27 September, 2010
19 September, 2010
ဗုဒ္ဓဘာသာဝင်အမေရိကန်သမ္မတလိုပြီ တဲ့

အသောကကြီးဧကရာဇ်ကြီး ဗုဒ္ဓဘာသာဝင်ဖြစ်တော့လည်း ဇာတ်ဝင်ခန်းက ခပ်ရိုးရိုး..။ ပညာတတ်ဖို့ပဲ လိုတာ...။ နိဂြောဓသာမဏေလေးက တတ်လိုက်တဲ့ ပညာ ..။ အရိယိုလော်ဂျီပညာရှင်( Ariyology) (တက္ကသိုလ်တွေမှာ ဌာနတစ်ခုအနေနဲ့ မဖွင့်ရသေးတဲ့ အရိယာပညာ)၊ ပုဂံခေတ်မှာ အနော်ရထာကြီးရဲ့ ရှေ့မှောက် ဘွားကနဲရောက်လာတဲ့ ရဟန္တာအရှင်အရဟံကလည်း အချင်းအဆင်း လင်းပါဘိသနဲ့...။
အင်း ခုနေ အမေရိကားက သမ္မတကြီးရဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ သာသနာပြုသာ ကြွရမယ်ဆိုရင် ....
အော် အနောက်တိုင်းသားတွေကို သာသနာ ဘယ်လိုပြုရမယ်ဆိုတာတော့ မတွေး ..။ ၀ါရှင်တန်ဒီစီမှာ ကျောင်းမြေကွက်ချပေးဖို့ အရင်တွေးမိသေး...။ တော်တော်ခက်တဲ့ ကိုယ်တော်..။(အဲ ငါ့ကိုယ်နော်)
စာအုပ်လေးကို ရှိမယ်အမှတ်နဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာကို ကလစ်ခ်ကြည့်လိုက်တော့ ၀ယ်ရန် တဲ့...။ ငယ်ငယ်တုန်းက အဘိုးလေးဦးဇင်းကြီးကို သွားပြီး သတိရမိ သေးတော့တယ်။ ကိုရင်လေးတွေ ကျောင်းသားလေးတွေကို ညညတွေမှာ ၀တ်ဖြည့်ခိုင်းပါတယ်။ နင်းနှိပ်ပေးရတာပါပဲ။ ဇာတ်နိပါတ် ပုံပြင်တွေ ပြောပြတတ်ပါတယ်။
မြို့သွားရင်လည်း ကိုရင်ကျောင်းသားလေးတွေအတွက် မုန့်လေး ဘာလေး ကပ္ပိ(၀ယ်)လာတတ်ပါတယ်။ ဒါပေမယ့် ပါလာတဲ့ မုန့်တွေကို ချက်ချင်းမပေးဘဲ ဝေ့၀ိုက်ပြီး ဒီလိုမျိုးပြောပြခဲ့တာ အမှတ်ရပါတယ်။ ကလေးဆိုတော့ မြို့က ပြန်လာတဲ့ ဦးဇင်းကြီးရဲ့ သင်္ကန်းစနဲ့ချုပ်ထားတဲ့ လွယ်အိတ်ထောင်ကြီးထဲမှာ မုန့်တွေပါလာမယ် ဆိုတဲ့ အထင်လေးနဲ့ ဦးဇင်းကြီးနားမှာ ၀ိုင်းမျှော်ရတာပါ။ မင်းတို့ အတွက် မုန့်ဝယ်ဖို့သွားတာ ဆေးဆိုင်ဝင်မေးတော့ မုန့်မရောင်းဘူး ကွ တဲ။ အဲဒါနဲ့ မုန့်ဆိုင်သွားရတာပေါ့ကွာ ။ ဒါပေမယ့် မုန့်ဆိုင်ရောက်တော့လည်း ပိုက်ဆံနဲ့မှ ရောင်းမယ်လို့ ပြောပြန်ရောဟေ့ တဲ့။ ဒါပေမယ့်ကွာ ငါက မင်းတို့ ကျွေးချင်တော့ ပိုက်ဆံနဲ့ ဆိုလည်း ပိုက်ဆံနဲ့ပေါ့ကွယ် ဆိုပြီး ၀ယ်လာရသဟေ့ တဲ့..။ အင်း
အခုလည်း ပိုက်ဆံနဲ့မှ ရောင်းမှာ ဆိုတော့..
ဝယ်ပြီးတဲ့သူများ ကော်ပီလေး မျှပါ။(မှတ်ချက် အလှူခံခြင်းမဟုတ်ပါ..)
မူရင်းဆိုဒ်က ဒီမှာ ပါ
17 September, 2010
ဧကစာသစ်ပင်
ဗာရာဏသီမုတ်သုန်အနံ့ကို ရပြီ၊ သူ့အခန်းလေး၏ မှန်ပြတင်းတံခါးချပ်များကို မိုးစက်တို့ တဖျောက်ဖျောက် ထိမှန်နေကြသည်။ နာရီနှိုးစက်မကျမီ သူနိုးထလာသည်။ စက်တင်ဘာလမှ စတင်ကာ မိဂဒါဝုန်နေ့ရက်များ အေးချမ်းတော့မည်ကို ကြည်နူးသွားသည်။ ရှည်လျားသော မဇ္ဈိမနွေရက်များနှင့် လမ်းခွဲလိုက်ပြီ။
သူ့သီတင်းသုံးဖော်ရဟန်းများကတော့ ဆက်လက် ဘ၀င်ကျနေကြဆဲ...။ မိတ်ဆွေရဟန်းတော်များက ပါရဂူဘွဲ့ အတွက် ကျမ်းတင်ရန် နီးကပ်လာပြီမို့ ညရေးညတာများကို အားကိုးတကြီးတွယ်ဖက်လာကြသည်။ သို့နှင့် နံနက်ခင်း အိပ်ရာထချိန်ကို နောက်ဆုတ် လေ့ရှိကြသည်။
သူကတော့ စာသင်ခန်းများဆီ အချိန်မီ ရောက်ဖို့အတွက် အိပ်စက်ချိန်များကို ကန့်သတ်နေရသည်။ မောဟကို ခပ်ပါးပါးနှိပ်ကွပ်နေရသည်။ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီး၏ ခေါင်းခေါက်သံ တခွပ်ခွပ်ကြားမှပင် တမှေးလောက်ရအောင် ငိုက်လိုက်ဦးမည်။ ခုတော့ ကိုယ်ရွေးတဲ့လမ်းပဲ လျှောက်.... လျှောက် ...ဆက်လျှောက်....။
ဆယ်ပေသာသာ အခန်းလေးထဲတွင် ရဟန်းတော်သုံးပါး စုပြုံတိုးဝှေ့ ကျိန်းစက်ရခြင်းက နွေးထွေးမှုတစ်ခု ဖြစ်သည်။ မိတ်ဆွေရဟန်းတော်များက အခန်းတစ်ခန်း သတ်သတ်ငှါးထားသော်လည်း သူ့အခန်းလေးထဲမှာ ကြပ်ညပ်စွာ နေရသည့်အရသာကို ခုံမင်နေကြသည်။ သူသည်လည်း ထိုနည်းနှင်နှင်ပင်....။ လွတ်မြောက်မှုကို ရှာနေခိုက် ဧကစာရီအကျင့်က အေးချမ်းကြည် မွေ့ဖွယ်ကောင်းသော်လည်း ပညာရှာဖွေခိုက် ဆွေးနွေး တိုင်ပင်ဖော်ရှိခြင်းက တန်ဖိုးတစ်ခုဖြစ်ပြန်သည်။ (အိုက်စပ်ပူလောင်သော မဇ္ဈိမနွေရက်များကို စာအုပ်များကို ဖွရင်း၊ စာအုပ်များအကြောင်း မုဒိတာပွားရင်း ကုန်ဆုံးစေခဲ့ကြသည်။ သူက မိတ်ဆွေရဟန်းတော်များ ရွှေပြည်ကြီးမှ တခုတ်တရ မှာယူထားသော စာအုပ်များကို ကပ်ရပ်ကာ ဖတ်မှတ်ခွင့်ရခဲ့သည်။ )
အကယ်တန္တု အထီးကျန်စွာ ဖြတ်သန်းရခြင်းကို သူက နှစ်ခြိုက်မှု မရှိခြင်းသာ ဖြစ်သည်။ နောင်တစ်ချိန်မှာတော့ ဧကစာရီဘ၀ကို မြတ်နိုးတတ်အောင် မလွဲမသွေ ကျင့်ရပေလိမ့်မည်။ (အဓိဋ္ဌာန်သဘောမပါသည့် စကားလုံးအတွက် အားမရပြန်ပါ။)
အစုအဖွဲ့ကို စွန့်ခွာ၍ အဖော်မမှီး တစ်ကိုယ်တည်း ကျင့်သုံးခြင်းကို ဧကစာရီ၊ အစုအဖွဲ့က စွန့်ပစ်ချန်ထား တစ်ကိုယ်တည်းအဖော်မဲ့ရခြင်းကိုတော့ အထီးကျန်မှု ဟု ဖွင့်ဆိုကြလေသည်ပဲ။ တစ်ကိုယ်တည်း မနေဖူးသေးတာတော့ သေချာသည်။ ပရိယတ္တိစာပေနယ်ဆိုသည်ကလည်း တစ်ကိုယ်တည်း နေရသည် မဟုတ်...။ ပညာမပြည့်စုံသည့်အခိုက် ဆရာရှာဖွေရသည်။ ဆရာဖြစ်ပြန်တော့လည်း တပည့်များ အတွက် ငဲ့ကွက်ရပြန်သည်။
အော် မိမိကိုယ်ကိုယ် ငဲ့ညှာနေခြင်းပါပဲ...။ လှည့်စားမှု (၀ဉ္စနာ)တရားများအကြောင်း မှတ်သားဖူးလေတော့ တစ်ခုခုနှင့်တော့ ငြိနေမှာ သေချာလှသည်။ အပေါင်းအဖေါ်မက်ခြင်း(သင်္ဂဏိကာရာမတာ) ကို ဖုံးကွယ်ရန် တပည့်အပေါင်းကို ချီးမြှောက်ခြင်း (ဂဏာနုဂ္ဂဟ ကရဏတာ) ဖြင့် မိမိစိတ်ကို လှည့်စားဖန်တီးလေ့ရှိသည် တဲ့။ အပြောမက်ခြင်း (ဘဿာရာမတာ) ကိုတော့ တရားစကား ပြောကြားနေရသည်ကို ပျော်မွေ့ခြင်း (ဓမ္မဒေသနာဘိရတိ) တံဆိပ်လေး ကပ်ပစ်လိုက်သည်။ ဟိုနေရာပါ ဒီနေရာပါ လူရာဝင်လိုသည့် (ကမ္မာရာမတာ)ကိုတော့ ကုသိုလ်ကောင်းမှုတွင် မွေ့လျော်ခြင်း(ပုညကမ္မတာ) မျက်နှာဖုံးလေး စွပ်ထားလေ့ရှိ တတ်ပြန်သည်ဆိုပဲ။
