07 June, 2012

သြစတေးလျပလပ်စ် ဥရောပခရီး(၁)


၂၃-၀၅-၂၀၁၂ နံနက် ၁၀း၃၀ နာရီ
အီတလီသံရုံး၊အင်းယားမြိုင်လမ်း၊ရန်ကုန်

သူ၏ နိုင်ငံကူးလက်မှတ်တွင် စတေကာတစ်ရွက်အပိုကပ်လိုက်ခြင်းဖြင့်  Schengen ဧရိယာအတွင်း ဥရောပတိုက်နိုင်ငံများသို့ သွားရောက်နိုင်သော  ဗီဇာရပြီဖြစ်ကြောင်း သေချာသွားတော့သည်။ သြစတေးလျနိုင်ငံဝင်ခွင့်ကိုတော့ လွန်ခဲ့သောသောကြာနေ့က သူရရှိထားပြီးဖြစ်ပါသည်။ သြစတေးလျနိုင်ငံတွင် နှစ်ပတ်ခန့်သာ နေထိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် လေယာဉ်လက်မှတ်ကို လတ်တလောစီစဉ်ရပါလိမ့်မည်။ တရားဟောကြွမည့် အခြားအခြားသောဆရာတော်ကြီးများကို သုံးလဗီဇာထုတ်ပေးသော်လည်း လေ့လာရေးခရီးဟု ခေါင်းစဉ်တပ်လျှောက်ထားလိုက်သော သူ့ကိုတော့ နှစ်ပတ်ခန့်သာ နေထိုင်ခွင့်ပြုလေသည်။ နှစ်ပတ်ခန့်ဖြင့် သူ့ခရီးစဉ်ကို တန်ဖိုးရှိအောင် စပွန်ဆာအလှူရှင်ဒေါ်သီတာဆွေက စီစဉ်ပေးပါလိမ့်မည်။

သို့နှင့် ညနေ ၃း၀၀ နာရီတွင် ဒေါ်သီတာဆွေ၏ ညီမဖြစ်သူ ဒေါ်နီနီနိုင်( နေရီရီစာအုပ်တိုက်)က ရန်ကုန်-ဗန်ကောက်-ဆစ်ဒနီ-ဗန်ကောက်-နယူးဒေလီခရီးစဉ်အတွက် လေယာဉ်လက်မှတ်များ စီစဉ်ပေးခဲ့သည်။ ဥရောပခရီးစဉ်နှင့် ချိတ်ဆက်ဝယ်ယူရခြင်းဖြစ်သည်။ နယူးဒေလီမှ အီတလီသို့ ပြင်သစ်လေကြောင်း (Air France) ဖြင့် ဆက်လက်ထွက်ရမည်ဖြစ်သည်။

တကယ်တော့ ထိုနေ့က သူသည်  အပြေးအလွှားနာရီများကို ဖြတ်သန်းရခြင်းဖြစ်သည်။ မိတ်ဆွေရဟန်းတော် အရှင်ဥာဏိန္ဒသာ အဖော်အကူမပါလျှင် ပို၍ ပန်းကာ နွမ်းပေလိမ့်မည်။
သူ့တစ်နေ့တာ အချိန်ဇယားကို ငဲ့စောင်းကြည့်လိုက်သည်။

နံနက် ၉း၀၀ နာရီတွင် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဓမ္မဥယျာဉ်ကျောင်းဆရာတော်များနှင့် တွေ့ဆုံ။
၁၀း၀၀  အီတလီသံရုံးမှ နိုင်ငံကူးလက်မှတ်ထုတ်ယူ..
၁၀း၃၀  ကမ္ဘောဇလမ်း။ ကောင်းမှုတော်သင်္ကန်းတွင် နေ့လည်စာ..
၁၁-၃၀ သိမ်ကြီးဈေးကုန်ဈေးတန်းမှ Daimond Luck ခရီးသွားလုပ်ငန်းတွင် လေယာဉ်လက်မှတ်နှင့် ပြည်ပထွက်ခွာခွင့်လျှောက်လွှာတင် .. (ညနေ ၀၃း၀၀နာရီချိန်း)
၁၂း ၄၀  နေရီရီစာအုပ်တိုက်တွင် စာအုပ်အချို့ အလှူခံ..
၀၁း၃၀  ပန်ထူးသာသင်္ကန်းတိုက်...
၀၂း၀၀ လေယာဉ်လက်မှတ်နှင့် ဒီဖောင်ရယူ...။........


၂၄-၀၅-၂၀၁၂ ညနေ ၇း၂၀ နာရီ
သုဝဏ္ဏဘူမိလေဆိပ်၊ထိုင်းနိုင်ငံ ဗန်ကောက်မြို့

သြစတေးလျနိုင်ငံဆစ်ဒနီမြို့သို့ ထွက်ခွာမည့်  ထိုင်းလေကြောင်းပိုင် ဘိုးအင်း ၇၄၇  TG 745 လေယာဉ်ပေါ်တွင် သူတိတ်ဆိတ်စွာ ထိုင်နေခဲ့လေသည်။ ကြီးမားကျယ်ပြန်လှသော နှစ်ထပ်လေယာဉ်ပျံကြီးပေါ်တွင်  သူနှင့် တူသော အသွင်ဆိုလို့ သူတစ်ဦးတည်းသာ ရှိနေလေသည်။ သူထိုင်လျက်ရှိသော ခုံအမှတ် ကေ ၅၂ နှင့် ကပ်လျက်အလယ်ထိုင်ခုံသို့ စီးနင်းသူ ရောက်မလာသောကြောင့် ချောချောင်ချိချိရှိသည်။ တတိယထိုင်ခုံတွင် သြစတေးလျသူ ဟု မိတ်ဆက်လာသော အမျိုးသမီးကြီးက ၈ နာရီကြာမည့် ခရီးစဉ်တလျောက် မည်သို့ အိပ်စက်ရမည်ကို အစမ်းလေ့ကျင့်နေလေသည်။

လေယာဉ်ပျံကြီး မြေပြင်မှ ထွက်ခွာလိုက်သည်နှင့် မီးပုံကြီးနှင့် တူသော ဗန်ကောက်ညရှုခင်းကို လှပစွာ ဖြတ်သန်းရလေသည်။ သူက ပြတင်းတံခါးထိုင်ခုံမှာ ထိုင်ခွင့်ရသည်မို့ လျှပ်စစ်ပန်းများပန်ဆင်ထားသည့် ဗန်ကောက်မြု့ကြီး၏ လက်လက်ထ ပျိုရည်ပျိုသွေးကို ငေးရင်း ရွှေပြည်အိုအိုဆီက ဖယောင်တိုင်မီးမှိန်မှိန်ညိုညိုများဆီ ကရုဏာဗြဟ္မစိုရ်အတွေးများ ပို့လွှတ်မိတော့သည်။ အော် လင်းစေ လက်စေ.......

ယနေ့နံနက်ပိုင်းက ရန်ကုန် ဗန်ကောက်ခရီးစဉ်အတွက် မိတ်ဆွေရဟန်းတော်အချို့က တက္ကစီအငှါးယာဉ်ဖြင့် လိုက်ပို့ကြသည်။
ထေရ၀ါဒတက္ကသိုလ်နည်းပြ အရှင်အာစိဏ္ဏ၊ ဓမ္မဒူတ ဒေါက်တာအရှင်ကဉ္စန၊ အဘိဓာန်ကျမ်းပြု အရှင်ဥာဏိန္ဒနှင့် အသောကဖောင်ဒေးရှင်းမှ အရှင်ဝေပုလ္လ၊ အရှင်သီလာနန္ဒနှင့် အရှင်ရာဇိန္ဒတို့ကို ကျေးဇူးစကား ဆိုလိုက်ပါမည်။ မည်သူ့ကိုမှ အလုပ်မများစေလိုသော်လည်း မိတ်ဆွေရဟန်းတော်များ၏ စိတ်လိုလက်ရကူညီမှုကိုတော့ ကြည်နူးမိလေသည်။
ဝန်စည်စလွယ်နည်းပါးနိုင်သမျှ နည်းပါးစွာဖြင့် ခရီးသွားတတ်သော သူ့အတွက် မည်သည့်ခရီးမျှ လေးလေးပင်ပင်ဖြစ်မနေခဲ့ပါ.။
(ပိုင်ဆိုင်မှုနည်းပါတာကြောင့်လည်း ဖြစ်နိုင်သည်။)

အညိုရောင်လွယ်အိတ်နှင့် အနီရောင်လက်ဆွဲသေတ္တာတစ်လုံးကတော့ လွန်ခဲ့သောနှစ် ဗန်ကောက်၊ စင်္ကာပူခရီးစဉ်ကတည်းက သူနှင့် တစ်ပါတည်း ရှိနေခဲ့ခြင်းဖြစ်သည်။ အခြားသော ပိုင်ဆိုင်သမျှ ကွန်ပြူတာနှင့် အီလက်ထရောနစ်ပစ္စည်းများကိုတော့ မိတ်ဆွေရဟန်းတော်အချို့ သုံးစွဲနေကြပေတော့မည်။ လိုရမယ်ရ တယ်လီဖုန်းလေးတစ်လုံးသာ သူကောက်ထည့်လာခဲ့သည်။
လေယာဉ်ထွက်ခွာချိန်နီးသည်အထိ သူ ဖုန်းက အသံမည်နေဆဲဖြစ်သည်။

နံနက် ၉း၅၀ တွင် ထွက်ခွာမည့် လေယာဉ်ပျံကြီးသည် ပြေးလမ်းကြောင်းနည်းပါးလှသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး၏  နွမ်းပါးမှုကို စာနာစွာ အချိန်အနည်းငယ် ပြေးလမ်းကြောင်းရှင်းသည်ထိ စောင့်ဆိုင်းနေခဲ့ရသေးသည်။ အော်.... ဘယ်သောအခါမှ......။

လေယာဉ်ပျံ ကောင်းကင်လမ်းကြောင်းပါ် တည့်မတ်စွာေ ရာက်သည်နှင့် သူ့အတွက် နေ့လည်စာက ပထမဦးစားပေးအဖြစ် ရောက်လာခဲ့ပါသည်။ ထိုင်းလေကြောင်းက ရဟန်းတော်များကို ဦးစားပေးလေ့ရှိပါသည်။

သူက ထိုသို့ ဦးစားပေးသည်ကို မကြိုက်တတ်၍ များသောအားဖြင့် နိုင်ငံကူးလက်မှတ်ထဲက အတိုင်းသာ နာမည်ကို ရိုးရှင်းစွာပေးလေ့ရှိပါသည်။ အခြားခြားသောဘာသာရေးခေါင်းဆောင်များကြားတွင် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအဖြစ် ပထမဆုံးတန်းစီရသည်က ဂုဏ်ယူဖွယ်ဖြစ်သည့်တိုင် မျက်နှာပူစရာကောင်းသည်ဟု မြင်မိတတ်ခြင်းဖြစ်သည်။  ခရီးသွားသည့်အခါ သာမန်ခရီးသည်တစ်ဦးအခွင့်အရေးထက် ပိုပြီး မယူလို...။

ဗန်ကောက်လေဆိပ်ရောက်တော့ ၁၂း၀၀ နာရီဝန်းကျင်သာ ရှိသေးသည်။ သြစတေးလျသို့ ထွက်ခွာမည့် လေယာဉ်က ညနေ ၇း၂၀ နာရီမို့ ကျန်ရှိနေသေးသော အချိန်ကို ဖြိုခွဲရန် သုဝဏ္ဏဘူမိလေဆိပ်ထဲတွင် လက်ဆွဲသေတ္တာကို ဆွဲကာ ယောင်ချာချာ လျှောက်ငေးသည်။

ရေဆာသည့်အခါ ရေ၀ယ်သောက်သည်။ ငွေလဲကောင်တာတွင် လဲစရာမလိုဘဲ မည်သည့်ငွေကြေးနှင့် မဆို ဈေးဝယ်နိုင်သည်ကို သူ သဘောကျသည်။  နေရာအနှံ့ ရှိနေသည့် အခမဲ့အင်တာနက်ကို ၀င်ရောက်သုံးစွဲသည်။  ကြာတော့ ခေါင်းတွေ မူးနောက်လာသည်။ ရောင်စုံထက် ပိုသော အာရုံများကြားတွင် ညောင်းညာကိုက်ခဲစွာပင်
ထရန်ဇစ်ဧည့်သည်များနားခိုရာ ဆိုဖာမှီခုံတစ်ခုတွင် အနားယူရသည်။ သို့နှင့် သူ့လေယာဉ်ချိန်နီးကပ်လာခဲ့ခြင်းဖြစ်သည်။

(ဆက်ရန်)

ဓမ္မဂင်္ဂါ

No comments: