27 August, 2010

စိတ်ဝင်စားဖို့ကောင်းပါတယ် ဖတ်ကြည့်ပါ

စာမရေးနိုင်တာ တစ်ပတ်ပြည့်တော့မယ်။ ဒါပေမယ့် မှတ်မှတ်သားသား ဒါလေးတော့ ဖတ်ဖြစ်တယ်။ သာသနာရေးနဲ့ ဆိုင်တဲ့ အတွေးကွက်ကို ချခင်းပြထားတာပါ။
မူရင်းဆိုဒ်က http://mrmrt.blogspot.com/

22 August, 2010

ပါဠိအထူးသင်တန်း

Central University of Tibetan Studies
Sarnath, Varanasi

TU/VC/ADM/51/ 2010 14th August, 2010

Notice
In order to facilitate the study and research of Buddhism, a course on Pali Language is to be started for the faculties and members of the Research Departments. Ven.Vicittasara, Guest Faculty in Pali Language, will teach the course, initially in English and gradually in Pali.

Therefore, faculties and members of the Research Departments, who are desirous to learn Pali language, may avail this opportunity and give their names to the Dean, Faculty of Shabda Vidya, Dr. B. R. Tripathi, latest by 23nd August, 2010.
All concerned may note it.

(Prof. Geshe N. Samten)
Vice Chancellor

CC to
1. Registrar
2. Dean of Faculty of Shabda Vidya/ with remark to receive the names and conduct the class in coordination with Ven.Vicittasara
3. Ven.Vicittasara, Guest Faculty in Pali Language
4. All the Deans of Faculties
5. All the Heads of the Departments
6. All the Heads of the Research Departments
7. Deputy Registrar
8. Assistant Registrar
9. Notice Boards
10. Record Files




21 August, 2010

မြတ်ရောင်နီ၊၀ိမုတ္တိသုခတို့မှ တစ်ဆင့်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆေးရုံတက် ဆေးကုသလျက်ရှိသော ရဟန်းတော် အရှင်ဇောတိကအတွက်
မြတ်ရောင်နီအရှင်တေဇောဘာသနှင့် ဘိက္ခုဌိတဓမ္မောတို့သီတင်းသုံးရာ ဂျာမဏီနိုင်ငံ၊ဗောဓိဝိဟာရမှ ယူရိုငွေ ၂၀၀(နှစ်ရာ)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မှ န၀ကမ္မအလှူငွေစာရင်း
(20.08.2010 Fri.)
၁။ ဦးစန္ဒိမာ - ၅၀၀၀ ယန်း
၂။ ဦးသြဘာသ - ၆၀၀၀ ယန်း
၃။ ကိုကင်းဝန် - ၁၀၀၀၀ ယန်း
၎။ ဒေါ်ခင်ဆွေအေး - ၄၀၀၀ ယန်း
၅။ ကိုမျိုးထက်အောင် နှင့် သူငယ်ချင်းများ - ၁၀၀၀၀ ယန်း
၆။ ကိုထွန်းမင်းဝေ - ၅၀၀၀ .ယန်း
၇။ Bliss + Crystal - ၅၀၀၀ ယန်း

စုစုပေါင်း ယန်းငွေ (၄၅၀၀၀) (လေးသောင်းငါးထောင်ယန်းတိတိ)
အင်္ဂလန်နိုင်ငံမှ သီဟဇော်မှ ပေါင်စတာလင် ၇၁
နှင့် မဟာဗောဓိအသင်းမှ အမေရိကန်ဒေါ်လာ ၂၀၀(နှစ်ရာ)ကို ပေးပို့လှူဒါန်းပါကြောင်း။

မနေ့ကလို ဒီနေ့ကိုတွေ့ရတော့

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်မိပေါ့။
မောင်သစ်ဝေ(မြင်းခြံ)

တစ်ရံရောအခါဆီက မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ဆေးပြင်းလိပ် ဆိုတဲ့ ကဗျာအဖွင့်စာပိုဒ်လေးပါပဲ။ ကဗျာအပြည့်အစုံတော့ မမှတ်မိ။ မှတ်မိတဲ့ စကားလုံးတွေကိုပဲ ခပ်နင့်နင့်ရှိုက်မိပါသေးတော့။ ဆေးပြင်း လိပ်ကြီးပေကိုး။ အဲဒီကဗျာကို ၁၉၉၀ လွန် ဟန်သစ်မှာရေးခဲ့တာပါ။ ကဗျာဆရာကြီးမောင်ခိုင်မာ ကိုယ်တိုင်က ဧည့်ခန်းများကို ဖြတ်သန်းခြင်းဆိုတဲ့ ကဗျာခံစားမှုဆောင်းပါတွဲကြီးမှာ တခုတ်တရဖော်ပြခဲ့တာပါ။ ခုတော့ ကဗျာဆရာရဟန်းတော်လည်း မြင်းခြံမြို့နယ်ထဲက ထနောင်းဒိုင်ဆိုတဲ့ ရွာမှာ ရွာဦးကျောင်းဆရာတော်ဘ၀ကို့ ရိုးစင်းစွာ ခံယူရင်း ကလေးတွေရဲ့ ပညာရေးအတွက် ဘ၀တစ်ခုလုံးပေးအပ်ထားလေရဲ့။

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ တဲ့.....
နန်းတော်ရှေ့ရဲ့ လသာညတွေမှာ ကဗျာဆရာကိုယ်တိုင် ရွတ်ပြခဲ့ဖူးတဲ့ ကဗျာအပိုင်းအစတွေဟာ မိဂဒါဝုန်ည တွေထိ ရိုက်ခတ်မှုရှိနေတုန်းပါပဲ။ ထူးမခြားနားနေ့ရက်တွေနဲ့ သာမန်ရဟန်းတစ်ပါးရဲ့ ဒိုင်ယာရီဟာ ပျင်းရိဖွယ် တော့ ကောင်းနေပေလိမ့်မယ်။ ဗာရာဏသီဟာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

ရာသီဥတုက အခြေခံစမ်းသပ်လိုက်ပါတယ်။ ဧပြီ၊ မေ၊ ဇွန်တို့လို ပူတဲ့ ရာသီ (ဥဏှသမယ)မှာ ရင်တထိတ် ထိတ်ဖြတ်သန်းရသလို ဇူလိုင်၊သြဂုတ်နဲ့ စက်တင်ဘာတို့လို အိုက်တဲ့ ရာသီ(ပရိဠာဟသမယ) ဆိုတာကိုကြီး လည်း စိတ်မသက်မသာဖြစ်ရပြန်ပါတယ်။ ပူတဲ့ရာသီမှာ အပူလှိုင်းထဲ ပါမသွားဖို့ ရင်တမမပါ။ လေပူတွေနဲ့အတူ ရောထွေးပါလာတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ခန္ဓာကိုယ်အနှံ့မှာ အပူလောင်နာတွေ ပွလို့ပါပဲ။ ခုသြဂုတ်လကတော့ မပူဘူး။ အိုက်တာပါ။ စာလိုပေလိုဆိုရင်တော့ ပရိဠာဟ သမယပေါ့လေ။ ချွေးစီးတွေ တဒီးဒီးကျပြီး တစ်ကိုယ်လုံး ယားယံနေတတ်ပါတယ်။ ရေးချိုးလိုက်မှ သက်သာတာပါ။

ခက်တာက မီးက ပုံမမှန်ပျက်တတ်တော့ ရေကလည်း အခက်အခဲ ဖြစ်ရပြန်ပါတယ်။ ဘုရားမှာ ဆီးမီးလှူဖူးတဲ့ ကုသိုလ်ချို့ယွင်းခဲ့ပုံပါပဲ။ မီးပျက်တဲ့ နိုင်ငံတွေနဲ့ပဲ အကျိုးပေးနေခဲ့လေတာကိုး။ မီးကလည်း ပုံမှန်ပျက်တာမျိုး မဟုတ်တော့ မီးလာတာနဲ့ ရေတင်နိုင်ဖို့ သတိပဋ္ဌာန်ပွားရပါတယ်။ ကြံဖန်ပြီး ၀ိပဿနာ တင်နေရတာပါ။ ဘုန်းကြီးဖြစ်ပြီး ဒီလောက်လေးမှ သည်းမခံနိုင်ဘူးလား လို့တော့ မလုပ်လိုက်ပါနဲ့။ နည်းနည်းလေးတော့ ငြီးတွားခွင့်ပြုပါ။

မီးလာပြန်လို့ အင်တာနက်နှိုက်မိပြန်တော့ ကော်နက်ရှင်က နှိပ်စက်ပြန်ပါတယ်။ လိုင်းက ခဏ ခဏကျ တတ်ပါ တယ်။ ရွှေပြည်ကြီးက မိတ်ဆွေတွေက နိုင်ငံခြားရောက်လို့ မာနကြီးသွားသလား တဲ့။ ပေါ်လိုက် ပျောက်လိုက် နှုတ်မဆက်ချင်သလိုလို ဘာလိုလိုနဲ့ တဲ့။ မာနက မကြီးတဲ့အပြင် သေးသေးသွားလို့ မနည်းပြန် တင်နေရပါသကောဗျာ။

ဒီမှာ ရောက်နေကြတဲ့ ပညာသင်ရဟန်းအများစုက ရွှေပြည်ကြီးမှာတုန်းက ကျောင်းတိုင်ဆရာတော်တွေ ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိက ၊နာယက စာချဆရာတော်တွေ ဆိုပြီး တပည့်တပန်းတွေ၊ ကိုးကွယ်ဆည်းကပ်မယ့် ဒကာ ဒကာမတွေနဲ့ ဝေေ၀ဆာဆာလောကဓံရှိခဲ့ကြဖူးသူတွေပါပဲ။ ခုတော့ ဆာဆာလောင်လောင်လောကဓံကို ရွေးချယ်မိခဲ့ကြမှကိုး။ ဂလိုဘယ်လိုက်ဇေးရှင်းကြီးက ရွာဦးကျောင်းဘုန်းတော်ကြီးတွေကိုတောင် နိုင်ငံခြား တက္ကသိုလ်တံခါးတွေဆီ တွန်းပို့နေတော့တာကလား။ ဒီတော့လည်း အောင့်သာ ခံကြပေရော။

ဘာပဲဖြစ်ဖြစ် အရင်းအနှီးတွေ များများစိုက်ထုတ်ပြီးမှတော့ အမြတ်တွေ ကျန်ဖို့လည်း ရုန်းကန်ကြရတာပါပဲ။ ရဟန်းတော်တွေရဲ့ ပညာရေးအတွက် အလှူ့ရှင်တွေရဲ့ နာမ်ပိုင်းဆိုင်ရာသဒ္ဓါတရား၊မျှော်မှန်းချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ငွေကြေးစိုက်ထုတ်ရမှုတွေက အများသားပါပဲ။ ဘာတွေ ပြန်ပေးကြမှာလဲ လို့ မေးခွန်းတွေ မေးမိကြတော့ ဖြေဖို့လည်း အားစိုက်ကြရတော့တာပါ။

လောလောဆယ်တော့ သူ့အနေနဲ့က မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ကဗျာကို တီးတိုးရွတ်မိရင်း
မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်ခဲ့ပေါ့။

ဓမ္မဂင်္ဂါ
၂၁-၈-၂၀၁ဝ


ပျင်းလို့ ရေးတဲ့စာပါ။ ဘာမှမကျန်ရင်တော့ သည်းခံကြပါလော့။

18 August, 2010

အရှင်ဇောတိကအတွက် အလှူရှင်စာရင်း

နယူးဒေလီဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူနေဆဲဖြစ်သော အရှင်ဇောတိကအတွက် နိုင်ငံတကာမှ ကျန်းမာရေးအလှူတော်ငွေ ပေးပို့လှူဒါန်းကြသည့် အလှူရှင်များကို ဖော်ပြအပ်ပါသည်။

ဒေါ်ကြည်ကြည်ဝင်း စင်္ကာပူနိုင်ငံမှ ရူပီးငွေ ၄၆၀၀ လေးထောင့်ခြောက်ရာ။
ကိုစိုးစိုး မမိုးသူဇာ အမေရိကားမှ ရူပီးငွေ ၄၅၀၀ လေးထောင့်ငါးရာ။
ဦးအေးမင်းသန်း+ ဒေါ်ဇင်သန်းမြင့် သား မောင်ဘုန်းမင်းသန့်၊ တောင်ဥက္ကလာ၊ ရန်ကုန်၊ ၅၀၀၀ (ငါးထောင်) ဆရာတော် ဦးပညာဝရ သြစတေးလျမှ ရူပီးငွေ ၁၀၀၀၀(တစ်သောင်း)
(နောက်တိုးအလှူရှင်စာရင်းများကို ဆက်လက်ဖော်ပြပါမည်။)






သဘောတူထားရတဲ့ဝေါဟာရ

ညနေခင်းကို ချဲ့ပေးပါ
အတွေးက ကျယ်နေလို့

အုတ်ရောရောကျောက်ရောရော
အိပ်မက်တွေ စီချနေမိသေး

အရူးက အရူး
အကောင်းက အကောင်း
တစ်ဝက်တစ်ပျက်စာရွက်တွေ လက်မှတ်မထိုးဘူး

ပုဒ်ထီးမချမိတဲ့ အမှားလေးတွေမှာမှ
ပုဒ်မတွေက ၀ဲလာတယ်

ခုရော နောင်ရောစကားလုံးတွေ
လှတော့ လှတယ်
ဘာသာဗေဒနယ်နိမိတ်ထဲ
ကန့်လန့်

မီးပျက်တဲ့ည
မီးခလုတ်ရှာစရာမလိုတော့ဘူးတဲ့
ကောင်းဘွိုင်တွေ ခြင်ယောင်ဆောင်လာတယ်



ဓမ္မဂင်္ဂါ

17 August, 2010

တိဗက်စကားနဲ့ ငါတို့ဓလေ့


တိဗက်အက္ခရာများ

တိဗက်တက္ကသိုလ်ရဲ့ ကျောင်းဖွင့်ချိန်ဟာ အရှိန်ရလာသလို သူ့ရဲ့ ပါဠိသင်တန်းဟာ တဖြည်းဖြည်းနက်လာပါ တယ်။ အမေးအမြန်းထူတဲ့ ကျောင်းသားလေးတွေကြောင့်လည်း သင်တန်းက အသက်ဝင်ပါတယ်။ သင်တန်းကာလတစ်လအတွင်းမှာပဲ ပါဠိဝါကျတွေ ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်လာကြတာ အားရစရာပါ။ “ဆရာက စာသင်၊ ငါတို့က အိပ်ချင်” ဆိုတဲ့ ၀ါကျမျိုးကို ကောင်းကောင်းပြောတတ်နေပါပြီ။ (အိမ်း အိမ်း ဖြစ်ရမယ်လေ။)

လောလောဆယ်ဆယ်သင်ရိုးစာအုပ်အနေနဲ့ သီဟိုဠ်ကျွန်းထုတ်စာအုပ်နှစ်အုပ်က အလုပ်ဖြစ်နေပါတယ်။ Pali Primer Lily de Silva, M.A, Ph.D နဲ့ Pali Made Easy by Venerable Balangoda Ananda Maitreya ဆိုတဲ့ “ပါဠိပရိုင်မာ”နဲ့ “အလွယ်သင်ပါဠိ” စာအုပ်တွေပါပဲ။ လေးလလောက်အချိန်ယူလိုက်ရင် ပါဠိ ပိဋကတ်တော်တွေကို အဘိဓာန်အကူအညီနဲ့ ဖတ်နိုင်လောက်အောင်ထိ တာဝန်ယူထားတဲ့ နည်းစနစ်တွေပါပဲ။

ခုဆို မွန်ဂိုကျောင်းသားတစ်ယောက်က ပိဋကတ်ကျမ်းစာဖတ်နေပါပြီ။ ဖတ်တာမှ မြန်မာအက္ခရာရေးကျမ်းစာကို ဖတ်တာပါ။“ထေရ၀ါဒပိဋကတ်ကျမ်းစာအပြည့်အစုံဖတ်ချင်တယ်ဆိုရင် မြန်မာအက္ခရာဖတ်တတ်ရမယ်” လို့ သြ၀ါဒပေးလိုက်မိတာ မောင်မင်းကြီးသားလေးက သင်ပေးပါဦး ဆိုလေတော့ မြန်မာအက္ခရာရေးထုံး သင်ပေးရ ပါသေးတယ်။ ခုတော့ ထော့နဲ့ထော့နဲ့ ဖတ်နေပါပြီ။ ပါဠိဘာသာအတွက် မြန်မာအက္ခရာက ဗျည်း(၃၃)လုံး သရ (၈)လုံးပဲ ရှိတာဆိုတော့ သင်ရတာအဆင်ပြေပါတယ်။ ခဏချင်း မြန်မာအက္ခရာတွေနဲ့ ကျွမ်းဝင်သွား ပါတယ်။ ရေးချတို့ ယပင်း ရရစ်တို့ကတော့ နည်းနည်းရှင်းရသပေါ့လေ။ ခါ-ဂါ-ငါ-ဒါ-ပါ-၀ါ လိုမျိုးလေးတွေပေါ့။

ဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် ဖွင့်ပေးတဲ့ တိဗက် ဘာသာစကားသင်တန်းကို တက်ဖြစ်သွားပါတယ်။ တိဗက်အက္ခရာတွေ ရေးမိဖတ်မိမှ မြန်မာအက္ခရာ ရေးထုံးတွေနဲ့ တော်တော်လေးတူတာကို တွေ့ရတယ်။ ဒါပေမယ့် တိဗက်က ထောင့်ချိုး၊ မြန်မာက စက်ဝိုင်း။

ပြီးတော့ တိဗက်က အက္ခရာတွေ လျှော့ထားတာတွေ့ရတယ်။ ဗျည်းက (၃၀)၊ သရက (၄)လုံး။ ကြည့်ပါ။
က ခ ဂ င
စ ဆ ဇ ည
တ ထ ဒ န( ဋ ၀ဂ်မပါ)
ပ ဖ ဗ မ
ယ ရ လ ဝ
သ ဟ အ
(ထူးတာက မြန်မာမှာ မရှိတဲ့ အသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာအပို ၇ လုံးပါနေတယ်၊ ဖတ်ရတာလည်း ခက်ပါ့။)
သရကတော့ ဣ ဥ ဧ သြ ဆိုတဲ့ လေးလုံးပါ။

မြန်မာမှာ ယပင်း ရရစ်ရှိသလို တိဘက်မှာလည်း ရှိပါတယ်။ တိဘက်စာ သင်တာ ခုဆို သုံးရက်ရှိသွားပါပြီ။ အက္ခရာကလည်း မူလအက္ခရာ၊ ရှေ့ဆက်အက္ခရာ၊ နောက်ဆက်အက္ခရာ၊ အဆင့်အက္ခရာဆိုပြီး အမျိုးမျိုးရှိ လေတော့ သင်ပုန်းကြီးဖတ်စာကိုက တစ်ပတ်လောက်အချိန်ယူရမယ့်သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် မွန်ဂိုကျောင်း သားကို မြန်မာအက္ခရာရေးထုံးရှင်းပြတဲ့အခါမှာတော့ တိဗက်အက္ခရာနဲ့နွှယ်ပြီး ပြောလို့ရသွား ပါတယ်။ မွန်ဂိုကျောင်းသားလေးက တိဗက်ဘာသာစကားလည်း ကျွမ်းကျင်သူမို့ သူက ဆရာ တင်ထား ရပြန်ပါတယ်။

စာသင်ခန်းထဲမှာ ကုလားဆရာ ဆရာမတွေချည်းမို့ သင်တန်းဆရာဖြစ်တဲ့ ပါမောက္ခတိဗက်လားမားကြီးက ဟိန္ဒီလို ပြောသင်ပါတယ်။ သူ့အတွက် ဘာသာစကားနှစ်ခုကို အလိုလိုသင်နေရသလိုပါပဲ။ လားမားကြီးသင်တာက နည်းနည်း၊ သင်တန်းသားဆရာဆရာမတွေ ပြောကြဆိုကြမေးကြမြန်းကြတာက ခပ်များများပါ။ ကုလားဆိုတဲ့ အမျိုးကလည်း စကားပြောသန် အငြင်းသန်တဲ့ အမျိုးပေမို့ သူ့အတွက် ဟိန္ဒီစကားနား ထောင်စွမ်းရည်ကတော့ လိုအပ် တာထက် ပိုနေပါသေးတယ်။ သင်တန်းသားက စုစုပေါင်းမှ (၇)ဦးတည်းပါ။ ဒါပေမယ့် လူမျိုးတော့ စုံပါတယ်။ ဘင်္ဂါလီ၊ရာဂျစတန်၊တမီးလ်၊ နီပေါလ်လူမျိုး ဆရာဆရာမ တွေပါပဲ၊လူမျိုးမတူကြပေမယ့် ဟိန္ဒီစကားကိုပဲ ပြောကြတာပါ။ သင်ရိုးညွှန်းတမ်းစာအုပ်က ဟိန္ဒီ၊ ရှင်းပြတာ ကလည်း ဟိန္ဒီမို့ သူ့အတွက် အနည်းငယ်ခက်ခဲပေမယ့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားထည့်ဖြစ် ပါတယ်။

တိဘက်စကားအချို့(သုံးရက်သင်ခန်းစာဗဟုသုတအလိုအရ)က မြန်မာစကားနဲ့ တူတာကို တွေ့လာရပါ တယ်။ ဥပမာ ငါ၊ လမ်း၊ မီး၊ ငါး(ဂဏန်း) ဆိုတဲ့ဝေါဟာရတွေက တိဗက်စကားနဲ့ အတူ တူဖြစ် နေတာကလား။ မနက်ခင်းမှာ စာသင်ခန်းထဲ ၀င်တော့ သူ တိဗက်စာသင်နေမှန်း သိကြတဲ့ တပည့်တွေက နှုတ်ဆက်ကြပါတယ်။
“ငါတို့ ဒလေ့”
သူ့နားထဲမှာတော့ “ငါတို့ ဓလေ့”လို့ ကြားလိုက်ရပါသကော။ “ဘာတုန်းဟ” ဆိုတော့ “ကောင်သောနံနက်ခင်း”ပါတဲ့။
အဲဒါနဲ့ သူက ဆက်မေးမိပြန်ပါတယ်။ “ငါတို့ ဓလေ့”က “ကောင်းသောနံနက်ခင်းပါ” ဆိုတော့ “နင်တို့ ဓလေ့” က ဘာတုန်းဆိုတော့ ”ကောင်းသော နေ့လည်ခင်းပါ”တဲ့၊ အေးရော။
(အမှန်တကယ်အသံထွက်က ”နင်ဂို့ ဒလေ့” ထင်ပါတယ်။)

ဓမ္မဂင်္ဂါ
၁၆-၀၈-၂၀၁၀

16 August, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၈)

(၁)
What is in a name?
That which we call a rose,
By any other name would smell as sweet.
အမည်သညာ ဘာအရေးပါလိမ့်။
နှင်းဆီကို ဘယ်မည်ပေးတော့ မွှေးမပျက်ပါ။

ဤမည်သော အရိပ်အမြွက်စကားကို ရှိတ်စပီးယားဆိုသူ ကဗျာက၀ိက အဆိုရှိခဲ့ဖူးလေသတတ်။ နှင်းဆီကို ဘယ်လိုအမည်ပေးပေး သဘာဝရနံ့ကတော့ မွှေးမြဲမွှေးနေမည်သာတဲ့။ အော် ကောင်းလင့်တေးပါတည်း။ သို့သော် “ပညတ်သွားရာ ဓါတ်သက်ပါ” ဟူသော ရှေးမြန်မာဆိုးရိုးကြီးကလည်း ဒဲ့ဒိုးကြီးပင် ရှိပေသေးသည် တကား။ လူသတ္တ၀ါဟု ဒုလ္လဘအမှုလေးကို ဖက်တွယ်ရခိုက်တွင် ကိုယ်ပိုင်အမည်သညာ ပရိုပါနိမ်းမ်(Proper name)လေးကိုတော့ ခပ်ဟိန်းဟိန်းရှိစေချင်ကြသည်မှာ လူ့တိုင်းလူ့ရွာ ဓမ္မတာသဘောပေမို့ စောကြော ဖွယ်မရှိလေပြီတည့်။

အမည် သညာ၊ ဝေါဟာသမုတ်၊ သရုပ်ပညတ် အရပ်ရပ်သော နယ်ပယ်တွင် လူလည်း လူမို့၊ နတ်လည်း နတ်မို့၊ ဗြဟ္မာလည်း ဗြဟ္မာမို့၊ လူအမျိုးမျိုး နတ်အမျိုးမျိုး ဗြဟ္မာအမျိုးမျိုး ဘုရားရှိခိုးလည်း အမျိုးမျိုးဖြစ်ခဲ့ကြရပေပြီမှာ မငြင်းသာဖွယ်ပင်။ အမည်သညာ ခေါ်စရာကိုပင် ကမ္ဗည်းအထူးတင်မှ (၀ါ) ရိုးရိုးကိုယ်တော်ထက် ဘွဲ့တစ်မျိုးပြီး တစ်မျိုးကိုယ်တော်အသွင် လူတွင်ကျယ်ရာကျကာမှ ဘုရားဒကာ ကျောင်းအမတို့ သောင်းသောင်းဖျဖျ ၀န်းရံခဲ့ကြလေမြဲပေတည်း။

ထေရ၀ါဒဟု ခန့်ခန့်ထည်ထည် ဖွယ်ဖွယ်ရာရာ ကမ္ဘာ့စာမျက်နှာတွင် ဓမ္မက မြင့်မြတ်သဖြင့် ချဉ်းကပ်လာ သမျှအပေါ် ကျော်ကျော်လွှားလွှား ဇော်ကစားခဲ့ဖူးသော်လည်း ဘုရားရှိခိုးမညီ၊ တရားဟော မညီ ၊အယူအဆ သီသီလေး လွဲလေသည်များလည်း ဂိုဏ်းဂဏကွဲပြားရှိနေခဲ့ပါသတတ်။


(၂)

ယခု သူကြုံတွေ့နေရသော အခက်အခဲကား ဓမ္မဂင်္ဂါနိုင်ငံတကာအထူးတရားပွဲ ဓမ္မသဘင်တွင် စင်တင်ရမည့် တရားခေါင်းစဉ် အမည်သညာ ဖွေရှာစဉ်းစားနေရခြင်းပင် ဖြစ်တော့သည်။ တရားသဘင်မဏ္ဍပ်ဆီသို့ လျှောက်နေဆဲလမ်းပေါ် ရွှေထီးတော်မိုး ငွေထီးတော်မိုးတို့ ခြံရံကာ ရာသီဥတုသာယာလှသော်လည်း စိတ်အစဉ်သန္တတိမှ ချွေးပြိုက်ပြိုက်ပင် ကျရရှာတော့သည်။

တရားခေါင်းစဉ်လေးက နုရပေမည်။ လှရပေမည်၊ သစ်ရပေမည်၊ ဆန်းရပေမည်၊ ထင်းရပေမည်၊ လင်းရ ပေမည်။ ပွင့်လင်းမြင်သာ ရှိရပေလိမ့်မည်။ နောက်ဆုံးအဆင့် မဟာအထူးတရားပွဲကြီးတွင် ဓမ္မကထိက အကျော်အမော်၏ ကရုဏာတော်ကို ဘွဲ့အမည်နာမအခေါ်အဝေါ်နှင့် တကွ စွဲလမ်းနှစ်ခြိုက် ဓမ္မစဉ်အတိုင်း လိုက်အောင် ဆွဲဆောင်နိုင်ရပေမည်တည့်။

အော် ကြုံလျှင် ကြုံသလို တရားခေါင်းစဉ်မပါ ဒါန သီလ ဘာဝနာ ကထာမျိုးမျိုးကို ခပ်ရိုးရိုးသာ ဟောခဲ့လေ ဖူးသော သူ့အတွက် အခက်ကြုံကာ စိတ်မလုံသာအောင် ဖြစ်ရလေပြီတည့်။


သာသနာတော်တွင် နေတစ်ဆူလတစ်မင်း ထွန်းလင်းတောက်ပတော်မူခဲ့ကြသည့် ကုန်ဘောင်ခေတ် ဓမ္မကထိကသင်္ဂဇာဆရာတော်၊ ကိုလိုနီခေတ်ဓမ္မကထိကအကျော် လယ်တီဆရာတော်ဘုရားမှသည် စစ်ကြိုခေတ် စစ်ပြီးခေတ် ယတ်လှဲ ယတ်ထောင် ကိုယ်ရောင်ကိုယ်ဝါတောက်ပကြပေသော ဓမ္မကထိက အဆူဆူနှင့်တကွ ပရိယတ် ပဋိပတ်အကျော် မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ မင်းကွန်း ဆရာတော် စသော ဓမ္မကထိကမဟာများ၏ သုတ္တန်တရား၊ ၀ိပဿနာတရား၊ ဟောစဉ် တရားဟူသော ခေါင်းစဉ်တို့ကား ရိုးစင်းလှပေ၏။ ယနေ့မျက်မှောက်ခေတ်၏ ဓမ္မကထိက ထိတ်ခေါင်တင် သီတဂူဆရာတော်ဘုရား၏ ခေါင်းစဉ် တရားများပင် ခေတ်အဖျားလေးကို ထိမိရုံမျှသာ သစ်လွင်ဟန်ရှိပေ တော့သည်တကား။

ယုတ်စွအဆုံး ယခင်ပါလီမန်ဒီမိုကရေစီခေတ်အခါဆီက စာရေးဆရာ သိန်းဖေမြင့်ကြီးကိုယ်တိုင် တီထွင်ဖန်တီး လက်ကတီး ချွေးကျအောင် စဉ်းစားထားလေသည့် တက်ဘုန်းကြီးလေး ရှင်သုဓဇ၏ “လာပါ လာပါ မကြည်ရဲ့” ဟူသော ခေတ်အမီဆုံး တရားခေါင်းစီးသည်ပင် ခပ်အအ ခပ်ချာချာ ပေါ်ပြူလာဖြစ်ရန် ကံကြမ္မာနည်းပါး လှတော့သည်တည်း။


(၃)
ယနေ့ခေတ်သည်ကား သဘာဝသယံဇာတနှင့် ငွေးအရင်းအမြစ်တို့ထက် ပိုလွန်သော လူပင်လူရင်း ဟူးမင်းရီ ဇော့စ်(Human Resource ) ဟစ်ဟော့ဂီတအသစ် အော်တာနေလ်တစ်ဗ်ပွင့်လင်းသော နယူးဂျင်နရေး ရှင်း(New Generation) တို့ကို အရေးထားကာ တလေးတစားပျိုးထောင်ရပေတော့မည့် ဂလိုဘယ်လ် လိုက်ဇေးရှင်းသမယကြီးပေတကား။ သူကဲ့သို့သော ဓမ္မကထိကလက်သစ်ကလေးတို့အနေဖြင့် ပါရာဒိုင်း အရွေ့( paradigm Shift) ကြီးထဲသို့ ဖြောင့်ဖြောင့်ကြီးကွေ့ဝင်နိုင်မှသာ ရာစုသစ်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဆပ်ရာရောက်ပေခြိမ့်မည်။

တရားခေါင်းစဉ်အမည်ကား တွေးလေခက်လေပါပေတည်း၊ အကန့်အသတ်ခံရသော ဝေဒနာက္ခန္ဓာကြီးကိုသာ အခါခါပွတ်သပ်မိရချေပြီ။ ထိုအခါမှပင် သူ့အားနည်းချက်၊ သူ့အတွေးအခေါ်၊ သူလမ်းချော်ခဲ့သည်များကို မြော်ခေါ်စဉ်းစား စိတ်အားငယ်ရတော့သည်။ ဓမ္မကထိကဖြစ်ရေး ဘာကြောင့်များမတွေးခဲ့မိပါလိမ့်။ တရံတခါ ဆီက နာကြားခဲ့ရဖူးသည့် ကြာနီကန်ဆရာတော်၏ ဦးတိဿလိုပင် စာသင် စာတက် စာချ ဤမျှဖြင့် သာသ နာပြု လုံလောက်ခဲ့သည်ဟု သူယူဆခဲ့ချေသည်။ ယခုတော့ ဤသို့မဟုတ်ချေပြီ။

ရှေးယခင်ဆီက ဓမ္မကထိကတစ်ပါးဖြစ်လာရန်မှာ ပရိယတ်စာပေများကို တတ်ပွန်အောင်သင်ရသည်။ နှစ်ရှည်လများ ပရိယတ်သာသနာကို စောင့်ရှောက်သည့်အနေဖြင့် တတ်ပွန်ပြီးသောစာပေများကို ပို့ချရချေ သည်။ ထိုမှ တစ်ဖန် ပဋိပတ်လုပ်ငန်းခွင်ထဲ ဇွဲသန် ကံထည့် ဉာဏ်ဖြင့်ချဲ့ကာ အားထုတ်ရမြဲဖြစ်လေသည်။ ပါရမီပြည့်ဝ ဓမ္မအသိပြည့်စုံ ပရိယတ် ပဋိပတ်လွှမ်းခြုံသောကာလတွင်မှ ဓမ္မကထိကကျင့်ဝတ်ကို ဖြည့်စွန့် တော်မူကြသည်ဟု မှတ်သားရဖူးလေသည်။

သို့သော် ရှေးရှေးသော ဆရာတော်တို့ကား စာပေပို့ချခြင်းကိုသာ စွဲမြဲစွာ အားထုတ်၍ ဓမ္မကထိက အလေ့ကို ကြုံကြိုက်မှ မွေ့တော်မူကြသည်က များပေသတတ်။ လယ်တီဆရာတော်ကြီးပင်လျင် ပိဋကတ္တယ ပါရဂူ ဓမ္မဝေဒဂူ ၀ှန်ဆူကျော်မည် ဒီပနီကျမ်းပြုကြီးဖြစ်လင့်ကစား တရားဟောရန် စိတ်သန်တော်မူသည်မှာ အရွယ် တော်နှောင်းမှဟု သိရပေသည်။

ဗြိတိသျှကုလားဖြူမင်းတို့ အုပ်ချုပ်စဉ် ထိုခေတ်ထိုအခါ ရောဂါပုလိပ် နှိပ်စက်ထူပြော တဖျောဖျော သေကြသည့် ပရိသတ်ဗိုလ်လူတို့ကို သနားကြင်နာ တော်မူရင်း ပရိတ်မေတ္တာသွင်းရာမှ ဓမ္မကထိက ဖြစ်မှန်း မသိဖြစ် လာရပေသတတ်။ ဤသည်ကိုပင်လျင် ပခုက္ကူမှ စာချအကျော် ဆရာတော်ကြီး တစ်ပါးက “ယခင်က လယ်တီဆရာတော်တို့ စာပေပို့ချနေတယ်ဆိုလို့ သြဒိဿမေတ္တာ( ရည်စူးမေတ္တာ) ပို့နေကျဗျ။ ခု တရားဟောပြီဆိုတော့ သဗ္ဗေသတ္တာ ထဲ ထည့်လိုက်ပြီ” တဲ့။


(၄)

မည်သို့ဖြစ်စေ သူကား ပခုက္ကူဆရာတော်ကြီး၏ မေတ္တာပို့ထဲမှ “ သဗ္ဗေ သတ္တာ” တွင် ပါဝင်တော့မည် သေချာလှသော်လည်း မငြင်းကွယ်သာသော တရားဟောပလ္လင်တော်ကား နီးလာချေပြီ။ တရား အမည်သညာကား မရွေးရချေသေး။ ခေတ်ကာလအလျောက် ပေါက်မြောက်ပေါ်လွင်လှပေသော ဘက်ဆဲလား ဓမ္မကထိကဆရာတော်လေးများကိုသာ အားကျမိရတော့သည်။

ထိုထိုဆရာတော်လေးများသည်ကား တရားအသိအမြင် ကျယ်ပြောလှပေစွ။ ခေတ်စာမျက်နှာကို ကျေပွန် အောင် ဖတ်တတ်၊ ဘာသာပြန်တတ်ပါပေစွ။ လူငယ်လေးများကို ဘာသာတရား၏ ဂိတ်တံခါးသို့ စိတ်မများ ရအောင် ဆွဲခေါ်တတ်ပါပေစွ။ လူငယ်တို့၏ ရင်ခုန်သံသည်ကား ရိုမန္တိကတို့ဖြင့် ပဲ့တင်ထပ် နေသည်ကို ထိုထိုဓမ္မကထိက အားကျဖွယ်အရှင်မြတ်လေးတို့ သိတော်မူကြလေသည်တကား။

ရိုမန္တိက၏ အဿာဒ(သာယာဖွယ်)ကို ရှုမြင်လိုသော လူငယ်များအတွက် “ အကောင်းကံချစ်မှ အချစ်ကံ ကောင်းမယ်” ဟူသော တရားဖြင့် ထိန်းသိမ်းဆုံးမတော်မူကြ၏။ ရိုမန္တိက၏ အာဒီန၀ (စက်ဆုတ်ဖွယ်) အပိုင်း ကိုမူ “ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်“ ဟု၍လည်း သတိပေး တရားပြနိုင်ကြပေ၏။ ရိုမန္တိက၏ နိဿရဏ(လွတ်မြောက်မှု)ပိုင်းကိုမူကား “ အချစ်နှင့် ၀ိပဿနာ” ဖြင့် လမ်းညွှန်တော် မူကြလေ သည်တကား။

ဓမ္မကထိကအကျော်ဆရာတော်လေးတစ်ပါးကမူ “ဆုတောင်းမှားခဲ့လေသလား” ဟူသော တရားဖြင့် သံဝေဂ စကားဆိုတော်မူလေသေးသည်။ ထို့ထက်အလွန် ရုတ်ရုတ်သဲသဲ ခပ်ကဲကဲ ပို့မော်ဒန်လွန် အခါသမယကြီးနှင့် လိုက်ဖက်လှစွာပင် “အရှုပ်ထဲမှာ ရှင်းအော်နေ” ဟူ ခပ်စပ်စပ် ခပ်ထိထိ မိအောင်လည်း မိန့်မြွက် တော်မူနိုင်ကြပေသေး၏။ အော် ကောင်းလေစွ။ အားကျမိလေစွ။ တရားအမည်တော် ရွေးချယ်ရာတွင် ဇော်ကြ မော်ကြပါပေစွ။ သို့ကြောင့်လည်း ကျော်ကြလေသည်ထင့်။


သူကား သူ့ရွာသူ ရွာသား ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို မည်သည့်တရားခေါင်းစဉ်ဖြင့် ဟောပြရ ပါ့။ “နှင်ဆီပန်းကို ဘယ်နာမည်ပေးပေး မွှေးမြဲမွှေး” ဆိုသော်လည်း သူဟောကြားရမည့် တရားကိုတော့ နာမည် တစ်ခု ပေးရပေလိမ့်မည်။

ထိုအချိန်မှာပင် “နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်ဘုရား နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းများ ဟောကြားတော်မူရန် ဓမ္မာသနပလ္လင်တော်သို့ ကြွချီတော်မူလာပါပြီ။ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား၊ ဆရာတော်ဘုရား ချမ်းသာစွာ ကြွချီတော်မူနိုင်ရန် မင်းလမ်းမကို ဖွင့်ကာ ပူဇော်ဖူးမျှော်ကြပါစို့ခင်ဗျား” ဟူသော နိဗ္ဗာန်ဆော် ဖိုးလေးမြ၏ အသံစွာစွာကြီးကို ကြားရ လေတော့သည်။


အော် ဟုတ်ပေသား။ နိဗ္ဗာန်ရောက်ကြောင်းတရား တဲ့။

(မရေးဖြစ်တော့သော ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိကို စီနီယာမိတ်ဆွေရဟန်းတော်များ၏ သြ၀ါဒအရ ပြန်လည်တို့ ထိပါသည်။ဆက်လက်ရေးပါမည်။)

ဓမ္မဂင်္ဂါ

14 August, 2010

ဖရီးဒမ်းဆာလောင်မှုများနဲ့ နေက္ခမ္မလည်ပြန်

မနှစ်က ဒီအချိန် အိန္ဒိယနိုင်ငံကြီးရဲ့ ၆၂ ကြိမ်မြောက်လွတ်လပ်ရေးအခါသမယမှာ ရေးဖြစ်ခဲ့တဲ့ ပို့စ်လေးပါ။ ဒီနှစ်တော့ လှောင်အိုက်ဆဲ ဗာရာဏသီမှာ ပြေးရင်းလွှားရင်း အသစ်လေးကို မီးမညှိနိုင်ခဲ့ပါဘူး။ အဟောင်းလေးကိုပဲ ကောက်မိပါသေးတော့။

လွတ်လပ်ငြိမ်းချမ်းကြစေသတည်း။
ဒီမှာပါ။

အရှင်ဇောတိကအတွက် အလှုရှင်စာရင်း

၁။ ကိုအေးမင်းသန်း၊ မဇင်ပန်းမြင့်၊ သား ဘုန်းမင်းသန့်  ( တောင်ဥက္ကလာ) အမေရိကန်ဒေါ်လာ- ၁၀၀
၂။ မိုးမိသားစု -အမေရိကန်ဒေါ်လာ ၁၀၀
၃။ဦးဇောတိကမိသားစုများ အမေရိကန်ဒေါ်လာ - ၅၀၀
၎။ ကိုဇော်ဝင်း အမေရိကန်ဒေါ်လာ - ၇၁၀
၅။ မြတ်ဆုယဉ် + ခင်စုစုဝင်း အမေရိကန်ဒေါ်လာ - ၁၀၀
၆။ ဦးဝိဇ္ဖောဒယ အမေရိကန်ဒေါ်လာ - ၅၀
၇။ Thih Kwan Heng အမေရိကန်ဒေါ်လာ - ၅၀၀
၈။ မြန်မာနီပေါကျောင်း အမေရိကန်ဒေါ်လာ - ၂၀
၉။ မဏိရတနာ အမေရိကန်ဒေါ်လာ - ၁၈၀
၁၀။ ဒေါ်အေးအေးခိုင် အမေရိကန်ဒေါ်လာ - ၅
၁၁။ သူရိန်ရောင်းဝယ်ရေး အမေရိကန်ဒေါ်လာ - ၅၀
၁၂။မောင်ဝေမိုးထွန်း အမေရိကန်ဒေါ်လာ - ၅၀
၁၃။မမေမိုးထွန်း အမေရိကန်ဒေါ်လာ - ၁၀၀
၁၄။ ဦးမျိုးဝင်းအောင်+ဒေါ်မီမီသက် အမေရိကန်ဒေါ်လာ - ၂၀၀
၁၅။ ဦးမြတ်သူ အမေရိကန်ဒေါ်လာ - ၁၀၀
၁၆။ ဒေါ်ခင်မူ အမေရိကန်ဒေါ်လာ - ၁၀၀
၁၇။ ဦးစိုးလင်းမောင်+ ဒေါ်ညိုဇင် အမေရိကန်ဒေါ်လာ - ၅၀
၁၈။ ဦးတင်မောင်ရင် အမေရိကန်ဒေါ်လာ - ၃၀
၁၉။ ဦးနန္ဒသာခင်+ ဒေါ်သက်သက်စိုး အမေရိကန်ဒေါ်လာ - ၂၀
၂၀။ဦးခင်မောင်ကြည်+ ဒေါ်ကျော့ကျော့မိုး အမေရိကန်ဒေါ်လာ - ၁၅
၂၁။ဦးပြည့်ဝန်းဇော်+ ဒေါ်စောစန္ဒာနွယ် အမေရိကန်ဒေါ်လာ - ၁၀
၂၂။ ဒေါ်နီလာဝင်း အမေရိကန်ဒေါ်လာ - ၁၀
၂၃။ Vietnamese Nuns from Bijay home, Bodhgaya အမေရိကန်ဒေါ်လာ - ၁၇၂
------------------ Rupees- 100+ Thai Baht 240
၂၄။ ဒေါ်အေးသုဝတီ - ရူးပီး ၅၀၀
၂၅။ ဦးနန္ဒ၀ံသ ရူးပီး ၅၀၀
၂၆။ ရခိုင်ရဟန်းတော်များ(မဂဓတက္ကသိုလ်) ရူးပီး ၁၀၀၀၀
၂၇၊။ အရှည်ကြီး ရူးပီး ၅၀၀
၂၈။ ဦးသုဇနစာရ -မဂဓ ရူးပီး - ၁၀၀၀
၂၉။ဦးသုခေဓိတ ။ ရူးပီး - ၁၀၀၀
၃၀။ဦးဂုဏ၀န္တ ။ ရူးပီး - ၅၀၀
၃၁။ဦးကုမာရ ။ ရူးပီး - ၅၀၀
၃၂။ ဦးသောဘိတ ။ ရူးပီး - ၅၀၀
၃၃။ ဦးစန္တိမာ (ဓနု) ။ ရူးပီး - ၅၀၀
၃၄။ ဦးတေဇော ။ ရူးပီး - ၅၀၀
၃၅။ ဦးဓမ္မပါလ ။ ရူးပီး - ၃၀၀
၃၆။ ဒေါ်စောထွဋ်စန္ဒာ ရူးပီး - ၁၀၀၀

အရှင်ဇ၀န(မဂဓတက္ကသိုလ်ထံမှရရှိသော စာရင်းဖြစ်ပါသည်။)
နောက်ဆုံးသတင်း။ ဂိလာနရဟန်းတော်အား အနီးကပ်ပြုစုစောင့်ရှောက်လျက်ရှိသော အဖွဲ့ဥက္ကဋ္ဌဆရာတော်၏ မိန့်ကြားချက်အရ ယနေ့ညနေပိုင်းက ဂိလာနရဟန်းတော်သည် အရေးပေါ်ကုသခန်းမှ ထွက်ခွင့်ရခဲ့ပြီဟု ၀မ်းမြောက်ဖွယ်ကြားသိရပါသည်။ သို့သော် ကုသမှုဆက်လက်ခံယူရမည်ဖြစ်ကြောင်းလည်း ဥက္ကဋ္ဌဆရာတော်က ဆက်လက်မိန့်ကြားပါသည်။ အလှူရှင်များအား ဂိလာနရဟန်းတော်အရှင်ဇောတိကကိုယ်စား ကျန်းမာရေး ကုသိုလ် တော်အတွက် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

13 August, 2010

အရေးပေါ်အတွက် အရာရောက်သော

နယူးဒေလီဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရသည့် ဂိလာနရဟန်းတော်အရှင်ဇောတိကအတွက် လှူဒါန်း ကြသည့် အလှူရှင်စာရင်းများကို ဖော်ပြအပ်ပါသည်။ ဂိလာနရဟန်းတော်အနေဖြင့် အခြေအနေ တိုးတက် ကောင်းမွန်လာပြီး နောက်တစ်ပတ် တနင်္လာနေ့တွင် အရေးပေါ်ခန်းအတွင်းမှ ထွက်ရဖွယ်ရှိသည်ဟု သိရပါသည်။ နိုင်ငံအရပ်ရပ်မှ ကျန်းမာရေးအလှူရှင်မျာ၏ ကုသိုလ်တော်ကြောင့်သာ ဂိလာနရဟန်း တော် အရှင်ဇောတိက ထောက်တည်ရာရခဲ့ဖြင်းဖြစ်ပါသည်။

ယခုအချိန်အထိ ဆေးကုသမှုအတွက် ကုန်ကျငွေမှာ အိန္ဒိယရူပီးငွေ နှစ်သိန်းခွဲတိတိ ဖြစ်ပါသည်။ လူနာ စောင့်ရဟန်းတော်များမှာ မိမိတို့ ကိုယ်ပိုင်စရိတ်ဖြင့် ဂိလာနရဟန်းတော်အား ပြုစုစောင့် ရှောက် နေကြကြောင်း သိရပါသည်။

၁။ အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးရှိပညာသင်ရဟန်းတော်များ၏ စုစုပေါင်းလှုဒါန်းငွေ ရူပီး ၇၉၀၀၀ (ခုနစ်သောင်း ကိုးထောင်နှင့် ဒေါ်လာနှစ်ရာ)
၂။ အိန္ဒိယ နိုင်ငံမြန်မာသံရုံးမှ ရူပီးငွေ ၁၀၀၀၀(တစ်သောင်း)
၃။ အခြားစေတနာရှင်များမှ စုပေါင်းလှုဒါန်းငွေ ရူပီးတစ်သောင်း
၎။ မလေးရှားမှ ဒေါက်တာဦးသောင်းထိုက်+ဒေါက်တာဒေါ်ကြည်ကြည်ဝင်း ဦးဆောင်သောအလှုရှင်များမှ ရူပီးငွေ ၁၆၅၇၈( တစ်သောင်းခြောက်ထောင် ငါးရာခုနစ်ဆယ့်ရှစ်)
၅။ အရှင်ခမာဝုဓနှင့် အမေရိကန်နိုင်ငံ ဟာ့မွန်းဗေးမြို့ ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော်များ၊ ဘေးဧရိယာမှ ဒကာဒကာမများ စုပေါင်းအလှူတော်ငွေ အမေရိကန်ဒေါ်လာ ၁၂၅၀ (တစ်ထောင့် နှစ်ရာ့ငါးဆယ်) နှင့်ညီမျှသော ရူပီး ၅၇၁၃၀ (ငါးသောင်းခုနှစ်ထောင့်တစ်ရာ့သုံးဆယ်)
၆။ ဆရာတော် ဦးစန္ဒောဘာသ ဦးဆောင်သော အမေရိကန်ပြည် ဘိုးလင်းဂရင်း ကင်တက်ကီပြည်နယ်မှ အလှူရှင်များ အမေရိကန်ဒေါ်လာ ၁၀၀၀(တစ်ထောင်)
ရ။ ဦးကောဝိဒ (ပုလော)မှ အမေရိကန်ဒေါ်လာ ၅၀(ငါးဆယ်)
၈။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ရန်ဒီလင်း+ချိုမာလင်းမိသားစု အမေရိကန်ဒေါ်လာ ၁၀၀(တစ်ရာ)
၉။ ဒေလီမြို့အလှုရှင်များမှ ရူပီး ၁၀၀၀၀ (တစ်သောင်း)နှင့် အမေရိကန်ဒေါ်လာ ၅၀(ငါးဆယ်)
၁၀။ အမေရိကန်နိုင်ငံ ဒေါ်သိင်္ဂီဝင်းထံမှ အမေရိကန်ဒေါ်လာ ၁၀၀(တစ်ရာ)
၁၁။ အင်္ဂလန်နိုင်ငံ ဒေါ်ဌေးဌေး ပေါင် ၁၀၀(တစ်ရာ)
၁၂။ ဦးသုစယဥာဏ နာလန္ဒာတက္ကသိုလ် အမေရိကန်ဒေါ်လာတစ်ရာ
၁၃။ ဦးရန်စိမ်း+ဒေါ်ဖြူဖြူမြင့် ထိုင်ဝမ် အမေရိကန်ဒေါ်လာတစ်ရာ

စုစုပေါင်း ရူပီးငွေ ၂၅၇၇၀၈( နှစ်သိန်းငါးသောင်းခုနှစ်ထောင့်ခုနှစ်ရာရှစ် ရူပီး) (မှတ်ချက် ဒေါ်လာနှင့် ပေါင်စတာလင်ငွေများကိုပါ ရူပီးငွေပေါက်ဈေးဖြင့် တွက်ချက်ဖော်ပြထားခြင်းဖြစ်ပါသည်။)

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီးမှ ရူပီးငွေ ၃၀၀၀၀(သုံသောင်း) စိုက်ထုတ်သုံးစွဲထားပါသည်။ စာရင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

အရှင်ဝိစိတ္တသာရ
အထွေထွေအတွင်းရေးမှူး

မှတ်ချက်၊ အဖွဲ့ကြီး၏ သတင်းပြန်ကြားရေးများ (အရေးပေါ်ကျန်းမာရေးကိစ္စ) အတွက် လိုအပ်ချက်အရ ဓမ္မဂင်္ဂါဘလော့အား ယာယီအသုံးပြုနေခြင်းဖြစ်ပါသည်။