ဘာပဲဖြစ်ဖြစ် အစုအဝေးထဲမှာ ပေါင်းရုံးပျော်မွေ့ချင်သည်က ပိုကဲနေတတ်သည်။ ရုံးစုစုရှိလျှင် တိုးတိုးဝှေ့ဝှေ့။ စာသင်ခန်းနှင့် တရားဟောပလ္လင်တွေ့လျှင်လည်း ဂဏာမငြိမ်တတ်။ တစ်နေ့တစ်နေ့ ဆောင်ရွက်ရန် စိတ်ကူးစာရွက်ပေါ်က အချိန်ဇယားများကလည်း ခပ်စိပ်စိပ်.။
(၂)
ဗုဒ္ဓအရှင်ကိုယ်တိုင်သည်ပင် နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ရိုးစင်းဖြောင့်မတ်သော ဧကစာရီနေ့ရက်များကို မွေ့လျော်တော်မူခဲ့ဖူးသည်။ ဥရုဝေလတောအုပ်လေးထဲမှ မြို့ပြသို့ ပြန်ဝင်လာသောအခါ အရှင်မြတ်သည် ရွေ့လျားရှင်သန်နေသော ကြာဖြူပန်းတစ်ပွင့်ဖြစ်နေသည်။ ရွှံ့နွံထဲက ကြာမျိုးစေ့များကို ပွင့်စေခဲ့သည်။ အရိယာကြာဖြူပန်းများ ပွင့်သော ခေတ်များစွာ၏ မုခ်ဦးကို အရှင်မြတ်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။
အရှင်မြတ်က တစ်နေရာတည်းမှာ ကျောက်ချရပ်နားနေလေ့ရှိသည့် ရေသေအိုင်မဟုတ်။ အမြဲတမ်းစီး ဆင်းနေသည့် ဓမ္မမြစ်တစ်စင်းဖြစ်နေသည်။ ကောသလ၊ မဂဓနှင့် ကောသမ္ဘီလို တိုင်းကြီးပြည်ကြီး မြို့ရွာကြီးများတွင် အရှင်မြတ်အတွက် ကျောင်းတော်ဝိဟာကြီးများ ခမ်းနားစွာ ရှိနေသည်။ အရှင်မြတ်က သပိတ်တစ်လုံး သင်္ကန်းသုံးထည်နှင့် အဇ္ဈတ္တဧကစာလမ်းကို လျှောက်ပြနေသည်။ မြို့ပြရွှေရောင် ငွေရောင် အဆောင်အယောင်နှင့် ပရိသတ်အသိုင်းအ၀ိုင်းများကို မခုံမင်...။ ခိုနားဖို့ အရိပ်သာ ဖြစ်လိုသည်။ ကပ်ငြိခွင့် မပေး၊ သစ်ပင်သည် ငှက်ကို မကပ်ငြိ....။ ငှက်ကလည်း သစ်ပင်ကို ခိုလှုံရုံမျှသာ....။ အထီးတည်းဧကစာသစ်ပင်တွင် ကုဋေကုဋာငှက်များ နားခိုသွားသည်။ သစ္စာအသီးအပွင့်များကို စားကာ ပြန်ထွက်သွားသည်။ သစ်ပင်က သစ်ပင်....ငှက်က ငှက်.....။
အရှင်မြတ်၏ အဂ္ဂမဟာသာဝက၊ မဟာသာဝကအဆူဆူတို့သည် အရှင်မြတ်နည်းတူ မွှေးမြသော ကြာဖြူ ပန်းများအဖြစ် ရွှံနွံနှင့် မငြိကပ်၊ ကြာဖြူမျိုးစေ့ပွားနေခဲ့ကြသည်သာ ဖူးတွေ့ရသည်။ တစ်နေရာရာမှာ ကျောက်ချငြိကပ်သွားသည်ကို မမှတ်သားစဖူး....။ သာရိပုတ္တ၊ မောဂ္ဂလာနနှင့် မဟာကဿပ ထေရ်အရှင်တို့ ကျောင်းထိုင်ဆရာတော်များဖြစ်မသွားကြ....။ အဓိပတိမဟာနာယက၊ နာယကချုပ်၊ ပဓာနနာယကစသော ဝေါဟာရများနှင့် ရင်းနှီးမသွားခဲ့ကြ....။ သပိတ်လေးကို လွယ်.....သင်္ကန်းသုံးထည်ကို လွှမ်း သာသနာလမ်းဖောက်နေရသော အခါသမယပေပဲမို့လည်း ဖြစ်နိုင်သည်........။
(၃)
ခေတ်အဆက်ဆက်လင်းလက်ခဲ့သည့် (ပရိယတ်မကင်းသော) ပဋိပတ်ဝန်ဆောင် ဧကစာတောမှီဆရာ တော်ကြီးများအကြောင်း ဖတ်မှတ်ရသည့်အခါ အားကျ ကြည်ညိုမှု ဖြစ်ဖူးသည်။ သို့သော် ထိုဧကစာရီအကျင့်က လွယ်ကူဟန်တော့မရှိပါ။ ဘုရားရှင်တို့ကျင့်သုံးသော ဧကစာမျိုးကို ကျင့်နိုင်လျင်တော့ တောနှင့် မြို့သည် ကွာခြားတော့မည်မဟုတ်။
ယနေ့ခေတ် ဧကစာကျင့်သုံးလိုကြသည့် သူတော်သူမြတ်တို့အတွက် ပရိသတ်ဆိုသည်က အန္တရာယ် တစ်မျိုးဖြစ်သည်။ ထိုပရိသတ်ကြောင့်ပင် လေးစားထိုက်သည့် ဆရာတော်ကြီးအချို့ ဧကစာရီကျင့် သုံးတော့မည်ဟု ကြွေးကြော်ထွက်ခွာပြီးသည့်တိုင် တောရစခန်းမှ မြို့ပြသို့ ပြန်ဝင်ကပ်လာရသည်မျိုး ကြုံဖူးကြားဖူးသည်။ သို့မဟုတ် ဧကစာကျင့်သုံးနေထိုင်ရာ တောရစခန်းများသည်ပင် ပညာဖြန့်ဖြူးရာ စာသင်တိုက်၊ သို့မဟုတ် ယောဂီတို့ တရုံးရုံးစုဝေးရာ ရိပ်သာကြီးများဖြစ်သွားကြရပြန်သည်။
လယ်တီဆရာတော်ကြီးသည်လည်း ၀ိညာဉ်နယ်မြေဟု နာမည်ကြီးသည့် ဖုန်းဆိုးတောမြေရိုင်းတစ်ခုဆီ လွတ်မြောက်ရာတရားရှာဖွေရန် ထွက်ခွာသွားခဲ့ဖူးသည်။ သို့သော် သိက္ခာသုံးရပ်ဆွဲအားမြင့်မားသည့် ဆရာတော်ကြီးသည် ဧကစာရီကျင့်သုံးခွင့်နှင့် လွဲချော်ခဲ့ရ၏။ သစ်ပင်ကောင်းမိတော့ ငှက်တစ်သောင်းက ရောက်လာကြသည်။ အခက်အလက်တွေ ဝေေ၀စိုစိုမို့ ခိုချင်သူတို့ များခဲ့သည်။ သို့နှင့် ဖုန်းဆိုးတောမြေသည် ပရိယတ္တိစာပေ သင်ယူပို့ချရာ ၀ိဇ္ဇာလယတစ်ခုဖြစ်လာခဲ့ရသည်။ ထိုသို့ဖြင့် လယ်တီကျောင်း တိုက်ကြီးပေါ် လာသည်ဟု မှတ်သားခဲ့ရသည်။
သို့သော် လယ်တီဆရာတော်ကြီးက ဘုရားရှင်နှင့် သာဝကအရှင်မြတ်တို့၏ ဧကစာလမ်းကို လိုက်နာလိုသည့် ရဟန်းတော်တစ်ပါးဖြစ်သည်။ ကျောက်ချရပ်နားမိသည့် လယ်တီကို စွန့်ခွာနိုင်အောင် ကြိုးစားသည်။ ပရိသတ်ရွှံနွံနှင့် ငြိကပ်မှုမရှိသော ရွေ့လျားနေသည့် ကြာဖြူပန်းအဖြစ် မိမိကိုယ်ကိုယ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။
(၄)
သူ့အခန်းလေးမှ ထွက်ခွာချိန် နံနက် ၇း၄၀... ကော်ဖီတစ်ခွက်နှင့် ဘီစကွတ်မုန့်နှစ်ခုကို ခပ်သုတ်သုတ် လွေးခဲ့ရသည်။ စာသင်ခန်းထဲရောက်တော့ တပည့်များ၏ “ တရှိ ဒေလေ့ ( မင်္ဂလာပါ)” ဟူသောနှုတ်ဆက်သံသည် နှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသည်။ သူသည် သစ်ပင်တစ်ပင်ဖြစ်ရန် နှစ်ရှည်လများ စိုက်ပျိုးနေခဲ့သည်။ သူ့အခက်အလက်များ စိမ်းမြဝေဆာနေပြီလား ...။ ခပ်ကြဲကြဲအရိပ်များကို သူမြင်နေရဆဲဖြစ်သည်।
သူစဉ်းစားမိသည်က သစ်ပင်က သစ်ပင် ....ငှက်က ငှက် ပရိုဂရမ်ကို လက်မှတ်ထိုးနိုင်ပြီလား ဟူသည်ပင်.....။ “ ပါရဂူဘွဲ့ရတော့မယ် ။ ဘယ်မှာ နေမလဲ ငါ့ရှင်” ဟူသော မေးခွန်းထက် “ ဘာလုပ်မှာလဲ” ဟူသော မေးခွန်းကို ဖြေဆိုရသည်က ပို၍ သစ်ပင်တစ်ပင်နှင့် တူပေမည်။
အင်း လွယ်တော့မလွယ်မှန်းသိသား...။ ဧကစာသစ်ပင်များဆီ ငေးနေမိသေးတော့သည်။
၁၇-၉-၂၀၁၀
12 September, 2010
မဇ္ဈိမရောက်မြန်မာရဟန်းတော်များအတွက် နေဇင်လတ်

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့၊ မြန်မာဗုဒ္ဓ ဘာသာ ပညာရေးဗိမာန်တော်တွင် အဖွဲ့ဝင်မြန်မာရဟန်းတော်များအား ဓမ္မဒါနသင်တန်းပို့ချပေးမည့် ဆရာကြီး ဒေါက်တာနေဇင်လတ်သည် အောက်တိုဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့် ရဟန်းတော်များ ကြိုတင်သိရှိနိုင်စေရန် ဆရာကြီး ဒေါက်တာနေဇင်လတ်၏ ကိုယ်ရေးအကျဉ်းနှင့် ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြအပ်ပါသည်။ (သင်တန်းရက် မကြာမီကြေငြာပါမည်။)
ဒေါက်တာနေဇင်လတ် (၁၉၅၂)
၁။ အမည်ရင်း နေဇင်လတ်
၂။မိဘအမည်-ဦးယုထော်+ဒေါ်ကြင်နု
၃။မွေးသက္ကရာဇ်-၁၉-၁၂-၁၉၅၂
၎။မွေးဖွားရာဒေသ- ရန်ကုန်
ကိုယ်ရေးဖြစ်စဉ်
နေဇင်လတ်ကို ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖဦးယုထော် အမိ ဒေါ်ကြင်နုတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ်ဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် St। John Diocesan Boy's School (လမ်းမတော် အထက -၁) မှ မူလတန်းအောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက(၁) တောင်ဥက္ကလာပတွင် သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်းအောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့(B।Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခဲ့သည်။ H।G।P।, D।A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများအောင်မြင်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ်(၉၀၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊စစ်အင်ဂျင်နီယာပြန်ကြားရေးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ်(၉၅၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှ စ၍ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊တံခွန်မဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းများတွင် စာပေများကို စတင်ရေးသားခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြမဂ္ဂဇင်းတွင် စာပေများကို ပြန်လည်ရေးသားခဲ့ပြီး စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ ၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။
၁၉၇၃ ခုနှစ်မှ စ၍ ခေတ်သစ်လူသားတို့ ကျင်လည်လှုပ်ရှားရသည့် စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးများကို ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ် ရေးသားခဲ့သည်။ ယခုအခါ AMBO Co। Ltd। နှင့် AMBO Hotel Group ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ADAM University တွင် Principal အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
နေဇင်လတ်ရေးသားပြုစုခဲ့သော စာအုပ်များ
၁။ ပညာခေတ်နှင့် မြန်မာ့စံနှုန်း၂၀၀၄)
၂။ လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ(၂၀၀၄)
၃။ 10 Days, MBA (၂၀၀၅)
၎။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်( ၂၀၀၅)
၅။ ခေါင်းဆောင် - ခေၝင်းဆောင်မှုနှင့် ကမ္ဘာ့အမြင်( ၂၀၀၇)
၆။ စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု (၂၀၀၇)
၇။ လုပ်ပိုင်ခွင့်ရှိသူ လုပ်ပိုင်သူ( ၂၀၀၈)
၈။ လူတော်လား လူကောင်းလား (၂၀၀၈)
၉။ ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ (၂၀၀၈)
၁၀။ အမွေပေးသူဆိုရာမှာ(၂၀၀၈)
၁၁။ ဦးဆောင်ခြင်းသည် ခေၝင်းဆောင်မဟုတ် (၂၀၀၈)
၁၂။ စီးပွားဖျက်သူလျှို (၁) (၂၀၀၈)
၁၃။ New 10 Days, MBA (၂၀၀၉)
၁၄။ ပီတာဒရပ်ကာ (၂၀၀၉)
၁၅။ ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့လုပ်ငန်းခွင်အင်တာဗျူး(၂၀၀၉)
ဤဆိုဒ်မှ ကူးယူဖော်ပြပါသည်။
ဆရာဒေါက်တာနေဇင်လတ်၏ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖော်ပြအပ်သည်။
ပေးဆပ်ကြရာတွင် by နေဇင်လတ်
ဦးရွှေအောင်၏ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း စာအုပ်သည် ဘာသာရေး လေ့လာလိုသူများ သာမက အတွေးအခေါ်ပိုင်း လေ့လာလိုသူများ၊ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် စဉ်းစားကြသူများ၊ ဖတ်ရှုလေ့လာဖို့ ကောင်းသည်။ ဗုဒ္ဓက လောကနှင့် ပတ်သက်၍ လောကအပေါ် ကြင်နာတတ်ဖို့ လိုသည်။ ၎င်းမှ မဟာကရုဏာတော်ကို ရရှိသည်။ အနစ်နာခံတတ်ဖို့ လိုသည်။ ၎င်းမှ အရဟတ္တမဂ် ဉာဏ်တော်ကို ရသည်။ သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်ဖို့ လိုသည်။ ၎င်းမှ သဗ္ဗညုတ ဉာဏ်တော်ကို ရသည်ဟု ဆိုထားပါသည်။
ဗုဒ္ဓတို့ ပေါ်ထွန်းခဲ့သော ဘီစီ (၆) ရာစု ခေတ်သည် ၀ိဇ္ဇာရှုထောင့်မှ ထူးထူးခြားခြား ဖြစ်ခဲ့၏။ စရဏရှု ထောင့်မှလည်း ထူးထူးခြားခြား ဖြစ်ခဲ့၏။ ထိုစဉ်က သူတို့သည် လောကအကြောင်း ပို၍ စူးစမ်းခဲ့ကြသည်။ လောကအကျိုး ပို၍ ဦးထိပ်ထားခဲ့ကြ သည်ဟု ယူဆနိုင်သော် ရနိုင်ကောင်း၏။ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတ ရွှေဉာဏ်တော် ရ၊ မရသည် အဓိက မဟုတ်။ မဟာကရုဏာတော် မဟုတ်ဘဲ သာမန် ကရုဏာဖြင့်ပင် လူတို့သည် လောကနှင့် ဆက်စပ်သော မိမိ တို့၏ လူမှု အဖွဲ့အစည်း တစ်ရပ်အတွက် ကြင်နာတတ်ဖို့၊ အနစ်နာခံတတ်ဖို့၊ အများ အကျိုးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်တတ်ဖို့ လိုအပ်ပေသည်။
လူတိုင်းကသာ အတ္တကို အခြေခံ၍ ရယူလိုသူချည်း ဖြစ်လျှင် လောကသည်လည်း ပျက်စီး၍ မိမိတို့၏ အမျိုးဘာသာ၊ သာသနာ တို့သည်လည်း ကွယ်ပျောက်ကြမည် ဖြစ်ပါသည်။ အနည်းဆုံး လူတိုင်းသည် 'ရယူလိုမှု' နှင့် 'ပေးဆပ်လိုမှု' နှစ်ခုကြား မဇ္ဈိမ ပဋိပဒါဖြင့် ရှိသင့်ကြသည်။
အကျိုးပေး
အနောက် ကမ္ဘာထက် အရှေ့ကမ္ဘာက အကျိုးပေးတို့ အကြောင်း ပို၍ လေ့လာခဲ့ကြပြီး ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့က 'အကျိုးပေး' 'တူသောအကျိုးပေး'တို့ အကြောင်း ယုံကြည်ချက်ပို၍ ထားခဲ့ကြသည်။ အကျိုးပေးနှင့် ပတ်သက်လျှင် အဆင့် (၃) ဆင့်ကို တွေ့နိုင်သည်။
ပထမအဆင့်တွင် အလိုဆန္ဒ (ကာမ)၊ ဒုတိယအဆင့်တွင် အလိုဆန္ဒနှင့် လျှော်ညီသော ကြံစည်မှု (ကြတု)၊ တတိယအဆင့်တွင် ကြံစည်သည့် အတိုင်း ဆောင်ရွက်မှု (ကမ္မ) ဟူ၍ အဆင့် (၃)ဆင့်ရှိပြီး ထိုသုံးဆင့်လုံးဖြင့် ပြည့်စုံသောအခါ အကျိုးပေး (ဖလ)ဟူ၍ ရပေသည်။ ဤတွင် ဆောင်ရွက်သူသည် ဆန္ဒမှန်လျှင် လည်းကောင်း၊ ကြံစည်မှုမှန်လျှင် လည်းကောင်း၊ ဆောင်ရွက်မှုမှန်လျှင် လည်းကောင်း၊ လောကအတွက် ကောင်းသော အကျိုးကျေးဇူးများ ထွက်ပေါ်လာသလို ဆောင်ရွက်သူ အတွက်လည်း တူညီသော အကျိုးပေးကို ပြန်လည်ခံစားရမည် ဖြစ်သည်။ ဆန္ဒမှား၊ ကြံစည်မှုမှား၊ ဆောင်ရွက်မှုမှားလျင်ကား လောကအတွက် ဆုတ်ယုတ်ကျိုးပေးသလိုဖြစ်၍ ဆောင်ရွက်သူ အတွက်လည်း တူသော အကျိုးပေးကိုသာ ပြန်လည် ရရှိမည် ဖြစ်သည်။ ဆောင်ရွက် ကြံစည်မှု များသည် ခေတ်သစ်စကားဖြင့် ဆိုလျှင် စွမ်းအင်တစ်ခုသာ ဖြစ်၍ စွမ်းအင်များသည် ပျောက်ပျက်မှု မရှိကြပေ။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြ၏။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြကြောင်းလည်း ခေတ်သစ်သိပ္ပံဖြင့် ထုတ်ဖော်ခဲ့ကြပြီး ဖြစ်သဖြင့် ကောင်းကျိုးလုပ်လျှင် ကောင်းကျိုးရ၍ ဆိုးကျိုးပြုခဲ့လျင် ဆိုးကျိုး ပြန်ရမည်ဟု ယုံမှားသံသယ မရှိအပ်တော့ချေ။
ဝိဘဇ္ဇ၀ါဒ
ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒသည် ပိုင်းခြား ဝေဖန်ရသော ၀ါဒ ဖြစ်သည်။ ယနေ့ Analytical Thinking, Critical Thinking, Vertical Thinking တို့၏ အစုအပေါင်းလည်း ဖြစ်သည်။ ကာလမ ရွာသားများအားဟောကြားခဲ့သော 'ကာလမသုတ်' သည် အယူဝါဒ၊ အ ကြောင်းတရား တစ်ခုအပေါ် မျက်ကန်း မယုံကြည်ရန်နှင့် ကိုယ်ပိုင် အသိတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြားနိုင်ရန် များစွာ အထောက်အကူ ပေးခဲ့ပါသည်။
ပစ္စက္ခသိဒ္ဓခေါ် မျက်မျက်လက်တွေ့ သိနိုင်သော အချက်များ ရှိပါသည်။ ထို့အတူ အနုမာနသိဒ္ဓ၊ အာကပ္ပသိဒ္ဓခေါ် ဆင်ခြင်တွေးတော၍ ဖြစ်နိုင်သည်များကို ဆက်ဆံရသော အကြောင်းချင်းရာများလည်း လောကတွင် များပြားစွာ ရှိနေပါသည်။ သိဒ္ဓေ ယျသိန္ဓ ခေါ် မြတ်စွာဘုရား၏ ဉာဏ်တော်ကို ယုံကြည်၍ လက်ခံရသော အချက်များလည်း ရှိနေပြန်ပါသေးသည်။
ငယ်စဉ်က မိဘများ၏ 'ဒါမလုပ်နဲ့' ဟု ဆုံးမမှုများကို မျက်မြင် လက်တွေ့ မဟုတ်သေးသည့်အတွက် မလိုက်နာခဲ့မှုများ ရှိခဲ့ဖူးကြမည် ဖြစ်သည်။ သူတို့၏ အတွေ့အကြုံ၊ အဆင်အခြင်ဖြင့် ဆိုဆုံးမခဲ့ခြင်း ဖြစ်၍ 'နောင်မှမှန်' ကြောင်း ကြုံဖူးနိုင်ကြပေ မည်။ 'ကိုင်တွယ်၍မရ' 'မြင်၍မရ' သောကြောင့် 'လေ' မရှိဟူ၍ ငြင်းမရသည်မျိုးများလည်း လောကတွင် အပုံအပင် ဖြစ်ပါသည်။
ဗုဒ္ဓ၏ ၀ိဘစ္စ၀ါဒဖြင့် အရာအားလုံးကို ပိုင်းခြားဝေဖန် နိုင်ခဲ့လျှင် 'အကောင်း' 'အဆိုး' တို့ကို ကောင်းစွာ ခွဲခြားနိုင်မည် ဖြစ်ပါသည်။ အဆိုးများကို ဖြစ်ပေါ်စေမည့် 'အတ္တ'၏ အကြောင်းအရာများကိုလည်း ဖယ်ထုတ်နိုင်မည် ဖြစ်သည်။ အကောင်းများကို ၀ိဘစ္စ၀ါဒ ဖြင့် ရှာဖွေပြီး ဆောင်ရွက်နိုင်ကြလျှင် လောကအကျိုးကို သယ်ပိုးပြီးသား ဖြစ်ကြပါလိမ့်မည်။
လူ၏ စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ပညာ တို့သည် လူ၏တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများ အရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်
ခံစားမှုမှအသိသို့
သက်မဲ့ဖြစ်သော ကျောက်တုံးတစ်တုံးတွင် ခံစားမှုမရှိ၊ အမှားအမှန်ကို မသိနိုင်။ သက်ရှိ ဖြစ်လာသော တိရစ္ဆာန်ကောင် တစ်ကောင်သည်လည်း ခံစားမှုရှိသော်လည်း အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်သော ဉာဏ်ရည် အသိဆင့် နည်းပါးပါသေးသည်။ ထို့ကြောင့် တိရစ္ဆန်များတွင် လိုအပ်ချက် (Necessity)ဟူသော ရှင်သန်ရေး (Survival)အတွက်သာ ရှင်သန်ကြရသည်။ လောကအကြောင်း မစဉ်းစားတတ်၊ မစဉ်းစားနိုင်၊ မျိုးဆက်သစ်တို့ အကြောင်း မစဉ်းစားနိုင်၊ မစဉ်း စားတတ်ကြချေ။
အမှားအမှန်ကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်မှုသည် ခံစားမှု ရှိကြသော အရေအတွက် အနန္တရှိသော သတ္တလောကကြီး တစ်ခုလုံးတွင် 'လူ' တစ်မျိုးတည်း၌သာ တည်၏။ ထို့ကြောင့် ဗုဒ္ဓက လူ့ဘ၀ကို ရခဲလှသောဘ၀ဟု ဆိုခြင်းဖြစ်သည်။ လူတွင် ခံစားမှု ကောင်းစွာရှိ၏။ ထို့ထက်ပိုသော စွမ်းရည်ကား အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်ခြင်းပင် ဖြစ်သည်။
လူ၏စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့်ပညာ တို့သည် လူ၏ တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများအရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်။ လူတို့နှင့် ပတ်သက်၍ ကျင့်ဝတ်ဟူသော Ethics အကြောင်းကို ဗုဒ္ဓက ကျယ်ပြန့်စွာ ဟောကြားခဲ့ပြီး ဖြစ်သည်။ အတ္တခွာ ကျင့်ဝတ်တို့ကိုသာ လိုက်နာနိုင်ပါက လောကအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွက်ကြသူတို့ အလိုအလျှောက် ဖြစ်လာကြမည် ဖြစ်သည်။
အချို့ပညာနည်း၊ အသိနည်းသူများက Determinism သို့မဟုတ် Predestination ဟူသော ကံကြမ္မာကို ကြိုတင်ဆုံးဖြတ်သည် ဟူသည့် ၀ါဒအပေါ် မျက်လုံးမှိတ် ယုံကြည်ထားကြသူများ ရှိကြသည်။ ဗုဒ္ဓဖြစ်စေလိုသော ပညာကို လုံးဝမသုံးရာ ရောက် နေပါသည်။ သံသရာတစ်လျှောက် ဘ၀ပေါင်းများစွာက စုတေလာသော ကံကံ၏ အကျိုးဆက်က တစ်ပိုင်းရှိသလို ယခုဘ၀ ဉာဏ်၊ ၀ီရိယ၊ စိတ် တို့၏ အပိုင်းကလည်း တစ်ပိုင်း ရှိနေပါသေးသည်။ ရှင်ဘုရင် ဖြစ်မည့်သူက ရှင် ဘုရင် ဖြစ်လာရသော်လည်း ပုဂံမင်းလို ရာဇ၀င်မကောင်းသော ဘုရင်အဖြစ် ထိုစဉ်က သူလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ကဲ့သို့ ရှင်ဘုရင် များမှာလည်း သူတို့၏ ထိုစဉ်က ဆောင်ရွက်ချက်များကြောင့်သာ သမိုင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
သူတောင်းစားချင်း တူသော်လည်း တောင်းကြသော ခွက်ထဲ ငွေအနည်းအများရခြင်း မတူသည်ကို သတိထားမိနိုင် ကြပါလိမ့်မည်။ ထည့်သူ၊ မထည့်သူ အားလုံးကို ကောင်းစွာ ဆုတောင်းပေးသော သူတောင်းစားခွက်က မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစား ခွက်ထက် ပို၍ သဒ္ဓါကြေး ပိုနေတတ်သည်မှာ သူတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။
ငွေအရနည်းသော သူတောင်းစားက ခံစားမှု သက်သက်ကိုသာ ခံစားသူဖြစ်ပြီး ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန် တို့ကို ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံတစ်ရာ ရှိလာခြင်းကြောင့် ဖြစ်သည်။ လူမှတစ်ပါး အခြား သတ္တ ၀ါတို့သည် 'သိစိတ်' နှင့် 'ခံစားမှု' ရှိကြသော်လည်း 'အဆင့်နိမ့် သိစိတ်'များသာ ဖြစ်ကြ၏။ အမှားအမှန် မဝေဖန်၊ မပိုင်းခြားနိုင်၍ သဒ္ဓါ၊ စေတနာတို့ ပါးလျကြသည်။ လူသည် 'အဆင့်မြင့် သိစိတ်' ရှိသူဖြစ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကောင်းစွာရှိကြသူများ ဖြစ်သည်။ သဒ္ဓါ၊ စေတနာ၊ ကရုဏာ တို့ကို ထားနိုင်ကြ၏။
အကယ်၍ တစ်ဦးတစ်ယောက်သည် အမှားအမှန်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ စေတနာ၊ သဒ္ဓါ၊ ကရုဏာတို့ ကင်းမဲ့သည် ရှိသော် ထိုသူတို့၏ အဆင့်မှာ အဘယ်သို့ ရောက်ရှိသွားနိုင်ပါမည်နည်း။
တန်ဖိုး
ခေတ်သစ်တွင် တန်ဖိုးဟူသော Value ကို ရှေ့တန်းတင်၏။ ထိရောက်မှု (Effectiveness)ဖြင့်လည်း အရာရာကို တိုင်း၏။ ရလဒ်ကောင်း (Positive Result)သည် အလုပ်တို့၏ နောက်ဆုံး အဖြေသာ ဖြစ်၏။ ရလဒ်မကောင်းလျှင် မအောင်မြင်၊ ရလဒ် ကောင်းလျှင် အောင်မြင်၏။ အခြား ဘာမှ ထူးထွေသည့် အံရော်သော် မကြည့်တတ်ကြချေ။ ဗုဒ္ဓက တန်ဖိုး နှင့်ပတ်သက်၍ ပြည့်စုံရမည့် အကြောင်းတို့ကို အသိဖွင့် ပေးခဲ့ပြီး ဖြစ်ပါသည်။
ကာလသမ္ပတ္တိ ဟူသော အချိန်အခါနှင့် ပြည့်စုံမှု ရှိရမည်ဟု ဆိုသည်။ ကာလ၏ အထောက်အပံ့ကောင်းကို ရရှိခြင်းဖြင့် ပြည့်ဝသော တန်ဖိုးဖြစ်စေခြင်းကို ဆိုလိုပါသည်။ ထမင်းတစ်လုံး၊ ရေတစ်ကျိုက်သည် သာမန်အ ချိန်တွင် များစွာ တန်ဖိုး မရှိသော်လည်း ဆာလောင်မွတ်သိပ်ချိန်တွင် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေပါသည်။
ဂတိသမ္ပတ္တိဟူသော ဒေသ၏ ပြည့်စုံမှုလည်း ရှိရမည် ဖြစ်သည်။ ဒေသ၏ အထောက်အပံ့ကြောင့် တန်ဖိုး ပို၍ ပီပြင်ခြင်း ဖြစ်သည်။ အုတ်ချပ်တို့ကို စေတီ၊ လမ်းခင်း၊ အိမ်ဆောက်ရာ၌ တန်ဖိုးတို့ ကွဲပြားကြသည်ကို အလွယ်တကူ တွေ့နိုင်ပေမည်။
ဥပဓိသမ္ပတ္တိဟူသော ပင်ကိုယ် အရည်အသွေးဖြင့် ပြည့်စုံမှုကို ရည်ညွှန်းပါသည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနှစ်ပါး ကောင်းစွာပြည့်စုံလျှင် တန်ဖိုးကို များစွာ အထောက်အပံ့ ဖြစ်စေပါသည်။
နောက်တစ်ခုမှာ ပယောဂသမ္ပတ္တိ ဟူသော ဆောင်ရွက်ပုံ ထိရောက်မှု ဖြစ်သည်။ ယနေ့ ဆိုနေကြသော Effectiveness သဘောဖြစ်ပါသည်။ ရလဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ထိရောက်သော ဆောင်ရွက်မှုဖြစ်ပြီး မည်မျှ ကြိုးစား၊ အပင်ပန်းခံ၍ ဆောင်ရွက်သော်လည်း ရလဒ်ကောင်း မထွက်လျင် ဆောင်ရွက်ပုံ မထိရောက်ဟုသာ သတ်မှတ်ပါသည်။
နီးကပ်သော ကာလတစ်ခုတွင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်သို့ ရွေ့လျားပြောင်းလဲရာ၌ ကောင်းမွန်သော တန်ဖိုး တစ်စုံတစ်ရာ ပါဝင်ရန် မျှော်လင့်ကြပါသည်။ အပြောင်းအလဲတစ်ရပ် ဆိုသည်မှာ သာမန်ဖြစ်စဉ် တစ်ခု မဟုတ်ပါချေ။ တန်ဖိုးရှိသော အပြောင်းအလဲတစ်ခု၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်မျိုးဆက်သစ်များအတွက် အကျိုးတစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်မည့် ပြောင်းလဲမှုမျိုး ဖြစ်ရန် ဆန္ဒပြုရသည်။
သိမှု၊ သိခြင်း
လူသည် သိတတ်သော စွမ်းရည်၊ ခံစားနိုင်သော စွမ်းရည်တို့ ရှိသော သတ္တ၀ါဖြစ်၏။ မည်သို့သော အသိ၊ အသိ ပမာဏ မည်မျရှိသည်မှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသော အရည်အချင်း တစ်ပါး ဖြစ်ပါသည်။ သိလျက်နှင့် မသိသူများ ရှိကြပါသည်။ ရှုထောင့်တစ်ခုမှရှုလျင် လူကို
မသိခြင်း (အပ္ပဋိပတ္တိ)
ဖောက်ပြန်စွာသိခြင်း (၀ိပ္ပဋိပတ္တိ)
မှားယွင်းစွာသိခြင်း (မိစ္ဆာဋိပတ္တိ) ဟူ၍ ခွဲခြားနိုင်မည် ဖြစ်သည်။
မသိခြင်းအတွက် အထူးအထွေ မရှိသော်လည်း ဖောက်ပြန်မှုစွာ သိသူများ၊ မှားယွင်းစွာ သိသူများသည် မိမိတို့အသိကို အမှန်သိဟုပင် ယုံမှတ် မှားတတ်ကြသည်ဖြစ်ရာ မိမိတို့၏ အသိကို ကောင်းစွာ ဆန်းစစ်နိုင်ခြင်း မရှိကြဘဲ ပြုပြင်မှု မရှိကြလျှင် မှားသော အသိတို့သည် လောကကို အကျိုးတစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ပါချေ။
http://www.first-11.com/
11 September, 2010
ဓါတ်ပုံနှင့် အခြားဓါတ်ပုံများ
(က)သာသနာ့တက္ကသိုလ်နေ့များ(မန္တလေး)

သာသနာ့တက္ကသိုလ်ဒုတိယနှစ်(အဆောင် ၁၅)

သာသနာ့တက္ကသိုလ်တတိယနှစ် (အဆောင် ၂၀)

သာသနာ့တက္ကသိုလ် စတုတ္ထနှစ်(အဆောင် ၁၇)

ဘွဲ့ယူစာတမ်း(Term Paper) တင်ဖို့ ပြင်နေတာ...


နှစ်နှစ်တာ သာသနာပြုခရီးအတွင်း ရှမ်းအရှေ့ပိုင်းက တောင်ပေါ်တွေမှာ တောင်ဝှေးလေးကို အားပြုတက်ရင်း လားဟူတိုင်းရင်းသားတို့ရဲ့ ကမ္ဘာဦးအစားအစာ(မုန်လာပြုတ်၊ ၀ဥပြုတ်၊ ငရုတ်သီးနဲ့ ဆားတစ်ခွက်)၊

သာသနာပြုနှစ်နှစ်တာ ကွင်းဆင်းအပြီး ကမ္ဘာအေးကုန်းမြေဘွဲ့နှင်းသဘင်တက်ဖို့ အသွား ဥတ္တရကုရုအဆောင်တော်ရှေ့ မန္တလေးသာသနာ့တက္ကသိုလ်က ဘွဲ့ခံရဟန်းတော်များ
(ခ)ထေရ၀ါဒတက္ကသိုလ်နေ့များ(ရန်ကုန်)


ထေရ၀ါဒစာသင်ခန်းထဲ (ရဟန်းတော်တွေက ရှေ့ဆုံးက ထိုင်ရလေတော့ ငိုက်မရ)

နိုင်ငံတကာသင်တန်းသားများ (အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား၊ နီပေါလ် ၊သြစတေးလျ အာရှ တိုက်သားက ပိုများတော့ မြန်မာတွေနဲ့ ခွဲခြားမရ)

ဘွဲ့နှင်းသဘင်မြင်ကွင်း

ထေရ၀ါဒတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ

ဗန်းမော်ဆရာတော်ကြီးထံမှ ဘွဲ့ပုံလက်မှတ်ကို ခံယူ...(ကျွန်းသားယပ်တောင်ကြီးက လေးပါ့။)
မိခင်ဖခင်တို့အတွက် ဘွဲ့ယူအပြီး ဓါတ်ပုံလေးရိုက်ပို့လိုက်ပါတယ်...(ဘွဲ့နှင်းသဘင်တက်ဖို့ ကျေးလက်ကနေ တကူးတက ရောက်လာခဲ့ကြပေမယ့် ဘွဲ့သတ်မှတ်ရက် အပြောင်းအလဲကြောင့် ကျေးဇူးရှင်များက မြို့မှာ ကြာကြာမနေနိုင်ဘဲ ရွာပြန်ကြလေသကိုး...။
တရားနာချင်ကြသတဲ့လေ...(ကဲ မထတမ်း ဟောတော့ လန့်သွားရော) ရိုးရိုးတရားပွဲလေးပါ။10 September, 2010
ရဟန်းနှင့် တာရာမင်းဝေအက္ခရာများ
ကျွန်တော်နှင့် မြူနှင်းဝေသောညများ
(၁)
နန်းတော်ရှေ့ဈေးကို သွားတဲ့ လမ်းကြားလေးထဲက မို့မို့စာပေဆိုတဲ့ စာအုပ်အငှါးဆိုင်လေးကို သတိရနေမိဆဲ။ ကဗျာတွေကို စိတ်ကူးမွေးမြူရင်း မိတ်ဆွေရဟန်းတော်များနဲ့ အတူ ၉၆ အလွန် မန္တလေး ၆၂ လမ်းမကြီးပေါ် လျှောက်ခဲ့မိတဲ့ နေ့တွေကိုလည်း ထုပ်ပိုးသိမ်းဆည်းထားမိဆဲပါပဲ။ သာသနာတက္ကသိုလ်ရဲ့ လေးနှစ်တာ ခပ်သော့သော့စာမျက်နှာများထဲ ငွေဇင်ရော်ကဖေးနဲ့ ထနှောင်းရိပ်လက်ဘက်ရည်ဆိုင်လေးလည်း ရှိနေခဲ့ဖူး ပါတယ်။ အဲဒီမှာ ၀ါသနာတူမိတ်ဆွေ ရဟန်းတော်တစ်ပါးနဲ့ လက်ဘက်ရည်တစ်ခွက်ကို ခွဲဝေသောက်ခဲ့ဖူးသလို ကဗျာတစ်ပုဒ်ကို တစ်ပိုဒ်စီလည်း ဖတ်ခဲ့ဖူးပါတယ်။
သူနဲ့ သူ့မိတ်ဆွေရဟန်းတို့က ကဗျာဖတ်တဲ့သူတွေချင်းမို့ လေးနှစ်တာလုံး တွဲခဲ့မိကြပါတယ်။ တစ်နှစ်တစ်ခါ အဆောင်ပြောင်းတိုင်းလည်း တစ်ဆောင်တည်းပဲ အတူတူတွဲကျတာက များပါတယ်။ သာသနာ့တက္ကသိုလ်မှာက တစ်နှစ်တစ်ခါ အဆောင်ပြောင်းရပါတယ်။ စာမေးပွဲကျကျ အောင်အောင် ပြောင်းကြရတာပါ။ (တစ်နှစ်တည်း ငါးဘာသာကျသူနဲ့ နှစ်နှစ်ကျသူတွေကတော့ တက္ကသိုလ်က ထွက်ပေးရသလို နောက်ထပ် စာမေးပွဲဖြေဖို့ အခွင့်အလမ်းလည်း မရှိတော့ပါဘူး။ ကျောင်းတက်မမှန်တဲ့ သူ့အတွက် ဆရာတွေရဲ့ ကရုဏာအမှတ်မရနိုင်တာ သေချာလေတော့ စာမေးပွဲနီးရင် စာတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ အသည်းအသန်ကျက်ခဲ့ရတာပါ။ )
သာသနာတက္ကသိုလ်မှာ နေ့နံအလိုက် အက္ခရာစဉ်ပြီး အဆောင်အခန်းနေရာချထားလေ့ရှိပါတယ်။ တနင်္ဂနွေနံ အ အက္ခရာက စတာပါ။ နောက်ဆုံး သောကြာနံ ဟ အက္ခရာမှာ ဆုံးပါတယ်။ ဒီလိုပါ။ ၁။ အအက္ခရာအုပ်စု (တနင်္ဂနွေ) ၂။ က အက္ခရာအုပ်စု(တနင်္လာ) ၃။ စ အက္ခရာအုပ်စု(အင်္ဂါ)၄။ ဋနဲ့ တအက္ခရာအုပ်စု (စနေ) ၅။ ပအက္ခရာအုပ်စု(ကြာသပတေး) ၆။ ယအက္ခရာအုပ်စု ( ဗုဒ္ဓဟူး) ၇။ သအက္ခရာအုပ်စု(သောကြာ)။ သူ့မိတ်ဆွေက သောကြာနံသမားမို့ သူနဲ့ တစ်ဆောင်တည်း ကျလေ့ရှိတာပါ။
သာသနာ့တက္ကသိုလ်ကျောင်းဖွင့်ချိန် အဆောင်ပြောင်းရွှေ့ကြတဲ့ မြင်ကွင်းတွေက လက်လက်ထနေတုန်းပါပဲ။ စာမေးပွဲကျလို့ အဆောင်ဟောင်းမှာ ဆွေးကျန်နေခဲ့သူ၊ စာမေးပွဲ အောင်လို့ အဆောင်သစ် ပြောင်းရသူ တွေကြား လက်ပြနှုတ်ဆက်သံ ဟန်ပန်အမူအရာတွေ တက်ကြွရ၊ ကြေကွဲခဲ့ရပါပဲ၊ ( စာမေးပွဲကျရင် ဘွဲ့အက္ခရာ စဉ်အရ နေလက်စအဆောင်မှာ ကျန်ရစ်ခဲ့ပေမယ့် အခန်းတော့ ပြောင်းရပါသေးတယ်။)
(၂)
သူ့မိတ်ဆွေရဟန်းတော်က လစဉ်ထုတ်မဂ္ဂဇင်းတွေထဲက ကြိုက်နှစ်သက်တဲ့ ကဗျာတွေကို ကူးရေးထား လေ့ရှိပါတယ်။ သူ့မိတ်ဆွေရဲ့ စာအုပ်စင်မှာ သင်ရိုးပိဋကတ်ကျမ်းစာတွေနဲ့အတူ ပိုင်စိုးဝေရဲ့ သိန်းစွန်ငှက်ရဲ့ အပြန်လမ်း၊ နေရောင်ခြည်နဲ့ တွေ့ဆုံခြင်း၊ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ၊ မောင်ချောနွယ်ရဲ့ မောင်ချောနွယ်အတု၊ ကျော်စွာထက်ဝတ္ထုတိုများ။ ဂျူးရဲ့ ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့နှင့် အခြားဝတ္ထုတိုများ၊ ဟောင်နွမ်း နေပြီဖြစ်တဲ့ အမှတ်တရ ၀တ္ထု။ မေငြိမ်းရဲ့ အသံသစ်ပြတိုက်၊ မောင်ခိုင်မာရဲ့ ငွေလမင်းကို နမ်းတဲ့ည၊ ဈေးချိုတော် ညဈေးတန်းက မဂ္ဂဇင်းအဟောင်းများ၊ပြီးတော့ ဘာသာပြန်စာအုပ်အချို့။
သူအနှစ်သက်ဆုံးကတော့ သူ့မိတ်ဆွေ ကူးရေးထားတဲ့ တရုတ်ကော်ပီစာအုပ်သုံးအုပ်စာ ကဗျာလက်ရေးများပဲ ဖြစ်ပါတယ်။ သူ့မိတ်ဆွေရဲ့ လက်ရေးက တကယ့်ကဗျာလက်ရေးပါ။ မိတ်ဆွေရဲ့ လက်ရေးကို တွေ့ဖူးသူတိုင်း နှစ်ခြိုက်စွာ မုဒိတာပွားတတ်ကြပါတယ်။ စာမေးပွဲနီးပြီဆိုရင်လည်း ကျောင်းတက်မှန်တဲ့ ရဟန်းတော်တွေက ကောင်းနိုးရာရာ မှတ်စုလေးတွေကို လာပေးပြီး ကူးခိုင်းတတ်ကြပါတယ်။ ဒီလိုနဲ့ မိတ်ဆွေရဲ့ လက်ရေးနဲ့ ကူးရေးထားတဲ့ မှတ်စု စာရွက်လေးတွေကို ကြည်နူးစွာ ကျက်မှတ်ခဲ့ကြရဖူးပါတယ်။
တစ်ခါတစ်ရံမှာတော့ သူ့မိတ်ဆွေရဟန်းက မဂ္ဂဇင်းဝတ္ထုတိုလေးတွေကိုလည်း ဖိုတိုကော်ပီနဲ့ ကူးလို့ ထိုင်နေကျ ကဖေးဆိုင်လေးဆီ ယူလာပြီး ရောက်လာသမျှ မိတ်ဆွေတွေကို မျှဝေဖတ်ရှုစေပါတယ်။ သူ့မိတ်ဆွေ ရဟန်းနဲ့အတူ မနက်ခင်းကဖေးလေးဆီ နပ်မှန်အောင် သွားဖို့ မလွယ်ကူခဲ့တာ အမှတ်ရမိသေးတော့တယ် ။ ကျောင်းဖွင့်စရက်တွေမှာ ပါလာသမျှ ငွေစကြေးစလေးက ခပ်ပါးပါးမို့ လတစ်ဝက်နဲ့ပဲ ခြေမဲလက်မဲ့ဖြစ်ရ တော့တာပါ။ သူနဲ့ သူ့မိတ်ဆွေမှာ မှီစရာနံရံထူထူမရှိခဲ့ကြလေတော့ ကျောင်းတက်ဖော် မိတ်ဆွေရဟန်းတော် များရဲ့ နံနက်ခင်းတံခါးခေါက်သံများသာ ထောက်တည်ရာဖြစ်ခဲ့ပါတယ်။ ငါ့ရှင်တို့ရဲ့ သဒ္ဓါတရား ဓါးမြှောင်ကြီးနဲ့ ရက်ရက်စက်စက်ကြီးသာ ထိုးစိုက်ချလိုက်စမ်းပါ တဲ့၊ ကဗျာတစ်ပိုဒ်ကို ပြိုင်တူရွတ်ခဲ့ကြဖူးလေရဲ့။
တကယ်တော့ သူတို့နှစ်ဦးကို ပါရမီဖြည့်ခဲ့တဲ့ မိတ်ဆွေတွေက အုပ်စုလိုက်ရှိခဲ့ပါတယ်။ နစ်ခ်နိမ်းတွေနဲ့ တက္ကသိုလ်မှာ လူသိများတဲ့ အုပ်စုပါပဲ။ (အခုလည်း တစ်ချို့က ကမ္ဘာနဲ့ချီတဲ့ သာသနာပြုစာမျက်နှာမှာ ခြေချလို့ တစ်ချို့ကတော့ ကျေးလက်ခေါ်သံတွေကြား ပျော်မွေ့နေကြပါပြီ၊ တိုက်ပွဲခေါ်သံကြားရင် စစ်သူကြီးတွေလို နှလုံးသားမှာ မောက်တိုမောက်ရှည်တွေ ဆောင်းပြီး ထွက်လာကြလေမလား၊ မျှော်လင့်စဉ်းစား ဂုဏ်ယူ နေမိပါသေးတယ်၊ ခုတော့ ကိုယ့်ငန်းကို ကိုယ်ဖောက်ရင်း အောင်မြင်စွာ ငြိမ်ဆိတ်နေကြပါလိမ့်မယ်။ )
မနက်ခင်းတိုင်း သူတို့နေတဲ့အဆောင်ရှေ့ကနေ အာလုပ်သံပြုလေ့ရှိတဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ သူတို့နှစ်ဦးအတွက် ကဖေးဆိုင်လေးဆီ ပုံမှန်ရောက်ဖို့ ထောက်တည်ရာ ဖန်တီးပေး လေ့ရှိပါတယ်။ သူနဲ့ သူ့မိတ်ဆွေမပါရင်လည်း ကဖေးဆိုင် စကားဝိုင်းလေးတွေ စီစီဝေေ၀ဖြစ်ချင်မှ ဖြစ်မှာကိုး၊ (ဟုတ်ချင်မှလည်း ဟုတ်မည်။ အထင်နဲ့ ပြောခြင်း................)
(၃)
တကယ်တော့ သာသနာ့တက္ကသိုလ်တက်ရောက်ပညာသင်ယူနေတဲ့ ရဟန်းတော်တစ်ပါးအတွက် လက်ဘက် ရည်ဆိုင်ထိုင်ခြင်းဟာ မဟာပြစ်မှုကြီးတစ်ခုပါပဲ။ မနက်ခင်းတိုင်း သာသနာ့တက္ကသိုလ်မှာ အရုဏ်ဆွမ်း ကပ်လှူသူတွေ ရှိပါတယ်။ နံနက် ၅း၀၀ နာရီ တုံးခေါက်သံစည်းချက်အတိုင်း အိပ်ရာက ထနိုင်ပါမှ အရုဏ်ဆွမ်းစားဆောင်ကို ရောက်နိုင်မှာပါ၊ ညနက်အောင် စာဖတ်ကြတဲ့၊ အကြောင်းအရာတစ်ခုအပေါ်မှာ လေထုဖိအားများတဲ့ သူတို့ အုပ်စုအတွက်တော့ မနက်ခင်း အရုဏ်ဆွမ်းချိန်တွေဟာ လွဲချော်ပြီးရင်း လွဲချော်စရာ တုန်းမောင်း ခေါက်သံတွေသာ ဖြစ်ခဲ့ပါတယ်။
သာသနာ့တက္ကသိုလ်ကျောင်းခေါ်ချိန်တွေကလည်း မနက် ၇း၀၀ နာရီမှာ စတာပါ။ အဓိက (Major) ဘာသာတွေဖြစ်တဲ့ ၀ိနည်း ၊ သုတ္တန် ၊ အဘိဓမ္မာနဲ့ Minor ဘာသာတွေဖြစ်တဲ့ ပါဠိ ၊ ဗုဒ္ဓဘာသာပထ၀ီသမိုင်း၊ အင်္ဂလိပ်စာနဲ့ မြန်မာစာတွေကို သင်ရတာပါ။ သူတို့အဖွဲ့အိပ်ရာထတော့ နံနက် ၇း၀၀ နာရီ အမြဲတမ်း ကျော်လွန်နေတတ်ပါတယ်။ စာသင်ချိန်မမီတဲ့အတူတူတော့ ကဖေးဆိုင်လေးမှာ ဗိုက်ဖြည့်ရင်း လေကြော တင်းခဲ့ကြတာ များပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးကလည်း တပည့်တွေရဲ့ အနာဂတ်ကို မျှော်ငေးမိ လေသလား မသိပါဘူး။ အနာရှိတဲ့ မောင်းကမှ တီးရင် ပိုမည်တယ် ဆိုတာမျိုး ကြားဖူးချင် ကြားဖူးပါလိမ့်မယ်။ သူကတော့ မောင်းကွဲတစ်ချပ်ဖြစ်မှာပါ။
ပါမောက္ခချုပ်ဆရာတော်ကြီးဆီက တပည့်ရဟန်းတွေအတွက် တံခါးဖွင့်သံတွေလည်း ကြားရတတ်ပါတယ်။ လက်ဘက်ရည်တော့ သောက်ချင်သောက်ကြပေါ့ ငါ့ရှင်တို့၊ ဒါပေမယ့် ဆိုင်မှာ ထိုင်မသောက်ကြလေနဲ့၊ မတ်ခွက်လေးနဲ့ ၀ယ်ပြီး အခန်းမှာပဲ သောက်ကြလေ၊ တဲ့၊ မတ်ခွက်မှ မရှိတာ ၊ ထိုင်သောက်ပြီး ပြန်ခဲ့ကြလေသပေါ့။
(၄)
ဘာပဲဖြစ်ဖြစ် အတုမရှိကျောင်းတော်ကြီးဘေးက ငွေဇင်ရော်ကဖေးဆိုင်လေးမှာ (ဒါမှမဟုတ်) ကုသိုလ်တော် ဘုရားမုခ်ဝက ပန်းချီပြခန်းနဲ့ တွဲဖက်ဖွင့်ထားတဲ့ ထနှောင်းရိပ်လက်ဘက်ရည်ဆိုင်လေးမှာ ကဗျာဖတ်တဲ့ မိတ်ဆွေရဟန်းတော်တွေ စုဝေးခဲ့ကြဖူးတာပါ။
အဲဒီဆိုင်လေးတွေမှာပဲ တာရာမင်းဝေဆိုတဲ့ ဝေါဟာရတစ်ခုကို တက္ကသိုလ်ပိဋကတ်သင်ခန်းစာတွေနဲ့ တသားတည်း ရောထွေးမှတ်သားခဲ့ရသလို မိတ်ဆွေရဟန်းတော်ကူးယူလာတဲ့ အာလူးစားသူးများဆိုတဲ့ ၀တ္ထုကော်ပီစာရွက်လေးကိုလည်း အမှတ်မထင် ဖတ်ခဲ့ရခြင်းပါပဲ။ အဲဒီနောက်ပိုင်းကာလတွေမှာ သူတို့ရဲ့ လက်ဘက်ရည်ဝိုင်းလေးမှာ တာရာမင်းဝေသံ ၀ဲခဲ့ကြပါတော့တယ်။
(တာရာမင်းဝေအမှတ်တရ ရေးခြစ်မိသော စာမျက်နှာ)
ဓမ္မဂင်္ဂါ
06 September, 2010
ဂင်္ဂါလမ်းအကြို
အမေးအမြန်းထူပြီး အငြင်းသန်တဲ့ မဇ္ဈိမသားတွေနဲ့ အတူ သင်ရတာ သူ့အတွက် နည်းနည်းစိတ်ရှည်နိုင်အောင် ကြိုးစားရတာကလွဲပြီး အကျိုးများတယ် လို့ဆိုရမှာပါ။ သင်တန်းသားတွေက ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေချည်းပဲမို့ ထောင့်(ဒေါင့်) စေ့အောင် မေးတတ်ကြလေတော့ သင်တန်းပို့ချတဲ့ ပါမောက္ခ တိဘက်လားမားကြီးရဲ့ အဖြေကို စောင့်ပြီး မှတ်သားရုံပါပဲ။ သူက တစ်ခုမှ ထမေးစရာမလိုတော့ဘူး။
တစ်ခါတစ်ခါ အသံထွက်ပြဿနာမှာတော့ တော်တော်လေးကို စိတ်ရှည်ရတတ်ပါတယ်။ မဇ္ဈိမသားတွေမှာ စ၀ဂ်လို့ခေါ်တဲ့ စလုံး ဆလိမ် ဇကွဲ ဈမျဉ်းဆွဲ ဆိုတဲ့ အက္ခရာတွေရဲ့ မြန်မာတွေ ထွက်တဲ့အသံမျိုးမရှိတာပါ။ မဇ္ဈိမသားတွေက စ၀က်အက္ခရာတွေကို စကို ကျ၊ ဆကို ချ၊ ဇကို ဂျ၊ စ်ကို ဃ် လို့ အသံထွက်ကြလေတာကိုး။ တိဘက်က မြန်မာဘာသာစကားမှာလို စ ဆ ဇ အက္ခရာအသံတွေရှိသလို ဟိန္ဒိဘာသာမှာ ရှိတဲ့ ကျ ချ ဂျ ဆိုတာလည်း ရှိနေပြန်ပါတယ်။
တိဘက်လားမားကြီးက အလွန်ပဲ စိတ်ရှည်ပါတယ်။ ဥပဓိရုပ်ကြီးကလည်း ခင်မင်စရာကြီး ။ ရွှေပြည်ကြီးက လူရွှင်တော် ဒကာမိုးဒီကြီးနဲ့ တစ်ထေရာတည်း။ ဟာသလည်း ပြောတတ်တယ်၊ ရယ်ရင်လည်း ဗိုက်ကြီး ပွတ်ပြီးရယ်တတ်သေးရဲ့။ များသောအားဖြင့် ဟိန္ဒီလို သင်ပါတယ်။ သူ့ကို ငဲ့ပြီး အင်္ဂလိပ်လိုလည်း ရှင်းပြပါ သေးတယ်။ ဒီလိုနဲ့ ဟိန္ဒီစကားပါ နားရည်ဝလာသလို ဖြစ်လာပါတယ်။(တတ်ကျွမ်းဖို့တော့ ယူဇနာများစွာ ဝေးပါသေးတယ်။ ရွာပြန်ရောက်ရင်တော့ ရွာကအမျိုးတွေအတွက် တစ်ဘာသာထပ်တိုးပြီး ဆယ့်နှစ်ဘာသာ တတ်တဲ့ မောင်ပဉ္ဇင်း ဆယ့်သုံးဘာသာတတ်ပြီ ဖြစ်တော့မယ် ထင်ရဲ့။) ဒါပေမယ့် သင်တန်းချိန်က နှစ်နာရီအပြည့်ဆိုတော့ မချောင်လှပေဘူး။ မနက်က ၈း၀၀ နာရီကတည်းက သင်တန်းတွေက ဆက်နေခဲ့တာပါ။ တစ်ပတ်မှာ သုံးရက်တည်းမို့သာ တော်ပေတယ်လို့ ဆိုရမယ်။
ဒီနေ့နေ့လည် ၂း၃၀ နာရီမှာ သူ့ရဲ့ ပါဠိအထူးသင်တန်းစပါတယ်။ သင်တန်းသား အဲ သင်တန်းသူက တစ်ယောက်တည်းပါ။ ဒီနေ့ ပုံမှန်တက္ကသိုလ်သင်တန်းတွေ ဆင်းချိန်မှာမှ စာသင်ချိန်ဇယား ကြေငြာတာမို့ သူ့ဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူတွေတောင် သတင်းအဆက်ပြတ်ပြီး ရောက်မလာနိုင်ခဲ့ပါဘူး။ မဇ္ဈိမကတော့ နှေးကွေးလေးလံစွာ ရွေ့လျားတတ်တာ ဓလေ့တစ်ခုဖြစ်နေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်ခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ ရေးလက်စလေးတွေနဲ့ ကြိုကြားကြိုကြား ဝေးနေဦးမှာပါ။ ချစ်လှစွာသော ကွန်ပြူတာ တော်လေးက ဗာရာဏသီဟိန္ဒူတက္ကသိုလ်က မိတ်ဆွေရဟန်းတော်တစ်ပါးရဲ့ ဆားဗစ်စ်မှာ စံမြန်းနေပါတယ်။ အမာထည် ထိသွားတယ်လို့ ဆိုပါတယ်။ ထိမယ်ဆိုလည်း ထိလောက်စရာပေပဲ။ ဂင်္ဂါစီးဆင်း ဖို့ အပျော့ထည်တွေရော အမာထည်တွေရော တစ်နှစ်နီးပါး မနားတမ်း ညှစ်ထုတ်ခဲ့ရတာကိုး။ တစ်နှစ်အာမခံမကုန်သေးတော့ မျှော်လင့်ချက်ရှိပါသေးတယ်။ ခုလည်း ရှင်သစ္စာရဲ့ ကွန်ပြူတာလစ်တုန်း ဂင်္ဂါလမ်းလေးကို ဆက်ရေးဖြစ်ပါတယ်။
01 September, 2010
ယောဆရာ ဓမ္မဂင်္ဂါနဲ့ မနက်ဖြန်

အရှင်တိက္ခဉာဏာလင်္ကာရ(ယော)နဲ့ အရှင်နာယကာလင်္ကာရ(မနက်ဖြန်)တို့ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ မိဂဒါဝုန်က ဓမ္မဂင်္ဂါရဲ့ တိဘက်တက္ကသိုလ် ပါဠိစာသင်ခန်းလေးထဲကို ရောက်လာတဲ့ အခိုက် အမှတ်တရ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံလေးပါ။ စာတွေ မရေးဖြစ်သေးပါဘူး၊ စာသင်ခန်းတွေထဲ တိုးဝင်ရင်း ဓမ္မဂင်္ဂါလိပ်စာသစ်နဲ့ အဖွဲ့ရဲ့ ဧဟိ သွာဂတံ အတွက် အချိန်ပေးနေရလို့ပါ ။ ဒီလိပ်စာတွေဆီ လာလည်ကြဖို့ ဖိတ်ပါတယ်၊ ဧည့်ဝတ်ကျေဖို့တော့ ကြိုးစားထားပါရဲ့ ။ ဓမ္မဂင်္ဂါလိပ်စာသစ်မှာတော့ ကိုယ်ရေး၍ ကိုယ်ကြိုက်ဟန်တူသော အဟောင်းလေးများကို တင်ထားပါတယ်။ (အဟမ်း)။


