22 April, 2014

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)
====================
ကမ္ဘာကျော်ဆိပ်ကမ်းတံတား(Harbour Bridge)ဆီ စကြာလှေဆိပ်စင်္ကြန်လမ်းအတိုင်း သူ ဆက်လျှောက်လာခဲ့သည်။ ဆစ်ဒနီညနေခင်းက ဆိပ်ကမ်းငေးသူများဖြင့် ပိုမိုသိပ်သည်းလာခဲ့၏။ တစ်နေရာမှာတော့ အဘောရီဂျင်းဂီတလုလင်တစ်ဦးက ထူးဆန်းသော လေမှုတ်တူရိယာတစ်ခုကို မှုတ်ကာ တစ်ကိုယ်တော်ဖျော်ဖြေနေသည်။ ၀ိုင်းအုံစူးစမ်းနေသော လူစုလူဝေးထဲ သူတိုးဝင်လိုက်၏။ 

 

ရှည်လျားထွေပြားလှသော တူရိယာကြီးကို သူ စိတ်ဝင်စားသွားသည်။ ဒီဂျီးရီဒူး (didgeridoo) ဟုခေါ်သော အဘောရီဂျန်းရိုးရာတူရိယာ၏ သက်တမ်းက နှစ်ပေါင်းတစ်ထောင့်ငါးရာကျော်ပြီ တဲ့..။ 



ပစိဖိတ်ဆောင်းကို ဥပေက္ခာပြုနိုင်စွမ်းသည့် အဘောရီဂျန်းကြီး၏ ရင်ဘတ်ပေါ်တွင် ရေးခြယ်ထားသောအကြောင်အကျားများက အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ကမ်းပေါ်က ခန္ဓာကိုယ်ကို ပြာသုတ်ကာ ၀စ်လစ်စလစ်ကျင့်ကြံနေကြသည့် ဆားဒူးကြီးများနှင့် ရိုးမှားဖွယ်ဖြစ်သည်။ ဆံင်ရှည်နှင့် ထိုအဘောရီးဂျန်းကြီးကို ရုတ်တရက်မြင်လိုက်စဉ်က အမျိုးသမီးတစ်ဦးဟု ထင်မိသော်လည်း ဒီဂျီရီဒူးကို အမျိုးသားများသာ မှုတ်ရသည် တဲ့..။ 


မှုတ်လိုက်တိုင်းတုန်ခါနေသော အဘောရီးဂျန်းကြီး၏ နှုတ်ခမ်းလွှာအလှုပ်သည်ပင် အနုပညာအားထုတ်မှုတစ်ရပ်ဖြစ်သည်။ အသက်ရှုရှိုက်ခြင်းသာ မကျွမ်းကျင်ပါက ဤတူရိယာကို အသုံးပြုနိုင်လိမ့်မထင်ပါ..။ ရိုးရာတေးသွားတစ်ပုဒ်၏ နိဂုံးသို့ ၀ိဥာဉ်များစွာက တွန်းပို့နေရသည် ဟု ထင်ရလောက်အောင် စိတ်လှုပ်ရှားဖွယ်ဂီတကို အားလုံးက မင်သက်နေကြသည်။
သို့သော် သူက တရားခန်းမတစ်ခုဆီ အချိန်မီရောက်ရန် စိတ်စောနေပြန်သည်။ အဘောရီဂျန်းလုလင်၏ လှုပ်ရှားမှုမှန်သမျှကို ဂီတဖျော်ဖြေမှုသဘောထက် သုတစုဆောင်းမှုအဖြစ်ပင် ငေးနေချိန်မရှိတော့ပါ။ သို့နှင့် ဆိပ်ကမ်းတံတားကြီးကို အဝေးမှ ဓါတ်ပုံတစ်ပုဒ်ရိုက်ယူသည်..။

 

နောက်တစ်ခေါက် ရောက်ဖို့ဆိုတာ လွယ်ချင်မှလွယ်မည်..။
အရာရာကန့်သတ်ခံထားရသော ရွှေပြည်ကြီးသားတစ်ဦးအတွက် ကမ္ဘာ့မျက်နှာကို
စိတ်ရှိတိုင်း မြင်ရဖို့ဆိုသည်မှာ ဒုလ္လဘတစ်ပါးဖြစ်နေဆဲပင်...။ လူချင်းတူတူ ခွဲခြားဆက်ဆံနေကြသော အလုံပိတ်တံခါးများ
ရှိနေကြဆဲပင်..။

ဆစ်ဒနီဗဟိုမီးရထားဘူတာရုံကြီးဆီ ဘတ်စ်ကားဖြင့် ပြန်လာရ၏။ ထို့နောက် အဓိပ္ဗါယ် အသီးသီးဖြင့် နှေးလိုက် မြန်လိုက်ခြေထောက်များစွာနှင့် ၀င်ရောက်ရောနှောကာ ဘူတာ ရုံကြီးထဲ လျှောက်ရသည့်အရသာကို သဘောကျနေသေးသည်။
စင်ကာပူကို မကြာခဏရောက်နေကျမို့ ရထားများကို စာမဖွဲ့ချင်တော့ပါ..။ 




သက်သောင့်သက်သာရှိခြင်းနှင့် လူ့ဂုဏ်သိက္ခာကို အရောင်ထွက်စေနိုင်သော ပို့ဆောင်ရေးစနစ်ကိုသာ ရွှေပြည်ကြီးမှာ မိတ္တူပွားထားလိုက်ချင်သည်။ ရွှေပြည်ကြီး၏ နံနက်ခင်း အလုပ်သွားချိန်များနှင့် ညနေခင်းအိမ်ပြန်ချိန်များတွင် လူပီသခွင့်၊ စာနာခွင့်ပျောက်ဆုံးနေကြသောအမျိုးအရင်းကြီးများကို မြင်ယောင်ကာ စိတ်မသက်သာတော့ ဖြစ်ရ၏။ အက်ဖ်တာယူ (After You) မရှိသော နှစ်ကာလများစွာ နာကျင်စွာ ဖြတ်သန်းခဲ့ကြီးပြီပဲ...။
 
ဒေါ်သီတာဆွေ၏ ကားလေးရပ်ထားရာဘူတာရုံတွင် ဆင်းလိုက်ကြ၏။
ပါရမီဟု အမည်ပေးထားသော ဓမ္မရိပ်သာတစ်ခုတွင် တရားနာယူရန် အသင့်စောင့်နေကြသူများကို တွေ့ရသည်။ ဆစ်ဒနီမြို့ပြထဲက ဆိတ်ငြိမ်သောဓမ္မရိပ်သာလေးကို သူ ကျေနပ်သွားသည်။ မြန်မာပြည်ပွားဆရာဝန်ကြီးဇနီးမောင်နှံက မည်သူမည်ဝါအတွက်ဟူသောပုဂ္ဂလိကအဓိဋ္ဌာန်ဖြင့် မဟုတ်ဘဲ သာသနာနှင့် စပ်သော တရားဓမ္မ၀န်ဆောင်မှုအားလုံးအတွက် လှူဒါန်းထားခြင်းဖြစ်သည်။ မြန်မာ့ကျွန်းဖြင့် ပြုလုပ်ထားသောတရားဟောပလ္လင်က ခရီးသွား 
 ဟန်လွဲဓမ္မကထိကကို ဆီးကြိုနေပါသည်။  


ဤပလ္လင်ပေါ်တွင် ဓမ္မကထိကအကျော်အမော်များ၊ တိပိဋကဆရာတော်များ၊ ပရိယတ်နှင့် ပဋိပတ်ဝန်ဆောင်ဆရာတော်ကြီးများ တရားဓမ္မချီးမြှင့်တော်မူခဲ့ကြဖူးသည်။
မြန်မာနိုင်ငံက ဓမ္မာရုံကြီးများလို မကြီးမားသော်လည်း ဖိတ်ကြားထားသည့်တရားနာပရိသတ်အတွက် လုံလောက်သောအကျယ်အ၀န်းရှိသည်။
ဓမ္မကထိကနှင့် ထေရ်ကြီးဝါကြီးဆရာတော်များ နားနေရန် အခန်းများ ရှိသည်။
တရားဓမ္မကို အသံဖမ်းယူရန် ၊ တစ်ကမ္ဘာလုံးက အွန်လိုင်းတရားနာယူလိုသူများကို ဖြန့်ဝေရန် နည်းပညာအကူကိရိယာများလည်း ရှိနေလေသည်။

သူက “ မြတ်ဗုဒ္ဓ၏ ပထမဆုံးဓမ္မခရီး” အမည်ဖြင့် တရားတစ်ပုဒ်ဟောဖြစ်ခဲ့ပါသည်။
ခရီးသွားခြင်းကို ခုံမင်သူဓမ္မကထိကက ဗုဒ္ဓအရှင်၏ မိဂဒါဝုန်သာသနာပြုလမ်းညွှန်စကားကို ကိုးကားကာ ခရီးသွားလုပ်ငန်း (Tourism)ကို ဗုဒ္ဓအရှင်ကိုယ်တိုင်အားပေးတော်မူခဲ့ကြောင်း သက်သေပြကာ ဗုဒ္ဓအရှင်ပထမဆုံးကြွတော်မူရသော သာသနာပြုခရီး၏ လေးနက်မှုကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။
ဗုဒ္ဓအရှင်က “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဓမ္မံ (ရဟန်းတို့ ခရီးထွက်ကြ..။ တရားဓမ္မကို ဟောပြောကြလေ ”တဲ့..။
(ဆက်ရန်)

ဓမ္မဂဂင်္ဂါ
၂၃-၄-၂၀၁၄

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။