14 October, 2010

ဗာရာဏသီအော်ဒီယို

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၃)

အော်ဒီယို(၃)

ဗုဒ္ဓအရှင်က သာသနာ့အရေးနဲ့ သံဃာ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်ရဟန်းတွေကို နေရာပေးရမယ်ဆိုတာ ဥာဏ်တော်စူးရှစွာ သိနေခဲ့ပါတယ်။ ဒါကြောင့်လည်း အရှင်သာရိပုတြာနဲ့ အရှင် မောဂ္ဂလာန်တို့ကို တိတိကျကျနေရာပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရဟန်းမဖြစ်မီ အရှင်မြတ်ထံတော်ကို လှမ်းဝင်လာကတည်းက ယောက်ျားမြတ်တစ်စုံတော့ ရောက်လာပြီ၊ ငါ့ရဲ့ လက်က်ျာ၊ လက်ဝဲနေရာပေးရမယ့် သူတွေပဲ လို့ အတိအလင်းကြေငြာခဲ့တာပါ။ တကယ်လည်း နေရာပေးခဲ့ပါတယ်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တဲ့ အရှင်ဟာ အဲဒီနှစ် ၀ါဆိုလပြည့်နေ့မှာ ပထမဆုံး တရားဦးဒေသနာကို အဲဒီခေတ်မဇ္ဈိမရဲ့ ဒဿနပညာရှင်နဲ့ တပဂုရုကြီးများ အလယ်မှာ ကြေငြာနိုင်ခဲ့ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးလို့အသိများတဲ့ လေးစားဖွယ်ဝေဒပါမောက္ခကြီးတွေ ဗုဒ္ဓအရှင်ရဲ့ သာဝကကြီးတွေ ဖြစ်ကုန်ကြတာပါ။

ဗာရာဏသီဆိုတာက ယခင်က ကာသိနိုင်ငံဟောင်းပါ၊ ဗုဒ္ဓခေတ်မှာတော့ စူပါပါဝါနိုင်ငံတွေ ဖြစ်တဲ့ မဂဓနဲ့ ကောသလကြားက အငြင်းပွားဖွယ်ဒေသတစ်ခု ဖြစ်နေခဲ့ပါပြီ။ ဗုဒ္ဓခေတ်မတိုင်မီကတော့ ကောသလနဲ့ ကာသိဆိုတာက စစ်ပြိုင်နိုင်ငံကြီးတွေပါပဲ။ တစ်ဘက်စီ နိုင်လိုက်ရှုံးလိုက်ရှိခဲ့ပေမယ့် ဗုဒ္ဓအရှင် လက်ထက် တော်မှာတော့ ကာသိဆိုတာ ကောသလတိုင်း လက်အောက်ခံလုံးလုံး ဖြစ်သွားခဲ့ပါပြီ။ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ မရှိတော့ပါဘူး။ ဒဿနပညာရှင်တွေနဲ့ အယူသည်းဗြဟ္မဏတွေ ကြီးစိုးရာ ပြီးတော့ စီးပွားရေးအရ ပိုးထည်လုပ်ငန်းထွန်းကားရာ ကာသိရွာကြီးဖြစ်နေခဲ့ပြီ။ ကာသိတိုင်းဖြစ် အဖိုးတစ်သိန်းထိုက်တန်သော ၀တ်လဲတော်ဆိုတာမျိုး ဖတ်ဖူးကြမှာပါ။ ငယ်ငယ်က သင်ခဲ့တဲ့ ရှေးသရောခါ ပြည်ဗာရာဝယ်ဆိုတာနဲ့ ဗြဟ္မဒတ်မင်းကြီးဆိုတာ မရှိတော့ပါဘူး။

ဒါပေမယ့် ကောသလတိုင်းဘုရင် ပေဿနဒီကောသလက မဂဓတိုင်းဘုရင်ဗိမ္ဗိသာရနဲ့ လက်ဆက်ခဲ့တဲ့ သူ့ရဲ့ နှမတော်ဝေဒေဟီ( အဇာတသတ်၏ မယ်တော်) အတွက် ကာသိရွာကို မင်္ဂလာလက်ဖွဲ့အဖြစ် အပ်နှင်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ မဂဓနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု (အဇာတသတ်နဲ့ သူ့ရဲ့စစ်တပ်က ဖခင်အရင်းဆီက အာဏာသိမ်းခဲ့မှု) တွေကြောင့် ကောသလတိုင်းက ကာသိကို ပြန်လိုချင်တဲ့အတွက် ရေတိုစစ်ပွဲလေးတွေ နွှဲခဲ့တာမျိုးရှိခဲ့လို့ မငြိမ်မသက်ကာလတွေ ကြုံခဲ့ရပါသေးတယ်။

အော်ဒီယို (၄)

ပဉ္စ၀ဂ္ဂီရဟန်းမြတ်တွေ အရိယာအဖြစ် လွတ်မြောက်မှုကို ခံစားရပြီးတဲ့အချိန် မိဂဒါဝုန်ညချမ်းတစ်ခုမှာ ယသလို လူကုံတန်တစ်ယောက်ကို ဓမ္မအရိပ်အောက် ရောက်အောင် စည်းရုံးနိုင်ခဲ့တာက အစ ယသရဲ့ မိတ်ဆွေ ကုန်သည်ပွဲစား သူဌေးသူကြွယ်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ (၅၄) ဦးဟာလည်း ရဟန်းဘ၀ကို ခိုလှုံလာခဲ့ကြပါတယ်။ ဗုဒ္ဓအရှင်ရဲ့ ဗာရာဏသီမိုးရာသီမှာ သာသနာပြုနိုင်တဲ့ ရဟန္တာအရှင်မြတ် အပါး(၆၀)ကို စည်းရုံးနိုင်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ အရိယာသံဃာ့အဖွဲ့အစည်းကြီးရဲ့ ရဲဘော်ခြောက်ကျိပ်လို့များ ကမ္ပည်းထိုးရ လေမလား။

ဘာပဲဖြစ်ဖြစ် ပထမ၀ါတော်အတွင်းမှာ တင်းပြည့်အရိယာမဟာသာဝကကြီးအပါး(၆၀)နဲ့ သာသနာ့ စာမျက်နှာကို ဖွင့်နိုင်ခဲ့တာဟာ ဗုဒ္ဓအရှင်ရဲ့ စည်းရုံးရေးစွမ်းရည်မြင့်မားမှုပဲ ဖြစ်ပါတယ်။ သီတင်းဝါလ ကျွတ်တာနဲ့ ရဟန္တာမြတ်အပါးခြောက်ဆယ်ကို သာသနာပြုမိန့်ခွန်းပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သံသရာ အေးကြောင်းလမ်းကို ပြဖို့ စေလွှတ်တော်မူခဲ့ပါတယ်။

သာသနာပြုမိန့်ခွန်းတော်မှာပါတဲ့ ခရီးလမ်းကြောင်း တစ်ခုကို နှစ်ပါးမသွားကြလေနဲ့ဆိုတဲ့ သြ၀ါဒတော်ကို ကိုယ်တော်လည်း လိုက်နာပြီး တစ်ပါးတည်း သာသနာပြုလမ်းကြောင်း ရွေးချယ်ခဲ့ပါတယ် (ပြီးတော့ ငါဘုရားဆိုပြီး ခိုဝင်လာသမျှ တပည့်တွေ ခြံရံပြီး ဟန်ရေးမပြဘဲ နေရာပေးခဲ့တာ၊ သစ္စာတရားကို နားလည်ပြီးတဲ့ ရဟန်းတော်တွေကို ကိုယ်တော်နဲ့ ထပ်တူပြုပြီး သာသနာပြုခွင့်ပေးခဲ့တာ အံ့သြကြည်ညို စရာဖြစ် နေပါတော့တယ်)

ပထမ၀ါတော်ဆိုပြီး ဒုတိယ၀ါတော်မတိုင်မီကာလမှာ ဗာရာဏသီ၊ မိဂဒါဝုန်ကနေ ဥရုဝေလတောကို ပြန်ကြွခဲ့ပါတယ်။ (အိန္ဒိယမရောက်ခင်ကတော့ ဘုရားရှင်ကြွခဲ့တဲ့ ခရီးက နီးနီးလေးပဲ ထင်ရပေမယ့် ဒီနေ့ခေတ် ကားနဲ့ အပြင်းနှင်ရင် ငါးနာရီခရီး ရှိပါတယ်)။ သာသနာပြုလုပ်ငန်းတွေကို အခိုင်အမာ အုတ်မြစ်ချဖို့ မဂဓနိုင်ငံဘက်ကို ပြန်ကူးလာတာပါ။ လမ်းခရီးမှာ မိန်းမပျောက်ရှာနေတဲ့ (ကောသလဘုရင်ရဲ့ သားတွေဖြစ်တဲ့) ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်နဲ့တွေ့လို့ သစ္စာအလင်းပြလို့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်စေခဲ့ပါသေးတယ်။

ဥရုဝေလတောကို ရောက်တော့လည်း မဂဓနိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဆူဖြစ်တဲ့ ဥရုဝေလကဿပ ရသေ့ကြီးကို ခဲခဲကတ်ကတ် သာသနာပြုတော်မူခဲ့ရပါတယ်။ ဗုဒ္ဓ၀င်စာမျက်နှာမှာ ဖတ်ရှုရသမျှ သာသနာပြုလုပ်ငန်းတွေထဲမှာ ဥရုဝေလရသေ့ကြီးအတွက် အချိန်ပေးရတာက အများဆုံးပဲ ဖြစ်ပါတယ်။ (ပြန်ဖတ်ကြည့်ကြပါ။ အကျယ်ရေးရင် လက်ညောင်းလို့)။ ပင်ပန်းရကျိုးလည်း နပ်ပါတယ်။ ဥရုဝေလကဿပရသေ့ကြီးနဲ့ အတူ သူ့နောက်မှာရှိတဲ့ ညီတော်နှစ်ပါးနဲ့ တပည့်ပရိသတ်တစ်ထောင်လုံးက ရဟန်းဘ၀ကို တောင်းဆိုခဲ့ကြတာပါ။ ဒုတိယ၀ါမဆိုမီ ခိုင်မာတဲ့ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်မိပါပြီ။

ဘာသာရေးခေါင်းဆောင်ဥရုဝေလကဿပရသေ့ကြီးကို ကြည်ညိုနေတဲ့ မဂဓဘုရင်ဗိမ္ဗိသာရနဲ့ မှူးမတ်ပညာရှိ သူဌေးသူကြွယ်တွေ၊ တိုင်းသူပြည်သားတွေ ဗုဒ္ဓအရှင်ရဲ့ အရိပ်အောက်ကို ခိုလှုံလာကြတာပါ။ ဥရုဝေလကဿပကြီးရဲ့ အရှိန်အ၀ါကြီးပါတယ်။ ဗုဒ္ဓအရှင်ရဲ့ သာသနာပြုမစ်ရှင်ဟာ တိုင်းပြည်ရဲ့ ဘာသာရေးခေါင်းဆောင်၊ တိုင်းပြည်ရဲ့ အစိုးရမင်းနဲ့ မှူးမတ်ပညာရှိ၊ သူဌေးသူကြွယ်၊ တိုင်းသားပြည်သူတွေ အုတ်အုတ်ကျက်ကျက်ပါဝင်လာတဲ့ အထိ လူထုလူတန်းစား ပေါင်းစုံကို ထိုးဖောက်နိုင်ခဲ့တာဟာ အံ့သြစရာကြီးပါပဲ။

ပြီးတော့ မိဂဒါဝုန် သာသနာပြုမစ်ရှင်အဖြစ် စေလွှတ်လိုက်တဲ့ ရဟန္တာအပါးခြောက်ဆယ်ကလည်း မဇ္ဈိမဒေသကြီးတစ်ခုလုံးဆီ ဓမ္မတံခွန်လွှင့်ထူဖို့ တရွေ့ရွေ့ကြွချီနေကြပါပြီ။

No comments: