03 January, 2010

နေရဉ္ဇရာမှတ်တမ်း(၈)

(၁)
ပညာရေးကော်မတီရဲ့ အစည်းအဝေးကို တက်ကြွ အသက်ဝင်နေအောင် ကော်မတီဝင် ရဟန်းတော်တစ်ပါးဖြစ်သူ ဗာရာဏသီဟိန္ဒူ တက္ကသိုလ်ကိုယ်စားပြု အရှင်နန္ဒသာရ (သာသနဓဇဓမ္မာစရိယ B.Sc (Physics)Dip( Buddha-Dhamma) M.A ) ကချိတ်ဆက်ပေးပါတယ်။ ကော်မတီဝင်ရဟန်းတော် များရဲ့ဘွဲ့များကို မိတ်ဆက်ကာ တစ်ပါးချင်းစီရဲ့ အမြင်တွေကို မေးမြန်းခဲ့တာပါ။ သူကတော့တင်ပြလာတဲ့အတွေးအမြင်တွေပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့  အဖွဲ့ဥက္ကဋ္ဌနဲ့အတူ ထပ်ဖြည့်ဆွေးနွေးတာမျိုးပဲ ၀င်လုပ်ဖြစ်ပါတယ်။

ဆွေးနွေးချက်များကို နားစွင့်လိုက်ပါတယ်။ နာဂဇုနတက္ကသိုလ်ကိုယ်စားပြု အရှင်သီဟဉာဏာ လင်္ကာရာဘိဝံသ(သကျသီဟသာမဏေကျော်၊စေတီယင်္ဂဏဂဏ၀ါစကဓမ္မာစရိယ၊သာသနဓဇဓမ္မာစရိယ၊ M.A (Delhi), PhD (Thesis)က “ပညာရေးကိစ္စရပ်များဖော်ဆောင်သင်တန်းများဖွင့်တဲ့အခါ ပညာသင်ယူကြမယ့် အဖွဲ့ဝင်ရဟန်းတော်များ ပညာသင်ကြားရန် သင့်လျော်တဲ့ နေရာများသတ်သတ်မှတ်မှတ်ရှိဖို့လိုကြောင်း။ မိမိတို့အဖွဲ့ဝင်အချင်းချင်း ပညာရေးပံပိုးမှုပေးကြရုံသာမက နိုင်ငံခြားသားဆရာများကိုလည်း ဖိတ်ကြားကာ သင်ကြားစေမယ်ဆိုရင် ဘာသာစကားအရည်အသွေးပိုမိုတိုးတက်ပြည့်စုံဖွယ်ရှိသလို တကယ်လို့ အဲဒီုအစီအစဉ်ကိုသာ လက်ခံအတည်ပြုခဲ့ပါက သူကိုယ်တိုင် ကူညီစီစဉ်ကာ ဖိတ်ကြားပေးနိုင်ပါကြောင်း၊” ဆွေးနွေးသွားတာ စိတ်ဝင်စားစရာပါ။

ပူနေးတက္ကသိုလ်ကိုယ်စားပြု အရှင်ရေ၀တ (သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) ,M.A (Pali) M.A (Buddhism), PhD (Thesis) ကတော့ ပူနေးတက္ကသိုလ်အနေနဲ့ ပညာသင်ကြားပေးဖို့နေရာအခက်အခဲရှိတဲ့အတွက် အဖွဲ့ကြီးက စီစဉ်ပေးတဲ့အဓိကဌာနကြီးသုံးခု (ဗာရာဏသီ၊နာလန္ဒာ၊မဂဓ)မှာ ကျောင်းပိတ်ရက်များနဲညှိပြီး အင်္ဂလိပ်ဘာသာရပ်ကို လာရောက် သင်ကြားပေးနိုင်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။

(၂)
ဟုတ်ပေတာပဲ။ အားလုံးက ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်တွေဆိုပေမယ့် နိုင်ငံခြားဘာသာ စကားအခြေခံချင်းမတူကြပါဘူး။ ငယ်စဉ်ကတည်းက အဆင့်ဆင့်သင်ယူခဲ့ရသူကနည်းပါတယ်။ ဖုတ်ပူမီးတိုက်အင်္ဂလိပ်စာ(Intensive English)သမားတွေက အများစုပါ။ ဓမ္မာစရိယအောင်မှ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့တွေရဲ့ ဆွဲအားနဲ့ နိုင်ငံခြားသာသနာပြုဆိုတဲ့အိပ်မက်၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်သာသနာဘက်စုံပြန်လည်ဆန်းသစ်ပြုပြင်ရေးအတွေးအခေါ်သစ်တွေက အင်္ဂလိပ်စာသင်တန်း ခန်းမတွေဆီကို တွန်းပို့လိုက်တာပါ။

