20 October, 2010

ဘိနပ်စီးထားတဲ့ မြစ်

(၁)
ကဗျာဆရာနေမျိုး၏ သွားတုတပ်ထားတဲ့ ပင်လယ်ကဗျာခေါင်းစီးကို မိတ္တူပွားလိုက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ကိုယ်ပိုင်စကားလုံးများကို ချွေတာသင့်တာပဲ မဟုတ်လား။ တကယ်တော့ မိတ္တူပွားခြင်း၊ ကော်ပီပွားခြင်း ဆိုသည်ကလည်း လောကလိုအပ်ချက်တစ်မျိုးပင်ဖြစ်သည်။ ဂေါတမဗုဒ္ဓအရှင်မြတ်ကြီး ကိုယ်တော်တိုင် ပါရမီ အဆင့်ဆင့်ဖြည့်၍ ဘုရားရှင်အဆူဆူ၏ မဇ္ဈိမပဋိပဒါကို ဖော်ထုတ်ခဲ့လေသည်ပဲ။ ဘာပဲဖြစ်ဖြစ် ကဗျာဆရာ နေမျိုး၏ ကဗျာခေါင်းစီးနှင့် နီးကပ်လွန်းအောင် သူက ကူးချလိုက်ပြီ။

သူပထမကြီးတန်း ဒုတိယအကြိမ်ကျရှုံးသည့်နှစ်တွင် မတ္တရာမြို့လေးသို့ သူရောက်သွားခဲ့သည်။ စာမေးပွဲကလည်း ထိုက်ထိုက် တန်တန်ကျခဲ့ခြင်းဖြစ်၍ သူက ထိခိုက်ရှနာမဖြစ်။ သို့သော် သူ့ဖခင်က မကျေလည်။ ကဗျာစာအုပ်များ။ မဂ္ဂဇင်းဘုတ်အုပ်များနှင့် ရောရောထွေးထွေးနေသော သူ့ကို မကြည်လင်။ လူထွက်ချင်လည်း ထွက်၊ ဒါမှမဟုတ်ရင် စာကျက်။ သူက နှစ်ခုစလုံးကို စိတ်မ၀င်စား။း)း) ။ သို့သော် သူ့ဖခင်က သူ့ကို ရွာဆွေမျိုးရပ်ဆွေမျိုး ဆရာတော်များရှိရာ မတ္တရာမြို့လေးသို့ ပို့လိုက်သည်။

ခက်သမှ သိပ်ခက်သွားသည်။ ရေငတ်နေသောသူ့ကို သူ့ဖခင်က ရေတွင်းထဲ ပစ်ချလိုက်ခြင်းပင်ဖြစ်သည်။ မတ္တရာမြို့သစ်စာသင်တိုက်ငယ်လေးမှ ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များက စာအုပ်ချစ်သူများ ဖြစ်နေကြလေသည်။ သူက ပထမကြီးတန်းတွင် တစ်ပါးတည်းဖြစ်နေသည်။ အတန်းကြီး၍ ဘာသာရပ်များ သည့်အတွက် ဆရာတော်နှစ်ပါးလုံးထံတွင် စာတက်ရသည်။

အမှန်တကယ်တော့ သူက စာမကျက်၍ စာမေးပွဲမအောင်သော်လည်း စာဝါများကိုတော့ အဖွင့်ကျမ်းများမှ လွဲ၍ သင်ရိုးညွန်းတမ်းစုံအောင် မန္တလေး မစိုးရိမ်တိုက်သစ်နှင့် ၀န်းသိုမြို့ ရေ၀န်းကျောင်း၊ မှန်ကျောင်းနှင့် ခန္တီးစာသင်တိုက်မှ စာချဆရာတော်များထံတွင် တက်ရောက်သင်ယူထားပြီးဖြစ်လေသည်။ သို့သော် ယမိုက်နှင့် ပဌာန်းလို အဘိဓမ္မာကျမ်းများကိုတော့ ကျောင်းထိုင်ဆရာတော်ထံတွင် မွမ်းမံသင်ယူရသေးသည်။ ကျောင်းထိုင် ဆရာတော်သည် အတန်းစုံအဘိဓမ္မာည၀ါကျမ်းများကို ပို့ချပေးသည်။ ကျန်သည့် အတန်းစုံစာဝါများကိုတော့ စာချဆရာတော်က တစ်ပါးတည်း ဒိုင်ခံပို့ချပေးသည်။

