08 April, 2011

ရဟန်းနှင့် မိုင်ပေါင်းကုဋေမုန့်ဟင်းခါး(၁)

(၁)

ဒေါက် ဒေါက် ဒေါက်

မုန့်ဟင်းခါး မုန့်ဟင်းခါး....

တံခါးခေါက်သံနှင့် ဆက်ကာ သီတင်းသုံးဖော်ရဟန်းတစ်ပါး၏ မုန့်ဟင်းခါး မုန့်ဟင်းခါး ဟူသော သတင်းပေးချက်က နံနက်ခင်းတစ်ခုလုံးကို ငရုတ်သီးစပ်သွားစေတော့သည်။ သူ အိပ်ရာမှ သတိပဋ္ဌာန်တရားနှင့် ခပ်ခွာခွာ ထထိုင်လိုက်၏။ တကယ်လား...တကယ်လား..။ သူက သေချာစေရန် စကားလုံးကို ဒပ်ဗယ်လ်ကလစ်ခ်( Double Click) လိုက်သည်။

'' နောက်ကျသွားရင်တော့ 'ဤသည့်စားဖွယ် အမယ်မယ်' ရွတ်ဖို့ အခွင့်အလမ်းနည်းသွားလိမ့်မယ် င့ါရှင်..။ ''

သူ ကြည်နူးသွားသည်... ဗာရာဏသီနံနက်ခင်းကို မုန့်ဟင်းခါးဖတ်ဖြူလွလွများဖြင့် ကြိုဆိုခွင့်ရချေပြီ။ ဒုလ္လဘပေပဲ...။ သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။ (ဆပ်ပြာတစ်ခဲလောက်တော့ ကပ္ပိ( ၀ယ်) ဦးမှ...)

ရဟန်းတစ်ပါး စီမံချက်ပြုတ်ထားသော မုန့်ဟင်းခါးအစစ်ဖြစ်သည်..။ အသင့်ချက်ပြုတ်စားသုံးနိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ်ကို သဒ္ဓါလက်ဖြင့် ဖန်တီးထားခြင်းသာဖြစ်သည်။ ရွှေပြည်ကြီးလုပ် မုန့်ဟင်းခါးများနှင့် အရည်အသွေးခြားနားစွာ အင်္ဂါမစုံသည့်တိုင် နှစ်လိုဖွယ်ရာ ဟင်းရည်အနံ့ကို သူ ရှိုက်မိသည်။ မုန့်ဖတ်နှင့် ဟင်းရည်သက်သက်...။ ရယ်ဒီမိတ်ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူကြော်အိတ်လေးများကို ပန်းကန်ပြားငယ်တစ်ချပ်တွင် ထည့်ကာ ချပေးထားသည်။

နံနံပင်၊ ငန်ပြာရည်၊ ငှက်ပျောအူတိုင်၊ ဘဲဥ၊ ပဲကြော်၊ ဘူးသီးကြော်၊ အီကြာကွေးစသော ဝေါဟာရများက ရွှေပြည်ကြီး၏ မုန့်ဟင်းခါးသုံးအဘိဓာန်တွင် ကျန်ခဲ့လေဟန်ပင်..။ မည်သို့ဖြစ်စေ သူကတော့ '' ကောင်းလင့်တေး ကောင်းလင့်တေး '' ဟု အနုမောဒနာသံပေးကာ ခေါင်းမဖော်ဘဲ လွေးတော့သည်။ ဟင်းရည်ပူပူနှင့် ငရုတ်သီးရှူးရှဲ. ချွေးများရွှဲအောင် ကောင်းလေသည့် ရှားပါးလှသော မုန့်ဟင်းခါး..။

သို့သော် သူ့ဒိုင်ယာရီညိုညစ်ညစ်လေးတွင် မုန့်ဟင်းခါးမှ မိုင်ပေါင်းကုဋေ ထွက်ပြေးမိလေသော နေ့ရက်များ အတိအကျရှိခဲ့ဖူးပါသည်..။

(၂)

၂၀၀၀ ပြည့်နှစ်၊ ဆောင်းရာသီတွင် သူ ရန်ကုန်ကို ရောက်လာခဲ့သည်။ မန္တလေးတွင် သိကျွမ်းခင်မင်ခဲ့သည့် မိတ်ဆွေရဟန်းတော်က သမိုင်းမြို့မတွင် ကျောင်းထိုင်ဆရာတော်ဖြစ်နေသောအခါ သူသည်လည်း နာယကဆရာတော်တစ်ပါးဖြစ်လာခဲ့ရသည်။ သို့နှင့် မုန့်ဟင်းခါးနှင့် ထိထိစပ်စပ် ပတ်သက်ခဲ့ရခြင်းဖြစ်ပါသည်။

မိတ်ဆွေကျောင်းထိုင်ဆရာတော်၏ တာဝန်ပေးချက်အရ သူသည် သမိုင်းရပ်ကွက်လေး၏ သာရေးနာရေးပွဲများသို့ ဦးဆောင်ကြွရသည်။ သာရေးဖြစ်စေ နာရေးဖြစ်စေ.. ပွဲလမ်းသဘင်တိုင်း၏ ပင်တိုင်အစားအစာက မုန့်ဟင်းခါးဖြစ်သည်။ မန္တလေးတွင် ဆယ်စုနှစ်တစ်ခုမျှ စာသင်ရဟန်းငယ်တစ်ပါးအဖြစ် ဖြတ်သန်းခဲ့ရသော သူ့အနေဖြင့် မန္တလေးမုန့်တီလက်သုပ်ကို ခံတွင်းတွေ့ခဲ့သည်။ အထက်အညာမုန့်တီသည် အောက်အကြေတွင် နန်းကြီးသုပ်နှင့် မြီးရှည်ဘ၀သို့ ပြောင်းသွားသည်။

နွယ်စိုးအမည်ခံ ပါမောက္ခဦမျိုးမင်းကတော့ မုန့်တီကို နန်းကြီးနှင့် မြီးရှည်အဖြစ် အင်းဝဘကြီးတော်မင်းလက်ထက်ကပင် စတင်ခေါ်ဝေါ်ခဲ့လေဟန် စိတ်ကူးကြံဆခဲ့ဖူးသည်။ နန်းမတော်မယ်နုနှင့်ပြိုင်ဘက် သာယာဝတီမင်းသားကို '' ငါဘုရင်ဖြစ်ရင် နန်းတော်အကြီးကြီးဆောက်ပြီးနေမည် '' ဟု ပြောဖူး၍ အင်းဝနန်းတွင်းသားတို့က နန်းကြီးဟု လျှို့ဝှက်ခေါ်ကြလေသတတ်။ သာယာဝတီမင်းက နောင်တော်ကို ပုန်ကန်နေချိန်ဖြစ်၍ နန်းကြီး ဟုဆိုလျှင် ထိတ်ပြာနေကြရသည့် ကာလဖြစ်၏။

ထိုခေတ်မှာပင် မြို့တွင်းရွာတွင်းသို့ ၀င်ရောက်သောင်းကျန်းတတ်သော ကျားကြီးတစ်ကောင်ကိုလည်း မြီးရှည်ဟု နာမည်ပေးထားကြသည်။ တစ်နေ့ အလှူ့အိမ်တစ်အိမ်တွင် သံဃာတော်များဆွမ်းကပ်အပြီး ဧည့်သည်များအား မုန့်တီနှင့် ဧည့်ခံရန် ပြင်ဆင်နေချိန် ရုတ်ရုတ်သဲသဲအသံများ ကြားရသည်၊ ဧည့်သည်များလည်း ''နန်းကြီးဟေ့'' ''မြီးရှည်ဟေ့''ဟု အော်ဟစ်ပြေးလွှားကြရာ မုန့်တီထည့်ထားသော ဗန်းများ၊ဒေါင်းလန်များ မှောက်ကုန်သည်၊ မုန့်တီထဲ ထည့်ရန် ပြင်ဆင်ထားသည့် ၀က်သားဟင်း၊ ငရုတ်ဆီ၊ ကြက်သွန်ကြော်စသည့် အဆာပလာများလည်း ရောထွေးကုန်တော့သည်။

အမှန်တကယ် ရုတ်ရုတ်သဲသဲဖြစ်သည်က ဘာမှမဟုတ်၊ ဧည့်သည်တစ်ယောက်အား ခွေးဆွဲ၍ ထွက်ပြေးခြင်းမျှသာ ဖြစ်သည်။ စားမည့် ဧည့်သည်များပြန်ရောက်လာသည့်အခါ ရောထွေးနေသော မုန့်တီများကိုပင် နယ်ဖတ်၍ ပန်းကန်သန့်သန့်များဖြင့် စနစ်တကျတည်ခင်းဧည့်ခံလိုက်သည်တွင် လူကြိုက်များသော မုန့်တစ်မျိုးဖြစ်သွားသည်၊ နောက်ဧည့်ခံပွဲများတွင် ထိုဖော်မြူလာအတိုင်း ဧည့်ခံကျွေးမွေးကြသည့် ဓလေ့ထွန်းကားလာခဲ့ပြီး မုန့်အမည်ကိုလည်း နန်းကြီးသုတ်နှင့် မြီးရှည်ဟု အမည်ပေးကင်ပွန်း တပ်လိုက်ပေတော့သတတ်။ ကြံကြံဖန်ဖန် ဦးမျိုးမင်း။ ရေးလည်း ရေးတတ်ပါ့။ အတည်မှတ်ရန်မဟုတ်ပါ။

မည်သို့ဖြစ်စေ ရွက်ကျပင်ပေါက်အဖြစ် စနစ်တကျမွေးမြူခဲ့သော ရဟန်းတစ်ပါးအတွက် ရန်ကုန်ရောက်ပြီး မကြာမီမှာပင် မုန့်ဟင်းခါးနှင့် အသားကျလာခဲ့သည်။ (ခုတော့လည်း အားလူးနှင့် ပူရီ၊ချပါတီကိုလည်း လွေးနိုင်ခဲ့ပြီမဟုတ်လား..)


5 comments:

  1. မုန့်ဟင်းခါး ဘုန်းတာတော့ ဘုန်းပေါ့။

    အခုမှ နေကောင်းစပဲ ရှိသေးတယ်
    ငရုတ်သီးတွေ ဘုန်းနေတယ် ....
    ဝေဒနာကို မေ့များသွားပြီလား မတိ။

    ReplyDelete
  2. အင်း...မီးကလည်း တယ်..ပျက်သကိုး..ဘုရာ့။
    မီးပျက်တဲ့အကြိမ်ကိုလည်း ချုံ့ပစ်နိုင်ရင် တယ်ကောင်းပဲ..:)

    ReplyDelete
  3. သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။

    အလုပ်ပိုကို မလုပ်ပါလား...
    တရားရှိလိုက်ပုံများ...
    ကောင်းလေစွာ့ဟရို့ ..

    ReplyDelete
  4. သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။

    အလုပ်ပိုကို မလုပ်ပါလား...
    တရားရှိလိုက်ပုံများ...
    ကောင်းလေစွာ့ဟရို့ ..

    ReplyDelete
  5. သူမျက်နှာသစ်ခြင်းကိစ္စကို ချုံ့ပစ်လို့ ရသမျှ ချုံ့ပစ်လိုက်သည်..။


    အလုပ်ပို မလုပ်တတ်လေစွာ့..
    တရားပြည့်ပါလား ဟရို့ ..

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။