08 April, 2010

ရဟန်းနှင့် အိမ်


(၁)
မိဂဒါဝုန်ဆိတ်ငြိမ်တောရလေးတွင် သူသည် ဥဒေါင်းငှက်တို့၏ အလှ၊ ဥသြငှက်တို့၏ ဂီတဖြင့် ဓမ္မနှင့် ဝေးနေသယောင်ထင်ရသည်။ မဇ္ဈိမနွေသည် ရဟန်းတစ်ပါး၏ စိတ်နှလုံးကို မငြိမ်ဝပ်အောင် အမြဲပြုစား တတ်လေသည်။ သည်နေ့ရက်များတွင် မိတ်ဆွေရဟန်းတော်အချို့ ပညာရေးကိစ္စများပြီးဆုံး၍ အိမ်ပြန်ကြမည့် သတင်းကြားလိုက်ရပြန်သည်။ “အိမ်” ဆိုသောစကားလုံးက မြိမြလွန်းသည့်အချွန်တစ်ခုဖြစ်သွားသည်။ သူ့ရင်ဘတ်တွင် စူးသွား၏။

သူက အိမ်လွမ်းနေသည်ပဲ။ ရဟန်းတစ်ပါး၏ မှတ်စုစာအုပ်သေးသေးတွင် အိမ်လွမ်းကြောင်းလက်ရေးလေးတွေ ရှိနေနိုင်တာပါပဲ။ လွန်ခဲ့သောနှစ်ကတော့ အိမ်ထဲကို သူပြန်ရောက်နေခိုက်မို့ အိမ်လွမ်းဂါထာကို မရွတ်ဆို လိုက်ရ။ သင်္ကြန်တော်ဦးတွင် ပိတောက်ဖူးနံ့ကိုပင် ရှိုက်လိုက်မိသေးသည်။ ခုတော့ သူက အိမ်နှင့် ဝေးနေသည်။

ရဟန်းဆိုသည်က အိမ်နှင့် ဝေးရသောသဘာဝကို လက်ခံရမည်မှန်းသိပြီးဖြစ်သည်။ “အိမ်မှ ထွက်၍” ဟူသော ဝေါဟာရသည် ရဟန်းတစ်ပါး၏ ၀ိသေသစာမျက်နှာကို ညွှန်းသည်။ သံယောဇဉ်နှင့် စွဲလမ်းမှုကို စာဖွဲ့ခွင့် မရှိသော နယ်ပယ်က ရဟန်းတစ်ပါးသည်ပင် ဤရွေ့ဤမျှ ချဲ့ထွင်နေသေးလျှင် ကမ္ဘာမြေပေါ်က အကြောင်း အမျိုးမျိုးဖြင့် အိမ်ဝေးနေသူများကို အားနာမိတော့သည်။ အလွမ်းနှစ်သစ်များ ကင်းစေသတည်း။

(၂)
တကယ်တော့ သူက ကြာကြာအိမ်ပျော်ခွင့်ရသူတစ်ဦး မဟုတ်ခဲ့ပါ။ ဆယ်စုနှစ်တစ်ခု၏ သုံးပုံနှစ်ပုံခန့်သာ အိမ်လေး၏ အသံ၊ အိမ်လေး၏ အနံ့ကို ခံစားခဲ့ဖူးသည်။ ပထမဆုံး အိမ်ကို အနီးကပ်စွန့်ခွာရစဉ်က စွန့် ခွာခြင်းတော့ မမည်။ ၊ ရွာမှ တစ်မိုင်ခန့်ဝေးသော ဘုန်တော်ကြီး ကျောင်းလေးသို့ ကျောင်းအိပ် ကျောင်းသား အဖြစ် ရောက်သွားတော့ ပျော်တောင်ပျော်နေသေးသည်။ ဘုန်းတော်ကြီး ကျောင်းရှိ စာသင် ဇရပ်လေး တစ်ဆောင်တွင် သူ့အရိပ်လေးက အရောင်ဖြစ်လာသည့်အခါ ရွှေကျောင်းပျော် အစစ်ဖြစ်သွားသည်။ ကိုယ့်နာမည်လေး ခပ်ထင်းထင်း ရေးထွင်းခံရသော နေရာသည် အမြဲပဋိရူပဖြစ်နေ တတ်သည်ပဲ။

ကျေးလက်သင်ခန်းစာများပြီးဆုံးသွားသည့်အခါ လော်ကယ်ရထားလေးနှင့်ချိတ်ဆက်ထားသည့် မြို့ငယ်လေးရှိ ပရိယတ္တိစာသင်တိုက်ဆီ ကူးရသည်။ ပထမဆုံးအကြိမ် အိမ်လေးနှင့် ခပ်ဝေးဝေးခွဲရခြင်းဖြစ်သည်။ ကျေးလက် ဘူတာရုံလေးတွင် ရထားထွက်ခါနီး သူမမြင်အောင် ကျသည့် အမေ့မျက်ရည်ကို သူက ကြေကွဲစွာ မြင်ယောင် ဆဲဖြစ်သည်။ အဖေကတော့ သူ့ကို မြို့ပရိယတ္တိစာသင်တိုက်လေးရှိ ဆရာဘုန်းတော်ကြီးထံတွင် ကိုယ်တိုင်ကိုယ်ကျလိုက်ပါအပ်နှံပေးလိမ့်မည်။

ထိုဘူတာရုံလေးမှ စခဲ့သော အိမ်ဝေးခရီးက ယခုတိုင်အောင်ပင် မပြီးပြတ်နိုင်သေး။ အိမ်လေးကလည်း တစ်ခါတစ်ရံမှသာ ရောက်လာတတ်သည့် သူ့ကို ဧည့်သည်တစ်ဦးအဖြစ်သာ ကြိုတော့သည်။

