14 October, 2010

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်


ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၄) 

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်
(မဟာသက္ကရာဇ် ၁၀၃ ခုနှစ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့)

'ရဟန်းတို့
ငါဘုရားသည် လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။
ရဟန်းတို့
သင်တို့သည်လည်း လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။
ရဟန်းတို့
များစွာသော လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့် ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ဖြစ်ခြင်း ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန် လော့၊
ခရီးတစ်ကြောင်းလျှင် နှစ်ပါးမသွားကြကုန်လင့်။

ရဟန်းတို့
အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်လော့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်လော့။
ပညာမျက်စိ၌ ကိလေသာ မြူနည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ တရားတော်ကို မကြားနာရသဖြင့် ဆုတ်ယုတ်ကြရကုန်၏၊ တရားတော်ကို သိလွယ်သော သူတို့ ရှိကုန်လတံ္တ့။

ရဟန်းတို့
ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူပေအံ့''

(၀ိနည်းမဟာဝါမြန်မာပြန်)

နောက်ခံစကားပြော.....

အော်ဒီယို(၅)

ဗုဒ္ဓအရှင်က ပထမ၀ါတော်မှာပဲ စွမ်းရည်မြင့်သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့တာပါ။ သာသနာ့တပ်ဦးမှာ အရဟတ္တဓဇလို့ခေါ်တဲ့ အရိယာအလံတော်တွေ တလူလူလွှင့်နိုင်ခဲ့တာ အားတက်စရာပါပဲ။ သီတင်းဝါလကျွတ်တာနဲ့ မိဂဒါဝုန်ပြန်တမ်းလို့ ခေါ်ဆိုနိုင်တဲ့ သာသနာပြုမိန့်ခွန်းတော်ကို ထုတ်ပြန်ပြီး မဇ္ဈိမနယ်ပယ်အရပ်ရပ်ဆီ သာသနာပြုစေလွှတ်တော်မူခဲ့ပါတယ်။ သာသနာပြုအင်အား မပြုန်းတီးဖို့ လမ်းကြောင်းတစ်ခုကို တစ်ပါးတည်းသာ ကြွကြလေ တဲ့။

ဗုဒ္ဓအရှင်က မိဂဒါဝုန် သာသနာပြုမိန့်ခွန်းတော်ကို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့တာပါ။ " ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူ ပေအံ့'' တဲ့။ အဖော်မမှီး ကိုယ်တော်တစ်ပါးတည်း ကြွတော်မူတဲ့ သာသနာပြုခရီးဟာ မိုးမြေသိမ့်တုန် အောင်မြင်ခဲ့ပါတယ်။ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်။ ဥရုဝေလညီနောင်သုံးပါးအပါအ၀င် ရသေ့မြတ် ရှင်တစ်ထောင်ကို သာသနာအင်အားစု အရိယာ အရှင်မြတ် များအဖြစ် ချီးမြှောက်နိုင်ခဲ့ပါတယ်။ အော်ဒီယို (၃) နဲ့ (၄)မှာ တင်ပြခဲ့တဲ့အတိုင်း မဂဓတိုင်းနိုင်ငံတော်ကြီးမှာလည်း ဗုဒ္ဓအရှင်ရဲ့ ဓမ္မတံခွန်တော် လွှင့်ထူနိုင်ခဲ့ပါတယ်။

အော်ဒီယို (၆)

သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ရဲ့ သာသနာပြုခရီးလမ်းကြောင်းတွေကို ပိဋကတ်မှာ အပြည့်အစုံ မှတ်တမ်းမတင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓအရှင်ရဲ့ သစ္စာဓမ္မကို နှစ်ခြိုက်စွာ ကျင့်သုံးလိုသူတွေကို ရဟန်းပြုပေးဖို့ အခွင့်အာဏာတစ်ရပ်ကို နှင်းအပ်ခဲ့ကြောင်းတော့ မှတ်သားရပါတယ်။

သာသနာတော်ရဲ့ စဦးမျက်နှာအဖွင့်မှာ ဗုဒ္ဓအရှင့်ပါးကို ချဉ်းကပ်ရောက်လာသူမှန်သမျှဟာ သံသရာကို တကယ်ငြီးငွေ့နေသူ (ထွင်ပြီး ငြီးငွေ့သူများ မဟုတ်) အရင့်အမာပါရမီရှင်ကြီးတွေပဲ ဖြစ်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ဆိုသူများ တစ်ဦးတစ်လေမှ ပါဝင်မလာလေတော့ ဗုဒ္ဓအရှင်ကလည်း " လာကွဲ့ ရဟန်း " ဆိုပြီး ရဲဝံ့စွာ နေရာပေးချီးမြှောက်ခဲ့တာပါ။ ၀င်ခွင့်စာမေးပွဲ ဖြေစရာမလိုတဲ့ အမြတ်ဆုံးပါရမီရှင်အုပ်စုပဲ ဖြစ်ပါတယ်။ သာသနာတော်မှာ ဧဟိ ဘိက္ခုရဟန်းများ လို့ ထင်ရှားတဲ့ အရိယာသူတော်ကောင်းကြီးတွေပါပဲ။

ဒုတိယအုပ်စုကတော့ ဗုဒ္ဓအရှင်နဲ့ တိုက်ရိုက်မတွေ့ရဘဲ သာသနာပြုရဟန္တာအရှင်မြတ်ကြီးတွေနဲ့ ဆုံပြီး သာသနာ့အရေတော်ကို ခြုံခွင့်ရသူတွေပါ။ သူတို့ကတော့ သရဏဂုံသုံးပါးလို့ ထင်ရှားတဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့ အဓိဋ္ဌာန်ပြုရုံနဲ့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရရှိကြသူတွေပါပဲ။
(အစောပိုင်းကာလမှာတော့ သာသနာပြုရဟန္တာကိုယ်တော်ကြီးတွေဟာ ရဟန်းပြုရေးနဲ့ ပတ်သက်ပြီး အခက် အခဲကြုံခဲ့ကြရတယ် လို့ဆိုပါတယ်။ သာသနာပြုလမ်းကြောင်းပေါ်မှာ ရဟန်းဘ၀ကို တောင်းဆိုကြတဲ့ ဝေနေယျမှန်သမျှကို ဗုဒ္ဓအရှင်ဆီ ပြန်ပြီး ပို့၊ ဗုဒ္ဓအရှင်က "လာကွဲ့ ရဟန်း" လို့ခေါ်၊ ရဟန်းဖြစ်။ ဒီခရီးမတွင်လှတဲ့ ဖြစ်စဉ်ကို ကျော်လွှားဖို့ ဗုဒ္ဓအရှင်က သရဏဂုံသုံးပါးနဲ့ ရဟန်းပြုခွင့်ပေးတော်မူခဲ့ရပါသတတ်။) ဗုဒ္ဓအရှင်ဟာ ကိုယ်တော်မြတ် နောက်ကို လိုက်ပြီး ရဟန်းပြုခွင့်တောင်းရတဲ့ ရဟန်းလောင်းတွေနဲ့ သာသနာပြုအရှင်မြတ်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို မဟာကရုဏာကြီးစွာ သာသနာပြု အထူးအခွင့် အာဏာတစ်ရပ်ကို အပ်နှင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအရှင်ဆိုတာကလည်း (၀ါဆိုဝါကပ်ချိန်ကလွဲရင်) ဘ၀သက်တမ်းတော် တစ်လျှောက်လုံး ဒီနေ့ဂလိုဘယ်လ်ခေတ်မှာ ရေးကြီးခွင်ကျယ်ပြောနေကြတဲ့ ရွေ့လျားပညာရေး(Mobile Education) ရဲ့ လမ်းပြလို့ ဆိုရမယ့် မိုဘိုင်းလ်ဓမ္မတက္ကသိုလ်တွေကို မဇ္ဈိမဒေသအနှံ့အပြားမှာ ဖွင့်လှစ်ဟောကြားပြီး ဓမ္မပါမောက္ခတွေကို မွေးထုတ်ပေးနေခဲ့တာပါ။ ဗုဒ္ဓခေတ်မဇ္ဈိမပညာရေးဟာ သစ္စာဓမ္မကို ဗဟိုပြုပြီး နက်နဲကျယ်ပြန့်စွာ ထွန်းကားခဲ့တာ ငြင်းလို့ ရမယ်မထင်ဘူး။

အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်ရယ်လို့ ကြီးမြင့် ထင်ရှားလာမယ့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ သစ္စာရှာဖွေကြသူ သူငယ်ချင်းကောင်းနှစ်ဦးဟာ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိရဲ့ သာသနာပြုစိုက်ခင်းထဲက သိက္ခာသုံးရပ်အရည်ရွှမ်းလှတဲ့ ဓမ္မအသီးအပွင့်ကြီးများပဲ ဖြစ်ပါတယ်။

No comments: