ဒေလီမြို့တော်သည် မကြာမီက ကျင်းပခဲ့ပြီးသော ဓနသဟာယအားကစားပွဲတော်ဝတ်စုံကို မချွတ်ရသေး သည့်ဟန် ကျော့မော့နေဆဲပင်။ မြင်ကွင်းများ အသစ်ဖြစ်သွားသည်။ ယခင်ဒေလီမဟုတ်တော့တာ သေချာသည်။ ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဒေလီသည် ရှုပ်ထွေးညစ်ပတ်မှုတို့ဖြင့်သာ ကြိုဆိုတတ်လေ့ရှိခဲ့သည်။ ယခုတော့ ရှင်းလင်းတောက်ပနေလေသည်။
ဒေလီမီးရထားဘူတာရုံကြီးထဲမှ သူ ထွက်လိုက်သည် မြို့ပြအငွေ့ကို ရှိုက်လိုက်ရ၏။ ဟီးရိုးဟွန်ဒါမီးခိုးငွေ့ များထဲမှ သူ့အသက်ရှူသံကို ခပ်သုတ်သုတ်ဆွဲဖယ်ထားလိုက်ရသည်။ နယူးဒေလီ မြေအောက်ရထား ဘူတာရုံလေးထဲသို့ ဆင်းလာခဲ့သည်။ ရူပီးအကြွေစေ့များကို ထုတ်ကာ လက်မှတ်ကောင်တာမှ တိုကင်ပြားလေးတစ်ခုကို ၀ယ်ယူလိုက်သည်။
ထို့နောက် အမျိုးသားဝင်ပေါက် စစ်ဆေးရေးတံခါးတွင် သူတန်းစီရပ်လိုက်သည်။ တစ်ခါတုန်းဆီကတော့ ဤအမျိုးသားဝင်ပေါက်တွင် ရောထွေးရပ်နေမိသော သူ့ကို လုံခြုံရေးဝန်းထမ်းတစ်ဦးက '' No Lady ' No Lady '' ဟု ကျယ်လောင်စွာ အော်ဟစ် သတိပေးခံရဖူးသည်။ သင်္ကန်းဝတ်စုံနှင့် ဆာရီသင်တိုင်းကို အမြင်မှားယွင်းသွားခြင်းဖြစ်သည်။ သူ့မျက်နှာကို မြင်မှ ထိုဝန်ထမ်းက ရှက်ကိုးရှက်ကန်းဖြင့် ဆောရီးလုပ်သည်။
ဒေလီမြို့တော်၏ မြေအောက်မက်ထရိုရထားခရီးစဉ်တိုင်းသည် ရဟန်းတစ်ပါး၏ အာရုံခံကိရိယာများအတွက် အမြဲစိန်ခေါ်မှု ရှိနေတတ်မြဲပင်ဖြစ်သည်။ သတိလက်လွတ်သွားသည်နှင့် မျက်မှန်ကျွတ်သွားနိုင်သည်။ ငှက်တစ်ကောင်ဆိုလျှင်တော့ ငှက်တောင်ကျွတ်သွားနိုင်လေသည်။ ပိဋကတ်မှတ်တမ်းတွင် ဗုဒ္ဓအရှင်က သတိပဋ္ဌာန်ဒေသနာတရားကို ဒေလီမှာ ဟောကြားခဲ့သည်ဟု လေ့လာရဖူးသည်။
ထိုစဉ်က ကုရုတိုင်း ကမ္မာသဒမ္မရွာနိဂုံးလေးတစ်ခုမျှသာ ဖြစ်သော ဒေလီသည် ယခုတော့ နည်းပညာနှင့် ရိုးရာဝတ်စုံကို တွဲဖက်ဝတ်ဆင်ထားသည့် မယုံကြည်နိုင်ဖွယ်အိန္ဒိယ(Incredible India)၏ အမြင်ထူးခြားသော ပြခန်း တစ်ခုဖြစ်နေသည်။ ဗာရာဏသီနှင့် ယဉ်ကျေးမှုယူဇနာများစွာ အကာအဝေးတွင် သူရောက်ရှိသွားသည်။ ဂျင်းဘောင်းဘီ၊ဆင်စွယ်ရောင်အာရယန်အလှနှင့် ဘလက်ခ်ဘယ်ရီမိုဘိုင်းဖုန်းများ........
ဝိဿဝိဇ္ဇာလယ(၀ိရွှဝိဒျာလယ) မက်ထရိုဘူတာရုံတွင် သူဆင်းလိုက်သည်။ ၀ိဿဝိဇ္ဇာလယဆိုသည်က ကမ္ဘာ့တက္ကသိုလ်ဟု အဓိပ္ပါယ်ရသည်။ နာမည်ကျော်နယူးဒေလီတက္ကသိုလ်ကြီး၏ ၀င်ပေါက်တွင် သူရပ်နေ မိခြင်းဖြစ်သည်။ မြေအောက်ဘူတာရုံမှ ထွက်လိုက်သည်နှင့် နတ်သမီးတိုင်းပြည်သို့ ဘွားကနဲ ရောက်ရှိသွား သည့် ညီတော်မင်းနန်လို ဗာရာဏသီကို မေ့သွားသည်။ ညစ်ထေးဆူညံသော လမ်းမများ၊ လမ်းကြိုလမ်းကြား ဥဒဟိုသွားလာနေကြသော ဘေးမဲ့နွားများ၊ညှီဟောက် စူးဝါးသော အနံ့များမှ တဒင်္ဂလွတ်မြောက်သွားသည်။ နောက်တစ်ခေါက် အသက်ကို ပြန်ရှိုက်လိုက်တော့ နောက်တစ်ခါ အသက်ကို ပြန်ရ၏။
ဗာရာဏသီတွင် အလှကို ဆာရီဖြင့် ထုတ်ပိုး ကွယ်ဝှက်ထားလေ့ရှိသည့်အတွက် ရဟန်းတစ်ပါး၏ စက္ခုနြေ္ဒကို တခုတ်တရ ထိန်းကျောင်းရန်မလို...။ ဒေလီမြို့တော်၏ ၀ိဿဝိဇ္ဇာလယမြေအောက်ရထားဘူတာရုံကတော့ ဘာသာရပ်အသစ်ဖြစ်သည်။ ဒေလီတက္ကသိုလ်ကျောင်းတော်ကြီးတွင် ၀င်ထွက်သွားလာနေကြသည့် အာရယန်နွယ်ဖွားမိန်းမပျိုတို့က ရွေ့လျားနေသော နတ်ဘုရားမရုပ်တုများဖြစ်နေကြသည် ။ တကယ်ဆိုတော့ ဒေလီသည် မဇ္ဈိမ၏ အလှတရားကို ဖော်ကျူးထားနိုင်သည့် ပြယုဂ်ကောင်းတစ်ခုဖြစ်သည်။
မဇ္ဈိမ၏ အဓိပ္ပါယ်ကို ဒေလီရောက်မှ သူနားလည်သွားသည်။ အာရှ၏ ဆင်စွယ်နှစ်ရောင်အသားအရေဖြင့် ထုဆစ်ထားသော ဥရောပမျက်နှာကောက်ကြောင်းထင်းထင်းများ ။ ရဟန်းတစ်ပါး၏ စက္ခုအကြည်ဓါတ်တွင် သတိမျက်စဉ်းခတ်လိုက်ရသည်။ ဒေလီတွင် ဟောကြားထားသည့် ဗုဒ္ဓအရှင်၏ သတိမူရေးလမ်းစဉ်သည် ဒေလီ၏ အာရုံငါးပါးနားမကျန်းမှုအတွက် ပဋိဇီဝဆေးတစ်လက်ဖြစ်မည်။
ဗုဒ္ဓအရှင်ပွင့်ထွန်းရသော နေရာမြတ်သည် မဇ္ဈိမမှ လွဲ၍ အခြားနေရာမဖြစ်နိုင်..။ ဘုရားတစ်ဆူပွင့်ဖို့အတွက် ပြည့်စုံရသည့် ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ အခြေခံအချက်ငါးမျိုးတွင် အမျိုးအနွယ်ပြည့်စုံမှု သည်လည်း အရေးကြီးသည့် အကြောင်းတရားဖြစ်သည်။ ဘုရားအလောင်းအတွက် ထိုက်တန်သော ခတ္တိယသတို့သမီးသည် မဇ္ဈိမသူပဲ ဖြစ်ရပေမည်။ ကြံဖန်တွေးမိခြင်းပါပဲ...။ ငါးရာငါးဆယ်ဇာတကတွင် အလှထိပ်ခေါင်တင်မိန်းမမြတ်များသည် ဒေလီနှင့် ပန်ဂျပ်ပြည်နယ်များမှ ဖြစ်နေတတ်သည်။
ဒေလီမြို့တော်၏ မြစ်မှာ လှပသော အမည်ဖြင့် ထင်ရှားသည့် ယမုံနာဖြစ်သည်။

No comments:
Post a Comment