14 February, 2013

ရဟန်းနှင့် ဗယ်လင်တိုင်းဝဋ်


ရဟန်းနှင့် ဗယ်လင်တိုင်းဝဋ်

by Dhamma Ganga on Thursday, February 14, 2013 at 4:13pm ·

 'မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
'တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ရံတစ်ဆစ်မျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

ထို့ကြောင့် (လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ) ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့ 'ဂန္ထ' တို့ မရှိကြကုန်။
ဗုဒ္ဓ
(ဓမ္မပဒပါဠိတော်၊ပိယ၀ဂ်၊တယောဇနပဗ္ဗဇိတဝတ္ထု...မှ...)

နံနက်ခင်းတံခါးချပ်များကို တွန်းဖွင့်လိုက်သည်နှင့် နှင်းဆီပန်းခင်းကြီးတစ်ခုလုံးတင်ဆောင်လာသော ချောကလက်လှေကြီးတစ်စီး ဖြတ်မောင်းသွားသည်ကို မြင်လိုက်ရသည်..။ ဂျက်ခ်စ်ဖီလ်မ်စ်၏ သီချင်းအပိုင်းအစများက သူ့အခန်းလေးရှေ့တွင် ပဲ့ကျန်မွကြေနေကြ၏။


“If you find yourself alone on Valentine's Day,
No box of chocolates to open, no roses in your vase or vase.
If you find yourself alone on Valentine's Day,Just remember,
Cupid's arrow is on its way.”

“ဗယ်လင်တိုင်းနေ့မှာ မင်းတစ်ကိုယ်တည်း အထီးကျန်နေမယ်ဆိုရင်...
 ချောကလက်ဗူးလည်း ဖွင့်စရာမရှိဖြစ်နေမယ် ဆိုရင်....
ပန်းအိုးထဲမှာ နှင်းဆီပန်းတွေလည်း ရှိမနေဘူးဆိုရင်...
သတိရလိုက်ပါကွယ်..။
ကျူးပစ်ရဲ့ မြားဟာ လမ်းခုလတ်မှာ ရောက်နေပါပြီကွယ်...။”

ချစ်သူများနေ့ဆိုပါလား..။
တဏှာပေမမြစ်ဖျားမှ စီးလာနိုင်သည့် ရိုမန္တိကနာရီများက ရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ခိုကပ်ခွင့်မရှိ..။ 

သို့ဆိုသော်  ရဟန်းတစ်ပါးအတွက် ဗြဟ္မစိုရ်မေတ္တာအရည်ရွှမ်းသောချစ်သူများနေ့သည် ဖေဖော်ဝါရီလ ၁၄ ရက်မျှ မဟုတ်ပြီ...။ 
၂၄ နာရီချစ်သူများ....၁၂ ရာသီချစ်သူများ......။ 
ပွားများချဲ့ထွင်နိုင်သလောက် ကျယ်ပြန့်စေနိုင်သော မေတ္တာနိုင်ငံတော်..မေတ္တာကမ္ဘာ...မေတ္တစကြာဝဠာ......
ဗြဟ္မစိုရ်ချစ်ခြင်းမေတ္တာဖြင့်
ကမ္ဘာမြေ စိမ်းလန်းပါစေ..။
ကမ္ဘာရေ စီးဆင်းပါစေ..
ကမ္ဘာလေ လတ်ဆတ်ပါစေ...။
မျက်နှာသစ်ရင်း သူ မေတ္တာပို့လိုက်သည်..။ 
ဤသို့ဖြင့် ရဟန်းတစ်ပါး၏ ကျောင်းသင်္ခန်းပရိဝုဏ်သည် ဗြဟ္မစိုရ်နေ့များစွာဖြင့် စိမ်းလန်းခဲ့ပါသည်။ 

အရုဏ်နံနက်စာပြီးသည်နှင့် အွန်လိုင်းစာမျက်နှာအချို့ကို ကလစ်မိသည်..။
ချစ်ခြင်းမေတ္တာဖြင့် ကမ္ဘာမြေကို ငြိမ်းချမ်းစွာ ရွေ့လျားစေသူများနှင့် အမုန်းဒေါသနှင့် အာဃာတလက်ကြမ်းကြီးများဖြင့် ကမ္ဘာ့နံရံများကို ထုခွဲတွန်းဖြိုနေသူများကြား သူ စိတ်ချွေးထွက်နေသည်...။ 
ထို့နောက် အမှတ်မထင် အိပ်ရာဘေးရှိ ဒိုင်ယာရီအဟောင်းလေးကို ဖွင့်ဖတ်မိသည်..။
၂၀၀၆ ခုနှစ်က ဒီနေ့မှာ ဘာတွေများ ရေးခြစ်မိပါလိမ့်...။

“အတ္တဆိုသည်မှာ ဘာတွေထည့်ထားမှန်းမသိဘဲ လွယ်ပိုးထားရသည့် ကျောပိုးအိတ်တစ်လုံးပဲဖြစ်လိမ့်မည်..။
ဘယ်တော့မှလည်း ဖွင့်ကြည့်ရန် စိတ်မ၀င်စားခဲ့ကြ..။ သို့သော် တပ်မက်စွာ....။
အရိယာပုဂ္ဂိုလ်မွန်များကတော့ ပြတ်သားစွာ ဖွင့်ကြည့်ခဲ့ကြသည်။ အနတ္တအမှိုက်များကိုသာ တွေ့သွားခဲ့ကြလေသည် တဲ့..။ 
ကိုယ်တိုင်ကရော....။
အတ္တထဲမှာ အတ္တတွေကိုပဲ ထိုးထိုးထောင်ထောင်...။
ငါရှိနေကြောင်း ကမ္ဘာမြေကြီးအသိအမှတ်ပြုပေးပါ...။
သည်လိုဥမ္မတ္တကောနှင့် နှစ်သုံးဆယ်....။ 
သည်နေ့ဟာ ကမ္ဘာ့ချစ်သူများနေ့ဆိုပဲ...။
 သည်နေ့မှမဟုတ်၊နေ့တိုင်း ငါ့ချစ်သူများနေ့ပဲ ဖြစ်ရမယ် တဲ့..။
ကမ္ဘာမြေဟာ ငါ့ချစ်သူတွေရဲ့  နေရာ .......
စိုက်ပျိုးကြစို့......”

သူ့အခန်းရှေ့ကို အမှတ်မထင်ငေးကြည့်မိတော့ မနက်ခင်းဆီက ဖြတ်မောင်းသွားသော နှင်းဆီတင် ချောကလက်လှေကြီး သူ့ဆီ တည့်တည့်မတ်မတ် ထိုးဆိုက်လာလေသည်..။


ဓမ္မဂင်္ဂါ
(၂၀၁၃ ဖေဖော်ဝါရီလ (၁၄)ရက်)

No comments: