13 May, 2011

အဖေလို့သာ ခေါ်ပါလေ သားရဟန်း

အဖေလို့သာ ခေါ်ပါလေ သားရဟန်း

(၁)

“ကိုယ်တော့်အမေကတော့ ဖုန်းတမျှော်မျှော်နဲ့ပြောမဆုံးတော့ဘူး၊

အမေ့ဆီကိုမဖြစ်မနေဖုန်းဆက်ပါ မောင်ပဉ္ဇင်း”

“ဟုတ်ကဲ့ ဆက်လိုက်ပါ့မယ် ဒကာကြီး”

“အဖေလို့ ခေါ်စမ်းပါ ဦးဇင်းရယ်”

“ ဟုတ်ပြီဗျို့ အမေ့ဆီကို ဖုန်းဆက်လိုက်ပါ့မယ် အဖေ”

လွန်ခဲ့သောသောကြာနေ့ဆီက သူ့ဖခင်ကြီးနှင့် ပြောဖြစ်ကြသော တယ်လီဖုန်းစကားအပိုင်းအစအချို့ပင်ဖြစ်ပါ သည်။ မြစ်ဝကျွန်းပေါ်မြို့လေးမှာ အခြေချနေသည့် သမီးငယ်နှင့် မြေးများကို တွေ့ရန် အညာကျေးလက်မှ အလည်အပတ် ရောက်နေသည့် ဖခင်ကြီးထံ ဖုန်းဆက်ရာမှ ဒကာကြီးဟု ခေါ်မိသောသားရဟန်းကို “ အဖေလို့ ခေါ်စမ်းပါ ဦးဇင်းရယ်”တဲ့။

သာသနာတော်အတွက် သားတစ်ယောက်လုံး လှူဒါန်းခဲ့ရှာသော ဖခင်တစ်ဦး၏ ပါးလျ သေးသွယ်သော တောင့်တမှုလေးသာ ဖြစ်ကြောင်း သူကောင်းကောင်း နားလည်လိုက်ပါသည်။

“ဦးဇင်းအနေနဲ့ သာသနာတော်မှာ နေသမျှ ဒကာကြီးတို့ ခမည်းတော်တို့ ဆိုတာ လူတိုင်းကို ခေါ်ခွင့်ရှိတယ်။ တပည့်တော်ကတော့ သာသနာ့ဝန်းထမ်း ရဟန်းတစ်ပါးကို မွေးခဲ့ရတဲ့ ဖခင်တစ်ယောက်အဖြစ်နဲ့ ဦးဇင်းရဲ့ အဖေလို့ခေါ်တဲ့အသံကိုပဲ ကြားချင်ပါတယ် ဦးဇင်းရယ် ” တဲ့။

ဟုတ်မှန်လှပေစွ။ သာသနာ့ဝန်ထမ်းသားရဟန်း၏ ဖခင်။ ရင်သွေးအရင်းအချာကို သာသနာတော်အား ပြတ်ပြတ်သားသားလှူဒါန်းခဲ့သော ဖခင်။ သူကိုယ်တိုင်ကတော့ ဖခင်တစ်ယောက်၏ သာသနာ့အမွေခံ အလှူအတွက် ပါရမီမြောက်သော လှူဖွယ်ဝတ္ထုပေတကား။ လူသားအရင်းအမြစ်(Human Resource)ဆိုသော စကားလုံးနှင့် မရင်းနှီးသော ကျေးလက်မှ ဖခင်သည် လူသားအရင်းအမြစ်အစစ်ဖြစ်သည့် သားတစ်ယောက်လုံးကို သာသနာတော်အတွက် ရက်ရက်ရောရောပေးလှူခဲ့ လေသည်တကား။

(၂)

ထိုကဲ့သို့သော ဖခင်တစ်ယောက်ကလည်း သာသနာ့သမိုင်းစာမျက်နှာတွင် အားကျဂုဏ်ယူဖွယ် လင်းလင်း ချင်းချင်းမှတ်တိုင်စိုက်ထူခဲ့ဖူးလေသည်ပဲ။ လူသားအရင်းအမြစ်အကြောင်း ကျယ်ကျယ်လောင်လောင် ပြောနေ ကြသည့် ရာစုသစ်ထက် စောစွာပင် အသောကမင်းဧကရာဇ်တို့ခေတ်ကလည်း လူသားအရင်းအမြစ်၏ တန်ဖိုးကို သိနားလည်ခဲ့ကြသည်။

အိန္ဒိယ၏ သမိုင်းအရှိန်အ၀ါကြီးမားသော အသောကဧကရာဇ်သည် အစဦးက အာဏာစက်ဘုန်း ဟုန်းဟုန်းတောက်ရေးတစ်ခုသာ ဦးတည်ချက်ရှိသည့် စစ်ဘုရင်တစ်ပါးအဖြစ် မဇ္ဈိမတိုက်ကြီးတစ်ခုလုံးကို သွေးညှီနံ့တို့ဖြင့် လိမ်းကျံပစ်ခဲ့သည်။ သွေးသားအရင်းအချာညီနောင်များ၏ အသက်အိုးအိမ်ကို ချေမှုန်းလျက် နိုင်ငံအာဏာကို ရယူကာ ရက်စက်မှုမှန်သမျှ၏ ပူလောင်သောပြယုဂ်ကြီးဖြစ်ခဲ့သည်။ တိုင်းနိုင်ငံ ပြည်ရွာများစွာကို ကျူးကျော် ဖျက်ဆီးကာ ပြည်သူတို့၏ မျက်ရည်ပြပွဲများကို ဖျော်ဖြေမှုတစ်ရပ်အဖြစ် ကြည့်ရက်နိုင်ခဲ့သည်။

သို့သော် အသောက၏ စိတ်နှလုံးတွင် ဖြူသောအရိပ်ကလေးရှိနေသေးသည်။ ထို့ကြောင့်ပင် ကလိင်္ဂစစ်ပွဲ၏ အနိဋ္ဌာရုံမြင်ကွင်းက အသောကကို ထိတ်ပြာသွားစေခဲ့သည်။ စစ်မြေပြင်လက်ကျန် မျက်ရည်၊နာကျင်မှုနှင့် အာဃာတတို့ လွှမ်းသောရှုခင်းများက အသောက၏ နှလုံးသားကို ဆောက်တည်ရာမဲ့သွားစေခဲ့သည်။သို့နှင့် ကျူးကျော်စစ်များကို ရပ်ပစ်လိုက်သည်။ သွေးစွန်းဓါးကို လွှတ်ချပစ်လိုက်သည်။ ထိုအချိန်မှာပင် ဗုဒ္ဓသာသနာပြု နိဂြောဓသာမဏေလေး၏ အဆုံးအမကို ခံယူခွင့်ရခဲ့ပြန်သည်။

အပ္ပမာဒတရား၏လင်းပွင့်မှုတို့ကို သိမ်းပိုက်မိသော အသောကဧကရာဇ်သည် သာသနာတော်၏ တန်ဖိုးကို သိ မြင်သွားခဲ့သည်။ ကိုယ်တော်တိုင် ခံစားခွင့်ရရှိသည့် ငြိမ်းအေးမှုဓမ္မသန္တရသကို အများပြည်သူတို့အား မျှဝေ လိုသောဆန္ဒတော်လည်း ကြီးထွားခဲ့လေသည်။ထို့ကြောင့်ပင် ဗုဒ္ဓအရှင်၏ အဆုံးအမကို အခြေခံကာ မောရိယ လက်နက်နိုင်ငံတော်ကို ဓမ္မနိုင်ငံတော်ကြီးအဖြစ်တည်ထောင်ရေးလမ်းစဉ်သစ်ဆီ ဦးတည်ခဲ့တော့သည်။

