07 September, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ (၃)


ဇန်န၀ါရီလ (၄)ရက် ဗုဒ္ဓဟူးနေ့
မြန်မာ့လွတ်လပ်ရေးနေ့

မြတ်စံတို့ မိသားစုအိမ်တွင် အန္တရာယ်ကင်းပရိတ်တရားဟောခြင်းဖြင့် နံနက်ခင်းအသစ်ကြီး ဟင်းလင်းပွင့်သွားခဲ့သည်။ သဒ္ဓမ္မဇောတိကဆရာကြီးဦးဝင်းကြိုင်နှင့် စကားပြောဖြစ်သည်။
အင်္ဂလန်ကြွရမယ် ကြားရတယ် ဘုရား တဲ့။
အိပ်မက်တစ်ခု၏ အနံအလျားများအကြောင်း ဆက်မပြောဖြစ်။ ပြုံးရုံမျှသာ ပြုံး၍ ငြိမ်ဆိတ်နေလိုက်သည်။
ဆရာကြီးက ရဟန်းဘ၀ဖြင့် သိရီပ၀ရဓမ္မာစရိယ သိရောမဏိဘွဲ့ထူးကို ဆွတ်ခူးခဲ့ပြီး လူဝတ်ကြောင်ဘ၀တွင် B.A B.L ဘွဲ့များကို ဆက်လက်အောင်မြင်ရယူနိုင်ခဲ့သည်။ ယခု အသက် (၈၂) အရွယ်သို့ ရောက်သည့်တိုင် ကျန်းမာစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပိဋကတ်ဆိုင်ရာမြန်မာစာဌာနတွင် ကထိကတာဝန်ထမ်း၍ စာပေပို့ချနေဆဲဖြစ်သည်။

ဆရာကြီး၏ အိမ်တွင် ဓမ္မသာကစ္ဆာစင်တာဖွင့်လှစ်ကာ အငြိမ်းစားအရာရှိကြီးများနှင့် ဘာသာရေးစိတ်ဝင်စားသူများအား ဓမ္မဖြန့်ဖြူးပေးနေသည်။ မနက်ဖြန်ဖွင့်လှစ်မည့် ဓမ္မသာကစ္ဆာ ၀ိပဿနာသင်တန်း၏ နာယကဆရာတော်အဖြစ် ဒိုင်ယာရီရှင်၏ အမည်ကို ထည့်သွင်းထားကြသည်။
ဆရာကြီးနှင့် ၂၀၀၀ ခုနှစ် ရန်ကုန်သို့ စာချဆရာအဖြစ် ခြေချကာစ ယခုလို ဆွမ်းစားတစ်ခုတွင် ဆုံဖြစ်ကြရင်း
ဒိုင်ယာရီရှင်ဟောကြားသည့် တရားတစ်ကွက်ကို သဘောကျနှစ်ခြိုက်ရာမှ ရင်းနှီးခဲ့ကြရခြင်းဖြစ်သည်။

နေ့လည်ဆွမ်း... ရှစ်မိုင် AMTT ကုမ္ပဏီ၏ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်ကာ ရေစက်ချတရားဟော..။

နေ့ခင်းဘက်မှာတော့ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် မြို့မလှသီတာဖလား W ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ။ တတိယလုပွဲနှင့် ဗိုလ်လုပွဲမစမီ ချစ်ကြည်ရေးပွဲစဉ်တစ်ခု ကျင်းပသည်။ များသောအားဖြင့် ဘောလုံးပွဲများကို မကြည့်ဖြစ်သော်လည်း
အသင်းပေါင်းလေးဆယ်ကျော်ခန့်(ယခုနှစ်ဆို အသင်းတစ်ရာခန့်ရှိပြီဟုသိရ)ကို ဖြတ်သန်း လာရခဲ့သည့် နောက်ဆုံးဗိုလ်လုပွဲရောက်အသင်းတို့၏ အရည်အသွေးကိုတော့ စိတ်ဝင်စားမိသည်။
သို့နှင့် ၀င်ငေးဖြစ်ပါသည်။

W ဘောလုံးပွဲများ၏ စွဲဆောင်မှုက အံ့မခန်းဖြစ်သည်။ မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပင် ရလဒ်တွေ ချက်ချင်းပြောင်းလဲသွားနိုင်သည်မို့ ရင်တမမနှင့် အားပေးရသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲဆက်ကျင်းပ..။
ပွဲကြည့်ပရိသတ်က ကွင်းအပြည့်..။ နာယကဆရာတော်များနှင့် ပဇင်းပျိုအချို့က စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေကြသည်။
Five Stars Vs FC Crow ... ။ ဗိုလ်လုပွဲနှင့် တူအောင် ပညာသားပါပါ ခွန်အားအပြည့်နှင့် ကစားသွားကြ၏။ လက်ရှိချန်ပီယံ FC Crow ကပင် (၂-၁)ဖြင့် အနိုင်ယူသွားခဲ့၏။ ပျော်စရာ မောစရာ...။ မြန်မာ့အားကစား ကမ္ဘာမလွှမ်းတောင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ကြစေသော်..။

မနက်ခင်းဆီက လွတ်လပ်ရေးနေ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များနှင်းအပ်ခြင်း သတင်းတွင် ကျိုင်းတုံသာသနာပြုဗဟိုမှ သာသနာပြုဘက်မိတ်ဆွေများဖြစ်ကြသည့် ရှင်ပညာနန္ဒ (ဂျီအီးစီ) နှင့် သာသနာပြုရဟန်းတော်လေးပါးခန့် သဒ္ဓမ္မဇောတိက ဘွဲ့ခံများအဖြစ် စာရင်းဝင်သွားသည်။ တပေါင်းလပြည့်မှာ တွေ့ကြသေးတာပေါ့ ငါ့ရှင်တို့ရေ..။
ဗိုလ်စိတ်(Ashin Cittara MV)  စင်ကာပူမှ ပြန်ရောက်နေကြောင်း သတင်းရ..။ ရွာဘက်ကို တိုက်ရိုက်ပြန်သွားပြီထင်သည်။

ဇန်န၀ါရီလ(၅)
ကြာသပတေးနေ့

အိပ်ရာက ထဖြစ်တော့ ၈း၀၀နာရီ ကျော်လွန်နေပြီ။ အရှင်ဇ၀နလေး (ယခု ပူနေးတက္ကသိုလ်) နှင့် ရွေှ့မိုးလက်ဘက်ရည်ဆိုင်လေးမှာ..။ ထို့နောက် ၈၁ ဘတ်စ်၏ သယ်ဆောင်ရာ ထေရ၀ါဒတက္ကသိုလ်ဆီ..။ Dr R နှင့် ရှင်ဥာဏိန်တို့၏ အခန်းတံခါးများမပွင့်သေး..။
ဝိနယဌာနနည်းပြဖြစ်သူ ရှင်အာလေးက ပါရဂူဘွဲ့ကျမ်းတော်ကြီးအတွက် ခဲတံတပြင်ပြင်ရေးချွတ်နေဆဲကာလဖြစ်၍ အိပ်ရေးပျက်ဟန်တူသည်။ တိပိဋကအဘိဓာန်အင်္ဂလိပ်ဘာသာပြန်အဖွဲ့ဝင်ဖြစ်သူ ရှင်ဥာဏိန်ကတော့ ကွန်ပြူတာချန်ပီယံမို့ ညည စောစော အိပ်လေ့မရှိ..။ ကွန်ပြူတာအဟောင်းအမြင်းများနှိုက်တတ်သည်။ ဆော့ဖ်ဝဲများနှင့် ပတ်သက်လျင် အကူအညီတောင်းသမျှ အမြဲတမ်း တံခါးဖွင့်ထားသည်။ သို့နှင့် တစ်နေ့တစ်ခြားခေါင်းပြောင်လာခြင်းဖြစ်မည်။ :D...

အားနာစွာ တံခါးမခေါက်တော့ဘဲ သုတ္တန္တဌာန နည်းပြ ဘုန်းကြီးပဏ်( အရှင်ပဏ္ဍ၀ံသ)အခန်းတွင် အချိန်ဖြုံးဖြစ်သည်။ ရယ်စရာပြောတတ်ပြီး တွေးစရာဖန်တီးတတ်သည့် ထိုပုဂ္ဂိုလ်ကြီးက ဘုန်းကံကြီးမားသူဖြစ်သည်။
ဘုန်းကြီးပဏ်အခန်း ရောက်တိုင်း ခွင့်မတောင်းဘဲ စားစရာတွေ ရှာဖွေစားနေကျ။ (ခုအချိန်ထိပဲ..။ :D )
ဘုန်းကြီးပဏ်က သူကိုယ်တိုင်ရိုက်ကူးထားသည့် သူ့ဖခင်ကြီး၏ မယ်ဒလင်တီးခတ်နေပုံကို ဗီဒီယိုကင်မရာဖြင့် ပြ၍ ကြည့်ခဲ့ရသေးသည်။

တက္ကသိုလ်မှာပဲ နေ့လည်စာ ..။ မြန်မာရဟန်းတော်များအတွက် တက္ကသိုလ်တွင် အဆောင်မပေးပါ။ နိုင်ငံခြားသားများကိုသာ နေရာထိုင်ခင်း စီစဉ်ပေးသည်။
မြန်မာရဟန်းတော်များကို နေ့လည်စာတစ်နပ်တော့ ဆက်ကပ်သည်။ တစ်ခါတစ်ခါ မြန်မာရဟန်းတော်များ ဆုံသည့်အခါတိုင်း '' မြန်မာပြည်မှာ နိုင်ငံခြားသားဖြစ်ရတာ ကောင်းပြီး နိုင်ငံခြားမှာ မြန်မာဖြစ်ရတာ မနိပ်ဘူး '' ဟု ပြောဖြစ်ကြ၏။
ဘာပဲဖြစ်ဖြစ် အာဝါသိက၀တ်ကြေပွန်တယ်လို့ပဲ မှတ်လိုက်ကြ ငါ့ရှင်တို့..။

နေ့လည်စာ ပြီးသည်နှင့် ရှင်သကျ၊ ရှင်ညာဏိန်တို့နှင့် အတူ အင်တာနက်ခန်းမသို့ ချီိတက်..။ ၂း၀၀ နာရီတိတိမှာတော့ အဓိကဘာသာရပ်ဖြစ်သည့် ၀ိနယဌာနသို့ အပြေးအလွှား..။ မဟာဌာနမှူး ကျိုက္ကလော့ဆရာတော်ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ
(ယခု ဒုတိယပါမောက္ခချုပ်)၏ ပို့ချချက်များ..။ ၀ိနယဌာနမဟာပထမနှစ်တွင် သင်တန်းသားက ပဲခူးက ဦးပညာသာမိနှင့်မှ နှစ်ပါးတည်း..။ အတန်းလစ်ချင်သော်လည်း လစ်မရ..။ ဒါတောင် နှစ်ကြိမ်လောက် လစ်ပြီးပြီ။ ဆရာတော်က သဘောကောင်းစွာ '' အတန်းတက်ဦးနော် '' ဟု လေချိုချိုဖြင့် မိန့်သဖြင့်
ခုတလော ကျောင်းမှန်အောင် ကြိုးစားနေရသည်။
အတန်းလစ်ရင်း ဗုဒ္ဓဓမ္မ၀ိဇ္ဇာတန်းတွင် အေပလပ်စ် (A+)ဖြင့် အောင်ခဲ့၊
(Outstanding Student)အဖြစ် ဂေဇင်ဝင်ခဲ့သည်ကို ကျောင်းတက်မှန်သော မိတ်ဆွေများက မကျေနပ်..။
သည်းခံကြ ငါ့ရှင်တို့..။ ကျုပ်လို ရွှီးတတ်လို့လား..။
စာစစ်သည့် ဆရာတော်များနှင့် ဆရာဆရာမကြီးတွေကို မျက်စိလည်အောင် ရေးရတာ လွယ်မှတ်လို့..။
( ၀ိဇ္ဇာတန်းတွင် ဂုဏ်ထူးမထွက်၍ ရွာပြန်သွားသော မိတ်ဆွေကြီးတစ်ပါးကတော့ '' ဒီလူနဲ့ ကျူပ်က ဥာဏ်မကွာလှဘူး၊ ဒါပေမယ့် ဒီလူက ညစ်ဥာဏ်သာတယ်..။ ပေါက်ကရတွေ ခေါင်းက ထွက်တတ်တယ် '' ဟု လမ်းခွဲခါနီး မှတ်ချက်ပေးသွား၏။ ကောင်းလင့်တေးပေတကား..။ )

မဟာဌာနမှူးဆရာတော်က Formal Acts နှင့် သက်ဆိုင်သည့် ကမ္မ၀ါဖတ်ခြင်းဆိုင်ရာအသံစနစ်များကို ပို့ချသည်ကို မှတ်သားရသည်။
နိဂ္ဂဟိတန္တနှင့် မကာရန္တပြဿနာကလည်း သေးသေးမွှားမွှားမဟုတ်..။ စူဠ၀ဂ္ဂ ကမ္မက္ခန္ဓကနှင့် ပရိဝါရ ကမ္မ၀ဂ္ဂကို ဦးတည်၍ အဋ္ဌကထာနှင့် ဋီကာအဖွင့်ကျမ်းများကို ကိုးကားပို့ချခြင်းဖြစ်သည်။အမှန်တကယ်တော့ အဓိပ္ပါယ်သိပြီး ရွတ်ဖတ်ခြင်းကသာ အဓိပ္ပါယ်ရှိလိမ့်မည် ထင်ပါသည်။ဗဟုသုတကြွယ်ပိုးကြွယ်ဝ ရှိလှသော ဆရာ၏ ပို့ချချက်များက နှစ်လိုဖွယ်ကောင်းပါသည်။

စာသင်ခန်းလေးတွင် ဆရာတပည့် သုံးပါးတည်းသာ ရှိ၍ ငြိမ်းချမ်းလှသည်။
သို့တည်းမဟုတ် အိပ်ငိုက်၍ ရစကောင်းသော စာသင်ခန်းလည်း မဟုတ်..။ အဘိဓမ္မာ၊ သုတ္တန်နှင့် ၀ိပဿနာဘာသာအဓိက ယူကြသော မိတ်ဆွေရဟန်းတော်များကတော့ လူပုဂ္ဂိုလ်သင်တန်းသားများလည်း ရှိသည်မို့ ချောင်ဟန်တူသည်။ :D
ဝိနယကိုတော့ လူဝတ်ကြောင်သင်တန်းသားများက စိတ်မ၀င်စား..။ 
ထိုထိုမေဂျာများမှ မိတ်ဆွေရဟန်းတော်များက ''ကဲ ကိုမော်ဒန်ကြီး ဘယ်နှယ်ရှိစ'' ဟု ကျောင်းပုံမှန်လစ်လေ့ရှိသော ဒိုင်ယာရီရှင်ကို လှောင့်ထေ့ကြသည်။ အဟဲ ကိုယ်လည်း ၀ိနယဌာနမှာ ဆရာလေး ဘာလေးခန့်ရင် ( ကျောင်းသားနည်းတာမို့) ချောင်ချောင်ချိချိ ရမလား လို့ ..။
ဖြစ်ချင်တော့ ကိုယ် ၀ိဇ္ဇာတန်းအောင်တဲ့နှစ်ကျတော့ ဆရာအသစ်မခန့်တော့..။ သေပြီဆရာ..။

ညနေဘက် ကျိုင်းတုံမှ တပည့်မများ ရောက်လာကာ ရှမ်းပြည်လက်ဆောင်ဖြင့် ကန်တော့ကြသည်။ ငါးဒုက္ခ တဲ့..။ မျှစ်ဒုက္ခတဲ့..။
ည ၇း၃၀ နာရီခန့်မှာ ဓမ္မသာကစ္ဆာစင်တာ သဒ္ဓမ္မဇောတိက ဓမ္မဂေဟာဝိပဿနာတရားစခန်းဖွင့်ပွဲတွင် ဗုဒ္ဓအရှင်၏ ပထမဆုံးစကားတော်နှင့် နောက်ဆုံးစကားတော်အကြောင်း ရှင်းပြဖြစ်ခဲ့သည်။

ဓမ္မဂင်္ဂါ
(၁၅-၈-၂၀၁၂)
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့

No comments: