29 July, 2010

ဓမ္မဂင်္ဂါမွေးနေ့



လွန်ခဲ့တဲ့ နှစ်က ဇူလိုင်လ ၂၇ ရက်နေ့မှာ အိပ်မက်အသစ်တွေကို ထွန်ယက်ဖို့ အိပ်မက်ဟောင်းတွေကို ဖြိုချပြီး လေယာဉ်ပေါ်တက်ခဲ့တယ်။ မဇ္ဈိမကို ခြေချဖြစ်တော့ တက္ကသိုလ်တစ်ခုမှာ ပါရဂူဘွဲ့အတွက် ကျမ်းပြုခွင့် ရတယ်၊ (တကယ်တော့ သူဝင်မိတဲ့ ဗာရာဏသီသက္ကတတက္ကသိုလ်၊ ဗုဒ္ဓဒဿန (बुद्धादर्शन) ဆိုတဲ့ ဌာနက နိုင်ငံခြားကျောင်းသားလိုချင်နေတဲ့ အချိန်နဲ့တိုးသွားလို့ ရတာပါ။ ဒါပေမယ့် လူတွေ့စစ်ဆေးခြင်း (विवा वोचे ) မှာ သင်ယူလေ့ကျက်ဖူးတဲ့ အဘိဓမ္မာကျမ်းစာအချို့ကို ပါဠိလိုရော အင်္ဂလိပ်လိုပါ နည်းနည်းပါးပါး တီးခေါက်ပြရတာမျိုးလေးတော့ ရှိပါတယ်။)

ပိုပြီး ကံကောင်းသလို ဖြစ်သွားတာက ဗာရာဏသီတိဘက်တက္ကသိုလ်ရဲ့ ပါဠိဌာနမှာ ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံခဲ့ရတာပါ။ ဒါလည်း သူ့ရယ်လို့ နာမည်တပ်ဖိတ်ကြားတာမဟုတ်ပါဘူး၊ သူ့မိတ်ဆွေရဟန်းတော် ဒေါက်တာအရှင်စန္ဒိမာကို တက္ကသိုလ်ဒုတိယအဓိပတိက ပါဠိဘာသာနဲ့ ထေရ၀ါဒအဘိဓမ္မာကို အင်္ဂလိပ်လိုသင်နိုင်တဲ့ မြန်မာရဟန်းတော်တစ်ပါးလိုချင်တယ်လို့ ကမ်းလှမ်းတာနဲ့ ဒေါက်တာအရှင်စန္ဒိမာက သူ့ကို လက်ညှိုးထိုးတာပါ။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်က ဒီအချိန်မှာ တစ်ရုံးဝင်တစ်ရုံးထွက် သွားလာနေခဲ့ရတာကို အမှတ်ရနေမိပါတယ်။ သူ့ကို အစစအရာရာ ဦးဆောင်ကူညီပေးခဲ့တဲ့ ဒေါက်တာ အရှင်စန္ဒိမာကိုလည်း ကျေးဇူးတင်ကြောင်း ပြောရင် ပေါ့သွားမှာစိုးလို့ ဒီအတိုင်းပဲ လေးပင်အောင် ထားလိုက်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေထဲ နေပူလိုက် မိုးရွာလိုက် ဗာရာဏသီသံသရာနဲ့ အတူလည်ပတ်နေစဉ် ကွန်းခိုစရာပေးပြီး မငြီးမငြူကျွေးခဲ့တဲ့ မစ္စတာပါရဂူနဲ့ ကိုရင်တို့ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ သူကတော့ ကုန်ဘောင်ခေတ်က အမတ်ကြီးဦးပေါ်ဦးလို ဟိုပြော ဒီပြော တသောသောနဲ့ စာဖတ်သလိုလို ဘာလိုလိုနဲ့ အချိန်တန် ထစားလုပ်ခဲ့တာပါ။ (ညဉ်လေးပေါ့၊)

ဒီကြားထဲ မစ္စတာပါရဂူရဲ့ လက်ပ်တော့ကို ပိုင်ရှင်ထက် အချိန်ပိုအောင် ၀င်သုံးလိုက်ပါသေးတယ်။ အဲဒီမှာ အကျိုးရှိရာ ရှိကြောင်း လုပ်နေတယ်လို့ ကွန်ပြူတာပိုင်ရှင်မုဒိတာပွားနိုင်အောင်စင်ကာပူမှာတုန်းက လက်ဆော့ပြီး ဖွင့်ထားမိတဲ့ (အင်္ဂလိပ်ဘာသာစာတမ်းတစ်စောင်ကလွဲပြီး ဘာမှလည်း မရေးရသေးတဲ့) ဓမ္မဂင်္ဂါကို အသက်သွင်းဖို့ ကြိုးစားဖြစ်ပါတယ်။ (တကယ်လည်း မိတ်ဆွေရဟန်းတော်က စာပေသမားမို့ သူ့ကို လွှတ်ထားလိုက်ပါတော့တယ်)

ဟောဒီရောက်လာတော့မယ့် သြဂုတ်လကြီးထဲမှာပါပဲ။ ပထမဆုံးတင်ဖြစ်တဲ့ ပို့စ်က ဟုပေယျလွဲချော်မှုပါ၊ မဇ္ဈိမနေ့ရက်တွေကို ပြန်ကောက်ယူဖို့ ကြိုးစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် သြဂုတ်လထဲက တစ်ရက်ရက်ဟာ ဓမ္မဂင်္ဂါမွေးနေ့ပါပဲ။ ဒီတစ်နှစ်အတွင်းမှာ သူဘာတွေ ရေးခဲ့မိပါလိမ့်။ ဘ၀ဇာတိရဲ့ ကျဉ်းမြောင်း လှောင်ပိတ်တဲ့မွေးဖွားမှုကနေ ဓမ္မဇာတိရဲ့ လွတ်မြောက်ငြိမ်းချမ်းတဲ့ မွေးဖွားမှုဆီ .....။

အပေါ်မှာ ဖော်ပြထားတဲ့ ပေချပ်လေးကတော့ သူမဇ္ဈိမကို ထွက်ခါနီး သူ့မိခင်ကြီးကိုယ်တိုင် သားမောင်ပဉ္ဇင်းကို မျက်ရည်ဝဲ၀ဲနဲ့ ပေးလိုက်တဲ့ သူ့ဇာတာမှတ်တမ်းလေးပါ။ လွမ်းလို့ ဖော်ပြလိုက်ပါတယ်။

ဓမ္မဂင်္ဂါ
၃၀-၀၇-၂၀၁၀

မွေးနေ့များသို့......။
ဓမ္မဂင်္ဂါ စီးဆင်းခွင့်အတွက် ကမ္ဘာမြေနှင့် ဗြဟ္မစိုရ်နေ့ရက်များကို ကမ္ပည်းထိုးလိုက်ပါကြောင်း....။ဘလော့မွေးနေ့သာ ဖြစ်ပါကြောင်း...။

28 July, 2010

ဘုရားချင်းမှားနေကြလို့

ခုတစ်လော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရဲ့ ၀က်ဘ်ဆိုဒ်တစ်ခုမှာ ဆဲသံတွေ ညံနေတယ်လို့ ဆိုပါတယ်။ ဆဲတဲ့ သူတွေကတော့ ၀ါသနာအရ ဆဲကြမှာပဲ။ ကိုယ့်အထုပ်ကို ကိုယ်ထုပ်နေကြတာကိုး၊ အဆဲခံရတဲ့ ဗုဒ္ဓဘာသာဝင်အချို့ကတော့ နာကျင်ကြေကွဲရမှာ လိုလို။ ထင်ယောင် ထင်မှား ဖြစ်ရမှာ လိုလို ယောင်ဝါးဝါးဖြစ်သွားကြရတာတွေလည်း ရှိနိုင်တာပဲ။ ဘုရားချင်းမှားနေကြလို့လေ။

တန်းလန်းကိုယ်တော်ကြီးကို ကိုယ့်ဘုရားလုပ်ခံရတာကိုး။ မဇ္ဈိမကို မရောက်ဖူးတဲ့ သူတွေအဖို့တော့ မှားလည်း မှားစရာ၊ အားလည်းငယ်စရာပေပ။ ဟုတ်များဟုတ်လေမလားပေါ့။ ဂေါတမဗုဒ္ဓအရှင်ရဲ့ ပုံတွေကို တုပပြီး ဂျိန်းဘုရားကို ထုဆစ် ကိုးကွယ်ကြတာကိုး။ ဂျိန်းဘုရားအပါအ၀င် ယနေ့ခေတ်ဂျိန်းကိုယ်တော်ကြီးတွေက “တွဲလွဲရယ်နေပါဦး မုန့်လုံး၊ မုန့်လုံး စက္ကူကပ်” ပုံတွေဖြစ်နေကြလေရဲ့။ ဒီလိုနဲ့ ဘုရားချင်းမှားခဲ့ကြရ တော့တာပါ။

အရင်တုန်းက မမှားအောင် ရေးခဲ့ဖူးပါတယ်။ ပြန်ဖတ်ကြပေါ့။

27 July, 2010

မိတ်ဆွေ၏ မွေးနေ့

အိပ်ချင်တယ်
အိပ်ချင်မှ အိပ်မယ်
တရားရှာဖို့တဲ့
တံခါးတွေဖွင့်မိရဲ့.....

ကဗျာတွေဖတ်တယ်
ဂါထာတွေရွတ်တယ်
ပိဋကတ်စာတွေ ကိုးကားမိသေး

ဘုရားမပွင့်လည်း
မွေးဖွားနေကြမှာပဲ
ရုပ်ခန္ဓာတွေ နာခဲ့ကြပြီးပြီ
ဘာဖြစ်လို့
ဝေဒနက္ခန္ဓာတွေ
တာရာမင်းဝေနေကြရသေးလဲ

ရဲရဲပေါ့
သီလကို စမ်းဝါးရင်း
ဘာဝနာပွားပေါ့ တဲ့.....

သစ္စာ
သစ္စာ
ပြောလို့ကောင်းတယ်
သိဖို့ခက်တယ်
ပယ်ဖို့ခက်တယ်
မျက်မှောက်ပြုဖို့ခက်တယ်
ကျင့်ဖို့ခက်တယ်

ကိုယ့်ကိုယ်ကို ဘာနဲ့ အေးအောင်လုပ်ကြမလဲ...
မဇ္ဈိမကတော့ မီးပျက်လေ့ရှိသေး...

ပုဒ်ထီးပုဒ်မများ
စာသင်ခန်းတွေထဲ ခဏ ခဏအော်မိရဲ့
ကံသုံးပါးကို
ဘယ်နားထားရမှန်းမသိဘဲ
ပြက္ခဒိန်တစ်ခုကျော်လာတာကို
လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

အမှားကင်းစေသတည်း......

ဓမ္မဂင်္ဂါ
၂၇-၀၇-၂၀၁၀

မိတ်ဆွေရဟန်းတော်တစ်ပါး၏ မွေးနေ့အတွက် ည ၁း၂၄ နာရီတွင် ရေးသည်။






ဧဟိ သွာဂတံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအမှတ်တရ


ဓမ္မဂင်္ဂါနှင့် မဟာဝိဇ္ဇာ(ပါဠိအထူးပြု)ပထမနှစ်သင်တန်းသား ရဟန်းတော်များ
(ဧဟိ သွာဂတံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအမှတ်တရ)
အပြည့်အစုံသို့

26 July, 2010

ဓမ္မဂင်္ဂါစီးဆင်းမှုနှေးကွေးသွားခြင်း

ဇူလိုင်လ ၁၂ ရက်၊ ဗာရာဏသီရဲ့ မစို့မပို့ မိုးစက်တွေအောက်မှာ တိဘက်တက္ကသိုလ်ရဲ့ တံခါးချပ်တွေ ပြန်ဖွင့်လိုက်ပါပြီ။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အသစ်ထဲမှာ စာသင်ခန်းတွေထဲ ခပ်ရဲရဲ ဖြတ်သန်းဖို့ သင်ခန်းစာတွေ ပြင်ဆင်ရပါတယ်။ သင်ရမယ့် အတန်းတွေက ဥပစာအကြိုတန်း၊ ဥပစာတန်းနဲ့ ၀ိဇ္ဇာတန်းတွေပါပဲ။

ရွှေပြည်ကြီးမှာ တက္ကသိုလ်ဥပစာတန်းဆိုတာ မရှိလေတော့ တက္ကသိုလ်ဝင်တန်းအောင်ပြီး သုံးနှစ်အကြာမှာ သာမန်ဝိဇ္ဇာ သိပ္ပံဘွဲ့ တစ်ခုခုရဖို့ သေချာသလောက်ပါပဲ။ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကတော့ တစ်ဘာသာပေါ့လေ။ အခြားတက္ကသိုလ်တွေက သတ်မှတ်ချက်တွေ မသိရပေမယ့် သူကျင်လည်မိသမျှ မဇ္ဈိမတက္ကသိုလ်အချို့မှာတော့ ဥပစာအကြိုတန်း၊ ဥပစာတန်းဆိုတာတွေကို ကျော်ဖြတ်ပြီးမှ အခြေခံဘွဲ့ တစ်ခုကို ဆွတ်ခူးနိုင်မှာပါ။

ဒါပေမယ့် ရွှေပြည်ကြီးမှာ မဟာတန်းနဲ့ ပါရဂူတန်းတွေ ပြီးဖို့ကျတော့ နှစ်အကန့်အသတ်တွေ များ နေပြန်ပါရော။ မဇ္ဈိမကတော့ မဟာတန်းမှာ ၂ နှစ်နဲ့ ပါရဂူတန်းမှာ ကျမ်းပြုနှစ်နှစ်သတ်မှတ်ပေးထားပါတယ်။ ကျမ်းကြီးကြပ်တဲ့ ပါမောက္ခတွေက ကိုယ်ပြုစုထားတဲ့ ကျမ်းကို မျက်စိကျသွားရင် နှစ်တိုတိုနဲ့ ပါရဂူဘွဲ့ရ တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ မဟာတန်းမှာတော့ ကျမ်းပြုရတယ်လို့ မသိပါဘူး။ ရေးဖြေနဲ့ နှုတ်ဖြေအောင်ရင် မဟာဝိဇ္ဇာဖြစ်သွားနိုင်တာကိုး။ ရွှေပြည်ကြီးရဲ့ မြန်မာအမျိုးသား ခရစ်ယန်ဘာသာဝင် ပါဠိ ပါမောက္ခ ဦးဖေမောင်တင်ဟာ ကာလကတ္တားတက္ကသိုလ်က ကျင်းပတဲ့ မဟာဝိဇ္ဇာစာမေးပွဲကို နှစ်နှစ်နဲ့ ဖြေဆိုအောင်မြင်ခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ ဒီလိုနဲ့ သူလည်း မဟာဝိဇ္ဇာဖြစ်ခဲ့ရတာပါ။ (အ၀ိဇ္ဇာလက်ကျန်တွေ ထူထပ်နေသေးတာကတော့ ပုဂ္ဂလိကဖြေရှင်းရမယ့် အတွင်းရေးကိစ္စပါ။ ရွှေပြည်ကြီးက မဟာဝိဇ္ဇာဘွဲ့ရ နာမည်ကျော်ဝေဘန်ရေးဆရာကြီးတစ်ဦးကို ကာတွန်းဆရာတွေက မဟာအ၀ိဇ္ဇာကြီး လို့ခေါ်တာ အမှတ်ရပြီး ပြုံးမိပါသေးတယ်။)

သင်ပေးရမယ့် ဘာသာရပ်တွေက ပါဠိသဒ္ဒါ၊ အဘိဓမ္မာနဲ့ ပိဋကတ်စာပေ ကောက်နှုတ်ချက် ဘာသာရပ်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က သင်ကြားပို့ချပေးခဲ့ရတဲ့ အတွေ့အကြုံဟာ ပညာသင် နှစ်အသစ်အတွက် တွန်းအားဖြစ်ခဲ့သလို ယုံကြည်မှုလည်း ပိုရခဲ့ပါတယ်။ အချိန်ပိုပါဠိ အထူး သင်တန်း တက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူအချို့ဟာလည်း သူ့ကို ယုံကြည်ကိုးစားစွာ ပါဠိကို အထူးပြုဘာသာရပ်အဖြစ် ယူလာကြပါတယ်။

ရက်ပိုင်း လပိုင်းအတွင်း ပါဠိဘာသာကို နားလည်သွားစေနိုင်တဲ့ နည်းစနစ်တွေကို ရွှေပြည်ကြီးရဲ့ ကျောင်းတော်ပရိဝုဏ်တွေက မွေးစားယူသင့်နေပါပြီ။ အခုလောလောဆယ်တော့ ဂျာမဏီမှာ မြတ်ရောင်နီအရှင်တေဇောဘာသနဲ့ စင်ကာပူမှာ မင်္ဂလာဝိဟာရ ဒေါက်တာ အရှင်အာစာရတို့ဟာ မြန်ကောင်းသက်သာနည်းတွေနဲ့ ပါဠိဘာသာကို ပို့ချပေးနေကြပါပြီ။ ပြောရရင်တော့ မြန်ကောင်း သက်သာနည်းဆိုတဲ့ စာအုပ်တွေကို အနောက်တိုင်းသားတွေက အရှေ့တိုင်းကို လာပြီး ထေရ၀ါဒဘုန်းတော်ကြီးတွေဆီမှာ ရိုးရာနည်းနဲ့ ခက်ခက်ခဲခဲသင်ပြီး ခေတ်မီနည်းနဲ့ လွယ်အောင် တီထွင်ကြတာပါ။ အဲဒါကိုပဲ အင်္ဂလိပ်စာတတ် သီဟိုဠ် ရဟန်းတော်တွေက ပိုမိုကောင်းမွန်အောင် မွမ်းမံပြုပြင်ပြီး ဖြန့်ဝေနေကြတာပါ။ ခေတ်အဆက်ဆက်မြန်မာရဟန်းတော်တွေဟာ ပါဠိဘာသာနဲ့ ပတ်သက်ရင် သီဟိုဠ်လက်က မလွတ်အောင်ကို ဖြစ်နေပါရောလားလို့ ညီးတွားမိပါသေးရဲ၊ ပုဂံခေတ်က အရှင်အဂ္ဂ၀ံသရဲ့ သဒ္ဒနီတိကျမ်းကြီးတစ်ကျမ်းရှိပေလို့သာ တော်တော့တယ်။

(တကယ်ဆိုတော့ ရွှေပြည်ကြီးဟာ ပါဠိဘာသာနဲ့ပတ်သက်ရင် လက်မထောင်နိုင်တယ်။ လက်မထောင်နိုင်တဲ့ အားထုတ်မှုလည်း အမှန်တကယ်ရှိခဲ့တယ်၊ ရှိနေဆဲ ဆိုတာ ၀န်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်နည်း စနစ်ခေတ်မမီတော့ခြင်းနဲ့ နိုင်ငံတကာမှာ ပါဠိစာပေပြန့်ပွားအောင် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း တို့ကတော့ အားနည်းချက်ဖြစ်နေခဲ့ပါပြီ။ ဆဋ္ဌသံဂါယနာမျိုးဆက်အထိ ပါဠိပညာရှင်မဟာထေရ်တို့ဟာ ခေတ်ရဲ့ တောင်းဆိုချက် တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ခဲ့ကြပြီးပါပြီ။ နိုင်ငံတကာစာကြည့်တိုက်ကြီးတွေနဲ့ တက္ကသိုလ်ပိဋကတ်တိုက်ကြီးတွေမှာ ဆဋ္ဌသံဂါယနာမူပါဠိပိဋကတ်ကျမ်းစာတော်တွေ ရွှေရောင် တ၀င်းဝင်းရှိနေခဲ့ပါပြီ။ အဲဒီဆဋ္ဌသံဂါယနာရဲ့ ကြီးမားသိပ်သည်းတဲ့ အရိပ်ဟာ မျိုးဆက်သစ် မြန်မာ ရဟန်းတော်များရဲ့ ပုခုံးသားပေါ် အရှိန်ပြင်းပြင်း ထိုးကျလာပါပြီ။ မြန်မာရဟန်းတော်တွေ မြင်ရင် ပါဠိနဲ့ အဘိဓမ္မာတတ်ပွန်ပြီးသားလို့ ယုံကြည်ကိုးစား ချဉ်းကပ်တာမျိုး ရှိလာပါပြီ။ တတ်ကျွမ်းတာကတော့ အခြားထေရ၀ါဒနိုင်ငံက ရဟန်းတော်တွေနဲ့ ယှဉ်ရင် ထိပ်တန်းမှာ ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်လိုဖြန့် ဝေပေးရမလဲဆိုတာ အဆင်သင့်ရှိနေကြဖို့ပါ။ )

သူ့ရဲ့ ပါဠိဌာနပါမောက္ခဒေါက်တာ အက်စ် ကူမာရ်ကတော့ “ ဘန္တေဂျီး ရောက်လာတော့ ပါဠိဌာနမှာ ကျောင်းသား ပိုများလာတယ်” လို့ အားပေးစကားပြောပါတယ်။ အမှန်တကယ်တော့ သူလည်း ဒကာတော် ဖိုးအောင်ဆန်းကြီးမိန့်သလို “ ပြဲနေအောင် လုပ်ရတာပါ” ။

ဒီလိုနဲ့ ဒီရက်ပိုင်းအတွင်းမှာ ဓမ္မဂင်္ဂါဟာ စီးနှုံးနှေးခဲ့ရပါတယ်။

ဓမ္မဂင်္ဂါ
၂၆-၀၇-၂၀၁၀

စာကြွင်း၊ ဒီရက်ပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံဆိုင် ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ကြီး ရဲ့ ဧဟိသွာဂတံ ၀က်ဘ်ဆိုဒ် ပီပီပြင်ပြင် ဖြစ်မြောက်ဖို့အတွက် ပံ့ပိုးပေးကြတဲ့ Bliss Foundation မိသားစု၊ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းနဲ့ စေတနာရှင်မလေးတို့ကို အထူးကျေးဇူးတင်ရပါတယ်။ အဖွဲ့ဝင် ရဟန်းတော်တွေဆီက ဓမ္မဆောင်းပါး၊ ဓမ္မကဗျာများ၊ မဇ္ဈိမဒေသအတွေ့အကြုံနဲ့ တက္ကသိုလ် ပညာရေးဆောင်းပါးတွေ ပေးပို့ကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။

18 July, 2010

ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရ

ယနေ့(၁၉-၀၇-၂၀၁၀ အာဇာနည်နေ့)ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတွေမှာ ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အထူးအစည်းအဝေးသတင်းကို ဖတ်ရပါတယ်။ အဲဒီအစည်း အဝေးကြီးမှာ မကွေးဆရာတော်ကြီးပျံလွန်တော်မူသွားလို့ လစ်လပ်နေတဲ့ နိုင်ငံတော်ဗဟို သံဃာ့ဝန် ဆောင်အဖွဲ့ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသကို ဆန္ဒပေးရွေး ချယ်တော်မူခဲ့ကြပါသတဲ့။

လွန်ခဲ့လကမှ ဂျပန်နိုင်ငံက သာသနာပြုပြီး ပြန်ကြွသွားတော်မူတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ဒီနေ့ခေတ်မှာ ပိဋကတ်စာပေနဲ့ ပတ်သက်ရင် ပြိုင်ဘက်မရှိကျော်ဇော်တော်မူပြီး သံဃာထုတစ်ရပ်လုံးရဲ့ လေးစားခြင်း ခံတော်မူရတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ မင်းကွန်း တိပိဋကဆရာတော်ကြီးကိုယ်တိုင် ယုံကြည်ကိုးစား တော်မူခဲ့ပြီး မင်းကွန်း တိပိဋကလောင်းလျာများကို စာပေပို့ချပေးဖို့ လွှဲအပ်တော်မူခြင်းခံခဲ့ရပါတယ်။ ဆဋ္ဌ တိပိဋကဓရဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသအပါအ၀င် မျိုးဆက်သစ် တိပိဋကဓရ ဆရာတော်များကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။

ဗန်းမော်ဆရာတော်ကြီးဟာ မင်းကွန်းဆရာတော်ကြီးလိုပဲ နာမည်ကျော်သကျသီဟအသင်းကြီးရဲ့ ပရိယတ္တိ သာသနဟိတစာမေးပွဲမှာ ထူးချွန်ထက်မြက်စွာ အောင်မြင်တော်မူခဲ့လို့ ၀ဋံသကာဘွဲ့ထူးကို ဆွတ်ခူး တော်မူခဲ့ပါတယ်။ သကျသီဟအသင်းတော်ကြီးရဲ့ နှစ်တစ်ရာသက်တမ်းအတွင်းမှာ မင်းကွန်း ဆရာတော်ဘုရား၊ စာရေးဆရာကြီး ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်သဒ္ဒါဆရာ ဦးသောင်းလွင်( အရှင်သုမန ဘီအေ) တို့အပါအ၀င် ၀ဋံသကာဘွဲ့ဆွတ်ခူးခဲ့သူဟာ ကိုးဦးမျှသာ ရှိခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ သာသနာရေးဆိုင်ရာ စာမေးပွဲတွေမှာ အခြားဘွဲ့တံဆိပ်များစွာကိုလည်း ဆွတ်ခူး တော်မူခဲ့ပါသေးတယ်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ စာပေးစာယူစနစ်နဲ့ တက္ကသိုလ်ပညာရေးကို ဆည်းပူးခဲ့တဲ့ ဆရာတော်ကြီးဟာ ၀ိဇ္ဇာဘွဲ့နှင်းအပ်ခြင်းလည်း ခံယူတော်မူခဲ့ရပါတယ်။ ပိဋကတ်သုံးပုံ အင်္ဂလိပ် ဘာသာပြန်ဆိုရေး အဖွဲ့ကြီးရဲ့ တစ်ပါးတည်းသော နာယက ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ သာသနာရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အင်္ဂလိပ်ပိဋကတ်ဘာသာပြန်စာအုပ်တိုင်းရဲ့ ရှေ့ပိုင်းစာမျက်နှာမှာ ဆရာ တော်ကြီးရဲ့ ဘွဲ့တော်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မယ်။

ရဟန်းသာမဏေတွေကို အဆင့်မြင့်ပိဋကတ်စာပေပို့ချတော်မူခဲ့ပြီး သာသနာတော်တွင်းမှာ သတင်းမွှေးတဲ့ ဗန်းမော်ဆရာတော်ကြီးကို ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီး တည်ထောင်တော့ ပါမောက္ခမဟာဌာနမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ပင့်ဖိတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ နိုင်ငံတကာနဲ့ မြန်မာသင်တန်းသားရဟန်းရှင်လူတွေကို အင်္ဂလိပ်ဘာသာနဲ့ အဘိဓမ္မာ ကျမ်းစာနဲ့ အခြားပိဋကတ်စာပေတွေကို ပို့ချပေးတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ သာသနာတော်အရေးဆောင်ရွက်တော်မူခြင်းနဲ့ ပိဋကတ်စာပေအသိပညာတွေကြောင့် နှစ်စဉ်နှစ်တိုင်းပေးနေကျ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တွေများစွာအပြင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ဒီလစ်(D.Litt)ဘွဲ့ဆက်ကပ်ခြင်းကို အလှူခံရရှိတော်မူပါတယ်။ (ဘွဲ့တွေက များလွန်းလို့ မဖော်ပြတော့ပါ၊ သည်းခံပါ ဆရာတော်ဘုရား) ၂၀၀၉ ခုနှစ်မှာတော့ သက်တော်ရှစ်ဆယ်ပြည့်ပြီမို့ ဒုတိယ ပါမောက္ခချုပ် တာဝန်က အနားယူတော်မူခဲ့ပါတယ်။

ဒါပေမယ့် သာသနာတော်က ဗန်းမော်ဆရာတော်ကို လိုနေပါသေးတယ်။ ၂၀၁၀ မှာ နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင်အဖွဲ့ထဲ ၀င်ပြီး သာသနာတော်အရေးဆောင်ရွက်ဖို့ သံဃာတော်များရဲ့ တောင်းပန် တိုက်တွန်းချက်အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ၀င်ရောက်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ အကျိုးတော်ဆောင်ချုပ်အဖြစ် ရွေးချယ်ခြင်း ခံတော်မူခဲ့ရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး အကျိုးတော်ဆောင်ချုပ်အဖြစ်ထမ်းဆောင်နေစဉ်မှာ ဥက္ကဋ္ဌ မကွေးဆရာ တော်ကြီး ပျံလွန်တော်မူလို့ လစ်လပ်သွားတဲ့ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီး နေရာမှာ ဗန်းမော်ဆရာတော်ကြီးကို ဆက်လက်ရွေးချယ်လိုက်ပြီလို့ ဒီနေ့ထုတ် သတင်းစာမှာ ဖတ်လိုက်ရပါပြီ။ အာဇာနည်နေ့မှာ သသနာ့အာဇာနည်တစ်ပါးကို ရွေးချယ်နိုင်ခဲ့ပါပြီ။ ဗန်းမော်ဆရာတော်ကြီးဟာ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်တာဝန်မှ နိုင်ငံတော်သဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအဖြစ် သာသနာတော်အရေးကို ဦးဆောင်ရတော့မှာ ဖြစ်ပတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးရဲ့ (၁၉၈၀ မှ ၂၀၁၀ အထိ) သက်တမ်း နှစ်ပေါင်းသုံးဆယ်ကာလအတွင်း

ဥက္ကဌဆရာတော်ကြီးများကတော့
၁။ပဲခူးမြို့မဆရာတော်ဘုရားကြီး
၂။ မြင်းခြံ ကိုးဆောင်ဆရာတော်ဘုရားကြီး
၃။ မကွေး မဟာဝိသုတာရာမဆရာတော်ကြီးတို့ ဖြစ်ကြပါတယ်။

အကျိုးတော်ဆောင်ချုပ်ဆရာတော်များကတော့
၁။မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီး
၂။သံလျင်မင်းကျောင်းဆရာတော်ဘုရားကြီး
၃။မကွေးဆရာတော်ဘုရားကြီး
၎။ညောင်တုံးဈေးကျောင်းဆရာတော်ဘုရားကြီး
၅။ဗန်းမော်ဆရာတော်ဘုရားကြီးတို့ ဖြစ်ကြပါတယ်။

ယခုနှစ်မှာတော့
နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့
နိုင်ငံတော်သံဃာမဟာနာယကအကျိုးတော်ဆောင်ဆရာတော်အဖြစ် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒသာမိတို့ကို ဆန္ဒပေးရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

မဟာနာယကသမိုင်းတစ်လျောက်မှာ မကွေးဆရာတော်နဲ ဗန်းမော်ဆရာတော်တို့နှစ်ပါးသာ တာဝန်ကြီး နှစ်ရပ်လုံးကို ထမ်းဆောင်ခွင့်ရခြင်းပါပဲ။ ဗန်းမော်ဆရာတော်ကြီးဟာ ပဋ္ဌာန်းအမြဲရွတ်လေ့ရှိတယ် လို့ ပြောလေ့ရှိသလို ပဋ္ဌာန်းရွတ်ကြဖို့လည်း ပဋ္ဌာန်းအကျိုးတရားတွေကို တဖွဖွဟောလေ့ရှိပါတယ်။

ဓမ္မဂင်္ဂါ
၁၉-၀၇-၂၀၁၀

စာကြွင်း၊ ဗန်းမော်ဆရာတော်ကြီးနှင့် ပတ်သက်၍ ကိုးကားရည်ညွှန်းစရာ စာအုပ်စာတမ်းအနီးအနားမှာ မရှိပါ၍ မှတ်မိသိရှိ အားကျမိသမျှကိုသာ ရေးသားဖော်ပြလိုက်ရပါကြောင်း။ မင်းကွန်း ဆရာတော်ကြီး တစ်ပါးတည်း ကိုသာ အကျိုးတော်ဆောင်ချုပ်ဟု ဂုဏ်ပြုသုံးစွဲပြီး နောက်ဆရာတော်များကိုတော့ အကျိုးတော် ဆောင်ဆရာတော်ဟုသာ ရိုးရိုးသုံးစွဲကြောင်း ...။

အာဇာနည်ဦးအောင်ဆန်း၏ သာသနာရေးလျှောက်ထားချက်

မိတ်ဆက်
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ လူထုခေါင်း ဆောင်ကြီးစတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ မြန်မာ့သမိုင်းမှာ ဥဒါန်းထားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အသက် သုံးဆယ်စွန်းရုံ လူငယ်လေးတစ်ယောက်မျှသာ ရှိသေးတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး အံ့သြ ဘနန်းဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေး စစ်ရေး စတဲ့ အတွေးအမြင် အသိပညာတွေကြောင့်သာ ဖြစ်လိမ့်မယ် ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် အမှတ်မထင် ဦးအောင်ဆန်းရဲ့ ဘာသာရေးအမြင်ကိုပါ ဖတ်လိုက်ရတော့ သူဟာ အရာရာမှာ နှံ့စပ်ကျွမ်းဝင်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အားရသွားပါတယ်။ ဒီနေ့ခေတ်ထိတိုင် ရဟန်းသံဃာ တော်တွေကြားမှာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးနေကြပေမယ့် အလင်းမပွင့်သေးတဲ့ အတွေး အမြင် တွေကို အသက်သုံးဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်က ပြတ်သားရှင်းလင်း အမြင်ကျယ်ပြောစွာ ပြောသွားခဲ့တာပါ။ ဦးအောင်ဆန်းရဲ့ အသံကို နားထောင်ကြည့်ကြပါဦးစို့။ အာဇာနည်နေ့အတွက် အမှတ်တရ သံဝေဂဖြစ်စွာ....။


၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။

“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ

ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့်ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ၀င်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။

ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်း အကို မောင်ရင်းနှစ်မ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်။ တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေး တရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော်မူကြပါ။

မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။

အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။

ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ေ ဆာင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”


ကိုယ်ရေး၍ ကိုယ်ဖတ်သောစာ

17 July, 2010

မောင်ချောနွယ်တည်းခိုမသွားဖူးတဲ့ဟိုတယ်လ်

လောဘကြီးတာကမှ
အကြွေးလေးတွေ ဆပ်လို့ ရသေးတယ်
ဒေါသနဲ့ မာနကတော့
လူမုန်းတာပဲ အဖတ်တင်သတဲ့...

အဲဒီလိုဆောင့်ကြွားကြွား
ဟိုတယ်လ်ထဲ
အ၀ိဇ္ဇာကဒ်နဲ့
တည်းခိုခဲ့...

ခုတော့
သောက၀န်စည်စလွယ်တွေ
အခွန်အခများလှတယ်

ကဗျာမရေးဘဲ
ဂါထာတွေပဲ
တတွတ်တွတ်ရွတ်နေဖို့ကောင်းတော့ရဲ့....။

ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀

16 July, 2010

ထိုင်လျက် ကျကွဲခြင်း

တံခါးခေါက်တာက
အလွယ်လေး
ဖွင့်ပေးလိုက်ရတဲ့ အခန်းက
အကျယ်ကြီး...။

ဧည့်သည်ရောက်မှတော့
အခွံမဟုတ်တော့ဘူးပေါ့
ပြန်ထွက်သွားကာမှ
အခွံဖြစ်ကျန်ရသေး..။

“အားလုံးခရီးသွားတွေချည်းပါပဲလေ” တဲ့
ရသေ့ကြီးက ပုတီးမပါပဲ
ရွတ်တယ်

ငါကတော့
စိတ္တက္ခဏတိုင်း
ထိုင်လျက်ကျကွဲ...။

ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀

ရဟန်းနှင့် ရဟန်း၏ ဖခင်(ဆက်ဖတ်ရန်)

(၁)
ယခုနှစ် ၀ါဆိုလတစ်ရက်ရက်တွင် သူ့ဖခင်သည် အသက်ခြောက်ဆယ့်ခြောက်နှစ် ပြည့်မြောက်ပေတော့မည်။ သူ့ဖခင်၏ မွေးနေ့သည် ၀ါဆိုလ၏ တစ်ခုသော ရက်မြတ်မင်္ဂလာအဖြစ်သာ သိ၍ ဘယ်နေ့ ဘယ်ရက်ဟု အတိအကျမသိခြင်းမှာ ရဟန်းတစ်ပါး၏ မိသားစုနှင့် ကင်းကွာမှုကြောင့်သာ ဖြစ်လေသည်။ သို့သော် သူ့ဖခင်သည် တနင်္လာဖွားတစ်ယောက်ဆိုသည်ကိုတော့ ရှူးရှူးဒိုင်းဒိုင်းပြုမူတတ်သော စရိုက်ကိုပင် ဂုဏ်ယူကာ “ ငါတို့က တနင်္လာကျားကွနော်” ဟု မိခင်နှင့် ကတောက်ကဆစကားဆိုလေတိုင်း ကြားနေကျဖြစ်သည်။

ဖခင်ကို ချစ်သော သားတစ်ယောက်အနေဖြင့် သူသာ ရဟန်းတစ်ပါးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ယောက်ဖြစ်မည်ဆိုလျှင် သူ့ဖခင်၏ မွေးနေ့တွင် အဖြူရောင် သို့မဟုတ် အပြာရောင်လေ ဘယ်လ်တံဆိပ် စကော့ဝီစကီတစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ကန်တော့မိမည်ထင်သည်။ (ဤ၀ါကျကို ဖတ်ပြီးလျှုင် သူ့ကို “ရဟန်းဖြစ်ပြီးတော့ ဒီလို ပြောရလား ” ဆိုသည့်အတွေးဝင်ကောင်း ၀င်သွားနိုင်သည်။) သားသမီးများကသာ မိဘများကို စိတ်ကြိုက်ပူဆာ ဂျီကျခွင့်ရှိသော်လည်း မိခင်ဖခင်တို့ကတော့ ပူဆာခွင့်နည်းပါးကြသည်ကို ခံစားနားလည်နေမိသည်။ မိခင် ဖခင်တွေ ဘာကို ကြိုက်နှစ်သက်ကြပါလိမ့်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်။ စိတ်ကြိုက်ဘူးဖေးခံစားမှုမျိုး သူတို့လည်း ရချင်ရှာမှာပါပဲ။

သို့သော် လွန်ခဲ့သောတစ်ပတ်က ရွာလေးဆီ ဖုန်းခေါ်ဖြစ်တော့ မိခင်ကြီးနှင့် စကားပြောခွင့်ရသည်။ ဖခင်ကြီးကတော့ အခြားရွာတစ်ရွာမှ အမျိုးများ၏ အလှူတစ်ခုသို့ ရောက်နေသည်တဲ့။ “ ဦးဇင်း ဒကာကြီးတော့ လိမ္မာနေပြန်ပြီ၊ မသောက်တော့ဘူး ကိုယ်တော်” တဲ့။

(၂)

“လိမ္မာနေပြန်ပြီ” ဟူသော စကားတွင် ခဏ ခဏ လိမ္မာတတ်ခြင်းသဘောကို သူဖတ်မိသည်။ သို့သော် သည်တစ်ကြိမ်တွင် သူ့ဖခင်သည် သူမျှော်လင့်စောင့်စားနေသော အချိန်ကာလနှင့် နေရာတစ်ခုကို ရောက်နေပြီဟု ယုံပစ်လိုက်ပါသည်။ အသောက်အစားမကင်းသော သူ့ဖခင်သည် သားသမီးများအတွက် တာဝန်ကျေသော အဖေတစ်ယောက်အဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့ခြင်းကို သူက အမြဲတမ်းဂုဏ်ယူခဲ့ပါသည်။ လောကီနယ်နှင့်သာ ဆက်စပ်နေမည်ဆိုလျှင်တော့ သူ့ဖခင်သည် အပြစ်မရှိပါ။

သို့သော် သာသနာ့ဘောင်တွင် သားတစ်ယောက်ရှိနေသော ဖခင်အတွက်တော့ သောက်နေကျ သေရည်ခွက်တိုင်းတွင် တစ်ခုခုတော့ ကပ်ငြိနေဟန်တူပါသည်။ သူကလည်း သူ့ဖခင်နှင့်တွေ့တိုင်း “လျှော့သောက်ပေါ့ အဖေရာ” ဟုသာ ပြောဖြစ်ခဲ့သည်။ “ဖြတ်ပစ်လိုက်ပါ” ဟု ပြောရန် အားနာမိသောကြောင့် ဖြစ်သည်။ ဖခင်ခမျာလည်း ခဏ ခဏ ဖြတ်ရန်သာ ဦးတည်ခဲ့ဟန်တူပါသည်။ ဖခင်နှင့် ပတ်သက်သော သတင်းက နှစ်ခုသာ ဖြစ်သည်။ “ဖြတ်လိုက်ပြီ”နှင့် “ ပြန်သောက်နေပြန်ပြီ” ဟူသော ဝေါဟာရကြားတွင် ကူးနေသည့် ဖခင်ကို သူက မေတ္တာပျက်ခြင်း၊ငြိုငြင်ခြင်းမရှိခဲ့ပါ။

(၃)
သူ့ဖခင်သည် ကျေးလက်မြေပိုင်ရှင်တစ်ယောက်၏ တစ်ဦးတည်းသော သားဖြစ်သည်။ မွေးရာပါကျန်းမာ ရေးချူချာသည့် အမတစ်ယောက်သာ ရှိသည့်အတွက် မိဘအမွေခံသားလည်း ဖြစ်ခဲ့သည်။ ဖခင်၏ အမကြီးကို သူငယ်စဉ်က မီလိုက်သေးသည်။ စကားမပီ ဉာဏ်ရည်မပြည့်ရှာသော ဒေါ်ကြီးပုကို ဖခင်က ပြုစုစောင့် ရှောက်ထားခဲ့သည်။ သူ ကိုရင်မ၀တ်မီမှာ ဒေါ်ကြီးပု ကွယ်လွန်သွားသည်ကို မှတ်မိသည်။

သူ့ဖခင်သည် ရဟန်းဝတ်ချင်သည့် စိတ်ရှိသည်။ သို့သော် တစ်ဦးတည်းသောအမွေခံသားအတွက် ထိုအခွင့် အလမ်းနည်းပါးခဲ့ပါသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့အရ ငယ်ငယ်ရွယ်ရွယ်ဖြင့် သင်္ကန်းစည်းခဲ့ရသော်လည်း အဖြစ်သည်းသော အမေကြီး(ဖခင်၏ အမေ)ကြောာင့် တစ်ရက်တည်းသာ ရွှေကျောင်းပျော်ကိုရင်လေးဖြစ်ခဲ့ ရသည် တဲ့။

သို့သော် ငယ်စဉ်က ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပညာရေးအစပျိုးခဲ့ရသည့် ဖခင်သည် ပညာတတ်ဆရာတော်ကြီး၏ ဘုန်းရိပ်ကံရိပ်ကို မှီခွင့်ရခဲ့သည်။ ကြည်ညိုအားကျခဲ့သည်။ သူ့ဖခင်က ငယ်ဘ၀ အကြောင်းပြောတိုင်း ကံ့ကူလက်လှည့်ငယ်ဆရာတော်ကြီးအကြောင်းကို တခုတ်တရ ပြောပြတတ်သည်။ သူ့ဖခင် ၏ ကံ့ကူလက်လှည့်ဆရာတော်ကြီးက လောကီလောကုတ္တရာ စွယ်စုံပညာရောင် ပြောင်းဝင်းခဲ့ သည်တဲ့ ။

ပိဋကတ်စာပေသာမက ဂဏန်းဗေဒင်၊ နက္ခတ်တာရာ၊ သင်္ချာစသော ရှေးသင်ရိုး ညွှန်းတမ်းကို ကျေပွန် တတ်ကျွမ်းတော်မူသလို ခေတ်ကာလအလျောက် အင်္ဂလိပ်စာတတ်ပေတတ်လည်း ဖြစ်သည်တဲ့။ တစ်ခါတစ်ရံမှာတော့ ဂျပန်စကားဖြင့်ပင် ကျိန်းမောင်းတော်မူလေ့ရှိပြန်သတဲ့။ ရပ်ကျိုးရွာကျိုး သယ်ပိုးတော်မူ သည့်အတွက် ရပ်ရွာတွင် သြဇာပြန့်ကာ သူကြီးကိုပင် အမြင်မတော်လျှင် ကျောင်းသို့ ခေါ်ကာ ကြိမ်ဖြင့် ဆော်လေ့ရှိပါသတဲ့။

(ဖခင်ပြောသော ထိုဆရာတော်ကြီးအကြောင်းကို ခဏ ခဏကြားရဖန် များ၍ သူလည်း သာသနာဘက်ယိမ်းကာ ပညာတတ်တစ်ဦးဖြစ်ရန် ပိုးထခဲ့ဟန် တူသည်။ စုဝေးချိတ်ဆွဲရန် အောင်လက်မှတ် (Certificates)မိတ္တူများကိုတော သူ့ဖခင်အား ပေးအပ်ခဲ့ပြီး ဖြစ်သည်။ စာရွက်စာတမ်းများအပေါ်မှာသာ ယုံကြည်ပုံအပ်ထားပြီးဖြစ်လျှင် ပညာတတ်တစ်ယောက်ဖြစ်ရန် မခက်ခဲတော့သော ဂလိုဘယ်အရွေ့ထဲတွင် ရွာဦးကျောင်းဆရာတော်ကြီးကဲ့သို့ စိတ်စေတနာ၊ပညာနှင့် သင့်လျော်သော ရပ်ဝန်းမျိုးကို ဖန်တီးဖို့တော့ သူက ရှာဖွေဖြည့်ဆည်းရဦးမည်ဖြစ်သည်။)

နောက်တော့ သူ့ဖခင်သည် မိဘများ၏ ဆန္ဒအရ အစိုးရတန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့ရသည်။ ထိုအချိန်က သူတို့ရွာလေးတွင် သူ့ဖခင်သည် ရှားပါးသော မြို့ကျောင်းတက်လူငယ်တစ် ယောက်ဖြစ်ခဲ့သည်။

14 July, 2010

ပဋိစ္စသမုပ္ပါဒ် Chatroom

အိမ်ပြန်ချိန်မဟုတ်ပေမယ့်
ဥသြတွန်သံ ကြားတယ်

ဝေဒနာက္ခန္ဓာပေါ်
တိမ်းမှောက်ပစ်လိုက်တဲ့
ဥပါဒါန်လေးရေ
လှိုင်းပုတ်သံတွေ
ချိုပါရဲ့လားကွယ်

ဒဏ်ရာပြင်းစရာမလိုဘူး
သွေးစက်ပြနိုင်ဖို့ပဲ တဲ့
ဒုက္ခသစ္စာဟာ
နာမည်တစ်မျိုးနဲ့ ရောက်လာတယ်

သံသရာဆိုတာကို
မယုံတော့ဘူးပေါ့
ငါပဲ အယူလွဲခဲ့တယ်။

ဓမ္မဂင်္ဂါ
၁၅-၀၇-၂၀၁၀

13 July, 2010

ကွန်မင့်ကြိုက်တဲ့ကိုယ်တော်

ဂျာမဏီမှာ သာသနာပြုနေတဲ့ မြတ်ရောင်နီ အရှင်တေဇောဘာသက ရေးပါတယ်။
“ကွန်မင့်ပါ မကျန် ဖတ်သွားသည်။ တစ်ခါတစ်လေလည်း ရယ်ရသည်။ ကိုယ်တွေ့ဖြစ်သည်။” တဲ့။

2010/7/13 ဘုန်းဘုန်းဘိုတေ
tayza said...

ဘာလိုလို ...ဆိုတာကြီးကို မရေးသင့်ပါဘူးဘုရား။
အဲဒီစာသားက တိုပေမဲ့ အတော်တာပါတယ်...အဲဒါကြီးဖတ်ရတာ ပွင့်ပွင့်လင်းလင်းပြောရရင်
အရှင်ဘုရားကို ကြည်ညိုနေတာလေးတောင်အတော်လျော့သွားပါတယ်ဘုရား။
မိမိရဲ့ ကလောင်အစွမ်းပြမှုကြောင့် ဒါယကာတွေ အကုသိုလ်မပွားရအောင် ကီးဘုတ်စောင့်ထိမ်းတော်မူပါဘုရား။
public မှာ ရဟန်းတစ်ပါးအနေနဲ့ ဘာလိုလို ဆိုတာ ကြီးကို မရေးသင့်ကြောင့် သာသနာ့အကျိုးမျှော်ကာ ရိုသေစွာနဲ့
လျှောက်ထားလိုက်ပါတယ် ဘုရား။

July 7, 2010 5:16 AM
ဓမ္မဂင်္ဂါ said...

ဘာလိုလိုကို ဘာလိုလိုပဲ ရေးမှ သင့်မည်ထင်၍ ရေးလိုက်ပါသည်။ မရေးလျှင် ညာဝါးခြင်းဖြစ်မည်။ ရဟန်းဘ၀ဆိုသည်ကိုက ဘာလိုလိုတွေကို ဖြတ်သန်းကျော်လွှားနိုင်ခြင်းဖြစ်သည်။
မာရဗန္ဓန ဟုခေါ်သော မာရ်နတ်၏ ကျော့ကွင်းများထဲ တွင် ခပ်ရဲရဲလျှောက်ကာ ကျော်လွှားသွားသော ရဟန်းတော်များကို ဘုရားရှင်ချီးမွှမ်းလေ့ရှိပါသည်။
ဓမ္မပဒတွင် မဟာကာဠနှင့် စူဠကာဠညီနောင်ရဟန်းတော်နှစ်ပါးအကြောင်းဖတ်ရဖူးသည်။ ခေါင်ကို လုံအောင် မိုးမထားရင်တော့ မိုးစိုတာပဲ ဟူသော ဒေသနာကို ဟောသည်။

ပုထုဇဉ်ရဟန်းဘ၀ဆိုသည်က မိုးရွာထဲ လျှောက်နေရခြင်း ဖြစ်သည်။
“ဘာလိုလို” မိုးစက်တွေကို ဘယ်လောက်ကာကွယ်နိုင်မလဲဆိုသည်က ရဟန်းတစ်ပါး၏ သတ္တိဖြစ်သည်။

ဓမ္မဂင်္ဂါကို အကြည်ညိုလျော့ခြင်း တိုးခြင်းသည် Tayza ၏ ပုဂ္ဂလိကအရေးဖြစ်သည်။(ဓမ္မဂင်္ဂါနှင့်မဆိုင်)
သို့သော် သာဓုခေါ်ပါသည်။ ဆဲတာနှင့်စာလျှင် အကြည်ညိုလျော့တာက နည်းနည်းသက်သာသေးသည်။(အဟမ်း အဟမ်း)

July 7, 2010 7:20 PM
ဘာပဲပြောပြော ဓမ္မဂင်္ဂါကို ကွန်မင့်ပေးတဲ့ သူတွေထဲမှာ ဒီဒကာလေးတော့ သဘောအကျဆုံးပဲ။ ကိုယ်က အမြှောက်ကြိုက်ကြီးကိုး။ ကျေဇူးပါ မြတ်ရောင်နီဆရာတော်။

ရဟန်းနှင့် နေကာမျက်မှန်

(၁)
ဗာရာဏသီမြို့ပြ၏ မွန်ထူလောင်မြိုက်သော နေပူကြဲကြဲထဲ လျှောက်မိတော့ ရွှေပြည်ကြီးဆီက ပုသိမ်ထီးလေးတစ်ချောင်းကို သတိရသည်။ အိန္ဒိယသားများကတော့ ထီးကို အလွယ်တကူ ဆောင်းလေ့ရှိသူများ မဟုတ်ကြပါ။ နေပူလေပူသည် မဇ္ဈိမသားများအတွက် အရေးတကြီးကာကွယ်ရမည့် အရာလည်း မဟုတ်။ ပိတ်သားစ အ၀တ်ဖြူဖြူလေးတစ်ထည်ကို ဦးခေါင်းလုံအောင် ခြုံလိုက်လျှင် ကန္တာရကိုလည်း မမှုပြီ။

အ၀တ်ဖြူဖြူကြီး ပတ်မထားချင်သော သူကတော့ နေကာမျက်မှန်တစ်လက်လောက်လိုချင်နေသည်။ သို့နှင့် “မျက်မှန်နှင့် အခြားအရာများ ”အရောင်းဆိုင်ထဲသို့ သူဝင်လိုက်သည်။ ပြင်သစ်နိုင်ငံလုပ် ကာတီယာ (Cartier)တံဆိပ် နေကာမျက်မှန်တစ်လက်ကို ကောက်ကိုင်လိုက်သည်။ ရူပီး လေးသောင်း သုံးထောင်(ဒေါ်လာတစ်ထောင်ခန့်) ဟူသော ဈေးနှုံးကို မြင်လိုက်သည်နှင့် မသိမသာချထား လိုက်ရ၏။ မိုက်ကယ် အဒမ် လီဆိုဆကီ နဲ့ တွေ့ဖို့မှ မဟုတ်လေပဲ ။ ဗာရာဏသီမြို့ရောက် ရဟန်းတစ်ပါးအတွက် နေပူသက်သာဖို့ ရိုးရိုးနေကာမျက်မှန်တစ်လက်သာ လိုအပ်သည်။

ကယ်လ်ဗင် ကလိန်း(Calven Klein) ဂူချီ (Gucci)နှင့် အခြားမျက်မှန်စိမ်းအမျိုးမျိုးကို ကောင်တာပေါ်မှာ ချပြသည်။ နောက်ဆုံးတော့ ရေဘင်မျက်မှန်အမျိုးအစားများထဲမှ ဈေးနှုံးအချိုဆုံးမျက်မှန်တစ်လက်ကို သူ ကောက်တပ်လိုက်သည်။ မျက်မှန်တစ်လက်တော့ လိုတာပဲ။

(၂)
သူငယ်စဉ် ကိုရင်လေးဘ၀က ၀န်းသိုမြို့ရှိ ခန္တီးဆရာတော်ဘုရားကြီးထံ တောင်ပုလု ဆရာတော်ကြီးကြွ လာစဉ်က ဆရာတော်ကြီးနှစ်ပါးလုံး မျက်မှန်အနက်များတပ်ထားသည်ကို အမှတ်ရနေသည်။ မျက်မှန်နက်များ တပ်ဆင်ထားသော်လည်း ဆရာတော်ကြီးနှစ်ပါးလုံး၏ ဗြဟ္မစိုရ်အပြုံး ထင်ဟတ်နေသည့် မျက်လုံးတော် အရိပ်ကို ဖူးမျှော်ခံစားခဲ့မိ၏။ (တောင်ပုလုဆရာတော်ကြီး၏ ပုံတော်များက အမြဲတမ်း မျက်မှန် အနက်တပ် ဆင်ထားသည်ကိုသာ ဖူးရလေ့ရှိပါသည်။ )

ရုပ်ရှင်ကားများတွင် မျက်မှန်နက်တပ်ဆင်ထားသည့် ယာကူဇာနှင့် မာဖီးယားဂိုဏ်းဝင်များကို တွေ့ရလေတိုင်း ချောက်ခြားဖွယ်ဘယာနကရသကို ခံစားရသော်လည်း မျက်မှန်နက်သည် သူတော်ကောင်းကြီးများ၏ နှလုံးသားကိုတော့ ဖုံးအုပ်ထား၍ မရပါ။ မျက်မှန်စိမ်းသည် သူတော်ကောင်းမျက်လုံးများအတွက် ၀ိပလ္လာသအမြင်ကို မွေးဖွားပေးနိုင်လိမ့်မည်မဟုတ်ပါ။ မျက်မှန်နက်တပ်ဆင်ထားသည့် ထိုဆရာတော်ကြီးနှစ်ပါး ကို ဖူးခွင့်ရပြီးနောက်တွင် သူလည်း မျက်မှန်နက်တစ်လက်လောက်တော့ တပ်ချင်စိတ် ပေါက်သွားသည်။

(၃)

အခြားမျက်မှန်တစ်လက်ကတော့ မင်းကွန်းဆရာတော်ကြီး၏ ကျွဲကော်ကိုင်းမျက်မှန်ရိုးရိုးကြီးဖြစ်သည်။ ပကာသနမပါသော အသွင်က စွဲဆောင်မှုရှိသည်။ တိပိဋကဂုဏ်ရည်များနှင့်အတူ အနေရိုးသားမှုကို မျက်မှန်တစ်လက်ဖြင့် ပုံဖော်ထားသလိုမျိုးဟု သူက တွေးမိသည်။ မဟာစည်ဆရာတော်ကြီး၏ မျက်မှန်သည်လည်း ခပ်ကြမ်းကြမ်းခပ်ရိုးရိုးကြီးပဲ ဖြစ်ဟန်တူသည်။

ထို့နောက်တော့ ပရိယတ္တိသူရဲကောင်းနှင့် ပဋိပတ္တိအကျော် ဆရာတော်ကြီးများ၏ မျက်မှန်များကို သူသတိထား မိလာသည်။ မျက်နှာထားခန့်ညားထူးခြားသည့် အဘိဓာန်ကျမ်းပြု အဘယာရာမဆရာတော်ကြီး၏ မျက်မှန်ဝိုင်းနှင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ၏ မ၀ိုင်း တစ်ဝိုင်းမျက်မှန်၊ရှေးခေတ်က ရဟန်းတော်များရေးသားပြုစုသည့် ကျမ်းဦးစာမျက်နှာတိုင်းတွင် (“ကျမ်းပြုဆရာတော်၏ ဆာယာရူပံ(ဓါတ်ပုံ)” ဟု ရေးထိုးထားတတ်သော) မျက်မှန်တပ်ဆင်ထားသည့် ကျမ်းပြုဆရာတော်များကို ဖူးရလေ့ရှိသည်။

မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားရသည့်အခါ မစိုးရိမ်ဆရာတော်ကြီး အရှင်သီရိန္ဒာ ဘိဝံသ၏ မျက်မှန်ကိုင်းပေါ်မှ ကျော်ကြည့်ကာ စကားမြွက်ဆိုတတ်သော ပုံဟန်ကို စွဲထင်နေသည်။ အရှင်ရာဇဓမ္မာ ဘိဝံသကတော့ တစ်ခါတစ်ရံ မျက်မှန်ကို နဖူးပေါ်တင်ထားတတ်သည်။ ငယ်ဆရာဘုန်း တော်ကြီးတွင်လည်း စာချသည့်အခါတိုင်း တပ်ဆင်လေ့သည့် မျက်မှန်တစ်လက်ရှိသည်။

(၄)
သူ့အတွက် မျက်မှန်များသည် လွှမ်းမိုးမှုရှိသည်။ နောက်တော့ ကျေးလက်စာသင်တိုက်လေးမှ မြို့ပြစာသင်တိုက်ကြီးသို့ ရောက်လာသောအခါ မျက်မှန်ရောဂါသည် သူတစ်ပါးတည်း အရေးမဟုတ်ကြောင်း သိလာသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်သော စာသင်သားအများစုတွင် မျက်မှန်တစ်လက်စီတော့ ရှိနေကြသည်ကို အံ့သြဖွယ်တွေ့ရသည်။ အမှန်တကယ်တော့ စာသင်သားရှင်ရဟန်းငယ်တစ်ပါးအတွက် ဈေးပေါပေါနှင့် ရသော ဖိုတိုဂရေးမျက်မှန်များကိုသာ တပ်ဆင်နိုင်ကြသည်။

နေပူထဲ လျှောက်သည့်အခါ (သို့မဟုတ်) မျက်မှန်တပ်ချင်သည့် ရောဂါကြောင့်သာ မျက်မှန်တပ်ဆင်ခြင်း မျိုးဖြစ်ပြီး အမှန်တကယ် မျက်စိမှုံဝါး၍ မျက်မှန်တပ်ဆင်ခြင်းမျိုးကတော့ အနည်းစုသာ ဖြစ်လေသည်။ ဆယ်ကျော်သက်အရွယ် စာသင်သားသာမဏေလေးများ၏ အမြင်တွင် အနီးကပ်အားကျသော ဆရာအရှင် တို့၏ အရိပ်အရောင်ကို ပုံတူကူးချရန် စိတ်အားထက်သန်ခြင်းလည်း ဖြစ်နိုင်သည်။ စာသင်သားတစ်ပါးတွင် ပိုင်ဆိုင်မှုဆို၍ မျက်မှန်တစ်လက်၊ သပိတ်တစ်လုံးနှင့် စာအုပ်သေတ္တာတစ်ခုသာ ရှိသည် ဟုဆိုရိုးစကားရှိသည်။

သူလည်း အများနည်းတူ ခပ်ကြောင်ကြောင်မျက်မှန်တစ်လက် ၀ယ်တပ်ခဲ့ဖူးသည်။ သူ့ပရိက္ခရာစာရင်းတွင် မျက်မှန်တစ်လက်ပါဝင်သွားသည်။ ရပ်ရွာမှ ဆရာဘုန်းတော်ကြီးနှင့် ရပ်မိရပ်ဖများက မြို့မှ စာမေးပွဲဖြေပြီး၍ မျက်မှန်တပ်ပြန်လာတတ်သည့် သားတပည့်များကို မျက်စိစပါးမွှေးစူးလေ့ရှိပါသည်။ “ရှိုးကိုယ်တော်” ဟု ကင်ပွန်းတပ်ကာ သာသနာမှာ ကြာကြာနေမည့်ကိုယ်တော်မဟုတ်ဟု စိတ်မသက်မသာ မှတ်ချက်ပြု လေ့ရှိကြသည်။ သူလည်း မျက်မှန်အားကိုးဖြင့် ရွာရိုး လျှောက်ခဲ့ဖူးသည်။ အချိုးမပြေကြောင်း အခုမှ ပြန်မြင်မိသည်။ နှစ်ပေါင်းများစွာကြာ၍ ရွာပြန်သွားသည့်အခါ “ဗရုတ်သုက္ခ မျက်မှန်တကားကား လမ်းသလားနေတဲ့ ကိုယ်တော် တစ်ပါးပဲ အားကိုးစရာ ကျန်တော့သကိုး” ဟု မှတ်ချက်ပေးကြသည့်အခါ သူပြုံးမိရသေးသည်။

သူ့ဖခင်ကတော့ “ကိုယ်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်ရအောင် မျက်လုံးတွေက မွဲနေတာကိုး”ဟု ရွဲ့ပြောသည်။ ဆရာဘုန်းတော်ကြီးကလည်း “အင်း မျက်စိမမွဲဘဲ ရှိုးမျက်မှန်တွေ တပ်၊ နောက်မှ ကန်းသွားမယ်ဗျ” ဟု ငေါက်ဆတ်ဆတ်ဆုံးမသည်။ ဘာပြောပြော လူငယ်စိတ်မွေးထားသော ကိုရင်တစ်ပါး သည်လည်း လူကြီးသူမများ၏ စကားနှင့် ခပ်ဝေးဝေးရောက်အောင် ပြေးလေ့ရှိပါသည်။ လူကြီးသူမများ ကွယ်ရာမှာတော့ သူမျက်မှန်ဆက်တပ်ခဲ့သေးသည်။

စာသင်တိုက်မှ တက္ကသိုလ်ရောက်သွားသည့်အချိန်မှာတော့ မျက်စိမမွဲဘဲ မျက်မှန်တတ်သည့် ရောဂါ အမြစ်ပြတ်သွားသည်။ သို့သော် မျက်မှန်တပ်ထားသည့် ဆရာတော်ကြီးများကိုတော့ မှတ်မှတ်ရရ သတိထားကြည့်မိနေဆဲဖြစ်သည်။ ၀ါသနာဆိုသည်က ဘုရားရှင်ကိုယ်တော်များသာ ပယ်စွန့်နိုင်သည်ဟု သိရသည်။

(၅)
သို့သော် တက္ကသိုလ်နေ့ရက်များတွင်တော့ နေကာမျက်မှန်လေးတစ်လက်ကို မိတ်ဆွေရဟန်းတော် တစ်ပါးက သူ့အား လှူဖူးသည်။ မိတ်ဆွေရဟန်းတော်ကို သူမှတ်မှတ်ရရဖြစ်သွားသည်။ မြတ်နိုးဖွယ်ပစ္စည်းတစ်ခုကို ပေးတတ်သည့်ပုဂ္ဂိုလ်ကို အမှတ်ရတတ်သည်မှာ သဘာဝဖြစ်သည်။ (မင်းကွန်းဆရာ တော်ကြီးသည်လည်း အကျွမ်းမ၀င်၊အပြစ်သာ မြင်တတ်သော ဆရာတော်တစ်ပါးကို မြတ်နိုး ဖွယ် လက်ဆောင် တစ်ခုပေးအပ်ကာ မိတ်ဖွဲ့ခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးကို တစ်သက်လုံး အကောင်းမမြင်သော ထိုဆရာတော်သည် မင်းကွန်းဆရာတော်ကြီးကို အမှတ်တရ ခင်မင်သွားခဲ့သည် တဲ့။ )

သူနှင့် မိတ်ဆွေရဟန်းတော်ကြားတွင် နွေးထွေးမှုသာ ရှိခဲ့သော ဆက်ဆံရေးသည် ပိုမို ခိုင်မြဲသွားခဲ့သည်။ အမှန်တကယ်တော့ ထိုမိတ်ဆွေရဟန်း တော်သည်လည်း မျက်မှန်ချစ်သူဖြစ်ပါသည်။ မျက်မှန် အကြောင်းပြောတတ်သော သူ့အတွက်ပါ ပိုဝယ်လာခြင်းဖြစ်သည်။ အသစ်ရထားသော မျက်မှန်အနက်တပ်ပြီး တက္ကသိုလ်အဆောင်များကို တစ်ခန်းဝင်တစ်ခန်းထွက် လှည့်ပတ်ပစ်လိုက်သည့်အခါ “တောင်ပုလု ဆရာတော်ကြီး မရှိတော့ဘူးဆိုတော့ မြောက်ပုလုဆရာတော်တစ်ပါးတော့ ပေါ်ပြီဟေ့” တဲ့။ မိတ်ဆွေ ရဟန်းတော်များက ကောင်းချီးပေးကြလေသည်။

(၆)
လေးနှစ်တာသာသနာ့တက္ကသိုလ်နှစ်များနှင့် နှစ်နှစ်တာသာသနာပြုရဟန်းတစ်ပါးအဖြစ် တာဝန်များထမ်း ဆောင်ပြီးဆုံးသွားသောအခါ သူဘွဲ့တစ်ဘွဲ့ရပါသည်။ ထိုဘွဲ့ရပြီးသောအခါ ဒကာဝိမုတ္တိ၏ “ဒီလိုလေး လုပ်ရင် ကောင်းမလား” ဆောင်းပါးကို မဖတ်ရသေးပါ။ သူ့ထံမှ တစ်ခုခုကြားချင်နေသည့် အသိုင်းအ၀ိုင်းကို သူကျောခိုင်းပစ်လိုက်ပါသည်။ (ကံကောင်းထောက်မစွာပင် မန္တလေးစာသင်သားလောကတွင် ကျွမ်းဝင်ခဲ့ရ သည့် ( အတူငတ်ခဲ့ဖူးသည့်) မိတ်ဆွေရဟန်းတော်က ရန်ကုန်မြို့ပြတွင် ကျောင်းထိုင် ဆရာ တော်ကြီးဖြစ် နေလေသည်။ သို့နှင့် သူသည်လည်း ရှေးပုံပြင်များထဲကအတိုင်းပင် “သူငယ်ချင်းဘုရင်ဖြစ်၍ စစ်သူကြီးဖြစ်ရ” ဆိုသည်မျိုးနှင့် တူအောင် ဇာတ်ညွှန်းရေးဖြစ်ခဲ့လေတော့သည်။ သူက ထိုကျောင်းတိုက်၏ နာယကတစ်ပါးဖြစ်လာခဲ့ပါသည်။

နာယကတစ်ပါးဖြစ်လာသည်က သူပြောလိုသည့် မျက်မှန်နှင့်မဆိုင်ပါ။ သို့သော် ထိုကျောင်းတိုက်တွင် စာပေပို့ချရင်း ရန်ကုန်မြို့ရှိ၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရ အောင် ကြိုးစားခဲ့ပါသည်။ ထိုစဉ်က သူ့အတွေးတွင် ဘွဲ့ဒီဂရီများသည် အရေးပါသည်ဟု ထင်နေ၍ ဖြစ်သည်။(သို့သော် ဘွဲ့ဒီဂရီများသည် သူ့အတွက် အလုပ်ဖြစ်ဆဲဖြစ်သည်။ အမေကိုယ်တိုင်က သူ့သားရဟန်း ရထားသော ဘွဲ့များကို ဘာမှန်းမသိဘဲ ဂုဏ်ယူနေဆဲဖြစ်သည်။)(သူ့ဖခင်ကတော့ နိဗ္ဗာန်နှင့် နျူကလီးယား အကြောင်းပြောတတ်သေး၍ သူနှင့် ဆွေးနွေးနိုင်သည်၊)

ထေရ၀ါဒတက္ကသိုလ်သို့တက်ရောက်ဖြစ်သည့်အခါ သူ့မူဝါဒအတိုင်း စာသင်ခန်း၏ နောက်ဆုံးတန်းမှသာ တက်လေ့ရှိသည်။ အချိန်မရွေးထပြန်နိုင်သောကြောင့် နောက်ဆုံးခုံများသာ သူရွေးချယ်လေ့ရှိသည်။ (သူတက်ရောက်ပြီး နောက်နှစ်များတွင်တော့ ခုံနံပါတ်အစဉ်အတိုင်း ထိုင်ကြရန် စည်းကမ်းထုတ်ပြန်ခဲ့ပါသည်။)
သူ့ဘ၀တစ်လျောက်လုံး တက္ကသိုလ်များကို တက်မိသောအခါက ဆရာများပြောသော ပို့ချချက်ကို မှတ်စုရေး ခဲ့ခြင်းမရှိပါ။ သူက အလွန်ပျင်းသော ကျောင်းသားတစ်ယောက်ဖြစ်၍ မှတ်မိအောင်ပဲ နားထောင်ခဲ့သည်။ မမှတ်မိလျှင်လည်း နားလည်အောင် နားထောင်ခဲ့ပါသည်။

(စာမေးပွဲနီးပြီဆိုလျှင်တော့ သူကျောင်းတက်နေသောကာလအတွင်း ကျောင်းတက်မှန်၍ မှတ်စုရေးတတ်သော ကျောင်းသားတစ်ယောက်ကို ပစ်မှတ်ထားကာ ချဉ်းကပ်ပူဇော်လေ့ရှိပါသည်။ ကျောင်းတက်မှန်သော်လည်း မှတ်စုမရေးတတ်၊ မှတ်စုရေးတတ်သော်လည်း ကျောင်းတက်မမှန်သော ကျောင်းသားများလည်း အမှန် တကယ်ရှိပါသည်။ သူက ကျောင်းတက်လည်း မမှန်၊ မှတ်စုလည်း မရေးသော၊ ပျင်းရိသည်ဟု ကျော်ကြားသော ကျောင်းသားဖြစ်သည်။ သို့သော် ဂုဏ်ထူးများထွက်လေ့ရှိခြင်းက ဆရာများ၏ တပည့်များအား ငဲ့ညှာသော မေးခွန်းများက လွယ်၍ ဖြစ်နိုင်သည်။ ) သူနှင့် နီးစပ်သော သာသနာ့တက္ကသိုလ်အသိုင်းအ၀ိုင်းတွင် သူသည် စာမကျက်ဘဲ စာမေးပွဲအောင်သည် ဟုပြောကြသည်။ သို့သော် အရှင်ဇ၀န၏ ဘလော့တွင် ရေးထားသည့် ညဘက်စာခိုးကျက်သော ကျောင်းသားမှာ သူဖြစ်ပါသည်။)

(၇)
ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းအတွင်း နောက်ဆုံးခုံမှ ထိုင်မိသည့်အချိန်တိုင်း သူ့ဘေးမှ အတန်းဖော်ကျောင်းသားတစ်ယောက်က ၀ိုက်တ်ဘုဒ်ပေါ်မှ စာများကို တစ်လုံးမကျန်ကူးရေးနေသောအခါ သူအံ့သြရသည်။ သူ့အနေဖြင့် ဆရာတော်ဖြစ်စေ၊ဆရာလေး(သီလရှင်)ဖြစ်စေ၊ သို့မဟုတ် ဆရာ၊ ဆရာမဖြစ်စေ သင်ကြားပို့ချပေးနေသည့်အခါ နားထောင်ရုံမျှသာ ဖြစ်သည်။ ၀ိုက်တ်ဘုတ်ပေါ်မှ စာများကို မမြင်၊ နောက်ဆုံးခုံမှာ ထိုင်နေ၍ မမြင်ဟုပဲ ထင်မှတ်နေသည်။ ဘေးမှ အတန်းဖော်က တကူးတည်း ကူးနေသောအခါ သူ့ပင်ကိုယ်မျက်မှန်ရောဂါပြန်ထကာ ၀မ်းသာသွားလေသည်။ “ငါမျက်စိတကယ်မွဲနေပြီကိုး။”

မျက်မှန်တစ်လက်ကို တရားဝင်တပ်ခွင့်ရသွားသည်။ မျက်မှန်လှူမည့်သူကလည်း အဆင်သင့်ရှိနေသည်။ သူ့ကို ကြည်ညိုသော ဒကာကြီးတစ်ဦးက သူနှင့်တွေ့တိုင်း “ ဘာလိုပါသလဲ အရှင်ဘုရား” ဟု အမြဲတမ်း မေးလေ့ရှိသည်။ သူကလည်း အလိုအလျောက်ဖြေကြားသည့်စနစ်တပ်ဆင်ထားသလိုပင် “ ဘာမှ မလိုပါဘူး” ဟုသာ သူ့နှုတ်က အဖြေထွက်သွားတတ်သည်။ ထိုအဖြေကို သူ့ဒကာက အားမရသလို သူကိုယ်တိုင်ကလည်း ကျေနပ်လှသည်မဟုတ်ပါ။

သို့သော် “ဘာလိုသလဲ” နှုင့် ”ဘာမှ မလို” ဟူသော မေးခွန်းနှင့်အဖြေသာ အဆင်ပြေပါလိမ့်မည်။ ရဟန်းတစ်ပါးအတွက် ထိုကဲ့သို့သော မေးခွန်းမျိုးကို ခရီးသွားဟန်လွှဲမေးခွန်းမျိုးအဖြစ် ဖြစ်နိုင်ခြေကို တွက်ဆထားခြင်းက လုံခြုံမှုရှိပါသည်။ အလိုက်မသိအလှူခံခြင်းသည် အကြည်ညိုပျက်ဖွယ် သို့မဟုတ် ရဟန်းနှင့် ဒကာကြားဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည့်အခြေအနေသို့ ရောက်သွားနိုင်သည်။ အလှူခံပုဂ္ဂိုလ်များအတွက် အကောင်းဆုံးကတော့ “ ဘာလိုသလဲ ”မေးခွန်းမျိုးထက် ပိုမိုအဆင်ပြေသော သဒ္ဓါတရားထုထည်နှင့် ညီမျှပြီး လှူနိုင်စွမ်းကို ထမ်းထားနိုင်မည့် လှူဖွယ်ဝတ္ထုသာ ဖြစ်သည်။

သူ့ဒကာကြီးက သူ့ကို “ အရှင်ဘုရား ဘာလိုမှန်းလည်း မသိတော့ တပည့်တော်လည်း ဘာလှူရမှန်းမသိဘူး ဘုရား၊” တဲ့။ နောက်တော့ ဒကာကြီးက သူ့အတွက် အဆင်ပြေအောင် စီမံပေးလိုက်သည်။ သူနှင့် ဒကာကြားတွင် သံတမန်တစ်ယောက်ခန့်အပ်ထားလိုက်ခြင်းဖြစ်ပါသည်။ ကြားခံတစ်ယောက်နှင့် ဆက်သွယ် အလှူခံစေခြင်းဖြစ်ပါသည်။ သူ့အနေဖြင့် တိုက်ရိုက်အလှူခံစရာမလိုတော့ပါ။( မျက်နှာပူစရာ မလိုတော့ခြင်း ပင်ဖြစ်ပါသည်။)

ကြားခံဒကာက သူနှင့် ရင်းနှီးကျွမ်းဝင်သော ဂေါပကအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ကျောင်းဝေယျာဝစ္စများကို နေ့စဉ်လာရောက်ဆောင်ရွက်နေသူဖြစ်သည်။ သို့သော် သူက နှုတ်ဆိတ်နေ ဆဲဖြစ်သည်။ ကြားခံဒကာခမျာ သူ့ကို တစ်ပတ်တစ်ခါလောက်တော့ မေးလေ့ရှိသည်။ ကြားခံဒကာကလည်း ရှေးခေတ်ဘုရင်များ၏ မဟာဒါန်ဝန်တစ်ယောက်လို ဒါနအကျိုးဆောင်လုပ်ရန် ထက်သန်လေ့ရှိသည်။ သူက ဘာမှမပြောသည့်အခါ အခက်အခဲတွေ့ဟန်တူသည်။ ဂေါပကဒကာသည် အလှူ့ရှင်ဒကာကြီး၏ “ ကျွန်တော့်ဦးဇင်း ဘာလိုသလဲ” ဟူသော မေးခွန်းကို ဖြေချင်နေသည်။

မျက်မှန်တစ်လက် လိုသည် ဟု သူပြောလိုက်သောအခါ သူ့ဒကာကြီးရော၊ သူ့မဟာဒါန်ဝန်ဒကာပါ အဆင်ပြေသွားသည်။ ရွှေပြည်ကြီး၏ မျက်မှန်ဆိုင်များတွင် မာတုဂါမလေးများကိုသာ ခန့်ထားသည် ဟုထင်ရသည်။ သူ မျက်မှန်တစ်လက်ဝယ်ရန် မျက်မှန်ဆိုင်များသို့ ရောက်သွားသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် “လူမျိုးဘာသာ မရွေး” ဟူသော ဝေါဟာရကို သူကျက်မိသွားသည်။ “ဘုန်းဘုန်းက ဘရုစ် ၀ီလီစ်( Bruce Willies) နဲ့ တူတယ်” တဲ့။


09 July, 2010

ကိုရင်လက္ခဏကို ပြန်တွေ့ပြီ(၆)

(၁၂)
ဆရာဘုန်းတော်ကြီး၏ မျက်နှာသာပေးမှု မခံရသော ကိုရင်ငယ်တစ်ပါး၏ အနေကျုံ့မှုမျိုးကို အသင်းခွဲခံ လိုက်ရသော သိုးမဲတစ်ကောင်လို သူခါးသီးခဲ့ဖူးသည်။ သို့သော် သူက နောင်တရခဲ့သည်တော့ မဟုတ်၊ စာရူးပေရူးဘ၀ကို ခုံမင်နေဆဲဖြစ်သည်။ ဖတ်လိုက်စ ဘုတ်အုပ်များကို သူက လွှတ်မချခဲ့။

ညဘက်တစ်ခုတွင် ဖယောင်းတိုင်များ တစ်တိုင်ပြီး တစ်တိုင်ထွန်းကာ ၀တ္ထုစာအုပ်တစ်အုပ်ကို ပြီးအောင် ဖတ်ပစ်လိုက်သည်။ ကျိန်းစက်ရာမှ တစ်ရေးနိုးထလာသော ဆရာဘုန်းတော်ကြီးက မီးယောင်ပျပျလင်းနေသော သူ့အခန်းကို သတိပြုမိ သွားသည်။ သူစာဖတ်နေသည်ကို ဆရာဘုန်းတော်ကြီး သိပါသည်။ သို့သော် သူဖတ်နေသည့်စာက ဆရာဘုန်းတော်ကြီးနှစ်ခြိုက်သော စာပေအမျိုးအစားတော့ မဟုတ်လေ။

နံနက်အရုဏ်ဆွမ်းစားချိန်မှာတော့ “ အင်း မောင်ရင်လက္ခဏတို့ ကိုယ့်စာကိုယ်သာ ညတုန်းကလို သန်းကောင်သန်းလွဲ ကြိုးစားရင် ငါတို့များတော့ တိပိဋကဓရ ဆရာဖြစ်ရချေသေးဗျား” တဲ့။ ဆရာဘုန်းတော်ကြီးက ယခုလိုမျိုးရယ်သွမ်းသွေးစကားနှင့် ထိမိစွာ ဆုံးမတတ်သော်လည်း အသိဉာဏ်တိုးတိမ်နေသေးသော သူက အဓိကနှင့် သာမညကို မကွဲပြားခဲ့ပါ။ ကိုယ့်အဖြေလွှာကိုသာ ကိုယ်အမှတ်ပြည့်ပေးခဲ့ပါသည်။ သူနှင့် ဆရာဘုန်းကြီး အကြားဆက်ဆံရေးက မနွေးထွေးလှတော့ပါ။

(၁၃)
ကမ္မဋ္ဌာန်းဘက်ကို မျက်နှာမူထားသော ဆရာဘုန်းကြီးက သူ့ကို အမျိုးသမီးယောဂီငယ်လေးများနှင့်လည်း စိတ်မချတတ်ပြန်ပါ။ ကဗျာယောင်ယောင် စာယောင်ယောင် စာမေးပွဲကျကာ စိတ်လေနေသည့် ရှင်ငယ်လေး တစ်ပါးနှင့် ပေါ်ပြူလာယောဂီမလေးများ ရောထွေးသွားမှာကို စိုးရိမ်ခဲ့ပါသည်။ နွေရာသီကျောင်း ပိတ်ရက်အတွင်းဆိုလျှင် ဆရာဘုန်းတော်ကြီး၏ ရိပ်သာတရားစခန်းပွဲများက ဆယ်ကျော်သက်ယောဂီမလေး များဖြင့် ပြည့်နေတတ်ပါသည်။

ကဗျာရေးသော၊ အဆင်သင့်မျက်နှာချိုနေတတ်သော(“မျက်နှာပြောင်၊မျက်နှာရူး ဆိုသော ဝေါဟာရများကို ဆင်ဆာဌာနသို့ ပို့လိုက်ပါသည်။) သူ့ကို ယောဂီမလေးများက ခရီးသွားဟန်လွှဲ ဓမ္မမိတ်ဆွေ လုပ်ပစ်လိုက်ကြသည်။ သူကလည်း ဆရာဘုန်းတော်ကြီး၏ “ သံသရာဆွေမျိုး ”ဆိုသည့်တရားကို ယောဂီမ လေးများနှင့် လိုက်ဖက်အောင် ဆက်ဟောခဲ့ပါသည်။

(၁၄)
အမှန်တကယ်တော့ အထက် အညာမြို့လေးများ၏ ထုံးစံအရ သာသနာ့ဝန်ထမ်းကို မိသားစုဝင်တစ်ယောက်လို ခင်မင်ကျွမ်းဝင်လိုကြခြင်းသာဖြစ်ပါသည်။ တကယ်လည်း မိသားစုဝင်လိုပင် သဘောထားကာ တံခါးမရှိ ဓါးမရှိ ၀င်စေ ထွက်စေဖြစ်ပါသည်။ ရထားပေါ် ကားပေါ်မျိုးမှာပင် သာသနာ့ဝန်ထမ်းရှင်ရဟန်းတစ်ပါးပါးနှင့် တွေ့ကြုံသည့် အခါ ဦအောင် မိတ်ဖွဲ့၍ ရပ်ရွာမြို့ရပ်သို့ လာလည်ဖို့ ဖိတ်ခေါ်တတ်ကြသည်။ ရောက်သွားသည့်အခါမျိုးတွင်လည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားကာ ဧည့်ဝတ်ကျေပွန်တတ်ကြပါလေသည်။

(အထက်ပိုင်းမြို့လေးတစ်မြို့မှ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ “ ရွာမှာ ပဌာန်းပွဲ သုံးနှစ်ကျင်းပလိုက်တာ ရဟန်းလူထွက် အယောက်နှစ်ဆယ်လောက် အဖတ်တင်သွားတယ် ”တဲ့။ “ငါတို့ရွာသူတွေက ရိုးရိုးခင်တာ ငါ့ရှင်တွေက တစ်မျိုးဘာသာပြန်ကြတာကိုး”တဲ့။ ဘာသာပြန်မှားသွားသည့်အခါမျိုးတွင်လည်း မိဘမောင်ဘွား နှင့် ရပ်ရွာက အလွယ်တကူပင် ခွင့်လွှတ်လိုက်ကြပြန်သည်။ ကမ္မဿကာတရားကို နှလုံးသွင်းရာတွင် အလွန်ငြိမ်းချမ်းသော လူများဖြစ်သည်။)

ဝန်းသိုမြို့လေးတွင် “နင်” “ငါ”ဆိုသော စကားလုံးများကို အင်္ဂလိပ်စကား “အိုင်နှင့် ယူ “ လိုပင် သုံးစွဲပြောဆိုတတ်ကြသည်။ ၀န်းသိုမြို့လေး၏ နာပျော်ဖွယ်ရာကောင်းသော အခြားအသုံးအနှုံးတစ်ခုက အောက်ပြည်အောက်ရွာတွင် ယဉ်ကျေးဖွယ်ရာစကားနောက်ဆက်တွဲဖြစ်သည့် “ဗျာ”နှင့် ”ရှင်” ကဲ့သို့သော အသုံးများနှင့် အဓိပ္ပါယ်တူသည့် “ ညယ်” ဆိုသော အသံချိုချိုလေးဖြစ်ပါသည်။ “ဘာလဲဗျာ” သည် “ဘာလဲ ညယ်” ။ “မသိပါဘူး ရှင်”သည် “သိပါဘူး ညယ်”။ သို့နှင့် ယောဂီမလေးများနှင့် သူပြောနေသော စကားကိုသာ အောက်ပြည်အောက်ရွာက လူများကြားလျှင် မယဉ်ကျေးဖွယ်ရာ ဟု မြင်ကောင်းမြင်ပေလိမ့်မည်။ “ ဒီမှာညယ့် ကိုရင် လက္ခဏ၊ နင့်အသက်ဘယ်လောက်ရှိပြီလဲညယ်” ဆိုတာမျိုးလေ။

မည်သို့ဖြစ်စေ ဆရာဘုန်းတော်ကြီး၏ ကရုဏာဒေါသောနှင့် သံသယရောယှက်သော မျက်လုံးများကို ရင်မဆိုင်နိုင်တော့သောအခါ ခင်မင်ရသော မိတ်ဆွေ သီတင်းသုံးဖော်နှင့် စာတက်ဖက်များ၊ တညယ်တည်း ညယ်ကြသော အနယ်နယ်အရပ်ရပ်က ယောဂီမလေးများ၊ ထုတ်ဝေလက်စ ကဗျာစာအုပ်အတွဲလေးများကို ချန်ထားကာ ပထမကြီးတန်းကို ဒုတိယအကြိမ်ကျရှုံးရန် ကောလင်းမြို့လေးသို့ သူပြောင်းရွှေ့ခဲ့ပါသည်။
ဒီလိုလေးရေးခဲ့မိသေးသည်ထင်၏။
“ထာဝရ”ဟု၊
ဘာမှ မချန်၊
နောက်ဆံမတင်း၊
အရှင်းပယ်ဖျက်၊
နှုတ်ဆက်ခဲ့သည်။

08 July, 2010

လင်းဆေးလိုဟန် ၀ိပဿနာပွားလေပြီ


(၁)
တံခါးခေါက်သံကြားလိုက်ရ၏။ “ဟဲလို လင်းဆေးလိုဟန်လား ၀င်ခဲ့လေ”
ဗုဒ္ဓဓမ္မ၏ ငြိမ်းအေးသောရင်ခွင်က ပူလောင်မှုနှင့် ချုပ်နှောင်မှုများအတွက် အေးမြပွင့်လင်းနေပါသည်။

(၂)
ယမန်နေ့ထုတ် သတင်းစာများနှင့် ရုပ်သံသတင်းများတွင် တရှုံ့ရှုံ့ငိုကျွေးနေလေသည့် မာတုဂါမလေးကို ကရုဏာသက်မိရသေး၏။ အော် ဟောလိဝုဒ်က မျိုးဆက်သစ်အနုပညာရှင်မင်းသမီးလေး။ ခက်လည်း ခက်ပါ့။ မူးယစ်ဆေးဝါးတဲ့၊ အလ်ကိုဟောတဲ့၊ ၀တ်လစ်စလစ်တဲ့။ လင်းဆေးလိုဟန်နှင့် တွဲစပ်ကျော်ကြားသော ဝေါဟာရများ။

ပြောမရဆိုမရ ဖုံးဖိမရ မင်းသမီးလေးကို ထောင်ဒဏ် ရက်ကိုးဆယ်သတ်မှတ်လိုက်တော့ ခမျာလေးက သနားစဖွယ်ငိုရှာလေသည်။ ရက်ကိုးဆယ် အကျဉ်းစံရက်များကို နုနယ်သော မင်းသမီးငယ်လေး ဘယ်လိုဖြတ် သန်းပါ့။

ခုတော့ သိပြီ တဲ့။ ဗုဒ္ဓစကား လိုက်နာပွားကာ ၀ိပဿနာတရား အားထုတ်တော့မည်တဲ့။ အကျဉ်းစံရက်များ အတွင်းမှာ အာနာပါနကမ္မဋ္ဌာန်းဖြစ်သည့် ၀င်လေထွက်လေရှုမှတ်ခြင်းဖြင့် စိတ်ငြိမ်းချမ်းအောင် ကြိုးစားမည်တဲ့။ ကောင်းလေစွ။

ဟောလိဝုဒ်အနုပညာရှင်လောကတွင် စိတ်ကျဉ်းကြပ်မှုနှင့် ကြုံတွေ့ကာ သောကပွားကြရလေတိုင်း ဗုဒ္ဓဓမ္မအရိပ်ကို ခိုလေ့ ရှိကြပါသတဲ့။ ကီ နူး ရိဗ်၊(၄၅) အောလန်ဒို ဘလွန်း (၃၃) နှင့် ဂျေလို (၄၀)တို့သည် ထင်ရှားသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသတဲ့။

ဗုဒ္ဓရှင်လက်ထက်တော်ကလည်း ဝေသာလီမှ အမ္ဗပါလီ၊ ရာဇဂြိုဟ်မှ သီရိမာတို့သည် ထင်ရှားသည့် ဗုဒ္ဓဘာသာဝင်ဆယ်လီဘရစ်တီများဖြစ်ကြသည်။

ဒကာမလေး လင်းဆေးလိုဟန်အနေဖြင့် အကျဉ်းထောင်နံရံတစ်ဘက်တွင် အာနာပါနကမ္မဋ္ဌာန်းနည်းအတိုင်း ၀င်လေထွက်လေကို ရှုမှတ်၊ သတိကပ်ရင်း အရှုပ်တွေ ရှင်း၊ စိတ်အလင်းပေါက်အောင် ကျင့်နိုင်ပါစေသတည်း။

ဓမ္မဂင်္ဂါ ၀၈-၀၇-၂၀၁၀

နာလန္ဒာမှာ ဒလိုင်လားမားကို ထားခဲ့တော့

နာလန္ဒာကျောင်းတော်ဟောင်း

(၁)

ခွဲခွာရမယ့် အနာဂတ်ရဲ့
ညနေတစ်ခုမှာ
လှပစွာ မင်းပြုံးနိုင်ဖို့
မျက်ရည်များနဲ့ ငါပျော်မွေ့ဆဲပါ။
ထားခဲ့ကွယ်
ထားခဲ့
ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့။
(ပိုင်စိုးဝေ)

စောစောစီးစီး ဆရာပိုင်စိုးဝေကြီးရဲ့ ကဗျာတစ်ပိုင်းတစ်စ နှုတ်ဝယ်ရွရွဖြစ်သွားရပေါ့။ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့ တဲ့။ ဆရာမဂျူးက ကဗျာစာသားလေးကို ၀တ္ထုတစ်ပုဒ်မှာ ခေါင်းစီးတင်လိုက်တဲ့အခါ ပိုကြွသွားတယ်။ ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့။ ဒီမနက် ဖတ်မိတဲ့သတင်းကလည်း '' Nalanda versity revival , minus the Dalai Lama'' (နာလန္ဒာမှာ ဒလိုင်လားမားကို ထားခဲ့တော့) ဖြစ်နေပါရောလား။

(၂)
နာလန္ဒာတက္ကသိုလ်ကြီးကို ပြန်လည်အသက်သွင်းမယ့် ပရောဂျက်မှာ အဓိကပါဝင်မယ့် တရုတ်နိုင်ငံကို ငဲ့ကွက်သောအားဖြင့် ဒလိုင်လားမားကို အိန္ဒိယအစိုးရက ထားခဲ့ရမှာ ဖြစ်ပါတယ်။ နာလန္ဒာပရောဂျက်မှာ ဒလိုင်လားမားကြီး မပါကြေး။

ဒီနေ့ ကျင်းပတဲ့ အိန္ဒိယကက်ဘိနက်အစည်းအဝေးမှာ တရုတ်နဲ့ အခြား ၁၂ နိုင်ငံပါဝင်တဲ့ အာရှထိပ်သီးညီလာခံအဖွဲ့က ဦးဆောင်မယ့် နာလန္ဒာကို နိုင်ငံတကာ တက္ကသိုလ်ကြီးအဖြစ်ပြန်လည် အသက်သွင်းရေးစီမံကိန်းအတွက် ငွေကြေးလျာထားချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာလန္ဒာတက္ကသိုလ်ကြီးကို ဒီနှစ်မှာ အစပြုလည်ပတ်နိုင်တော့မှာဖြစ်သလို သင်ရိုးညွှန်းတမ်းကတော့ ဗုဒ္ဓဓမ္မကိုပဲ အခြေခံမှာ ဖြစ်ပါသတဲ့။ ၁၂ နှစ်ရာစုမှာ ကျူကျော်ဖျက်ဆီးသူတွေကြောင့် နာလန္ဒာတက္ကသိုလ် ကျောင်းတော်ကြီး မီးလောင်ပျက်သုံးသွားပြီးနောက်ပိုင်း နာလန္ဒာရဲ့ မဟာယာနဂိုဏ်း အစဉ်အလာကို တိဘက်က ထိန်းသိမ်းဆက်ခံခဲ့တာပါ ။

“ဒလိုင်လားမားအရှင်ကို နာလန္ဒာပရောဂျက်မှာ ထားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ သဘောထားက ရယ်စရာကောင်းပေမယ့် ပထ၀ီနိုင်ငံရေးသဘောတရားအရတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ် ” လို့ ဒလိုင်လားမားကြီးရဲ့ သာဝကတွေက ဆိုပါတယ်။ ဒလိုင်းလားမားအရှင်မြတ် ဒီပရောဂျက်မှာ ပါဝင်တာထက် ဗုဒ္ဓဘာသာနိုင်ငံအများစုရဲ့ အထောက်အပံ့နဲ့ နာလန္ဒာတက္ကသိုလ်ကြီး ပြန်လည်ရှင်သန်ရေးက ပိုအရေးကြီးပါတယ် တဲ့။

ဒလိုင်လားမားကြီး မပါဝင်ပေမယ့် ဒီပရောဂျက်ကို စီးပွားရေးနိုဘယ်ဆုရှင် အမရ်တျာ ဆင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ စင်ကာပူအပါအ၀င် အရှေ့အာရှနိုင်ငံများမှာ နာလန္ဒာတက္ကသိုလ်ပြန် လည်ရှင်သန်ရေးအတွက် အဆိုပြုလွှာတွေ ရရှိရေး အစည်းအဝေးတွေ ထပ်ထလဲလဲကျင်းပပြီးတဲ့ နာလန္ဒာအကြံပြုအဖွဲ့ကို အမရ်တျာဆင်းက ဦးဆောင်မှာ ဖြစ်ပါတယ်။

နောက်လက စပြီး နာလန္ဒာတက္ကသိုလ်ကြီးရဲ့ စည်းမျဉ်းတွေ ရေးဆွဲကြတော့မယ့် နာလန္ဒာအကြုံပြုအဖွဲ့ဟာ အရှေ့အာရှနိုင်ငံများအဖွဲ့က တက္ကသိုလ်ဘုတ်အဖွဲ့ဝင်တွေကို မရွေးချယ်ရသေးမီအထိ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့အဖြစ်တည်ရှိနေမှာ ဖြစ်ပါတယ်။ သမ္မတကြီးကတော့ ဧည့်သည်တော်ဖြစ်ပါလိမ့်မယ်။ ဒေလီ ဆရီရမ် အမျိုးသမီးကောလိပ်က ဂိုပါ ဆဘာဝါလ်ဟာ နာလန္ဒာတက္ကသိုလ်ကြီးရဲ့ ပထမဆုံးပါမောက္ခချုပ်ဖြစ်နိုင်ပါသတဲ့။

နာလန္ဒာအပြည်ပြည်ဆိုင်ရာတက္ကသိုလ်ကြီးဟာ ဗီဟာပြည်နယ်ပြတိုက်ထဲမှာသိမ်းဆည်းထားခဲ့တဲ့ ကိုယ်ပိုင် ကျောင်းတော်အမှတ်တံဆိပ်နဲ့ သီးခြားတက္ကသိုလ်ကြီးအဖြစ်တည်ရှိမှာ ဖြစ်ပါတယ်။ အာရှထိပ်သီးနိုင်ငံများနဲ့ ညှိနှိုင်းပြီး တက္ကသိုလ်ကြီးပြန်လည် ရှင်သန်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ရူပီး ကုဋေပေါင်း ၁၀၀၅ ထည့်ဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းကော်မရှင်က တက္ကသိုလ်ကြီး ကိုယ့်ခြေကိုယ့် လက်ရပ်တည်နိုင်တဲ့ အချိန်ထိ ရူပီး ကုဋေငါးဆယ် သုံးစွဲပါလိမ့်မယ်။ တက္ကသိုလ်အနေနဲ့လည်း လူထုနဲ့ ပုဂ္ဂလိကအလှူရှင်တွေဆီက အလှူငွေတွေ ရရှိနိုင်မှာ ဖြစ်သလို အခြားသော အဖွဲ့ဝင်နိုင်ငံတွေကလည်း စေတနာအလျောက်ထည့်ဝင်လှူဒါန်းကြမှာ ဖြစ်ပါတယ်။

နာလန္ဒာတက္ကသိုလ်ကြီးမှာ သင်ကြားပို့ချပေးဖို့ အဆိုပြုထားတဲ့ဘာသာရပ်တွေကတော့
ဗုဒ္ဓဘာသာသုတေသနပညာ(Buddhist Studies,)
ဒဿနနှင့် ဘာသာတရားများနှိုင်းယှဉ်လေ့လာမှုပညာ (Philosophy and Comparative Religions Studies) နိုင်ငံတကာဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးသုတေသနပညာ (International Relations & Peace Studies, )
လူထုရေးရာမူဝါဒနှင့် ဖွံဖြိုးရေးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုပညာ(Business Management in relation to Public Policy and Development Studies, )
ဘာသာစကားများနှင့် စာပေပညာ (Languages and Literature; )
ဂေဟဗေဒနှင့် ပတ်ဝန်းကျင်သုတေသနပညာ(Ecology and Environmental Studies) များဖြစ်ပါသတဲ့။

အိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်အစိုးရကတော့ တက္ကသိုလ်စီမံကိန်းအတွက် ရာဇဂြိုဟ်၊ နာလန္ဒာကျောင်း တော်အဟောင်းနားမှာ မြေဧက ငါးရာ အဆင်သင့်ရရှိပြီးဖြစ်ပါတယ်။ နောက်ထပ် မြေဧက ငါးရာ ဆက်လက်ရရှိဦးမှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ကတော့ ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးအမြတ်အများကြီး ရဦးမှာပါ။

(၃)

ကဲ နာလန္ဒာပရောဂျက်မှာ ဒလိုင်လားမားကြီးကို ထားခဲ့မှ ဖြစ်မှာကိုး။

ဓမ္မဂင်္ဂါ
၀၈-၀၇-၂၀၁၀


မူရင်းစာမျက်နှာ

07 July, 2010

ရဟန်းနှင့် ရေနံ

(၁)
“ရေနံရှာနိုင်တဲ့ လူနှစ်ယောက်လိုချင်တယ်တဲ့၊ ရေနံရှာနိုင်တဲ့လူလို့ပြောတာနော်၊ အဖြူ အမဲမခွဲခြားဘူး။”

မြေပဲပါရဂူဟု ကျော်ကြားသည့် လူမဲပညာကျော်ဂျော့ခ်ဝါရှင်တန် ကာဗာက သည်စကားကိုပဲ တဖွဖွပြောနေတတ်ပါသည်။ ရေနံရှာဖွေပေးနိုင်မည့် လူနှစ်ယောက်လောက် လိုချင်သည်ဟု ကုမ္ပဏီကြီးတစ်ခုက မစ္စတာကာဗာထံ အပူကပ်နေသည်။ လူဖြူဖြစ်ရန်၊လူမဲဖြစ်ရန် သတ်မှတ်ချက်မရှိ၊ ဘွဲ့ရခြင်း မရခြင်းနှင့်လည်း မသက်ဆိုင်၊ ရေနံရှာဖွေပေးနိုင်မည့် လူနှစ်ယောက်။

(၂)
ရွှေပြည်ကြီးမှာ နေစဉ်က သူ့မှာ ကိုယ်ပိုင်စာအုပ်စင်လေးရှိသည်။ စာအုပ်စင်လေးကို ဖြည့်တင်းရန် ပန်းဆိုးတန်း ဂုံးတံတားကြီးကို ဖြတ်ကျော်မိတိုင်း သူ့စိတ်ကူးစိတ်သန်းများက သွက်လက်နေတတ်သည်။ စာအုပ်ငေးရသည့် အရသာက ဖြူလွလွရှိပါသည်။ ၀ယ်မည့်စာအုပ်ကို ပထမဆုံးသတ်သတ်မှတ်မှတ် ငွေးရှင်းကောင်တာကို ပို့ပြီးမှ မမြင်ဖူးသေးသည့် စာအုပ်များကို ဆက်ငေးသည်။ ငေးမိသော စာအုပ်ထဲမှ ကြိုက်နှစ်သက်သော စာအုပ်ကို မြည်းစမ်းဖတ်ရှုကာ နောက်တစ်ခါပန်းဆိုးတန်းခရီးစဉ်အတွက် တေးမှတ်လေ့ရှိသည်။ လက်လွန်ကာ စာအုပ်ပိုဝယ်မိလျှင် ဘတ်စ်ကားတိုး၍ ပြန်ရလေ့ရှိပါသည်။

ရဟန်းတစ်ပါးဖြစ်သော သူ့အတွက် စွဲလမ်းသိမ်းဆည်းတတ်သော အရာဆို၍ စာအုပ်များသာ ရှိသည်။ အခြားအရာများကိုတော့ သိမ်းပိုက်လေးလံလိုခြင်းမရှိတတ်။ သို့အတွက် သူ့ခရီးစဉ်များသည် အမြဲတမ်းပေါ့ပါး နေတတ်သည်။ ရန်ကုန်မှာ စာပေပို့ချနေစဉ်က သုံးလခန့် သူနှင့်အတူ လာရောက်နေထိုင်သော သူ့ဖခင်ကြီးသည် ထုပ်ပိုးသိမ်းဆည်းမှုမရှိသည့် ( စည်းကမ်းမရှိခြင်းဟုလည်း ထင်မြင်နိုင်စရာဖြစ်သည့်) သူ့ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စိတ်ပျက်စွာ ညီးညူလေ့ရှိသည်။ “မောင်ပဇင်းက ရဟန်းဘ၀နဲ့ပဲ ကောင်းတယ်၊ လူ့ဘ၀မှာဆို စားစရာရှိမှာမဟုတ်ဘူး”တဲ့။

စာအုပ်များကိုတော့ သူတခုတ်တရသိမ်းဆည်းတတ်သေးသည်။ သို့သော် စာအုပ်များ မကြာခဏ ပျောက်ပျက်သောအခါ စိတ်ညစ်ရသည့် နာကျင်မှုဒဏ်ကို သူမခံစားနိုင်။ နောက်တော့ အခြားအရာများ ပျောက်ဆုံးသည်ထက် စာအုပ်ပျောက်ခြင်းက ဖြေဆည်ရာရှိသည်ဟု သူတွေးသည်။ ဖတ်သူတစ်ယောက် ယောက်လက်ထဲမှာတော့ ပျောက်သွားသော စာအုပ်လေး လင်းလင်းချင်းချင်းရှိနေပါလိမ့်မည်။ ထုပ်ပိုး စက္ကူမဖြစ်မချင်းပေါ့။

ရွှေပြည်ကြီးက ထွက်လာချိန်မှာတော့ သူ့စာအုပ်စင်လေးကိုပါ သံယောဇဉ်ဖြတ်လိုက်သည်။ ဖတ်ချင်ရင် ဖတ်၊ယူချင်ရင် ယူကြတော့။ ခု နောက်ပိုင်း ၀ယ်ဖြစ်သည့် စာအုပ်များကိုလည်း သိမ်းမထားတော့။ လက်မှတ်ပင် မထိုးဖြစ်၊ ဖတ်ပြီးလျှင် တစ်နေရာရာမှာ ထားပစ်ခဲ့တော့သည်။ ဥပါဒါန်တွေက အမြင်ကတ်စရာပဲ။


(၃)
ပျောက်သွားသော စာအုပ်များတွင် ဆရာဖေမြင့်၏ “မဟာကရုဏာရှင်များ” စာအုပ်လေးလည်း ပါဝင်သည်။ တိုးတက်ကြီးပွားလိုစိတ်နည်းပါးလှသည့် သူ့အတွက် ဆရာဖေမြင့်၏ တက်ကျမ်းများက အလုပ်မဖြစ်ပါ။ သို့သော် စိတ်ကို မြိမြအောင် သွေးဖို့၊ ငြိမ်းအောင် လောင်းဖို့အတွက်တော့ “နှလုံးသားအာဟာရ”လို “မဟာကရုဏာရှင်များ” လို စာအုပ်လေးများ လိုအပ်ပါသည်။


“မဟာကရုဏာရှင်များ” စာအုပ်က ကမ္ဘာမြေအတွက် ပေးဆပ်ကြသူများအကြောင်းကို ညွတ်နူးဖွယ် တင်ပြထားသည်။ သူထပ်တလဲလဲ ဖတ်ဖြစ်ခဲ့သော စာမျက်နှာများမှာ ဂျော့ခ်ဝါရှင်တန်ကာဗာ၏ နှလုံးသား လွင်ပြင်ပေါ်က ဖြူစင်ဝင်းမွတ်သော အရေးအကြောင်းများ ဖြစ်ပါသည်။ ငွေဝယ်ကျွန် လူမဲမိသားစုမှ နွမ်းပါးစုတ်ချာစွာ ကြီးပြင်းလာသော လူမဲကလေးတစ်ယောက်၏ အံ့မခန်းဖွယ် မြင့်မြတ်လှသော စိတ်နေ သဘောထားကို သူမင်သက်အားကျနေတတ်သည်။

လူမဲတစ်ယောက်အတွက် ပညာရေးအခွင့်အလမ်းနည်းပါးလှသော (လူဖြူများကြီးစိုးသည့် )ရပ်ဝန်းတွင် ပညာကျော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သည့် မစ္စတာကာဗာ၏ မာနထက် အမျိုးမျိုး ရက်စက်နှိပ်ကွပ်လွန်းသည့် ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကို စိတ်မနာကျင်ဘဲ တစ်ခုခုပေးဆပ်ရန် အမြဲတွေးနေ တတ်သော မစ္စတာကာဗာ၏ နှလုံးသားကို အံ့သြလေးမြတ်မိတတ်သည်။ “ ကျွန်တော့်ကို အကူအညီပေးခဲ့တဲ့ အရေးအပါဆုံးအတွေးတစ်ခုကတော့ ကျွန်တော်ဘယ်တော့သေမလဲဆိုတဲ့ မေးခွန်းမဟုတ်ပါဘူး။ ကျွန်တော်မသေခင်မှာ ဘာတွေကို ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်သွားနိုင်မလဲ ဆိုတဲ့ အတွေးပါ” တဲ့။ ဗရာဗိုး.....။

မစ္စတာကာဗာအနေဖြင့် တပ်စကီဂီးစိုက်ပျိုးရေးကျောင်းစာသင်ခန်းလေးက ဘယ်မှ မခွာသော်လည်း ကမ္ဘာကြီးကတော့ မစ္စတာကာဗာ့ကို မြေပဲပါရဂူ၊ ရုက္ခဗေဒပညာရှင်၊ စိုက်ပျိုးရေးသုတေသီ၊ သိပ္ပံနှင့် နည်းပညာတီထွင်သူ၊ ပန်းချီဆရာ၊ ကျောင်းဆရာ။ စန္ဒရားအနုပညာရှင်စသော ဂုဏ်ထူးဝိသေသများဖြင့် ကြည်ညိုလေးစားကြရသည်။ နိုင်ငံခေါင်းဆောင်များကိုယ်တိုင် မစ္စတာကာဗာ၏ စာသင်ခန်းလေးဆီ ရောက်အောင်လာကာ ဂါရ၀ပြုရင်း အကြံဉာဏ်များတောင်းလေ့ရှိကြသည်။ မစ္စတာကာဗာ၏ နှလုံးသားတောက်ပမှုအရောင်ကြောင့် လူမဲတစ်ဦးထက် အနှိုင်းဆမဲ့ ပိုလွန်သော သူတော်စင်ကြီးဖြစ်သွားသည်။

မစ္စတာကာဗာ၏ စိတ်အစဉ်တွင် လူသည် လူသာဖြစ်သည်။ လူအချင်းချင်း ခွဲခြားဆက်ဆံဖွယ်မလို။ လူသားတစ်ယောက်၏ အရည်အချင်းအားလျော်စွာ ကမ္ဘာမြေကို အလုပ်အကျွေးပြုဖို့သာ ဖြစ်သည်။ လူဖြူမလို၊ လူမဲမလို။ ကမ္ဘာမြေကို စိုက်ပျိုးမည့် လက်များသာ လိုပေမည်။ မစ္စတာကာဗာကိုယ်တိုင်လည်း ကမ္ဘာမြေအတွက် တီထွင်ဆန်းသစ်မှုများစွာဖြင့် အလုပ်အကျွေးပြုခဲ့သည်။

ထို့ကြောင့်ပင် ကုမ္ပဏီကြီးတစ်ခုမှ ရေနံရှာပေးနိုင်မည့် လူနှစ်ယောက်လိုချင်သည်ဟု ပြောလာသောအခါ မစ္စတာကာဗာက စာသင်ခန်းထဲတွင် တပည့်ကျောင်းသားများကို တဖွဖွ ပြောနေသည်က “ ရေနံ ရှာပေးနိုင်တဲ့ လူနှစ်ယောက် လိုချင်တယ်”။

(၄)
ယခုနှစ် နွေဦးပေါက်ရာသီတွင် တပည့်ရဟန်းတော်လေးတစ်ပါးထံမှ မက်ဆေ့ခ်ျတစ်ခုကို သူ ဖတ်ရလေသည်။ နိုင်ငံခြားတက္ကသိုလ် တစ်ခုခု တက်ချင်သည်။ တက္ကသိုလ်ကလည်း အဆင့်မြင့်ရမည်။ သူ့လို ဘွဲ့တွေ အများကြီးလည်း ရချင်ပြန်သတဲ့။ အကြံဉာဏ်ပေးပါဦးတဲ့။ ဘာပညာတွေ သင်ချင်တယ်၊ ဘာလုပ်ချင်တယ် ဆိုသော ရည်ရွယ်ချက်နှင့် ပန်းတိုင်တော့ မပါ။ သို့နှင့် သူက မက်ဆေ့ခ်ျတိုတိုလေးပြန်ပို့လိုက်ရသည်။ “ရေနံရှာမှာလား”။


ဟုတ်ပါ့။ သူ့ကိုယ်တိုင်တောင် “ ရေနံ ရှာနိုင်ပြီလား ” မသေချာလို့ ရပြီးသားဘွဲ့တွေ ပြန်ခေါက် သိမ်းထားရသေး။ အော် ရေနံရှာဖို့ မစဉ်းစားဘဲ ဘွဲ့ရဖို့နဲ့ နိုင်ငံခြားတက္ကသိုလ်ကျောင်းထွက်ဖြစ်ဖို့ စဉ်းစားနေတဲ့ ခေါက်ရိုးကျိုးအတွေးများ......။

ဓမ္မဂင်္ဂါ
၀၈-၀၇-၂၀၁၀

06 July, 2010

ရဟန်းနှင့် စီးကရက်

(၁)

''Men always remember ladies because of romance only''
“အမျိုးသားတွေဟာ အမျိုးသမီးတွေကို အချစ်တစ်ခုတည်းကြောင့်သာ သတိရတတ်ကြသတဲ့ဘုရား။ ”

မာဘိုရိုစီကရက်တစ်လိပ်ကို မီးညှိဆက်ကပ်ရင်း တက္ကသိုလ်ကျောင်းသားတစ်ယောက်က ရယ်ကျဲကျဲဖြင့် လျှောက်ထားဖူးလေသော စကားတစ်ခွန်းဖြစ်ပါသည် ။ အော် သူသည်လည်း ဆယ်ကျော်သက်ရွယ် ရှင်ငယ်ဘ၀မှ အစပြုကာ စာတိုပေစနှင့် ကဗျာဗေဒကို ဖတ်မှတ်၊ စီးကရက်ကို လက်ကြားညှပ်၊ အမြင်ကပ်ဖွယ် ကောင်းခဲ့ဖူးလေသည်ကော။ ပြန်တွေးကြည့်တော့ ဘယ်လိုမှ ကြည်ညိုဖွယ်ရာမမြင်၊ အသွင်ရိုင်းလှသည်ဟု ဆရာသခင်အဆူဆူတို့က အယူအမျိုးမျိုးပြ၊ ဆုံးမကြသော်လည်း “အမေဘယ်လို ချော့သိပ်သိပ်၊ ငါအိပ်မှ ပျော်မည် ” ဂိုက်ဖမ်းကာ သင်္ကန်းတလွှားလွှား၊ဆေးလိပ်တကားကားဖြင့် လမ်းသလားခဲ့သူကြီးပေပ။

စီးကရက်ဆိုသည်က သူ့လို ဘုန်းစကံစနည်းပါး၊ စာပေအားဖြင့် မထင်ရှားသေးသော ကိုရင်ငယ်တစ်ပါးအတွက် အလွယ်တကူ အလှူ ၀တ္ထုဖြစ်နိုင်သောအရာတော့ မဟုတ်ခဲ့။ ထို့ကြောင့်ပင် နေညိုချိန် အိမ်ပြန်ပို့ခိုင်းသော ကဗျာဆရာကြီး တင်မိုး၏ ဖန်မီးအိမ်ကို ဆေးပေါ့လိပ်တိုနှင့်သာ ခိုလှုံမိရ၏။ မည်သို့ဆိုစေ သူ၏ ငွေစကြေးစ န၀ကမ္မဟူသည် စာအုပ်နှင့် ဆေးလိပ်အတွက်သာ လျာထားသော ဘက်ဂျက်ဖြစ်လေသည်။

ဘက်ဂျက်ထူထူထောင်ထောင် န၀ကမ္မ ပြောင်ပြောင်ရောင်ရောင် ရှိသော ဒုလ္လဘအချိန်မျိုးတွင် စာအုပ်ဆိုင်များမှ ၀ယ်ရန် တေးမှတ်ထားသော စာအုပ်အချို့(အများဆုံးနှစ်အုပ်ခန့်)နှင့် စီးကရက် ငါးလိပ်ခန့်ဝယ်ယူဖြစ်ခဲ့သည်။ သူအနှစ်သက်ဆုံးစီးကရက်မှာ ဗြိတိန်နိုင်ငံမှ လာသည့် ဘင်ဆဲင် ( Benson and Hedges ) စီးကရက်ဖြစ်သည်။ ဈေးကြီးသော စီးကရက်မို့ ဗူးလိုက်ဝယ်သောက်ဖို့ ဝေးလွန်းလှပါသည်။

ဘင်ဆဲင်စီးကရက်ကို နတ်သမီးတံဆိပ် အသားမီးခြစ်ဆံဖြင့် မီးညှိရှိုက်ဖွာရသော ရသတဏှာကို သူလည်း စွဲလမ်းခဲ့ဖူးပါသည်။ သို့သော် ရဟန်း သုံးဝါအရမှာတော့ ဆေးလိပ်သောက်ခြင်းကို သူ တိကနဲ ဖြတ်ပစ်လိုက်ပါသည်။ ကျန်းမာရေးအရရော၊ သူသွားလိုသည့် လမ်းအတွက်ပါ ရှင်းပစ်သင့်သော ခလုပ်ကန်သင်း ဟု မြင်၍ဖြစ်သည်။

(၂)

ဆေးလိပ်မပြတ်မီက ဆွမ်းစားတစ်ခုတွင် ရင်းနှီးသော တက္ကသိုလ်ကျောင်းသားဒကာလေးတစ်ယောက်က မာဘိုရိုစီးကရက်ကို မီးညှိဆက်ကပ်ကာ အထက်ဖော်ပြပါ စကားရပ်ကို လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ ရွှေပြည်ကြီး၏ ဆွမ်းစားများက ထုံးစံအတိုင်း ဆွမ်းစား ကွမ်းစားခေါင်းစဉ်တပ်ထားသည့်အတွက် ဆွမ်းပြီးလျှင် ကွမ်းလည်း ပါ၊ စီးကရက်လည်းပါတတ်သည်။ မတောင့်မတ မကြောင့်ကြရသော ဒါနပွဲများဖြစ်သော်လည်း ရွေးချယ်ခွင့်တော့ မရှိလေ။ ဘင်ဆဲင်စီးကရက်ကြိုက်သည့်တိုင် မာဘိုရိုစီးကရက်ကိုလည်း ဖွာရှိုက်နိုင် ရပေလိမ့်မည်။

မာလ်ဘိုရိုစီးကရက်၏ စာလုံးပေါင်း(M.A.R.L.B.O.R.O।)ကို အကျယ်ဖွင့်လိုက်သော် ''Men always remember ladies because of romance only'' ဖြစ်လေသတတ်။ အော် ဆရာကြီး သခင် ကိုယ်တော်မှိုင်းသာ ရှိလျှင် ခွေးဋီကာ ဒေါင်းဋီကာများနှင့်အပြိုင်၊ မာလ်ဘိုရိုစီကရက်ဋီကာကျမ်းကြီးကို ပြုစုနိုင်ပေသေးသည်။

“အမျိုးသားတွေက အမျိုးသမီးတွေကို အချစ်တစ်ခုတည်းကြောင့်သာ သတိရတတ်ကြသတဲ့ ဘုရား၊ အရှင်ဘုရားကရော”တဲ့။ “အရှင်ဘုရားလည်း အမျိုးသမီးတစ်ယောက်ယောက်ကိုတော့ သတိရမိမှာပဲ၊ ဘာကြောင့် သတိရမိသလဲ၊ မာဘိုရိုဋီကာအလိုအရဆိုရင်တော့ ” ဒကာကျောင်းသားက ပြောလက်စ စကားကို ရပ်ပါသည်။
အင်း ဟုတ်ပေသား။ သူလည်း အမျိုးသမီးတစ်ယောက်ယောက်ကိုတော့ဖြင့် သတိရမိတတ်ပါသည်။

(၃)

သူ့ ဘ၀တစ်သက်တာတွင် အမျိုးသမီးများစွာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည်။ မိခင်နှင့် မိသားစုအရိပ်က ခွာတော့ သူ့အသက်က ငယ်လွန်းလှပါသေးသည်။ ပရိယတ္တိစာသင်သားဘ၀တစ်လျှောက်လုံး အမျိုးသမီးများစွာက သူ့ကို စောင့်ရှောက်ခဲ့ကြဖူးလေသည်။ ပြီးတော့ အဆင့်ဆင့်မြင့်မားလာသည့် သူ့ပညာရေးလမ်းကြောင်း အားလျော်စွာ ဓမ္မကထိကအဖြစ်၊ ဗုဒ္ဓစာပေသင်ကြားပို့ချသူအဖြစ် အမျိုးသမီးများစွာကို သူဖြတ်သန်းခဲ့ရပြန် သည်။ အမေလို အမလို ညီမလို ပြီးတော့ ဘာလိုလို....။

ဇာတိရပ်ရွာ၊ သို့မဟုတ် နေထိုင်ခဲ့ဖူးသောမြို့တစ်မြို့သို့ ပြန်ရောက်လေတိုင်း “ သတိမှ ရသေးရဲ့လား” ဟူသော မေးခွန်းကို မကြာခဏဖြေခဲ့ရဖူးသည်။ ရဟန်းတစ်ပါးဖြစ်သောသူကတော့ ငှက်တစ်ကောင်လို လွတ်လပ်ပေါ့ပါးစွာ ခပ်ခွာခွာပျံသန်းခဲ့သည်သာ များသည်။ အနီးကပ်ပျံသန်းမိသော အချိန်များတွင်တော့ အစာမရှားသော်လည်း အန္တရာယ်က များလွန်းလှပါသည်။

ရဟန်းတစ်ပါး သတိရသင့်သည့် လုံခြုံမှုရှိသော အမျိုးသမီးတစ်ယောက်ကတော့ အမေ သို့မဟုတ် အမေနှင့်တူသော မိန်းမဖြစ်သည် တဲ့။ သို့သော် အမေလည်း မဟုတ်ဘဲ၊ အမေနှင့်တူသော မိန်းမလည်း မဟုတ်ဘဲ သတိရနေမိတတ်သော အမျိုးသမီးများလည်း ရှိနေကြောင်း ၀န်ခံရပေမည်။ ဘာကြောင့် သတိရမိသလဲ ဆိုသည့် စိတ္တက္ခဏ(Momentary Consciousness) က အရေးကြီးသော်လည်း ရဟန်းတစ်ပါး၏ ပုဂ္ဂလိကအရေးကိစ္စသာ ဖြစ်သည်။

(၄)

ငယ်စဉ် အဘိဓမ္မာကျမ်းစာကို စတင်သင်ယူစဉ်က တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာဒေသနာဟောရန် ကြွသွားမည့် ဗုဒ္ဓအရှင်ကို ကြည်ညိုဦးခိုက်ရပါသည်။ ဗုဒ္ဓအရှင်သည်လည်း အမျိုးသမီးတစ်ယောက်ကို သတိရခဲ့ဖူးသည်။ မယ်တော်မိနတ်သား။ ကလေးအတွေးဝယ် မယ်တော်မိနတ်သားဆိုသော ဝေါဟာရက သိပ်မရှင်းလှပါ။ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားဆိုပြီး ဆရာဘုန်းတော်ကြီးက ဆက်ရှင်းပြမှ သဘောပေါက်သွားသည်။ He is the woman ရုပ်ရှင်ခေါင်းစဉ်ကို မြင်တော့ ငယ်ငယ်တုန်းက မယ်တော်မိနတ်သားကို သတိရကာ ပြုံးမိရသေးသည်။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓအရှင်သည် မယ်တော့်ကို သတိတရ ကျေးဇူးဆပ်ခဲ့ဖူးသည်။ ဗုဒ္ဓအရှင် သတိရမိသောအမျိုးသမီးတစ်ဦးကြောင့် အဘိဓမ္မာဒေသနာတော်ကြီးပေါ် ပေါက်လာရသည်။

ဗုဒ္ဓအရှင်၏ လကျာ်တော်ရံ အရှင်သာရိပုတ္တရာသည်လည်း ဘ၀နေ၀င်ချိန်တွင် အမျိုးသမီးတစ်ယောက်ကို သတိရခဲ့ဖူးသည်။ အမှတ်တရဖြစ်စွာပင် ဘာသာခြားမိခင်အိုကို သွားတွေ့ကာ နောက်ဆုံးတရားဟောခဲ့သည်။ မိခင်အိမ်ရိပ်မှာ လျောင်းစက်ကွယ်လွန် နိဗ္ဗာန်စံခဲ့သည်။ အရှင်သာရိပုတ္တရာ၏ အမေ့အိမ်အပြန်လမ်းကို ဂုဏ်ပြုသောအားဖြင့် နာလန္ဒာတက္ကသိုလ်ကြီးပေါ်ပေါက်ခဲ့ဖူးသည်။

နာမည်ကျော် အရှင်အာနန္ဒာကတော့ အမျိုးသမီးထုတစ်ရပ်လုံးကို သတိရခဲ့သူဖြစ်သည်။ အမျိုးသမီးများ အခွင့်အရေးအတွက် ဗုဒ္ဓအရှင်ကို အရေးဆိုခဲ့သူဖြစ်သည်။ (ထို့ကြောင့် အမျိုးသမီးများကလည်း အရှင်အာနန္ဒာဆိုလျှင် သဲသဲလှုပ်ဖြစ်ကြသည်။) အရှင်အာနန္ဒာ၏ အရေးဆိုမှုကြောင့် အမျိုးသမီးများ သာသနာတွင်း ၀င်ရောက်ခွင့်ရကာ ဘိက္ခုနီသာသနာကြီးပေါ်ပေါက်လာခဲ့သည်။ အရှင်အာနန္ဒာက အမျိုးသမီးများကို ဗုဒ္ဓအရှင်ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးအချိန်အထိ သတိတရရှိကာ ရဟန်းတော်များနှင့် အမျိုးသမီးများအရေးအတွက် ဗုဒ္ဓအရှင်အား ဆွေးနွေးလျှောက်ထားခဲ့သည်။

အင်း ဗုဒ္ဓအရှင်နှင့် သာဝကမဟာများ၏ အမျိုးသမီးများအပေါ်သတိရမှုက အကျိုးဆက်များစွာ ရှိပါသည်။ သူ့သတိရခြင်းကရော တဲ့။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ဖြစ်ပါလိမ့်မည်။

ဓမ္မဂင်္ဂါ
၀၇-၀၇-၂၀၁၀

(ဘာလိုလိုသည် ညာလိုလိုမဟုတ်လျှင် ညာလိုလိုမဟုတ်ကြောင်း မှတ်ချက်ရေးသင့်သည်ဟု မိတ်ဆွေရဟန်း တော်တစ်ပါးက အီးမေးလ်ဖြင့် အရေးပေါ် အကြံပြုပါသည်။ ရဟန်းတစ်ပါးအတွက် စကားတစ်လုံးက အနက်ဆယ်ခုထွက်သွားနိုင်သောကြောင့် ဖြစ်သည်တဲ့။)

05 July, 2010

ဒလိုင်လားမားကြီးခမျာ သက်တော် ၇၅ သာ ပြည့်ပါရော


(၁)

လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပါ။ ရန်ကုန် သမိုင်းလမ်းဆုံ စင်္ကြန်လမ်းပေါ်က ၀ယ်နေကျဖြစ်လို့ ရင်းနှီးနေတဲ့ (တစ်ခါတစ်ရံစာအုပ်ကောင်းလေးတွေ ချန်ထားတတ်ပြီး အကြွေးနဲ့လည်း ရောင်းတတ်တဲ့) ရခိုင်လူငယ်လေး တစ်ယောက်ရဲ့ စာအုပ်အဟောင်းဆိုင်လေးမှာ အဖုံးရေစိုနေတဲ့ စာအုပ်လေးတစ်အုပ်ကို ကောက်ကိုင်ခဲ့မိတယ်။ ဒလိုင်းလားမားကြီးရဲ့ ငါ့တိုင်းပြည် ငါ့လူမျိုး ( My LAND AND My PEOPLE ) ဆိုတဲ့ စာအုပ်လေးပါ။ ဘာသာပြန်သူကို မမှတ်မိတော့တာ စိတ်မကောင်းပါ။ ဒလိုင်လားမားကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိလေးပါပဲ။ ဘာသာပြန်သူရဲ့ ကျေးဇူးကြောင့် ဒလိုင်လားမားကြီးရဲ့ ရိုးသားတဲ့အသံကို ကြားဖူးရခြင်းပါ။

လယ်သမားမိဘက မွေးဖွားလာတဲ့ ကျေးလက်တောသားလေးတစ်ယောက်၊ အသက် နှစ်နှစ်သားအရွယ်မှာ တိဘက်နိုင်ငံ၊ လာဆာမြို့တော်က ပိုတာလာနန်းတော်ကြီးရဲ့ အရှင်၊ ၁၃ ပါးမြောက်ဒလိုင်လားမားကြီးဝင်စားတဲ့ ၁၄ ပါးမြောက်ဒလိုင်လားမားလို့ အသိအမှတ်ပြုကြေငြာ ခံရတဲ့အခါ နန်းသွေးနန်းရောင် ပြောင်ပြောင် လက်လက်ထဲ ရောက်သွားတဲ့ ဘ၀တစ်ခုအကြောင်းကို ရိုးသားပွင့်လင်းစွာ ရေးထားတဲ့ စာအုပ်လေး။

အထီးကျန်တိဘက်နိုင်ငံငယ်ရဲ့ ဥသျှောင်ဖြစ်နေတဲ့ ဒလိုင်လားမားပေါက်စလေး နန်းတော်အပြင်ကို အပူဇော်ခံဖို့ ထွက်စံတော်မူရလေတိုင်း တိုင်းသားပြည်သားတွေက အုတ်အုတ်ကျက်ကျက် အဖူးမျှော်ထွက်ကြ၊ အတီးအမှုတ်တွေနဲ့ ပူဇော်ကြတဲ့အခါ ဒလိုင်းလားမားလေးကလည်း တိုင်းသားပြည်သား တွေကြားထဲမှာ သာမန်ကလေးသူငယ်တစ်ယောက်လို ပွဲလမ်းသဘင်ထဲ တိုးဝှေ့ကြည့်ချင်ခဲ့ရှာပါသတဲ့။ ပလ္လင်ထက်က ဒလိုင်လားမားကိုယ်တော်လေးကလည်း လူထဲက လူပေပဲပေါ့။

ဒလိုင်လားမားပေါက်စလေး

ကမ္ဘာအရပ်ရပ်က နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ လွတ်လပ်ရေးရကြတဲ့အခါမှာမှ ဒလိုင်လားမားရဲ့ တိဘက်နိုင်ငံငယ်လေးက တရုတ်ကွန်မြူနစ် ဖိနပ်နီအောက် ရောက်သွားခဲ့ရရှာတာပါ။ ဆယ်ကျော် သက်ရွယ်မျှသာ ရှိသေးတဲ့ ဒလိုင်လားမားကိုယ်တော်လေးခမျာ အိန္ဒိယကို လက်လွတ်ထွက်ပြေးခဲ့ရရှာသပေါ့။

အော် ခုဆို ဒလိုင်လားမားကိုယ်တော်ကြီးတောင် သက်တော် ၇၅ နှစ်ပြည့်ရှာပါပေါ့။ ကိုယ့်တိုင်းပြည်ကို ခပ်ဝေးဝေးက လက်ညှိုးထိုးပြနေရတဲ့ ကိုယ်တော်ကြီးခမျာပေပဲ။ ဘာပဲပြောပြော ဒလိုင်လားမားကြီးရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓသာသနာအရောင်ဟာ ကမ္ဘာမှာ ထွန်းပြောင်ခဲ့ပါတယ်။ ရွှေပြည်ကြီးမှာ နေတုန်းကတော့ ထေရ၀ါဒပေတံအောက်မှာ ဒလိုင်လားမားကြီးဟာ သာမန်မှိန်မှိန်လေးမျှပဲ ထင်နေခဲ့တာပါ။

ပုပ်ဂျွန်ပေါလ်နဲ့အတူ

မဇ္ဈိမပညာသင်ထွက်လာမိကာမှ ကမ္ဘာ့မီဒီယာလောကမှာ ဒလိုင်လားမားနဲ့ တိဘက်သာသနာက ကျယ်ကျယ် လောင်လောင်ဖြစ်နေတာတွေ့ရတော့တယ်။ ထေရ၀ါဒဆိုတာကို မနည်းရှင်းပြနေရတာမျိုး ဖြစ်နေပါရောလား။ ကမ္ဘာ့ဘာသာရေးစင်မြင့်မှာ ဒလိုင်လားမားကြီးကို ရောမဗာတီကန်က ပုပ်ရဟန်းမင်းလိုမျိုး ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ရဟန်းမင်းကြီးလို့တောင် မြင်နေကြတာပဲကိုး။

အမြင်ကျယ်ပြောတဲ့ ဒလိုင်လားမားကြီးကိုယ်တိုင်ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာကို လေးမြတ်မှုရှိသလို တိဘက်ပညာရေးဌာနတွေမှာ ထေရ၀ါဒဗုဒ္ဓကျမ်းစာတွေကို တိုးချဲ့လေ့လာကြဖို့ ဆော်အောနေပါတယ်။

(၂)

“ကြီးမြတ်တော်မူသော အရှင်” ”ဆရာသခင်ဂုရုကြီး” “ဒလိုင်လားမားကြီး” ဆိုတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ ကမ္ဘာ့စာမျက်နှာမှာ ထင်ရှားလှပေမယ့် အမြဲတမ်းကိုယ့်ကိုယ်ကို “ သာမန်ရဟန်းတစ်ပါး”အဖြစ် ရည်ညွှန်းလေ့ရှိတဲ့ တင်န်ဇင် ဂျတ်ဆို (၁၄ ပါးမြောက်ဒလိုင်လားမားကြီး)ဟာ ဒီနေ့ သက်တော် ၇၅ နှစ်ပြည့်ခဲ့ပါပြီ။

၁၉၃၅ ခု ဇူလိုင်လ ၆ ရက်နေ့မှာ တိဘက်နိုင်ငံ၊အရှေ့မြောက်ပိုင်း အမ်ဒိုပြည်နယ်၊ တက်ဆာအရပ်က ကျေးလက်ဇနပုဒ်ရွာလေးတစ်ရွာမှာ လယ်သမားမိဘက မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ လာမို ဒွန်ဒွပ် ပါတဲ့။ ၁၉၃၇ ခုနှစ်၊ နှစ်နှစ်သားအရွယ်မှာ ၁၃ ပါးမြောက် ဒလိုင်လားမားကြီး သုဘ်တင် ဂျတ်ဆိုဝင်စားသူအဖြစ် အသိအမှတ်ပြုရွေချယ်ခြင်းခံခဲ့ရပါတယ်။

ဒီနှစ်မွေးနေ့ပွဲက သက်တော် ၇၅ နှစ်ကျော်တဲ့ ဒလိုင်လားမားအဖြစ် မှတ်တမ်းဝင်ဦးမှာဖြစ်ပါသတဲ့။ ပထမဆုံးဒလိုင်လားမားကြီး ဂေဒွန် ဒရူပ ( ၁၃၉၁-၁၄၇၄)တစ်ပါးသာ သက်တော် ၇၅ နှစ်ကျော်အောင် စံမြန်းခဲ့ရပြီး သက်တော် ၈၄ မှာမှ ကွယ်လွန်ခဲ့တာပါ။ ဒုတိယဒလိုင်လားမား ဂေဒွန် ဂျတ်ဆို(၁၄၇၅-၁၅၄၂) နဲ့ ပဉ္စမမြောက်ဒလိုင်လားမား င၀န် လော့ဆန် ဂျတ်ဆို( ၁၆၁၇-၈၂)တို့ဟာ သက်တော် ၆၇ နဲ့ ၆၅ တို့မှာ အသီးသီးကွယ်လွန်ခဲ့ကြတာဖြစ်ပါတယ်။ သက်တော်အတိုဆုံးဒလိုင်လားမားကတော့ သက်တော် ၉နှစ်မျှသာ စံသွားရရှာတဲ့ န၀မမြောက်ဒလိုင်လားမား လွန်တော့ ဂျတ်ဆို ဖြစ်ပါတယ်။

အခု သက်ရှိဒလိုင်လားမားကိုယ်တော်ကြီးကတော့ အိန္ဒိယနိုင်ငံမှာပဲ ဘ၀ရဲ့ ဆယ်စုနှစ် ငါးခုကျော်ကို လွန်မြောက်ခဲ့ရရှာတာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒလိုင်လားမားကိုယ်တော်ကြီးဟာ သူ့ရဲ့ ရိုးသားပွင့်လင်းမှု၊ ဓမ္မသုတပညာ၊ ချစ်ခင်နှစ်လိုဖွယ်ကလေးဆန်တဲ့ ဖြတ်ထိုးဥာဏ်တွေနဲ့ သာမန်လူတန်း စားတွေအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အားလုံးအတွက်

အဝေးရောက်တိဘက်အစိုးရပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကာရ်မာ ယေရှိက “ ဒလိုင်လားမားအရှင်မြတ်ကြီးရဲ့ သက်တော်၇၅ နှစ်ပြည့်မွေးနေ့အခမ်းအနားကို ကြီးကျယ်စွာ တစ်နှစ်လုံးအဆက်မပြတ်ကျင်းပကြမှာပါ။ အရှင်မြတ်ကတော့ ရိုးရိုးလေးပဲ သီတင်းသုံးစံနေချင်တာပါ” လို့ ပြောပါတယ်။

ဒလိုင်လားမား ကိုယ်တော်ကြီးစံတော်မူရာ ဓရ်မ်ဆာလာ(ဓမ္မသာလာ-တရားဇရပ်)၊ အိန္ဒိယနိုင်ငံနေရာ အသီးသီးမှာ ရှိတဲ့ တိဘက်အခြေစိုက်နေရာများနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ဓါတ်ပုံပြပွဲနဲ့ အခြားအခမ်းအနားတွေကို ကျင်းပကြမှာဖြစ်ကြောင်းကိုလည်း အဝေးရောက်တိဘက်အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။

သက်ရှိဒလိုင်လားမားကြီးရဲ့ တရားဝင်တင်ထားတဲ့ ၀က်ဘ်ဆိုက်မှာ ဒလိုင်လားမားဆိုတာ အ၀လောကိတေ သွာရ ဘုရားလောင်းတစ်ဆူပါပဲ။ မိမိရရှိမယ့် နိဗ္ဗာန်ဆုကို ဆိုင်းငံထားပြီး သတ္တ၀ါအများရဲ့ ကောင်းကျိုးအတွက် ၀င်စားတော်မူလာရတဲ့ ကရုဏာရှင်ဗောဓိသတ္တ(အသိဉာဏ်ကြီးမြတ်သောလူသား) ဖြစ်ပါသတဲ့။

၁၉၄၉ တရုတ်ကျူးကျော်မှုအပြီး ၁၉၅၀ ခုနှစ်မှာ ဒလိုင်လားမားဟာ ရင်ခွင်ပိုင်အုပ်ချုပ်နေရာက နိုင်ငံအာဏာကို လွှဲပြောင်းယူခဲ့ရပါတယ်။ ၁၉၅၄ ခုနှစ်မှာ မော်စီတုန်းနဲ့ အခြားတိန့်ရှောင်ဖိန်၊ ချူအင်လိုင်းတို့ပါဝင်တဲ့ တရုတ်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး စကားပြောဖို့ ဘီဂျင်းကို သွားခဲ့ပါသေးတယ်။

မော်စီတုန်းကြီးနဲ့

ဒါပေမယ့် ဆေးမမီတော့ပါဘူး။ တရုတ်စစ်တပ်တွေက လာဆာမြို့တော်နဲ့ တိဘက်နိုင်ငံနယ်ပယ်အသီးသီးကို ၀င်ရောက်စီးနင်းချိန် ၁၉၅၉ ခုနှစ်မှာ ဒလိုင်လားမားဟာ လာဆာမြို့တော်၊ပိုတာလာနန်းက ခွာခဲ့ရ ပါတော့တယ်။ နီပေါလ်နိုင်ငံကို ဖြတ်ပြီး အိန္ဒိယမှာ ကွန်းခိုခဲ့ရတော့တာပါ။ အဲဒီအချိန်ကတည်းက ဒလိုင်လားမားအခြေချနေထိုင်စံပျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ အရုဏာချယ်လ်ပြည်နယ်၊ ဓရ်မ်ဆာလာ( ဓမ္မသာလာ) ဟာ အဝေးရောက်တိဘက်အစိုးရရဲ့ ရုံးစိုက်ရာတောင်ပေါ်မြို့လေးလည်း ဖြစ်ပါတယ်။

၁၄ပါးမြောက် ဒလိုင်လားမားဟာ တိဘက်နိုင်ငံရဲ့ ဥသျှောင်လည်း ဖြစ်သလို တိဘက်သာသနာပိုင် ရဟန်းမင်းလည်းဖြစ်ပါတယ်။ ဒလိုင်လားမားတိဘက်နိုင်ငံကို ပြန်ပြီး မပြေလည်တဲ့ နိုင်ငံရေးလူမှုရေးပြဿနာ တွေ ဖြေရှင်းချင်ပေမယ့် တရုတ်အစိုးရကတော့ စိတ်ဝင်စားမှုမပြခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်မှာ တိဘက်အရေးအကြမ်းမဖက်ဆောင်ရွက်မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆု နှင်းအပ်ခံရပြန်ပါတယ်။

အိုဘားမားနဲ့

သက်ရွယ်တော်ရလာပေမယ့် ဒလိုင်လားမားအရှင်မြတ်ကတော့ နိုင်ငံအရပ်ရပ်ကို ခရီးမပြတ်သွားနေဆဲပါပဲ။ သမ္မတကြီးတွေ ၀န်ကြီးချုပ်တွေ၊နိုင်ငံဥသျှောင်တွေနဲ့ တွေ့ဆုံနေဆဲ။ ရောက်လေရာရာ ကမ္ဘာ့နေရာအနှံ့ အပြားမှာ သာသနာပြုတော်မူဆဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ခြောက်ဆယ့်ငါးနိုင်ငံ ခရီးထွက်ခဲ့ပြီးပါပြီ။ ဒလိုင်လားမားကြီးရဲ့ တပည့်သာဝကတွေများစွာထဲမှာ Pretty Woman ဇာတ်ကားရဲ့ သရုပ်ဆောင် ရစ်ချတ်ဂီယာအပါအ၀င် ဟောလိဝုဒ်အကျော်အမော်တွေလည်း ပါဝင်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ စံမြန်းနေရတဲ့ ဒလိုင်လားမားကိုယ်တော်ကြီးဟာ နိုင်ငံအသီးသီးက ဆက်ကပ်ထားထဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုများ၊ ပဲရစ်၊ဗင်းနစ်နဲ့ ရောမမြို့သားဆုတွေကိုလည်း လက်ခံရရှိထားတော်မူပါတယ်။
ခပ်ရိုးရိုးပဲ

ငြိမ်းချမ်းမှု၊အကြမ်းမဖက်ရေး၊ဘာသာတရားအချင်းချင်း နားလည်မှုရှိရေး၊ လောကလုံးဆိုင်ရာ တာဝန်သိမှုနဲ့ ကရုဏာတရားအကြောင်းတွေကို ဒလိုင်လားမားကြီးက ဟောကြားနေဆဲ၊ ရေးသားလမ်းပြနေဆဲပါပဲ။ ပြုစုရေးသားတော်မူတဲ့ စာအုပ်ပေါင်း ၇၀ ကျော်ရှိပါပြီ။ ဒလိုင်လားမားအရှင်မြတ်ကြီး သက်တော်ရှည်စွာ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါစေသော်။

(၃)

မဇ္ဈိမပညာသင်ခရီးနှစ်ကာလတွေမှာ တိဘက်ဘုန်းတော်ကြီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရဖူးပါတယ်။ သူက မိတ်ဆွေတိဘက်ဘုန်းတော်ကြီးတွေကို “လားမားကြီး”လို့ခေါ်လေ့ရှိသလို သူ့ကိုလည်း မိတ်ဆွေတိဘက် ဘုန်းတော်ကြီးများက “ဘန္တေကြီး”လို့ အာလုပ်ပြုလေ့ရှိပါတယ်။ စပ်မိစပ်ရာ ဓမ္မသာကစ္ဆာချိန်များမှာ အဝေးက မျှော်ငေးလွမ်းဆွတ်ရတဲ့ တိဘက်လွင်ပြင်နဲ့ ပုဂံမြို့ဟောင်းတစ်နေရာ အကြောင်းကို ရောက်သွား တတ်ကြပါသေးတယ်။ “ဘန္တေကြီးတို့က ပြန်စရာအိမ်ရှိပါသေးတယ်”လို့ ခပ်ညီးညီးပြောလေ့ရှိတဲ့ မိတ်ဆွေတိဘက် ဘုန်းကြီးလေးတစ်ပါးရဲ့ စကားကို ကြားရတဲ့အခါမျိုးမှာ ဇင်ဗုဒ္ဓဘာသာပုံပြင်လေးကို အမှတ်ရမိတတ်ပါတယ်။

တောရကျောင်းမှာသီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးဟာ ညနေရီချိန် တောစပ်လမ်းလေးက စင်္ကြန်လျှောက်ပြီး ကျောင်းပြန်ရောက်တော့ အသုံးအဆောင်ပစ္စည်းတွေ အားလုံးမရှိတော့ပါဘူးတဲ့၊ သူခိုး ခိုးသွားခဲ့ပါပြီ။ ရဟန်းက စိတ်ပျက်ပျက်နဲ့ ကျောင်းအပြင်ဘက်ထွက်လိုက်တော့ ညချမ်းမှာ လရောင်လေးဆမ်းထားတဲ့ တောရ ကျောင်းရှေ့ကွင်းပြင်လေးက ဖမ်းစားလိုက်ပါတယ်။ အဲဒီမှာ ရဟန်းတော်ရေရွတ်တဲ့ စကားလေးက သုတိသာပါတယ်။“ အော် သူခိုးခမျာ ငါ့အတွက် လရောင်လေးကိုတော့ ချန်ထားခဲ့သေးသားပဲ” တဲ့။

ဘာပဲဖြစ်ဖြစ် တိဘက်ကိုယ်တော်လေးတွေနဲ့ နှိုင်းယှဉ်ရင် သူ့မှာ လက်ညှိုးထိုးစရာ နိုင်ငံ-လရောင်လေးတော့ သာပေသေးသကိုး။ ကျေးဇူးကြီးပါပေ့။

ဓမ္မဂင်္ဂါ
၆-၇-၂၀၁၀

မူရင်းစာမျက်နှာ

02 July, 2010

ဗုဒ္ဓဘာသာ+မူစလင်ဒိုင်ယာလော့ခ်

လူသားကမ္ဘာရဲ့ ငြိမ်းချမ်းရေးလိုအပ်ချက်အတွက် ပေါ်ထွန်းလာတဲ့ ဘာသာတရားတွေကို အကြောင်းပြုပြီး ပူလောင်တဲ့ ပဋိပက္ခနဲ့ ငြင်းခုန်မှုဝိရောဓိတရားတွေ ပွားစည်းလွန်းလှတဲ့ ဒီနေ့ခေတ် ဂလိုဘယ်လ် ဒွန္နယာကြီးထဲမှာ ဒိုင်ယာလော့ခ်တွေ လိုအပ်နေပါတယ်။

ဘာသာတရားအချင်းချင်း အာဃာတနဲ့ မကျေလည်မှုတွေကို ဘာဖြစ်လို့ ဖန်တီးနေကြတော့မှာလဲ။ စစ်ပွဲတွေ ရပ်ကြစို့။

ဒိုင်ယာလော့သတင်းတစ်ပုဒ်နဲ့ မျက်နှာသစ်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ဂျမူကက်ရှမီးယားဒေသ လာဒက်မြို့မှာ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာတို့ရဲ့ အပြန်အလှန်နားလည်မှုစည်းချက်မြှင့်တင်ရေး အခြေခံတဲ့ စီမီနာတစ်ခုကို သုံးရက်ကြာအောင် မဟာဗောဓိဒေ၀ချန်စင်တာက ဧည့်ခံကျင်းပခဲ့ပါသတဲ့။

စီမီနာရဲ့ ရည်ရွယ်ချက်က သြဇာကြီးမားတဲ့ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာဝင်ကိုယ်စားလှယ်တော်ကြီးတွေကို စားပွဲဝိုင်းဆီ ဆွဲခေါ်လာဖို့ပါပဲ။

ဘာသာရေးပညာရှင်ကြီးတွေဟာ ဘာသာကြီးနှစ်ခုကြားမှာ အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်တဲ့ နက်ရှိုင်းတဲ့ မိတ်ဆွေများအဖြစ် ဖန်တီးဖို့ အားထုတ်ခဲ့ကြပါတယ်။

စီမီနာရဲ့ အခြားရည်ရွယ်ချက်တစ်ခုကတော့ ငြိမ်းချမ်းရေးအခြေခံတရားများပေါ် သက်ရောက်မှုရှိနေတဲ့ စိန်ခေါ်မှုတွေကို တို့ထိဆွေးနွေးကြဖို့ပါပဲ။ ရက်ရောတဲ့ ပူပေါင်းမှုနဲ့ စစ်မှန်တဲ့ ရင်းနှီကျွမ်းဝင်မှုတွေက အားဖြည့်ပေးနိုင်ပါလိမ့်မယ်။

ဂျမူးကက်ရှမီးယားပြည်နယ်၊ ခရီးသွားနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး န၀မ် ရစ်ဂဇင်က ကိုယ်စားလှယ်တော်များကို နှုတ်ခွန်းဆက်စကားပြောရာမှာ “ဘာသာတရားဆိုတာ ငြိမ်းချမ်းတဲ့ ဘ၀ကို ကိုယ်တိုင်ဦးတည်ကျင့်သုံးပြီး သူတစ်ပါးရဲ့ ငြိမ်းချမ်းချောမွေ့တဲ့ ဘ၀ကို တည်ဆောက်ခွင့်ပြုတဲ့ လူသားအားလုံးရဲ့ကျင့်ဝတ်ဥပဒေသတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။

“ဘာသာရေးဆိုတာ လုံးဝပုဂ္ဂိုလ်ရေးကိစ္စသာ(strictly private affair) ဖြစ်သင့်ပါတယ်၊ ဘာသာရေးဟာ သင်နဲ့ သင့်ဖန်ဆင်းရှင်ကြားက အရေးသာဖြစ်ပါတယ်၊ ဘာသာရေးဟာ သင့်ကို လူကောင်းသူကောင်းဖြစ်စေရေးအတွက်သာ ဖြစ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပျော်ရွှင်တဲ့ ဘ၀ကို တည်ဆောက်ရာမှာ ကူညီဖို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဘာသာရေးနာမည်ခံပြီး ကျွန်တော်တို့က ပဋိပက္ခတွေဖန်တီးနေကြတာပါ။ လူမှုဘ၀ပြိုကွဲမှုကြီးရဲ့ ပင်မစီးကြောင်းကြီးဖြစ်နေပါပြီ” လို့ ထပ်ဖြည့်ပြောသွားပါသေးတယ်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာဗလီအီမန်ဆရာကြီးများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အီမန် ဥမာ အာမက် အီလျာဆီက “ဒီတွေ့ဆုံမှုဟာ ဗုဒ္ဓဘာသာနဲ့ မူစလင်များကြားမှာ ရင်းနှီးနွေးထွေးတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးခြင်းပါပဲ။ ဒိုင်ယာလော့ခ်ဟာ ကွာဟချက်တွေကို တံတားထိုးပေးပြီး ကွဲပြားမှုတွေကို ကျော်လွှားဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဘာသာတရားဆိုတာ လူတွေကို ခွဲခြားပစ်ဖို့ မဟုတ်ဘူး၊ ညီညွတ်အောင် စုစည်းဖို့သာ ဖြစ်ပါတယ်” တဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အရေးတွေမှာ ဗုဒ္ဓဘာသာနဲ့ မူစလင်ဘာသာက ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ အမြင်သစ်တွေကို ဖန်တီးဖလှယ်ကြဖို့ ဒီဒိုင်ယာလော့ခ်စီမီနာကို မိတ်ဆက်ခဲ့ပါသတဲ့။ ကောင်းလင့်တေး။

ဓမ္မဂင်္ဂါ (၀၄-၀၇-၂၀၁၀)

မူရင်းစာမျက်နှာ


01 July, 2010

ဗုဒ္ဓဘာသာစုံတွဲရဲ့ ခရစ်ယန်မင်္ဂလာပွဲ

ဇူလိုင်ထိ မိုးကို မရွာနိုင်ဘူး၊ ဗာရာဏသီဟာ ရာသီအကျဉ်းထောင်ထဲမှာ လှောင်ပိတ်နေခဲ့ပါရော၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ပိဋကတ်စာပေထဲမှာ မဇ္ဈိမဒေသရဲ့ ပူတဲ့ရာသီနဲ့ အိုက်တဲ့ ရာသီကို ခွဲခြားပြထားတာ မှတ်သားဖူးတယ်။ ခုတော့ ကိုယ်တိုင်ခံပေါ့။ ရာသီပူအိုက်မှုကြောင့် စာလည်း မဖတ်ဖြစ်၊ စာလည်း မရေးဖြစ်၊ ဘာတွေ လုပ်နေလဲဆိုတော့ အင်း တစ်ကိုယ်လုံး မိတ်ဖုလေးတွေ တရွရွဖြစ်နေတာကို စောင့်ကြည့်ကုတ်ခြစ်ပေါ့။

ရှုတတ်ရင် ဘာဝနာပဲ။ ရွာမှာတော့ အမေ့ကို အဲဒီလို ခပ်တည်တည်ပြောခဲ့တယ်။ သားရဟန်းစကားဆိုတော့လည်း အမေက ခေါင်းတညိတ်ညိတ်ပေါ့။ သားရဟန်းကိုယ်တိုင်ကတော့ သံသရာက မလွတ်ချင်သေးဘူး။ သံသရာက လွတ်ချင်တယ်ဆိုတာက သံသရာကို ပူလောင်တယ် လို့ သိမြင်သွားမှကိုး၊ လောလောဆယ်တော့ ရဟန်းဘ၀ဆိုတာက ဘာပြောပြော ငြိမ်းချမ်းနေတာ သေချာတယ်။ သာသနာ့ဝန်ထမ်းဘ၀ရဲ့ စာသင်စာချ သမဏသုခလေးကို ခပ်အေးအေး ခံစားမိတော့ နိဗ္ဗာန်ဆုမတောင်းဖြစ်သေးဘူး။

ဒါကြောင့်ပဲ မစိုးရိမ်ဆရာတော်ကြီးက မဟာစည်ဆရာတော်ကို “ နိဗ္ဗာန်ရောက်ကြောင်းတရားထက် နိဗ္ဗာန်လိုချင်အောင် အရင်ဟော” လို့ ပြောပြမိန့်မှာခဲ့ဖူးတာကို အမှတ်ရပြီး ပြုံးမိသေးတော့တယ်။ မစိုးရိမ်ဆရာတော်ကြီးက “ခက်သကွယ် နိဗ္ဗာန်မလိုချင်ဘဲ နိဗ္ဗာန်လိုချင်တယ်ထင်နေကြတယ်”လို့ ရွတ်လိုက်သေးတာပါ။

အင်း ထားပါ၊ ပြော ချင်တာက ဒီတစ်ပတ်အတွင်း ဖတ်မိတဲ့ သတင်းတွေထဲက မှတ်သားမိတဲ့ သတင်းအပိုင်းအစလေးတစ်ပုဒ်ပါ။ ဟောလိဝုဒ်က လူငယ်မင်းသားချောလေး အော်လန်ဒိုဘလွန်းတစ်ယောက် အောစတေးလျသူ မိုဒယ်လ် ဒကာမလေး မီရင်ဒါ ကာရ်နဲ့ လက်ထပ်တော့မယ်လို့ ဆိုပါတယ်။

မိုဒယ်လ်ဒကာမလေးခမျာ စေ့စပ်လက်စွပ်လေး တစ်ပြပြနဲ့ ခပ်ကြွကြွလေးဖြစ်နေခဲ့ပါသတဲ့။ အော်လန်ဒိုဘလွန်းဆိုတဲ့ ဒကာမင်းသားလေးက အင်္ဂလန်ခရစ်ယန်ဘုရားကျောင်းထွက်တစ်ယောက်ပါ။ အသက်နှစ်ဆယ်ကျော်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်ခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာဝင်မိုဒယ်လ် ဒကာမလေးနဲ့ ငြိသွားခဲ့တာပါ။ မိုဒယ်လ်ဒကာမလေးရဲ့ စကားအတိုင်းပြောရရင်တော့ “တရားဓမ္မအသိ လေးတွေ မျှဝေကြရင်း သံသရာတိုးတိုးဖော်တွေ ” ဖြစ်သွားကြတာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဗုဒ္ဓဘာသာဝင်စုံတွဲက ခရစ်ယန်လိုမင်္ဂလာဆောင်ကြမယ်ဆိုတာပါ။ နှစ်ဘက်မိဘတွေကို ငဲ့ကွက်သောအားဖြင့်တဲ့။ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးစံဆိုတာကို ကွဲကွဲပြားပြား နားလည်နေကြတဲ့သဘောလို့ မြင်မိပါတယ်။

ရွြှေုပည်ကြီးမှာဆိုရင်တော့ မင်္ဂလာသတို့သား မောင်အော်လန်(Orlando)က တိုက်ပုံအင်္ကျီ၊ မောင့်ကျက်သရေခေါင်းပေါင်းနဲ့ မိန့်မိန့်ခန့်ခန့်ကြီး ပြုံးလို့၊ မင်္ဂလာသတို့သမီး မမိရင်( Miranda) က ပိုးချိတ်ထဘီ၊ ဇာပုဝါလေးခြုံကာ ငုံ့ငုံ့ရှက်ရှက်လေး ပြုံးလို့။ အင်း ဒါက မြန်မာဆန်မိတာပါ၊ ဗုဒ္ဓဘာသာကို အခြေခံထွန်းကားလာရတဲ့ မြန်မာမှုဓလေ့ထုံးစံဟာ ယုံကြည်ကိုးကွယ်မှု ဘာသာတရားနယ်နိမိတ်ကို ကျော်လွှားသွားပါပြီ။ မြန်မာမှုကို မြတ်နိုးတဲ့ မြန်မာဝတ်စုံနဲ့ ခရစ်ယန်သတို့သားသတို့သမီးတွေကို မြင်ဖူးတွေ့ဖူး ကြည်နူးဖူးပါတယ်။

ခုလည်း ဗုဒ္ဓဘာသာဝင် ဟောလီဝုဒ်စုံတွဲက ခရစ်ယန်ဘာသာဝင်မိဘတွေကို ငဲ့ညှာပြီး အနောက်တိုင်းရိုးရာ အတိုင်း ခရစ်ယန်လို မင်္ဂလာဆောင်ကြမှာပါတဲ့။ အနောက်တိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေဆိုတာကလည်း ခရစ်ယန်အငွေ့အသက်တွေနဲ့ အဆင့်တက်မြင့်မား လာရတာပဲမဟုတ်လား။

လွန်ခဲ့တဲ့နှစ်က သူအိန္ဒိယထွက်မလာခင်လေးမှာ ခရစ်ယန်ဓမ္မတက္ကသိုလ်က ဖိတ်ကြားလို့ နွေးနွေးထွေးထွေးစကားဝိုင်းလေးတစ်ခုတက်ခဲ့ရပါတယ်။ သူက အထူးဧည့်သည်တော်ပါ။ ခရစ်ယန် ဓမ္မတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ ခရစ်ယန်အသင်းတော်က ပုဂ္ဂိုလ်တွေရဲ့ အတွေးကို သူဖတ်လိုက်ရ ပါတယ်။ ညီလာခံကြီးတွေ၊ စီမီနာကြီးတွေမှာ ပြောခွင့်မရတဲ့ စကားလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောကြဖို့ဆိုပြီး စီစဉ်ထားတဲ့ စကားဝိုင်းလေးပါတဲ့။

သူ့ကိုတော့ ခရစ်ယန်ဓမ္မတက္ကသိုလ်မှာ ဆီမီနာလို ဟောပြောပွဲလို အစုအမှုလေးတွေ ရှိတိုင်း ဖိတ်ကြားလေ့ရှိပါတယ်။ သူကလည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ ထင်းထင်းကြီး ရောက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်လောက်ဆီက ခရစ်ယန်ဓမ္မတက္ကသိုလ်ရဲ့ ဘုရားရှိခိုးကျောင်းထဲမှာ ခရစ်ယန်ကျောင်းသူကျောင်းသားတွေကို ဗုဒ္ဓတရားတော်တွေကို ပို့ချပေးဖို့ ဖိတ်ကြားခံခဲ့ရဖူးတော့ ရင်းနှီးကျွမ်းဝင်နေခဲ့ကြတာပါ။ မင်္ဂလာတရားတော်နဲ့ သိင်္ဂါလောဝါဒကို အခြေခံပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ လူမှုကျင့်ဝတ်တွေ မျှဝေပေးခဲ့ဖူးပါတယ်။ ခရစ်ယန်ကျောင်းသူ ကျောင်းသားလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဓမ္မအသိတွေ ပွင့်လင်းပြီး ဘာသာတရားအချင်းချင်း အပြန်အလှန်နား လည်မှုတွေကို တည် ဆောက်နိုင်ခဲ့ကြပါတယ်။

စကားဝိုင်းလေးမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခရစ်ယန်ဗုဒ္ဓဘာသာစုံတွဲတွေပါပဲ။ နိုင်ငံဝန်ထမ်းအငြိမ်းစားကြီးတွေပါ။ ဒိုင်ယာရီမှတ်တမ်းစာအုပ်လေးက ရွှေပြည်ကြီးမှာ ကျန်နေခဲ့လို့ နာမည်တွေကို အပြည့်အစုံမမှတ်မိတော့ဘူး။

ဝန်ကြီးဌာနတစ်ခုက ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားဗုဒ္ဓဘာသာဒကာကြီးနဲ့ ဇနီးခရစ်ယန်အမျိုးသမီးကြီး၊ ခရစ်ယန်အသင်းတော်မှာ တာဝန်ကြီးကြီးယူခဲ့ဖူးတဲ့ ခရစ်ယန်အမျိုးသားကြီးနဲ့ ညွှန်ကြားရေးမှူးအငြိမ်းစား ဗုဒ္ဓဘာသာဒကာမကြီး၊တပ်မတော်က ဗိုလ်မှူးအငြိမ်းစား ဗုဒ္ဓဘာသာဒကာကြီးနဲ့ ဆရာဝန်ခရစ်ယန် အမျိုးသမီးကြီး၊ အမျိုးသားရော အမျိုးသမီးရော ညွှန်ကြားရေးမှူးအငြိမ်းစားဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဒကာကြီးနဲ့ ခရစ်ယန်အမျိုးသမီးကြီးစုံတွဲ လေးတွဲပါ။ ကျန်တာတွေကတော့ တက်ရောက်နားထောင်ဆွေးနွေးကြသူတွေပေါ့။

ဘာသာမတူ အယူကွဲပြားတဲ့ ဇနီးမောင်နှံတွေက အိမ်ထောင်သက် လေးဆယ်ကျော်အောင် မိသားစုဘ၀ကို ဖြတ်သန်းခဲ့ကြဖူးသူတွေပါပဲ။ သူတို့ ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ။ ဘယ်လို နားလည်မှုတွေကို တည်ဆောက်ခဲ့ကြသလဲ၊ ပွားစည်းလာတဲ့ သားသမီးတွေကို ဘယ်လို ထိန်းကျောင်းပြီး ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကို ဘယ်လို အခွင့်အလမ်းပေးခဲ့ကြသလဲ၊ ဆိုတာတွေ ပြောပြကြတာ စိတ်ဝင်စားဖွယ်ရာပါ။

အဲဒီပြောကြတဲ့အထဲမှာ မြန်မာမှုဓလေ့နဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုအကြောင်းတွေကိုလည်း တို့ထိ ဆွေးနွေးကြပါသေးတယ်။ အားလုံးက အခိုင်အမာဗုဒ္ဓဘာသာ၊ အခိုင်အမာခရစ်ယန်တွေချည်းဖြစ်ပေမယ့် မြန်မာမှုကို လေးစားမြတ်နိုးတဲ့ နေရာမှာတော့ တူညီကြပါတယ်။ ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားကြီးရဲ့ ဇနီးခရစ်ယန်အမျိုးသမီးကြီးပြောပြတဲ့ အကြောင်းအရာလေးက အမှတ်ထားစရာပါပဲ။

သူမရဲ့ နှစ်ဘက်ဘိုးဘွားတွေက အခိုင်အမာခရစ်ယန်ကြီးတွေပါတဲ့။ ဒါပေမယ့် အဘိုးနှစ်ယောက်ရဲ့ သဘောထားကတော့ ကွဲပြားပါတယ်။ အဘိုးတစ်ယောက်က အနောက်ယဉ်ကျေးမှုကို ယိမ်းပါတယ်။ြုမန်မာမှုပွဲလမ်းသဘင်တွေဟာ ခရစ်ယန်ဘာသာနဲ့ မဆိုင်ဘူး၊ ဗုဒ္ဓဘာသာနဲ့သာဆိုင်တယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲပြီး သားသမီးတွေ မြေးမြစ်တွေကို မြန်မာမှုပွဲလမ်းတွေနဲ့ ခပ်ကင်းကင်းနေစေပါသတဲ့။ အဘိုးတစ်ယောက်ကတော့ မြန်မာမှုကို မြတ်နိုးပြီး ၊မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ခံကျင့်သုံးပါတယ်။ သားသမီးမြေးမြစ်တွေကိုလည်း သင်္ကြန်ပွဲတော်လို၊ သီတင်းကျွတ်ဆီမီးထွန်းပွဲ တော်လိုမျိုးတွေမှာ ၀င်ရောက်ဆင်နွှဲကြဖို့ တိုက်တွန်းလေ့ရှိပါသတဲ့။

ခရစ်ယန်ဘာသာကို ကိုးကွယ်ယုံကြည်လိုက်တာနဲ့ မြန်မာတစ်ယောက်အဖြစ်ကို မေ့ပစ်စရာမလိုဘူး၊ မြန်မာ့ယဉ်ကျေးမှုကို မျက်ကွယ်ပြုလိုက်တာမျိုးမဖြစ်စေရဘူးဆိုတာပါပဲ။ အဲဒီအဘိုးကိုယ်တိုင် ပို့ပေးလို့ ရွှေတိဂုံစေတီတော်ကြီးကို သူမ မကြာခဏ ရောက်ခဲ့ဖူးပါသတဲ့၊ အဲဒီအဘိုးကပဲ ရှေးမြန်မာကြီးတွေ တည်ဆောက်သွားခဲ့တဲ့ မြန်မာမှုလက်ရာယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကိုလည်း တခမ်းတနားရှင်း ပြတတ်ပါသတဲ့။ သူမပြောတာက ခရစ်ယန်ဘာသာကို ကိုးကွယ်လိုက်တာနဲ့ ဂျေရုဆလင်မြို့ သားတစ်ယောက်ဖြစ်သွားဖို့ မလိုဘူးဆိုတာပါပဲ။

ခုလည်း ဟောလိဝုဒ်မင်းသားလေးနဲ့ မိုဒယ်မလေးတို့ရဲ့ ယုံကြည့်ကိုးကွယ်မှုက ဗုဒ္ဓဘာသာဆိုပေမယ့် မိဘဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာ ခရစ်ယန်မူဟန်အတိုင်း မင်္ဂလာဧည့်ခံပွဲကျင်းပကြပေမပေါ့။ ယုံကြည်ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုအစဉ်အလာဆိုတာက ဒီနေ့ခေတ်ဂလိုဘယ်လိုက်ဇေးရှင်း စိုက်ခင်းကြီးထဲမှာ အကန့်အကန့်နဲ့ လှအောင်ပွင့်ရပေမပေါ့။

ဓမ္မဂင်္ဂါ
၂-၀၇-၂၀၁၀

မူရင်းစာမျက်နှာ