12 February, 2013

ဓမ္မဂင်္ဂါမွေးနေ့၊ ဗီယက်နမ်နှစ်ကူးနှင့် ဆော့ခရတ္တိနာရီများ..

ဓမ္မဂင်္ဂါ၏ မြန်မာပြက္ခဒိန်ထဲက မွေးနေ့ ...... တပိုတွဲလဆန်းတစ်ရက်...။
မွေးနေ့လက်ဆောင်အလှူအဖြစ်
သူဖတ်ချင်လှသောစာအုပ်များ
အတွဲလိုက် အလှူခံရရှိခဲ့ပါသည်။

မွေးနေ့ဆိုသော်လည်း
အိပ်ရာထ မျက်နှာမသစ်မီ မိမိကိုယ်ကိုယ်
တဒင်္ဂငဲ့စောင်းကြည့်မိရုံမှ အပ ထူးထူးခြားခြားမဆောင်ရွက်မိ......။
အရုဏ်ဆွမ်းဘုန်းပေးပြီးသည်နှင့် Ashin Nyaninda ၏ အခန်းရှိရာ ထေရ၀ါဒတက္ကသိုလ်အဆောင်သို့ လိုက်ဖြစ်ခဲ့သည်။
သည်နေ့ ရှင်ဥာဏိန်၏ မဟာဝိဇ္ဇာကျမ်းအတွက် နောက်ဆုံးခုခံချေပရမည့်နေ့....။
ရှင်ဥာဏိန်က (ကိုယ်တိုင်ကူးလား ကိုယ်တိုင်ရေးလား :D ) ကျမ်းတော်ကြီးနှင့် အလုပ်ရှုပ်နေချိန် သူက စာအုပ်အချို့ကို ဖွရင်း အိပ်ပျော်သွား၏။

နေ့ဆွမ်းခေါင်းလောင်းထိုးခါမှ နိုးလာသည်..။
နောက်တစ်ကြိမ်ရေထပ်ချိုးလိုက်ပါမှ လန်းသွားသည်။
ဆွမ်းစားဆောင်သို့ အ၀င်...။ ဟိုး....ဟိုး... တားဆီးခြင်းခံလိုက်ရသည်..။
ကြည့်လိုက်တော့ ဗီယက်နမ်သီလရှင်လေး....။ စာအိတ်နီနီလေးတွေ ကိုင်လို့....။ အန်ပေါင်း အန်ပေါင်း...။
သူက လွန်ခဲ့သော (၇)နှစ်က ဤဆွမ်းစားဆောင်တံခါးဝသို့ ထေရ၀ါဒကျောင်းတော်သားကြီးအဖြစ် ၀င်လိုက်ထွက်လိုက် ခြေသွက်ခဲ့ဖူးရာ
ဘေးဘီဝဲယာမကြည့်ဘဲ စွပ်ဝင်သွားမိသည်တွင် တားဆီးခြင်း ခံလိုက်ရခြင်းဖြစ်သည်..။
ကျောင်းသူအသစ်ဗီယက်နမ်သီလရှင်လေးက ကျောင်းသားဟောင်းကြီးသူ့ ကို သိဟန်မတူ..။
စီတန်းကြွလေ ဟူသော အဓိပ္ဗါယ်ကို အမူအရာဖြင့် ရိုသေစွာ ပြရှာ၏..။
အိမ်း အိမ်း...။
သို့နှင့် လက်ထဲတွင် အန်ပေါင်းစာအိတ်နီနီလေးတစ်အိတ်လေးရောက်လာသည်..။
အိုး....ဆွမ်းစားဆောင်ကြီးတစ်ခုလုံး အနီရောင်တွေ လွှမ်းမို့းလို့ပါလား...။
သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသား ကျောင်းသူများသာမက ဧည့်သည်တော်များစွာ...။
ဒီနေ့ ဗီယက်နမ်နှစ်ကူး တဲ့.....။ အဟောင်းတွေ ထားခဲ့ကြစေ...။

ထို့နောက် သံဃာတော်များအတွက် သီးသန့်ပြင်ဆင်ထားသော ဆွမ်းစားစင်မြင့်သို့ တက်လာခဲ့သည်။ ဘုရားပလ္လင်တော်နှင့် ကပ်လျက် စားပွဲများတွင် နေရာယူလျက်ရှိကြသော မိတ်ဆွေပါမောက္ခ၊ ကထိကနှင့် နည်းပြရဟန်းများက မျက်ရိပ် လက်ရိပ်ပြကာ နေရာပေးကြ၏။ ကောင်းလင့်တေးပါပေ..။
လွန်ခဲ့သော နှစ်များဆီက ကျောင်းသားစားပွဲမှ ခပ်ဝေးဝေးငေးကြည့်ဖူးသော နေရာသို့ ရောက်လာသည်။ ဆရာဂျက်အလိုဆိုရလျင်...ငါကား ဖြစ်ချေပြီတကား...။
ထို့သို့ နေရာယူလိုက်ပါမှ ဗီယက်နမ်သီလရှင်ဆရာလေးများက စာချဆရာတော်များ၏ စားပွဲသို့ စက္ကူလက်ဆွဲအိတ်လေးတွေ ဆွဲကာ ချဉ်းကပ်လာကြပြန်သည်..။
စာချဆရာတော်များအတွက် သီးသန့် တဲ့...။
သူ့အတွက်လည်း တစ်အိတ်....။
သူက လက်မခံကြောင်း....အပေါက်ဝတွင် အလှူခံခဲ့ပြီးကြောင်း...ရှင်းပြသည်..။
အဲဒါက ကျောင်းသားတွေအတွက် တဲ့...။
ခုက ဆရာများအတွက်...။ အလှူခံပါ ဘန္တေ တဲ့...။
ငါ့ရှင်ကို ကျောင်းသားမှတ်နေကြတာ ထင်တယ်...။ ငါ့ရှင်ဥပဓိတော်တော် ညံ့တာပဲ .. ( နုသည် အရွယ်တင်သည် ဆိုသော ဝေါဟာရများကို သုံးနှုံးတော်မမူကြလေ...။ )
ခု လက်ခံလိုက်ပါဘိ...ဟု မိတ်ဆွေရဟန်းတော်များက တွန်းကြ၏။ မျက်နှာပူပူနှင့် လက်ခံရချေသည်..။ 

 နှစ်သီးစား....။

ဆွမ်းစားပြီးသည်နှင့် ရှင်ဥာဏိန်၏ ကျမ်းတော်ကြီးလူတွေ့စစ်ဆေးခြင်းအတွက် သူ လိုက်ပါလာခဲ့သည်။
ဒုပါမောက္ခချုပ် ကျိုက္ကလော့ဆရာတော် ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသက ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။
ဒီနေ့ပဲ အိန္ဒိယက ပြန်လာတာ ...ဦးဇင်းကို မေးတော့ မြန်မာပြည်ပြန်သွားတယ်လို့ ပြောကြတယ်...။
မှန်ပါ မှန်ပါ...။
ထို့နောက် အပြင်ကျမ်းစာစစ် ဒေါက်တာအရှင်ကိတ္တိဗလ (သီတဂူတက္ကသိုလ်မော်ကွန်းထိန်းဆရာတော်)က
တိဘက်ဆရာ ဟု နှုတ်ဆက်နေရာပေးသည်.။ အရှင်ကိတ္တိဗလက ဓမ္မကထိကဆရာတော်ကြီးပင် ဖြစ်နေချေပြီ..။ 

ယနေ့ညမှာပင် သမိုင်းပါရမီလမ်းပေါ်က ဓမ္မပလ္လင်တော်သို့ တက်ရလေမည်။
ဓမ္မကထိကပလ္လင်၊တက္ကသိုလ်အသိုက်အ၀န်းနှင့် ထိပ်တန်းပရိယတ္တိကျောင်းတော်ကြီးများတွင် သူ၏ မိတ်ရင်းဆွေရင်းရဟန်းတော်များက အသင့်နေရာယူကာ သာသနာကို ကိုယ်စိတ်နှလုံးတို့ဖြင့် သွန်းလောင်းစိုက်ပျိုးနေကြလေပြီ။ ပြည်တွင်း ပြည်ပနယ်စပ်ဒေသနှင့် တောင်တန်းပါမကျန်..... ကောင်းလှပါပေ၏..။

နေ့လည် (၁) နာရီထိုးသည်နှင့် ...မော်ကွန်းထိန်းဦးသိန်းကြိုင်က အချိန်ကျရောက်ပြီဖြစ်ကြောင်း ဆော်သြလျှောက်ထားသည်..။
ကဲ ကြွကြစို့......။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်အာဒိစ္စနှင့် ပဋိပတ္တိမဟာဌာနမှူး၊ ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒတို့ ကြွလာသည်..။
ဓမ္မဒူတဆရာတော်က
ငါ့ညီ ဘယ်တုန်းက ပြန်ရောက်တုန်းဟ...။
အရင်လက ညီလာခံပင့်တာ ငါ့ညီလား...။
မှန်ပါ...မှန်ပါ...။
အေး ငါလည်း အားဘူးဟ ...ငါ့ညီမြင်တဲ့ အတိုင်း...။
ဓမ္မဒူတအရှင်က ပရိယတ်ပဋိပတ်သာသနာပြုလုပ်ငန်းကြီးငယ်နှင့် အမြဲတမ်းပြေးလွှားနေရပါလေသည်..။

ဆီမီနာခန်းမထဲရောက်တော့ အပြင်စာစစ်ဆရာတော်ဒေါက်တာအရှင်ပညာသီဟနှင့် ပဋိပတ္တိဌာနနည်းပြ အရှင်ဝရဥာဏတို့အပြင် ဆရာမကြီးဒေါက်တာမြင့်မြင့်အေး၊ဆရာမကြီးဒေါက်တာဒေါ်ဂျယ်နီကိုကြီးနှင့် ဒေါက်တာချိုချိုအောင်တို့ကိုလည်း တွေ့ရသည်။ သူက တစ်ဦးတည်းသော လေ့လာသူဧည့်သည်မျှ...။

ယနေ့ မဟာကျမ်းပြုကျောင်းသားနှစ်ဦးကို စစ်ဆေးရမည်..။
ပထမကျောင်းသားက အခြားဘာသာမှ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာသူ..
ဒုတိယကျောင်းသားက မိတ်ဆွေရှင်ဥာဏိန်.......။

ပထမကျောင်းသားကို ခေါ်လိုက်သည်..။
အပြင်စာစစ် ဒေါက်တာအရှင်ကိတ္တိဗလက ပြုစုထားသည့် ကျမ်းနှင့် ပတ်သက်၍ ပြုပြင်ရေးသားရမည့်အချက်အလက်များ...။ အခန်းခွဲပုံများ...။ ပါရှိသင့်သည့် အကြောင်းအရာ...။ ချန်ထားခဲ့ရမည့် ကဏ္ဍစသည်....အားနည်းချက်အချို့ ကို
လမ်းညွှန်ကာ ကျမ်းပြုသူ၏ ထူထဲလေးလံလှသော ကျမ်းစာဘုတ်အုပ်ကြီးကို ပြန်လည်ပေးအပ်ပါသည်။
ပါရဂူဘွဲ့အတွက်လည်း ဤအကြောင်းအရာကိုပင် ဆက်လက်ပြုစုဖို့ မိန့်ကြားပါသည်..။
မိနစ်အနည်းငယ်မျှသာ ကြာလိုက်၏.။

ဒုတိယကျောင်းသား ရှင်ဥာဏိန်ကို မော်ကွန်းထိန်းက ပင့်လာသည်။
အပြင်စာစစ် ဒေါက်တာအရှင်ပညာသီဟက ပထမဆုံး အသက်သိက္ခာကို မေးမြန်းပါသည်။ စာစစ်က ငယ်နေသည်မို့ လက်အုပ်ချီကာ ဂါရ၀ပြုပေသည်..။ ထို့နောက်တွင်တော့ သောဏဒဏ္ဍပုဏ္ဏားကြီးကို အကြောင်းပြုကာ ဖြစ်ပေါ်လာသော ဗုဒ္ဓအရှင်၏ ဒိုင်ယာလော့ခ်ကို အခြေခံထားသည့် ကျမ်းကြိုးဝိုင်းထဲ စာစစ်သူနှင့် စာဖြေသူရဟန်းတော်နှစ်ပါး
လက်တွဲ ၀င်သွားကြလေသည်..။
အသင့်ဖြစ်သည်နှင့် ကျမ်းတော်ကြီးနှင့် ပတ်သက်သော
ဘယ်ဝိုက်ညာဝိုက်မေးခွန်းလက်သီးများ...။ မေးခွန်းကန်ချက်များ....။
ရှင်ဥာဏိန်ရေ... ရှောင်ပေ တိမ်းပေ...ကာကွယ်ပေရော...။
ရာဇာဓိရာဇ်အရေးတော်ပုံ စီးချင်းထိုးကြသည့်ပမာ..
ထိုး၏၊ ရှောင်၏။ ကာ၏။ ခံ၏။ တိမ်း၏၊

ဆီမီနာခန်းမသည် ဆော့ခရတ္တိအတွက်
ဆိုဖီဆရာကြီးတို့ ပြင်ဆင်ထားသော ခေါမမင်းရင်ပြင်ပမာဖြစ်သွား၏။ မေးခွန်းနှင့် အဖြေမှတပါး တိတ်ဆိတ်မှုသည်သာ ဆူညံပွက်နေလေသည်..။
စာစစ်ဆရာ၏ အကွက်ကျကျမေးခွန်းများ၊ ထပ်ဆင့်မေးခွန်းများ၊
နောက်တွန့် မေးခွန်းများကြားတွင် ရှင်ဥာဏိန်တော့ မသိ...။
သူပင် မောနေသည်..။
တစ်ခါတစ်ရံ မေးခွန်းများထက် အဆိပ်ခွက်က ချိုနေတတ်သည်..။
ဆော့ခရတ္တိကတော့ အဆိပ်ခွက်ကို မော့ချပစ်လိုက်သည်။
နောက်မဆုတ်နဲ့... ရှင်ဥာဏိန်...။

မိနစ် (၃၀)....
(၄၅) မိနစ်....
(၁) နာရီ......
(၁) နာရီ မိနစ် (၃၀)..............
သုတေသီအတွက် မိမိသုတေသနသည် မိမိနိုင်ငံဖြစ်ပေ၏။
ခုခံလော ... ကာကွယ်လော...ဂုဏ်သိက္ခာကို မြှင့်ပေလော....။

ပုစ္ဆက သို့မဟုတ် စောဒကပုဂ္ဂိုလ်ဟူသည် သုတေသန၏ အပြစ်အနာဆာကို ရှာဖွေကာ ပြဿနာလုပ်ရ၏။ 

ဝိဿဇ္ဇက သို့မဟုတ် သောဓကပုဂ္ဂိုလ်က ထိုပြဿနာကို ဖြေရှင်းကာ လင်းရပေမည်...။
မေးသူနှင့် ဖြေသူကြား ပါမောက္ခဆရာတော်တစ်ပါးက စကားလုံးကွင်းစ နှစ်ခါမျှ ချိတ်ဆက်ပေးရသည်မှတပါး စားပွဲပေါ်တွင် တိုက်ခတ်နေသော စကားလုံးများသည် နောက်ဆုံးတော့ ပြေလည်စွာ ငြိမ်းသွား၏..။
အိုခေ အိုခေ........

ရှင်ဥာဏိန့်လက်ထဲက ဆော့ခရတ္တိ၏ အဆိပ်ခွက်ကြီးလွတ်ကျသွားလေပြီ..
မသေနိုင်တော့ပြီ...။
ကွန်ဂရက်ကျူလေးရှင်း ငါ့ရှင်.....။

ဓမ္မဂင်္ဂါ

(13-2-2013)

3 comments:

ဝီရဓမ္မ( Brave The Dhamma) said...

ဘုန်းကြီးအသက်ဘယ်လောက်ပြည့်သွားတာလဲ ဘုရား။ (၄၀)ကျော်ရောပေါ့။ ကြိုက်လွန်းလို့ ဘယ်နှစ်ခေါက်မှန်းမသိ ဖတ်သွားပါ၏။

ဝီရဓမ္မ( Brave The Dhamma) said...

ဆားငန်ရေသောက်ရသလိုပဲ။ ဒါနဲ့ အသက်ဘယ်လောက်ပြည့်တယ်ဆိုတာလည်း ထည့်မရေးပါလား။ ခန့်မှန်းချေ ရာဇာနေဝင်းပြောသလို ၂၅နှစ်ပြည့်တာ ၂၀နှစ်လောက်ရှိသွားပြီ ဆိုသလိုပဲ။ မွေးနေ့မှ သည် အသက်ထက်ဆုံး လိုလားအပ် နှစ်သက်အပ်တဲ့ ဆုထူးဆုမြတ် အပေါင်းနှင့်ပြည့်စုံ၍ သာသနာတော်ကြီး၏ လုပ်ငန်းဆောင်တာများကို ခုထက်ပိုပြီး ဆောင်ရွတ်နိုင်ပါစေ။

Unknown said...

ွှအရှင်ဘုရား
ဓမ္မ အတွေးအမြင်တွေ ဖတ်ရလို့ ဆာလောင်မှု့ ကိုပြေ ပျောက်စေလို့ကျေးဇူးတင်စွာဖြင့်  ဂါရဝ ပြုပါသည်.အောင်မြင်သွားပြီဘုရား comment တင်တာရော share တာရော ခု တတ်သွားပြီ ဘုရား စိတ်ကဦးဆောင်တော့ ၇သွားတာပါဘုရား အမျိုးစုံသော ဆာလောင်မှု့ မှ လွတ်မြောက်ရပါလိုဧ။် ဆိုတဲ့ ဆန္ဒ ပေါ်ပေါ်လာ လို့  ဆာလောင်မှု့ တို့  ကင်းဝေးသော အရပ်ဆီသို့ မှန်းဆရင်း ဦးတင်ပါသည် ဘုရား အရှင်ဘုရားကျန်းမာချမ်းသာစွာဖြင့် ခန္တာဝန် သာသနာဝန် အောင်မြင်စွာ ထမ်းရွက်နိုင်ပါစေ