အမေရိကားမှ စာတစ်စောင်

သို့ 
အရှင်ဘုရား တပည့်တော် အရှင်ခမာဝုဓ ပါ။ တပည့်တော် တို့ အမေရိကန်နိုင်ငံ ဟာ့မွန်းဗေးမြို့  ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော်များ၊ ဘေးဧရိယာမှ ဒကာဒကာမများ စုပေါင်း၍ အိန္ဒိယနိုင်ငံတွင် အရေးပေါ်ဆေးကုသမူခံယူနေသော ဦးဇောတိက အတွက် ဆေးဖိုးနဲ့ အထွေထွေ အသုံးပြုရန် န၀ကမ္မ အမေရိကန်ဒေါ်လာ ၁၂၅၀ (တစ်ထောင့်နှစ်ရာ့ငါးဆယ်) နဲ့ ညီမျှတဲ့ ရူပီး ၅၇၁၃၀ (ငါးသောင်းခုနှစ် ထောင့်တစ်ရာ့သုံးဆယ်) ကို ဦးဝဇီရဗုဒ္ဓိ (နယူးဒေလီတက္ကသိုလ်) နဲ့ မနေ့ က လှူဒါန်းလိုက်ပါတယ်ဘုရား။ ဦးဝဇီရဗုဒ္ဓိနဲ့ လည်း အခုပဲ အွန်လိုင်းကနေ စကားပြောပြီးပါပြီးဘုရား။

တပည့်တော် အခုလို နိုင်သလောက် အခွင့်အရေးကြုံကြိုက်လို့ ကူလိုက်ရတဲ့ အတွက် ဂိလာနရဟန်းတော် ဦးဇောတိက အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်တာကို သိရတဲ့ အတွက် ၀မ်းမြောက် ပီတိဖြစ်မိပါတယ်ဘုရား။ တပည့်တော်ပြုသမျှ ကုသိုလ်များကိုလည်း ဘုန်းကြီးတို့ကို အမျှပေးဝေပါတယ် ဘုရား။
ဘုန်းကြီးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ လို့ တပည့်တော် မေတ္တာပို့သလိုက်ပါတယ် အရှင်ဘုရား။
မေတ္တာဖြင့် အရှင်ခမာဝုဓ ( ဓမ္မပီတိ )

10 August, 2010

ဗန်းမော်ဆရာတော်၏ သီရိလင်္ကာဘုရားဖူးခရီး

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ။ တိပိဋကရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပေါက်မြိုင်ဆရာတော်ဘုရားကြီး ဦးအဂ္ဂ၀ံသာဘိဝံသ(၂)ပါး အမှူးပြုလျက် ဖြူးမဟာစည်ရိပ်သာကြီး(၂)ခု၏ ပဓာနနာယကဆရာတော် အရှင်အဂ္ဂ၀ရ (ဓမ္မာစရိယ၊M।A, PhD Thesis) ဦးစီးသော ဘုရားဖူးအဖွဲ့သည် သီရိလင်္ကာနိုင်ငံတွင် 11-8-2010 မှ 20-8-2010 နေ့အထိ။ ထိုင်းနိုင်ငံတွင် 21-8-2010 မှ 23-8-2010 နေ့အထိ ဘုရားဖူးကြွရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

08 August, 2010

အရေးပေါ်ဂိလာနရဟန်းတော်အတွက် အလှူငွေစာရင်း

၁။ မဂဓတက္ကသိုလ်မှ ရဟန်းတော်များ ဒေါ်လာ ၁၀၀နှင့် ရူပီး ၂၆၈၀၀
၂။ ဗာရာဏသီတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၁၇၉၀၀
၃။ နာလန္ဒာတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၇၆၀၀
၎။ ဒေလီတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၁၃၄၀၀
၅။ ဘုံဘေတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၃၇၀၀
၆။ နာဂဇုနတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၂၅၀၀
၇။ ပုနေးတက္ကသိုလ်မှ ရဟန်းတော်များ ရူပီး ၅၆၀၀
၈။ သံရုံးမိသားစု ရူပီး ၁၀၀၀၀
၉။ ဒေလီမြို့အခြားအလှုရှင်များ ရူပီး ၈၀၀၀
၁၀။ မဂဓတက္ကသိုလ်မှ အခြားအလှုရှုင်များ ရူပီး ၂၀၀၀
၁၁။ ဒေါက်တာ ဦးသောင်းထိုက် ဒေါက်တာဒေါ်ကြည်ကြည်ဝင်းမိသားစုနှင့် အခြားအလှုရှင်များ မလေးရှားမှ ရူပီး ၁၆၅၈၇
၁၂။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကိုရန်ဒီလင်း၊ ချိုမာလင်း မိသားစု အမေရိကန်ဒေါ်လာ ၁၀၀ (တစ်ရာ)ဖြစ်ပါသည်။

ယနေ့ထိ စုစုပေါင်း ရရှိငွေမှာ ရူပီး ၁၁၅၅၈၇ (တစ်သိန်းတစ်သောင်းငါးထောင့်ငါးရာရှစ်ဆယ်ခုနှစ်) နှင့် U$ 200(နှစ်ရာ) ဖြစ်သည်။ ယနေ့ထိ (၀၇-၀၈-၂၀၁၀)စုစုပေါင်းကုန်ကျငွေမှာ ရူပီးငွေ ၁၂၂၀၀၀ (တစ်သိန်းနှစ်သောင်းနှစ်ထောင်) ဖြစ်သည်။

အိန္ဒိယနိုင်ငံပညာသင် မြန်မာ ရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့မှ စိုက်ထုတ်ငွေ ရူပီး ၃၀၀၀၀(သုံးသောင်း) ဖြစ်သည်။

06 August, 2010

နယူးဒေလီဆေးရုံပေါ်က အရေးပေါ်လူနာရဟန်းတော်

ဒီရက်ပိုင်းအတွင်းမှာ ဘလော့မရေးနိုင်ခြင်းရဲ့ အကြောင်းတရားဟာ နယူဒေလီဆေးရုံပေါ်က အရေးပေါ် ဂိလာ လူနာရဟန်းကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယမှာ ပညာသင်နေတဲ့ ရဟန်းတော်တွေရဲ့ ကျန်းမာရေး ပညာရေး အ ထောက်အကူပြုနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး ရှိပါတယ်။ ပညာသင်ရဟန်းတော်တွေ အရေးပေါ်ကျန်းမာရေး ပြဿနာကြုံလာရင် ကူညီထောက်ပံ့နိုင်ဖို့ အဆင်သင့် ဖြစ်နေမြဲပါပဲ။

အဖွဲ့ကြီးရဲ့ ကျန်းမာရေးပဒေသာပင်ရန်ပုံငွေ ဆိုတာကလည်း အဖွဲ့ဝင် ရဟန်းတော်တွေ ထည့်ဝင်တဲ့ အဖွဲ့ဝင်ကြေးနဲ့ နှစ်စဉ်ကြေးကို ဘဏ်မှာ စုဆောင်းထားတာဖြစ်ပါတယ်။ ရူပီးတစ်သိန်း ၀န်းကျင်လောက်ပဲ ရှိတာပါ။ နှစ်စဉ်လည်း ဂိလာနလူနာရဟန်းတော်တွေရဲ့ ကုန်ကျစရိတ်ရဲ့ သုံးပုံတစ်ပုံကို ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ (လွန်ခဲ့တဲ့ ဇူလိုင်လကတော့ စင်ကာပူက အလှူရှင်မိသားစုက ရူပီးငွေတစ်သိန်း လှူဒါန်းခဲ့ပါတယ်။ အဲဒီအလှူငွေကတော့ ဘဏ်မှာ ကျန်းမာရေးပဒေသာပင်စိုက်ထူပြီး အတိုးအပွားကိုမှ အဖွဲ့ဝင်ရဟန်းတော်များရဲ့ ကျန်းမာရေးအတွက် သုံးစွဲမှာ ဖြစ်ပါတယ်။)

ဒီနှစ်ဦးပိုင်းမှာတော့ ဂိလာနလူနာရဟန်းတော် နှစ်ပါးရှိခဲ့ပါတယ်။ အကြီးစားကုသမှုတွေချည်းပါပဲ။ အိန္ဒိယနိုင်ငံ တောင်ပိုင်း ပူနေးတက္ကသိုလ်က ရဟန်းတော်တစ်ပါးနဲ့ ဟိုက်ဒရာဘတ်တက္ကသိုလ်က တစ်ပါး။ တစ်ပါးကို ရူပီးလေးသောင်းခန့်စီ လှူဒါန်းခဲ့ရပါတယ်။ အဖွဲ့ကြီးရဲ့ ကျန်းမာရေးပဒေသာပင်ဟာ ပါးလျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာမှ ဗီဟာပြည်နယ်၊ မဂဓတက္ကသိုလ်က မဟာဝိဇ္ဇာတန်းကျောင်းသား အရှင်ဇောတိကအနေနဲ့ အရေးပေါ်ကျန်းမာရေးကုသမှုကို ခံယူခဲ့ရရှာတာပါ။ (သတင်းအပြည့်အစုံ) အရှင်ဇောတိက ဆိုတာက ဗီဟာပြည်နယ်၊ မဂဓတက္ကသိုလ်ကြီးမှာ မဟာဝိဇ္ဇာတန်းတက်ရင်း အဖွဲ့ကြီးရဲ့ ပညာရေးကော်မတီ သင်တန်းတွေမှာ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာကို သင်ကြားပို့ချပေးနေတဲ့ ရဟန်းတော်တစ်ပါးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်ရဟန်းတော်တွေ အနေနဲ့ အရေးပေါ်ကျန်းမာရေး ကုသမှုခံယူရပြီဆိုရင် ဆေးကုသဖို့အတွက် ထောက်ပံ့လှူဒါန်းငွေနှစ်ရပ်ကို ခံစားရပါတယ်။ ဘယ်တက္ကသိုလ်က ရဟန်းတော်တော့ အရေးပေါ်ကျန်းမာရေးကုသမှုခံယူနေပြီ ဆိုတဲ့ သတင်းကြားတာနဲ့ တက္ကသိုလ်အသီးသီးက ရဟန်းတော်တွေဟာ သဒ္ဓါကြေးထည့်ဝင်လှူဒါန်းကြမြဲဖြစ်ပါတယ်။

အဲဒီသဒ္ဓါကြေး ထောက်ပံ့ငွေနဲ့တင် ရောဂါပျောက်ကင်းသွားတာမျိုး ရှိပါတယ်။ ပြီးတော့ ဆေးကုသမှုမှတ်တမ်းနဲ့ ကုန်ကျစရိတ်ကို အဖွဲ့ကြီးကို တင်ပြတဲ့အခါ အဖွဲ့ကြီးကနေ ကုသမှုကုန်ကျစရိတ် သုံးပုံနှစ်ပုံကို လှူဒါန်းပေးပါတယ်။ များသောအားဖြင့်တော့ လှူဒါန်းထောက်ပံ့ငွေနှစ်ရပ်ကို အလှူခံရရှိတဲ့ အဖွဲ့ဝင်ရဟန်းတော်များဟာ ရောဂါပျောက်ကင်းရုံမျှမက နာလန်ထ အားယူဖို့အတွက်ပါ လုံလောက် လေ့ရှိပါတယ်။

ခုလည်း အရှင်ဇောတိက နယူးဒေလီမှာ အရေးပေါ်ဆေးရုံတက်လိုက်ရပြီ ဆိုတဲ့ သတင်းကြားတာနဲ့ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌအရှင်ပညာသာမိက တက္ကသိုလ်အသီးသီးက ပညာသင်ရဟန်းတော်တွေကို သဒ္ဓါကြေးထည့်ဝင်ကြဖို့ ဆော်သြခဲ့တဲ့အတွက် အလှူငွေ ရူပီးငါးသောင်းကျော် (မြန်မာငွေ ဆယ်နှစ်သိန်းခန့်) ၀ိုင်းဝန်း လှူဒါန်း ခဲ့ကြပါတယ်။ မိမိတို့ရဲ့ ပညာသင်စရိတ်ထဲက ဖဲ့လှူကြရတာမို့ စိတ်ထက်သန်စွာ လှူဒါန်းကြတဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို မှတ်တမ်းတင်ရပါတယ်။

အဖွဲ့ကြီးအနေနဲ့ လှူဒါန်းထောက်ပံ့ရမယ်ဆိုရင်လည်း ရူပီးငွေငါးသောင်းထက် ပိုပြီး ထောက်ပံ့နိုင်ဖွယ် မရှိပါဘူး။ ကုန်ကျမယ့် စရိတ်က မျှော်မှန်းထားတာထက် လေးငါးဆလောက်ကုန်ကျမယ် လို့ ခန့်မှန်းပြီး စိတ်ပူနေကြရတာပါ။ အဲဒီထက်လည်း ပိုသွားနိုင်ပါသေးတယ်။ မြန်မာပြည်ပြန်ပြီး ကုသဖို့ဆိုတာလည်း အရေးပေါ်ခန်းထဲက တစ်လက်မမှ ရွှေ့မရတဲ့ အခြေအနေ ဖြစ်နေတာပါ။

မြန်မာပြည်က အရှင်ဇောတိကနဲ့ နီးစပ်ရာ မိဘဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ဆရာသမားထံ ဖုန်းတဂွမ်ဂွမ် ဆက်နေရတဲ့ အနေအထားပါပဲ။ အရှင်ဇောတိကနဲ့ တစ်ခန်းတည်းသီတင်းသုံးဖော် အရှင်ဇ၀နရဲ့ ဆက်သွယ်မှု ကြောင့် ကျေးလက်က မိဘဆွေမျိုးတွေနဲ့ ဆရာဘုန်းတော်ကြီးတို့ကလည်း တတ်နိုင်သမျှလေး စုဆောင်းပေးလှူဖို့ ကြိုးစားနေကြရှာတယ် ဆိုတဲ့ သတင်းပြန်ကြားချက်ကတော့ ရောင်နီဝါးဝါးလေး မြင်ရသလို ။ ဘာပဲဖြစ်ဖြစ် ကောက်ရိုးစတစ်မျှင်ဟာလည်း အားကိုးစရာပါပဲ။ “ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်” ဆိုသလို ရောဂါကို ဖာထေးနိုင်တဲ့ ငွေကြေးပမာဏထိတော့ သတင်းမကြားရသေးပါဘူး။

အနီးကပ်ပြုစုနေကြတဲ့ အဖွဲ့ဥက္ကဋ္ဌဆရာတော်အရှင်ပညာသာမိ နဲ့ မဂဓတက္ကသိုလ်က သီတင်း သုံးဖော်ရဟန်းများ၊ ဒေလီတက္ကသိုလ်က ရဟန်းတော်များကတော့ ဂိလာနရဟန်းတော်ရဲ့ အခြေအနေနဲ့ လက်ထဲမှာ တစ်နေ့တစ်ခြားပါးပါးသွားတဲ့ ၀တ္ထုငွေကို တွက်ဆပြီး စိတ်ပူနေကြရပါတယ်။ ဘာပဲ ဖြစ်ဖြစ် “သဗ္ဗေ သတ္တာ ကမ္မဿကာ ” လှိုင်းထဲ သာသနာ့အာဇာနည်တစ်ပါး မျောပါမသွားဖို့ ကရုဏာဆည်တွေ တည် ဆောက်နိုင်ရေး မျှော်လင့်တွေးတောမိတော့တယ်။

ဓမ္မဂင်္ဂါ
၀၆-၀၈-၂၀၁၀

05 August, 2010

အဲဒါ ရဟန်းတဲ့လား နဲ့စတဲ့ နံနက်ခင်း

စာမရေးဖြစ်ပါဘူး။ မိတ်ဆွေတွေရဲ့ အသစ်တွေကိုပဲ ကလစ်မိရင်း ဓမ္မဂင်္ဂါ အဟောင်းလေးတွေလည်း စောင်းငဲ့ကြည့်နေမိသေးတယ်။
ဒီမှာ ဖတ်ဖို့
ပျင်းနေမှာစိုးလို့ (၂)

04 August, 2010

ပျင်းနေမှာစိုးလို့

ဒီနေ့ရက်တွေမှာ အလုပ်တွေနဲ့ သြဂုတ်လကို ဖျားယောင်းထားလိုက်မိပါတယ်။ စာသင်ခန်းတွေ ထထ ပြေး၊ ရုတ်တရက်ဖျားနာတဲ့ အဖွဲ့ဝင်ရဟန်းတော်တစ်ပါးအရေးဆွေးနွေး...။ အချိန်ရှားပါးမှုပြဿနာ ကျရောက်ခဲ့...။ ဘလော့စာမျက်နှာကို မသစ်နိုင်॥။ ဒီလိုနဲ့ ရှိပြီးသားအဟောင်းလေးကိုပဲ ထုတ်ဖတ်မိ...။ ပျင်းနေမှာ စိုးလို့....
ဓမ္မဂင်္ဂါ
၀၅-၀၈-၂၀၁၀

ဒါလေးကို ပြန်ဖတ်မိတယ်

01 August, 2010

မွေးနေ့အဆုံးလား ၊ မွေးနေ့အဖြုန်းလား

ဒကာ ၀ိမုတ္တိသုခအတွက် မွေးနေ့လက်ဆောင် ရေးဖြစ်ပါတယ်။ မွေးနေ့ရှင်ရဲ့ ဘလော့မှာ ဖော်ပြပြီးမှ ဓမ္မဂင်္ဂါမှာ ပြန်လည်ဖော်ပြချင်တာပါ။ ဒါပေမယ့် မွေးနေ့ရှင်အတွက် မုဒိတာပွားချင်ဇောက ရေတိုးလေတော့ ဂင်္ဂါစီးကြောင်းပေါ် လွှင့်တင်လိုက်ရပါတယ်။
မွေးနေ့ရှင် ဒကာ ၀ိမုတ္တိသုခ ကျန်းမာပျော်ရွှင် လင်းလက်အောင်မြင်ပါစေ

မုဒိတာဖြင့်


ဓမ္မဂင်္ဂါ
၃၁-၀၇-၂၀၁၀

မွေးနေ့အဆုံးလား ၊ မွေးနေ့အဖြုန်းလား

(၁)

ဒီနေ့က ၀ါဆိုလပြည့်ကျော်ငါးရက်နေ့ပါ။ ဗာရာဏသီ၊မိဂဒါဝုန် အတွက်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓသာသနာတော်ကြီး တစ်ခုလုံးအတွက်ပဲဖြစ်ဖြစ်၊ ဟောဒီဘဒ္ဒကမ္ဘာကြီးတစ်ခုလုံးအတွက်ပဲ ဖြစ်ဖြစ် ထူးမြတ်လှတဲ့ နေ့ရက် ဆိုတာကိုတော့ ဓမ္မဘလော့ဂါမိတ်ဆွေ ဒကာဝိမုတ္တိရဲ့ မွေးနေ့ပြက္ခဒိန်ကို လှန်လှောမိမှ သိလိုက်ရတာပါ။ ဒီနေ့ ဘာနေ့ပါလိမ့်ပေါ့။

ပြက္ခဒိန်ဆိုတာကလည်း စာရွက်ကြီးတွေကို လှန်လှောစရာမလိုဘူး၊ ဂျီတော့ခ်အွန်လိုင်းပေါ်က အဖြူရောင်မေတ္တာ မောင်ဖိုးသားကို “ ဒီနေ့ ၀ါဆိုလပြည့်ကျော် ဘယ်နှစ်ရက်တုန်းဟ” လို့ မေးလိုက်ရုံနဲ့ လုံလောက်သွားပါတယ်။ ၀ါဆိုလပြည့်ကျော် (၅) ရက်ပေကိုး။ တစ်နှစ်တာ ဓမ္မဂင်္ဂါစီးဆင်းမှုအတွင်း ရဟန်းမိတ်ဆွေ၊ လူပုဂ္ဂိုလ်မိတ်ဆွေအချို့နဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ အနည်းစုလေးပါ။

ဒကာ ၀ိမုတ္တိ၊ အဖြူရောင်မေတ္တာ၊ သစ္စာအလင်းနဲ့ အခြားလူပုဂ္ဂိုလ် ဘလော့ဂါအနည်းစုနဲ့ အွန်လိုင်းမှာလည်း စကားပြောဖြစ်ခဲ့ပါတယ်။ ဓမ္မဂင်္ဂါကို မောင်ဖိုးသားက ပြုပြင်လေးလိုက်၊ သူက ပြန်ဖျက်လိုက်နဲ့ ဂင်္ဂါမျက်နှာပြင်အမျိုးမျိုးပြောင်းခဲ့ပါသေးတယ်။ ခုတော့ ထေရ၀ါဒဗုဒ္ဓ ဘာသာလူငယ်များက ဒကာလေးတစ်ဦးက ဂင်္ဂါစီးကြောင်းပြင်ဖို့ အားထုတ်နေပါတယ်။

ဒကာဝိမုတ္တိကတော့ ဧဟိ သွာဂတံ နဲ့ဆိုင်တဲ့ အဖွဲ့ရေးရာ ကိစ္စရပ်မျိုးတွေမှာ ဆွေးနွေးတိုင်ပင်ရင်း အကူအညီတွေ အလှူခံဖြစ်ပါတယ်။ ဒကာ ၀ိမုတ္တိကို အကြောင်းပြုပြီး မာတာဆိုတဲ့ ဆွမ်းဟင်းချက်ကပ်မယ့် ဒကာမကြီးတစ်ဦးနဲ့လည်း သိခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အရေအတွက်မများပေမယ့် မများတဲ့ အရေအတွက်လေးက ကျောရိုးခိုင်ခိုင်ရှိခဲ့ပါတယ်။

(၂)

ဒီနေ့(၃၁-၀၇-၂၀၁၀)က ဒကာဝိမုတ္တိရဲ့ မွေးနေ့ပါ။ ပြီးတော့ ဒီနေ့က မြန်မာ့ပြက္ခဒိန်မှာ ၀ါဆိုလပြည့်ကျော်ငါးရက်မို့ မိဂဒါဝုန်ညတစ်ညကို သတိရပါသေးတယ်။ (သူနေတဲ့ အခန်းလေးက မိဂဒါဝုန်မှာ ရှိပါတယ်)။ ဗုဒ္ဓအရှင်က ၀ါဆိုလပြည့်ညမှာ ဓမ္မစက်ကို လှည့်ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦး တစ်နေ့ကို တစ်ပါးနှုံး တရားတော်ကို နားလည်သွားပါတယ်။ ဘဒ္ဒကမ္ဘာရဲ့ တရားဦးပွင့်တဲ့ ဝေစုရနေ့တွေပါပဲ...။ ၀ါဆိုလပြည့်ကျော်လေးရက်နေ့မှာ နိဗ္ဗာန်လှေကားဦးမှာ ပဉ္စ၀ဂ္ဂီငါးဦး ထူးထူးမြတ်မြတ် ရပ်မိသွားပါတယ်။ သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါး ၊မဇ္ဈိမပဋိပဒါဆိုတဲ့ စကားလုံးတွေ ပဲ့တင်ထပ်သွားတဲ့ နေရက်တွေပါပဲ။

ပရိုဂျက်တာ မလိုဘဲ သစ္စာကို လမ်းညွှန်ပြတဲ့ ဗုဒ္ဓအရှင်ရဲ့ လက်ဟန်အနေအထားကို ဖူးဖူးကြမှာပါ..။ အစပိုင်းမှာ ဗုဒ္ဓအရှင်ရဲ့ ဘုရားအဖြစ်ကို လက်မခံလိုကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးဟာ ခုတော့ မော့လို့ ပြုံးလို့ ကြည်လို့....။ အစွန်းနှစ်ပါးကို ပယ်လိုက်ကြပြီ၊ မဇ္ဈိမလမ်းကို လျှောက်ကြပြီ....။ သစ္စာကို သိကြပြီ။ ဒါပေမယ့် တစ်သံသရာလုံး ကူးခတ်နစ်မြုတ်ခဲ့ပြီးတဲ့ အတ္တပင်လယ်ကြီးထဲမှာ အတွေးအခေါ်တွေက ငန်နေကြတုန်းပါ။ ခန္ဓငါးပါးမှာ ဥပါဒါန်အစွဲတွေ အစွန်းထင် နေကြတုန်းပါ...။ပဉ္စ၀ဂ္ဂီတို့ရဲ့ အဇ္ဈတ္တပေါ်က အစွန်းတွေ ချွတ်ဖို့ ဗုဒ္ဓအရှင်ဟာ ဒေသနာဉာဏ်တော်ကွန့်မြူးရပါတော့တယ်။

ဝါဆိုလပြည့်ကျော် (၅)ရက်မှာ အနတ္တလက္ခဏသုတ်ဒေသနာတော် လင်းခဲ့ပါတယ်။ ဒီဒေသနာဟာ ဗုဒ္ဓအရှင်ရဲ့ အနတ္တဒေနာကြေငြာစာတမ်း( Manifesto) ဖြစ်ခဲ့ပါရောလား။ မဇ္ဈိမပဋိပဒါနဲ့ သစ္စာလေးပါးကို လွယ်လွယ်ခေါင်း ညိတ်နိုင်ပေမယ့် အနတ္တဒေသနာကတော့ ခါးပါတယ်။ ဥပါဒါန်ရောဂါမှန်သမျှ ပျောက်ကင်းစေနိုင်တဲ့ ဆေးခါးကြီးပါပဲ။ အတွင်းသားကို ထိပါတယ်၊ ရောဂါပိုးကို ဖိပါတယ်။ ပုထုဇဉ်ဆိုတဲ့ သဘောက ကိုယ်ပိုင်အတ္တလေးကို မွေးမြူနေရတာလေ။ ပိုးမွေးသလို မွေးထားရတဲ့ အတ္တလေးကိုမှ ရောဂါပိုးလုပ်ခံလိုက်ရတော့ အနတ္တဒေသနာကို လူတိုင်းမကြိုက်နိုင်ဘူးပေါ့။ ဉာဏ်ရင့်သူနဲ့ နှလုံးသားကြီး သူတွေသာ နားလည်နိုင်သော တရားပေပဲ။

တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ ညလို့ ပြောကြတယ်။ ၀ါဆိုလပြည့်ကျော် ငါးရက်ကတော့ စကြာဝဠာဆိုင်ရာဆေးခါးကြီးနေ့ပဲ ဖြစ်ပါတယ်။ အဒီနေ့မှာ ဒကာဝိမုတ္တိကို မွေးဖွားခဲ့ပါသတဲ့..။ အနတ္တလက္ခဏသုတ်တော်ကို ဆရာတော်ဦးဗုဓ်ကတော့ ဒီလိုမွှမ်းခဲ့ပါလေရဲ့။

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(၃)


တကယ်တော့ အနတ္တဒေသနာဆိုတာက အတ္တကပ်ငြိစွဲလမ်းနေတဲ့ ခန္ဓာငါးပါးအတွေးအခေါ်တွေကို ပန်းဂေါ်ဖီထုပ်ကို ခွာချသလို အနှစ်အသားမရှိကြောင်း ဖွင့်ချတဲ့ တရားပါ..။ ပန်းဂေါ်ဖီထုပ်ကို ကဗျာဆရာတက္ကသိုလ်မင်းမော်က ဒီလိုလေးခွာချဖူးတာ မှတ်မိပါသေးတယ်။

သူငယ်ချင်း
မင်းသူ့မျက်နှာကြည့်
သူ့ရဲ့ရုပ်ကား
မပုပ်တပုပ် ဂေါ်ဖီထုပ်လို
ပထမအလွှာ တစ်ထပ်ခွာကြည့်
ဒုတိယအလွှာ...

ဒုတိယအလွှာ တစ်ထပ်ခွာကြည့်
တတိယအလွှာ...

တတိယအလွှာ တစ်ထပ်ခွာကြည့်
စတုတ္ထအလွှာ....
(ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ကဗျာမို့ မှားရင်ပြင်ကြကုန်)

ဂေါ်ဖီထုပ်ဆိုတာက ခွာကြည့်တော့လည်း အလွှာတွေပဲ တွေ့ရပေတာကိုး။ အနှစ်အသားတော့ မရှိဘူး၊ အတ္တနဲ့ တူတဲ့ အူတိုင်ကြီးတော့ ရှိပါရဲ့။ အသုံးမကျ...။ အော် အနတ္တပါတကား...။

အနတ္တဒေသနာကို နာယူရင်း ဉာဏ်အလင်းပွင့်သွားတဲ့ ပဉ္စ၀ဂ္ဂီရဟန်းမြတ်တွေကို ဗုဒ္ဓအရှင်က ဒီလို ဂုဏ်ပြုစကားဆိုပါတယ်။ ဓမ္မစကြာတရားကို နာယူရလို့ သောတာပန်အရိယာဖြစ်ပြီးသားကိုယ်တော်ကြီးတွေ အခု အနတ္တကို သိမြင်ပြီး ရဟန္တာအစစ်တွေ ဖြစ်ကုန်တာကလား။

“ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted with feeling, disgusted with perception, disgusted with mental formation, disgusted with consciousness. So being disgusted, he is dispassionate. Through dispassion, he is free from craving. When he is freed, he knows that it is freedom. Further he knows that birth is ended. The Holy life has been lived. What was to be done has been done. Nothing further has to be done for this noble path.”

ဗုဒ္ဓအရှင်ရဲ့ စကားတော်ထဲမှာ ခန္ဓာငါးပါးကို ငြီးငွေ့ရင် အစွဲအလမ်းကင်းသွားမယ်၊ အစွဲလမ်းကင်းရင် ကိလေသာက လွတ်မြောက်မယ်၊ ကိလေသာက လွတ်မြောက်ရင်တော့
၁-ခီဏာ ဇာတိ (မွေးနေ့ဆုံးပြီ)(ပဋိသန္ဓေနေမှု ကုန်မှတော့ မွေးနေ့တွေ ကျင်းပဖို့မလိုပြီ)
၂-၀ုသိတံ ဗြဟ္မစရိယံ( သူတော်ကောင်း စာမေးပွဲအောင်ပြီ)
၃-ကတံ ကရဏီယံ (အလုပ်စခန်းသိမ်းပြီ)
၎-နာပရံ ဣတ္ထတ္ထာယ (အချိန်ပို အလုပ်ဆင်းစရာ မလိုတော့ပြီ) (No OT တဲ့...။)

ဒကာ ၀ိမုတ္တိကတော့ နာမည်အလိုအရ လွတ်မြောက်ပြီးသားမို့ မွေးနေ့ တွေ အဆုံးသတ်မှာလား...
သံသရာထဲမှာ ပေါပေါလောလော မွေးနေ့တွေ ဖြုန်းတီးဦးမှာလား လို့ပဲ ခပ်စပ်စပ်လေး မေးလိုက်ပါတော့တယ်။

ဓမ္မဂင်္ဂါ
၃၁-၀၇-၂၀၁၀

အထူးစာကြွင်း၊ ရှင်မဟာနမ် သောတာပန်ဖြစ်တဲ့ နေ့မှာ မွေးဖွားတဲ့ မာတာ့ကိုလည်း ရည်ညွှန်းလိုက်ပါကြောင်း။ မွေးနေ့များ ငြိမ်းကြစေသတည်း။