အသောကဧကရာဇ်၏ အမြင်တွင် ဗုဒ္ဓသာသနာတော်သည် ဗြဟ္မစိုရ်ထွန်းကားသော လူ့အဖွဲ့အစည်း ပေါ်ပေါက် ရေး၏ အခြေခံအဆောက်အဦဖြစ်သည်။ တိုင်းနိုင်ငံပြည်သူအားလုံး သာသနာတော်၏ အဆုံးအမကို ခံယူကျင့် သုံးကြလျှင် ဗြဟ္မစိုရ်တရားထွန်းကားပေလိမ့်မည်။ ဗြဟ္မစိုရ်လင်းပသော လူ့အဖွဲ့အစည်းတွင် ပဋိပက္ခ၊ ၀ိရောဓိနှင့် ငြင်းခုန်ရန်လိုမှုကင်းကာ ငြိမ်းချမ်းပျော်ရွှင် စည်ပင်သာယာရှိပေလိမ့်မည်ဟု အယူတော်ရှိလေသည်။

သို့နှင့် သာသနာတော်အဓွန့်ရှည်တည်တံရေးအတွက် ဘုန်းလက်ရုံးအာဏာအခွင့်အလမ်းတို့ကို အကျိုးရှိစွာ အသုံးပြုတော်မူခဲ့သည်။ ဗုဒ္ဓအရှင်၏ စကားတော်အစုဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို ဂုဏ်ပြုပူဇော် သောအားဖြင့် သာသနာပြုကျောင်းတော်များ၊ ကုသိုလ်ပွားစီးရာစေတီပုထိုးများ၊ အများပြည်သူတည်းခိုရာ ဇရပ်တန်ဆောင်းများ ရေတွင်းရေကန်များဆောက်လုပ်တည်ထားရေးအတွက် ကုဋေပေါင်းများစွာ မြုတ်နှံသုံးစွဲခဲ့သည်။

ဓမ္မ၀ိနယပြန်တမ်းတော်များကို ကျောက်စာရေးထွင်းကာ တိုင်းသားပြည်သူတို့ တရားနည်းလမ်းကျနေထိုင် ကျင့်သုံးရေးဆော်သြတော်မူခဲ့သည်။

သာသနာတွင်းရှိအတုအယောင်ရဟန်းများကို အာဏာစက်ဖြင့် ဖယ်ရှားခဲ့သည်။ အသောကဧကရာဇ်၏ ထူးခြားသော ကုသိုလ်တော်အဖြစ် အရှင်မဟာမောဂ္ဂလိပုတ္တတိဿရဟန္တာကိုယ်တော်ကြီး၏ သြ၀ါဒကိုခံယူကာ ကျင်းပခဲ့သည့် ပါဋလိပုတ်စစ်တမ်းဟု ခေါ်ဆိုရမည့် တတိယသင်္ဂါယနာပွဲကြီးကို မြင်ရပေမည်။ ဘာသာခြား အယူဝါဒတို့ရောထွေးယှက်တင်ဖြစ်နေသည့် ပိဋကတ်တော်များကို ပြန်လည်စိစစ်မှတ်တမ်းတင်သည့်ပွဲကြီး ပင်ဖြစ်ပါသည်။

အသောကဧကရာဇ်အနေဖြင့် ပြုခဲ့သမျှသောကုသိုလ်တော်တို့ကို ပြန်လည်တွေးတောမိတိုင်း လက်ခမောင်း ခတ်မိသည်ချည်းပင်။ ဇမ္ဗူတလူ ကုသိုလ်တော်တို့ကား မှန်သည်။ သို့သော် ကွက်လပ်ကျန်နေပါသေးသည်။ သာသနာက အစစ်အမှန်လိုအပ်နေသည်ကား လူသားအရင်းအမြစ်(Human Resource) ပေတည်း။ လှူပေတော့ အသောက။

(၃)

အရှင်မောဂ္ဂလိပုတ္တတိဿထေရ်အား အသောကဧကရာဇ်က မေးခွန်းတစ်ခု လျှောက်ထားခဲ့သည်..။ သာသနာအတွက် ကြီးကျယ်ခမ်းနားသော အလှူများစွာကို လှူခဲ့ပြီးသည့်အတွက် သာသနာ့ဒါယကာအစစ်ဖြစ်ပါပြီလား..။ သာသနာ့အမွေခံသူဖြစ်ပါပြီလား..။

လူသားအရင်းအမြစ်၏ တန်ဖိုးကို မြင်သော မထေရ်မြတ်က '' မိမိ၏ ရင်၌ ဖြစ်သော သားသမီးဖြစ်စေ၊ ကိတ္တိမသားသမီးဖြစ်စေ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှောက်လှူဒါန်းမှသာလျှင် သာသနာအရှည်တည်တံ့ရေးအတွက် ထူးကဲမွန်မြတ်သော သာသနာ့အမွေခံအလှူဖြစ်မည် ဟု ပြန်ကြားခဲ့သည်။

ကျောင်းကန်စေတီပုထိုးဆိုသည်မှာ ရာသီအပြောင်းအလဲတွင် ဟောင်းနွမ်းပြိုကျပျက်စီးသွားပေမည်။ ဓမ္မနှင့် ကင်းကွာသွားလျှင် ထိုအဆောက်အဦသာသနာသည် ပြတိုက်များသာ ဖြစ်သွားပေတော့မည်။

သို့နှင့် အသောကဧကရာဇ်က အိမ်ရှေ့ဥပရာဇာလောင်းလျာ သားတော်မဟိန္ဒမင်းသားကို ငဲ့စောင်းကြည့်မိသည်..။ ဖခင်၏ သဒ္ဓါတရားကို ငဲ့ကွက်၊ မိမိကိုယ်တိုင်၏ သံသရာထွက်လမ်းကိုလည်း မျှော်တွက်မိသော မင်းသားက မောရိယထီးနန်းကို ကျောခိုင်းကာ သာသနာပြုရဟန်းတစ်ပါးဖြစ်ခံယူခဲ့သည်..။ ကိုးတိုင်းကိုးဌာနသာသနာပြုလမ်းကြောင်းကို ဦးဆောင်ကြွတော်မူခဲ့သော ရဟန္တာမထေရ်မြတ်ကြီးအဖြစ်လည်း သာသနာ့စံတော်ဝင်တွင် ကမ္ပည်းဥဒါန်းတွင်ခဲ့သည်။

မိမိ၏ နန်းညွန့်နန်းလျာရင်သွေးအစစ်ကို သာသနာတော်ချစ်သောစိတ်ဖြင့် လှူဒါန်းခဲ့သော ဖခင်မြတ်တစ်ဦးကြောင့် ယနေ့ခေတ်ဗုဒ္ဓသာသနာ့ပထ၀ီသည် ဤမျှ ကျယ်ပြောကျယ်ဝနေခဲ့ခြင်းဖြစ်သည်..။

သူ့ဖခင်ကတော့ သာမန်တောင်သူလယ်သမားကြီးတစ်ဦးသာ ဖြစ်သည်..။ သို့သော် '' သီရိဓမ္မာသောကရာဇာ '' ဓမ္မတေးဂီတဖြင့် ယဉ်ပါးခဲ့လေဟန်ပင် သာသနာ့အမွေခံအိပ်မက်ကို မက်ခဲ့လေသည် ထင့် ။ သားလေးယောက်လုံးက သာသနာ့ဘောင်ဝင်ချင်သည် ဆိုသောခါ တစ်ယောက်ပြီး တစ်ယောက် ရှင်အဖြစ်သို့ သွတ်သွင်းပေးခဲ့သည်။ မိဘအမွေကို ဆက်ခံနိုင်အောင် အားကိုးနေရပြီဖြစ်သည့် သားအကြီးဆုံးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့သောနေ့က ရွာအ၀င်လမ်းတွင် ဖခင် ငိုခဲ့သည် ဟု အမေပြောပြ၍ ပြန်သိရသည်။ ငါ့သားတွေတော့ သာသနာ့ဝန်ထမ်းကြီးတွေ ဖြစ်ကုန်ပေါ့ဗျား တဲ့။

လယ်ယာလုပ်ငန်းအတွက် အားဖြစ်လာမည့် သားများမရှိတော့သောအခါ လူမမယ်သမီးငယ်များနှင့် မိသားစုကို မျက်နှာမပျက် ရုန်းကန်ခဲ့သည်..။ သည်ကြားထဲ မိုးခေါင်းခြင်းနှင့် ဆိုရှယ်လစ်လမ်းစဉ်တို့ကလည်း ဖခင်၏ ချွေးများကို ညှစ်ထုတ်ကြပြန်သည်။

သူတို့ ငယ်စဉ်က ပိုင်ဆိုင်သော လယ်ယာကုန်းချောင်းများ တစ်စတစ်စ လုံးပါးပါးသွားသည်။ မည်သို့ဆိုစေ ဖခင်စိတ်မပျက်ခဲ့ပါ..။ ကိုယ်တော်တို့ စာကိုသာ ကြိုးစားကြ…။ သားလေးယောက်၏ ပရိယတ္တိပညာရေးစရိတ်အတွက်လည်း မျက်နှာမငယ်ရအောင် ထောက်ပံ့ခဲ့ကြရှာသေးသည်။ မိခင်နှင့် အမကြီးတို့၏ နားပေါက်ဟောင်းလောင်းများ၏ အဓိပ္ပါယ်ကို လွန်ခဲ့သော နှစ်များဆီကမှ သိရသည်..။ သူကတော့ ခပ်ပေပေဖြတ်သန်းတတ်သူပီပီ ခပ်နွမ်းနွမ်းနေရက်များကို ခပ်သောသောပင် ကျော်ဖတ်ပစ်ခဲ့သည်။

ဖြစ်ချင်တော့ သားများက တစ်ယောက်ပြီးတစ်ယောက် သာသနာတော်အတွက် ပါရမီနည်းကာ လောကီမြစ်ထဲ ပြန်ဆင်းသွားကြသည်..။ ထိုအချိန်များဆီက ဖခင်၏ ကြေကွဲမှုကို သူ ခံစားမိသည်။ နောက်ဆုံးကျန်သော သူ့ကို ဖခင်မော့ကြည့်သည်။

သည်တော့လည်း သူတစ်ယောက်တည်း ဖခင်၏ စိတ်ကို မြင်နေသည့်အလား တစ်ခါတစ်ရံ လောကီကို ညွတ်မိသည့်တိုင် သာသနာ့ဝန်ကို စွမ်းနိုင်သမျှ ကျေပွန်အောင် ထမ်းထားမိသည်။ သာသနာ့စာမျက်နှာတွင် အထိုက်အလျောက် ခြေဖျားစမ်းထောက်ကြည့်ကာ ဖခင်၏ စိတ်နှလုံးကို သွန်းလောင်းမိသည်..။ မိခင်ကတော့ မပျော်လည်း ထွက်ပေါ့ သားရယ် ဟု မကြာမကြာပြောတတ်သည်..။

လယ်သမားတစ်ဦး၏ သားမျှသာ ဖြစ်သော သူသည်လည်း ဧကရာဇ်မင်းမြတ်၏ သားရဟန်းခင်းထားခဲ့သော လမ်းမှုန်မှုန်ကို ဖုံနေအောင် လျှောက်ကြည့်ချင်ပါသေးသည်..။

မြို့ပြတွင် တစ်ခါတစ်ရံ '' အမေတွေ အဖေတွေ ရှိသေးတယ် '' ဟု သူပြောမိလျှင် အံ့သြဟန်ပြကြသော မျက်လုံးအချို့နှင့် ကြုံရဖူးသည်။ သာသနာ့ဝန်ထမ်းများသည် မိဘမဲ့သောသားများဟု ထင်မှတ်ထားသော ထိုမျက်လုံးများကို ဖတ်လိုက်ရသောအခါ သူကြေကွဲမိ၏။

သာသနာအတွက် အပျော်ကို၊ ဆန္ဒကို၊လောကီကို ကျောခိုင်းထားရသော ပုထုဇဉ်ရှင်ငယ်ရဟန်းငယ်တို့၏ ကိုယ်စား ထိရှစွာ ခံစားရလေသည်။ ရင်နှစ်သည်းချာသားကို ဥမမယ်ကလေးဘ၀မှ သာသနာအတွက် လက်လွှတ်လိုက်ရသော မိခင်ဖခင်တို့၏ စိတ်နှလုံးအတွက်လည်း အားနာမိရပြန်လေသည်။

မိဘမျက်နှာထက် သာသနာ့မျက်နှာက ကြီးသွားသော သားရဟန်းတို့၏ ဥပေက္ခာနှစ်ကာလများဆီက ပြန်လည်လာမည့် အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြရှာလေသည့် မိခင်ဖခင်တို့ကို သူ စာနာတတ်လေပြီ..။ သူ အိမ်ပြန်ပါဦးမည်..။ အဖေလို့သာ ခေါ်ပါလေ ဟု ဆိုသော ဖခင်ကြီးကို အဖေ ဟု ခပ်ကျယ်ကျယ်လေး ခေါ်ပါဦးမည်..။

မျက်ရည်မှုံဝါးကြားက သားရဟန်းကို ရှိခိုးဦးချဖို့ ဖျင်ကြမ်းပုဝါလေး စမ်းရှာနေလေမည့် မိခင်ကြီး၏ ပုခုံးသားကို ဖွဖွလေး ပုတ်ကာ '' အမေ '' ဟုလည်း သူ ခေါ်ပါလေဦးမည်..။

ဓမ္မဂင်္ဂါ

(၁၃-၅-၂၀၁၁)

(လွန်ခဲ့သောနှစ်က စာရေးဆရာမ မေငြိမ်းအတွက် အကြွေးတင်ခဲ့သော စာ ဒီနေ့မှပဲ အပြီးသတ်နိုင်တော့သည်..။)

12 May, 2011

ဝဋ်နွေ ကံနွေ



ဘာတစ်ခုမှ မပွင့်ရင်
ဘာတစ်ခုမှ မကြွေတော့ဘူး...Align Center
ကဲ ဘာဖြစ်လဲ
ထပ်ပွင့်တယ်
ထပ်ကြွေတယ်

အပူဒီဂရီ ၁၀၈
ပုတီးပတ်ရေ ၁၀၈
သဘာဝလေးအတိုင်း
လွမ်းမိကြ။

ရင်ဘတ်ထဲက
ရေချမ်းစင်တွေ
ပျိုနေသမျှ
ငါမအိုသေး....။

နွေအစိုလေးကို
မချွတ်တမ်းဝတ်ထားမိပေါ့..။

ဓမ္မဂင်္ဂါ
(၁၂-၅-၂၀၁၁)
အိန္ဒိယစံတော်ချိန် ည ၉း၄၇ နာရီ

08 May, 2011

ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ

(၁)
မာတရံ ပမုခံ ကတွာ၊ တဿ ပညာယ တေဇသာ။
အဘိဓမ္မာကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။
(အရှင်မဟာဗုဒ္ဓဃောသ)
ငယ်စဉ်ကိုရင်လေးဘ၀က ဆရာဘုန်းကြီး၏ ရှေ့မှောက်တွင် နှပ်တရှုံ့ရှုံ့ဖြင့် ရွတ်အံခဲ့ရသော ဂါထာလေးကို ပြန်လည်တိုးတိုးရွတ်မိသည်..။ အဘိဓမ္မာသမိုင်းကျဉ်းကို ဂါထာလေးတစ်ဂါထာဖြင့် အဋ္ဌကထာကျမ်းပြုဆရာက လက်စွမ်းပြရေးဖွဲ့ထားခြင်းဖြစ်သည်။
'' မိခင်ကို အမှူးပြု၍ (ဗုဒ္ဓအရှင်၏ ) ပညာတန်ခိုးဖြင့် အဘိဓမ္မာကထာဟူသော လမ်းကို နတ်တို့အတွက် ကောင်းစွာ ဖြစ်စေလေပြီ'' တဲ့။
အခြေပြုမူလတန်းဝင်ရောက်ဖြေဆိုကြမည့် ရှင်ငယ်ရဟန်းငယ်တို့အတွက် ပြဌာန်းထားသော ကျမ်းစာသည် အဘိဓမ္မာဒေသနာတော်၏ အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကျမ်းမြတ် ဘာသာပြန်စကားပြေနှင့် အရကောက်ကျမ်းကြီးဖြစ်နေသည်။

အဘိဓမ္မာစကားပြေ အရကောက်ကျမ်းများကို ညအခါတွင် မီးအမှောင်ချကာ ရွတ်ဖတ်သရဇ္ဈာယ်ရသည့်အတွက် ပရိယတ္တိနယ်ပယ်တွင် ည၀ါကျမ်းများဟု အသိများသည်။ ညပိုင်းအမှောင်ထဲ ရွတ်ဖတ်ရသည်ဆိုသော်လည်း ချောင်ခို၍ မရပါ။ သတိရှိ၍ အကင်းပါးလှသော ဆရာဘုန်းတော်ကြီး၏ နားအကြည်ဓါတ်သို့ ရောက်အောင် အသံပေးကြရသည်..။ တခါတရံ အဓိကအဘိဓမ္မာစာသားများကို အတိအကျ မမှတ်မိသောအခါ အဘိဓမ္မာည၀ါဖော်မြူလာစာပိုဒ်ကိုတော့ အသံမြှင့်ပြီး အော်ခဲ့ဖူးလေသည်။
''ဟောတော်မူသည်၏ အခြားမဲ့၌ .......ဟောတော်မူ၏။
ဟောဟန်ကား........................ဟူသည်တည်း။
အရကား..................................ဖြစ်သတည်း။''

ကွက်လပ်နေရာတွင် ခပ်ဝါးဝါးလုပ်ပစ်ခြင်းဖြစ်သည်....။

ပထမဆုံးည၀ါကျမ်း၏ အစတွင် မြန်မာစကားပြေ၏ အရှည်လျားဆုံးစာပိုဒ်ဟု မှတ်တမ်းတင်နိုင်သည့် အဘိဓမ္မာသမိုင်းစကားပြေကို သင်ယူကျက်မှတ်ကြရသည်။ ထိုစာပိုဒ်ရှည်ကြီးကို ၍၊လျက်၊ သော်၊ ပြီး၊ စသောစကားဆက်သမ္ဗန္ဓများစွာကို အသုံးပြုကာ ကျမ်းပြုဆရာက လက်စွမ်းပြရေးသားထားသည်။ စဆိုမိလျှင် ဘယ်နေရာမှာ အဆုံးသတ်ရမည်မသိတော့။

'' ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကမ္ဘာတစ်သိန်းအလွန်ရှိသော လေးသင်္ချေထက်၌ သုမေဓာရှင်ရသေ့ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ နိဗ္ဗာန်ဆုကို ယူတော်မူသည်ရှိသော် ရအပ်သောအားအစွမ်းရှိသော ယောက်ျားမြတ်ဖြစ်လျက် ကိုယ်တော်အထီးတည်း နိဗ္ဗာန်ဆုကို ယူသဖြင့် ဘယ်အကျိုးအံ့နည်း ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သံသရာတည်းဟူသောရေအလျဉ်မှ ထုတ်၍ နိဗ္ဗာန်တည်းဟူသော ကျည်းကုန်းထက်သို့ တင်အံ့ဟု ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကြကုန်သော သတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသည်ဖြစ်၍........''

အဘိဓမ္မာည၀ါဆရာ၏ ရှည်လျားထွေပြားသည့်တိုင် ဖတ်မငြီးသော အဘိဓမ္မာသမိုင်းဟု ဆိုရမည့် မဟာနိဒါန်းကြီးကို ဆိုကြည့်မိတော့ ခပ်ရေးရေးမျှ....။ အတိအကျလည်း မရတော့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော်က ရှေးဟောင်းကျောင်းအိုကြီး၏ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် နှုတ်တက်ရွရွ ဆောင်ခဲ့ဖူးသော စာ...မေ့လောက်ပြီပေါ့..။ သို့သော် စွဲကျန်ရစ်ခဲ့သော ဝေါဟာရများစွာ ရှိသည်။ သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရား၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး၊ မယ်တော်မိနတ်သား၊ ကျေးဇူးဆပ်ခြင်း၊ တာဝတိံသာစသည်...။

အဓိကစွဲထင်နေအောင် ကျက်မှတ်ရသည်က....
ကုသလာဓမ္မာ(ကုသိုလ်ဖြစ်သော တရားအစု)
အကုသလာဓမ္မာ(အကုသိုလ်ဖြစ်သော တရားအစု)
အဗျာကတာဓမ္မာ(ကုသိုလ်အကုသိုလ်မဟုတ်သော တရားအစု)

ဤသည်ပင် ဘ၀အတွက် အရေးပါလှသော အဘိဓမ္မာဟု မသိခဲ့။ ပုလုကွေးကိုရင်လေးတစ်ပါး၏ အဇ္ဈတ္တမှတ်သိစိတ်တွင် ပါဠိပထမပြန်စာမေပွဲအတွက် ဆယ်မှတ်တန်မေးခွန်းများ၏ အဖြေအဖြစ်မှတပါး အခြားတန်ဖိုးကို မမြင်ခဲ့..။ အရွတ်အဖတ်အဘိဓမ္မာမျှသာ.....။



(၂)
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊ စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်....။
(ဦးပုည)

မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတန်းတွင် အဘိဓမ္မာကျမ်းများကို ဦးစားပေးပြဌာန်းထားသည်။
အခြေပြုမူလတန်းတွင် ဓမ္မသင်္ဂဏီကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမငယ်တန်းတွင် ဓာတုကထာကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမလတ်တန်းတွင် ယမကကျမ်းစကားပြေနှင့် အရကောက်ကျမ်းနှင့်
ပထမကြီးတန်းတွင် ပဋ္ဌာန်းကျမ်းစကားပြေနှင့် အရကောက်ကျမ်း..

ပထမကြီတန်းအောင်မြင်ပြီးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးအနေဖြင့် အဘိဓမ္မာကျမ်းကြီး (၄)ကျမ်းကို သင်ယူတတ်မြောက်ပြီးဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ရှင်အနုရုဒ္ဓါ၏ သင်္ဂြီုဟ်ဟု ထင်ရှားသည့် အဘိဓမ္မာအကျဉ်း (အဘိဓမ္မတ္ထသင်္ဂဟကျမ်း)ကို သင်ယူကြရသည့်အတွက် မြန်မာနိုင်ငံ၏ အဘိဓမ္မာပညာရေး သည် အခြားသော ထေရ၀ါဒနိုင်ငံများထက် ပြည့်စုံမြင့်မားမှုရှိသည်ဟု ဆိုနိုင်သည်။ ဓမ္မာစရိယစာချတန်း ရောက်သည့်အခါတွင်မူ သုတ္တန်နှင့် အဘိဓမ္မာကို ဆက်စပ်သင်ယူကြရပြန်သည်။

ဗုဒ္ဓအရှင်ဟောကြားသည့် ပိဋကတ်သင်နည်းသုံးမျိုးတွင် အလဂဒ္ဒူပမာစာသင်နည်းဖြင့် အဘိဓမ္မာကို ချဉ်းကပ်မိလျှင် အဘိဓမ္မာအသိလေးကြွယ်လာသည်နှင့် အမျှ စကားလုံးများ၏ အရိပ်အယောင်ကလည်း ထွားကျိုင်း ၀င့်ဝါလာတတ်သည်။ ပညာပြိုင်ဆိုင်သည့်သဘောဖြင့် ပိဋကတ်ချင်း နှောကြ၊ စကားချင်းသောကြသည်။ သူသည်လည်း ထိုသို့သော စကားဝိုင်းမျိုးတွင် ၀င်ထိုင်ခဲ့ဖူးသည်။ ၀င်ငြင်းခုန်ခဲ့ဖူးသည်။ နောက်ဆုံးကောက်ချက်ချတော့ လူမုန်းသာအဖတ်တင်ခဲ့၏။ အလဂဒ္ဒူပမာစာသင်နည်း၏ အပြစ်ကို သူ မကြာခဏသိရှိဆင်ခြင်ဖူးပါသည်။ ထိုသို့ဆင်ခြင်မိသည့်ကြားမှပင် သူက မြွေဖမ်းချင်နေသည်။

အလဂဒ္ဒူပမာစာသင်နည်းဆိုသည်က အလမ္ပါယ်ဆရာတစ်ယောက်က မြွေဖမ်းသလို ပြောဖို့နှင့် ပြဖို့အတွက် သင်ယူခြင်းမျိုးဖြစ်သည်။ မကျွမ်းကျင်သော အလမ္ပါယ်ဆရာသည် မြွေကိုက်၍ သေတတ်သကဲ့သို့ ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်၊ ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊ ကျော်စော ထင်ရှား၍ လာစေရန်၊ လာဘ်လာဘပေါများ စေရန်၊ ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းခြင်းကြောင့် အပါယ်ငရဲကျကာ ဆင်းရဲဒုက္ခ ရောက်တတ်လေသည်။

ခေတ်အဆက်ဆက် အဘိဓမ္မာစကားဖောင်ဖောင်ပြောတတ်သော လက်ဘက်ရည်ဝိုင်းများရှိခဲ့သည်ကို ဦးပုည၏ ကဗျာတွင် ဖတ်ရသည့်အခါ ပြုံးမဲ့မဲ့ဖြစ်ရသည်။ ''သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင်....'' ။ အော် မြွေဖမ်းကြသူတွေပဲ..။ သို့သော် အဘိဓမ္မာတရားဒေသနာကို ပြန့်ပွားစေလို၊ နားလည်သိမြင်လိုစိတ်ဖြင့် ဆွေးနွေးကြသည်ကိုတော့ ကြိုဆိုရပေမည်။ ဤသို့ဖြစ်သည့်တိုင် အပြောအပြအဘိဓမ္မာနယ်ပယ်တွင်သာ ရှိသေးသည်။

(၃)

ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ကရုဏာ၊မုဒိတာဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့အပူဓါတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟတ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။ ထိုအပူဓါတ်ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက်မညှာတာနိုင်အောင် ဖြစ်နေသော လောဘဒေါသမာန်မာနနှင့် ဣဿာမစ္ဆရိယ စသည်တို့ပင်တည်း။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

အဘိဓမ္မာထွန်းကားရေးဟူသည် ဗြဟ္မစိုရ်တရားထွန်းကားရေးပင် ဖြစ်သည်။ ၀ိပဿနာ ကျင့်ကြံခြင်း ဟူသည်မှာလည်း ဗြဟ္မစိုရ်တရားကို ခိုင်မာမြဲမြံအောင် ပွားများခြင်းသာ ဖြစ်လေသည်။ အရိယာအဖြစ်ကို ရောက်သည်နှင့် အစမ်းသပ်ခံ ဗြဟ္မစိုရ်တရားပိုင်ရှင်ဖြစ်သွားသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုသည်မှာ မတုန်လှုပ် မဖောက်ပြန်သော ဗြဟ္မ၀ိဟာရတရားများ ထွန်းကားရာနယ်ပင်ဖြစ်သည်။

တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကို နိဒါန်းပျိုးရာတွင် ဗြဟ္မ၀ိဟာရ ချို့တဲ့မှု၏ အပြစ်အနာအဆာကို ဦးတည်ဖွင့်ဆိုခဲ့သည်။ လောဘ၊ဒေါသ၊မောဟနှင့် အကုသိုလ်တရားအစုမှန်သမျှ၏ အပူငွေ့ကြောင့် ကမ္ဘာမြေမငြိမ်းချမ်းမှု၊ ရာသီဖောက်ပြန်မှုနှင့် နျူကလီးယားစစ်ပွဲအထိ စိတ်မချရသော အခြေအနေတွင် အဘိဓမ္မာတရားကို သင်ယူရုံမျှမက နေ့စဉ်လက်တွေ့ဘ၀တွင် အသုံးချခြင်းသည် သာ ဗုဒ္ဓအရှင်၏ အလိုတော်ကျဖြစ်လိမ့်မည်။ နိဿရဏစာသင်နည်း၏ ပြီးပြည့်စုံသော ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။

သီလ၊သမာဓိ၊ပညာ၊ ၀ိပဿနာ တရားအမှန်တို့ကို သိရှိတတ်ကျွမ်းကာ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံ အားထုတ်ရေး ရည်မှန်းချက်ဖြင့် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်နိုင်ခြင်းသည် နိဿရဏစာသင်နည်းဖြစ်သည်။

အဘိဓမ္မာကို ဗုဒ္ဓနည်းကျ နိဿရဏစာသင်နည်းဖြင့် အမှန်တကယ် သင်ယူတတ်မြောက်ခဲ့ပြီဆိုလျင် ငြိမ်းချမ်းမှုကို လိုလားသည်နှင့် အမျှ ပဋိပက္ခနှင့် ၀ိရောဓိပြဿနာများကို တရားနည်းလမ်းကျစွာ ကျော်လွှား ဖယ်ရှားနိုင်သည့် တန်ဖိုးရှိသောနိုင်ငံသား၊ သို့မဟုတ် ကမ္ဘာသား တစ်ဦး မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။

မစိုးရိမ်ဆရာတော်ဘုရားကြီးသည်လည်း အဘိဓမ္မာပြန့်ပွားရေးကို စိတ်အားထက်သန်လှသည်။ မင်းကွန်း တိပိဋကဆရာတော်ကြီးက အစ လမ်းဘေးဂွေလှိမ့်နေသည့် ကလေးများအဆုံး အဘိဓမ္မာကို သင်ပေးလေ့ရှိသည်။ (မင်းကွန်းတိပိဋကဆရာတော်ကြီးက မစိုးရိမ်ဆရာတော်ဘုရားကြီးခြေတော်ရင်းတွင် အဘိဓမ္မာပဋ္ဌာန်းဒေသနာ သင်ယူခဲ့ဖူးသည်။ ) မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သင်ပြမှုကြောင့် ကလေးသူငယ်များ အဘိဓမ္မာစကားလုံးများနှင့် ရင်းနှီးလာသည်။ ကလေးသူငယ်များက အဘိဓမ္မာကို နေစဉ်ဘ၀တွင် လက်တွေ့အသုံးချသုံးစွဲ ပြောဆိုသည့်အတွက် လူကြီးသူမများ မျက်နှာပူကြရသည်အထိပင်..။

လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲနှင့် ဟန်ပန်အမူအရာကို အကဲခတ်ကာ အရမ်းကာရော စားနေပြီဆိုလျင် လောဘကြီးနေပြီ၊ စကားများငြင်းခုန်ကြပြီဆိုလျင် ဒေါသကြီးနေပြီ၊ တမေ့တမောအိပ်နေပြီဆိုလျင် မောဟကြီးနေပြီ စသည်ဖြင့် အဘိဓမ္မာဝေဘန်ရေးလုပ်ကြခြင်းဖြစ်သည်..။ ရင်းနှီးသော ဒကာတစ်ယောက်က
'' ဆရာတော် ကလေးတွေကို အဘိဓမ္မာသင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ကလေးတွေက လူကြားထဲ ထထပြောတော့ အခက်သားဘုရား'' ဟု ဆရာတော်ကြီးအား လျှောက်ထားသည့်အခါ ''အေး ကလေးတွေ အပြောမခံချင်ရင် မင်းတို့ကောင်းအောင်နေကြပေါ့ကွ '' ဟု မိန့်သော ဟူ၏။ အော် အသုံးချအဘိဓမ္မာ..။


(၄)
မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်
(ညောင်ကန်ဆရာတော် ဦးဗုဓ်)

ယခုရက်ပိုင်းတွင် သူနေထိုင်လျက်ရှိသော ဗာရာဏသီမြို့ပြသည် နွေရာသီအပူငွေ့ဖြင့် တရိပ်ရိပ် လောင်မြိုက်နေသည်။ သူကတော့ မကြာမီ ရွှေပြည်ကြီးသို့ ပြန်ရလေမည်ဖြစ်၍ မဇ္ဈိမနွေကို မျက်ကွယ်ပြုကာ စီစဉ်ဖွယ်ရှိသည်များကို အပြေးအလွှားစီမံနေခဲ့သည်။ လေယာဉ်လက်မှတ်၊ ခြောက်လတာ မပျက်မကွက်သောက်ရမည့် ဆေး၊ တက္ကသိုလ်ရေးရာများ..စသည်..။

ထိုအချိန်နှင့် တိုက်ဆိုင်စွာ စင်ကာပူနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားသည့် အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာပွဲတော်ကို ကဆုန်လပြည့်ဗုဒ္ဓပုဏ္ဏိမာအခါတော်သမယတွင် မြန်မာနိုင်ငံ၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်..ဟူသော ဓမ္မသတင်းစကားကို ကြားရသည်။ ထိုနေ့မှာပင် အဘိဓမ္မာအသင်းကြီး၏ အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း အချိန်ကိုက် ဖွင့်လှစ်ကာ အဘိဓမ္မာသာသနာကို အချိန်နှင့် နေရာ (Time and Space) မှန်သမျှသို့ ရောက်ရှိပြန့်ပွားအောင် လွှတ်တင် သာသနာပြုကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အဘိဓမ္မာဟောကြားတော်မူသည့် အသံတော်သည် လည်း စကြာဝဠာနံရံများတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

အဘိဓမ္မာအသင်းသူတစ်ဦးဖြစ်သူ မဆုရည်မွန်က သူ့ထံမှ အဘိဓမ္မာအကျဉ်းချုပ်ဆောင်းပါးတစ်ပုဒ် ရလိုပါကြောင်း လျှောက်ထားသည့်အခါ ဤစာစုကို ထရေးဖြစ်သည်။ ယခုရေးနေသော ၀ါကျများသည် အဘိဓမ္မာအကျဉ်းချုပ်ကို ဖော်ပြနိုင်သော စာတမ်းတစ်စောင်မဟုတ်၊ အဘိဓမ္မာဒေသနာကို ဖွင့်ဆိုနိုင်သည့် ဒီပနီ သို့မဟုတ် ဋီကာလည်း မဟုတ်ပေ..။ အဘိဓမ္မာအသင်းကြီးကို ဂုဏ်ပြုလိုသည့်အတွက် စိတ်နှလုံးကို ဖွင့်ချရာမှ ထွက်ကျလာသော စကားလုံးအချို့၏ စုစည်းမှုသာ ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ အဘိဓမ္မာအကျဉ်းချုပ်ဟူသော အတွေးစကို ဆွဲထုတ်မိတော့ ဆရာတော်ဦးဗုဓ်၏ စကားအလင်္ကာကို နောက်ဆုံးကိုးကားဖြစ်သွားသည်။ ညောင်ကန်ဆရာတော်ဦးဗုဓ်က နန်းမတော် မယ်နုလှူဒါန်းသည့် အုဋ္ဌ်ကျောင်းကြီးတွင် စံပျော်သည့် ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်သည်။ ပိဋကတ်အဖွင့်ကျမ်းများစွာကို ရေးသားပြုစုနေသည်နှင့်အမျှ အချိန်ကို တန်ဖိုးထားတတ်သော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

တစ်နေ့တွင် နန်းတော်သို့ ဆွမ်းစားကြွရသည်။ ဘုရင်မင်းမြတ်က အချိန်မီထွက်မလာပါ..။ သို့နှင့် အချိန်မဖြုန်းလိုသော ဦးဗုဓ်က ''မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်" ဟု မှာကြားကာ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။ ဘယ်လောက်များ တိုတောင်းလှသော အဘိဓမ္မာတရားပါလဲ..။

သာမန်ပုထုဇဉ်တစ်ဦး၏ နေ့စဉ်ဘ၀တွင် ကုသိုလ်နှင့် အကုသိုလ်တရားနှစ်ပါး၏ အဖြူအမဲ စုတ်ချက်များကို ပုံဖော်နေရသည်။ ကုသိုလ်ဖြစ်လိုက်၊ အကုသိုလ်ဖြစ်လိုက်...။ ကုသိုလ်က အပြစ်ကင်းသော အန၀ဇ္ဇတရား။ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။ အကုသိုလ်က အပြစ်မကင်းသော သာဝဇ္ဇတရား၊ မကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။

ကုသိုလ်၊ အကုသိုလ်ဖြစ်ပွားခြင်းကို အဘိဓမ္မတ္ထသင်္ဂြီုဟ်ဆရာ အရှင်အနုရုဒ္ဓါက လဒ္ဓပစ္စယံ (အကြောင်းအားလျော်စွာ)ဟူသော ပါဠိဝေါဟာရလေးဖြင့် ဖွင့်ပြသည်။ ယောနိသောမနသိကာရ ဟူသော အကြောင်း၊ အယောနိသော မနသိကာရဟူသော အကြောင်း..။ သင့်သောအားဖြင့် နှလုံးသွင်းသော စိတ်၊ မသင့်သောအားဖြင့် နှလုံးသွင်းသော စိတ်....။ ကုသိုလ်ပဲ ဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ် သည်စိတ်သာ ပြဌာန်းသည်..။ သည်တော့လည်း ဆရာတော်ဦးဗုဓ်က အဘိဓမ္မာကို ချုပ်လိုက်ပြီ၊ စိတ္တံ စိတ်တဲ့ကွယ် တဲ့။

ယနေ့ အဘိဓမ္မာအသင်းကြီးကတော့ ဗုဒ္ဓအရှင်၏ ထူးမြတ်လှသော အဘိဓမ္မာသာသနာအတွက် ပေါ်ထွန်းလာခဲ့ပြီ။ နိဿရဏစာသင်နည်းဖြင့် အဘိဓမ္မဒေသနာကို ချဉ်းကပ်ကာ အရွတ်အဖတ် အဘိဓမ္မာ(Memorization and oral recitation of Abhidhamma) အပြောအပြအဘိဓမ္မာ( Talk and Discussion on Abhidhamma) နှင့် အသုံးချအဘိဓမ္မာ (Applied Abhidhamma) အဆင့်ဆင့်ဖြည့် ကျင့်နိုင်ကြသည့် အမျိုးကောင်းသားအမျိုကောင်းသမီးတို့ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြစေလိုကြောင်း ဆုတောင်းလျက် ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ်၏ သြ၀ါဒစကားအတိုင်း. ဂလိုဘယ်လ်ခေတ်ကြီး၏ နေ့စဉ်ဘ၀လှိုင်းတံပိုးကြားထဲ '' စိတ္တံ၊ စိတ်တဲ့ '' ဟုသာ..။


ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ
(၉-၅-၂၀၁၁)

မှတ်စု
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။

(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ၀ိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။

(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။



01 May, 2011

ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်စာမှတ်တမ်း......

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၆)

'' တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဥယျာဉ်ခြံရှိရာသို့ ဝေဠုဝန်တောလမ်းအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့လာလေသည်။ ကျွန်ုပ်ထွက်လာသော အချိန်သည် ရာဇဂြိုဟ်စံတော်ချိန်အားဖြင့် နံနက်ခင်းဝေလီဝေလင်းကာလမျှသာ ဖြစ်လေရာ လွန်စွာမှ အေးချမ်းသာယာလှပေသည်။ နံနက်ခင်းတိုင်း ဂိဇ္ဈကုဋ်တောင်ကမ်းပါးကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းကို ရှူရှိက်ရင်း လမ်းလျှောက်ရသည်မှာ နန်းတွင်းသမားတော်ကြီး၏ အဆိုအရ အာယုဒီဃဆေးကို မှီဝဲရသည်နှင့် တူလေသည်။

ထိုသို့ လျှောက်လာသည့်အခိုက် ဝေဠုဝန်တောလမ်းတစ်လျောက်လုံး ဟိုနားတစ်စု၊ သည်နားတစ်စု စင်္ကြန်ကြွရင်း တရားဘာဝနာရှုမှတ်နေကြသည့် ဗုဒ္ဓအရှင်၏ သာဝကရဟန်းများကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေတော့၏။ ထိုရဟန်းတို့၏ ဦးပြည်းစိမ်းစိမ်းနှင့် အရဟတ္တဓဇသင်္ကန်းလွင်လွင်သည် ဥဒည်တောင်စွန်းမှ ထွန်းလာသော တက်သစ်စနေရောင်ခြည်တွင် ရွှင်ရွှင်တောက်ပနေလေသည်။

ထို့အပြင် ထိုရဟန်းတို့၏ ပကတိအသွင်အပြင်နှင့် စင်္ကြန်ကြွလှမ်းပုံအမူအရာတို့သည် လွန်စွာမှ ငြိမ်သက်တည်ကြသည်ဖြစ်လေရာ ကျွန်ုပ်၏ အဇ္ဈတ္တကောင်းကင်အကြည်သားတွင် သဒ္ဓါမိုးသားတိမ်လိပ်တို့ တရိပ်ရိပ်တက်လာခဲ့သည်နှင့်အမျှ ထိုရဟန်းတို့၏ လိုအပ်ချက်ကို သွန်းလောင်းဖြည့်ဆည်းလိုသည့် ဆန္ဒသည်လည်း တဖွားဖွား ဖြစ်ပေါ်လာခဲ့လေတော့၏။


ထိုရဟန်းတို့အနေဖြင့် ညကျိန်းစက် အနားယူရန် သီးခြားနေရာမရှိသေးကြောင်း ကျွန်ုပ်သိပါသည်။ နေ့အခါ၌ ဘ၀ရှင် ဧကရာဇ်မင်းတရားကြီးလှူဒါန်းထားသည့် ဝေဠုဝန်ဝါးတောကိုသာ ကျောင်းအမှတ်ဖြင့် ဗုဒ္ဓအရှင်နှင့်အတူ သာဝကရဟန်းများ စုပေါင်းသီတင်းသုံးနေကြရလေသည်။ ညဥ့်အခါ၌မူ တော၊တောင်၊ လိုဏ်ဂူ၊ သစ်ပင် ၊ ကောက်ရိုးပုံနှင့် သုသာန်စသည် ဆိတ်ငြိမ်သည့်နေရာများသို့ ကပ်မှီကာ ဘာဝနာစီးဖြန်းရင်း ညဥ့်သုံးယာမ်ကို ကုန်လွန်စေကြရသည် ဟု ကျွန်ုပ်ကြားသိထားလေသည်။

ဝေဠုဝန်တောကျောင်းတွင်လည်း မည်သည့် အဆောက်အဦမှ မတည်ဆောက်ရသေးသည်ဖြစ်ရာ ဗုဒ္ဓအရှင်ကိုယ်တော်တိုင်ပင် သစ်ပင်ဝါးရိပ်ကို မှီခိုလျက် ခြိုးခြံမျှတစွာ သီတင်းသုံးနေတော်မူရသည်။ ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်သည် ဗုဒ္ဓအရှင်ထံမှ မဂဓပြည်သူတို့ တရားဓမ္မ နာယူရန်၊ ဗုဒ္ဓအရှင်နှင့် ရဟန်းသံဃာတို့အား ဖူးမျှော်ရန်၊ တရားဓမ္မဆွေးနွေးလျှောက်ထားရန်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနည်း နိဿျည်းခံယူရန် စသော ယာယီကိစ္စများအတွက် သင့်လျော်သည့်တိုင် အမြဲတစေ သီတင်းသုံး၍ အေးအေးလူလူ ကမ္မဋ္ဌာန်းဘာဝနာတရား ပွားများအားထုတ်ရန် သီးသန့်ကျောင်းသင်္ခန်းများလိုအပ်သည် ဟု ကျွန်ုပ်ထင်မြင်မိပေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သည် ဗုဒ္ဓအရှင်ကြောင့် နေ့ချင်းညချင်း နာမည်ကျော်ကြားလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်၏ အကျော်ကြားဆုံး ဘာသာရေးဂုရုကြီး တစ်ဆူဖြစ်သည့် ဥရုဝေလကဿပ သခင် ရသေ့ကြီးသည်ပင် ထိုဗုဒ္ဓအရှင်ထံမှ တရားဓမ္မနာယူခွင့် ရခဲ့သည့်အတွက် ဖန်ရေစွန်းသင်္ကန်းကို ၀တ်ရုံ၍ မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့ပေသည်။

ကျွန်ုပ်သည်လည်း ဘုရင်ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် မဂဓနိုင်ငံတော်၏ အထူးမြတ်ဆုံး ဘာသာကူးပြောင်းပွဲ အခမ်းအနားကြီးတွင် မိရိုးဖလာဘာသာရေးကို စွန့်ပယ်ကာ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်လာခဲ့လေသည်။ ကျွန်ုပ်တို့ ဆွေးနွေးလေ့ရှိသည့် ဗုဒ္ဓအရှင်မြတ်၏ သစ္စာဓမ္မနှင့် မဂ္ဂင်အကျင့်အမြတ်ကို အစွဲပြုကာ ကျွန်ုပ်တို့ ဗုဒ္ဓ၀ါဒီများကို မဇ္ဈိမပဋိပဒါ ဂိုဏ်းသားများဟု ယနေ့ ရာဇဂြိုဟ်စကားဝိုင်းများတွင် ခေါ်ဝေါ်သုံးနှုံးလျက်ရှိပေသည်။

ဘာသာတရားအသစ်ကို ကူးပြောင်းသူတို့၏ ထုံးစံအတိုင်း မိမိကိုးကွယ်သောဗုဒ္ဓသာသနာ၏ ကောင်းမြတ်သော သတင်းစကားတို့ကို တစ်နေ့တစ်ခြား ကြားနေရသည်မှာ ကျွန်ုပ်ကဲ့သို့သော ဗုဒ္ဓသာဝကသစ်တစ်ဦးအတွက် အားတက်ဖွယ် ခံစားမိကြောင်း ပွင့်လင်းစွာ ၀န်ခံရပေမည်။ လွန်ခဲ့သော လအနည်းငယ်က ခေတ်ပညာတ် ထိပ်တန်းလူရွယ်များဖြစ်ကြသည့် ဥပတိဿနှင့် ကောလိတတို့ ဗုဒ္ဓ၏ သာဝကများအဖြစ် ခံယူလိုက်ပြီဆိုသောအခါ ရာဇဂြိုဟ်မီဒီယာသမားများစိတ်ကြိုက် သတင်းထူးတစ်ခုဖြစ်သွားခဲ့လေသည်။ ကျွန်ုပ်တို့ မဇ္ဈိမပဋိပဒါဂိုဏ်သားများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပြီ။

ဥပတိဿနှင့် ကောလိတဆိုသည်က မဂဓနိုင်ငံတော်၏ ဗြဟ္မဏဘာသာရေးလောကနှင့် လူကုန်ထံ အသိုင်းအ၀ိုင်းတွင် အရေးပေးခံရသော လူရွယ်နှစ်ဦးဖြစ်လေသည်။ နယ်ကျေးလက်တွင် မွေးဖွား ခဲ့ကြသော်လည်း ဥစ္စာဓနကြွယ်ဝမှုနှင့် ပညာရေးထူးချွန်ထက်မြက်မှုများကြောင့် ရာဇဂြိုဟ်မြို့ပြတွင်လည်း ၀င်ဆန့်ကြပေသည်။ ကခြင်း၊ သီဆိုခြင်းစသော ကလာအတတ်အမျိုးမျိုး၌ နှံ့စပ်ခြင်း၊ မဂဓပျိုဖြူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်သည့် ခန့်ညားချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ခြင်း၊ စကားအသုံးအနှုံးချိုသာစွာ မြို့ကြီးသူတို့အကြိုက် လိုက်လျောညီထွေ မွန်မွန်ရည်ရည်ပြောတတ်ခြင်း စသော အရည်အသွေးတို့ကြောင့်လည်း ရာဇဂြိုဟ်ကပွဲများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်များဖြစ်နေကြပြန်သည်။

ပညာရေးလောကတွင် ဝေဒကျမ်းဂန်တတ်ပါရဂူများ ဖြစ်ကြသည်သာမက စီးပွားရေးနယ်ပယ်တွင်လည်း စွန့်စွန့်ချွံချွံ စီမံဆောင်ရွက်တတ်သူများဖြစ်ကြရာ ဗြဟ္မဏလူငယ်များအတွက် အဖက်ဖက်က အားကျစံထားစရာ ပုဂ္ဂိုလ်များအဖြစ် မျက်နှာပွင့် ကြပါပေသည်။

ကျွန်ုပ်ကိုယ်တိုင်ပင် ထိုလူရွယ်နှစ်ဦးနှင့် နှစ်ကြိမ်သုံးကြိမ်ခန့်မျှ မင်းရေးစိုးခွင် သဘင်ပွဲများ၌ စကားလက်ဆုံကြခဲ့ဖူးလေရာ ဥပတိဿ၏ ကျမ်းဂန်စာပေနှံ့စပ်မှုနှင့် နှုတ်မှုရေးရာလိမ္မာပါးနပ်မှုကို အကဲခတ်မိသည်သောခါ '' ဤသူငယ်ကား အနာဂတ်မဂဓနိုင်ငံတော်၏ အမတ်ချုပ်ကြီးသော်လည်းကောင်း၊ ပရောဟိတ်ကြီးသော်လည်းကောင်း ဖြစ်ထိုက်ပါပေသည် '' ဟု မှတ်ချက်ချမိသည်နှင့်အမျှ ကောလိတ၏ တည်ကြည်ရဲရင့်သောအသွင်အပြင်နှင့် လက်ဝှေ့လက်ပန်းကစားခြင်း၊ ဓါးခုတ်လှံထိုး အမျိုးမျိုးသော အားကစားတို့၌ အကျွမ်းတ၀င်ရှိလှခြင်း၊ ကာကွယ်ရေး စစ်ရေးမဟာဗျူဟာတို့နှင့် စပ်လျဉ်း၍ အမြင်စူးရှခြင်းတို့ကို အားရမိလေရာ '' ဤသူငယ်မှာမူ ဥပတိဿနည်းတူ နိုင်ငံတော်အတွက် စစ်သေနာပတိကြီးတစ်ဦးအဖြစ် အလားအလာကောင်းသူတည်း'' ဟုပင် အမှတ်ပေးခဲ့ဖူးလေသည်။

ထိုကဲ့သို့ လိုတိုင်းရ၊ တတိုင်းဖြစ်နေကြသော လူရွယ်နှစ်ဦး ရာဇဂြိုဟ်မြို့တော်၏ တောင်ထိပ်ကပွဲည တစ်ညတွင် ရုတ်တရက် လောကီနယ်ပယ်ကို စွန့်ခွာသွားခဲ့ပြီ ဟူသော သတင်းက ကျွန်ုပ်အပါအ၀င် ရာဇဂြိုဟ်မြို့တော်သားတို့စကားဝိုင်းတွင် ရက်ပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ရသည့် ဘာသာရပ်တစ်ခုဖြစ်ခဲ့ရပေသည်။ ထိုနောက်တွင် ဥပတိဿနှင့် ကောလိတတို့နှစ်ဦးသား တိုင်းဌာနီအသီးသီး၊ တောတောင်အသီးသီးရှိ ဆရာအဆူဆူထံတွင် ချဉ်းကပ်လျက် တရားရှာဖွေကျင့်ကြံနေကြကြောင်း၊ ထို့နောက် မဂဓတိုင်းသို့ ပြန်ရောက်လာကာ သဉ္စယဂိုဏ်းဆရာကြီးထံတွင် ဂိုဏ်အုပ်တပည့်ကြီးများအဖြစ် ကျင့်ကြံနေကြောင်း စသော သတင်းများကိုလည်း အဆက်မပြတ်ကြားခဲ့ရလေသည်။

ယခုအခါ၌မူ ကျွန်ုပ်တို့ မဂဓတိုင်း၏ ဇာတ်လိုက်ကျော်ကြီးနှစ်ဦး ဗုဒ္ဓသာဝကရဟန်းများ အဖြစ်ခံယူလိုက်ပြီဖြစ်ကြောင်း၊ ၊ဗုဒ္ဓအရှင်ကလည်း ထိုလူရွယ်နှစ်ဦးအား အဂ္ဂမဟာသာဝကကြီးများ အဖြစ် မြင့်မြတ်သောသာသနာ့ရာထူးများခန့်အပ်လျက် ထိုက်တန်စွာ နေရာပေးချီးမြောက်တော်မူကြောင်း သတင်းစကားများကို ၀မ်းမြောက်ဖွယ် ကြားခဲ့ရလေသည်။ ထိုသတင်းစကားများ၏ အကျိုးဆက်အနေဖြင့် မဂဓတိုင်းရှိ လူကုန်ထံအသိုင်းအ၀ိုင်းမှ လူကြီးလူကောင်းများနှင့် ပညာတတ်လူငယ်လူရွယ်များ ဗုဒ္ဓသာဝကများအဖြစ်ခံယူကာ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ကြလေသည်။

သို့အတွက် ရဟန်းတော်များ၏ ဆွမ်းခံလမ်းတွင် ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ယူဆောင်ခဲ့ပြီးနောက် ယခု အဘယ်သူကို ယူဆောင်လတံ္တ့နည်း'' ဟူသော ဂါထာသံချပ်ဖြင့် ရာဇဂြိုဟ်ပြည်သူတို့ ဆန္ဒပြခဲ့ကြသည်ကို စိတ်မကောင်းဖွယ် ကျွန်ုပ် ကြားသိရလေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သံဃသမိတိ(သံဃာ့အဖွဲ့)၏
''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည်
စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊
တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို
ငြူစူ စောင်း မြောင်းခြင်းဖြင့်
အဘယ်ပြုအံ့နည်း''

ဟူသော တရားဝင်ထုတ်ပြန်ကြေငြာချက်က ဆန္ဒပြသူများ၏ သံသယကို ပယ်ဖျက်နိုင်ခဲ့ပေသည်။
''ရဟန်းတော်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သွားကြပြီးနောက် ဆန္ဒပြမှုများ ငြိမ်းသွားခဲ့သည်မှာ လွန်စွာမှ စိတ်ချမ်းမြေ့ဖွယ်အတိဖြစ်ခဲ့ရလေသည်။

ယခုအခါ မဂဓနိုင်ငံတော်၏ ဗုဒ္ဓသာသနာသည် မြူတိမ်ကင်းသော လကဲ့သို့ ၀င်းပနေလေပြီ၊ တစ်နေ့တစ်ခြားတိုးတက်များပြားလာသော အရိယာအရှင်ကောင်းတို့အတွက် ကျွန်ုပ်အနေဖြင့် ကျောင်းဆောက်လုပ်လှူဒါန်းလိုသော စေတနာသည် ဝေဘာရတောင်ထိပ်မှ စီးကျလာသော ရေအလျဉ်ကဲ့သို့ အားကောင်းလျက် ရှိချေပြီ..။ ဗုဒ္ဓအရှင်မြတ်ကသာ ခွင့်ပြုတော်မူလျင် ဤဘဒ္ဒကမ္ဘာ၏ ဂေါတမသာသနာတွင် ပထမဆုံးကျောင်းဒကာအဖြစ် ဥဒါန်းတွင်ရစ်ပေတော့မည်..။ ကျွန်ုပ်ကား မလှူရသေးမီကပင် ပီတိလွှမ်း၍ ပုဗ္ဗစေတနာတည်းဟူသော ဂန္ဓမာဒနပန်းရနံ့ကို ရှိုက်နမ်းမိချေပြီတည်း..။

ဓမ္မဂင်္ဂါ စာပြီးချိန် (၂၇-၄-၂၀၁၁) နံနက် ၄း၃၀ နာရီ