25 January, 2010

အဓိပတိလမ်းပေါ်က ရဟန်းတစ်ပါး

(၁)

သစ်ပုတ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊
အဓိပတိလမ်းနှင့် လွမ်းမောဖွယ်ရာမြကျွန်းသာ၊
အင်လျားကန်ဘောင်က ဗူးသီးကြော်။ စောင့်မျှော်နေသောညနေ၊
တက္ကသိုလ်ကျောင်းကငွေလမင်းနှင့်ဂျပ်ဆင်ထိပ်ကလိပ်ပြာ၊
သုံးရာသီဦးချစ်လက်ဘက်ရည်ဆိုင်ကခုံပုလေးများ၊”

စသည်စသည် ဤမည်သောအရာတို့သည်ကား ရိုမန္တိက(Romantic) ဆန်လွန်းလှသောဝေါဟာရများပေ တကား။

တက္ကသိုလ်နေ့ရက်များနှင့်
ချိတ်ဆက်ယှက်နွှယ်
ဆွတ်ပျံ့ဖွယ်အလှ၊
အနုအရွကဗျာ၊
အလင်္ကာဟာသ၊
မေတ္တာသိမ့်သိမ့်၊
ငြိမ့်ငြိမ့်ညောင်းညောင်း၊
ပျောင်းပျော့သောဂီတကို ဖွဲ့နွဲ့ခြင်းတွင် မှော်ဝင်သော ကဝေလက်များက တက္ကသီလာ၏ ဝေ့ပြာမှုံရီသော ပုံရိပ်တို့ကို ညွတ်နူးဖွယ်ရာ ဖန်တီးခဲ့ချေပြီတည့်။


ဝတ္ထုဘုတ်အုပ်တို့ကိုပင် အဟုတ်မှတ်ထင်ကာ လုပ်ဇာတ်များကို ကိုးကွယ်လေ့ရှိတတ်သော ဆယ်ကျော် သက်ရွယ်ရှင်ငယ်လေးတစ်ပါး၏ အိပ်မက်တွင် တက္ကသီလာဟူသည် ကမ္ဘာသစ်ပမာဖြစ်လာချေတော့၏။ ငါသည်လည်း ဤမြကျွန်းသာသို့ ကြွချီအံ့၊ အဓိပတိလမ်းပေါ်တွင် မော်မော်ကြွားကြွား လမ်းသလားပေအံ့ ဟု လက်ခမောင်းခတ်ကာ စာတွေကျက်မှတ်မိသေးတော့၏။ သို့သော် ကမ္ဘာသစ်ကား ခြားလေပြီ။ မြန်မာစာသင် ပုန်းကြီးကိုအခြေတည်၍ မင်္ဂလသုတ်နှင့် နမက္ကာရဘုရားရှိခိုး၊ ပရိတ်ကြီးအမျိုးမျိုးနှင့် သင်ရိုးပိဋကတ်၊ ပထမလတ် ပထမကြီးဟူသော ဆာတီဖီကေ့ထ်(Certificate)တို့သည် မြကျွန်းသာနှင့်မနီး တက္ကသီလာခရီး မဟုတ်ခဲ့လေပြီ။ “ရန်ကုန်ပူရံ မနောရမံ” ဆိုသော်လည်း “တက္ကသီလံ”ကား “အတိဒူရံ” ဖြစ်ခဲ့ချေပြီတကား။

ရှင်ပင်ဖြစ်စေ၊လူပင်ဖြစ်စေ လူငယ်သည် လူငယ်သာဖြစ်၏၊ ထို့ထက်မပို ၊ လောကုတ်ကို မလို။ လောကီကိုသာ ညွတ်ရိုးထုံးစံရှိသတည်း။ ဘဂ၀ါဟိုက်စကူးဟူသည်ကား မသေရာအမြိုက်တူးဖော်ရေးလမ်းတည်းဟု ထိုစဉ်က မသိခဲ့ရိုးအမှန် ၀န်ခံရပေမည်တည့်။ သို့သော် ဘဂ၀ါဟိုက်စကူးမှ ပေါင်းကူးဖြစ်သော သာသနာ့တက္ကသီလာ သို့ကား သူရောက်အောင်သွားခဲ့ပါချေသည်။ စိန်ပန်းကမ္ဗလာတို့ စွေးစွေးနီခဲ့ပါလေသော ထိုတက္ကသီလာ၌ ရိုမန္တိကမြူကင်းသော သင်ရိုးညွှန်းတမ်းများနှင့် ဓမ္မရနံ့ ဓမ္မဂီတတို့တွင် သူပျော်မွေ့နိုင်အောင် ကြိုးစားခဲ့ချေ သည်။ ယထာဘူတကျစွာ တွေးခေါ်တတ်လာပြီဖြစ်သည့် ရဟန်းငယ်တစ်ပါးဘ၀တွင်မူ မြကျွန်းသာကို စာပေ ပြတင်းပေါက်မှသာ ချောင်းကြည့်မိတော့သည်။

သို့သော် တက္ကသီလာကို လွမ်းမောဖွယ်ရာထက် သမိုင်းပြတိုက်ကြီးအဖြစ် မှတ်ထင်စွဲမြဲနေသော တက္ကသိုလ် ကျောင်းသူဟောင်းကြီးတစ်ဦး၏ ဖိတ်ခေါ်လမ်းပြမှုကြောင့် အဓိပတိလမ်းမကြီးပေါ်မှာ ဧည့်သည်တစ်ယောက် အဖြစ်လမ်းလျှောက်ခဲ့ရဖူးလေသည်။ ကျောင်းသူဟောင်းအမျိုးသမီးကြီး၏ တက္ကသီလာနေ့စွဲများကို နားစိုက်ရင်း ဟိုးနှောင်းခေတ်ဆီက တောက်ပခဲ့သော တက္ကသိုလ်အဆောင်ဆောင်အခန်းခန်းများကို ငေးနေမိသေးတော့ သည်။

အော် ဇာတိသွေးဇာတိမာန်နှင့် မြန်မာ့ဦးစွန်းကို မြှင့်ခဲ့ရာ၊ အမျိုးဘာသာသာသနာ၏ သမိုင်းအသစ်ကို ထုဆစ်ခဲ့ရာ တန်ဖိုးကြီးလှသောတက္ကသီလာပေတကား။ ဆယ်ကျော်သက် အရွယ်ဆီက စိတ်ကူးနုနုများကား အတွေးအသားတက်၍ ရင့်ကျက်ဟန်ရှိခဲ့ပြီ။ ပြည့်ဝသော ရင့်ကျက်မှုကား မဟုတ်ချေသေး။ ငယ်စဉ်က လျှောက်လိုခဲ့သော အဓိပတိလမ်းကိုကား အတွေးအမြင်တစ်မျိုးဖြင့် ရိုးရိုးလေးသာ လျှောက်ခဲ့ဖူးလေပြီ။ သို့သော် တဒင်္ဂဖြတ်လျှောက်ခြင်းမျှသာတည်း။

(၂)

မြကျွန်းသာကံ့ကော်တော၏ အဓိပတိလမ်းပေါ်တွင် အတွင်းစည်းမှ လျှောက်ခဲ့ဖူးသောရဟန်းတစ်ပါးတော့ ရှိခဲ့ဖူးပါလေသည်။ တက္ကသိုလ်ခေတ်ဦး(၁၉၃၉ခုနှစ်)ဆီက ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနစာသင်ခန်းတွင် ရဟန်းငယ်တစ်ပါးက တက္ကသိုလ်ကျောင်းတော်သားကြီးအဖြစ် အခြားကျောင်းသူကျောင်းသားများကြားတွင် ထင်းထင်းကြီးရှိနေခဲ့လေသည်။ထိုရဟန်းငယ်သည် တက္ကသီလာမြကျွန်းသာတွင် ပထမဆုံးတက်ရောက်ခွင့်ရ သော ဗုဒ္ဓဘာသာရဟန်းတော်ပင်ဖြစ်ချေသည်။ ထိုအကြောင်းကို ဆရာကြီမြကေတု၏ နှောင်းခေတ်တက္ကသိုလ် ဘ၀မှတ်တမ်းများတွင် ဤသို့ဤပုံလင်းခဲ့ပါ ချေ၏။

“ဤဖြစ်ရပ်သည် ရှေးအခါက မည့်သည့်အခါကမှ မပေါ်ပေါက်သေးသောကိစ္စရပ်မျိုးဖြစ်၍ ထူးထူးကဲကဲ တက္ကသိုလ်သမိုင်းတစ်ရပ်အနေဖြင့် တင်ပြသင့်သည်ဟု ထင်မြင်မိပေသည်။ တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ စသည်တို့ကို ကျောင်းသားအဖြစ်မှတ်ပုံမတင်ပါလေဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်ကြလေကုန်သော ရဟန်းပျိုများကား ရှိခဲ့ဖူးပါသည်။ သို့သော် ရဟန်းဝတ်ဖြင့် ကျောင်းသူကျောင်းသားများနှင့်အတူ နေ့ကျောင်း တက်ကာ ၀ိဇ္ဇာအောင်ပန်းကို ဆွတ်လှမ်းပန်ဆင်သွားသော ရဟန်းပျိုကိုကား ကျွန်ုပ်၏ သမိုင်းတွင် မြှုတ်နှံဖုံး ကွယ်ထားမရစကောင်းပါပေ၊ ယင်းရဟန်းပုဂ္ဂိုလ်ကား ရှင်ကေလာသဖြစ်ပါသည်။”

ဆရာကြီးမြကေတုက ရှင်ကေလာသ၏ တက္ကသီလာရောက်မလာမီအခြေအနေကို ရှင်းပြခဲ့သေးသည်။ ရှင်ကေလာသ၏ဖခင်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ မူလတန်းကျောင်းအုပ်ဆရာကြီးဆရာဒိုင်ဖြစ်သည်။ မိခင်က ပစ္စည်းဥစ္စာအနည်းငယ်ပြည့်စုံသည့် ထားဝယ်သူဒေါ်မေခင်ဖြစ်သည်။ ရှင်ကေလာသအလောင်းအလျာလေး မန္တလေးကယ်လီဟိုက်စကူးကျောင်းတွင် (၉)တန်းတက်နေစဉ် ဆရာစံအရေးတော်ပုံကြီးနှင့် ကြုံရသည်။ ရှင်ကေလသ၏ ဖခင်အား ဆရာစံနှင့် ရင်းနှီးကျွမ်းဝင်သူဟု အထင်ရှိ၍ သာယာဝတီထောင်တွင် ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်ကြာမှ လွတ်မြောက်လာသည်။ ထောင်မှလွတ်သောအခါ မန္တလေးတွင် စာသင်နေသည့် သားကို ခေါ်ကာ မိခင်ရှိရာထားဝယ်သို့ သွားရောက်၍ မိသားစုလိုက် သာသနာ့ဘောင်ဝင် ရောက်ကြသည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ တစ်ဝါဆိုပြီးသော် ဖခင်ရဟန်းပျံလွန်တော်မူသည်။ ထို့နောက် ရှင်ကေလာသသည် သီလရှင်ဝတ်နေသောမိခင်ကိုခွင့်တောင်းကာ မိခင်ကြီးလှူဒါန်းလိုက်သော ၀တ္ထုငွေကြေးဖြင့် သီရိလင်္ကာသို့ စွယ်တော်ဘုရားဖူးထွက်ခဲ့ပါလေသည်။

စွယ်တော်ဖူးသွားလေမှ သီရိလင်္ကာရဟန်းတို့၏ ပညာရေးနိုးကြားတက်ကြွမှုကို ရှင်ကေလာသမြင်ဟန်တူ ပါသည်။ တစ်ပိုင်းတစ်စ ပညာရေးစီးကြောင်းကို ပြန်ဖောက်ရန် အကြံဖြစ်ကာ အိန္ဒိယတစ်ဘက်ကမ်းသို့ ကူး၍ ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့် မက်ထရစ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာတွင် လက်တားစ် လေးခု ဖြင့် ထူးထူးကဲကဲ အောင်မြင်ခဲ့ပါလေသည်။ လက်တားစ်ဟူသည် ဂုဏ်ထူးမှတ်နှင့် ညီမျှသည် ဟူ၏။

ရှင်ကေလာသကား ယူနီဗာစီတီကျောင်းတော်သားကြီးဖြစ်ခွင့်ရရန်လမ်းပွင့်ခဲ့ချေပြီ။ ရှင်ကေလာသအိပ်မက်တွင် ကာလက္တားတက္ကသိုလ်ကို ရဟန်းဝတ်ဖြင့်ပင် ဆက်လက်တက်ရောက်ကာ ၀ိဇ္ဇာဘွဲ့ကို ဆွတ်ခူးချေမည်။ ၀ိဇ္ဇာ ဘွဲ့ရှင်ဖြစ်သည့်ကာလ ပညာပြည့်ဝသည်တွင်တော့ ဥရောပနှင့် အနောက်နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင်ကြွ ရောက်၍ ဓမ္မလမ်းဖောက်ချေမည်၊ အိပ်မက်သည် အိပ်မက်သာလျှင်ကတည်း။ ရှင်ကေလာသအိပ်မက် မက်နေ စဉ်မှာပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သည့်အတွက် ၀ိဇ္ဇာတန်းအပိုဘာသာရပ်ကို (မိခင်ဘာသာ) မြန်မာဘာသာဖြင့် ယူခွင့်မရှိတော့။ အစိမ်းသက်သက်ဖြစ်သော ဟိန္ဒီ၊အူရဒူ၊ ဘင်္ဂါလီဘာသာ တစ်ခုခုကို ရယူမှသာ ကျောင်းတက်ခွင့်၊စာမေးပွဲဖြေဆိုခွင့်ရပေမည်။ထိုသို့ဖြင့် ရှင်ကေလာသသည် ၀ိဇ္ဇာဘွဲ့နှင့် အနောက် တိုင်းသာသနာပြုအိပ်မက်များကို ထုပ်ပိုးသိမ်းဆည်းကာ အမိမြေသို့ ဆုတ်ခွာခဲ့ရလေတော့သည်။

ကံကောင်းထောက်မစွာပင် ရှင်ကေလာသ မြန်မာမြေပေါ်သို့ ခြေချလိုက်သည့်အချိန်သည် ဗိုလ်အောင်ကျော် အရေးအခင်းနှင့်ကျောင်းသားသပိတ်ကြီးပြီးစ၊ ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး အဖြစ်မြန်မာအမျိုးသား ဆရာကြီး ဦးဖေမောင်တင်ကို အဦးအစခန့်ထားအပ်သည့် အချိန်ဖြစ်သတည်း။ မြန်မာကျောင်းအုပ်ကြီးအုပ်ချုပ် နေသည့် တက္ကသိုလ်တွင် မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် ရှင်ကေလာသအနေဖြင့် ကျောင်းတက်ရောက် ခွင့်ရရေး စဉ်းစားမိတော့သည်။

သို့နှင့် ၁၉၃၉ ခု၏ ဇွန်လပိုင်း နေ့တစ်နေ့တွင် ကျောင်းအုပ်ကြီးရုံးခန်းသို့ ရှင်ကေလာသ ရောက်လာ ခဲ့လေသည်။ ခရစ်ယာန်ဘာသာဝင်မြန်မာအမျိုးသားကြီးတစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင်ကား ဗုဒ္ဓ ဘာသာရဟန်းတော်အရှင်ကေလာသကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အသိဉာဏ်ငတ်မွတ်ဆာလောင်မှုနှင့် သာသနာပြုအိပ်မက်အထုပ်အပိုးလေးလံလှသော ရှင်ကေလာသ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်လည်း ဆုံးဖြတ် ခဲ့ပါသည်။ ရှင်ကေလာသအား ကျောင်းတက်ခွင့်လျှောက်လွှာတင်သွင်းရန်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ခံ တင်သွင်းပေးမည်ဖြစ်ကြောင်း ရဲရဲကြီးကတိပေးခဲ့ပါလေသည်။

ရဟန်းတော်တစ်ပါးအား တက္ကသိုလ်တက်ခွင့်ပေးရေးအတွက် ဆရာကြီးဦးဖေမောင်တင်၏ အတွေးအမြင်နှင့် ကူညီပံ့ပိုးမှုကို ဆရာကြီးမြကေတုက ဤသို့ ရေးသားထားလေသည်။

ကျောင်းအုပ်ကြီးသည် စဉ်းစားမိသည်၊ ရှေးအခါက မြန်မာပြည်တွင် အခြေခံပညာသည် ဘုန်းတော်ကြီး ကျောင်းများက စတင်အခြေခံလျက် ဘုန်းတော်ကြီးများကသာ စာသင်ကြားပေးကြသည်၊ ယခုတိုင်အောင်လည်း တောရွာများတွင် မြန်မာကလေးငယ်များသည် ဘုန်းကြီးကျောင်းများ၌သာလျှင် စာပေအခြေခံ သင်ကြားနေရပေ သေးသည်။ ရှေးအခါက လူပုဂ္ဂိုလ်များတည်ထောာင်ထားသည့် ကျောင်းဟူ၍ မရှိခဲ့ပေ။ အနောက်နိုင်ငံများ၌ လည်း ထို့အတူပင်၊ ရှေးအခါက အောက်စဖို့ဒ်တက္ကသိုလ်သည်ပင်လျှင် ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားလာခဲ့ရာမှ ယခုအခါ နာမည်ကျော်တက္ကသိုလ်ကြီးဖြစ်လာခဲ့သည်။ ရှေးအခါက ယင်းတက္ကသိုလ်က ဘုန်းတော်ကြီးများဝတ်ဆင်သည့် ၀တ်ရုံသည်ပင်လျှင် ယခုအခါ ဘွဲ့နှင်းသဘင်များ၌ (ဘုန်းကြီးများ၏ အစဉ်အလာဝတ်ရုံကိုပင်) ဘွဲ့နှင်းဝတ်ရုံအဖြစ်အသုံးပြုနေကြသည်။ ”

“ဤမျှ ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များက တည်ထောင်ထားသောကျောင်းတွင် ပညာရှာမှီးလိုသော ရဟန်းပုဂ္ဂိုလ်တစ်ပါးကို ပညာသင်ခွင့်မပေးနိုင်ဟု ငြင်းဆိုလိုက်ပါက လွန်စွာ အမြင်ကျဉ်းမြောင်းရာ ရောက်မည့်အပြင် တွက်ကတ်ရာလည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် အစွမ်းကုန်ကြိုးစား၍ ရှင်ကေလာသအား ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်နိုင်အောင် ဆောင်ရွက်ပေးလိုက်လေသည်။”

တွေးတတ်ပါပေစွ။ မြင်တတ်ပါပေစွ၊ ရှုခင်းရှုကွက်ကျယ်ဝန်းလှပေစွ။ ထိုသို့ဖြင့် ရှင်ကေလာသ ရန်ကုန် တက္ကသိုလ်၏ အဦးအစကျောင်း တော်သားရဟန်းဖြစ်ခွင့်ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ အစပြုကာ ကျောင်းတက်ခွင့်ရရှိခဲ့ပြီး အခြားကျောင်းသူကျောင်းသားများနှင့်အတူ သင်တန်းများပုံမှန်တက် ရောက်ခဲ့ပါလေတော့သည်။ တက္ကသိုလ်ပညာရေးကို ဆည်းပူးနေစဉ်မှာပင် ဒုတိယကမ္ဘာစစ်မီးလျှံက တောက် လောင်လာခဲ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့များကြားတွင်ပင် ရှင်ကေလာသ ၀ိဇ္ဇာတန်းအောင်ခဲ့သည်။

စစ်ကြီးပြီးသည့်အခါမှာတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ကာ မဟာဝိဇ္ဇာ ဘွဲ့ကို ဆွတ်ခူးခဲ့ပြန်သည်။ ရှင်ကေလာသကား ဤမျှဖြင့် ပညာရေးအဆာမပြေသေး၊ အနောက်တိုင်း သို့ပြေးလွှားလှည့်လည်ကာ သာသနာလည်းပြု ပညာလည်း စုခဲ့ပါချေသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဆောဗွန်းတက္ကသိုလ်မှ M.A.M.F ဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြန်ပါသည်။ ရှင်ကေလာသ ပြည်တော်ဝင် ခရီးမှာတော့ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်းခံရပါလေသည်။


(၃)

ယခုအခါ ကျောင်းအုပ်ကြီးအရှင်ကေလာသသည်လည်း ဂျပန်နိုင်ငံတွင် လွန်တော်မူခဲ့ပြီဟု သိရသည်။
ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓတက္ကသိုလ်သည်လည်း ခေတ်စနစ်အမျိုးမျိုးပြောင်းလဲမှု အောက်တွင် မှုန်ဝါး ပျောက်ကွယ်သွားလေပြီ။ သို့သော် ယနေ့ခေတ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်နှင့်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့၏ရှေ့ပြေးတက္ကသိုလ်ဖြစ်ခဲ့လေသည်။

ထိုဗုဒ္ဓတက္ကသိုလ်မရှိတော့သော်လည်း ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်သားဟောင်းကြီးများကတော့ မျက်မှောက် ခေတ်သာသနာတော်၏ ရှေ့တန်းစာမျက်နှာတွင် ရွှေရောင်ကမ္ဗည်းထိုးခံကြရမည့်ပုဂ္ဂိုလ်များအဖြစ် ဖြတ်သန်းနိုင် ခဲ့ကြပြီ။သီတဂူဆရာတော်အရှင်ဉာဏိဿရ၊အင်္ဂလန်နိုင်ငံဘာမင်ဂန်ဆရာတော် ဒေါက်တာရေ၀တဓမ္မ၊ ဓမ္မဒူတ ဆရာတော်အရှင်ပညာဇောတ၊ ဖားအောက်တောရ ဆရာတော် အရှင်အာစိဏ္ဏ၊ တစ်ဘ၀သာသနာ ကျမ်းပြု မိုးကုတ်ကမ္မဋ္ဌာနာစရိယဆရာတော်အရှင်ဃောသိတစသောပုဂ္ဂိုလ်မြတ်တို့သည် ဗုဒ္ဓတက္ကသိုလ်ဆင်းများဖြစ် ကြသည်ဟု မှတ်သားရပေ၏။

အော် အဓိပတိလမ်းပေါ် လျှောက်ခဲ့ဖူးလေသည့် ခြေလှမ်းများ၏ အလျားအနံ အကျဉ်းအကျယ်ကား မည်သို့ရှိခဲ့ လေသနည်း။


3 comments:

nay said...

လာသွားပါတယ်ဘုရား...

Ashin Kumara said...

ရန်ကုန် တက္ကသိုလ် ကို .. ရှေးယခင်က ရန်ကုန်တက္ကသိုလ် ကျောင်းတိုက် ဟု ခေါ်တွင်ကြောင်း..ကိုပဲ အောင်သင်း ရဲ့ စာအုပ် တစ်အုပ် မှာ ဖတ်ဖူးပါတယ်။


မသိမရှိ ရသေးတဲ့ . အခု လို သမိုင်းအချက်အလက်ကို
ရေးသား ဖေါ်ထုတ် ပေးတဲ့အတွက် အထူးကျေးဇူး တင်ပါတယ်ဘုရား။

အရှင်လောကပါလ said...

စိတ်ဝင်စားစရာ သမိုင်းအချက်အလက်နဲ့ လှပတဲ့ တင်ပြပုံအတွက် ချီးကျူးမိပါတယ်