 ဓမ္မာစရိယတန်းအောင်ဖို့ဆိုတာကလည်းကံမကောင်းအကြောင်းမလှရင် နောက်ဘုရားပွင့်တဲ့အထိဆက်ဖြေပေတော့ ဆိုတာမျိုးထိကြာတတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်တော်လေးတွေ မြို့ပြမှာ သောင်တင်နေတော့တာပါ။ ဓမ္မာစရိယဘွဲ့မရဘဲ ရွာကိုလည်း မပြန် လိုကြပေပဲကိုး။  မျှော်တနေတဲ့ အချိန်မှာ မောင်ဖုန်းလေးတွေက ရောက်မလာတော့ ရွာဦးကျောင်းသာသနာကို အရည်အသွေးမဲ့တဲ့ တောထွက်ဦးဇင်းကြီးတွေက နေရာယူလိုက်ကြပါပြီ။ တယ်မိတဲ့ဘုရားမှာ လင်းတနားမှတော့ ရွာလည်းနာတော့တာပါ။တစ်ချို့နေရာမှာတော့ အရည်အသွေးမရှိပေမယ့် သာသနာ ချစ်စိတ်လေးရှိတဲ့ရှားရှားပါးပါးဦးဇင်းကြီးတွေလည်း တွေ့ရတတ်ပါရဲ့။ ကျောင်းကန်ဘုရားလေးတွေ မပျက်စီးအောင် စောင့်ရှောက်ဖော်တော့ ရပေသေးသပလေ။

ငါ့ရှင်တို့ရေ ဓမ္မာစရိယမအောင်လည်း ရွာမှာ သာသနာပြုဖို့တော့ အရည်အသွေးမီပါတယ်။ ပျံသာ ပျံပါ ရွှေဟင်္သာ လို့သာ ပြောလိုက်ချင်မိရဲ့။ သူလည်း ရွှေပြည်ကြီးရဲ့ သာသနာ့အခြေခံဒေသဖြစ်တဲ့ကျေးလက်ကို အာရုံစောနေမိပါရဲ့။ အော် ဓမ္မာစရိယကလည်း နတ်ကြီးသလိုလို ခက်သလိုလိုနဲ့ (မခက်ခက်အောင်မေးပေသကိုး) သာသနာ့အင်အားစုလေးတွေ လွင့်ပါးစေပါသကော။ အလုပ်လုပ်ရမယ့်အချိန်တွေကို ဖဲ့နှုတ်ခဲ့ပါသကော။

ရွှေပြည်ကြီးက နာမည်ရဓမ္မကထိကစာရေးဆရာကိုယ်တော်လေးတစ်ပါးကတော့ သူထုတ်ဝေတဲ့ ဘုတ်အုပ်လေးတွေရဲ့ တစ်နေရာရာမှာ သူ့ကိုယ်ရေးအကျဉ်းကို ဖော်ပြရာမှာ “ဓမ္မာစရိယတန်းကို ဆယ်နှစ်ကြာအောင်ဖြေဆိုခဲ့ရသည်” ဆိုသဟာလေးကို တခုတ်တရထည့်ရေးလေ့ရှိတာအမှတ်ရပါရဲ့။ ချစ်လို့ပြောတာတော့ ဟုတ်ဟန်မတူ။

ဆိုကြပါစို့ များသောအားဖြင့် ဓမ္မာစရိယဘွဲ့ရရဟန်းတော်တစ်ပါးရဲ့ ပျမ်းမျှသက်တော်ဟာ သုံးဆယ်ဝန်းကျင်တွေများပါတယ်။သုံးဆယ်အရွယ်မှ ရေးရချွတ်ရ၊ ကျက်ရမှတ်ရတဲ့ အင်္ဂလိပ်စာဟာ မချောမွေ့နိုင်တာ သေချာလှပါတယ်။ဒါပေမယ့် ဓမ္မာစရိယရဟန်းတော်များအနေနဲ့ စာသွားစာလာနားလည်သူများပီပီ အချိန်တိုအတွင်းမှာအဓိပ္ပါယ်ပေါက်အောင်တော့ ဖတ်နိုင်ခဲ့ကြပါတယ်။ အရည်အသွေးလေးခုထဲမှာ ဖတ်တတ်ရုံနဲ့ မပြီးသေးတာ လူတိုင်းအသိ၊ အကြားစွမ်းရည်၊ အပြောစွမ်းရည်၊ အရေးစွမ်းရည်တွေလည်းလိုပေဦးမပေါ့၊

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်က နိုင်ငံခြားတက္ကသိုလ်ကိုတော့ ရောက်လာခဲ့ကြပြီ။ တက္ကသိုလ်သင်ခန်းစာဆိုတာက မှတ်စုကောင်းကောင်းလေးရှိတာကို အာပူတိုက်လိုက်ရင် အောင်မှာတော့ အသေအချာ။နိုင်ငံခြားလာရခြင်းရဲ့ ပထမရည်ရွယ်ချက်ဖြစ်တဲ့ မဟာဝိဇ္ဇာကို့ မလွတ်တမ်းရမှာပါပဲ။ အာပူုတိုက်တာလွဲသွားလို့ တစ်နှစ်ကျရင်တောင် နောက်တစ်နှစ်ကတော့ အတည့်ဖြစ်ဖို့များပါတယ်။ ပါရဂူဘွဲ့ကတော့ အားစိုက်ရပါတယ်။ ဒါပေမယ့် ကျမ်းကြီးကြပ်သူတွေနဲ့ ပါမောက္ခတွေရဲ့ လမ်းညွှန်မှုနဲ့ ဖတ်သင့်တာတွေ ဖတ်၊ စုတုပြုနိုင်ရင်တော့ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်လာမှာပါ။

ဒုတိယ တတိယရည်ရွယ်ချက်တွေဖြစ် တဲ့နိုင်ငံခြား သာသနာပြုဖို့နဲ့  ပြည်တွင်း သာသနာမြှင့်တင်ရေးတွေအတွက်တော့ ပိုပြီး အားစိုက်ရမှာ အသေအချာပါပဲ။ အဲဒီအချိန်မှာ သက်တော်ကလည်း ဒုတိယအရွယ်ထဲ ထဲထဲဝင်ဝင်ရောက်နေခဲ့ပါပြီ။

(၃)
အင်္ဂလိပ်စကားပဲဖြစ်ဖြစ် အခြားနိုင်ငံခြားဘာသာစကားပဲဖြစ်ဖြစ် နိုင်ငံခြားသာသနာပြုခေါင်းစဉ်အောက်ကို ၀င်တော့မယ့်ရဟန်းတစ်ပါးဟာ မဖြစ်မနေ တတ်မြောက်ကြရတော့မှာပါ။ ရွာဘက်က အမျိုး ဘုန်းကြီးတစ်ပါးကတော့ အိမ်နီးချင်းနိုင်ငံက အမျိုးတွေဆီ လိုက်လည်ပြီး အပြန်မှာ နိုင်ငံခြားသာသနာပြုစကားလုံးကြီးကို သူ့ အတ္ထုပ္ပတ္တိတော်ကြီးထဲမှာ ဖော်ကျူးထားတာကို မော်ဖူးခဲ့ဖူးပါရဲ့။ အော် စွမ်းနိုင်သူကြီးပေပ။ သူကိုယ်တိုင်ရောက်လို့ ပရိတ်ကြီးနှစ်သုတ်လောက်ရွတ်ရုံနဲ့ အဆင်ပြေတာတွေ့ရလေမှ အော် ဒီလိုလည်း ဖြစ်သကိုးလို့ အလင်းပွင့်ရပါလေရော။ 

အော် အမျိုးတွေက သာသနာသက်ဝင်ပြီးသူတွေပဲ။ အချိုပေါ်သကာလောင်းဖွယ်မှ မလိုပေပဲကိုး။
ပရိယတ္တိသင်ရိုးညွှန်တမ်းထဲမှာ သင့်တော်ရာဘာသာရပ်တွေ မထည့်သွင်းခဲ့ရာက ကမောက်ကမပညာရေးနယ်ပယ်ကြီးထဲ သူကိုယ်တိုင်လည်း ၀ဲလည်ခဲ့ဖူးပါရဲ့။ နိမ့်သွားလိုက်မြင့်သွားလိုက်ပါ။ ရှင်းပြရတာကိုက ခက်ပါတယ်။ သူတို့ခေတ်မှာ သင်ရိုးညွှန်တမ်းက နည်းနည်းလေးအရောင်တက်လာပါသေးတယ်။ စနစ်သစ်ပရိယတ္တိပညာရေးဆိုတဲ့ အသံကြီးကျယ်ကျယ်လောင်လောင်ကြားလိုက်ရတာပါ။

နိုင်ငံတကာမှာ သင်နေတဲ့ပါဠိသင်နည်းစနစ်တွေကို က၀ိလက္ခဏာဘာသာဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ပိဋကတ်စာပေထဲက ကောင်းနိုးရာရာ သုတ်ဒေသနာတွေကိုလည်း စာသင်ပျိုနု သားရွှေဥလေးတွေရဲ့ ရင်ထဲရောက်အောင်ပို့ပေးခဲ့ပါသေးတယ်။မြန်မာစာပြဌာန်းချက်ကတော့ ကျေးဇူးအလွန်များခဲ့တာပါ။

ဒီနေ့ခေတ်စာနယ်ဇင်းမျက်နှာစာပေါ်မှာ ဓမ္မစာရေးဆရာရဟန်းတော်လေးတွေ တလက်လက်လင်းနေတာ စနစ်သစ်ပညာရေးမြန်မာစာရဲ့ အသီးအပွင့်လို့ ပြောရင်လွန်မယ်မထင်ဘူးပ။ ပြည်တွင်းသာသနာကို ဦးဆောင်မယ်ဆိုရင်တော့ မြန်မာစာမဖြစ်မနေတတ်ကို တတ်ကြရမှာပါ။ ဖတ်ကို ဖတ်ကြရမှာပါ။ ဒါပေမယ့် စနစ်သစ်ပညာရေးဆိုတာ အိပ်မက်ယောင်ခြင်းမျှသာပါ။ ဆယ်စုနှစ်တစ်ခုတောင်မခံပဲ တခေါခေါ အိပ်မောကျသွားရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စနစ်သစ်ပညာရေးက မွေးပေးလိုက်တဲ့ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုကတော့ အဖတ်တင်ကျန်ခဲ့ပါသေးတယ်။

သူတို့တက်တဲ့နှစ်တွေတုန်းကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ၀ိနည်း၊ သဒ္ဒါ၊ အဘိဓမ္မာ၊ ပါဠိ၊ မြန်မာစာနဲ့ အထွေထွေဗဟုသုတဘာသာရပ်တွေ ဖြေခဲ့ရတာမှတ်မိနေပါသေးတယ်။ တက္ကသိုလ်ရောက်မှ အေဘီစီဒီတွေ သရဇ္ဈာယ်ရတာပါ။ ဒါပေမယ့် ခုဒီနှစ်ပိုင်းတွေမှာတော့ အဲဒီဘာသာရပ်တွေအပြင် ၀င်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်ဘာသာပါ ဖြေဆိုရနေရပြီ ကြားရပါတယ်။

အလယ်တန်းအင်္ဂလိပ်စာအဆင့်ရှိရမှာဆိုလားတက္ကသိုလ်ဝင်တန်းအဆင့်ရှိရမှာဆိုလားပဲ။ ကြိုဆိုရမှာလိုလို ဘာလိုလိုပေမယ့် ၀င်ခွင့်ဖြေမယ့်မောင်ရှင်လေးတွေကို ဘယ်သူက သင်ပေးလို့ ဘယ်မှာသင်ခွင့်ရလို့ဒီအလယ်တန်းအဆင့် တက္ကသိုလ်ဝင်တန်းအဆင့်ရောက်နေရသတုန်း။ ခက်ခက်ရချေသေးရဲ့။

ပြီးတော့ ပြဿနာက အင်္ဂလိပ်စာသင်ရမယ် ကွန်ပြူတာနဲ့ အင်တာနက်ကို နားလည်ရမယ် ဆိုတဲ့ ရောဂါက ရှင်ငယ်ရဟန်းငယ်လေးတွေရဲ့ ရာစုသစ်ဦးနှောက်ထဲမှာ ထုတ်ပယ်မရအောင်စွဲနေပါပြီ။ သူတို့မဖြစ်ဖြစ်အောင် သင်တော့မှာပါ။ ဒီတစ်ခေါက် သူရွှေပြည်ကြီးကို ပြန်တော့ ဟိုနားတစ်စ ဒီနားတစ်စ တပည့်မောင်ကိုရင် မောင်ပဉ္ဇင်းလေးတွေကို ပြန်တွေ့ရပါတယ်။

စာသင်တိုက်ထဲမှာ ရှိနေရမယ့်အရွယ်မှာ သူတို့ မြို့ထဲက သင်တန်းခန်းမတွေဆီ စုပြုံတိုးနေကြတာပါ။ ပရိယတ္တိကို ပြတ်ပြတ်သားကျောခိုင်းလိုက်တဲ့အထိ နားလည်မှုလွဲနေကြရှာပါပြီ။ သူတို့ဘာအတွက် ဘာတွေကို သင်ကြမှာပါလိမ့်။ ဘာလုပ်နေကြတာတုန်းလို့ မေးကြည့်တော့ ကွန်ပြူတာသင်တန်းတက်သူတက်။ အင်္ဂလိပ်စကားပြောသင်တန်းတက်သူတက်ပါ။ ဘာလုပ်ဖို့လဲလို့ ထပ်မေးကြည့်တော့ နိုင်ငံခြားသာသနာပြုဖို့ဆိုပဲ၊ တစ်ခုခုထက်မက နှစ်ခုသုံးခု လွဲလေပြီ။

အင်္ဂလိပ်စကားပြောတတ်ပါပြီတဲ့။ ကွန်ပြူတာအင်တာနက်ကြီးကို အသုံးချတတ်ပါပြီတဲ့။ အဘယ်တရားကို ဟောပြီး အဘယ်ဓမ္မကို ဖြန့်ကြကုန်မည်နည်း ငါ့ရှင်လေးတို့။ ဘယ်လိုတရားဓမ္မအသိဉာဏ်ကိုယ်ခံအားတွေနဲ့ သာသနာဝန်ကြီးကို ထမ်းကြမှာတုန်း။ အော် ဘုရား ဘုရား ။ 

တစ်ခုခုတော့ တစ်ခုခုလုပ်ရတော့မှာပါ။ ကျောင်းထဲမှာ သင်မပေးရင်တော့ အပြင်ထွက်သင်မှာပါပဲ။ ရှင်ရဟန်းဆိုပေမယ့် အိုင်တီခေတ်ကြီးထဲက သင်္ကန်းဝတ်ထားတဲ့ လူငယ်လေးတွေဆိုတာ မေ့ထားလို့မရပါဘူး။ ပေလေးပင်ရှင်လေးပါးတို့ခေတ်တုန်းကလည်း တောင်တွင်းကြီးက ကိုယ်တော်လေးတွေ အင်းဝကို ခေတ်ပညာသင်ဖို့ဆိုပြီး ထွက်ခွာသွားခဲ့ကြဖူးလေရဲ့။
(၄)
သူအနေနဲ့ ပညာရေးဝင်ပေါက်မှန်သမျှ တိုးဝင်ချင်တဲ့ညဉ်လေးရှိပြန်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြေခဲ့ဖူးအောင်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာက အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ပြောစရာက သူတို့လို ဓမ္မာစရိယအဆင့်ရှိတဲ့ရဟန်းတွေနဲ့ ခုမှ မေတ္တာပွားနည်းတို့ ပရမတ္ထတရားလေးပါးတို့ စသင်မယ့် သင်တန်းသားတွေကြား သင်ရိုးညွှန်းတမ်းမညီမျှမှုပါ။

ဒီပလိုမာက ပြန်စရပြန်ပါတယ်။ ငယ်ငယ်တုန်းက ကျက်ခဲ့တဲ့စာတွေပဲ ထပ်တလဲလဲ ရွတ်အံရပြန်တာပါ။ စာမေးပွဲခန်းထဲက ထွက်လိုက်တာနဲ့ “ ဖြေနိုင်လား”မေးရင် မျက်နှာပူပါတယ်။ မူလတန်းတုန်းက ဖြေခဲ့တဲ့စာတွေ ဘွဲ့လွန်မှာ လာဖြေရတာကိုး။ သင်္ချာနဲ့ ဘွဲ့ရပြီးကာမှ (၂) အလီရေးပြရတာမျိုးပါ။ ဘာသာစုံဂုဏ်ထူးတွေထွက်တော့လည်း မပျော်ခဲ့ပေဘူး။

ဒီပလိုမာပြီးရင် ၀ိဇ္ဖာဘွဲ့၊ ပြီးတော့ မဟာဝိဇ္ဇာပေါ့လေ။ သာသနာ့တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့ရပြီးတဲ့ သူ့အတွက် နှစ်ထပ်ကွမ်းဝိဇ္ဇာဆိုတော့ ဂုဏ်ယူရမှာလိုလို ဘာလိုလိုကြီးပါ။ ဓမ္မာစရိယအဆင့်ရဟန်းတော်များကို ကြားခံအင်္ဂလိပ်စာဒီပလိုမာသင်တန်းတစ်ခုကို တစ်နှစ်တာ ဖိဖိစီးစီးသင်ပေးပြီး အရည်အချင်းစစ်ပြီးတာနဲ့ မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးလိုက်ရင် ဘွဲ့ထပ်တာ သင်ရိုးထပ်တာတွေ မရှိနိုင်တော့ဘူးပေါ့။ အမှန်တကယ်က အိန္ဒိယနဲ့ သီရိလင်္ကာတက္ကသိုလ်တွေမှာ ဓမ္မာစရိယဘွဲ့ရရဟန်းတစ်ပါးကို မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးပါတယ်။
(၅)
ကဲ အခု နာဂဇုနတက္ကသိုလ် အရှင်သီဟဉာဏာလင်္ကာရကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ ဘာသာစကားအရည်အသွေးမြင့်ဖို့ နိုင်ငံခြားဆရာများကို ဖိတ်ကြားပြီး သင်ကြားစေရမယ်တဲ့။ ဖိတ်လည်း ဖိတ်ပေးမယ်တဲ့။ ပူနေးအရှင်ရေ၀တကလည်း အင်္ဂလိပ်စာမြှင့်တင်ရေးအစီအစဉ်တွေမှာ သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါမယ်တဲ့။ သင်တန်းနေရာကိုတော့ အဖွဲ့ကြီးကသတ်မှတ်ပေးပါတဲ့။

အဖွဲ့ဝင်ရဟန်းတော်တွေဟာ အိုင်တီခေတ်ကြီးထဲက မျိုးဆက်သစ် ရှင်ငယ်ရဟန်းငယ်လေးတွေကို ပြန်လည်ငဲ့စောင်းကြည့်ကြဖို့ လိုနေပြီ။ သူတို့ကတော့ သူတို့လိုရာတိုးဝှေ့ယူသွားကြမှာပဲ။ သူတို့လေးတွေရဲ့ အသိဉာဏ်ဆာလောင်မှုကို ပဲ့ထိမ်းပေးကြဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ သာသနာဟာ နောက်မျိုးဆက်ဘယ်နှစ်ဆက်ခံမလဲ။ စုလစ်မွန်းချွန်ကျောင်းတော်ကြီးတွေနဲ့ ရွှေရောင်စေတီကြီးတွေ ရှေးဟောင်းသုတေသန လက်အောက်ရောက်သွားမှာပါ။ သမိုင်းဆရာတွေလည်း အလုပ်တော့များသွားမှာပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် ပရိယတ္တိသမားတွေဟာ သာသနာထိန်းတွေဆိုတာ မေ့မပစ်ဖို့ပါပဲ။ ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်အိပ်မက်ကတော့ ပိုပြီးခိုင်မာလာပါတယ်။သစ်ပင်အောက်မှာတောင် သျှန္တိနိကေတန်တက္ကသိုလ်ကြီးအစပျိုးခဲ့သေးတာပဲ။
အစည်းအဝေးက မပြီးသေး။ နွေးနေတုန်းပင်။

9 comments:

Ven. said...

သာသနာပြုစိတ်ဓာတ်အပြည့်နဲ့ ရေးထားတဲ့ သည် Psot အတွက် ဖတ်ရတာရော၊ မှတ်ရတာပါ အဓိပ္ပါယ် ရှိလှပါတယ်...။

ဆရာတော်ဥုးဝိစိတ္တ ...
သက်တော်ရာကျော်ရှည်၊ သာသနာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ပါစေ...

ဦးခိုက်လျက်... တက္ကသီလသောတုဇန (နာလန္ဒာ)

tint said...

အရှင်ဘုရား
ရှိပြီး သာသနာပြုတက္ကသိုလ်တခုကို ခေတ်စနစ်နဲ့  အညီ နိုင်ငံခြားနဲ့  ချိတ်ဆက်ပြီး သင်ရိုးညွှန်းတန်းပါ သေချာ ရေးဆွဲပြီး ပြုပြင်ယူရင်ရော ရမလားဘုရား
နောက်တခုတွေးမိတာက ရှင်ဘ၀မှာ စထဲက နိုင်ငံခြားဘာသာတခုခု စသင်နိုင်ရင်ရောဘုရား
တပည့်တော်သိတဲ့  နိုင်ငံကြီးတွေမှာ ၅နှစ်ကလေးတွေတောင် ( မိခင် အင်္ဂလိပ်ဘာသာအပြင် ) စပိန် ၊ ပြင်သစ် ၊ဂျာမန်က မယူမနေရ ၊ တရုပ်နဲ့  တခြား တခုခု ( ခုလောလောဆယ်တော့ အာရဗီ) က အပိုဘာသာ အနေနဲ့  သင်တာတွေ့ နေရလို့ ပါဘုရား

ဓမ္မဂင်္ဂါ said...

ရှင်ဘ၀မှာကတည်းက သင့်လျော်ရာဘာသာစကား(အင်္ဂလိပ်စာမှမဟုတ်) နဲ့အတူ သာသနာ့ဝန်ထမ်းတစ်ပါးအနေနဲ့ သိကောင်းသိရာ သာသနာ့သမိုင်း၊သာသနာ့ပထ၀ီဝင်၊သာသနာနဲ့ယှက်နွှယ်သောဒဿန၊ အဘိဓမ္မာနဲ့ စိတ်ပညာ၊စတာတွေကို အဆင့်ဆင့် သင်သွားကြဖို့ပါ။
ပိဋကတ်သင်နည်းစနစ်ဟာလည်း ပါဠိဘာသာတတ်မြောက်ရေးကို အခြေခံပြီး ပိဋကတ်နှံ့စပ်ကျွမ်းကျင်ရေးဆီ ဦးတည်နိုင်ရပါ့မယ်။
စာချဆရာတော်များညီလာခံကျင်းပမှ ရတော့မှာပါ။
ဒါပေမယ့် ခက်နေတာတွေ ရှိပါသေးတယ်။
အသစ်တစ်ခုကို လက်ခံဖို့နှောင့်နှေးတတ်တဲ့ အမျိုးတွေရဲ့ အကျင့်ပါ။
အဟောင်းကိုလည်း စွဲစွဲလမ်းလမ်းတွယ်ဖက်တတ်ပါသေးတယ်။
အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာ(ဋီကာကျော်) ကို လယ်တီဆရာတော်ကြီးက အမှားကြီးလို့ပြောထားတာကို ပျော်ပျော်ကြီးလက်ခံသင်ကြားပို့ချနေကြတုန်းပါ။
ဋီကာကျော်ဆရာက စာအရေးအသားညက်သူမို့ “ ဒီစာအုပ်လေးနဲ့ ဒို့များ စာတတ်လာရသကွယ်” ဆိုတဲ့ သံယောဇဉ်လေးနဲ့ မစွန့်ပစ်နိုင်ဖြစ်နေရတာပါ။
ပလေတိုကို ချစ်ပါသည်။ သို့သော် ပလေတိုထက် အမှန်တရားကို ပိုချစ်ပါသည်လို့ပြတ်ပြတ်သားသားမလုပ်နိုင်ကြတာပလေ။
အော် သံယောဇဉ် ။
အမျိုးဘာသာသသနာကိုပါ နစ်အောင်ဆွဲချသွားနိုင်တာပါပဲ။

tint said...

တပည့်တော် ဖတ်ဘူးတာ တချို့ တော့ ရှိတယ်ဘုရား
သိပ္ပံမောင်ဝက သူ့ အောက်စ်ဖို့  မှတ်တမ်းမှာ အောက်စဖို့ ဆိုတာ ခရစ်ယန်ဘာသာရေးကျောင်းတွေကနေ တိုးတက်လာတာဘဲ ။ တချိန်မှာ မန္တလေးစာသင်တိုက်ကြီးတွေရော အဲီလို မဖြစ်နိုင်ဘူးလို့  မပြောနိုင်လို့ ရေးခဲ့တာ သတိရမတယ်ဘုရား။ အစပိုင်းမှာ အောက်စဖို့ ဒ်ဟာ လောကီပညာတွေသင်ဘို့  ငြင်းဆန်ခဲ့ လို့  လောကီသိပ္ပံသင်ချင်တဲ့ သူတွေကကင်းဘရစ်ကို ခွဲထောင်ခဲံ့ရတဲ့  သမိုင်းလဲရှိပါတယ်ဘုရား နောက်တော့ ခေတ်အခြေအနေလိုက်ပြီး သင်လာရတာပါဘဲ ။
အနာဂတ်သာသနာရေးဆိုပြီး တောင်မြို့ ဆရာတော်လဲ တော်တော်လေးတော့ ရေးသွား အကြံပေးသွားတာ ဖတ်မိပါတယ်ဘုရား
ခက်တာက တပည့်တော်တို့  လူတွေအနေက သံဃာကို ထောက်ပံ့ရုံလောက်ဘဲ တတ်နိုင်ကြတာပါဘုရား
သံဃာက ဦးဆောင်မှ ပြီးမှာပါဘဲ။
တပည့်တော် သိသလောက်က ဓမ္မစရိယတန်းရဲ့  သင်ရိုးဟာ မဟာဝိဇ္ဖာထက် မနိမ့်ပါဘုရား ။လိုနေတာက ဘာသာစကားနဲ့  အခြေခံဗဟုသုတတချို့ ရယ် ။နောက်အရေးတကြီးလိုနေတာက ဘယ်လိုပြောရပ ။အဲ interactive presentation ဆိုတာ ဆရာသင်တာကို မိမိစကားနဲ့  သူတပါးစိတ်ဝင်စားအောင်နဲ့  မိမိပရိသတ်နဲ့  အပြန်အလှန်အမေးအဖြေလုပ်ပြီး မိမိလိုရာကို သယ်သွားတတ်တဲ့  အလေ့အထပါဘဲဘုရား ။
တပည့်တော် သတိထားကြည့်နေတာက ဗမာပရိသတ်က ဘုန်းကြီးတရားဟောရင်လက်အုပ်လေးချီ အိပ်ငိုက်ပြီး တရားဆုံး သာဓုခေါ်ပြီးသွားပေမဲ့  နိုင်ငံခြားသားကျတော့ သူတို့ ကိုဆွဲဆောင်ချင်ရင် အပြန်အလှန်လေး ဆွေးနွေးမှ သဘောကျတတ်တာကိုပါဘုရား
တပည့်တော် တခါကြိုးစားကြည့်ဘူးတယ်ဘုရား
1 day Buddhism seminar ဆိုပြီး နိုင်ငံခြားသားတွေကို တက်ခိုင်းဘို့ လေ ။
စိတ်ဝင်စားတဲ့ သူနဲတာနဲ့ ပျက်သွားတယ်ဘုရား

tint said...

တပည့်တော်တွေးနေမိတာကြာပြီဘုရား ။ တက်စီသမားတွေလေ။ တက်စီသမားဖြစ်ဘို့ ဆိုတာ ဒီနိုင်ငံမှာ မလွယ်ဘူးဘုရား ။
ဆေးစစ် ၊ ပြီးရင် type 2 license ဆိုတာ ပုံမှန်ထက်ပိုခက်တဲ့  ကားမောင်း လိုင်စင်ဖြေ ။ ပြီးရင်တခါ ပုလိပ်စစ် ၊ ပြီးမှ သက်ဆိုင်ရာမြို့ နယ်မြူနီစပယ်ကလိုင်စင်ချပေးမှ မောင်းရတယ်ဘုရား ။ အဲဒီပါမစ်ကလဲ တနှစ်တခါဘဲ ခံတယ် ။
နောက်တခုက ကာယလေ့ကျင့်းဆေးကုသူ ( physiotherapists ) ဗန္ဒောဆရာ ( complement therapists ) စိတ်ဖြေလျှော့ပညာရှင် ( counsellor ) ဆိုတာတွေလဲ ပါမစ်ရအောင်လဲ ခက် ရလဲ သူတို့  ပါမစ်က တနှစ်တခါလဲနေရတာဘဲဘုရား ။ ဆရာဝန်တွေကတော့ မပြောပါနဲ့  ဘုရား ခုနဘဲ စာလေးတစောင်ဝင်လာတယ် ။ ဒီတနှစ်ထဲမှာ စစ်ဆေးခံရသောဆရာဝန်က ၅၀၀၀ကျော် ။ ခုံရုံးတင်ခံရတာက ၃၀၀ကျော် ။ အရေးယူခံရတာက ၄၁ယောက်တဲ့  ။
တပည့်တော်တွေးနေမိတာက အဲဒီလူတွေမှား မသကာ လူသေ တသက်ဘဲဘုရား ။ တရားပြဆရာမှားရင် တသံသရာလုံးဘဲ
တပည့်တော်တို့ ဆီမှာ ရိပ်သာတွေ တခါမှ စစ်ဆေးတယ်လို့  မကြားမိသေးပါဘုရား
ရိပ်သာတွေကို မဖွင့်ခင် သံဃမဟာနာယကထံ ပါမစ်လေးတင် ။ တနှစ်တခါ စစ်ဆေးပြီး ပါမစ်လေးလဲပေးနိုင်ရင် ကောင်းမှာဘဲနော်ဘုရား ။

ဓမ္မဂင်္ဂါ said...

ဟုတ်ပါ့။
ဆရာဝန်တစ်ယောက်ရယ်
အင်ဂျင်နီယာတစ်ယောက်ရယ်
ထားပါ ကျန်တာတွေထည့်ရင်အများကြီးပေါ့။
မိတ်ဆွေနှစ်ယောက်တွေ့တော့ အင်ဂျင်နီယာက သူငယ်ချင်းဆရာဝန်ကို ပြောပါတယ်။
“ကိုယ့်လူတို့ ဆရာဝန်တွေက လူသတ်လိုင်စင်ရထားသလိုပဲ။ ဆေးထိုးမှားလို့ သေတဲ့မသာတွေ မနည်းတော့ဘူး”တဲ့။
ဆရာဝန်က ပြန်ပြောပါတယ်“ ငါတို့က ဆေးထိုးမှားရင် တစ်ယောက်ချင်းစီပဲ သေမှာ၊ မင်းတို့အင်ဂျင်နီယာတွေမှားရင် အုပ်စုလိုက် ကိစ္စချောတာပဲ” တဲ့။
အင်း သူတို့မှားလို့သေရင် တစ်ဘ၀ပေါ့။
ဓမ္မဆရာမှားရင်တော့ သံသရာမှာပါ အခါခါသေရတော့မှာပဲ။
တရားဟော တရားပြဆိုတာကလည်း လိုင်စင်မလို၊ဆာတီဖစ်ကေ့ထ်မလိုပေဘဲကိုး။
(ဒီအကြောင်းကို “ရာသက်ပန်ဥပါဒန်ယောဂီ”နဲ့ ”အင်း ခက်တာပဲ” ဆိုတဲ့ ဆောင်းပါးများနဲ့ တို့ထိရေးသားခဲ့ပြီးပါပြီ)

ကျောက်တာ said...

ဆရာမော် ...စာဖြေပြီး စိတ်လွတ်လိုက်တာ အွန်လိုင်းကို မရောက်ဖြစ်သလောက်ပဲ။အခု ဘာရယ် မဟုတ် အွန်လိုင်း ဘလော့တွေဆီ ပြန်ရောက်တော့ ဆရာ့ဘလောဂ်လေးတွေ့တယ်။စောစောက နှစ်ခါလောက် လာ ဖတ်လိုက်ပါသေးတယ်။ခင်ဗျား က အိန္ဒိယမှာပဲလား။စောစောက ပြောသံ ကြားတာ စင်္ကာပူ ရောက်သလိုလို ကြားလို့ ဗျ။ကျုပ်လဲ မြန်မာညပည်ကို အခု ၁၄ ရက်နေ့ ပြန်ပြီ။စာမေးပွဲ အောင်ခဲ့ရင် PHDဆိုတာကြီး အတွက် အဲဒီရောက်ဦးမယ် ထင်ပါတယ်။ဆရာမော့် ဆောင်းပါးလေးတွေက ထုံးစံ အတိုင်း ဖတ်မ ငြီးလေးတွေပါ။ရန်ကုန်ရောက်ရင် မြို့မ ကိုလဲ ဝင်ဖြစ်ဦးမယ် ထင်တယ်။ခွေးညို ကြီး ရှိသေးလား မသိပါဘူး။စောစော မတွေ့တော့ အခု မှ ပဲ ဆရာ မော် ဆောင်းပါးတွေ အပြတ်စွဲ သွားတော့မယ်၊ဟိုပြန်ရောက်ရင် ကျုပ်က တော ပြန်မယ့်သူဆိုတော့ အွန်လိုင်းပေါ်လဲ ရောက်ဖို့ မလွယ်တော့ဘူးဗျ။အချိန် ရရင် nweminthit@ကို အပ်လိုက်ပါ။တွေ့ရင် စကားလေး ဘာလေး ပြောရတာပေါ့ဗျာ။ခင်ဗျား သီတဂူ မှာ ပြောတာလေးလဲ ကြည့်ရတယ်ဗျ။ခင်ဗျားက စင်ပေါ် ရောက်သွားပြီ ထင်တယ်။D: ............အောင် မြင်ပါစေဗျာ။နောက်နှစ် စာအောင်လို့ အိန္ဒိယ ရောက်ဖြစ်ရင် ဆုံ ဦးမယ် ထင်တယ်။ကုမုဒ

http://ashinjagara.blogspot.com said...

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်အိပ်မက်ကတော့ ပိုပြီးခိုင်မာလာပါတယ်။သစ်ပင်အောက်မှာတောင် သျှန္တိနိကေတန်တက္ကသိုလ်ကြီးအစပျိုးခဲ့သေးတာပဲ။'''

ဒါလေးဖတ်ရတာ ၀မ်းသာတယ် နောင်ကြီးရေ ...တပည့်တော် ဒေလီက ဇာဂရပါ

ဥာဏ်လင်းထက် said...

ရေးသူကကောင်း post သူကကောင်း ။