29 October, 2011

ငါ့ သင်္ခမ်းကျောင်း (ရှင်သာရိပုတြာရေးတဲ့ ကဗျာ)

(ဒီကဗျာကို ဖတ်ရလေမှ ဧရာဝတီကို ပုထုဇဉ်စစ်စစ်တွေ ချစ်တာ မပြောနဲ့ အရင့်အမာကိုယ်တော်ကြီးတောင် သဘာဝကို ဘယ်လောက်မြတ်နိုးတော်မူတယ်ဆိုတာ သိမြင်ခံစားလိုက်ရတယ်..။ လက်ျာတော်ရံရဟန္တာကိုယ်တော်ကြီးက နုစဉ်အခါ ရသေ့ဘ၀တုန်းက နေခဲ့ဖူးတဲ့ ကျောင်းသင်္ခမ်းလေးကို ဖွဲ့ဆိုထားတဲ့ ကဗျာပါ..။ ကြည်နူးဖို့ကောင်းတဲ့ ကျောင်းသင်္ခမ်းလေး..။ သစ်ပင်တွေ၊ငှက်တွေ၊ ပန်းပင်တွေ သီးပင်စားပင်တွေ၊ ငါးတွေ..။ ပညာဧတဒဂ်ရတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကြီးပီပီ ဒီနေ့ကမ္ဘာတစ်ဝှမ်းလုံး အော်နေတဲ့ ဂေဟဗေဒစနစ်၊အမြဲစိမ်းသစ်တောနဲ့ သဘာဝအရင်းအမြစ်တို့ရဲ့ သဘောကို အားလုံးထင်သာမြင်သာရှိအောင် ရွတ်ဆိုတော်မူလေရဲ့...။ နာယူကြည့်ကြလေကုန်...။)

ငါ့ သင်္ခမ်းကျောင်း(ရှင်သာရိပုတြာရေးတဲ့ ကဗျာ)

ဟိမဝန္တာတောင်အနီး
လမ္ဗကဆိုတဲ့တောင်မှာ
ငါ သင်္ခမ်းကျောင်းလေး
ကောင်းကောင်း ပြုပြင်
သစ်ရွက်မိုးကျောင်းလေး
ကောင်းကောင်း ဖန်ဆင်းခဲ့ပြီ

ငါ့သင်္ခမ်းကျောင်းလေးအနီးမှာ
မတ်စောက်လွန်းတဲ့ ကမ်းပါးရှိသမို့
ဆိပ်ကမ်းကောင်းရှိတဲ့ မြစ်ငယ်လေး
နှလုံးမွေ့လျော် ပျော်ဖို့ ကောင်းရဲ့
(ပုလဲ အသွင်) ဖြူစင်တဲ့ သဲပြင်လည်း ရှိသေး..



ငါ့သင်္ခမ်းကျောင်းလေးအနီးမှာ
ကျောက်စရစ် ကင်း
အလွန်လည်း မနက်ရှိုင်း,
စက်ဆုပ် ဖွယ်ရနံ့လည်းကင်း
ရေချိုရှိတဲ့ မြစ်ငယ်
ငါ့ သင်္ခမ်းကျောင်းလေးကို လှပစေပြီး
စီးဆင်းတယ်..

ဒီမြစ်ငယ်မှာ မိကျောင်း, မကန်း၊
၊ ကြမ်းတမ်းတဲ့ ငါး လိပ်တွေ
ငါ့ သင်္ခမ်းကျောင်းလေးကို လှပစေကြ
ငါ့သင်္ခမ်းကျောင်းအနီးက မြစ်ငယ်မှာ ကျက်စားကြ..



ငါးဖယ်, ငါးတန်, ငါးပတ် ငါးရံ့, ငါးကြင်း, ငါးခူတွေ
ဟိုဟို ဒီဒီ
ခုန်ပျံမြူးကြွ
ငါ့ သင်္ခမ်းကျောင်းလေးကို လှပစေကြ..



မြစ်ရဲ့ ကမ်းနှစ်ဖက်မှာ
အပွင့်အသီးဝေေ၀ သစ်ပင်တွေ
ကမ်းနှစ်ဖက်တို့မှ တွဲရရွဲကျ
ငါ့ သင်္ခမ်းကျောင်းလေးကို လှပစေကြ...



သရက်ပင်, အင်ကြင်းပင်,
ပြည့်စင်ပင်, သခွတ်ပင်, ရေဥနှဲပန်းပင်တွေ
အမြဲမပြတ် ပွင့်ကြ
နတ်ပန်းတမျှ ရနံ့တွေ
ငါ့ သင်္ခမ်းကျောင်းလေးဝန်းကျင်
သင်းပျံ့ကြိုင်လှိုင်နေကြရဲ့

စံကားပင်, ထင်းရှူးပင် ကျည်းပင်
ကံ့ကော်ပင်, ပုန်း ညက်ပင်, ဆပ်သွားပင်တွေ
အမြဲမပြတ် ပွင့်ကြ
နတ်ပန်းတမျှ ရနံ့တွေ
ငါ့ သင်္ခမ်းကျောင်းလေးဝန်းကျင်
သင်းပျံ့ကြိုင်လှိုင်နေကြရဲ့

ငါ့ သင်္ခမ်းကျောင်းလေးမှာ
စစ်ကြီးပင်, သော်ကပင်, ဘဂိနီမာလာပင်တွေ
အမြဲ မပြတ် ပွင့် နေကြ၊
မှန်ကူပင်, မျက်နှာပန်းပင်တွေလည်း
အမြဲမပြတ် ပွင့်ဝေကြ


ဆပ်သွားဖူးပင်, ခတ္တာပင်
ဆူးပန်းပင်, စံပယ်, ကြက်ရုန်းပင်တွေ
နတ်ပန်းတမျှ ရနံ့ သင်းပျံ့ကြိုင်လှိုင်စေကြ
ငါ့သင်္ခမ်းကျောင်းလေး လှပ...

မဟာလှေကားကြီး, မဟာလှေကားကလေးပင်
များပြားလှတဲ့ ပိတောက်ပင်, ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်)တွေ
နတ်ပန်းတမျှ ရနံ့ သင်းပျံ့ကြိုင်လှိုင်စေကြ
ငါ့သင်္ခမ်းကျောင်းလေး လှပ...

ပုန်းညက်ပင်
တောင်ပုန်းညက်ပင် ပင်လယ်ကသစ်ပင်တွေ အမြဲမပြတ် ပွင့်ကြ
နတ်ပန်းတမျှ ရနံ့ သင်းပျံ့ကြိုင်လှိုင်စေကြ
ငါ့သင်္ခမ်းကျောင်းလေး လှပ...

ငုရွှေပင် လက်ထုတ်ပင်
များပြားလှတဲ့ ထိမ်ပင်၊ ချရားပင်တွေ
နတ်ပန်းတမျှ ရနံ့ သင်းပျံ့ကြိုင်လှိုင်စေကြ
ငါ့သင်္ခမ်းကျောင်းလေး လှပ...

ပဲဘတ်ပင်, ပဲနောက်ပင်၊ ငှက်ပျောပင်, ရှောက်ပင်တွေ
ကောင်းစွာ ကြီးပွားကြသမို့
အသီးတွေလည်း ဝေကြရဲ့



ငါ့ သင်္ခမ်းကျောင်းလေးအနီးက
တစ်ဖက်ဆည်ကန်မှာ
ပဒုမ္မာကြာတွေ
အချို့ ပွင့်ကြ
အချို့ အပွင့်လွန်စ ကြာရွက်မျှ ရှိကြရဲ့



တစ်ဖက်ဆည်ကန်မှာ
ပဒုမ္မာကြာအချို့
ဝတ်မှုန်ကိုယ်ဝန်ကို လွယ်ကြ
ကြာစွယ် စွင့်စွင့်
အရွက်ပြွမ်းတဲ့ ကြာပင်ရုံတော လွမ်းမောဖွယ်ပ..

တစ်ဖက်ဆည်ကန်မှာ
လံဗူးချုံ၊ သရက်နံ့လှိုင်တဲ့ပန်းပင်မြိင်တွေ
မြစ်ကိုင်းပန်းပင်၊ ခေါင်ရန်းပန်းပင်တွေ
အမြဲမပြတ် ပွင့်ကြသမို့
နတ်ပန်းတမျှ ရနံ့ သင်းပျံ့ကြိုင်လှိုင်စေကြ
ငါ့သင်္ခမ်းကျောင်းလေး လှပ...

တစ်ဖက်ဆည်ကန်မှာ
ငါးဖယ်, ငါးတန်, ငါးပတ်
ငါးရံ့, ငါးကြင်း, ငါးနုသန်းနဲ့
ငါးခူတွေလည်း ကျက်စားကြရဲ့

တစ်ဖက်ဆည်ကန်မှာ
မိကျောင်းနဲ့ ကြမ်းတမ်းတဲ့ ငါး,
ညံသတ္တဝါနဲ့ ရေစောင့်ဘီလူး
သြဂုဟမြွေနဲ့ စပါးကြီးမြွေ
မွေ့ပျော်နေကြရဲ့


ခို, ငှက်, ဝမ်းဘဲ, စက္ကဝက်ငှက်
တင်ကျီး, ဥသြ, ကျေး, သာလိကာတွေ
တစ်ဖက်ဆည်ကန်ကို
မီခိုအသက်မွေးခဲ့ကြပေါ့

ဘုတ်ငှက်, ပုစွန် (ငှက်)
တောပျော်သင်္ကန်းဖွပ်ငှက်, ဘုံမတီးငှက်, ငှက်ကုလားတွေ
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့

ဟင်္သာ, ကြိုးကြာ, ဥဒေါင်းတို့
ဥသြ, တောကြက်, (ခရု စုတ်) ငှက်, ဇီဝဇိုးငှက်တွေ
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့

ခင်ပုပ်ငှက်, တောင်ပုတီးငှက်, ဝန်လိုငှက် သိမ်းစွန်ငှက်
များပြားလှတဲ့ ငှက်နက်ကြီးတွေ
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့

ချေ, ဝက်, စာမရီသားကောင်, ကြံ့
များပြားလှတဲ့ စိုင်နဲ့ သုကပေါတဆိုတဲ့ သားကောင်တွေ
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့

ခြင်္သေ့, ကျား, သစ်, ဝံပုလွေ, အောင်း
အရပ်သုံးပါးက ယိုစီးကျမုန်ယစ်နေတဲ့ဆင်
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့

ကိန္နရာ, မျောက်
ပြီးတော့
တောအလုပ်သမား, ငါး မုဆိုး တံငါ, သားမုဆိုးတွေ
တစ်ဖက်ဆည်ကန်ကို
မှီခိုအသက်မွေးခဲ့ကြပေါ့



တည်ပင်, လွန်ပင်
သစ်မည်စည်ပင်, သရက်ဖြူပင်တွေ
ငါ့ သင်္ခမ်းကျောင်းက မနီးမဝေးသော အရပ်မှာ
ထာဝရအသီးတွေ ဝေစေကြ...

