(၁)
ဝါး........။
နံနက်စောစော အိပ်ရာက နိုးနေသည်။ ကမ္ဘာတစ်ခြမ်းက မိတ်ဆွေများ၏ နှုတ်ဆက်သံကို သူကြားနာနေခဲ့သည်။ ဆယ်စုနှစ်တစ်ခုနီးပါးမတွေ့ရတာ ကြာပြီဖြစ်သော မိတ်ဆွေများကို ပြန်တွေ့ရသည်က ကြည်နူးစရာဖြစ်သည်။ ခြင်တစ်ကောင်က အမှောင်ကို ကွယ်ပြီး သူ့လက်မောင်းကို မိမိရရ ကိုက်လိုက်သေးသည်။ ငယ်စဉ်ကိုရင်လေးဘ၀က ဖတ်မိသမျှလေးနှင့် ကမ္ဘာတစ်ခြမ်းအကြောင်း သူက ခပ်တည်တည်ပြောတော့ '' ကြီးကြီးကျယ်ကျယ်ကွယ် "ဟု ဦးဇင်းတစ်ပါးက သူ့ကို ချစ်စနိုးခေါင်းခေါက်တာ ခံရဖူးသည်။ ခုလည်း သူက ကမ္ဘာတစ်ခြမ်းအကြောင်း ပြောမိပြန်သည်။ ခေါင်းကို ပြန်ပွပ်သပ်မိသေး၏။
စိုစိမ့်စိမ့်ရှိသလို ခံစားမိသည်နှင့် သူ့အခန်းကျဉ်းလေး၏ ပြတင်းတံခါးကို ဖွင့်လိုက်တော့ အားပါး လျှပ်တပြက်မိုးစက်များ....။ ဗာရာဏသီမှာ မိုးတွေ ရွာနေပါပေါ့လား။ သည်နှစ် ဗာရာဏသီတွင် မုတ်သုံနောက်ကျခဲ့သည်။ ရောက်လာတော့လည်း ခပ်ကြဲကြဲ။ ပူအိုက်လောင်မြိုက်ခြင်းနှင့် လျှပ်စစ်မီး မလုံလောက်မှုများကြားတွင် သူက ကျဉ်းကြပ်စွာပင် အသည်းကွဲဖြစ်အောင် ကွဲလိုက်သေးသည်။ ပုဂ္ဂလိကနှင့် အများဆိုင်စာမျက်နှာပေါ်က မျက်ရည်များ၊ ရိုးစင်းနားလည်လွယ်သော ဘာသာစကားများ...။ ခုလည်း မိုးတွေ ရွာနေပြန်ပြီ။
(၂)
ဗာရာဏသီရောက် မြန်မာရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ဟိုခြစ် ဒီခြစ် ပရဟိတစာမျက်နှာများ ရှိသည်။ ဤသည်မှအပ ဘာမှမထူးခြား...။ စာသင်ခန်းနှင့် စာအုပ်။ မိတ်ဆွေရဟန်းတော်များ ချက်ပြုတ်ထားသော ဟင်းလျာ။ မဇ္ဈိမ၏ ရာသီပွဲတော်ဂီတများ။ သည်နေ့ရက်များတွင် ကျောင်းများ ရုံးများ ပိတ်ထားသည်။ ဒူရဂါနတ်သမီးပူဇော်ပွဲရာသီဖြစ်သည်။
ဗာရာဏသီလမ်းမများတွင် မဏ္ဍပ်ကြီးငယ်များ ထိုးကာ ပွဲတော်ကို တိုးဝှေ့ကျင်းပနေသည်။ ဒူရဂါနတ် သမီးဆိုသည်က ငယ်စဉ်က သိနှင့်ပြီးသော လက်ချောင်းများစွာ ပါသည့် ကာလီမယ်တော်ပင်ဖြစ်သလို သျှီဝနတ်ဘုရား၏ ကြင်ယာတော် ပရ၀တီလည်း ဖြစ်သည်။ မဟာပိန္နဲ ဟု လူသိများသည့် ဆင်နတ်မင်း ဂဏေသ၏ မယ်တော်အဖြစ်လည်း ထင်ရှားသည်။ ဟိန္ဒူရိုးရာ နတ်ဗြဟ္မာများက ကိုယ်ခွဲအမျိုးမျိုးရှိကြလေသည် ပဲ။
သူ ဗာရာဏသီရောက်သည့်နှစ်က ဒူရဂါပူဇာပွဲတော်ထဲတွင် ပိတ်မိနေခဲ့သေးသည်။ မြို့တော်တစ်ခုလုံး ရွှေပြည်ကြီးမှာ ကထိန်ပွဲလှည့်သလိုမျိုး ဒူရဂါနတ်သမီး၏ ရုပ်ပုံပန်းချီကားချပ်များ၊ ကြီးမားသော ရုပ်ထု ရုပ်လုံးများကြီးကို ကားများ၊ အော်တိုရှစ်ရှောများ၊ အချို့က ထမ်းစင်များဖြင့် သယ်ယူလှည့်လည်ကာ ဂင်္ဂါမြစ်ကမ်းပါးဆီမှာ စုဝေးကြသည်။ ဂင်္ဂါမြစ်အတွင်းမှာ ဒူရဂါနတ်သမီးကို မျှောကြသည်။ ကကြ ခုန်ကြ သီဆိုတီးမှုတ်ကြနှင့် မြို့တော်တစ်ခုလုံး မဇ္ဈိမ၏ ရိုးရာဗုံသံများ ဖုံးလွှမ်းနေတော့သည်။
ဒူရဂါနတ်သမီး၏ သင်္ကေတက ကျား သို့မဟုတ် ခြင်္သေ့ကို စီးနင်းကာ လက်နက်အမျိုးမျိုးနှင့် ကြာပန်းကို ကိုင်ဆွဲထားသည်။ တည်ကြည်သော အပြုံးရိပ်ထင်နေမည်။ သူမ၏ လက်များကလည်း မုဒြာဟန်အမျိုးမျိုးကို ဖော်ဆောင်ထားလေမည်။ သူမက အကြောက်အရွံ့ကင်းမှု၊ သည်းခံခြင်းနှင့် ရယ်သံများကို ကိုယ်စားပြုသည်။ ဒူရဂါနတ်သမီးသည် မဇ္ဈိမနတ်လောကတွင် ထိပ်သီးစာရင်းဝင်ဖြစ်သည်။ ဗြဟ္မာ၊ ဗိဿနိုးနှင့် သျှီဝတို့၏ စွမ်းအားများစုစည်းရာမှ ပေါ်ထွက်လာသည့် အလင်းပင်လယ်မှ မွေးဖွားလာသော နတ်သမီးဖြစ်သည်။ ကျွဲယောင်ဖန်ဆင်းလာသည့် နတ်လောကတစ်ခုလုံး၏ ရန်သူအသုရာနတ်ဆိုးကို နှိမ်နင်းနိုင်ခဲ့သဖြင့် နတ်လောက်တစ်ခုလုံး၏ ကယ်တင်ရှင်တစ်ဆူလည်း ဖြစ်လေသည်တဲ့။
ဒူရဂါပူဇာပွဲတော်က လေးရက်တိတိကြာမည်။ သူလည်း ကျောင်းပိတ်ရက်(၅) ရက်ရထားသည်မို အေးအေးလူလူ ဖြစ်နေသည်။ ဗုဒ္ဓဂယာမှာ ဖွင့်လှစ်နေသည့် ဒေါက်တာနေဇင်လတ်၏ သင်တန်းကို သွားရောက်တက်ဖို့ စိတ်ကူးမိသေးသည်။ သို့သော် စိတ်ကူးထက်မပိုခဲ့။ လွန်ခဲ့သော နှစ်ရက်က ဘုရားဖူးရောက်လာသည့် ဆရာနေဇင်လတ်နှင့် မိဂဒါဝုန်မြက်ခင်းစိမ်းလမ်းပေါ်လျှောက်ရင်း ဘီစီခြောက်ရာစုရှုမျှော်ခင်းအချို့ဆီသို့ ရောက်ဖြစ်ခဲ့ကြသေးသည်။
ဒူရဂါပူဇာပွဲတော်ရက်များအတွင်း ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ မိတ်ဆွေရဟန်းတော်များကတော့ ကျောင်းပိတ်ရက် (၁၀) ရက်ကြီးများပင် ရကြလေသည် တဲ့။ ယမန်နေ့က သူနေထိုင်ရာမိဂဒါဝုန် အခန်းလေးထဲသို့ မိတ်ဆွေ ရဟန်းတော်အချို့ ရောက်လာကြသေးသည်။ ကျောင်းပိတ်ရက်များအတွင်း မိဂဒါဝုန်ကို လာရောက် လည်ပတ်ကြခြင်းဖြစ်သည်။ ဟိန္ဒူတက္ကသိုလ်နှင့် မိဂဒါဝုန်က ဗာရာဏသီတောင်ဖျားနှင့် မြောက်ဖျား၊ (၁၄ ) ကီလိုမီတာဝေးသည်မို့ မိတ်ဆွေများ ဆုံနှိုင်ခဲသည်။ ရေမပျက်မီးမပျက် အင်တာနက်ကော်နက်ရှင် ချက်ချက်ချာချာ ရှိလှသော ဟိန္ဒူတက္ကသိုလ် နိုင်ငံတကာအဆောင်ကို စွန့်ခွာ၍ ရေးမီးအစုံ ပြာဋိဟာကင်းလှသော မိဂဒါဝုန်ကို ဆန်တက်ရသည်မှာ မိတ်ဆွေရဟန်းတော်များအတွက် နေက္ခမ္မ ပါရမီဖြည့်ခြင်းတစ်မျိုးဖြစ်နိုင်သည်။
နောက်လမှာလည်း သီတင်းဝါလကျွတ်သည့် ဒီပါဝလီ ရောင်စုံ မီးထွန်းပွဲတော်ကြီးလာဦးမည်။ ကိုးကွယ်စရာ နတ်ဗြဟ္မာများစုဝေးလွန်းသည့် အိန္ဒိယတွင် ရာသီပွဲတော်များက စိတ်လွန်းလှသည်။ ထင်ရှားသည်နှင့် တိုးတိတ်ခြင်းသာ ကွာခြားသည်။ ပြီးတော့လည်း နိုင်ငံ့ပြက္ခဒိန်ပေါ်က လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့မျိုးသာမက ကျေးဇူးရှင်များကို အမှတ်ရသည့် ဗုဒ္ဓနေ့၊မဟတ္တမဂန္ဓီနေ့၊အမ်ဘေဒကာနေ့၊ နေရူးမွေးနေ့ဆိုတာမျိုးလည်း ရှိသေးသည်။ ထိုရုံးပိတ်ကျောင်းပိတ်ရက်တို့ကို ကာမိစေရန် စနေနေ့မှာလည်း ရုံးတက် ကျောင်းတက်ကြရသည်။
ဘာပဲ ဖြစ်ဖြစ် သည်နေ့ မိုးရွာတော့ ဒူရဂါပူဇာပွဲတော်ကို ထိခိုက်နိုင်သည်။ မဇ္ဈိမသားတို့က နွေအပူကို အံတုနိုင်သလောက် မိုးအစိုဓါတ်ကိုတော့ မြတ်နိုးကြဟန်မတူ။ မိုးရွာသည်နှင့် လမ်းများ ရှင်းသွားတတ်သည်။
(၃)
မကြာမီမှာ ဟိုးအဝေးက ဟိမ၀န္တာဆီးနှင်းများ နိုဝင်ဘာသစ်ရွက်စိမ်းများပေါ် ခြေသံပြင်းပြင်းနှင့် ချွတ်နင်းဝင်ရောက်လာချေတော့မည်။ သူ့အခန်းလေးသည်လည်း ခိုက်ခိုက်တုန်အောင် ချမ်းရှာပေတော့မည်။ ဂင်္ဂါမြစ်ရေကတော့ ဒူရဂါပူဇာပွဲတော်ရက် နောက်ပိုင်းတွင် သည်းသည်း လှုပ် စီးနိုင်တော့မည် မဟုတ်။ မိုးရွာသလောက်သာ မြစ်ရေက စီးရမည်။
ခု မိုးဆုံး မိုးဖျားမှာ ဂင်္ဂါ ရောက်နေပြီ။
နေရစ်တော့ ဂင်္ဂါ....။
မိုးက ထားခဲ့ပေမယ့် ဂင်္ဂါက သွယ်မိပြီ၊
ပင်လယ်ဆီ ရောက်အောင် လွှင့်တော့မည်။
ကယောင်ချောက်ခြားအော်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ

ဓမ္မဂင်္ဂါ
၁၆-၁၀-၂၀၁၀
၁၆-၁၀-၂၀၁၀
1 comment:
အားရစရာကောင်းလိုက်ပါဘိ။
Post a Comment