28 February, 2010

စလုံးက ခွာခဲ့တယ်

သြ... ဖေဖော်ဝါရီလကုန်ရက်ပဲ။ အိန္ဒိယတစ်ခွင်လုံးမှာတော့ ဟိုးလီလို့ခေါ်တဲ့ ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲနေကြပြီ။ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကြတာပါ။ ခပ်ပျော်ပျော်ဦးဇင်းလေးတစ်ပါးကတော့ ပြောပါတယ်။ အနေအထိုင် ညစ်ပတ်လှတဲ့ ကုလားတွေ ရေမချိုးဘဲ မနေနိုင်အောင် ဆေးတွေနဲ့ ပက်ကြတာတဲ့။ လွန်ခဲ့တဲ့နှစ်ကတော့ ဒီနေ့စွဲဟာ စင်္ကာပူချန်ဂီလေဆိပ်ကနေ အမေ့ရွာကို ပြန်ထွက်တဲ့နေ့ပါပဲ။ ဒိုင်ယာရီမှာ တိုတိုလေး ရေးခြစ်ထားတာ ပြန် ဖတ်ဖြစ်တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။

(၂၀၀၉-ခှုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် စနေနေ့
အားလုံးပြင်ဆင်ပြီးပြီ၊ အဓိကအနေဖြင့် ဓမ္မဒါနဖြန့်ဝေကြသည့် ဘာသာရေးစာအုပ်များကို ထုပ်ပိုးဖြစ်သည်။ မိတ်ဆွေဟန်းတော်တစ်ပါးက “ နိုင်ငံရပ်ခြားက ပြန်လာတဲ့အခါ သော့ချိတ်လိုမျိုးတွေ လက်ဆောင်ပေးတာ ထက်စာရင် မြန်မာပြည်မှာမရှိတဲ့ စာအုပ်တွေသယ်လာနိုင်ရင် ပိုပြီး တန်ဖိုးရှိပါတယ်”တဲ့။ ဖုန်းကဒ် တစ်ခု ၀ယ်ကာ အရှေ့နှင့် အနောက်သို့ ဖုန်းဆက်ဖြစ်သည်။ တကယ်တော့ သူရောက်နေသည့် နေရာမှ မျက်နှာမူ လိုက်လျှင် နေ၀င်ရာ အရပ်တွေချည်းဖြစ်သည်။

နေ့ဆွမ်းစားပြီးသည်နှင့်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် မိတ်ဆွေရဟန်းကိုနှုတ်ဆက်သည်။ မိတ်ဆွေရဟန်း တော်က သူ့အိမ်ပြန်ခရီးလှပအောင် စီစဉ်ပေးလေသည်။ လေဆိပ်သို့ မင်္ဂလာဝိဟာရ စနေဆွမ်း အလှူ ရှင်များဖြစ်ကြသည့် ဒေါ်ကြည်ကြည်ဝေတို့ ဇနီးမောင်နှံနှင့် ကိုသန့်ဇင်အောင်+မမေသက်စု စုံတွဲက ကားနှစ် စီးဖြင့် လိုက်ပို့ကြသည်။ လေဆိပ်သို့ အသွား ကားပေါ်တွင် ဆွမ်းဒကာမ မေသက်စုမေးသည့် မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြရသေးသည်။ ဒေါ်ကြည်ကြည်ဝေတို့ဇနီးမောင်နှံကလည်း သူ့အတွက် လက်ဆွဲတန်ဆာ အဆင်ပြေစေရန် စီမံပေးကြသည်။

ချန်ဂီလေဆိပ်ထွက်ခွာဆောင်တွင် သီတဂူညီလာခံတက်ရောက်မည့် အမေရိကားမှ သီဟိုဠ်ဆရာတော်ကြီး ဒေါက်တာဂုဏရတနနှင့် အယ်လ်အေမှ မိတ်ဆွေရဟန်းတော်အရှင်အာစာရတို့ကို တွေ့ဆုံရသည်။ ရန်ကုန် လေဆိပ်ရောက်တော့ ကျောင်းမှ စာချဘုန်းကြီးလေးရှင်ရာဇိန်က ဒကာကိုတင်သန်းကားဖြင့် လာကြိုသည်။ ပြန်မရောက်သည့် (၂)နှစ်နှစ်တာအတွက် အလွမ်းပြေသွား၏။ သမိုင်းမြို့မပရိဝုဏ်သည် သူ့အတွက် နွေးထွေးနေတော့သည်။ ညနေခင်းမှာတော့ ထေရ၀ါဒတက္ကသိုလ်ရှိ မိတ်ဆွေရဟန်းတော်များ၏ တံခါးချပ် များကို ခေါက်ဖြစ်လေသည်။)

အင်းတိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ မနေ့ကပဲ အိမ်ရှင်က အိမ်အသစ်ရှာပါတော့တဲ့။ နေ့စွဲတစ်ခု ထပ်တိုး ပြန်ဦးပေမပေါ့။ အဲဒီအကြောင်းလေးကိုတော့ ကြုံတဲ့အခါကျမှ “ရဟန်းတစ်ပါးနှင့် အိမ်ငှါးပြဿနာ” ဆိုပြီးရေးဦးမှ။ ဆွာဆတိကနဲ့တော့ ကံမဆုံပြန်ဘူးထင်ပါ့။

ဆက်စပ်ဖတ်ရန်
သီတဂူလမ်း
ကိုးန၀င်းမှဆွာဆတိကသို့
များခွင့်ရှိတုန်းများထားရမယ့်နေ့များ

27 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၅)



(၁)

ဘုန်းကြီးလျှင် ပုန်းအိပ်” ဟူသည်ကား ဗန်းမော်ဆရာတော်ဘုရားကြီး၏ တစ်ရံခါဆီက မှတ်ချက်ပြုစကား ပေတည်း။ ဆရာတော်ကြီးကား တိုတိုနှင့် ထိအောင် ဆိုတတ်ပါပေစွ။ သူသည်လည်း စကြာဝဠာ ကမ္ဘာမြေ အဆုံးမှာ ပုန်း၍သာ အိပ်နေချင်တော့သည်မှာ အမှန်ပင်ဖြစ်ပါလေတော့၏။

သူရွာလေးသို့ ခြေချမိသည့်ထိုနေ့ ထိုရက်ကသာ သူ့ရွာလေး၏ အမည်သညာကို စွဲ၍ အက်ဖ်တီကေ တိုင်းမ်စ်(FTK TIMES) အက်ဖ်တီ ကေပို့စ်(FTK POSTS) အက်ဖ်တီကေထရီးဗြွန်း(FTK TRIBUNES) စသောသတင်းစာကြီးများသာ အပြိုင် ထုတ်ဝေနေကျဖြစ်လျှင် ထိုထိုသတင်းစာကြီးများတွင် သူသည် ပါဆဲင်န် အော့ဖ် သှဒေး(Person of the Day) ဟု ပေါ်ပြူလာ ပဂေးကြီးဖြစ်လေဟန် ကော်လံအပြည့်ဖော်ပြကြလေမည်မလွဲတည်း။

သူ့အတ္ထုပ္ပတ် သူ့လုပ်ရပ်နှင့် သူ့ပုံရိပ်ဖြတ်စတို့သည် လတ်တလောစက်ရပ်သတင်းအဖြစ် အိတ်က်စ်ကလျူး စစ်(Exclusive) ဖြစ်၍ နေပေတော့မည်။ မည်သို့ဆိုစေ ပုဂ္ဂလ၀ိသေသော ထူးသောအံ့သောဟုကား သြသြအံ့အံ့ ရွာလုံးအနှံ့ ဖြစ်နေခဲ့သည်မှာတော့ အထင် အရှားဖြစ်ခဲ့ပါပေ၏။ “ လူ့ဘောင်ဘ၀ ကျဉ်းမြောင်းစွ ” ဆိုသဟာ ဃရာဝါသော သမ္ဗာဓေါဟု စာဟောရှိသော်ငြား ရဟန်းတစ်ပါးနှင့် လားလားမှမဆိုင်ဟု အခိုင်အမာ ယူခဲ့မိပါလေ၏။


သို့သော် ပေါ်ပြူလာဆယ်လီဘရစ်တီ(Popular Celebrity)ဟု ညံစီအောင် တိုးဝှေ့၍ ဆွေဆွေမျိုးမျိုး ရွာရိုး ကိုးပေါက် ဆယ်ပေါက် အပေါက်ပေါက်လျှင် သောက်သောက်လဲလဲ တစ်ခဲနက်နက် မိတ်ဆက်ကြ လေသော ကြောင့် သူ့ခမျာမှာ နေစရာ။ထိုင်စရာမရှိအောင်ပင် ကျဉ်းမြောင်းခဲ့ရပါချေ၏။ ကျောင်းမှာ ထိုင်သော် ကျောင်း၊ အိမ်မှာထိုင်သော် အိမ် ။ ကျောင်းနှင့်အိမ် အကြိမ်ကြိမ်ပင် ကူးလူးရွေ့လျား၍ ဆွေစကားမျိုးစကား၊ မြို့စကား တိုင်းစကား နိုင်ငံစကား နိုင်ငံတကာစကား စကြာဝဠာစကား မနားရလေအောင် ချဲ့ကားပြော ဆိုရပေတော့၏။

ထိုမျှဖြင့် ဒုက္ခမပြီးသေး။ တောရွာဓလေ့ ကောင်းပေ့ညွန့်ပေ့ ဆွေမေ့မျိုးမေ့ဘုရာ့ ဟု လျှောက်ထားကပ် လှူကြလေသော ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် မုန့်ဆီကြော် မုန့်ပေါက်ကြော် အလှော်အပြုတ်တို့ကိုလည်း စုံအောင်ပင် အလုပ်အလွေးပြုကာ ဘုန်းပေးရရှာပေသေး၏။ အော် ကြိုက်ခြင်း မကြိုက်ခြင်းဟူသည် သူု့အရေးမဟုတ်၊ သူ့ကျန်းမာရေးနှင့် လျော်သည် မလျော်သည် သူ့အရာမဟုတ်ခဲ့လေပြီ။ ကြိုက်လည်းစား မကြိုက်လည်း စား၊ လျော်လည်း စား မလျော်လည်းစား ရပ်သူရွာသားတို့၏ သဒ္ဓါတရားကိုသာ လုံးလုံးလျားလျား ငံ့ကွက်သနားရပေတော့မည်။ ထို့ကြောင့်ပင် ရှေးရှေးသူတော်ကောင်းတို့သည် အဖော်မမှီး တစ်ကိုယ်တည်း တောရပ်မှီ၍ ဘုန်းကံကြီးမားခြင်း၏ ဒုက္ခတရားကို ရှောင်လွှားကြလေဟန်တည်း။ ခုအခါတွင်ကား ဆယ်လီဘရစ်တီ(Celebrity)ဖြစ်ခြင်း၌ ကံအတိုင်းဖြစ်စေတော့ဟုသာ သူသဘောထားရပေတော့မည်။

ဆိုရသော် ထိုနေ့သည် သူ့နေ့ပင်ဖြစ်တော့၏။ သူ့ရွာကလေးတွင် အများသူငါ အားလပ်ရက်ဟု သတ်မှတ်ကြေငြာထားသည့်ပမာ တောင်ယာလယ်သူ မိလက္ခူဖြစ်သော သူ့အဆွေ သူ့အမျိုးတို့သည်ကား သူ့အကြောင်း သူ့အခြင်းရာကိုသာ လှည့်လည်ကာ ပြောနေကြသောဟူ၏။

(၂)

ဤသည်ပင် သူမနှစ်သက်သော အခြင်းအရာပေတည်း။ သူ့ရည်ရွယ်ချက်ကား ငယ်စဦးကပင် အထူးထူး သောအခြေခံစာကို နာသုံးနာရောယှက်၍ ကျောကိုဗျော တင်ကာ တအုံးအုံးနှက်ခြင်း၊ ငှက်ပျောသီးနှင့် မုံ့ပဲသရေစာ ရှိတာလေးတွေ ထုတ်ကျွေးချော့မော့ခြင်းစသည် စသည် အလီလီသော နည်းတို့ဖြင့် ပညာပေးတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ရွာဦးကျောင်းသခင်မြတ်ကို ဂါရ၀ပြုလိုသည်လည်းတစ်ရပ်၊ သာသနာ့ဘောင်အတွင်း သွပ်သွင်းကာ ရှင်သာမဏေ ၀တ်စေခဲ့သည့်နေ့မှ စ၍ ကိုယ်နှင့်မဆိုင် ခွင့်မပိုင်တော့သည်အထိ သာသနာတော့်မျက်နှာကိုသာကြည့်လျက် မျက်ရည်အပြည့်ဖြင့် သားအရင်းအချာကို သဘောထားကြီးစွာ စွန့်လှူခဲ့ကြရှာလေသည့် တစ်နှစ်တစ်ခါမှသာ တစ်ခါတစ်ရံ နှစ်အတန်ကြာမှတစ်ခါ သားရဟန်းမျက်နှာကို ဖူးကြရရှာလေသည့် မိအိုဖအိုတို့ကို တွေ့မြင်လိုသည်လည်း တစ်ရပ်။

ဤအကြောင်းနှစ်ရပ်သည်သာ ဓမ္မဂင်္ဂါရွာပြန်ခရီး၏ နီးသောအကြောင်း ဝေးသောအကြောင်း မနီးမဝေးသော အကြောင်းများပေတည်း။ အပေါင်းအသင်း ငယ်ဖော်ချင်းတို့နှင့်တကွ ဉာတိသင်္ဂဟ ဆွေမျိုးစသည်ကို တွေ့ လိုခြင်းတို့သည်ကား သပိတ်ပါ အိပ်ပါ ခွက်ပါ ကြွပ်ကြွပ်အိပ်ပါ မကင်းသာသော အကြောင်းများဖြစ်ရပေတော့၏။

သူ့အတွေးတွင် ပုံရိပ်ဆင်ထားသည်ကား ငယ်ဆရာသခင်၏ သြ၀ါဒလက်ဟောင်းလေးများကို လမ်းကြောင်း ပေးကာ နာခံရင်း ရွာဦးကျောင်းကန်သာယာတွင် မြို့ပြပညာရေးစိတ်နွမ်းသမျှ အတိုးချအပန်းဖြေမည်။ မိဘနှစ်ပါး၏ အိမ်သေးသေးလေးတွင် ဇိမ်အေးအေးယူကာ မိခင်ဖခင်တို့ လှူကျွေးသမျှကို လူမမယ် ကလေးဘ၀ ကလို အားမနာတမ်း စားမည်။

ငယ်ရွယ်နုနယ်စဉ် မထင်မပေါ် ယခုလို နိုင်ငံခြားပြန်ဆရာတော်ဟု ရပ်သူရွာသားတို့အခေါ် မကျော်ကြားမီ စာသင်သားဘ၀က သူရွာလေးသို့ပြန်လာလေတိုင်း ဖခင်ကြီးကား ထင်းခွဲရေခပ်၊ မိခင်ကြီးကား ထမင်းချက် ဆွမ်းပြင် အမ နှမတွေပင် ကြားမ၀င်သာအောင် လုံ့လသည်းခဲ့ကြရှာပေ၏။ မိခင် ဖခင်တို့၏ ထိုအကြွေးများ အတွက် သူသည်လည်း သာသနာအရေးများကို ယခုလို ဆက်နေရခြင်းဖြစ်ပေ၏။ သာသနာဟူသော ခေါင်းစဉ်ရိုးရိုးကြီးအောက်တွင် တိုးတိုးပေါက်ပေါက် လျှောက်ခဲ့ခြင်းဖြစ်ပါ၏။ သာသနာ့အလုပ်များကို ကျရာနေ ရာက ခပ်ကုပ်ကုပ်ပင် လုပ်ခဲ့ပါချေ၏။

(၃)

မည်သို့ဖြစ်စေ သူ့ရွာပြန်ဒိုင်ယာရီကား ထင်သည်နှင့်မညီဖြစ်ခဲ့ပါလေ၏။
ရွာလေးသည် သူ့အတွက် နေရာကျဉ်းမြောင်းခဲ့လေပြီတည့်။ အမိအဖအိမ်တွင်လည်း သူမငြိမ်၊ ဆရာ့ကျောင်း ကန်တွင်လည်း သူမဟန်။ အတန်တန်သောရွာခံလူထုကိုသာမက ရွာနီးချုပ်စပ် မပြတ် လာကြသော ဧည့်သည် တို့ကိုလည်း ဆိုစများလျား စကားပုံသေဖြင့် နှုတ်ဆက်ရချေ၏တကား။

ခါးလည်းညောင်းလှ၏။ နားလည်းပူလှ၏။ ရွာသူရပ်သား သူ့ဆွေမျိုးများဟူသည် သူ့ငယ်စဉ်ကလေးဘ၀ နှပ်ချေးတွဲလောင်းကျကာ ရှုံ့ရှုံ့မဲ့မဲ တပြဲ့ပြဲ့အော်ငိုသည်မှအစ မာလကာပင်ပေါ်က ပြုတ်ကျသည်အဆုံး၊ မျောက်ရှုံးအောင်ဆော့သဖြင့် ဘုန်းကြီးက တအုံးအုံးဆော်လေဟန် အဖန်ဖန်သောသူ့အကြောင်းကို များများပြောနိုင်လေ များများထင်ပေါ်လေဖြစ်ရကား စကားအတန်တန် ကြံ၍ပင် ပြောကြလေယောင်တကား။
ထိုသို့ဖြင့် သူကိုယ်တိုင်သိသော သူကိုယ်တိုင်မသိသော သူကိုယ်တိုင်မသိချင်တော့သော သူ့ငယ်ကျိုးငယ်နာ တို့ကို သူသည် နားထောင်ရလေသည်တည်း။



ထိုသို့ပင် ရုန်းမထွက်သာအောင် ဘုန်းသမ္ဘာအခက်ဝေနေသည့်အခိုက်မှာပင် သူ့ရင်ဘတ်အား ထိထိခိုက် ခိုက်ဖြစ်စေသော ကမ္ဘာကျော်မဟာအထူးဟု စိတ်ကူးပေါက်ကြလေသော တရားပွဲကြော်ငြာဟန် နိဗ္ဇာန်ဆော် တို့၏ အသံကို ကြားရပြန်ပေတော့၏။


26 February, 2010

နယ်လှည့်ဘလော့ဂါဓမ္မကထိက

ကိုယ့်ဘလော့မှာ အသစ်မရေးနိုင်အောင် အလုပ်တွေ တကယ်များနေတဲ့အချိန်ပါပဲ၊ ရာသီကတော့ ဆောင်းကို လုယူဖို့ နွေသစ်ရွက်တွေ ကြွေစပြုပြီ။ တာဝန်ယူထားတဲ့ အဖွဲ့ကြီးရဲ့ ဆယ်နှစ်မြောက်နှစ်လည်စာစောင် (အထူး ထုတ်)အတွက် စာမူတွေ အချောသတ်တည်းဖြတ်နေခဲ့ပါတယ်။ နှစ်လည်စာစောင်ဖြစ်မြောက်ရေးတာဝန်ခံ အရှင်ကလည်း သူ့ကို မနားတမ်းဘဲ တွန်းနေခဲ့ပါတယ်။ ကွန်ပြူတာဒီဇိုင်းဆရာမြတ်တွေကလည်း သူ့ဆီက ကျလာမယ့် စာမူတွေကို ပုံဖော်ဖို့ စောင့်နေကြလေရဲ့။ဘလော့ဂါမိတ်ဆွေ ကိုနောကလည်း အယ်ဒီတာအဖွဲ့ဝင် ဆိုတော့ ဟိုပြေးဒီလွှားထဲမှာ ပါလေသပေါ့။

အင်း အယ်ဒီတာချုပ်ဆိုသူကြီးမှာလည်း ကိုယ့်အခက်နဲ့ ကိုယ်ပေပဲ။ တကယ်တော့ နှစ်ပတ်လည်စုံညီ အစည်း အဝေးကြီးမှာ စာမူတွေ စုံအောင်သာ အယ်ဒီတာ့စားပွဲမှာ ရောက်နေမယ်ဆိုရင် တစ်လအတွင်း အပြီးဆောင် ရွက်ပေးပါ့မယ်လို့ ခပ်တည်တည် အစီရင်ခံခဲ့မိလေသကိုး။ ခုဆိုရင် နှစ်လပြည့်တော့မယ်။ အရှင်ဘုရားတို့ရေ ပြီးတော့မှာပါဘုရား။(ဤကား ကြားဖြတ်အစီအရင်ခံလျှောက်ထားလွှာ)

အယ်ဒီတာဆိုတာကလည်း စာမူရှိမှ အယ်ဒီတာလုပ်ရမှာဆိုတော့ စာမူတွေရအောင် အိန္ဒိယနိုင်ငံတက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားနေကြတဲ့ အဖွဲ့ဝင်ရဟန်းတော်တွေကို မျက်နှာချိုသွေးရပါတယ်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်စာသင်ခန်းတွေ ပြေးတက်လိုက်၊ ကျမ်းပြုဖို့အတွက် ဘုတ်အုပ်ထူထူကြီးတွေ လှန်လှောလိုက်နဲ့ မအားတဲ့ကြားက သူ့ကို သနားပြီး ဉာဏ်ကစားကာ စာမူတွေ ချီးမြှင့်ကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ရပါ တယ်။ ပြီးတော့ အဖွဲ့ဝင်ရဟန်းတော်မဟုတ်ပေမယ့် ဘာသာသာသနာအရေးသွေးမအေးကြတဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေများရဲ့ ဦးနှောက်ကိုလည်း လှမ်းဖောက်ရပါသေးတယ်။

အယ်ဒီတာဆိုပြီး မိန့်မိန့်ကြီးနေလို့ မရပေဘူးပေါ့လေ၊ “အဟမ်း အဟမ်း” လို့ ဂိုက်ဖမ်းခွင့်မရရှာသူကြီးပေပဲပ။ စာမူတွေ ရောက်လာတော့လည်း အားရစရာပါ။ အရည်အသွေးတွေလည်း ပြည့်မီသမို့ “အထူးထုတ်”ရော “အထူထုတ်”ရော နှစ်မျိုးဂုဏ်တက်နိုင်လောက် အောင်ပါပဲ။ ဒီနေ့တော့ စာမူတွေ အချောသတ် တည်းဖြတ်ပြီး သွားပါပြီ၊ ဒီဇိုင်းဆရာအရှင်မြတ်တွေလက်ထဲ လွှဲလိုက်နိုင်ပါပြီ။ အဲဒီလို အသစ်တွေမရေးနိုင်တဲ့အချိန်မှာ ကိုယ် ရေးထားတဲ့အဟောင်းလေးတွေတော့ ပြန်ဖတ်ဖြစ်ပါတယ်။ ပြီးတော့ သူများရေးတာတွေကိုလည်း လိုက် ဖတ်ဖြစ်ပါတယ်။ ရွှေပြည်ကြီးက မိတ်ဆွေတွေက သူ့ဘလော့ကို ဖတ်မရဘူးတဲ့ ၊ အဲဒီအတွက်လည်း သူမှ ဒေါ့မ ကွန်းနိုင် ဒေါ့မနက်နိုင်တော့လည်း ဘာမှမတတ်သာပေဘူးပ။

အဲဒါနဲ့ လူတွေတအုံး အုံးဖြစ်နေတဲ့၊ ရွှေပြည်ကြီးကလည်း ဖတ်နိုင်တယ်ဆိုတဲ့ လူမှုရေးဝက်ဘ်ဆိုက်တ်တွေထဲ ၀င်မိသွားပါတယ်။ အဖြူရောင်သံစဉ်ထဲလည်း ပါလားပါရဲ့၊ ဓမ္မဒူတလူငယ်များဆိုတဲ့ ကလေးဝိုင်းထဲလည်း ကလေးလူကြီး လုပ်ဖြစ်ရဲ့။ နောက်ဆုံး အချစ်တွေ အလွမ်းတွေ သည်းသည်းလှုပ်နေတဲ့ အိမ်လွမ်းသူထဲအထိ တရားသွားဟောဖြစ်ပါသေးရော့လား။ ဂျာမဏီက မြတ်ရောင်နီအရှင်ကတော့ “နယ်လှည့်ဘလော့ဂါ ဓမ္မကထိကဆိုပဲ။ သာဓု သာဓု သာဓု၊ ဘာပဲဖြစ်ဖြစ် ရေးထားတာလေးတွေက ဖတ်ဖို့ပဲ မဟုတ်လား။

ခုလည်း အိမ်လွမ်းသူမှာ တင်ဖြစ်တဲ့ ရေးပြီးသားအဟောင်းထဲက စိတ်အညောင်းပြေမယ့် ကဗျာခံစားမှုလေးပါ။ မဖတ်ရသေးသူတွေအတွက်တော့ အသစ်ပါပဲ။ ကြိုက်မှာပါ(ကြော်ငြာ)။ ပြီးတော့ စာဖတ်သူတွေရဲ့ မှတ်ချက် လေးတွေကလည်း ချစ်စရာပါ။ တစ်ချို့မှတ်ချက်လေးတွေကတော့ ပြုံးချင်စရာလေးတွေပ။ အော် ဂွတ်ထ ဂွတ်ထ....။

ရဟန္တာကိုယ်တိုင်ရွတ်တဲ့ကဗျာ
(ဒီမှာ)
အိမ်လွမ်းသူကိုလည်မယ်ဆိုရင်တော့
(click)

24 February, 2010

နေက္ခမ္မလရောင်









၁-က။

ညအခါ
လသာသာ
ကစားမလား
နားမလား။
(သူငယ်တန်းဖတ်စာ)

ပီဘိကလေးငယ်ဘ၀က အသံသာသာဖြင့် ရွတ်ဆိုဟစ်အော် မြူးပျော်ခဲ့ရဖူးသော ကဗျာ..၊
ကျေးလက်ည၏ လရောင်ဆမ်းကွင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက် စိတ်မြောက်ခဲ့ရဖူးသော အလင်္ကာ..၊
သူငယ်တစ်ယောက်၏ ရိုးရှင်းကြည်မြနေသည့်စိတ်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲနာရီများ၊ သေကောင်ပေါင်းလဲ ချိန်းဆိုချက်များ၊ ရှုပ်ထွေးေ၀၀ါးသော အိပ်မက်များနှင့် ခမ်းနားထည်ဝါသော မနက်ဖြန်များလည်း ရှိမနေခဲ့ပါ။

ကစားခြင်းနှင့် အနားယူခြင်းသည်သာ ကလေးငယ်တစ်ယောက်၏ အဘိဓမ္မာ (သို့) ပစ္စုပ္ပန်စစ်စစ်ဖြစ်ခဲ့သည်။
လရောင်လင်းပသော ညအခါတွင် လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှားဆော့ကစားမည်။ နွမ်းနယ်ပင်ပန်း သွားခဲ့လျှင်တော့ အပူအပင်ကင်းစွာ အနားယူ အိပ်စက်ပစ်လိုက်မည်။

လရောင်သည် မြတ်နိုးစရာဟုတော့ နုနယ်သော နှလုံးသားကပင် ထိထိရှရှ ပွတ်တိုက်မိလေသည်။



၁-ခ

အန္ဓီဘူတော အယံ လောကော။
ဤလောကသည် အမှောင်သဖွယ်ဖြစ်၏။

(ကစ္စာယနဗျာကရဏ)

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်၏ နားစည်ကို ရိုက်ခတ်လာသောအသံ၊
ဘယ်မှာ မှောင်လို့လဲ။


ခြေလှမ်းတို့ကို မြှင့်တင်ပေးနိုင်သည် သင်ယူလေ့လာစရာသင်ခန်းစာများရှိသည်။ ရည်မှန်းချက်များကို ကြွတက် လာစေသည့် အတ္ထုပ္ပတ္တိစာအုပ်ထူထူများရှိသည်။ ကျောင်းသွားဖော်တို့၏ နွေးထွေးပွင့်လင်းသော ရယ်သံများ ရှိသည်။ ဗြဟ္မစိုရ်တွန်းအားနှင့် စေတနာဆွဲငင်အားလည်း ရှိသည်။ လတ်ဆတ်သောအတွေးနှင့် ယစ်မူးဖွယ်ဂီတ တို့ကလည်း လူငယ်တစ်ယောက်၏ ပုဂ္ဂလိကရင်ခွင်ကို သိမ်းပိုက်ကြပြန်လေသည်။
စာသင်ခန်းအဆောင် ဆောင်ကို အောင်မြင်စွာ ကျောခိုင်း နိုင်ခဲ့ပြီ ဆိုလျှင် မုဒိတာတံခါးချပ်များက အသင့်ဆီးကြိုနေကြပေဦးမည်။

ဘယ်မှာလဲ အမှောင်။

အတွေ့အကြုံ တိုးတိမ်လွန်းနေသေးသည့် လူငယ်တစ်ယောက်က သူ၏ အိပ်မက်မှတ်စုတွင် မျှော်မှန်းချက် အလင်းတို့ကိုသာ လက်လက်ထအောင် ရေးခြစ်နေမိလေသည်။


၁-ဂ။
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါမစ္စုနော ပဒံ။
မမေ့ခြင်းသည် မသေလမ်း၊
မေ့ခြင်းသည် သေလမ်း။
(ဓမ္မပဒ)

ဦးနှောက်ထဲမှ သင်ခန်းစာကို စားဝတ်နေရေးသင်ခန်းစာတွင် အမှန်တကယ် ချခင်းပြရသောအခါ လူရွယ်တစ်ဦး ၏ နေ့စဉ်ရုန်းကန်ရမှုများက ချောင်ချောင်ချိချိ အင်္ကျီတစ်ထည်ကို ၀တ်ဆင်ရသလို လွယ်ကူချောမွေ့ခဲ့သည် တော့ မဟုတ်ပါ။ နာကျင်ကြေကွဲမှုများရှိသည်။ ချောင်ပိတ်ခံရခြင်းများ ရှိသည်။ တွန်းတွန်းတိုက်တိုက် ဖြတ်စီးလာသော လှောင်ရယ်သံများလည်း ရှိနေနှင့်လေသည်။ သို့သော် ချွန်ထက်မြိမြသော မာနဖြင့် မိမိကိုယ် ကိုယ် ချွန်းကုန်ဖွင့်ပစ်ခဲ့ပါသည်။

ဤသို့ဖြင့် ပိတ်ထားသော တံခါးများ ပွင့်ထွက်၊ ရန်လိုသော စမ်းသပ်မှုများ ချုပ်ငြိမ်း၍ ထုထည် ကောင်းကောင်း ပြဿနာများပြိုလဲသွားခဲ့သည်။ လောကဓံပြေးလမ်းရှင်း၍ ခါးသက်ကြမ်းရှသောနေ့ရက်တို့ ပြေလျော့စပြုသည် နှင့် ပကာသနစီးဝင်နှုံးက မြင့်တက်ခဲ့ပါသည်။

လက်ခုပ်သံတို့က တစ်ပွေ့ တစ်ပိုက်၊

ဂုဏ်ပြုတေးတို့က တမေ့တမိုက်။

အောင်မြင်ပြည့်စုံမှု အခြွေအရံနှင့် ရယ်သံလွင်လွင်တို့သာ လွှမ်းခြုံနေသည့် ပြက္ခဒိန်စာမျက်နှာကို မထင်မှတ်စွာ ပေါက်ပြဲသွားစေခဲ့သည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၏ နာရေးဖိတ်စာ။ နာရေးသတင်းပေါင်းများစွာကို အများနှင့်ထပ်တူ ရောနှောစုပ်သပ်ခဲ့ဖူးပါသည်။ အများနှင့်ထပ်တူပဲ စာနာအားဖြည့်ခဲ့ဖူးပါသည်။

သို့သော် ဤမျှလောက် သွေးပျက်ဖွယ် ထိတ်ပျာေ၀၀ါးမှု မပွားစီးခဲ့။
အနီးကပ်ကျကွဲသံက ပိုမို ကျယ်လောင်ခဲ့ပါသည်။
သေခြင်းတရား..။
ကိုယ်နှင်မဆိုင်သော ဘာသာရပ်တစ်ခုသဖွယ် မေ့လျော့ခြင်းသေတ္တာတွင် ခေါက်သိမ်းထားခဲ့ သောအရာ။

ငါ ဘာလဲ..
ငါ ဘယ်လဲ...
ငါဆိုတာကရော ဘာလဲ..
ငါဆိုတာကရော ဘယ်လဲ.......။
မေးခွန်းတို့က ရင်တစ်ခုလုံးကို တ၀ုန်းဝုန်းထုနှက်နေကြ၏။

ချွေးသီးချွေးပေါက်တို့ဖြင့် နစ်မွန်းရသည်က အခါခါ အိပ်မက်ဆိုးတို့ဖြင့် ချောက်ချောက်ခြားခြား လန့်နိုးရသည် က အကြိမ်ကြိမ်။
သေခြင်းတရားက ချစ်လှစွာသော သူငယ်ချင်းဆီ အချိန်ကိုက်ရောက်ခဲ့တာမှ ဟုတ်ရဲ့လား။
ချစ်လှစွာသော သူငယ်ချင်းကလည်း သေခြင်းတရားကို သတ္တိအပြည့်နဲ့ လက်ခံကြိုဆိုဖို့ အသင့်ရှိနေခဲ့တာမှ ဟုတ်ပါရဲ့လား။
မေ့လျော့မှုပမာဒ၏ သွေးဆောင်မှုမာယာတွင် နှစ်ခြိုက်ပျော်ဝင်နေခဲ့သည့် သူကိုယ်တိုင်ကရော.....။





၂-က

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်။
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ယာယီအလုပ်။
(မိုးကုတ်ဆရာတော်)

ကံကောင်းထောက်မစွာ အမှတ်မထင် ကြားနာခွင့်ရခဲ့သည့် ရှင်းလင်းပီပြင်သည့်သြ၀ါဒက တင်းတင်းဆုပ်ကိုင် ထားခဲ့သော အတွေးစများကို ဖျတ်ဖျတ်လူးသွားစေခဲ့သည်။

ဘ၀ရဲ့ အဓိပ္ပါယ် ဆိုတာ ရွှေရောင်စကားလုံးတွေနဲ့ ရေးထွင်းထားသည့် နာမည်တစ်ခုလား။

ဇိမ်ခံကားတစ်စီးပေါ်က မြင့်မောက်ဝင့်ဝါခြင်းတစ်မျိုးလား။
လက်ကိုင်စကားပြောကိရိယာတစ်ခုနှင့် ရှုပ်ထွေးဝင့်ကြွားခြင်းလား။
အရောက်လက်လက်သတ္တုစတွေကို တွဲစပ်ဝတ်ဆင်ခြင်းလား။
ဟန်ဆောင်ရောနှောရယ်မောရခြင်းတွေလား။

အမှန်တကယ်......
ဘ၀ဆိုသည်မှာ “သေရာသို့ အဆက်မပြတ်သွားနေရခြင်း” ၀န်ပိနေသည့် ကာလတိုဖြစ်ရှိမှုလေးမျှသာတကား။ မိမိနှင့် မိမိစွဲလမ်းသမျှ အရာရာကို အခိုင်အမာဟု သေချာမှတ်ယူ ထမ်းပိုးထားလိုသော ပုထုဇဉ်ပီသလွန်းသည့် မိစ္ဆာဒဿနတို့ လဲပြိုယိုင်နဲ့ သွားတော့၏။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများဆီ ခုတ်မောင်းနေဆဲအရှိန်အဟုန်များက လောင်မြိုက် လာကြသည်။ သူ့အဇ္ဈတ္တသည် ပူပြင်းအိုက်စပ်နေခဲ့၏။


အမှောင်ထုဖြင့် ပိတ်ဆို့လျက်ရှိသော သူ့ဝန်းကျင်တစ်ဆုံး သွေးရူးသွေးတမ်း ငဲ့စောင်းကြည့်မိ သောအခါ
လရောင်.....
သန္တရသ စက်စက်ယိုကျနေသော
ဓမ္မလရောင်.....
လွတ်မြောက်မှုတို့ဖြင့် ရုန်းကြွနေသော
ပရမတ္ထလရောင်...။

၂-ခ

သွာက္ခာတော ဘဂ၀တာ ဓမ္မော၊
စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။
တရားဓမ္မကို ကောင်းစွာ ဟောပြအပ်ပြီ။
ဆင်းရဲခြင်းကို အဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာ ကျင့်သုံးကြ။
(ဗုဒ္ဓ)

လရောင်ရွှန်းမြသော ညတစ်ညဆီက တိမ်းညွတ်ဖွယ် ပဒေသရာဇ်အဆောင်အယောင်နှင့် အမြစ်တွယ်ကာ အကိုင်းအခက်ဝေစ မိသားစုဘ၀သံယောဇဉ်ကို နောက်ပြန်မလှည့်ကြေး စွန့်ခွာဝံ့ရဲ ထွက်ပြေးနိုင်ရက်သည့် မင်းပျိုမင်းလွင် သိဒ္ဓတ္ထ၏ ခြေလှမ်းစိပ်စိပ်တို့က အနောမာမြစ်ကမ်းဆီ ဦးတည်လျက်..။

စကြာဝဠာတစ်ခုလုံး၏ မျက်ရည်များကို သုတ်ပေးဖို့ ပုဂ္ဂလိကကြေကွဲမှုကို မျက်နှာလွှဲခဲ့ရသူ မင်းသားမြတ်သည် “တစ်သံသရာလုံးငိုခဲ့ရပြီးပြီပဲ” ဟူသော သံဝေတို့ဖြင့် ခြေလှမ်းတို့ကို တည့်မတ် ခရီးဆက်ခဲ့ရပေလိမ့်မည်။

ထိုသို့ဖြင့် ဗုဒ္ဓအရှင်သည် ကိုယ်တော်တိုင်နှင့်တကွ ဝေနေယျအနန္တတို့၏ သောကအပူမှန်သမျှကို ငြှိမ်း၍ မျက်ရည်ဇာတ်လမ်းတို့ကို သိမ်းစေခဲ့သည်။ အရှင်မြတ်၏ နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ပကတိလရောင် အောက်တွင် ဓမ္မလ၀န်းထွန်းလင်းခဲ့ လေပြီ။


၃-က
သေတာကို မြတ်စွာဘုရားလည်း မတားနိုင်ဘူး။
နောက်ထပ်မသေဖို့ပဲ လမ်းပြနိုင်တယ်။
(မစိုးရိမ်ဆရာတော်)

တရားဓမ္မ၏ သန္တရသအရိပ်ထိုးကျရာ ဥပုသ်ကျောင်းဆောင်လေးသည် ဆိတ်ငြိမ်အေးမြလျက်ရှိသည်။ ကဗျာ အသက်ဓါတ်တို့ ပူးကပ်ယှက်သန်းနေသည့် ဓမ္မကထိကရဟန်းတော်လေး၏ စကားလုံးများက ပြိုးပြက် တောက်ပနေကြသည်။

“က
လေး
ဘ၀က သင်ခဲ့ရတဲ့
ညအခါ လသာသာကဗျာဟာ
မိမိတို့ နှလုံးသားပေါ်မှာ အကြိမ်ကြိမ်ဝဲနေရမယ့်
ကြာပွတ်ရိုက်သံဖြစ်သင့်တယ်။
သံသရာတစ်လျှောက်လုံး
မှောင်ခဲ့ကြပြီးပြီ။
မှားခဲ့ကြပြီးပြီ။
လမ်းကြောင်းလွဲခဲ့ကြပြီးပြီ။
မိမိတို့ရဲ့ ခြေလှမ်းတွေကို တည့်မတ်ဖို့
သစ္စာဓမ္မလရောင်သာတဲ့အချိန်ထက်
ကောင်းမြတ်တဲ့အချိန်ကာလမရှိနိုင်တော့ပါဘူး။
မိမိတို့ ခြေလှမ်းတွေမှာ ပ္ပမာအထိန်းအကွပ်ရှိကြရဲ့လား။
ဒါမှမဟုတ် ပမာဒခြေချင်းခတ်လို့ ကာမဂုဏ်မီးလျှံထဲမှာ ပိတ်မိနေကြသလား။”

“ လူ့ဘ၀ဆိုတဲ့ အပြည့်စုံဆုံး အချိန်ကို ပိုင်ဆိုင်ထားသူတွေအတွက် မေးခွန်းတွေ အများကြီးမလိုဘူး။
နှစ်ခုပဲ ကစားမလား နားမား။”



၃-ခ

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ပြုပြင်ပေးရ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။
မမေ့မလျော့ခြင်းဖြင့် ကိစ္စပြီးစေကြ။
(ဗုဒ္ဓ)

တီဗွီချန်နယ်လ်တစ်ခုကို ဖွင့်ကြည့်လိုက်မိသည်နှင့် မသေချာမှုများနှင့်သာ သေချာလှသော ပစ္စက္ခ ကမ္ဘာမြေ၏ ကူကယ်ရာမဲ့ အခြေအနေအရပ်ရပ်က သူ့ရင်ဝကို စူးအောင့်နာကျင်စေပါသည်။ ဆူနာမီ ဒီလှိုင်း၊ဟာရီကိန်းနှင့် တိုင်ဖုန်းမုန်တိုင်း။အင်အားကြီးမြေငလျင်၊ တောင်ပြိုမြေကြွံနစ်မှု၊ ကြက်ငှက်တုပ်ကွေးစသော သဘာဝဘေး အန္တရာယ်များနှင့် အသေခံဗုံးဖောက်ခွဲမှု၊ လူမျိုးရေးပဋိပက္ခ၊ စစ်မက်ပြုကျူးကျော်ခြင်းစသော ပြဿနာအရပ်ရပ် က ဘ၀၏ပြည့်စုံမှုဆိုသည်ကို ရယ်သွမ်းသွေးနေကြသည်။

အကြောင်းတရားအမျိုးမျိုး၏ နောက်ကွယ်တွင် သေခြင်းတရားရှိလေသည်။
မွေးစားရင်းဝင်ခဲ့ပြီးမှတော့ သေစာရင်းတွင်လည်း ကိုယ့်နာမည်က အထင်းသားဖြစ်နေတော့မှာ သေချာလှပါသည်။ အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရား၏ တံခါးခေါက်သံမကြားရမီ၊ သစ္စာဓမ္မလရိပ် မလွန်မီ၊ သူကိုယ်တိုင် အပြီးသတ်ဖြေဆိုရမည့် မေးခွန်းကို သူမိတ်ဆွေများကိုလည်း မျှဝေလိုက်ချင်ပါသေးသည်။
ညအခါ
လသာသာ
ကစားမလား
နားမလား။

(လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ကွယ်လွန်သွားတဲ့ မိတ်ဆွေတစ်ယောက်အတွက် အမှတ်တရ ရေးဖြစ်ခဲ့တာပါ၊ ဘလော့ရှေ့ပိုင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ တစ်စုံတစ်ရာ စဉ်းစားစရာ ကြုံလာလေတိုင်း နေက္ခမ္မလရောင်ကို ပြန်ပြီးဖတ်လေ့ရှိပါတယ်။ ခုလည်း တစ်ကိုယ်တည်း တိုးတိတ်စွာ ဖတ်ရင်း ပြန်မျှမိပြန်တာပါ။ ကျေနပ်ပါစေ)

23 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၄)

(၁)
အချီးမွမ်းခံချင်တယ်ဆိုတာ
လူတိုင်းကျူးလွန်နေတဲ့ ပြစ်မှုတစ်ခုပါကွာ
” တဲ့။
ဤကား မောင်နုခေါ် ၀န်ကြီးချုပ်သခင်နုကြီး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖိုးကျော်ငြိမ်းခေါ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ ပေးစာမှ လိုရာကောက်ယူလိုက်သော စကားအပိုင်းအစကလေးပေတည်း။ သူ့ရွာသူ သူ့ရပ်သားတို့သည်လည်း လူထဲကလူများပင် ဖြစ်ရကား အချီးအမွမ်းခံချင်ကြ၊အထင်ကြီးခံချင်ကြသည်မှာ ဆတ်ဆတ်တုန်အောင်ပင် ပေါ်လွင်လှပေတော့၏။

ရွာ၏ ဂုဏ်သိက္ခာ၊ ရွာ၏ ထင်ပေါ်မှု၊ ရွာ၏ အသရေဟူသမျှသည် သူရရှိထားသော ဘွဲ့များ၌သာ တည်ရှိလေ ဟန် အဖန်ဖန်လျှောက်လှဲကြလေသည်တကား။ သို့ဖြစ်လေသော် အများနှင့် ဆန့်ကျင်ဘက်မထား ပဋိပက္ခမပွားဘဲ အ၀ိရောဓန တရားကိုသာ လက်ကိုင်ထားလေ့ရှိသော သူအနေဖြင့် ဘာများတတ်နိုင်ပါဦးတော့ မည်နည်း။ ရှိစုမဲ့စုဘွဲ့လေးများကို ချခင်းရေးပြရုံမျှတစ်ပါး လောကီနှုံးအလေ့များကို မောင်ဖုန်းမေ့ထား၍ မရပါချေပြီ။

သို့နှင့် သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် လေးနှစ်တာစာတွေ့ သင်ယူခြင်း၊ နှစ်နှစ်တာ နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြုကွင်းဆင်းခြင်း ပြီးမြောက်ကာမှ နှင်းအပ်ခံရသော ချွေးသံရဲရဲ တိုက်ပွဲဝင် ဓမ္မာ စရိယ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ (ဓမ္မာစရိယ နှင့် ၀ိဇ္ဇာဘွဲ့ဟု နှစ်မည်ခွဲ၍ ပေးသော်လည်း တစ်ဘွဲ့ ဟုသာ သူက သတ် မှတ်သည်။) အပြည်ပြည်ဆိုင်ရာဟု အမည်ရွှေစာ ထည်ထည်ဝါ၀ါသော ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးဆိုသဟာမှ ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ မဇ္ဈိမဒေသ သက္ကတ တက္ကသိုလ်ကြီးမှ မဟာဝိဇ္ဇာတစ်ဘွဲ့ဟု စိတ်တွင်းမှ ရေတွက်ကာ သူ့အမည်နာမတော် နောက်ဖျားတွင် တောက်ကြွားပြီ ထင်အမှတ်ဖြင့် ဘွဲ့တံဆိပ်သုံးခုကို ထင်းထင်းကြီး ရေးခြစ် လိုက်လေ၏။

အခြေအနေကား သူထင်သလို မဟုတ်ခဲ့လေပြီ။ပြဿနာဖွသူမှာ ဂေါပကကိုမြသန်းပေတည်း။ ရွာဦးကျောင်း ဆရာတော်၏ ညီအရင်းပီပီ မြို့ပြအရောက် အခေါက်ခေါက်အခါခါ သွားလာဖူးသည်နှင့်အမျှ သာသနာတွင်း သားတို့နှင့်လည်း ရင်းနှီးသည်ဖြစ်ရကား မြို့တရားပွဲများကိုလည်း ကိုယ်တိုင်ကိုယ်ကျ နာဖူးလေသူဖြစ်ပေ၏။

“ဦးဇင်းဘုရားနှယ် နိုင်ငံအရပ်ရပ်လည်ပြီး တက္ကသိုလ်ပညာသည်ကြီးဖြစ်နေမင့်ဟာ ဘွဲ့တံဆိပ်လေးသုံးမျိုးနဲ့ အချိုးမကျသေးဘူးဘုရာ့။ မြို့ပြက ဓမ္မကထိကအကျော် ကိုယ်တော်ဘုရားတွေလို နိုင်ငံတော်ကိုးဘွဲ့ရ ဆယ့်တစ်ဘွဲ့ရဆိုသဟာမျိုး ပြိုးပြိုးပြက်ပြက် ရွှေရောင်ထွက်နေမှဘုရာ့။ ပညာတွေ လျှိုမထားပါနဲ့ကိုယ်တော်၊ ရှိသမျှ ဂုဏ်သတင်းပေါ်အောင် အကုန်သာဖော်တော်မူပါဘုရာ့”တဲ့။

“ခက်ခက်ရချေပြီတကား” ဟုသာ သံဝေဂသက်ပြင်းကို ဟင်းကနဲ ချမိပေတော့သည်။ တရားဝင်ဘွဲ့ဟူ၍ ဤသုံးမျိုးမျှသာ ရရှိကြောင်း အခြားတရားဝင်အသုံးပြုဂုဏ်တင်စရာ မည်သည့်ဘွဲ့သညာမှ မရှိတော့ပါကြောင်း လင်းပြသည့်တိုင် မရှင်းမရှင်းဖြစ်၍ အတင်းညှစ်ထုတ်ကြပြန်လေသောအခါ သူ့မှာ အကြောင်းမဆိုက်ဘဲ ခေါင်းကိုက်ခြင်းသာ အဖတ်တင်ခဲ့လေသည်တည့်။

ပါရမီတော်ထူး ဉာဏ်တော်စူးကြပေသည့် အရှင်မြတ်များနှင့်ကား သူနည်းနည်းမျှ မယှဉ်နိုင်၊ ငိုင်၍သာ နေမိ၏။ သူ့အပြစ် သူ့အမှားတွေက သူ့အား မကြွားသာအောင် ဒဏ်ခတ်ခဲ့လေပြီထင်ပါ၏။ သူသည် ငယ်စဉ်ကပင် စာမေးပွဲ၊ စာပြန်ပွဲ မှန်သမျှနှင့် ဝေးနိုင်သမျှ ဝေးအောင် မကြင်မနာ ရှောင်ခွာပြေးလိုခဲ့သူကြီးပင် ဖြစ်ပါ၏။ စာမေးပွဲတွေကို မချစ်၊ စာဖြေခန်းတွေကို ပစ်ပယ်ခဲ့လိုသူ ကြီးပါတည်း။

လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဘမှသည် ကံကူလက်လှည့် ဘောလ်ပင်လက်လှည့် ကွန်ပြူတာမောက်စ်ကိုပါလှည့်တော်မူခဲ့ကြသည့် ကျေးဇူးရှင်ဆရာမြတ်အပေါင်းတို့သည်ကား အနာဂတ်ဂလို ဘယ်လ်(Global)ကို ချိန်တွယ်ကာ ကြိုမြင်သည့်အလား လက်ယားသမျှ စာဖြေ၍ လျှာရှည်သမျှစာပြန်ရန် အတန်တန် တိုက်တွန်းခဲ့ကြဖူးပေ၏။ (ဤနေရာ၌ “လျှာရှည်သမျှ စာပြန်”ဟူသောအသုံးသည် ကဲ့ရဲ့ခြင်း အနက်ကို မရည်ညွှန်း၊ ဂုဏ်ပြောင်ထွန်းသော ဝေါဟာရဖြစ်ပေ၏။ အနန္တဂုဏ်ရှင် သဗ္ဗညုတသခင်ကြီးသည်ပင် ရှည်လျား သောလျှာတော်ရှိသဖြင့်သာ ယောက်ျားမြတ်အင်္ဂါနှင့်ပြည့်စုံခြင်းဖြစ်ပါသတတ်။)

အမှန်စင်စစ် သူကိုယ်တိုင်သည်လည်း သာမဏေကျော်၊ အဌကထာပြန်အကျော်၊ ဓမ္မာစရိယဘယ်နှစ်ထပ်ကွမ်း နှင့် တိပိဋကအောင်ပန်းဟူပေသော ဘွဲ့ထူး ဂုဏ်ထူး ရွှေရောင်မြူးသည်များကို မက်မောသော ပုထုဇဉ် စိတ်ကူး လေးတော့ မွေးမြူခဲ့မိကြောင်း ၀န်ခံရပေမည်။ သို့တစေမူ သူကား ညံ့ခဲ့၏၊ အ,ခဲ့၏၊ ဆွံ့ခဲ့၏၊န,ခဲ့၏။ ဖျင်းခဲ့ပေ၏တကား။ သာမဏေကျော်လည်း ဖြစ်ချင် ၀တ္ထုလည်း ဖတ်ချင်၊ သကျသီဟဓမ္မာစရိယကြီးလည်း ဖြစ်ချင် အင်္ဂလိပ်စာလည်း သင်ချင်၊ ပိဋကတ်သုံးပုံဆောင်ကြီးလည်းဖြစ်ချင် တက္ကသိုလ်ကျောင်းသားကြီး လည်းဖြစ်ချင်ဖြင့် မပြတ်မသား ခပ်ဝါးဝါးသောမောင်ရှင်တစ်ပါးသာ ဖြစ်ခဲ့ပါလေသည်။

သို့နှင့် စာမေးပွဲ စာပြန်ပွဲတို့ကို ရှောင်ကွင်းခဲ့မိပါလေသည်။ ပရိယတ်သင်ရှင်ရဟန်းတစ်ပါးနှင့် တူရုံလေးမျှ ပါဠိပထမပြန်ပွဲလေးများကိုသာ မျက်နှာမမွဲအောင် နွှဲခဲ့ဖူးပါ၏။ ခေတ်အလိုအရ တက္ကသိုလ်မှန်သမျှ တက်နိုင်ရေး အမြင်ဖြင့် အင်ထရန့်စ်(Entrance)မည်သော ၀င်ခွင့်စာမေးပွဲလေးများကိုသာ ဖြေခဲ့ဖူးပါလေ၏။ ယခုတော့ ဘွဲ့ ဘွဲ့ ဟူသော အသံကြီးကား သူ့အား ဟိန်းဟောက်နေချေပြီ။ တက္ကသိုလ်များက ပေးသည့်ဘွဲ့လေးတွေတော့ ရပါ၏။ သို့သော် အရေအတွက်ကား နည်းလှချေသည်တကား။

(၂)

သူကား အကြံအိုက်ပြီးရင်း အိုက်ကာ ခေါင်းငိုက်စိုက်ကျနေစဉ် “ ဦးဇင်းဘုရားငယ်စဉ် ကိုရင်စမောလ်တုန်းက တဖျောဖျောရနေတဲ့ ဘွဲ့တွေကို ထည့်လိုက်ပေါ့ဘုရား” ဟု အစည်းအဝေးကော်မတီထောင့်ကြား ဘယ်အချိန်က ကိုယ်ရောင်ဖျောက်ထားမှန်းမသိသော ကပ္ပိယကြီးကိုရင်သံဒိုင်က ဘာမဆိုင်ညာမဆိုင် ၀င်လျှောက်ထားသော်
“ကိုရင်သံဒိုင့်နှယ် ဦးဇင်းဘုရား အတွေးပွားနေတာကို ဘေးစကားမဆိုစမ်းပါနှင့်” ဟု ဂေါပကကိုမြသန်းက ငေါက်ငန်းလိုက်ရာ ကပ္ပိယသကောင့်သားမှာ ထောင့်ကြားတွင် ခေါင်းပုဝင်သွားလေတော့သည်။ ဟုတ်ပေ၏၊ မှန်ပေ၏၊ သူကိုရင်ချာတိတ်လေးဘ၀က ဘွဲ့အမည်နာမတွေ များခဲ့လေသည်ပဲ။

ပထမ ကိုရင်ရေ၀တဟူသောဘွဲ့။ သို့သော် မြို့ပြမှာ ရှင်ပြုခဲ့ပြီးမှ ရွာပြန်ကြွလာသည့် သူ့ထက်စီနီယာကျသော ရေ၀တတစ်ပါးကြောင့် အနားသားနိမ်းမ်ကို ထပ်ချိန်းရပြန်သဖြင့် လက္ခဏဟူသောဘွဲ့စိမ်းစိမ်းကြီးကို ရခဲ့ပြန်သ တည်း။ ရေ၀တမှ အခြားဘွဲ့တစ်မျိုးပြောင်းခြင်းသည် သူက အဦးအစမဟုတ်။ နောက်လိုက် မျှသာ ဖြစ်ချေ၏။ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ပါးက ရှေ့သွားလမ်းပြခဲ့လေပြီတည်း။ထိုပုဂ္ဂိုလ်သူမြတ်ကြီးလောင်းလျာကိုရင်လေး၏ ဘွဲ့အမည်သည်လည်း ရေ၀တဟုပင် တွင်ခဲ့ပါသတတ်။

သို့သော် ပါရမီအရင့်အမာ ထိုရှင်သာမဏေလေးသည်ကား သူ့လို နမော်နမဲ့ ရွဲ့ရွဲ့စောင်းစောင်း အကြောင်းအကျိုးမဲ့သော ခပ်ချာချာလေးမဟုတ်ခဲ့။ စူးစမ်း၏။လေ့လာ၏။ မေးမြန်း၏။ သုစိပုဘာ ၀ိလိသိဓာ အက္ခရာရှစ်လုံးကို နေ့တိုင်းပင် သီကုံးပန်ဆင်ခဲ့သူဖြစ်ရကား ရေ၀တဟူသောဘွဲ့၏ အဓိပ္ပါယ်ကို ပရိယာယ် အမျိုးမျိုးဖြင့် မရိုးရအောင် ကြံဆလေသောဟူ၏။ သို့သော် ကိုရင်လေး၏ နုနယ်လှသော ပါဠိသဒ္ဒါအမြင်ဖြင့် အနက်မထင်နိုင်အောင်ရှိသောခဏ စီနီယာကျသောရဟန်းတော်တို့ထံချဉ်းကပ်ကာ မေးမြန်ခဲ့လေသတတ်။ ခပ်နောက်နောက်ခပ်ပျော်ပျော် ရဟန်းတော်ကြီးတို့ကား ကိုရင်လေးလက်တစ်ဆစ်က စာအရင်းအမြစ်တွေကို ကြံဆနေသည်ကို သရော်လေဟန်ဖြင့် အနက်ကြံဖန်ပေးကြလေသည်ကား “ရေ၊အကြင်သူတို့သည်။ ၀၊၀ါရင်း တုတ်ဖြင့်၊တ၊ တအားရိုက်ကြလေကုန်၏။”ဟူ၏။

အရင့်အမာ ပါရမီခက်ဖြာဝေသောကိုရင်လေးကား ရေ၀တဟူသောဘွဲ့အမည်ကို မကြိုက်နိုင်တော့လေပြီ။ သို့နှင့် သာသနာတော်လောကတွင် သြချလောက်သောဘွဲ့အမည်တော်ကို ပြောင်းလဲရွေးချယ်ခဲ့လေသတတ်။ ထိုမောင်ကိုရင်လေးသည်ကား ကျေးဇူးတော်ရှင်မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်လာ
သောဟူ၏။

သူနှင့်ကား ကွားခြားလှပါပေ၏။ ဘွဲ့တူနောက်တစ်ပါး အနားသား(another)ရေ၀တကြောင့် ပြောင်းဆို၍ ပြောင်း၏။ အဓိပ္ပါယ်လည်းမကြံဆ၊ ကြောင်အအကြီးပေတည်း။ လက္ခဏဟူသော နောက်တစ်မျိုးဘွဲ့ကလည်း ထောင့်ကျိုးသည်တော့ မဟုတ်။ ခင်ခင်ပုပု စုစုစွစွာ မဟ၀ှာလေးတို့၏ “ မောင်လေးလက္ခဏ” ဟု ညုတုတု ခရာတာတာ မခံသာအောင် အစခံရသော၊ ဆွမ်းခံသွားရင်း ခြေလှမ်းမှားစေသော အသည်းကွဲဘွဲ့ ပင်ဖြစ်ချေပြန်လေသည်။

သို့နှင့် ဘွဲ့နောက်တစ်ခုပေးပါမည့်အကြောင်း ဆရာဘုန်းတော်ကြီးအား လျှောက်ထားတောင်းပန် ရပြန်လေ သည်။ သူ၏ တတိယမြောက်ဘွဲ့ဆက်ခံမည့်အချိန်ကား မင်းကွန်းဆရာတော်ကြီး၏ ဘုန်းမီးနေလ တိပိဋက ဟူသော ဂုဏ်ရောင်ထွန်း၍ သာသနာ့မိုးကောင်းကင်တစ်ခွင်လုံး ပြောင်ရွှန်းသောနေသောကာလ မဟာသမယ ကြီးဖြစ်ပေရကား “ မင်းကွန်းနောက်သို့ လိုက်ကြစို့” ဟူသော ဆရာဘုန်းကြီး၏ ရည်သန်ချက်ဖြင့် မင်းကွန်းဘွဲ့ သညာ(ဂျူနီယာ)ဖြစ်ခဲ့ရလေတော့၏။

အမှန်တကယ်ပင် သူသည် ကပ္ပိယကြီးကိုသံဒိုင်လျှောက်ထားလေသော ကိုရင်စမောလ်ဘ၀မှာပင် ဘွဲ့တွေ တဖျောဖျောရခဲ့ဖူးလေသူပါတည်း။ သို့သော် ထိုဘွဲ့များကား ဘွဲ့ဖြစ်ရုံမျှသာတည်း။ အမည်သညာခေါ် စရာမျှသာတည်း၊ မင်းပွဲစိုးပွဲသဘင် အကျုံးဝင်အောင် ဂုဏ်တင်အပ် သောဘွဲ့များ မဟုတ် ချေတကား။

(၃)

တရားပွဲကျင်းပရေးကော်မတီလူကြီးလူကောင်းများကား သူ့အား ပေစောင်းစောင်းကြည့်လျက်သာ ဘွဲ့အဖြာဖြာ ထွက်လာတော့မည့်အထင်ဖြင့် ငံ့လင့်နေကြပါလေ၏။ သူကား ရွာသူရွာသား မျှော်လင့်ချက်ကြီးမားသူတို့ကိုသာ သနားမိသည်နှင့်အမျှ သူ့ကိုယ့်သူလည်း အားမရအခဲမကြေဖြစ်ရလေတော့၏။ သို့နှင့် ရွှေပြည်ကြီးတစ်ခုလုံး လက်ခံကျင့်သုံးနေသည့် ဘွဲ့ဒီဂရီဖော်ထုတ်ရေးမူကို နောက်ဆုံးလက်နက်အနေဖြင့် ထုတ်သုံးရလေတော့၏။

သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် ပွင့်သည့် အဓိပ္ပါယ်တစ်ခုတည်းထွက်သောဓမ္မာစရိယနှင့် ၀ိဇ္ဇာဘွဲ့ကို နှစ်ခုခွဲလိုက်၏။ အပြည်ပြည်ဆိုင်ရာ ရွှေစာတမ်းဖြင့် အံမခန်းသော ထေရ၀ါဒတက္ကသိုလ်တွင် ၀ိဇ္ဇာတန်းမတက်မီ ဒီပလိုမာလက်မှတ်ရတစ်နှစ်သင်တန်းလေးကိုလည်း တက်ရသေး၏။ ထိုဒီပလိုမာလက်မှတ်လေးကိုလည်း ဘွဲ့တစ်ခုအဖြစ်ထည့်သွင်းရေးထည့်လိုက်၏။ ထို့နောက် ထေရ၀ါဒ၀ိဇ္ဇာဘွဲ့ကို ဆက်ရေး၏။

ထို့နောက်တွင် မဟာဝိဇ္ဇာတန်းကို မပြီးမစီး နှစ်နှစ်တာတက်ခဲ့ဖူးသေးကြောင်း သတိရ၏။ ကျမ်းပြုနှစ်ကို ချန်ထားခဲ့မိ၍ ဘွဲ့ကားမရခဲ့။ သို့သော် ကိစ္စမရှိ၊မဟာဝိဇ္ဇာ(အပိုင်း-ခ)ဟု ကမ္ဗည်းထိုးမည်ဆိုပါက မဟာဝိဇ္ဇာ ဘွဲ့ရိုးရိုးထက်ပင် တစ်မျိုးအမြင်ဆန်းပေမည်။ ထို့နောက် မဇ္ဈိမဒေသဖြစ် မဟာဝိဇ္ဇာ(ပါဠိ)ဟူသော စာတမ်း ကိုကား မဇ္ဈိမဟူသောစကားလုံးထည့်သွင်းပြီး ခပ်ကြီးကြီးရေးချလိုက်ပြန်၏။ မဟာဝိဇ္ဇာဘွဲ့ပြီးသော် ပါရဂူဘွဲ့ရ မည်မလွဲတည်း၊ သို့သော် ယခုကား ကျမ်းပြုသုတေသနအဆင့်မျှသာ ရှိသေး၏။ ပြဿနာမရှိ၊ ပါရဂူ(ကျမ်းပြု) ဟု ရေးချ လိုက်လျှင် ပိုပြီးရှည်လျား ပိုပြီးခန့်ငြားချိမ့်မည်။

သူရေးချလိုက်သောဘွဲ့အထူးထူးကို တရားပွဲကျင်းပရေးကော်မတီလူကြီးမင်းများကား အူမြူးသောအကြည့်ဖြင့် ကြည့်ကြလေတော့၏။ ထိုသို့ကြံဆ ရှိသမျှလေးရေးချသည်ကိုပင် အချို့လူကြီးမင်းများကား အားမရကြသေး။ (၇)ဘွဲ့လေးပဲ ရှိသေးတယ် ဆိုတာမျိုးလုပ်ကြပေသေး၏။ သူကား မည်သို့မျှ မတတ်သာချေပြီ။ သို့သော် စာကြည့်တိုက်မှူးကိုသောင်းရွှေကား ဤလိုအရေးအခင်းမျိုးတွင် ဉာဏ်ပွင့်လင်းသူဖြစ်ချေ၏။

“ကျုပ်တို့ဦးဇင်းဘုရားက ရွှေပြည်ကြီးက ဘွဲ့တွေတင်မက၊ အတိုင်းတိုင်းအပြည်ပြည်က ဘွဲ့တော်တွေပါ ရသမို့ ဦးဇင်းဘုရားရဲ့ ဘွဲ့တော်ရှေ့မှာ နိုင်ငံတကာ(၇)ဘွဲ့ရ လို့ ကမ္ပည်းထိုးကြစို့” ဟု တင်သွင်းလေသော် အားလုံးက သာဓုခေါ်အတည်ပြု၍ တရားပွဲကျင်းပရေးကော်မတီအစည်းအဝေးပွဲကြီးကို ရုတ်သိမ်းခဲ့လေ၏။
ထိုညနေခင်းဆီက ရွာအ၀င်လမ်းအပါအ၀င် မြင်မြင်သမျှသောနေရာမှန်သမျှ၌ အောက်ပါဆိုင်းဘုတ်ကြီးများကို ရှုမငြီးအောင် ရေးဆွဲကာ ဓမ္မသဘာသို့ ဖိတ်ခေါ်ထားလေသတည်း။

ကမ္ဘာကျော်မဟာအထူးတရားပွဲကြီး
နိုင်ငံတကာ(၇)ဘွဲ့ရ
အရှင်ဓမ္မဂင်္ဂါ
သာသနတက္ကသီလဓမ္မာစရိယ၊ ဗုဒ္ဓဓမ္မဒီပလိုမာ
B.A(Buddhism)
B.A(BDh)
M.A(Part 2)
M.A(Pali) (India)
PhD(Research)


အော် သူကား ဘာမျှမပြောသာချေတကား၊ သူ့အရပ်နှင့် သူ့ဇာတ်ပေဟု နှလုံးမူရသော်လည်း မျက်နှာကား ပူလှချေသည်တကား။

22 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၃)

(၁)
သူ့မွေးရပ်မြေကျေးလက်ရွာလေးတွင်တော့ သူရောက်ရှိသည့်ညမှာပင် ကြီးကျယ်စုရုံး အုံးအုံးညံသော တရား ပွဲကြီးကို ၀ှဲချီးကျင်းပခဲ့လေသည်တည့်။ ရွာဦးကျောင်းဆရာမထေရ်နှင့်တကွ (၇)ရက်သားသမီး ကြီးကြီး ငယ်ငယ် သော ရွာသူရွာသား သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည်ကား အရှေ့(၇)ရွာ အနောက်(၇)ရွာ ဂနိုင်တစ်ခေါ် ပြိုင်စံမပေါ်သော ကမ္ဘာကျော်မည့်အရှင်သည် ရွာဖြစ်ရွာထွက် အနဂ္ဃရတနာဟု ကြေငြာ လက်ခမောင်းခတ်ကြလေတော့၏။

သူ့ဒကာဆရာဒုံး၊ရပ်ရွာလူကြီး ကိုလှမြင့်၊ ဂေါပကကိုမြသန်း၊ စာကြည့်တိုက်မှူးကိုသောင်း ရွှေ၊လူပျိုခေါင်း ကိုလှမိုး စသူတို့ကား ရွာ၏အလယ် သဲမြေပြန့်ပြန့်တွင် တရားမဏ္ဍပ်ကြီးကို ဓမ္မသဘင်ပွဲအမီ အပြီးထိုးနိုင်ရန် ရပ်ရွာလူငယ်များကို အပြင်းဆော်သြကြ၏။ ရပ်နီးရပ်ဝေးသို့လည်း တရားအလှူခံကြွပါမည့်အကြောင်း ဖိတ် ကြားရန် တရားတမန် အတန်တန်လွှတ်ကြ၏။ အပျိုခေါင်းမလှတင့်နှင့် ကုမ္မာရီတစ်သိုက်သည်ကား တရားနာ ပရိသတ်တို့ အလေ့ မေ့မေ့မိုက်မိုက် အိပ်မငိုက်စေရန် လက်ဖက်သုတ် ဂျင်းသုတ်များနှင့် ဧည့်ခံရန် စီမံခန့် ခွဲကြလေ သတည်း။

သူ့ဖခင်ကြီးသည်ကား ဂနာမငြိမ်ဆုံးဖြစ်ပေ၏။ ရပ်ရွာလူကြီးများ၏ တရားပွဲတော်ကြီးကျင်းပရေး ဆွေးနွေး ပွဲတွင်လည်း ၀င်ပါ၏၊ ခဏထိုင်၏။ လူငယ်များ၏ မဏ္ဍပ်ဆောက်လုပ်ရေးကော်မရှင်တွင်လည်း နှီးထိုးဖျာ မိုးပါပြန်၏။ ခဏသာကြာ၏။ ကုမ္မာရီတစ်သင်း၏ ရယ်သံမစဲသောလက်ဖက်ပွဲတွင်လည်း လူလုံးပြ၏၊ ခဏ သာနေ၏။ ဦးလေးသန်းဟု တစ်မျိုး ဘကြီးသန်းဟု တစ်သွယ် ဖိုးလေးသန်းဟုတစ်ဖုံ ကြုံရာကခေါ်ကာ နှုတ် ဆက်ကြသောအသံတို့တွင် ပျော်ဝင်ပီတိဖြင့် တစ်ရွာလုံးနှံ့အောင် ခြေဆန့်ကာ လှိမ့်နေခြင်းပေတည်း။ မူလပင်ကိုယ် စကားအဆိုအပြောနည်းသောမိခင်ကြီးသည်ပင် မွေးချင်းပေါက်ဖော် ဒေါ်ကြီးဒေါ်လေး အရီးကြီး အရီးလေး ဒေါ်စွာတေးတို့ကြားတွင် စကားစွာစွာ ရေပက်မ၀င်သာအောင် ပြောလေသောဟူ၏။ အော် သာသနာ့ခမည်းတော် သာသနာ့မယ်တော်ဟု စာပေါ်ခဲ့လေဟန်တကား။

(၂)

တရားမဏ္ဍပ်ကြီးကို ဟီးထနေအောင် ဆောက်လုပ်နေဆဲမှာပင် သူကိုယ်တိုင်ကား တရားပွဲဖြစ်မြောက်ရေး ကော်မတီဟု ကိုယ့်ဘာသာစာရင်းသွင်းကာ ချက်ချင်းလက်ငင်းအတည်ပြုဖွဲ့စည်းထားသော ရွာဆွေမျိုး ရပ်ဆွေမျိုးတစ်သိုက်နှင့် အမှားမလိုက်ဘဲ စကားအကြိုက်ကို ဆိုရချေသေး၏။

“ဦးဇင်းဘုရားရေ ဒီညပွဲတော့ ရွာလုံးကျွတ်နွှဲကြမယ်ဘုရား။ အခြားရွာများကလည်း သတင်းကြားနဲ့ပဲ တရားနာချင်နေကြသပေါ့ဘုရား။ ခုဆို နိုင်ငံခြားပြန်ကိုယ်တော်ဆိုတာနဲ့ပဲ ရွာကျော် ရပ်ကျော်ဖြစ်နေပါပြီ၊ သို့ပေမယ့် လူရိုသေရှင်ရိုသေ မြို့ပြက တရားပွဲတွေလို အထူးတရားပွဲကြီးလို့ စာတမ်းပြူပြူးကြီးလည်း ထိုးချင်သေးသပဘုရာ့၊ ဦးဇင်းဘုရားရဲ့ အမည်နာမတော်နောက်နားကလည်း ဘွဲ့တံဆိပ်တော် အမြောက်အများကို တောက်ကြွားအောင် ထည့်သွင်းကြေငြာချင်ပါသေးဘုရား”တဲ့။ ဤကား ဆရာဒုံး၏ ခပ်ပြုံးပြုံး လျှောက်ထား သောအဆိုပြုချက်ပေတည်း။

သူကား လင်းရချေပြီ။ တရားပွဲဆိုသည်မှာ ရိုးရိုးပဲ ဖြစ်ဖြစ် အထူးပဲဖြစ်ဖြစ် တံဆိပ်ကပ်ပုံ ကွာခြားရုံမျှ သာဖြစ်ကြောင်း၊ ဗုဒ္ဓနည်းကျ သင်ယူခဲ့ရသော တရားဓမ္မကိုသာ ဟောကြားမည်ဖြစ်၍ စကားပရိယာယ် အသွယ်သွယ်မသုံးဘဲ တရားပွဲဟုသာ သုံးစွဲစေလိုကြောင်း ဖျောင်းဖျရလေ၏။ “ ဦဇင်းက ဘုရားသားမို့ ပကာသနမဖက်ချင်ပေမယ့် တပည့်တော်တို့ ပုထုဇဉ်မျိုးဆိုတာ ခပ်ရိုးရိုးမကြိုက်နိုင်ဘူးဘုရား။ ဘာဖြစ်ဖြစ် တစ်သက်တစ်ခါ ကြုံကြိုက်ခဲတဲ့ပွဲမို့ အထူးတရားပွဲပဲ လုပ်မယ်ကိုယ်တော်” ဟု ၀မ်းကွဲအကိုလည်းတော် ငယ်နိုင်ကစားဖော်လည်းဖြစ်သော လူပျိုခေါင်းကိုလှမိုးက အပေါ်က စီးမိုး၍ လျှောက်ထားလေလျှင် အထူးတရားပွဲဟူုသော အတည်ပြုချက်ကို မသက်မသာထုတ်ပြန်ရလေသည်တည့်။

(၃)

ဘွဲ့ကိစ္စတွင်လည်း သူပင် အရှုံးပေးရခဲ့ပါလေ၏။ သူကား ဟိုနားဒီနားနိုင်ငံခြားအတွေ့အကြုံလေးများကို ကိုးကားလျက် “ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ သာသနာပြုဘုန်းကြီးတစ်ပါးကို ၀ိပဿနာပြနိုင်သလားလို့ မေးတယ်။ ခေါင်းညိတ်ပြရင် ၀ိပဿနာပြပေးရတယ်။ ပါဠိသင်နိုင်လား။ သင်နိုင်တယ်ဆိုရင် ပါဠိသင်ပေးရုံပါပဲ။ ထိုနည်းတူပါပဲအဘိဓမ္မာပို့ချပေးနိုင်လား။ အဘိဓမ္မာပို့ချပေးရုံပါပဲ။ ဘွဲ့တွေ ဘာတွေ မေးတာမကြားခဲ့ရပေဘူး ။ ခုလည်း တရားနာပရိသတ်ရယ် တရားဟောမယ့်ဘုန်ကြီးရယ် ပြည့်စုံနေမင့်ဟာ တရားဟောရုံပါပဲ ဒကာတို့ရယ်။ ” ဟု အထူးထူးအထွေထွေ ရှင်းပြမိချေ၏။

သို့သော် ရပ်ရွာလူကြီးကိုလှမြင့်ကား သူနှင့် အမြင်မတူပြီ။ “အရှင်ဘုရားက ရိုးရိုးလေးတွေးတော့ ရှင်းရှင်းလေးအဖြေထွက်ပေမယ့် တပည်တော်တို့ရွာလည်း ငဲ့ကွက်ဦးမှပေါ့ဘုရား၊ တစ်ခြားရွာကလူတွေလည်း လာကြမှာဘုရား၊ လိုသူတွေလည်းရှိ ။မလိုသူတွေလည်း ရှိမဟုတ်လားဘုရာ့၊ အရှင်ဘုရားက နိုင်ငံခြားပြန်ကိုယ်တော်ဆိုသော်လည်း ထီးထမ်းလမ်းလျှောက် လောက်လောက်လားလား လျှောက်သွားပြီး တရားမနာ စာပေမသင် လာဘ်ရွှင်အောင် အားထုတ်နေတဲ့ကိုယ်တော်လို့ တပည့်တော်တို့ရွာသား ဦးဇင်းဘုရားကို အထင်မခံနိုင်ဘူးဘုရား၊ ဦးဇင်းဘုရားကိုယ်တိုင် လုံ့လအားသန် ကံ ဉာဏ်ပြည့်စုံလို့ ရထားတဲ့ ဘွဲ့တွေတော့ အရင်းအတိုင်းပဲ ထည့်ရမှာပေါ့ဘုရား” ဟု စကားအနေ မခြေသာအောင် လျှောက်ထား လာသောအခါတွင်မူ သူ့အနေဖြင့် ခေါင်းတဆတ်ဆတ်လည်တစ်ခါခါ ကူကယ်ရာမဲ့ရလေတော့ သည်။

သို့နှင့် သူ့ရှေ့တော်မှောက်သို့ စာရွက်ဖြူဖြူတစ်ရွက်နှင့် ကလောင်တံတစ်လက် ဆက်ဆက်ရောက်ခဲ့လေ သတည်း

21 February, 2010

ဘုရားဖူးကဗျာ


ခွင့်လွှတ်ပါအရှင်
ပြုမိမှားအပြစ်သုံးသွယ်....။

အရှင့်စံရာ
စကြာဝဠာမိုးမြေအနှံ့
မေ့လျော့
ဘုရားဖူးထွက်ခဲ့ခြင်းက အပြစ်တစ်သွယ်..။

အရှင်က
အတွေးများရဲ့အလွန်မှာ
မေ့လျော့
အရှင့်အကြောင်းတွေးမိတာက အပြစ်တစ်သွယ်..။

အရှင်က
စကားလုံးနယ်ပယ်ရဲ့ အလွန်မှာ
မေ့လျော့
အရှင့်ထံပါးဆုတောင်းစကားဆိုမိတာက အပြစ်တစ်သွယ်...။

အဒိ ရှန်ကာရာချာရယ
(ဘာသာပြန်)



20 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၂)

(၁)
ရွာအ၀င်လမ်းကား သဲမြေပြန့်ပြန့် ကျောက်စရစ်ဖန့်ဖန့်ရှိချေပြီ။ ချောင်းမြောင်းနှစ်ခုကို တံတားနှစ်စင်း ဖြန့်ခင်းထားသဖြင့် ယခင်ကလို ဟိုမျှော် ဒီချော် လယ်ကံသင်းပေါ်က ကျော်ခွလျှောက်ရသောအနေ အထားမျိုးမဟုတ်လေပြီ။ ရွှံဗွက်အိုင်တိုင်းကို သိုင်းကွက်နင်းစရာမလိုပြီ။ သူမဇ္ဇျိမသို့ မထွက်ခွာမီလေးမှ ခင်းလက်စသောတံတားများဖြစ်၍ ဆေးရောင်ပြယ်လွင့်စပြုသော်လည်း ခိုင်ခံ့မှုကား ပကတိအခြေ မပျက်သေး။ တံတားတစ်စင်းက ရပ်ရွာစုပေါင်းအလှူ။ တံတားတစ်စင်းက တစ်ဦးတည်း အလှူဖြစ်ပေ၏။ တစ်ဦးတည်း တံတားအလှူရှင်မိသားစုကား ဦးဘယ်သူ ဒေါ်အ၀ှာ ဟု ထည်ဝါသောဝေါဟာရကို မသုံး၊ ကိုတင်ရွှေ မ၀င်းခိုင် မိသားစုဟု ရိုးရိုးလေးသာ နှုံးပြုလျက် ကမ္ပည်းသာမန်ထိုးသတည်း။

ရင်းနှီးကျွမ်းဝင်သော ဒကာတစ်ဦးပေမို့“မွန်မြတ်လှတဲ့ တံတားအလှူမှာ ဦးတွေ ဒေါ်တွေနဲ့ ခန့်ငြားစွာ ရေးထွင်းစေချင်ပါဘိ ”ဟု စကားအထူး ဆိုမိချေသေး၏။ ဒကာ၏ မျိုးဆက်ပွား စေတနာနှင့်တုန့်ပြန် စကားကို ကား သူသတိရမိဆဲပင်တည်း။ “ဦးပဉ္ဇင်းဘုရားနှယ် တပည့်တော်ရဲ့ ကလေးငယ်တွေ အရွယ်ရောက်လို့ လူလားမြောက်ချိန်မှာ ငါတို့ဖေ ငါတို့မေတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုသိုလ်အရေး ကြွယ်ခဲ့ကြသကိုးလို့ သိစေချင် နည်းယူစေချင်ပါရဲ့ကိုယ်တော် ”တဲ့။ ကောင်းလေစွ၊ နိပ်ပေစွ။ မှတ်သားထိုက်ပေစွ။ ဒကာကား ဆရာ့အား တရားပြချေသေး၏တကား။

သူ့ဒကာကား မှတ်ဖွယ်မှတ်ရာ ပြုကောင်းရာသော ကုသိုလ်တို့တွင် တက်ကြွလွန်းသူတည်း။ လမ်းခင်းကြစို့ ဆိုလျှင် ရွာလူကြီးများ ရပ်မိရပ်ဖများကား “ဘယ်သူ့ကိုတော့ ဘယ်လောက်ခွဲမလဲ။ ဘယ်အပိုင်းကိုတော့ ဘယ်သူက တာဝန်ယူမလဲ၊ လုပ်အားပေးဆိုတော့ အကျွေအမွေးအတွက် ဘယ်သူက ပေးမလဲ ”စသည် စည်းဝေး စကား ငြင်းခုန်ပွားလျက် ညှိနှိုင်း၍ မပြီး ခရီးမတွင် ရှိတတ်သည်တွင် သူ့ဒကာက စိတ်မရှည်၊

“ကျုပ်ကတော့ ရွာတောင်ပိုင်းလမ်းခင်းဖို့ တစ်ဦးတည်း တာဝန်ယူသဗျို့၊ကျန်တဲ့အပိုင်းကိုတော့ ရွာသူ ရွာသား တွေက တာဝန်ယူကြပေရော” ဆိုသဟာမျိုး အဆိုရိုးရိုးကြီးတင်သွင်းကာ အစည်းအဝေးကို ကျုံ့ပစ် တတ်၏။
တာဝန်ယူသည့်အပိုင်းအတွက် ငွေကြေး စိုက်ထုတ်လှူဒါန်းရုံမျှသာမက သူကိုယ်တိုင်လည်း တူရွင်းပေါက်ပြား ကိုင်ကာ ခပ်မြိုင်မြိုင်ပင် လုပ်အားဒါနပြူသတည်း။ သူ့ဒကာ၏ မဟေသီ မ၀င်းခိုင်ကား ပြုံးလျက်သာ ဆရာဒုံးလုပ်သမျှ ပီတိဖြာတတ်၏။

ကထိန်အလှူစသည် အခင်းအရေးတွင်လည်း ထိုနည်းနှင်နှင်ပင်၊ “ အခု အစည်းအဝေးပြီးတာနဲ့ ပင့်ရမယ့် သံဃာတွေကို ကျုပ်လိုက် ပင့်မယ်ဗျို့” ဟုလည်း တက်ကြွတတ်ပေ၏။ ဒုံးပျံကဲ့သို့ စိတ်မြန်ကိုယ်မြန် ကုသိုလ်ရေး မှန်သမျှတွင် အားသန် တတ်သော သူ့ဒကာသည် ကိုတင်ရွှေဟူသောအမည်ပျောက်၍ ဒုံးရွှေဟုသာ စာရင်း ပေါက်သတည်း။

သူ့ဒကာအိမ်ရှေ့တွင်လည်း အုတ်ကျောက်တို့ဖြင့် အခိုင်အမာ သေချာသပ်ရပ်စွာ ဆောက်လုပ်ထားသော ရေချမ်းစင်ကြီးသည် ဟီးဟီးထလျက် ရှိဘိ၏။ ရေချမ်းစင်နံဘေးတွင်လည်း ပန်းရံဆရာတို့ကို တန်ဖိုးပေး အော်ဒါမှာကာ “ရေအကျိုးဆယ်ပါး” ဟူသော စာမျိုးကို ကျောက်စာဖြင့် ရေးထိုးထားပြန်သေး၏။ ရေချမ်းစင်တွင် လေးလုံးခန့်မျှသော ရေအိုများကို တည်ခင်းကာ ရွာအတွင်းဝင်လာသူတို့၏ ချွေးပြိုက်ပြိုက် အမောကို ဆေးကြောအေးမြစေပြန်၏။ ခြောက်တန်းကျောင်းသူမျှသာဖြစ်သော သမီးကို ညှိနှိုင်းကာ သမီအဖ နှစ်ဦးသား ဥဒကဒါနတရားနှင့်အညီ ရေချမ်းစင်ပါရမီ ဖြည့်ကျင့်ကြသည်တည်း။

(၂)

သူ့ဒကာသည် ရပ်ရွာအနေ ငွေကြေးလည်းချောင်လည်ကာ ပညာလည်းတတ်သော ကျောင်းဆရာ ဟောင်းတစ်ဦးပင်ဖြစ်ပါ၏။ သို့သော် ရိုးရိုးကုပ်ကုပ်သာ နေဘိ၏။ မိန်းမကိုသာ အလှဆင်တတ်၏။ “တပည့်တော် မိန်းမလောက်လှသူ ဇမ္ဗူမရှိ” ဟု ခပ်ကြွားကြွားလျှောက်လေ့ရှိ၏။ “ နတ်သမီးကို ရထား တာဘုရား” ဟုလည်း ကွန့်နိုင်ညွန့်နိုင်ပေသေး၏။ သူ့ဒကာကိုယ်တိုင်မှာမူ ရွာဖြစ်လက်ဖြစ် ဟန်ဒရက်ပါ ဆင့်ကော်တွန်အစစ် ဖျဉ်ကြမ်းအင်္ကျီနှင့် ရွှေဘိုဆိတ်ခွန် ပုဆိုးကိုသာ မြတ်နိုးစွာ ၀တ်လေ့ရှိ၏။ ဆရာဒုံးဟု တစ်ရွာလုံး၏ အခေါ်ကိုလည်း ပြုံးပြုံးကြီး ပျော်လေ့ရှိ၏။

မာန်မာနမထား ကလေးများနှင့်လည်း တည့်၏။ တစ်ခါတစ်ရံ ယမကာလေးတမြမြနှင့် ညနက်အောင် မိတ်သဟာ စုံ ပါတီနွှဲကာ အထာကျတတ်သည်တွင် အိမ်သီးခြားနေသော ဆရာဒုံးမိခင်က “ သားရေ ညနက်ပြီ” ဟု အော်တတ်၏။ ထိုအခါ သူ့ဒကာကလည်း “ ဗျာ အမေ အခုပဲ ပြန်ပြီနော် ”ဟု ထပြန်ပြတတ်၏။ စိုးရိမ်လွန်းသော မိခင်သောကနှင့် အမေ့စကားကို ကလေးတစ်ယောက်ပမာ ကြောက်ပြတတ်ရှာသော သူ့ဒကာ သားအလိမ္မာ တုံးကြီးပေတည်း။ မိတ်သဟာများကို တိုးတိုးမှာသည်ကား “အမေအိပ်ချိန် များမကြာမီ ငါ ပြန်လာမည်” ဟူလို။

ယခုလည်း သူရောက်လာတော့မည် ဟူသော သတင်းကြားသည်နှင့် အသော့နှင်ကာ ကြိုဆိုပြန်ချေသည်။ အမိနှင့်အဖထက်ပင် သူ့ဒကာက ဦးနှင့်၏။ သူ့ဒကာကျောင်းဆရာဟောင်းသည် သူ့တွင် ပါလာသော လက်ပတော့ကွန်ပြူတာအိပ်ကို ဆွဲယူကာ ကြိုဆို၏။ အမှန်စင်စစ် သူ့ဒကာ၏ သူ့အပေါ်သဒ္ဓါညွတ်သည်က ကြည်ညိုမှုထက် ညီရင်းအကိုပမာ ချစ်ခြင်းမေတ္တာ ပိုကဲဘိ၏။သို့အတွက်လည်း သူ့အား ရင်းနှီးစွာ လျှောက်ထားတတ်၏။ ရွာရေးရပ်ရေး ပွင့်လင်းစွာ ဆွေးနွေးတတ်ပေ၏။

“ဦးပဉ္ဇင်းဘုရားရဲ့ အိပ်တော်ကြီးက လေးလှပါကလားဘုရား၊ နိုင်ငံခြားပြန်ဆိုတော့ ဘဇာတွေများ နင်းကန်ထည့်လာသတုန်း။ ဦပဉ္ဇင်းအဖေနဲ့ အမေအတွက် ဘာတွေများပါသတုန်း” ဟု ရင်းနှီးကျွမ်းဝင်စွာ ကိုယ့်အတွှက်တာ မမေးမမြန်း၊ သူ့မိခင်ဖခင်များအတွက်သာ စူးစမ်း၏။ “ကွန်ပြူတာဗျ ဒကာရ” ဟု သူက ဆိုလေသော် သူ့ဒကာက အလွန်ပျော်လေ၏။ “ရွာက ကလေးတွေကို အဲဒါကြီး ပြချင်နေတာဘုရား”တဲ့။ ထို့နောက်တွင် ဆိုချေသည်ကား “ ညကျရင် ဒါကြီးနဲ့ တရားပွဲချရမယ်ဘုရား”တဲ့။ “ ခု ရွာကလူတွေက မြို့ပြက ကိုယ်တော်ဘုရားတွေလို ကွန်ပြူတာတစ်ချက်ချက်နဲ့ တရားစက်လည်နိုင်မှ နာချင်ကြတော့တာဘုရား”တဲ့။

ရွာဦးကျောင်းဘုန်းတော်ကြီးဘုရားကို ၀င်ရောက်ဂါရ၀မပြုမီ အမေနှင့် အဖေကို မျက်နှာပြရ၏။ သတင်းကြားနှင့် စုဝေးလာကြသော ရွာသူရွာသားတို့ကား များလေပြီ။ အမေနှင့် အမနှမများကား လာသမျှကို လက်ဘက်ပွဲနှင့် မစဲအောင် ဧည့်ခံလျက် ရှိ၏။ “ဦးလေးသန်းရေ ခင်ဗျားသား နိုင်ငံခြားပြန်ကိုယ်တော်ကြီးတော့ ကြွလာပြီဗျာ။ ဟောဒီမှာ ကွန်ပြူတာဆိုတာကြီးလည်း ပါသဗျို့” ဟု သူ့ဒကာ ကျောင်းဆရာက ခပ်သောသောပင် လှမ်းအော် လိုက်လေရာ သူ့ဖခင်သည် ဘယ်လိုအပြုံးမျိုးမှန်းမသိသော အပြုံးဖြင့် ကြိုလေသည်။ထိုအပြုံးသည် အလွန်ပင် ကြည့်ကောင်းပေတော့၏။

သူ့မိခင်ဖခင်တို့၏ ဂေဟာမှာ သာမန်ကျေးလက်တဲအိမ်ထက် အနည်းငယ်မျှသာ ခန့်ညားသည် ဖြစ်လေရာ တရုံးရုံးလာသမျှသော ဧည့်သည်တို့အတွက် ကျဉ်းမြောင်းခြင်းဖြင့် ပြည့်ကြပ်လျက်ရှိသတည်း။ သူနေရာယူပြီး၍ အားလုံးက ကန်တော့်ဦးချပြီးသည်နှင့် “ ဦးဇင်း ကွန်ပြူတာကြီး ထုတ်တော့ဘုရာ့” ဟု ဆရာဒုံးက နောက်တော် အပါးက ဆော်သြေစကားဆိုလေတော့၏။ သူကား မငြင်းသာချေပြီ။ လက်ပတော့ပ် ကွန်ပြူတာ ပြပွဲကြီးကို အံချီးဖွယ် ဆင်နွှဲရလေမည်တည့်။

မစ္စတာဒေးဗစ် ကော်ပါးဖီးလ်၏ ပဉ္စလက်တွင် အသက်ရှူမှားဘိသကဲ့သို့ ရွာသူရွာသားအပေါင်းတို့ကား သူ့လက်အရွေ့ကိုသာ တမေ့မေ့ငေးနေကြကုန်၏။ လူကြီးသူမများ၏ ပေါင်ပေါ် ဒူးပေါ် ခွကျော်နင်းကာ သူ့အနားသို့ ကလေးများ တိုးကပ်လာသည်ကို သူ့ဖခင်ကြီးက တဟေ့ဟေ့နှင့် ဟန့်နေရသေး၏။

“ဟယ် ဗီဒီယိုကလည်း ပေါက်စနလေးတော့”
“ဂဏန်းပေါင်းစက်ကြီးကလည်း အကြီးကြီးပါလားဟ”

အသံမျိုးစုံထွက်နေသော ရွာသူရွာသားအပေါင်းတို့အလယ်တွင် ဆရားဒုံးကား ပြုံးသည်ထက်ပြုံး၏။ သူ့အနားသို့လည်း တိုးကပ်ထိုင်ဘိ၏။ “အဲဒါ ခင်ဗျားတို့ ပြောပြောနေတဲ့ ကွန်ပြူတာကြီးပေပဲ” ဟုလည်း ရွာသူရွာသားတို့ဘက်သို့လှည့်ကာ ခပ်ကဲကဲ ဆိုလိုက်၏။ ကွန်ပြူတာတဲ့ ကွန်ပြူတာတဲ့။ ရှေ့ဆုံးအတန်းမှာ ထိုင်နေသည့် ဘကြီးညိုကား “ အရှင်ဘုရားတို့ ပြလို့သာ ဒီတစ်သက် ကွန်ပြူတာဆိုတာ မြင်ဖူးတော့ တာကိုယ်တော်။ လမ်းတွေ့လို့ ကောက်ရရင်တောင် ဘယ်ဟာနှိပ်လို့နှိပ်ရမှန်းမသိဘူးဟဲ့ မယ်မှုံရဲ့” ဟု သူ့ကိုလည်း လျှောက်ရင်း နောက်နားက အရီးမှုံကိုလည်း လှည့်ပြော၏။

ထိုအချိန်မှာပင် “ဘုန်းကြီးကြွလာတယ်”ဟူသော လှေကားရင်းမှ အသံနှင့် အတူ ရွာဦးကျောင်းဘုန်း တော်ကြီးသည် အိမ်ပေါ်သို့ ကြွလာလေသော် နေရာထိုင်ခင်းပြင်ကာ သူအပါအ၀င်အားလုံးက ဦးညွတ် ကန်တော့်ကြ၏။ “ ဘုန်တော်ကြီးကတော့ သူ့တပည့်နိုင်ငံခြားက ပြန်လာတာ ကျောင်းရောက်မှ အကန်တော့ ခံကို မစောင့်နိုင်တော့ဘူး။” ဟု ခပ်တိုးတိုးပြောသံကြားလိုက်ရချေသေး၏။

“ဟဲ့ မောင်ပဉ္ဇင်း မင့်လက်နှိပ်စက်ကြီးက ခလုပ်တွေများလှပါပကောဟ” ဟု ဆရာဘုန်းတော်ကြီးက ရောက်မဆိုက် မိန့်လိုက်ရာ ကွန်ပြူတာဟု သိနှင့်ပြီးသော ရွာသူရွာသားများက “ဘုန်းကြီးနှယ် အ,ရန်ကော” ဟု တသောသော ရယ်မောကြသည် ဟူ၏။

19 February, 2010

သီတဂူအတွက် သီတဂူ

လရောင်ကို နမ်းရှိုက်သူများ တဲ့။ ကဗျာစာအုပ်လေးရဲ့ အမည်က အနံ့မွှေးပါတယ်။ သီတဂူဆရာတော်ကြီးရဲ့ တပေါင်းလပြည့်မွေးနေ့ကို သီတဂူမျိုးဆက်တွေက စကားလုံးအခင်းအကျင်းတွေနဲ့ ပူဇော်ကြတာပါ။ သူ့ကိုလည်း စာမျက်နှာတစ်ခုပေးပါတယ်။ သီတဂူဆရာတော်ကြီးကို သီတဂူမျိုးဆက်တွေကြား တစ်သားတည်း ဂုဏ်ပြုခွင့်ပေးကြတာ ကျေးဇူးတင်ပါတယ်။ ရင်ဘတ်ထဲက ဂုဏ်ပြုတေးက ကျယ်လောင်ကြည်မြပေမယ့် စာရွက်ပေါ်မှာတော့ ဒီစကားလုံးလေးတွေပဲ ခင်းကျင်းပြနိုင်ခဲ့ပါတယ်။ ကဗျာဖြစ်မဖြစ် မသေချာပေမယ့် သေချာတာက ကဗျာဆိုပြီး လက်မှတ်ထိုးလိုက်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သီတဂူလမင်း ကတော့ လင်းပြီးသားပါ။
ကဗျာစာအုပ်လေးကိုတော့ သီတဂူစတားဘလော့မှာ ဝေငှထားပါတယ်။


သီတဂူ

အရိပ်ဆိုတော့ အေးတယ်

အရိပ်စစ်ပဲ

ခိုစို့။


အရိပ်ဟာ

အရိပ်ဖြစ်ဖို့ပဲ ရွေးချယ်

အရိပ်ကို ကျောပေးထားလိုက်တယ်။


အရိပ်ဟာ

သုံးရာသီကြမ်းရှမှုတွေကြား

ကြီးထွားလာတယ်။


အရိပ်ဟာ

အေးပေမယ့် တုန်ခိုက်စေတဲ့ နှင်းမိုးတွေကြား

စည်ပင်ပြန့်ကားလာတယ်။


အရိပ်ဟာ

ဖြစ်ရိုးဖြစ်စဉ်လောကီဆန်ဆန်မုန်တိုင်းတွေကြား

သန်စွမ်းလာတယ်။


အရိပ်ဟာ

လောကအလွန်ကိုသာ ညွတ်ကိုင်းရဲ့။

အရိပ်အလွန်မှာ ကောင်းကင်ဟာ ဟင်းလင်းပွင့်တော့တယ်။


အရိပ်ဟာ

စိတ်နှလုံးသစ်ခက်တွေနဲ့ ဖြာထွက်

ဗြဟ္မစိုရ်သစ်ရွက်တွေနဲ့ ဝေသီ

ဓမ္မပင်စည်တွေနဲ့ ခိုင်မတ်

အရိပ်ငတ်သောငှက်များနားစေသတည်း။


အရိပ်ဟာ

အရိပ်ဖြစ်ရခြင်းသန္တဂီတမှာ

အိပ်မက်အမာထည်တွေရှိတယ်

အရိပ်မျိုးစေ့လေးတွေ ပျိုးလိုက်သေးရဲ့။


ဒီလိုနဲ့

အရိပ်စိုက်ခင်းကြီးထဲ

အရိပ်လေးတွေ စိမ်းလန်းလာခဲ့ပေါ့။

အရိပ်စိမ်းစိမ်းလေးတွေ

နေပူပူလေခါးခါးထဲ

မျိုးဆက်ပြန့်ကား

အရိပ်တရားသစ်တွေဟောကြရော။


အရိပ်ဟာ စစ်တယ်။

ခိုစို့။


ဓမ္မဂင်္ဂါ-အရှင်ဝိစိတ္တသာရ