ကြို့ပင်, ထင်းရှူးပင်, တမာပင်တွေ
အသီးကောင်း သီးကာ
ငါ့ သင်္ခမ်းကျောင်းလေးက မနီးမဝေးအရပ်မှာ
ထာဝရအသီးတွေ ဝေစေကြ...

သဖန်းခါးပင်, သျှိသျှားပင်, သရက်ပင်, သပြေပင်, သစ်ဆိမ့်ပင်
အိမ်ဆီးပင်, ချေးပင် (သစ်စေးပင်), ဥသျှစ်ပင်တွေ
အသီးတွေ ဝေစေကြ

မျောက်ပင်, သင်းတောက်ပင်, ပိန်းပင်,
သတွေးပင်, ကန်စွန်းကြီးပင်
၊ သုတကမည်သော သစ်ပင်တွေ
ငါ့ သင်္ခမ်းကျောင်းလေးမှာ များပြားလှပေါ့..



သင်္ခမ်းကျောင်းလေးအနီးမှာ
ကောင်းစွာ ဖန်ဆင်းအပ်ပြီး
ကြည်လင်အေးမြတေဲ့ရေနဲ့
ရေဆိပ်ကောင်းကောင်းလည်းရှိတဲ့
နှလုံးမွေ့လျော်ဖွယ်ရာ
တစ်ဖက်ဆည်ကန်တွေ ရှိကြရဲ့

ပဒုမ္မာကြာ, ဥပ္ပလကြာ
ပုဏ္ဍရိက်ကြာတွေနဲ့ ကောင်းကောင်းတွဲဖက်
မျောက်လှေကူးတို့နဲ့ ဖုံးလွှမ်းထားတဲ့ ရေကန်တွေလည်း ရှိသမို့
နတ်ပန်းတမျှ ရနံ့တွေ
သင်းပျံ့ကြိုင်လှိုင်နေကြပေါ့.....


ဓမ္မဂင်္ဂါ
(၃၀-၁၀-၂၀၁၁)
(ခုဒ္ဒကနိကာယ်၊ထေရာပဒါန်ပါဠိတော်၊သာရိပုတ္တတ္ထေရအပဒါန်မြန်မာပြန်မှ ကဗျာမှုပြန်ပြုသည်။ တိုက်ရိုက်ဘာသာပြန်မဟုတ်ပါ..။)

28 October, 2011

နေရဉ္ဇရာစစ်တမ်း

မိတ်ဆက်

(၂၀၁၀ ပြည့်နှစ်တုန်းက အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ဒသမနှစ်ပတ်လည်အစည်းအဝေးကြီးမှာ အထွေထွေအတွင်းရေးမှူးအဖြစ် သူ့ကို ရွေးချယ်ခဲ့ကြသလို အသစ်ဖွဲ့စည်းလိုက်တဲ့ ပညာရေးကော်မတီမှာလည်း အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ အဲဒီနှစ်ပတ်လည်အစည်းအဝေးကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ နေရဉ္ဇရာမှတ်တမ်းများဆိုပြီး ဘလော့မှာ အခန်းဆက်ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံပရိယတ္တိပညာရေးနဲ့ သာသနာ့အခြေအနေတွေကို တို့ထိဆွေးနွေးဖြစ်ခဲ့တာလေးတွေ ခု ပြန်လည်ကောက်နှုတ်ဖော်ပြလိုက်ပါတယ်..။)

(၁)

ဆယ်နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီး ဒုတိယနေ့ဟာ မဟာဗောဓီစေတီတော်ကို ဦးခိုက်ပူဇော်ခြင်းနဲ့ အောင်မြင်စွာ ပြုံးဆုံးခဲ့ပါပြီ။

အဖွဲ့ဝင်ရဟန်းတော်တွေ မနက်ဖြန် သို့မဟုတ် တစ်ပတ် အတွင်းခွဲခွာကြရတော့မှာမို့ စကားလက်ဆုံပြောမကုန်အောင် နွေးထွေးနေကြတော့တာပါ။ အနာဂတ် ရွှေပြည်ကြီးရဲ့သာသနာ့ အခင်းအကျင်းမှာ ဒီလိုပဲ ဂိုဏ်းဂဏမကွဲ ဆက်လက်ညီညွတ်ကြဖို့သာ ဆုတောင်းမိတော့တယ်။

ပဋိပတ်အမည်ခံ ဂိုဏ်းဆရာတွေနဲ့ ဓမ္မကထိကလက်သစ်တွေရဲ့ လက်ဖြစ်တရားတွေအတွက် အယူလည်းလွဲလူလည်းမွဲ ဖြစ်နေရရှာတဲ့ ရွှေပြည်ကြီးရဲ့ ယွင်းပျက်နေတဲ့ အကွင်းအကွက်တွေမှာ ပြန်လည်နေရာယူဦးဆောင်မှုတွေ အတူလက်တွဲဆောင်ရွက်ကြရဦးမှာပါ။ “ကမ္ဘာ့သာသနာပြုဖို့ထက် မြန်မာ့သာသနာမပျက်ဖို့ပဲလုပ်စမ်းပါဦးကွာ” ဆိုတဲ့ ရွာဦးကျောင်းဘုန်းတော်ကြီးရဲ့သြ၀ါဒစကား နားထဲမှာထင်းထင်းကြီးကြားခဲ့မိပေါ့။

(၂)

အဲဒီနေ့ညနေ ၇း၀၀ မှာတော့ ပညာရေးကော်မတီအစည်းအဝေးကို အဖွဲ့ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ ဗဟိုဥက္ကဋ္ဌအရှင်ပညာသာမိကဒီလိုအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်

“အဖွဲကြီးဖြစ်တည်လျှောက်လှမ်းလာခဲ့တာ ဆယ်စုနှစ်သို့ တိုင်ခဲ့ပြီဖြစ်သလို အဖွဲ့ကြီးအတွက် လိုအပ်တဲ့အခြေခံအဆောက်အဦများလည်း ပြည့်စုံသလောက် ဖြစ်နေတဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များမျှော်လင့်တောင့်တနေတဲ့ ပညာရေးကဏ္ဍကို ဖော်ဆောင်ကြဖို့နဲ့ အဖွဲ့ကိုယ်စားပြုရဟန်းတော်များ နိုင်ငံတကာစင်မြင့်ပေါ်သို့ တက်ရောက်နိုင်ရေးအားပေးကြရမှာဖြစ်ပါတယ်၊

အနာဂတ်ကာလမှာ အဖွဲ့ကြီးရဲ့ ပညာဂုဏ်ရောင်ကို ထွန်းလင်းပြောင်စေမယ့်အရည် အသွေးပြည့်အဖွဲ့ဝင်ရဟန်းတော်များပေါ်ထွက်လာတာနဲ့အမျှ ပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြု လုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်၊ယခင်က ပညာရေးကော်မတီများဖွဲ့ စည်းခဲ့ဖူးပေမယ့် ယာယီမျှသာ ဖြစ်ခဲ့တဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များရဲ့ ပညာရေးရည်မှန်းချက်တွေကို ရေရှည်မဖော်ဆောင်နိုင်ခဲ့ပါဘူး။

ယခုအခါ ပညာရေးကော်မတီကို အသစ်ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်မြှင့်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ရဟန်းတော်များအနေနဲ့ ဘာသန္တရစာပေများအပါအ၀င် သာသနာပြုရဟန်းတော်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးများပြည့်စုံစေရေးအတွက် အရှင်ဘုရားများရဲ့ အတွေ့အကြုံဗဟုသုတနဲ့ အကြံဉာဏ်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးတော်မူကြပါဘုရား”

(၃

ဟုတ်တော့လည်း ဟုတ်ပါပေတယ်။ ပညာရေးလိုအပ်ချက်ဖြည့်ဆည်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာက ရွှေပြည်ကြီးရဲ့သာသနာမှာ အမှန်တကယ်လိုအပ်တယ်ဆိုတာ တော်တော်များများက သိနေကြပေမယ့် ဘယ်က စပြောင်းရမှန်းမသိဖြစ်နေသလို မျိုးဆက်ကွာဟချက်ကိုလည်း စေ့စပ်မရဖြစ်နေရတာပါ။

ပရိယတ္တိသမားတွေ သွေးအေးပြီး နှေးကွေးနေကြတာနဲ့ ၀ါဒအသစ်သမားတွေ လက်ဦးမှုရယူကုန်ကြတာပါ။ သင်ယူသင့်တဲ့ သင်ရိုးညွှန်တမ်းတွေ မရေးဆွဲနိုင်ရတာနဲ့ ရှင်ငယ်ရဟန်းငယ်လေးတွေ အအလေးတွေ တစ်နေ့တစ်ခြားဖြစ်လာရတာ ကြေကွဲစရာ ကောင်းပါတယ်။ လောကီလည်းမမှီ လောကုတ်လည်း မပေါက် ဟိုမရောက် ဒီမရောက်နဲ့ နောက်ကောက် ကျရတော့တာပါ။

“ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကလည်း ဘုရားခမည်းတော်မယ်တော်တောင် မသိဘူး” လို့ ရင်းနှီးတဲ့ ဒကာကြီးတစ်ယောက်က လျှောက်ဖူးတာကို စိတ်မသက်မသာ နားထောင်ခဲ့ရဖူးပါတယ်။ ပြောရင်ယုံမယ်မထင်ဘူး၊ ကိုရင်လေးတွေရဲ့ သင်ခန်းစာမှာ ဗုဒ္ဓ၀င်မပါရှာဘူး။ သူတို့ငယ်ငယ်တုန်းကတော့ မြန်မာစာပြဌာန်းလို့ လယ်တီဆရာတော်ကြီးရဲ့ ခုနှစ်နေ့ ဘုရားရှိခိုးသင်ခဲ့ရလို့ ဗုဒ္ဓ၀င်နဲ့ ရင်းနှီးခဲ့ရသေးရဲ့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါလို့ လက်လှမ်းမီရာ ဆွဲဖတ်ပြီး ကိုယ်ပိုင်သင်ရိုးညွှန်တမ်းဆွဲခဲ့ရပါတယ်။

အမြင်မကျယ်ပြောတဲ့ဆရာနဲ့တွေ့လို့တော့ နာပြီ။ ပါဠိစာလုံးမပါတဲ့စာမဖတ်ရ ဆိုသဟာမျိုးပ။

တကယ်ပါဠိသင်တော့လည်း ပါဠိမသင်ဘဲ သဒ္ဒါပဲ သင်ကြလေတော့ သဒတ်လည်း မတာ စပ်လည်း မတာ။ သဒ္ဒါမတတ် စာမတတ်ဖြစ်ရရှာတော့တာ။ ရှေးဆရာတော်ကြီးတွေ ဒီလိုပဲ တတ်ခဲ့တာပဲလို့ ရမ်းအုပ်ကြသေး။ အဝေးကြီးမဟုတ်ဘူး၊ အရှင်ဇနကာဘိဝံသရဲ့ တစ်ဘ၀သာသနာကိုပဲ ကြည့်၊ နှပ်တရှုံ့ရှုံ့ပထမပြန်ဝင်ဖြေမယ့်ကိုရင်လေးက ပါဠိတော်စာအုပ်ကြီးကိုကိုင်လို့၊ မြန်မာစာကိုလည်း မြောင်းမြဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်သင်ပေးလို့။ ရှေးဆရာတော်တွေနည်းက ရေးကူးနည်းလေး နည်းနည်းပြောပြပြီး ရေကန်ထဲ ကန်ချတဲ့နည်းကိုး။ ကူးပေရော။ ကူးရင်းနဲ့မှ နည်းတွေချဲ့ထွင်ပြောပြသွားတာမျိုးကလား။

နိုင်ငံခြားဘာသာစကားနဲ့ လောကီစာပေသင်တော့လည်း လူထွက်မှာ စိုးပြန်သတဲ့ လုပ်ပြန်ရော။ မပျော်လို့ထွက်တာ သာသနာအတွက် အေးတာပဲလေ။ သဒ္ဓါရဟန်းတွေချည်းကျန်တော့ သာသနာပိုသန့်သွားတာပ။ ထွက်ချင်တဲလူတွေကတော့ ထွက်မှာပဲ။ ဘိုးတော်ဘုရားလက်ထက်ကဆိုရင် သာသနာပိုင်တောင် လူထွက်သေးတာကလား၊

(၄)

တကယ်က လူထွက်ထွက် မထွက်ထွက် သာသနာအတွက်ရော နိုင်ငံအတွက်ပါ အသုံးဝင်မယ့်ပညာရပ်တွေ သာသနာဝန်ထမ်းတွေသင်ယူထိုက်ကြောင်း အရှင်အာဒိစ္စ၀ံသတို့ကအစ အရှင်ဇနကာဘိဝံသတို့အလယ် ယနေ့ခေတ်မျိုးဆက်ရဟန်းတွေအဆုံး အကုန်လုံးနားလည်နေကြပြီ။

တကယ်ပါ ခေတ်ပညာကို သူတကာတွေ ကန့်ကွက်တဲ့ကြားထဲက ရွံရွံ့ချွန်ချွန် သင်ယူခဲ့ပြီး လူ့ဘ၀ကို ကူးပြောင်းသွားတဲ့ ဆရာကြီးဦးအောင်မြတ်ထွဋ်ကို ဆုံးရှုံးခဲ့ကြပါသလား။ ပါဠိဆရာကြီး ဒေါက်တာလင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးပါရဂူ။ ဓမ္မာစရိယဦးဌေးလှိုင်၊ ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်စာဦးသောင်းလွင်စတဲ့ လူပြန်တော်ပညာရှင်များစွာကို သာသနာတော်ကရော နိုင်ငံကပါ ဆုံးရှုံးခဲ့ကြပါသလား။

ကမ္ဘာ့ပါဠိပညာရှင်များအလယ်မှာ လယ်တီဒီပနီတွေနဲ့ အတူတွဲဘက်လူသိများတဲ့ မစိုးရိမ်ပထမကျော်အရှင်ဉာဏဟာ ရဟန်းဘ၀နဲ့ သာသနာမှာ ခေါင်းချခဲ့ပါတယ်။ ဘာသာခြားစကားသင်ရကောင်းလားဆိုပြီး ဆွမ်းမလောင်းလှူရလို့ အရင်းအခြာရဟန်းဒကာကတောင်သပိတ်မှောက်ခဲ့ပေမယ့် နောက်မဆုတ်ဘဲ ယုံကြည်ရာလမ်းကို လျှောက်ခဲ့တဲ့ အရှင်သေဋ္ဌိလကို နောင်တစ်ချိန်မှာတော့ ကန့်ကွက်ခဲ့တဲ့သူတွေကိုယ်တိုင်ကပဲ ကမ္ဘာ့သာသနာပြုကြီးရယ်လို့ သဲသဲလှုပ်ကြပြန်ပါရော။

ထေရ၀ါဒနိုင်ငံတစ်ခုက မိတ်ဆွေရဟန်းတော်တစ်ပါးက ” မင်းတို့နိုင်ငံက ဓမ္မာစရိယရဟန်းတော်တစ်ပါး တကယ်လို့ သာသနာ့ဘောင်မှာ မပျော်မွေ့လို့ လူ့ဘောင်ကို ကူးပြောင်းမယ်ဆိုရင် နိုင်ငံဝန်ထမ်းဖြစ်စေ အခြားကုမ္ပဏီစီးပွားရေးလုပ်ငန်းမှာဖြစ်စေ အလုပ်လုပ်ခွင့်ရပါသလား” တဲ့။ လောကီဘွဲ့တစ်ဘွဲ့ကိုသာ တွဲဖက်ပြီးရအောင်လုပ်မထားရင် ဓမ္မာစရိယဆိုတာ ရေးတတ်ဖတ်တတ်ထက် မပိုဘူးလို့ ပြောပြလိုက်တဲ့အခါမှာ မိတ်ဆွေရဟန်းတော်က အံသြ၀မ်းနည်းဖြစ်ဟန်ပါ။ “ မင်းတို့နိုင်ငံအတွက် အသိပညာရှင်တစ်ယောက်ဆုံးရှုံးသွားတာပါလား”တဲ့။ သြော်သူတို့ကား မြင်တတ်ပါပေစွ။

ဘာပဲ ဖြစ်ဖြစ် သူကတော့ ထင်ပါတယ်။ “ဒို့ခေတ်ကို ရောက်ရမည်မလွဲပါ” ဂါထာကို ရွတ်လက်စ မပျက်ဆက်ရွတ်ရင်း ပညာရေးကော်မတီအစည်းအဝေးထဲပြန်ရောက်သွားပါတယ်။

(၅)

ပညာရေးကော်မတီရဲ့ အစည်းအဝေးကို တက်ကြွ အသက်ဝင်နေအောင် ကော်မတီဝင်ရဟန်းတော်တစ်ပါးဖြစ်သူ ဗာရာဏသီဟိန္ဒူ တက္ကသိုလ် ကိုယ်စားပြု အရှင်နန္ဒသာရ (သာသနဓဇဓမ္မာစရိယ B.Sc (Physics)Dip( Buddha-Dhamma) M.A ) ကချိတ်ဆက်ပေးပါတယ်။ ကော်မတီဝင်ရဟန်းတော် များရဲ့ဘွဲ့များကို မိတ်ဆက်ကာ တစ်ပါးချင်းစီရဲ့ အမြင်တွေကို မေးမြန်းခဲ့တာပါ။ သူကတော့တင်ပြလာတဲ့အတွေးအမြင်တွေပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့ဥက္ကဋ္ဌနဲ့အတူ ထပ်ဖြည့်ဆွေးနွေးတာမျိုးပဲ ၀င်လုပ်ဖြစ်ပါတယ်။

ဆွေးနွေးချက်များကို နားစွင့်လိုက်ပါတယ်။ နာဂဇုနတက္ကသိုလ်ကိုယ်စားပြု အရှင်သီဟဉာဏာလင်္ကာရာဘိဝံသ (သကျသီဟသာမဏေကျော်၊စေတီယင်္ဂဏဂဏ၀ါစကဓမ္မာစရိယ၊သာသနဓဇဓမ္မာစရိယ၊M.A (Delhi), PhD (Thesis)က“ပညာရေးကိစ္စရပ်များဖော်ဆောင်သင်တန်းများဖွင့်တဲ့အခါ ပညာသင်ယူကြမယ့် အဖွဲ့ဝင်ရဟန်းတော်များ ပညာသင်ကြားရန်သင်လျော်တဲ့ နေရာများသတ်သတ်မှတ်မှတ်ရှိဖို့လိုကြောင်း။ မိမိတို့အဖွဲ့ဝင်အချင်းချင်း ပညာရေးပံပိုးမှုပေးကြရုံသာမက နိုင်ငံခြားသားဆရာများကိုလည်း ဖိတ်ကြားကာ သင်ကြားစေမယ်ဆိုရင်ဘာသာစကားအရည်အသွေးပိုမိုတိုးတက်ပြည့်စုံဖွယ်ရှိသလို တကယ်လို့ အဲဒီုအစီအစဉ်ကိုသာ လက်ခံအတည်ပြုခဲ့ပါက သူကိုယ်တိုင် ကူညီစီစဉ်ကာ ဖိတ်ကြားပေးနိုင်ပါကြောင်း၊” ဆွေးနွေးသွားတာ စိတ်ဝင်စားစရာပါ။

ပူနေးတက္ကသိုလ်ကိုယ်စားပြု အရှင်ရေ၀တ (သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) ,M.A (Pali) M.A (Buddhism), PhD (Thesis) ကတော့ ပူနေးတက္ကသိုလ်အနေနဲ့ ပညာသင်ကြားပေးဖို့နေရာအခက်အခဲရှိတဲ့အတွက် အဖွဲ့ကြီးကစီစဉ်ပေးတဲ့အဓိကဌာနကြီးသုံးခု (ဗာရာဏသီ၊နာလန္ဒာ၊မဂဓ)မှာ ကျောင်းပိတ်ရက်များနဲညှိပြီး အင်္ဂလိပ်ဘာသာရပ်ကို လာရောက်သင်ကြားပေးနိုင်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။

(၆)

ဟုတ်ပေတာပဲ။ အားလုံးက ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်တွေဆိုပေမယ့် နိုင်ငံခြားဘာသာစကားအခြေခံချင်းမတူကြပါဘူး။ ငယ်စဉ်ကတည်းက အဆင့်ဆင့်သင်ယူခဲ့ရသူကနည်းပါတယ်။ ဖုတ်ပူမီးတိုက်အင်္ဂလိပ်စာ(Intensive English)သမားတွေက အများစုပါ။ ဓမ္မာစရိယအောင်မှ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့တွေရဲ့ ဆွဲအားနဲ့ နိုင်ငံခြားသာသနာပြုဆိုတဲ့အိပ်မက်၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်သာသနာဘက်စုံပြန်လည်ဆန်းသစ်ပြုပြင်ရေးအတွေးအခေါ်သစ်တွေက အင်္ဂလိပ်စာသင်တန်းခန်းမတွေဆီကို တွန်းပို့လိုက်တာပါ။ ဓမ္မာစရိယတန်းအောင်ဖို့ဆိုတာကလည်း ကံမကောင်းအကြောင်းမလှရင် နောက်ဘုရားပွင့်တဲ့အထိဆက်ဖြေပေတော့ ဆိုတာမျိုးထိကြာတတ်ပါတယ်။

ဒီလိုနဲ့ ကိုယ်တော်လေးတွေ မြို့ပြမှာ သောင်တင်နေတော့တာပါ။ ဓမ္မာစရိယဘွဲ့မရဘဲ ရွာကိုလည်း မပြန်လိုကြပေပဲကိုး။ မျှော်တနေတဲ့အချိန်မှာ မောင်ဖုန်းလေးတွေက ရောက်မလာတော့ ရွာဦးကျောင်းသာသနာကို အရည်အသွေးမဲ့တဲ့ တောထွက်ဦးဇင်းကြီးတွေက နေရာယူလိုက်ကြပါပြီ။ တယ်မိတဲ့ဘုရားမှာ လင်းတနားမှတော့ ရွာလည်းနာတော့တာပါ။ တစ်ချို့နေရာမှာတော့ အရည်အသွေးမရှိပေမယ့် သာသနာချစ်စိတ်လေးရှိတဲ့ ရှားရှားပါးပါးဦးဇင်းကြီးတွေလည်း တွေ့ရတတ်ပါရဲ့ ။ကျောင်းကန်ဘုရားလေးတွေ မပျက်စီးအောင် စောင့်ရှောက်ဖော်တော့ ရပေသေးသပလေ။

ငါ့ရှင်တို့ရေ ဓမ္မာစရိယမအောင်လည်း ရွာမှာ သာသနာပြုဖို့တော့ အရည်အသွေးမီပါတယ်။ ပျံသာ ပျံပါ ရွှေဟင်္သာ လို့သာ ပြောလိုက်ချင်မိရဲ့။ သူလည်း ရွှေပြည်ကြီးရဲ့ သာသနာ့အခြေခံဒေသဖြစ်တဲ့ကျေးလက်ကို အာရုံစောနေမိပါရဲ့။ အော် ဓမ္မာစရိယကလည်း နတ်ကြီးသလိုလို ခက်သလိုလိုနဲ့ (မခက်ခက်အောင်မေးပေသကိုး) သာသနာ့အင်အားစုလေးတွေ လွင့်ပါးစေပါသကော။ အလုပ်လုပ်ရမယ့်အချိန်တွေကို ဖဲ့နှုတ်ခဲ့ပါသကော။

ရွှေပြည်ကြီးက နာမည်ရဓမ္မကထိကစာရေးဆရာကိုယ်တော်လေးတစ်ပါးကတော့ သူထုတ်ဝေတဲ့ ဘုတ်အုပ်လေးတွေရဲ့ တစ်နေရာရာမှာ သူ့ကိုယ်ရေးအကျဉ်းကို ဖော်ပြတဲ့အခါ “ဓမ္မာစရိယတန်းကို ဆယ်နှစ်ကြာအောင်ဖြေဆိုခဲ့ရသည်” ဆိုသဟာလေးကို တခုတ်တရထည့်ရေးလေ့ရှိတာအမှတ်ရပါရဲ့။ ချစ်လို့ပြောတာတော့ ဟုတ်ဟန်မတူ။

ဆိုကြပါစို့ များသောအားဖြင့် ဓမ္မာစရိယဘွဲ့ရရဟန်းတော်တစ်ပါးရဲ့ ပျမ်းမျှသက်တော်ဟာ သုံးဆယ်ဝန်းကျင်တွေများပါတယ်။သုံးဆယ်အရွယ်မှ ရေးရချွတ်ရ၊ ကျက်ရမှတ်ရတဲ့ အင်္ဂလိပ်စာဟာ မချောမွေ့နိုင်တာ သေချာလှပါတယ်။ဒါပေမယ့် ဓမ္မာစရိယရဟန်းတော်များအနေနဲ့ စာသွားစာလာနားလည်သူများပီပီ အချိန်တိုအတွင်းမှာအဓိပ္ပါယ်ပေါက်အောင်တော့ ဖတ်နိုင်ခဲ့ကြပါတယ်။ အရည်အသွေးလေးခုထဲမှာ ဖတ်တတ်ရုံနဲ့ မပြီးသေးတာ လူတိုင်းအသိ၊ အကြားစွမ်းရည်၊ အပြောစွမ်းရည်၊ အရေးစွမ်းရည်တွေလည်းလိုပေဦးမပေါ့၊

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်က နိုင်ငံခြားတက္ကသိုလ်ကိုတော့ ရောက်လာခဲ့ကြပြီ။ တက္ကသိုလ်သင်ခန်းစာဆိုတာက မှတ်စုကောင်းကောင်းလေးရှိတာကို အာပူတိုက်လိုက်ရင် အောင်မှာတော့ အသေအချာ။နိုင်ငံခြားလာရခြင်းရဲ့ ပထမရည်ရွယ်ချက်ဖြစ်တဲ့ မဟာဝိဇ္ဇာကို့ မလွတ်တမ်းရမှာပါပဲ။ အာပူုတိုက်တာလွဲသွားလို့ တစ်နှစ်ကျရင်တောင် နောက်တစ်နှစ်ကတော့ အတည့်ဖြစ်ဖို့များပါတယ်။

ပါရဂူဘွဲ့ကတော့ အားစိုက်ရပါတယ်။ ဒါပေမယ့် ကျမ်းကြီးကြပ်သူတွေနဲ့ ပါမောက္ခတွေရဲ့ လမ်းညွှန်မှုနဲ့ ဖတ်သင့်တာတွေ ဖတ်၊ စုတုပြုနိုင်ရင်တော့ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်လာမှာပါ။

ဒုတိယ၊တတိယရည်ရွယ်ချက်တွေဖြစ်တဲ့နိုင်ငံခြားသာသနာပြုဖို့နဲ့ ပြည်တွင်းသာသနာမြှင့်တင်ရေးတွေ အတွက်တော့ ပိုပြီးအားစိုက်ရမှာ အသေအချာပါပဲ။ အဲဒီအချိန်မှာ သက်တော်ကလည်း ဒုတိယအရွယ်ထဲ ထဲထဲဝင်ဝင်ရောက်နေခဲ့ပါပြီ။

(၇)

အင်္ဂလိပ်စကားပဲဖြစ်ဖြစ် အခြားနိုင်ငံခြားဘာသာစကားပဲဖြစ်ဖြစ် နိုင်ငံခြားသာသနာပြုခေါင်းစဉ်အောက်ကို ၀င်တော့မယ့်ရဟန်းတစ်ပါးဟာ မဖြစ်မနေ တတ်မြောက်ကြရတော့မှာပါ။ ရွာဘက်က အမျိုးဘုန်းကြီးတစ်ပါးကတော့ အိမ်နီးချင်းနိုင်ငံက အမျိုးတွေဆီ လိုက်လည်ပြီး အပြန်မှာ နိုင်ငံခြားသာသနာပြုစကားလုံးကြီးကို သူ့အတ္ထုပ္ပတ္တိတော်ကြီးထဲမှာ ဖော်ကျူးထားတာကို မော်ဖူးခဲ့ဖူးပါရဲ့။ အော် စွမ်းနိုင်သူကြီးပေပ။ သူကိုယ်တိုင်ရောက်လို့ ပရိတ်ကြီးနှစ်သုတ်လောက်ရွတ်ရုံနဲ့ အဆင်ပြေတာတွေ့ရလေမှ အော် ဒီလိုလည်း ဖြစ်သကိုးလို့ အလင်းပွင့်ရပါလေရော။

အော် အမျိုးတွေက သာသနာသက်ဝင်ပြီးသူတွေပဲ။ အချိုပေါ်သကာလောင်းဖွယ်မှ မလိုပေပဲကိုး။ ပရိယတ္တိသင်ရိုးညွှန်တမ်းထဲမှာ သင့်တော်ရာဘာသာရပ်တွေ မထည့်သွင်းခဲ့ရာက ကမောက်ကမပညာရေးနယ်ပယ်ကြီးထဲ သူကိုယ်တိုင်လည်း ၀ဲလည်ခဲ့ဖူးပါရဲ့။ နိမ့်သွားလိုက်မြင့်သွားလိုက်ပါ။ ရှင်းပြရတာကိုက ခက်ပါတယ်။ သူတို့ခေတ်မှာ သင်ရိုးညွှန်တမ်းက နည်းနည်းလေးအရောင်တက်လာပါသေးတယ်။ စနစ်သစ်ပရိယတ္တိပညာရေးဆိုတဲ့ အသံကြီးကျယ်ကျယ်လောင်လောင်ကြားလိုက်ရတာပါ။

နိုင်ငံတကာမှာ သင်နေတဲ့ပါဠိသင်နည်းစနစ်တွေကို က၀ိလက္ခဏာဘာသာဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ပိဋကတ်စာပေထဲက ကောင်းနိုးရာရာ သုတ်ဒေသနာတွေကိုလည်း စာသင်ပျိုနု သားရွှေဥလေးတွေရဲ့ ရင်ထဲရောက်အောင်ပို့ပေးခဲ့ပါသေးတယ်။မြန်မာစာပြဌာန်းချက်ကတော့ ကျေးဇူးအလွန်များခဲ့တာပါ။

ဒီနေ့ခေတ်စာနယ်ဇင်းမျက်နှာစာပေါ်မှာ ဓမ္မစာရေးဆရာရဟန်းတော်လေးတွေ တလက်လက်လင်းနေတာ စနစ်သစ်ပညာရေးမြန်မာစာရဲ့ အသီးအပွင့်လို့ ပြောရင်လွန်မယ်မထင်ဘူးပ။ ပြည်တွင်းသာသနာကို ဦးဆောင်မယ်ဆိုရင်တော့ မြန်မာစာမဖြစ်မနေတတ်ကို တတ်ကြရမှာပါ။ ဖတ်ကို ဖတ်ကြရမှာပါ။ ဒါပေမယ့် စနစ်သစ်ပညာရေးဆိုတာ အိပ်မက်ယောင်ခြင်းမျှသာပါ။ ဆယ်စုနှစ်တစ်ခုတောင်မခံပဲ တခေါခေါ အိပ်မောကျသွားရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စနစ်သစ်ပညာရေးက မွေးပေးလိုက်တဲ့ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုကတော့ အဖတ်တင်ကျန်ခဲ့ပါသေးတယ်။

သူတို့တက်တဲ့နှစ်တွေတုန်းကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ၀ိနည်း၊ သဒ္ဒါ၊ အဘိဓမ္မာ၊ ပါဠိ၊ မြန်မာစာနဲ့ အထွေထွေဗဟုသုတဘာသာရပ်တွေ ဖြေခဲ့ရတာမှတ်မိနေပါသေးတယ်။ တက္ကသိုလ်ရောက်မှ အေဘီစီဒီတွေ သရဇ္ဈာယ်ရတာပါ။ ဒါပေမယ့် ခုဒီနှစ်ပိုင်းတွေမှာတော့ အဲဒီဘာသာရပ်တွေအပြင် ၀င်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်ဘာသာပါ ဖြေဆိုနေရပြီ ကြားပါတယ်။

အလယ်တန်းအင်္ဂလိပ်စာအဆင့်ရှိရမှာဆိုလားတက္ကသိုလ်ဝင်တန်းအဆင့်ရှိရမှာဆိုလားပဲ။ ကြိုဆိုရမှာလိုလို ဘာလိုလိုပေမယ့် ၀င်ခွင့်ဖြေမယ့်မောင်ရှင်လေးတွေကို ဘယ်သူက သင်ပေးလို့ ဘယ်မှာသင်ခွင့်ရလို့ဒီအလယ်တန်းအဆင့် တက္ကသိုလ်ဝင်တန်းအဆင့်ရောက်နေရသတုန်း။ ခက်ခက်ရချေသေးရဲ့။

ပြီးတော့ ပြဿနာက အင်္ဂလိပ်စာသင်ရမယ် ကွန်ပြူတာနဲ့ အင်တာနက်ကို နားလည်ရမယ် ဆိုတဲ့ ရောဂါက ရှင်ငယ်ရဟန်းငယ်လေးတွေရဲ့ ရာစုသစ်ဦးနှောက်ထဲမှာ ထုတ်ပယ်မရအောင်စွဲနေပါပြီ။ သူတို့မဖြစ်ဖြစ်အောင် သင်တော့မှာပါ။ ဒီတစ်ခေါက် သူရွှေပြည်ကြီးကို ပြန်တော့ ဟိုနားတစ်စ ဒီနားတစ်စ တပည့်မောင်ကိုရင် မောင်ပဉ္ဇင်းလေးတွေကို ပြန်တွေ့ရပါတယ်။

စာသင်တိုက်ထဲမှာ ရှိနေရမယ့်အရွယ်မှာ သူတို့ မြို့ထဲက သင်တန်းခန်းမတွေဆီ စုပြုံတိုးနေကြတာပါ။ ပရိယတ္တိကို ပြတ်ပြတ်သားကျောခိုင်းလိုက်တဲ့အထိ နားလည်မှုလွဲနေကြရှာပါပြီ။ သူတို့ဘာအတွက် ဘာတွေကို သင်ကြမှာပါလိမ့်။ ဘာလုပ်နေကြတာတုန်းလို့ မေးကြည့်တော့ ကွန်ပြူတာသင်တန်းတက်သူတက်။ အင်္ဂလိပ်စကားပြောသင်တန်းတက်သူတက်ပါ။ ဘာလုပ်ဖို့လဲလို့ ထပ်မေးကြည့်တော့ နိုင်ငံခြားသာသနာပြုဖို့ဆိုပဲ၊ တစ်ခုခုထက်မက နှစ်ခုသုံးခု လွဲလေပြီ။

အင်္ဂလိပ်စကားပြောတတ်ပါပြီတဲ့။ ကွန်ပြူတာအင်တာနက်ကြီးကို အသုံးချတတ်ပါပြီတဲ့။ အဘယ်တရားကို ဟောပြီး အဘယ်ဓမ္မကို ဖြန့်ကြကုန်မည်နည်း ငါ့ရှင်လေးတို့။ ဘယ်လိုတရားဓမ္မအသိဉာဏ်ကိုယ်ခံအားတွေနဲ့ သာသနာဝန်ကြီးကို ထမ်းကြမှာတုန်း။ အော် ဘုရား ဘုရား ။

တစ်ခုခုတော့ တစ်ခုခုလုပ်ရတော့မှာပါ။ ကျောင်းထဲမှာသင်မပေးရင်တော့ အပြင်ထွက်သင်မှာပါပဲ။ ရှင်ရဟန်းဆိုပေမယ့် အိုင်တီခေတ်ကြီးထဲက သင်္ကန်းဝတ်ထားတဲ့ လူငယ်လေးတွေဆိုတာ မေ့ထားလို့မရပါဘူး။ ပေလေးပင်ရှင်လေးပါးတို့ခေတ်တုန်းကလည်း တောင်တွင်းကြီးက ကိုယ်တော်လေးတွေ အင်းဝကို ခေတ်ပညာသင်ဖို့ဆိုပြီး ထွက်ခွာသွားခဲ့ကြဖူးလေရဲ့။

(၈)

သူအနေနဲ့ ပညာရေးဝင်ပေါက်မှန်သမျှ တိုးဝင်ချင်တဲ့ညဉ်လေးရှိပြန်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြေခဲ့ဖူးအောင်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာက အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ပြောစရာက သူတို့လို ဓမ္မာစရိယအဆင့်ရှိတဲ့ရဟန်းတွေနဲ့ ခုမှ မေတ္တာပွားနည်းတို့ ပရမတ္ထတရားလေးပါးတို့ စသင်မယ့် သင်တန်းသားတွေကြား သင်ရိုးညွှန်းတမ်းမညီမျှမှုပါ။

ဒီပလိုမာက ပြန်စရပြန်ပါတယ်။ ငယ်ငယ်တုန်းက ကျက်ခဲ့တဲ့စာတွေပဲ ထပ်တလဲလဲ ရွတ်အံရပြန်တာပါ။ စာမေးပွဲခန်းထဲက ထွက်လိုက်တာနဲ့ “ ဖြေနိုင်လား”မေးရင် မျက်နှာပူပါတယ်။မူလတန်းတုန်းက ဖြေခဲ့တဲ့စာတွေ ဘွဲ့လွန်မှာ လာဖြေရတာကိုး။ သင်္ချာနဲ့ ဘွဲ့ရပြီးကာမှ (၂) အလီရေးပြရတာမျိုးပါ။ ဘာသာစုံဂုဏ်ထူးတွေထွက်တော့လည်း မပျော်ခဲ့ပေဘူး။

ဒီပလိုမာပြီးရင် ၀ိဇ္ဖာဘွဲ့၊ ပြီးတော့ မဟာဝိဇ္ဇာပေါ့လေ။ သာသနာ့တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့ရပြီးတဲ့ သူ့အတွက် နှစ်ထပ်ကွမ်းဝိဇ္ဇာဆိုတော့ ဂုဏ်ယူရမှာလိုလို ဘာလိုလိုကြီးပါ။ ဓမ္မာစရိယအဆင့်ရဟန်းတော်များကို ကြားခံအင်္ဂလိပ်စာဒီပလိုမာသင်တန်းတစ်ခုကို တစ်နှစ်တာ ဖိဖိစီးစီးသင်ပေးပြီး အရည်အချင်းစစ်ပြီးတာနဲ့ မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးလိုက်ရင် ဘွဲ့ထပ်တာ သင်ရိုးထပ်တာတွေ မရှိနိုင်တော့ဘူးပေါ့။ အမှန်တကယ်က အိန္ဒိယနဲ့ သီရိလင်္ကာတက္ကသိုလ်တွေမှာ ဓမ္မာစရိယဘွဲ့ရရဟန်းတစ်ပါးကို မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးပါတယ်။

(၉)

ကဲ အခု နာဂဇုနတက္ကသိုလ် အရှင်သီဟဉာဏာလင်္ကာရကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ ဘာသာစကားအရည်အသွေးမြင့်ဖို့ နိုင်ငံခြားဆရာများကို ဖိတ်ကြားပြီး သင်ကြားစေရမယ်တဲ့။ ဖိတ်လည်း ဖိတ်ပေးမယ်တဲ့။ ပူနေးအရှင်ရေ၀တကလည်း အင်္ဂလိပ်စာမြှင့်တင်ရေးအစီအစဉ်တွေမှာ သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါမယ်တဲ့။ သင်တန်းနေရာကိုတော့ အဖွဲ့ကြီးကသတ်မှတ်ပေးပါတဲ့။

အဖွဲ့ဝင်ရဟန်းတော်တွေဟာ အိုင်တီခေတ်ကြီးထဲက မျိုးဆက်သစ် ရှင်ငယ်ရဟန်းငယ်လေးတွေကို ပြန်လည်ငဲ့စောင်းကြည့်ကြဖို့ လိုနေပြီ။ သူတို့ကတော့ သူတို့လိုရာတိုးဝှေ့ယူသွားကြမှာပဲ။သူတို့လေးတွေရဲ့ အသိဉာဏ်ဆာလောင်မှုကို ပဲ့ထိမ်းပေးကြဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ သာသနာဟာ နောက်မျိုးဆက်ဘယ်နှစ်ဆက်ခံမလဲ။

စုလစ်မွန်းချွန်ကျောင်းတော်ကြီးတွေနဲ့ ရွှေရောင်စေတီကြီးတွေ ရှေးဟောင်းသုတေသနလက်အောက်ရောက် သွားမှာပါ။ သမိုင်းဆရာတွေလည်း အလုပ်တော့များသွားမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပရိယတ္တိသမားတွေဟာ သာသနာထိန်းတွေဆိုတာ မေ့မပစ်ဖို့ပါပဲ။ ဓမ္မဂင်္ဂါပါဠိအင်စတီကျု(တ်)အိပ်မက်ကတော့ ပိုပြီးခိုင်မာလာပါတယ်။ သစ်ပင်အောက်မှာတောင် သျှန္တိနိကေတန်တက္ကသိုလ်ကြီးအစပျိုးခဲ့သေးတာပဲ။

အစည်းအဝေးက မပြီးသေး။ နွေးနေတုန်းပင်။


ဓမ္မဂင်္ဂါ


27 October, 2011

စင်ကာပူမှာ ဖွင့်မယ့် ပဋ္ဌာန်းဒေသနာတော်သင်တန်းများ

ရည်ရွယ်ချက်
(၁) အဘိဓမ္မာအသင်းသား မဖြစ်သေးသူများလည်း ရွတ်ဖတ်ပူဇော်မှုအခွင့်အရေး
ရရှိစေရန်။
(၂) စနစ်တကျရွတ်ဖတ်တတ်စေရန်။
(၃) လူတွေရွတ်လို့ အသံထွက်မှန်ပါ့မလားဟူသော သံသယပါးလျစေရန်။ ပျောက်ဆုံးစေရန်။

သင်တန်းသား ~ ဤသင်တန်းကိုတက်ရောက်သူသည် ပစ္စယနိဒ္ဒေသကို အတန်အသင့် ချောချောမောမော ရွတ်ဖတ်နိုင်သူ ဖြစ်ရမည်။

သင်ကြားပုံ ~ ပဋ္ဌာန်းကျမ်းငါးကျမ်းမှ ခက်ခဲရှည်လျား၍ ရွတ်ဖတ်ရ ခက်ခဲသောပါဠိပုဒ်များကို သီးသန့် ထုတ်နုတ်ပြီး နှုတ်တိုက်ပို့ ချပေးမည်။ ပဋ္ဌာန်းဒေသနာသည် စက်လည်၍ ဟောသည့် ဒေသနာဖြစ်သဖြင့် အတူများသည်။

ပို့ ချမည့်သူ ~ ဆရာတော်ဦးသုနန္ဒာလင်္ကာရ နှင့် မင်္ဂလဝိဟာရဆရာတော်များ ။

အချိန် ~ ညနေ ၃:၀၀ နာရီမှ ၄:၃၀ နာရီ ။
နေ့ ရက် ~ နိုဝင်ဘာ(၆)ရက်မှ ဒီဇင်ဘာ(၂၅) ရက်နေ့ အထိ
(အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း)။
နေရာ ~ မင်္ဂလ ဝိဟာရကျောင်း ၊30 Jalan Eunos, Singapore 419495
လမ်းညွှန်မြေပုံ
http://www.streetdirectory.com/asia_travel/travel/travel_id_5380/travel_site_56487/

ဆက်သွယ်ရန်
၁။ ဒေါက်တာအရှင်အာစာရ ၊ ☏ ၉၆၄၀ ၉၃၄၄ ၊ ✉ven.acara@gmail.com
၂။ ဦးမြင့်သိန်း ၊ ☏ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၃။ ဦးဇော်မျိုးမင်း ၊ ☏ ၈၂၆၁ ၉၅၈၁ ၊ ✉zawmyomin09@gmail.com
၎။ ဒေါ်ဆုရည်မွန် ၊ ☏ ၉၀၆၆ ၂၄၀၇ ၊ ✉sarsanamyoset@gmail.com

အထူးမှတ်ချက် ☞ ၂၀၁၂ ဇန်နဝါရီလ မင်္ဂလဝိဟာရကျောင်းတွင် ကျင်းပပြုလုပ်မည့် လူပုဂ္ဂိုလ်များ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး အတွက် အရည် အချင်းပြည့်မီသူများကို ဤသင်တန်းအပေါ် အခြေခံပြီး ရွေးချယ်သွားမည်ဟု သိရပါသည်။

25 October, 2011

A Letter from Singapore......

ဘာမှကို တို့ထိလို့ မရလောက်အောင် စကားလုံးတွေ ဂဒါဖီဖြစ်နေချိန်မှာပဲ မိတ်ဆွေကဗျာဆရာရဲ့ အဘိဓမ္မာလက်က သူ့ကို ဆွဲထူလိုက်ပါတယ်..။ ကျေးဇူးပါ..။ မိတ်ဆွေက သူ့ကို စာတစ်စောင်အဖြစ်ကမ်းခဲ့ပေမယ့် သူကတော့ ဗာရာဏသီအမှောင်ထဲ ကဗျာတစ်ပုဒ်အဖြစ် တလက်လက်လွှတ်တင်နေမိတော့တယ်...။
(စင်ကာပူမှာ စာပေမှတ်တိုင်တစ်ခု မတ်မတ်မားမား စိုက်ထောင်နိုင်ခဲ့တဲ့ ရွှေမြန်မာမဂ္ဂဇင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်...၊ မိတ်ဆွေရဲ့ အခြားအခြားသော အောင်မြင်မှုတွေကြားထဲမှာမှ ကဗျာဆရာဇင်ဝေသော်ကိုလည်း မှတ်မှတ်ထင်ထင်သိဖြစ်ခဲ့..။ ..မိတ်ဆွေက ဓမ္မအသိတွေကို စိတ်နှလုံးသန့်သန့်ထဲ စကားဝါကျတွေ စစ်စစ်ပြီး သုံးတတ်တာကိုလည်း အလေးပြုခဲ့..။ တကယ်တော့ ဓမ္မဂင်္ဂါဘလော့မှာ သူရေးချင်တာတွေကိုသာ အနှောင်အဖွဲ့ကင်းကင်းဖော်ပြခဲ့ပေမယ့် မိတ်ဆွေကဗျာဆရာရဲ့ မုဒိတာဥဒါန်းကိုတော့ ဥပေက္ခာပြုနိုင်စွမ်းမရှိခဲ့ဘူး..။)

ဓမ္မဂင်္ဂါ
(၂၅-၁၀-၂၀၁၁)

မိတ်ဆွေရဲ့ (ခေါင်းစဉ်မပါတဲ့ ကဗျာတစ်ပုဒ်ဆိုပေမယ့်..သက်သက်အမည်မဲ့ထားပြီး အတွေးအလေးအချိန်တွေကိုသာ မမပြထားတဲ့ )အဘိဓမ္မာနေ့ ရှုမျော်ခင်း စကားလုံးတွေကြား ခြေသံလုံလုံလျှောက်ကြည့်ကြပါဦးစို့...


အဘိဓမ္မာ အခါတော်နေ့တဲ့လား........။
ပြီးတော့ဆီမီးစိုစို ညခင်းပျိုတဲ့လား..
ဟင့်အင်း...။
မယုံပါဘူး
ဓမ္မကို ချင်ခြင်းတတ်သူ တစ်ချို့အတွက်
မုဒိတာနဲ့ ဖိတ်ကြားတက်ရောက်လာကြတဲ့
ညနေခင်း ဧည့်ခံပွဲလေးတခုပါ

ဘာမှမပြောပလောက်ပါဘူး...။
ဘာမှမပြောပလောက်ပါဘူး၊
ပြိုမလိုညိုနေတဲ့
စင်ကာပူကောင်းကင်ကတောင်
နှုတ်ခမ်းနီပါးပါး ခြယ်ပြီး
ရှက်ပြုံးပြုံးထွက်ပြေးသွားလေရဲ့....

ဟင်း.ဘာမှမပြောပလောက်ပါဘုး ။
ချွေးတွေနဲ့ လှပသူတချို့ ....
စားမသွားလို့ မကုန်မှာစိုးရိမ်တဲ့လူတချို့.....
အလှူခံပုံးရှာမတွေ့လို့ ဘယ်သွားလှူရမှန်း မသိသူတချို့ ..
တစ်ချို့ တစ်ချို့ကလွဲရင်
(ပစ္စယော) တွေနဲ့ ဒလဟောပွင့်ထွက်သွားတဲ့
ညနေခင်းတစ်ခုပါ။

ဘာမှမပြောပလောက်ပါဘူး.....။
ဘာမှမပြောပလောက်ပါဘူး၊
တူညီရင် ဤကို ကျွဲဖတ်လို့ရသတဲ့..။
ငါတို့နှလုံးသားတွေ ညီညွတ်နေပေမယ့်
ပစ္စယောကို ပစ္စည်းမလုပ်ခဲ့ဘူး။
အဲ ပွင့်တောင့်ပွင့်ခဲ...
ကျောင်းထဲက ကံ့ကော်ပန်းတချို့တောင်
နေရာလွဲပွင့်နေလို့
သစ်ပုတ်ပင်ကြီးကို ထပ်ရှာရတော့မလို။

မလိုပါဘူး ..
ဒါမင်္ဂလာဝိဟာရမှာပါ
လေဖြိုလို့ပြိုတဲ့ ညောင်ငုတ်ကလွဲရင်
သစ်ပုတ်ပင်မရှိပါဘူး
သစ်ပုတ်ပင်မရှိလည်း
လတ်ဆတ်တဲ့နှလုံးသားကို မွေးစားထားရင် နုပျိုပါတယ်။

ဘာမှမပြောပလောက်ပါဘူး...။
ဘာမှမပြောပလောက်ပါဘူး။
ရဟန်းလည်း ပဋ္ဌာန်းရွတ်
.လုလည်းပဋ္ဌာန်းရွတ်
ရွတ်တတ်သူ ရွတ်ချင်သူ ရွတ်ပေါ့။
ပဋ္ဌာန်း စွမ်းမစွမ်းက
ရွတ်သူရဲ့ သီလ သမာဓိ ပညာနဲ့ပဲ ဆိုင်တယ်

ပဌာန်းဒေသနာကို ဦးစွာနာခွင့်ရသူက
သန္တုဿီတပါ။
အရှင်တော်ပြန်မြွက်လို့သာ
အရှင်သာရိပုတ္တရာကြီး ကြားခဲ့ရတာ
အရှင်ကပြန်ဖြန့်လို့ ဒီနေ့ပဋ္ဌာန်းဟာ
ဓမ္မဈေးကွက်ထဲမှာ
(ရောင်းလိုအားသိပ်မကောင်းပေမယ့်)
ရှိနေတာပါ။
ဒီဒေသနာကို ပရိုမို့(ထ်)လုပ်ဖို့
ဒီညနေခင်းကို (ပစ္စယော)တွေနဲ့ မိတ်ဆက်ကြတာပါ

ဘာမှမပြောပလောက်ပါဘူး။
ဘာမှမပြောပလောက်ပါဘူး။
အရှင်မြတ်က
ဘယ်မြေပေါ် သက်ဆင်းတော်မူမယ်လို့
ကြိုတင်သတင်းပေးမထားတော့
သူ့မြေပေါ်သက်နိုးတော်မူလိမ်နိုး
.ကိုယ့်မြေပေါ်သက်နိုးတော်မူလိမ့်နိုး
တနိုးနိုးနဲ့ တကယ်လို့များ အရှင်ဆင်းသက်လာရင်
ဆီမီးပင်လယ်ပြင်နဲ့ကြိုကြမဟဲ့ဆိုပြီး
အိန္ဒိယတပြည်လုံး
ဆီမီးတွေ
တောထအောင်လှနေတဲ့ညပေါ့...

ရာဇဂြိုဟ်တို့
ဝေသာလီတို့
ကပ္ပိလ၀တ္ထုတို့က အကဲဆုံး။
အရှင်မြတ်ကြီးကတော့
မထင်မရှားသင်္ကဿနဂရကို သက်တော်မူရဲ့။

အရှင်ဘယ်လိုပဲ သက်သက်
ဒီိလိုညမှာ
ဒို့လက်နဲ့တော့
ဆီမီးပူဇော်ရမှဖြစ်လိမ့်မယ် ။

ဒါကြောင့် လေးရောင်စုံဆီမီးတွေနဲ့
သင်္ကဿနဂိုရ်ကို
ပုံတူခိုးကူးချလိုက်မိကြတာပါ။

ဘာမှမပြောပလောက်ပါဘူး။
ဆီမီးစိုစိုညခင်းပျိုတဲ့လား......။

ထားလိုက်ပါညီမလေးရယ်....
တကယ်တော့
ဓမ္မကို ချင်ခြင်းတတ်သူတချို့အတွက်
မုဒိတာနဲ့
ဖိတ်ကြား..တက်ရောက်လာကြတဲ့
အနန္တနယဧည့်ခံပွဲလေးတစ်ခုပါ ။

ဘာမှမပြောပလောက်ပါဘူး....။

ဇင်ဝေသော်

22 October, 2011

ခွဲခွာချိန်

ထင်ညီမင်းစံ
ကိုလ်ကတ္တားမြိုတော်၊ဆူဘတ်ချန္ဒရာဘို့စ်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ပြည်တွင်း ထွက်ခွာဆောင်တွင် သူ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က မိခင်ဖခင်တို့ကို ပြည်ပထွက်ခွာဆောင်တွင် နှုတ်ဆက်စကားဆိုခဲ့ရသည်။ ဘယ်နှစ်ကြိမ်မြောက်ခွဲခွာခြင်းလည်း သူ မမှတ်မိတော့ပါ..။ မိခင်ကြီး၏ ပုခုံးသားကို ဖွဖွလေး ပုတ်မိတော့ သူ့နှလုံးသားက လှိုက်သွားသည်။ မိခင်ကြီးကတော့ မရှိုက်မိအောင် ထိန်းထားဟန်ရှိသည်..။

အစွမ်းကုန် ပြုံးထားကြသည့်တိုင် ဝေဒနာက္ခန္ဓာလှိုင်းတံပိုးများက တ၀ုန်းဝုန်းတိုးဆောင့်နေကြသည်။
' ဟဲ့ မိဒါရဲ့ နင့်အကိုဦးဇင်းမှာ သုံးစရာပိုက်ဆံရော ရှိသေးရဲ့လား လှူခဲ့ဦးဟဲ့..'' မိခင်က သူ့နှမငယ်ကို စကားတွန့်ထပ်အောင် ပြောသည်။

'' လိုမှပဲ မှာတာပေါ့ ခု သုံးဖို့ ရှိပါသေးတယ်'' ..။ သူက ၀မ်းနည်းနေသည့်ကြားကပင် ဘုန်းကြီးညာဉ်လေးကို မဖျောက်..။ မလိုဘူးဟု အပြတ်မပြောဘဲ နောက်တစ်ခါ မှာစရာရှိရင် အလွယ်တကူမှာရအောင် မယုတ်မလွန် ပြောထားလိုက်သေးသည်။

ဒီလို ခွဲခွာရမယ့် အချိန်မျိုးမှာ သူ့နှမလေးက သူ့အပေါ်စေတနာပိုနိုင်သည်မဟုတ်လား..။ (:D) ''တကယ်မှာနော် ဦးဇင်း'' သူ့နှမလေးက ကတိအထပ်ထပ်ပေးရှာသည်။

သူ့ဖခင်ကြီးက'' ကျောင်းပြီးရင် မြန်မြန်သာ ပြန်ခဲ့ပါတော့ မောင်ပဇင်းရယ်..'' ဟု ပြောရင်း တစ်ဘက်ကို လှည့်သွားသည်။ စစ်ဆေးရေးဂိတ်များဖွင့်နေပြီ..။ ခရီးစဉ်ဦးဆောင်သူ မိတ်ဆွေရဟန်းတော် ရှင်ညာဏိန်က '' ကဲ တွေ့ကြသေးတာပေါ့.." ဟု တစ်ခွန်းတည်းပြောကာ စစ်ဆေးရေးဂိတ်ဆီ ခြေလှမ်းပြင်လိုက်သည်..။ တူတော်မောင် ထင်ညီမင်းစံက ''ဦးကြီးဇော် သွားပြီနော်..' တဲ့..။

ဒီပုဂ္ဂိုလ်လေးက သူ့ကို အားကျကာ သင်္ကန်းဆီးချင်နေသည်..။ သူ့တွင် သူ့ညီအကို အမနှမများက မွေးထားသော မျောက်လောင်းလေးပေါင်း (၁၁)ယောက်တိတိရှိသည်။ တက္ကသိုလ်ဝင်တန်းမအောင်မချင်း သင်္ကန်းမ၀တ်ရ ဟု သူက ဗီတိုသုံးထားသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင်စိတ်ကြိုက်ရွေးချယ်ကြစေ..။ လောကီဘောင်မှာ မွေ့မလား..။
လောကုတ္တရာချောင်မှာ လေ့မလား..။
(၁၆)နှစ် အရွယ်သည် ရှင်ရဟန်းဘောင်သို့ ၀င်၍ ပညာသင်လျင် ထက်မြက်လျင်မြန်သည့် ဥာဏ်အဟုန်စီးဆင်းမှုရှိသော အကောင်းဆုံးအရွယ်ဟုထင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်ထိ သင်ယူပြီးသော ၀ိဇ္ဇာသိပ္ပံအတွေးခေါ်များက ဗုဒ္ဓအရှင်၏ အဘိဓမ္မာကို အလွယ်တကူ နားလည်စေနိုင်လိမ့်မည်..။ မြန်မာနိုင်ငံနိုင်ငံ၏ ပါဠိပညာရေးတွင် အခြေခံတန်း သုံးတန်းသာရှိလေရာ နှစ်ချင်းပေါက်အောင်မြင်သွားလျင် ရဟန်းမဖြစ်မီ ဓမ္မာစရိယ(စာချ)တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

အကယ်၍ ရဟန်းမခံမီသာသနာ့ဘောင်တွင် မပျော်ပိုက်သောကြောင့် လူဝတ်ကြောင်ဘ၀သို့ ရွေ့လျောမည်ဆိုလျင်လည်း ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်တစ်ခုခုသို့ အချိန်မရွေးပြန်လည်တက်ရောက်နိုင်သည်..။( လေးနှစ်လောက် သာသနာ့ဘောင်မှာ နေကြည့်လျင် ကိုယ်ဘာကောင်ဆိုတာ သိသွားနိုင်သည်မဟုတ်လား...။း) )

ငယ်စဉ်လူမမယ်ဘ၀က သာသနာ့ဘောင်ထဲသို့ ရောက်လာသော သူ့လို ရဟန်းတစ်ပါးအနေဖြင့်တော့ သာသနာချစ်စိတ်တစ်ခုတည်းဖြင့် ကျဉ်းမြောင်းလွန်းစွာ ရေးဆွဲထားသော ပါဠိပညာရေးစနစ်၏ ချွတ်ယွင်းပျက်ကွက်မှုကို မြင်နေခဲ့ပါသည်။

မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ဗုဒ္ဓဘာသာမိဘများက သာသနာ့အမွေခံကြီးများဖြစ်ချင်ကြသလို သားသမီးများကလည်း မိဘကျေးဇူးကို ဓမ္မဖြင့် ကျေးဇူးဆပ်လိုကြသည် (ဟု ထင်ရသည်။) ထို့ထက်အလွန် ရွာဦးဘုန်းတော်ကြီးများ၏ ကျွမ်းကျင်သော သာသနာပြုခြင်းကလည်း သာသနာ့အမွေခံစိတ်ဓါတ်ကို များစွာ အထောက်အကူပြုခဲ့ပါလေသည်။

ဘုန်းတော်ကြီးကျောင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော ကလေးငယ်များကို ရွှေကျောင်းပျော်လေးတွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြသည်။ မိဘဆွေမျိုးများကလည်း ''ကိုရင်လေး'' လို့ ခေါ်ရင် '' ဒကာကြီး'' လို့ ထူးနော် ဆိုတာမျိုးဖြင့် ကလေးငယ်၏ စိတ်ကို အရောင်တင်ပေးသည်။ လက်အုပ်ချီမိုးရှိခိုးခံရခြင်းနှင့် မုန့်အမျိုးမျိုး ပိုစားရခြင်းကလည်း ကလေးငယ်၏ ဘ၀င်ကို လေဟတ်စေသည်။

မည်သို့ဖြစ်စေ သူကိုယ်တိုင်လည်း ရွာဦးကျောင်းဆရာတော်၏ သာသနာပြုခြင်းကို ခံလိုက်ရပါသည်။ (ထိုသို့ပင် အစဉ်အဆက်သာသနာပြုခြင်းကို ခံယူခဲ့ကြရဟန်တူပါသည်။) လောကုတ္တရာဘောင်သို့ စောစီးစွာ ၀င်ရောက်ခဲ့ရခြင်းကို သူဂုဏ်ယူသော်လည်း ဘ၀တစ်ခုလုံးအတွက် အာမခံချက်မရှိသော ပညာရေးကိုတော့ စိတ်ပျက်မိလေသည်။ လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။ ဘ၀တစ်လျောက်လုံး သာသနာ့ဘောင်တွင် နေပါမည် ဟု အာမခံ၍ မရနိုင်ပေ..။

လူမမယ်ဘ၀ဖြင့် ရှင်သာမဏေဖြစ်လာချိန်မှစကာ လောကုတ္တရာစာပေသက်သက်မျှကိုသာ သင်ယူခဲ့ကြရသည်။ ၀ိဇ္ဇာ သိပ္ပံ သမိုင်း ပထ၀ီ သင်္ချာ အင်္ဂလိပ်စသော လူ့အခွင့်အရေးရှိသူတစ်ဦးတတ်သင့်တတ်ထိုက်သည့် ခေတ်ပညာရပ်တို့တွင် မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရသည်။

စင်ကာပူနိုင်ငံသူအမျိုးသမီးတစ်ဦးကတော့ သူဘယ်အရွယ်မှာ သင်္ကန်းဝတ်သလဲ ဟုမေး၍ အတိအကျဖြေလိုက်သောအခါ ''လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲ '' ဟု လုပ်ချလိုက်သဖြင့် သူခေါင်းကြီးသွားသည်။မိဘဆရာသမားများ၏ ဗြဟ္မစိုရ်တရားကို သူ နည်းနည်းလေးမှ သံသယမဖြစ်သလို ဘယ်တုန်းကမှလည်း မပြစ်မှားဖူးပါ။ သူ မျှော်လင့်သည်က မူဝါဒပြုပြင်ရေးသမားများ၏ အမြော်အမြင်ကြီးသော အပြောင်းအလဲကို ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် (ဆိုပါစို့ ၁၆ နှစ်)တွင် ကိုရင်ငယ်လေး၏ အတွေးအမြင်ခံစားမှုတို့က လောကီကို ညွတ်လိုသည်။ ကဗျာကို ခံစားလိုသည်။ ဂီတကို နှစ်သက်သည်။ ဘာသာစကားအသစ်တွေ သင်ယူချင်သည်။ လူငယ်လေးတစ်ဦး၏ ဝေဒနာက္ခန္ဓာညွတ်နူးမှုမျိုးက ဒဂုန်တာရာကြီး၏ ဝေါဒစ္စနေးအပြာဖြစ်လာသည်။

ကဲ လူဝတ်ကြောင်ဘ၀သို့ ကူးပြောင်းချင်လျင် ကိုရင်လေးအောင်မြင်ထားသော ပထမငယ်၊ ပထမလတ်၊ ပထမကြီးဟူသော အာပေါက်အောင် အော်ခဲ့ရသည့် ပရိယတ္တိစာပေများကို မည်သည့်ပညာရေးနှင့် ချိတ်ဆက်ပေးမည်နည်း..။ ဓမ္မာစရိယအောင်ပြီး လူထွက်လျင်ပင် '' ရေးတတ် ဖတ်တတ် '' ထက် မပိုသော အသိအမှတ်ပြုမှုကိုသာ ခံယူရတတ်သည် ဟုသိရသည်.။ စိတ်ပျောင်းလွယ်သည့် အရွယ်တွင် မိဘများကလည်း ပညာရေးတစ်ပိုင်းတစ်စဖြင့် ယောင်ချာချာအိမ်ပြန်ရောက်လာမည့် သားကို မမြင်ရက်ကြပါ...။

ထိုသို့ဖြင့် သာသနာ့ဘောင်တွင် သဒ္ဓါတရားကြဲကြဲဖြင့် မြဲမြံနေကြရသော မိတ်ဆွေရဟန်းတော်များကို သူ သိလာရပါသည်။ သဒ္ဓါတရားက ကြဲရသည့်ကြားထဲ ပညာအားကလည်း နည်းကြဦးမည်ဆိုလျင် သာသနာအတွက် ဘယ်လောက်များ ၀န်ထုပ်ဝန်ပိုးကြီးလိုက်မလဲ..။

အကယ်၍ (လောကုတ္တရာပညာများတတ်ပွန်ပြီးကာမှ) လူထွက်သွားကြမည်ဆိုလျင်လည်း နိုင်ငံအတွက် အသိပညာရှင်များ ဆုံးရှုံးသွားရပြန်သေးသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဓမ္မအသိပညာက အာမခံချက်မပေးနိုင်တော့သောအခါ ကာယလုပ်သားဘ၀ဖြင့် ရပ်တည်နေကြရသောမဟာဓမ္မာစရိယနှင့် ပိဋကတ်တစ်ပုံဆောင် စသည့် မိတ်ဆွေရဟန်းလူထွက်အချို့ကို မြင်တွေ့ရသဖြင့် စိတ်မသက်မသာဖြစ်ရသည်။

သူကိုယ်တိုင်သည်ပင်လျင် ပညာတတ်ညာဉ်လေးဖြင့် သာသနာ့ဝန်ကို တအိအိထမ်းနေရခြင်းဖြစ်သည်။ သို့ဖြင့်ပင် တူတော်မောင်များ၏ သာသနာ့ဘောင်စောစောဝင်ရေးကို (ခေတ်မီပါဠိပညာရေးစနစ်ဖြစ်မလာသမျှ) ခွင့်မပြုရန် ဗီတိုသုံးထားရခြင်းဖြစ်လေသည်..။

ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ကြ..ဂီတအသစ်တွေနဲ့ စီးမျောကြ....။

သဒ္ဓါတရားက နှလုံးသားကို လူးလွန့်စေချိန်မှာ ဓမ္မကို ရှာမှီးကြစေ..။ လောကီလည်း မဆုံးစေနဲ့...။ လောကုတ္တရာလည်း မရှုံးကြစေနဲ့...။

တူတော်မောင် ထင်ညီမင်းစံ၏ ခေါင်းကို သာသာပုတ်ကာ နှုတ်ဆက်လိုက်သည်.။ မင်းကို သာသနာပြုဖို့ စောပါသေးတယ်ကွယ်..။

မဃဒေ၀လင်္ကာသစ်ကဗျာတစ်ပိုဒ်ကို မစိုးရိမ်ဆရာတော်ကြီး မကြာခဏရွတ်ကာ သတိပေးသည်ကို အမှတ်ရမိသည်။

ကာမဘောဂါ၊

လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းဆုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံး(ကတုံး)သာလျင်၊
အဖတ်တင်ခဲ့။။။။

ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်ပြည်တွင်းထွက်ခွာဆောင်တွင် မြန်မာဘန္တေကြီးတစ်ပါး ရုတ်တရက်ခေါင်း ပွတ်မိသွားသည်ကို ကျွတ်စီစီ စကားပြောနေကြသော မဇ္ဈိမသားခရီးသွားတို့ သတိပြုမိလိမ့်မည်ဟု မထင်ပါလေ..။



ဓမ္မဂင်္ဂါ

(၂၃-၁၀-၂၀၁၁)

20 October, 2011

ဥပဓိရှိ မျက်ရည်ရှိ...(''အိုင်ပက်မရှိ ဒုက္ခမရှိ'' ၏ အဆက်မဟုတ်)

(ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဤသို့ ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊မှန်၏-ဥပဓိတို့သည် လူကို နှစ်သက်စေကုန်၏၊ ဥပဓိမရှိသူသည် မနှစ်သက်ရပေ။

(မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊မှန်၏-ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။
(ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်၊ ဥရဂ၀ဂ်၊ ဓနိယသုတ်)


ဒီနေ့မနက်ပဲ ပို့ချလို့ ပြီးသွားတဲ့ ဓနိယသုတ်ကောက်နှုတ်ချက်လေးပါ..။ မဟီမြစ်ကမ်းဘေးမှာ ဗုဒ္ဓအရှင်နဲ့ ဓနိယနွားကျောင်းသားတို့ အချင်းချင်းအပြန်အလှန်ပြောကြတဲ့ ထင်ရှားတဲ့ဒိုင်ယာလော့ခ်တစ်ခုပေပဲ ။ ဓနိယက သူ့မှာ ရှိတာလေးတွေ ထုတ်ထုတ်ကြွားပါတယ်..။

ငါ့မှာ စကားနားထောင်ပြီး အလိုက်သိတဲ့ ငယ်ပေါင်းမယားလေးရှိပါသတဲ့..ဘယ်တုန်းကမှ သူ့မယားလေးရဲ့ အပြစ်ကို မမြင်ဖူးဘူးတဲ့..။အဲဒီတော့ မိုးရေ ရွာချင်သလိုသာ ရွာပါတော့ ...ဆိုပဲ.။

ဗုဒ္ဓအရှင်ကတော့ သူ့အလိုကို လိုက်တဲ့ လွတ်မြောက်ပြီးသားစိတ်ကလေးရှိသတဲ့...။ အကြာကြီးပွားခဲ့ရတာမို့ ယဉ်ကျေးနေပါပြီ တဲ့၊ အပြစ်ဆိုလို့ ရှာမတွေ့ဘူးတဲ့.။ အဲဒီတော့ မိုးရေ ရွာချင်သလိုသာ ရွာလိုက်လေ ကဲ...တဲ့။ ကောင်းလင့်တေးပေပဲ (အိမ်း ရဟန်းဆိုတော့လည်း စိတ်ကိုပဲ ပေါင်းပြီး ပွားရတာပလေ..)

အဲဒီလိုမျိုး စကားအတင်အချ..အဖွင့်အပိတ်..ကော်ပီ ဒီလိ(တ်)လုပ်ကြတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ဗုဒ္ဓအရှင်တို့ စကားကောင်းနေတုန်း မိုးကြီးက တကယ်ရွာချလိုက်တော့ ဓနိယက ဗုဒ္ဓကို ခိုက်သွားခဲ့ပါတယ်...။ ဇနီးချောလေး လက်ဆွဲပြီး ဗုဒ္ဓံသရဏံ ပန်းတွေ ဝေကြပြီပေါ့..။

အဲဒီအချိန်မှာ မာရ်နတ်က စကားဝင်နှောင့်ပါတယ်..။သားသမီးရှိတော့ သားသမီးတွေနဲ့ ကျေနပ် နွားတွေ ရှိတော့ နွားတွေနဲ့ ချမ်းသာတာပ..တဲ့..။ လူရိုသေ ရှင်ရိုသေ ဥပဓိလေးလည်း ရှိသင့်ပါသတဲ့...။( လောကီစီးပွားနယ်ပယ်ကို ငဲ့စောင်းလိုက်မယ်ဆိုရင်တော့ မာရ်နတ်ကြီးရဲ့ စကားကလည်း လူကြိုက်များစရာပဲ..။ တကယ်လည်း ပေါ်ပြုလာဖြစ်နေဆဲ..စတိုင်လ်ရှိမှ စတားဆိုလား...)

ဗုဒ္ဓအရှင်ကတော့ သံသရာပွားစီးမှုနဲ့ ဒုက္ခကို မြင်တော်မူသူပီပီ...လောကုတ္တရာလမ်းအတွက် အနှောင်အဖွဲ့ဖြစ်တဲ့ ရှိဆင်းရဲတွေကို ထောက်ပြလိုက်ပါတယ်..။ ရုပ်လေးပြပြပြီး (ရုပ်ကလေးကို ကြည့်ကြည့်ပြီး) ဒုက္ခရောက်နေသူတွေကိုလည်း သနားတော်မူဟန်ပါပဲ...။

အဟမ်း ကိုယ်တိုင်က အသံကမကောင်း..။ အပြောကမတတ်လို့ ဥပဓိလေး အားကိုးရမလား အောက်မေ့ပါတယ်...။ ဥပဓိရှိ မျက်ရည်ရှိ ဆိုပါလား...။ :P......

ဓမ္မဂင်္ဂါ
(၂၁-၁၀-၂၀၁၁)
စာပြန်ရေးဖို့ အရှိန်ယူပြီး လှိမ့်နေတာ...။တွန်းမချလိုက်ပါနဲ့..။

ဓမ္မဂင်္ဂါ Vs ရှင်ဂျွန်


စာမရေးနိုင်တော့ ဓါတ်ပုံလေးတစ်ပုံအစမ်းပြန်တင်လိုက်တယ်....။ ဒီနေ့ ဗာရာဏသီ၊မိဂဒါဝုန်၊ မဟာဗောဓိအသင်းကြီးမှာ ကျင်းပတဲ့ ထိုင်းဗုဒ္ဓဘာသာဝင်တွေရဲ့ ကထိန်ပွဲ နေ့ဆွမ်းအလှူရှင် ပရိသတ်တွေ ရှေ့မှာ ရဟန်းအချင်းချင်း ဒီလိုပဲ ပြောရတာပ..။ တစ်ခုခုကို ပြနေတာလည်း ဖြစ်နိုင်တယ်မဟုတ်လား...။

06 October, 2011

ဓမ္မဂင်္ဂါဘုရားဖူးခရီး(ဓါတ်ပုံ)


မဟာဗောဓိစေတီဗုဒ္ဓရုပ်ပွားတော်


မဟာဗောဓိစေတီတော်မြတ်ဓမ္မဂင်္ဂါဆွေမျိုးအရင်းကြီးများနှင့်အတူ


သစ္စာသိမြင်ရာညောင်မြတ်မဟာအောက်မှာ