26 October, 2010

အမျိုးသမီးများအတွက် အမေရိကားမှာ ဘိက္ခုနီသာသနာ ထူထောင်ပြီ

ရဟန်းဘ၀ကို ရချင်လှပါတယ် ဆိုတဲ့ အမျိုးသမီးတွေအတွက် စိတ်ဝင်စားစရာဖြစ်မှာပါ....။ ကွယ်ပျောက် သွားပြီးဖြစ်တဲ့ ဘိက္ခုနီသာသနာကို ပြန်လည်ထူထောင်ဖို့ ၀ိနည်းလမ်းကြောင်းအရ မဖြစ်နိုင်တော့ဘူး လို့ မကြာသေးမီက မြန်မာနိုင်ငံအထူးသံဃ၀ိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အာရှနိုင်ငံရှေးရိုး အစဉ်အလာ သံဃာ့ အဖွဲ့အစည်းတွေကလည်း ဘိက္ခုနီသာသနာဆိုတာကြီးကို လက်ခံဖို့ ငြင်းဆန်နေကြတုန်း ပါပဲတဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ခြမ်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိယ်ဂျယ်လိစ်မှာတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်နေ့က ဘိက္ခုနီရဟန်းခံပွဲကြီးကို သမိုင်းဝင်အပြည်ပြည်ဆိုင်ရာဘိက္ခုနီရဟန်းခံပွဲကြီး အဖြစ် ကျင်းပခဲ့ပါသတဲ့..။

ကနေဒါသူတစ်ယောက်က အနာဂါရိက(ရှစ်ပါးသီလခံယနေ့ခေတ်သီလရှင်များနှင့် အဆင့်တူ) အဖြစ်ခံယူပြီး အမေရိကန်ဖွားအမျိုးသမီးနှစ်ယောက်ကလည်း သာမဏေရီ(သာမဏေကို ကိုရင်လို့ ခေါ်တော့ သာမဏေရီကို မယ်ရင်လို့များ ခေါ်ရလေမလား)အဖြစ် သာသနာဘောင်ကို ၀င်ရောက်ခဲ့ကြပါသတဲ့။

အဓိကအားဖြင့် ဘိက္ခုနီ(ဘိက္ခုကို ရဟန်းဆိုတော့ ဘိက္ခုနီကိုတော့ ရဟန်းမပေါ့) အဖြစ်ခံယူကြခဲ့တဲ့ သာမဏေရီများကတော့ သီရိလင်္ကာဖွား တစ်ဦး၊ ဗီယက်နမ်ဖွားသုံးဦးနဲ့ မြန်မာဖွား တစ်ဦးတို့ဖြစ်ကြပါသတဲ့။ ဒီပွဲကို ဦးဆောင် ဦးရွက်ပြုတော်မူတာက သီရိလင်္ကာသံဃာ့အဖွဲ့လို့ သိရပါတယ်။(အင်းမြန်မာလည်း သမိုင်းဝင်သွားပြန်ပေါ့)

ဒီဘိက္ခုနီသာသနာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးတော့ဘဲ သတင်းအဖြစ်ဖော်ပြလိုက်ပါတယ်..။ မူရင်းသတင်း


4 comments:

  1. ပြတ်သွားသည့် ကြိုး ပြန်ဆက်နိုင်၍ လက်ခုတ်တီး အားပေးပါသည်။
    ထုံးရာ ထင်လျှင် ဘုရားမျက်နှာ ကြည့်၍သာ ဂုဏ်တော် ပွါးများကြလေကုန်လော့။

    ReplyDelete
  2. ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ် ။ ပြန်လည်ကူးယူ ဖေါ်ပြခွင့်ပြုပါ။

    ReplyDelete
  3. ဘိက္ခုနီ ဝိနိစ္ဆယစာတမ်း...

    အကျဉ်းချူပ် ဆုံးဖြတ်ချက်..

    ပြဆိုအပ်ပီသော ပါဠိတော်, အဋ္ဌကထာ,ဋီကာတို့၏ အဆိုအမိန့်များကို ထောက်၍
    (က) ဂရုဓမ်ရှစ်ပါးတို့တွင် ဆဋ္ဌဂရုဓမ်`၌ "ဥဘတော သံဃေ ဥပသမ္ပဒါ ပရိယေသိတဗ္ဗော"ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် ပညတ်တော်မူအပ်သောကြောင့် လည်းကောင်း၊
    (ခ) ဘိက္ခုဧကတော ဥပသမ္ပန္နပညတ်သည် ဘိက္ခနီသံဃာ မပေါ်ပေါက်သေးမီ သာကီဝင်မင်းသမီးငါးရာဘို့ အတွက်သာ ပညတ်အပ်သော အနုပညတ်ဖြစ်သောကြောင့်လည်းကောင်း၊
    (ဂ) ထိုဘိက္ခုဧကတောဥပသမ္ပန္နပညတ်ကိုလည်း ပယ်အပ်ပြီးဖြစ်သည်ကို ဝဇီရဗုဒ္ဓိဋီကာ ပြဆိုသောကြောင့်လည်းကောင်း၊
    (ဃ) ဘိက္ခုနီသံဃာ၌ ရဟန်းမ မပြုရသေးသော မာတုဂါမကို ဘိက္ခုသံဃာက ရဟန်းမ ပြုပေခြင်းဌာ မအပ်ဟု အဋ္ဌကထာ`၌ တိုက်ရိုက်ပြဆိုထားသောကြောင့်လည်း ကောင်း၊
    (င) ရှေးဦးစွာ ရဟန်းမ ပြုပေးမည့် ဘိက္ခုနီ သံဃာ အဆက်ဆက်ပြတ်ခဲ့ပြီ ဖြစ်သောကြောင့်လည်းကောင်း၊
    (စ) သာကီဝင် မင်းသမီး ရဟန်းမ ငါးရာနှင့် ဘိက္ခုလိင်ပြန် ရဟန်းမမှ အပ ဘိက္ခုဧကတောဥပသမ္ပန္န ဘိက္ခုနီ မရှိသည်၏အဖြစ်ကို အဋ္ဌကထာ, ဋီကာကြီး အားလုံးတို့ တညီတညွတ်တည်း ဖွင့်ပြတော်မူသောကြောင့်ကောင်း, ယခုကာလဝယ် ထေရဝါဒ ဗုဒ္ဓသာသနာတော်`၌ ဘိက္ခုနီ လုံးဝမရှိနိုင်တော့ပြီ။ ဘိက္ခုနီ လုံးဝမဖြစ်နိုင်ဟု လေးမြတ်စွာ မှတ်ယူရာသတည်း..

    ReplyDelete
  4. 'ဘိက္ခုနီ' သာသနာ အဖွဲ့အစည်းများ နေရာအနှံ့အပြား၌ အနာဂါတ်မှာ အစဉ်သဖြင့် ပြန်လည်ရှင်သန်နိုင်ခွင့် ရပါစေကြောင်း ဆုတောင်းမိပါတယ်။

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။