ထိုမှ မြို့ပြပညာသင်နေ့ရက်များက မဆုံးနိုင်တော့၊ ဤသို့ဖြင့် အိမ်နှင့် ဝေးကွာသွားသည်။ ရဟန်းတစ်ပါး၏ နှလုံးသားက မာရေကျောရေနိုင်လာသည်။ အိမ်နှင့်ပတ်သက်သောအရေးအရာများသည် သူနှင့်မဆိုင်တော့၊ တစ်ခါတစ်ရံမှာတော့ အိမ်လေး၏ သတင်းနှင့်ပင် အဆက်ပြတ်နေတတ်သည်။ အိမ်လေးရှိမိသာစုဝင်များ အိမ်သေးသေးလေးတွေ ထပ်ဆောက်ကြသည်ကိုပင် သူက သိလိုက်သူမဟုတ်ပြန်။ ရဟန်း တစ်ပါး၏ မိဘအဖြစ်၊ မိသားစုအဖြစ် ပါရမီဖြည့်ရသည့် မိခင်ဖခင်များ၊သွေးရင်းသားရင်းများ၏ ရင်ထဲကို သူဝင်မကြည့်ရက်ပါ။
“ သားရဟန်းမွေးထားတဲ့ အမေတွေများအံ့ရော၊ ဟိုက အမေရယ်လို့များ သတိမှ ရရစမ်းပါတော့ဟယ်” တဲ့။

(၃)
အခု သူက အိမ်လွမ်းနေသည်။ ပိတောက်နံ့ကို လှမ်းရှိုက်မိတော့ ပိုသည်းသွားပြန်သည်။ ပြီးတော့ သူစွန့်ခွာ လာခဲ့ရသည့် အိမ်က ကျေးလက်က အိမ်လေးကို ကိုယ်စားမပြုတော့။ စာရွက်စာတမ်းများ၊ လက်မှတ် ထိုးရခြင်းများ၊ တံဆိပ်တုံးထုသံများ၊ ငွေကြေးဖြတ်ပိုင်းများဖြင့် ရှုပ်ထွေးစွာ စွန့်ခွာလာရသည့် အရောင်စို၍ အရေးကျယ်သော အိမ်ဖြစ်သည်။

ဖြစ်ရိုးဖြစ်စဉ်အရ ရဟန်းတစ်ပါးက အိမ်ကို စွန့်ခွာလာပြီဆိုသည်နှင့် ရှင်းလင်းပေါ့ပါးသွားရမြဲဖြစ်သည်။ ခုတော့ အိမ်ကို စွန့်ခွာမိမှ ပိုလေးသွားသည်။ ဟူး...... ဟဲဗီးရော့ခ်.....။ လေးလံသော ကျောက်တုံးကြီးပေတကား။

8 comments:

မောင်စိတ်ကောင်း said...

ခုမှ အိမ်ကို သတိရနေပေါ့။
ဟိုက ဖေတို့မေတို့လည်း အိုလှပေါ့။ လွမ်းဖော်ရနေသေးတာပဲ အိမ်လွမ်းသူဖြစ်သွားရောပေါ့။

yaungnioo said...

အိမ်ကိုလွမ်းနေသူ
ဝိုင်းဝိုင်း သီချင်းလေးနဲ့ 
အိမ်အလွမ်းပြေစေ...။
သို့သော် သတိ
သီချင်း ငိုချင်းတဲ့ ဘုရား။

Shannon said...

Hi Sayadaw, I really like to read ur blog. This is nice blog and learn that u r not saying good to urself and happy to read it.

Ashinlokapala said...

ရဟန်းတစ်ပါးရဲ့အိမ်-ကို ဖတ်ပြီး ခံစားရသည်။ ငိုချင်ရက် လက်တို့-ဆိုတာ ဒါပဲ ဖြစ်လိမ့်မည်။ ယခုလို ရသစာပေများအပြင် သုတပါရောသော စာပေတို့ကို ဖတ်ဖို့ မျှော်လင့်နေမိပါသည်။ ကျန်းမာပါစေ ဆုတောင်းလျှက်...

sonesiyar.blogspot.com said...

"မြစ်ကတော့ စီးလာမယ်၊ ပင်လယ်တွေ ကြိုကြ"

မြစ်တစ်စင်းရဲ့ နောက်ဆုံး စီးဝင်မှုကတော့ ပင်လယ်ပေါ့.. သို့သော်.. ပင်လယ်ထဲရောက်ရင်တော့ မြစ်ရေဟု အမည်မတွင်၊ ပင်လယ်ရေဟုသာ ကင်ပွန်းတပ်၍ ပညတ်လတ္တံ့..
-------------

ဘုန်းဘုန်း နေကောင်းလားဘုရား... 2010pyaesoneaung@gmail.com ကို add ပေးပါဦးဘုရား..

ရိုသေစွာ ဦးတင်ခဲ့ပါတယ် ဘုရား..
အိမ်လွမ်းသူ ဘုန်းဘုန်း ကျန်းမာပါစေ။

အရှင်ကုသလသာမိ said...

ဂင်္ဂါက အိမ်ကို လွမ်းသည်။ ဒီမှာလည်း လွမ်းထားပါသည်။

မမင်း said...

အားပဲကျမိတော့မလိုလို။ ;)
အိမ်ကိုလွမ်းတယ်ဆိုတာ အိမ်ရှိကြလို့သာ...

zarchi said...

နေကြာပန်းတွေက...
နေရှိရာဖက်ကိုမျက်နှာမူနေကြသလို
ကျနော့်အိမ်လွမ်းတဲ့စိတ်က...
အမေရှိရာအရပ်ကို...မျက်နှာမူနေတယ်...တဲ့။