လေးတစ်မြို့ရဲ့
ချောင်မကျတကျ တစ်နေရာက
အသွေးအဆင်တောက်ပြီး
သွေးနားထင်ရောက်နေတဲ့
ထမင်းဆိုင်လေး တစ်ဆိုင်ပေါ့။

Mr Mrt

မူရင်းဘလော့ဂါရဲ့ စာကြွင်းကိုတော့ ဒီမှာ ဆက်ဖတ်ကြပါကုန်။

08 October, 2010

သင်တန်းဖွင့်ပွဲ ဆွမ်းကျွေးမှတ်တမ်းဓါတ်ပုံများ

(၇-၁၀-၂၀၁၀)နေ့က အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ပညာရေးကော်မတီက ဖွင့်လှစ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်ရဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ် ပညာသင်တန်းဖွင့်ပွဲမှာ သင်တန်းတက်ရောက်လာတဲ့ ပညာသင်ရဟန်းတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းနေတဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။

တစ်နေ့တာဆွမ်းအလှူရှင်ကတော့ ဖခင်ကြီး ဦးကျော်ငြိမ်းအားရည်စူး၍ သားရဟန်း အရှင်ဇာဂရာလင်္ကာရ (ဒေလီ) မယ်တော်ကြီး ဒေါ်ခင်လေးညို၊ သမီး မမိုးစန္ဒာကျော် ရန်ကုန်ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လာကြတဲ့ ပညာသင်ရဟန်းတော်တွေ စုစုပေါင်း (၁၀၅) ပါး ရှိပါတယ်။ သိုက်သိုက်ဝိုင်းဝိုင်း စုစုစည်းစည်းမို့ အားတက်စရာကြီးပါပဲ။ ရွှေပြည်ကြီးမှာတော့ ခုလို သံဃာတော်တွေ စုဝေးပွဲမှာ ဆွမ်းအလှူရှင်တွေ စည်ကားတတ်ပေမယ့် ဘာသာရပ်ခြား တိုင်းတစ်ပါးမှာတော့ ကိုယ့်စရိတ်ကိုယ်ရှင်း၊ ကိုယ့်ဝေယျာဝစ္စကိုယ်ဆောင်ရွက်၊ ကိုယ်ဆွမ်းကိုယ်ချက်မို့ ခုမှပဲ Team Work ရဲ့ သဘောကို စောကြောမိကြတော့တာပါ။ ကောင်းလေစွ။

သင်တန်းနဲ့ ပတ်သတ်လို့ စုံစမ်းဆက်သွယ်မယ်ဆိုရင်တော့
ဥက္ကဌဆရာတော် ဦးပညာသာမိ
Ph. 00-91-9934266298
Email; pannasami2005@gmail.com

07 October, 2010

ဒေါက်တာနေဇင်လတ်၏ သင်တန်းဖွင့်ပွဲမှတ်တမ်းဓါတ်ပုံများ

နမော တဿ ဖြင့် အခမ်းအနားဖွင့်

ဥက္ကဋ္ဌဆရာတော်၏ အဖွင့်စကား



ဒေါက်တာနေဇင်လတ်၏ သင်တန်းမိတ်ဆက်လျှောက်ထားချက်

နာလန္ဒာဌာနဥက္ကဋ္ဌဆရာတော်ဦးသုစယဥာဏ၏ လျှောက်ထားချက်

မဂဓဌာနဥက္ကဋ္ဌဆရာတော်ဦးကောဝိဒ၏ လျှောက်ထားချက်

အခမ်းအနားတက်ရောက်လာကြသည့် တက္ကသိုလ်အသီးသီးမှ မြန်မာပညာသင်ရဟန်းတော်များ




ဖွင့်ပွဲအခမ်းအနားအပြီး ဆရာဒေါက်တာနေဇင်လတ်နှင့် ပညာသင်မြန်မာရဟန်းတော်များအမှတ်တရ

05 October, 2010

မနေ့က စာဖြေခန်းများ

သံသရာသင်ရိုး မညက်ခဲ့သူတွေပဲပေါ့
ကိုယ့်ပါရမီလေး
ကိုယ်ထွန်ယက်
မိုးသုံးဆယ်
လေသုံးဆယ်....

နောက်တော့ ကမ္ဘာတစ်သိန်း တဲ့

ကြိုးတန်းလေးသွယ်မိတော့လည်း
ခပ်ကန်းကန်းပဲ လျှောက်ခဲ့ကြတာပ....။

ဓမ္မဂင်္ဂါ
၆-၁၀-၂၀၁၀


04 October, 2010

ချိုပြုံးလည်း လွမ်းနေရတယ်

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ အဋ္ဌမနှစ်၊ နှစ်လည်စာစောင်မှာ ဖော်ပြခဲ့တဲ့ အကယ်ဒမီဒေါ်ချိုပြုံးရဲ့ ဆောင်းပါးလေးပါ။ နှစ်လည်စာစောင်အယ်ဒီတာအနေနဲ့ မကြာမီမှာ ရောက်လာတော့မယ့် ဧကာဒသမနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကြီးကို ကြိုဆိုလိုက်ပါတယ်။ (ကိုယ်တိုင်က ဘာမှ မရေးနိုင်တာလည်း အကြောင်းတစ်ရပ်ဖြစ်ပါကြောင်း...)
ဒီမှာပါ

02 October, 2010

ပုထုဇဉ်အွန်လိုင်း

စကားလုံး ပွင့်ဖို့
စိတ်ကို
ပျိုး

အသံသာပေမယ့်
အနံ့မပါတဲ့
ဂါထာတွေ
အဆီတ၀င်းဝင်း ရွတ်ဆိုခဲ့ကြသပေါ့..
ဒီလိုနဲ့
ထေရ န၀ မဇ္ဈိမနှစ်များ

စာပုလွေဟောင်းလေးလား
ဂုဏ်တော်ပုတီးလေးလား
ယပ်တောင်လေးလား
လိုဏ်ဂူကျဉ်းကျဉ်းလေးလား..

ဘာပဲဖြစ်ဖြစ်
လူ့သက်တမ်းထက်
စာအုပ်သက်တမ်းနဲ့
နေခဲ့ကြရ

ဒီလိုနဲ့
ပတ်စ်ပို့စာအုပ်လေး
အဖုံးသစ်ထပ်ထပ်ဖုံးမိကြရသေး

ကဲကွယ်
အမြစ်ချင်းတူမှတော့
အပင်ချင်း မကွဲပါရစေနဲ့တော့...

ဝေစုရဗီဇာမှာ
ပရဟိတကဗျာလေး ရေးလိုက်တယ်...။

ဓမ္မဂင်္ဂါ
၂-၁၀-၂၀၁၀

01 October, 2010

ငါဂေါ နာဂီ ဒု အောက်တိုဘာ

(၁)
သူ တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်လာတော့ ညနေလေးနာရီခွဲရှိပြီ။ ထီးတစ်ချောင်းကို ထမ်း လွယ်အိတ်တစ်လုံးကို လွယ် ကွန်ကရိလမ်းလေးအတိုင်း သူလျှောက်လာခဲ့သည်။ တက္ကသိုလ်စာကြည့် တိုက်ရှေ့မှ ဖြတ်လျှောက်လာသည့်တိုင် စာကြည့်တိုက်ထဲသို့ မ၀င်ဖြစ်။ ဒီနေ့တစ်နေ့လုံး စာဖတ်ရတာတွေ များသွားပြီ။

စက်တင်ဘာလ တစ်ခုလုံး စာရေးဖို့ တွန့်ဆုတ်နေခဲ့သည် သို့မဟုတ် ငြီးငွေ့နေသည်။ နံနက်ခင်းတိုင်း သူသည် စောစီးစွာ အိပ်ရာနိုးထစေရန် မိုဘိုင်းဖုန်းမှ နှိုးစက်နာရီကို အားကိုးရမြဲဖြစ်သည်။ ဗာရာဏသီတွင် သူက အိပ်ရာမြဲလေသူတစ်ဦးတော့ မဟုတ်ခဲ့။ သူနေထိုင်ရာ မိဂဒါဝုန်လမ်းရှိ အခန်းလေးနှင့် (၇) ကီလိုမီတာခန့် ဝေးကွာသည့် သက္ကတတက္ကသိုလ်အဆောင် သို့မဟုတ် ဗာရာဏသီမီးရထား ဘူတာရုံကြီးအနီးရှိ ဆေးဝင်္ကဘာမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်တတ်လေသည်။ (ဗာရာဏသီတွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းရှိသည်၊ မိဂဒါဝုန်မြန်မာကျောင်း၊ ဆေးဝင်္ကဘာ မြန်မာကျောင်း၊ မဇ္ဈိမသုခ ဖောင်ဒေးရှင်းကျောင်း၊ ဓမ္မစကြာရိပ်သာကျောင်းနှင့် ဆီဂရာမြန်မာကျောင်းတို့ ဖြစ်သည်။)

ဆေးဝင်္ကဘာ(သို့) သက္ကတတက္ကသိုလ်အဆောင်တွင် အိပ်စက်မိပြီဆိုလျှင် မနက်စောစော မိဂဒါဝုန်လမ်းဆီ တိဘက်တက္ကသိုလ်စာသင်ချိန်အမီ ထပြေးရတတ်သည်။ အော်တိုသုံးဘီးကားလေးတစ်စီး အဆင်သင့်ငှါးရမ်းခွင့် ရဖို့ ဆုတောင်းရသေးသည်..။


ရွှေပြည်ကြီးမှာ နေစဉ်က သူသည် ဤမျှ ၀ီရိယကောင်းခဲ့သည်တော့ မဟုတ်ခဲ့။ မဟာယာနဗုဒ္ဓဘာသာ အ၀ိုင်းအ၀ိုင်းထဲရောက်နေသည့် ထေရ၀ါဒရဟန်းတစ်ပါးဟူသော တွန်းအားကြောင့်သာ သူ့ကိုယ်သူ ရှေ့တိုး နေမိခြင်းသာ ဖြစ်သည်။ သူ့အကြောင်းသိသူများ၏ စကားဝိုင်းတွင် သူသည် ပျင်းရိလေးတွဲ့သော ခပ်ညံ့ညံ့တစ်ဦးအဖြစ် စာရင်းပေါက်ခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်က သူကိုယ်တိုင် နှစ်ခြိုက်လိုလားစွာ ဘလော့လေးတစ်ခုကို ဖွင့်မိခဲ့သည်။ သူသည် ဂင်္ဂါကို ဧရာဝတီလောက် မမြတ်နိုးသည့်တိုင် ဗာရာဏသီနေ့ရက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဓမ္မဂင်္ဂါ ဟူသော အမည်ကို ရွေးချယ်ဖြစ်သွားသည်။ နောက်များမှာတော့ ဓမ္မဂင်္ဂါသည် သူ အဦးအစအသုံးပြုသော အမည် မဟုတ်မှန်း သိသွားရပြန်သည်။ ကာလကတ္တားအခြေစိုက် ၀ိပဿနာဂုရုကြီး အက်စ်ဂိုအင်ကာ၏ ကမ္မဋ္ဌာန်း ရိပ်သာ ခွဲအမည်ဖြစ်နေခဲ့လေသည်။

မည်သို့ဆိုစေ သူသည် ဂင်္ဂါကို ကူးခတ်မိခဲ့ပြီ။

(၂)

နေ့စဉ်ပင် တစ်နေ့တာပါဠိသင်တန်းသုံးကြိမ်အတွက် သင်ခန်းစာပြင်ဆင်ရသည်။ မနက် (၈း၀၀)နာရီတွင် ဥပစာတန်း (က)အတွက် ခုဒ္ဒကနိကာယ်၊ ခုဒ္ဒပါဋ္ဌပါဠိကို ပို့ချသည်။ ရွှေပြည်ကြီးတွင် အကြိမ်ကြိမ်ရွတ် ဖတ်ခဲ့ရသော မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ တိရောကုဋသုတ်၊ နိဓိကဏ္ဍသုတ်များကို ပို့ချရသည် ဆိုသော်လည်း ဂါထာများကို စစ်စစ်ပေါက်ပေါက် အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်က ချွေးပြန်သည်။ သင်တန်းသားက ငါးယောက်သာဖြစ်သည်။ လားမားရဟန်းတော်သုံးပါး၊ ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျမူးကက်ရှမီးယားပြည်နယ်က လာဒက်ကျောင်းသူလေးတစ်ယောက်ဖြစ်သည်။ သည်ရက်ပိုင်းမှာ တုတ်ကွေး ရောဂါကြောင့် လားမားရဟန်းတစ်ပါးနှင့် လာဒက်ကျောင်းသူလေးက ကျောင်းမတက်နိုင်။ သို့နှင့် သင်ခန်းစာအသစ်လည်း မပို့ချဖြစ်။ မေတ္တသုတ်ကိုပဲ ပြန်နွှေးပေးဖြစ်သည်။

၈း၄၅ နာရီတွင် တက္ကသိုလ်စာသင်ခန်းမှ သူ့အခန်းလေးရှိရာသို့ ပြန်လာမြဲဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်းတက်မည့် မိတ်ဆွေမြန်မာရဟန်းတော်များက သူငှါးရမ်းနေထိုင်ရာ အဆောင်ရှေ့တွင် အဆင်သင့် စောင့်နေကြသည်။ သူ့အခန်းလေးက သင်တန်းသားရဟန်းတော်များအတွက် ကျဉ်းမြောင်းသည်မို့ အဆောင်ရှေ့မြက်ခင်းပြင်သည်ပင် သင်တန်းခန်းမဖြစ်သွားသည်။

ကမ္ဘာကျော်ဘင်္ဂါလီစာဆိုကြီး ရာဗိန္ဒြာနတ် တဂိုး၏ သျှန္တိနိကေတန်တက္ကသိုလ်ကြီးနှင့် နိုဘယ်ဆုရ မဟာကရုဏာ ရှင် မာသာထရီဆာ၏ ကိုလ်ကတ္တားမြို့တော်ရှိ လူမှုဝန်ထမ်းပညာရေးစင်တာကြီးသည် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်း စာသင်ခန်းမှ စတင်ခဲ့သည်ဟု ဆိုပါသည်။

တနင်္ဂနွေနေ့မှ လွဲ၍ အခြားအကြောင်းထူးမရှိလျှင် သင်တန်းဖျက်လေ့မရှိပါ။ ၉း၄၅ နာရီတွင် သူ့အင်္ဂလိပ်စာ သင်တန်းပြီးသွားသည်။ ၁၀း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ သူ့ကိုယ်ပိုင်အချိန်ဖြစ်သည်။ ၀က်ဘ်ဆိုဒ်အချို့ကို ဖွင့်ကာ သတင်းစာမျက်နှာများကို ၀င်ရောက်ဖတ်ရှုဖြစ်သည်။ ပြုံးလိုက် မဲ့လိုက်....သံဝေဂယူဖြစ်သော အချိန်ဖြစ်သည်။

၁၁း၀၀ နာရီထိုးသည်နှင့် သီတင်းသုံးဖော်ရဟန်းတို့ လက်စွမ်းလက်စရှိသမျှ ချက်ပြုတ်ထားသော နေ့လည်စာ ကို စားခွင့်ရပါသည်။ (သူနှင့် အတူနေထိုင်ကြသည့် ရဟန်းတော်များက ဟင်းချက်ဂုရုကြီးများဖြစ်သည်။ သူကတော့ နာမည်ပျက်မည့်အတူတူ နာမည်အပျက်မခံတော့ပါ။ အိမ်း အိမ်း။)

၁၁း၃၀ နာရီတွင် တက္ကသိုလ် ဥပစာအကြိုတန်း(က)တွင် အခြေခံပါဠိသဒ္ဒါနှင့် ဇာတက၀တ္ထုမိတ်ဆက်ပို့ချရန် အပြေးသွား ရပြန်သည်။ ပါဠိဘာသာကို ပထမဆုံးမိတ်ဆက်ပေးရသော အတန်းဖြစ်၍ ဂရုစိုက်ရသည်။ ကျောင်းသားက လေးယောက်သာ ရှိသည်။ နီပေါလ်ကျောင်းသားတစ်ယောက်၊ အရုဏာချယ်လ်ပြည်နယ်သား ကျောင်းသားတစ်ယောက်နှင့် တိဘက်လားမားနှစ်ပါးတို့ဖြစ်သည်။ ယနေ့တော့ သူသည် ရွှေပြည်ကြီးမှ ထေရ၀ါဒရဟန်းတော်များဆွမ်းခံချိန်အကြောင်းကို ပြောပြဖြစ်သည်။ သပိတ်ဟူသော ဝေါဟာရကို ရှင်းပြရာမှ ဆင့်ပွားသွားခြင်းဖြစ်သည်။ မဟာယာနကျောင်းသားများအတွက် အထူးအဆန်းဘာသာရပ်တစ်ခုဖြစ်နေသည်။ ၁၂း၃၀ တွင် သင်တန်းပြီးသွားသည်။

၁၂း၃၀ သင်တန်းပြီးသည်နှင့် သူ့ပါဠိဌာနပါမောက္ခ ဆူရိန္ဒြာကုမားရ်ကြီးက စောင့်နေသည်။ ယနေ့ တက္ကသိုလ်ပထမခြောက်လပတ်အတွက် မေးခွန်းများအပြီးသတ် တင်သွင်းရမည့်နေ့ဖြစ်သည်။ သူ့စိတ်ဝယ် ထင်မြင်နေမိသည်က သူပို့ချသည့်အတန်းကို သူကိုယ်တိုင်မေးခွန်းထုတ်ခွင့်ရမည် ဟုပင်။ သို့သော် သူ့နာမည်ဖြင့် လိပ်မူရောက်ရှိလာသည်က ပါမောက္ခ ဆူရိန္ဒြာကူးမားရ်ပို့ချနေသည့် ဥပစာတန်း(ခ)အတွက် မေးခွန်းထုတ်ရန်ဖြစ်နေသည်။ သူ့ပို့ချနေသည့် ဥပစာအကြိုတန်း(က)အတွက် ပါမောက္ခ ဆူရိန္ဒြာကူးမားရ်က မေးခွန်းထုတ်မည်။ ဥပစာတန်း(က)အတွက်တော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက မေးခွန်းထုတ် မည်ဟု သိရသည်။ အားလုံးဖြေနိုင်ကြပါစေ။ စာမေးပွဲက ဒီဇင်ဘာမှာ ကျင်းပမည်မို့ နှစ်လခန့်လိုပါသေးသည်။

(၂)

၁း၃၀ နာရီတွင် သူတက်ရောက်နေသော တိဘက်ဘာသာစကားသင်တန်း စတင်ပါသည်။ တိဘက်သင်တန်းက တစ်ပတ်လျှင် သုံးရက်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များဖြစ်သည်။ သင်တန်းပို့ချသည့် ပါမောက္ခတိဘက်လားမားကြီးက လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ '' ဂုရုဂျီး ငါ့ဂေါ နာဂီ ဒု'' ( ဂုရုကြီးရေ ငါ့ခေါင်းတော့ သိပ်ရှုပ်သွားပြီ) ဟု သူပြောသောအခါ ခင်မင်ဖွယ်ကောင်းသည့် လားမားကြီးက တသိမ့်သိမ့်ရယ်မောလေသည်။ (တိဘက်လားမားကြီးက လူရွှင်တော်အကယ်ဒမီဦးမိုးဒီကြီးနှင့် တူလှသည်။)

(ငါက ငါ၊ ဂေါက ခေါင်း-ဂေါင်းဖြစ်သည်) တိဘက်ဘာသာစကားက မြန်မာနှင့် သင်ပုန်းကြီးတူလှသည်။ မြန်မာဆိုရိုးလိုပင် ဆိုရသည်။ မြန်မာက က ငသတ်ဆိုသလိုပင် တိဘက်ကလည်း က ငတတ် ဟုဆိုရသည်။ မြန်မာက က ၀ဆွဲဆိုသလိုပင် တိဘက်ကလည်း က ၀ဆိုး ဟု ဆိုရသည်။မြန်မာက က ယပင်း ကျ ဆိုရသလိုပင် တိဘက်က က ယတတ် ကျ ဆိုရသည်။ မြန်မာက က လုံးကြီးတင် ကိ ဆိုရသလို တိဘက်က က ဂေကု ကိ ဟု ဆိုရသည်။

တိဘက်စာသင်ဘက်များက ဒဿနိကဗေဒပါမောက္ခဟောင်းဆရာကြီးတစ်ဦး၊ နိုင်ငံရေးသိပ္ပံကထိက ဆရာတစ်ဦးနှင့် အင်္ဂလိပ်စာတွဲဘက်ပါမောက္ခဆရာမတစ်ဦးတို့ဖြစ်သည်။ တိဘက်လားမားကြီးက ဟိန္ဒီလို ပို့ချလိုက် အင်္ဂလိပ်လို ရှင်းပြလိုက်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကတော့ သူ့အတွက် ရည်ရွယ်သည်။ လားမားကြီးက ရိုးသားပွင့်လင်းစွာပင် အင်္ဂလိပ်ဝေါဟာရအချို့ မသိသောအခါ ဆရာမနှင့် ပါမောက္ခ ဟောင်းကြီးကို မေးမြန်း လေ့ရှိသည်။ နွေးထွေးသော စာသင်ခန်းဖြစ်သည်။

ဤတက္ကသိုလ်တွင် ဆရာ ဆရာမများကြား ခွဲခြားဆက်ဆံမှုမျိုးရှိသည်ကို ယနေ့အထိ မတွေ့ရ။ ပါမောက္ခများ၊ ကထိကများကြားဆက်ဆံရေးသည် ပွင့်လင်းလွတ်လပ်သည်။ ဟိတ်ဟန်းလည်း နည်းပါးကြသည်။ အမှန်တကယ် ဆိုလျှင် သူက ဧည့်သည်မျှသာ ဖြစ်သည်။ ဆရာမက အိမ်ထောင်သည် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့ကို '' ဘန္တေဂျီး ဟဆ်မုခ်ဟဲ '' ဟု အမြဲပြောတတ်သည်။ မျက်နှာချိုသည်ဟု ဘာသာပြန်ခွင့်ပြုကြပါ။ ရင်းနှီးသူများဘာသာပြန်လျှင် တစ်မျိုးအနက် ထွက်နိုင်သောကြောင့်ဖြစ်သည်။

သင်တန်းချိန်က တစ်နာရီသတ်မှတ်ထားသော်လည်း အမြဲတမ်း နှစ်နာရီခွဲခန့်ကြာတတ်လေသည်။ မဇ္ဈိမသား တို့ကတော့ ပြောလည်း ပြောနိုင်ကြသည်။ နားလည်း နားထောင်နိုင်ကြပေသည်။ သူ့မှာသာ ရွှေပြည်ကြီး သားပီပီ အတိုကြိုက် အမြန်ကြိုက် အလွယ်ကြိုက်...။ တိဘက်သင်တန်းတက်နေစဉ်မှာပင် သူပို့ချရမည့် ပါဠိအထူးသင်တန်းချိန်ရောက်လာသည်။ ၂း၃၀ နာရီ ။

သင်တန်းသားက စာရင်းအရ (၇)ယောက်ရှိသော်လည်း တကယ့်သင်တန်းသားက သူ့တပည့်ရင်း နှစ်ယောက်သာ မြဲနေသည်။ ဥပစာကြိုတန်း က နီပေါလ်ကျောင်းသားနှင့် ဥပစာတန်းက ရုရှားကျောင်း သားဖြစ်သည်။ တပည့်ကျောင်းသားနှစ်ယောက်၏ ပါဠိဘာသာစိတ်ဝင်စားမှုနှင့် အားထုတ်မှုကို အသိအမှတ်မပြုဘဲ နေ၍ မရတော့ပါ။ အချိန်တိုတိုအတွင်းမှာပင် ပါဠိဝါကျတည်ဆောက်ပုံများကို နားလည် သွားကြသည်။ တပည့် ချွန်ထက်လျှင် ဆရာအနေဖြင့် မချောင်လည်ကြောင်း သိကြလိမ့်မည်။ ငယ်စဉ်က ဆရာဘုန်းတော်ကြီး၏ "သံသယများတဲ့ တပည့်ကို ဂရုစိုက်ရတယ်'' ဆိုသော သြ၀ါဒကို အမှတ်ရသည်။ ဘာသာရပ်တစ်ခုကို စူးစိုက်လေ့လာသည့် တပည့်အတွက် သံသယများ တိုးပွားသည်။ သိလိုသော အရာတို့ များလာသည်။ ဆရာက အဆင်သင့်ဖြစ်ဖို့ အရေးကြီးသည် တဲ့။

ပါဠိဝါကျများနှင့် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သော ဤကျောင်းသားနှစ်ယောက်အတွက် ယခုတစ်ပတ်မှ စတင်ကာ ဓမ္မပဒအဋ္ဌကထာကို သူပို့ချဖြစ်ခဲ့သည်။ ယခုအထိတော့ အခက်အခဲ မရှိသေး။ လွန်ခဲ့သောတစ်ပတ်ကတော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်တွင် တက်ရောက်နေသည့် မိတ်ဆွေရဟန်းတော်စွန်းလွန်း အရှင်သော ဘနာလင်္ကာရထံမှ အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီး၏ အဋ္ဌကထာအခြေပြုဖိုင်လ်လေးတစ်ခု ပို့ထားသည်။ ကိုးကားရည်ညွှန်းနိုင်ရန်ဖြစ်သည်။

ပထမဆုံး ယမက၀ဂ်၊ စက္ခုပါလမထေရ်ဝတ္ထုကို စတင်ဖတ်ကြသည်။ ထေရ၀ါဒနှင့် မရင်းနှီးသော တပည့်ကျောင်း သားများကို ပါဠိဘာသာ စကားကိုသာမက ထေရ၀ါဒနောက်ခံသမိုင်းကိုပါ ပြန်လှန်နေရသည်။ စက္ခုပါလ၀တ္ထုဖွဲ့တည်ရာ သာဝတ္ထိမြို့ကြီးအကြောင်း၊ အနာထပိဏ်သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့၏ ဇေတ၀န်နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီးများ။ ပုထုဇဉ်နှင့် အရိယာသာဝကတို့၏ ထူးခြားချက်။ ဘုရားရှင်တို့ ဖြည့်ဆည်းရသည့် ပါရမီဆယ်ပါးနှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအရေအတွက်ကာလများ..။

သာဝတ္ထိမြို့၏ လူဦးရေ (၇)ကုဋေရှိကြောင်းနှင့် (၅)ကုဋေက အရိယာသာဝကများဖြစ်ကြောင်း၊ ပုထုဇဉ်မှာ (၂)ကုဋေမျှသာ ရှိကြောင်း ရှင်းပြသောအခါ ကျောင်းသားနှစ်ဦးလုံးက သူ့ကို မော့ကြည့်သည်။ အနာထပိဏ် သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့ ဘုရားကျောင်းတော်သို့ လာသည့်အခါ ကိုရင်ငယ်လေးများ ပြေးလွှားကာ မုန့်တောင်းနေကြသည့်မြင်ကွင်းကိုတော့ ကြည်နူးစွာပင် စာသင်ခန်းထဲမှ ဆရာတပည့်များ လှမ်း မျှော်ကြည့်ဖြစ်ကြသည်။


(၄)
စာမရေးတာ ကြာပြီနော် ဟု ဆိုလာကြသည့် မိတ်ဆွေအချို့အတွက် ကောက်ခြစ်မိသော ၀ါကျအချို့သာ ဖြစ်သည်။ တစ်ဘက်ဆည်ကန်တွင် ဆောင့်တိုးဝင်ရောက်လာသည့် တောင်ကျချောင်းရေလိုပင် စကားလုံးအချို့ သူ့နှလုံးသားဗဟိုချက်တွင် တဒုတ်ဒုတ်ထိနေသည်။ သို့သော် သူသည် ယမန်နှစ်က စီးဆင်းအားကို လိုက်မမီနိုင်အောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိမ်းဆည်းနေရသည်။ ခေါင်းတွေ ရှုပ်လိုက်တာ...(ငါဂေါ နာဂီ ဒု)

ဓမ္မဂင်္ဂါ
၁-၁၀-၂၀၁၀

တကယ်ပါ (ဂေါ နာဂီ ဒု)