(၁)
လှောင်ပိတ်ခြင်းကို ဖြစ်စေ၊ နှောင်ဖွဲ့ခြင်းကိုဖြစ်စေ သူက ထိတ်ပြာတတ်မြဲဖြစ်သည်။ လုံခြုံမှု၊သို့မဟုတ် ရာသီဥတုကို ကာကွယ်ရန်၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုအတွက် သူကိုယ်တိုင်ပိတ်ထားမိသော သူ့အခန်းကျဉ်းလေး၏ တံခါးချပ်များကိုပင် မကြာခဏ ထကာ ဖွင့်မိသည်ချည်းပင်..။ မွန်းကြပ်မှုများကို သူ ခံနိုင်ရည်မရှိပါ..။ သို့အတွက် အနှောင်အဖွဲ့နှင့် လှောင်ပိတ်မှုဒဏ်ချက်များ၏ အမှောင်ထုတွင် အေးခဲနေသောနှလုံးသားများကို သူစာနာမိပါသည်။
ဗုဒ္ဓအရှင်သည်ပင် မိဂဒါဝုန်မိုးခိုနေ့ရက်များ ကုန်ဆုံး၍ သာသနာပြုခရီးထွက်ခွာမည့် ရဟန်းတော်များအား သြ၀ါဒမှာတမ်းချွေရာတွင်
'' မုတ္တာဟံသဗ္ဗပါသေဟိ.....တုမှေပိ ဘိက္ခဝေ မုတ္တာ သဗ္ဗပါသေဟိ...(ငါကိုယ်တော် အနှောင်အဖွဲ့ကျော့ကွင်းအားလုံးမှ လွတ်မြောက်ပြီးဖြစ်သလို သင်ရဟန်းတို့လည်း လွတ်မြောက်ပြီးကြလေပြီ'' ဟူသော စကားရပ်တော်ကို တခုတ်တရထည့်သွင်းမိန့်မှာခဲ့သည်ကို သူ ကျေနပ်မိလေသည်။ ငါတို့လွတ်မြောက်ကြပြီ တဲ့...။
မလွတ်မြောက်သေးသော သူစိမ်းတရံစာတို့ရှိရာဆီ တရွေ့ရွေ့ထွက်ခွာကြွသွားသော သာသနာပြုရဟန်းတို့၏ သက်စွန့်ဆံဖျားတောတောင်ခရီးကြမ်းကို သူ လွမ်းလိုက်မိပါသည်..။
အိပ်မက်များ၊ဝေဒနာက္ခန္ဓာများ၊နေရောင်ခြည်နှင့် စိမ်းလန်းသော အပြုံးများဝေးရာဆီမှာ လှောင်ပိတ်မိနေသည့် တီးတိုးအသက်ရှူသံများဆီ သြဒိဿမေတ္တာ၊ တစ်ခါတရံမှာတော့ အနောဒိဿမေတ္တာပို့သမိမြဲပင်ဖြစ်ပါသည်။
(၂)
ယမန်နေ့(၁၃-၀၁-၂၀၁၂) နံနက်ခင်းဆီက သူသည် တိဘက်တက္ကသိုလ်စာသင်ခန်းဆီ တက်ကြွသောခြေလှမ်းကြဲကြဲတို့ဖြင့် ရောက်ရှိသွားခဲ့လေသည်။ တွေ့သမျှ လူတိုင်းကို သိသိ မသိသိ ပြုံးပြဖြစ်ခဲ့သည်။ တစ်ခါမှ သူ၏ နှုတ်ဆက်ခြင်းကို မခံရဖူးသော ဂိတ်စောင့်ကုလားကိုပင် သူက နမာစတေး ဟု နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်သေးသည်။
ဂိတ်စောင့်ကုလားက ကြောင်အန်းအန်းဖြစ်ကာ နမာစတေး ဂုရုဂျီဟု ကမန်းကတန်း ဆလံပြန်ပေးလေသည်။
သူ့ပါဠိစာသင်ခန်းလေးသို့ ရောက်သောအခါ ဗုဒ္ဓဂယာဒီဇင်ဘာ ဘုရားဖူး ခရီးသွားကြသော တပည့်လားမားဘုန်းကြီးလေးအချို့က ပြန် ရောက်မလာသေးသည့်အတွက် သူ့သင်ခန်းစာအသစ်မစနိုင်။
ရိဂဆန်ဆန်ဖဲဆိုသော လားမား ဘုန်းတော်ကြီးလေးနှင့် ကျောင်းသူလေးဖန်တောခ်တို့ကို တနင်္လာနေ့မှ စကြမယ်ဆိုလိုက်သည်နှင့် တပည့်ကျော်များ၏ မျက်နှာများက နက္ခတ်ပွဲ သဘင်ဖြစ်သွားဟန် လင်းပသွားကြလေသည်။
သြစတြီးယားတက္ကသိုလ်ကျောင်းသူ မစ္စ်ဒိုရ်တီကတော့ ယခင်နှစ်ဝက်က သင်ယူလက်စ သုတ္တနိပါတ်ကို ဆက်လက်လေ့လာရန် စိတ်အားထက်သန်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျောင်းပိတ်ရပါလိမ့်မည်..။ တံခါးချပ်တွေ ကာရံထားသော စာသင်ခန်းကျဉ်းကျဉ်းလေးတွင် သူကိုယ်တိုင်ရော ..သူတပည့်များပါ မည်သူမှ လှောင်ပိတ်မနေကြစေလို..။
ဗုဒ္ဓအရှင်ကတော့ '' ငါတို့ လွတ်မြောက်ကြလေပြီ'' တဲ့.။
သူကတော့ '' သူတို့ လွတ်မြောက်ကြလေပြီ '' ဟု ခပ်ကြွားကြွား ရွတ်ဆိုမိတော့သည်။
အင်တာနက်စာမျက်နှာပေါ်က တံခါးများတစ်ချပ်ပြီးတစ်ချပ်ပွင့်လာသည်။ မင်းကိုနိုင်နှင့် မျှော်လင့်ချက်များ...။ အိပ်မက်များ..။ စည်းလုံးမှုများ..။ အနာဂတ်များ..အပြုံးများ..။ဝေးကနဲ အော်ဟစ်မြူးပျံနေသော အသံချိုချိုပြင်းပြင်းများ..။
ရင်ခုန်ချင်စရာကောင်းသောနာရီလက်တံအရွေ့တိုင်းတွင် သူလည်း မင်သက်ကာမျောပါနေလေသည်..။
မုဒိတာစင်မြင့်တွင် သူအပါအ၀င် အရေအတွက် ကိန်းဂဏန်းအနှိုင်းအဆမဲ့သော ကမ္ဘာ့ပြည်သူတို့ ရပ်နေကြလေသည်ကော..။
ထိုရောအခါမှ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုဆီက ၀ိမုတ္တိခြင်တစ်ကောင်ကို သူအမှတ်ရကာ ရဲရဲပြုံးမိသွားလေသည်။
(ဆက်ရန်)
ဓမ္မဂင်္ဂါ
(၁၄-၀၁-၂၀၁၂)

1 comments:
good vimutti mosquito
ဟမ်...း)
Post a Comment