27 November, 2009

ဂယာလမ်းဆုံ

ဗမနက်စောစောအိပ်ရာထလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တက္ကစီတစ်စီးငှားလို့ ထွက်ခဲ့သည်။ မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် ကျောင်းသားတစ်ယောက် လိုက်ပို့ကြသည်။လေယာဉ်ကွင်းချိန်းက ၇း၀၀နာရီ။
သည်တစ်ခေါက်ခရီးကတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ ခေါင်းစဉ်အကြီးကြီးတွေကြောင့်သာ ထွက်လာရခြင်းပင်။ အမျိုးအရင်းချာတွေကြားမှာ အနေကြာတော့လည်း အလွမ်းဓါတ်လေးက ခိုင်သွားတာလည်း ဖြစ်နိုင်သည်။ ဥပါဒါန်ဆိုတာက လွယ်လွယ် ထွေးထုတ်ပစ်လို့ ရကောင်းသည်မဟုတ်။ အပြုံးတွေ ဘယ်လောက်ကြာအောင် ငတ်မွတ်ရဦးမည်မသိ။ အိန္ဒိယမှာ နေရခိုက် အပြုံချိုချိုတွေ သောက်သုံးခွင့် ရှားပါလှသည်ပဲ။ လေယာဉ်မယ်လေးများ၏ အပြုံးတွင်တော့ မြန်မာ့ရနံ့ကို ရှိုက်မိသေး၏။

လေဆိပ်ထဲမှာ အတူလိုက်ပါမည့် မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် တွေ့ရသည်။ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ပစ္စည်းတွေ ကီလိုပို၍ ချန်ထားခဲ့ရသေးသည်။လေယာဉ်အမှတ်က MAI 8M 601 ။ ဘုရားဖူးရာသီဆိုသော်လည်း လေယာဉ်ပေါ်မှာ ခရီးသည်က ခပ်ကြဲကြဲသာ။ လေယာဉ်စတင်ထွက်ခွာတော့ နံနက် ၉ နာရီ။ ပျံသန်းချိန် ၂ နာရီမျှသာမို့ အိန္ဒိယစံတော်ချိန် ၁၀း၀၀နာရီခန့်မှာ ဂယာသို့ ဆိုက်ရောက်လေသည်။ မိတ်ဆွေရဟန်းတော်များက ကားတစ်စီးဖြင့် လာကြိုနေကြသည်။

သြော် ရောက်ပြန်ချေပြီကော မဇ္ဈိမရေ။ ဘယ်လောက်ကြာအောင် ထပ်မံငြိကပ်နေရဦးမည်မသိပြီ။

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။