29 April, 2011
26 April, 2011
ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး (၄)
(၅)
မည်သို့ဆိုစေ.. ယခင်က သမိုင်းဟု စုပေါင်းခေါ်ဝေါ်ခဲ့သော လှိုင်မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ မာလာမြိုင်လမ်းများ၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ထဲက ပေါ်တော်မူ၊အောင်၊ ဥိးချစ်ထွန်း၊ပေါ်ဝါထွန်းစသောလမ်းဓမ္မာရုံများ၊ အမှတ်(၁)ရပ်ကွက်လမ်းများနှင့် ဘုရင့်နောင်ပွဲရုံလမ်းများတွင် သူသည် ယတ်တောင်တစ်လက်ကို ထမ်း၍ ဓမ္မလမ်းဖောက်ကာ ပလ္လင်များစွာပေါ်သို့ တက်ခဲ့ရလေသည်..။
မဟာဒုဂ်ပဲဖြစ်ဖြစ်၊ သာရေးနာရေးပဲဆိုဆို မုန့်ဟင်းခါး နံနက်ခင်းများကို သူသည် အဆင်ချောမွေ့အောင် ဖြတ်သန်းခဲ့သည်ချည်းပင်..။ သို့သော် သမိုင်းလမ်းများ၏ သဒ္ဓါတရားက သူ့အတွက်တော့ ပိုလျှံလာသည် ဟုထင်မိသည်..။
''ကောင်းမှုကုသိုလ်ကသာ အကြပ်၊အခက်နဲ့ အနှောင်အဖွဲ့တွေကို ဖြေဖျောက်လွတ်မြောက်စေနိုင်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဆင်းရဲပေမယ့်လည်း ကုသိုလ်ကံမင်္ဂလာတွေကိုပဲ ဖျစ်ဖျစ်ညှစ်ညှစ် ဆင့်နေမိတော့တာကလား ဘုရား၊ ''။ ချွေးနည်းစာလေးကို ခြိုးခြံလှူဒါန်းရှာသည့် အဘိုးအိုတစ်ဦး၏ စကားကို သူ မှတ်သားခံစားရဖူးသည်..။ သံသရာထက် ပိုမိုနီးကပ်သော သဘာဝနှင့် အကြောင်းအမျိုးမျိုးဆင်းရဲဆိုးတို့မှ လွတ်မြောက်စေရေး မျှော်တွေးလှူဒါန်းကြလေသည်ပဲ..။
မရှိပေမယ့် လှူကြ၊ ရှိလို့လည်း လှူကြ..။ အကြောင်းအမျိုးမျိုးဖြင့် ထွန်းကားလှသော သမိုင်းရပ်ကွက်အလှူများ၏ အရှိတရားအလှတွင် ရက်ထပ်ရက်တိုက်ခြင်းပြဿနာက အလှူခံနှင့် အလှူရှင်ပုဂ္ဂိုလ်တို့ကြားတွင် ဗျာများစရာ အနေအထားများ ကြုံလာရသည်။ တစ်မနက်ခင်းတည်းတွင် မဟာဒုဂ်ဆွမ်းပွဲ နှစ်ပွဲ သုံးပွဲ ရံခါ လေးပွဲမျိုး တိုက်ဆိုင်ခြင်းဖြစ်သည်။ မုန့်ဟင်းခါးပြီး မုန့်ဟင်းခါးသံသရာတွင် အလှူဝတ္ထုက သူ့အတွက် မွန်မြတ်ဖို့ မလွယ်ကူတော့ပါ...။ သူ မုန့်ဟင်းခါးကို ထိတ်လန့်စ ပြုလာပါသည်..။
အလှူ့ ရှင်များ၏ သဒ္ဓါတရားစစ်စစ်ဖြင့် ချက်ပြုတ်ထားသော ဆွမ်းအလှူကို သူက မြတ်မြတ်နိုးနိုးဖြစ်ချင်သည်။ ကုန်ဈေးနှုံးတရိပ်ရိပ်မြင့်တက်နေသော မြို့ပြလူနေမှုဘ၀တွင် အလှူပွဲတစ်ခု ဖြစ်လာရန် ခက်ခဲမှန်း သူလည်း စာနာနားလည်နေပါသည်။ ထို့ထက်ပို၍ ကုသိုလ်ကောင်းမှုတွင် မွေ့ပျော်ကြည်ညိုတတ်သော သဒ္ဓါ တရားဖြစ်ဖို့က ခက်ခဲပါဘိခြင်း..။
ဥဒါန်းပါဠိတော်စာမျက်နှာထဲက ပုံရိပ်တစ်ခုကို မြင်နေသည်။ ကောလိယတိုင်းသူ သုပ္ပ၀ါသာသည် ရှင်သီဝလိလောင်းလျာသတို့သားကို (၇)နှစ်တိုင်တိုင် ခက်ခဲစွာ ကိုယ်ဝန်ဆောင်ခဲ့ရပြီးနောက် ရတနာသုံးပါးကို အောက်မေ့ တသရင်း မွေးဖွားနိုင်ခဲ့သည်။ သီဝလိသတို့သားမွေးဖွားပြီးပြီးချင်း ဘုရားအမှူးရှိသော သံဃာတော်များကို (၇) ရက်တိုင်တိုင် ဆွမ်းလှူဒါန်းလိုသော ဆန္ဒပြင်းပြစွာ ပေါ်လာသဖြင့် ဗုဒ္ဓဘုရားရှင်ထံခွင့်ပန်သည်။ ဗုဒ္ဓအရှင်ကလည်း ဒုက္ခသည်အမျိုးသမီးကို သနားတော်မူသဖြင့် ခွင့်ပေးလိုလှသည်..။ သို့သော် ထို(၇) ရက်အတွက် ကြိုတင်စာရင်းပေးထားသော အလှူရှင်ရှိနေပြီ။
ဗုဒ္ဓအရှင်က လက်ဝဲရံကိုယ်တော်ရှင်မောဂ္ဂလာန်အား မူလအလှူ့ရှင်ထံစေလွှတ်ကာ ရက်ရွှေ့ပေးရန် မေတ္တာ ရပ်ခိုင်းသည်။ ထိုအလှူ့ရှင်က '' အရှင်ဘုရားအနေနဲ့ တပည့်တော်ရဲ့ ၁။ အလှူပစ္စည်းများ၊ ၂၊ အသက် နဲ့ ၃၊ သဒ္ဓါတရားကို အားမခံချက်ပေးနိုင်မလား '' ဟု မေးခဲ့သည်။ အလှူပစ္စည်းများနှင့် အသက်ကိုတော့ အာမခံချက်ပေးနိုင်သည်၊ သဒ္ဓါတရားကိုတော့ အလှူရှင်ကိုယ်တိုင်က အာမခံချက်ပေးမှသာ ခိုင်လိမ့်မည် ဟု ရှင်မောဂ္ဂလာန်ကိုယ်တိုင် ပြန်ကြားခဲ့ဖူးသည်..။ သဒ္ဓါတရားဖြစ်ပေါ်ခိုက်တွင် ကြည်နူးစွာ လှူဒါန်းအပ်သော ဒါနကို အလှူခံပုဂ္ဂိုလ်က မြတ်နိုးစွာ သုံးဆောင်လေမှ ၀မ်းမြောက်ဖွယ်ဖြစ်ရသည် ကို ကြုံဖူးကြလေမည်။ ။ ကမ္ဘာအေးဘုရားရှေ့က ခိုလေးများကို အစာကျွေးသည့်အခါတိုင်း တောင်ပံတဖျတ်ဖျတ်ခတ်ကာ တိုးဝှေ့စားသောက်ကြသော ပီတိမြင်ကွင်း...။
သူသည် ခိုလေးတစ်ကောင်မဟုတ်..။ ရဟန်းတစ်ပါးဖြစ်သည်။ လှူဖွယ်ပစ္စည်း၏ ပစ္စက္ခတန်ဖိုးကို သိသည်။ အလှူ့ရှင်၏ သဒ္ဓါတရားနက်ရှိုင်းမှုကို ထောက်စမ်းမိသည်..။ သံသရာအတွက် သေသပ်စွာ ပြင်ဆင်ထားသော အထုပ်အပိုးကို ချိန်ဆမိသည်။ သည်တော့လည်း ဆွမ်းကျွေးအလှူပွဲများကို သူ တန်ဖိုးထားချင်သည်..။
သို့သော် မဟာဒုဂ်ပွဲများက ပြက္ခဒိန်ရက်ချင်း ထပ်ထားကြပြီ..။ ခွာ၍ မရကြတော့။ မနက်ခင်းက တစ်ခုတည်း နံနက်စာက နှစ်ပွဲ သို့မဟုတ် သုံးပွဲ...ထို့ထက်အလွန် လေးပွဲ..။ ရှောင်လွှဲထွက်ပြေး၍လည်း မရပြီ..။ မုန့်ဟင်းခါး...။ နောက်ထပ် မုန့်ဟင်းခါး....။။ နောက်မှာလည်း မုန့်ဟင်းခါး ။ အိုး ဘုရားရေ....။
ဆွမ်းကျွေးအလှူများကို စီမံခန့်ခွဲသည့် ဘတ္တုဒ္ဒေသကရဟန်းတော်ကို သူက အလွန်ဆုံးနှစ်ပွဲခန့်သာ ထည့်ပေးပါမည့် အကြောင်း တောင်းဆိုမိသော်လည်း ဘတ္တုဒ္ဒေသကရဟန်းမှာလည်း သီလပေးရေးစက်ချ ယုံကြည်အားထားရသည့် ဦးဆောင်ရဟန်း ရှုာဖွေရခြင်း အခက်အခဲရှိနေခဲ့ပါသည်။ မဟာဒုဂ်အကျိုးဆောင်များကလည်း ဘတ္တုဒ္ဒေသကရဟန်းကိုသာ သံဃာပြည့်မီအောင် အပူကပ်သည့်အခါ သံဃာနှင့် အလှူ့ရှင်ကိုက်ညီရေး ဆောင်ရွက်ပေးရပြန်ပါသည်။ အမှန်တကယ်က သမိုင်းရပ်ကွက်အလှူရှင်နှင့် သမိုင်းသံဃာအရေအတွက်သည် ရက်ထပ် ရက်ကြပ်သာ မကြုံလျှင် ပြုံးပြုံးရယ်ရယ် ကြည်ကြည်မောမော သောသောညံညံဖြစ်လောက်အောင် ကိုက်ညီပြေပြစ်သည်။
25 April, 2011
ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး(၃)
(၄)
ရန်ကုန်မြို့ပြ၏ မဟာဒုဂ်ဆွမ်းကို ရှင်ငယ်ရဟန်းငယ်တို့ အားကိုးအားထား ပြုလိုသည့်တိုင် ဆွမ်းနှင့် န၀ကမ္မ၀တ္ထု အလှူခံပြီးနောက် ရှင်ရဟန်းတိုင်း ဆောင်ရွက်ရမြဲဖြစ်သော သီလပေးရေစက်ချ တရားဟောပြရခြင်း အခက်အခဲကိုမူ ရှောင်လွှဲလိုကြသည်.။ အတွေ့အကြုံ နုနယ်လှသော သို့မဟုတ် ၀ါသနာဘာဂီ ဆက်တိုင်းမမီလေသော ရှင်ငယ်ရဟန်းငယ်တို့အတွက် တရားဟောပလ္လင်ဆိုသည်မှာ စစ်မြေပြင်ကျယ်ကြီးနှယ် တုန်လှုပ်ဖွယ် ဖြစ်နေတတ်ပါသည်..။
သူကတော့ ရဟန်းတစ်ဝါအရမှာပင် ၀ါသနာကျောပိုးအိပ်ပါးပါးလေးကို လွယ်ကာ ထိုစစ်မြေပြင်ထဲ နောက်ကျောမလုံစွာ ဇွတ်တိုးဝင်ခဲ့သည်..။ ပထမဆုံးတရားပလ္လင်သို့ တက်သွားတော့ သူ ဘာမှ မမြင်ပါ..။ တရားနာပရိသတ်၏ မျက်နှာများ၊အ၀တ်အစားအရောင်အသွေးများ၊ခေါင်းပေါင်းစကြီးများသည် သုံးဘက်မြင် (3D) ပုံရိပ်တစ်ခုကို အနီးကပ်ကြည့်ရသည့်နှယ်ေ၀၀ါးနေသည်။
တရားနာပရိသတ်အပေါင်း၏ ဘုရားရှိခိုးဝတ်ပြုသံများက စစ်တံပိုးခရာမှုတ်သံများလို ဝေးသွားလိုက် နီးသွားလိုက်..။ ကူကယ်ရာမဲ့စွာ မြက်တစ်မျှင်ကို ဆွဲညှစ်ထားသည့် ရေနစ်သူတစ်ဦးလို သူက ကတ္တီပါယတ်တောင်လေးကို အားကိုးဆုပ်ကိုင်ထားဖြစ်သည်..။ မျက်လုံးကို ခပ်တင်းတင်းပိတ်ထားမိ၏။ ခေါင်းမမော့ရဲ..။ မျက်လုံး ဖွင့်မကြည့်ရဲ..။ တစ်စုံတစ်ယောက်၏ အကြည့်စူးစူးနှင့် ခလုပ်တိုက်မိလိုက်မှဖြင့် သူအရကျက်ထားသော တရားဂါထာတွေ ချော်လဲကုန်တော့မည်..။
ထိုအခြေအနေကို အစအဆုံး အကဲခတ်နေသည့် ဥပါသကာကြီးတစ်ဦးကတော့ တရားပွဲအပြီးတွင် '' ဘယ်တော့များ ယတ်တောင်လေး ပိန့်ရှုံ့သွားမလဲ ကြည့်နေရတာ စိတ်မောစရာဘုရာ့ '' တဲ့။ ဘာပဲဖြစ်ဖြစ် ထိုတရားပွဲတွင် ရင်ခုန်သည့်တိုင် အသံမတုန်အောင် ဟောနိုင်ခဲ့ပါသည်..။ သို့သော် ပရိယတ္တိစာသင်တိုက်များ၊ တက္ကသိုလ်စာသင်ခန်းများနှင့်သာ ပျော်မွေ့လေအောင် ရေးခြစ်ထားမိသော သူ့ဒိုင်ယာရီတွင် တစ်နှစ်တစ်ခါ မိဘများရှိရာ ကျေးလက်ရွာလေးသို့ ပြန်သည့်အခိုက် တရားတစ်ပုဒ် ခြစ်ခြုတ်ဟောရခြင်းမျိုးမှ အပ တရားပလ္လင်နှင့် ဝေးခဲ့ပြန်ပါလေသည်။
ရန်ကုန်တွင် စာချဘုန်းကြီးတစ်ပါးအနေဖြင့် မဟာဒုဂ်ပွဲတစ်ခုနှင့် ပထမဆုံးမိတ်ဆက်ရချိန်မှာတော့ ရေစက်ချ တရား ချာချာလည်ခဲ့သည်ကို သူ ကြုံရပြန်သေးသည်..။ ဆုပေးနှင့် သီလပေးတွင် ပြဿနာမရှိ..။ ရေစက်ချသည့်အခါတွင်မူ.. ဘယ်နေရာတွင် သိမ်းရမှန်းမသိအောင် စကားစလည်ထွက်သွားတော့သည်..။
''အရှင်ဘုရား တပည့်တော် တပည်တော်မတို့သည်...'' ။ နောက်တစ်ခါလည်း အရှင်ဘုရား တပည့်တော် တပည့်တော်မတို့သည်......။ ဘယ်ရောက်နေပါလိမ့် အမျှ အမျှရေ..။ ဓမ္မကထိက ...နဖူးချွေးပြန်...၊ တရားနာပရိသတ်က နေရာတပြင်ပြင်...။ နောက်ကလိုက်ပါလာသည့် တပည့်သာဝကများကလည်း တ၀ဲလည်လည်ဆရာ့ကို အချက်ပြချောင်းဟန့်...။ မတတ်သာတော့သည့်အဆုံး...ရေစက်ခွက်ကို မေးငေါ့ပြလိုက်ရ တော့သည်။ ကဲ ရေစက်သာ ချလိုက်ကြပေရော ပရိသတ်တို့ရေ.။
မိတ်ဆွေရဟန်းတစ်ပါးကတော့ ဓမ္မာစရိယတန်းမအောင်မီအထိ တရားပွဲမှန်သမျှ ရှောင်လေဝေးဝေး လုပ်ခဲ့သည်..။ ဓမ္မာစရိယဘွဲ့ရသည့်အခါမှာ ရပ်ရွာက ဂုဏ်ပြုကြမည်၊ ဘွဲ့ခံကိုယ်တော်က မဖြစ်မနေ တရားချီးမြင့်ရမည်။ မိတ်ဆွေရဟန်းမှာ ပြဿနာ ကြုံတော့သည်။ ရှောင်လို့တိမ်းလို့ မလွတ်နိုင်ပြီ ။ မတတ်သာသည့်အဆုံး တရားတစ်ပုဒ်တော့ မဖြစ်မနေကျက်ရပြီ။ ဂုဏ်ပြုပွဲသဘင်ရက်တွင် တရားတစ်ပုဒ်တော့ ဒေါင်ဒေါင်မြည်ဟောနိုင်ပြီ သဘောဖြင့် ပလ္လင်ပေါ်သို့ ခပ်ကြောကြော တက်သွားခဲ့သည်..။
ရပ်ရွာထုံးဓလေ့အတိုင်း သြကာသ သြကာသ ညီညာဖျဖျ ရှိခိုးကန်တော့ကြဦးစို့ဗျား ဟု နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်ပါလေမှ ဓမ္မကထိကလက်သစ်လေးခမျာ ပလ္လင်ထက်မှ ခုန်ချပြေးချင်စိတ်ပေါက်သွားတော့သည် တဲ့။ '' ဆုပေးမကျက်ခဲ့ရတာ အဲဒီကျမှပဲ သတိရတော့သကိုး ငါ့ရှင်ရဲ့'' တဲ့။ မည်သို့ဖြစ်စေ ဓမ္မာစရိယရဟန်းတစ်ပါးပေမို့ အဘိဝါဒန သီလိဿ ဂါထာ ငုံးတိတိဖြင့် ဆုပေးစကားကို သံစဉ်မမှားပြီးရော့ ထစ်ငေါ့ငေါ့ ရွတ်ခဲ့ရသည် ဟု ကြားရဖူးလေသည်..။
နောက်တစ်ပါးကတော့ ကိုယ်တွေ့မဟုတ်၊ နောက်လိုက်ရဟန်းအဖြစ် မျက်နှာပူဖွယ်ကြုံရခဲ့ခြင်းဖြစ်သည်။ ဘာပွဲဖြစ်ဖြစ် ဘယ်လိုပရိသတ်မျိုးကြုံကြုံ ကျောင်းမှာ အာဂုံဆောင်လာသည့် တရားကိုသာ ဟောမည်အားခဲထားသည့် ရဟန်းအချို့၏ အခက်ဖြစ်သည်။
ပရိသတ်အဆင့်အတန်း၊ ပတ်ဝန်းကျင်နှင့် မျက်မှောက်အခြေအနေကို အကဲမခတ်ဘဲ ရှေ့ဆောင်ရဟန်းက မျက်စိမှိတ်ကာ တရားဒေသနာကို ကရုဏာရှေ့ထား၍ ဟောကြားပါလေပြီ...။
'' သဒ္ဓါတရားတည်းဟူသော လက်သာမပါခဲ့လျှင် ဒါနတည်းဟူသော ပန်းမာလာကိုလည်း မဆွတ်ချူနိုင်၊ သီလတည်းဟူသော အသီးအပွင့်ကိုလည်း မခူးချွေနိုင်၊ ဘာဝနာတည်းဟူသော ကြယ်တာရာကိုလည်း မဆွတ်လှမ်းနိုင်..ဘူး..... တဲ့ တရားနာပရိသတ်တို့ရေ..'။
အသံနေအသံထားချိုချိုလေးနှင့် တရားစာသားလေးက နာကြောစိမ့်ဖွယ်.. ကြည်ညိုမြတ်နိုးဖွယ်..။ သို့သော် တကယ့်အခြေအနေက ထိုသို့မဟုတ်ပြီ။ အလှူရှင်မိသားစုတို့ မျက်နှာ အပျက်ပျက်..။ ပရိသတ်အမူအရာက မသက်မသာ..။ နောက်လိုက်ရဟန်းတို့ မအီမလည်..။ ဟုတ်ပါရဲ့..။ အလှူရှင်အမျိုးသားဥပါသကာကြီးက မတော်မတဆမှုတစ်ခုကြောင့် လက်တစ်ဘက်ချို့တဲ့နေရှာလေသည်ပဲ..။
''အော် ခက်ပေစွ သဒ္ဓါတရားတည်းဟူသော လက်...။'''
24 April, 2011
ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး(၂)
(၃)
သမိုင်းရပ်ကွက်များတွင် ရာသီနှင့်အမျှ မဟာဒုဂ်စာရေးတံပွဲ၊ ဆွမ်းလောင်းပွဲ၊ ဆွမ်းသိမ်းအောင်ပွဲ စသည် ကုသိုလ်ရေး အမှုများ လှိုင်လှိုင်ထွန်းကားလေ့ရှိပါသည်။ သူ စတင် ရောက်ရှိသွားသည့် ဆောင်းရာသီတွင် သံဃဒါနမဟာဒုဂ် စာရေးတံမဲအလှူပွဲတော်များ အပြိုင်အဆိုင် ကျင်းပနေသည်။ ထိုမဟာဒုဂ် စာရေးတံပွဲများသည် စာသင်သားရှင်ငယ်ရဟန်းငယ်တို့ အထူးမျှော်လင့်တတ်သော ပွဲမျိုးဖြစ်ပါသည်။ ဆွမ်းကွမ်းပြည့်စုံစွာ ဘုန်းပေးသုံးဆောင်ရသလို ပါဠိပထမပြန်စာမေးပွဲဖြေခါနီး စာရေးကိရိယာဝယ်ယူရန် လိုအပ်သောအချိန်နှင့် အံဝင်ခွင်ကျဖြစ်စွာ ၀တ္ထုငွေကံစမ်းရသော ထိုပွဲမျိုးကို စာသင်သားအများစုက အားထားလေ့ရှိပါသည်။
သူသည်လည်း မန္တလေးတွင် ရှစ်နှစ်တာ ဖြတ်သန်းခဲ့ရသမျှ တစ်နှစ်လျင် တစ်ကြိမ်မျှ ကံကောင်းထောက်မ၍ မဲပေါက်သည့် စာရေးတံဘုရားပွဲကို မက်မက်စက်စက် ကြွခဲ့ဖူးပါသည်။ မစိုးရိမ်မှာ နေစဉ်က သကျသီဟဘုရားကြီးပွဲ..။ နန်းတော်ရှေ့ သာသနာ့တက္ကသိုလ်ရောက်တော့ ကုသိုလ်တော်ဘုရားပွဲ...။ စာချစာသင် သံဃာတော်ပေါလှသည့် မန္တလေးမြို့တော်တွင် စာသင်သားရှင်ငယ်ရဟန်းငယ်တစ်ပါးအတွက် ဆွမ်းစားကွမ်းစားဆိုသည်က မန္ဓာရ၀နတ်ပန်းပွင့်ချိန် ဖြစ်လိမ့်မည်။ ရှားပါးလှပါဘိတောင်း..။
ရန်ကုန်မြို့တော်၌ စာချဘုန်းကြီးတစ်ပါးဖြစ်လာသည့်အချိန်တွင်မူ သီလပေးရေစက်ချ ဦးဆောင် ဦးရွက်ပြုသည့် ရဟန်းတစ်ပါးအနေဖြင့်သာ မဖြစ်မနေ စာရေးတံပွဲများကို ကြွခဲ့ရခြင်းဖြစ်သည်။
သူ သမိုင်းမြို့မ စာချဘုန်းကြီးဘ၀တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်တက်ရောက်နေသည့်အတွက် စာအုပ်စာတမ်း စသည်ဝယ်ရန် ၀တ္ထုငွေလိုအပ်လျှင် အလှူခံဖို့ ဖိတ်ကြားထားသူ ဒကာကြီးတစ်ဦးရှိနေခဲ့ပါသည်။ ထိုဒကာကြီးထံမှလည်း သူက အမြဲအလှူခံလေ့ရှိသူ မဟုတ်ပြန်ပါ..။ ကြုံရာမိတ်ဆွေရဟန်းသုံးလေးပါးထံမှ မတွန့်တိုလောက်သည့် ငွေကြေးပမာဏကို ထပ်ဆင့်အလှူခံခြင်းဖြင့် သူ့လိုအပ်ချက်ကို ဖြည့်ဆည်း လေ့ရှိတတ်ခဲ့ပါသည်..။ ၀တ္ထုငွေငါးရာလိုအပ်လျှင် မိတ်ဆွေရဟန်းငါးပါးဆီက တစ်ရာစီအလှူခံခြင်းမျိုးပင်..။ သည်းခံကြ ကုန်လော့....ဘုရားအလောင်း သူတော်ကောင်းတို့ ထုံးဟောင်းဓမ္မတာ မြတ်လှစွာသော ဒါနပါရမီ အတန်တန်ကို စွမ်းစွမ်းတမံ ဖြည့်ဆည်းကြလေလော့ ။
မစိုးရိမ်စာသင်တိုက်တွင် အတူ စာသင်ခဲ့ဖူးသည့် သီဟပူရရောက် မိတ်ဆွေရဟန်းတစ်ပါးကတော့ သူ ရန်ကုန်မှာ နာယက စာချဘုန်းတော်ကြီးဖြစ်နေသည့်အတွက် ၀တ္ထုငွေပြည့်စုံနေပြီထင်ဟန်ဖြင့် နိုင်ငံခြား ပညာသင်မကြွသေးဘူးလား မေးဖူးသည်။ သူက သမိုင်းမှတ်တိုင်မှ စွယ်တော်ဘုရားမှတ်တိုင်သို့ အမှတ်(၄၃) နှင့် အမှတ်(၈၀)(၈၁) ဘတ်စ်ကားများ တိုးစီးရန်ပင် ငွေစကြေးစ မပြည့်စုံ..။ တစ်ခါက တက္ကသိုလ်တက်ရန် အသွားစရိတ် (၂၀)ကျပ်ကို စာသင်သားရဟန်းတစ်ပါးဆီက အလှူခံသည်။ သူ့တပည့်က ပိုပိုလိုလို အလှူခံဖို့ လျှောက်သည်။ သူက လက်ကာပြပြီး တက္ကသိုလ်ကို ထွက်လာခဲ့သည်။ ''သာသနာ ဒီလောက်ထွန်း ကားနေမင့်ဟာ အပြန်ငွေနှစ်ဆယ်လောက်တော့ ဘယ်တစ်ယောက်ဆီက နှိုက်နှိုက်ပေါ့လေ..။''
ဖြစ်ချင်တော့ ကျောင်းဆင်းချိန်တွင် သူနှိုက်နေကျ မိတ်ဆွေရဟန်းများကို မဖမ်းမိလိုက်..။ သူ့စိတ်အကြံကို ပရစိတ္တ၀ိဇာနနဥာဏ်တော်စူးရှ၍ သိနေကြသည့်အလား သူ ရုံးခန်းထဲဝင်၍ ကျောင်းတက်လက်မှတ် ထိုးနေချိန်တွင် မိတ်ဆွေရဟန်းများက ပျောက်သွားကြသည်။ စွယ်တော်မှတ်တိုင်တွင် သူ ယောင်ချာချာ ရပ်နေမိသည်။ တက္ကသိုလ် အမျိုးသားဆောင်(A) ကို သွားပြီး မိတ်ဆွေရဟန်းတစ်ပါး၏ အခန်းကို တံခါးခေါက်လိုက်လျှင် ငွေနှစ်ဆယ်သည် အလွယ်တကူဖြစ်နိုင်သည့် အနေအထားဖြစ်သည်။ ခုတော့ ညနေခင်း စာတစ်ဝါပို့ချချိန်အမီ ကျောင်းကို အရောက်ပြန်ရမည်..။ ဟိုမှာ ကားက လာပြီ..။
နောက်ဆုံးတော့ သူနှင့် အတူ ဗုဒ္ဓဓမ္မဒီပလိုမာတန်းတက်နေသည့် အမျိုးသမီးရှေ့တွင် ခပ်တည် တည်ရပ်ရပေတော့သည်..။ '' ဦးဇင်း ဘာလိုပါသလဲ '' တဲ့..။ အင်းတဲ့ ဘာလဲတဲ့ သို့သော်လည်း တဲ့ပေါ့လေ..။ အိမ်း အိမ်း...ဒကာမရေ ဘတ်စ်ကားခ လိုနေလို့...။ ဒကာမကလည်း အံ့အားသင့်နေဟန်ရှိသည်။ သူ့လို စာချဆရာတော်တစ်ပါးက ဘတ်စ်ကားခအလှူခံလိမ့်မည် ဟု မျှော်လင့်ထားဟန် မရှိ..။ ၀တ္ထုငွေငါးရာတန်ကို ထုတ်လှူသည်။ တော်ပြီ ငါးဆယ်ပဲ လှူ...။ ရှစ်မိုင်မှာ အခြေအနေမကောင်းလျှင် ကားပြောင်းစီးချင် စီးရမည်..။
တပည့်တော်မှာ အကြွေမရှိဘူးဘုရား အလှူခံသွားပါ..။ အိမ်း ... မနက်ဖြန် သို့မဟုတ် ဘယ်သောအခါများအတွက်ပေါ့လေ...။ သူလည်း ဖျတ်ကနဲလှူတော့ ဆတ်ကနဲ ဆွဲပြီး ကားပေါ် အပြင်းတက်ခဲ့ရသည်..။ တရံရောအခါဆီက စွယ်တော်မှတ်တိုင်မှာ..။ ထိုအချိန်မှစ၍ ထိုဒကာမလေးသည် ထိုရဟန်းအား ထိုကဲ့သို့ ကြုံတွေ့လေတိုင်း ထိုနည်းတူ လှူဒါန်းရန် အကျင့်ပါသွားလေတော့သတတ်..။
18 April, 2011
အသောကဖောင်ဒေးရှင်းအင်္ဂလိပ်ဘာသာစကားသင်တန်းများ
အသောကဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်း ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ
လူတိုင်းမျှဝေခံစားနိုင်မည့် ပညာရပ်ဝန်းတစ်ခု ဖန်တီးရန် ရည်မှန်းကာအသောကဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို
ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ဖက်ပါ အစီအစဉ်အတိုင်း တက်ရောက်ပါရန်
ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
အသောကဖောင်ဒေးရှင်း
အချိန် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)
နံနက် ၁၀း ၀၀ နာရီ မှ ၁၂း ၀၀ နာရီ အထိ
နေရာ ဒုတိယထပ်၊ အသောကဗိမာန်၊ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း၊
အမှတ် (၂) ရပ်ကွက်။ (ဦးဘဟန် မှတ်တိုင်အနီး) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း– ၀၁ ၆၆၅၂၃၈
16 April, 2011
အားလုံးတော့ အသစ်...
သင်္ခါရအသစ်၊
အော် အနိစ္စ၊ ဒုက္ခ ၊ အနတ္တအသစ်တွေ...
စိမ်းလန်းဝေဆာလို့...
ဘာပဲဖြစ်ဖြစ်
လက်ကျန်ပိတောက်လေးတော့
ချွေမချလိုက်ပါနဲ့....
အဲဒီကီးဘုတ်ပေါ်မှာ
ငါ့ကံတရားတွေ
လက်ကွက်ကျင့်လို့ ကောင်းတုန်းလေ....။
Shaken , not stirred.....။
ဓမ္မဂင်္ဂါ
(၁၃၇၃ ခု၊ နှစ်သစ်ကူးနေ့)
14 April, 2011
သင်္ကြန်နေ့တွေ ကြတ်တယ်...
စိတ်ထဲမှာ ပွင့်တဲ့
ပန်းတွေ ရွှဲရွှဲစိုလို့...
မြူမှောင်ဝေကင်း
သင်္ကြန်ရေနဲ့
နွေလယ်ကောင် ချမ်းနေမိသေး..
ဟောလီးဝုဒ်မဏ္ဍပ်မှာတော့
ဘီယွန်းစေးတို့ ကနေပြီ တဲ့
တော်တော်နောက်တဲ့ တယ်လီဖုန်း...
ပုတီးကုံးလေး
ပျောက်နေတာလည်း
ရှာတုန်း..။
ဓမ္မဂင်္ဂါ
(၁၅-၀၄-၂၀၁၁)
သင်္ကြန်အကြတ်နေ့
11 April, 2011
အိန္ဒိယကျောင်းသားဟောင်းကြီးပါရဂူသို့
မြန်မာနိုင်ငံရဲ့ စာပေရတနာ၊ ကမ္ဘာနဲ့ အိန္ဒိယစာပေသိုက်ကို ဖွင့်လှစ်ပေးခဲ့သူ စာရေးဆရာကြီးပါရဂူဟာ ကွယ်လွန်သွားခဲ့ပါပြီ..။ ငယ်စဉ်ကတည်းက ဆရာကြီးပါရဂူရဲ့ စာပေတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ အတွက် မဇ္ဈိမဒေသဟာ ပိုနီးလာသလို ခံစားခဲ့ရပါတယ်..။ ခု ဒီစာကို ဗာရာဏသီမိဂဒါဝုန်လမ်းပေါ်က အခန်းကျဉ်းလေးထဲမှာ ရေးခြစ်နေမိပါတယ်..။
ဆရာကြီးကို အမျိုးသားစာပေဆုရှင်အဖြစ် ဂုဏ်တင်ပေးလိုက်တဲ့ ဆရာကြီးရဲ့ ဘာသာပြန်လက်ရာ သုန္ဒရာနန္ဒ (ညီတော်မင်းနန်) ၀တ္ထုကို စွဲလမ်းခဲ့ဖူးပါရဲ့..။ ဆရာကြီးဟာ သက္ကရာဇ်နဲ့ ခေတ်ပြိုင်အရွေ့တွေနောက် အမှီလိုက်ပြီး ခံစားမှုကို လှပစွာ ရွှေ့နိုင်ခဲ့တဲ့ စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်ပါတယ်..။ အသက်ကိုးဆယ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာအိုကြီးရဲ့ နောက်ဆုံးမြန်မာစကားပြေလက်ရာတွေဟာ ချောညက်နုသစ်နေတာ တွေ့ရမယ်..။ ဒါကြောင့်လည်း မော်ဒန်ကဗျာဆရာတို့ရဲ့ ရှေ့ပြေး ဒဂုန်တာရာကြီးနဲ့ ခံစားမှုခေတ်ပြိုင်နိုင်တာပဲ ဖြစ်မယ်..။
ဘာပဲဖြစ်ဖြစ် ဆရာကြီးဟာ ပါရဂူဘွဲ့မယူဘဲ ပါရဂူဖြစ်ခဲ့တာကို သူက (ဓမ္မဂင်္ဂါက) ဂုဏ်ပြုလိုက်ပါတယ်..။ သူလေးစားခဲ့ရတဲ့ ရှေးခေတ်အိန္ဒိယကျောင်းသားဟောင်းများစွာထဲမှာ ဆရာကြီးပါရဂူဟာ စာပေအလင်းတောက်ပတဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့သလို ကိုယ်ပိုင်ဘ၀အေးငြိမ်းမှုကို ဃရာဝါသနွံထဲမှာ ပွင့်ပြခဲ့တဲ့ ကြာဖြူပန်းလည်း ဖြစ်ခဲ့ပါတယ်..။ လွတ်လပ်မှုကို ကြိုက်လို့ ၀ိနည်းစည်းကမ်းတွေနဲ့ မြင့်မြတ်ပေမယ့် ကျဉ်းကြပ်လွန်းတဲ့ရဟန်းဘ၀ကို စွန့်ခဲ့တာပါ ဆိုတဲ့ ဆရာကြီးရဲ့ ရိုးသားတဲ့ စကားကိုလည်း မှတ်သားခဲ့ဖူးရဲ့..။
ဆရာကြီးဟာ အိန္ဒိယက နာမည်ကျော်ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီး( Beneras Hindu University)မှာ လေးနှစ်တာ ပညာသင်ယူခဲ့ပေမယ့် ဘွဲ့တစ်ခုမှ ဆွတ်ခူးယူသွားခဲ့တာ မှတ်တမ်းမရှိဘူး..။ (မြန်မာပြည်မှာ နေစဉ်ကလည်း ဓမ္မာစရိယဂုဏ်ထူးကျမ်းများသာ အောင်ခဲ့ပြီး ဓမ္မာစရိယဘွဲ့ယူကျမ်းများမအောင်ခဲ့တဲ့အတွက် ဓမ္မာစရိယဘွဲ့လည်း မရခဲ့ပါဘူး) တကယ်တော့ အိန္ဒိယကို ပညာသင်ဖို့ ရောက်လာသမျှ ရှေးခေတ်မြန်မာစာသင်သားတွေဟာ ဘွဲ့ထူးဂုဏ်ထူးတွေထက် စာပေအလုပ်ကို တာဝန်ကျေပွန်ဖို့သာ တန်ဖိုးထားခဲ့တာတွေ့ရတယ်။
အမျိုး၊ဘာသာ သာသနာနဲ့ နိုင်ငံတော်အတွက် မျက်စိပွင့်နားပွင့်စေမယ့် မဇ္ဈိမစာပေရတနာတွေကို သယ်ဆောင်သွားခဲ့ကြတယ်..။ အဲဒီခေတ်လူနည်းစုအိန္ဒိယကျောင်းသားဟောင်းကြီးတွေရဲ့ အခန်းကဏ္ဍကတော့ ပါဠိပိဋကတ်နဲ့ မြန်မာစာပေစင်မြင့်မှာ ထင်းထင်းကြီး နေရာပေးခံခဲ့ရတာပါပဲ။ ဒီနေ့ခေတ် သူတို့လို မျိုးဆက်သစ်အိန္ဒိယပညာသင်ရဟန်းတွေရဲ့ ခြေလှမ်းကိုတော့ စောင့်ကြည့်ဖို့ အချိန်ယူကြရဦးမှာပါ...။ သူကိုယ်တိုင်ကတော့ ဘွဲ့တွေနောက်ကို လိုက်ခဲ့မိကြောင်း သက်သေခိုင်လုံနေပြီ..။ အဲဒီဘွဲ့တွေနဲ့ ညီတဲ့ တာဝန်တွေ ထမ်းပိုးဖို့ သူ့ စိတ်နှလုံးကို ပုခုံးပြင်နေရဆဲပါ..။ အဲဒီဘွဲ့တွေရဖို့ ရိုးသားလှတဲ့ သဒ္ဓါတရားစစ်စစ်တွေရဲ့ ထောက်ပံ့ပင့်တင်မှုတန်ဖိုးကို သူ မော့ကြည်မိ၊ ငဲ့စောင်းကြည့်နေမိပါတယ်၊ ရဋ္ဌပိဏ္ဍ (တိုင်းသားပြည်သူတို့ ကြည်ဖြူရွှင်လန်း လှူဒါန်းအပ်သော ဆွမ်း ) အထုပ်အပိုးက တာဝန်သိကြသူတွေအတွက် တကယ်လေးလံလှပါရဲ့..။
ဘာပဲဖြစ်ဖြစ် ဆရာကြီးရဲ့ အမည်ဟာ ပါရဂူဖြစ်တယ်..။ ဆရာကြီးလုပ်ရပ်တွေဟာလည်း ပါရဂူမြောက်ခဲ့ကြောင်း စာပေမှတ်တိုင်တွေက စကားပြောနေကြတယ်..။ ဆရာကြီးဟာ ယူခဲ့သလောက် ပြန်ပေးနိုင်ခဲ့တာ သေချာပါတယ်လေ..။
အို အိန္ဒိယကျောင်းသားဟောင်းကြီး...
အသင့်ရဲ့ ပုဏ္ဍရိကကြာဖြူလမ်းကို သင် ပါရဂူမြောက်အောင် လျှောက်ခဲ့လေပြီပဲ...။
ဓမ္မဂင်္ဂါ
မှတ်စု။
(၁)ဆရာကြီးရဲ့ အမည် ပါရဂူ (ပါရ(တစ်ဘက်ကမ်း)+ဂူ(ရောက်ရှိသူ)=ပါရဂူ=ပညာရပ်နယ်တစ်ခုတွင် တစ်ဘက်ကမ်းရောက် တတ်မြောက်ကျွမ်းကျင်သူ) ယနေ့ခေတ် PhD ဘွဲ့ကို ပါရဂူဘွဲ့လို့ သတ်မှတ်ခေါ်ဝေါ်ကြ..။
(၂)ဆရာကြီးရဲ့ ရှင်သာမဏေဘ၀က ဘွဲ့အမည် ပုဏ္ဍရိက (ကြာဖြူ)
08 April, 2011
ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး(၁)
(၁)
ဒေါက် ဒေါက် ဒေါက်
မုန့်ဟင်းခါး မုန့်ဟင်းခါး....
တံခါးခေါက်သံနှင့် ဆက်ကာ သီတင်းသုံးဖော်ရဟန်းတစ်ပါး၏ မုန့်ဟင်းခါး မုန့်ဟင်းခါး ဟူသော သတင်းပေးချက်က နံနက်ခင်းတစ်ခုလုံးကို ငရုတ်သီးစပ်သွားစေတော့သည်။ သူ အိပ်ရာမှ သတိပဋ္ဌာန်တရားနှင့် ခပ်ခွာခွာ ထထိုင်လိုက်၏။ တကယ်လား...တကယ်လား..။ သူက သေချာစေရန် စကားလုံးကို ဒပ်ဗယ်လ်ကလစ်ခ်( Double Click) လိုက်သည်။
'' နောက်ကျသွားရင်တော့ 'ဤသည့်စားဖွယ် အမယ်မယ်' ရွတ်ဖို့ အခွင့်အလမ်းနည်းသွားလိမ့်မယ် င့ါရှင်..။ ''
သူ ကြည်နူးသွားသည်... ဗာရာဏသီနံနက်ခင်းကို မုန့်ဟင်းခါးဖတ်ဖြူလွလွများဖြင့် ကြိုဆိုခွင့်ရချေပြီ။ ဒုလ္လဘပေပဲ...။ သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။ (ဆပ်ပြာတစ်ခဲလောက်တော့ ကပ္ပိ( ၀ယ်) ဦးမှ...)
ရဟန်းတစ်ပါး စီမံချက်ပြုတ်ထားသော မုန့်ဟင်းခါးအစစ်ဖြစ်သည်..။ အသင့်ချက်ပြုတ်စားသုံးနိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ်ကို သဒ္ဓါလက်ဖြင့် ဖန်တီးထားခြင်းသာဖြစ်သည်။ ရွှေပြည်ကြီးလုပ် မုန့်ဟင်းခါးများနှင့် အရည်အသွေးခြားနားစွာ အင်္ဂါမစုံသည့်တိုင် နှစ်လိုဖွယ်ရာ ဟင်းရည်အနံ့ကို သူ ရှိုက်မိသည်။ မုန့်ဖတ်နှင့် ဟင်းရည်သက်သက်...။ ရယ်ဒီမိတ်ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူကြော်အိတ်လေးများကို ပန်းကန်ပြားငယ်တစ်ချပ်တွင် ထည့်ကာ ချပေးထားသည်။
နံနံပင်၊ ငန်ပြာရည်၊ ငှက်ပျောအူတိုင်၊ ဘဲဥ၊ ပဲကြော်၊ ဘူးသီးကြော်၊ အီကြာကွေးစသော ဝေါဟာရများက ရွှေပြည်ကြီး၏ မုန့်ဟင်းခါးသုံးအဘိဓာန်တွင် ကျန်ခဲ့လေဟန်ပင်..။ မည်သို့ဖြစ်စေ သူကတော့ '' ကောင်းလင့်တေး ကောင်းလင့်တေး '' ဟု အနုမောဒနာသံပေးကာ ခေါင်းမဖော်ဘဲ လွေးတော့သည်။ ဟင်းရည်ပူပူနှင့် ငရုတ်သီးရှူးရှဲ. ချွေးများရွှဲအောင် ကောင်းလေသည့် ရှားပါးလှသော မုန့်ဟင်းခါး..။
သို့သော် သူ့ဒိုင်ယာရီညိုညစ်ညစ်လေးတွင် မုန့်ဟင်းခါးမှ မိုင်ပေါင်းကုဋေ ထွက်ပြေးမိလေသော နေ့ရက်များ အတိအကျရှိခဲ့ဖူးပါသည်..။
(၂)
၂၀၀၀ ပြည့်နှစ်၊ ဆောင်းရာသီတွင် သူ ရန်ကုန်ကို ရောက်လာခဲ့သည်။ မန္တလေးတွင် သိကျွမ်းခင်မင်ခဲ့သည့် မိတ်ဆွေရဟန်းတော်က သမိုင်းမြို့မတွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေသောအခါ သူသည်လည်း နာယကဆရာတော်တစ်ပါးဖြစ်လာခဲ့ရသည်။ သို့နှင့် မုန့်ဟင်းခါးနှင့် ထိထိစပ်စပ် ပတ်သက်ခဲ့ရခြင်းဖြစ်ပါသည်။
မိတ်ဆွေကျောင်းထိုင်ဆရာတော်၏ တာဝန်ပေးချက်အရ သူသည် သမိုင်းရပ်ကွက်လေး၏ သာရေးနာရေးပွဲများသို့ ဦးဆောင်ကြွရသည်။ သာရေးဖြစ်စေ နာရေးဖြစ်စေ.. ပွဲလမ်းသဘင်တိုင်း၏ ပင်တိုင်အစားအစာက မုန့်ဟင်းခါးဖြစ်သည်။ မန္တလေးတွင် ဆယ်စုနှစ်တစ်ခုမျှ စာသင်ရဟန်းငယ်တစ်ပါးအဖြစ် ဖြတ်သန်းခဲ့ရသော သူ့အနေဖြင့် မန္တလေးမုန့်တီလက်သုပ်ကို ခံတွင်းတွေ့ခဲ့သည်။ အထက်အညာမုန့်တီသည် အောက်အကြေတွင် နန်းကြီးသုပ်နှင့် မြီးရှည်ဘ၀သို့ ပြောင်းသွားသည်။
နွယ်စိုးအမည်ခံ ပါမောက္ခဦမျိုးမင်းကတော့ မုန့်တီကို နန်းကြီးနှင့် မြီးရှည်အဖြစ် အင်းဝဘကြီးတော်မင်းလက်ထက်ကပင် စတင်ခေါ်ဝေါ်ခဲ့လေဟန် စိတ်ကူးကြံဆခဲ့ဖူးသည်။ နန်းမတော်မယ်နုနှင့်ပြိုင်ဘက် သာယာဝတီမင်းသားကို '' ငါဘုရင်ဖြစ်ရင် နန်းတော်အကြီးကြီးဆောက်ပြီးနေမည် '' ဟု ပြောဖူး၍ အင်းဝနန်းတွင်းသားတို့က နန်းကြီးဟု လျှို့ဝှက်ခေါ်ကြလေသတတ်။ သာယာဝတီမင်းက နောင်တော်ကို ပုန်ကန်နေချိန်ဖြစ်၍ နန်းကြီး ဟုဆိုလျှင် ထိတ်ပြာနေကြရသည့် ကာလဖြစ်၏။
ထိုခေတ်မှာပင် မြို့တွင်းရွာတွင်းသို့ ၀င်ရောက်သောင်းကျန်းတတ်သော ကျားကြီးတစ်ကောင်ကိုလည်း မြီးရှည်ဟု နာမည်ပေးထားကြသည်။ တစ်နေ့ အလှူ့အိမ်တစ်အိမ်တွင် သံဃာတော်များဆွမ်းကပ်အပြီး ဧည့်သည်များအား မုန့်တီနှင့် ဧည့်ခံရန် ပြင်ဆင်နေချိန် ရုတ်ရုတ်သဲသဲအသံများ ကြားရသည်၊ ဧည့်သည်များလည်း ''နန်းကြီးဟေ့'' ''မြီးရှည်ဟေ့''ဟု အော်ဟစ်ပြေးလွှားကြရာ မုန့်တီထည့်ထားသော ဗန်းများ၊ဒေါင်းလန်များ မှောက်ကုန်သည်၊ မုန့်တီထဲ ထည့်ရန် ပြင်ဆင်ထားသည့် ၀က်သားဟင်း၊ ငရုတ်ဆီ၊ ကြက်သွန်ကြော်စသည့် အဆာပလာများလည်း ရောထွေးကုန်တော့သည်။
အမှန်တကယ် ရုတ်ရုတ်သဲသဲဖြစ်သည်က ဘာမှမဟုတ်၊ ဧည့်သည်တစ်ယောက်အား ခွေးဆွဲ၍ ထွက်ပြေးခြင်းမျှသာ ဖြစ်သည်။ စားမည့် ဧည့်သည်များပြန်ရောက်လာသည့်အခါ ရောထွေးနေသော မုန့်တီများကိုပင် နယ်ဖတ်၍ ပန်းကန်သန့်သန့်များဖြင့် စနစ်တကျတည်ခင်းဧည့်ခံလိုက်သည်တွင် လူကြိုက်များသော မုန့်တစ်မျိုးဖြစ်သွားသည်၊ နောက်ဧည့်ခံပွဲများတွင် ထိုဖော်မြူလာအတိုင်း ဧည့်ခံကျွေးမွေးကြသည့် ဓလေ့ထွန်းကားလာခဲ့ပြီး မုန့်အမည်ကိုလည်း နန်းကြီးသုတ်နှင့် မြီးရှည်ဟု အမည်ပေးကင်ပွန်း တပ်လိုက်ပေတော့သတတ်။ ကြံကြံဖန်ဖန် ဦးမျိုးမင်း။ ရေးလည်း ရေးတတ်ပါ့။ အတည်မှတ်ရန်မဟုတ်ပါ။
မည်သို့ဖြစ်စေ ရွက်ကျပင်ပေါက်အဖြစ် စနစ်တကျမွေးမြူခဲ့သော ရဟန်းတစ်ပါးအတွက် ရန်ကုန်ရောက်ပြီး မကြာမီမှာပင် မုန့်ဟင်းခါးနှင့် အသားကျလာခဲ့သည်။ (ခုတော့လည်း အားလူးနှင့် ပူရီ၊ချပါတီကိုလည်း လွေးနိုင်ခဲ့ပြီမဟုတ်လား..)
06 April, 2011
ရဟန်းနှင့် သေနတ်နှင်းဆီ
နံနက် ၁၁.၀၀ နာရီ တိဗက်တက္ကသိုလ်အင်္ဂလိပ်စာဌာန စာသင်ခန်း
စာသင်ခန်းထဲသို့ လှမ်းဝင်လိုက်တော့ အင်္ဂလိပ်စာဆရာမ ပါမောက္ခ မစ္စဘနာဂျီက ခရီးဦးကြိုပြုကာ သူ့အတွက် ထိုင်ခုံတစ်ခု စီစဉ်ပေးသည်..။ စာသင်ခန်းရှေ့နံရံပေါ်တွင် စာရေးရန် အနက်ရောင်သင်ပုန်းကြီးတစ်ချပ်နှင့် ရုပ်ပုံကားချပ်များ၊ မြေပုံများချိတ်ဆွဲပြရန် အ၀ါရောင် သင်ပုန်းကြီးတစ်ချပ်ရှိသည်။ အ၀ါရောင်သင်ပုံကြီးပေါ်တွင် ချောမောသွယ်လျသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံကားချပ်ကို ချိတ်ဆွဲထားသည်..။ ရုပ်ပုံအောက်က စာတမ်းကို သူဖတ်လိုက်သည်.။ ဆီဗီလီယာ ပလပ်သ် (Sylvia Plath (October 27, 1932 – February 11, 1963)) အမေရိနိုင်ငံကန်ဖွားကဗျာဆရာမ..။ စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူ ၃၀ ခန့်ရှိနေသည်။ တိဘက်လားမားဘုန်းတော်ကြီးများ၊ သီလရှင်များက ထက်ဝက်ခန့်ရှိနေသည်..။ သူက တစ်ခန်းလုံးကို ပြုံးပြလိုက်သည်။ မစ္စဘနာဂျီက သူ့အတွက် ကြာရည်တစ်ခွက် ကမ်းပေးသည်။
အမှန်တကယ်တော့ ဤစာခန်းသည် သူနှင့် မဆိုင်ပါ..။ ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ် သင်တန်းသားသင်တန်းသူများ လက်တွေ့ကွင်းဆင်းပို့ချနေသော စာသင်ခန်းသာ ဖြစ်သည်..။( BEd ဘွဲ့ကို ရွှေပြည်ကြီးတွင် ဘီအီးဒီ ဟု အသံထွက်သော်လည်း အိန္ဒိယနိုင်ငံတွင် ဘီအက်ဒ်ဟုသာ သိကြသည်..။) အင်္ဂလိပ်စာဆရာမက ဘီအက်ဒ်သင်တန်းသား သင်တန်းသူများ အင်္ဂလိပ်စာ သင်ကြားသည်ကို အကဲဖြတ် မှတ်ချက်ပေးရသည်။ စာသင်ခန်းနောက်ဆုံးခုံမှာလည်း သင်တန်းကြီးကြပ်သူဆရာတစ်ဦးရှိနေသည်။ စာသင်ကြားပုံအမူအရာများနှင့် လေယူလေသိမ်းအနေအထားများကို ဝေဘန်တည့်မတ်ပေးသည်..။ ကောင်းလေစွ..။
ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်သူ မစ္စဘနာဂျီက သူမ၏ စာသင်ခန်းသို့ အမြဲတမ်းဖိတ်ခေါ်လေ့ရှိသော်လည်း သူက ကျန်းမာရေးအကြောင်းပြဖြင့် မရောက်နိုင်ခဲ့..။ ခုတော့ ရောက်လာခဲ့ပြီ..။ သူစာခန်းထဲရောက်ချိန်တွင် စာသင်ရန်အလှည့်ကျနေသည့် ကျောင်းသူတစ်ဦးက ကဗျာဆရာမ ဆီလ်ဗီယာ ပလပ်သ်၏ ဘ၀နှင့် ကဗျာကို ဟန်ပါပါသင်နေသည်..။ သေချာကြည့်လိုက်တော့ သူနှင့် မိဂဒါဝုန်လမ်းမပေါ်တွင် တွေ့နေကျ မျက်မှန်ထူထူဝိုင်းဝိုင်းကြီး တပ်ဆင်လေ့ရှိသည့် သေးသွယ်သောကျောင်းသူလေးဖြစ်နေသည်..။ ဖရက်ရှာကျောင်းသူလေးဟု ထင်မှတ်ထားသော သူမက ခပ်တည်တည်ပင် ဆီလ်ဗီယာ ပလပ် လုပ်နေတော့ အံ့သြသွားသည်..။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာမလေး၏ ကြေကွဲဖွယ်လန်ဒန်နေ့ရက်များဆီသို့ စာသင်ခန်းတစ်ခုလုံးကို သူမ ဆွဲခေါ်သွားခဲ့သည်..။
သင်ကြားချိန်မိနစ်နှစ်ဆယ် ကျော်သွားသောအခါ ဆရာမက '' We should give the time to another student'' ဟု သတိပေးသည်။ တစ်ခါတစ်ရံ မလိုအပ်ဘဲ စာသင်ခန်းရှေ့မှာ ၀ါရင့်ဆရာမကြီးတစ်ယောက်ပမာ လမ်းလျှောက်ရင်း စာရှင်းပြခြင်းက သူမ၏ အသံကို ဆွဲဆောင်မှုအားနည်းစေသည် ဟု သူက ထင်မြင်နေခိုက် နောက်တန်းမှာ ထိုင်နေသည့် ဆရာကလည်း သူ့အတွေးနှင့် ထပ်တူ မှတ်ချက်ပေးသည်ကို ကြားရ၏။
သူက နာရီကို ကြည့်ကာ ထိုင်ရာမှ ထဖို့ရန် ပြင်လိုက်သည်..။ မစ္စဘနာဂျီက '' ဘန္တေကြီး နောက်ကျောင်းသားတစ်ယောက်ကိုလည်း အားပေးလိုက်ပါဦး စိတ်ဝင်စားဖို့ ကောင်းပါတယ်..'' တဲ့..။ ဒိုရ်ဂျီ ဆိုသော တိဘက်ကျောင်းသားလေး ၀င်လာသည်..။ ထိုကျောင်းသားက အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး ဂျဝါဟလာနေရူး၏ ရုပ်ပုံကားချပ်ကြီးတစ်ခုနှင့် အရေးကြီး ခုနှစ်သက္ကရာဇ်များရေးထားသည့် စက္ကူဖြူတစ်ချပ်ကို အ၀ါရောင်သင်ပုန်းကြီးပေါ်တွင် ပင်အပ်များဖြင့် သွက်လက်မြန်ဆန်စွာ ချိတ်ကပ်လိုက်သည်။
ထို့နောက် ပါမောက္ခဆရာကြီးတစ်ဦး၏ ဟန်ပန်မျိုးဖြင့် စာသင်ခန်းဘက်ကို မျက်နှာမူကာ '' အိန္ဒိယနိုင်ငံပထမဆုံးဝန်ကြီးချုပ်ကို သိပါသလား '' ဟု မေးလေသည်..။ အစပိုင်းတွင် မေးခွန်းများမေးလိုက် ဖြေလိုက်ဖြင့် အဆင်ပြေသော်လည်း မိနစ်နှစ်ဆယ်နှင့် သင်ခန်းစာပမာဏမမျှတသည့်အတွက် ခုနှစ်သက္ကရာဇ်များအစဉ်အတိုင်းမကျတော့.။ အိန္ဒိယ လွတ်လပ်ရေးရပြီးမှ နေရူးကြီးထောင်ထဲသို့ ပြန်ရောက်သွားသည်..။ သင်ပုန်းကြီးပေါ်တွင် တဒေါက်ဒေါက်ရေးရင်း မေးခွန်းများကို တရစပ်မေးတော့ အဖြေနှင့် ညှိမရတော့..။ မည်သို့ဆိုစေ သင်ကြားချိန်မိနစ်နှစ်ဆယ်ကို ခပ်ရဲရဲပင် ကျော်ဖြတ်သွားသည်.့ ကျောင်းသားကို သူ သဘောကျသည်။ ကြိးကြပ်သူဆရာက '' စာသင်နေစဉ် မေးခွန်းမေးသည့်အခါ သင်ပုန်းကြီးကို မကြည့်ဘဲ သင်တန်းဘက်သို့ မျက်နှာပေးပြီး မေးပါ '' ဟု သင်ပေးသည်။
အော်....ရုပ်ပုံကားချပ်၊ မျက်နှာအမူအရာ၊ လက်ဟန်ပန်အနေအထား၊ စကားလုံးအထားအသို စသော သင်ထောက်ကူအရာဝတ္ထုများ.....။
(၂)
နံနက် ၁၁း၄၅ နာရီ ပါဠိစာပေဌာနစာသင်ခန်း
သူ့ ပါဠိစာသင်ခန်းလေးထဲ ၀င်လိုက်သည်နှင့် သူ့တပည့်များက '' ဂုရုဂျီ ပရ်ဏာမ် '' ဟု မဇ္ဈိမထုံးစံ ဂါရ၀စကားဖြင့် နှုတ်ဆက်သည်။ သူက သင်ပုန်းကြီးပေါ်တွင် သေနတ်တစ်လက်နှင့် နှင်းဆီပန်းတစ်ပွင့်ပုံကို တွန့်တွန့်ကွေးကွေး ရေးခြစ်လိုက်သည်.။ အနည်းငယ်တော့ တူဟန်ရှိသည်။ လှတာတော့ လုံးဝမလှ.. သူက မင်းဝေအောင်မှ မဟုတ်တာ ကိစ္စမရှိ။
သူရေးဆွဲထားသည့်ပုံကို မသေချာမှာ စိုး၍ Gun ( for) Rose ဟု ဆက်ရေးလိုက်သည်..။ နီပေါလ်ကျောင်းသားက '' Guru Ji, It should be Gun & Rose .'' သူက နေပါဦးကွာ သဘောဖြင့် လက်ပြကာ သင်ခန်းစာဆီ သွားကြစို့ လုပ်လိုက်သည်..။
တက္ကသိုလ်ဥပစာတန်းများတွင် သူသင်နေရသည်က ပိဋကတ်စာပေကောက်နှုတ်ချက်များဖြစ်သည်။ ဇာတကနှင့် ဓမ္မပဒ၀တ္ထုများ၊ ဗုဒ္ဓ၀ံသအဋ္ဌကထာထုတ်နှုတ်ချက်များက ဗုဒ္ဓအရှင်နှင့် ဗုဒ္ဓခေတ်အိန္ဒိယကို ထင်ဟတ်စေနိုင်သည့်အတွက် ကျောင်းသားများ စိတ်ဝင်စားကြသည်။ ပါဠိသဒ္ဒါနှင့် တွဲဖက်ပြီး ပါဠိဖတ်စာအဖြစ် သင်ကြားပေးခြင်းဖြစ်သည်.။ ပါဠိတော်မူရင်းအတိုင်းသင်ကြားရခြင်းဖြစ်၍ တစ်ခါတရံ ရှင်းပြရသည်မှာ လက်ပေါက်ကပ်လှသည်..။ ၀ိဇ္ဇာတန်းများတွင်တော့ ထေရ၀ါဒဗုဒ္ဓအဘိဓမ္မာကို သင်ပေးရသည်..။
ပြီးခဲ့သည့်လက ရွှေပြည်ကြီးမှာ လူတိုင်းနီးပါးသိနေကြသည့် ဘုရားအလောင်းယုန်မင်းဇာတ်ကို ပိဋကတ်မူရင်းအတိုင်း တစ်လုံးချင်း ဘာသာပြန်ပြီး သူသင်ပြသည်..။ ဘုရားအလောင်းယုန်မင်း၏ မိတ်ဆွေများဖြစ်သည့် ဖျံ၊ မျောက် နှင့် မြေခွေးတို့အကြောင်း ရှင်းပြတော့ ဖျံကို တပည့်များက မသိကြ..။ဖျံက ပါဠိလို ဥဒ္ဒ၊ အင်္ဂလိပ်လို Otter ..။
ထိုနေ့က အိန္ဒိယမြောက်ပိုင်းသားသုံးယောက်၊ ရုရှားနိုင်ငံသား မွန်ဂိုတစ်ယောက်နှင့် အိန္ဒိယ ကနာတာကားပြည်နယ်သူတစ်ယောက်ပါဝင်သည့် သူ့ပါဠိစာသင်ခန်းလေးသည် တိတ်ဆိတ်သွားခဲ့သည်..။ မြစ်ချောင်းအင်းအိုင်နှင့် ဝေးလှသည့် အညာသားတစ်ဦးမျှဖြစ်သော သူက ဖျံဆိုသော သတ္တ၀ါဆိုသည်မှာ ရေထဲတွင် ကျက်စားလေ့ရှိကြောင်း၊ ရေကူးကျွမ်းကျင်ကြောင်း စသည် ခပ်တည်တည် ရှင်းပြသည်..။ သူတပည့်ကျော်များက နားမလည်ဟန် ခေါင်းခါပြ မျက်မှောင်ကြုတ်ပြကြသည်..။ သို့နှင့် သူက ပန်းချီကျော်ကြီးတစ်ယောက်ဂိုက်အပြည့်ဖြင့် ဖျံတစ်ကောင်၏ ပုံကို သင်ပုန်းကြီးပေါ်တွင် ခြစ်ခြုတ်ရေးဆွဲပြလိုက်သည်..။ '' Oh Guru Ji, that is a mouse.'' သေရော..။
နောက်နေ့မှာတော့ သူ့ နုတ်ဘုတ်ခ်သေးသေးလေးတွင် အင်တာနက်မှ ဖျံပုံများ ရနိုင်သမျှ ဆွဲချကာ ပြလိုက်ပါမှ လင်းသွားကြသည်..။ ဘာပဲဖြစ်ဖြစ် သူ့ လွယ်အိတ်ထဲတွင် နုတ်ဘုတ်ခ်သေးသေးလေးနှင့် အင်တာနက်မိုဒမ်တစ်ချောင်းအမြဲဆောင်ဖြစ်တော့သည်..။ တကယ်လည်း အလုပ်ဖြစ်ခဲ့သည်..။ ရှင်းကြစေ လင်းကြစေသတည်း..။
ယနေ့ သင်ရမည့် သင်ခန်းစာက မင်းကျင့်တရားများနှင့် သက်ဆိုင်သည့် ရာဇောဝါဒဇာတ်ဖြစ်သည်..။ ဇာတ်လမ်းအကျဉ်းက ဗုဒ္ဓဘုရားအလောင်းသည် ကာသိတိုင်းနိုင်ငံ၊ဗာရာဏသီမြို့တော်၏ ဘုရင်ဗြဟ္မဒတ်ဖြစ်ပြီး တိုင်းပြည်ကို တရားနှင့်အညီ အုပ်ချုပ်သဖြင့် ဥပဒေစိုးမိုးကာ နိုင်ငံအ၀ှမ်းအေးချမ်းသာယာသည်။ နောက်ဆုံး အမှုအခင်းပဋိပက္ခများ မရှိတော့၍ တရားရုံးများကိုပင် ပိတ်သိမ်းရတော့သည်။ ဘုရားအလောင်းတော်က တိုင်းပြည်၏ သဘောထားအမှန်ကို ကိုယ်တိုင်သိလို၍ စုံစမ်းရန် မြင်းရထားဖြင့် ထွက်လာခဲ့သည်။ ပြည်သူပြည်သားအားလုံး၏ ဘုရင်းမင်းမြတ်သက်တော်ရှည်ကြောင်း ဆုတောင်းသံများကိုသာ ကြားရသည်။ သို့နှင့် မြို့တော်အပြင်ပသို့ ခရီးဆက်ခဲ့ရာ ဂင်္ဂမြစ်ကမ်းတစ်နေရာတွင် ကောသလတိုင်းနိုင်ငံ သာဝတ္ထိမြို့တော်ဘုရင် မလ္လိကာနှင့် တွေ့ရသည်။ မလ္လိကာသည်လည်း ဘုရားလောင်းနည်းတူ ကျင့်သုံးသဖြင့် မြို့ရွာငြိမ်းချမ်းသာယာဝပြောလေသည်။
ယခု ပြည်သူ့အသံကို ကြားလိုသော ဘုရင်းမင်းမြတ်နှစ်ပါး ထိပ်တိုက်ဆုံကြပြီ.။ မြစ်ကမ်းဘေးလမ်းက ကျဉ်းလှသည်။ မြင်းရထားတစ်စီးသာ သွားနိုင်လေမည်..။ မလ္လိကာဘုရင်၏ မြင်းရထားထိန်းက ဗြဟ္မဒတ်ဘုရင်၏ ရထားထိန်းကို လမ်းဖယ်ပေးရန် ပြောသည်။ ဗြဟ္မဒတ်ဘုရင်၏ ရထားထိန်းကလည်း ဧကရာဇ်တစ်ပါး၏ မြင်းရထားဖြစ်၍ လမ်းဖယ်မပေးနိုင်ကြောင်း ငြင်းဆိုသည်..။ သို့နှင့် မေးခွန်းများမေးကြရင်း ဧကရာဇ်ဘုရင်များဖြစ်နေကြသည်ကို သိသွားသောအခါ ဘုရင်နှစ်ပါး၏ အသက်အရွယ်က အစ တိုင်းပြည်အခြေအနေအဆုံး အားလုံး တပြေးညီဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရသည်..။ နောက်ဆုံးတွင် ဧကရာဇ်မင်းနှစ်ပါး၏ နိုင်ငံရေးပေါ်လစီကို ကိုယ်စီ တင်ပြကြသည်..။
မလ္လိကာအစိုးရ၏ နိုင်ငံရေးပေါ်လစီ..
ဒဠှံ ဒဠှဿ ခိပတိ၊
မလ္လိကော မုဒုနာ မုဒုံ။
သာဓုံ ပိ သာဓုနာ ဇေတိ၊
အသာဓုံ ပိ အသာဓုနာ။
အကြမ်းဖက်အမုန်းသမားအတွက် ချေမှုန်းရေးလမ်းစဉ်
စေ့စပ်ရေးသမားအပေါ် စားပွဲဝိုင်းဖိတ်ခေါ်ပေါ်လစီ
လက်ကမ်းသူကိုတော့ အလံဖြူငြိမ်းချမ်းရေး
ပဋိပက္ခရန်လိုမှုအတွက် ထိပ်တိုက်ရင်ဆိုင်ရေး....
ဗြဟ္မဒတ်အစိုးရ၏ နိုင်ငံရေးပေါ်လစီ
အက္ကောဓေန ဇိနေ ကောဓံ၊
အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊
သစ္စေနာလိက၀ါဒီနံ။
အမုန်းရန်ငြိုးကို အပြုံးနဲ့ သင်ပုန်းချေ..
အဆိုးမြင်မူဝါဒများဆီ အကောင်းမြင်ချဉ်းကပ်မှု
ပိတ်ဆို့မှုအတွက် တံခါးဖွင့်...
မိုးလုံးပြည့်များအတွက် ပွင့်လင်းမြင်သာမှု။
ဂါထာနှစ်ပုဒ်ကို နှစ်ပုဒ်ကို သူ ရှင်းပြလိုက်တော့ တပည့်လားမားရဟန်းဖြစ်သူ လော့ဘ်ဆန်နေဂီက ''ယာပို ဒု ယာပိုဒု '' (သိပ်ကောင်းတာပဲ ဂုရု ဂျီး ) ဟု ကောင်းချီးပေးသည်။ သူက မလ္လိကာဘုရင်၏ နိုင်ငံရေးမူဝါဒကို Gun to Gun Policy ဟု ချခင်းပြလိုက်ပြီး ဗုဒ္ဓဘုရားအလောင်းတော်ဗြဟ္မဒတ်ဘုရင်၏ ကျင့်သုံးမှုကိုတော့ Gun for Rose Approach ဟု အမည်တပ်ပေးလိုက်သည်။ အဟမ်း..။ ရော့ခ်ဂီတအပြင်းစားများကို သီဆိုတီးခတ်လေသည့် Gun & Rose နှင့် လုံးဝမသက်ဆိုင်ကြောင်း...။
နီပေါလ်ကျောင်းသား တော့ပ်ဂေးကတော့ ဘယ်ရထားထိန်းက လမ်းဖယ်ပေးသလဲ ဆိုတာကို စိတ်ဝင်စားနေသည်..။
ဇာတကထဲမှာတော့ မလ္လိကာဘုရင်က ရထားပေါ်မှ ဆင်းလာပြီး ဗြဟ္မဒတ်ဘုရင်ကို ဦးညွှတ်ကြောင်း ရှင်းပြကာ သူက ဇာတ်လမ်းကို အဆုံးသတ်လိုက်သည်..။ မလ္လိကာအစိုးရ၏ ပေါ်လစီက နိုင်ငံရေး(Politics)ဆန်လွန်းပြီး ဗြဟ္မဒတ်ဘုရင်၏ ချဉ်းကပ်မှုက ဘာသာရေး( Religious)ဘက် နွှယ်လွန်းသည်ဟု သူက ထင်နေသည့်အတွက် ''ဒီပေါ်လစီနှစ်ခု ချိန်ခွင်ထဲ ထည့်ကြည့်ကြပေါ့ကွာ '' ဟု ပြောကာ သူ စာသင်ခန်းထဲမှ ထွက်လာခဲ့တော့သည်..။
စာသင်ဆောင်လုပ်သား လက်ချမန်းကတော့ သူရေးဆွဲထားခဲ့သော သေနတ်နှင့် နှင်းဆီပန်းပွင့်ကို သင်ပုန်းပေါ်မှ ဖျက်ရင်း'' ပါဠိဂုရုကြီးတော့ ဘာတွေ သင်ခဲ့ပါလိမ့် '' ဟု တွေးကောင်းတွေးနေပါလိမ့်မည်..။
ဓမ္မဂင်္ဂါ
(၆-၄-၂၀၁၁)
