14 July, 2011

စင်ကာပူရောက်မြန်မာများအတွက် ၀မ်းမြောက်ဖွယ်


အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်ကြရာတွင် နေရာအခက်အခဲဖြစ်နေကြသည့် စင်ကာပူနိုင်ငံရှိ မြန်မာပရဟိတနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် စင်ကာပူနိုင်ငံ၊ ယူနို့စ် ၊ မင်္ဂလ၀ိဟာရကျောင်းတိုက်မှ အပတ်စဉ်တရားပွဲများကျင်းပရန်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာစသော ဓမ္မရေးရာသင်တန်းများ ဖွင့်လှစ်ရန်၊ တံခါးဖွင့်လိုက်ပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်စိတ္တရက အသင်းအဖွဲ့များအား ဖိတ်ခေါ်အသိပေးလိုက်ပြီ ဖြစ်ပါသည်။

စင်ကာပူနိုင်ငံရှိ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းတိုက်များတွင် မင်္ဂလ၀ိဟာရသည် သင်တန်းများဖွင့်လှစ်ရန်နှင့် တရားပွဲများကျင်းပရန် လုံလောက်သော သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းများ၊ ခန်းမများ အပြည့်အစုံရှိသည် ဟု သိရသည်..။

စိတ်ပါဝင်စားသူများအနေဖြင့် ဆရာတော်ထံ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း..။

ဓမ္မဂင်္ဂါ

(၁၅-၇-၂၀၁၁)

11 July, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၈)

ဒီနေ့တော့ ကာရက(Case) (၈)မျိုးအစုံသိရတော့မှာပါ..။ ဒီကာရကဆိုတာကို ရှေးရိုးသင်နည်းစနစ်မှာတော့ အလွန်ရှုပ်ထွေးကျယ်ပြန့်စွာ လေ့လာကြရတာပါ..။ သဒ္ဒါဆရာတွေရဲ့ အယူအဆအမျိုးမျိုးတွေကို အခြေပြုစာသင်သားတွေ ကျက်မှတ်ရတဲ့ အခါ သဒ္ဒါလန်သွားတတ်ပါတယ်..။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကစ္စည်းသဒ္ဒါဟာ ပါရဂူဘွဲ့ယူကျမ်းစာလိုမျိုး သုတေသနအဆင့်မြင်မြင့် လုပ်ထားတဲ့ ကျမ်းကြီးမှန်း ခုမှ သိရတယ်..။ အခြေပြုစာသင်သားဘ၀က သင်ရတော့ ခေါင်းကိုက်သပေါ့လေ..။ အခုအချိန်မှ ပြန်ဖတ်မိတော့ အရသာရှိသား..။ (ဒါပေမယ့် ငယ်ငယ်က အငြိုးနဲ့မို့ သိပ်တော့ မကျေနပ်ချင်သေး..။)

(ခက်တာက ခုထိ မြန်မာ့ပါဠိသင်ရိုးမှာ ကိုရင်ငယ်လေးတွေ သုတေသနကျမ်းကြီးကို သင်ရိုးလုပ်ကျက်မှတ်နေကြရတာ သနားပေမယ့် ဒီအတိုင်းပဲ ကြည့်နေရသေးတယ်..။ အခြားနိုင်ငံတွေမှာတော့ ကလေးတွေနဲ့ သင့်တော်တဲ့ သင်ရိုးစာအုပ်လေးတွေ အလွယ်တကူ ရေးလို့ ပြဌာန်းသင်ယူနေကြပြီ..။)

အာလုပ် (Vocative Case ) (အာလပနကာရက)

တစ်စုံတစ်ယောက်ကို ဟေ့ ဘယ်သူရေ ဟေ့ ဘယ်ဝါရေ ခေါ်တာမျိုးကို အာလုပ်ပြုတယ်လို့ မြန်မာတွေ သိပါတယ်..။

ဘုရားရှင်က တပည့်သာဝကတွေကို အို ရဟန်းတို့ လို့ အာလုပ်ပြုတာ ခဏ ခဏ ကြည်ညိုကြရလေသကိုး..။ အဲဒီအာလုပ်ပုဒ်တွေ ပြုဖို့ဆိုရင် ဘာမှ ခက်လှတယ်မဟုတ်ဘူး...

အနည်းကိန်းမှာ ဘာမှ ဆက်ပေးစရာမလိုဘူး.. အများကိန်းမှာတော့ ကတ္တားပုဒ် အများကိန်းနဲ့အတူတူပဲ ဆက်ပေးရတယ်..။

ဒီလိုလေ

အနည်းကိန်း(ဧက၀ုစ်)မှာ

samaṇa

သမဏ (အို ရဟန်း..)

အများကိန်း(ဗဟုဝုစ်)မှာ

samaṇ+ ā=samaṇā

သမဏာ (အို ရဟန်းတို့)

ကာရက (၈)မျိုးကို တစ်ပေါင်းတစ်စည်းတည်း ပြန်ဖတ်ကြစို့ရဲ့..

  1. ပုရိသော ပုရိသာ
  2. ပုရိသံ ပုရိသေ
  3. ပုရိသေန ပုရိသေဟိ ၊ ပုရိသေဘိ
  4. ပုရိသသ္မာ၊ပုရိသမှာ၊ ပုရိသာ ပုရိသေဟိ၊ ပုရိသေဘိ
  5. ပုရိသဿ၊ ပုရိသာယ ပုရိသာနံ
  6. ပုရိသဿ ပုရိသာနံ
  7. ပုရိသသ္မိံ၊ ပုရိသမှိ၊ ပုရိသေ ပုရိသေသု
  8. ပုရိသ ပုရိသာ

လေ့ကျင့်ခန်းတော့ အပြောင်းအလဲလေးဖြစ်အောင် မြန်မာလို ဘာသာပြန်ကြည့်ပေါ့..

  1. ဗြဟ္မဏော သဟာယကေန သဒ္ဓိံ ရထမှိ နိသီဒတိ။
  2. အသပ္ပုရိသာ စောရေဟိ သဟ ဂါမေသု စရန္တိ။
  3. ၀ါဏိဇော ကဿကဿ နိဝါသေ ဘတ္တံ ပစတိ။
  4. ဘူပါလဿ အမစ္စာ ဒီပေသု မနုေဿ ရက္ခ န္တိ။
  5. သုဂတဿ သာဝကာ ၀ိဟာရသ္မိံ ၀သန္တိ။
  6. မက္ကဋော ရုက္ခမှာ အာဝါဋသ္မိံ ပတတိ။
  7. သုရိယဿ အာလောကော သမုဒ္ဒသ္မိံ ပတတိ။
  8. ကဿကာနံ ဂေါဏာ ဂါမေ အာဟိဏ္ဍန္တိ။
  9. ဝေဇ္ဇဿ ဒါရကော မဉ္စသ္မိံ သယတိ။
  10. ဓီဝရာ သမုဒ္ဒသ္မာ ပိဋကေသု မစ္ဆေ အာဟရန္တိ။

09 July, 2011

ယူနို့စ်

မြို့ပြနဲ့
ထွန်ယက်တဲ့ နံနက်တွေ
ကော်ဖီတစ်ခွက်စာ
အမ်အာတီတစ်လှိမ့်စာ
နှလုံးသားဟာ
ညက်လာတယ်...

တရားရှု့မှတ်ဖို့
လှစ်ကနဲ့ လှစ်ကနဲ အမှန်တရားတွေ
ခုတ်မောင်းသွားပုံ...

သံသရာလည်ချင်တိုင်လည်ပေရော တဲ့
ကိုယ့်ဒေါင်လိုက်ရွေ့လျားမှု
မက်ထရိုပိုလီတန်စိတ်ကူးထဲ
လှိုင်းထရုံ.....

ငေးနေလည်း
မပိုဘူး
သူ့ အရူးအမူးက
ကိုယ့်အရူးအမူးဖြစ်သွားနိုင်သေးရဲ့

ဒီတော့မှ
ဘာပဲ စိုက်စိုက်
ခပ်ငိုက်ငိုက်သာ သီးပွင့်ချင်တော့တယ်...။

ဓမ္မဂင်္ဂါ
(၉-၇-၂၀၁၁)

07 July, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၇)

Vocabulary
အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)


နာဝိက (သင်္ဘောသား)
အာကာသ (ကောင်းကင်)
သမုဒ္ဒ (သမုဒ္ဒရာ)
ဒေ၀/သုရ (နတ်)
လောက (ကမ္ဘာလောက)
အာလောက (အလင်းရောင်)
သကုဏ (ငှက်)
ကာက (ကျီးကန်း)
နိဝါသ (အိမ်)
သပ္ပုရိသ (သူတော်ကောင်း)
အသပ္ပုရိသ (သူယုတ်မာ)
ကာယ (ခန္ဓာကိုယ်)
ဒူတ (တမန်)
ဂေါဏ(နွား)

ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)
အာဟိဏ္ဍတိ (လှည့်လည်၏)
စရတိ(ခရီးသွား၏၊လမ်းလျှောက်၏)
နသီဒတိ (ထိုင်၏)
သန္နိပတတိ (စည်းဝေး၏)
ဝိဟရတိ (နေ၏)
ဝသတိ (နေ၏)
ဇီဝတိ (အသက်ရှင်၏၊ အသက်မွေး၏)
တိဋ္ဌတိ (တည်၏၊ရပ်၏)
ဥပ္ပတတိ(ပျံ၏)
တရတိ(ကူးဖြတ်၏)
ဥတ္တရတိ (တက်၏၊ရေထဲမှ ပေါ်လာ၏)
ပသီဒတိ (ကြည်ညို၏၊နှစ်သက်၏)

(Locative Case)သြကာသကာရက
ဒီနေ့တော့ မြန်မာစကားမှာ ၌၊ မှာ၊ တွင်၊ ၀ယ် ဆိုတဲ့ နေရာပြပုဒ်တွေကို သင်ရမယ်..။ မေးခွန်းလေး မေးတတ်အောင် စာလုံးလေးတွေ အပိုမှတ်လိုက်ပါဦး..
ကတ္ထ (ဘယ်နေရာမှာ) Where (in which place)?
ကုတော (ဘယ်နေရာမှ ) From where (from which place )?

အဲဒီတော့
မင်း ဘယ်က လာသလဲ (ကုတော အာဂစ္ဆသိ တွံ) (Where do you come from?) လို့
မေးတာကို သင်ခန်းစာ (၄) ပိုင်ရင် ဖြေတတ်သွားပြီ..။ (မပိုင်ရင် ဆရာနဲ့ မဆိုင်...)
အဟံ မရမ္မရဋ္ဌသ္မာ အာဂစ္ဆာမိ (ငါ မြန်မာနိုင်ငံက လာတာပါ) (I come from Myanmar)..။

မေးတဲ့ လူကတော့ ဆက်မေးဦးမှာပဲ..။
ကတ္ထ တွံ ၀သသိ (မင်း ဘယ်မှာနေသလဲ) (where do you live?)

အဲဒီမေးခွန်းကို ဖြေဖို့အတွက် သိပြီးသားပါဠိစကားလုံးလေးတွေကို နေရာပြဖြစ်အောင် ဖန်တီးကြဦးစို့..။ မြန်မာစကားမှာ ရွာ၊ ကျောင်း၊ မြို့ဆိုတဲ့ စကားလုံးလေးတွေ နောက်က ၌၊ မှာ၊ တွင်၊ ၀ယ် တစ်ခုခု ထည့်လိုက်ရင် ရွာ၌၊ကျောင်း၌ ၊ မြို့၌ ဆိုတာမျိုး နေရာပြပုဒ်လေးတွေ အလွယ်တကူဖြစ်သွားသလို

အနည်းကိန်းအတွက်
သ္မိံ (smim) , မှိ (mhi,)ဧ ( e) သုံးမျိုးထဲက တစ်မျိုးကို ဆက်ပေးပါ..။
ဝိဟာရ+သ္မိံ =၀ိဟာရသ္မိံ(ကျောင်း၌)
ဝိဟာရ+မှိ=၀ိဟာရမှိ (ကျောင်း၌)
ဝိဟာရ+ဧ=၀ိဟာရေ (ကျောင်း၌)

အဟံ ၀ိဟာသ္မိံ ၀သာမိ ( ၀ိဟရာမိ )။
ငါသည် ကျောင်း၌ နေထိုင်၏။

ရေးပေါ့ကွယ် ..
ဘုရင်သည် နန်းတော်၌ စံနေတော်မူ၏။
ဘူပါလော ပါသာဒေ ၀သတိ။
လယ်သမားသည် ရွာ၌ နေထိုင်၏။
ကဿကော ဂါမေ ၀သတိ။ စသည် စသည်....

အများကိန်းအတွက်ဆိုရင်တော့
ဧသု (esu )တစ်ခုတည်း ဆက်ရုံပါပဲ..။

ဝိဟာရ+ဧသု= ၀ိဟာရေသု (ကျောင်းတို့၌)
ဂါမ+ဧသု= ဂါမေသု (ရွာတို့၌)

မယံ ၀ိဟာရေသု ၀ိဟရာမ (ငါတို့သည် ကျောင်းတို့၌ သီတင်းသုံးတော်မူကြ၏)
ငါတို့ ကျောင်းတွေမှာ နေကြတယ်ပေါ့လေ...။ ရလောက်ပါပြီ..လူဝါးဝတာတော့ မကောင်းဘူး စာဝါးဝတာတော့ ကောင်းတယ် တဲ့..။ ရွာက ငယ်ဆရာဘုန်းကြီးပြောဖူးတာ အမှတ်ရတယ်..။
စာဝါးဝကြပါစေ..။
လေ့ကျင့်ခန်းလေးတော့ ပေးလိုက်ပါဦးမယ်..(မလုပ်ချင်မှန်းသိသော်လည်း အဟမ်း ဆရာတို့ ၀တ္တရားရှိသည့်အားလျော်စွာ...;)...


  1. ခြင်္သေ့သည် တောင်ပေါ်ရှိ ကျောက်ဆောင်၌ ရပ်၏။ (ရှိ-ကိုလည်း ၌ ကဲ့သို့ စဉ်းစားပါ..။ အင်္ဂလိပ်ဘာသာစကားမှာ at နဲ့ in လို နေရာနှစ်ခု ပါနေသလိုမျိုး)
  2. သူခိုးတို့သည် ဆရာ၏ အိမ်သို့ ၀င်ကြကုန်၏။
  3. ကလေးတို့သည် လမ်းမှ ပင်လယ်သို့ သူငယ်ချင်းများနှင့် အတူ ပြေးကြကုန်၏။
  4. ဦးကြီး၏ နွားတို့သည် လမ်းပေါ်တွင် လှည့်လည်နေကြ၏။
  5. ငှက်တို့သည် သစ်ပင်ပေါ်တွင် နားနေကြ၏။ (ထိုင်နေကြ၏)
  6. နွားသည် ခြေဖြင့် ဆိတ်ကို ကန်ကျောက်၏(ပုတ်ခတ်၏)
  7. မြေခွေးများသည် တောင်ပေါ်၌ နေကြ၏။
  8. ဘုရင်သည် ဘုရားရှင်ကို ၀န်ကြီးများနှင့် အတူ ရှိခိုး၏။
  9. ဦးလေးသည် သားနှင့်အတူ အိပ်ရာပေါ်တွင် အိပ်၏။
  10. တံငါသည်သည် လယ်သမား၏ အိမ်တွင် ထမင်းကို စား၏။

04 July, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၆)

(Genitive Case) (သာမိကာရက)

ပိုင်ဆိုင်မှုပြပုဒ်တွေကိုတော့ သာမိကာရကလို့ပဲ နားအေးအေးနဲ့ မှတ်ထားကြတာပေါ့॥။ ရှေးဟောင်း ပါဠိသဒ္ဒါကျမ်းတွေမှာတော့ ပညာရပ်ဆိုင်ရာအမည်တွေ အမျိုးမျိုးပေးထားတာ တွေ့ရလိမ့်မယ်॥။ ခေါင်းလေး ဘာလေး ကြည်လင်ပြီး စိတ်လိုလက်ရရှိတဲ့အခါမျိုးမှာ ရှာဖွေဖတ်ရှုကြဖို့ပါပဲ॥ ။

ဒီမှာတော့ ပိုင်ဆိုင်မှုပြပါဠိပုဒ်ဆိုရင်ပဲ လုံလောက်နေပါပြီ॥။ ''ငါ၏၊ သင်၏။ သူ၏။'' စသည် မြန်မာဘာသာပြန်ရတဲ့ စကားလုံးလေးတွေပါ॥။

ဒီကာရကပုဒ်တွေကတော့ ပုံစံအသစ်မဟုတ်ဘူး..။ သင်ခန်းစာ(၅)မှာ သိခဲ့ဖူးတဲ့ သမ္ပဒါန်ပုဒ်တွေအတိုင်းပဲ
အနည်းကိန်းမှာ ဿ(ssa) ၊အများကိန်းမှာ အာနံ (ānaṃ) ဆက်ပေးလိုက်ရုံနဲ့ ပါဠိသမ္ပဒါန်ပုဒ်တွေ ရေးချလိုက်ကြရုံပါပဲ..။
(အာယ (āya) ဆိုတဲ့ အနည်းကိန်းနောက်ဆက်တော့ မပါဘူးဆိုတာ သတိပြုခဲ့ဦး..။)

ကဲ ရေးကြစို့....

အနည်းကိန်း
Buddha+ssa=Buddhassa
ဗုဒ္ဓဿ (ဘုရားရှင်၏)

ācariya+ssa=ācariyassa
အာစရိယဿ(ဆရာ၏)

အများကိန်း
Buddha+ānaṃ=Buddhānaṃ ဗုဒ္ဓါနံ (ဘုရားရှင်တို့၏)
ācariya+ānaṃ=ācariyānaṃ အာစရိယာနံ(ဆရာတို့၏)

ပိုင်ဆိုင်မှုပြကာရကပုဒ်နောက်မှာ ပိုင်ဆိုင်တဲ့ အရာတွေကပ်ပြီးတော့ ရေးရမယ်..။
ဝေးနေရင် ပိုင်လို့ ပိုင်မှန်းမသိဖြစ်တတ်တယ်..။ ;) (နီးနီးလေးပဲ နေပါ ဆိုလား..)
ဒီလိုလေ..
ဗုဒ္ဓဿ ၀ိဟာရော (ဘုရားရှင်၏ ကျောင်း)
အာစရိယဿ ဂါမော (ဆရာ၏ ရွာ)
ကဿကဿ ပုတ္တော (လယ်သမား၏ သား)

ရလောက်ပါပြီကွယ်။
လေ့ကျင့်ခန်းလေးသာ မှန်မှန်လုပ်

  1. ပုဏ္ဏား၏ သားသည် ၀န်ကြီး၏ သားနှင့်အတူ ရေချိုး၏
  2. ဦးလေး၏ သူငယ်ချင်းသည် လယ်သမား၏ သားနှင့်အတူ ထမင်းကို ချက်၏။
  3. တံငါသည်သည် ငါးကို ဘုရင်၏ နန်းတော်သို့ သယ်ဆောင်လာ၏။
  4. ဘုရင်သည် ၀န်ကြီး၏ သားများကို နန်းတော်မှ ခေါ်တော်မူ၏။
  5. ကုန်သည်၏ ရထားသည် တောင်ပေါ်မှ ပြုတ်ကျ၏။
  6. ဘုရင်၏ ၀န်ကြီးများသည် နန်းတော်မှ မြင်းများဖြင့် ထွက်ခွာကြ၏။
  7. ပုဏ္ဏား၏ သမားတော်သည် ရဟန်းများအား အ၀တ်အထည်များကို ပေးလှူ၏။
  8. မုဆိုး၏ ခွေးသည် တောင်မှ ရွာသို့ ပြေးသွား၏။
  9. ကုန်သည်သည် ဆရာဝန်၏ သားအတွက် အိပ်ရာကို ယူဆောင်လာ၏။
  10. သမင်များသည် ရွာမှ တောင်ပေါ်သို့ ပြေးကြ၏။
  11. ဆရာ၏ ကလေးငယ်သည် လယ်သမား၏ သစ်ပင်ပေါ်မှ လိမ့်ကျ၏။
  12. ခွေးသည် တံငါသည်၏ ခြင်းတောင်းထဲမှ ငါးကို စား၏။
  13. ဘုရားရှင်၏ သာဝကများသည် ကျောင်းမှ တောင်သို့ ကြွသွားကြ၏။
  14. မုဆိုးသည် ၀န်ကြီး၏ မိတ်ဆွေများအတွက် ၀က်များကို မြားဖြင့် သတ်၏။
  15. ကလေးငယ်သည် ဆရာ၏ လက်မှ ဆီမီးကို ရရှိ၏။
(မလုပ်ချင်ရင် အော့ပ်ရှင် Option) (လုပ်ချင်စိတ်ဖြစ် အော်လတာနေတစ် Alternative )

03 July, 2011

MRT Seconds....(အမ်အာတီစက္ကန့်များ..)

သီဟပူရတွင် ရက်သတ္တနှစ်ပတ်ခန့် နေထိုင်မိသောအခါ သူသည် အမ်အာတီရထားနှင့် ကလျာဏမိတ္တဖြစ်သွားသည်။ သူသွားလိုရာကို သယ်ဆောင်သွားနိုင်သည့် အမ်အာတီကို ကျေးဇူးတင်ပါသည်॥။ လွန်ခဲ့သော သီဟပူရခရီးစဉ်များတွင် သူသည် အမ်အာတီရထားစီးရန် တွန့်ဆုတ်ခဲ့လေသည်။ ပြူးပြူးပြောင်ပြောင် အရောင်များထဲတွင် ရဟန်းတစ်ပါး၏ ရိုးစင်းသောအသွင်က ခပ်ကြောင်ကြောင် ခပ်ထင်းထင်းကြီး ဖြစ်နေမည်ဟု ထင်မိသော ကြောင့်ဖြစ်သည်॥။

သို့နှင့် ရွာက အမျိုးများကို ပြသနိုင်ရန် ဓါတ်ပုံရိုက်ယူသင့်သည် ဟုထင်ရသော နေရာအချို့ကိုသာ အငှါးယာဉ်ဖြင့် ခြေဦးလှည့်ဖြစ်သည်။ မိတ်ဆွေရဟန်းတစ်ပါးက စင်ကာပူရောက်နေမှတော့ ဘယ်ကြွဦးမလဲ တဲ့..။ လေဆိပ်အ၀င်အထွက် ဓါတ်ပုံတစ်ပုံရိုက်.. ပြီးရောတဲ့..။

တခုတရ ရိုက်ခဲ့သည့် သူ့မှတ်တမ်းဓါတ်ပုံများ မတော်မဆပျောက်ဆုံးသွားသောကြောင့် ရွာမှအမျိုးများကလည်း သူ သီဟပူရကို ရောက်ခဲ့သည်ဟူသော သတင်းစကားကို အတည်ပြုရန် သံသယဖြစ်ကြပြန်လေသည်॥။ တစ်မိပေါက်တစ်ယောက်ထွန်းဗျို့ ဟု ခပ်ထွားထွားစကားဆိုလေ့ရှိသည့် သူ့ဖခင်ကြီးသည်ပင် သူ့ကို ကျေနပ်လှသည်မဟုတ်ပါ..။ ဓါတ်ပုံလေးတော့ ရိုက်ခဲ့ဦးမှပေါ့ ကိုယ်တော် ..း)..။

အမ်အာတီကို အရဲစွန့်စီးကြည့်မိတော့လည်း ဘာမှ အခက်အခဲမရှိပြန်ပါ..။ သူ့ ဣနြေ္ဒကြီးတစ်ခွဲသားကို ပဲကြီးလှော်နှင့် လဲစားမည့်သူ တစ်ဦးတစ်ယောက်မှ မရှိ..။ သီဟပူရတွင် ပတ်ဝန်းကျင်သည် သူ့အတွက် အနှောက်အယှက်မဟုတ်ကြောင်း သူ ကောင်းကောင်းနားလည်သွားသည်။ မေတ္တာသုတ်တော်၏ ဂါထာပါဒများကို သီဟပူရ၏ အမ်အာတီပေါ်တွင် နှလုံးသားတိုးတိုးဖြင့် ဖြိုးဖြိုးလေး ရွတ်မိသည်..။

နပရော ပရံ နိကုဗ္ဗေထ။
နာတိ မညေထ ကတ္ထစိ နကိဉ္စိ॥။
တစ်ဦးကို တစ်ဦးက မလှည့်ဖျားကြပါစေနဲ့။
တစ်ဦးကို တစ်ဦးက အထင်မသေးကြပါစေနဲ့...။

ဓမ္မဂင်္ဂါ
(၄-၇-၂၀၁၁)

စာကြွင်းများ

၁။ သီဟပူရတွင် ပထမဆုံးဓမ္မဂင်္ဂါပါဠိသင်တန်းကို သပ္ပုရိသတစ်စု၏ အကူအညီဖြင့် အောင်မြင်စွာ ဖွင့်လှစ်ဖြစ်ခဲ့..။နေရာနှင့် အချိန်အခက်အခဲကြောင့် သင်တန်းတက်လိုသည့် ဆန္ဒရှိကြသည့်တိုင် တက်ခွင့်မရကြသူများအတွက် သင်တန်းပို့ချချက်များကို ပျော်ပျော်လွယ်လွယ်သင်ယူနိုင်စေရန် ရေးသားခဲ့။

၂။နေရာအခက်အခဲဖြစ်ခြင်းသည်ပင် သူ မကြာခဏစဉ်းစားမိသည့် ဗုဒ္ဓအရှင်၏ ရွေ့လျားပညာရေး (Mobile Education)ကို ပြန်လည်ပုံဖော်မိသလို ဖြစ်နေသည်..။ ထိုအခက်အခဲတွင် သူနှင့် အမ်အာတီပတ်သက်ရခြင်းဖြစ်သည်။

၃။သင်တန်းတွင် ပို့ချသည့် မှတ်စုများကို အွန်လိုင်းပေါ်တွင် ရေးခြစ်မိသောအခါ အဝေးသင်ပညာရေး (Distance Education)ကိုပါ ပုံဖော်ခွင့်ရသွားပြန်သည်။ အင်္ဂလန်၊ အမေရိကန် ၊ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သင်ခန်းစာများကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး သင်ယူနေကြသည့်အတွက် သူကိုယ်တိုင်လည်း အံ့သြ ပီတိဖြစ်ရသည်။ လေ့ကျင့်ခန်း မလုပ်နိုင်သေးသည့်တိုင် သင်ခန်းစာများကို လေ့လာနေပါသည် ဆိုသော ပုဂ္ဂိုလ်များအတွက်လည်း မုဒိတာပွားရပါသေးသည်။

၎။ဓမ္မဂင်္ဂါပါဠိသင်ခန်းစာများကို အဆင့်မြင့် ပိဋကတ်ကျမ်းစာများ အဆင့်ဆင့် လေ့လာနိုင်သည်ထိ ကြိုးစားရေးကြည့်သွားပါမည်။ သင်ခန်းစာလေ့ကျင့်ခန်းများကို မေးလ်ဖြင့်သာ ပေးပို့စေလိုပါကြောာင်း။


02 July, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၅)

Vocabulary
အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)

တာပသ (ရသေ့)
အာစရိယ (ဆရာ)
ဝေဇ္ဇ (ဆေးဆရာဝန်)
သီဟ (ခြင်္သေ့)
လုဒ္ဒက (မုဆိုး)
အဇ (ဆိတ်)
ဝါနရ/မက္ကဋ (မျောက်)
လာဘ (လာဘ်၊ အမြတ်အစွန်း)
မဉ္စ(အိပ်ရာ)
ကုဒ္ဒါလ (တူရွင်း)

ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)
ရောဒတိ (ငို၏)
ဟသတိ (ရယ်၏)
လဘတိ (ရ၏)
ပ၀ိသတိ (၀င်၏)
ဒဒါတိ (ပေး၏)
အာဒဒါတိ (ယူ၏)
ကီဠတိ (ကစား၏)
နှဟာယတိ (ရေချိုး၏)
ākaḍḍhati(ဆွဲ၏)
ပဇဟတိ (ပယ်စွန့်၏)

သမ္ပဒါန် (Dative Case) (သမ္ပဒါနကာရက)

ဗုဒ္ဓဘာသာဝင်တပည့်တွေကတော့ ရဟန်းသံဃာများကို ဆွမ်းပဲ ကပ်ကပ် ..သင်္ကန်းပဲ ကပ်ကပ် မကြာခဏဆိုရတဲ့ ပါဠိစကားလေးရှိတယ်..။
ဣမံ ပိဏ္ဍပါတံ သံဃဿ ဒေမ။
ဣမံ စီဝရံ သံဃဿ ဒေမ ။
ဤဆွမ်းကို သံဃာတော်အား (သံဃာတော်အတွက်) လှူဒါန်းကြပါ၏။
ဤသင်္ကန်းကို သံဃာတော်အား (သံဃာတော်အတွက်) လှူဒါန်းကြပါ၏ ။

ခု အဲဒါ သင်ပေးရမှာ။
''အား၊ အတွက် (အကျိုးငှါ)'' လို့ မြန်မာဘာသာစကားနဲ့ ပြန်ဆိုရေးသားရတဲ့ ဝေါဟာရပုဒ်လေးတွေကို သမ္ပဒါန်လို့ ခေါ်ရတယ်।။


အနည်းကိန်းမှာ ဿ(ssa) သို့မဟုတ် အာယ (āya) အများကိန်းမှာ အာနံ (ānaṃ) ဆက်ပေးလိုက်ရုံနဲ့ ပါဠိသမ္ပဒါန်ပုဒ်တွေ ရေးကြပေရော..။

ဘုန်းကြီးကျောင်းရောက်တိုင်း ဆိုနေရတာမို့လွယ်ပါသကွယ် ။ ပြီးတော့ နမော တဿ .... သမ္မာသမ္ဗုဒ္ဓဿ လည်း ရပြီးသားမဟုတ်လားကွယ်ရို့။

