18 October, 2010

ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၅)

လူတို့သည် ရဟန်းတို့ကို မြင်သောအခါ- ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။
(၀ိနည်းမဟာဝါမြန်မာပြန်)


ရာဇဂြိုဟ်ရုပ်သံ(RTV)စင်တာမှ
ထုတ်လွှင့်ချက်.....
(မဟာသက္ကရာဇ် ၁၀၃၊ တပိုတွဲလပြည့်ကျော်........)
Breaking News
ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ
လွန်ခဲ့တဲ့ လအနည်းငယ်က မဂဓတိုင်းနိုင်ငံတော်၊ရာဇဂြိုဟ်စီတီးကို ကြွရောက်လာခဲ့ပြီး ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံနေတဲ့ ဂေါတမဗုဒ္ဓအရှင်နဲ့ တပည့်ရဟန်းတော်များဟာ ရာဇဂြိုဟ်မြို့တော်လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။ အဓိကအကြောင်းရင်းကတော့ ဂေါတမဗုဒ္ဓအရှင်ရဲ့ တရားဓမ္မအသစ်ကို နှစ်သက်လက်ခံသူအမျိုးသားတွေက အိမ်ရာကို စွန့်ခွာပြီး ရဟန်းပြုကုန်ကြတာကြောင့် လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ရာဇဂြိုဟ်ရုပ်သံရဲ့ ဝေဘာရသတင်းထောက်က တိုက်ရိုက်တင်ပြပေးပါ့မယ်။

ဝေဘာရသတင်းထောက်ထံမှ တိုက်ရိုက်အသံ...
ဂေါတမဗုဒ္ဓအရှင်ဟာ သကျမျိုးနွယ်စုရဲ့ ဘုရင်တစ်ပါးအဖြစ် ကပိလနန်းကို ကြင်ယာတော်ယသော်ဓရာနဲ့အတူ စံတော်မူခဲ့ပြီး သက်တော်၂၉ နှစ်မှာ ဇနီး၊ မွေးဖွားစသားငယ်နဲ့ နန်းစည်းစိမ်အရပ်ရပ်ကို စွန့်ခွာပြီး ရဟန်းပြုခဲ့တယ်လို့ ဆိုပါတယ်။ ဥရုဝေလတောတောင်အရိပ်ကို ခိုပြီး သစ္စာတရားကို ခြောက်နှစ်ကြာအောင် ဗြဟ္မဏ၊ တပသီ၊ ယောဂီဆရာအမျိုးမျိုးဆီ ချဉ်းကပ်ပြီး ရှာဖွေခဲ့ပေမယ့် ဂေါတမဗုဒ္ဓအရှင်လိုချင်တဲ့ အဖြေနဲ့ ရိုးရာသွန်သင်ချက်၊ အကျင့်တရားတွေဟာ အလှမ်းဝေးခဲ့တယ် လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့ညမှာတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့ သွန်သင်လမ်းပြမှုမှ မရှိဘဲ ဗောဓိဥာဏ်တော်ကို မျက်မှောက်ပြုနိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။

အရှင်မြတ်ရဲ့ အသစ်တွေ့ရှိချက်ဖြစ်တဲ့ မဇ္ဈိပဋိပဒါတရားမြတ်ကို ကာသိရွာအနီးက မိဂဒါဝုန်သမင်တောမှာ ပထမဆုံး မိတ်ဆက်ဟောကြားခဲ့တဲ့ ပွဲမှာ ဝေဒပါမောက္ခဟောင်းများဖြစ်တဲ့ ရသေ့ကြီးငါးဦးဟာ ဗုဒ္ဓအရှင်ရဲ့ သာဝကရဟန်းများအဖြစ် ခံယူခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ယသသူဌေးသားနဲ့ မိတ်ဆွေစီးပွားရေး လုပ်ငန်းရှင်ကြီး(၅၅)ယောက်၊ ကောသလတိုင်းက ဘဒ္ဒ၀ဂ္ဂီမင်းညီမင်းသား သုံးကျိပ်တို့ အဆင့်ဆင့် ဗုဒ္ဓအရှင်ရဲ့ သာဝကများဖြစ်လာခဲ့ကြပါတယ်။

မဂဓတိုင်းနိုင်ငံရဲ့ ဘာသာရေးဥသျှောင်ဖြစ်တဲ့ ဥရုဝေလရသေ့ကြီးနဲ့ ညီနောင်နှစ်ပါးအပါအ၀င် ရသေ့အပါး တစ်ထောင်လုံးကို ဗုဒ္ဓအရှင်မြတ်စည်းရုံးနိုင်ခဲ့တဲ့ သတင်းဟာ မဂဓနိုင်ငံတော်၊ ဧကရာဇ်ဘုရင်မင်းမြတ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပါမောက္ခပညာရှင်ကြီးတွေနဲ့ လူကုံထံအသိုင်းအ၀ိုင်းကို စွဲဆောင်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓအရှင်ထံ ချဉ်းကပ် တရားနာယူပြီး ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကများအဖြစ် ခံယူလိုက်ကြပြီဖြစ်ကြောင်း ဘုရင်မင်းမြတ်ရဲ့ မဂဓတော်ဝင်သတင်းဌာနက အတိအလင်း ကြေငြာပြီး ဖြစ်ပါတယ်။ ခုဆို ဗုဒ္ဓသာသနာဟာ မဂဓတိုင်းမှာ ရေပန်းအစားဆုံးပေါ်ပြူလာဘာသာတရားအသစ်အဖြစ် တစ်နေ့တစ်ခြား ထင်ရှားလာတယ် လို့ စစ်တမ်းများက ဆိုပါတယ်။

စင်တာမှ မေးမြန်းချက်...
ခု ရာဇဂြိုဟ်စီးတီးမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေက ဘယ်လို စတင်ခဲ့တာလဲ ပြောပြပေးပါဦး။

ဝေဘာရသတင်းထောက်....
လွန်ခဲ့တဲ့ လက သိဉ္ဇည်းဆရာကြီးရဲ့ ထင်ရှားတဲ့ တပည့်ကြီးနှစ်ဦးဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတအပါအ၀င် ပရိဗိုဇ်ဂိုဏ်းဝင် (၂၅၀) ဗုဒ္ဓအရှင်ထံမှာ သာဝကအဖြစ်ခံယူပြီး ရဟန်းပြုသွားတာက စတာပါ။ လွန်ခဲ့တဲ့ တပိုတွဲလပြည့်နေ့က ကျင်းပပြီးစီးသွားတဲ့ သာဝကသန္နိပါတလို့ခေါ်တဲ့ ပထမအကြိမ်ဗုဒ္ဓသာဝကများ ညီလာခံမှာ ဗုဒ္ဓအရှင်က သံဃာ့အဖွဲ့အစည်းကြီးကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာပဲ ဥပတိဿနဲ့ ကောလိတတို့ကို လက်ျာတော်ရံနဲ့ လက်ဝဲတော်ရံရာထူးများ ခန့်အပ်ပြီး တာဝန်အသီးသီး ခွဲဝေပေးခဲ့တဲ့ အတွက် သဃာ့အဖွဲ့အစည်းကြီးဟာ အချိန်တိုတိုအတွင်းမှာ ကျစ်လျစ်ခိုင်မာ စုစည်းမှုရှိတဲ့ အဖွဲ့ အစည်းကြီး တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ တစ်ခြားဘာသာတရားများထက် ဓမ္မအင်အားကြီးမားလာပြီ လို့ ဘာသာရေး စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

အဲဒီညီလာခံကြီးပြီးတဲ့ အချိန်ကစပြီး ရာဇဂြိုဟ်စီးတီးရဲ့ လူကုံထံလောကမှာ ရဟန်းပြုသူတွေ၊ ရဟန်းပြုလိုသူတွေ တစ်နေ့ တစ်ခြား များပြားလာခဲ့တယ် လို့ သိရတယ်။ အဲဒီအတွက် ရာဇဂြိုဟ်စီးတီးက လင်သားအစွန့်အပစ်ခံရတဲ့ အိမ်ရှင်မတွေ၊ အမွေဆက်ခံသူသားသမီးကင်းမဲ့သွားမှာကို စိုးရိမ်တဲ့ မိဘတွေ၊ မောင်ဘွားအကိုတွေနဲ့ မခွဲနိုင်တဲ့ အမနှမတွေက ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကတွေ ဆွမ်းခံကြွတဲ့လမ်းမှာ ဆန္ဒပြနေကြတာပါ။

စင်တာမှ မေးမြန်းချက်...
ဆန္ဒပြသူတွေက ဘယ်လို ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတာလဲ ကျေးဇူးပြုပြီး...

ဝေဘာရသတင်းထောက်..
ဆန္ဒပြသူတွေက
"ရဟန်းကြီး ဂေါတမရောက်လို့လာ
သဉ္ဇည်းဆရာတွေ အကုန်ပါသွား၊
တောင်ငါးလုံးရံတဲ့ ရာဇဂြိုဟ်
ခုဆို ဘယ်သူ့ကို သူခေါ်မတုန်း "ဆိုပြီး ဂါထာသံချပ်ထိုးပြီး ကြွေးကြော်ကြတာပါ။ ဆန္ဒပြသူတွေရဲ့ သဘောထားအမှန်ကို သိဖို့တဲ့ အတွက် ဝေပုလ္လရပ်ကွက်က အိမ်ရှင်မတစ်ဦးကို မေးမြန်းကြည့်တဲ့အခါ....
'" ဘယ်လို ပြောရမလဲ ပေါ့နော်၊ ရဟန်းကြီးဂေါတမ ကျမတို့ ရာဇဂြိုဟ်စီးတီးကို ရောက်လာတော့ ဘာသာရေးလွတ်လပ်ခွင့် အနေနဲ့ ကြည့်ရင် ဘာမှ ကန့်ကွက်စရာ မရှိဘူးပေါ့နော်..။ ဘာသာတရားလွတ်လပ်ခွင့်ဆိုတာ မဇ္ဈိမရဲ့ အစဉ်အလာပဲလေ။ ဒါပေမယ့် ဘယ်လိုပြောမလဲပေါ့နော် (ပေါ့နော်တွေအများသား)။ ကျမတို့ လင်တွေ၊ သားတွေ ရဟန်းပြုကုန်ကြတာတော့ ကျမတို့ ဘယ်ကျေနပ်မလဲနော်။ ခုဆို ကျမတို့ ရာဇဂြိုဟ်က အိမ်ရှင်မတွေ တစ်ခုလပ်တွေ ၊လင်ပစ်မတွေ ဖြစ်ကုန်ပြီ။ မိသားစုအသိုက်အအုံလေးတွေ ပြိုကွဲကုန်ပြီ။ တစ်ချို့မိသားစုတွေဆိုရင် အမွေခံသားလေး တစ်ယောက်တည်း ရှိတာမျိုး ရဟန်းဝတ်သွားတော့ မျိုးဆက်ပြတ်ပြီပေါ့နော် ။ သတို့သားပျောက်သွားရှာတဲ့ သတို့သမီးလောင်း လေးတွေဆို အိပ်မက်တန်းလန်းနဲ့ မျက်ရည်စက်လက်ဖြစ်ကြရတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့က ဆန္ဒပြရတာပါ။"

စင်တာမှ ထုတ်လွှင့်ချက်...
ရာဇဂြိုဟ်စီးတီးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဝေဘာရသတင်းထောက်ပေးပို့တဲ့ သတင်းပါ။

No comments: