ဘုရားရှင်ရဲ့ ဆောင်း
-------------
(၁)
ဆောင်းကား အေးဘိ၏။ လေကား သွေးဘိ၏။ အေးစွ သွေးစွ ကွေးရပါဘိလေ...။ ကျောင်းသင်္ခန်းလေးက ကျဉ်းသည်နှင့်အမျှ လေတွင်းက နက်လေသည်မို့ ကြမ်းကြားလေတိုး တိတ်တခိုးလွမ်း တုန်ခိုက်အောင် ချမ်းလှပေသော ရန်ကုန်ဆောင်း၊ လှိုင်သာယာဆောင်း၊ ရွှေလင်ဗန်းစက်မှုဇုံဆောင်း၊အနောရထာလမ်းဆောင်း၊ ဖုန်းနံပါတ် ၄၄၈၀၀====၁ ဆောင်း၊ ဓမ္မဂင်္ဂါကောလိပ်ကျောင်းတော်ကြီး၏ အနမတဂ္ဂသံသရာဆောင်းပေတကား..။
မည်သို့ဆိုစေ ဂန္ဓာလရာဇ်စောင်ပါးပါးလေးနှစ်ထည်ခန့် ထပ်ခြုံခွင့်ရှိသော၊ကျောင်းသင်္ခန်းတည်းဟူသော အမိုးအကာအမှီအခိုရှိသော ရဟန်းတစ်ပါးအနေဖြင့် အဘယ့်ကြောင့် ငြိးတွားမြည်တမ်း၊ ကံဆိုးသူမောင်ရှင်ကိုမှ လောကဓံကြမ်းလေဟန် ဖန်တီးနေရဘိသနည်း...။
အကယ်ဆိုသော် မဇ္ဈိမဆောင်းနံနက်ခင်ဆီက လွင်တီခေါင်ကွင်းပြင်ကျယ်တွင် အတွယ်အတာမဲ့စွာ သီတင်းသုံးတော်မူရှာသော ဘုရားရှင်ကို အားနာသင့်လှတော့သည်..။
(၂)
ဗုဒ္ဓအရှင်က အာဠ၀ီပြည် လှည်းလမ်းမတစ်နေရာ ၊ ယင်းတိုက်တော၏ သစ်ရွက်ခင်းတစ်ခုတွင် ထိုင်နေတော်မူသည်။
တပိုတွဲနှင့် တပေါင်းလကြား၊ ရှစ်ရက်အတွင်းကာလမို့ အေးခိုက်နေသည်။ နံနက်ခင်း လမ်းလျှောက်ထွက်လာသော ဟတ္ထက အာဠ၀ကမင်းသားက ဘုရားရှင်ကို မြင်သွားသည်။
ဘုရားရှင်နှင့် မင်းသားတို့၏ ဒိုင်ယာလော့ခ်ချမ်းချမ်းလေးက ပိဋကတ်စာမျက်နှာတွင် မြူနှင်းဝေနေဆဲ...။
“အရှင်ဘုရား ချမ်းသာစွာ ကျိန်းစက်ပျော်ပါရဲ့လား..။”
“ပျော်ပါသော်ကော မင်းသားရယ်..။ ဒီလောကမှာ ချမ်းသာစွာ အိပ်စက်ပျော်သူတွေထဲမှာ ငါကိုယ်တော်လည်း တစ်ဦးအပါအ၀င်ပါပဲ..။”
“ဆောင်းရာသီကလည်း ချမ်း၊ ဆီးနှင်းတွေကလည်း ဖြန်း၊ နွားခြေရာခွက်တွေနဲ့ မြေကလည်း ကြမ်း..။ သင်္ကန်းတော်များလည်း စိုစိုရွှမ်းရွှမ်း..။
လေးမျက်နှာလေတွေကလည်း ဟူးဟူးရမ်းရမ်း..။ သစ်ရွက်အခင်းလေးတွေကလည်း ပါးပါးနွမ်းနွမ်း.။ သစ်ပင်က အရွက်တွေကလည်း ကျဲကျဲတန်းတန်း..။
အရှင်ဘုရားမို့ ချမ်းသာစွာ ကျိန်းစက်ပျော်တယ် လို့ ပြောနိုင်ပေ့..။ ”
“မင်းသာကိုပင် ငါကိုယ်တော်မေးချင်တယ်..။ သင် သဘောကျသလိုသာ ဖြေဆိုပါလေ..။ ဒီကမ္ဘာမှာ
သူဌေး၊ သို့မဟုတ် သူဌေးသားတစ်ယောက်ဟာ လေမိုးလုံတဲ့ တိုက်ခန်း၊ လုံခြုံတဲ့ တံခါးတွေနဲ့ စံအိမ်ကြီးရှိတယ်ဆိုကြပါစို့..။ အဲဒီစံအိမ်တော်ကြီးအတွင်းမှာ ဆီးမီးရောင်စုံတွေက လင်းလို့ ....၀င်းလို့...။ မွှေးရှည်မွှေးပွကောဇောကြီးတွေ ခင်းကျင်းလို့...။ ရတနာစီခြယ်တဲ့ သလွန် မွေ့ရာတွေက အိစက်ညက်ညောလို့..။ နှစ်လိုဖွယ်ရာချောမောတဲ့ ဇနီးမယားလေးယောက်ရဲ့ အယုအယတွေကလည်း ရိုးအီဖွယ်မရှိအောင် ပြည့်စုံလို့....။
ဒီလိုသာဆိုရင် အဲဒီသူဌေးဖြစ်ဖြစ်၊ သူဌေးသားဖြစ်ဖြစ် ချမ်းသာပျော်ရွှင်စွာ အိပ်စက်ရတယ်လို့ သင်ထင်ပါသလား မင်းသား...။”
“အဲဒီသူဌေးပဲဖြစ်ဖြစ်၊သူဌေးသားပဲဖြစ်ဖြစ် ချမ်းသာစွာ အိပ်စက်ရသူတွေထဲမှာ တစ်ဦးအပါအ၀င်ပဲ အရှင်...။”
“မင်းသား အဲဒီသူဌေး၊ သူဌေးသားမှာ ရာဂ၊ဒေါသ၊မောဟကြောင့် ကိုယ်ရောစိတ်ပါ ပူလောင်နေမယ်ဆိုရင် ဆင်းရဲစွာ အိပ်စက်ရမယ်မဟုတ်လား..။”
“ဟုတ်တာပေါ့..အဲဒီအပူတွေသာ ရှိနေမယ်ဆိုရင်.ဆင်းရဲရှာတာပေါ့ ဘုရား...။ ”
“ရာဂ၊ဒေါသ၊ မောဟတွေနဲ့ ပူလောင်နေတဲ့ သူဌေးပဲဖြစ်ဖြစ်၊ သူဌေးသားပဲဖြစ်ဖြစ် ဆင်းရဲစွာ အိပ်စက်ရတော့မှာ သေချာတာပေါ့ မင်းသားရယ်..။
ငါကိုယ်တော်ကတော့ ရာဂ၊ဒေါသ၊မောဟတွေကို ပယ်ပြီးသွားပြီ၊ အမြစ်က ဖြတ်ပြီးသွားပြီ။ နှုတ်ပြီးတဲ့ ထန်းပင်ရာလို ပြုပြီးသွားပြီ၊ အသစ်မဖြစ်နိုင်တော့တဲ့အတွက် နောက်တစ်ခါ ပေါ်မလာနိုင်တော့ဘူးပေါ့..။ ရာဂ၊ဒေါသ၊ မောဟကင်းစင်ပြိးဖြစ်တဲ့ ငါကိုယ်တော်ဟာ ချမ်းသာစွာ ကျိန်းစက်ပျော်ပါလေရဲ့ မင်းသား..။”
ဗုဒ္ဓအရှင်က ဂါထာတစ်ပုဒ်ဖြင့် ဒိုင်ယာလော့ခ်ကို အဆုံးသတ်သည်။
မကောင်းမှုကို စွန့်ပယ်..။
ကိလေသာနယ်ဝေးသမို့ ငြိမ်းချမ်း
ကာမဂုဏ်များ မလိမ်းကျံတဲ့ ရဟန္တာကိုယ်တော်
ကျိန်းစက်လို့ပျော်ရဲ့...။
တဏှာအားလုံး ရိတ်ဖြတ်
စိတ်နှလုံးပူလောင်ခြင်းကို ငြိမ်းသတ်
ပုဂ္ဂိုလ်မြတ်ရဟန္တာ
ချမ်းသာစွာ အိပ်စက်ပျော်....
(၃)
ဘုရားရှင်၏ ဆောင်းက တရားဓမ္မဖြင့် နွေးထွေးနေစဉ် ကျောင်းသင်္ခန်းလေးကတော့ လရောင်ဆမ်းနှင်းထုအောက်တွင် ခိုက်ခိုက်တုန်နေဆဲပင်...။
ဓမ္မဂင်္ဂါ
၂၀-၁၂-၂၀၁၃
No comments:
Post a Comment