17 September, 2010

ဧကစာသစ်ပင်

(၁)
ဗာရာဏသီမုတ်သုန်အနံ့ကို ရပြီ၊ သူ့အခန်းလေး၏ မှန်ပြတင်းတံခါးချပ်များကို မိုးစက်တို့ တဖျောက်ဖျောက် ထိမှန်နေကြသည်။ နာရီနှိုးစက်မကျမီ သူနိုးထလာသည်။ စက်တင်ဘာလမှ စတင်ကာ မိဂဒါဝုန်နေ့ရက်များ အေးချမ်းတော့မည်ကို ကြည်နူးသွားသည်။ ရှည်လျားသော မဇ္ဈိမနွေရက်များနှင့် လမ်းခွဲလိုက်ပြီ။

သူ့သီတင်းသုံးဖော်ရဟန်းများကတော့ ဆက်လက် ဘ၀င်ကျနေကြဆဲ...။ မိတ်ဆွေရဟန်းတော်များက ပါရဂူဘွဲ့ အတွက် ကျမ်းတင်ရန် နီးကပ်လာပြီမို့ ညရေးညတာများကို အားကိုးတကြီးတွယ်ဖက်လာကြသည်။ သို့နှင့် နံနက်ခင်း အိပ်ရာထချိန်ကို နောက်ဆုတ် လေ့ရှိကြသည်။

သူကတော့ စာသင်ခန်းများဆီ အချိန်မီ ရောက်ဖို့အတွက် အိပ်စက်ချိန်များကို ကန့်သတ်နေရသည်။ မောဟကို ခပ်ပါးပါးနှိပ်ကွပ်နေရသည်။ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီး၏ ခေါင်းခေါက်သံ တခွပ်ခွပ်ကြားမှပင် တမှေးလောက်ရအောင် ငိုက်လိုက်ဦးမည်။ ခုတော့ ကိုယ်ရွေးတဲ့လမ်းပဲ လျှောက်.... လျှောက် ...ဆက်လျှောက်....။

ဆယ်ပေသာသာ အခန်းလေးထဲတွင် ရဟန်းတော်သုံးပါး စုပြုံတိုးဝှေ့ ကျိန်းစက်ရခြင်းက နွေးထွေးမှုတစ်ခု ဖြစ်သည်။ မိတ်ဆွေရဟန်းတော်များက အခန်းတစ်ခန်း သတ်သတ်ငှါးထားသော်လည်း သူ့အခန်းလေးထဲမှာ ကြပ်ညပ်စွာ နေရသည့်အရသာကို ခုံမင်နေကြသည်။ သူသည်လည်း ထိုနည်းနှင်နှင်ပင်....။ လွတ်မြောက်မှုကို ရှာနေခိုက် ဧကစာရီအကျင့်က အေးချမ်းကြည် မွေ့ဖွယ်ကောင်းသော်လည်း ပညာရှာဖွေခိုက် ဆွေးနွေး တိုင်ပင်ဖော်ရှိခြင်းက တန်ဖိုးတစ်ခုဖြစ်ပြန်သည်။ (အိုက်စပ်ပူလောင်သော မဇ္ဈိမနွေရက်များကို စာအုပ်များကို ဖွရင်း၊ စာအုပ်များအကြောင်း မုဒိတာပွားရင်း ကုန်ဆုံးစေခဲ့ကြသည်။ သူက မိတ်ဆွေရဟန်းတော်များ ရွှေပြည်ကြီးမှ တခုတ်တရ မှာယူထားသော စာအုပ်များကို ကပ်ရပ်ကာ ဖတ်မှတ်ခွင့်ရခဲ့သည်။ )

အကယ်တန္တု အထီးကျန်စွာ ဖြတ်သန်းရခြင်းကို သူက နှစ်ခြိုက်မှု မရှိခြင်းသာ ဖြစ်သည်။ နောင်တစ်ချိန်မှာတော့ ဧကစာရီဘ၀ကို မြတ်နိုးတတ်အောင် မလွဲမသွေ ကျင့်ရပေလိမ့်မည်။ (အဓိဋ္ဌာန်သဘောမပါသည့် စကားလုံးအတွက် အားမရပြန်ပါ။)

အစုအဖွဲ့ကို စွန့်ခွာ၍ အဖော်မမှီး တစ်ကိုယ်တည်း ကျင့်သုံးခြင်းကို ဧကစာရီ၊ အစုအဖွဲ့က စွန့်ပစ်ချန်ထား တစ်ကိုယ်တည်းအဖော်မဲ့ရခြင်းကိုတော့ အထီးကျန်မှု ဟု ဖွင့်ဆိုကြလေသည်ပဲ။ တစ်ကိုယ်တည်း မနေဖူးသေးတာတော့ သေချာသည်။ ပရိယတ္တိစာပေနယ်ဆိုသည်ကလည်း တစ်ကိုယ်တည်း နေရသည် မဟုတ်...။ ပညာမပြည့်စုံသည့်အခိုက် ဆရာရှာဖွေရသည်။ ဆရာဖြစ်ပြန်တော့လည်း တပည့်များ အတွက် ငဲ့ကွက်ရပြန်သည်။

အော် မိမိကိုယ်ကိုယ် ငဲ့ညှာနေခြင်းပါပဲ...။ လှည့်စားမှု (၀ဉ္စနာ)တရားများအကြောင်း မှတ်သားဖူးလေတော့ တစ်ခုခုနှင့်တော့ ငြိနေမှာ သေချာလှသည်။ အပေါင်းအဖေါ်မက်ခြင်း(သင်္ဂဏိကာရာမတာ) ကို ဖုံးကွယ်ရန် တပည့်အပေါင်းကို ချီးမြှောက်ခြင်း (ဂဏာနုဂ္ဂဟ ကရဏတာ) ဖြင့် မိမိစိတ်ကို လှည့်စားဖန်တီးလေ့ရှိသည် တဲ့။ အပြောမက်ခြင်း (ဘဿာရာမတာ) ကိုတော့ တရားစကား ပြောကြားနေရသည်ကို ပျော်မွေ့ခြင်း (ဓမ္မဒေသနာဘိရတိ) တံဆိပ်လေး ကပ်ပစ်လိုက်သည်။ ဟိုနေရာပါ ဒီနေရာပါ လူရာဝင်လိုသည့် (ကမ္မာရာမတာ)ကိုတော့ ကုသိုလ်ကောင်းမှုတွင် မွေ့လျော်ခြင်း(ပုညကမ္မတာ) မျက်နှာဖုံးလေး စွပ်ထားလေ့ရှိ တတ်ပြန်သည်ဆိုပဲ။

ဘာပဲဖြစ်ဖြစ် အစုအဝေးထဲမှာ ပေါင်းရုံးပျော်မွေ့ချင်သည်က ပိုကဲနေတတ်သည်။ ရုံးစုစုရှိလျှင် တိုးတိုးဝှေ့ဝှေ့။ စာသင်ခန်းနှင့် တရားဟောပလ္လင်တွေ့လျှင်လည်း ဂဏာမငြိမ်တတ်။ တစ်နေ့တစ်နေ့ ဆောင်ရွက်ရန် စိတ်ကူးစာရွက်ပေါ်က အချိန်ဇယားများကလည်း ခပ်စိပ်စိပ်.။

(၂)

ဗုဒ္ဓအရှင်ကိုယ်တိုင်သည်ပင် နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ရိုးစင်းဖြောင့်မတ်သော ဧကစာရီနေ့ရက်များကို မွေ့လျော်တော်မူခဲ့ဖူးသည်။ ဥရုဝေလတောအုပ်လေးထဲမှ မြို့ပြသို့ ပြန်ဝင်လာသောအခါ အရှင်မြတ်သည် ရွေ့လျားရှင်သန်နေသော ကြာဖြူပန်းတစ်ပွင့်ဖြစ်နေသည်။ ရွှံ့နွံထဲက ကြာမျိုးစေ့များကို ပွင့်စေခဲ့သည်။ အရိယာကြာဖြူပန်းများ ပွင့်သော ခေတ်များစွာ၏ မုခ်ဦးကို အရှင်မြတ်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည်။

အရှင်မြတ်က တစ်နေရာတည်းမှာ ကျောက်ချရပ်နားနေလေ့ရှိသည့် ရေသေအိုင်မဟုတ်။ အမြဲတမ်းစီး ဆင်းနေသည့် ဓမ္မမြစ်တစ်စင်းဖြစ်နေသည်။ ကောသလ၊ မဂဓနှင့် ကောသမ္ဘီလို တိုင်းကြီးပြည်ကြီး မြို့ရွာကြီးများတွင် အရှင်မြတ်အတွက် ကျောင်းတော်ဝိဟာကြီးများ ခမ်းနားစွာ ရှိနေသည်။ အရှင်မြတ်က သပိတ်တစ်လုံး သင်္ကန်းသုံးထည်နှင့် အဇ္ဈတ္တဧကစာလမ်းကို လျှောက်ပြနေသည်။ မြို့ပြရွှေရောင် ငွေရောင် အဆောင်အယောင်နှင့် ပရိသတ်အသိုင်းအ၀ိုင်းများကို မခုံမင်...။ ခိုနားဖို့ အရိပ်သာ ဖြစ်လိုသည်။ ကပ်ငြိခွင့် မပေး၊ သစ်ပင်သည် ငှက်ကို မကပ်ငြိ....။ ငှက်ကလည်း သစ်ပင်ကို ခိုလှုံရုံမျှသာ....။ အထီးတည်းဧကစာသစ်ပင်တွင် ကုဋေကုဋာငှက်များ နားခိုသွားသည်။ သစ္စာအသီးအပွင့်များကို စားကာ ပြန်ထွက်သွားသည်။ သစ်ပင်က သစ်ပင်....ငှက်က ငှက်.....။

အရှင်မြတ်၏ အဂ္ဂမဟာသာဝက၊ မဟာသာဝကအဆူဆူတို့သည် အရှင်မြတ်နည်းတူ မွှေးမြသော ကြာဖြူ ပန်းများအဖြစ် ရွှံနွံနှင့် မငြိကပ်၊ ကြာဖြူမျိုးစေ့ပွားနေခဲ့ကြသည်သာ ဖူးတွေ့ရသည်။ တစ်နေရာရာမှာ ကျောက်ချငြိကပ်သွားသည်ကို မမှတ်သားစဖူး....။ သာရိပုတ္တ၊ မောဂ္ဂလာနနှင့် မဟာကဿပ ထေရ်အရှင်တို့ ကျောင်းထိုင်ဆရာတော်များဖြစ်မသွားကြ....။ အဓိပတိမဟာနာယက၊ နာယကချုပ်၊ ပဓာနနာယကစသော ဝေါဟာရများနှင့် ရင်းနှီးမသွားခဲ့ကြ....။ သပိတ်လေးကို လွယ်.....သင်္ကန်းသုံးထည်ကို လွှမ်း သာသနာလမ်းဖောက်နေရသော အခါသမယပေပဲမို့လည်း ဖြစ်နိုင်သည်........။



(၃)

ခေတ်အဆက်ဆက်လင်းလက်ခဲ့သည့် (ပရိယတ်မကင်းသော) ပဋိပတ်ဝန်ဆောင် ဧကစာတောမှီဆရာ တော်ကြီးများအကြောင်း ဖတ်မှတ်ရသည့်အခါ အားကျ ကြည်ညိုမှု ဖြစ်ဖူးသည်။ သို့သော် ထိုဧကစာရီအကျင့်က လွယ်ကူဟန်တော့မရှိပါ။ ဘုရားရှင်တို့ကျင့်သုံးသော ဧကစာမျိုးကို ကျင့်နိုင်လျင်တော့ တောနှင့် မြို့သည် ကွာခြားတော့မည်မဟုတ်။

ယနေ့ခေတ် ဧကစာကျင့်သုံးလိုကြသည့် သူတော်သူမြတ်တို့အတွက် ပရိသတ်ဆိုသည်က အန္တရာယ် တစ်မျိုးဖြစ်သည်။ ထိုပရိသတ်ကြောင့်ပင် လေးစားထိုက်သည့် ဆရာတော်ကြီးအချို့ ဧကစာရီကျင့် သုံးတော့မည်ဟု ကြွေးကြော်ထွက်ခွာပြီးသည့်တိုင် တောရစခန်းမှ မြို့ပြသို့ ပြန်ဝင်ကပ်လာရသည်မျိုး ကြုံဖူးကြားဖူးသည်။ သို့မဟုတ် ဧကစာကျင့်သုံးနေထိုင်ရာ တောရစခန်းများသည်ပင် ပညာဖြန့်ဖြူးရာ စာသင်တိုက်၊ သို့မဟုတ် ယောဂီတို့ တရုံးရုံးစုဝေးရာ ရိပ်သာကြီးများဖြစ်သွားကြရပြန်သည်။

လယ်တီဆရာတော်ကြီးသည်လည်း ၀ိညာဉ်နယ်မြေဟု နာမည်ကြီးသည့် ဖုန်းဆိုးတောမြေရိုင်းတစ်ခုဆီ လွတ်မြောက်ရာတရားရှာဖွေရန် ထွက်ခွာသွားခဲ့ဖူးသည်။ သို့သော် သိက္ခာသုံးရပ်ဆွဲအားမြင့်မားသည့် ဆရာတော်ကြီးသည် ဧကစာရီကျင့်သုံးခွင့်နှင့် လွဲချော်ခဲ့ရ၏။ သစ်ပင်ကောင်းမိတော့ ငှက်တစ်သောင်းက ရောက်လာကြသည်။ အခက်အလက်တွေ ဝေေ၀စိုစိုမို့ ခိုချင်သူတို့ များခဲ့သည်။ သို့နှင့် ဖုန်းဆိုးတောမြေသည် ပရိယတ္တိစာပေ သင်ယူပို့ချရာ ၀ိဇ္ဇာလယတစ်ခုဖြစ်လာခဲ့ရသည်။ ထိုသို့ဖြင့် လယ်တီကျောင်း တိုက်ကြီးပေါ် လာသည်ဟု မှတ်သားခဲ့ရသည်။

သို့သော် လယ်တီဆရာတော်ကြီးက ဘုရားရှင်နှင့် သာဝကအရှင်မြတ်တို့၏ ဧကစာလမ်းကို လိုက်နာလိုသည့် ရဟန်းတော်တစ်ပါးဖြစ်သည်။ ကျောက်ချရပ်နားမိသည့် လယ်တီကို စွန့်ခွာနိုင်အောင် ကြိုးစားသည်။ ပရိသတ်ရွှံနွံနှင့် ငြိကပ်မှုမရှိသော ရွေ့လျားနေသည့် ကြာဖြူပန်းအဖြစ် မိမိကိုယ်ကိုယ် ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။

(၄)

သူ့အခန်းလေးမှ ထွက်ခွာချိန် နံနက် ၇း၄၀... ကော်ဖီတစ်ခွက်နှင့် ဘီစကွတ်မုန့်နှစ်ခုကို ခပ်သုတ်သုတ် လွေးခဲ့ရသည်။ စာသင်ခန်းထဲရောက်တော့ တပည့်များ၏ “ တရှိ ဒေလေ့ ( မင်္ဂလာပါ)” ဟူသောနှုတ်ဆက်သံသည် နှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိသည်။ သူသည် သစ်ပင်တစ်ပင်ဖြစ်ရန် နှစ်ရှည်လများ စိုက်ပျိုးနေခဲ့သည်။ သူ့အခက်အလက်များ စိမ်းမြဝေဆာနေပြီလား ...။ ခပ်ကြဲကြဲအရိပ်များကို သူမြင်နေရဆဲဖြစ်သည်।

သူစဉ်းစားမိသည်က သစ်ပင်က သစ်ပင် ....ငှက်က ငှက် ပရိုဂရမ်ကို လက်မှတ်ထိုးနိုင်ပြီလား ဟူသည်ပင်.....။ “ ပါရဂူဘွဲ့ရတော့မယ် ။ ဘယ်မှာ နေမလဲ ငါ့ရှင်” ဟူသော မေးခွန်းထက် “ ဘာလုပ်မှာလဲ” ဟူသော မေးခွန်းကို ဖြေဆိုရသည်က ပို၍ သစ်ပင်တစ်ပင်နှင့် တူပေမည်။

အင်း လွယ်တော့မလွယ်မှန်းသိသား...။ ဧကစာသစ်ပင်များဆီ ငေးနေမိသေးတော့သည်။

ဓမ္မဂင်္ဂါ
၁၇-၉-၂၀၁၀







No comments: