Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

29 August, 2014

ဒီပလိုမေစီကြောင်ဋီကာသစ်

ဒီပလိုမေစီကြောင်ဋီကာသစ် 
================== 
(၅)

နန်းတော်ကြီးတစ်ခုလုံး အေးခဲသွားလား မှတ်ထင်ရချေသည်။ 
ကဗျာရွတ်ဖတ်သံကား မရပ်..။ 

“အမ နှမ ၊သမီးကကို ၊ 
စ၍ ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ 
စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ 
အတတ်မရှိ၊ သတ္တိကင်းကွာ၊
ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း..။ ဟု ရှိပါကြောင်းဘုရား”

ကဗျာက ဤမျှသာဖြစ်ချေသည်။ သို့သော်လည်း တိုတောင်းသည်နှင့်အမျှ ရှည်လျားရှုပ်ထွေးကျယ်ဝန်းလှသည့်အဓိပ္ဗါယ်တို့က မင်းတရား၏ နားစည်ထဲတွင်
ပူလောင်စွာ စီးဆင်းသွားခဲ့ပြီ..။
ရတနာပုံမင်းရင်ပြင်တွင် ချက်ချင်းသွေးစွန်းသွားစေနိုင်သော ထိုအာဂကဗျာကို ရွတ်ဖတ်နေသော ဘာမထီက၀ိသည်ကား အဂ္ဂမဟာသေနာပတိဝန့်ရှင်တော်၊မကွေးမြို့စားဝန်းကြီးမင်း မင်းသတိုးမင်းကြီးမင်းလှမဟာမင်းခေါင်သီဟသူ ဘွဲ့အမည်ရ ရွှေပြည်ဝန်ကြီးဟုကျော်ကြားပေသော ယောင်းအတွင်းဝန်ဦးဘိုးလှိုင်ပင်ဖြစ်လေသတည်း..။

ရွှေတွင်းငွေတွင်း ပယင်းဒုဌာ၊ လက်နက်စကြာသခင်၊ ဒိဗ္ဗစက္ခုမှန်ပြောင်းရှင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်သာမက အတွင်းပစ္စည်းဟိုသင်းဟိုဟာကိုပါ ပိုင်သပါသော ရေမြေ့သနင်း မင်းပဒေသရာဇ် ဧကရာဇ် အာဏာရှင်အစစ်တို့ ခေတ်ကြီးဝယ် အစိုးရအား လာဘ်ပေးမှုဟူသည် သမီးပေးခြင်း၊ အမ နှမနှင့် ကြီးဒေါ်လှလျင် ကြီးဒေါ်ပါပေးကြခြင်းပေတည်း။
သို့နှင့် မိန်းမလည်း ခိုက်၊ အမြှောက်တော်လည်း ကြိုက်သော မင်းတုန်းမင်းကြီး၏ ကက်ဘိနက်တွင် အမနှမ သမီးပြ၍ အမှုတော်ရကာ အခွင်းအလမ်းဝနေသော ၀န်ကြီး ၀န်ကလေး ၀န်သူဌေးမင်းတို့ ပေါများကာ တိုင်းပြည်၏ ကျောကို ချနေသောဓါးပြအုပ်စုကြီးပေါ်ခဲ့လေဟန်တည်း..။

သို့သော် ဘုရားလောင်းဇာနည်၊ မင်းမဟော်သွေးပီသသည့် ခိုင်ကြည်သောသတ္တိ၊မြတ်သောစိတ်ရှိသည့် ယောမင်းကြီးသည်ကား ထားလျင်လည်း နေ၊ သတ်လျင်လည်း သေ၊ အာဏာဓါးထက်ပေသည့် သီဟာသနပလ္လင်ဗွေ နန်းရင်မြေတွင် အထက်ပါအတိုင်း မကြောက်မရွံ့ ကဗျာရွတ်ကာ ဆန္ဒကို ထုတ်ဖော်လိုက်ခြင်းဖြစ်ပေ၏။
အခြားပညာရှိဆိုလျင်လည်း လျှောက်တင်ဝံ့မည်မထင်၊ အခြားဘုရင်ဆိုလည်း ထားလိမ့်မည်မဟုတ်..။

သည်မှာ ကြောင်လိုက်သည့်မြင်ကွင်း...။

“ ဟယ် ငဖိုးလှိုင် ဒီလှံတော်သည် ဘယ်သူ့ကို ဘယ်သူက ထိုးတဲ့လှံလဲဟဲ့..”
” မှန်ပါ အရှင့်ခမည်းတော်က ကျွန်တော်မျိုးဖခင်ကို ထိုးသည့်လှံပါဘုရား”
” နင်မကြောက်သလော”
” ထိုးတော်မူပါဘုရာ့..”
”အင်..”

ဘုရင်က လှံဖြင့် ရွယ်၏၊
ပညာရှိကား ရင်ကို ဖွင့်၏။
ဘုရင်မင်းမြတ်ကား လှံတော်ကိုင်ကာ အတွင်းတော်သို့ ၀င်သွားချေပြီ။
မိဖုရားမဟေသီ ဒေ၀ီမောင်းမ အခြွေအရံအလှခြောက်ဆယ်ဖြင့် မြနန်းစံကျော်
မိန်းမပျော်ကြီးဖြစ်၍ အရှက်တော်ရသော်လည်း ပဉ္စမသင်္ဂါယနာတင်၊သာသနာ့ဒါယကာတရားမင်းအရှင်တစ်ပါးပေမို့ အမျက်ဒေါသကို အနိုင်နိုင်ထိန်းတော်မူရလေဟန်တည့်။။

ကျန်ရစ်သော ၀န်မှူးမတ်တို့ကား ထိတ်ထိတ်ပြာပြာ လှုပ်လှုပ်ခတ်ခတ်...။
“ ၀န်ကြီးမင်းလည်း တင်းတင်းမာမာ ရဲပဲ ရဲလွန်းလှသဗျာ ” ဟု အောချရင်သပ်ကြ၏။

ဦးဘိုးလှိုင်၏ မှတ်ချက်ကို နားထောင်ကြည့်ပါလေဦး။
“ ကျွုန်ုပ်သည် လှံနှင့် ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် မကောင်းမှုဖြစ်ပွားနေသည့်အတွက် သေသွားသောအခါ ရွှေပြည်ဝန်ကြီးသည် မင်းလိုလိုက် မင်းကြိုက်တင်သည့်အတွက် နိုင်ငံတော်ပျက်စီးခြင်း ဖြစ်ရလေသည် ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလေလျင် သေကျိုးမနပ်ဖြစ်မည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်၍ တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်ခွင့်တင်ခွင့်ရှိက အသက်ကို စွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့် တူမည် ”

ဘယ်လောက်များ ရဲလိုက်ပါသနည်း၊ ဘယ်လောက်များတည်လိုက်ပါသနည်း..။ ဘယ်လောက်များ ကြောင်လိုက်သနည်း..။
ထိုရဲရင့်တည်ကြည်ခြင်း၊ အများနှင့်မတူအောင် တမူထူးကဲကြောင်ခြင်း၏ ဆုလာဘ်အဖြစ် နောက်တစ်ရက်တွင်
အသက်မသေသော်လည်း ရာထူးမှ လျှောချ အနားပေးခံရလေသော ဟူ၏။

(၆)

မှော်ဘီဆရာသိန်းကြီးက မြန်မာ့လွှတ်တော်ဝန်ကြီး မှူးကြီးများ ဟူသော ဘုတ်အုပ်တွင်
ယောမင်းကြီး၏ ဂုဏ်ရည်ဆယ်ပါးကို ထုတ်ပြ၏။ သတ္တမမြောက်ဂုဏ်ရည်အဖြစ်
“(၇) တိုင်းရေးပြည်မှု စီရင်ခြင်း၊ စီရင်ဖွယ်ရှိသည်များကို ဖြောင့်ဖြောင့်ရိုးရိုး ကြိုးပမ်းထမ်းရွက်လေ့ရှိ၏။ ” ဟုဖော်ပြ၏။
အဌမနှင့် န၀မဂုဏ်များကိုလည်း “(၈) မင်းရေးမင်းခွင့် အတင်အလျှောက် စကားအပြောအဆိုတို့တွင်လည်း ရဲရင့်တည်ကြည် ကျွမ်းကျင်လိမ္မာ၏။ ”
(၉ ) သာသနာတော်အကျိုး အရှင့်အကျိုး ပြည်သူသတ္တ၀ါတို့၏ အကျိုးဆုတ်ယုတ်မည့် အရာဖြစ်လျင် မဆုတ်မယုတ်စေရန် မိမိစည်းစိမ် အသက် ပျက်စီးမည်ကို မငဲ့မညှာ၊ ဘယာဂတိသို့ မလိုက်..။ ဟုတ်မှန်ပြောလေ့ရှိ၏“ ဟု ထောမနာပြုထား၏။

မင်းတုန်းမင်းသည် ရွှေပြည်ဝန်ကြီး၏ သတ္တိနှင့် ပညာကို အလေးပြု၏။ သို့သော် အာဏာစက်ကို ထိပါးသည်ထင်သောကြောင့် အသက်ကိုသာ ညှာ၍ ရာထူးအခါအခါ ချခဲ့၏။ “ ဖိုးလှိုင်ကို ငါ ၀န်ကြီး ခန့်ရန် အကြံရှိသော်လည်း သင်းမာနကြီးလွန်း၍ ငါ ဆိုင်းငံ့လျက်နေသည်။ သင်းကို လွှတ်တော်ဝန်ကြီး ခန့်ပြန်ပါကလည်း ငါ့အနားတိုင်ပင်စရာ သင်းတစ်ယောက်သာ ရှိသည်။ သည့်ပြင်က အတွင်းဝန်များစွာ အရေးမပါကြဖြစ်ချေသည်။ သို့ကြောင့် သင်းကို အတိုင်ပင်ခံအတွင်းတော်မှာ ထားရသည်။ သို့နှင့် တစ်ခါတစ်ခါ သင်းမာနကို လျှော့ပါစေတော့လို့ ရာထားနှုတ် အကျယ်ချုပ်ထားပေတဲ့ သင်းမာနမလျှော့သေးချေ “ ဟု ၀န်ခံတော်မူရ၏။ တန်ဖိုးသိသော်လည်း မင်းအကြိုက်လိုက်သူမဟုတ်၍ နေရာမပေးလိုခြင်း ထင်ရှားပေသည်။

ယောမင်းကြီးကို ပြည်ဆရာတော်ဘုရားက “မင်းတုန်းမင်းတရားကြီးသည် ၀ိဒေဟရာဇ်မင်းနှင့် တူ၏။ မြောက်နန်းမိဖုရားက ဥဒုမ္ဗရဒေ၀ီနှင့် တူ၏။ ယောမင်းဖိုးလှိုင်သည် မဟောသဓနှင့် တူ၏ ” ဟု ချီးမွမ်းလေ၏။
မဟောသဓာနှင့် တူသော အမတ်ကို မလိုသော ပဒေသရာဇ်တို့၏ တိုင်းပြည်ဝယ် ဦးဖိုးလှိုင်သည် မကြာခဏ အရာတော်ချခြင်းခံရ၏။ ရွှေပြည်ကြီး၏ ဘောဂဗေဒနှင့် နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန် အားထုတ်ခဲ့၏။ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အကြံပြုခဲ့၏။
လူကြောင်က တစ်ယောက်တည်းပေမို့ အမှောင်မခွင်းနိုင်ဘဲ ရှိခဲ့သည်။ သို့နှင့် တိုင်းပြည်ပျက်ခဲ့ရ၏။ ဘုရင်ပါတော်မူရ၏။
ယောမင်းကြီးသာ တိုင်းရေးပြည်မှု စီမံခန့်ခွဲခွင့်ရလျင် ရွှေပြည်ကြီး၏ သမိုင်းတစ်မျိုးတစ်ဖုံ ရေးကောင်းရေးရပေလိမ့်မည်။
သီပေါဘုရင်ခေတ် ကာကွယ်ရေးနှင့် ပတ်သက်၍ ဤသို့ သရော်ခဲ့၏။

“ ဘုန်းတော်ကြီးဘုရား (မင်းတုန်းမင်း) ရွှေလက်ထက်က လက်သုံးတော်ကြီးများမှာ ကြည့်လိုက်ရလျင် အားခွန်ဗလနှင့် တစ်ပါးသူတို့ မြင်သော် အလွန်ကြောက်ရွံ့ ခန့်ညားဖွယ်ဖြစ်ပေသည်။ ယခု ရွှေလက်ထက်တော်ကလေးမှာ လက်သုံးတော်ကလေးများကြည့်လိုက်လျင် ရွှေကျင်ခပ် ခေါင်းပေါင်းနှင့် ထိုင်မသိမ်း အင်္ကျီ တို့ပတ်နှင့် ပန်းပေါင်းနားတောင်းကို ပန်လျက် နေကြသည်ကို မြင်ရတော့ ဖက်ပြီး နမ်းချင်စရာသာ ကောင်းတော့သည်” တဲ့...။

သီပေါဘုရင်နှင့် စုဖုရားလတ်တို့ ပျော်ပွဲသဘင်ခံ၍ ထင်တိုင်းကြဲနေကြသည်ကိုလည်း ဤသို့ မသက်မသာဖြစ်ခဲ့၏။ “ နန်းတော်တွင်းဝယ် ညစဉ် နိုင်ငံခြားပါရစီဇာတ်ကို အသုံးခံစေ၍ ဆုတော်ငွေများ ပေးနေခြင်းသည် အကျိုးမရှိ။ မိမိတို့ နိုင်ငံက ငွေကို အခြားနိုင်ငံသို့ ထုတ်သည့်အတွက် ငါတို့နိုင်ငံပြည်သူများ ဆင်းရဲကုန်လိမ့်မည်။ ကိုယ့်နိုင်ငံ ကိုယ့်ငွေကို ကိုယ့်နိုင်ငံ ကြီးကျယ်စည်ပင်အောင် လုပ်ဆောင်ရမှ နိုင်ငံတော်အားရှိပေမည်။ သို့အတွက် မင်းတို့က ဘုရင်မင်းမြတ်ကို အခွင့်သင့်သည့်အခါ သတိပေးခြင်းဖြင့် သံတော်ဦးတင်နိုင်ကြလျင် တိုင်းပြည်ကောင်းဖို့ပဲကွယ် ” ဟု အဆောင်ကိုင်တစ်ဦးကို မိန့်ဖူးလေသည်။

ယောမင်းကြီးလို အသက်ပေး၍ မည်သူကြောင်ရဲမည်နည်း..။ ဗောင်းတော်ညိတ် စိတ်တော်သိကက်ဘိနက်ကြီးသည် ဘုရင်ကို မလျှောက်တင်ရဲဘဲ ပြည်သူတွေကိုသာ ညားဝါးချ၍ တိုင်းပြည်လုံးပါးပါးခဲ့ရဖူးလေပြီ။

(၇)

စီးပွားရေး၊ကာကွယ်ရေး၊ ပညာရေးအဖက်ဖက်က နိမ့်ကျနေပြီဖြစ်သည့် ရွှေပြည်ကြီး၏ ဘဏ္ဍာခွဲဝေသုံးစွဲမှုအတွက်လည်း ဗြဲတိုက်အစည်းအဝေးတွင် ဤသို့ တင်သွင်းခဲ့ဖူး၏။

“ ရှင်ဘုရင် မိဖုရား သားတော်သမီးတော်များကို လခနှင့် ထားရန် ၀န်စုမှူးစု အမှုထမ်း အရာထမ်းတို့ကိုလည်း လခနှင့် ထားရန် သင့်လျော်အောင် စီမံရန်ကောင်းသည့် ဥပဒေတစ်ခု ပြုလုပ်ရန် လိုသည်။ ပိုသောငွေကို ရန်ပုံငွေအဖြစ် ဘဏ်တိုက်တစ်ခု ဖွင့်၍ ထားရမည်။ ထိုငွေသည် အကြီးအကျယ်ဆုံးသော အရေးဖြစ်ပေါ်ခဲ့သည်ရှိသော် လွယ်လွယ်ကူကူ သုံးစွဲနိုင်သည်။ နယ်စပ်ဆိုင်ရာ တပ်ခိုင်ခံ့ရန် လက်နက်များကို လုပ်ကိုင် ၊ စစ်သည်တပ်သားများကို ရွေးကောက်ခန့်ထား၍ စစ်ရေးတွင် လိမ္မာကျွမ်းကျင်အောင် သင်ကြားရမည်။ ဤကဲ့သို့ စစ်သည်လက်နက် အင်အားနှင့် ပြည့်စုံခိုင်ခန့်လျင် တစ်ပါးရန်သူတို့ ကြံဝံ့မည်မဟုတ်။ စစ်မက်အင်္ဂါ ငြိမ်းချမ်း၍ ပြည်သူပြည်သားတို့ ချမ်းသာစည်ကားကြရန် ဖြစ်ချေသည်။ သို့မဟုတ်က နားခေါင်းရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွန်ုပ်တို့၏ အမျိုးသမီးလေးများကို နမ်းရှုပ်ခြင်း ပြုကြလိမ့်မည်။ ကျွန်ုပ်စီမံသည့်အတိုင်း ညီညွတ်ပါလျင် နောင်ငါးနှစ်အတွင်း ကျွန်ုပ်တို့ နိုင်ငံကို ရှေးက ပိုင်သည့်အတိုင်း ဖြစ်အောင် ကြံနိုင်ပါသည် ” တဲ့..။ ကောင်းလင့်တေးပေတကား...။
သို့သော် ရွှေပြည်ကြီး၏ လွှတ်တော်ဟူသည် ပညာရှိတို့၏ အသံမထွက်၊ အာဏာရှင်တို့ မာန်တက်သောနေရာသာ ဖြစ်ချေတော့သည်တည့်..။

ထိုလွှတ်တော်သတင်း အတွင်းတော်က ကြားသော် “ ငါတို့ပိုင်တဲ့ ငွေ ငါတို့ သဘောအတိုင်း မဖြုံးရကေင်းလား ” ဟု မျက်တော်မူသဖြင့် ရာထူးမှ နှုတ်ပယ်လေတော့၏။ ရွှေပြည်ဝန်ကြီးကား ရာထူးစည်းစိမ်ကို ငံ့ကွက်ခြင်းမရှိ၊ ညိုးနွမ်းသောစိတ်မရှိ၊ တိုင်းပြည်ပျက်စိးသွားမည်ကိုသာ စိုးရိမ်ပူပန်၊ ညှိုးနွမ်းသော စိတ်ရှိလေသတည်း..။

ထိုသို့ စိုးရိမ်သည့်အတိုင်းလည်း တိုင်းပြည်ကြီး ပျက်စီးခဲ့လေ၏။ လူကြောင်လူမှန်တို့ နေရာမရသဖြင့် လူမှောင်လူလန်တို့ ထင်တိုင်းကြဲအုပ်ချုပ်ခဲ့သော တိုင်းပြည်တို့၏ နိဂုံးပေတည်း...။

ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ယောမင်းကြီးထက် ပိုကာ ဘုရင်ကိုပင် ဟောက်နိုင်သော လူကြောင်ကြီးတစ်ဦးလည်း ထွန်းကားခဲ့ဖူးသည်။
(ဆက်ရန်)

ဓမ္မဂင်္ဂါ

(Living Color မဂ္ဂဇင်းတွင် အခန်းဆက်ရေးနေသော ဆောင်းပါး )

20 December, 2013

ကွမ်းဥပါဒါန်နိဂုံး

ကွမ်းဥပါဒါန်နိဂုံး
----------
မနေ့က ကွမ်းဖြတ်လိုက်ပါတယ်..။ ဆယ်စုနှစ်နှစ်ခုစာ သွားမှာ ပေကျံစွဲကပ်နေတဲ့ ကွမ်းကျောက်၊ ကွမ်းဂျိုးတွေကို ခြစ်ထုတ်လိုက်ပါတယ်...။ ကွမ်းဥပါဒါန်အစွဲဖြုတ်လေပြီ..။

ရှင်ဥာဏိန်နဲ့ အတူ သွားဆရာဝန်ကို လိုက်ရှာရတာ အမော...။ မီကာဆာဟိုတယ်၊ ရွှေလမင်းဆေးရုံနဲ့ ရန်ကုန်စီးတီးဟိုတယ်က သွားဆေးခန်းတွေကို ရောက်သွားတယ်..။ ရက်ချိန်းယူရတဲ့ သွေးဆေးခန်းယဉ်ကျေးမှုကို သိခွင့်ရသွားတယ်..။ ရန်ကုန်စီးတီးဟိုတယ်မှာရှိတဲ့မစ္စတာဒန်တစ်စ်ဆေးခန်းက ဧည့်ကြိုဒကာမလေးတွေက “ လောလောဆယ်ဆယ်ဆရာဝန် ပြည်ပခရီးထွက်နေလို့ သံလွင်လမ်းကို သွားပါ” လို့ ယဉ်ကျေးပျူငှာစွာ အကြံပေးလမ်းညွှန်လိုက်ပါတယ်..။ အင်းယားသံလွင်လမ်းက မစ္စတာဒန်းတစ်စ်မှာလည်း ကြိုတင်စားရင်းပေးပြီး ဆရာဝန်ဆီက အပွိုင့်မင့်ထ်ယူရတာမို့ အဲဒီမာတုဂါမလေးတွေပဲ ဖုန်းဆက်ပေးလိုက်တာပါ..။

ကားလမ်းရှင်းနေတာနဲ့ ချိန်းဆိုထားတဲ့ အချိန်ထက် စောပြီး ရောက်သွားပါတယ်..။
ညနေ ၄း၀၀ နာရီ......။
သန့်ရှင်းသပ်ရပ်တဲ့ ဆေးခန်းလေးထဲ ၀င်လိုက်တယ်ဆိုရင်ပဲ ဖုန်းဆက်ထားတဲ့ ဘုန်းဘုန်းတွေလား တဲ့..။ ကောင်တာမှာ ငွေရှင်းနေတဲ့ သွားအလှပြင်သူ၊ သွားစိုက်သူနှစ်ဦးရှိနေလို့ ခဏထိုင်စောင့်ရပါသေးတယ်..။ရှင်းနေကြတဲ့ ငွေကြေးပမာဏတွေကြားရမှ သွားတွေရဲ့ တန်ဖိုးကြီးပုံကို စောကြောမိတော့တယ်..။
ဘုရား ဘုရား...။ သေချာမေးမှ ဖြစ်မယ်...။ တော်ကြာ ပရိက္ခရာလွယ်အိတ်တော်ထဲ ပါတာနဲ့ မလောက်မှ ဟုတ်ပေ့ဖြစ်နေမယ်..။


ဖိနပ်ချွတ်ပြီး အပေါ်ထပ်သီယေတာအပြင်ဘက်က ဧည့်ခန်းထဲမှာ ထိုင်စောင့်ရပါတယ်..။ အမျိုးသမီးငယ်လေးတစ်ဦးကို သွားဆရာဝန်ကြီးနဲ့ အကူဆရာမလေး သုံးယောက်က သွားပြုပြင်နေကြတာပါ..။
ကြာဦးမှာဆိုတော့ ဆရာဝန်ကြီးဖတ်ဟန်တူတဲ့ ဗုဒ္ဓဓမ္မမှတ်စုစာအုပ်အထူကြီးကို ကောက်ဖတ်လိုက်တော့ အိပ်ငိုက်သွားပါတယ်..။

ရှင်ဥာဏိန်ကတော့
ထီဂဏ္ဍုကုဿဝ(အမျိုးသမီးဘောလုံးပွဲ )ကို
ဒူရဒဿန(ရုပ်မြင်သံကြား)က တိုက်ရိုက်ထုတ်လွှင့်တာ မကြည့်ရရှာတော့
မုခပေါတ္ထက( ဖေ့စ်ဘွတ်ခ်) ကိုပဲ
ပရာမသန (ပွတ်)ရင်း
သာသန( သတင်း)ကို
ဒါန (ဖြန့်ဝေ)နေပါတယ်..။

အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက် ရောက်လာပြန်ပါတယ်..။
သွားစိုက်ထားတဲ့ ပဲ့သွားလို့ တဲ့..။
အမျိုးသမီးငယ်လေးပြီးတာနဲ့ ဆရာဝန်ကြီးက နောက်ရောက်လာပေမယ့် အပွိုင့်မင့်စောဟန်တူတဲ့ အမျိုးသမီးနဲ့ အရာရာဦးစားပေးမှ ကြိုက်တတ်တဲ့ ဘုန်းတော်ကြီး ဘယ်သူ့ဦးစားပေးရမလဲ ခေါင်းစားသွားပုံပဲ..။
ပုထုဇဉ်သဘာဝ ပထမကြိုက်ပေမယ့် ဖြစ်ထိုက်တာကိုပဲ စဉ်းစားတတ်ရမှာမို့
“ ရတယ် ဆရာ...ဦးဇင်းက ၅ နာရီအပွိုင့်မင့်ပါ..စောရောက်လာလို့...”

ဘယ်လောက်ငိုက်သွားလဲ မသိဘူး..။ မြန်မာအမျိုးသမီးတွေ တစ်ဂိုး...။ နှစ်ဂိုး...၊ သုံးဂိုးမြောက်တော့ “ အရှင်ဘုရား ကြွပါ” တဲ့..။
“ ဘာလုပ်ပေးရမလဲ ဘုရား”
“ဦးဇင်းကွမ်းဖြတ်ချင်လို့..သွားတွေကို ခြစ်လိုက်ချင်တယ်”
“အရှင်ဘုရား စိတ်ခိုင်ရဲ့လား...သွားက ခြစ်ပြီး ကွမ်းမစားမှ...။ စားလိုက်ရင် ပိုဆိုးသွားမယ်...။”
အဲဒီအချိန်မှာပဲ ရှင်ဥာဏိန်ဆီက “ မြန်မာအမျိုးသမီးအသင်း ၄ ဂိုး...” ဆိုတဲ့ အသံကြားရတယ်..။
“ ဆက်လက်သာ ဆောင်ရွက်ပါ ဆရာ”။။
ပါးစပ်ကို အစွမ်းကုန်ဟ....
သွားတွေကို တဂျိဂျိ ပွတ်တိုက်သံ...၊
နောက်တော့ ၅ ဂိုး...၆ ဂိုး...။
သန်းသန်းထွေးးးးးးးးးးးး အသံတွေ ကြားနေသလို....။

နောက် ၄၅ မိနစ်ခန့်အကြာ“ မြန်မာ့ဘောလုံးဒကာမလေးတွေကို ဂုဏ်ပြုကွမ်းဖြတ်” စတေးတပ်စ်ကို ခပ်တည်တည်လွှင့်တင်လိုက်ပါတော့တယ်..။

ဓမ္မဂင်္ဂါ
၂၁-၁၂-၁၃
------------------------------------------------------
စာကြွင်း
-----
သွားဆရာဝန်ကြီးရဲ့ သီယေတာက ဆင်းလာပြီး ကောင်တာမှာ ကျသင့်ငွေ ရှင်းမယ်ဆိုတော့ “ဆရာဝန်ကြီးက လှူတာပါ ”တဲ့ ဘုရား တဲ့..။
ထင်တော့ ထင်တယ်..။ အရှင်ဘုရား သွားလေးတစ်ချောင်း ပေါက်နေလို့ ဖာပေးလိုက်ပါတယ်ဘုရား လို့ လျှောက်ကတည်းက ရိပ်မိသလိုတော့ ရှိသား..
အက်ဖ်အိုစီဆရာဝန်ကြီး အရောဂျပရမာ ဆုမြတ်နဲ့ ပြည့်စုံကာ နိဗ္ဗာန်အထိ ဖြူစင်ဝင်းမွတ်ပါစေသတည်း...။
ရဟန်းနဲ့ ကွမ်းအကြောင်းကိုတော့ အချိန်ရရင် ရေးပါဦးမယ်....။

19 December, 2013

ဘုရားရှင်ရဲ့ ဆောင်း


ဘုရားရှင်ရဲ့ ဆောင်း
-------------
(၁)
ဆောင်းကား အေးဘိ၏။ လေကား သွေးဘိ၏။ အေးစွ သွေးစွ ကွေးရပါဘိလေ...။ ကျောင်းသင်္ခန်းလေးက ကျဉ်းသည်နှင့်အမျှ လေတွင်းက နက်လေသည်မို့  ကြမ်းကြားလေတိုး တိတ်တခိုးလွမ်း တုန်ခိုက်အောင် ချမ်းလှပေသော ရန်ကုန်ဆောင်း၊ လှိုင်သာယာဆောင်း၊ ရွှေလင်ဗန်းစက်မှုဇုံဆောင်း၊အနောရထာလမ်းဆောင်း၊ ဖုန်းနံပါတ် ၄၄၈၀၀====၁ ဆောင်း၊ ဓမ္မဂင်္ဂါကောလိပ်ကျောင်းတော်ကြီး၏ အနမတဂ္ဂသံသရာဆောင်းပေတကား..။

မည်သို့ဆိုစေ ဂန္ဓာလရာဇ်စောင်ပါးပါးလေးနှစ်ထည်ခန့် ထပ်ခြုံခွင့်ရှိသော၊ကျောင်းသင်္ခန်းတည်းဟူသော အမိုးအကာအမှီအခိုရှိသော ရဟန်းတစ်ပါးအနေဖြင့် အဘယ့်ကြောင့် ငြိးတွားမြည်တမ်း၊ ကံဆိုးသူမောင်ရှင်ကိုမှ လောကဓံကြမ်းလေဟန် ဖန်တီးနေရဘိသနည်း...။

အကယ်ဆိုသော် မဇ္ဈိမဆောင်းနံနက်ခင်ဆီက လွင်တီခေါင်ကွင်းပြင်ကျယ်တွင် အတွယ်အတာမဲ့စွာ သီတင်းသုံးတော်မူရှာသော ဘုရားရှင်ကို အားနာသင့်လှတော့သည်..။


(၂)
ဗုဒ္ဓအရှင်က အာဠ၀ီပြည် လှည်းလမ်းမတစ်နေရာ ၊ ယင်းတိုက်တော၏ သစ်ရွက်ခင်းတစ်ခုတွင် ထိုင်နေတော်မူသည်။
တပိုတွဲနှင့် တပေါင်းလကြား၊ ရှစ်ရက်အတွင်းကာလမို့  အေးခိုက်နေသည်။  နံနက်ခင်း လမ်းလျှောက်ထွက်လာသော ဟတ္ထက အာဠ၀ကမင်းသားက ဘုရားရှင်ကို မြင်သွားသည်။
ဘုရားရှင်နှင့် မင်းသားတို့၏ ဒိုင်ယာလော့ခ်ချမ်းချမ်းလေးက ပိဋကတ်စာမျက်နှာတွင် မြူနှင်းဝေနေဆဲ...။

“အရှင်ဘုရား ချမ်းသာစွာ ကျိန်းစက်ပျော်ပါရဲ့လား..။”
“ပျော်ပါသော်ကော မင်းသားရယ်..။ ဒီလောကမှာ ချမ်းသာစွာ အိပ်စက်ပျော်သူတွေထဲမှာ ငါကိုယ်တော်လည်း တစ်ဦးအပါအ၀င်ပါပဲ..။”

“ဆောင်းရာသီကလည်း ချမ်း၊ ဆီးနှင်းတွေကလည်း ဖြန်း၊ နွားခြေရာခွက်တွေနဲ့ မြေကလည်း ကြမ်း..။ သင်္ကန်းတော်များလည်း စိုစိုရွှမ်းရွှမ်း..။
လေးမျက်နှာလေတွေကလည်း ဟူးဟူးရမ်းရမ်း..။ သစ်ရွက်အခင်းလေးတွေကလည်း ပါးပါးနွမ်းနွမ်း.။ သစ်ပင်က အရွက်တွေကလည်း ကျဲကျဲတန်းတန်း..။
အရှင်ဘုရားမို့  ချမ်းသာစွာ ကျိန်းစက်ပျော်တယ် လို့ ပြောနိုင်ပေ့..။ ”

“မင်းသာကိုပင် ငါကိုယ်တော်မေးချင်တယ်..။ သင် သဘောကျသလိုသာ ဖြေဆိုပါလေ..။ ဒီကမ္ဘာမှာ
သူဌေး၊ သို့မဟုတ် သူဌေးသားတစ်ယောက်ဟာ လေမိုးလုံတဲ့ တိုက်ခန်း၊ လုံခြုံတဲ့ တံခါးတွေနဲ့  စံအိမ်ကြီးရှိတယ်ဆိုကြပါစို့..။ အဲဒီစံအိမ်တော်ကြီးအတွင်းမှာ ဆီးမီးရောင်စုံတွေက လင်းလို့ ....၀င်းလို့...။ မွှေးရှည်မွှေးပွကောဇောကြီးတွေ ခင်းကျင်းလို့...။ ရတနာစီခြယ်တဲ့ သလွန် မွေ့ရာတွေက အိစက်ညက်ညောလို့..။ နှစ်လိုဖွယ်ရာချောမောတဲ့ ဇနီးမယားလေးယောက်ရဲ့  အယုအယတွေကလည်း ရိုးအီဖွယ်မရှိအောင် ပြည့်စုံလို့....။
ဒီလိုသာဆိုရင် အဲဒီသူဌေးဖြစ်ဖြစ်၊ သူဌေးသားဖြစ်ဖြစ် ချမ်းသာပျော်ရွှင်စွာ အိပ်စက်ရတယ်လို့  သင်ထင်ပါသလား မင်းသား...။”

“အဲဒီသူဌေးပဲဖြစ်ဖြစ်၊သူဌေးသားပဲဖြစ်ဖြစ် ချမ်းသာစွာ အိပ်စက်ရသူတွေထဲမှာ တစ်ဦးအပါအ၀င်ပဲ အရှင်...။”

“မင်းသား အဲဒီသူဌေး၊ သူဌေးသားမှာ ရာဂ၊ဒေါသ၊မောဟကြောင့် ကိုယ်ရောစိတ်ပါ ပူလောင်နေမယ်ဆိုရင် ဆင်းရဲစွာ အိပ်စက်ရမယ်မဟုတ်လား..။”

“ဟုတ်တာပေါ့..အဲဒီအပူတွေသာ ရှိနေမယ်ဆိုရင်.ဆင်းရဲရှာတာပေါ့ ဘုရား...။ ”

“ရာဂ၊ဒေါသ၊ မောဟတွေနဲ့ ပူလောင်နေတဲ့ သူဌေးပဲဖြစ်ဖြစ်၊ သူဌေးသားပဲဖြစ်ဖြစ် ဆင်းရဲစွာ အိပ်စက်ရတော့မှာ သေချာတာပေါ့ မင်းသားရယ်..။
ငါကိုယ်တော်ကတော့ ရာဂ၊ဒေါသ၊မောဟတွေကို ပယ်ပြီးသွားပြီ၊ အမြစ်က ဖြတ်ပြီးသွားပြီ။ နှုတ်ပြီးတဲ့ ထန်းပင်ရာလို ပြုပြီးသွားပြီ၊ အသစ်မဖြစ်နိုင်တော့တဲ့အတွက် နောက်တစ်ခါ ပေါ်မလာနိုင်တော့ဘူးပေါ့..။ ရာဂ၊ဒေါသ၊ မောဟကင်းစင်ပြိးဖြစ်တဲ့ ငါကိုယ်တော်ဟာ ချမ်းသာစွာ ကျိန်းစက်ပျော်ပါလေရဲ့  မင်းသား..။”

ဗုဒ္ဓအရှင်က ဂါထာတစ်ပုဒ်ဖြင့် ဒိုင်ယာလော့ခ်ကို အဆုံးသတ်သည်။

မကောင်းမှုကို စွန့်ပယ်..။
ကိလေသာနယ်ဝေးသမို့ ငြိမ်းချမ်း
ကာမဂုဏ်များ မလိမ်းကျံတဲ့ ရဟန္တာကိုယ်တော်
ကျိန်းစက်လို့ပျော်ရဲ့...။
တဏှာအားလုံး ရိတ်ဖြတ်
စိတ်နှလုံးပူလောင်ခြင်းကို ငြိမ်းသတ်
ပုဂ္ဂိုလ်မြတ်ရဟန္တာ
ချမ်းသာစွာ အိပ်စက်ပျော်....


(၃)

ဘုရားရှင်၏ ဆောင်းက တရားဓမ္မဖြင့် နွေးထွေးနေစဉ် ကျောင်းသင်္ခန်းလေးကတော့ လရောင်ဆမ်းနှင်းထုအောက်တွင် ခိုက်ခိုက်တုန်နေဆဲပင်...။


ဓမ္မဂင်္ဂါ
၂၀-၁၂-၂၀၁၃

18 December, 2013

မမြင်ရသောဒိုင်များ


မမြင်ရသောဒိုင်များ
--------------
ပရိသတ်သန်းပေါင်းများစွာ ရှေ့မှာတောင်
ညစ်ပတ်ချင်တဲ့ဒိုင်တွေ ရှိနေသေးတယ်ဆိုရင်
လူသိပ်မမြင်ရဘူးထင်တဲ့ နယ်ပယ်မှာ
အပြုံးကြီးတစ်ခွဲသားနဲ့
အနီကတ်တွေချည်း စိတ် နှလုံးအမဲကြီးထဲ ထည့်ပြီး
ဖြူစင်တဲ့ အနာဂတ်ရဲရဲတွေကို
အလဲအကွဲဖြစ်အောင် ညစ်ပတ်နေကြတဲ့ ဒိုင်တွေ ရှိနေကြောင်း သေချာခဲ့ပါပြီ..။

ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံးကန်ခဲ့ကြပြီ..။
အကောင်းဆုံးဆက်ကန်ရပေမည်..။

၁၉ -၁၂-၁၃
-------------------------------
ရည်ညွှန်း
-------
ကိုယ်တိုင်ကန်နေရသောပွဲနှင့် မြန်မာ့ဂုဏ်ဆောင်အမျိုးသမီးအသင်း၏ ပွဲ

27 March, 2013

ဓမ္မဂင်္ဂါ ကို့တ်( Quote) ဋီကာ

----------------------

ဓမ္မဂင်္ဂါ ကို့တ်( Quote) ဋီကာ
----------------------
ယမန်နေ့က ရင်းနှီးသော အွန်လိုင်းမိတ်ဆွေဒကာ၊ဒကာမများက စကားဝိုင်းတစ်ခုသို့ ၀င်ရောက်ဆွေးနွေးရန် ပင့်ဖိတ်ခဲ့ကြသည်။
သို့နှင့် အောက်ဖော်ပြပါဝါကျအချို့အပါအ၀င် စကားအချို့ကို ပြောဖြစ်ခဲ့ပါသည်။
ထိုစကားများကိုပင် ဒကာဝိက ရည်ညွှန်းကိုးကား စကားအဖြစ် အွန်လိုင်းနံရံပေါ် ချိတ်ဆွဲဖြန့်ဝေခဲ့ပါသည်။

သေချာစေငုအောင် ဖတ်ရှုကြသော ပရိသတ်တို့က နားလည်နှစ်ခြိုက်ကြသော်လည်း ဘာသာမျိုးချစ်စိတ်ကြီးမားပြီး သွေးပူ သွေးဆူတတ်ကြသော လူငယ်(ဟုထင်ရသူ)များက
စကားလုံးအချို့ကို မိမိတို့လိုသလို အဓိပ္ဗါယ်ကောက်ယူဘာသာပြန်ကာ ဆန့်ကျင်ဘက်တုန့်ပြန်မှုအချို့ပြုလုပ်ကြသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။

ရွှေပြည်ကြီး၏ အနာဂတ်အတွက်လည်း တွေးပူရပါသည်။
အွန်လိုင်းပေါ်တက်လာနိုင်သော လူငယ်ဆိုကတည်းက ခေတ်ပညာတတ်၊ မြို့ပြနေ သို့မဟုတ် မြို့ပြနှင့် မစိမ်းသူလူတန်းစားဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်။

ထိုပုဂ္ဂိုလ်များသည်ပင် လိုရာကောက်တွေးခေါ်သော အကျင့်၊ သို့မဟုတ် သေချာဝေဘန်စစ်ဆေးမှုမရှိဘဲ မိမိတို့ပေတံနှင့် မကိုက်သောအရာကို တိုက်ချတတ်သော အလေ့များ မွေးမြူထားကြသည်ဆိုလျင် ကျေးလက်တောရွာနေ၊ ဘာသာမျိုးချစ်စိတ်ပြင်းထန်၊ ပညာမတတ်သော အရိုးခံ အမျိုးအရင်းကြီးဆိုလျင် မည်သို့ရှိချိမ့်မည်နည်း..။

သို့နှင့် ဓမ္မဂင်္ဂါကို့တ်(Quote)ကို ဓမ္မဂင်္ဂါကိုယ်တိုင် ဋီကာဖွင့်ရချေတော့သည်။
အောက်ဖော်ပြပါဝါကျများကို သေချာဖတ်ကြည့်ပါလေ..။

"(၁)ခု ခဏ ခဏ ပြောပြောနေကြတာက ဗမာအမျိုးသမီးလေးတွေ ကုလားမယားဖြစ်ကုန်မယ် ဆိုတာ အားလုံးကြားကြရမှာပါ..။ ခုဖြစ်နေတာက ကုလားမယားထက် ပိုဆိုးတဲ့ အများမယား (ရိုင်းရင် ခွင့်လွှတ်ပါ ဗိုလ်ချုပ်ပြောတဲ့ ဖာသည်) တွေက ပိုပိုများများလာတယ်..။ ကုလားမယားက ရေတွက်လို့ ရတယ်..။ အများမယားက ရေတွက်လို့ မရဘူး။

(၂) အဲဒီလို ဆင်းရဲနွမ်းပါးမှုကို အခြေခံတဲ့ ပြဿနာ၊ ပညာမတတ်မှုကြောင့် ဖြစ်တဲ့ အခြေအနေတွေကို လစ်လျူရှုပြီး ဘာမှမဟုတ်တဲ့ မမှုလောက်တဲ့ ကုလားအရေးကို ရှေ့တန်းတင်ပြီး ပြဿနာတွေ ဖွနေမယ်ဆိုရင် ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ပညာတတ်မြောက်မှု၊ တရားဥပဒေစိုးမိုးမှုဆိုတာတွေ ဘယ်တော့မှ မရောက်နိုင်။ ဗမာတွေက ဆက်လက်ပြီး ဆင်းရဲမြဲ ဆင်းရဲမယ်။ ဗမာတွေ ချမ်းသာရေးဆီ ဦးတည်မှ ပညာတတ်ရေးဆီ ဦးတည်မှ လမ်းစဉ်မှန်မယ်။

(၃)မချမ်းသာတဲ့ဗမာအမျိုးသမီးကို ကုလားကသာမက လမ်းဘေးကသူတောင်းစားကတောင် တောင်းရတဲ့ ပိုက်ဆံနဲ့ ပျော်ပါးခွင့်ရှိလာမယ်။

(၄) မချမ်းသာတဲ့ ဗမာတွေ ကိုးကွယ်တဲ့ ပညာမတတ်တဲ့ ဘုန်ကြီးတွေကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူး။

(၅) နိုင်ငံချမ်းသာမှ၊ နိုင်ငံဥပဒေစိုးမိုးမှ အမျိုးဘာသာသာသနာဆိုတာ လေးစားစရာဖြစ်လာမယ်။

(၆) ကွမ်းယာဆိုင်၊ သူတောင်းစားခွက်နဲ့ တဲသာသာ အိမ်စုတ်မှာ ရေးထားတဲ့ ၉၆၉ ကို ဘယ်သူမှ လေးစားမှာ မဟုတ်။ ဘီဂိတ်ရဲ့ အိမ်တံခါးမှာ ဘာမှ ရေးမထားလဲ သူဘာဆိုတာ သိတယ်။"

ပထမ (၃)၀ါကျထိ အားလုံးက တပြေးညီလက်ခံကြသည် ဟု ထင်မှတ်ရသည်။ အဓိက အမှတ်(၄)၀ါကျကို စတင်ကောက်ချက်ဆွဲ၏။ မကျေမနပ်ဖြစ်ကြ၏။
အမှတ်(၄) ၀ါကျတွင် ၀ိသေသနစကားလုံးနှစ်ခုကို သေချာတွဲဖက်သုံးထား၏။
(မချမ်းသာတဲ့) ဗမာတွေကိုးကွယ်တဲ့
(ပညာမတတ်တဲ့) ဘုန်းကြီးတွေ ကို ဘယ်သူမှ လေးစားမှာ (မ) ဟုတ်ဘူး။

ဆန့်ကျင်ဘက်ဝါကျရေးလိုက်သော်
(ချမ်းသာတဲ့) ဗမာတွေ ကိုးကွယ်တဲ့
(ပညာတတ်တဲ့) ဘုန်းကြီးတွေကို (လူတိုင်းက) လေးစားကြမည်။ ဟု အဓိပ္ဗါယ်အသစ်ရပေလိမ့်မည်။

ဤ၀ါကျဖြင့် ဗမာတွေ ချမ်းသာအောင် အားထုတ်ကြလော့။
ဓမ္မဂင်္ဂါအပါအ၀င် ဘုန်းတော်ကြီးတွေ ပညာတတ်အောင် အားထုတ်ကြပါလော။ ဟု တိုက်တွန်းနှိုးဆော်လိုက်ခြင်းဖြစ်ပေ၏။

ချမ်းသာသော ဗမာ(မြန်မာ)များသည် ထောက်ပံလှူဒါန်းခြင်းဖြင့် အမျိုးဘာသာသာသနာကို
အမှန်တကယ် ကာကွယ်နိုင်ကြပေမည်။

ပညာတတ်သော ဘုန်တော်ကြီးများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ကို ဓမ္မအစစ်အမှန်ကို ညွန်ပြခြင်းဖြင့် ပစ္စုပ္ဗန်သံသရာလမ်းဖြောင့်ဆီ ဦးဆောင်ကြွချီကာ ဗုဒ္ဓအရှင်၏ သာသနာတော်မြတ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပေလိမ့်မည်။ ဟူသော အဓိပ္ဗါယ်ဖြင့် အမှတ်(၅)၀ါကျကို ဆိုသတည်း..။

ထိုသို့မဟုတ်ပါဘဲ ဆင်းရဲတွင်းနက်နေကြလျင်၊ ပညာမတတ်ဘဲ မျက်နှာငယ်နေကြလျင် ဟူသော အတွေးဖြင့် အမှတ် (၆)၀ါကျကို ဆက်ပြောခြင်းဖြစ်၏။
၉ ၆၉ ဟူသော အလွန်မြင့်မြတ်သော ရတနာသုံးပါးဂုဏ်ဆောင်ဂဏန်းများကို မြင့်သောနေရာ၊ မြတ်သော နေရာ၊ အထက်တန်းကျသော နေရာတို့တွင် ချိတ်ဆွဲနိုင်အောင် ကြိုးစားကြစေလိုသော ဆန္ဒအစစ်ဖြင့်
(ကွမ်းယာဆိုင်၊ သူတောင်းစားခွက်နဲ့ တဲသာသာ အိမ်စုတ်) ဟူသော ဆင်းရဲခြင်းနိမိတ်ပုံသင်္ကေတများကို အသုံးပြု၍ ဆိုရခြင်းပေတည်း..။

ရွှေပြည်သားတို့ မခံချင်စိတ်ဖြင့် ကြိုးစားကြစေလိုသော စေတနာသာလျင် အရင်းခံရှိသည်ဖြစ်၍ တပည့်ဒကာ၊ဒကာမတို့အား ခပ်စပ်စပ်သော စကားလုံးများကို သုံးစွဲမိသတည်း..။
(သဘောကွဲလိုသော် ကွဲ..
ဆဲလိုသော် ဆဲကြလေကုန်..။ )

ဓမ္မဂင်္ဂါ(၂၇-၃-၂၀၁၃)
တော်လှန်ရေးနေ့ ( မူကွဲ) တပ်မတော်နေ့

12 February, 2013

ဓမ္မဂင်္ဂါမွေးနေ့၊ ဗီယက်နမ်နှစ်ကူးနှင့် ဆော့ခရတ္တိနာရီများ..

ဓမ္မဂင်္ဂါ၏ မြန်မာပြက္ခဒိန်ထဲက မွေးနေ့ ...... တပိုတွဲလဆန်းတစ်ရက်...။
မွေးနေ့လက်ဆောင်အလှူအဖြစ်
သူဖတ်ချင်လှသောစာအုပ်များ
အတွဲလိုက် အလှူခံရရှိခဲ့ပါသည်။

မွေးနေ့ဆိုသော်လည်း
အိပ်ရာထ မျက်နှာမသစ်မီ မိမိကိုယ်ကိုယ်
တဒင်္ဂငဲ့စောင်းကြည့်မိရုံမှ အပ ထူးထူးခြားခြားမဆောင်ရွက်မိ......။
အရုဏ်ဆွမ်းဘုန်းပေးပြီးသည်နှင့် Ashin Nyaninda ၏ အခန်းရှိရာ ထေရ၀ါဒတက္ကသိုလ်အဆောင်သို့ လိုက်ဖြစ်ခဲ့သည်။
သည်နေ့ ရှင်ဥာဏိန်၏ မဟာဝိဇ္ဇာကျမ်းအတွက် နောက်ဆုံးခုခံချေပရမည့်နေ့....။
ရှင်ဥာဏိန်က (ကိုယ်တိုင်ကူးလား ကိုယ်တိုင်ရေးလား :D ) ကျမ်းတော်ကြီးနှင့် အလုပ်ရှုပ်နေချိန် သူက စာအုပ်အချို့ကို ဖွရင်း အိပ်ပျော်သွား၏။

နေ့ဆွမ်းခေါင်းလောင်းထိုးခါမှ နိုးလာသည်..။
နောက်တစ်ကြိမ်ရေထပ်ချိုးလိုက်ပါမှ လန်းသွားသည်။
ဆွမ်းစားဆောင်သို့ အ၀င်...။ ဟိုး....ဟိုး... တားဆီးခြင်းခံလိုက်ရသည်..။
ကြည့်လိုက်တော့ ဗီယက်နမ်သီလရှင်လေး....။ စာအိတ်နီနီလေးတွေ ကိုင်လို့....။ အန်ပေါင်း အန်ပေါင်း...။
သူက လွန်ခဲ့သော (၇)နှစ်က ဤဆွမ်းစားဆောင်တံခါးဝသို့ ထေရ၀ါဒကျောင်းတော်သားကြီးအဖြစ် ၀င်လိုက်ထွက်လိုက် ခြေသွက်ခဲ့ဖူးရာ
ဘေးဘီဝဲယာမကြည့်ဘဲ စွပ်ဝင်သွားမိသည်တွင် တားဆီးခြင်း ခံလိုက်ရခြင်းဖြစ်သည်..။
ကျောင်းသူအသစ်ဗီယက်နမ်သီလရှင်လေးက ကျောင်းသားဟောင်းကြီးသူ့ ကို သိဟန်မတူ..။
စီတန်းကြွလေ ဟူသော အဓိပ္ဗါယ်ကို အမူအရာဖြင့် ရိုသေစွာ ပြရှာ၏..။
အိမ်း အိမ်း...။
သို့နှင့် လက်ထဲတွင် အန်ပေါင်းစာအိတ်နီနီလေးတစ်အိတ်လေးရောက်လာသည်..။
အိုး....ဆွမ်းစားဆောင်ကြီးတစ်ခုလုံး အနီရောင်တွေ လွှမ်းမို့းလို့ပါလား...။
သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသား ကျောင်းသူများသာမက ဧည့်သည်တော်များစွာ...။
ဒီနေ့ ဗီယက်နမ်နှစ်ကူး တဲ့.....။ အဟောင်းတွေ ထားခဲ့ကြစေ...။

ထို့နောက် သံဃာတော်များအတွက် သီးသန့်ပြင်ဆင်ထားသော ဆွမ်းစားစင်မြင့်သို့ တက်လာခဲ့သည်။ ဘုရားပလ္လင်တော်နှင့် ကပ်လျက် စားပွဲများတွင် နေရာယူလျက်ရှိကြသော မိတ်ဆွေပါမောက္ခ၊ ကထိကနှင့် နည်းပြရဟန်းများက မျက်ရိပ် လက်ရိပ်ပြကာ နေရာပေးကြ၏။ ကောင်းလင့်တေးပါပေ..။
လွန်ခဲ့သော နှစ်များဆီက ကျောင်းသားစားပွဲမှ ခပ်ဝေးဝေးငေးကြည့်ဖူးသော နေရာသို့ ရောက်လာသည်။ ဆရာဂျက်အလိုဆိုရလျင်...ငါကား ဖြစ်ချေပြီတကား...။
ထို့သို့ နေရာယူလိုက်ပါမှ ဗီယက်နမ်သီလရှင်ဆရာလေးများက စာချဆရာတော်များ၏ စားပွဲသို့ စက္ကူလက်ဆွဲအိတ်လေးတွေ ဆွဲကာ ချဉ်းကပ်လာကြပြန်သည်..။
စာချဆရာတော်များအတွက် သီးသန့် တဲ့...။
သူ့အတွက်လည်း တစ်အိတ်....။
သူက လက်မခံကြောင်း....အပေါက်ဝတွင် အလှူခံခဲ့ပြီးကြောင်း...ရှင်းပြသည်..။
အဲဒါက ကျောင်းသားတွေအတွက် တဲ့...။
ခုက ဆရာများအတွက်...။ အလှူခံပါ ဘန္တေ တဲ့...။
ငါ့ရှင်ကို ကျောင်းသားမှတ်နေကြတာ ထင်တယ်...။ ငါ့ရှင်ဥပဓိတော်တော် ညံ့တာပဲ .. ( နုသည် အရွယ်တင်သည် ဆိုသော ဝေါဟာရများကို သုံးနှုံးတော်မမူကြလေ...။ )
ခု လက်ခံလိုက်ပါဘိ...ဟု မိတ်ဆွေရဟန်းတော်များက တွန်းကြ၏။ မျက်နှာပူပူနှင့် လက်ခံရချေသည်..။ 

 နှစ်သီးစား....။

ဆွမ်းစားပြီးသည်နှင့် ရှင်ဥာဏိန်၏ ကျမ်းတော်ကြီးလူတွေ့စစ်ဆေးခြင်းအတွက် သူ လိုက်ပါလာခဲ့သည်။
ဒုပါမောက္ခချုပ် ကျိုက္ကလော့ဆရာတော် ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသက ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။
ဒီနေ့ပဲ အိန္ဒိယက ပြန်လာတာ ...ဦးဇင်းကို မေးတော့ မြန်မာပြည်ပြန်သွားတယ်လို့ ပြောကြတယ်...။
မှန်ပါ မှန်ပါ...။
ထို့နောက် အပြင်ကျမ်းစာစစ် ဒေါက်တာအရှင်ကိတ္တိဗလ (သီတဂူတက္ကသိုလ်မော်ကွန်းထိန်းဆရာတော်)က
တိဘက်ဆရာ ဟု နှုတ်ဆက်နေရာပေးသည်.။ အရှင်ကိတ္တိဗလက ဓမ္မကထိကဆရာတော်ကြီးပင် ဖြစ်နေချေပြီ..။ 

ယနေ့ညမှာပင် သမိုင်းပါရမီလမ်းပေါ်က ဓမ္မပလ္လင်တော်သို့ တက်ရလေမည်။
ဓမ္မကထိကပလ္လင်၊တက္ကသိုလ်အသိုက်အ၀န်းနှင့် ထိပ်တန်းပရိယတ္တိကျောင်းတော်ကြီးများတွင် သူ၏ မိတ်ရင်းဆွေရင်းရဟန်းတော်များက အသင့်နေရာယူကာ သာသနာကို ကိုယ်စိတ်နှလုံးတို့ဖြင့် သွန်းလောင်းစိုက်ပျိုးနေကြလေပြီ။ ပြည်တွင်း ပြည်ပနယ်စပ်ဒေသနှင့် တောင်တန်းပါမကျန်..... ကောင်းလှပါပေ၏..။

နေ့လည် (၁) နာရီထိုးသည်နှင့် ...မော်ကွန်းထိန်းဦးသိန်းကြိုင်က အချိန်ကျရောက်ပြီဖြစ်ကြောင်း ဆော်သြလျှောက်ထားသည်..။
ကဲ ကြွကြစို့......။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်အာဒိစ္စနှင့် ပဋိပတ္တိမဟာဌာနမှူး၊ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒတို့ ကြွလာသည်..။
ဓမ္မဒူတဆရာတော်က
ငါ့ညီ ဘယ်တုန်းက ပြန်ရောက်တုန်းဟ...။
အရင်လက ညီလာခံပင့်တာ ငါ့ညီလား...။
မှန်ပါ...မှန်ပါ...။
အေး ငါလည်း အားဘူးဟ ...ငါ့ညီမြင်တဲ့ အတိုင်း...။
ဓမ္မဒူတအရှင်က ပရိယတ်ပဋိပတ်သာသနာပြုလုပ်ငန်းကြီးငယ်နှင့် အမြဲတမ်းပြေးလွှားနေရပါလေသည်..။

ဆီမီနာခန်းမထဲရောက်တော့ အပြင်စာစစ်ဆရာတော်ဒေါက်တာအရှင်ပညာသီဟနှင့် ပဋိပတ္တိဌာနနည်းပြ အရှင်ဝရဥာဏတို့အပြင် ဆရာမကြီးဒေါက်တာမြင့်မြင့်အေး၊ဆရာမကြီးဒေါက်တာဒေါ်ဂျယ်နီကိုကြီးနှင့် ဒေါက်တာချိုချိုအောင်တို့ကိုလည်း တွေ့ရသည်။ သူက တစ်ဦးတည်းသော လေ့လာသူဧည့်သည်မျှ...။

ယနေ့ မဟာကျမ်းပြုကျောင်းသားနှစ်ဦးကို စစ်ဆေးရမည်..။
ပထမကျောင်းသားက အခြားဘာသာမှ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာသူ..
ဒုတိယကျောင်းသားက မိတ်ဆွေရှင်ဥာဏိန်.......။

ပထမကျောင်းသားကို ခေါ်လိုက်သည်..။
အပြင်စာစစ် ဒေါက်တာအရှင်ကိတ္တိဗလက ပြုစုထားသည့် ကျမ်းနှင့် ပတ်သက်၍ ပြုပြင်ရေးသားရမည့်အချက်အလက်များ...။ အခန်းခွဲပုံများ...။ ပါရှိသင့်သည့် အကြောင်းအရာ...။ ချန်ထားခဲ့ရမည့် ကဏ္ဍစသည်....အားနည်းချက်အချို့ ကို
လမ်းညွှန်ကာ ကျမ်းပြုသူ၏ ထူထဲလေးလံလှသော ကျမ်းစာဘုတ်အုပ်ကြီးကို ပြန်လည်ပေးအပ်ပါသည်။
ပါရဂူဘွဲ့အတွက်လည်း ဤအကြောင်းအရာကိုပင် ဆက်လက်ပြုစုဖို့ မိန့်ကြားပါသည်..။
မိနစ်အနည်းငယ်မျှသာ ကြာလိုက်၏.။

ဒုတိယကျောင်းသား ရှင်ဥာဏိန်ကို မော်ကွန်းထိန်းက ပင့်လာသည်။
အပြင်စာစစ် ဒေါက်တာအရှင်ပညာသီဟက ပထမဆုံး အသက်သိက္ခာကို မေးမြန်းပါသည်။ စာစစ်က ငယ်နေသည်မို့ လက်အုပ်ချီကာ ဂါရ၀ပြုပေသည်..။ ထို့နောက်တွင်တော့ သောဏဒဏ္ဍပုဏ္ဏားကြီးကို အကြောင်းပြုကာ ဖြစ်ပေါ်လာသော ဗုဒ္ဓအရှင်၏ ဒိုင်ယာလော့ခ်ကို အခြေခံထားသည့် ကျမ်းကြိုးဝိုင်းထဲ စာစစ်သူနှင့် စာဖြေသူရဟန်းတော်နှစ်ပါး
လက်တွဲ ၀င်သွားကြလေသည်..။
အသင့်ဖြစ်သည်နှင့် ကျမ်းတော်ကြီးနှင့် ပတ်သက်သော
ဘယ်ဝိုက်ညာဝိုက်မေးခွန်းလက်သီးများ...။ မေးခွန်းကန်ချက်များ....။
ရှင်ဥာဏိန်ရေ... ရှောင်ပေ တိမ်းပေ...ကာကွယ်ပေရော...။
ရာဇာဓိရာဇ်အရေးတော်ပုံ စီးချင်းထိုးကြသည့်ပမာ..
ထိုး၏၊ ရှောင်၏။ ကာ၏။ ခံ၏။ တိမ်း၏၊

ဆီမီနာခန်းမသည် ဆော့ခရတ္တိအတွက်
ဆိုဖီဆရာကြီးတို့ ပြင်ဆင်ထားသော ခေါမမင်းရင်ပြင်ပမာဖြစ်သွား၏။ မေးခွန်းနှင့် အဖြေမှတပါး တိတ်ဆိတ်မှုသည်သာ ဆူညံပွက်နေလေသည်..။
စာစစ်ဆရာ၏ အကွက်ကျကျမေးခွန်းများ၊ ထပ်ဆင့်မေးခွန်းများ၊
နောက်တွန့် မေးခွန်းများကြားတွင် ရှင်ဥာဏိန်တော့ မသိ...။
သူပင် မောနေသည်..။
တစ်ခါတစ်ရံ မေးခွန်းများထက် အဆိပ်ခွက်က ချိုနေတတ်သည်..။
ဆော့ခရတ္တိကတော့ အဆိပ်ခွက်ကို မော့ချပစ်လိုက်သည်။
နောက်မဆုတ်နဲ့... ရှင်ဥာဏိန်...။

မိနစ် (၃၀)....
(၄၅) မိနစ်....
(၁) နာရီ......
(၁) နာရီ မိနစ် (၃၀)..............
သုတေသီအတွက် မိမိသုတေသနသည် မိမိနိုင်ငံဖြစ်ပေ၏။
ခုခံလော ... ကာကွယ်လော...ဂုဏ်သိက္ခာကို မြှင့်ပေလော....။

ပုစ္ဆက သို့မဟုတ် စောဒကပုဂ္ဂိုလ်ဟူသည် သုတေသန၏ အပြစ်အနာဆာကို ရှာဖွေကာ ပြဿနာလုပ်ရ၏။ 

ဝိဿဇ္ဇက သို့မဟုတ် သောဓကပုဂ္ဂိုလ်က ထိုပြဿနာကို ဖြေရှင်းကာ လင်းရပေမည်...။
မေးသူနှင့် ဖြေသူကြား ပါမောက္ခဆရာတော်တစ်ပါးက စကားလုံးကွင်းစ နှစ်ခါမျှ ချိတ်ဆက်ပေးရသည်မှတပါး စားပွဲပေါ်တွင် တိုက်ခတ်နေသော စကားလုံးများသည် နောက်ဆုံးတော့ ပြေလည်စွာ ငြိမ်းသွား၏..။
အိုခေ အိုခေ........

ရှင်ဥာဏိန့်လက်ထဲက ဆော့ခရတ္တိ၏ အဆိပ်ခွက်ကြီးလွတ်ကျသွားလေပြီ..
မသေနိုင်တော့ပြီ...။
ကွန်ဂရက်ကျူလေးရှင်း ငါ့ရှင်.....။

ဓမ္မဂင်္ဂါ

(13-2-2013)

18 November, 2012

ဒီမိုကရေစီသာ တကယ်စစ်ရင် သာသနာရွှေခေတ်ဖြစ်လိမ့်မယ်။


(ဦးလေးဘုန်းကြီးလို သင်္ကန်းဝတ်ချင်တဲ့ တူတော်မောင်များသို့
ရဲရဲတောက်တောက်မှာကြားချက်)



ဆယ်စုနှစ်များစွာ ပညာအမှောင်ခေတ်မှာ ဘွဲ့ရပညာတတ်ဆိုသူလည်း ဆိုက္ကားနင်း ။ ဓမ္မာစရိယရဟန်းလူထွက်ကြီးလည်း ဆိုက္ကားနင်း...။ ခုတော့ ပညာအလင်းခေတ်ရောက်တော့မယ် တဲ့။ နိုင်ငံ့ထိတ်တန်းပညာရှင်တွေက အနာဂတ်ပညာရေးစီမံကိန်းတွေ ရေးဆွဲနေကြပြီဆိုပဲ..။ 

 ဒီလိုသာဆို ဘွဲ့ရပညာတတ်ဆိုသူတွေက ဖွံ့ဖြိုးလာတဲ့ ရွှေနိုင်ငံကြီးမှာ ဆိုက္ကားနင်းကြရတော့မှာမဟုတ်....။ ဒီတော့ သင်္ကန်းဝတ်ချင်လှချည်ရဲ့ ဆိုပြီး ငယ်ငယ်ရွယ်ရွယ် အတန်းပညာမစို့မပို့နဲ့  သာသနာ့ဘောင်ထဲဝင်လာ၊ နှစ်ရှည်လများ ပိဋကတ်သက်သက်စာတွေ အာပေါက်အောင် အော်ကျက်ခဲ့ရပြီးပါမှ မပျော်လို့ လူထွက်သွားတဲ့ အခါ ငါ့တူတော်မောင်လေးတွေ ဆိုက္ကားနင်းကြရရှာတော့မယ်..။ 
(တိုင်းပြည်က ဖွံ့ဖြိုးလာလွန်းလို့ ဆိုက္ကားတွေ အသုံးမပြုကြတော့ဘူးဆိုရင်တောင် ငါ့တူတော်မောင် ပိဋကတ်အိုးကွဲလေးတွေ ခပ်နိမ့်နိမ့်ချွေးသံထွက်တဲ့ အလုပ်တစ်ခုခုမှာ မျက်နှာမွဲနေကြမှာတော့ မြင်ယောင်တယ်..။ 

တကယ်လို့များ
 နိုင်ငံ့အနာဂတ်ကို မြော်ခေါ်ကြည့်တဲ့ခေါင်းဆောင်ကြီးတွေက ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက( ၀ိဇ္ဇာသိပ္ဗ တတ်ကောင်းစွတွေ တစ်ခုမှ မပါတဲ့) ပိဋကတ်သက်သက် စာပေလေးလေးကြီးတွေကိုသာ ကျက်အံနေရရှာတဲ့ ကလေးငယ်(ကိုရင်ငယ်)လေးတွေဟာ (သာသနာ့ဝန်းထမ်းသက်သက်မျှမဟုတ် မပျော်လို့ လူထွက်လာတဲ့ခါ မဲပေးခွင့်ရှိတဲ့ ၊ နိုင်ငံဖွံ့ဖြိုးရေးမှာ အသိပညာရှင် အတတ်ပညာရှင်တစ်ယောက်ဖြစ်စကောင်းတဲ့ နိုင်ငံသားလေးတွေပါလားလို့ ) အသိသတိဝင်ပြီး ကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေအတွက်ပါ ပညာရေးစီမံကိန်းတွေ ထည့်သွင်း စဉ်းစား အကောင်ထည်ဖော်ဆောင်ရွက်ပေးကြမယ်ဆိုရင်တော့ သာသနာ့ဘောင်ထဲ ရဲရဲဝင်ခဲ့ကြပေရော..။ 

ဒီလိုမှ မဟုတ်သေးရင်တော့ တက်လက်စစာသင်ကျောင်းလေးက တက်လက်စ အတန်းထဲမှာပဲ ပညာတွေ သင်ကြပါဦးကွယ်..။ သင်္ကန်းဝတ်ဖို့ စိတ်ထက်သန်လွန်းရင်တောင် စောင့်လိုက်ကြလိုက်ပါဦး..။ သာသနာ့ဘောင်မှာ အသက်နှစ်ဆယ်ရောက်မှ တင်းပြည့်ရဟန်းအဖြစ် လက်ခံပါတယ်ကွယ်..။ လောကီပညာတွေ တတ်ပွန်..။ဝိဇ္ဇာသိပ္ဗံတွေနဲ့ ရင်းနှီးပြီးတဲ့ အခါ ဗုဒ္ဓအဘိဓမ္မာတွေ သင်ရတာ ပိုလွယ်တယ်ဆိုတာ သိလာကြလိမ့်မယ်..။ 

ဘွဲ့တစ်ခုခုတော့ နိုင်ငံအနာဂတ်အတွက် (မင်းတို့အတွက် မဟုတ်ဘူးလို့ မင်းတို့ ခုချိန်ထင်နေကြသေးရင်တောင်) ရအောင် ယူထားလိုက်ကြပါဦး။ နိုင်ငံက ဖွံ့ဖြိုးလာ..။ မင်းတို့က လောကီအတန်းပညာမတတ်။ လူထွက်လာရင် တိုင်းပြည်လည်း မင်းတို့လို အလုပ်လက်မဲ့ ၀န်ထုပ်ဝန်ပိုးတွေကြောင့် နစ်နာ..။ မင်းတို့ကတော့ အထူးနစ်နာ...။

တစ်ချို့က ပြောကြတယ်..။ ဒီမိုကရေစီကြောင့် သာသနာပျောက်သွားနိုင်သတဲ့..။ တကယ်က အဲလို မဟုတ်ဘူး..။ဒီမိုကရေစီကြောင့် ပေါ်ထွန်းလာမယ့် ဖွံ့ဖြိုးတဲ့ နိုင်ငံတော်သစ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတာနဲ့ အမျှ သာသနာမှာ မပျော်တဲ့သူတွေ အလွယ်တကူ လူထွက်ကြလိမ့်မယ်။ သာသနာတကယ်ချစ်တဲ့ သဒ္ဓါတရားနဲ့ မွေ့လျော် အကျင့်သီလနဲ့ ပျော်သူတွေသာ ကျန်ခဲ့ပါလိမ့်မယ်..။ ဒီမိုကရေစီကြောင့် လွတ်လပ်လာတဲ့ မီဒီယာက သာသနာ့အမဲစက်တွေကို ပွဲဖျက်ပေးလိမ့်မယ်ကွယ်။။ ဒီမိုကရေစီသာ တကယ်စစ်ရင်သာသနာရွှေခေတ်ဖြစ်လိမ့်မယ်။

တူတော်မောင်တို့ 
သာသနာ့ဘောင်မှာ လူတိုင်း မပျော်နိုင်တာ ကိုယ်တွေ့မို့ သိသကွဲ့..။ ဥပမာ ငယ်ငယ်က နေခဲ့ဖူးတဲ့ စာသင်တိုက်လေးမှာ စာသင်သားသံဃာ (၆၀)ခန့်မှာ မင်းတို့ ဦးလေးနဲ့ အခြားနှစ်ပါးခန့်သာ ၀ါဝါမြင်ရတော့တယ်..။( မင်းတို့ဦးလေးလည်း ခပ်ယိုင်ယိုင်အချိန်တွေ ရှိခဲ့ဖူးတယ်ဆိုတာ မင်းတို့ကို အတိအလင်းဝန်ခံလိုက်တယ်..။ )

 သူရို့ခမျာ လေးတန်းအောင်၊ ခြောက်တန်းအောင်လေးတွေဆိုထင်ပါရဲ့..။ အတန်းပညာတပိုင်းတစနဲ့ သာသနာ့ဘောင်ဝင်လာတာ ..။နောက်တော့လည်း မပျော်တော့ လူထွက်ကြ..။ ခုပြန်တွေ့တော့ ဆင်းဆင်းရဲရဲပါပဲ..။ အတန်းပညာမတတ်တော့ ဘောလ်ပင်ကိုင်မယ့်ဌာနမှာ နေရာမရှိ.။ ဆွမ်းခံတာဟာ အကြမ်းဆုံးအလုပ်မို့ လောကီနယ်ထဲက ပခုံးထမ်းအလုပ်တွေနဲ့လည်း မ၀င်ဆန့်..။ လွယ်ပါဘူးကွယ်..။ ဒါပေမယ့် သင်္ကန်းကြီးနဲ့ စာရင် အဲဒီဆင်းရဲဝန်က ပေါ့သတဲ့..။တကယ်ဝတ်ကြည့်တော့ တကယ်လေးပါတယ်။ 

 ဒါက ခုလူတွေ ပြောပြောနေတဲ့ ဟိုခေတ် ဟိုခေတ် ဆိုတဲ့ မကြာဝေးလှသေးတဲ့ လမင်းအူသံတောင် ကြားရတဲ့ ခေတ်ကြီးမှာလေ..။ ခု ခေတ်ပြောင်းတော့မယ် တဲ့ တူတော်မောင်တို့ ..။ 
 မြင်ရသလောက်တော့ ခေတ်ကြီးက ရွေ့နေတာ သေချာတယ်..။ မြန်မြန်ရွေ့နဲ့ နှေးနှေးရွေ့ ဒါပဲ ကွာတော့မယ်..။ 

ခေတ်ပြိုင်ရွယ်တူ ကလေးငယ်တွေက ကွန်ပြူတာတဲ့..။ အင်တာနက်တဲ့..၊ နိုင်ငံခြားဘာသာစကား တဲ့.. ဝေါဟာရတွေ ပြောဆိုသုံးစွဲပြီး အိုင်ပက်ကလေးတွေ ၊ ဂိမ်းပလေးယာလေးတွေ ပိုက်ပြီး မော့မော့ သွားနေတာကို ခပ်ငေးငေးကြည့်နေကြရှာတဲ့ ဘုန်းကြီးကျောင်းပရိဝုဏ်ထဲက ကလေး(ကိုရင်)ငယ်လေးတွေကို မြင်တိုင်း ခေတ်ဟောင်းကြီးထဲမှာ ပြတ်ကျန်ခဲ့မယ့် သူတို့ရဲ့ အနာဂတ်အတွက် ရင်လေးမိပါရောလား..။ 

စင်ကာပူက ဘုန်းတော်ကြီးကျောင်းဝိဟာတစ်ခုမှာ သန့်ရှင်းရေးလုပ်နေကြရရှာတဲ့ ၀န်ထမ်းလင်မယားဟာ လီကွမ်ယုကြီးလျှောက်နေတဲ့ လမ်းအသစ်ကြီးကို မသိလိုက်မသိဘာသာ ငေးကြည့်ရင်း အလေးမထားခဲ့လို့ ပြတ်ကျန်ခဲ့ကြရရှာတဲ့ စင်ကာပူနိုင်ငံသားအစစ်တွေပါပဲ..။ 

ဆိုတော့ကွယ်  လောကီလောကုတ္တရာမခွဲခြားဘဲ အနာဂတ်နိုင်ငံသားတွေအဖြစ် ကလေးငယ်တွေအားလုံးကို တိုင်းပြည်က ကြည့်တဲ့နေ့  မင်းတို့ သာသနာ့ဘောင်ထဲ ရဲရဲသာ ၀င်ခဲ့ကြပေရော..။ 

သာသနာမှာ ပျော်ရင် မင်းတို့ဟာ ဘက်စုံထူးချွန်တဲ့ သာသနာပြုရဟန်းတော်ကြီးတွေ ဖြစ်လာမယ်..။
သာသနာမှာ မပျော်လို့ လူထွက်ကြရင်လည်း မင်းတို့ဟာ သာသနာကို တကယ်အထောက်အပံ့ပေးနိုင်မယ့် ဥပါသကာကောင်းကြီးတွေ ဖြစ်လာကြလိမ့်မယ်။

ဦးလေးရဟန်း

ဓမ္မဂင်္ဂါ
(၁၈၊၁၁၊၂၀၁၂
(တူတော်မောင်များအတွက် ရေးလိုက်မိတဲ့ စာ..။ )

01 February, 2012

အသည်းမှာ ခြေထောက်ပါတဲ့စာသင်ခန်းအတွေး

ယနေ့ တက္ကသိုလ်စာသင်ခန်းထဲမှာ စာသင်နေစဉ် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်၏ ဒုတိယခြောက်လပတ်အတွက် ဧည့်ပါမောက္ခသက်တမ်းတိုးခန့်အပ်လွှာကို သူလက်ခံရရှိခဲ့ပါသည်။

အိန္ဒိယတက္ကသိုလ်များတွင်တက္ကသိုလ်ဧည့်ဆရာများကို ခြောက်လတစ်ကြိမ်သက်တမ်းတိုးခန့်အပ်လေ့ရှိပါသည်။ ယခု သူ့အတွက် ငါးကြိမ်မြောက်သက်တမ်းတိုးခန့်အပ်စာကို ရရှိခြင်းဖြစ်သည်။ ပထမတစ်ကြိမ်အစမ်းခန့်ပြီး အဆင်မပြေလျင် သက်တမ်းထပ်တိုးရန် မဟာဌာနမှူးနှင့် ဌာနမှူးထံမှ ထောက်ခံချက်ရဖို့ အဆင်ပြေလိမ့်မည်မထင်။ ပို၍ အဓိကကျသည်က သင်တန်းသားများ၏ လိုလားမှုပင်ဖြစ်သည်။ သူကတော့ သူ့တပည့်များအား မစ္စတာဘီး(န်)အချိုရည်သုတ်လိမ်းသော ပိဋကတ်အရသာဖြင့် တည်ခင်းနိုင်ခဲ့ဟန်တူပါသည်။ အားလုံးကို ပျော်စေချင်တာ မောင်ဖုန်;၏ အားနည်းချက်မဟုတ်တော့ပြီ..။

ဇန်န၀ါရီလ (၂၃) မွေးနေ့ပြီးသည့်နောက်ပိုင်း သူသည် တက္ကသိုလ်ပြဌာန်း ကျမ်းစာများပြင်ဆင်ရင်း ရေးလက်စစာများနှင့် ဘောလ်ပင်ဝေးနေခဲ့သည်။ ၀ိမုတ္တိခြင်တစ်ကောင်ကို သူအဆုံးမသတ်နိုင်အောင် ဖြစ်နေရသည်။(သို့သော် အခြားထင်ရှားသည့်ရဟန်းတော်တစ်ပါးက ၀ိမုတ္တိခြင်တစ်ကောင်ထက် ပိုမိုပြည့်စုံသောဆောင်းပါးတော်ကြီးကို ရေးသားပြီးစီးသွားပြီဖြစ်ကြောင်း သျာမရဋ္ဌမည်သော ထိုင်းဘုရင့်နိုင်ငံတော်မှ မိတ်ဆွေရဟန်းက သတင်းပေးပါသည်။ကောင်းလင့်တေ့းပေတည်း။ သည်ကြားထဲ သီဟပူရမှ ဓါတ်ရထားဆရာတော်ကြီးကလည်း သူ့ကို မြှောက်ဖို့ ကြိုးစားသေးသည်။ ဘယ်လောက်မြှောက်မြှောက် ဒို့မမြောက်...။)

အမှန်တကယ် မြန်မာနိုင်ငံပိဋကတ်သင်ရိုးများတွင် မပါဝင်သောတိဘက်တက္ကသိုလ်ပြဌာန်းကျမ်းစာအချို့ကို သူခေါင်းကိုက်အောင် ဖတ်နေခဲ့ရသည်။ စာသင်သားဘ၀က သူသည် အပျင်းတံခွန်ထူခဲ့သူဖြစ်ကြောင်း ခုမှ မဖုံးဖိနိုင်အောင် ပေါ်လာသည်။ အော် ငါ ဘာမှ မသိသေးပါလား ဟု ဆော့ခရတ္တိဟန် ခပ်တည်တည် ရေရွတ်လိုက်မိ၏။

စာသင်သားတစ်ဦးအနေဖြင့် စာကို တစ်ပွဲတိုးကျက်ရင်း စာမေးပွဲအချို့မထင်မရှားအောင်မြင်ခဲ့သည်ကိုပင် သူက ရောင့်ရဲခဲ့ပါသည်။ အိမ်ခြေဆယ်အိမ်ကျော်ကျော်မျှသာ ရှိသော သူ့ရွာတွင် သူအတော်ဆုံးဟု အဖေကတော့ ပြောရှာပါသည်။ အမေကလည်း ငါ့သားအချောဆုံးဟု ပြောတာ မကြာမကြာကြားဖူးသည်။( ကျေးဇူးရှင်ကြီးများက ခမည်းတော်မယ်တော် ခေါ်တာ မကြိုက်၍ အဖေအမေဟုသာ သူက အာလုပ်ပြုရပါသည်။)

မည်သို့ဖြစ်စေ ဟိုဟာနည်းနည်းသိ၊ ဒီဟာနည်းနည်းသိမျှ မရင့်ကျက်လှသော နေ့ရက်တို့ကို ယောင်ချာချာဖြတ်သန်းရင်း တက္ကသိုလ်ဆရာဘ၀မှာတော့ ဖြီးဖြန်းပေါ့ပျက်လို့ မရတော့ကြောင်း သိလာရပါသည်။ ကျောင်းသားများကလည်း ပေါက်ပေါက်ရှာရှာမေးတတ်ကြပါပေ့..။ သူ့ကို စာအုပ်တစ်အုပ်လို မှတ်ထင်ထားကြလေဟန်ပင်။ သို့နှင့် ပိုးကိုက်နေသော ၊ သို့မဟုတ် ကွက်လပ်များစွာ ရှိသော စာမျက်နှာများကို သူက ပြင်ရင်းဖြည့်ရင်း ကျောင်းသားတစ်ပိုင်းပြန်ဖြစ်လာပါသည်။ ဆရာဆိုသည် အမြဲသင်ယူနေသော ကျောင်းသားပင်တည်း..။

ယခင် နာလန္ဒာတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပိဋကတ်စာပေများကို ပို့ချခဲ့ပြီး ယခု သြစတေးလျနိုင်ငံတွင် သီတင်းသုံးလျက်ရှိသောဆရာတော်ကြီးအရှင်ဇာဂရာဘိဝံသကို နာလန္ဒာတပည့်ဟောင်းများက လမ်းလျှောက်စာအုပ်ကြီး(Walking Book)ဟု ချီးမွမ်းလေ့ရှိပါသည်။ သူကတော့ တီးတိုင်းမမြည်နိုင်သော ဗလာဗုံ(Empty Drum) သာဖြစ်လိမ့်မည်။ သူ့အတန်းတွင် အမေးအမြန်းထူ၍ သိလိုစိတ်ပြင်းပြသော ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျာမန်ကျောင်းသူတစ်ယောက်ရှိသည်။ ရိုးသားပွင့်လင်းစွာ မသိလျင် မသိသည့်အတိုင်း ခေါင်းကုတ်မျက်မှောင်ကြုတ်လေ့ရှိသော တိဘက်တပည့်များရှိနေသည်။

ထိုကျောင်းသားများထက် အလွန် တက္ကသိုလ်ဒုတိယအဓိပတိ (ပါမောက္ခချုပ်) ၏ မဆုံးနိုင်သောပညာမြတ်နိုးမှုဖြစ်သည်။ တက္ကသိုလ်အဓိပတိလားမားကြီးသည် ဘာသာစကားတော်တော် များများကို ကျွမ်းကျင်စွာ ပြောဆိုတတ်သကဲ့သို့ တိဘက်ဗုဒ္ဓဘာသာရေးလောက၏ အထင်ကရပညာရှင်တစ်ပါးလည်း ဖြစ်သည်။ ယခု လားမားကြီးက ထေရ၀ါဒဗုဒ္ဓဘာသာကို စိတ်ဝင်တစားလေ့လာနေဟန်ရှိသည်။ သူ့ကို မကြာခဏရုံးခန်းသို့ ဖိတ်ကာ သတိပဋ္ဌာန်၊ အဘိဓမ္မာနှင့် သုတ္တန်ဒေသနာအချို့ကို မေးမြန်းလေ့ရှိပါသည်။ တစ်ချို့သုတ္တန်များက ကြားဖူးနားဝသာ ရှိ၍ လက်လှမ်းမမှီသည့်အခါမျိုးလည်း ကြုံရတတ်ပါသည်။ ထိုအခါမျိုးတွင် ကျမ်းညွှန်းပေးနိုင်အောင်ပင် မှတ်သိစိတ်တို့ကို တွန်းရတတ်သည်။ ရွှီးလို့လည်း မဖြစ်..။

လွန်ခဲ့သောပထမခြောက်လပတ် စာမေးပွဲမဖြေမီကတော့ အဓိပတိလားမားကြီးကို ထေရ၀ါဒတွင် အဓိကလေ့လာသင့်သည့် လယ်တီဆရာတော်ကြီး၏ ဒီပနီကျမ်းစာများ၊ မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာရှုနည်းနှင့် ဒေါက်တာအရှင်သီလာနန္ဒ၏ သတိပဌာန်ကျမ်းတို့ကို ဓမ္မလက်ဆောင်ပေးဖြစ်ခဲ့သည်။

အမှန်တကယ် သူသည် တက္ကသိုလ်ဘုန်းနိုင်မည်သောဘော့လ်ပင်ကြီးမင်ထွက်သမျှ ဘုတ်အုပ်များ၏ လွှမ်းမိုးမှုဖြင့် တက္ကသိုလ်ဆရာဘ၀ကို စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ မှန်ပါ၏။ သိင်္ဂါရရသတို့ဖြင့် ပြာလွန်းသော စိန်းပန်းပင်များအောက်တွင် သို့မဟုတ် ဖြူလွသော ကန့်ကော်တောတွင် အိပ်မက်ခြေထောက်ဖြင့် လျှောက်ခဲ့ဖူးပါ၏။

ယခု သူသည် တိဘက်တက္ကသိုလ်၏ စိန်းပန်းနှင့် ငုဝါတောလမ်းဖုံဖုံ၊ နှင်မှုံမှုံကြား တုန်နေအောင် လျှောက်ခွင့်ရပါပြီ။ ဓမ္မသိင်္ဂါရအငွေ့မြမြလေးဖြင့်..။

သို့သော် တက္ကသိုလ်ဆရာဘ၀ဆိုသည်ကို မြတ်နိုးအိပ်မက်ရသည်က ထပ်ဆင့်မွေးမြူရသော ၀ါသနာအခြေခံပုံရိပ်တစ်ခုသာဖြစ်ပါသည်။ သူ့ပင်ကိုယ်စရိုက်က အားလုံးကို ပျော်စေချင်သော၊ ရယ်စေချင်သော ဂျိုကာ(Joker)ဘ၀..။ သူသည် ဟာသများနှင့် ဖြတ်သန်းချင်ပါသည်။

တက္ကသိုလ်ဆရာဆိုသည်က ပျော်ရွှင်မှုကို တိုက်ရိုက်မပေးဘဲ ပျော်ရွှင်မှုဆီ သွားသောလမ်းကို ပြရသည်။ ညွှန်ရသည်။ ဘ၀နှင့် ချီ၍ ဒဿနများနှင့် လေးလံသောလမ်းကို ခင်းပေးရသည်။ ဂျိုကာ သို့မဟုတ် ကလောင်းကတော့ ပေါ့ပျက်သည်ဟု ထင်ရပေမယ့် ချက်ချင်းလက်ငင်း သောကအထုပ်ကို ဖြည်ပေးနိုင်သည်ဟု သူယုံကြည်သည်။

လွန်ခဲ့သောနှစ်က အရင်းနှီးဆုံးမိတ်ဆွေရဟန်းတစ်ပါးနှင့်အတူ နယ်မြို့လေးတစ်မြိုကို ရောက်သွားခဲ့ပါသည်။ ထိုမြို့လေးတွင် သူ့ကို ချစ်သောလူငယ်များစွာ ရှိပါသည်။ သူရောက်လာသည်ဟု သတင်းကြားသည်နှင့် နေ့နေ့ညည စုဝေးရောက်လာတတ်ကြသည်။ သူပြောသောစကားများကို စိတ်အားထက်သန်စွာ နားထောင်တတ်ကြသည်။

သူသွားလေရာရာ ဆိုင်ကယ်တန်းကြီးဖြင့် လိုက်ပို့တတ်ကြသည်။ ထိုအထဲတွင် ဘာသားခြားလူငယ်တစ်ယောက်လည်း ပါဝင်သည်။ ထိုလူငယ်က ဗုဒ္ဓဘာသာစာပေများကို ဖတ်ရှုရင်း ဓမ္မအရိပ်အငွေ့တွင် ညွတ်နူးနေလေသည်။ သို့သော် မိသားစုအသိုင်းအ၀ိုင်းများကို မည်သို့ ကျော်ဖြတ်ရမည်ကို မသိဖြစ်ကာ အားငယ်နေတတ်သည်။ တစ်ညသတွင် ထိုအကြောင်းကို ရင်ဖွင့်ရင်း ထိုလူငယ်က မျက်ရည်ဝဲကာ တရှုံ့ရှုံ့ငိုပါလေတော့သည်။ ထိုအခါ သူက ဓမ္မဆိုသည်မှာ ဗဟိဒ္ဓအသွင်အပြင်၊နာမည်ခံခြင်းထက် အဇ္ဈတ္တအသိသာ အရေးကြီးကြောင်း စသည် ပါမောက္ခဟန်ပန်ဖြင့် လက်ချာပေးမိပါလေသည်။ မည်သို့မျှ မထူးခြားပါ..။ အားလုံးကလည်း စိတ်မကောင်းကြ..။

ထိုအချိန်တွင် သူ့မိတ်ဆွေရဟန်းက ဟာသတစ်ပုဒ်ကို ဘာမဆိုင်ညာမဆိုင် ၀င်ပြောတော့သည်။ '' မဆိုင်တာတွေ တွေးမနေပါနဲ့ကွာ..။ မင်းက ခက်တယ်လို့ ထင်နေတာပါ။ တကယ်ဖြတ်သန်းရင် ခက်ချင်မှ ခက်မှာပါ။ ထင်ယောင်ထင်မှားကိစ္စတွေပါ။ ဟို အသည်းမှာ ခြေထောက်ပေါက်သလိုပဲ မောင်ရင့်ဟာကလည်း '' ဟု စပါသည်။

'' မူလတန်းစာသင်ကျောင်းတစ်ခုမှာ ဆရာမက ဒုတိယတန်းကျောင်းသားကျောင်းသူလေးတွေကို အသည်းပုံဆွဲခိုင်းတယ်ကွ ။ကျောင်းသူကျောင်းသားလေးတွေက သူတို့မြင်ဖူးတဲ့ အသည်းပုံအမျိုးမျိုးဆွဲကြတာပေါ့ကွာ။ကြီးတဲ့ဟာက ကြီး၊ သေးတဲ့ဟာသေး၊ ချွန်တဲ့ ဟာက ချွန်၊ ပိန့််တဲ့ဟာက ပိန့်။ ဒါပေမယ့် အားလုံးက ငါတို့မြင်ဖူးတဲ့ အသဲပုံမျိုးကိုပဲ တုပဆွဲကြတာပဲ..။ ဒါပေမယ့် ကျောင်းသူလေးတစ်ယောက်ရဲ့ ပုံကတော့ ဆရာမစိတ်ထဲမှာ ထူးဆန်းနေတယ်။ အသည်းမှာ ခြေထောက်တပ်ထားသတဲ့ကွ..။''

အဲဒီမှာ ဆရာမက သမီးရဲ့အသည်းက သူများတွေနဲ့ မတူဘူး ခြေထောက်ပါနေတယ်။ အသည်းမှာ ခြေထောက်ပါလို့လား လို့ မေးလိုက်တော့ ကောင်မလေးက ဘာပြောလိုက်တယ် ထင်လဲ..''

မိတ်ဆွေရဟန်းက စကားကို ခဏရပ်ပါသည်။ ရီးဒါးဒိုင်ဂျက်စ်၏ ဟာသများတွင် ဖော်ပြသကဲ့သို့ ကလေးမလေး၏ အဖြေစကားကို မိတ်ဆွေရဟန်းက ဆက်ပြောသောအခါ သူအပါအ၀င် အားလုံး အိနြေမထိန်းနိုင်အောင် ၀ါးလုံးကွဲ ရယ်ကြသည်။ နှပ်တရှုံ့ရှုံ့ဖြစ်နေသော ဘာသာခြားမောင်ရင်လေးသည်လည်း မျက်ရည်များကြားက တဟီးဟီးဖြစ်သွားရတော့သည်။

ထိုအဖြေစကားကို မျက်နှာပူ၍ မဖော်ပြတော့ပါ။ ပါမောက္ခတစ်ယောက်၏ လက်ချာနှင့် ဂျိုကာတစ်ယောက်ရဲ့ ဟာသအကြောင်းကိုသာ ပြောလိုရင်းဖြစ်သည်။ ချက်ချင်းပြော.. ချက်ချင်ရီ(ရယ်)..။ Instant Joke!... ချက်ချက်ပျော်ကြစေသတည်း..။

ဓမ္မဂင်္ဂါ

(၀၁-၀၂-၂၀၁၂)

(စာဆက်ရေးဖို့ အရှိန်ယူရင်း စိတ်ကူးထဲ ပေါ်ရာများကို ကောက်ခြစ်မိခြင်းဖြစ်သည်။)

22 October, 2011

ခွဲခွာချိန်

ထင်ညီမင်းစံ
ကိုလ်ကတ္တားမြိုတော်၊ဆူဘတ်ချန္ဒရာဘို့စ်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ပြည်တွင်း ထွက်ခွာဆောင်တွင် သူ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က မိခင်ဖခင်တို့ကို ပြည်ပထွက်ခွာဆောင်တွင် နှုတ်ဆက်စကားဆိုခဲ့ရသည်။ ဘယ်နှစ်ကြိမ်မြောက်ခွဲခွာခြင်းလည်း သူ မမှတ်မိတော့ပါ..။ မိခင်ကြီး၏ ပုခုံးသားကို ဖွဖွလေး ပုတ်မိတော့ သူ့နှလုံးသားက လှိုက်သွားသည်။ မိခင်ကြီးကတော့ မရှိုက်မိအောင် ထိန်းထားဟန်ရှိသည်..။

အစွမ်းကုန် ပြုံးထားကြသည့်တိုင် ဝေဒနာက္ခန္ဓာလှိုင်းတံပိုးများက တ၀ုန်းဝုန်းတိုးဆောင့်နေကြသည်။
' ဟဲ့ မိဒါရဲ့ နင့်အကိုဦးဇင်းမှာ သုံးစရာပိုက်ဆံရော ရှိသေးရဲ့လား လှူခဲ့ဦးဟဲ့..'' မိခင်က သူ့နှမငယ်ကို စကားတွန့်ထပ်အောင် ပြောသည်။

'' လိုမှပဲ မှာတာပေါ့ ခု သုံးဖို့ ရှိပါသေးတယ်'' ..။ သူက ၀မ်းနည်းနေသည့်ကြားကပင် ဘုန်းကြီးညာဉ်လေးကို မဖျောက်..။ မလိုဘူးဟု အပြတ်မပြောဘဲ နောက်တစ်ခါ မှာစရာရှိရင် အလွယ်တကူမှာရအောင် မယုတ်မလွန် ပြောထားလိုက်သေးသည်။

ဒီလို ခွဲခွာရမယ့် အချိန်မျိုးမှာ သူ့နှမလေးက သူ့အပေါ်စေတနာပိုနိုင်သည်မဟုတ်လား..။ (:D) ''တကယ်မှာနော် ဦးဇင်း'' သူ့နှမလေးက ကတိအထပ်ထပ်ပေးရှာသည်။

သူ့ဖခင်ကြီးက'' ကျောင်းပြီးရင် မြန်မြန်သာ ပြန်ခဲ့ပါတော့ မောင်ပဇင်းရယ်..'' ဟု ပြောရင်း တစ်ဘက်ကို လှည့်သွားသည်။ စစ်ဆေးရေးဂိတ်များဖွင့်နေပြီ..။ ခရီးစဉ်ဦးဆောင်သူ မိတ်ဆွေရဟန်းတော် ရှင်ညာဏိန်က '' ကဲ တွေ့ကြသေးတာပေါ့.." ဟု တစ်ခွန်းတည်းပြောကာ စစ်ဆေးရေးဂိတ်ဆီ ခြေလှမ်းပြင်လိုက်သည်..။ တူတော်မောင် ထင်ညီမင်းစံက ''ဦးကြီးဇော် သွားပြီနော်..' တဲ့..။

ဒီပုဂ္ဂိုလ်လေးက သူ့ကို အားကျကာ သင်္ကန်းဆီးချင်နေသည်..။ သူ့တွင် သူ့ညီအကို အမနှမများက မွေးထားသော မျောက်လောင်းလေးပေါင်း (၁၁)ယောက်တိတိရှိသည်။ တက္ကသိုလ်ဝင်တန်းမအောင်မချင်း သင်္ကန်းမ၀တ်ရ ဟု သူက ဗီတိုသုံးထားသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင်စိတ်ကြိုက်ရွေးချယ်ကြစေ..။ လောကီဘောင်မှာ မွေ့မလား..။
လောကုတ္တရာချောင်မှာ လေ့မလား..။
(၁၆)နှစ် အရွယ်သည် ရှင်ရဟန်းဘောင်သို့ ၀င်၍ ပညာသင်လျင် ထက်မြက်လျင်မြန်သည့် ဥာဏ်အဟုန်စီးဆင်းမှုရှိသော အကောင်းဆုံးအရွယ်ဟုထင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်ထိ သင်ယူပြီးသော ၀ိဇ္ဇာသိပ္ပံအတွေးခေါ်များက ဗုဒ္ဓအရှင်၏ အဘိဓမ္မာကို အလွယ်တကူ နားလည်စေနိုင်လိမ့်မည်..။ မြန်မာနိုင်ငံနိုင်ငံ၏ ပါဠိပညာရေးတွင် အခြေခံတန်း သုံးတန်းသာရှိလေရာ နှစ်ချင်းပေါက်အောင်မြင်သွားလျင် ရဟန်းမဖြစ်မီ ဓမ္မာစရိယ(စာချ)တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

အကယ်၍ ရဟန်းမခံမီသာသနာ့ဘောင်တွင် မပျော်ပိုက်သောကြောင့် လူဝတ်ကြောင်ဘ၀သို့ ရွေ့လျောမည်ဆိုလျင်လည်း ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်တစ်ခုခုသို့ အချိန်မရွေးပြန်လည်တက်ရောက်နိုင်သည်..။( လေးနှစ်လောက် သာသနာ့ဘောင်မှာ နေကြည့်လျင် ကိုယ်ဘာကောင်ဆိုတာ သိသွားနိုင်သည်မဟုတ်လား...။း) )

ငယ်စဉ်လူမမယ်ဘ၀က သာသနာ့ဘောင်ထဲသို့ ရောက်လာသော သူ့လို ရဟန်းတစ်ပါးအနေဖြင့်တော့ သာသနာချစ်စိတ်တစ်ခုတည်းဖြင့် ကျဉ်းမြောင်းလွန်းစွာ ရေးဆွဲထားသော ပါဠိပညာရေးစနစ်၏ ချွတ်ယွင်းပျက်ကွက်မှုကို မြင်နေခဲ့ပါသည်။

မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ဗုဒ္ဓဘာသာမိဘများက သာသနာ့အမွေခံကြီးများဖြစ်ချင်ကြသလို သားသမီးများကလည်း မိဘကျေးဇူးကို ဓမ္မဖြင့် ကျေးဇူးဆပ်လိုကြသည် (ဟု ထင်ရသည်။) ထို့ထက်အလွန် ရွာဦးဘုန်းတော်ကြီးများ၏ ကျွမ်းကျင်သော သာသနာပြုခြင်းကလည်း သာသနာ့အမွေခံစိတ်ဓါတ်ကို များစွာ အထောက်အကူပြုခဲ့ပါလေသည်။

ဘုန်းတော်ကြီးကျောင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော ကလေးငယ်များကို ရွှေကျောင်းပျော်လေးတွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြသည်။ မိဘဆွေမျိုးများကလည်း ''ကိုရင်လေး'' လို့ ခေါ်ရင် '' ဒကာကြီး'' လို့ ထူးနော် ဆိုတာမျိုးဖြင့် ကလေးငယ်၏ စိတ်ကို အရောင်တင်ပေးသည်။ လက်အုပ်ချီမိုးရှိခိုးခံရခြင်းနှင့် မုန့်အမျိုးမျိုး ပိုစားရခြင်းကလည်း ကလေးငယ်၏ ဘ၀င်ကို လေဟတ်စေသည်။

မည်သို့ဖြစ်စေ သူကိုယ်တိုင်လည်း ရွာဦးကျောင်းဆရာတော်၏ သာသနာပြုခြင်းကို ခံလိုက်ရပါသည်။ (ထိုသို့ပင် အစဉ်အဆက်သာသနာပြုခြင်းကို ခံယူခဲ့ကြရဟန်တူပါသည်။) လောကုတ္တရာဘောင်သို့ စောစီးစွာ ၀င်ရောက်ခဲ့ရခြင်းကို သူဂုဏ်ယူသော်လည်း ဘ၀တစ်ခုလုံးအတွက် အာမခံချက်မရှိသော ပညာရေးကိုတော့ စိတ်ပျက်မိလေသည်။ လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။ ဘ၀တစ်လျောက်လုံး သာသနာ့ဘောင်တွင် နေပါမည် ဟု အာမခံ၍ မရနိုင်ပေ..။

လူမမယ်ဘ၀ဖြင့် ရှင်သာမဏေဖြစ်လာချိန်မှစကာ လောကုတ္တရာစာပေသက်သက်မျှကိုသာ သင်ယူခဲ့ကြရသည်။ ၀ိဇ္ဇာ သိပ္ပံ သမိုင်း ပထ၀ီ သင်္ချာ အင်္ဂလိပ်စသော လူ့အခွင့်အရေးရှိသူတစ်ဦးတတ်သင့်တတ်ထိုက်သည့် ခေတ်ပညာရပ်တို့တွင် မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရသည်။

စင်ကာပူနိုင်ငံသူအမျိုးသမီးတစ်ဦးကတော့ သူဘယ်အရွယ်မှာ သင်္ကန်းဝတ်သလဲ ဟုမေး၍ အတိအကျဖြေလိုက်သောအခါ ''လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲ '' ဟု လုပ်ချလိုက်သဖြင့် သူခေါင်းကြီးသွားသည်။မိဘဆရာသမားများ၏ ဗြဟ္မစိုရ်တရားကို သူ နည်းနည်းလေးမှ သံသယမဖြစ်သလို ဘယ်တုန်းကမှလည်း မပြစ်မှားဖူးပါ။ သူ မျှော်လင့်သည်က မူဝါဒပြုပြင်ရေးသမားများ၏ အမြော်အမြင်ကြီးသော အပြောင်းအလဲကို ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် (ဆိုပါစို့ ၁၆ နှစ်)တွင် ကိုရင်ငယ်လေး၏ အတွေးအမြင်ခံစားမှုတို့က လောကီကို ညွတ်လိုသည်။ ကဗျာကို ခံစားလိုသည်။ ဂီတကို နှစ်သက်သည်။ ဘာသာစကားအသစ်တွေ သင်ယူချင်သည်။ လူငယ်လေးတစ်ဦး၏ ဝေဒနာက္ခန္ဓာညွတ်နူးမှုမျိုးက ဒဂုန်တာရာကြီး၏ ဝေါဒစ္စနေးအပြာဖြစ်လာသည်။

ကဲ လူဝတ်ကြောင်ဘ၀သို့ ကူးပြောင်းချင်လျင် ကိုရင်လေးအောင်မြင်ထားသော ပထမငယ်၊ ပထမလတ်၊ ပထမကြီးဟူသော အာပေါက်အောင် အော်ခဲ့ရသည့် ပရိယတ္တိစာပေများကို မည်သည့်ပညာရေးနှင့် ချိတ်ဆက်ပေးမည်နည်း..။ ဓမ္မာစရိယအောင်ပြီး လူထွက်လျင်ပင် '' ရေးတတ် ဖတ်တတ် '' ထက် မပိုသော အသိအမှတ်ပြုမှုကိုသာ ခံယူရတတ်သည် ဟုသိရသည်.။ စိတ်ပျောင်းလွယ်သည့် အရွယ်တွင် မိဘများကလည်း ပညာရေးတစ်ပိုင်းတစ်စဖြင့် ယောင်ချာချာအိမ်ပြန်ရောက်လာမည့် သားကို မမြင်ရက်ကြပါ...။

ထိုသို့ဖြင့် သာသနာ့ဘောင်တွင် သဒ္ဓါတရားကြဲကြဲဖြင့် မြဲမြံနေကြရသော မိတ်ဆွေရဟန်းတော်များကို သူ သိလာရပါသည်။ သဒ္ဓါတရားက ကြဲရသည့်ကြားထဲ ပညာအားကလည်း နည်းကြဦးမည်ဆိုလျင် သာသနာအတွက် ဘယ်လောက်များ ၀န်ထုပ်ဝန်ပိုးကြီးလိုက်မလဲ..။

အကယ်၍ (လောကုတ္တရာပညာများတတ်ပွန်ပြီးကာမှ) လူထွက်သွားကြမည်ဆိုလျင်လည်း နိုင်ငံအတွက် အသိပညာရှင်များ ဆုံးရှုံးသွားရပြန်သေးသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဓမ္မအသိပညာက အာမခံချက်မပေးနိုင်တော့သောအခါ ကာယလုပ်သားဘ၀ဖြင့် ရပ်တည်နေကြရသောမဟာဓမ္မာစရိယနှင့် ပိဋကတ်တစ်ပုံဆောင် စသည့် မိတ်ဆွေရဟန်းလူထွက်အချို့ကို မြင်တွေ့ရသဖြင့် စိတ်မသက်မသာဖြစ်ရသည်။

သူကိုယ်တိုင်သည်ပင်လျင် ပညာတတ်ညာဉ်လေးဖြင့် သာသနာ့ဝန်ကို တအိအိထမ်းနေရခြင်းဖြစ်သည်။ သို့ဖြင့်ပင် တူတော်မောင်များ၏ သာသနာ့ဘောင်စောစောဝင်ရေးကို (ခေတ်မီပါဠိပညာရေးစနစ်ဖြစ်မလာသမျှ) ခွင့်မပြုရန် ဗီတိုသုံးထားရခြင်းဖြစ်လေသည်..။

ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ကြ..ဂီတအသစ်တွေနဲ့ စီးမျောကြ....။

သဒ္ဓါတရားက နှလုံးသားကို လူးလွန့်စေချိန်မှာ ဓမ္မကို ရှာမှီးကြစေ..။ လောကီလည်း မဆုံးစေနဲ့...။ လောကုတ္တရာလည်း မရှုံးကြစေနဲ့...။

တူတော်မောင် ထင်ညီမင်းစံ၏ ခေါင်းကို သာသာပုတ်ကာ နှုတ်ဆက်လိုက်သည်.။ မင်းကို သာသနာပြုဖို့ စောပါသေးတယ်ကွယ်..။

မဃဒေ၀လင်္ကာသစ်ကဗျာတစ်ပိုဒ်ကို မစိုးရိမ်ဆရာတော်ကြီး မကြာခဏရွတ်ကာ သတိပေးသည်ကို အမှတ်ရမိသည်။

ကာမဘောဂါ၊

လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းဆုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံး(ကတုံး)သာလျင်၊
အဖတ်တင်ခဲ့။။။။

ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်ပြည်တွင်းထွက်ခွာဆောင်တွင် မြန်မာဘန္တေကြီးတစ်ပါး ရုတ်တရက်ခေါင်း ပွတ်မိသွားသည်ကို ကျွတ်စီစီ စကားပြောနေကြသော မဇ္ဈိမသားခရီးသွားတို့ သတိပြုမိလိမ့်မည်ဟု မထင်ပါလေ..။



ဓမ္မဂင်္ဂါ

(၂၃-၁၀-၂၀၁၁)

20 October, 2011

ဥပဓိရှိ မျက်ရည်ရှိ...(''အိုင်ပက်မရှိ ဒုက္ခမရှိ'' ၏ အဆက်မဟုတ်)

(ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဤသို့ ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊မှန်၏-ဥပဓိတို့သည် လူကို နှစ်သက်စေကုန်၏၊ ဥပဓိမရှိသူသည် မနှစ်သက်ရပေ။

(မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -
သားသမီးရှိသူသည်သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊မှန်၏-ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။
(ခုဒ္ဒကနိကာယ်၊ သုတ္တနိပါတ်၊ ဥရဂ၀ဂ်၊ ဓနိယသုတ်)


ဒီနေ့မနက်ပဲ ပို့ချလို့ ပြီးသွားတဲ့ ဓနိယသုတ်ကောက်နှုတ်ချက်လေးပါ..။ မဟီမြစ်ကမ်းဘေးမှာ ဗုဒ္ဓအရှင်နဲ့ ဓနိယနွားကျောင်းသားတို့ အချင်းချင်းအပြန်အလှန်ပြောကြတဲ့ ထင်ရှားတဲ့ဒိုင်ယာလော့ခ်တစ်ခုပေပဲ ။ ဓနိယက သူ့မှာ ရှိတာလေးတွေ ထုတ်ထုတ်ကြွားပါတယ်..။

ငါ့မှာ စကားနားထောင်ပြီး အလိုက်သိတဲ့ ငယ်ပေါင်းမယားလေးရှိပါသတဲ့..ဘယ်တုန်းကမှ သူ့မယားလေးရဲ့ အပြစ်ကို မမြင်ဖူးဘူးတဲ့..။အဲဒီတော့ မိုးရေ ရွာချင်သလိုသာ ရွာပါတော့ ...ဆိုပဲ.။

ဗုဒ္ဓအရှင်ကတော့ သူ့အလိုကို လိုက်တဲ့ လွတ်မြောက်ပြီးသားစိတ်ကလေးရှိသတဲ့...။ အကြာကြီးပွားခဲ့ရတာမို့ ယဉ်ကျေးနေပါပြီ တဲ့၊ အပြစ်ဆိုလို့ ရှာမတွေ့ဘူးတဲ့.။ အဲဒီတော့ မိုးရေ ရွာချင်သလိုသာ ရွာလိုက်လေ ကဲ...တဲ့။ ကောင်းလင့်တေးပေပဲ (အိမ်း ရဟန်းဆိုတော့လည်း စိတ်ကိုပဲ ပေါင်းပြီး ပွားရတာပလေ..)

အဲဒီလိုမျိုး စကားအတင်အချ..အဖွင့်အပိတ်..ကော်ပီ ဒီလိ(တ်)လုပ်ကြတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ဗုဒ္ဓအရှင်တို့ စကားကောင်းနေတုန်း မိုးကြီးက တကယ်ရွာချလိုက်တော့ ဓနိယက ဗုဒ္ဓကို ခိုက်သွားခဲ့ပါတယ်...။ ဇနီးချောလေး လက်ဆွဲပြီး ဗုဒ္ဓံသရဏံ ပန်းတွေ ဝေကြပြီပေါ့..။

အဲဒီအချိန်မှာ မာရ်နတ်က စကားဝင်နှောင့်ပါတယ်..။သားသမီးရှိတော့ သားသမီးတွေနဲ့ ကျေနပ် နွားတွေ ရှိတော့ နွားတွေနဲ့ ချမ်းသာတာပ..တဲ့..။ လူရိုသေ ရှင်ရိုသေ ဥပဓိလေးလည်း ရှိသင့်ပါသတဲ့...။( လောကီစီးပွားနယ်ပယ်ကို ငဲ့စောင်းလိုက်မယ်ဆိုရင်တော့ မာရ်နတ်ကြီးရဲ့ စကားကလည်း လူကြိုက်များစရာပဲ..။ တကယ်လည်း ပေါ်ပြုလာဖြစ်နေဆဲ..စတိုင်လ်ရှိမှ စတားဆိုလား...)

ဗုဒ္ဓအရှင်ကတော့ သံသရာပွားစီးမှုနဲ့ ဒုက္ခကို မြင်တော်မူသူပီပီ...လောကုတ္တရာလမ်းအတွက် အနှောင်အဖွဲ့ဖြစ်တဲ့ ရှိဆင်းရဲတွေကို ထောက်ပြလိုက်ပါတယ်..။ ရုပ်လေးပြပြပြီး (ရုပ်ကလေးကို ကြည့်ကြည့်ပြီး) ဒုက္ခရောက်နေသူတွေကိုလည်း သနားတော်မူဟန်ပါပဲ...။

အဟမ်း ကိုယ်တိုင်က အသံကမကောင်း..။ အပြောကမတတ်လို့ ဥပဓိလေး အားကိုးရမလား အောက်မေ့ပါတယ်...။ ဥပဓိရှိ မျက်ရည်ရှိ ဆိုပါလား...။ :P......

ဓမ္မဂင်္ဂါ
(၂၁-၁၀-၂၀၁၁)
စာပြန်ရေးဖို့ အရှိန်ယူပြီး လှိမ့်နေတာ...။တွန်းမချလိုက်ပါနဲ့..။

10 March, 2011

ဒီပလိုမေစီကြောင်ဋီကာသစ်(၃)

သာမန်လူတို့အဘိဓာန်တွင် လူကြောင်များဟု သတ်မှတ်ခံရသည့် ထူးကဲချွန်မွန်သော ပုဂ္ဂိုလ်များသည် ကမ္ဘာ့ဥဒါန်းတွင်မူ မဟာလူကျော်များအဖြစ် ကမ္ဗည်းထိုးရလေသည်တည့်..။
(မှတ်စု)

(၄)
ဧကရာဇ်ဘုရင်ဒိုင်အိုနီရှပ်(Dionysius I or Dionysius the Elder (ca. 432–367 BC,)က လက်ထဲမှ ပုရပိုဒ်လွှာကို ယုယစွာ ကိုင်ရင်း တစ်စုံတစ်ဦးကို မျှော်နေခဲ့သည်။ ထိုပုရပိုဒ်လွှာတွင် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရေးစပ်ပြီး ကိုယ်တော်တိုင် ကြိုက်နှစ်သက်လျက်ရှိပေသော ၊ ဇမ္ဗူတစ်လူမဟာ့ မဟာကဗျာများဟု စိတ်တော်သိ ဗောင်းတော်ညိတ်အမတ်များက ထပ်တလဲလဲ ချီးမွမ်းခြင်းအမှုပြုကြပေသော ခေါမလင်္ကာ မဟာကဗျာ ဆိုသဟာများရှိလေသည်။ ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့် ကဗျာအလင်္ကာကို ဖတ်လို့ မငြီးနိုင်အောင် ဖြစ်နေလေသည်။ သိပ်ကောင်းတဲ့ မဟာကဗျာပေပဲ...ဟဲဟဲ..။ ကောင်းဆို ငါရေးထားတာကိုး.. ဟီးဟီး..။ ကြောင်လင့်တေး ကြောင်လင့်တေး..။ သို့သော် ဘုရင်မင်းမြတ်က ကိုယ်တော်တိုင်ရေးထားသည့်ကဗျာများနှင့် ပတ်သက်၍ တစ်စုံတစ်ဦး၏ ထောက်ခံအသိအမှတ်ပြုမှုကိုတော့ အမှန်တကယ် တောင့်တနေပါသည်။

ဒိုင်အိုနီရှပ်ဧကရာဇ်က သာမန်စာရေးလေးဘ၀မှ စစ်ရေးစစ်ရာကျွမ်းကျင်မှုကြောင့် ကာသေ့ခ်ျရန်သူတော်တို့ကို အပြတ်အသတ်ချေမှုန်းနိုင်သော စစ်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး သံခင်းတမန်ခင်းကျင်လည်မှုကြောင့် စစ္စလီကျွန်း၊ စီရာကျူရွှေနန်းရှင် ဘုရင်ဧကရာဇ်ဘ၀သို့ တက်လှမ်းခဲ့သူဖြစ်လေသည်။ အာဏာရှင်စစ်ဘုရင်ကြီးဘ၀ ရောက်လာသည့်ဒိုင်အိုနီရှပ်က တစ်ချိန်ချိန်တွင် ပြည်သူတို့က မိမိကို ရွှေနန်းမှ ဆွဲချလိမ့်မည် ဟူသော သံသယဖြင့် မသင်္ကာသူမှန်သမျှ၊ အတိုက်အခံမှန်သမျှကို သတ်ဖြတ်ညှင်းဆဲခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းများကို မညှာမတာပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခြင်းနှင့် ကွပ်ညှပ်ခြင်းတွင် သရဖူဆောင်းသည့် အာဏာရှင်ကြီးအဖြစ် ရာဇ၀င်မဲညစ်ခဲ့လေသည်။

သံသယရှိသူများအတွက် အကျဉ်းထောင် သီးခြားဆောက်လုပ်ကာ အကျဉ်းစံတို့၏ စကားကို ခိုးနား ထောင်နိုင်ရန် ထောင်နံရံများတွင် ဂလိုဏ်ပေါက်များပြုလုပ်ထားသည်။ စကားမှားရှာသည့် အကျဉ်းသမားအတွက် နေမထွက်တော့.။ဘုရင်မင်းမြတ်၏ မုတ်ဆိတ်ကျင်စွယ်ကို ရိတ်ဖြတ်ရသည့် လက်သုံးတော်ဆတ္တာသည်လည်း ကျုပ်ကို နှယ်နှယ်ရရလူ မမှတ်ပါနဲ့ဗျ၊ ဘုရင်မင်းမြတ်ရဲ့ လည်ပင်း နားကို ကျုပ်ဓါးက မနက်တိုင်း တစ်နေ့တစ်ကြိမ်ရောက်နေတဲ့လူပါဗျ ဟု စကားကြွား၍ အသတ်ခံဖူးသည်။ ထို့နောက် သမီးတော်များကို ဓါးအပ်ကာ မုတ်ဆိတ်မွှေးရိပ်ခိုင်းစေခဲ့ပြန်သည်။ သို့သော် ဓါးကိုင်ထားသည့် သမီးတော်များကိုလည်း စိတ်မချပြန်ပါ၊ သို့နှင့် သစ်စေ့များကို ပူအောင် ပြုလုပ်ပြီးမှ မုတ်ဆိတ်မွှေးများကို ပွတ်ပစ်ခိုင်းလေသည်။

ဘုရင်ဧကရာဇ်က အိပ်စက်လျှင်လည်း တစ်ကိုယ်တည်းအိပ်စက်သည်။ သူ့အိပ်ဆောင်ပတ်လည်တွင် ကျုံးတူးထားသည်။ ကျုံးကို ကူးရန် တံတားအရှင်ပြုလုပ်ထားပြး အိပ်စက်ရန် အိပ်ဆောင်ကူးပြီးသည့်အခါ ကိုယ်တော်တိုင် တံတားကို ခေါက်သိမ်းလေ့ရှိသတတ်...။အော် စိတ်မအေးဖွယ်..။

ဒိုင်အိုနီရှပ်ဘုရင်က စစ်ဘုရင်အာဏာရှင်ကြီးအဖြစ် အသတ်အဖြတ်ရဲသည့်တိုင် အနု ပညာမြတ်နိုးသူကြီး အဖြစ်လည်း တော်ဝင်မဟာကဗျာဟု ကိုယ်တိုင်အမည်ပေးထားသည့် ခေါမလင်္ကာများစွာကို ရေးစပ်လိုက် သေးသည်။ ဘုရင်မင်းမြတ်အပါးက မှူးကြီးမတ်ကြီးဆိုသူများကတော့ ဘုရင်မင်းမြတ်ရေးသမျှ ကောင်းလှောင့်တေး ကောင်းလှောင့်တေးကြသည်သာ..၊ ကန့်ကွက်ရန် အဆိုမရှိ ဘုန်းတော်ကြောင့် ဘယ်လိုရေးရေး ကောင်းမြတ်ကြောင်းပါ လုပ်ကြသည်ချည်း..။ သို့သော် ဘုရင်မင်းမြတ်က မကျေနပ်သေး..။ ပြည်သူကို သတ်ဖြတ်ညှင်းဆဲနေသည့်တိုင် ပြည်သူ့ရင်နှစ်သည်းခြာ မဟာကဗျာဆရာကြီးလည်း ဖြစ်ချင် သေးသည်။ ပြည်သူတို့ နှလုံးသည်းပွတ်ကဗျာဆရာက ဖီလိုဇီနပ်စ်(Philoxenus_of_Cythera) ဖြစ်သည်။ ဖီလိုဇီနပ်စ်သည်သာ ပြည်သူချစ်သော ပြိုင်ဘက်ကင်းကဗျာဆရာဖြစ်သည်။ ဖီလိုဇီနပ်စ်သာ ကိုယ်တော်ရေးထားသည့် ကဗျာကို ချီးမွမ်းထောက်ခံလျှင် ဘုရင်မင်းမြတ်သည်လည်း ပြည်သူ့ကဗျာစာဆို အလိုလိုဖြစ်ချေမည်..။

ဖီလိုဇီနပ်စ်ကို ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ထောင်သွင်းအကျဉ်းချထားသည်။ ထောင်သွင်း အကျဉ်းချထားရသည့်အကြောင်းကလည်း ခိုင်လုံသည်။ ဧကရာဇ်ဘုရင် ကိုယ်တော်တိုင် ရေးထားသည့် ကဗျာအလင်္ကာကို အနှစ်သာရမရှိဟု ဝေဘန်ရက်ပေသည့် ငမိုက်သား..အကျဉ်းချထားစေ..။ ယခုတော့ အကျဉ်းစခန်းတွင် ကြပ်ကြပ်တည်းတည်း ဆင်းရဲငြိုငြင်စွာ နေရသမို့ ငမိုက်သားစာဆို နောင်တရလောက်ပေပြီ..။

ရှေ့တော်သို့ သွင်းစေ....။
ပြည်သူ့စာဆိုကား အ၀တ်အစားအသွင်အပြင် နွမ်းရိလျက်..၊ သို့သော် မျက်လုံးများက တောက်ပစူးလက်ကာ ပြုံးရိပ်ထင်နေသည်။ ကဗျာစာဆိုမှလွဲ၍ နန်းရင်ပြင်တစ်ခုလုံး၏ ဗဟိဒ္ဓအသွင်အပြင်က ရတနာမျိုးစုံ ပိုးဖဲကတ္တီပါအရောင်တို့ဖြင့် ဖိတ်ဖိတ်လက်နေသည်..။ မင်းပရိသတ်စုံလင်ချေပြီ...။ ဘုရင်မင်းမြတ်က ပုရပိုဒ်လွှာမှ ကိုယ်တိုင်ရေးမဟာကဗျာကြီးကို ကိုယ်တိုင်ပင် ရွတ်ဖတ်လေတော့သည်...။ နန်တော်ရင်ပြင်ကြီးတစ်ခုလုံး ပိုးပုဝါလေတိုးသံလေးပင် ကြားအံ့မထင်..။ ဘုရင်းမင်းမြတ် ရွှေစိတ်တော်ညိုလျင်ဆိုသော အရိုးစွဲ ကြောက်စိတ်က ရွှေနန်းခန်းမကြီးတွင် အေးစက်နေမြဲမဟုတ်လား..။

ဒိုင်အိုနီရှပ်ဘုရင်ကြီး၏
အော့နှလုံးနာဖွယ်ရာ ကဗျာရွတ်ဖတ်သံများ...........
z,o.$#%@^&uryhbnl;nbfdw...bbbnmiill.,/,;!@#$%

ကဗျာအလင်္ကာ ဘယ်အချိန်ဆုံးလေသည် မသိ..။ ဘုရင်မင်းမြတ်ရွှေနှုတ်တော်မှ အသံတိတ်သွားလျှင် လက်ခုပ်တီးဖို့အဆင်သင့်ပြင်ထားကြသည့်အတိုင်း (လုပ်တတ်ပါ့..) ရွှီး ရွှီး ....ဖြောင်း ဖြောင်း ..... ကောင်းချီးပေးသံများ...။ တစ်ချို့ အကဲပိုသူများက ဘုရင်မင်းမြတ်မြင်အောင် ဦးထုပ်ခေါင်းစွပ်များပါ မြှောက်ပြကြသည်။ ကြိုက်ပါတယ် ကောင်းပါတယ်ပေါ့...။ ဘုရင်ကလည်း လူအ,တော့ မဟုတ်...။ သိပေမယ့် ခံလိုက်ကွာ..။

ဒိုင်အိုနီရှပ်ကြီးအလိုရှိသည်က ထိုလက်ခုပ်သံများမဟုတ်.. ဖီလိုဇီနပ်စ်၏ ထူးကဲပါပေသည် ဟူသော ပညာရှင်မှတ်ချက်စကား..။ စိတ်နှလုံးအတွင်းသားက ပါသော အဇ္ဈတ္တအရိပ်ထဲက စကား...။ ဘုရင်ဧကရာဇ်က ကဗျာစာဆိုကြီးကို တစ်ချက်ကြည့်လိုက်သည်.။ ဖီလိုဇီနပ်စ်ကား ငြိမ်ဆိတ်လျက်..၊ ''ဒီငနဲ တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းတယ်..။ ဒါ သူ့အတွက် အခွင့်အရေးပဲ..၊'' နောက်ဆုံးတော့ ဧကရာဇ်ကြီးက မနေနိုင် ..
'' ဘယ်လိုလဲ စာဆိုကြီးရဲ့ ငါကိုယ်တော်မြတ် ရေးတဲ့ မဟာကဗျာ......'' စကားမဆုံးလိုက်ခင်..။ ကဗျာစာဆိုက နောက်မှာ ရှိသည့် အရာရှိများကို လှည့်ကာ
''ကဲ အရာရှိမင်းတို့ ကျုပ်ကို အကျဉ်းထောင်သာ ပြန်ပို့ကြပေတော့ ''..။

သည်တစ်ခါတော့ အာဏာရှင်စစ်ဘုရင်ကြီးလည်း မိမိထက် ပိုကြောင်သော ကဗျာစာဆိုကြီးကို ကြည့်ကာ တ၀ါးဝါး တဟားဟားရယ်ရင်း အရှက်ဖြေရတော့သည်။
'' လွှတ်လိုက်ကြပါကွယ်တို့ရယ် ဒီငနဲက လူကြောင်ပါ '' ဟူသတတ်..။
ထိုနည်းနှင်နှင် မန္တလေးရတနာပုံနေပြည်တော်ကြီး၏ နန်းရင်ပြင်တွင်လည်း လူကြောင်ကြီး တစ်ဦးရှိခဲ့ဖူးလေသည်တကား..။

ဆက်ရန်...


08 March, 2011

ဒီပလိုမေစီကြောင်ဋီကာသစ်(၂)

ညောင်ကန်ဆရာတော်ဦးဗုဓ်က ခေတ်ပြိုင်မြင်းဝန်ဆရာတော်ကို ငယ်နာမည် ရွှေသီးဟုသာ ခေါ်ဝေါ်လေ့ရှိသည်။ ဤသည်ကို မြင်းဝန်ဆရာတော်က တင်စီးလွန်းသည်ဟု ထင်သည်။ သို့သော် တစ်ခါသားတွင် မြင်းဝန်ဆရာတော်မကြံဆနိုင်သည့် ပိဋကတ်စာပေ(မဏိဒီပကျမ်း)မှ အချက်တစ်ချက်ကို ဆရာတော်ဦးဗုဓ်က တိကျပီပြင်စွာ ရှင်းပြခဲ့သည်။

မြင်းဝန်ဆရာတော်က တပည့်များအား မိန့်မှာသည့် စကားကို နားထောင်ပါလေဦး...'' ဆရာတော်ဦးဗုဓ်က ကျုပ်ထက် အသက်ရော သိက္ခာပါ လွန်စွာ ကြီးလှသေးသည် မဟုတ်။ ပရိသတ်အလယ်မှာ ကျုပ်ကို ရွှေသီး ရွှေသီး ဟု ခေါ်နေသည်ကို ရှေးက ကျုပ်မနှစ်သက်ချင်ဘူးဗျ။ ခု မဏိဒီပနဲ့ စမ်းလိုက်မှ ကျေနပ်နှစ်သက်ကာ ကြည်ညိုလာတော့တယ်။ နောက်နောင် ရွှေသီး မကလို့ ခွေးသီးခေါ်ခေါ် အကြည်ညိုမပျက်တော့ဘူးဗျား'' ဟူသော..။

ပျို့ ကဗျာ လင်္ကာနှင့် ကျမ်းဂန်အမျိုးမျိုး ပြုစုရာတွင် နာမည်ကြီးလှသည့် မုံရွေးဆရာတော် အရှင်အာဒိစ္စရံသီ ကိုလည်း ဦးဗုဓ်က '' သဘင်သမားကြီး'' ဟုသာ ခေါ်လေ့ရှိတတ်ပါသည်။ နှစ်ပါးဆုံသည့်အခါတိုင်း '' သဘင် သည်ကြီး ဘာဇာတ်တွေများ ကနေတုန်းဗျ'' ဟု ဦးဗုဓ်က မေးလျှင် မုံရွေးဆရာတော်ကလည်း '' ကုသဇာတ်၊ ဥတေနဇာတ်များကို မြိုင်မြိုင်ဆိုင်ဆိုင် ခင်းကျင်းနေပါကြောင်းဗျား '' ဟု ခပ်သောသော ဖြေတတ်မြဲပင်..။ ဤသို့ ဆရာတော်ဦးဗုဓ်က နှစ်ပါး'ဆုံရာတွင် ရွှန်းတတ်သော်လည်း ကွယ်ရာတွင်မူ 'မုံရွေးဆရာတော်စာပေနှံ့စပ် ကြောင်းကို ရာဇောဝါဒကျမ်းကို ကြည့်က သိကြလိမ့်မည် '' ဟု ချီးမွမ်းလေ့ရှိသတတ်..။

ကျမ်းတတ်အကျော်ပြည်ဆရာတော်ဖြစ်လာမည့် ညောင်ကန်မှ ငယ်ရင်းမိတ်ဆွေရဟန်းကို ပြည်မင်းသားက ကျောင်းဆောက်ကိုးကွယ်ရန် ပင့်စဉ်ကလည်း ဦးဗုဓ်က ငယ်နာမည်ကို ခေါ်ကာ '' မောင်ကျီး မင်းကို မင်းသားက ပင့်ပြီး ကိုးကွယ်လို့ မင်းဆရာတော်ဖြစ်ပြီ။ သို့သော် ဘုရားအလိုတော်အတိုင်း ကျင့်မှ ဘုရားသားတော်ဖြစ်မည်။ မင်းလိုလိုက်၍ ကျင့်လျှင် မင်း၏ သားသာ ဖြစ်လိမ့်မည် '' ဟု ခပ်စပ်စပ်လေး သတိပေးမိန့်မှာခဲ့ဖူးသည်။

ရှေးရှေးသော ပညာရှင်ဆရာတော်ကြီးများသည်လည်း လောကီဝေါဟာ ရင်းနှီးစွာသော စကားအနှုံးများကို သုံးစွဲခဲ့ကြရိုးပေတည်း...။

(၃)

ဦးဗုဓ်ဆိုသည်က မြန်မာ့သာသနာဝင်မှတ်တမ်းတွင် ''ဗုဓ်အစ (ဗုဒ္ဓအရှင်) ဗုဓ်အလယ် (ဗုဒ္ဓအရှင်နှင့် သာဝကအဆူဆူတို့၏ တရားဓမ္မများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အဋ္ဌကထာကျမ်းများကို ပြုစုတော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ) ဗုဓ်အဆုံး( ညောင်ကန်ဆရာတော်ဦးဗုဓ်)'' ဟု ဂန္ထ၀င်အဖြစ် စံတင်ရစ်အောင် ပြောင်မြောက်ခဲ့သည့် ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်လေသည်။

ပိဋကတ်စာပေများကို မြန်မာစကားပြေဖြင့် နိသျပြန်ဆိုရာတွင် ပြိုင်ဘက်ကင်းခဲ့၏။ သက်တော်ငါးဆယ့်ငါးတွင် ခန္ဓာဝန်ချ၍ လွန်တော်မူရာတွင် သာသနာတော်အတွက် ကျမ်းပေါင်းငါးဆယ်တိတိ ပြုစုချန်ထားနိုင်ခဲ့၏။ သွေးဝမ်းသွန် ဒူလာရောဂါ နှိပ်စက်သဖြင့် ကုဋီ (အိမ်သာ)ထဲမှ မထွက်နိုင်အောင် ပင်ပန်းခဲ့သော်လည်း ကုဋီ (အိမ်သာ) နံရံတွင် ကျောက်သင်ပုံးကြီးချိတ်ကာ ကျမ်းဂန်တစ်စောင်ကို အပြီးသတ်ရေးသားနိုင်ခဲ့သည်အထိ ၀ီရီယဓါတ်နှင့် ခန္တီအား ကြီးမားခဲ့လေသည်။ ကျမ်းဂန်တတ်ပွန်သည်နှင့်အမျှ လောကီအရေးနှင့် ဓမ္မအရေးမရောယှက်ဘဲ သာသနာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်သည့် ဆရာတော်ကြီး တစ်ပါးအဖြစ်လည်း ဘကြီးတော်စစ်ကိုင်းမင်း၊ နန်းမတော်မယ်နုနှင့် သာယာဝတီမင်း( ကုန်းဘောင်ရွှေဘိုမင်း) တို့ နိုင်ငံ့အရေးရှုပ်ထွေးေ၀၀ါးခဲ့ရာ ကုန်းဘောင်ခေတ်လယ်သမိုင်းတွင် အထင်းသား ရပ်တည်ခဲ့လေသည်။

အထက်အညာကျေးလက်ရှိ မိဘရင်ခွင်မှ မြို့တော်သို့ စုန်ရလေသည့် လော်ကယ်ရထားခရီးစဉ်တွင် ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ရလေတိုင်း ဆရာတော်ဦးဗုဓ် သီတင်းသုံးတော်မူခဲ့ရာ နန်းမတော်မယ်နုအုဋ္ဌ်ကျောင်းကြီးကို လွမ်းတစွာ ငေးမောတတ်ခဲ့မြဲ....။ သူ့ငယ်ဘ၀နေရက်များမှသည် ယခုမက်နေဆဲ အိပ်မက်များထိ ဦးဗုဓ်သည် ဘယ်တော့မှ ပြိုမကျခဲ့လေသော စံမုခ်ဦးကြီးဖြစ်သည်။

သို့သော် ထိုမုခ်ဦးတွင် သူက မှီရပ်နေရုံမျှသာ ဖြစ်သည်။ မုခ်ဦးတံခါးကို ခေါက်နိုင်စွမ်းရှိလောက်အောင်ပင် သူက မကြောင်ရဲ...။ ဦးဗုဓ်က ကုန်းဘောင်သမိုင်းတွင် နီစွေးအောင် ခပ်ရဲရဲ ခပ်မာမာ ကြောင်ခဲ့ဖူးသေးသည်။ ဗီဇအားဖြင့်ငယ်စဉ်ကတည်းက ကြောင်ခဲ့ဖူးလေသော ကိုရင်လေး မောင်ဗုဓ်ဘ၀မှ ထူးမြတ်ချွန်မြသော သာသနာ့အာဇာနည်ကြီးဖြစ်ခဲ့လေသည်က အမှန်ပင်..။
အော် ကြောင်တာက ဘယ်နှစ်မျိုးရှိပါလိမ့်...။ ဆိုးကြောင် .. ကောင်းကြောင်...ကြောင်ရူး ကြောင်ထူး...။
အဲ ကြောင်ဝက် ကြောင်ပြည့်..။
(ဂေါက်ကြောင် ဆိုသဟာကိုတော့ ဤဋီကာသစ်က တို့ထိလိမ့်မည် မဟုတ်...)

အနောက် ဥရောပဒေသ၊ တိုင်းဇာမဏီပြည်၊ ဟန်းဘတ်မည်ပေသော ၀ိဿဝိဇ္ဇာလယ (တက္ကသိုလ်ကြီး)မှ ဂန္ထန္ထရ စာပေ ကျမ်းအဆူဆူ၊ ပညာရှင်ပါရဂူကြီးအဖြစ်၊ ဒီလစ်ဘွဲ့ထူး ဆက်ကပ်၊ ပူဇော်ခြင်း ခံရအပ်ပေသည့် ဒကာတော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကြီး၏ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဋီကာ။ ဒေါင်းဋီကာ၊ခွေးဋီကာ ကြာဋီကာ...အဖြာဖြာသောကျမ်း အဆန်းထွင်သမျှကို အားကျငန်းငန်း တလွမ်းလွမ်းဖြစ်လေရကား သညာအားဖြင့် ဒစ်ပလိုမေစီ ကြောင်ဋီကာသစ်မည်ပေသည့် ဤမည်သောစာလက်တစ်သစ်ကို ဆက်လက်ရေးခြစ်လိုလှသော၊ မြမ္မရဋ္ဌ ရွှေပြည်မဟာကြီးလျှင် ဖွားရာဇာတိရှိ၍ မဇ္ဈိမဒေသ ဗာရာဏခရိုင်လျှင် နေထိုင်ရာပ၀တ္တိရှိပေသော ငါဆရာသည် ကွန်ပြူတာကီးဘုတ်ထက် လက်ကွက်များ ပျက်လောက်အောင် တချက်ချက်နှိပ်ပေတော့အံ့သတည်း။။။

ဆက်ရန်





06 March, 2011

ဒစ်ပလိုမေစီကြောင်ဋီကာသစ်(၁)

နီရိုး

အနုပညာဝါသနာပါတာတော့ မဖြစ်နိုင်ဘူး
တယောထိုးလိုက ထိုးစေ
ငကြောင်

မိနှောင်း

(၁)
ှဗာရာဏသီမိဂဒါဝုန်လမ်းထဲတွင် ဆောင်းခိုနှင်းများက ကျောပိုးအိပ်ပြင်ကြပြီ။ သူ့အခန်းကျဉ်းလေးကို နွေခေါင်ခေါင် ဒီဂရီ တစ်ရာ့ရှစ်အနီးမှာ ထီးတည်းကြီးထားခဲ့တော့မည်။ ဆောင်းနှင့်နွေတို့အကြား သံတမန်စကား မထား.. စာချုပ်စာတမ်း မကမ်းလှမ်းကြလေရောထင့်.....။ ဆောင်းသွန်လေက နွေရွက်ခြောက်များပေါ် ချွတ်နင်းလျှောက်ခါ ဥသြဂီတကို ပူးကပ်ရှောင်တိမ်းခိုက်တွင် သူ အိပ်စက်နေရင်း ချွေးတပြိုက်ကျရသည်။ ဆောင်းအရိပ်က မကုန်သေး. စောင်ခြုံတော့လည်း မအေး၊
ဟ...ဟတ် .. ဟတ်ချိုး....။ နေ့ပူညချမ်း တပေါင်းလဆန်း..ဆိုပဲ။

ဆေးရုံဆင်းပြီး နာလန်ထစ နေ့ရက်များတွင် သူ တခုတ်တရအားထုတ်ဖြစ်သည်က သူ့စာအုပ်စားပွဲလေးပေါ်မှာ ရှိသမျှ စာအုပ်မှန်သမျှကို တဖျောက်ဖျောက်ဝါးနေမိခြင်းဖြစ်သည်။ စာအုပ်မြတ်နိုးသူကြီး စာကြမ်းပိုး(ဂျပိုး)ကြီး(BOOK WORM)ဂိုက် အပြည့်ဖမ်းနေခြင်းပေလား ။ ငကြောင်...။ ဟိုမှာ ရောမမြိုကြီးက ပြာကျလုပေါ့...။ လက်ထဲမှ ဖတ်လက်စ စာအုပ်က ပြုတ်ကျသွားသည်။ သည်ရက်ပိုင်းတွင် သူ့စိတ်နှလုံးကို တဒုန်းဒုန်းကလိနေသော ကဗျာ....။ နီရိုး ....။
ရာစုသစ်ကာဗျဝိဒူ မိနှောင်း တဲ့...။ သူငယ်စဉ်က သင်ယူလေ့ကျက်ခဲ့ရဖူးသော သုဗောဓာလင်္ကာရ ပါဠိစာပေအလင်္ကာ ကဗျာဘုတ်အုပ်ကြိးကို မမှတ်မိ မသိရှိလေတော့၍ ဘာ ဂုဏ်မြောက်ကြွကာ ဘယ်အလင်္ကာ တောက်ပလေသနည်း မေးငြားအံ့ ...ဟင့်အင်း ရိုးသားစွာ ...။ အော် ကြောင်ပေစွ..။

သူပြောင်လျှင် ခေါင်ကွန့်လို
ကြောင်ဝံ့တဲ့ သူပါ။

ဦးပုည

(၂)

ရဟန်းတော်များလောကတွင် ငကြောင် ဟူသော ဝေါဟာရကို တရားဝင်သုံးစွဲရန် အဆင်ပြေလိမ့်မည် မဟုတ်မှန်း သူသိသည်။ သို့သော် ခေတ်အဆက်ဆက် ပညာရှင်ဆရာတော်များအချင်းအချင်း အရပ်သုံးစကား( COLLOQUIAL LANGUAGE) ဖြင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းစွာ ဆက်ဆံပြောဆိုခဲ့ကြဖူးသည်ကို အမှတ်ရသည်။ ကုန်းဘောင်ခေတ် ညောင်ကန်ဆရာတော်ဦးဗုဓ်၏ အတ္ထုပ္ပတ္တိကထာကို ဖတ်ရှုလျှင် လှပသော ပြောကွက်လေးများကို ကြည်မွေ့နိုင်သည်။ ထိုခေတ်ဆရာတော်များက တစ်ပါးနှင့် တစ်ပါး ရဟန်းဘွဲ့သညာကို ခေါ်ဝေါ်ခြင်းမရှိဘဲ ငယ်ဘ၀လူနာမည်ကိုသာ အာလုပ်ပြုကြရိုးရှိသည်။

ညောင်ကန်ဆရာတော်၏ ဘွဲ့တော်က အရှင်စက္ကိန္ဒဖြစ်သည်။ ငယ်မည် မောင်ပုပ်(မောင်ဗုဓ်)သာ ထင်ရှားပြီး ဆရာတော်ကြီးဦးဗုဓ်ဟု တွင်ကျယ်ခဲ့သည်။ ကုန်းဘောင်ရှာပုံတော်ကို ပြုစုသူ စာရေးဆရာကြီး ညိုမြကတော့ စကား ဘုကျကျ ခွကလန့် ပြောတတ်သဖြင့် '' ဦးဘု'' ဟု ခေါ်လျှင် ပိုမိုသင့်တော်လိမ့်မည် ဟု မှတ်ချက်ချသည်။

(ဆက်ရန်)


16 October, 2010

မိုးဆုံးမိုးဖျားမှာ နေခဲ့တော့ ဂင်္ဂါ

(၁)
ဝါး........။
နံနက်စောစော အိပ်ရာက နိုးနေသည်။ ကမ္ဘာတစ်ခြမ်းက မိတ်ဆွေများ၏ နှုတ်ဆက်သံကို သူကြားနာနေခဲ့သည်။ ဆယ်စုနှစ်တစ်ခုနီးပါးမတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဆွေများကို ပြန်တွေ့ရသည်က ကြည်နူးစရာဖြစ်သည်။ ခြင်တစ်ကောင်က အမှောင်ကို ကွယ်ပြီး သူ့လက်မောင်းကို မိမိရရ ကိုက်လိုက်သေးသည်။ ငယ်စဉ်ကိုရင်လေးဘ၀က ဖတ်မိသမျှလေးနှင့် ကမ္ဘာတစ်ခြမ်းအကြောင်း သူက ခပ်တည်တည်ပြောတော့ '' ကြီးကြီးကျယ်ကျယ်ကွယ် "ဟု ဦးဇင်းတစ်ပါးက သူ့ကို ချစ်စနိုးခေါင်းခေါက်တာ ခံရဖူးသည်။ ခုလည်း သူက ကမ္ဘာတစ်ခြမ်းအကြောင်း ပြောမိပြန်သည်။ ခေါင်းကို ပြန်ပွပ်သပ်မိသေး၏။

စိုစိမ့်စိမ့်ရှိသလို ခံစားမိသည်နှင့် သူ့အခန်းကျဉ်းလေး၏ ပြတင်းတံခါးကို ဖွင့်လိုက်တော့ အားပါး လျှပ်တပြက်မိုးစက်များ....။ ဗာရာဏသီမှာ မိုးတွေ ရွာနေပါပေါ့လား။ သည်နှစ် ဗာရာဏသီတွင် မုတ်သုံနောက်ကျခဲ့သည်။ ရောက်လာတော့လည်း ခပ်ကြဲကြဲ။ ပူအိုက်လောင်မြိုက်ခြင်းနှင့် လျှပ်စစ်မီး မလုံလောက်မှုများကြားတွင် သူက ကျဉ်းကြပ်စွာပင် အသည်းကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ ပုဂ္ဂလိကနှင့် အများဆိုင်စာမျက်နှာပေါ်က မျက်ရည်များ၊ ရိုးစင်းနားလည်လွယ်သော ဘာသာစကားများ...။ ခုလည်း မိုးတွေ ရွာနေပြန်ပြီ။

(၂)
ဗာရာဏသီရောက် မြန်မာရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ဟိုခြစ် ဒီခြစ် ပရဟိတစာမျက်နှာများ ရှိသည်။ ဤသည်မှအပ ဘာမှမထူးခြား...။ စာသင်ခန်းနှင့် စာအုပ်။ မိတ်ဆွေရဟန်းတော်များ ချက်ပြုတ်ထားသော ဟင်းလျာ။ မဇ္ဈိမ၏ ရာသီပွဲတော်ဂီတများ။ သည်နေ့ရက်များတွင် ကျောင်းများ ရုံးများ ပိတ်ထားသည်။ ဒူရဂါနတ်သမီးပူဇော်ပွဲရာသီဖြစ်သည်။

ဗာရာဏသီလမ်းမများတွင် မဏ္ဍပ်ကြီးငယ်များ ထိုးကာ ပွဲတော်ကို တိုးဝှေ့ကျင်းပနေသည်။ ဒူရဂါနတ် သမီးဆိုသည်က ငယ်စဉ်က သိနှင့်ပြီးသော လက်ချောင်းများစွာ ပါသည့် ကာလီမယ်တော်ပင်ဖြစ်သလို သျှီဝနတ်ဘုရား၏ ကြင်ယာတော် ပရ၀တီလည်း ဖြစ်သည်။ မဟာပိန္နဲ ဟု လူသိများသည့် ဆင်နတ်မင်း ဂဏေသ၏ မယ်တော်အဖြစ်လည်း ထင်ရှားသည်။ ဟိန္ဒူရိုးရာ နတ်ဗြဟ္မာများက ကိုယ်ခွဲအမျိုးမျိုးရှိကြလေသည် ပဲ။

သူ ဗာရာဏသီရောက်သည့်နှစ်က ဒူရဂါပူဇာပွဲတော်ထဲတွင် ပိတ်မိနေခဲ့သေးသည်။ မြို့တော်တစ်ခုလုံး ရွှေပြည်ကြီးမှာ ကထိန်ပွဲလှည့်သလိုမျိုး ဒူရဂါနတ်သမီး၏ ရုပ်ပုံပန်းချီကားချပ်များ၊ ကြီးမားသော ရုပ်ထု ရုပ်လုံးများကြီးကို ကားများ၊ အော်တိုရှစ်ရှောများ၊ အချို့က ထမ်းစင်များဖြင့် သယ်ယူလှည့်လည်ကာ ဂင်္ဂါမြစ်ကမ်းပါးဆီမှာ စုဝေးကြသည်။ ဂင်္ဂါမြစ်အတွင်းမှာ ဒူရဂါနတ်သမီးကို မျှောကြသည်။ ကကြ ခုန်ကြ သီဆိုတီးမှုတ်ကြနှင့် မြို့တော်တစ်ခုလုံး မဇ္ဈိမ၏ ရိုးရာဗုံသံများ ဖုံးလွှမ်းနေတော့သည်။

ဒူရဂါနတ်သမီး၏ သင်္ကေတက ကျား သို့မဟုတ် ခြင်္သေ့ကို စီးနင်းကာ လက်နက်အမျိုးမျိုးနှင့် ကြာပန်းကို ကိုင်ဆွဲထားသည်။ တည်ကြည်သော အပြုံးရိပ်ထင်နေမည်။ သူမ၏ လက်များကလည်း မုဒြာဟန်အမျိုးမျိုးကို ဖော်ဆောင်ထားလေမည်။ သူမက အကြောက်အရွံ့ကင်းမှု၊ သည်းခံခြင်းနှင့် ရယ်သံများကို ကိုယ်စားပြုသည်။ ဒူရဂါနတ်သမီးသည် မဇ္ဈိမနတ်လောကတွင် ထိပ်သီးစာရင်းဝင်ဖြစ်သည်။ ဗြဟ္မာ၊ ဗိဿနိုးနှင့် သျှီဝတို့၏ စွမ်းအားများစုစည်းရာမှ ပေါ်ထွက်လာသည့် အလင်းပင်လယ်မှ မွေးဖွားလာသော နတ်သမီးဖြစ်သည်။ ကျွဲယောင်ဖန်ဆင်းလာသည့် နတ်လောကတစ်ခုလုံး၏ ရန်သူအသုရာနတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့သဖြင့် နတ်လောက်တစ်ခုလုံး၏ ကယ်တင်ရှင်တစ်ဆူလည်း ဖြစ်လေသည်တဲ့။

ဒူရဂါပူဇာပွဲတော်က လေးရက်တိတိကြာမည်။ သူလည်း ကျောင်းပိတ်ရက်(၅) ရက်ရထားသည်မို အေးအေးလူလူ ဖြစ်နေသည်။ ဗုဒ္ဓဂယာမှာ ဖွင့်လှစ်နေသည့် ဒေါက်တာနေဇင်လတ်၏ သင်တန်းကို သွားရောက်တက်ဖို့ စိတ်ကူးမိသေးသည်။ သို့သော် စိတ်ကူးထက်မပိုခဲ့။ လွန်ခဲ့သော နှစ်ရက်က ဘုရားဖူးရောက်လာသည့် ဆရာနေဇင်လတ်နှင့် မိဂဒါဝုန်မြက်ခင်းစိမ်းလမ်းပေါ်လျှောက်ရင်း ဘီစီခြောက်ရာစုရှုမျှော်ခင်းအချို့ဆီသို့ ရောက်ဖြစ်ခဲ့ကြသေးသည်။

ဒူရဂါပူဇာပွဲတော်ရက်များအတွင်း ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ မိတ်ဆွေရဟန်းတော်များကတော့ ကျောင်းပိတ်ရက် (၁၀) ရက်ကြီးများပင် ရကြလေသည် တဲ့။ ယမန်နေ့က သူနေထိုင်ရာမိဂဒါဝုန် အခန်းလေးထဲသို့ မိတ်ဆွေ ရဟန်းတော်အချို့ ရောက်လာကြသေးသည်။ ကျောင်းပိတ်ရက်များအတွင်း မိဂဒါဝုန်ကို လာရောက် လည်ပတ်ကြခြင်းဖြစ်သည်။ ဟိန္ဒူတက္ကသိုလ်နှင့် မိဂဒါဝုန်က ဗာရာဏသီတောင်ဖျားနှင့် မြောက်ဖျား၊ (၁၄ ) ကီလိုမီတာဝေးသည်မို့ မိတ်ဆွေများ ဆုံနှိုင်ခဲသည်။ ရေမပျက်မီးမပျက် အင်တာနက်ကော်နက်ရှင် ချက်ချက်ချာချာ ရှိလှသော ဟိန္ဒူတက္ကသိုလ် နိုင်ငံတကာအဆောင်ကို စွန့်ခွာ၍ ရေးမီးအစုံ ပြာဋိဟာကင်းလှသော မိဂဒါဝုန်ကို ဆန်တက်ရသည်မှာ မိတ်ဆွေရဟန်းတော်များအတွက် နေက္ခမ္မ ပါရမီဖြည့်ခြင်းတစ်မျိုးဖြစ်နိုင်သည်။

နောက်လမှာလည်း သီတင်းဝါလကျွတ်သည့် ဒီပါဝလီ ရောင်စုံ မီးထွန်းပွဲတော်ကြီးလာဦးမည်။ ကိုးကွယ်စရာ နတ်ဗြဟ္မာများစုဝေးလွန်းသည့် အိန္ဒိယတွင် ရာသီပွဲတော်များက စိတ်လွန်းလှသည်။ ထင်ရှားသည်နှင့် တိုးတိတ်ခြင်းသာ ကွာခြားသည်။ ပြီးတော့လည်း နိုင်ငံ့ပြက္ခဒိန်ပေါ်က လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့မျိုးသာမက ကျေးဇူးရှင်များကို အမှတ်ရသည့် ဗုဒ္ဓနေ့၊မဟတ္တမဂန္ဓီနေ့၊အမ်ဘေဒကာနေ့၊ နေရူးမွေးနေ့ဆိုတာမျိုးလည်း ရှိသေးသည်။ ထိုရုံးပိတ်ကျောင်းပိတ်ရက်တို့ကို ကာမိစေရန် စနေနေ့မှာလည်း ရုံးတက် ကျောင်းတက်ကြရသည်။

ဘာပဲ ဖြစ်ဖြစ် သည်နေ့ မိုးရွာတော့ ဒူရဂါပူဇာပွဲတော်ကို ထိခိုက်နိုင်သည်။ မဇ္ဈိမသားတို့က နွေအပူကို အံတုနိုင်သလောက် မိုးအစိုဓါတ်ကိုတော့ မြတ်နိုးကြဟန်မတူ။ မိုးရွာသည်နှင့် လမ်းများ ရှင်းသွားတတ်သည်။
(၃)

မကြာမီမှာ ဟိုးအဝေးက ဟိမ၀န္တာဆီးနှင်းများ နိုဝင်ဘာသစ်ရွက်စိမ်းများပေါ် ခြေသံပြင်းပြင်းနှင့် ချွတ်နင်းဝင်ရောက်လာချေတော့မည်။ သူ့အခန်းလေးသည်လည်း ခိုက်ခိုက်တုန်အောင် ချမ်းရှာပေတော့မည်။ ဂင်္ဂါမြစ်ရေကတော့ ဒူရဂါပူဇာပွဲတော်ရက် နောက်ပိုင်းတွင် သည်းသည်း လှုပ် စီးနိုင်တော့မည် မဟုတ်။ မိုးရွာသလောက်သာ မြစ်ရေက စီးရမည်။

ခု မိုးဆုံး မိုးဖျားမှာ ဂင်္ဂါ ရောက်နေပြီ။
နေရစ်တော့ ဂင်္ဂါ....။
မိုးက ထားခဲ့ပေမယ့် ဂင်္ဂါက သွယ်မိပြီ၊
ပင်လယ်ဆီ ရောက်အောင် လွှင့်တော့မည်။
ကယောင်ချောက်ခြားအော်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ

ဓမ္မဂင်္ဂါ
၁၆-၁၀-၂၀၁၀

17 September, 2010

ဧကစာသစ်ပင်

(၁)
ဗာရာဏသီမုတ်သုန်အနံ့ကို ရပြီ၊ သူ့အခန်းလေး၏ မှန်ပြတင်းတံခါးချပ်များကို မိုးစက်တို့ တဖျောက်ဖျောက် ထိမှန်နေကြသည်။ နာရီနှိုးစက်မကျမီ သူနိုးထလာသည်။ စက်တင်ဘာလမှ စတင်ကာ မိဂဒါဝုန်နေ့ရက်များ အေးချမ်းတော့မည်ကို ကြည်နူးသွားသည်။ ရှည်လျားသော မဇ္ဈိမနွေရက်များနှင့် လမ်းခွဲလိုက်ပြီ။

သူ့သီတင်းသုံးဖော်ရဟန်းများကတော့ ဆက်လက် ဘ၀င်ကျနေကြဆဲ...။ မိတ်ဆွေရဟန်းတော်များက ပါရဂူဘွဲ့ အတွက် ကျမ်းတင်ရန် နီးကပ်လာပြီမို့ ညရေးညတာများကို အားကိုးတကြီးတွယ်ဖက်လာကြသည်။ သို့နှင့် နံနက်ခင်း အိပ်ရာထချိန်ကို နောက်ဆုတ် လေ့ရှိကြသည်။

သူကတော့ စာသင်ခန်းများဆီ အချိန်မီ ရောက်ဖို့အတွက် အိပ်စက်ချိန်များကို ကန့်သတ်နေရသည်။ မောဟကို ခပ်ပါးပါးနှိပ်ကွပ်နေရသည်။ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီး၏ ခေါင်းခေါက်သံ တခွပ်ခွပ်ကြားမှပင် တမှေးလောက်ရအောင် ငိုက်လိုက်ဦးမည်။ ခုတော့ ကိုယ်ရွေးတဲ့လမ်းပဲ လျှောက်.... လျှောက် ...ဆက်လျှောက်....။

ဆယ်ပေသာသာ အခန်းလေးထဲတွင် ရဟန်းတော်သုံးပါး စုပြုံတိုးဝှေ့ ကျိန်းစက်ရခြင်းက နွေးထွေးမှုတစ်ခု ဖြစ်သည်။ မိတ်ဆွေရဟန်းတော်များက အခန်းတစ်ခန်း သတ်သတ်ငှါးထားသော်လည်း သူ့အခန်းလေးထဲမှာ ကြပ်ညပ်စွာ နေရသည့်အရသာကို ခုံမင်နေကြသည်။ သူသည်လည်း ထိုနည်းနှင်နှင်ပင်....။ လွတ်မြောက်မှုကို ရှာနေခိုက် ဧကစာရီအကျင့်က အေးချမ်းကြည် မွေ့ဖွယ်ကောင်းသော်လည်း ပညာရှာဖွေခိုက် ဆွေးနွေး တိုင်ပင်ဖော်ရှိခြင်းက တန်ဖိုးတစ်ခုဖြစ်ပြန်သည်။ (အိုက်စပ်ပူလောင်သော မဇ္ဈိမနွေရက်များကို စာအုပ်များကို ဖွရင်း၊ စာအုပ်များအကြောင်း မုဒိတာပွားရင်း ကုန်ဆုံးစေခဲ့ကြသည်။ သူက မိတ်ဆွေရဟန်းတော်များ ရွှေပြည်ကြီးမှ တခုတ်တရ မှာယူထားသော စာအုပ်များကို ကပ်ရပ်ကာ ဖတ်မှတ်ခွင့်ရခဲ့သည်။ )

အကယ်တန္တု အထီးကျန်စွာ ဖြတ်သန်းရခြင်းကို သူက နှစ်ခြိုက်မှု မရှိခြင်းသာ ဖြစ်သည်။ နောင်တစ်ချိန်မှာတော့ ဧကစာရီဘ၀ကို မြတ်နိုးတတ်အောင် မလွဲမသွေ ကျင့်ရပေလိမ့်မည်။ (အဓိဋ္ဌာန်သဘောမပါသည့် စကားလုံးအတွက် အားမရပြန်ပါ။)

အစုအဖွဲ့ကို စွန့်ခွာ၍ အဖော်မမှီး တစ်ကိုယ်တည်း ကျင့်သုံးခြင်းကို ဧကစာရီ၊ အစုအဖွဲ့က စွန့်ပစ်ချန်ထား တစ်ကိုယ်တည်းအဖော်မဲ့ရခြင်းကိုတော့ အထီးကျန်မှု ဟု ဖွင့်ဆိုကြလေသည်ပဲ။ တစ်ကိုယ်တည်း မနေဖူးသေးတာတော့ သေချာသည်။ ပရိယတ္တိစာပေနယ်ဆိုသည်ကလည်း တစ်ကိုယ်တည်း နေရသည် မဟုတ်...။ ပညာမပြည့်စုံသည့်အခိုက် ဆရာရှာဖွေရသည်။ ဆရာဖြစ်ပြန်တော့လည်း တပည့်များ အတွက် ငဲ့ကွက်ရပြန်သည်။

အော် မိမိကိုယ်ကိုယ် ငဲ့ညှာနေခြင်းပါပဲ...။ လှည့်စားမှု (၀ဉ္စနာ)တရားများအကြောင်း မှတ်သားဖူးလေတော့ တစ်ခုခုနှင့်တော့ ငြိနေမှာ သေချာလှသည်။ အပေါင်းအဖေါ်မက်ခြင်း(သင်္ဂဏိကာရာမတာ) ကို ဖုံးကွယ်ရန် တပည့်အပေါင်းကို ချီးမြှောက်ခြင်း (ဂဏာနုဂ္ဂဟ ကရဏတာ) ဖြင့် မိမိစိတ်ကို လှည့်စားဖန်တီးလေ့ရှိသည် တဲ့။ အပြောမက်ခြင်း (ဘဿာရာမတာ) ကိုတော့ တရားစကား ပြောကြားနေရသည်ကို ပျော်မွေ့ခြင်း (ဓမ္မဒေသနာဘိရတိ) တံဆိပ်လေး ကပ်ပစ်လိုက်သည်။ ဟိုနေရာပါ ဒီနေရာပါ လူရာဝင်လိုသည့် (ကမ္မာရာမတာ)ကိုတော့ ကုသိုလ်ကောင်းမှုတွင် မွေ့လျော်ခြင်း(ပုညကမ္မတာ) မျက်နှာဖုံးလေး စွပ်ထားလေ့ရှိ တတ်ပြန်သည်ဆိုပဲ။

ဘာပဲဖြစ်ဖြစ် အစုအဝေးထဲမှာ ပေါင်းရုံးပျော်မွေ့ချင်သည်က ပိုကဲနေတတ်သည်။ ရုံးစုစုရှိလျှင် တိုးတိုးဝှေ့ဝှေ့။ စာသင်ခန်းနှင့် တရားဟောပလ္လင်တွေ့လျှင်လည်း ဂဏာမငြိမ်တတ်။ တစ်နေ့တစ်နေ့ ဆောင်ရွက်ရန် စိတ်ကူးစာရွက်ပေါ်က အချိန်ဇယားများကလည်း ခပ်စိပ်စိပ်.။

(၂)

ဗုဒ္ဓအရှင်ကိုယ်တိုင်သည်ပင် နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ရိုးစင်းဖြောင့်မတ်သော ဧကစာရီနေ့ရက်များကို မွေ့လျော်တော်မူခဲ့ဖူးသည်။ ဥရုဝေလတောအုပ်လေးထဲမှ မြို့ပြသို့ ပြန်ဝင်လာသောအခါ အရှင်မြတ်သည် ရွေ့လျားရှင်သန်နေသော ကြာဖြူပန်းတစ်ပွင့်ဖြစ်နေသည်။ ရွှံ့နွံထဲက ကြာမျိုးစေ့များကို ပွင့်စေခဲ့သည်။ အရိယာကြာဖြူပန်းများ ပွင့်သော ခေတ်များစွာ၏ မုခ်ဦးကို အရှင်မြတ်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။

အရှင်မြတ်က တစ်နေရာတည်းမှာ ကျောက်ချရပ်နားနေလေ့ရှိသည့် ရေသေအိုင်မဟုတ်။ အမြဲတမ်းစီး ဆင်းနေသည့် ဓမ္မမြစ်တစ်စင်းဖြစ်နေသည်။ ကောသလ၊ မဂဓနှင့် ကောသမ္ဘီလို တိုင်းကြီးပြည်ကြီး မြို့ရွာကြီးများတွင် အရှင်မြတ်အတွက် ကျောင်းတော်ဝိဟာကြီးများ ခမ်းနားစွာ ရှိနေသည်။ အရှင်မြတ်က သပိတ်တစ်လုံး သင်္ကန်းသုံးထည်နှင့် အဇ္ဈတ္တဧကစာလမ်းကို လျှောက်ပြနေသည်။ မြို့ပြရွှေရောင် ငွေရောင် အဆောင်အယောင်နှင့် ပရိသတ်အသိုင်းအ၀ိုင်းများကို မခုံမင်...။ ခိုနားဖို့ အရိပ်သာ ဖြစ်လိုသည်။ ကပ်ငြိခွင့် မပေး၊ သစ်ပင်သည် ငှက်ကို မကပ်ငြိ....။ ငှက်ကလည်း သစ်ပင်ကို ခိုလှုံရုံမျှသာ....။ အထီးတည်းဧကစာသစ်ပင်တွင် ကုဋေကုဋာငှက်များ နားခိုသွားသည်။ သစ္စာအသီးအပွင့်များကို စားကာ ပြန်ထွက်သွားသည်။ သစ်ပင်က သစ်ပင်....ငှက်က ငှက်.....။

အရှင်မြတ်၏ အဂ္ဂမဟာသာဝက၊ မဟာသာဝကအဆူဆူတို့သည် အရှင်မြတ်နည်းတူ မွှေးမြသော ကြာဖြူ ပန်းများအဖြစ် ရွှံနွံနှင့် မငြိကပ်၊ ကြာဖြူမျိုးစေ့ပွားနေခဲ့ကြသည်သာ ဖူးတွေ့ရသည်။ တစ်နေရာရာမှာ ကျောက်ချငြိကပ်သွားသည်ကို မမှတ်သားစဖူး....။ သာရိပုတ္တ၊ မောဂ္ဂလာနနှင့် မဟာကဿပ ထေရ်အရှင်တို့ ကျောင်းထိုင်ဆရာတော်များဖြစ်မသွားကြ....။ အဓိပတိမဟာနာယက၊ နာယကချုပ်၊ ပဓာနနာယကစသော ဝေါဟာရများနှင့် ရင်းနှီးမသွားခဲ့ကြ....။ သပိတ်လေးကို လွယ်.....သင်္ကန်းသုံးထည်ကို လွှမ်း သာသနာလမ်းဖောက်နေရသော အခါသမယပေပဲမို့လည်း ဖြစ်နိုင်သည်........။



(၃)

ခေတ်အဆက်ဆက်လင်းလက်ခဲ့သည့် (ပရိယတ်မကင်းသော) ပဋိပတ်ဝန်ဆောင် ဧကစာတောမှီဆရာ တော်ကြီးများအကြောင်း ဖတ်မှတ်ရသည့်အခါ အားကျ ကြည်ညိုမှု ဖြစ်ဖူးသည်။ သို့သော် ထိုဧကစာရီအကျင့်က လွယ်ကူဟန်တော့မရှိပါ။ ဘုရားရှင်တို့ကျင့်သုံးသော ဧကစာမျိုးကို ကျင့်နိုင်လျင်တော့ တောနှင့် မြို့သည် ကွာခြားတော့မည်မဟုတ်။

ယနေ့ခေတ် ဧကစာကျင့်သုံးလိုကြသည့် သူတော်သူမြတ်တို့အတွက် ပရိသတ်ဆိုသည်က အန္တရာယ် တစ်မျိုးဖြစ်သည်။ ထိုပရိသတ်ကြောင့်ပင် လေးစားထိုက်သည့် ဆရာတော်ကြီးအချို့ ဧကစာရီကျင့် သုံးတော့မည်ဟု ကြွေးကြော်ထွက်ခွာပြီးသည့်တိုင် တောရစခန်းမှ မြို့ပြသို့ ပြန်ဝင်ကပ်လာရသည်မျိုး ကြုံဖူးကြားဖူးသည်။ သို့မဟုတ် ဧကစာကျင့်သုံးနေထိုင်ရာ တောရစခန်းများသည်ပင် ပညာဖြန့်ဖြူးရာ စာသင်တိုက်၊ သို့မဟုတ် ယောဂီတို့ တရုံးရုံးစုဝေးရာ ရိပ်သာကြီးများဖြစ်သွားကြရပြန်သည်။

လယ်တီဆရာတော်ကြီးသည်လည်း ၀ိညာဉ်နယ်မြေဟု နာမည်ကြီးသည့် ဖုန်းဆိုးတောမြေရိုင်းတစ်ခုဆီ လွတ်မြောက်ရာတရားရှာဖွေရန် ထွက်ခွာသွားခဲ့ဖူးသည်။ သို့သော် သိက္ခာသုံးရပ်ဆွဲအားမြင့်မားသည့် ဆရာတော်ကြီးသည် ဧကစာရီကျင့်သုံးခွင့်နှင့် လွဲချော်ခဲ့ရ၏။ သစ်ပင်ကောင်းမိတော့ ငှက်တစ်သောင်းက ရောက်လာကြသည်။ အခက်အလက်တွေ ဝေေ၀စိုစိုမို့ ခိုချင်သူတို့ များခဲ့သည်။ သို့နှင့် ဖုန်းဆိုးတောမြေသည် ပရိယတ္တိစာပေ သင်ယူပို့ချရာ ၀ိဇ္ဇာလယတစ်ခုဖြစ်လာခဲ့ရသည်။ ထိုသို့ဖြင့် လယ်တီကျောင်း တိုက်ကြီးပေါ် လာသည်ဟု မှတ်သားခဲ့ရသည်။

သို့သော် လယ်တီဆရာတော်ကြီးက ဘုရားရှင်နှင့် သာဝကအရှင်မြတ်တို့၏ ဧကစာလမ်းကို လိုက်နာလိုသည့် ရဟန်းတော်တစ်ပါးဖြစ်သည်။ ကျောက်ချရပ်နားမိသည့် လယ်တီကို စွန့်ခွာနိုင်အောင် ကြိုးစားသည်။ ပရိသတ်ရွှံနွံနှင့် ငြိကပ်မှုမရှိသော ရွေ့လျားနေသည့် ကြာဖြူပန်းအဖြစ် မိမိကိုယ်ကိုယ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။

(၄)

သူ့အခန်းလေးမှ ထွက်ခွာချိန် နံနက် ၇း၄၀... ကော်ဖီတစ်ခွက်နှင့် ဘီစကွတ်မုန့်နှစ်ခုကို ခပ်သုတ်သုတ် လွေးခဲ့ရသည်။ စာသင်ခန်းထဲရောက်တော့ တပည့်များ၏ “ တရှိ ဒေလေ့ ( မင်္ဂလာပါ)” ဟူသောနှုတ်ဆက်သံသည် နှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသည်။ သူသည် သစ်ပင်တစ်ပင်ဖြစ်ရန် နှစ်ရှည်လများ စိုက်ပျိုးနေခဲ့သည်။ သူ့အခက်အလက်များ စိမ်းမြဝေဆာနေပြီလား ...။ ခပ်ကြဲကြဲအရိပ်များကို သူမြင်နေရဆဲဖြစ်သည်।

သူစဉ်းစားမိသည်က သစ်ပင်က သစ်ပင် ....ငှက်က ငှက် ပရိုဂရမ်ကို လက်မှတ်ထိုးနိုင်ပြီလား ဟူသည်ပင်.....။ “ ပါရဂူဘွဲ့ရတော့မယ် ။ ဘယ်မှာ နေမလဲ ငါ့ရှင်” ဟူသော မေးခွန်းထက် “ ဘာလုပ်မှာလဲ” ဟူသော မေးခွန်းကို ဖြေဆိုရသည်က ပို၍ သစ်ပင်တစ်ပင်နှင့် တူပေမည်။

အင်း လွယ်တော့မလွယ်မှန်းသိသား...။ ဧကစာသစ်ပင်များဆီ ငေးနေမိသေးတော့သည်။

ဓမ္မဂင်္ဂါ
၁၇-၉-၂၀၁၀