14 August, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၁၁)

အခု သင်ခဲ့ပြီးတာတွေက အ-သရဆုံး ပါဠိကြိယာအခြေခံပုဒ်တွေပါ..။

ပြန်ကြည့်လေ ပစ (paca) စရ (cara) သယ (saya) ဆိုတဲ့ ပုဒ်တွေမှာ အ (a) သရလေးတွေနဲ့ အဆုံးသတ်ထားတာ တွေ့လား…။ (တစ်ခြားလား တွေ့ကြရဲ့လား ပရိသတ်ကြီးရေ..။)

ဒီနေ့ သိစေချင်တာက အာ-သရဆုံး၊ ဧ-သရဆုံးနဲ့ သြ-သရဆုံးကြိယာအခြေခံပုဒ်တွေပါ..။

အာ-ဧ - နဲ့ သြ-သရဆုံး ကြိယာအခြေခံပုဒ်တွေကို ပစ္စုပ္ပန်ဝိဘတ်များနဲ့ စဉ်ကြည့်ကြမယ်॥။ ကြိယာအခြေခံပုဒ်တွေနဲ့ အတူ အရင်းအမြစ်ဓါတ် (Verbal Root)လေးတွေပါ တွဲပြီး ဖော်ပြလိုက်တယ်॥။ ရင်းနှီးသွားတာပေါ့လေ ။ မရှင်းရင်တော့ မေးဗျာ॥ ငုံစိစိတော့ လုပ်မနေနဲ့॥။ (နီးစပ်ရာမြို့ပြတိုင်းနိုင်ငံက ပါဠိတတ်ပွန်တဲ့ ဆရာတော်ဘုရားများကိုလည်း မေးမြန်းနိုင်ပါကြောင်း॥။ အခေါက်ခံရသော် ဆရာနဲ့ မဆိုင်… တိန်)


အာ-သရဆုံးကြိယာအခြေခံပုဒ်

ဓါတ်(ကီ ) - ကြိယာအခြေခံပုဒ် = ကိဏာ(၀ယ်)

ကိဏာတိ ကိဏန္တိ

ကိဏာသိ ကိဏာထ

ကိဏာမိ ကိဏာမ



ဧ-သရဆုံး ကြိယာအခြေခံပုဒ်

ဓါတ် (ဒိသ) ကြိယာအခြေခံပုဒ်=ဒေသေ (ဟောကြား)

ဒေသေတိ ဒေသေန္တိ

ဒေသေသိ ဒေသေထ

ဒေသေမိ ဒေသေမ

သြ-သရဆုံး ကြိယာအခြေခံပုဒ်

ဓါတ် (ကရ) ကြိယာအခြေခံပုဒ်=ကရော (ပြုလုပ်)

ကရောတိ ကရောန္တိ

ကရောသိ ကရောထ

ကရောမိ ကရောမ



အင်္ဂလိပ်စာမှာ ထူးခြားတဲ့ ကြိယာ (Irregular Verb)ဆိုတာ ရှိသလို ပါဠိမှာလည်း ရှိပါတယ်..။

တစ်ခြားကြယာပုဒ်တွေလို စဉ်လို့ မရတာမျိုးပေါ့..။ ဟောဒီမှာ ဒီမှာ ထူးခြားတဲ့ ကြိယာတွေပါ…။း)

အသ (ရှိ/ဖြစ်)၊ ဗြူ (ပြောဆို)၊ ဟန (သတ်ဖြတ်) ဆိုတဲ့ ကြိယာအခြေခံပုဒ်တွေကို ပစ္စုပ္ပန်ကာလအတွက် စဉ်ပြပေးလိုက်ပြီ..။

(အသ) (ရှိဖြစ်)

အတ္တိ သန္တိ

အသိ အတ္ထ

အသ္မိ/အမှိ အသ္မ/အမှ



ဗြူ (ပြောဆို)

ဗြူတိ ဗြုဝန္တိ

ဗြူသိ ဗြူထ

ဗြူမိ ဗြူမ



ဟန (သတ်ဖြတ်)

ဟနတိ/ဟန္တိ ဟနန္တိ

ဟနသိ ဟနထ

ဟနာမိ ဟနာမ



ရွှီး ရွှီး ရွှီး ခရာမှုတ်ပြီ..

ပေးထားတဲ့ ကြိယာတွေရဲ့ အခြေခံပုဒ်တွေကို ရွေးထုတ်ကြလေ..။ လေ့ကျင့်ရင်း အဓိပ္ပါယ်များကိုလည်း မှတ်သားကြစေ..။

  1. ပါပုဏာတိ (ရောက်၏ ၊ချဉ်းကပ်၏)
  2. ဇိနာတိ (အောင်နိုင်၏)
  3. သုဏာတိ (ကြားနာ၏)
  4. ဇာနာတိ (သိ၏)
  5. စိနာတိ(ရွေးချယ်၏)
  6. စောရေတိ (ခိုး၏)
  7. ဘာဝေတိ (ပွားများ၏)
  8. ဆာဒေတိ (ဖုံးလွှမ်း၏)
  9. တနောတိ (ချဲ့ထွင်၏)
  10. ပပ္ပေါတိ (ရောက်၏)



ပါဠိလိုလေး ရေးပြ…။

1. ငါ အောင်မြင်တယ်။
2. သူတို့ ချဉ်းကပ်နေကြတယ်။
3. ငါတို့ကတော့ ပွားများအားထုတ်နေကြဆဲ..။
4. သူတို့ ခိုးနေကြပြီ..။
5. ငါတို့ကတော့ ဖုံးထားလိုက်ပြီ။
6. မင်း ရွေးချယ်..။
7. ငါတို့ နားထောင်နေကြတယ်..။
8. သူတို့ ပြေးကြပြီ။
9. ငါ ထိုင်ချလိုက်တယ်။
10. သူတို့ အိပ်နေကြတယ်.။



မှတ်ချက်လေး ပြောရဦးမယ်..

ပါဠိမှာက Simple Present Tense နဲ့ Present Continuous Tense ကို တစ်မျိုးတည်း ပေါင်းပြီး သုံးစွဲတယ်ဆိုတာလေး မှတ်ထားကြပေဦး..။

I go. နဲ့ I am going. ကို အဟံ ဂစ္ဆာမိ နဲ့ပဲ လုပ်ချလိုက်ပေရော..။



ဓမ္မဂင်္ဂါ

(၁၄-၈-၂၀၁၁)

သီဟပူရ နှင့် ရွှေပြည်ကြီး၊ အောဇီးနှင့် အင်္ဂလန်။ ဂျပန်နှင့် အမေရိက အ၀၀ အတန်တန် နိုင်ငံစုံ နိုင်ငံရပ်ခြားတွင် နေထိုင်လျက်ရှိပေသော်ငြား၊ ဗုဒ္ဓပါဝစနဆိုသဟာ၊ ပါဠိဘာသာစာပေစကား၌ သည်းသည်းလှုပ် အရည်ပျော်သင်ကြားလိုကြပေသည့် တပည့်ဒကာမတစ်စုနှင့် တကွ ဘုရားဒကာ ကျောင်းဒကာ၊ အခန်းငှားခဒကာ ၊အီးဗီဇာဒကာ၊ အင်တာနက်မိုဒမ်ဒကာ ၊ အပိုဟတ်ဒစ်က်စ်ဒကာ၊ ယာယီဖုန်းကဒ်ဒကာ၊ ၀က်ဘ်ဆိုဒ်ဒိုမိန်းဒကာ ဟူပေသည့် ခေတ်သစ်အမျိုးကောင်းသားတို့ အကျိုးများစိမ့်သောငှါ ကျမ်းစာထိုထိုမှ အပိုအလိုမရှိ ကူးချဘိလေသော ဓမ္မဂင်္ဂါ (ချွေးမထွက် ) ပါဠိသင်ခန်းစာတော်ကြီး အခန်း (၁၁)ကား ဤတွင်ပြီး၏။
ပုဒိအာနှင့် ပြည့်စုံရပါလို၏..(အခုတော့ မဟုတ်သေး..)




No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။