29 November, 2009

ဗာရာဏသီရွှေပြည်တော်အ၀င်

ဗုဒ္ဓဂယာမှာ တစ်ညတာ ခိုဝင်ခဲ့သည်။ နောက်ကျိနေသောစိတ်များ ကြည်မြသွားရ၏။ အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး၏ ပညာရေးဗိမာန်တော်ကြီးကလည်း ခံ့ညားထည်ဝါလျက်ရှိချေပြီ။ တစ်ကမ္ဘာလုံးရှိအလှူရှင်တို့၏ သဒ္ဓါတရားဖြင့် ထုဆစ်ထားသော ပုံရိပ်စစ်စစ်တစ်ခုပင်ဖြစ်တော့သည်။ ထိုကျောင်းတော်ကြီးတွင် တစ်ရက်တာနားခိုခဲ့၏။ ညရေးညတာကုန်ဆုံးမှုကိုတော့ မိတ်ဆွေရဟန်းတော်တစ်ပါးက သူနေထိုင်ရာအဆောင်သို့်ဖိတ်ခေါ်ထားချေသည်။

ရွှေပြည်ကြီးအကြောင်း၊လွမ်းမိသူတို့အကြောင်း စကားတိုစ ပြောကြရပေမည်။ ပုထုဇဉ်ရဟန်းတို့၏ စကားဝိုင်းသည်လည်း ဓမ္မသာကစ္ဆာအမည်တပ်ရပေမည်ကော။ အားသာချက်များသော အမျိုးသားစာရေးဆရာတို့က “ မိန်းမများပြောလျှင် အတင်း၊ ယောက်ျားများ ပြောလျှင်တော့ သတင်း” ဟု ကင်းပွန်းတပ်ကြပေရာ ရဟန်းတော်များ ပြောကြလျှင် ဓမ္မသာကစ္ဆာ ဟု ကမ္ပည်းထိုးကြပေလ္တံ့။

၂၉ နိုဝင်ဘာနံနက်ခင်းတွင်တော့ အိပ်ရာစောစောထရန် ဗာရာဏသီပြည်တော်ဝင်မည့် ရဟန်းတော်များကို နိုးဆော်ထားသည့်အတိုင်း သူလည်း ခပ်ဝါးဝါးပင် မျက်နှာထသစ်ရချေသည်။ မဇ္ဈိမကား အေးချေပြီ။ သူ့တွင် အိန္ဒိယထုံးစံဝတ်ဆင်စရာ ကပလာမပါ။အနွေးထည်ဆွယ်တာလေးတစ်ထည်ပင် ပါမလာ။သင်္ကန်းထူထူတစ်စုံကတော့ မဇ္ဈိမဆောင်းကို ကာကွယ်ပေးနိုင်ကောင်းပါသည်။ ဖြစ်ချင်တော့ ပိုင်စိုးဝေ၏ ကဗျာစာအုပ်တစ်အုပ်တော့ ပါလာသေးသည်။ မိဝင်းဖို့ ကဗျားများ စသည်။

ဗုဒ္ဓဂယာနှင့် ဗာရာဏသီက ကီလိုမီတာ ၂၆၀ ခန့်ဝေးသည်မို့ တာတာကုမ္ပဏီလုပ် ဆူမိုကားတစ်စီးငှါးကြရသည်။ စုစုပေါင်းလိုက်ပါမည့် ရဟန်းတော်က (၆)ပါး။ ယမန်နေ့က ပျင်းရိငြီးငွေ့နေသောစိတ်များလွင့်ပါးစပြုလာ၏။ မဇ္ဈိမသည်လည်း မဇ္ဈိမအလှရှိချေသည်။
ဗာရာဏသီလမ်းသည်လည်း ယခင်ကလို မကြမ်းတော့။ ဟိုင်းဝေးလမ်းမကြီးသည် ကွန်ကရိခင်းထားသည့်အတွက် ချောညက်နေသည်။ စည်းကမ်းမဲ့စွာ မောင်းနှင်တတ်သည့် ယာဉ်အချို့မှလွဲ၍ အနှောင့်အယှက်ကင်းလှသည်။

လက်ျာမောင်းသော ရွှေပြည်ကြီးနှင့်တော့ မတူပါ။ အိန္ဒိယက လက်ဝဲမောင်းဖြစ်သည်။ တစ်ခါတစ်ရံတော့ လမ်းဖြတ်ကူးသည့်အခါ ယောင်မှားတတ်သေးသည်။ လက်ျာပဲ မောင်းမောင်း။ ဗိုလ်ဇေယျပဲမောင်းမောင်း၊ သိန်းဖေမြင့်ပဲမောင်းမောင်း။ သတိရှိဖို့သာ အဓိကဖြစ်ချေမည်။

နံနက် ၉း၀၀ နာရီခန့်က စတင်ထွက်ခွာလာသော ကားသည် ဗာရာဏသီသို့ ၂း၀၀ နာရီခန့်တွင် ဆိုက်ဆိုက်မြိုက်မြိုက် ဆိုက်ကပ်၏။ လမ်းမှာ ကားဘီးတစ်ခါပေါက်၏။ ခပ်ညံ့ညံ့စားသောက်ဆိုင်တစ်ခုတွင် ပလာတာ၊ နို့ခဲချက်၊နှင့် ရောသမမွှေကုလားပဲဟင်းချက်စားသုံးခဲ့ရ၏။ ဘာပဲဖြစ်ဖြစ် ဗာရာဏသီရှိ မိတ်ဆွေရဟန်းတော်များ၏ အပြုံးကိုပဲ နေ့လည်စာအဖြစ် စားသုံးလိုက်ပါသည်။

မင်းသိင်္ခလို “ ပျော်ပါတယ် ကိုပြေသိမ်း”ပေါ့လေ။

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။