27 November, 2011

ရဟန်းနှင့် မဆလာလေကြောင်း(၂)

(၃)

သူ့ငယ်ဘ၀တွင် ရွာလေး၏ ကောင်းကင်လမ်းမပေါ်က လေယာဉ်မွှားမွှားလေးများကို ငေးမောရင်း လသာညများကို ဖြတ်သန်းကြည်မွေ့ခဲ့ဖူးသည်။ ကြယ်စုံသည့် တိမ်လွင်ပြင်ထဲ လက်လက်ထ ပြေးလွှားနေသော လေယာဉ်ပျံများ တစ်စီးပြီး တစ်စီး ပျံသွားခဲ့ကြသည်။ သူကတော့ ကျောက်သင်ပုန်းတစ်ချပ်နှင့် ကောင်းကင်အိပ်မက်ကို ခိုးစီးရင်း လရောင်ကိုပဲ ဆွတ်ခူးနေခဲ့မိလေသည်။

သူ ရွာဦးကျောင်းစာသင်ဇရပ်လေးတွင် ပျော်ရွှင်ချမ်းမြေ့စွာ မြူးတူးခုန်ပေါက်ရင်း စာတွေ အော်ကျက်ခဲ့သည်။ ပညာရေးကောင်းမွန်သော စာသင်ဇရပ်လေးတွင် ကိုရင်ကျောင်းသားများသာမက ကျောင်းသူလေးများ၏ အသံစာစာလေးများကိုပါ ကြားခဲ့ရသည်။ အော် မိဦးတို့ မိထူးတို့...ဆန်းမြတို့ရေ.....စာသင်ဇရပ်လေးဆီ ပြန်မရောက်တာ နှစ်ပေါင်းသုံးဆယ်ရှိခဲ့ပြီပဲနော်.။

အမှန်တကယ် ရွာဦးကျောင်းဆိုသော်လည်း တစ်ရွာတည်းက ပိုင်သော ကျောင်းမဟုတ်၊ ညောင်သွယ်၊ချင်မြစ်ကျင်းနှင့် တင်ကုတ်ကြီး ရွာသုံးရွာ၏ အလယ်ဗဟို တစ်မိုင်အကွာအဝေးခန့်မှာ တည်ရှိသည့် တောရကျောင်းတစ်ခုသာဖြစ်သည်။ ယခင်က ရွာကြီးတစ်ရွာစည်ကားစွာ တည်ရှိခဲ့ပြီး ပျက်သုံးသွားရာမှ ထီးတည်းကျန်နေခဲ့သော ၀တ္တကမြေပေါ်တွင် ပြန်လည်တည်ထောင်ထားခြင်းဖြစ်သည်။ ထုံးဖြူဖြူဘုရားကြီးတစ်ဆူနှင့် ကဆွန်ဟုခေါ်သော အာရုံခံတန်ဆောင်းကြီးတစ်ခု ရှိသည်။ သူ့ပညာရေး အညှောက်ပေါက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းကို ဘုရားကြီးကျောင်းဟုပဲ လွယ်လွယ်ခေါ်ခဲ့ကြသည်။ (သူ့ကိုလည်း ဘုရားကြီးကျောင်းထွက်ကိုယ်တော်ဟု ရွာဘက်ဆီရောက်တော့ ကြားခဲ့ရသည်။)

(၄)

မြို့ပြတွင် ပညာသင်ယူပြိး ကျေးလက်ကို ငဲ့စောင်းကြည့်လိုသည့် သူ့ငယ်ဆရာဘုန်းတော်ကြီးသည် ဆိတ်သုဉ်းနေသော ဘုရားကြီးကျောင်း၏ တဲစုတ်သာသာဇရပ်လေးတွင် စတင်အခြေချသည်။ ဘုရားကြီးကျောင်း၏ စဦးဆင့်ကဲဖြစ်စဉ်များကို မှတ်မိခြင်းမရှိတော့သော်လည်း သူလေးနှစ်သားအရွယ် ဆွမ်းအုပ်ရွက်ထားသောအမေ့လက်ကို ဆွဲကာ ဘုန်းတော်ကြီးကျောင်းမြက်ခင်းပေါ် ဘုန်းကြီးကျောင်းသားလေးတစ်ယောက်အဖြစ် ပထမဆုံးခြေချခွင့်ရချိန် ဘုရားကြီးကျောင်းသည် စည်ကားစိမ်းလန်းနေခဲ့ပါပြီ။

ဦးထွန်းညွန့်ဆိုသော အဘိုးကြီးတစ်ဦးက ကိုယ်ပိုင်ကျွန်းသားအိမ်ကြီးတစ်ခုလုံးကို တိုင်းရင်းမှ နှုတ်ချွတ်ကာ ကျောင်းအဖြစ်လှူဒါန်းခဲ့သည်။ သူဘုန်းကြီးကျောင်းသားလေးဖြစ်ချိန်တွင် ဘိုးထွန်းညွန့်ကို ဘုန်းတော်ကြီးက ကျောင်းမှာ နေထိုင်ဖို့ခေါ်ထားသည်။ဘာမှမကျန်အောင် ပရိဘောဂပစ္စည်းများကိုပါ သာသနာအတွက် ရက်ရောစွာ လှူဒါန်းခဲ့သူမို့ ဆရာဘုန်းတော်ကြီးက သာသနာ့အရိပ်တွင် ခိုနားခွင့်ပေးထားခဲ့လေသည်။

ဘိုးထွန်းညွန့်ကျောင်းဆောင်ကြီးအပြင် အများကောင်းမှု သိမ်ကျောင်း၊ဓမ္မာရုံ၊ ဆွမ်းစားဆောင်နှင့်ွဥပုသ်ဇရပ်တို့ဖြင့် သိုက်ဝန်းခဲ့သည်။ သူတို့ ကလေးများအတွက် စာသင်ဇရပ်လေးလည်း ၀ါးကြမ်းခင်းလေးဖြင့် မတ်မတ်မားမားရှိနေခဲ့ပြီ။ စာသင်ခုံမရှိသောဇရပ်လေးတွင် ကိုရင်များနှင့် ကျောင်းသားကျောင်းသူတို့ ကြမ်းတပြေးတည်း စာအော်ခဲ့ကြရသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးဦးဆောင်ပြီး စာချရဟန်းတော်များက အခြေခံဘာသာရပ်စုံအောင် သင်ကြားပို့ချပေးခဲ့ကြသည်။ သင်ပုန်းကြီးဖတ်စာနှင့် ပရိတ်ကြီးဆယ်စောင်တွဲကို အခြေပြုကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတို့အပြင် ဗေဒင်လင်္ကာများပါမကျန် ကျက်မှတ်ခဲ့ရသည်ကို သတိရနေသေးသည်။

တစ်နေကုန် ကျက်မှတ်ထားသော စာကို ညနေခင်း ကျောင်းမဆင်းမီ ဆရာဘုန်းတော်ကြီးများထံတွင် ပြန်ဆိုပြရသည်။ စာမရသူကို စာရသူက နားရွက်ဆွဲကာ ဇရပ်၏ တစ်ဘက်ခြမ်းမှ တစ်ဘက်ခြမ်းသို့ ခေါက်တုံ့ခေါက်ပြန် ပို့ရသည်။
( သူငယ်ငယ်တုန်းက ကျောင်းသားကြီးများကို နာရွက်ဆွဲခဲ့ရဖူးသည်။ ဘုန်းတော်ကြီးကွယ်ရာတွင် လက်သီးစာမိမှာ ကြောက်သဖြင့် ဖွဖွလေးသာ ဆွဲရဲသည်။ တစ်ခါတစ်ရံ ကျောင်းသူလေးများကိုပါ နားရွက်ဆွဲရသည့်အခါ မုန့်မကျွေးဘဲ နေလိုက်မှာ ဟု အဓိပ္ပါယ်ရသည့် မျက်စောင်းကို ပုံဖော်မိသဖြင့် ရွရွလေးသာ ထိရဲလေသည်။
အင်း ဘယာဂတိနှင့် ဆန္ဒာဂတိ...)

စာသင်ဇရပ်လေးရှေ့တွင် လွတ်လပ်ကျယ်ပြောသော ကစားကွင်းကြီးရှိသည်။ ကျောင်းသားကြီးကိုရင်ကြီးများအတွက် ဆရာဘုန်းတော်ကြီးက ဘောလုံးများဝယ်ပေးထားသည်။ ကျောင်းသူများအတွက်တော့ ကြိုးခုန်ဖို့၊ ကြက်တောင်ရိုက်ဖို့ အားပေးထားသည်။ သူတို့လို ဟိုမရောက်ဒီမရောက်လေးတွေအတွက် သားရေကွင်းနှင့် ကျောက်ဒိုးများ ချီးမြှင့်ပေးလေ့ရှိ၏။ ပစ်ကြပေရော..။

ထိုသို့ ပေးကမ်းစွန့်ကြဲနိုင်ရန် ဆရာဘုန်းတော်ကြီး၏ ကျောင်းပတ်လည်တွင် စိုက်ပျိုးနိုင်သော ၀တ္တကမြေများရှိလေသည်။ ဂေါစရဂါမ်ရွာများမှ ဒကာဒကာမတို့က ရာသီအလိုက်သီးနှံများကို လုပ်အားပေးကုသိုလ်ဖြစ် ထွန်ယက်စိုက်ပျိုးပေးကြသည်။ ကိုရင်ကျောင်းသားများနှင့် ကျောင်းသူများက ရေလောင်းပေါင်းသင်ခြင်းစသော ဝေယျာဝစ္စများကို
ဆောင်ရွက်ကြရလေသည်။ နှမျောတွန့်တိုမှုမရှိသော ဆရာဘုန်းတော်ကြီး၏ ၀တ္ထကမြေတွင် သီးနှံပေါင်းစုံအောင်မြင်ဖြစ်ထွန်းလေသည်။ဂျုံစိုက်ခင်း၊ ကြံခင်းနှင့် မြေပဲခင်းများရှိသည်။

သီးနှံပေါ်ချိန်ရောက်လျှင် သီးနှံရောင်းချ၍ ရသော ၀တ္ထုငွေများဖြင့် တပည့်များအတွက် ဆရာဘုန်းတော်ကြီးက စီမံခန့်ခွဲကာ စာအုပ်ခဲတံများ၊ ကျောင်းစိမ်းဝတ်စုံများ၊ ကစားစရာဘောလုံးများ၊သာရေးကွင်းနှင့် ကျောက်ဒိုးများအထိ ၀ယ်ခြမ်းစွန့်ကြဲလေတော့သည်။ ထိုမျှသာမက ၀တ္တကမြေစိုက်ခင်းမှ ရသည့်ဂျုံများကို ချန်ထားကာ ဆရာဘုန်းတော်ကြီးကိုယ်တိုင် ပေါက်စီလုပ်ကျွေးတတ်သေးသည်။ ပေါက်စီကို ဘ၀တွင် ပထမဆုံးစားခဲ့ဖူးခြင်းဖြစ်လေသည်။

သံပုရာခြံမှ ထွက်သမျှ သံပုရာသီးများကိုမူ ရောင်းချခြင်းခွင့်မပြုပေ။ကျန်းမာရေးအတွက် လာရောက်တောင်းရမ်းလျှင် အချိန်မရွေးဆွတ်ခူးပေးရသည်။ ဆရာတော်ကြီးများနှင့် သက်ကြီးရွယ်အိုများကို ဆရာဘုန်းတော်ကြီးကိုယ်တိုင် အလည်အပတ်သွားရင်း လှူဒါန်းပေးကမ်းတတ်လေသည်။ သံပုရာသီးများ မှည့်ချိန်တွင် အရည်ညှစ်ကာ ပုလင်းများဖြင့် ထည့်ပြီး အလှူခံလာသမျှ ပေးကမ်းတတ်သေးသည်။
(နောက်ဘုန်းကြီးလက်ထက်တွင် ရောင်းချသဖြင့် သံပုရာခြံကြီး ညှိုးခြောက်သွားခဲ့သည် ဟု သိရသည်။)

ဆရာဘုန်းတော်ကြီး မြို့မှ တပည့်များအတွက် လက်ဆောင်ပစ္စည်းများ ၀ယ်ယူကာ လှည်းဖြင့် ပြန်လာသည့်နေ့က မြင်ကွင်းတစ်ခုကိုတော့ မြင်ယောင် လွမ်းဆွတ်နေဆဲဖြစ်သည်။ တစ်ကျောင်းလုံးဆရာဘုန်းတော်ကြီးရှေ့တွင် စုရုံးနေကြသည်။

''ဒါက ဘောလုံးတွေ ကျောင်းသားတွေ ကိုရင်တွေအတွက်။ ဒါကတော့ ကလေးမတွေ ကြိုးခုန်ဖို့ ၊ ဒါကတော့ ကြက်တောင်ရိုက်ဖို့..။အေး ပေါက်စတွေကတော့ တန်းစီ။ သားရေကွင်းနဲ့ ကျောင်းဒိုးတွေ ဝေပေမယ်..။ ကဲ ဒီနေ့ ကျောင်းပိတ်တယ်ဟေ့.။ ဘောလုံးပွဲကွင်းဖွင့်ရအောင်..။ ဦးပဏ္ဍိ ကိုယ်တော်နဲ့ ကျုပ်နဲ့ တစ်ဘက်စီ ဂိုးဖမ်းမယ်''

တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲများကို နေရှင်နယ်လ်ရေဒီယိုလေးဖြင့် အားပေးလေ့ရှိကြသော ဘုန်းတော်ကြီးများမို့ ကြာကြာမညှိလိုက်ရ...
''ကြာသလား အရှင်ဘုရားရေ''

ဝေး....
ပျော်ရွှင်စွာ ဟစ်ကြွေးသံများ ဘ၀က်ညံသွာသည်။
ထိုနေ့က ဘောလုံးပွဲသည် မှတ်မှတ်ထင်ထင်ဖြစ်ကျန်ခဲ့ပါသည်။
ကျောင်းသူလေးများလည်း ကြက်တောင်မရိုက်နိုင်ခဲ့ကြပါ
သစ်သားပြားများကို ဘက်မင်တန်အဖြစ်အသုံးပြုဖို့ ကျောင်းဆောက်သည့် လက်သမားဆရာကြိးကို လုပ်ခိုင်းထားဆဲမို့ ဘောလုံးပွဲကြည့်ပရိသတ်ဖြစ်သွားသည်။ သူတို့ကိုယ်တိုင်လည်း သာရေးကွင်းမပစ်နိုင်၊ ကျောက်ဒိုးမလှိမ့်နိုင်လောက်အောင်ပင် ဘောလုံးပွဲက ဆွဲဆောင်ခဲ့လေသည်။ ဆရာဘုန်းတော်ကြီးများကိုယ်တိုင် ပါဝင်နေမှကိုး..။
ကျောင်းထိုင်ဘုန်းတော်ကြီး၏ အသင်းက တစ်ဂိုးကပ်ရှုံးသွားခဲ့သည်။

ထိုနေ့တစ်နေ့သာ ဆရာဘုန်းတော်ကြီးများက ကွင်းဖွင့်ပေးခဲ့ခြင်းဖြစ်လေသည်။ နောက်ရက်များမှာတော့ ပွဲကြည့်ပရိသတ်အဖြစ် ရံခါအားပေးတတ်ကြလေသည်။

25 November, 2011

စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးသိစေရန်

သို့

မင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီး
စင်ကာပူ

ရက်စွဲ ၂၀၀၁၊နိုဝင်ဘာလ(၂၆)

အကြောင်းအရာ၊ အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ ပါဠိဘာသာဌာနတွင် ပထမဆုံးပိဋကတ်တိုက်တည်ထောင်ရန် ခွင့်ပြုချက်ရကြောင်း အသိပေးခြင်း

၁။ ယနေ့နံနက် ၁၀း၀၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ တက္ကသိုလ်ဒုတိယအဓိပတိ(ပါမောက္ခချုပ်)ဒေါက်တာ ဂေရှေ င၀န်ဆန်တင်နှင့် တွေ့ဆုံကာ မင်္ဂလ၀ိဟာရမှ ထုတ်ဝေဓမ္မဒါနပြုသော

(၁)လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီပေါင်းချုပ်(အင်္ဂလိပ်မူ)
(၂)မဟာစည်ဆရာတော်ဘုရားကြီး၏ သမထ၀ိပဿနာ( အင်္ဂလိပ်မူ)နှင့်
(၁)မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င်(အင်္ဂလိပ်မူ)တို့ကို လှူဒါန်းခဲ့ရာ တက္ကသိုလ်အဓိပတိကြီးက ၀မ်းမြောက်စွာ လက်ခံရယူခဲ့ပါသည်။

၂။ ထို့နောက် စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးတို့ ပူးတွဲလှူဒါန်းသော ထေရ၀ါဒပိဋကတ်စာတော်မူ ပါဠိတော်၊အဋ္ဌကထာနှင့် ဋီကာကျမ်းစာများကို (တက္ကသိုလ်စာကြည့်တိုက်အတွက် ယမန်နှစ်က လှူဒါန်းခဲ့ပြီးဖြစ်၍) ပါဠိဘာသာဌာနအတွက် သီးခြားလှူဒါန်းကာ ပိဋကတ်တိုက်အဖြစ် တည်ထောင်လိုပါကြောင်း ဆွေးနွေးတင်ပြရာ တက္ကသိုလ်အဓိပတိကြီးက ပိဋကတ်တော်များထားရှိရန် နေရာစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် တိဘက်ပါဠိစာသင်သားများအနေဖြင့် ပါဠိပိဋကတ်တော်များကို တိဘက်ဘာသာသို့ပြန်ဆိုရာတွင် များစွာအထောက်အကူရရှိမည်ဖြစ်ကြောင်းလည်း ပြောဆိုကာ အတည်ပြုလက်ခံခဲ့ပါသည်။

၃။ သို့ဖြစ်ရာ စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည့် ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ ပါဠိဘာသာဌာနပိဋကတ်တိုက်အလှူတော်အတွက် ၀မ်းမြောက်အနုမောဒနာပြုနိုင်ရန် အသိပေးအပ်ပါသည်။

အရှင်ဝိစိတ္တသာရ
ဧည့်ပါမောက္ခ
ပါဠိဘာသာဌာန
ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်
ဗာရာဏသီမြို၊အိန္ဒိယနိုင်ငံ


23 November, 2011

ဓမ္မဂင်္ဂါဝမ်းနည်းမှတ်တမ်း

(၁) အမှတ်တရဖြစ်စွာ ငယ်ဘ၀ကျောင်းတက်ချိန်တွေကို မဆလာနံ့သင်းသင်းရေးခြစ်မိစဉ်မှာပဲ ပထမဆုံးကျောင်းသွားဖော်အမတစ်ယောက်လွန်ခဲ့တဲ့ တစ်ပတ်က ဆုံးပါးသွားပြီလို့ ညက ရွာကို ဖုန်းဆက်ရင်း သိရ။ သံဝေဂနဲ့ ကြေကွဲမှုရောထွေခံစား..။ အမြဲလက်ဆွဲကျောင်းတက်ခဲ့တဲ့၊သူ့ကို ကာကွယ်ခဲ့တဲ့၊ အလိုလိုက်ခဲ့တဲ့ သူငယ်ချင်းအမမကြည်ဝင်း ကောင်းရာဂတိလားပါစေ..။

(၂) လူကွယ်ရာမှာ သူ့ကို ဆဲတတ်ပေမယ့် လူရှေ့သူရှေ့မှာ သူ့ကို ဗီအိုင်ပီတစ်ယောက်လို နေရာပေးတတ်ပြီး သူ့သင်တန်းတွေ တရားပွဲတွေအတွက် အောက်ခြေသိမ်းဆောင်ရွက်တတ်တဲ့ ငယ်သူငယ်ချင်းရဟန်းတစ်ပါး ယမန်နေ့က ပျံလွန်သွားကြောင်း မက်ဆေ့ခ်ျရောက်လာ...မြို့လေးဆီ ပြန်ရင် ငယ်သူငယ်ချင်းတွေ ငတ်တယ်လို့ သူခဏခဏပြောပါရက်နဲ့ ထွက်သွားပြန်လေပြီ..။ ရှင်ဥတ္တမရေ သံသရာတွေ ကွေ့ပဲကွေ့နိုင်လွန်းလှပေါ့...

ရဟန်းနှင့် မဆလာလေကြောင်း(၁)

(၁)

၂၀၁၁ ခုနှစ်သည် အရွေ့သက္ကရာဇ်ဖြစ်သည်ဟု ဆိုကြသည်။ ရွှေပြည်ကြီးအပါအ၀င် ကမ္ဘာမြေတစ်ဝှမ်းလုံးရွေ့လျားနေသည်ကို သူရင်သပ်ရှုမောဖြစ်နေခဲ့ပါသည်။ ဗုဒ္ဓအရှင်ကတော့ ကမ္ဘာမြေတစ်ခုလုံးလှုပ်နေတာပဲ (သဗ္ဗော လောကော ပကမ္ပိတော။) ဟု နှစ်ဆယ့်ငါးရာစုအလွန်ကပင် ကောက်ချက်ချထားခဲ့ပြီ။ သူကိုယ်တိုင်သည်ပင် ယခု မဆလာလေကြောင်း(Spice Jet)ဖြင့် ဂဂ်ါကို ဖြတ်ကာ ယမုံနာဆီ ရွေ့လာခဲ့သည်။

သူစီးနင်းလိုက်ပါလာသောလေယာဉ်ပျံပေါ်တွင် ခရီးသည် (၁၉၂) ယောက်စီးနင်းလိုက်ပါလာသည်ကို မှတ်သားမိသည်။ မဆလာလေယာဉ်မယ်လေးများက အစားအသောက်များကို တွန်းလှည်းလေးဖြင့် ရောင်းချနေကြသည်။ အိန္ဒိယပြည်တွင်းလေကြောင်းများတွင် ယခုလိုပင် အစားအစာကို ရောင်းချလေ့ရှိသည်။

လူသွားလမ်းထိုင်ခုံတွင် ရှိနေသော သူ့အနေဖြင့် လှုပ်ရှားပြေးလွှားရောင်းချနေသော မဆလာမလေးများ၏ ''Hello Sir, Hello Sir'' လောကွတ်ကို ကျော်လွှားလိုက်ရသည်။ လေယာဉ်တိမ်တိုက်ထဲ ရောက်တော့ ၁၂း၂၀ ကျော်ပြီ။ ဗာရာဏသီမှ ဒေလီသို့ တိမ်းဖြတ်ခရီးသည် တစ်နာရီခန့်သာကြာသော်လည်း သူက နှစ်သုံးဆယ်အတိတ်နေ့ရက်များကိုပါ ကူးခတ်နေမိပြန်လေသည်။

သူငယ်ငယ်က နေခဲ့ဖူးသောရွာလေးသည် အရာရာခေါင်သောရပ်ဝန်းတွင် ရှိသည်။ မော်တော်ကားလမ်းမရှိသလို မီးရထားဘူတာရုံအိုလေးနှင့်လည်း ခရီးခြောက်မိုင်ခန့်ဝေးပြန်လေသည်။ စက်ယန္တရားတပ်ယာဉ်ကို သူစမြင်ဖူးသည်က တစ်နယ်လုံးမှာမှ တစ်စီးတည်းသာရှိသော သမ၀ါယမပိုင်ထွန်စက်ကြီးဖြစ်သည်။

ဆိုရှယ်လစ်စနစ်မိုးသားတိမ်လိမ်များအောက်တွင် ဟန်ရေးပြရုံသက်သက်မျှသာဖြစ်သော ထွန်စက်ကြီးက နယ်ကျေးလက်ရွာလေးများကို ဖြတ်သန်းခုတ်မောင်းသွားသောအခါ သူတို့နှပ်ချေးတွဲလောင်းလေးတွေ ဘိနပ်မပါ (ဘောင်းဘီလည်းမပါ)ပြေးလိုက်ခဲ့ကြသည်ကို မှတ်မိသေးတော့သည်။

သူတို့ရွာလေး၏ ကောင်းကင်တွင် ကြယ်တာရာမွှားမွှားလေးတွေလို ခဲတံချောင်းလောက်သာမြင်ရသည့် လေယာဉ်ပျံများ ဖြတ်ပျံသည်ကို ''လေယာဉ်ကြီးဟေ့ လေယာဉ်ကြီးဟေ့'' လက်ညှိုးထိုးအော်ဟစ်ငြင်းခုန်ကြရင်း လေယာဉ်မီးခိုးတန်းဆုံးသည်အထိ သူတို့ကလေးတွေ တမေ့တမောငေးကြည့်ခဲ့ကြရသည်။ ဂျက်လေယာဉ်ကြီးများ၏ မိးခိုးတန်းဖြူဖြူကြီးများကို သူအိပ်မက်မက်ကာ ခိုစီးခဲ့ဖူးသေးသည်။

(၂)

သူ့ရွာလေး၏ ပညာရေးသည် ပစ္စုပ္ပန်တည့်တည့်ပေါ်ပြုတ်ကျနေသော အိမ်မြောင်တစ်ကောင်ထက်မပို..။ မီးရောင်အောက်တွင် ဖျြုတ်ကနဲ ပြုတ်ကျလာသောအိမ်မြောင်လေးများ၏ မျက်စိသူငယ်ဟန်ပန်မူရာကို မကြာမခဏစုတ်သတ်ခဲ့ဖူးကြဖူးလိမ့်မည်။

ပွင့်ပွင့်လင်းလင်းဝန်ခံရလျင် သူသည် ကျောင်းမနေဖူးသောကလေးတစ်ယောက်ဖြစ်ခဲ့သည်။ ဘုန်းတော်ကြီးကျောင်း၏ စာသင်ဇရပ်လေးတွင် သူစာသင်ခဲ့ရသည်။ ကံကောင်းထောက်မစွာ ကံ့ကူလက်လှည့်ဆရာဘုန်းတော်ကြီးများက ယနေ့ခေတ်မှာပင် ဆွေးနွေးနေရဆဲဖြစ်သည့် ဘုန်းတော်ကြီးကျောင်းပညာရေး(Monastic Education)ကို သူတို့ဘုန်းကြီးကျောင်းနေကလေးများအတွက် ခေတ်မီစွာ မိတ်ဆက်ပေးခဲ့သည်။

သုတအမြင်ကျယ်ပြောသော ကျောင်းထိုင်ဘုန်းတော်ကြီးက အတွေးသစ်များဖြင့် ခေတ်ကို ခုန်ပျံကျော်လွှားလုပ်ဖို့ ကြိုးစားသည်။ လက်ထောက်ရဟန်းတော်များကလည်း ဆရာဘုန်းတော်ကြီး၏ ဘက်စုံရှုထောင့်အတွက် ကွက်လပ်ဖြည့်ကတ္တားပုဒ်များဖြစ်လောက်အောင် ပြည့်စုံနေကြသည်။

သူ့ငယ်ဘ၀ကို သွေးပေးခဲ့သည့် ဆရာဘုန်းတော်ကြီးများကို မှတ်တမ်းပြုလိုသည်။ အင်္ဂလိပ်စာသင်ဆရာက ဦးဝဏ္ဏိတ(ပျံလွန်တော်မူပြီး) သင်္ချာသင်ဆရာက ဦးပဏ္ဍိတ(ယခု စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊နတ်ရေတွင်းဆရာတော်) မြန်မာစာဆရာက ဦးသောနိတ(လူထွက်ကွယ်လွန်)နှင့် ပရိတ်ကြီးဆယ်စောင်တွဲဆရာက ဦစန္ဒန(မိုးကုတ်၊ဘော်ဗဒန်းကျောင်းဆရာတော် ယခု ပျံလွန်တော်မူပြီးဟု သိရ) တို့ဖြစ်ကြလေသည်။ ကျောင်းထိုင်ဆရာဘုန်းတော်ကြီးကတော့  အခြေပြုပရိယတ္တိစာပေကို ပို့ချပေးလေသည်။ ကန်တော့ပွဲမပါဘဲ စိတ်မှန်းဖြင့် လွမ်းကာ ဦးညွတ်လိုက်ပါ၏။

11 November, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၁၅)

မတွေ့တာကြာပြီနော်...။ (Long time no see!)
မနက်တိုင်း စာသင်ခန်းထဲမှာ စောင့်နေကျတပည့်တွေနဲ့ နှစ်ရက်လောက်ကျောင်းပိတ်လို့ ပြန်တွေ့ရင် ဒီလိုပဲ နှုတ်ဆက်လေ့ရှိတယ်..။ မဇ္ဈိမမှာ တက္ကသိုလ်တွေ၊ ရုံးတွေက စနေနေ့မှာလည်း ပြူးပြူးပြဲပြဲဖွင့်ကြတာဆိုတော့ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်ပဲ အားရက်ရတာကလား..။ ဘာသာရေးနဲ့ နိုင်ငံတော်ဆိုင်ရာအထိမ်းအမှတ် အများပြည်သူအားလပ်ရက်တွေ သတ်မှတ်ထားတာ များတော့လည်း စနေတစ်နေ့ကို အစိုးရက ပြန်ဆွဲထားရတဲ့ သဘောပါ။

လွန်ခဲ့တဲ့ အောက်တိုဘာလက ဆိုရင် လဆန်းပိုင်းမှာ ဒူရဂါနတ်သမီးပွဲတော်နဲ့ လကုန်ပိုင်းမှာ ဒီပါဝလီဆီးမီးထွန်းပွဲတော်တွေအတွက် တက္ကသိုလ်တံခါးကြီးပိတ်ထားလိုက်တာ စာသင်ခန်းလေးကို လွမ်းလို့ မဆုံးဘူး..။ ဒီတော့လည်း တပည့်တွေကို တွေ့ပြီဆိုတာနဲ့ '' Long time no see'' လုပ်မိတော့တာ..။ တကယ်တော့ '' Long time no talk'' ကို လွမ်းတာလည်း ဖြစ်မယ်..။

မနက်ခင်း(၁၁-၁၁-၁၁)ဆီကတော့ သူ့စာသင်ခန်းလေးထဲမှာ ပါဠိနဲ့ ထေရ၀ါဒစိတ်ဝင်စားတဲ့ သြစတြီယားကျောင်းသူတစ်ယောက် တိုးလာပါတယ်။ တက္ကသိုလ်အချင်းချင်း အပြန်အလှန်လေ့လာရေး အစီအစဉ်နဲ့ တိဘက်တက္ကသိုလ်မှာ ခြောက်လတာ တိဘက်စာပေ ၊မဟာယာနအဘိဓမ္မာနဲ့ ထေရ၀ါဒပါဠိပိဋကတ်တွေကို ရနိုင်သလောက်လေ့လာသွားမယ်လို့ ဆိုပါတယ်..။ တက္ကသိုလ်ဒုတိယအဓိပတိ(ပါမောက္ခချုပ်)ကိုယ်တိုင်က သူ့စာသင်ခန်းကို ညွှန်းလိုက်တာမို့ ''ဧဟိ သွာဂတံ'' (''Come, you are welcome'') လုပ်ရပေမှာပ..။ ၀ိဇ္ဇာတန်း(ဒုတိယနှစ်) ကျောင်းသား ရာဂျီဗ် ကူးမာရ်ဆိုတဲ့ လားမားရဟန်းလေးနဲ့ တွဲပြီးသင်ယူဖို့ စီစဉ်ပေးလိုက်ပါတယ်..။ သင်လက်စ ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်ဂါထာတွေကို ချွေးပြန်အောင် ရှင်းရလေသပေါ့..။ ''No sweat'' လို့ခပ်တည်တည်မလုပ်နိုင်ကြောင်းပါ..။

ဒီတော့မှ အွန်လိုင်းပေါ်က ပါဠိသောတုဇနစာသင်သားအပေါင်းကို ငဲ့စောင်းကြည့်မိတော့တာ..။ သြစတြီးယားသူ မသဲအူလေးလိုများ ပိဋကတ်တော်ကြီးကို ဥာဏ်ဝင်စား၊အဘိဓမ္မာတရားနဲ့ မွေ့လျော်၊ ပါဠိစာပေနဲ့ ပျော်ချင်သူစာသင်သားတွေလည်း ရှိတန်ကောင်းသေးရဲ့လို့ တွေးမိလေတော့ အတိတ်က ပါဠိစာသင်ခန်းလေးကို အတိတ်မှာ ထားခဲ့နိုင်ဘူးပေါ့..။ အော် အတိတ်အကြောင်း ဟောင်းမြေ့ပေမယ့်....

အတိတ်ကာလ(Past Tense)ကို ပါဠိသဒ္ဒါဆရာတွေက အဇ္ဇတ္တနီလို့ ခေါ်ပါတယ်။ အင်္ဂလိပ်စာပေကတော့ Aorist လို့ သုံးစွဲကြလေရဲ့..။ ဘာပဲဖြစ်ဖြစ် အတိတ်လို့သာ ရိုးရိုးလေး မှတ်ထားပါလေဦး.။ (ပါဠိသဒ္ဒါကျမ်းတွေမှာ အတိတ်ကာလနဲ့ ပတ်သက်ပြီး အဇ္ဇတ္တနီ၊ဟိယျတ္တနီ၊ပရောက္ခာနဲ့ ကာလာတိပတ္တိဆိုပြီး ခွဲခြားပြထားတာ ရှိတယ်. နောက်မှရှင်းပြမယ်လေ..၊)

ကြိယာနောက်ဆက်လေးတွေ မှတ်ရအောင်လေ...။
ဣ(i)-------------------------------------ဣံသု (isu) ဥုံ(uṃ)
သြ(o)၊ဣ (i) ----------------------------------ဣတ္ထ(ittha)
ဣံ(i)-------------------------------------- ဣမှာ(imā)ဣမှ(ima)

ကဲ အ(a)သရဆုံး ကြိယာအခြေခံပုဒ်နဲ့ ဆက်ကြည့်..
ပစ(paca) (ချက်)

အပစိ--------------------------------အပစိံသု၊အပစုံ
အပစော၊အပစိ----------------------အပစိတ္ထ
အပစိံ-------------------------------အပစိမှာ

အာ-သရဆုံးကြိယာအခြေခံပုဒ်
ကိဏာ(kinā)(၀ယ်)
အကိဏိ-----------------------အကိဏိံသု၊အကိဏုံ
အကိဏော၊အကိဏိ--------------အကိဏိတ္တ
အကိဏိံ---------------------- ----အကိဏိံမှာ

ဧ-သရဆုံး ကြိယာအခြေခံပုဒ်
ဒေသေ (dese) (ဟောကြား)

အဒေသေသိ-----------------အဒေသေသုံ
အဒေသေသိ----------------အဒေသိတ္ထ
အဒေသေသိ----------------အဒေသေသုံ

သြ-သရဆုံးကြိယာအခြေခံပုဒ်
ကရော(karo)(ပြုလုပ်)
အကရိ-----------------------အကရိံသု၊အကရုံ
အကရိ--------------------------အကရိတ္ထ
အကရိံ-------------------------အကရိမှ

ထူးခြားကြိယာအခြေခံပုဒ်များ
ဟန(hana) (သတ်)
အဟနိ---------------------------အဟနိံသု၊
အဟနိ---------------------------အဟနိတ္ထ
အဟနိံ----------------------------အဟနိမှာ

အသ(as)(ရှိ၊ဖြစ်)
အာသိ---------------------------------အာသုံ
အာသိ----------------------------------အာသိတ္ထ
အာသိံ---------------------------------အာသိမှာ

မှတ်စု(၁)
အတိတ်ကြိယာတွေရဲ့ ရှေ့မှာ ''အ'' လေးတစ်လုံးပိုနေတာ သတိပြုခဲ့မိမယ်ထင်တယ်..။ အဲဒါက ပုံသေတော့ မဟုတ်ဘူး။ မထည့်လည်း ရပါတယ်။ Optional ပါပဲ..။ ဒီလိုလေ
အပစိ၊ ပစိ
အကိဏိ၊ကိဏိ
အဒေသေသိ၊ ဒေသေသိ
အကရိ၊ ကရိ
အဟနိ၊ ဟနိ လို့ နှစ်မျိုးသုံးလို့ ရပါတယ်...။

မှတ်စု(၂)
အတိတ်ကြိယာတွေရဲ့ ရှေ့မှာ '' မာ '' ဆိုတာလေး ထည့်ပေးပြီး မလုပ်နဲ့ မသွားနဲ့ မလာနဲ့ (Don't do) (Don't go) (Don't come) ဆိုတဲ့ ၀ါကျတွေ ဖွဲ့နိုင်တယ်..။ မာ အကရိ၊ မာ ဂစ္ဆိ၊ မာ အာဂစ္ဆိ..။

စကားလုံးအသစ်များ
ဣဒါနိ(Now)
တဒါ(at that time, then)
ယဒါ( whenever, when) (ဒီ ယဒါနဲ့ တဒါ အတွဲလေးတော့ သေချာဂရုစိုက်ခဲ့..)
ကဒါ(when?)

လေ့ကျင့်ခန်းလေးတော့ ပေးလိုက်ဦးမှ... ဆရာဖြစ်တုန်း တအုန်းအုန်း....တပည့်ဖြစ်ခိုက် တငိုက်ငိုက်....
  1. အဟံ တတြ ၀သိံ။
  2. တေ ကဒါ တတြ ဂစ္ဆိံသု။
  3. ယဒါ တွံ တတော အာဂစ္ဆိ၊ တဒါ မယံ အတြ အာသိံမှာ။
  4. တုမှေ ကဒါ ဇိနိတ္ထ။
  5. မယံ ဣဒါနိ ကိဏိမှာ။
  6. ယတော အဟံ အဇာနိံ၊ တတော အ၀ဒိံ။
  7. တေ တဟိံ ဒေသေသုံ။
  8. အဟံ တဒါ ဣဓ အာသိံ။
  9. ယဒိ ဧ၀ံ သိယာ၊ အဟ ဣဓ အာဂစ္ဆေယျာမိ။
  10. ကဒါ တေ တတြ ဟနိံသု။
  11. တုမှေ မာ ဣဓ ၀သိတ္ထ။
  12. မာ တေ ဧ၀ံ ကရိံသု။
ပါဠိဘာသာနဲ့ ရေးပြ..
  1. သူတို့ အဲဒီကို သွားခဲ့ကြတယ်
  2. ငါတို့ ဒီမှာ နေခဲ့ကြသပေါ့..
  3. မင်း ဘယ်တုန်းက အဲဒီက ပြန်လာခဲ့သလဲ
  4. အဲဒီအချိန်က မင်းက အဲဒီမှာ ရှိခဲ့တယ်
  5. မင်းဒီမှာ ရှိနေခဲ့ချိန်မှာ ငါတို့က ဟိုကို သွားခဲ့ရတယ်...။
  6. မင်း ဘယ်လို သိခဲ့တာလဲ။
  7. ဘယ်အချိန်က မင်း ၀ယ်ခဲ့သလဲ။
  8. ငါထိကိုင်လိုက်ချိန်မှာ ငါသိခဲ့တယ်။
  9. ကြားတဲ့အချိန်မှာ စဉ်းစားခဲ့တယ်။
  10. ဘယ်က လာခဲ့သလဲ။
ဒါပါပဲ..ဒါပါပဲ..
ဓမ္မဂင်္ဂါ
(၁၂-၁၁-၁၁) နံနက် ၃း၅၀ မှ ၆း၀၇ အထိ
(ခြင်ကိုက်ကိုက်နဲ့ စာရိုက်ရတာမို့ စာလုံးအထားအသို အကျအပေါက်များ ပြန်ကောက်ပေးကြပါ...)


02 November, 2011

အညှီအဟောက်ဒီဘိတ်ထ်

(မိတ်ဆက်နိဒါန်းလေးရေးဖို့ ကွက်လပ်ချန်ထားခဲ့တယ်)
တိဿရသေ့
''တရားသဖြင့် ရအပ်တဲ့ မြက်သီးစပါး၊ ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိတဲ့ စပါး၊ အလေ့ကျပေါက်တဲ့ ပဲနောက်၊ သစ်ရွက်စိမ်းနဲ့ သစ်မြစ်သစ်ဥ၊ သစ်သီးဝလံတွေကို စားသုံးကြတဲ့ သူတော်ကောင်းတွေဟာ ကာမဂုဏ်ချမ်းသာကို အလိုရှိခြင်းဆိုတဲ့ အကြောင်းကြောင်းတော့ ချွတ်ယွင်းတဲ့ စကားကို ဆိုကြမယ် မထင်ပါဘူး..။''

''ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းကောင်းပြုပြင်ချက်ပြုတ်ပြီး သူတစ်ပါးတို့ ပေးလှူတဲ့ ငါးအမဲ ဟင်းလျာကောင်းတွေကိုလည်း စား, သလေးထမင်းကိုလည်းစားတဲ့ အရှင်ဟာ အညှီ အဟောက်ကို စားနေတယ်လို့ ထင်ပါတယ်။''

''ဗြဟ္မာမင်းအဆွေဖြစ်တော်မူတဲ့ ကဿပမြတ်စွာဘုရား
''အညှီအဟောက်သည် ငါ့အားမအပ်ဘူး'' လို့ အသျှင်ဘုရား ထုတ်ပြန်ထားတာ ရှိတယ် မဟုတ်လား၊ ဒါပေမယ့် အရှင်ဘုရားကိုယ်တိုင် ကောင်းကောင်းချက်ပြုတ်ထားတဲ့ ငှက်သားနဲ့ သလေးထမင်းကို စားခဲ့ပါတယ်။၊ အရှင်ဘုရားကို ဒီအကြောင်းလေး မေးပါရစေ။ အရှင်ဘုရား ပြောတဲ့ အညှီအဟောက်ဆိုတာ ဘာတွေကို ဆိုချင်တာပါလဲ..။''

ကဿပဗုဒ္ဓအရှင်
''တိဿရသေ့ သူ့အသက်ကို သတ်တာ၊ နှိပ်စက်ညှဉ်းဆဲတာ၊ လက်ခြေ ဖြတ်တာ၊ နှောင်ဖွဲ့တာ၊ ခိုးယူတာ၊ မမှန်စကားဆိုတာ၊ စဉ်းလဲကောက်ကျစ်တာ၊ လှည့်ပတ်တာ၊ အကျိုးမရှိတဲ့ ကျမ်းဂန်တွေကို သင်ယူတာနဲ့ သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။''

''ဒီလောကမှာ ကာမဂုဏ်စောင့်စည်းမှုမရှိတာ၊ ရသာရုံအမျိုးမျိုးမှာ မက်မောကြတာ၊ မစင်ကြယ်တဲ့ စီးပွာရေးနဲ့ ရပ်တည်ကြတာ၊ နတ္ထိကဝါဒ အယူရှိကြတာ၊ ကာယကံမှုစတာတွေ မညီညွတ်ကြတာ၊၊ အသိခေါက်ခက်အ၀င်နက်ကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''ခေါင်းခေါင်းပါးပါကျင့်ပြီး မိမိကိုယ်ကိုယ်နှိပ်စက်ကြတာ၊၊ ကြမ်းတမ်းခက်ထန်းကြတာ၊ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားသလို ရှေ့မှာ ချီးမွမ်းပြီး နောက်ကွယ်မှာ ကဲ့ရဲ့ကြတာ၊ ၊ မိတ်ဆွေသူငယ်ချင်းတွေကို ပစ်မှားစော်ကားကြတာ၊ သနားညှာတာမှုကင်းကြတာ၊ မာနကြီးကြတာ၊၊ ပေးကမ်းတဲ့အလေ့မရှိကြတာ၊ ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် ဖဲ့မပေးနိုင်ကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''အမျက်ဒေါသကြီးလွန်းတာ၊ မာန်ယစ်တာ၊ ခက်ထန်တာ၊ ဆန့်ကျင်ဘက်ကန့်လန်လုပ်တာ၊ လှည့်ပတ်တာ၊ငြူစူစောင်းမြောင်းတာ၊ ဝါကြွားပလွှား ပြောဆိုတာ၊ မာန်မူလွန်းတာ၊ လူယုတ်မာတွေနဲ့ ပေါင်းသင်းဆက်ဆံတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။''

''ဒီလောကမှာ မကောင်းတဲ့ ဓလေ့ဖြစ်တဲ့ အကြွေယူပြီး ပြန်မဆပ်တာ၊ ဖျက်ဆီးတဲ့အပြင် ကုန်းချောတတ်ကြတာ၊ လာဘ်ယူပြီး တရားစီရင်တတ်တာ၊ သီလရှိသလို ဘာလိုလို ဟန်ဆောင်ကောင်းကြတာ၊ အမိအဖတွေအပေါ်မှာ ကြမ်းတမ်းစွာ ဆက်ဆံကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''ဒီလောကမှာ သတ္တဝါတွေကို သတ်ဖြတ်ရာမှာ စောင့်စည်းမှုမရှိကြတာ၊ သူတစ်ပါးတို့ရဲ့ ဥစ္စာကို အနုကြမ်းစီးကြတာ၊ အကျင့်သီလမရှိကြတာ၊ ကြမ်းတမ်းတဲ့ အမူအရာ၊အပြောအဆိုတွေ ရှိကြတာ၊ အရိုအသေကင်းကြတာအညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''သတ္တဝါတွေအပေါ်မှာ မက်မောကြတာ၊ မုန်းတီးဆန့်ကျင်ကြတာ၊ ပြစ်မှားလွန်ကျူးလွယ်ကြတာ၊၊ အကုသိုလ်ပြုဖို့ပဲ အမြဲမပြတ်အားထုတ်ပြီး တမလွန်ဘဝမှာ အမိုက်လမ်းကိုပဲ သွားကြတာ၊ ငရဲမှာ ဦးခေါင်း စောက်ထိုးကျကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''
(ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊စူဠ၀ဂ်၊ အာမဂန္ဓသုတ်)

ဓမ္မဂင်္ဂါ
(၂-၁၁-၂၀၁၁)

ဆက်ဖတ်ရန်...

၂၅၂။ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ (၁၁)

၂၅၃။ (အကြင်သူသည် ) ထိုဣနြေ္ဒခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣနြေ္ဒတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ (၁၂)

၂၅၄။ ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏၊ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကို သိ၏၊ ကိလေသာအညှီအဟောက် ကင်းတော်မူသောတဏှာဒိဋ္ဌိကိုမှီတော်မမူသောသူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ (၃၁)

၂၅၅။ ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။ (၁၄)
ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊စူဠ၀ဂ်၊ အာမဂန္ဓသုတ်