08 March, 2011

ဒီပလိုမေစီကြောင်ဋီကာသစ်(၂)

ညောင်ကန်ဆရာတော်ဦးဗုဓ်က ခေတ်ပြိုင်မြင်းဝန်ဆရာတော်ကို ငယ်နာမည် ရွှေသီးဟုသာ ခေါ်ဝေါ်လေ့ရှိသည်။ ဤသည်ကို မြင်းဝန်ဆရာတော်က တင်စီးလွန်းသည်ဟု ထင်သည်။ သို့သော် တစ်ခါသားတွင် မြင်းဝန်ဆရာတော်မကြံဆနိုင်သည့် ပိဋကတ်စာပေ(မဏိဒီပကျမ်း)မှ အချက်တစ်ချက်ကို ဆရာတော်ဦးဗုဓ်က တိကျပီပြင်စွာ ရှင်းပြခဲ့သည်။

မြင်းဝန်ဆရာတော်က တပည့်များအား မိန့်မှာသည့် စကားကို နားထောင်ပါလေဦး...'' ဆရာတော်ဦးဗုဓ်က ကျုပ်ထက် အသက်ရော သိက္ခာပါ လွန်စွာ ကြီးလှသေးသည် မဟုတ်။ ပရိသတ်အလယ်မှာ ကျုပ်ကို ရွှေသီး ရွှေသီး ဟု ခေါ်နေသည်ကို ရှေးက ကျုပ်မနှစ်သက်ချင်ဘူးဗျ။ ခု မဏိဒီပနဲ့ စမ်းလိုက်မှ ကျေနပ်နှစ်သက်ကာ ကြည်ညိုလာတော့တယ်။ နောက်နောင် ရွှေသီး မကလို့ ခွေးသီးခေါ်ခေါ် အကြည်ညိုမပျက်တော့ဘူးဗျား'' ဟူသော..။

ပျို့ ကဗျာ လင်္ကာနှင့် ကျမ်းဂန်အမျိုးမျိုး ပြုစုရာတွင် နာမည်ကြီးလှသည့် မုံရွေးဆရာတော် အရှင်အာဒိစ္စရံသီ ကိုလည်း ဦးဗုဓ်က '' သဘင်သမားကြီး'' ဟုသာ ခေါ်လေ့ရှိတတ်ပါသည်။ နှစ်ပါးဆုံသည့်အခါတိုင်း '' သဘင် သည်ကြီး ဘာဇာတ်တွေများ ကနေတုန်းဗျ'' ဟု ဦးဗုဓ်က မေးလျှင် မုံရွေးဆရာတော်ကလည်း '' ကုသဇာတ်၊ ဥတေနဇာတ်များကို မြိုင်မြိုင်ဆိုင်ဆိုင် ခင်းကျင်းနေပါကြောင်းဗျား '' ဟု ခပ်သောသော ဖြေတတ်မြဲပင်..။ ဤသို့ ဆရာတော်ဦးဗုဓ်က နှစ်ပါး'ဆုံရာတွင် ရွှန်းတတ်သော်လည်း ကွယ်ရာတွင်မူ 'မုံရွေးဆရာတော်စာပေနှံ့စပ် ကြောင်းကို ရာဇောဝါဒကျမ်းကို ကြည့်က သိကြလိမ့်မည် '' ဟု ချီးမွမ်းလေ့ရှိသတတ်..။

ကျမ်းတတ်အကျော်ပြည်ဆရာတော်ဖြစ်လာမည့် ညောင်ကန်မှ ငယ်ရင်းမိတ်ဆွေရဟန်းကို ပြည်မင်းသားက ကျောင်းဆောက်ကိုးကွယ်ရန် ပင့်စဉ်ကလည်း ဦးဗုဓ်က ငယ်နာမည်ကို ခေါ်ကာ '' မောင်ကျီး မင်းကို မင်းသားက ပင့်ပြီး ကိုးကွယ်လို့ မင်းဆရာတော်ဖြစ်ပြီ။ သို့သော် ဘုရားအလိုတော်အတိုင်း ကျင့်မှ ဘုရားသားတော်ဖြစ်မည်။ မင်းလိုလိုက်၍ ကျင့်လျှင် မင်း၏ သားသာ ဖြစ်လိမ့်မည် '' ဟု ခပ်စပ်စပ်လေး သတိပေးမိန့်မှာခဲ့ဖူးသည်။

ရှေးရှေးသော ပညာရှင်ဆရာတော်ကြီးများသည်လည်း လောကီဝေါဟာ ရင်းနှီးစွာသော စကားအနှုံးများကို သုံးစွဲခဲ့ကြရိုးပေတည်း...။

(၃)

ဦးဗုဓ်ဆိုသည်က မြန်မာ့သာသနာဝင်မှတ်တမ်းတွင် ''ဗုဓ်အစ (ဗုဒ္ဓအရှင်) ဗုဓ်အလယ် (ဗုဒ္ဓအရှင်နှင့် သာဝကအဆူဆူတို့၏ တရားဓမ္မများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုကာ အဋ္ဌကထာကျမ်းများကို ပြုစုတော်မူခဲ့သော အရှင်မဟာဗုဒ္ဓဃောသ) ဗုဓ်အဆုံး( ညောင်ကန်ဆရာတော်ဦးဗုဓ်)'' ဟု ဂန္ထ၀င်အဖြစ် စံတင်ရစ်အောင် ပြောင်မြောက်ခဲ့သည့် ကျမ်းပြုဆရာကြီးတစ်ဆူဖြစ်လေသည်။

ပိဋကတ်စာပေများကို မြန်မာစကားပြေဖြင့် နိသျပြန်ဆိုရာတွင် ပြိုင်ဘက်ကင်းခဲ့၏။ သက်တော်ငါးဆယ့်ငါးတွင် ခန္ဓာဝန်ချ၍ လွန်တော်မူရာတွင် သာသနာတော်အတွက် ကျမ်းပေါင်းငါးဆယ်တိတိ ပြုစုချန်ထားနိုင်ခဲ့၏။ သွေးဝမ်းသွန် ဒူလာရောဂါ နှိပ်စက်သဖြင့် ကုဋီ (အိမ်သာ)ထဲမှ မထွက်နိုင်အောင် ပင်ပန်းခဲ့သော်လည်း ကုဋီ (အိမ်သာ) နံရံတွင် ကျောက်သင်ပုံးကြီးချိတ်ကာ ကျမ်းဂန်တစ်စောင်ကို အပြီးသတ်ရေးသားနိုင်ခဲ့သည်အထိ ၀ီရီယဓါတ်နှင့် ခန္တီအား ကြီးမားခဲ့လေသည်။ ကျမ်းဂန်တတ်ပွန်သည်နှင့်အမျှ လောကီအရေးနှင့် ဓမ္မအရေးမရောယှက်ဘဲ သာသနာ့မျက်နှာတစ်ခုတည်းသာ ကြည့်တတ်သည့် ဆရာတော်ကြီး တစ်ပါးအဖြစ်လည်း ဘကြီးတော်စစ်ကိုင်းမင်း၊ နန်းမတော်မယ်နုနှင့် သာယာဝတီမင်း( ကုန်းဘောင်ရွှေဘိုမင်း) တို့ နိုင်ငံ့အရေးရှုပ်ထွေးေ၀၀ါးခဲ့ရာ ကုန်းဘောင်ခေတ်လယ်သမိုင်းတွင် အထင်းသား ရပ်တည်ခဲ့လေသည်။

အထက်အညာကျေးလက်ရှိ မိဘရင်ခွင်မှ မြို့တော်သို့ စုန်ရလေသည့် လော်ကယ်ရထားခရီးစဉ်တွင် ဧရာဝတီမြစ်ပြင်ကို ဖြတ်ကာ စစ်ကိုင်းတံတားကြီးကို ကျော်ဖြတ်ရလေတိုင်း ဆရာတော်ဦးဗုဓ် သီတင်းသုံးတော်မူခဲ့ရာ နန်းမတော်မယ်နုအုဋ္ဌ်ကျောင်းကြီးကို လွမ်းတစွာ ငေးမောတတ်ခဲ့မြဲ....။ သူ့ငယ်ဘ၀နေရက်များမှသည် ယခုမက်နေဆဲ အိပ်မက်များထိ ဦးဗုဓ်သည် ဘယ်တော့မှ ပြိုမကျခဲ့လေသော စံမုခ်ဦးကြီးဖြစ်သည်။

သို့သော် ထိုမုခ်ဦးတွင် သူက မှီရပ်နေရုံမျှသာ ဖြစ်သည်။ မုခ်ဦးတံခါးကို ခေါက်နိုင်စွမ်းရှိလောက်အောင်ပင် သူက မကြောင်ရဲ...။ ဦးဗုဓ်က ကုန်းဘောင်သမိုင်းတွင် နီစွေးအောင် ခပ်ရဲရဲ ခပ်မာမာ ကြောင်ခဲ့ဖူးသေးသည်။ ဗီဇအားဖြင့်ငယ်စဉ်ကတည်းက ကြောင်ခဲ့ဖူးလေသော ကိုရင်လေး မောင်ဗုဓ်ဘ၀မှ ထူးမြတ်ချွန်မြသော သာသနာ့အာဇာနည်ကြီးဖြစ်ခဲ့လေသည်က အမှန်ပင်..။
အော် ကြောင်တာက ဘယ်နှစ်မျိုးရှိပါလိမ့်...။ ဆိုးကြောင် .. ကောင်းကြောင်...ကြောင်ရူး ကြောင်ထူး...။
အဲ ကြောင်ဝက် ကြောင်ပြည့်..။
(ဂေါက်ကြောင် ဆိုသဟာကိုတော့ ဤဋီကာသစ်က တို့ထိလိမ့်မည် မဟုတ်...)

အနောက် ဥရောပဒေသ၊ တိုင်းဇာမဏီပြည်၊ ဟန်းဘတ်မည်ပေသော ၀ိဿဝိဇ္ဇာလယ (တက္ကသိုလ်ကြီး)မှ ဂန္ထန္ထရ စာပေ ကျမ်းအဆူဆူ၊ ပညာရှင်ပါရဂူကြီးအဖြစ်၊ ဒီလစ်ဘွဲ့ထူး ဆက်ကပ်၊ ပူဇော်ခြင်း ခံရအပ်ပေသည့် ဒကာတော် ဒေါက်တာသခင်ကိုယ်တော်မှိုင်းကြီး၏ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဋီကာ။ ဒေါင်းဋီကာ၊ခွေးဋီကာ ကြာဋီကာ...အဖြာဖြာသောကျမ်း အဆန်းထွင်သမျှကို အားကျငန်းငန်း တလွမ်းလွမ်းဖြစ်လေရကား သညာအားဖြင့် ဒစ်ပလိုမေစီ ကြောင်ဋီကာသစ်မည်ပေသည့် ဤမည်သောစာလက်တစ်သစ်ကို ဆက်လက်ရေးခြစ်လိုလှသော၊ မြမ္မရဋ္ဌ ရွှေပြည်မဟာကြီးလျှင် ဖွားရာဇာတိရှိ၍ မဇ္ဈိမဒေသ ဗာရာဏခရိုင်လျှင် နေထိုင်ရာပ၀တ္တိရှိပေသော ငါဆရာသည် ကွန်ပြူတာကီးဘုတ်ထက် လက်ကွက်များ ပျက်လောက်အောင် တချက်ချက်နှိပ်ပေတော့အံ့သတည်း။။။

ဆက်ရန်





1 comment:

Anonymous said...

ဒီတစ်ခါ နှစ်ပိုင်းလုံးမလွတ်တမ်း ချောင်းဖတ်သွားတယ်ဘုရား။ :)
ဆက်ပြီး ဋီကာသစ်ကြီး ကျယ်သရွေ့
မျှော်နေပါဦးမည်။ ဦးဂင်္ဂါကြီး ကျန်းမာပါစေဘုရား။