09 February, 2013

၂၀၀၆ ဒိုင်ယာရီပြပွဲ(၈)


ဇန်န၀ါရီလ (၁၀) ရက်
အင်္ဂါနေ့

နံနက်ခင်း(၇း၀၀) နာရီမှ အိပ်ရာထဖြစ်သည်။
မထေရ်ကြီး ဦးနန္ဒာစာရ၏ ကောက်ညှင်းပေါင်းအနံ့ကို ရသော်လည်း တပည့်ကျော်ရှင်ဥတ္တမ၏ ပင့်ဖိတ်မှုကြောင့် ကောင်းသန့်လက်ဘက်ရည်ဆိုင်လေးဆီ ကြွဖြစ်ရပြန်သည်။ ရှမ်းခေါက်ဆွဲနှင့် ဒင်ဆမ်...။
ထို့နောက် တက္ကသိုလ်စာသင်ခန်းများဆီ ဘတ်စ်ကား တိုးတိုးဝှေ့ဝှေ့ဖြင့် ရောက်သွားသည်။
ဒေါက်တာဒေါ်မြင့်မြင့်အေး၏ ကျူတိုရီယယ်သင်ခန်းစာ..။ အတန်းဖော်ဖြစ်သူ ဗီယက်နမ်သီလရှင်နှင့် အင်ဒိုမလေးတို့က ဘန္တေ ဘာတွေ ရေးမှာလဲ. တဲ့..။ 
ဝိပဿနာသင်ခန်းစာဆိုရင်တော့ ပေါ်ရာရှု ..။ ဒီမှာတော့ ပေါ်ရာတွေသာ ရေးချလိုက်ပေရော..။
မဟာဝိဇ္ဇာတန်းအတွက် ကျမ်းပြုရန် Format တင်ပြရခြင်းဖြစ်သည်မို့ ပါမောက္ခပေးထားသည့် ခေါင်းစဉ်နှင့်အညီ
မာတိကာခေါင်းစဉ်ငယ်များ စဉ်းစားရသည်ကပင် ခေါင်းကိုက်သည်။

ထို့နောက် တက္ကသိုလ်နားနေခန်းလေးထဲမှာ ထိုင်ရင်း ဖတ်လက်စ မောင်ထွန်းသူဘာသာပြန်သည့် သစ္စာရှင်(A.J. Cronin ၏ The Keys of The Kingdom )  ၀တ္ထုကို ဆက်ဖတ်ဖြစ်သည်။  ခရစ်ယန်ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ကောက်ကြောင်း၊ ခရစ်ယန်ဘုန်းတော်ကြီး ဖရန်စစ်ချစ္စဟိုးလ်၏ငယ်စဉ်ဘ၀မှကြီးရင့်အိုမင်းသည်အထိ ဘ၀..။ဗုဒ္ဓဘာသာရဟန်းအဖွဲ့အစည်းနှင့်တူလှသည့် ဖြစ်ရပ်များ။ ဖွဲ့စည်းတည်ဆောက်ပုံများ..။ ဘုရားသခင်၊ ကောင်းကင်ဘုံစသည် ခန့်ငြားသည့်စကားလုံးများကို သုံးစွဲနေကြသော်လည်း ဘုရားသခင်ကို ဆန့်ကျင်၊ ကောင်းကင်ဘုံနှင့်ဝေးကွာနေကြသော ရဟန်းများ...။

ဖရန်စစ်ကတော့ ဘုရားသခင်အကြောင်းပြောချင်မှပြောမည်။ ကောင်းကင်ဘုံကို မျှော်လင့်ချင်မှ မျှော်လင့်မည်။
သို့သော် သူက လူသားအားလုံးအပေါ်မှာ ဗြဟ္မစိုရ်တရားထားသည်။ အမှန်တရားကို မြတ်နိုးသည်။ အကောင်းဆုံးဖြစ်အောင် နေထိုင်သည်။ ဖရန်စစ်ကို နားလည်ပေးနိုင်သည့် ကျောင်းအုပ်ဆရာဘုန်းတော်ကြီး ရပ်စတီးမက်၊ စိတ်ထားဖြူစင်စွာ အသက်စွန့်၍ သူတစ်ပါးကို ကူညီတတ်သော အရက်သမားဆရာဝန် ဒေါက်တာဝီလီတူးလော့၊ ဖရန်စစ်ကို အထင်သေးရာမှ လေးစားကြည်ညိုသွားသော သီလရှင်လေးမာရီယာ၊ ကျော်ကြားမှု၊ပကာသနနှင့် ကြွယ်ဝပြည့်စုံမှုနောက်သို့ တကောက်ကောက်လိုက်နေသော ဓမ္မကထိက အန်ဆယ်လ်မီလေး။

ဝတ္ထုဆရာ၏ “ အလွန်တရားဟောကောင်းသည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာသော မီလေးအား ကြောင်များနှင့် ဘုန်းကြီးများကို မွေးစားလေ့ရှိကြသော လူချမ်းသာအပျိုကြီးများက မွေးစားခဲ့ကြသည်” ဟူသော အတို့အထောင်လေးက ပြုံးချင်စရာကောင်းသည်။
( စာ-၃၅၇)


ဇန်န၀ါရီလ (၁၁)ရက်
ဗုဒ္ဓဟူးနေ့

ထိုင်နေကျ သမိုင်းဂုံးကျော်တံတားအဆင်းက ဂျီအီးစီလက်ဘက်ရည်ဆိုင်လေးမှာ လူစုံထိုင်ဖြစ်ကြသည်။ မထေရ်ကြီး ဦးနန္ဒာစာရ၊ ကိုဉာဏ်စိုး(အရှင်ဉာဏိန္ဒ (မဟာဝိဇ္ဖာ)တိပိဋကပါဠိမြန်မာအင်္ဂလိပ်အဘိဓါန်ပြုစုရေး)၊ရှင်သကျ (အရှင်သကျ (၀ိဇ္ဇာနှစ်ထပ်ကွမ်း) ယခုပခုက္ကူ)နှင့် ကျိုင်းတုံမှ တပည့်များ။  ထေရ၀ါဒတက္ကသိုလ်ပိတ်သည်ထင်၍ မသွားဖြစ် ။

ကျောင်းတက်ပျင်းတာလည်း ပါသည်။ :D

အခန်းလေးထဲမှာ ယမန်နေ့က မပြီးပြတ်သေးသော ဖရန်စစ်နှင့် ဆရာဝန်ဝီလီတူးလော့တို့၏ နောက်ဆုံးဇာတ်ဝင်ခန်းဆီသို့ ရောက်အောင်သွားလိုက်တော့သည်။

ပလိပ်ရောဂါ ကွယ်ပျောက်လုလု အချိန်လေးမှာမှ လူနာများနှင့် လုံးထွေးရစ်ပတ်ကိုယ်ကျိုးစွန့်ကုသခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ၀ီလီတူးလော့ထံ ပလိပ်ရောဂါဆိုးကြီးက ကံဆိုးလွန်းစွာ ကျရောက်လာခဲ့ လေသည်။ သူက အရက်ကြိုက်သော်လည်း လူကောင်း၊ စိတ်စေတနာဖြူစင်သူ၊ ပြီးတော့ ဘုရားသခင်ဆိုတာကို နောက်ဆုံးအချိန်ထိ ယုံကြည်မသွားခဲ့၊

ဖာသာဖရန်စစ်ကလည်း သူ့မိတ်ဆွေဆရာဝန်ကို ဘုရားသခင်နှင့် ကောင်းကင်ဘုံအကြောင်းမဖွင့်ဟခဲ့။ သူ့ရင်ခွင်ထဲမှာပင် ၀ီလိတူးလော့ သေဆုံးသွားခဲ့သည်။ ထိုကိစ္စကို မာသာမာရိယာက မကျေနပ်မနှစ်မြို့၊ ဘာသာမဲ့သူတစ်ယောက်ကို မကြည်ဖြူ။ သို့သော် ဖရန်စစ်ကိုတော့ တိတ်တိတ်လေးကြည်ညိုနေမိပြီ။ သူမ၏ မာနနှင့် အစဉ်အလာစွဲစိတ်က ကြည်ညိုခွင့်မပေး.။

မြို့တော်မှ ဘုရားကျောင်းများကို စစ်ဆေးရန် ၀င့်ကြွားလွန်းသည် ဖာသာမီလေးရောက်လာချိန်မှာတော့ နှိမ့်ချတတ်သည့်စိတ်၊ ဖြူသောနှလုံးသားနှင့် သိပ်သည်းလျှို့ဝှက်စွာ ခံစားမှုကို သည်းခံနိုင်စွမ်းရှိသည့် ဖရန်စစ်ကို အမှန်အတိုင်းသိမြင်သွားခဲ့သည်။
ဘုရားသခင်အလိုတော်ကျနေထိုင်သူမှာ ဘယ်သူလဲ သူမတွေ့ရှိသွားခဲ့ခြင်းပင်။ ဖရန်စစ်ရှေ့မှောက်တွင် သူမဒူးထောက်လိုက်ပါသည်။

ဤ၀တ္ထုကို ဘာသာပြန်ဆိုသည့် မောင်ထွန်းသူအားကျေးဇူးတင်ပါ၏။ သူလည်း ရဟန်းတစ်ပါးပေပဲ။ တစ်ခုခု စွဲထင်ကျန်ခဲ့တာသေချာလှပါသည်။ ၀တ္ထုတစ်ပုဒ်နှင့် တစ်နေကုန်သွားသည်။

ညနေခင်း စနေ တနင်္ဂနွေ ဆွမ်းအမ ဒေါ်ခင်မျိုးသွယ်ပင့်ဖိတ်ချက်အရ တိုက်ခန်းသို့ကြွရသည်။ မနက်ဖြန် သူမခင်ပွန်းဦးခင်မောင်ချိုကွယ်လွန်တာ သုံးနှစ်ပြည့်အလှူလုပ်ရန်ဖြစ်သည်။ သူမခင်ပွန်းက မြန်မာလူမျိုး အမေရိကန်နိုင်ငံသား။ ဆရာမဒေါ်ခင်ထားဆွေနှင့်လည်းတွေ့ရသည်၊ စာအကြောင်းပေအကြောင်း ပြော ဖြစ်သေး၏။

အိမ်ကအပြန်မှာတော့ မန္တလေးသာသနာ့တက္ကသိုလ်မှာ ကျွမ်းခဲ့သည့် မိတ်ဟောင်းဆွေဟောင်းရဟန်းတော်များ။ ၀ဏ္ဏကြီး(အရှင်ဝဏ္ဏဓဇ-စာရေးဆရာအညာမြေမောင်နွေမိုး) ဒူးရှည်ကြီး (အရှင်ဝိစာရဏဉာဏ) ယုကို (အရှင်ယုဇန) တို့ဖြစ်သည်။ဝဏ္ဏကြီးနှင့် ဒူးရှည်ကြီးတို့က မြစ်ကြီးနားနှင့် ပူတာအိုသာသနာပြုဌာနများမှာ ဆက်လက်သာသနာပြုနေကြဆဲ။ယုကိုကတော့ သင်္ကန်းကျွန်းဘက်ဆီက စာသင်တိုက်လေးတစ်တိုက်မှာ စာပေပို့ချလျက် ရှိချေသည်။
လွမ်းမောစရာ မန္တလေးညများဆီ ပြန်ရောက်သွားကြ၏။

ဓမ္မဂင်္ဂါ
(၂၃-၈-၂၀၁၂)

No comments: