(၃)
ခရစ်နှစ် ၂၀၀၀ ပြည့်ချိန်တွင် သူ၏ မန္တလေးသာသနာ့တက္ကသိုလ်လေးနှစ်တာပညာသင်ခရီးပြီးဆုံး၍ သာသနာပြုရဟန်းတော်တစ်ပါးအဖြစ် (၂)နှစ်တာ ဆက်လက်တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံ၊(သို့မဟုတ် ) ခေမရဋ္ဌ်သို့ ဦးတည်ခဲ့ရပါလေသည်။ သာသနာ့တက္ကသိုလ်တွင် လေးနှစ်တာ ပညာသင်ယူပြီးပါက (အကယ်၍ မဟာဝိဇ္ဇာတန်းတက်ရန် အရွေးအချယ်မခံရလျင်) တောင်တန်းနှင့် နယ်စပ်ဒေသများသို့ နှစ်နှစ်တာ သာသနာပြုသွားရမြဲဖြစ်ပါသည်။
အချို့သော မိတ်ဆွေရဟန်းတော်များက မဟာဝိဇ္ဇာတန်းတက်ခွင့် မရ၍ စုတ်တသပ်သပ်ဖြစ်နေချိန်တွင် သူကတော့ စာမျက်နှာအသစ်များကို ဖတ်ရန် စိတ်စောနေခဲ့သည်။ အမှန်တကယ်ပင် ထိုနှစ်နှစ်တာကာလသည် သူ့စိတ်ကို အတော်အတန်ရင့်မှည့်စေခဲ့သည်။ ကျောင်းပရိဝုဏ်ပြင်ပက လောက၀ိဟာ ပညာနယ်ပယ်တွင် သူုဖတ်မှတ်နေသော စာအုပ်များထက် ကျယ်ဝန်းလှသည့် သင်ယူစရာပရိယတ်များကို အံ့သြကုန်နိုင်ဖွယ် တွေ့ခဲ့ရလေသည်။
သို့လျင် သူသည် ထေရ၀ါဒဗုဒ္ဓသာသနာပြုရဟန်းတော်ခန့်အပ်လွှာအမိန့်ကြော်ငြာစာရွက်တစ်ရွက်၊ လေယာဉ်လက်မှတ်တစ်စောင်၊ ''သာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော ''(သာသနာ့ဝန်ကို မချွတ်ထမ်းဆောင်ပါမည်) ဟု ထင်ရှားစွာ ရိုက်နှိပ်ထားသော အ၀ါရောင်သာသနာပြရဟန်းကဒ်တစ်ခု နှင့် ဖတ်မှတ်စရာစာအုပ်အနည်းငယ်ပါသော ၀န်စည်စလွယ်အိတ်ကို ဆွဲကာ ပထမဆုံးအကြိမ် သမားရိုးကျစာသင်သားဘ၀နေ့ရက်များမှ ခွဲထွက်ကာ တောင်တန်းပြာပြာများဆီ ရင်ခုန်စွာ ထွက်ခွာခဲ့လေသည်။
သာသနာပြုခရီးဟူသည် မျက်လွှာကလေးကိုချ၊ သပိတ်ကလေးကို ပိုက်၊ ယတ်တောင်ကလေးကို ထမ်းကာ ပန်းခင်းသောလမ်းကို လျှောက်ရလေသည်မဟုတ်ခဲ့။ သင်းပိုင်သင်္ကန်းကို တိုတိုဝတ်၊ စားနပ်ရိက္ခာဝန်စည်စလွယ်နှင့် ကျောပိုးအိတ်ကို လွယ်၊ လျှိုမြောင်အသွယ်သွယ်၊ တောင်အထပ်ထပ်ကို တောနင်းဖြတ်ရပါလေသည်။ ယခင်က အစိုးရအဆက်ဆက် အာဏာစက် လက်လှမ်းမမှီခဲ့ရာ လားဟူ၊အာခါ၊ ၀ စသော တိုင်းရင်းသားတို့၏ မိုးမြင့်ခေါင်ဖျားက ရွာလေးတွေဆီ သူရောက်ခဲ့ရသည်။
လမ်းခရီးက အင်ဒီယာနာဂျုံးဆန်ဆန်စွန့်စားရသည်မို့ သာသနာပြုကွက်ရွာလေးတွေဆီ ရောက်သည်နှင့် ပြန်လှည့်ရမည့် လမ်းအတွက် သူ မောနေမိတော့သည်။ လေတဟူးဟူးတိုက်ခတ်နေသော တောင်ကုန်းလွင်ပြင်များ၊ နွယ်ကြိုးများကို ဆွဲတက်ရသည့် မတ်စောက်သော တောင်ကမ်းပါးယံများ၊ ချော်ကျသွားလျှင် ဟု အမြဲအတွေးပွားကာ ခြောက်လှန့်နေသော တောင်စောင်းရှိ လူသွားလမ်းကျဉ်းကျဉ်းလေးများ..။ ဟူး....
အသိဥာဏ်မှောင်ပိန်းသော သွေးချင်းများ၏ ဘ၀၊ အဆုံးအမသာသနာမရှိ၊ ယဉ်ကျေးမှုမရှိ၊ အက်တီကက်မရှိ၊ နှစ်ဆယ့်တစ်ရာစုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းသည် တောင်ခိုးဝေေ၀ သားချင်းတို့မြေဆီ မရောက်သေး..။
သာသနပြုတာဝန်ဆိုသည်က မောဟအကျဉ်းထောင်တွင် မှောင်ပိန်းလှောင်ပိတ်နေကြသူတွေကို အသိဥာဏ်ဝိဇ္ဇာလွင်ပြင်ဆီ ထုတ်နှုတ်ဆွဲခေါ်နိုင်ရေးပင်မဟုတ်လား..။ ထိုသို့ တွေးမိကာမှ ရွှေပြည်တော်၏ ပြည်မထဲက ရွှေရောင်တ၀င်းဝင်းနှင့် အလုပ်တာဝန်ဟင်းလင်ဖြစ်နေသော သာသနာပြုခေါင်းစီးအောက်က ကျောင်းကြီးဝိဟာတို့ကို သူ ချဉ်စူးစူးဖြစ်ခဲ့မိသေးသည်။ ဇရပ်တဲသာသာ အင်ဖက်မိုး ၀ါးထရံကာ သာသနာပြုကျောင်းလေးတွေမှာ စာအံသံလေးများကြားရဖို့ နှစ်ရှည်လများ ဇွဲသန်စွာ စည်းရုံးသာသနာပြုနေကြသည့် ရဟန်းတော်များကို သူ ဦးညွတ်ခဲ့မိလေသည်။
(၄)
သာသနာပြုလုပ်ငန်းဟူသည် အုပ်ချုပ်သူအစိုးရမင်းတို့၏ အထောက်အပံ့သာ မရလျှင် ပန်းတိုင်ပျောက်စေနိုင်လေသည်။ ဗုဒ္ဓအရှင်သည်ပင် မဇ္ဈိမဒေသ၏ အင်အားကြီးမားလှသောမဂဓတိုင်း၊ ကောသလတိုင်းစသော ဘုရင်ဧကရာဇ်တို့ကို ဓမ္မဖြင့် စည်းရုံးကာ သာသနာပြုလမ်းကြောင်းချဲ့ထွင်နိုင်ခဲ့သည်ကို လင်းလင်းချင်းချင်းရှိကြပေလိမ့်မည်။
သူ ရှမ်းပြည်အရှေ့ပိုင်းသို့ ချေချမိသည်နှင့် စစ်ဘက် နယ်ဘက်ဆိုင်ရာ ဌာနအသီးသီး၊အာဏာပိုင်အဖွဲ့အစည်းအမျိုးမျိုး၊ ပြည်ခိုင်ဖြိုး၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ၊ နယ်စပ်စည်ပင်စသော ဝေါဟာရများနှင့် ရင်းနှီးကျွမ်းဝင်ရလေသည်။
သာသနာပြုဗဟိုဌာနတွင် တာဝန်ကျသာသနာပြုရဟန်းတော်လေးပါးတွင် သူက ၀ါအငယ်ဆုံးဖြစ်ရာ (ရံခါ တောင်ပေါ်သာသနာပြုဌာနများသို့ ကွင်းဆင်းရသည်မှအပ) သူဝါသနာပါသည့် သင်ကြားရေးတာဝန်ကို စီနီယာရဟန်းတော်များက လွှဲအပ်ကြသဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသင်တန်းများကို ပို့ချပေးခဲ့ရသည်။
ထိုမျှမက သူက သာသနာပြုဌာနသို့ ရောက်ပြီးမကြာမီမှာပင် အင်္ဂလိပ်စာသင်တန်းလေးများကိုလည်း အတန်းစုံကျောင်းသူကျောင်းသားများအတွက် ဖွင့်လှစ်ဖြစ်ခဲ့သည်။ သာသနာပြုဗဟိုဌာနက တည်ထောင်စ၊ ဆောက်လက်စကျောင်းဆောင်များက မပြီးသေးချိန် စာသင်ရန်နေရာနှင့် စာသင်ခုံအခက်အခဲရှိသည်မို့ သူ့အခန်းကျဉ်းလေးထဲမှာပင် ဆွမ်းစားစားပွဲချကာ သင်တန်းဖွင့်ရလေသည်။
အခြေခံပညာကျောင်းသူ ကျောင်းသားများအတွက် စနေတနင်္ဂနွေနေ့လည် နေခင်းများတွင် အင်္ဂလိပ်စာအခြေခံသဒ္ဒါ သင်ကြားပေးလေ့ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ တက္ကသိုလ်ဘွဲ့ကြိုဘွဲ့ရများအတွက်တော့ နေ့စဉ်ညနေခြောက်နာရီတိုင်း အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စကားပြောသင်တန်း (Applied Buddhism and Communicative English Course)ကို ပို့ချဖြစ်ခဲ့သည်။ သူ့သင်တန်းလေးတွင် ကျောင်းဂေါစရဂါမ်မှ ကလေးများသာမက နီးစပ်ရာတပ်နယ်အသီးသီးနှင့်ဌာနဆိုင်ရာဝန်ထမ်းသားသမီးများ၊အခြားဘာသာဝင်ကလေးများလည်း ပျော်ရွှင်စွာ တက်ရောက်ကြသဖြင့် သူကြည်နူးရလေသည်။
သူ့အခန်းကျဉ်းလေးတွင် သင်တန်းဖွင့်လှစ်ပြီး နှစ်ရက်ခန့်အကြာ ညနေခင်းအင်္ဂလိပ်စကားပြောသင်တန်းကို သူတက်ကြွစွာ ပို့ချနေစဉ် သူ့အခန်းးပေါက်ဝတွင် အရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူ့အခန်းပြတင်းပေါက်မှ လှမ်းမြင်ရသော ကျောင်းရှေ့မျက်နှာစာနေရာအသီးသီးတွင်လည်း အရိပ်များစွာ ရှိနေခဲ့လေသည်။
တြိဂံဒေသတိုင်းစစ်ဌာနချု့ပ်တိုင်းမှုး ဗိုလ်ချုပ်သိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က သူ့စာသင်ခန်းလေးကို အကဲခပ်နေခြင်းဖြစ်ပါသည်။
သူဖျတ်ကနဲ ကြည့်ကာ သင်လက်စ စာကို ဆက်သင်နေခဲ့လေသည်။ တိုင်းမှူးဇနီးမောင်နှံက သူ့ကို လက်အုပ်ချီနှုတ်ဆက်ကာ စီနီယာသာသနာပြုရဟန်းတော်များကို ဖူးတွေ့ရန် ကျောင်းဆောင်အပေါ်ထပ်သို့ တက်ရောက်သွားခဲ့လေသည်။
0 comments:
Post a Comment