(၂)
ဆရာတော်နှစ်ပါးလုံးက မန္တလေးမိုးကောင်းတိုက်မှ နာမည်ကျော်စာချဆရာတော်ကြီးအရှင်ပဏ္ဍိစ္စာဘိဝံသ၏ တပည့်ရင်းကြီးများဖြစ်၍ စာပေတတ်ပွန်သည်နှင့် အမျှ စာပေပို့ချရာတွင်လည်း စေတနာပါသလောက် ဂုဏ်မြောက်အောင် ပို့ချပေးနိုင်ကြလေသည်။ ထိုဆရာတော်နှစ်ပါး၏ ထူးခြားချက်နှင့် ၀ါသနာကို ရိပ်စား မိလာသောအခါ သူပျော်သွားလေသည် ။ ကျောင်းထိုင်ဆရာတော်၏ စာအုပ်စင်တွင် ဂန္ထ၀င်နှင့် သရုပ်မှန် စာအုပ် စာပေများသာ ရှိသည်။ ဆရာကြီးစစ်ကိုင်းဦးဘိုးသင်း၏ ငမဲကျွန်ဝတ္ထုကြီး၊ ဆရာသိန်းဖေမြင့်၏ တက်ဘုန်းကြီးနှင့် တက်ဘုန်းကြီးဝတ္ထုကို ချေပရေးသားထားသော ဘုန်းကြီးယောက်ဖစသော ၀တ္ထုများကို ကျောင်းထိုင်ဆရာတော့်စာအုပ်စင်မှ သူဖတ်ခဲ့ရသည်။

စာချဆရာတော်၏ စာအုပ်စင်မှာတော့ နတ်ရှင်နောင်၏ ရတုပေါင်းချုပ်မှသည် မော်ဒန်ကဗျာ ကော်ပီစာအုပ်များထိ ရှိနေသည်။ မြသန်းတင့်နှင့် မောင်ထွန်းသူတို့၏ ဘာသာပြန်ဝတ္ထုများ။ မျက်စိထဲ စွဲနေသည်က ဘုန်းမြင့်(မန္တလေး)၏ ကာရာဗင်ဘာသာပြန်ဝတ္ထု။ လင်းဝေမြိုင်၏ ကုတ်အင်္ကျီ၊ဖေမြင့်၏ လူနာဆောင် (၁၆) တို့ဖြစ်သည်။

ဂီတကို မြတ်နိုးခုံမင်ရာတွင်လည်း ကျောင်းထိုင်ဆရာတော်က ကျောင်းတွင် အလှူအတန်းအစုအမှုရှိလျှင် မြန်မာသံတေးစစ်စစ်များကိုသာ ဖွင့်စေသည်။ သို့သော် စာချဆရာတော်က ဇော်ဝင်းထွဋ်၊ ရဲသွင်နဲ့ ဟယ်ရီလင်းဖြစ်နေပြီ။ ဟယ်ရီလင်းက ရင်ဘတ်ထဲက အသံကွ ဆိုတာကြီးကို မကြာမခဏ ချီးပပြောဆိုလေ့ရှိသည်။ မဇ္ဈိမလှိုင်းက ကိုနေ၀င်းတို့အဖွဲ့ ရေးသော သီချင်းများကို ကြိုက်သည်။ ကျောင်းမှာ တောသီချင်းတွေ မဖွင့်ကြနဲ့ကွာ ဟု ပြောတတ်သည်။ သို့သော် တွံတေးသိန်းတန်ကြီးကိုတော့ ကျေးလက်ဂန္ထ၀င်ကြီးအဖြစ် လေးစားတတ်ပြန်လေသည်။

စာချဆရာတော်သည် စာပေနှင့် တေးဂီတကို မွေ့ထုံကာ အနေငြိမ်းချမ်းလှသည်ကို သူအားကျ ငေးမောဖြစ်ခဲ့သည်။ အဖုံးအကာ မာယာကင်းလှသည့် ရိုးရှင်းသော ရဟန်းဘ၀ကို ပိုင်ဆိုင်ရယူထားလေသည့် စာချဆရာတော်သည် ယခုတိုင် သူ့စိတ်နှလုံးမှီခိုအားထားရာ ဖြစ်နေလေသေးသည်။ စာချဆရာတော်က မန္တလေးရောက်တိုင်း မျက်သွယ်ကဖေးတွင် ထိုင်ပြီး ခင်မောင်တိုးကြီးတို့အုပ်စုကို မျှော်တတ်သည် ဟု ကြားဖူးသလို ရန်ကုန်ရောက်လျှင်လည်း လေထန်ကုန်းမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစန် တို့နှင့် စကားပြောရန် စိတ်ဝင်စားလေသည်။ စာချဆရာတော်၏ အခန်းနံရံတွင် သစ္စာနီ၏ နေထိုင်ခြင်းမိတ္တူကဗျာကို ရေးကူး ချိတ်ဆွဲထားလေသည်။

(နောက်နှစ်အနည်းငယ်ကြာတွင်မူ သူနှင့် တစ်ရွာတည်းဘွားဖြစ်သော စာချဆရာတော်သည် ကျေးဇူးရှင်ရွာဦး ကျောင်းဆရာတော်ကြီး ပျံလွန်သောအခါ မလွဲမရှောင်သာ ရွာဦးကျောင်းခနိုခနဲ့လေးကို ဦးဆောင်ရ တော့သည်။ ထိုအချိန်က ရွာတွင် ကျောင်းအမွေဆက်ခံမည့်သူက သူနှင့် စာချဆရာတော်နှစ်ပါးသာ ရှိလေသည်။ စာချဆရာတော်က ပညာသင်လက်စ သူ့အတွက် အနာခံလိုက်ခြင်းဖြစ်သည်။ ယခု စာချ ဆရာတော်သည် ပန်းခင်းပျိုးထားသော ရွာဦးကျောင်းလေးတွင် အခြေခံအဆောက်အဦများကို ဖန်တီးလျက် ကျေးလက်ကို ပြုစုသွန်းလောင်းနေလေသည်။ ၀ိပဿနာတရား။ သံမဏိကြက်ခြေဂီတ(IC)၊ ပန်းချီဆွဲခြင်းနှင့် စာသင်ကလေးငယ်များကြားတွင် ပျော်မွေ့နေသည်။)

(၃)
သူသည် ထိုစာသင်တိုက်လေးတွင် ခြောက်လတာမျှသာ ဖြစ်သန်းခဲ့ရာတွင် ဘ၀အတွက်လှေကားထစ်တွေ ရခဲ့သည်ကို ကျေးဇူးတင်နေသည်။ သူက ထိုစာသင်တိုက်လေးသို့ သီတင်းဝါလကျွတ်ပြီးချိန်တွင် ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်။ စာသင်တိုက်တစ်တိုက်သို့ ရောက်ဦးစ စာသင်သားတို့ ထုံးစံအတိုင်း သူက ကျောင်းထိုင်ဆရာတော်နှင့် စာချဆရာတော်များ ကျေနပ်စေရန် အချိန်ပြည့် စာကျက်ပြလေသည်။ (အပြဖြစ်သည်။) နောက်ပိုင်း ကျောင်းတွင် နေသားကျသွားသည့်အခါမှ အရှိန်ကို တဖြေးဖြေးလျှော့ချသွားမည်။ အင်း ကြီးပွားဦးမှာပဲး)...။

သို့သော် သူ့အကြံကို သိနေကြသည့်အလား ဆရာတော်နှစ်ပါးလုံးက သူမထင်မှတ်သည့် အကွက်ကို ဖန်တီးလိုက်ကြသည်။ စာသင်သားသံဃာများစုံသည့် ဆွမ်းစားဝိုင်းမှာ လူသိရှင်ကြား ထုတ်ဖော် ပြောလိုက်ခြင်းဖြစ်သည်။ "ငါတို့မြို့မှာ ပထမကြီးတန်းမအောင်တာ ကြာပြီ။ ဒီနှစ်တော့ တစ်ပါးတော့ သေချာပြီ" တဲ့။ တည့်တည့်ကို ထိသွားခြင်းဖြစ်သည်။ စာကျက်တာကိုလည်း ချီးမွမ်းပြီးသား ပန်းတိုင်ကို ချမှတ်ပေးပြီးသား။ စာမေးပွဲကို သူမဖြစ်မနေ အောင်မြင်အောင် ကြိုးစားရပါလေတော့မည်။

ထိုမြို့လေးတွင် စာမေးပွဲက အောင်ချက်ကောင်းလှသည်တော့ မဟုတ်ပါ။ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းဟု အခြေခံအတန်းလေးတန်းရှိရာတွင် ပထမကြီးတန်း အောင်မြင်သူ မရှိသည်မှာ (၁၀ ) နှစ်ကို တော်တော်စွန်းပြီ ဟု သိရသည်။ အားပျက်စရာကောင်းလှချည့်။ သို့သော် ဆရာတော်နှစ်ပါးကလည်း သူ့ကို အမြဲ တည့်မတ်ပေးနေခဲ့သည်။ သူ့ဘ၀င်ကို ဆွပေးနေခဲ့သည်။ ဆရာတော်နှစ်ပါးတာဝန်ကျေခဲ့ပါလေသည်။

ထိုနှစ်က သူ့နာမည်ကို ပထမကြီးတန်းအောင်စာရင်းတွင် မျဉ်းတစ်ကြောင်းတည်းဖော်ပြခြင်းခံရလေသည်။ သူ ထိုမြို့လေးမှ ထွက်လာပြီးနောက်တွင်လည်း ပညာရေးစနစ်ပြောင်းလဲ သွားသည့် ဆယ့်လေးနှစ်ခန့်ကြာမှသာ ပထမကြီးတန်း အောင်မြင်သူရှိလာသည် ဟု သိရသည်။ သူ၏ ပျင်းပုံပျင်းရိုးနှင့်တော့ ပထမကြီးတန်းကို အောင်မြင်ဖို့မလွယ်...။ ဆရာတော်နှစ်ပါး၏ သူ့အကြော သူမနောကို သေချာစောကြော ထိန်းမတ် နိုင်ခဲ့ခြင်းကြောင့်သာ ပထမကြီးတန်းအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ် သူ့အကြောကို ပိုသိသည်က အနီးကပ်နေရသော စာချဆရာတော်ဖြစ်သည်။ ဥပုသ်နေ့တစ်ရက်တွင် စာချဆရာတော်က အတန်းစုံစာသင်သားများကို စာစီစာကုံးရေးခိုင်းပါသည်။ သူက ၀န်းသိုမြို့၊ ခန္တီးစာသင်တိုက်တွင် စာရေးဆရာဘုန်းတော်ကြီး အရှင်ဇ၀န(မြစေတီ)၏ ကြီးကြပ်မှုဖြင့် စာစီစာကုံးများစွာကို ရေးဖူးပြီးဖြစ်၍ စာချဆရာတော်က သူ့ဝါသနာကို လင်းသွားခြင်းဖြစ်သည်။

ထိုစာစီစာကုံးလေ့ကျင့်သော ကော်ပီစာအုပ်ဟောင်းလေးတွင် သူ့ကိုယ်ပိုင်ကဗျာများကိုလည်း တွေ့သွားသည်။ မောင်စိန်ဝင်း(ပုတီးကုန်း)ဟန်များကို တုပထားခြင်းဖြစ်သည်။ မင်း တော်တော်လုပ်ရဦးမယ် တဲ့။ နေဦး မင်းကို ငါ ကဗျာတွေ ဖတ်ခိုင်းရဦးမယ် တဲ့။ သူ့စာအုပ်စင်မှ ကော်ပီဗလာစာအုပ်များ ထုတ်ချလာသည်။ လစဉ်ထုတ် မဂ္ဂဇင်းများမှ ခေတ်ပေါ်ကဗျာများဖြစ်သည်။ (ဥပုသ်နေ့တိုင်း မဂ္ဂဇင်းစာအုပ်များမှ ကဗျာများကို လက်ရေး လှသည့် ကိုရင်များက ကူးပေးကြရသည်။)

ထိုညနေမှ စ၍ ဥပုသ်နေ့ညနေတိုင်း သို့မဟုတ် ဆရာတပည့်နှစ်ဦးသား လက်စုံကျသည့်အခါတိုင်း (သူက အတန်းကြီးသမားမို့ တစ်ခါတစ်ရံ စကားပြောခွင့်ပေးထားသည်။) ခေတ်ပေါ်မော်ဒန်ကဗျာများကို ပို့ချ လေတော့သည်။ မှတ်မှတ်ရရ ကဗျာဆရာမ မအိ၏ ကဗျာတစ်ပုဒ်နှင့် စသည်။ ကဗျာခေါင်းစဉ်ကို မမှတ်မိ။ စာသားအကုန်မမှတ်မိ...။

အိပ်မက်ပဲ အမေရယ်
အိပ်မှတော့ မက်မှာပေါ့ တဲ့။

စာချဆရာတော်က သူ့ကို ကြည့်ကာ "ကဲ ဘာတဲ့လဲကွ အဓိပ္ပါယ်က " ဟုမေးသည်။ သည်လိုတွေးပြီး ဖတ်ရမည်ဟု သူမသိခဲ့။ အသံသာသောကဗျာများ၊ စကားလုံးများ၏ နောက်ကွယ်က အဓိပ္ပါယ်ကို တစ်ခါမှ မတိုက်ချွတ်မိခဲ့။ သူငေးနေမိသည်။ ''ကွာ မင်းကလည်း အချစ်ပဲ အမေရယ် ချစ်မှတော့ လွမ်းရမှာပေါ့ လို့ ကောင်မလေးက ပြောလိုက်တာကွ'' ဟု ဖွင့်ဆိုချလိုက်သည်။ သူလည်း ကြည်နူးသွားသည်။ အော် ဂလိုကိုး...။

နောက်တစ်ပုဒ်ကတော့ ကဗျာဆရာနေမျိုး၏ ''သွားတုတပ်ထားတဲ့ ပင်လယ်" ဖြစ်သည်။ "အတော့်ကို ကောင်းတယ်မောင် '' တဲ့။ '' ကဗျာမဖတ်ဘဲ ကဗျာခေါင်းစဉ်နဲ့ကို တန်လှပြီ "တဲ့။ သူကတော့ သွားအတုကြီးနဲ့ ပင်လယ်ထဲ မြုတ်နေသည် ။ ဘာမှ မမြင် .. ဘာမှ မလင်း...။ စာချဆရာတော်ကတော့ ကောင်းလိုက်တာ တဲ့။

"ဘ၀ကို လူတွေက ပင်လယ်နဲ့ နှိုင်းလေ့ရှိသကွ။ ပြီးတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတာလည်း ရှိသေးကွာ...။ ဘယ်တော့မှ ပြည့်တယ် လို့ မရှိဘူး။ အမြဲတမ်းဖြည့်ဆည်းနေရတာကွ။ ဘ၀ဟာ ပင်လယ်ပေါ့ကွာ...။ သွား ဆိုတာကတော့ ၀ါးဖို့ပဲ ...။ ခက်တာက သွားက အတုကြီးတဲ့ကွ.။ ကိုယ့်သွားနဲ့ ကိုယ်ဝါးတာနဲ့ သွားအတုကြီးနဲ့ ၀ါးတာ ဘယ်ဟာက ပိုကောင်းမယ် ထင်သလဲ..။ "

"ဘ၀မှာ လူတွေ ကြည့်လိုက်တော့ ကိုယ့်သွားနဲ့ ကိုယ်ဝါးခွင့်မရကြတဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ်ကွ၊ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ရိုးသားခွင့်တွေ ပျောက်ဆုံးနေတာကို ကဗျာဆရာက ပြောချင်တာကွ။ သူ့ဂုဏ်သိက္ခာ သူ့ပညာနဲ့ ထိုက်တန်တဲ့ ရပ်တည်ခွင့်သာ ရှိမယ်ဆိုရင် ဆရာဝန်ကလည်း အသပြာဆရာဝန်ဘယ်ဖြစ်ချင်ပါ့မလဲကွာ။ ၀မ်းစာသာ လုံလောက်မယ်ဆိုရင် ကျောင်းဆရာမလေးကလည်း တပည့်တွေရဲ့ ဆရာမဖြစ်ချင်တာပေါ့ကွာ..။"

စာချဆရာတော်၏ စကားများနောက်သို့ သူမျောသွားသည်။ ရိုးသားခွင့် ပျောက်ဆုံးနေတဲ့ ဘ၀ ....သွားတုတပ်ထားတဲ့ ပင်လယ်...။ ယင်းသို့ဖြင့် စာချဆရာသည် သူ့၏ ကဗျာပိုးကို မွေးမြူပေးသလိုပင် '' စာကျက်ရတာ စိတ်ညစ်ညူးတဲ့ အခါ ကဗျာတွေ ဖတ်ပေါ့ကွာ '' ဟု တစ်ဘက်လှည့်ဖြင့် စာကျက်ခိုင်းခဲ့ဖူးလေသည်။

ယမန်နေ့က သူဘိနပ်တစ်ရံဝယ်ဖြစ်သည့် အကြောင်းကို သူက ရေးချင်သည်။
ဘာပဲဖြစ်ဖြစ် ပင်လယ်တွေ သွားအတု တပ်ထားချိန်မှာ မြစ်ကလည်း ဘိနပ်ကို ကောက်စီးလိုက်ပါသည်။
အင်း ဘိနပ်ကရော စစ်မှ စစ်ရဲ့လား....။

ဓမ္မဂင်္ဂါ
၂၁-၁၀-၂၀၁၀


4 comments:

ashin kusalasami said...

ကဗျာနဲ့နီးတဲ့ စာတွေက ပိုအရသာ ရှိသဗျာ။

Sympathy said...

ဖိနပ်အသစ်ကလေးစီးပြီး ဧကစာရီကျင့်ဖို့ 
မြစ်ကမ်းနဘေးကတောအုပ်ကလေးတခုကိုကြွနေတဲ့
ဆရာမော်ဒန်ကိုဘုရားရှင်သာရှိမယ်ဆိုရင်
ချစ်သားဂင်္ဂါတော်ပေစွတကားလို့ 
ချီးမွမ်းနေမှာမြင်ယောင်မိသေးတော့တယ်...။

Crystal said...

နဲနဲတော့ ရှင်းပြအုံး....

မေဓာဝီ said...

ဦးဇင်း စာရေး သိပ်ကောင်းတယ်။
ဆရာကောင်းတွေနဲ့ တွေ့ခဲ့လို့ နေမှာနော်။
ဘုန်းကြီးတွေလဲ မော်ဒန်ကို နှစ်သက် ခံစားတတ်ကြ အစက မသိခဲ့ဘူး။ (ခွင့်လွှတ်ပါ)
ဦးဇင်းရဲ့ ဆရာဘုန်းကြီး ရှင်းပြတဲ့ သွားတုတပ်ပင်လယ် အကြောင်း သိပ်သဘောကျတာပဲ။

ဖိနပ်စီးထားတဲ့ မြစ်ကတော့ အမြဲစီးဆင်းနေအုံးမယ်လို့ ယုံကြည်ပါတယ် ဘုရား ... ။