06 July, 2010

ရဟန်းနှင့် စီးကရက်

(၁)

''Men always remember ladies because of romance only''
“အမျိုးသားတွေဟာ အမျိုးသမီးတွေကို အချစ်တစ်ခုတည်းကြောင့်သာ သတိရတတ်ကြသတဲ့ဘုရား။ ”

မာဘိုရိုစီကရက်တစ်လိပ်ကို မီးညှိဆက်ကပ်ရင်း တက္ကသိုလ်ကျောင်းသားတစ်ယောက်က ရယ်ကျဲကျဲဖြင့် လျှောက်ထားဖူးလေသော စကားတစ်ခွန်းဖြစ်ပါသည် ။ အော် သူသည်လည်း ဆယ်ကျော်သက်ရွယ် ရှင်ငယ်ဘ၀မှ အစပြုကာ စာတိုပေစနှင့် ကဗျာဗေဒကို ဖတ်မှတ်၊ စီးကရက်ကို လက်ကြားညှပ်၊ အမြင်ကပ်ဖွယ် ကောင်းခဲ့ဖူးလေသည်ကော။ ပြန်တွေးကြည့်တော့ ဘယ်လိုမှ ကြည်ညိုဖွယ်ရာမမြင်၊ အသွင်ရိုင်းလှသည်ဟု ဆရာသခင်အဆူဆူတို့က အယူအမျိုးမျိုးပြ၊ ဆုံးမကြသော်လည်း “အမေဘယ်လို ချော့သိပ်သိပ်၊ ငါအိပ်မှ ပျော်မည် ” ဂိုက်ဖမ်းကာ သင်္ကန်းတလွှားလွှား၊ဆေးလိပ်တကားကားဖြင့် လမ်းသလားခဲ့သူကြီးပေပ။

စီးကရက်ဆိုသည်က သူ့လို ဘုန်းစကံစနည်းပါး၊ စာပေအားဖြင့် မထင်ရှားသေးသော ကိုရင်ငယ်တစ်ပါးအတွက် အလွယ်တကူ အလှူ ၀တ္ထုဖြစ်နိုင်သောအရာတော့ မဟုတ်ခဲ့။ ထို့ကြောင့်ပင် နေညိုချိန် အိမ်ပြန်ပို့ခိုင်းသော ကဗျာဆရာကြီး တင်မိုး၏ ဖန်မီးအိမ်ကို ဆေးပေါ့လိပ်တိုနှင့်သာ ခိုလှုံမိရ၏။ မည်သို့ဆိုစေ သူ၏ ငွေစကြေးစ န၀ကမ္မဟူသည် စာအုပ်နှင့် ဆေးလိပ်အတွက်သာ လျာထားသော ဘက်ဂျက်ဖြစ်လေသည်။

ဘက်ဂျက်ထူထူထောင်ထောင် န၀ကမ္မ ပြောင်ပြောင်ရောင်ရောင် ရှိသော ဒုလ္လဘအချိန်မျိုးတွင် စာအုပ်ဆိုင်များမှ ၀ယ်ရန် တေးမှတ်ထားသော စာအုပ်အချို့(အများဆုံးနှစ်အုပ်ခန့်)နှင့် စီးကရက် ငါးလိပ်ခန့်ဝယ်ယူဖြစ်ခဲ့သည်။ သူအနှစ်သက်ဆုံးစီးကရက်မှာ ဗြိတိန်နိုင်ငံမှ လာသည့် ဘင်ဆဲင် ( Benson and Hedges ) စီးကရက်ဖြစ်သည်။ ဈေးကြီးသော စီးကရက်မို့ ဗူးလိုက်ဝယ်သောက်ဖို့ ဝေးလွန်းလှပါသည်။

ဘင်ဆဲင်စီးကရက်ကို နတ်သမီးတံဆိပ် အသားမီးခြစ်ဆံဖြင့် မီးညှိရှိုက်ဖွာရသော ရသတဏှာကို သူလည်း စွဲလမ်းခဲ့ဖူးပါသည်။ သို့သော် ရဟန်း သုံးဝါအရမှာတော့ ဆေးလိပ်သောက်ခြင်းကို သူ တိကနဲ ဖြတ်ပစ်လိုက်ပါသည်။ ကျန်းမာရေးအရရော၊ သူသွားလိုသည့် လမ်းအတွက်ပါ ရှင်းပစ်သင့်သော ခလုပ်ကန်သင်း ဟု မြင်၍ဖြစ်သည်။

(၂)

ဆေးလိပ်မပြတ်မီက ဆွမ်းစားတစ်ခုတွင် ရင်းနှီးသော တက္ကသိုလ်ကျောင်းသားဒကာလေးတစ်ယောက်က မာဘိုရိုစီးကရက်ကို မီးညှိဆက်ကပ်ကာ အထက်ဖော်ပြပါ စကားရပ်ကို လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။ ရွှေပြည်ကြီး၏ ဆွမ်းစားများက ထုံးစံအတိုင်း ဆွမ်းစား ကွမ်းစားခေါင်းစဉ်တပ်ထားသည့်အတွက် ဆွမ်းပြီးလျှင် ကွမ်းလည်း ပါ၊ စီးကရက်လည်းပါတတ်သည်။ မတောင့်မတ မကြောင့်ကြရသော ဒါနပွဲများဖြစ်သော်လည်း ရွေးချယ်ခွင့်တော့ မရှိလေ။ ဘင်ဆဲင်စီးကရက်ကြိုက်သည့်တိုင် မာဘိုရိုစီးကရက်ကိုလည်း ဖွာရှိုက်နိုင် ရပေလိမ့်မည်။

မာလ်ဘိုရိုစီးကရက်၏ စာလုံးပေါင်း(M.A.R.L.B.O.R.O।)ကို အကျယ်ဖွင့်လိုက်သော် ''Men always remember ladies because of romance only'' ဖြစ်လေသတတ်။ အော် ဆရာကြီး သခင် ကိုယ်တော်မှိုင်းသာ ရှိလျှင် ခွေးဋီကာ ဒေါင်းဋီကာများနှင့်အပြိုင်၊ မာလ်ဘိုရိုစီကရက်ဋီကာကျမ်းကြီးကို ပြုစုနိုင်ပေသေးသည်။

“အမျိုးသားတွေက အမျိုးသမီးတွေကို အချစ်တစ်ခုတည်းကြောင့်သာ သတိရတတ်ကြသတဲ့ ဘုရား၊ အရှင်ဘုရားကရော”တဲ့။ “အရှင်ဘုရားလည်း အမျိုးသမီးတစ်ယောက်ယောက်ကိုတော့ သတိရမိမှာပဲ၊ ဘာကြောင့် သတိရမိသလဲ၊ မာဘိုရိုဋီကာအလိုအရဆိုရင်တော့ ” ဒကာကျောင်းသားက ပြောလက်စ စကားကို ရပ်ပါသည်။
အင်း ဟုတ်ပေသား။ သူလည်း အမျိုးသမီးတစ်ယောက်ယောက်ကိုတော့ဖြင့် သတိရမိတတ်ပါသည်။

(၃)

သူ့ ဘ၀တစ်သက်တာတွင် အမျိုးသမီးများစွာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည်။ မိခင်နှင့် မိသားစုအရိပ်က ခွာတော့ သူ့အသက်က ငယ်လွန်းလှပါသေးသည်။ ပရိယတ္တိစာသင်သားဘ၀တစ်လျှောက်လုံး အမျိုးသမီးများစွာက သူ့ကို စောင့်ရှောက်ခဲ့ကြဖူးလေသည်။ ပြီးတော့ အဆင့်ဆင့်မြင့်မားလာသည့် သူ့ပညာရေးလမ်းကြောင်း အားလျော်စွာ ဓမ္မကထိကအဖြစ်၊ ဗုဒ္ဓစာပေသင်ကြားပို့ချသူအဖြစ် အမျိုးသမီးများစွာကို သူဖြတ်သန်းခဲ့ရပြန် သည်။ အမေလို အမလို ညီမလို ပြီးတော့ ဘာလိုလို....။

ဇာတိရပ်ရွာ၊ သို့မဟုတ် နေထိုင်ခဲ့ဖူးသောမြို့တစ်မြို့သို့ ပြန်ရောက်လေတိုင်း “ သတိမှ ရသေးရဲ့လား” ဟူသော မေးခွန်းကို မကြာခဏဖြေခဲ့ရဖူးသည်။ ရဟန်းတစ်ပါးဖြစ်သောသူကတော့ ငှက်တစ်ကောင်လို လွတ်လပ်ပေါ့ပါးစွာ ခပ်ခွာခွာပျံသန်းခဲ့သည်သာ များသည်။ အနီးကပ်ပျံသန်းမိသော အချိန်များတွင်တော့ အစာမရှားသော်လည်း အန္တရာယ်က များလွန်းလှပါသည်။

ရဟန်းတစ်ပါး သတိရသင့်သည့် လုံခြုံမှုရှိသော အမျိုးသမီးတစ်ယောက်ကတော့ အမေ သို့မဟုတ် အမေနှင့်တူသော မိန်းမဖြစ်သည် တဲ့။ သို့သော် အမေလည်း မဟုတ်ဘဲ၊ အမေနှင့်တူသော မိန်းမလည်း မဟုတ်ဘဲ သတိရနေမိတတ်သော အမျိုးသမီးများလည်း ရှိနေကြောင်း ၀န်ခံရပေမည်။ ဘာကြောင့် သတိရမိသလဲ ဆိုသည့် စိတ္တက္ခဏ(Momentary Consciousness) က အရေးကြီးသော်လည်း ရဟန်းတစ်ပါး၏ ပုဂ္ဂလိကအရေးကိစ္စသာ ဖြစ်သည်။

(၄)

ငယ်စဉ် အဘိဓမ္မာကျမ်းစာကို စတင်သင်ယူစဉ်က တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာဒေသနာဟောရန် ကြွသွားမည့် ဗုဒ္ဓအရှင်ကို ကြည်ညိုဦးခိုက်ရပါသည်။ ဗုဒ္ဓအရှင်သည်လည်း အမျိုးသမီးတစ်ယောက်ကို သတိရခဲ့ဖူးသည်။ မယ်တော်မိနတ်သား။ ကလေးအတွေးဝယ် မယ်တော်မိနတ်သားဆိုသော ဝေါဟာရက သိပ်မရှင်းလှပါ။ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားဆိုပြီး ဆရာဘုန်းတော်ကြီးက ဆက်ရှင်းပြမှ သဘောပေါက်သွားသည်။ He is the woman ရုပ်ရှင်ခေါင်းစဉ်ကို မြင်တော့ ငယ်ငယ်တုန်းက မယ်တော်မိနတ်သားကို သတိရကာ ပြုံးမိရသေးသည်။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓအရှင်သည် မယ်တော့်ကို သတိတရ ကျေးဇူးဆပ်ခဲ့ဖူးသည်။ ဗုဒ္ဓအရှင် သတိရမိသောအမျိုးသမီးတစ်ဦးကြောင့် အဘိဓမ္မာဒေသနာတော်ကြီးပေါ် ပေါက်လာရသည်။

ဗုဒ္ဓအရှင်၏ လကျာ်တော်ရံ အရှင်သာရိပုတ္တရာသည်လည်း ဘ၀နေ၀င်ချိန်တွင် အမျိုးသမီးတစ်ယောက်ကို သတိရခဲ့ဖူးသည်။ အမှတ်တရဖြစ်စွာပင် ဘာသာခြားမိခင်အိုကို သွားတွေ့ကာ နောက်ဆုံးတရားဟောခဲ့သည်။ မိခင်အိမ်ရိပ်မှာ လျောင်းစက်ကွယ်လွန် နိဗ္ဗာန်စံခဲ့သည်။ အရှင်သာရိပုတ္တရာ၏ အမေ့အိမ်အပြန်လမ်းကို ဂုဏ်ပြုသောအားဖြင့် နာလန္ဒာတက္ကသိုလ်ကြီးပေါ်ပေါက်ခဲ့ဖူးသည်။

နာမည်ကျော် အရှင်အာနန္ဒာကတော့ အမျိုးသမီးထုတစ်ရပ်လုံးကို သတိရခဲ့သူဖြစ်သည်။ အမျိုးသမီးများ အခွင့်အရေးအတွက် ဗုဒ္ဓအရှင်ကို အရေးဆိုခဲ့သူဖြစ်သည်။ (ထို့ကြောင့် အမျိုးသမီးများကလည်း အရှင်အာနန္ဒာဆိုလျှင် သဲသဲလှုပ်ဖြစ်ကြသည်။) အရှင်အာနန္ဒာ၏ အရေးဆိုမှုကြောင့် အမျိုးသမီးများ သာသနာတွင်း ၀င်ရောက်ခွင့်ရကာ ဘိက္ခုနီသာသနာကြီးပေါ်ပေါက်လာခဲ့သည်။ အရှင်အာနန္ဒာက အမျိုးသမီးများကို ဗုဒ္ဓအရှင်ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးအချိန်အထိ သတိတရရှိကာ ရဟန်းတော်များနှင့် အမျိုးသမီးများအရေးအတွက် ဗုဒ္ဓအရှင်အား ဆွေးနွေးလျှောက်ထားခဲ့သည်။

အင်း ဗုဒ္ဓအရှင်နှင့် သာဝကမဟာများ၏ အမျိုးသမီးများအပေါ်သတိရမှုက အကျိုးဆက်များစွာ ရှိပါသည်။ သူ့သတိရခြင်းကရော တဲ့။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ဖြစ်ပါလိမ့်မည်။

ဓမ္မဂင်္ဂါ
၀၇-၀၇-၂၀၁၀

(ဘာလိုလိုသည် ညာလိုလိုမဟုတ်လျှင် ညာလိုလိုမဟုတ်ကြောင်း မှတ်ချက်ရေးသင့်သည်ဟု မိတ်ဆွေရဟန်း တော်တစ်ပါးက အီးမေးလ်ဖြင့် အရေးပေါ် အကြံပြုပါသည်။ ရဟန်းတစ်ပါးအတွက် စကားတစ်လုံးက အနက်ဆယ်ခုထွက်သွားနိုင်သောကြောင့် ဖြစ်သည်တဲ့။)

4 comments:

  1. ကောင်းမြတ်လှပါပေသည်။

    ReplyDelete
  2. ဘာလိုလို ...ဆိုတာကြီးကို မရေးသင့်ပါဘူးဘုရား။
    အဲဒီစာသားက တိုပေမဲ့ အတော်တာပါတယ်...အဲဒါကြီးဖတ်ရတာ ပွင့်ပွင့်လင်းလင်းပြောရရင်
    အရှင်ဘုရားကို ကြည်ညိုနေတာလေးတောင်အတော်လျော့သွားပါတယ်ဘုရား။
    မိမိရဲ့ ကလောင်အစွမ်းပြမှုကြောင့် ဒါယကာတွေ အကုသိုလ်မပွားရအောင် ကီးဘုတ်စောင့်ထိမ်းတော်မူပါဘုရား။
    public မှာ ရဟန်းတစ်ပါးအနေနဲ့ ဘာလိုလို ဆိုတာ ကြီးကို မရေးသင့်ကြောင့် သာသနာ့အကျိုးမျှော်ကာ ရိုသေစွာနဲ့
    လျှောက်ထားလိုက်ပါတယ် ဘုရား။

    ReplyDelete
  3. ဘာလိုလိုကို ဘာလိုလိုပဲ ရေးမှ သင့်မည်ထင်၍ ရေးလိုက်ပါသည်။ မရေးလျှင် ညာဝါးခြင်းဖြစ်မည်။ ရဟန်းဘ၀ဆိုသည်ကိုက ဘာလိုလိုတွေကို ဖြတ်သန်းကျော်လွှားနိုင်ခြင်းဖြစ်သည်။
    မာရဗန္ဓန ဟုခေါ်သော မာရ်နတ်၏ ကျော့ကွင်းများထဲ တွင် ခပ်ရဲရဲလျှောက်ကာ ကျော်လွှားသွားသော ရဟန်းတော်များကို ဘုရားရှင်ချီးမွှမ်းလေ့ရှိပါသည်။
    ဓမ္မပဒတွင် မဟာကာဠနှင့် စူဠကာဠညီနောင်ရဟန်းတော်နှစ်ပါးအကြောင်းဖတ်ရဖူးသည်။ ခေါင်ကို လုံအောင် မိုးမထားရင်တော့ မိုးစိုတာပဲ ဟူသော ဒေသနာကို ဟောသည်။

    ပုထုဇဉ်ရဟန်းဘ၀ဆိုသည်က မိုးရွာထဲ လျှောက်နေရခြင်း ဖြစ်သည်။
    “ဘာလိုလို” မိုးစက်တွေကို ဘယ်လောက်ကာကွယ်နိုင်မလဲဆိုသည်က ရဟန်းတစ်ပါး၏ သတ္တိဖြစ်သည်။

    ဓမ္မဂင်္ဂါကို အကြည်ညိုလျော့ခြင်း တိုးခြင်းသည် Tayza ၏ ပုဂ္ဂလိကအရေးဖြစ်သည်။(ဓမ္မဂင်္ဂါနှင့်မဆိုင်)
    သို့သော် သာဓုခေါ်ပါသည်။ ဆဲတာနှင့်စာလျှင် အကြည်ညိုလျော့တာက နည်းနည်းသက်သာသေးသည်။(အဟမ်း အဟမ်း)

    ReplyDelete
  4. စီးကရက်နဲ့ သတိရမိတဲ့ အကြောင်းတွေကို ဆက်စပ်ဖော်တင်ပြထားသည်မှာတော့ အရမ်းကောင်းလှပါပေတယ်....
    သတိရမိတဲ့ အမျိုးသမီးများကို စီကာပတ်ကုံးရေးသားထားလေတော့ ခေါင်းစဉ်ကိုတောင် ရဟန်းနဲ့ သတိရခြင်းလို့ တင်ပြသင့်တယ်လို့ ထင်မြင်မိပါတယ်..
    သတိရမိတဲ့ အမျိုးသမီးတွေကို သံသရာဝဋ်မှ ကယ်ထုတ်နိုင်တဲ့ အရှင်ကောင်း အရှင်မြတ်များကိုလည်း ဦးခိုက်မိပါတယ်...
    တကယ်တော့ သတိရတယ်ဆိုတာ...
    ရာဂနဲ့ နှောင်ဖွဲ့ခြင်း..... သံယောဇဉ်နဲ့ နှောင်ဖွဲ့ခြင်း နေရာမှာ မသုံးဘဲ
    ကုသိုလ်စိတ်နဲ့ ယှဉ်တဲ့ နေရာမှာသာ သုံးမယ်ဆိုရင် သတိ.... သတိ... သတိလို့ အပ္ပမာဒေန သမ္ပာဒေထလို့ မြတ်ဘုရား မိန့်မှာခဲ့တဲ့ စကားတော်များကို ပိုမို နက်နက်ရှိုင်းရှိုင်း သက်ဝင်မိရပါတယ်..
    သတိရပါတယ်.... သူတို့တွေကို ဘယ်လို ကယ်ရမလဲ.......

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။