18 April, 2010

တစ်ကျော့ပြန်ရာသက်ပန်ဥပါဒါန်ယောဂီ


သင်္ကြန်တော်အပြီးမှာ ရိပ်သာအသီးသီးက ထွက်လာတဲ့ ဘလော့မိတ်ဆွေများ၊ဘလော့ပရိသတ်များအတွက် ရေးခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်။

ရာသက်ပန်ဥပါဒါန်ယောဂီ
ညနေချမ်းတစ်ခုမှာပါ၊ သာသနာနဲ့စပ်လို့တော်ရတဲ့ မယ်တော်တစ်ယောက်က ရိပ်သာတရားစခန်းဝင်မှာမို့ လာနှုတ်ဆက်ကန်တော့ပါတယ်။ တရားအလုပ်လုပ်မှာဆိုတော့ သာဓုခေါ်ရပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်လေးတစ်ခုကလည်း ၀င်လာလို့ စကားလေးတစ်ခွန်းတော့ ပါးလိုက်ရပါသေးတယ်။

ချွတ်ဖို့သွားတဲ့ ဥပါဒါန်ဝတ်စုံအဟောင်းကြီးပေါ်မှာ
ဥပါဒါန်ဝတ်စုံအသစ်တစ်ထည်
ထပ်ဝတ်မလာခဲ့ဖို့ပါ။
ဥပါဒါန်ဆိုတာကိုတော့စွဲလမ်းမှု လို့ရင်းနှီးနေကြမှာပါ။ပဋိစ္စသမုပ္ပါဒ်ဒေသနာကတော့
မျက်နှာမလိုက်ပါဘူး၊
ဥပါဒါနပစ္စယာ ဘဝေါ လို့ ခပ်စပ်စပ်လေးပဲ
ဟောထားပါတယ်။

ဘ၀ကို ကိုယ်က ရွေးနိုင်ရင်တော့ အရတော်မှာပါ။ ဘ၀က ကိုယ့်ကို
ရွေးလိုက်ရင်တော့ မတွေးရဲစရာဖြစ်တတ်ပါတယ်။
ဒါကြောင့်ပဲ မယ်တော်ကြီးကို စကားပြောမိတော့တာပါ။
ပြီးတော့ ကိုယ့်ရင်ဘတ်ကိုလည်း ကိုယ်တိုင်ပွတ်သပ်ရပါသေးတယ်။

ပထမဆုံးအကြိမ်ဝင်မယ့်တရားစခန်းဆိုတော့ မယ်တော်ကြီးအတွက် အချိန်မီဦးမယ်ထင်ပါတယ်။ ရာသက်ပန်----ယောဂီဆိုတဲ့
ရင်ထိုးလေးတစ်ခု ချိတ်ဆွဲထားပြီးရင်တော့ ရာသက်ပန်ဥပါဒါန်ယောဂီဖြစ်ရှာတော့မှာပါ။

ဒီနေခေတ်ဟာ ကမ္မဌာန်းဆရာတွေအလိုအရ ၀ိမုတ္တိယုဂခေတ်ကြီးလို့ဆိုပါတယ်။
သံသရာကို ကြောက်ရွံ့ထိတ်လန့်စွာ ကပ်ငြိနေတဲ့ ဥပါဒါန်တွေ ဆွဲခွာချွတ်ပုံပြီး
အမတမုခ်ဦးဆီ လွတ်လွတ်ကျွတ်ကျွတ် ဦးတည်ထွက်ခွာကြမယ့် ယောဂီတွေရဲ့
ခြေသံတွေကို ကမ္ဘာ့နေရာအနှံ့မှာ ကြားနေရပါတယ်။

အလုပ်ကြီးအကိုင်ကြီးလုပ်ပြီဆိုရင်တော့ မိတ်ကောင်းဆွေကောင်းက အမှန်လိုအပ်ပါတယ်။ ပါဠိဘာသာနဲ့တော့ သပ္ပုရိသူပနိဿယ ပါ။ အညွှန်းမှားရင် ပန်းတိုင်က ဝေးတတ်ပါတယ်။ ဗုဒ္ဓအရှင်ကတော့ ဓမ္မနဲ့ ၀ိနယရယ်လို့ပဲ သာသနာ့အမွေချန်ခဲ့တာပါ။
သာဝကတွေ ဥာဏ်ကွန့် ဥာဏ်လွန့်ကြတာနဲ့ပဲ အရှင်မြတ်ရဲ့ ဓမ္မ ၀ိနယဟာ ဆိုင်းဘုတ်တွေ
အမျိုးမျိုးအောက်မှာ အရောင်အသွေး ကွဲကွဲပြားပြားဖြစ်သွားရရှာတာပါ။
နှစ်ပေါင်းကလည်း နှစ်ဆယ့်ငါးရာစုကျော်ပြီးကိုး။
ကိုယ့်ဆိုင်းဘုတ်ကို စွဲစွဲလမ်းလမ်း ဖက်တွယ်ကြ ကာကွယ်ကြရင်း စီးရမယ့် ဖောင်ကို ပုခုံးထက်မှာ ထမ်းမိရက်သားဖြစ်သွားရတာပါ။ ဒီလိုနဲ့ ကမ်းတွေ ဝေးခဲ့ကြပါတယ်။

ရွှေပြည်ကြီးကတော့ ထေရ၀ါဒဆိုင်းဘုတ်အောက်မှာ ခိုင်ခိုင်မာကြီးကို ရပ်မိနေတာပါ။
လောကသဘောအရ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း၊ ဘုရားရှင့်တပည့်အရင်းအချာတွေ
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အတိုင်း ဖြူဖြူစင်စင် ကိုးကွယ်ခွင့်ရနေတာမို့ ဂုဏ်ယူစရာကြီးပါ။
ဒါပေမယ့် တစ်ဘက်ကမ်းသွားမယ်ဆိုရင်တော့ ထမ်းထားလို့မဖြစ်ပါဘူး။ စီးကြရမှာပါ။

ထေရ၀ါဒဆိုင်းဘုတ်အောက်မှာပဲ လက်ညှိုးညွှန်ဆိုင်းဘုတ်သေးသေးလေးတွေ ထပ်ထပ်ညွှန်းကြတာ ဒီနေ့ တွေ့တွေ့လာပါတယ်။ ထေရ၀ါဒချင်းတော့ တူပါတယ်။
ငါ့လိုတော့ နည်းမမှန်သေးဆိုတာမျိုးပါ။
ဒီကြားထဲ ငါတော်၊သူရှော် တရားဟောဆရာတွေ ထွန်းကားလာတာလည်း
ထိတ်ထိတ်ပြာပြာဖြစ်စရာပါ။ စာလို ပေလိုတော့ အတ္တုက္ကံသန၊ ပရ၀မ္ဘန
ဝါဒီတွေပေါ့လေ။ ဘာသာခြားတွေကြား မျက်နှာပူစရာကြီးပါ။

တစ်နေ့မှာတော့ ဓမ္မကထိကများညီလာခံ၊ကမ္မဌာန်းဆရာများမျက်နှာစုံညီအစည်းအဝေးကြီးဆိုတာမျိုးတွေ ပေါ်လာရင် ကောင်းမှာပါ။ဓမ္မကထိကဖြစ်ဖို့ ကမ္မဌာန်းဆရာဖြစ်ဖို့ဆိုတာကလည်း
ဆာတီဖိကေ့ထ်တွေ ဘာတွေမှ မလိုအပ်ဘဲကိုး။
စာတတ်ဖို့ မလိုဘူးလို့ ဟောတဲ့ပုဂ္ဂိုလ်သူမြတ်တွေကလည်း ဟောကြလေတော့ ကျောင်းကကိုရင်လေးတွေ စာကျက်ချင်အောင် ဘယ်လိုများ တို့ပေးထောင်ပေးရပါ့။
ပရိယတ္တိသည်သာ သာသနာ့ အမြစ်၊ သာသနာ့အသက်လို့ ကြွေးကြော်ခဲ့သမျှရှင်မဟာကဿပကိုယ်တော်ကြီးတို့
ရှင်အာနန္ဒာကိုယ်တော်ကြီးတို့ ရှင်ဥပါလိကိုယ်တော်ကြီးတို့ဘုရား
ဘယ်နှယ်လုပ်ကြရမတုန်း မိန့်တော်မူကြပါဦးဖျာ့
(ဇာတ်သံနှောလျက် ငိုချင်းကို
သောလိုက်ရန်။ နှဲသံရှည်ရှည် ထည့်)


အို ယောဂီဘယ်လမ်းလိုက်ရပါ့။ ငါ ငါ့မိသားစုအစွဲတွေက ပူလောင်လွန်းလို့ ရိပ်သာကို ပြေးမိပါတယ်။
အေးစေလိုလို့ တရားနာ ပူဇာစ ဟော ဆိုတာလို ပုဂ္ဂိုလ်အစွဲ၊ တရားအစွဲ ၊
ဆိုင်းဘုတ်အစွဲတွေနဲ့ ထပ်ငြိဦးမှာကို စိုးရိမ်မိတာပါ။

အေးချင်လို့ရေချိုးတာတော့ ချိုးပေါ့။ ပြီးရင်တော့ ရေစင်အောင် သုတ်ပါမှ ။
ရေမစင်ရင်တော့
နှာစေးအအေးမိတတ်ပါသေးတယ်။
ရိပ်သာမ၀င်မီက သံဃာဆိုတိုင်း ကြည်ကြည်မြမြ လက်အုပ်ချီတတ်ပေမယ့်။ တရားဆိုရင်လည်း ဘယ်ဓမ္မကထိကပဲဟောဟော (တရားသာစစ်ပါစေ) ယုံယုံရဲရဲ နာယူတတ်ပေမယ့်
……။
တစ်ခါဆို တစ်ခါဝင်မိတဲ့ ရိပ်သာကလည်း
ရာသက်ပန်----ယောဂီရင်ထိုးလေး ချိတ်ပေးလိုက်ပြန်တော့။


ကဲမယ်တော်ကြီးရေသွားမယ့်ရိပ်သာကို
ဖြောင့်ဖြောင့်သာ သွားပါလေ။
ကံအဆင့်ဆင့် ဥာဏ်အဆင့်အဆင့် မြင့်သည်ထက်
မြင့်ပါစေ။
ဥပါဒါန်ခွာချပေးမယ့် ဆရာကောင်းနဲ့လည်း တွေ့ပါစေ ။


ဓမ္မဂင်္ဂါ

7 comments:

မော်ကွန်းသစ် said...

တစ်ကျော့ပြန် ပတ်ပတ်စက်စက် ပြန်ဖတ်လိုက်ပါတယ်ဒိလိုမျိုးလေးတွေ အသစ်ဆိုရင်ကောင်းမယ်။

Crystal said...

ဟောင်းပေမယ့်လည်း ကောင်းနေဆဲ။ သာဓုပါဘုရား။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အင်း..အသစ်တွေ ဘယ်လိုကောင်းကောင်း အချိန်အခါအလိုက်.. အဟောင်းလေးတွေကလဲ ကောင်းမြဲကောင်းလျှက်ပါ ဘုရား..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

sky said...

အင်း... ငါလဲ ဓမ္မဂင်္ဂါဆိုတဲ့ ဥပါဒါန်ဘလော့ကြီး ဆွဲခြုံမိနေဘီကိုး........

မမင်း said...

တစ်ဘက်ကမ်းသွားမယ်ဆိုရင်တော့ ထမ်းထားလို့မဖြစ်ပါဘူး။ စီးကြရမှာပါ။
ပို့စ်တစ်ခုလုံးက သတိပြု၊ မှတ်သား၊ လိုက်နာစရာ... အနှစ်အသားတွေ ပြည့်နှက်နေပါတယ်။ ဒီနေရာလေး... ကြက်သီးတောင်ထမိလို့ပါ ဘုန်းဘုန်း။ တစ်ကယ် ကျေးဇူးများတဲ့ အပြင် တင်ပြပုံကလည်း ပီပြင်လှပါတယ်။

ဇွန်မ said...

ဖတ်ခွင့်ရတာမို့ ကျေးဇူးပါဘုရား။ သာဓု ၃ကြိမ် ခေါ်ပါတယ်ဘုရား။

thura said...

ကေါင်းပါကြောင်းလျှောက်ထားပါစေ။