၁)
ပြာလွင်စူးလက်သော ပင်လယ်သည် အမောတကောစီးလာသည့် မြစ်တစ်မြစ်ကို ဘယ်လို ကြိုလေ့ရှိသလဲ သူ မသိပါ။ သူကတော့ ပင်လယ်ဝတွင် ရပ်နေမိပြီ။ လှိုင်းမောက်မောက်လေးများ သူ့ခြေဖ၀ါးအောက် ရောက်လာသည့် ရသကို နှစ်သက်မိသလို မျက်နှာကို ဖွဖွပုတ်ကာ တိုက်ခတ်လေသော လေညင်းရှရှကိုလည်း ခုံမင်နေမိသည်။ အမြင်တဆုံး ပင်လယ်...။ ကောင်းကင်နှင့် ချုပ်စပ်ထားသော ပင်လယ်...။ အဓိပ္ဗါယ်တွေ အများကြီး ၀ါးမြိုပြီးလေသော ပင်လယ်...။
အညာကျေးလက်တွင် မွေးဖွားခဲ့သော သူ့အတွက် ပထမဆုံး ပင်လယ်ယောင်ယောင်လေကို မြင်ဖူးသည်မှာ စင်ကာပူကမ်းခြေတွင် ဖြစ်သည်။ ထို့နောက်တွင်တော့ ကံကောင်းထောက်မစွာ ပင်လယ်နဲ့ သမုဒ္ဒရာအချို့ကို မြည်းစမ်းခွင့်ရခဲ့သည်။ သြစတေးလျတိုက်၊ မဲလဘုန်းကမ်းခြေဆီက ပစိဖိတ်သမုဒ္ဒရာ..။ အီတလီတောင်ပိုင်း အော်တရန်တိုကမ်းခြေမြို့လေးဆီက မြေထဲပင်လယ်နှင့် လဗ်ဗီယားနိုင်ငံမြို့တော် ရိဂ၏ ဘော်လတစ်ခ်ပင်လယ်..။ ခုတော့
ရွှေပြည်ကြီး၏ ပင်လယ်ကို သူ ငေးနေမိသည်။
သူသည် ပင်လယ်ကို မြင်နေရပါလျက် ပင်လယ်ကို မရောက်သေးကြောင်း သိနေခဲ့ပြန်သည်။ သူ မကြာခဏ ကြွေးကြော်လေ့ရှိသော မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ သည် အစစ်မှန်စီးဖို့ မှ ဟုတ်ပါရဲ့လား..။
(၂)
ဂင်္ဂါမြစ်ကမ်းပါးတွင် ဗုဒ္ဓအရှင်နှင့် တပည့်သာဝကရဟန်းတို့၏ ပုံရိပ်ပေါ်လာသည်။ ဂင်္ဂါမြစ်ရေကြောတွင် မျောလာသော သစ်တုံးကြီးကို အရှင်မြတ်က သာဝကတို့အား ညွှန်ပြကာ
ရဟန်းတို့ ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို သင်တို့ မြင်ကြကုန်၏လော''ဟု မေးမြန်းလေသည်။
အသျှင်ဘုရား မြင်ကြပါကုန်၏..။
ရဟန်းတို့ အကယ်၍ သစ်တုံးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မရောက်ခဲ့ပါလျှင်၊ အလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့ မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊ ဝဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ခဲ့ပါလျှင် ထိုသစ်တုံးသည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည် သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဂင်္ဂါမြစ်၏ ရေအလျဉ်သည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည်သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။
ရဟန်းတို့ ဤအတူ သင်တို့သည်လည်း ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မကပ်ရောက်ကြပါလျှင်၊ အလယ်၌ မနစ်မြုပ်ကြပါလျှင်၊ ကြည်းကုန်း၌ မတင်ကြပါလျှင်၊ လူတို့ မဆယ်ယူကြပါလျှင်၊ နတ်တို့ မဆယ်ယူကြပါလျှင်၊ ဝဲမစုပ်ယူကြပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ကြပါလျှင် သင်တို့သည် နိဗ္ဗာန်သို့ ညွတ်ကုန်သည် နိဗ္ဗာန်သို့ ကိုင်းကုန်သည် နိဗ္ဗာန်သို့ ရှိုင်းကုန်သည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကောင်းစွာ မြင်ခြင်း 'သမ္မာဒိဋ္ဌိ'သည် နိဗ္ဗာန်သို့ညွတ်သည် နိဗ္ဗာန်သို့ ကိုင်းသည် နိဗ္ဗာန်သို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။
ဗုဒ္ဓအရှင်၏ လေးနက်လှသော ဒေသနာသည် ပုထုဇဉ်တို့ ၏ ထူးပိန်းသော နားအတွက် ရှုပ်ထွေးလှသည့် ခက်ဆစ်များဖြစ်နေခဲ့ပါသည်။
။ သစ်ပင် သို့မဟုတ် မြစ်ကမ်းတစ်ခုသည်ပင် ဗုဒ္ဓအရှင်၏ ဓမ္မစာသင်ခန်းတစ်ုခု ဖြစ်နေသည်။ လွတ်လပ်စွာ မေးမြန်းခွင့် ဆွေးနွေးခွင့် ရှိလေသည်။ ယနေ့ ကမ္ဘာ့တက္ကသိုလ်ပရိဝုဏ်များတွင် ကျင့်သုံးလျက်ရှိသော နည်းနိသျများသည် ဗုဒ္ဓသာသနာတွင် အသစ်အဆန်းမဟုတ်ပြီ။ ရဟန်းတစ်ပါးက အရှင်မြတ်အားလျှောက်ထား မေးမြန်း၏
'မြတ်စွာ့ဘုရား ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ ထိုမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် အဘယ်ပါနည်း၊ ကြည်းကုန်း၌ တင်မှုဟူသည် အဘယ်ပါနည်း၊ လူတို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ နတ်တို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ ဝဲစုပ်ယူမှုဟူသည် အဘယ်ပါနည်း၊ အတွင်း၌ ပုပ်ဆွေးမှုဟူသည် အဘယ်ပါနည်း '' တဲ့...။
အရှင်မြတ်က ဤသို့ ဝေါဟာရခက်ဆစ်ကို ဖွင့်တော်မူခဲ့သည်။
ရဟန်း '' ဤမှာဘက်ကမ်း'' ဟူသော ဤအမည်သည် အတွင်းဖြစ်သော တည်ရာ 'အဇ္ဈတ္တိကာယတန'ခြောက်ပါးတို့၏ အမည်တည်း။
ရဟန်း ''ထိုမှာဘက်ကမ်း'' ဟူသော ဤအမည်သည်အပဖြစ်သောတည်ရာ 'ဗာဟိရာယတန' ခြောက်ပါးတို့၏ အမည်တည်း။
ရဟန်း ''အလယ်၌ နစ်မြုပ်ခြင်း'' ဟူသော ဤအမည်သည် နှစ်သက်စွဲမက်မှု 'နန္ဒီရာဂ'၏ အမည်တည်း။
ရဟန်း'' ကြည်းကုန်း၌ တင်မှု ''ဟူသော ဤအမည်သည် ငါဟူသော ထောင်လွှားသည့် 'မာန'၏ အမည်တည်း။
ရဟန်း ''လူတို့ ဆယ်ယူမှု ''ဟူသည် အဘယ်နည်း။
ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့်ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှုရှိ၏၊ အတူတကွ စိုးရိမ်မှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏။ ရဟန်း ဤသို့ ဖြစ်မှုကို 'လူတို့ဆယ်ယူမှု'ဟု ဆိုအပ်၏။
ရဟန်း ''နတ်တို့ ဆယ်ယူမှု ''ဟူသည် အဘယ်နည်း။
ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် ''ငါသည် ဤသီလအားဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုအကျင့်အားဖြင့်လည်းကောင်း၊ ဤအကျင့် မြတ်အားဖြင့်လည်းကောင်း ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသောနတ်သော်လည်း ကောင်း ဖြစ်ရလိမ့်မည်''ဟု တစ်ခုခုသော နတ်အဖြစ်ကို တောင့်တ၍ အကျင့်မြတ်ကိုကျင့်သုံး၏။ ရဟန်း ဤသို့ တောင့်တမှုကို 'နတ်တို့ ဆယ်ယူမှု'ဟု ဆိုအပ်၏။
ရဟန်း ''ဝဲစုပ်မှု'' ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်း ''အတွင်း၌ ပုပ်ဆွေးမှု'' ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားအပ်သောအကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ အကျင့်မြတ်ကိုကျင့်သုံးသူ မဟုတ်ဘဲလျက် အကျင့်မြတ်ကို ကျင့်သုံးသူဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့်စိုစွတ်၏၊ အမှိုက် သရိုက်ကဲ့သို့ ဖြစ်၏။ ရဟန်း ဤသည်ကို 'အတွင်း၌ ပုပ်ဆွေးမှု'ဟု ဆိုအပ်၏။
(၃)
နံနက်ခင်း အိပ်ရာထသည်နှင့် မြစ်က ရေစီးရေလာ မကောင်းချင်..။ မှန်တစ်ချပ်သည် ဤမှာဘက်ကမ်း၏ ကျောက်ချရာဖြစ်၏။ မှန်တစ်ချပ်ရှေ့တွင် ဘယ်လောက်ကြာကြာထိုင်ဖူးသလဲ။ ရပ်နေခဲ့ဖူးသလဲ..။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ကိုယ် စိတ် ဟူသော ဤမှာဘက်ကမ်းတွင် အစွဲအလမ်းကြီးစွာ ဆိုက်ကပ်နေမိတတ်ကြသည်။ အတွင်းခန်း(အဇ္ဈတ္တိက)ထဲက တော်ရုံနှင့် ရုန်းမထွက်နိုင်၊မစီးဆင်းနိုင်တော့.။
လောကုတ္တရာနယ်ထဲက ရဟန်းတစ်ပါးဖြစ်သော သူသည်ပင် ဤမှာဘက်ကမ်းမှာ ရံခါ ကပ်မိတတ်ရသေးသည်ဆိုလျင် လောကီနယ်၏ ဤမှာဘက်ကမ်းဆီမှာ ပိတ်မိနေတတ်သူများကို အပြစ်မဆိုသာ..။ ခရီးတစ်ခု အတူသွားကြည့်မိလျင် ဤမှာဘက်မှာပင် မြုတ်နေတတ်သော လူများစွာကို သူတွေ့မြင်စိတ်ပျက်ဖူးသည်။
မပြီးနိုင် မစီးနိုင်..။
ဖက်ရှင်လောကကြီး ခေတ်အဆက်ဆက် အောင်မြင်ခဲ့သည်မှာ ဤမှာဘက်ကမ်းကပ်လိုမှု အားကောင်းလှသောကြောင့်ပဲ ဟု မိတ်ဆွေရဟန်းတစ်ပါးက ခပ်ဟဟ မိန့်ဖူးသည်။
အရုပ်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေးအမြင်နယ်ပယ်ဆိုသည်က ဟိုမှာဘက်ကမ်းဟုဆိုပါလျင် သိပ္ဗံနည်းပညာနှင့် ယဉ်ကျေးမှုပေါက်ကွဲနေသော ရာစုသစ်တွင် ဟိုမှာဘက်ကမ်းက ဆိုက်ကပ်ချင်စရာ ဆွဲအားပြင်းလှသည်။ ရာစုသစ်ကြီးထဲ ရဟန်းတစ်ပါးလုပ်ရဲတဲ့ သတ္တိကိုတော့ အံ့သြမိတယ် တဲ့..။ မိတ်ဆွေအနောက်တိုင်းသားတစ်ဦးက မှတ်ချက်ပေးဖူးသည်။ အရှေ့အလယ်ပိုင်းသားတစ်ဦးကတော့ မိတ်ဆွေရဟန်းတစ်ပါးကို ဗြဟ္မစရိယအကျင့်ကျင့်သုံးနေခြင်းအတွက် အံ့သြမိကြောင်း အထပ်ထပ်ပြောဖူးသည် တဲ့.။
အော် ဆိုက်ကပ်ချင်စရာ ဆိပ်ကမ်းတွေ.....။
အင်တာနက်ကွန်ယက်ကမ်းခြေတွင် နာရီပေါင်းများစွာ ဆိုက်ကပ်နေမိတတ်သည်။ အာရုံခြောက်ပါး (ဗာဟိရ)အပြင်သားတွေက ကြိုးမျှင်အထပ်ထပ်...။ ကလစ်ခ်လေးတစ်ချက်..။ ကွန်မင့်လေးတစ်ခုတွင် အသက်ဓါတ်ပါနေသလို ခံစားတိုးဝင်နေတတ်မြဲပင်..။
ခံစားတိုးဝင်မိတော့ စွဲလမ်းမှု၊ တွယ်တာမှုများက မိုးရေစက်တွေလို စိုလာကြပြန်သည်။ သည်လိုနှင့် နေ့စဉ်ဘ၀၀ဲဂယက်ထဲမှာ သိပေမယ့်လည်း နစ်မြုတ်ချင်နေတတ်တာမျိုးပါပဲ..။
ကုန်းပေါ်တင်နေသည့် ငါးတစ်ကောင်၏ ဖျပ်ဖျပ်လူးနေမှုမျိုးကို မြင်ဖူးကြလိမ့်မည်။
ဗုဒ္ဓအရှင်ကတော့ မာနတရား၏ ပုံရိပ်အဖြစ် ကုန်းပေါ်တင်ခြင်းကို ဆိုသည်။ သစ်တုံးကြီး မစီးနိုင်တော့ ..။ ပင်လယ်ကို ဘယ်လို သွားမလဲ...။ မောက်ကြွသောလူ့သစ်တုံးကြီးများကို မြင်ယောင်လာသည်။ ပင်လယ်သီချင်းဆိုခွင့်မရတော့အောင် ခြောက်သယောင်းထကာ မာနအပူလှိုင်းမိသွားသည်။ ငါ ငါ ငါ ဆိုတာတွေက ကမ်းတင်နေတာတဲ့လား...။
ဗုဒ္ဓအရှင်ကတော့ မာနတရား၏ ပုံရိပ်အဖြစ် ကုန်းပေါ်တင်ခြင်းကို ဆိုသည်။ သစ်တုံးကြီး မစီးနိုင်တော့ ..။ ပင်လယ်ကို ဘယ်လို သွားမလဲ...။ မောက်ကြွသောလူ့သစ်တုံးကြီးများကို မြင်ယောင်လာသည်။ ပင်လယ်သီချင်းဆိုခွင့်မရတော့အောင် ခြောက်သယောင်းထကာ မာနအပူလှိုင်းမိသွားသည်။ ငါ ငါ ငါ ဆိုတာတွေက ကမ်းတင်နေတာတဲ့လား...။
နေ့စဉ်ဘ၀ထဲမှာ ပေါလောမျောရင်း လူမှုနယ်ပယ်၏ ၀င်္ကပါက ဆယ်ယူလိုက်ပြန်သတဲ့..။ နစ်မွန်းပိတ်ဆို့ခံလိုက်ရသော ရဟန်းတစ်ပါးရဲ့ စီးကြောင်း..။ ပစ္စည်းဝတ္ထုလာဘ(Gain)ဂုဏ်သက္ကာရ(Honour) ကျော်စောမှုသိလောက(Fame)တရားတွေကလည်း တပ်မက်စရာကောင်းလှသည်။ ပင်လယ်လမ်းကို မေ့သွားစေတော့၏။ မြစ်ကျဉ်းထဲမှာ လွင်လွင်ပျော်ပျော်လေး စီးနေရတာကိုပဲ ပန်းတိုင်အဖြစ် ထင်မှတ်သွားသည်။ သူ့ကို ဘယ်သူတွေက ဆယ်ယူနေပါလိမ့်..။ဒါမှမဟုတ် သူကိုယ်တိုင်က အဆယ်ခံချင်နေတာလည်း ဖြစ်နိုင်သည်။
သူဟာ မျောနေသော သစ်တုံးတဲ့...။
နတ်တွေ ဆယ်ယူတာကို မျှော်တတ်သော မိတ်ဆွေရဟန်းများကိုလည်း တွေ့ဖူးသည်။ သံသရာက မလွတ်ကျွတ်သေးလျှင် သုဂတိဘ၀တစ်ခုခုကို တပ်မက်တာ သဘာဝကျပါသည်။ နတ်တွေ ဆယ်ကြ..။
အဓိက ပြဿနာက မနစ်မြုတ်ဖို့ ဖြစ်သည်။ သစ်တုံးကြီး စီးပါစေ..။ ပြီးတော့ အတွင်းပုပ်မသွားဖို့ တဲ့..။
ကြေမွဆွေးမြေ့သွားလျင် ပင်လယ်ဆီ ရောက်တော့မည်မဟုတ်..။
နိဗ္ဗာန်သည် ဗုဒ္ဓအရှင် ရည်ညွန်းတော်မူသော ပင်လယ်ဖြစ်ပါသည်။
(၄)
တကယ်တော့ ရဟန်းဆိုသည်က ကျန်းမာသန်စွမ်းစွာ စီးဆင်းနေရမည့် သစ်မာတစ်တုံးဖြစ်သည်။
သို့သော် သစ်တုံးအကန်းကြီးတော့ မဖြစ်စေရ..။ သမ္မာဒိဋ္ဌိမျက်လုံးစူးစူးများ တပ်ဆင်ထားဖို့ လိုအပ်ကြောင်း ဗုဒ္ဓအရှင်၏ သတိပေးနှင်တံဝင့်သံကို ကြားရ၏။
သူသည် ပင်လယ်ကို မြင်နေရပါလျက် ပင်လယ်ဆီ မရောက်သေးကြောင်း သိနေခဲ့ပါသည်။
ပင်လယ်ဆီ သွားမည်ဆိုလျင်
စီးရပေလိမ့်မည်။
စီးရုံသက်သက်နှင့်လည်း မလုံလောက်...။
သမ္မာဒိဋ္ဌိမျက်လုံးစူးစူးများကိုလည်း သူ ပိုင်ဆိုင်ရပါဦးမည်။
မည်သို့ဆိုစေ
မြစ်ကတော့ စီးလာမယ်..။ ပင်လယ်တွေ ကြိုကြ...။
ဓမ္မဂင်္ဂါ
(၈၊၁၁၊၂၀၁၂)
(ဒါရုက္ခန္ဓောပမသုတ်ကို ဖတ်ရင်း တွေးမိသည်များ....။)
No comments:
Post a Comment