02 January, 2010

နေရဉ္ဇရာမှတ်တမ်း(၇)

မဟာဗောဓိလမ်း



(၁)


ဆယ်နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီး

ဒုတိယနေ့ဟာ မဟာဗောဓီစေတီတော်ကို

ဦးခိုက်ပူဇော်ခြင်းနဲ့ အောင်မြင်စွာ ပြုံးဆုံးခဲ့ပါပြီ။


အဖွဲ့ဝင်ရဟန်းတော်တွေ မနက်ဖြန် သို့မဟုတ် တစ်ပတ် အတွင်းခွဲခွာကြရတော့မှာမို့ စကားလက်ဆုံပြောမကုန်အောင် နွေးထွေးနေကြတော့တာပါ။ အနာဂတ် ရွှေပြည်ကြီးရဲ့သာသနာ့ အခင်းအကျင်းမှာ ဒီလိုပဲ ဂိုဏ်းဂဏမကွဲ ဆက်လက်ညီညွတ်ကြဖို့သာ ဆုတောင်းမိတော့တယ်။

ပဋိပတ်အမည်ခံ ဂိုဏ်းဆရာတွေနဲ့ ဓမ္မကထိကလက်သစ်တွေရဲ့ လက်ဖြစ်တရားတွေအတွက်
အယူလည်းလွဲလူလည်းမွဲ ဖြစ်နေရရှာတဲ့ ရွှေပြည်ကြီးရဲ့ ယွင်းပျက်နေတဲ့ အကွင်းအကွက်တွေမှာ ပြန်လည်နေရာယူဦးဆောင်မှုတွေ အတူလက်တွဲဆောင်ရွက်ကြရဦးမှာပါ။ “ကမ္ဘာ့သာသနာပြုဖို့ထက် မြန်မာ့သာသနာမပျက်ဖို့ပဲလုပ်စမ်းပါဦးကွာ” ဆိုတဲ့ ရွာဦးကျောင်းဘုန်းတော်ကြီးရဲ့သြ၀ါဒစကား နားထဲမှာထင်းထင်းကြီးကြားခဲ့မိပေါ့။

(၂)


အဲဒီနေ့ညနေ ၇း၀၀ မှာတော့ ပညာရေးကော်မတီအစည်းအဝေးကို အဖွဲ့ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ ဗဟိုဥက္ကဋ္ဌအရှင်ပညာသာမိကဒီလိုအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်

“အဖွဲကြီးဖြစ်တည်လျှောက်လှမ်းလာခဲ့တာ ဆယ်စုနှစ်သို့ တိုင်ခဲ့ပြီဖြစ်သလို အဖွဲ့ကြီးအတွက် လိုအပ်တဲ့အခြေခံအဆောက်အဦများလည်း ပြည့်စုံသလောက် ဖြစ်နေတဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များမျှော်လင့်တောင့်တနေတဲ့ ပညာရေးကဏ္ဍကို ဖော်ဆောင်ကြဖို့နဲ့ အဖွဲ့ကိုယ်စားပြုရဟန်းတော်များ နိုင်ငံတကာစင်မြင့်ပေါ်သို့ တက်ရောက်နိုင်ရေးအားပေးကြရမှာဖြစ်ပါတယ်၊



အနာဂတ်ကာလမှာ အဖွဲ့ကြီးရဲ့ ပညာဂုဏ်ရောင်ကို ထွန်းလင်းပြောင်စေမယ့်အရည် အသွေးပြည့်အဖွဲ့ဝင်ရဟန်းတော်များပေါ်ထွက်လာတာနဲ့အမျှ ပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြု လုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်၊ယခင်က ပညာရေးကော်မတီများဖွဲ့ စည်းခဲ့ဖူးပေမယ့် ယာယီမျှသာ ဖြစ်ခဲ့တဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များရဲ့ ပညာရေးရည်မှန်းချက်တွေကို ရေရှည်မဖော်ဆောင်နိုင်ခဲ့ပါဘူး။



ယခုအခါ ပညာရေးကော်မတီကို အသစ်ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်မြှင့်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ရဟန်းတော်များအနေနဲ့ ဘာသန္တရစာပေများအပါအ၀င် သာသနာပြုရဟန်းတော်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးများပြည့်စုံစေရေးအတွက် အရှင်ဘုရာများရဲ့ အတွေ့အကြုံဗဟုသုတနဲ့ အကြံဉာဏ်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးတော်မူကြပါဘုရား”



(၃)


ဟုတ်တော့လည်း ဟုတ်ပါပေတယ်။

ပညာရေးလိုအပ်ချက်ဖြည့်ဆည်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာက ရွှေပြည်ကြီးရဲ့သာသနာမှာ အမှန်တကယ်လိုအပ်တယ်ဆိုတာ တော်တော်များများက သိနေကြပေမယ့် ဘယ်က စပြောင်းရမှန်းမသိဖြစ်နေသလို မျိုးဆက်ကွာဟချက်ကိုလည်း စေ့စပ်မရဖြစ်နေရတာပါ။



ပရိယတ္တိသမားတွေ သွေးအေးပြီး နှေးကွေးနေကြတာနဲ့ ၀ါဒအသစ်သမားတွေ လက်ဦးမှုရယူကုန်ကြတာပါ။ သင်ယူသင့်တဲ့ သင်ရိုးညွှန်တမ်းတွေ မရေးဆွဲနိုင်ရတာနဲ့ ရှင်ငယ်ရဟန်းငယ်လေးတွေ အအလေးတွေ တစ်နေ့တစ်ခြားဖြစ်လာရတာ ကြေကွဲစရာ ကောင်းပါတယ်။ လောကီလည်းမမှီ လောကုတ်လည်း မပေါက် ဟိုမရောက် ဒီမရောက်နဲ့ နောက်ကောက် ကျရတော့တာပါ။



“ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကလည်း ဘုရားခမည်းတော်မယ်တော်တောင် မသိဘူး” လို့ ရင်းနှီးတဲ့ ဒကာကြီးတစ်ယောက်က လျှောက်ဖူးတာကို စိတ်မသက်မသာ နားထောင်ခဲ့ရဖူးပါတယ်။ ပြောရင်ယုံမယ်မထင်ဘူး၊ ကိုရင်လေးတွေရဲ့ သင်ခန်းစာမှာ ဗုဒ္ဓ၀င်မပါရှာဘူး။ သူတို့ငယ်ငယ်တုန်းကတော့ မြန်မာစာပြဌာန်းလို့ လယ်တီဆရာတော်ကြီးရဲ့ ခုနှစ်နေ့ ဘုရားရှိခိုးသင်ခဲ့ရလို့ ဗုဒ္ဓ၀င်နဲ့ ရင်းနှီးခဲ့ရသေးရဲ့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါလို့ လက်လှမ်းမီရာ ဆွဲဖတ်ပြီး ကိုယ်ပိုင်သင်ရိုးညွှန်တမ်းဆွဲခဲ့ရပါတယ်။

အမြင်မကျယ်ပြောတဲ့ဆရာနဲ့တွေ့လို့တော့ နာပြီ။ ပါဠိစာလုံးမပါတဲ့စာမဖတ်ရ ဆိုသဟာမျိုးပ။



တကယ်ပါဠိသင်တော့လည်း ပါဠိမသင်ဘဲ သဒ္ဒါပဲ သင်ကြလေတော့ သဒတ်လည်း မတာ စပ်လည်း မတာ။ သဒ္ဒါမတတ် စာမတတ်ဖြစ်ရရှာတော့တာ။ ရှေးဆရာတော်ကြီးတွေ ဒီလိုပဲ တတ်ခဲ့တာပဲလို့ ရမ်းအုပ်ကြသေး။ အဝေးကြီးမဟုတ်ဘူး၊ အရှင်ဇနကာဘိဝံသရဲ့ တစ်ဘ၀သာသနာကိုပဲ ကြည့်၊ နှပ်တရှုံ့ရှုံ့ပထမပြန်ဝင်ဖြေမယ့်ကိုရင်လေးက ပါဠိတော်စာအုပ်ကြီးကိုကိုင်လို့၊ မြန်မာစာကိုလည်း မြောင်းမြဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်သင်ပေးလို့။ ရှေးဆရာတော်တွေနည်းက ရေးကူးနည်းလေး နည်းနည်းပြောပြပြီး ရေကန်ထဲ ကန်ချတဲ့နည်းကိုး။ ကူးပေရော။ ကူးရင်းနဲ့မှ နည်းတွေချဲ့ထွင်ပြောပြသွားတာမျိုးကလား။


နိုင်ငံခြားဘာသာစကားနဲ့ လောကီစာပေသင်တော့လည်း လူထွက်မှာ စိုးပြန်သတဲ့ လုပ်ပြန်ရော။

မပျော်လို့ထွက်တာ သာသနာအတွက် အေးတာပဲလေ။ သဒ္ဓါရဟန်းတွေချည်းကျန်တော့ သာသနာပိုသန့်သွားတာပ။ ထွက်ချင်တဲလူတွေကတော့ ထွက်မှာပဲ။ ဘိုးတော်ဘုရားလက်ထက်ကဆိုရင် သာသနာပိုင်တောင် လူထွက်သေးတာကလား၊



(၄)


တကယ်က လူထွက်ထွက် မထွက်ထွက် သာသနာအတွက်ရော နိုင်ငံအတွက်ပါ အသုံးဝင်မယ့်ပညာရပ်တွေ သာသနာဝန်ထမ်းတွေသင်ယူထိုက်ကြောင်း အရှင်အာဒိစ္စ၀ံသတို့ကအစ အရှင်ဇနကာဘိဝံသတို့အလယ် ယနေ့ခေတ်မျိုးဆက်ရဟန်းတွေအဆုံး အကုန်လုံးနားလည်နေကြပြီ။



တကယ်ပါ ခေတ်ပညာကို သူတကာတွေ ကန့်ကွက်တဲ့ကြားထဲက ရွံရွံ့ချွန်ချွန် သင်ယူခဲ့ပြီး လူ့ဘ၀ကို ကူးပြောင်းသွားတဲ့ ဆရာကြီးဦးအောင်မြတ်ထွဋ်ကို ဆုံးရှုံးခဲ့ကြပါသလား။ ပါဠိဆရာကြီး ဒေါက်တာလင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးပါရဂူ။ ဓမ္မာစရိယဦးဌေးလှိုင်၊ ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်စာဦးသောင်းလွင်စတဲ့ လူပြန်တော်ပညာရှင်များစွာကို သာသနာတော်ကရော နိုင်ငံကပါ ဆုံးရှုံးခဲ့ကြပါသလား။



ကမ္ဘာ့ပါဠိပညာရှင်များအလယ်မှာ လယ်တီဒီပနီတွေနဲ့ အတူတွဲဘက်လူသိများတဲ့ မစိုးရိမ်ပထမကျော်အရှင်ဉာဏဟာ ရဟန်းဘ၀နဲ့ သာသနာမှာ ခေါင်းချခဲ့ပါတယ်။ ဘာသာခြားစကားသင်ရကောင်းလားဆိုပြီး ဆွမ်းမလောင်းလှူရလို့ အရင်းအခြာရဟန်းဒကာကတောင်သပိတ်မှောက်ခဲ့ပေမယ့် နောက်မဆုတ်ဘဲ ယုံကြည်ရာလမ်းကို လျှောက်ခဲ့တဲ့ အရှင်သေဋ္ဌိလကို နောင်တစ်ချိန်မှာတော့ ကန့်ကွက်ခဲ့တဲ့သူတွေကိုယ်တိုင်ကပဲ ကမ္ဘာ့သာသနာပြုကြီးရယ်လို့ သဲသဲလှုပ်ကြပြန်ပါရော။



ထေရ၀ါဒနိုင်ငံတစ်ခုက မိတ်ဆွေရဟန်းတော်တစ်ပါးက ” မင်းတို့နိုင်ငံက ဓမ္မာစရိယရဟန်းတော်တစ်ပါး တကယ်လို့ သာသနာ့ဘောင်မှာ မပျော်မွေ့လို့ လူ့ဘောင်ကို ကူးပြောင်းမယ်ဆိုရင် နိုင်ငံဝန်ထမ်းဖြစ်စေ အခြားကုမ္ပဏီစီးပွားရေးလုပ်ငန်းမှာဖြစ်စေ အလုပ်လုပ်ခွင့်ရပါသလား” တဲ့။ လောကီဘွဲ့တစ်ဘွဲ့ကိုသာ တွဲဖက်ပြီးရအောင်လုပ်မထားရင် ဓမ္မာစရိယဆိုတာ ရေးတတ်ဖတ်တတ်ထက် မပိုဘူးလို့ ပြောပြလိုက်တဲ့အခါမှာ မိတ်ဆွေရဟန်းတော်က အံသြ၀မ်းနည်းဖြစ်ဟန်ပါ။ “ မင်းတို့နိုင်ငံအတွက် အသိပညာရှင်တစ်ယောက်ဆုံးရှုံးသွားတာပါလား”တဲ့။ သြော်သူတို့ကား မြင်တတ်ပါပေစွ။



ဘာပဲ ဖြစ်ဖြစ် သူကတော့ ထင်ပါတယ်။ “ဒို့ခေတ်ကို ရောက်ရမည်မလွဲပါ” ဂါထာကို ရွတ်လက်စ မပျက်ဆက်ရွတ်ရင်း ပညာရေးကော်မတီအစည်းအဝေးထဲပြန်ရောက်သွားပါတယ်။

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။