ကဲ ရေးကြစို့....
အနည်းကိန်း

Buddha+ssa=Buddhassa (Buddha+ āya=Buddhāya)
ဗုဒ္ဓဿ/ဗုဒ္ဓါယ (ဘုရားရှင်အား၊ ဘုရားရှင့်အတွက်)
ācariya+ssa=ācariyassa ( ācariya+ āya= ācariyāya)
အာစရိယဿ/အာစရိယာယ(ဆရာအား၊ဆရာ့အတွက်)

အများကိန်း
Buddha+ānaṃ=Buddhānaṃ ဗုဒ္ဓါနံ (ဘုရားရှင်တို့အား၊ ဘုရားရှင်တို့အတွက်)
ācariya+ānaṃ=ācariyānaṃ အာစရိယာနံ(ဆရာတို့အား၊ဆရာတို့အတွက်)

အရိပ်ပြရင် အကောင်ထင်ကြပေတော့॥ လက်တွေ ညောင်းတယ်။ ခါးတွေ အောင့်တယ် စာရိုက်ရတာ။;)လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သဘောပေါက်သွားမယ်။

မြန်မာမှ ပါဠိဘာသာပြန်ဆိုဖို့ လေ့ကျင့်ခန်းလေးတွေ ပေးလိုက်မယ်..

1. ကုန်သည်တို့သည် ၀န်ကြီးများအတွက် မြင်းမျာကို သယ်ဆောင်လာကြ၏။
2. မုဆိုးသည် ကုန်သည်အတွက် ဆိတ်ကို သတ်၏။
3. အမျိုးသားတစ်ယောက်သည် လယ်သမားအတွက် သစ်ပင်များကို လွှဖြင့် ဖြတ်ပေး၏။
4. သမင်တို့သည် ခြင်္သေ့ထံမှ ပြေးကြ၏။
5. ဘုရင်မင်းမြတ်သည် ဥပါသကာတို့နှင့်အတူ ဘုရားရှင်အား ရှိခိုး၏။
6. သူခိုးတို့သည် ရွာများမှ တောင်များပေါ်သို့ ပြေးကြ၏။
7. ခ၀ါသည်သည် ဘုရင်မင်းမြတ်အတွက် အ၀တ်များကို လျှော်ဖွပ်၏။
8. တံငါသည်သည် လယ်သမားအတွက် ငါးများကို ခြင်းတောင်းများဖြင့် သယ်ဆောင်လာ၏။
9. ဆရာသည် ကျောင်းသို ၀င်လာ၏။
10. မြွေသည် မျောက်ကို ကိုက်၏။
11. လူကလေးတို့သည် ပုဏ္ဏားကြီးအတွက် အိပ်ရာကို ဆွဲလာကြ၏။
12. သူခိုးတို့သည် လူများနှင့်အတူ နန်းတော်ထဲသို့ ၀င်လာကြ၏။
13. လယ်သမားတို့သည် တံငါသည်ထံမှ ငါးများကို ရရှိကြ၏။
14. ၀က်တို့သည် ကျွန်းမှ တောင်ကုန်းဆီသို့ သွားကြ၏။
15. ဘုရင်သည် နန်းတော်ကို စွန့်၏။ သားတော်သည် ကျောင်းတော်သို့ ၀င်၏။

သင်ခန်းစာအသစ်တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်တော့ဘူးနော်.. အဟောင်းလေးတွေ ကြေညက်ခဲ့ကြရဲ့လား စမ်းသပ်မှုတွေလည်း ပါဝင်ပေလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ် ရဲရဲသာ မှားကြပေရော..။

''The word 'Mistake' is not found in my dictionary'' (Mr Bean's Johnny English)

''ကျနော့်အဘိဓာန်မှာ အမှားဆိုတဲ့ စကားလုံးမရှိဘူး'' ဟု ဂျော်နီအင်္ဂလိပ်မည်သော စုံထောက်ကျော် မစ္စတာဘိန်းက ဗြိတိသျှထောက်လှမ်းရေးအကြီးအကဲအား ခပ်တည်တည် ပြောချလိုက်ပြီးနောက်တွင်မူ....(သိချင်ရင် ဗီဒီယိုဖန်သားပြင်တွင် ရှုစားကြပေရော။ လေ့ကျင့်ခန်းလေးတော့ ပြီးအောင် လုပ်ဦးလေ .. ချက်ချင်းကြီး..)