20 January, 2013

ပါမောက္ခလမ်းဆုံ

ပါမောက္ခလမ်းဆုံ



(တိဘက်တက္ကသိုလ်မှာ ပထမဆုံးဆရာအဖြစ် ခန့်အပ်တော့ ပါဠိဘာသာစကားအထူးသင်တန်းဆိုတာ ဖွင့်ပေးရပါတယ်။ ဓါတ်ပုံထဲမှာ တိဘက်လားမား၊ သီလရှင်နဲ့ ကျောင်းသားကျောင်းသူအချို့ပါ..။)


(၁)
ဗာရာဏသီကို ပြန်ရောက်တော့ အလွန်အေးလှသည်။။
မနက်ဖြန်ညီလာခံအကြိုနေ့...။
တိဘက်တက္ကသိုလ်ကျောင်းခံပုဂ္ဂိုလ်မို့ ဟိုတယ်မှာ နေရာပေးမည်မဟုတ် ... ။
ဖိတ်ကြားထားသော သာသနာ့တက္ကသိုလ်ပါရဂူကြီးသည်ပင် မိတ်ဆွေရဟန်းတော်များနှင့် အတူ ယာယီသီတင်းသုံးနေရဆဲဖြစ်သည်။
မနက်ဖြန်မှသာ တည်းခိုရာအဆင့်မြင့်ဟင်ဒူစတန်ဟိုတယ်လ်တွင် ညီလာခံကိုယ်စားလှယ်တော်များကို နေရာချထားပေးလိမ့်မည်။

ဆိုရတော့ လျှပ်စစ်မီးပြတ်တောက်နေသော အခန်းကျဉ်းလေးတွင် ဤစာကြောင်းများကို တဖျောက်ဖျောက် ရိုက်နေခြင်းဖြစ်သည်။
အမှောင်နှင့် အအေးဓါတ်သာ ကြီးစိုးနှိပ်စက်နေသော နေရာကို လောကန္တရိတ်ငရဲဘုံဟု တက္ကသိုလ်ဆရာကြီးတစ်ဆူက ရှင်းပြဖူးသည်။

ခု မှောင်လို့..အေးစက်လို့ပါပဲ..။အစစအရာရာမပြည့်စုံလှစွာသော ဗာရာဏသီကို စွန့်ခွာဖြစ်တော့မည် ထင်ပါသည်။ လူနှင့် ပတ်ဝန်းကျင်သည် စိတ်နှလုံးကို ပဲ့တင်စေတတ်ပါသလား...။
မဇ္ဈိမတွင် သူ မပျော်ပိုက်ခဲ့.။

ဗုဒ္ဓအရှင်ပွင်ထွန်းပေါ်ပေါက်ရာ မြေမြတ်မဟာ ဟူသော အစွဲလေးတစ်ခုသာ မရှိလျင် ခန္တီတရားကို သူ မွေးမြူနိုင်လိမ့်မည် မထင်..။ ဗုဒ္ဓအရှင်ကလည်း မဇ္ဈိမဒေသကို စွန့်ရိုးထုံးစံမရှိ..။ ဤပထ၀ီအချက်အချာသည်သာ သစ္စာဘူမိဖြစ်လေသတတ်..။ ဘီစီခြောက်ရာစုအခင်းအကျင်းက အမှန်တကယ် ကြီးကျယ်မြင့်မြတ်ကြောင်း ထင်ရှားပေမင့် ယခု သူဖြတ်သန်းနေရသော ရာစုသစ်က  စိန်ခေါ်မှုအမျိုးမျိုးဖြင့် သူ့ စိတ်နားရွက်ကို အမြဲတံတွေးဆွတ်နေတတ်ခဲ့ပါသည်။

သို့သော် သူ့ဘ၀၏ တံခါးချပ်များက ဤမြေ၊ ဤရေတွင် တရွေ့ရွေ့ လင်းပွင့်သွားခဲ့သည့်အတွက် မဇ္ဈိမ၏ ကျေးဇူးတရားအကြောင်းကိုသူ အမှတ်ရစွာ တဖွဖွပြောနေပါလိမ့်မည်။

(၂)
တကယ်တော့ ပါမောက္ခလမ်းဆုံသို့ သူရာက်ရှိနေလေသည်။ဧည့်ပါမောက္ခအဖြစ် သုံးနှစ်တာထမ်းဆောင်ပြီးချိန်တွင် အမြဲတမ်းပါမောက္ခအဖြစ် တက္ကသိုလ်က ကမ်းလှမ်းလာခဲ့သည်။ ရဟန်းတစ်ပါးအနေဖြင့်ထက် အသက်မွေးဝမ်းကြောင်းနေရသူတစ်ဦးသာဆိုလျင် မိသားစုဘ၀တစ်ခုကို လုံခြုံမှုပေးနိုင်သည့် လစာနှင့် အခွင့်အလမ်းများရှိနေခဲ့ပါသည်။
သို့သော် ရွှေပြည်ကြီး၏ ခေါ်သံအချို့ကို သူ ကြားနေရသည်ဟု ခံစားလာမိ၏။ တကယ့်ခေါ်သံအစစ်တွေကော သေချာပါရဲ့လား..။ သူကတော့ ရှိရင်းစွဲအသိုက်အမြုံနှင့် ဂုဏ်ပကာသန၀တ်ရုံကို စွန့်ခွာ ချွတ်ပုံထားခဲ့ရလေမည်။

မနက်ဖြန် ညီလာခံကျင်းပရာ ခန်းမဆောင်တွင် သူသည် ရွှေပြည်ကြီးကိုယ်စားပြုရဟန်းတော်တစ်ပါးအဖြစ် နိုင်ငံတကာမိတ်ဆွေအချို့နှင့် စကားခွန်းဆို၊ နှုတ်ရေးချိုရပေလိမ့်မည်။ယခုတော့ မှောင်ဆဲ...အေးစက်နေဆဲ...။
 အော် လောကန္တရိတ်ဗာရာဏသီမှာ....။

ဓမ္မဂင်္ဂါ
(၁၁-၁-၂၀၁၃)

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။