Showing posts with label ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ. Show all posts
Showing posts with label ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ. Show all posts

13 April, 2012

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၁၀)

(၁)
ယခုလည်း လာပြန်ချေပြီ။ ဒိသာပါမောက္ခကြီးတဲ့။ ပြည်တွင်းပြည်ပသာသနာပြုကြီး တဲ့။ ယခင်နှစ်ကထက် သာလွန်လင်းလက် အရောင်ထွက်သော ဆိုင်းဘုတ်တော်ကြီးများချိတ်ဆွဲ၍ ပြူးပြူးပြဲပြဲ တရားပွဲကြော်ငြာကပ်ကြပေဦးတော့မည် တဲ့..။

လွန်ခဲ့သောနှစ်ပရိစ္ဆေဒ ၂၀၁၀ ကာလဆီက ဗာရာဏသီမြို့နဂရ၊ ဗဟိုတိဘက်လေ့လာရေးမည်သော တက္ကသီလတွင် ထေရ၀ါဒပိဋကတ်စာပေလေ့လာရေးနှင့် ဘာသာပြန်ဆိုရေး ပရောဂျက်စီမံကိန်း၏ အကိုင်းအခက်အစိတ်အပိုင်းအဖြစ် ချဲ့ထွင်ထားသောပါဠိဌာနအသစ်ဝယ် ဧည့်ဆရာငယ် တစ်ပါးဟု ပိဋကတ်စာသားကောက်နှုတ်ချက်နှင့် သဒ္ဒါအနက် သမ္ဗာန် ဘာသာပြန်ပညာ ပို့ချပေးရန် အခွင့်သာသည်ကို ရွာဆွေရပ်မျိုးတို့ထံ သတင်းတမာန်ပို့မိရာမှ '' ငါတို့အမျိုး ဦးဇင်းဘုရားကတော့ မဇ္ဈိမမည်သော ပြည်တိုင်းခြားတွင် ဒိသာပါမောက္ခဆရာကြီးတစ်ပါး၊ ထင်ရှားအစစ် အဖြစ်ကြီးဖြစ်ချေပြီ '' ဟု အဖွကြီး ဖွကြလေတော့သတတ်။

တဖန်တုံ မဇ္ဈိမတွင် နေထိုင်ခွင့်ဗီဇာကုန်သဖြင့် အိုဗာစတေးမဖြစ်ရန်အတွက် အိမ်နီးချင်းသကျတိုင်းနိုင်ငံလေးသို့ ထွက်ပြေးရခြင်းအလီလီ။ သီဟပူရနှင့် မလ္လာယုကျွန်းနိုင်ငံလေးများသို့ ၀ါဆိုမှီမှီ သီတင်းကျွတ်မှီမှီ နှစ်သစ်ကူးမှီမှီ ပွဲစည်တိုင်း ရောက်တတ်ခြင်းအခါခါ။ ဒဂုန်မြို့ပြမှ မဇ္ဈိမပြည်ကြီးသွား အာကာသခရီးတစ်ထောက် သုဝဏ္ဏဘူမိလေဆိပ်သို့ ၀င်လိုက်ထွက်လိုက် အခေါက်ခေါက်ရောက်ခြင်းမျိုးကိုပင် ပြည်တွင်းပြည်ပသာသနာပြုဟု ကမ္ဗည်းတင်ကြလိုဟန်တကား॥။

အမှန်စင်စစ်မူ ရွှေပြည်ကြီးတွင် နေထိုင်သီတင်းသုံးခဲ့စဉ်က သူသည် သဂြိုဟ်သဒ္ဒါနှင့် ဆန်းအလင်္ကာဟူသော ပရိယတ္တိစာဝါလေးများကို မတောက်တခေါက် ပြိုးပြိုးပြောက်ပို့ချခဲ့ဖူးခြင်း၊ တိုင်းရင်းသားသွေးချင်းတို့၏ ဒေသတောတောင် လျှိုမြှောင်ကုန်းမြင့် အဆင့်ဆင့်သို့ တက်ရောက်လျက် ခရီးလှည့်သွား တရားတမန်လုပ်ခဲ့ဖူးဖြင်း စသော သမိုင်းမတွင် ကမ္ဗည်းမတင်သာသော သာသနာ့ဝန်ထုပ်သေးသေးများကိုတော့ ထမ်းခဲ့ဖူးပါလေ၏။ ဟိုနား ဒီနားနိုင်ငံခြားမည်ရုံသော ရွှေပြည်ကြီး၏ ပြင်ပတွင်လည်း ဗုဒ္ဓအရှင်၏ ဓမ္မတရားကို ထစ်ထစ်ငေါ့ငေါ့ အားလျော့ဖွယ်ကောင်းသော ဘာသန္တရစကားအကျိုးအပဲ့လေးဖြင့် ခပ်ဝါးဝါးပို့ချခဲ့ဖူးလေသေး၏။
သို့တစေ ဂန္ထ၀င်မဖြစ်ထိုက်ချေတကား။။

(၂)

အဲတဲ့ ဘာလဲတဲ့ သို့သော်လည်းတဲ့ပေါ့လေ ဟုသာ ဆိုရလေတော့မည်॥။ အော် သူ့အမျိုး သူ့အဆွေ သူ့အဖေ သူ့ဦးလေး သူ့အဒွေး သူ့အဒေါ်နှင့် တော်သမျှ စပ်သမျှ ဝေနေယျတစ်စု ပုပုရွရွ ဟူသမျှတို့သည်ကား သူကဲ့သို့သော မှုံေ၀၀ိုးဝါး ရှင်ငတိလေး တစ်ပါးကိုပင် ဆွေမျိုး သံယောဇဉ်အစွဲကြီးစွာ ပြည်တွင်းပြည်ပသာသနာပြုထေရ်ဆရာ ဟု ဆင်ဆာမဲ့တံဆိပ် ခပ်နှိပ်လိုကြလေပြီကော။

ရွှေပြည်ကြီး၏ သာသနာ့ အဇဋာ ကောင်းကင်တခိုတွင် စိုစိုရွှမ်းရွှမ်းရွှမ်း ကြယ်ပန်း၊လပန်းကြီးများသဖွယ် ပြိုးပြက်တောက်ပကာ ပရိယတ်ဝန်ဆောင်၊ ပဋိပတ်တခွန်ထောင်တော်မူကြလေသည့် ဆရာတော်ဘုရားများကိုသာ အားနာမိရလေသည်တည့် ။

လယ်တီဘုန်းမော် မထေရ်ကျော်ကြီးကဲ့သို့ ဖုန်းဆိုးတောမြေရိုင်းတွင် သာသနာ့သမိုင်းအသစ် ပရိယတ်ရွှေခေတ်ကို ဖန်တီးနိုင်လောက်အောင်လည်း မပြောင်မြောက်၊ မကာရလောပအကျော် မန်လည် ဆရာတော်ဘုရားကဲ့သို့ အင်တော်ကျေးလက်တွင် ပျော်မွေ့ကာ ခေတ်သစ်ဂန္ထ၀င် စာမြင်သမျှ အနက်ပြန်ဆို၍ ပရိသတ်ထိုထိုအတွက် စာကိုယ်ကျမ်းမြတ်အဖုံဖုံကို အစုံရေးချွတ်နိုင်လောက်အောင် ချွန်မြခြင်းလည်းမရှိ၊ တိပိဋကမင်းကွန်းထေရ် အရှင်မြတ်ကြီးကဲ့သို့ ဧရာဝတီတစ်ဘက်ကမ်း တောရိပ်တောင်ရိပ်စခန်းမှ သည် ပြည်လုံးအနှံ့ သာသနာပြန့်ရေး ခရီးဝေးခရီးတို ကြိုကြိုကြားကြား မနားတမ်းကြွချီကာ ဓမ္မလမ်းဖောက်နိုင်လောက်သော ၀ီရိယအားလည်း မပြည့်စုံ၊

အခြားအခြား အပြားပြားသော ပိဋကတ်အိုးကွဲ ရဲဇာနည်မော်ကွန်းထိုးလောက်အောင် ပြောင်ရွှန်းကြပေသည့် ရတနာပုံ အမရပူရ်၊ ပခုက္ကူ ပဂိုး(ပဲခူး)နှင့် အောက်ပြည်ဒဂုန်တရိုးအထိ နယ်စုံကျော်ဟိုးကြပေသော ဂန္ထကာရက၊ ဂဏ၀ါစက၊ ဂဏပါမောက္ခ ၊ ကျမ်းပြုစာချ ဂန္ထဓုရဆရာတော်ဘုရားကြီးများ၊ ကိုယ်တိုင် သိကျင့်ပြီးသော တရားဘာဝနာ နည်းနာနိဿယကို ဆရာနည်းကျ ထင်ရှားအောင်ပြတော်မူနိုင်ကြပေသည့် ၀ိပဿနာဓုရ ဆရာတော်ကြီးများကဲ့သို့ ပရိယတ်၊ ပဋိပတ် သာသနာခံတပ်မြင့်အောင် တည်ထောင်ခဲ့ကြသည်ကိုသာ သာသနာပြုရွှေမင်ဖြင့် ထင်ရှားအောင်ပူဇော်ခြင်းသည်ပင် သဘာဝလည်း မိ၊ ယုတ္တိလည်း ကျပေလိမ့်မည်ဟု သူကတော့ သဘောသက်ဝင်မိပေသည်။

ပြည်ပသာသနာပြုဆိုရာတွင်လည်း နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ အဋ္ဌကထာနှင့် ဋီကာအစုံကို အကုန်လက်ရောက် အိုးမှောက်၊ ခွက်မှောက်၊ သပိတ်မှောက်အိပ်မှောက်၊ သေတ္တာမှောက် ဘောက်စ် (Box)ဟု ခေါ်ဆိုရလောက်သည့် စွယ်စုံပညာ တတ်ပွန်ပြီးခါမှ သက္ကတ၊ပြာကတ၊ အူရဒူမှ အစပြုကာ ဘင်္ဂါလီ၊ ဟင်ဒီနှင့် အင်္ဂလိသ(အင်္ဂလိပ်)ပါမကျန် ဘာသာစကား အမျိုးမျိုးကို တိုးတိုးပေါက်ပေါက် မုန်သောက်မာတင် ကမ္ဘာ့ပညာရှင်ခေါ်ထိုက်သည်အထိ ကျွမ်းကျင်ကြပေသော အရှင်သောမာဘိသီရိ၊ အရှင်အာဒိစ္စ၀ံသ၊အရှင်အဂ္ဂဓမ္မ၊အရှင်ဥက္ကဋ္ဌ၊အရှင်ဥာဏ အစရှိသော ဘာသန္တရ ပါရဂူကြီးများကဲ့သို့လည်း မြန်မာ့သာသနာကို ကမ္ဘာချဉ်းအောင် လင်းပနိုင်လောက်သော ကိုယ်ရောင်ကိုယ်ဝါမရှိ၊ ဟိုပြတိုက်ဝင်ကြည့်၊ ဒီပြပွဲဝင်ငေး၊ ဓါတ်ပုံရိုက်ဖို့ အိုက်တင်ပေးတတ်ရုံ၊ အရေခြုံ သာသနာပြု ဟူဘိ၊ ငုံးတိတိမျှသော သူ့ဝမ်းနာကို သူသာအသိဆုံးပါတည်း။

ဗုဒ္ဓသာသနာ အဆက်ပြတ်လေပြီးသော မဇ္ဈိမတွင် ဆွမ်းလောင်းသူမဲ့သဖြင့် ကိုယ့်ထမင်း ကိုယ်ချက်ကျောင်းတက်ရခြင်းလေးကိုပင် စိတ်ပျက်ညီးညူ၊ အပျင်းထူလှသော သူ့အနေဖြင့် ဒုတိယကမ္ဘာစစ်ကြီးကာလ၊ဥရောပတိုင်းတစ်ပါးတွင် သက်စွန့်ဆံဖျား၊ သွားသွားလာလာ၊ စစ်ဘေးဒဏ်သင့်သည့် သွေးသံရဲရဲလူနာများကို ပြုစုရင်း အနာဂတ်သာသနာ့အရေးကိုသာ ငဲ့ကွက်၊ လက်ပေါက်ကပ်လှသောအနောက်တိုင်းသားတို့ကြားတွင် ဓမ္မစက်ဖြန့်နိုင်ခဲ့သော အရှင်သေဋ္ဌိလ ဆရာတော်၏ ပြည်ပသာသနာပြုဂုဏ်ရည်ကို အောက်မေ့မိတိုင်း ကိုင်းကိုင်းညွတ်ညွတ် ရှက်တွန့်မိရသည်ချည်းပင်။

ဆီမီနာတစ်ခုနှစ်ခုမျှတွင် ကိုယ်ပိုင်စာသားထက် ကော်ပီများများကူးထားသည့် စာတမ်းအတိုအစလေး ဖတ်ခွင့်ရသည်ဝယ် ညီလာခံကိုယ်စာလှယ်ကြီး ဟု ခြေလှမ်းမြှောက်မြှောက်လျှောက်ခဲ့ဖူးလေသော သူသည် နိုင်ငံတကာဘာသာရေးညီလာခံစင်မြင့်မှန်သမျှတွင် မြန်မာ့သင်္ကန်းကို ကျနစွာဝတ်ရုံလျက် ပုပ်ရဟန်းမင်းနှင့်တစ်သွယ်၊ ဒလိုင်လားမားနှင့်တစ်ဖုံ ဘာသာစုံခေါင်းဆောင်ကြီးများနှင့် ရင်းနှီးကျွမ်းဝင်စွာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လက်ကမ်းဆွေးနွေးနိုင်သည့် မြန်မာ့ရဟန်းတော်တစ်ပါးအဖြစ် ထီးထီးမားမား အားကျဖွယ်ရာတွေ့ရတတ်ပေသောဒေါက်တာအရှင်ရေ၀တဓမ္မကိုယ်တော်ကြီး၏ ခြေမှုန့်မျှပင် ဂုဏ်မတင်သာချေတကား။

တက္ကသိုလ်ပညာသင်ဘ၀ကုန်ဆုံးပြီလျှင် ရွှေပြည်ကြီးကို ပြန်၊ ကျောင်းကန်ကြီးကြီးဆောက်၍ ကိုယ့်အဆွေကိုယ့်အမျိုးတို့၏ အထောက်အပံ့ကြားဝယ် တရားဟောယောင်၊ စာချယောင်ယောင်၊ ပရဟိတယောင်ယောင်၊ အချောင်ခိုလိုသော သူသည် မဟာယာနနွှယ်သော အနောက်တိုင်း ဗုဒ္ဓဘာသာဝင်တို့ကြားဝယ် ထေရ၀ါဒ ဓမ္မစကားကို ပို့ချ၊ မြန်မာပါးစပ်နှင့် အဟတ်မတည့်လှသော ခံတွင်းပျက်အစားအစာများကို နှစ်ပေါင်းလေးဆယ်မျှ ကြိတ်မှိတ်သည်းခံကာ မြိုချ၊ သင်္ကန်းလေး သပ်သပ်ခပ်ခပ်ဝတ်ရုံ၊ ယတ်တောင်လေးထမ်းကာမျှ ဟန်ရေးပြသက်သက် မဟုတ်သော နိုင်ငံခြားသာသနာပြုရဟန်းဘ၀ကို ဇောက်ချလျက် ဗုဒ္ဓအဘိဓမ္မာနှင့် သတိပဋ္ဌာန်ဒေသနာကို ကမ္ဘာက သိအောင် အင်္ဂလိပ်ဘာသာစကားဖြင့် ကျမ်းအစောင်စောင် ဖွဲ့တော်မူခဲ့သော အရှင်သီလာနန္ဒ ဆရာတော်ကြီး၏ အနစ်နာခံမှုမျိုးကို ငေးမောကြည်ညို အားငယ်ခြင်းသာ ပိုခဲ့ရပေ၏။


(၃)
သို့ဆိုလျှင် ထိုထိုသို့သော ပြည်တွင်းပြည်ပ သာသနာပြုအကျော် ဆရာတော်ဘုရားအဆူဆူတို့၏ အမူအကျင့်၊ စိတ်ထားမြင့်လှသော အသရေတို့နှင့် မနှိုင်းယှဉ်အပ်ချေပြီ၊ သူ့ဖခင်နှင့် သူအမျိုးတို့ မည်မျှပင် နွဲ့ဆိုးဆိုးစေကာမူ အယူမကြိုက်၊ အလိုလိုက်၍ မဖြစ်ချေတော့ပြီ။

သို့နှင့် ''စာသာမတတ် သပိတ်ကြီးနဲ့ဗျ'' ဟူသော အချိုးမျိုးမဖြစ်ရလေအောင်......

'' သို့
ခမည်းတော်မယ်တော်နှင့်
ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့
ပြည်တွင်းပြည်ပသာသနာပြု ဟုခေါင်းစဉ်တပ်ခြင်းကို ပုထုဇဉ်အလိုက် နှစ်ခြိုက်မိသောငြား၊ ပါရမီ ကာလအားဖြင့် မရင့်သန် သုံးစွဲရန် ဂုဏ်ရည်အချိန် မတန်သေးပါ၍ အစစ်အမှန်ဖြစ်သော ပြည်တွင်းပြည်ပ ဟူသော စကားကိုချန်လှပ်ကာ သာသနာပြုဟူသော ဝေါဟာရကိုမူ ယာယီအားဖြင့် ဖြုတ်ထားစေချင်ပါဘိ။''
ဟူသော စာတိုလေးတစ်စောင်ပါးရလေသောဟူ၏။
အော် အရှင်ဓမ္မဂင်္ဂါ (ပြည်တွင်းပြည်ပ) အထူးတရားပွဲကြီးပေတည်း.။

ဓမ္မဂင်္ဂါ
(၁၄-၀၄-၂၀၁၂)


02 August, 2011

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ (၉)

ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း (ဗန်းမော်တင်အောင်)

(၁)

''မောင်ပဇင်းရေ॥ ဒီတစ်ခေါက်လည်း ရွာကို အရောက်ကြွခဲ့ဖို့ အားလုံးက မျှော်နေကြလေရဲ့.. ယမန်နှစ်တုန်းကလိုမျိုး အထူးတရားပွဲကြီးလည်း မပျက်မကွက် ကျင်းပလိုကြပြန်သေးသတဲ့ဘုရား..။ ရွာဆွေမျိုးရပ်ဆွေမျိုးစုံအောင် ဖိတ်ပြီး မောင်ပဇင်း ဒိသာပါမောက္ခကြီးဖြစ်ပြီးမှ ဟောတဲ့ တရားဦးကို နာချင်ကြလို့မို့ဂေါပကလူကြီး မောင်မြသန်းတို့ စာကြည့်တိုက်မှူး မောင်သောင်းရွှေတို့က အသစ်တက်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကြီးနဲ့ တိုင်ပင်ပြီး မောင်ပဇင်းရဲ့ နိုင်ငံတကာဘွဲ့တွေအပြင် ဒိသာပါမောက္ခဆိုတာကြီးရော ပြီးတော့ ပြည်တွင်းပြည်ပ သာသနာပြု ဆိုတာကြီးရော ဆိုင်းဘုတ်ရေးပြီး ထောင်ကြတော့မတဲ့ ဘုရား..''

ဤကား ဤသည်ကား ဤမည်သောစကားသည်ကား လွန်ခဲ့သော တစ်ပတ်ခန့်ဆီက အထက်အညာစစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုဒိစတြိတ်ခရိုင်၊ကန့်ဘလူနဂရ၊အက်ဖ်ထီကေဂါမတွင် နေထိုင်လျက် ရှိပေသောမွေးသဖခင် ကျေးဇူးရှင်ကြီးနှင့် စီဒီအမ်အေမည်သော အသံခွက်ထဲမှ ပေါ်တစ်ချက် ပျောက်တစ်ချက် စကားပြောခွင့်ရသည်တွင် အီးယားဖုန်း(Ear phone ) နားဖြင့် ပြုံးပြုံးကြီး ကြားရပေသော အနုသန္ဓေကထာစကားပေတည်း။

လွန်ခဲ့သော နှစ်က မွေးရပ်မြေရွာလေးသို့ ခဏတာ ပြန်ကြွခိုက် နိုင်ငံတကာ (၇) ဘွဲ့ရ ကမ္ဘာကျော်အထူးတရားပွဲဆိုသဟာကို ရပ်သူရွာသားတို့ကို အလွန်ချစ်သဖြင့်သာ ဇွတ်နှစ်၍ ဟောခဲ့ရသည်။ သို့သော် ထိုတရားပွဲသည် ပေါက်ခဲ့လေဟန်တကား..။

အရှေ့ (၇) ရွာ၊ အနောက် (၇) ရွာ စည်းရိုးကို ကျော်ခွ၍ မြို့ပြနယ်နိမိတ်၊ ကမ္ဘာ့ဝန်ရိုးစွန်းနှင့် စကြာဝဠာအနားရေးသို့တိုင် ပြန့်နှံ့ခဲ့လေဟန် လေလုံးထွားကြသည့် သူ့အဆွေတို့ သဘော၊ သူ့အမျိုးတို့ မနောကို သူကား ပြုံးပြုံးတုံ့တုံ့၊ မြုံ့မြုံ့မိန့်မိန့်ကြီး လုပ်နေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့လေပြီ..။

ထိုမည်သော ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးတွင် ရပ်သူရွာသားတို့ အကြိုက်၊ ပရိသတ်စိတ်အလိုကို လိုက်၍ တရားခေါင်းစဉ်ကို ခပ်မိုက်မိုက် ခပ်လန်းလန်း၊ အဆန်းထွင်ကာ ပေးခဲ့ရ၏။ (ထိုတရားအမည်ကို ဤနေရာ၌မဖော်ပြလိုတော့ပေ)။ တရားသားခပ်နည်းနည်းတွင် ဘာသန္တရမည်သော နိုင်ငံရပ်ခြား စကားအမျိုးမျိုးကို ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ပြောပေးရ၏။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ။ သတိပဋ္ဌာန်ရှုမှတ် ပွားများအပ်သော ဘာဝနာသည်သာ တစ်ခုတည်းသော နိဗ္ဗာန်ခင်းလမ်းပေတည်း ဟု လူကြီးသူမများအကြိုက် ဒေသနာပါဠိကို အသံနေအသံကျ ဓမ္မကထိကဟန်ပြကာ ရွတ်ဖတ်သရဇ္ဈာယ်ပြီးခိုက် ကိုလ်ကတ္တားမြို့တော်က ဟောင်ရာဘူတာရုံကြီးသည် စင်္ကြန် ပလက်ဖောင်း နှစ်ဆယ်ကျော်ခန့်ရှိကြောင်းသို့ လမ်းပြောင်းပေးရပြန်လေ၏။

သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်သည်သာ အမြင့်ဆုံးအမြတ်ဆုံးပေတည်း ဟု လမ်းညွှန်ပြီးသကာလ မလ္လာယုကျွန်းက မျှော်စင်ညီနောင်နှင့် သီဟပူရမှ ချားရဟတ်(Flyer)တို့၏ အနိမ့်အမြင့် အကွာအဝေး ရှုခင်းသေးသေးလေးများကို မြင်ရကြောင်းကို ရပ်သပ်ရှုမော ကျောတစိမ့်စိမ့် ခေါင်းတညိတ်ညိတ်ဖြစ်အောင် လင်းရပြန်လေ၏။

ထိုမျှသာမကသေး...ကွန်ပြူတာတော်ကြီးတချက်ချက်ဖြင့် ဓမ္မစက်လှည့်သည်ကို ဖူးမြင် လိုလှသော ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့၏ အဇ္ဈာသယ အလိုဆန္ဒကို ဖြည့်ဆည်းရသည်မှာလည်း သူ့အတွက် အကွက်ဆိုက်လှပေ၏။ တရားဟောရင်း စာမေ့မည်ကို စိုးရိမ်ဖွယ်မရှိပြီ॥။ အော် နိပ်လှပေစွ...။ အာဂုံရမှ အာဂလူဟူသော မီမိုရိုက်ဇေးရှင်း(Memorization)နံရံကြီးကို ခေတ်က မလိုအပ်တော့ပြီ ဟု ဦးစွာ အစ ဆိုမိန့်ကြပေသော ကွန်ပြူတာဓရအရှင်ကောင်းတို့၏ ကျေးဇူပါပေတည်း။ စွမ်းရာ စွမ်းရာ သာသနာပြုကြစေ...။ ပိဋကတ်ဆောင်တော့ ပိဋကဓရ။ ကွန်ပြူတာဆောင်တော့ ကွန်ပြူတာဓရပေပ...။

(၂)

လက်မွန်မဆွ ဓမ္မဒူတအရှင်မြတ်ကြီးကတော့ ဓမ္မကထိကဟူသည် အိုးခြမ်းကွဲများကို ရေလောင်းသည်နှင့် တူသည်ဟု ပမာပုံသေ ဆိုခဲ့ဖူးပေ၏။ သူ့တရားပွဲသို့ အားခဲလာကြပေသော သပ္ပုရိသအပေါင်း အကောင်းစားပရိသတ်ကြီးသည်ကား အဆင့်မြင့်ဓမ္မကထိကဟူသော အမြင်တွင် ဆွေသံယောဇဉ် မိျုးသံယောဇဉ် အနွယ်ငင်ခြင်းဟူသော အကြောင်းတစ်ရပ် ပေါင်းစပ်လျက် အားတက်သရော တသောသော စုဝေးမိခဲ့ခြင်းသာဟု သူကတော့ နားလည်ခဲ့ပါလေသည်။

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကိန်းဂဏန်းများစွာ ဘုန်းသမ္ဘာ ပါရမီတော်တို့ကို အသက်သွေးချွေး နှလုံးသားကို ပေး၍ ဖြည့်ကျင့်တော်မူခဲ့ရပေသည် သဗ္ဗညူရွှေဉာဏ်တော်ရှင်၏ သယမ္ဘူလက်ဖြစ် ဓမ္မစစ်ဓမ္မခန်ကို အမှန်နာယူလိုကြပါသလော စောကြောဖွယ်အတိ သံသယ ရှိလေသည်မှာ သေချာသလောက်ဖြစ်ရဘိချေသည်။

ဟိ သစ္စံ၊ ထိုစကား မှန်လှပေစွ။ ဓမ္မကထိက၏ ရှေ့မှောက် စုဝေးရောက်လာကြပေသော သူ့ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းတို့သည်ကား ဓမ္မကို အခြေခံသည့်တိုင် အင်ဖော်မေးရှင်း(Information)သတင်းစကားကိုလည်း ကြားချင်၊ အင်တာတိန်မင့် (entertainment)တ၀ါးဝါးကိုလည်း ဟားချင်ကြပေသေး၏။

မစ္စတာတော်ဖလာမည်သော သကောင့်သားပညာရှိ၏ တတိယလှိုင်း(Third Wave)အရွေ့သမယ နည်းပညာယုဂခေတ်ကြီးတွင် အင်ဖိုတိန်းမင့်(Infotainment)နှင့် အက်ဂျူတိန်းမင့်(Edutainment)ဆိုသဟာတို့ဖြင့် ပရိသတ် စုကြရလေသည်ဖြစ်ရကား ဓမ္မဂင်္ဂါမောင်ရှင်တစ်ပါးအနေဖြင့် ဓမ်ဖိုတိန်မင့်(Dhamfotainment) နည်းနာ သဘောဖြင့် သောသောရုတ်ရုတ် မဆုတ်မနား စကားပေါက်ပေါက် သကြန်အမြောက် လုပ်ခဲ့ရချေသည်မှာ မဃဒေ၀လင်္ကာသစ်ဆရာရှင်၏ ''တရားတရား တဟားဟားဖြင့်'' ဟူသော ကနဦးဗျာဒိတ်ကို ဖြည့်ဆည်းပုံရိပ်ဖော်ခဲ့ရလေဟန်တည်း။

ထို့ထက် ထို့ထက်အလွန် စိတ်နယ်ကျွံအောင် မျက်နှာပူစေသော အကြောင်းတစ်ရပ်မှာကား နိဗ္ဗာန်ဆော်ဖိုးလေးမြ၏ မဟာကောင်းမှုကြောင့် ဓမ္မကထိကပလ္လင်တော်ရှေ့မျက်နှာစာ ဓမ္မပူဇာစင်မြင့်ထက်ဆီက သဒ္ဓါထက်သန်စွာ လှူဒါန်းကြပေသော ကန်တော့ပွဲများပေတည်း...။

ဘူးသီးခြောက် ဘူးသီးစို၊ဘူးသီးပျို ဘူးသီးနု ၊ ဘူးသီးပု ဘူသီးကွေး၊ ထွေးထွေးပြားပြား၊ ထွားထွားကျိုင်းကျိုင်း၊ အပြိုင်းပြိုင်းသော ဘူးသီးပုံကြီးသည်လည်းကောင်း၊၊ သုံးလုံးပုတီး ကိုးလုံးပုတီး၊ သုံးဆယ့်နှစ်လုံးပုတီး တစ်ရာ့ရှစ်လုံးပုတီး၊အဓိဋ္ဌာန်ပေါက်ပုတီး၊ စိတ်အကြံမြောက်ပုတီးများသည်လည်းကောင်း၊ ပရိတ်ချည် ပရိတ်ကြိုး ပရိတ်အိုး ပရိတ်သဲများသည်လည်းကောင်း။ သံပုရာလျက်ဆား၊ လေမျိုးရှစ်ဆယ်လျက်ဆား ၊လေပုပ်ထုတ်လျက်ဆား၊၊ ကိုးဆယ့်ခြောက်ပါး မနားတမ်းပျောက်စေသော လျက်ဆား၊ ထိုထိုဤဤ အလီလီသော လျက်ဆားထုပ် လျက်ဆားဗူးများသည်လည်းကောင်း ချွန်ထက်သောအပ်စူးဖြင့် ထိုးဘိသကဲ့သို့ သူ့မျက်လုံးများကို ၀ိုးဝါးစေခဲ့တော့သည်တကား॥။

အော်ဖြစ်ရလေ... ဘီအေ (ဘူးသီးစင်) ဘီအေ (ပုတီးအိတ်) ပရိတ်ချည် လျက်ဆား ဟူသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်စကားကြောင့် စိတ်အားထက်သန် သဒ္ဓါဥာဏ်ကွန့်ကြလေသော သူ့အဆွေ သူ့အမျိုးတို့၏ ရိုးစင်းလှသော အဖြူထည်နှလုံးကို ပြုံးရမလို ငိုရမလို ဘာလိုလိုကြီးဖြစ်ခဲ့ရသေးသည်မှာ သူ့ဝမ်းနာ သူသာသိ မချိသွားဖြဲ မျက်ရည်ဝဲကြီးပါပေ॥။

အော် သဗ္ဗညူဘုရားရှင်သော်မှ ဝေနေယျတို့အကြိုက်ကို စရိုက်နှင့်လျော်အောင် အလိုလိုက်ကာ သည်းခံရပေသေးသည် မဟုတ်တုံဘိလော။ သို့ဆိုလျင် ဗန်းမော်တင်အောင် မည်သော ကလောင်နီ၊ဘောပင်နီ၊ ယခုခေတ်အလို ကွန်ပြူတာကီးဘုတ်လက်ကွက်ပင် နီလောက်သည့် ရဲရဲတောက်ဂန္ထကာရကစာရေးဆရာလင်းယုန်ကြီး၏ စကားဝါကျကိုသာ အလှူခံသုံးစွဲရချေသော်........သူ့လို အနုညာတမောင်ရှင်ကား ဘာများတတ်နိုင်ပါဦးမည်နည်း॥။

ဓမ္မဂင်္ဂါ

16 August, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၈)

(၁)
What is in a name?
That which we call a rose,
By any other name would smell as sweet.
အမည်သညာ ဘာအရေးပါလိမ့်။
နှင်းဆီကို ဘယ်မည်ပေးတော့ မွှေးမပျက်ပါ။

ဤမည်သော အရိပ်အမြွက်စကားကို ရှိတ်စပီးယားဆိုသူ ကဗျာက၀ိက အဆိုရှိခဲ့ဖူးလေသတတ်။ နှင်းဆီကို ဘယ်လိုအမည်ပေးပေး သဘာဝရနံ့ကတော့ မွှေးမြဲမွှေးနေမည်သာတဲ့။ အော် ကောင်းလင့်တေးပါတည်း။ သို့သော် “ပညတ်သွားရာ ဓါတ်သက်ပါ” ဟူသော ရှေးမြန်မာဆိုးရိုးကြီးကလည်း ဒဲ့ဒိုးကြီးပင် ရှိပေသေးသည် တကား။ လူသတ္တ၀ါဟု ဒုလ္လဘအမှုလေးကို ဖက်တွယ်ရခိုက်တွင် ကိုယ်ပိုင်အမည်သညာ ပရိုပါနိမ်းမ်(Proper name)လေးကိုတော့ ခပ်ဟိန်းဟိန်းရှိစေချင်ကြသည်မှာ လူ့တိုင်းလူ့ရွာ ဓမ္မတာသဘောပေမို့ စောကြော ဖွယ်မရှိလေပြီတည့်။

အမည် သညာ၊ ဝေါဟာသမုတ်၊ သရုပ်ပညတ် အရပ်ရပ်သော နယ်ပယ်တွင် လူလည်း လူမို့၊ နတ်လည်း နတ်မို့၊ ဗြဟ္မာလည်း ဗြဟ္မာမို့၊ လူအမျိုးမျိုး နတ်အမျိုးမျိုး ဗြဟ္မာအမျိုးမျိုး ဘုရားရှိခိုးလည်း အမျိုးမျိုးဖြစ်ခဲ့ကြရပေပြီမှာ မငြင်းသာဖွယ်ပင်။ အမည်သညာ ခေါ်စရာကိုပင် ကမ္ဗည်းအထူးတင်မှ (၀ါ) ရိုးရိုးကိုယ်တော်ထက် ဘွဲ့တစ်မျိုးပြီး တစ်မျိုးကိုယ်တော်အသွင် လူတွင်ကျယ်ရာကျကာမှ ဘုရားဒကာ ကျောင်းအမတို့ သောင်းသောင်းဖျဖျ ၀န်းရံခဲ့ကြလေမြဲပေတည်း။

ထေရ၀ါဒဟု ခန့်ခန့်ထည်ထည် ဖွယ်ဖွယ်ရာရာ ကမ္ဘာ့စာမျက်နှာတွင် ဓမ္မက မြင့်မြတ်သဖြင့် ချဉ်းကပ်လာ သမျှအပေါ် ကျော်ကျော်လွှားလွှား ဇော်ကစားခဲ့ဖူးသော်လည်း ဘုရားရှိခိုးမညီ၊ တရားဟော မညီ ၊အယူအဆ သီသီလေး လွဲလေသည်များလည်း ဂိုဏ်းဂဏကွဲပြားရှိနေခဲ့ပါသတတ်။


(၂)

ယခု သူကြုံတွေ့နေရသော အခက်အခဲကား ဓမ္မဂင်္ဂါနိုင်ငံတကာအထူးတရားပွဲ ဓမ္မသဘင်တွင် စင်တင်ရမည့် တရားခေါင်းစဉ် အမည်သညာ ဖွေရှာစဉ်းစားနေရခြင်းပင် ဖြစ်တော့သည်။ တရားသဘင်မဏ္ဍပ်ဆီသို့ လျှောက်နေဆဲလမ်းပေါ် ရွှေထီးတော်မိုး ငွေထီးတော်မိုးတို့ ခြံရံကာ ရာသီဥတုသာယာလှသော်လည်း စိတ်အစဉ်သန္တတိမှ ချွေးပြိုက်ပြိုက်ပင် ကျရရှာတော့သည်။

တရားခေါင်းစဉ်လေးက နုရပေမည်။ လှရပေမည်၊ သစ်ရပေမည်၊ ဆန်းရပေမည်၊ ထင်းရပေမည်၊ လင်းရ ပေမည်။ ပွင့်လင်းမြင်သာ ရှိရပေလိမ့်မည်။ နောက်ဆုံးအဆင့် မဟာအထူးတရားပွဲကြီးတွင် ဓမ္မကထိက အကျော်အမော်၏ ကရုဏာတော်ကို ဘွဲ့အမည်နာမအခေါ်အဝေါ်နှင့် တကွ စွဲလမ်းနှစ်ခြိုက် ဓမ္မစဉ်အတိုင်း လိုက်အောင် ဆွဲဆောင်နိုင်ရပေမည်တည့်။

အော် ကြုံလျှင် ကြုံသလို တရားခေါင်းစဉ်မပါ ဒါန သီလ ဘာဝနာ ကထာမျိုးမျိုးကို ခပ်ရိုးရိုးသာ ဟောခဲ့လေ ဖူးသော သူ့အတွက် အခက်ကြုံကာ စိတ်မလုံသာအောင် ဖြစ်ရလေပြီတည့်။


သာသနာတော်တွင် နေတစ်ဆူလတစ်မင်း ထွန်းလင်းတောက်ပတော်မူခဲ့ကြသည့် ကုန်ဘောင်ခေတ် ဓမ္မကထိကသင်္ဂဇာဆရာတော်၊ ကိုလိုနီခေတ်ဓမ္မကထိကအကျော် လယ်တီဆရာတော်ဘုရားမှသည် စစ်ကြိုခေတ် စစ်ပြီးခေတ် ယတ်လှဲ ယတ်ထောင် ကိုယ်ရောင်ကိုယ်ဝါတောက်ပကြပေသော ဓမ္မကထိက အဆူဆူနှင့်တကွ ပရိယတ် ပဋိပတ်အကျော် မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ မင်းကွန်း ဆရာတော် စသော ဓမ္မကထိကမဟာများ၏ သုတ္တန်တရား၊ ၀ိပဿနာတရား၊ ဟောစဉ် တရားဟူသော ခေါင်းစဉ်တို့ကား ရိုးစင်းလှပေ၏။ ယနေ့မျက်မှောက်ခေတ်၏ ဓမ္မကထိက ထိတ်ခေါင်တင် သီတဂူဆရာတော်ဘုရား၏ ခေါင်းစဉ် တရားများပင် ခေတ်အဖျားလေးကို ထိမိရုံမျှသာ သစ်လွင်ဟန်ရှိပေ တော့သည်တကား။

ယုတ်စွအဆုံး ယခင်ပါလီမန်ဒီမိုကရေစီခေတ်အခါဆီက စာရေးဆရာ သိန်းဖေမြင့်ကြီးကိုယ်တိုင် တီထွင်ဖန်တီး လက်ကတီး ချွေးကျအောင် စဉ်းစားထားလေသည့် တက်ဘုန်းကြီးလေး ရှင်သုဓဇ၏ “လာပါ လာပါ မကြည်ရဲ့” ဟူသော ခေတ်အမီဆုံး တရားခေါင်းစီးသည်ပင် ခပ်အအ ခပ်ချာချာ ပေါ်ပြူလာဖြစ်ရန် ကံကြမ္မာနည်းပါး လှတော့သည်တည်း။


(၃)
ယနေ့ခေတ်သည်ကား သဘာဝသယံဇာတနှင့် ငွေးအရင်းအမြစ်တို့ထက် ပိုလွန်သော လူပင်လူရင်း ဟူးမင်းရီ ဇော့စ်(Human Resource ) ဟစ်ဟော့ဂီတအသစ် အော်တာနေလ်တစ်ဗ်ပွင့်လင်းသော နယူးဂျင်နရေး ရှင်း(New Generation) တို့ကို အရေးထားကာ တလေးတစားပျိုးထောင်ရပေတော့မည့် ဂလိုဘယ်လ် လိုက်ဇေးရှင်းသမယကြီးပေတကား။ သူကဲ့သို့သော ဓမ္မကထိကလက်သစ်ကလေးတို့အနေဖြင့် ပါရာဒိုင်း အရွေ့( paradigm Shift) ကြီးထဲသို့ ဖြောင့်ဖြောင့်ကြီးကွေ့ဝင်နိုင်မှသာ ရာစုသစ်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဆပ်ရာရောက်ပေခြိမ့်မည်။

တရားခေါင်းစဉ်အမည်ကား တွေးလေခက်လေပါပေတည်း၊ အကန့်အသတ်ခံရသော ဝေဒနာက္ခန္ဓာကြီးကိုသာ အခါခါပွတ်သပ်မိရချေပြီ။ ထိုအခါမှပင် သူ့အားနည်းချက်၊ သူ့အတွေးအခေါ်၊ သူလမ်းချော်ခဲ့သည်များကို မြော်ခေါ်စဉ်းစား စိတ်အားငယ်ရတော့သည်။ ဓမ္မကထိကဖြစ်ရေး ဘာကြောင့်များမတွေးခဲ့မိပါလိမ့်။ တရံတခါ ဆီက နာကြားခဲ့ရဖူးသည့် ကြာနီကန်ဆရာတော်၏ ဦးတိဿလိုပင် စာသင် စာတက် စာချ ဤမျှဖြင့် သာသ နာပြု လုံလောက်ခဲ့သည်ဟု သူယူဆခဲ့ချေသည်။ ယခုတော့ ဤသို့မဟုတ်ချေပြီ။

ရှေးယခင်ဆီက ဓမ္မကထိကတစ်ပါးဖြစ်လာရန်မှာ ပရိယတ်စာပေများကို တတ်ပွန်အောင်သင်ရသည်။ နှစ်ရှည်လများ ပရိယတ်သာသနာကို စောင့်ရှောက်သည့်အနေဖြင့် တတ်ပွန်ပြီးသောစာပေများကို ပို့ချရချေ သည်။ ထိုမှ တစ်ဖန် ပဋိပတ်လုပ်ငန်းခွင်ထဲ ဇွဲသန် ကံထည့် ဉာဏ်ဖြင့်ချဲ့ကာ အားထုတ်ရမြဲဖြစ်လေသည်။ ပါရမီပြည့်ဝ ဓမ္မအသိပြည့်စုံ ပရိယတ် ပဋိပတ်လွှမ်းခြုံသောကာလတွင်မှ ဓမ္မကထိကကျင့်ဝတ်ကို ဖြည့်စွန့် တော်မူကြသည်ဟု မှတ်သားရဖူးလေသည်။

သို့သော် ရှေးရှေးသော ဆရာတော်တို့ကား စာပေပို့ချခြင်းကိုသာ စွဲမြဲစွာ အားထုတ်၍ ဓမ္မကထိက အလေ့ကို ကြုံကြိုက်မှ မွေ့တော်မူကြသည်က များပေသတတ်။ လယ်တီဆရာတော်ကြီးပင်လျင် ပိဋကတ္တယ ပါရဂူ ဓမ္မဝေဒဂူ ၀ှန်ဆူကျော်မည် ဒီပနီကျမ်းပြုကြီးဖြစ်လင့်ကစား တရားဟောရန် စိတ်သန်တော်မူသည်မှာ အရွယ် တော်နှောင်းမှဟု သိရပေသည်။

ဗြိတိသျှကုလားဖြူမင်းတို့ အုပ်ချုပ်စဉ် ထိုခေတ်ထိုအခါ ရောဂါပုလိပ် နှိပ်စက်ထူပြော တဖျောဖျော သေကြသည့် ပရိသတ်ဗိုလ်လူတို့ကို သနားကြင်နာ တော်မူရင်း ပရိတ်မေတ္တာသွင်းရာမှ ဓမ္မကထိက ဖြစ်မှန်း မသိဖြစ် လာရပေသတတ်။ ဤသည်ကိုပင်လျင် ပခုက္ကူမှ စာချအကျော် ဆရာတော်ကြီး တစ်ပါးက “ယခင်က လယ်တီဆရာတော်တို့ စာပေပို့ချနေတယ်ဆိုလို့ သြဒိဿမေတ္တာ( ရည်စူးမေတ္တာ) ပို့နေကျဗျ။ ခု တရားဟောပြီဆိုတော့ သဗ္ဗေသတ္တာ ထဲ ထည့်လိုက်ပြီ” တဲ့။


(၄)

မည်သို့ဖြစ်စေ သူကား ပခုက္ကူဆရာတော်ကြီး၏ မေတ္တာပို့ထဲမှ “ သဗ္ဗေ သတ္တာ” တွင် ပါဝင်တော့မည် သေချာလှသော်လည်း မငြင်းကွယ်သာသော တရားဟောပလ္လင်တော်ကား နီးလာချေပြီ။ တရား အမည်သညာကား မရွေးရချေသေး။ ခေတ်ကာလအလျောက် ပေါက်မြောက်ပေါ်လွင်လှပေသော ဘက်ဆဲလား ဓမ္မကထိကဆရာတော်လေးများကိုသာ အားကျမိရတော့သည်။

ထိုထိုဆရာတော်လေးများသည်ကား တရားအသိအမြင် ကျယ်ပြောလှပေစွ။ ခေတ်စာမျက်နှာကို ကျေပွန် အောင် ဖတ်တတ်၊ ဘာသာပြန်တတ်ပါပေစွ။ လူငယ်လေးများကို ဘာသာတရား၏ ဂိတ်တံခါးသို့ စိတ်မများ ရအောင် ဆွဲခေါ်တတ်ပါပေစွ။ လူငယ်တို့၏ ရင်ခုန်သံသည်ကား ရိုမန္တိကတို့ဖြင့် ပဲ့တင်ထပ် နေသည်ကို ထိုထိုဓမ္မကထိက အားကျဖွယ်အရှင်မြတ်လေးတို့ သိတော်မူကြလေသည်တကား။

ရိုမန္တိက၏ အဿာဒ(သာယာဖွယ်)ကို ရှုမြင်လိုသော လူငယ်များအတွက် “ အကောင်းကံချစ်မှ အချစ်ကံ ကောင်းမယ်” ဟူသော တရားဖြင့် ထိန်းသိမ်းဆုံးမတော်မူကြ၏။ ရိုမန္တိက၏ အာဒီန၀ (စက်ဆုတ်ဖွယ်) အပိုင်း ကိုမူ “ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်“ ဟု၍လည်း သတိပေး တရားပြနိုင်ကြပေ၏။ ရိုမန္တိက၏ နိဿရဏ(လွတ်မြောက်မှု)ပိုင်းကိုမူကား “ အချစ်နှင့် ၀ိပဿနာ” ဖြင့် လမ်းညွှန်တော် မူကြလေ သည်တကား။

ဓမ္မကထိကအကျော်ဆရာတော်လေးတစ်ပါးကမူ “ဆုတောင်းမှားခဲ့လေသလား” ဟူသော တရားဖြင့် သံဝေဂ စကားဆိုတော်မူလေသေးသည်။ ထို့ထက်အလွန် ရုတ်ရုတ်သဲသဲ ခပ်ကဲကဲ ပို့မော်ဒန်လွန် အခါသမယကြီးနှင့် လိုက်ဖက်လှစွာပင် “အရှုပ်ထဲမှာ ရှင်းအော်နေ” ဟူ ခပ်စပ်စပ် ခပ်ထိထိ မိအောင်လည်း မိန့်မြွက် တော်မူနိုင်ကြပေသေး၏။ အော် ကောင်းလေစွ။ အားကျမိလေစွ။ တရားအမည်တော် ရွေးချယ်ရာတွင် ဇော်ကြ မော်ကြပါပေစွ။ သို့ကြောင့်လည်း ကျော်ကြလေသည်ထင့်။


သူကား သူ့ရွာသူ ရွာသား ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို မည်သည့်တရားခေါင်းစဉ်ဖြင့် ဟောပြရ ပါ့။ “နှင်ဆီပန်းကို ဘယ်နာမည်ပေးပေး မွှေးမြဲမွှေး” ဆိုသော်လည်း သူဟောကြားရမည့် တရားကိုတော့ နာမည် တစ်ခု ပေးရပေလိမ့်မည်။

ထိုအချိန်မှာပင် “နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်ဘုရား နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းများ ဟောကြားတော်မူရန် ဓမ္မာသနပလ္လင်တော်သို့ ကြွချီတော်မူလာပါပြီ။ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား၊ ဆရာတော်ဘုရား ချမ်းသာစွာ ကြွချီတော်မူနိုင်ရန် မင်းလမ်းမကို ဖွင့်ကာ ပူဇော်ဖူးမျှော်ကြပါစို့ခင်ဗျား” ဟူသော နိဗ္ဗာန်ဆော် ဖိုးလေးမြ၏ အသံစွာစွာကြီးကို ကြားရ လေတော့သည်။


အော် ဟုတ်ပေသား။ နိဗ္ဗာန်ရောက်ကြောင်းတရား တဲ့။

(မရေးဖြစ်တော့သော ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိကို စီနီယာမိတ်ဆွေရဟန်းတော်များ၏ သြ၀ါဒအရ ပြန်လည်တို့ ထိပါသည်။ဆက်လက်ရေးပါမည်။)

ဓမ္မဂင်္ဂါ

13 March, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၇)


(၁)

“ဦးဇင်းဘုရားရေ တရားနာပရိသတ်တွေကတော့ လန်ထွက်နေပေါ့ဘုရာ့၊ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာတောင် မဆန့်တော့လို့ လမ်းမတွေပေါ်မှာ ဖျာတွေရော ယိုင်ပတ်တွေပါ ခင်းထားရပြီဘုရား”

ဤသို့လျှင် တရားပွဲသတင်းစကားကို အားတက်ဖွယ်ကြားရပေတော့၏။ အော် ဆွေတရား မျိုးတရား အကျိုးများအောင် မောင်ဘုန်းတစ်ပါး ဟောကြားရပေတော့မည်။ လေအဝှေ့နှင့်အတူ တစ်ချက်တစ်ချက် ဆောင့်တက်ကာ မွှေ့ပေသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်သံကို အခံခက်သည့်တိုင် တရားအလေ့တွင် အမွေ့ ကြီးမွေ့ကြသည့် သူ့အမျိုးများကိုမူ အားရကျေနပ်မိရချေသည်တကား။

ဖိုးလေးမြ မည်သို့အော်၍ မည်ပုံပင် ဆော်စေကာမူ ခန္တီစတရားဖြင့် ပြန်ရီ(ရယ်)မပြနိုင်အားသော်လည်း သည်းခံရပေတော့မည်။ သို့သော် ဖိုးလေးမြကား ဘွဲ့များကို အလွဲရွတ်ဖတ်ကြေငြာရုံမျှနှင့် မပြီး “ ကျွန်တော် များရဲ့ ရွာလေးကို ခုလို နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်တစ်ပါး ကြွရောက်ချီးမြှင့်တာဟာဖြင့် ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။” တဲ့။ ဘယ့်နှာပါလိမ့်။ ပထမဆုံးနဲ့ နောက်ဆုံးဆိုပါကလား။ သူသည်ပင် နားမ၀င်ချင်သော်လည်း ဖိုးလေးမြစကားကို နား ဆင်ရချေသေး၏။

“ပရိတ်ချည်ဆရာတော်ဆိုတော့ တော်ရုံတန်ရုံသာမညောင်ည ကချွတ်ကချော် ရွာကျော်ရပ်ကျော်၊ ချောင်းကျော် မြောင်းကျော်ပွဲမျိုးကို နောင်များမှာ ကျွန်တော်များကို သနားသော်လည်း လာရောက်ဟောချင်မှ ဟောနိုင်တော့ မယ်ကိုးဗျာ၊ နော်ကွယ် မောင်သောင်းရွှေ”။ နိဗ္ဗာန်ဆော်ကြီးကား ဘေးမှ စာကြည့်တိုက်မှူး ကိုသောင်ရွှေကိုပင် မိုက်ခရိုဖုန်းထဲမှ လှမ်းညှိလိုက်ပေသေးသည်။

“အတိုင်းတိုင်းအပြည်ပြည်က မင်းတွေ ဆက်ကပ်ထားတဲ့ ဘွဲ့တံဆိပ်တော်တွေကလည်း အများသားမို့ ကျွန်တော်များရွာလေးနဲ့ လားလားမှ မထိုက်၊ ကျွန်တော်များကလည်း ဆရာတော်ဘုရားရဲ့ ဂုဏ်တော်နဲ့ကိုက် အောင် အနာမာသ၀တ္ထုတွေနဲ့လည်း ဦးခိုက်ပူဇော်နိုင်မယ် မဟုတ်ပေဘူးဗျနော်။ ”

ခုပွဲကလည်း ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆရာရှင်နဲ့ မိခင်ဖခင်တွေ ကျန်းခန့်သာကြောင်း သတင်းကောင်းကြားလို၍ ကြွလာတဲ့အခိုက်မှာ အလိုက်ထိုက်လေးဟောတဲ့ပွဲပေကိုးဗျ။ သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်စေ့ မွေးဖွားသန့်စင်ပေးလိုက်ကြတဲ့ ဖိုးကျော်သန်းတို့ မိရွှေမြင့်ခင်တို့ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အသက်ရာကျော်ရှည်ကြ ပါစေ၊ နိဗ္ဗာန်တိုင်ပေါက် ရောက်နိုင်ကြပါစေ။”

စိတ်ကူးလည်း ပေါက်၊ ရောက်တတ်ရာရာ ပြောလည်းပြောတတ်ပါပေသော ဖိုးလေးမြတည်း။ ပရိတ်ချည်ဆရာ တော်တဲ့။ အနာမာသ၀တ္ထုနဲ့ ထိုက်အောင် ပူဇော်နိုင်မှာမဟုတ်လို့ နောက်တစ်ကြိမ်ကြွချင်မှ ကြွနိုင်တော့မှာ တဲ့။ နိဗ္ဗာန်ဆော်တရားအညွှန်းထဲမှာလည်း သူ့မိခင်ဖခင်များကိုပါ ဆွဲထည့်လျက် ရွှန်းရွှန်းဝေအောင် မေတ္တာဖောင်ဒေးရှင်းချလိုက်ပေသေးသည်။

ဖြစ်ချင်ရာဖြစ်ကြပစေတော့။ တရားပွဲကိုသာ မြန်မြန်ဟော မြန်မြန်နိဂုံးချုပ်လိုက် ချင်ပါပြီ။

“မောင်ပဉ္ဇင်းရေ ဦးလေးမြကတော့ အဆိုကောင်း အပြောကောင်းဘုရာ့။ ဒီနယ်တစ်ကြောမှာ အဟော အပြော ဘက်ကတော့ ဦးလေးမြမှီသူ ဘယ်ရှိလိမ့်မတုန်း”တဲ့၊ သူ့အနားတွင်ဆေးပေါ့လိပ်ခဲရင်းခပ်ဟဲဟဲဖြစ်နေရှာသည့် ဓမ္မကထိကခမည်းတော်ကြီးက ပြုံးပြုံးကြီးပြောလေ၏။ ဟုတ်ပေမှာပဲ။ ခမည်းတော်ဘုရား၏ အမည်နာမကြီးက ဖိုးလေးမြ၏ မိုက်ခရိုပါးစပ်အသိမ်းတွင် ဟိန်းဟိန်းကြီးမည်နေတော့သည်ကိုး။

(၂)

မည်သို့ဖြစ်စေ သူမျှော်လင့်နေသော ဓမ္မသဘင် ဆင်ယင်ကျင်းပမည့်အချိန်ကား အမှန်တကယ် ရောက်လာခဲ့ ပါ၏။ ဓမ္မကထိကလက်သစ်တစ်ပါးဖြစ်သည့် သူ့အနေဖြင့် ငယ်ဆရာသခင် ကျောင်းကြီးရှင်ထံမှ တရားပလ္လင် မတက်မီ သြ၀ါဒစကားကို နာကြားရပေမည်။ ဆရာသခင်သည်လည်း မွေးမြူမိသော တပည့်မျောက်လောင်း လေးက ရွာကျော်ရပ်ကျော် နိုင်ငံကျော်ကမ္ဘာကျော်ဟု နိဗ္ဗာန်ဆော်ကြီးက ကုန်းအော်ရလောက်အောင် ဘုန်းတောက်သွားသည်ကို ပီတိမျက်လုံးဖြင့် ခပ်ပြုံးပြုံးကြီးမှာပါလေတော့၏။

“ မောင်ပဉ္ဇင်းကို ဆရာစကား အများကြီးမပြောလိုပြီ။ ဆရာသင်ပေးလိုက်နိုင်သည်က အခြေခံစာမျှသာ ဆို သော်လည်း မောင်ပဉ္ဇင်းရဲ့ ဇွဲလုံ့လ ဥဿာဟနဲ့ အခြေခံပညာကို တိုးပွားအောင်အားထုတ်၍ ကောင်းကင် တမွတ် ကြယ်တွေလတွေပါ ဆွတ်နိုင်ခဲ့သောကြောင့် ယခုဆိုလျှင်တက္ကသိုလ်ပြည်က အဋ္ဌာရသပညာတွေ တောင် တတ်နေမင့်ဟာပဲ။”

“သို့သော်လည်း ပညာရှိတို့မည်သည် ဆိုခဲစေ မြဲစေပ။ မောင်ပဉ္ဇင်းရဲ့အမည်နောက်မှာ အတည်ပေါက်ရေးထားတဲ့ ဘွဲ့တော်တွေက ငါဆရာကိုယ်တိုင်ပင် ခပ်ရှိန်းရှိန်းဖြစ်လေသည်မို့ အများသူငါ ၊ ပိဋကတ်စာနဲ့ ဝေးသူ ကျေးတောသူ ကျေးတောသားတို့မှာ ဆိုဖွယ်ရာမရှိ ငုံးတိတိနဲ့ ယုံမိယုံရာ ယုံကြရှာပေတော့မည်။ ”

“မောင်ပဉ္ဇင်း၏ နှုတ်ထွက်စကားရပ်ကို အကုန်ပိဋကတ်ဟု ရောက်လာသမျှသောပရိသတ်က ယုံမှတ်ကြပေတော့မည်။ မောင်ပဉ္ဇင်း အပြောလွဲသည့်တိုင် သဘောတရားအမှန်ပဲဟု စွဲကြပေတော့မည်။ ထို့ကြောင့် ချစ်တပည့် မှတ်လေ။ “စကားဆို မရမ်းနှင့်။ တရားဆို မဆန်းနှင့် ”တဲ့ကွဲ့။ ဆိုတော့ကွယ် အဆန်းလည်း မထွင်ပါလေနဲ့ ။ အရမ်းလည်း မ၀င်ပါလေနဲ့၊ မောင်ပဉ္ဇင်းတို့တတ်ပွန်တဲ့ ဘိလပ်စကားကို ဆရာဘုန်းကြီး တစ်လုံးစနှစ်လုံးစ မှတ်မိသမျှလေးနဲ့ နိဂုံးချုပ်တော့မည်။ မန့်ခ်(monk)က မန့်ခ်လိုမနေရင် မန်းကီး(monkey)နဲ့ နီးတတ်သတဲ့ ကွယ်ရို့။ ငါ့တပည့်မြဲမြဲမှတ်လေ ” တဲ့။

အော် ကောင်းလေစွ၊ မှတ်ထိုက်လှပေစွ၊ ဦးညွတ်လိုက်နာသင့်ပေစွ။ ဆရာသခင်၏ စာသံပေသံ၊ ဘိလပ်သံ၊ အရပ်သံပါသောသြ၀ါဒတော်ကြီးသည်ကား ဓမ္မကထိကလက်သစ်၏ တရားလက်ဖြစ်ဟောမည့် အကြံသာ ရှိခဲ့ပါက အမှန်ပင် နောက်တွန့်သွားစေနိုင်လေသည်တကား။

နိုင်ငံခြားပြန်တပည့်ကို တစ်လုံးစ နှစ်လုံးစသော ဘိလပ်စကားဖြင့် အမှားမလိုက်အောင် တအားရိုက်ထည့် လိုက်လေသော ဆရာမြတ်ပေတကား။

(၃)

သို့သော် ဤမျှဖြင့် သူ့ဝန်တာမပြီးသေး။ ပလ္လင်တော်ဦးဆီသို့ တရားစိတ်ကူးဖြင့် ယတ်တောင်ကိုထမ်း သင်္ကန်းကို ရုံလျက် ချီတက်ကြွသွားရန် အသင့်ဖြစ်စဉ် နောက်တော်ပါးက ရွှေထီးဆောင်း၊ ငွေထီးဆောင်း သောင်းသောင်းဖျဖျ ၀န်းရံလိုက်ပါကြလေမည့် ကျောင်းဒကာ၊ ဘုရားဒကာ၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ မင်ဘာလူကြီးမင်းများ၏ စကားကိုလည်း နာယူရပေသေး၏။

“ ဦးဇင်းဘုရားရေ ကျောင်းထိုင်ဘုန်းဘုရားက မည်သို့ပင် မိန့်ကြားသော်လည်း ပလ္လင်ပေါ်ရောက်သွားမှတော့ ဦးဇင်းဘုရားတရားပေါ့ဘုရာ့။”

”တပည့်တော်များက ငါတို့ဦးဇင်းဘုရားက ကျွမ်းကျင်တာက ဆယ့်နှစ်ဘာသာ။ နိုင်ငံတကာဘွဲ့တွေက စုံ။ ကမ္ဘာလည်း ကုန်လုနီးပါးရောက်ပြီးပြီလို့ ရှိသမျှလူကုန်နဲ့ ရွာလုံးတုန်အောင် ကြွားပြီးပြီနော်ဘုရား။ ”

“ရွှတ်ရှက်ဒွတ်ဒက်လေးနဲ့ ခပ်ထက်ထက်လေးဟောမှဘုရာ့။”

“ ဦးဇင်းဘုရားရဲ့ ကွန်ပြူတာတော်ကြီးလည်း မသယ်လို့မဖြစ်ဘူးနော်ဘုရား”

“ဒါနကထာ သီလကထာတွေကတော့ ရွာနီးချုပ်စပ်က ဆရာတော်တွေ ဟောကြလွန်းလို့ အပ်ကြောင်းထပ်ရုံမက စီဒီပွန်းအောင် နာကြရလှပါပြီ ဦးဇင်းဘုရားရယ်။”

“နိုင်ငံခြားအတွေ့အကြုံအဆန်းအသစ်လေးတွေနဲ့ လက်ဖြစ်တရားသဘောကို ဟာသစကားလေး နှောပြီး ပွဲကျအောင် ဟောမှကိုးဘုရား”

“တရားခေါင်းစဉ်လေးတွေလည်း နုနုလေးတွေမှနော်ဘုရာ့၊ အချစ်တွေ သံယောဇဉ်တွေ အနမ်းတွေ အကြင်နာတွေ များချင်သလောက်များဘုရား။ ရွာသူတွေဆိုပေမယ့် ဒီက လေဒီလေးတွေကလည်း ခေတ်မှီကြပါတယ် ဘုရာ့။ သမုဒယပွားတရားလေးတွေကိုမှ ရွေးနာချင်ကြသကိုး ကိုယ်တော်ရဲ့”

ဤသည် ဤမည်သော ဒိုင်ယာလော့ခ်ပုဒ်စုတို့သည်ကား တရားပွဲဖြစ်မြောက်ရေးမင်ဘာ လူကြီးမင်းများ၏ တစ်ယောက်လျှင် တစ်ပေါက်နှစ်ပေါက်မက သုံးလေးခါပင်ပေါက်ကြကာ နှီးနှောဝေဘန် အကြံကုန်ပေးကြလေ သော စကားများပင်တည်း။

အော် ဟုတ်ပေ၏။ တရားအမည်လေးကလည်း ပေးရပေဦးမည်။ ဆရာ့စကားတော်အရ တရားဆိုသည်က ဆန်း၍ မဖြစ်၊ သို့သော် တရားပွဲဖြစ်မြောက်ရေးကော်မတီမင်ဘာတို့၏ တွန်းချက်ညွှန်းချက်အရ တရားက လန်းရပေလိမ့်မည်။ နိုင်ငံခြားအတွေ့အကြုံလေးများဖြင့် ဖမ်းစားရပေဦးမည်။ ဘာသာစကား ဆယ့်နှစ်မျိုးဆိုသဟာကြီးကလည်းပါ၊ ဟာသလေးကလည်း နှော၊ နာမည်ချောချောလေးကလည်း ပေး။ မလွယ်ရေးချ မလွယ်လှသော မဟာအထူးတရားပွဲပေတကား။

ဆရာဘုန်းကြီးစကားနှင့်ဆိုရသော် မန့်ခ်ချင်မန့်ခ်၊ မမန့်ခ်လျှင်တော့ အဟမ်း အဟမ်း...ဟုသာ ချောင်းတစ် ချက်ဆိုးဟန်ပြု၍ ပလ္လင်တော်ရှိရာ တရားမဏ္ဍပ်သို့ ရှေးရှုချဉ်းကပ်ရလေတော့သတည်း။

08 March, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၆)


(၁)
“သောင်းထိုက်စကြာဝဠာ တိုင်းနိုင်ငံတကာတွင် (၇)ခါ(၇)လီ ဘွဲ့ချီသပါတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော်ကြီးလည်း ဖြစ်ပေထသော”
“သာသနနှင့် တက္ကသီလ၊ ဓမ္မာစရိယနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ အစဖြာသော ဘွဲ့အထူးထူးရယ်တဲ့မှ ဘွဲ့အထွေထွေ အပြည်ပြည်(ပြေပြေ)ကျော်ဟိုးပေထသော”
“ဘီအေ ဘူးသီစင် ဘီအေ ပုတီးအိပ်နှင့် အမေး ဗထူး အမေးပါဠိ ပရိတ်ချည်ရက်ဆား ထွားထွားကြိုင်းကြိုင်း ဂုဏ်တံတိုင်းကြီးများသဖွယ် ဉာဏ်ဌေးကြွယ်လှပေသော မဇ္ဈိမတိုင်းနိုင်ငံက အဖန်ဖန်သော ဘွဲ့တော်များကို လည်း လုံ့လအားသည်း ရပြီးဖြစ်ပေထသော”

ဤမည်သော အနက်သမ္ဗန် ရွတ်ဖတ်ကြေငြာသံကြီးကား သူ့အနေဖြင့် မည်သို့မှ ခံစားနာပျော်ဖွယ်ရာ ပီတိမဖြစ်လှစွာသော လော်စပီကာ(Loud Speaker) မည်သော အသံချဲ့ စက်တော်ကြီးလေးလုံးမှ (၇)ရွာကြား (၈)ရွာကြား တာဝတိံသာက ဆာမာဃနှင့် အာဖဂန်က မစ္စတာဘင်လာဒင်တို့ပါကြားအောင် သောတနား မှန်သမျှကို “အဟော ၀တ” ဖြစ်လေသည်အထိ ကလော်ကလိလိုက်ပေသော နိဗ္ဗာန်ဆော်ကြီး ဖိုးလေးမြ၏ အသံဟဲဟဲကြီးများပင်ဖြစ်ပါ၏။

နိဗ္ဗာန်ဆော်ကြီးဖိုးလေးမြ၏ အသံကား ပီသကြည်မြလှသည်တည့်။ ထိုသို့ ပီသကြည်မြလေလေ သူ့မှာ အနေရခက်လေလေဖြစ်ပါ၏။
“မကြားလိုပါ၊ မကြားလိုပါ၊ သတ်လိုရင် သတ်ပါစေတော့”ဟူသော သီချင်းစာ သား အလိုက်ဖြင့်ငုတ်တုပ်ထိုင်လျက်သာ နေ့ခင်းကြောင်တောင် အမှောင်ချကာ ကိုယ်ရောင်ဖျောက် လိုက်ချင် မိပါတော့သည်။

ဖိုးလေးမြကား ရွာဦးဘုန်းတော်ကြီး၏ ဘကြီးလည်းဖြစ်၊ ရွာလူကြီးကိုလှမြင့်နှင့်လည်း မယားဘက်ကစပ်လျှင် ဆွေရိပ်မျိုးရိပ်မကင်းသူဖြစ်ရကား ရပ်ရွာအရေးမှန်သမျှတွင် တစ်ကိုယ်တော်မိုက်ခဲခွင့်လိုင်စင်ဖြင့် အကြိုက်ဆွဲ ကာ ရွှင်နေခြင်းပင်ဖြစ်တော့သည်။

အကယ်တန္တုနိဗ္ဗာန်ဆော်ဖိုးလေးမြဆိုသည်က စာပေလေးက ၀ါသနာပါ၊တရားနာကလည်း မပျင်း၊ ဇာတ်သီချင်း တွေလည်းရသမို့ အဆိုအပြော အလွန်ချောအောင် သောသောညံတတ်သူကြီးပင်ဖြစ်ပါ၏။
သူသည်ပင်လျှင် ငယ်စဉ်ကလေးဘ၀က ဖိုးလေးမြပါသော စကားဝိုင်းတွင် နားကိုင်းမိခဲ့ဖူးပါ၏။ ထို့ကြောင့်ပင် ရွာဆော် လည်းမြ၊ နိဗ္ဗာန်ဆော်လည်းမြဖြင့် သဘာဝမိုက်ခဲကြီးနှယ် ရွာသူတို့ဝိုင်းတွင် ပေါ်ပြူလာ ဂိုင်း(Popular Guy ) ကြီးဖြစ်နေ တော့သည်တည့်။ တရားတောင်းလည်း မြ၊ မယားတောင်းလည်းမြဖြင့် လောကဓမ္မနှစ်ဖြာ အခရာဖြစ်စွာပင် နေရာတိုင်းဝင်ပါရသူကြီးပါပေတည်း။

လုပ်အားပေးဆင့်ခေါ်သည့် နိုးဆော်သံသည်ပင် ကာရံအချိတ်အဆက် ပေါ့(Pop)နှင့် ရက်ပ်(Rap)ဖြစ်ကာ နာပျော်ဖွယ်ရာအတိဖြစ်နေတတ်ပါပေသည်။ နံနက်ဝေလီဝေလင်း နှင်းဖွဲဖွဲတွင် အိပ်စက်ရာစောင်ခြုံထဲက မထွက်ဘဲနားဆင် ကြည့်ဦးလော့၊
“ ယနေ့နံနက်၊
အရုဏ်တက်အလွန်
ရွာအစွန်ကတံတား
ညပိုင်းကကျိုးသွားသည့်အရေး
အပြေးအလွှားပြင်ဖို့ရန်အတွက်
တစ်အိမ်လျင်တစ်ယောက်
(ဤအပိုဒ်ထိ အသံချိုချိုနှင့် တစ်ဖြေးဖြေးမြင့်တက်လာသည်)
အချင်းယောက်ျား (အသံမြှင့်ပြီ)
တူရွင်းပေါက်ပြားပါမကျန်၊
တုံခေါက်၊
အစုံရောက်ရမည်ဖြစ်ကြောင်း နိုးဆော်လိုက်ရပါသဗျိုး”။

(၂)


ဆိုရသော်ဖိုးလေးမြကား မစ္စတာအန်ဂျော်လောဟု ကင်ပွန်းတပ်ရလောက်သည့် အော်ကြောလန် မိုက်သရဲကြီး တော့ မဟုတ်ခဲ့ပါလေ။ သို့သော် ယနေ့ သူကြုံတွေ့နေရသော အရေးအခင်းကား ရွာတွင်းရေးနှင့် မပတ်သက်၊ ရွာအခင်းအရေးများနှင့်မတူ တစ်မူကွဲလေသည်တည်း။

ယနေ့ညကျင်းပမည့် ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးဆိုသည်အတွက် နိဗ္ဗာန်ဆော်ဟန် ဆိုလို(Solo) သံပေးရာတွင် သူရေးချပေးလိုက်သောဘွဲ့များကို ဖြတ်ချင်သည့်နေရာက ဖြတ်၊ ရပ်ချင်သည့်နေရာတွင် ရပ်၊ စပ်ချင်သည်ကို စပ်ကာ ဖိုးလေးမြ နိုးဆော်နေသည်မှာကား ဓမ္မကထိကလက်သစ်ကို ကြောင်လက်သည်း ၀ှက်ဖြင့် ခပ်ကဲကဲကုတ်ခြစ်လိုက်သည့်ပမာ မျက်နှာလည်းပူ၊ နားလည်းဆူဖြစ်ရပါတော့၏။ အော် ခက်ပေစွ။ ကိုယ့်လိပ်ပြာက ကိုယ့်စိတ်ခန္ဓာပေါ် ဆင်းသက်၍ အရှက်တွင်းနက်စေသောအခက်ကြီးဖြစ်လေသည်တကား။

အမှန်စင်စစ် ယနေ့ပွဲသည် ဖိုးလေးမြ၏ ပွဲမဟုတ်၊ ယနေ့ပွဲကို အင်္ဂလိပ်စာတတ်ပေတတ်ကလေးတို့ကိုယ်တိုင် အပီဟဲရန် အားခဲထားပြီးဖြစ်ပါ၏။ သကောင့်သားအင်္ဂလိပ်စာတတ်ပေတတ်လေးတို့ကား
ဖိုးလေးမြကို လုံးလုံး မမှုပြီ။ ဖိုးလေးမြကား ရှေးဘုန်းတော်ကျောင်းပညာရေးရိုးရိုးကြီးဖြင့် သာရေးနာရေးမှန်သမျှတွင် တန်ခိုးထွားခဲ့ သမျှ ရိုးရိုးတရားပွဲ မဟုတ်သော ယနေ့ည မဟာအထူးတရားပွဲကြီးတွင် မည်သို့မှ တိုးနိုင်ဖွယ်မမြင်ပြီ။ ဘိုစာ ဘိလပ်စာခန့်ခန့်ကြီးတို့ဖြင့် ၀င်းဝင်းတောက်လှသော နိုင်ငံတကာ(၇)ဘွဲ့ရ ဓမ္မဂင်္ဂါအရှင်၏ ဘွဲ့ထူး ဂုဏ်ထူး ကြယ်စုံမြူးသောစာလုံးတော်တို့ကို မည်သို့ ဖိုးလေးမြ ဖတ်ပါအံ့နည်း၊ မည်ပုံ ဖိုးလေးမြ ရှင်းပါအံ့နည်း။

ဤကား ဘိုစာတတ်ကလေးတို့၏
အကြင်သို့သဘောရှိသော အမြင်ပါပေတည်း။ ထိုသို့သဘောရှိသော အမြင် ကြောင့်ပင် စပါးပေးဖြင့် ငှါးရမ်းထားသည့်ကျောင်းဆရာလေး ကိုနိုင်ဝင်းသည်လည်းကောင်း၊ စာကြည့်တိုက်မှူး ကိုသောင်းရွှေသည်လည်းကောင်း ရွာလေး၏ မော်ဒန်လူငယ်တစ်သိုက်က အပြီးသတ်ရွေးချယ်လိုက်ပြီးသော နောက်ဆုံးပေါ်နိဗ္ဗာန်ဆော်များအဖြစ် မော်မော်ကြွားကြွား လမ်းသလားနေကြပြီဖြစ်ပါ၏။ “ဟဲလို တက်စ်တင်း ၀မ်းတူးသရီး”များကိုပင် ခရီးတစ်သောင်းပေါက် ချောင်းခြောက်တွေဆိုးအောင် အသံစမ်းနေကြပြီဖြစ်ပါ၏။

သူ့ဒကာ ဆရာဒုံးကား တရားပွဲဖြစ်မြောက်ရေး အမာခံစပွန်ဆာကြီးအဖြစ် ဣနြေ္ဒကြီးတစ်ခွဲသားနှင့် သူ့အနား မှာ ခပ်တည်တည်လာရောက်ထိုင်နေခဲ့ပါ၏။ ဆရာဒုန်းကား အိမ်မှာရှိသမျှ မီးစက်၊ အသံချဲ့စက်မှန်သမျှကို အကုန်ထုတ်ပေးခဲ့ပြီးသည့်နောက် ၀င်ရောက်မစွက်ဖက်ရေးမူဝါဒဖြင့် ခပ်အေးအေးကြီးလုပ်နေခြင်းပင်ဖြစ်တော့ ၏။ ရွာလူကြီးကိုလှမြင့်၊ လူပျိုခေါင်းကိုလှမိုးတို့သည်ကား ထိုး၍ မပြီး မိုး၍ မပြီးသေးသော မဏ္ဍပ်တော်ကြီးကို ကြီးကြပ်လိုက်၊ သူ့အနားပြေးလာလိုက်ဖြင့် တရားပွဲဖြစ်မြောက်ရေးကော်မတီဗွီအိုင်ပီကြီးများဖြစ်နေပေတော့ ၏။

တရားဟောသည့်အခါ ရေအေးကပ်ရမှာလား၊ ရေနွေးကပ်ရမှာလား၊ မိုက်ခရိုဖုန်းကို ဟန်ပါပါလက်က ကိုင်ပြီး ဟောမှာလား၊ ဒေါက်တိုင်စတန်းဒ်လေးနဲ့ ဟောမှာလား၊ ဓမ္မာသနပလ္လင်တော်မှာ စပယ်ပန်းကို ဆင်ရမလား၊ သနပ်ခါးရေ မွှေးမွှေးလေးကိုပဲ ဖြန်းပေးရမလားစသည်များကို ဘယ်ကကြားဖူးထားကြသည်မသိ ၊တတိတိဖြင့် လာရောက်မေးမြန်းကြပြန်ချေသေးသည်။ အော် သူကား မည်သို့မည်ပုံဖြေကြားရပါ့၊ အစဉ်အလာလော ထွင်တာလော စောကြောချိန်မရှိ၊ သင့်လျော်သလိုသာ စီမံကြပါဘိလုပ်ရချေတော့သည်။

သူကတော့ တရောရော တဝေါဝေါဖြင့် ၀င်လာမစဲ တသဲသဲဖြစ်သော ရပ်နီးရပ်ဝေး ဆွေဝေးမျိုးဝေး တစ်သောင်း တစ်ကျိပ်လေးကုန်သော တရားနာပရိသတ်တို့နှင့် ဆွေမျိုးစပ်ကာ အလ္လာပ သလ္လာပ စကားဆိုနေရဆဲပင် ဖြစ်ပါ၏။

(၃)

ထိုအချိန်မှာပင် ဖိုးလေးမြက သူ့အနားသို့ အသာတိုး ကပ်လာခဲ့ပါလေသည်။
“ဦးဇင်းဘုရား ဘွဲ့တွေကများ ဘိလပ်စာတွေနဲ့လည်း ရေးထားဆိုတော့ တပည့်တော်က မျက်စိမှုံမွှားမွှားနဲ့မို့ အကုန်မဖတ်ကြားနိုင်ဘူးကိုးဘုရာ့။ မြန်မာစာပီပီသသနဲ့ ကြည်ကြည်ရှင်းရှင်းကြီး လင်းအောင်ရေးပေးစမ်း ပါဘိ”တဲ့။

သူအနေဖြင့် မွေးရပ်မြေရွာလေးသို့ ရောက်တုံခိုက်တွင် ဆုံကြိုက်သမျှအရေးကို စိတ်အေးစေချင်သူပါတည်း။ သိဒ္ဓိတင်ပေး၊ ဘလက်ဇင်း(Blessing)ပေး၊ တောင်းဆိုလာပါက အော်တို(Auto)ပါ ရေးပေးဆိုလည်း ရေးပေးရ ပေတော့မည်။ သို့နှင့် ဖိုးလေးမြကို အတိုးလေးချကာ ဘွဲ့အရင်းအပြင် မြန်မာ
ဖိနပ်သစ်(Phonetics)ဟု ထင်ရှားသည့် နောက်သိုးပစ်လည်းပါ ငသတ်လည်းပါ မရေရာသော စာလုံးပေါင်းအသံထွက်များကိုပါ ထပ်ခြစ် ပေးရပြန်သတည်း။

သူရေးခြစ်ပေးလိုက်သည့် စာရွက်လေးကိုဖြန့်ခါ ဖတ်ပြပါဆို၍ (၈)ခါနှင့် မပြီး(၁၂)ခါနှင့်မပြီး တံတွေးသီးအောင် ပင် ဖတ်ပြရပါသေး၏။ စိတ်ကျေနပ်လောက်ပြီထင်သောအခါ သုတ်ကနဲထ ရုတ်ကနဲပျောက်နည်းစနစ်ဖြင့် ဖိုးလေးမြကား ထွက်သွားလေတော့၏။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ကွမ်းတစ်ယာမညက်တညက် ကွန်ပြူတာ ကော်နက်ရှင်း မတက်တတက်အချိန်မှာပင် အစဦးက ဖော်ပြခဲ့သော တရားနာဖိတ်ခေါ်ဟန် နိဗ္ဗာန်ဆော်သံကြီး ကို ကြားရခြင်း ဖြစ်တော့သည်။

အော် လုပ်ရက်နိုင်သူကြီး ဖိုးလေးမြ၊ စွမ်းနိုင်သူကြီး မြပေတကား။ မိုက်ခရိုစခန်းကို ဗီတိုသုံးကာ ရမ်းလေ ပြီကော မြ၊ သာသနတက္ကသီလဓမ္မာစရိယကို သာသနနှင့် တက္ကသီလဟု နှစ်ဖြတ်ခွဲကာ ကာရံ ကိုက်၏။ ထို့နောက် ကျန်နေသည့်ဓမ္မာစရိယကို နောက်မှာရေးခြစ်ပေးလိုက်သည့် ဗုဒ္ဓဓမ္မဒီပလိုမာနှင့် တွဲစပ်၏၊ ကာရံ အကိုက်ကို အမီ လိုက်ရရှာသည်ထင့် အော် ဂန္ထ၀င်ကြိုက်ဖိုးလေးမြ။

ပြီးတော့လည်း ကြည့်ပါဦး။
B.A(Buddhism) ကို ဘီအေ ဗူးသီးစင်
B.A (BDh)ကို ဘီအေ ပုတီးအိပ်
M.A(Part-2)ကို အမေးဗထူး
M.A(Pali)ကို အမေးပါဠိ
PhD(Research)ကိုတော့ ပရိတ်ချည် ရက်ဆား တဲ့။

ဤသို့ဖြင့်သာ သူ့ရွာလေး၏ အထူးဒေသနာ မဟာတရားပွဲကြီးကား နိဒါန်းပျိုးရန် အကြောင်းဖန်ကာ အချိန်နီး ကပ်လာခဲ့ချေပြီတည်း။

27 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၅)



(၁)

ဘုန်းကြီးလျှင် ပုန်းအိပ်” ဟူသည်ကား ဗန်းမော်ဆရာတော်ဘုရားကြီး၏ တစ်ရံခါဆီက မှတ်ချက်ပြုစကား ပေတည်း။ ဆရာတော်ကြီးကား တိုတိုနှင့် ထိအောင် ဆိုတတ်ပါပေစွ။ သူသည်လည်း စကြာဝဠာ ကမ္ဘာမြေ အဆုံးမှာ ပုန်း၍သာ အိပ်နေချင်တော့သည်မှာ အမှန်ပင်ဖြစ်ပါလေတော့၏။

သူရွာလေးသို့ ခြေချမိသည့်ထိုနေ့ ထိုရက်ကသာ သူ့ရွာလေး၏ အမည်သညာကို စွဲ၍ အက်ဖ်တီကေ တိုင်းမ်စ်(FTK TIMES) အက်ဖ်တီ ကေပို့စ်(FTK POSTS) အက်ဖ်တီကေထရီးဗြွန်း(FTK TRIBUNES) စသောသတင်းစာကြီးများသာ အပြိုင် ထုတ်ဝေနေကျဖြစ်လျှင် ထိုထိုသတင်းစာကြီးများတွင် သူသည် ပါဆဲင်န် အော့ဖ် သှဒေး(Person of the Day) ဟု ပေါ်ပြူလာ ပဂေးကြီးဖြစ်လေဟန် ကော်လံအပြည့်ဖော်ပြကြလေမည်မလွဲတည်း။

သူ့အတ္ထုပ္ပတ် သူ့လုပ်ရပ်နှင့် သူ့ပုံရိပ်ဖြတ်စတို့သည် လတ်တလောစက်ရပ်သတင်းအဖြစ် အိတ်က်စ်ကလျူး စစ်(Exclusive) ဖြစ်၍ နေပေတော့မည်။ မည်သို့ဆိုစေ ပုဂ္ဂလ၀ိသေသော ထူးသောအံ့သောဟုကား သြသြအံ့အံ့ ရွာလုံးအနှံ့ ဖြစ်နေခဲ့သည်မှာတော့ အထင် အရှားဖြစ်ခဲ့ပါပေ၏။ “ လူ့ဘောင်ဘ၀ ကျဉ်းမြောင်းစွ ” ဆိုသဟာ ဃရာဝါသော သမ္ဗာဓေါဟု စာဟောရှိသော်ငြား ရဟန်းတစ်ပါးနှင့် လားလားမှမဆိုင်ဟု အခိုင်အမာ ယူခဲ့မိပါလေ၏။


သို့သော် ပေါ်ပြူလာဆယ်လီဘရစ်တီ(Popular Celebrity)ဟု ညံစီအောင် တိုးဝှေ့၍ ဆွေဆွေမျိုးမျိုး ရွာရိုး ကိုးပေါက် ဆယ်ပေါက် အပေါက်ပေါက်လျှင် သောက်သောက်လဲလဲ တစ်ခဲနက်နက် မိတ်ဆက်ကြ လေသော ကြောင့် သူ့ခမျာမှာ နေစရာ။ထိုင်စရာမရှိအောင်ပင် ကျဉ်းမြောင်းခဲ့ရပါချေ၏။ ကျောင်းမှာ ထိုင်သော် ကျောင်း၊ အိမ်မှာထိုင်သော် အိမ် ။ ကျောင်းနှင့်အိမ် အကြိမ်ကြိမ်ပင် ကူးလူးရွေ့လျား၍ ဆွေစကားမျိုးစကား၊ မြို့စကား တိုင်းစကား နိုင်ငံစကား နိုင်ငံတကာစကား စကြာဝဠာစကား မနားရလေအောင် ချဲ့ကားပြော ဆိုရပေတော့၏။

ထိုမျှဖြင့် ဒုက္ခမပြီးသေး။ တောရွာဓလေ့ ကောင်းပေ့ညွန့်ပေ့ ဆွေမေ့မျိုးမေ့ဘုရာ့ ဟု လျှောက်ထားကပ် လှူကြလေသော ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် မုန့်ဆီကြော် မုန့်ပေါက်ကြော် အလှော်အပြုတ်တို့ကိုလည်း စုံအောင်ပင် အလုပ်အလွေးပြုကာ ဘုန်းပေးရရှာပေသေး၏။ အော် ကြိုက်ခြင်း မကြိုက်ခြင်းဟူသည် သူု့အရေးမဟုတ်၊ သူ့ကျန်းမာရေးနှင့် လျော်သည် မလျော်သည် သူ့အရာမဟုတ်ခဲ့လေပြီ။ ကြိုက်လည်းစား မကြိုက်လည်း စား၊ လျော်လည်း စား မလျော်လည်းစား ရပ်သူရွာသားတို့၏ သဒ္ဓါတရားကိုသာ လုံးလုံးလျားလျား ငံ့ကွက်သနားရပေတော့မည်။ ထို့ကြောင့်ပင် ရှေးရှေးသူတော်ကောင်းတို့သည် အဖော်မမှီး တစ်ကိုယ်တည်း တောရပ်မှီ၍ ဘုန်းကံကြီးမားခြင်း၏ ဒုက္ခတရားကို ရှောင်လွှားကြလေဟန်တည်း။ ခုအခါတွင်ကား ဆယ်လီဘရစ်တီ(Celebrity)ဖြစ်ခြင်း၌ ကံအတိုင်းဖြစ်စေတော့ဟုသာ သူသဘောထားရပေတော့မည်။

ဆိုရသော် ထိုနေ့သည် သူ့နေ့ပင်ဖြစ်တော့၏။ သူ့ရွာကလေးတွင် အများသူငါ အားလပ်ရက်ဟု သတ်မှတ်ကြေငြာထားသည့်ပမာ တောင်ယာလယ်သူ မိလက္ခူဖြစ်သော သူ့အဆွေ သူ့အမျိုးတို့သည်ကား သူ့အကြောင်း သူ့အခြင်းရာကိုသာ လှည့်လည်ကာ ပြောနေကြသောဟူ၏။

(၂)

ဤသည်ပင် သူမနှစ်သက်သော အခြင်းအရာပေတည်း။ သူ့ရည်ရွယ်ချက်ကား ငယ်စဦးကပင် အထူးထူး သောအခြေခံစာကို နာသုံးနာရောယှက်၍ ကျောကိုဗျော တင်ကာ တအုံးအုံးနှက်ခြင်း၊ ငှက်ပျောသီးနှင့် မုံ့ပဲသရေစာ ရှိတာလေးတွေ ထုတ်ကျွေးချော့မော့ခြင်းစသည် စသည် အလီလီသော နည်းတို့ဖြင့် ပညာပေးတော်မူခဲ့သည့် ကျေးဇူးတော်ရှင် ရွာဦးကျောင်းသခင်မြတ်ကို ဂါရ၀ပြုလိုသည်လည်းတစ်ရပ်၊ သာသနာ့ဘောင်အတွင်း သွပ်သွင်းကာ ရှင်သာမဏေ ၀တ်စေခဲ့သည့်နေ့မှ စ၍ ကိုယ်နှင့်မဆိုင် ခွင့်မပိုင်တော့သည်အထိ သာသနာတော့်မျက်နှာကိုသာကြည့်လျက် မျက်ရည်အပြည့်ဖြင့် သားအရင်းအချာကို သဘောထားကြီးစွာ စွန့်လှူခဲ့ကြရှာလေသည့် တစ်နှစ်တစ်ခါမှသာ တစ်ခါတစ်ရံ နှစ်အတန်ကြာမှတစ်ခါ သားရဟန်းမျက်နှာကို ဖူးကြရရှာလေသည့် မိအိုဖအိုတို့ကို တွေ့မြင်လိုသည်လည်း တစ်ရပ်။

ဤအကြောင်းနှစ်ရပ်သည်သာ ဓမ္မဂင်္ဂါရွာပြန်ခရီး၏ နီးသောအကြောင်း ဝေးသောအကြောင်း မနီးမဝေးသော အကြောင်းများပေတည်း။ အပေါင်းအသင်း ငယ်ဖော်ချင်းတို့နှင့်တကွ ဉာတိသင်္ဂဟ ဆွေမျိုးစသည်ကို တွေ့ လိုခြင်းတို့သည်ကား သပိတ်ပါ အိပ်ပါ ခွက်ပါ ကြွပ်ကြွပ်အိပ်ပါ မကင်းသာသော အကြောင်းများဖြစ်ရပေတော့၏။

သူ့အတွေးတွင် ပုံရိပ်ဆင်ထားသည်ကား ငယ်ဆရာသခင်၏ သြ၀ါဒလက်ဟောင်းလေးများကို လမ်းကြောင်း ပေးကာ နာခံရင်း ရွာဦးကျောင်းကန်သာယာတွင် မြို့ပြပညာရေးစိတ်နွမ်းသမျှ အတိုးချအပန်းဖြေမည်။ မိဘနှစ်ပါး၏ အိမ်သေးသေးလေးတွင် ဇိမ်အေးအေးယူကာ မိခင်ဖခင်တို့ လှူကျွေးသမျှကို လူမမယ် ကလေးဘ၀ ကလို အားမနာတမ်း စားမည်။

ငယ်ရွယ်နုနယ်စဉ် မထင်မပေါ် ယခုလို နိုင်ငံခြားပြန်ဆရာတော်ဟု ရပ်သူရွာသားတို့အခေါ် မကျော်ကြားမီ စာသင်သားဘ၀က သူရွာလေးသို့ပြန်လာလေတိုင်း ဖခင်ကြီးကား ထင်းခွဲရေခပ်၊ မိခင်ကြီးကား ထမင်းချက် ဆွမ်းပြင် အမ နှမတွေပင် ကြားမ၀င်သာအောင် လုံ့လသည်းခဲ့ကြရှာပေ၏။ မိခင် ဖခင်တို့၏ ထိုအကြွေးများ အတွက် သူသည်လည်း သာသနာအရေးများကို ယခုလို ဆက်နေရခြင်းဖြစ်ပေ၏။ သာသနာဟူသော ခေါင်းစဉ်ရိုးရိုးကြီးအောက်တွင် တိုးတိုးပေါက်ပေါက် လျှောက်ခဲ့ခြင်းဖြစ်ပါ၏။ သာသနာ့အလုပ်များကို ကျရာနေ ရာက ခပ်ကုပ်ကုပ်ပင် လုပ်ခဲ့ပါချေ၏။

(၃)

မည်သို့ဖြစ်စေ သူ့ရွာပြန်ဒိုင်ယာရီကား ထင်သည်နှင့်မညီဖြစ်ခဲ့ပါလေ၏။
ရွာလေးသည် သူ့အတွက် နေရာကျဉ်းမြောင်းခဲ့လေပြီတည့်။ အမိအဖအိမ်တွင်လည်း သူမငြိမ်၊ ဆရာ့ကျောင်း ကန်တွင်လည်း သူမဟန်။ အတန်တန်သောရွာခံလူထုကိုသာမက ရွာနီးချုပ်စပ် မပြတ် လာကြသော ဧည့်သည် တို့ကိုလည်း ဆိုစများလျား စကားပုံသေဖြင့် နှုတ်ဆက်ရချေ၏တကား။

ခါးလည်းညောင်းလှ၏။ နားလည်းပူလှ၏။ ရွာသူရပ်သား သူ့ဆွေမျိုးများဟူသည် သူ့ငယ်စဉ်ကလေးဘ၀ နှပ်ချေးတွဲလောင်းကျကာ ရှုံ့ရှုံ့မဲ့မဲ တပြဲ့ပြဲ့အော်ငိုသည်မှအစ မာလကာပင်ပေါ်က ပြုတ်ကျသည်အဆုံး၊ မျောက်ရှုံးအောင်ဆော့သဖြင့် ဘုန်းကြီးက တအုံးအုံးဆော်လေဟန် အဖန်ဖန်သောသူ့အကြောင်းကို များများပြောနိုင်လေ များများထင်ပေါ်လေဖြစ်ရကား စကားအတန်တန် ကြံ၍ပင် ပြောကြလေယောင်တကား။
ထိုသို့ဖြင့် သူကိုယ်တိုင်သိသော သူကိုယ်တိုင်မသိသော သူကိုယ်တိုင်မသိချင်တော့သော သူ့ငယ်ကျိုးငယ်နာ တို့ကို သူသည် နားထောင်ရလေသည်တည်း။



ထိုသို့ပင် ရုန်းမထွက်သာအောင် ဘုန်းသမ္ဘာအခက်ဝေနေသည့်အခိုက်မှာပင် သူ့ရင်ဘတ်အား ထိထိခိုက် ခိုက်ဖြစ်စေသော ကမ္ဘာကျော်မဟာအထူးဟု စိတ်ကူးပေါက်ကြလေသော တရားပွဲကြော်ငြာဟန် နိဗ္ဇာန်ဆော် တို့၏ အသံကို ကြားရပြန်ပေတော့၏။


23 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၄)

(၁)
အချီးမွမ်းခံချင်တယ်ဆိုတာ
လူတိုင်းကျူးလွန်နေတဲ့ ပြစ်မှုတစ်ခုပါကွာ
” တဲ့။
ဤကား မောင်နုခေါ် ၀န်ကြီးချုပ်သခင်နုကြီး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖိုးကျော်ငြိမ်းခေါ် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းထံ ပေးစာမှ လိုရာကောက်ယူလိုက်သော စကားအပိုင်းအစကလေးပေတည်း။ သူ့ရွာသူ သူ့ရပ်သားတို့သည်လည်း လူထဲကလူများပင် ဖြစ်ရကား အချီးအမွမ်းခံချင်ကြ၊အထင်ကြီးခံချင်ကြသည်မှာ ဆတ်ဆတ်တုန်အောင်ပင် ပေါ်လွင်လှပေတော့၏။

ရွာ၏ ဂုဏ်သိက္ခာ၊ ရွာ၏ ထင်ပေါ်မှု၊ ရွာ၏ အသရေဟူသမျှသည် သူရရှိထားသော ဘွဲ့များ၌သာ တည်ရှိလေ ဟန် အဖန်ဖန်လျှောက်လှဲကြလေသည်တကား။ သို့ဖြစ်လေသော် အများနှင့် ဆန့်ကျင်ဘက်မထား ပဋိပက္ခမပွားဘဲ အ၀ိရောဓန တရားကိုသာ လက်ကိုင်ထားလေ့ရှိသော သူအနေဖြင့် ဘာများတတ်နိုင်ပါဦးတော့ မည်နည်း။ ရှိစုမဲ့စုဘွဲ့လေးများကို ချခင်းရေးပြရုံမျှတစ်ပါး လောကီနှုံးအလေ့များကို မောင်ဖုန်းမေ့ထား၍ မရပါချေပြီ။

သို့နှင့် သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် လေးနှစ်တာစာတွေ့ သင်ယူခြင်း၊ နှစ်နှစ်တာ နယ်စပ်နှင့် တောင်တန်းဒေသသာသနာပြုကွင်းဆင်းခြင်း ပြီးမြောက်ကာမှ နှင်းအပ်ခံရသော ချွေးသံရဲရဲ တိုက်ပွဲဝင် ဓမ္မာ စရိယ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ (ဓမ္မာစရိယ နှင့် ၀ိဇ္ဇာဘွဲ့ဟု နှစ်မည်ခွဲ၍ ပေးသော်လည်း တစ်ဘွဲ့ ဟုသာ သူက သတ် မှတ်သည်။) အပြည်ပြည်ဆိုင်ရာဟု အမည်ရွှေစာ ထည်ထည်ဝါ၀ါသော ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ကြီးဆိုသဟာမှ ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့၊ မဇ္ဈိမဒေသ သက္ကတ တက္ကသိုလ်ကြီးမှ မဟာဝိဇ္ဇာတစ်ဘွဲ့ဟု စိတ်တွင်းမှ ရေတွက်ကာ သူ့အမည်နာမတော် နောက်ဖျားတွင် တောက်ကြွားပြီ ထင်အမှတ်ဖြင့် ဘွဲ့တံဆိပ်သုံးခုကို ထင်းထင်းကြီး ရေးခြစ် လိုက်လေ၏။

အခြေအနေကား သူထင်သလို မဟုတ်ခဲ့လေပြီ။ပြဿနာဖွသူမှာ ဂေါပကကိုမြသန်းပေတည်း။ ရွာဦးကျောင်း ဆရာတော်၏ ညီအရင်းပီပီ မြို့ပြအရောက် အခေါက်ခေါက်အခါခါ သွားလာဖူးသည်နှင့်အမျှ သာသနာတွင်း သားတို့နှင့်လည်း ရင်းနှီးသည်ဖြစ်ရကား မြို့တရားပွဲများကိုလည်း ကိုယ်တိုင်ကိုယ်ကျ နာဖူးလေသူဖြစ်ပေ၏။

“ဦးဇင်းဘုရားနှယ် နိုင်ငံအရပ်ရပ်လည်ပြီး တက္ကသိုလ်ပညာသည်ကြီးဖြစ်နေမင့်ဟာ ဘွဲ့တံဆိပ်လေးသုံးမျိုးနဲ့ အချိုးမကျသေးဘူးဘုရာ့။ မြို့ပြက ဓမ္မကထိကအကျော် ကိုယ်တော်ဘုရားတွေလို နိုင်ငံတော်ကိုးဘွဲ့ရ ဆယ့်တစ်ဘွဲ့ရဆိုသဟာမျိုး ပြိုးပြိုးပြက်ပြက် ရွှေရောင်ထွက်နေမှဘုရာ့။ ပညာတွေ လျှိုမထားပါနဲ့ကိုယ်တော်၊ ရှိသမျှ ဂုဏ်သတင်းပေါ်အောင် အကုန်သာဖော်တော်မူပါဘုရာ့”တဲ့။

“ခက်ခက်ရချေပြီတကား” ဟုသာ သံဝေဂသက်ပြင်းကို ဟင်းကနဲ ချမိပေတော့သည်။ တရားဝင်ဘွဲ့ဟူ၍ ဤသုံးမျိုးမျှသာ ရရှိကြောင်း အခြားတရားဝင်အသုံးပြုဂုဏ်တင်စရာ မည်သည့်ဘွဲ့သညာမှ မရှိတော့ပါကြောင်း လင်းပြသည့်တိုင် မရှင်းမရှင်းဖြစ်၍ အတင်းညှစ်ထုတ်ကြပြန်လေသောအခါ သူ့မှာ အကြောင်းမဆိုက်ဘဲ ခေါင်းကိုက်ခြင်းသာ အဖတ်တင်ခဲ့လေသည်တည့်။

ပါရမီတော်ထူး ဉာဏ်တော်စူးကြပေသည့် အရှင်မြတ်များနှင့်ကား သူနည်းနည်းမျှ မယှဉ်နိုင်၊ ငိုင်၍သာ နေမိ၏။ သူ့အပြစ် သူ့အမှားတွေက သူ့အား မကြွားသာအောင် ဒဏ်ခတ်ခဲ့လေပြီထင်ပါ၏။ သူသည် ငယ်စဉ်ကပင် စာမေးပွဲ၊ စာပြန်ပွဲ မှန်သမျှနှင့် ဝေးနိုင်သမျှ ဝေးအောင် မကြင်မနာ ရှောင်ခွာပြေးလိုခဲ့သူကြီးပင် ဖြစ်ပါ၏။ စာမေးပွဲတွေကို မချစ်၊ စာဖြေခန်းတွေကို ပစ်ပယ်ခဲ့လိုသူ ကြီးပါတည်း။

လက်ဦးဆရာ မည်ထိုက်စွာသော ပုဗ္ဗာစရိယ မိနှင့်ဘမှသည် ကံကူလက်လှည့် ဘောလ်ပင်လက်လှည့် ကွန်ပြူတာမောက်စ်ကိုပါလှည့်တော်မူခဲ့ကြသည့် ကျေးဇူးရှင်ဆရာမြတ်အပေါင်းတို့သည်ကား အနာဂတ်ဂလို ဘယ်လ်(Global)ကို ချိန်တွယ်ကာ ကြိုမြင်သည့်အလား လက်ယားသမျှ စာဖြေ၍ လျှာရှည်သမျှစာပြန်ရန် အတန်တန် တိုက်တွန်းခဲ့ကြဖူးပေ၏။ (ဤနေရာ၌ “လျှာရှည်သမျှ စာပြန်”ဟူသောအသုံးသည် ကဲ့ရဲ့ခြင်း အနက်ကို မရည်ညွှန်း၊ ဂုဏ်ပြောင်ထွန်းသော ဝေါဟာရဖြစ်ပေ၏။ အနန္တဂုဏ်ရှင် သဗ္ဗညုတသခင်ကြီးသည်ပင် ရှည်လျား သောလျှာတော်ရှိသဖြင့်သာ ယောက်ျားမြတ်အင်္ဂါနှင့်ပြည့်စုံခြင်းဖြစ်ပါသတတ်။)

အမှန်စင်စစ် သူကိုယ်တိုင်သည်လည်း သာမဏေကျော်၊ အဌကထာပြန်အကျော်၊ ဓမ္မာစရိယဘယ်နှစ်ထပ်ကွမ်း နှင့် တိပိဋကအောင်ပန်းဟူပေသော ဘွဲ့ထူး ဂုဏ်ထူး ရွှေရောင်မြူးသည်များကို မက်မောသော ပုထုဇဉ် စိတ်ကူး လေးတော့ မွေးမြူခဲ့မိကြောင်း ၀န်ခံရပေမည်။ သို့တစေမူ သူကား ညံ့ခဲ့၏၊ အ,ခဲ့၏၊ ဆွံ့ခဲ့၏၊န,ခဲ့၏။ ဖျင်းခဲ့ပေ၏တကား။ သာမဏေကျော်လည်း ဖြစ်ချင် ၀တ္ထုလည်း ဖတ်ချင်၊ သကျသီဟဓမ္မာစရိယကြီးလည်း ဖြစ်ချင် အင်္ဂလိပ်စာလည်း သင်ချင်၊ ပိဋကတ်သုံးပုံဆောင်ကြီးလည်းဖြစ်ချင် တက္ကသိုလ်ကျောင်းသားကြီး လည်းဖြစ်ချင်ဖြင့် မပြတ်မသား ခပ်ဝါးဝါးသောမောင်ရှင်တစ်ပါးသာ ဖြစ်ခဲ့ပါလေသည်။

သို့နှင့် စာမေးပွဲ စာပြန်ပွဲတို့ကို ရှောင်ကွင်းခဲ့မိပါလေသည်။ ပရိယတ်သင်ရှင်ရဟန်းတစ်ပါးနှင့် တူရုံလေးမျှ ပါဠိပထမပြန်ပွဲလေးများကိုသာ မျက်နှာမမွဲအောင် နွှဲခဲ့ဖူးပါ၏။ ခေတ်အလိုအရ တက္ကသိုလ်မှန်သမျှ တက်နိုင်ရေး အမြင်ဖြင့် အင်ထရန့်စ်(Entrance)မည်သော ၀င်ခွင့်စာမေးပွဲလေးများကိုသာ ဖြေခဲ့ဖူးပါလေ၏။ ယခုတော့ ဘွဲ့ ဘွဲ့ ဟူသော အသံကြီးကား သူ့အား ဟိန်းဟောက်နေချေပြီ။ တက္ကသိုလ်များက ပေးသည့်ဘွဲ့လေးတွေတော့ ရပါ၏။ သို့သော် အရေအတွက်ကား နည်းလှချေသည်တကား။

(၂)

သူကား အကြံအိုက်ပြီးရင်း အိုက်ကာ ခေါင်းငိုက်စိုက်ကျနေစဉ် “ ဦးဇင်းဘုရားငယ်စဉ် ကိုရင်စမောလ်တုန်းက တဖျောဖျောရနေတဲ့ ဘွဲ့တွေကို ထည့်လိုက်ပေါ့ဘုရား” ဟု အစည်းအဝေးကော်မတီထောင့်ကြား ဘယ်အချိန်က ကိုယ်ရောင်ဖျောက်ထားမှန်းမသိသော ကပ္ပိယကြီးကိုရင်သံဒိုင်က ဘာမဆိုင်ညာမဆိုင် ၀င်လျှောက်ထားသော်
“ကိုရင်သံဒိုင့်နှယ် ဦးဇင်းဘုရား အတွေးပွားနေတာကို ဘေးစကားမဆိုစမ်းပါနှင့်” ဟု ဂေါပကကိုမြသန်းက ငေါက်ငန်းလိုက်ရာ ကပ္ပိယသကောင့်သားမှာ ထောင့်ကြားတွင် ခေါင်းပုဝင်သွားလေတော့သည်။ ဟုတ်ပေ၏၊ မှန်ပေ၏၊ သူကိုရင်ချာတိတ်လေးဘ၀က ဘွဲ့အမည်နာမတွေ များခဲ့လေသည်ပဲ။

ပထမ ကိုရင်ရေ၀တဟူသောဘွဲ့။ သို့သော် မြို့ပြမှာ ရှင်ပြုခဲ့ပြီးမှ ရွာပြန်ကြွလာသည့် သူ့ထက်စီနီယာကျသော ရေ၀တတစ်ပါးကြောင့် အနားသားနိမ်းမ်ကို ထပ်ချိန်းရပြန်သဖြင့် လက္ခဏဟူသောဘွဲ့စိမ်းစိမ်းကြီးကို ရခဲ့ပြန်သ တည်း။ ရေ၀တမှ အခြားဘွဲ့တစ်မျိုးပြောင်းခြင်းသည် သူက အဦးအစမဟုတ်။ နောက်လိုက် မျှသာ ဖြစ်ချေ၏။ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ပါးက ရှေ့သွားလမ်းပြခဲ့လေပြီတည်း။ထိုပုဂ္ဂိုလ်သူမြတ်ကြီးလောင်းလျာကိုရင်လေး၏ ဘွဲ့အမည်သည်လည်း ရေ၀တဟုပင် တွင်ခဲ့ပါသတတ်။

သို့သော် ပါရမီအရင့်အမာ ထိုရှင်သာမဏေလေးသည်ကား သူ့လို နမော်နမဲ့ ရွဲ့ရွဲ့စောင်းစောင်း အကြောင်းအကျိုးမဲ့သော ခပ်ချာချာလေးမဟုတ်ခဲ့။ စူးစမ်း၏။လေ့လာ၏။ မေးမြန်း၏။ သုစိပုဘာ ၀ိလိသိဓာ အက္ခရာရှစ်လုံးကို နေ့တိုင်းပင် သီကုံးပန်ဆင်ခဲ့သူဖြစ်ရကား ရေ၀တဟူသောဘွဲ့၏ အဓိပ္ပါယ်ကို ပရိယာယ် အမျိုးမျိုးဖြင့် မရိုးရအောင် ကြံဆလေသောဟူ၏။ သို့သော် ကိုရင်လေး၏ နုနယ်လှသော ပါဠိသဒ္ဒါအမြင်ဖြင့် အနက်မထင်နိုင်အောင်ရှိသောခဏ စီနီယာကျသောရဟန်းတော်တို့ထံချဉ်းကပ်ကာ မေးမြန်ခဲ့လေသတတ်။ ခပ်နောက်နောက်ခပ်ပျော်ပျော် ရဟန်းတော်ကြီးတို့ကား ကိုရင်လေးလက်တစ်ဆစ်က စာအရင်းအမြစ်တွေကို ကြံဆနေသည်ကို သရော်လေဟန်ဖြင့် အနက်ကြံဖန်ပေးကြလေသည်ကား “ရေ၊အကြင်သူတို့သည်။ ၀၊၀ါရင်း တုတ်ဖြင့်၊တ၊ တအားရိုက်ကြလေကုန်၏။”ဟူ၏။

အရင့်အမာ ပါရမီခက်ဖြာဝေသောကိုရင်လေးကား ရေ၀တဟူသောဘွဲ့အမည်ကို မကြိုက်နိုင်တော့လေပြီ။ သို့နှင့် သာသနာတော်လောကတွင် သြချလောက်သောဘွဲ့အမည်တော်ကို ပြောင်းလဲရွေးချယ်ခဲ့လေသတတ်။ ထိုမောင်ကိုရင်လေးသည်ကား ကျေးဇူးတော်ရှင်မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်လာ
သောဟူ၏။

သူနှင့်ကား ကွားခြားလှပါပေ၏။ ဘွဲ့တူနောက်တစ်ပါး အနားသား(another)ရေ၀တကြောင့် ပြောင်းဆို၍ ပြောင်း၏။ အဓိပ္ပါယ်လည်းမကြံဆ၊ ကြောင်အအကြီးပေတည်း။ လက္ခဏဟူသော နောက်တစ်မျိုးဘွဲ့ကလည်း ထောင့်ကျိုးသည်တော့ မဟုတ်။ ခင်ခင်ပုပု စုစုစွစွာ မဟ၀ှာလေးတို့၏ “ မောင်လေးလက္ခဏ” ဟု ညုတုတု ခရာတာတာ မခံသာအောင် အစခံရသော၊ ဆွမ်းခံသွားရင်း ခြေလှမ်းမှားစေသော အသည်းကွဲဘွဲ့ ပင်ဖြစ်ချေပြန်လေသည်။

သို့နှင့် ဘွဲ့နောက်တစ်ခုပေးပါမည့်အကြောင်း ဆရာဘုန်းတော်ကြီးအား လျှောက်ထားတောင်းပန် ရပြန်လေ သည်။ သူ၏ တတိယမြောက်ဘွဲ့ဆက်ခံမည့်အချိန်ကား မင်းကွန်းဆရာတော်ကြီး၏ ဘုန်းမီးနေလ တိပိဋက ဟူသော ဂုဏ်ရောင်ထွန်း၍ သာသနာ့မိုးကောင်းကင်တစ်ခွင်လုံး ပြောင်ရွှန်းသောနေသောကာလ မဟာသမယ ကြီးဖြစ်ပေရကား “ မင်းကွန်းနောက်သို့ လိုက်ကြစို့” ဟူသော ဆရာဘုန်းကြီး၏ ရည်သန်ချက်ဖြင့် မင်းကွန်းဘွဲ့ သညာ(ဂျူနီယာ)ဖြစ်ခဲ့ရလေတော့၏။

အမှန်တကယ်ပင် သူသည် ကပ္ပိယကြီးကိုသံဒိုင်လျှောက်ထားလေသော ကိုရင်စမောလ်ဘ၀မှာပင် ဘွဲ့တွေ တဖျောဖျောရခဲ့ဖူးလေသူပါတည်း။ သို့သော် ထိုဘွဲ့များကား ဘွဲ့ဖြစ်ရုံမျှသာတည်း။ အမည်သညာခေါ် စရာမျှသာတည်း၊ မင်းပွဲစိုးပွဲသဘင် အကျုံးဝင်အောင် ဂုဏ်တင်အပ် သောဘွဲ့များ မဟုတ် ချေတကား။

(၃)

တရားပွဲကျင်းပရေးကော်မတီလူကြီးလူကောင်းများကား သူ့အား ပေစောင်းစောင်းကြည့်လျက်သာ ဘွဲ့အဖြာဖြာ ထွက်လာတော့မည့်အထင်ဖြင့် ငံ့လင့်နေကြပါလေ၏။ သူကား ရွာသူရွာသား မျှော်လင့်ချက်ကြီးမားသူတို့ကိုသာ သနားမိသည်နှင့်အမျှ သူ့ကိုယ့်သူလည်း အားမရအခဲမကြေဖြစ်ရလေတော့၏။ သို့နှင့် ရွှေပြည်ကြီးတစ်ခုလုံး လက်ခံကျင့်သုံးနေသည့် ဘွဲ့ဒီဂရီဖော်ထုတ်ရေးမူကို နောက်ဆုံးလက်နက်အနေဖြင့် ထုတ်သုံးရလေတော့၏။

သာသနာ့တက္ကသီလာ စိန်ပန်းရွာတွင် ပွင့်သည့် အဓိပ္ပါယ်တစ်ခုတည်းထွက်သောဓမ္မာစရိယနှင့် ၀ိဇ္ဇာဘွဲ့ကို နှစ်ခုခွဲလိုက်၏။ အပြည်ပြည်ဆိုင်ရာ ရွှေစာတမ်းဖြင့် အံမခန်းသော ထေရ၀ါဒတက္ကသိုလ်တွင် ၀ိဇ္ဇာတန်းမတက်မီ ဒီပလိုမာလက်မှတ်ရတစ်နှစ်သင်တန်းလေးကိုလည်း တက်ရသေး၏။ ထိုဒီပလိုမာလက်မှတ်လေးကိုလည်း ဘွဲ့တစ်ခုအဖြစ်ထည့်သွင်းရေးထည့်လိုက်၏။ ထို့နောက် ထေရ၀ါဒ၀ိဇ္ဇာဘွဲ့ကို ဆက်ရေး၏။

ထို့နောက်တွင် မဟာဝိဇ္ဇာတန်းကို မပြီးမစီး နှစ်နှစ်တာတက်ခဲ့ဖူးသေးကြောင်း သတိရ၏။ ကျမ်းပြုနှစ်ကို ချန်ထားခဲ့မိ၍ ဘွဲ့ကားမရခဲ့။ သို့သော် ကိစ္စမရှိ၊မဟာဝိဇ္ဇာ(အပိုင်း-ခ)ဟု ကမ္ဗည်းထိုးမည်ဆိုပါက မဟာဝိဇ္ဇာ ဘွဲ့ရိုးရိုးထက်ပင် တစ်မျိုးအမြင်ဆန်းပေမည်။ ထို့နောက် မဇ္ဈိမဒေသဖြစ် မဟာဝိဇ္ဇာ(ပါဠိ)ဟူသော စာတမ်း ကိုကား မဇ္ဈိမဟူသောစကားလုံးထည့်သွင်းပြီး ခပ်ကြီးကြီးရေးချလိုက်ပြန်၏။ မဟာဝိဇ္ဇာဘွဲ့ပြီးသော် ပါရဂူဘွဲ့ရ မည်မလွဲတည်း၊ သို့သော် ယခုကား ကျမ်းပြုသုတေသနအဆင့်မျှသာ ရှိသေး၏။ ပြဿနာမရှိ၊ ပါရဂူ(ကျမ်းပြု) ဟု ရေးချ လိုက်လျှင် ပိုပြီးရှည်လျား ပိုပြီးခန့်ငြားချိမ့်မည်။

သူရေးချလိုက်သောဘွဲ့အထူးထူးကို တရားပွဲကျင်းပရေးကော်မတီလူကြီးမင်းများကား အူမြူးသောအကြည့်ဖြင့် ကြည့်ကြလေတော့၏။ ထိုသို့ကြံဆ ရှိသမျှလေးရေးချသည်ကိုပင် အချို့လူကြီးမင်းများကား အားမရကြသေး။ (၇)ဘွဲ့လေးပဲ ရှိသေးတယ် ဆိုတာမျိုးလုပ်ကြပေသေး၏။ သူကား မည်သို့မျှ မတတ်သာချေပြီ။ သို့သော် စာကြည့်တိုက်မှူးကိုသောင်းရွှေကား ဤလိုအရေးအခင်းမျိုးတွင် ဉာဏ်ပွင့်လင်းသူဖြစ်ချေ၏။

“ကျုပ်တို့ဦးဇင်းဘုရားက ရွှေပြည်ကြီးက ဘွဲ့တွေတင်မက၊ အတိုင်းတိုင်းအပြည်ပြည်က ဘွဲ့တော်တွေပါ ရသမို့ ဦးဇင်းဘုရားရဲ့ ဘွဲ့တော်ရှေ့မှာ နိုင်ငံတကာ(၇)ဘွဲ့ရ လို့ ကမ္ပည်းထိုးကြစို့” ဟု တင်သွင်းလေသော် အားလုံးက သာဓုခေါ်အတည်ပြု၍ တရားပွဲကျင်းပရေးကော်မတီအစည်းအဝေးပွဲကြီးကို ရုတ်သိမ်းခဲ့လေ၏။
ထိုညနေခင်းဆီက ရွာအ၀င်လမ်းအပါအ၀င် မြင်မြင်သမျှသောနေရာမှန်သမျှ၌ အောက်ပါဆိုင်းဘုတ်ကြီးများကို ရှုမငြီးအောင် ရေးဆွဲကာ ဓမ္မသဘာသို့ ဖိတ်ခေါ်ထားလေသတည်း။

ကမ္ဘာကျော်မဟာအထူးတရားပွဲကြီး
နိုင်ငံတကာ(၇)ဘွဲ့ရ
အရှင်ဓမ္မဂင်္ဂါ
သာသနတက္ကသီလဓမ္မာစရိယ၊ ဗုဒ္ဓဓမ္မဒီပလိုမာ
B.A(Buddhism)
B.A(BDh)
M.A(Part 2)
M.A(Pali) (India)
PhD(Research)


အော် သူကား ဘာမျှမပြောသာချေတကား၊ သူ့အရပ်နှင့် သူ့ဇာတ်ပေဟု နှလုံးမူရသော်လည်း မျက်နှာကား ပူလှချေသည်တကား။

22 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၃)

(၁)
သူ့မွေးရပ်မြေကျေးလက်ရွာလေးတွင်တော့ သူရောက်ရှိသည့်ညမှာပင် ကြီးကျယ်စုရုံး အုံးအုံးညံသော တရား ပွဲကြီးကို ၀ှဲချီးကျင်းပခဲ့လေသည်တည့်။ ရွာဦးကျောင်းဆရာမထေရ်နှင့်တကွ (၇)ရက်သားသမီး ကြီးကြီး ငယ်ငယ် သော ရွာသူရွာသား သပ္ပုရိသအပေါင်း သူတော်ကောင်းတို့သည်ကား အရှေ့(၇)ရွာ အနောက်(၇)ရွာ ဂနိုင်တစ်ခေါ် ပြိုင်စံမပေါ်သော ကမ္ဘာကျော်မည့်အရှင်သည် ရွာဖြစ်ရွာထွက် အနဂ္ဃရတနာဟု ကြေငြာ လက်ခမောင်းခတ်ကြလေတော့၏။

သူ့ဒကာဆရာဒုံး၊ရပ်ရွာလူကြီး ကိုလှမြင့်၊ ဂေါပကကိုမြသန်း၊ စာကြည့်တိုက်မှူးကိုသောင်း ရွှေ၊လူပျိုခေါင်း ကိုလှမိုး စသူတို့ကား ရွာ၏အလယ် သဲမြေပြန့်ပြန့်တွင် တရားမဏ္ဍပ်ကြီးကို ဓမ္မသဘင်ပွဲအမီ အပြီးထိုးနိုင်ရန် ရပ်ရွာလူငယ်များကို အပြင်းဆော်သြကြ၏။ ရပ်နီးရပ်ဝေးသို့လည်း တရားအလှူခံကြွပါမည့်အကြောင်း ဖိတ် ကြားရန် တရားတမန် အတန်တန်လွှတ်ကြ၏။ အပျိုခေါင်းမလှတင့်နှင့် ကုမ္မာရီတစ်သိုက်သည်ကား တရားနာ ပရိသတ်တို့ အလေ့ မေ့မေ့မိုက်မိုက် အိပ်မငိုက်စေရန် လက်ဖက်သုတ် ဂျင်းသုတ်များနှင့် ဧည့်ခံရန် စီမံခန့် ခွဲကြလေ သတည်း။

သူ့ဖခင်ကြီးသည်ကား ဂနာမငြိမ်ဆုံးဖြစ်ပေ၏။ ရပ်ရွာလူကြီးများ၏ တရားပွဲတော်ကြီးကျင်းပရေး ဆွေးနွေး ပွဲတွင်လည်း ၀င်ပါ၏၊ ခဏထိုင်၏။ လူငယ်များ၏ မဏ္ဍပ်ဆောက်လုပ်ရေးကော်မရှင်တွင်လည်း နှီးထိုးဖျာ မိုးပါပြန်၏။ ခဏသာကြာ၏။ ကုမ္မာရီတစ်သင်း၏ ရယ်သံမစဲသောလက်ဖက်ပွဲတွင်လည်း လူလုံးပြ၏၊ ခဏ သာနေ၏။ ဦးလေးသန်းဟု တစ်မျိုး ဘကြီးသန်းဟု တစ်သွယ် ဖိုးလေးသန်းဟုတစ်ဖုံ ကြုံရာကခေါ်ကာ နှုတ် ဆက်ကြသောအသံတို့တွင် ပျော်ဝင်ပီတိဖြင့် တစ်ရွာလုံးနှံ့အောင် ခြေဆန့်ကာ လှိမ့်နေခြင်းပေတည်း။ မူလပင်ကိုယ် စကားအဆိုအပြောနည်းသောမိခင်ကြီးသည်ပင် မွေးချင်းပေါက်ဖော် ဒေါ်ကြီးဒေါ်လေး အရီးကြီး အရီးလေး ဒေါ်စွာတေးတို့ကြားတွင် စကားစွာစွာ ရေပက်မ၀င်သာအောင် ပြောလေသောဟူ၏။ အော် သာသနာ့ခမည်းတော် သာသနာ့မယ်တော်ဟု စာပေါ်ခဲ့လေဟန်တကား။

(၂)

တရားမဏ္ဍပ်ကြီးကို ဟီးထနေအောင် ဆောက်လုပ်နေဆဲမှာပင် သူကိုယ်တိုင်ကား တရားပွဲဖြစ်မြောက်ရေး ကော်မတီဟု ကိုယ့်ဘာသာစာရင်းသွင်းကာ ချက်ချင်းလက်ငင်းအတည်ပြုဖွဲ့စည်းထားသော ရွာဆွေမျိုး ရပ်ဆွေမျိုးတစ်သိုက်နှင့် အမှားမလိုက်ဘဲ စကားအကြိုက်ကို ဆိုရချေသေး၏။

“ဦးဇင်းဘုရားရေ ဒီညပွဲတော့ ရွာလုံးကျွတ်နွှဲကြမယ်ဘုရား။ အခြားရွာများကလည်း သတင်းကြားနဲ့ပဲ တရားနာချင်နေကြသပေါ့ဘုရား။ ခုဆို နိုင်ငံခြားပြန်ကိုယ်တော်ဆိုတာနဲ့ပဲ ရွာကျော် ရပ်ကျော်ဖြစ်နေပါပြီ၊ သို့ပေမယ့် လူရိုသေရှင်ရိုသေ မြို့ပြက တရားပွဲတွေလို အထူးတရားပွဲကြီးလို့ စာတမ်းပြူပြူးကြီးလည်း ထိုးချင်သေးသပဘုရာ့၊ ဦးဇင်းဘုရားရဲ့ အမည်နာမတော်နောက်နားကလည်း ဘွဲ့တံဆိပ်တော် အမြောက်အများကို တောက်ကြွားအောင် ထည့်သွင်းကြေငြာချင်ပါသေးဘုရား”တဲ့။ ဤကား ဆရာဒုံး၏ ခပ်ပြုံးပြုံး လျှောက်ထား သောအဆိုပြုချက်ပေတည်း။

သူကား လင်းရချေပြီ။ တရားပွဲဆိုသည်မှာ ရိုးရိုးပဲ ဖြစ်ဖြစ် အထူးပဲဖြစ်ဖြစ် တံဆိပ်ကပ်ပုံ ကွာခြားရုံမျှ သာဖြစ်ကြောင်း၊ ဗုဒ္ဓနည်းကျ သင်ယူခဲ့ရသော တရားဓမ္မကိုသာ ဟောကြားမည်ဖြစ်၍ စကားပရိယာယ် အသွယ်သွယ်မသုံးဘဲ တရားပွဲဟုသာ သုံးစွဲစေလိုကြောင်း ဖျောင်းဖျရလေ၏။ “ ဦဇင်းက ဘုရားသားမို့ ပကာသနမဖက်ချင်ပေမယ့် တပည့်တော်တို့ ပုထုဇဉ်မျိုးဆိုတာ ခပ်ရိုးရိုးမကြိုက်နိုင်ဘူးဘုရား။ ဘာဖြစ်ဖြစ် တစ်သက်တစ်ခါ ကြုံကြိုက်ခဲတဲ့ပွဲမို့ အထူးတရားပွဲပဲ လုပ်မယ်ကိုယ်တော်” ဟု ၀မ်းကွဲအကိုလည်းတော် ငယ်နိုင်ကစားဖော်လည်းဖြစ်သော လူပျိုခေါင်းကိုလှမိုးက အပေါ်က စီးမိုး၍ လျှောက်ထားလေလျှင် အထူးတရားပွဲဟူုသော အတည်ပြုချက်ကို မသက်မသာထုတ်ပြန်ရလေသည်တည့်။

(၃)

ဘွဲ့ကိစ္စတွင်လည်း သူပင် အရှုံးပေးရခဲ့ပါလေ၏။ သူကား ဟိုနားဒီနားနိုင်ငံခြားအတွေ့အကြုံလေးများကို ကိုးကားလျက် “ နိုင်ငံခြားတိုင်းပြည်တွေမှာတော့ သာသနာပြုဘုန်းကြီးတစ်ပါးကို ၀ိပဿနာပြနိုင်သလားလို့ မေးတယ်။ ခေါင်းညိတ်ပြရင် ၀ိပဿနာပြပေးရတယ်။ ပါဠိသင်နိုင်လား။ သင်နိုင်တယ်ဆိုရင် ပါဠိသင်ပေးရုံပါပဲ။ ထိုနည်းတူပါပဲအဘိဓမ္မာပို့ချပေးနိုင်လား။ အဘိဓမ္မာပို့ချပေးရုံပါပဲ။ ဘွဲ့တွေ ဘာတွေ မေးတာမကြားခဲ့ရပေဘူး ။ ခုလည်း တရားနာပရိသတ်ရယ် တရားဟောမယ့်ဘုန်ကြီးရယ် ပြည့်စုံနေမင့်ဟာ တရားဟောရုံပါပဲ ဒကာတို့ရယ်။ ” ဟု အထူးထူးအထွေထွေ ရှင်းပြမိချေ၏။

သို့သော် ရပ်ရွာလူကြီးကိုလှမြင့်ကား သူနှင့် အမြင်မတူပြီ။ “အရှင်ဘုရားက ရိုးရိုးလေးတွေးတော့ ရှင်းရှင်းလေးအဖြေထွက်ပေမယ့် တပည်တော်တို့ရွာလည်း ငဲ့ကွက်ဦးမှပေါ့ဘုရား၊ တစ်ခြားရွာကလူတွေလည်း လာကြမှာဘုရား၊ လိုသူတွေလည်းရှိ ။မလိုသူတွေလည်း ရှိမဟုတ်လားဘုရာ့၊ အရှင်ဘုရားက နိုင်ငံခြားပြန်ကိုယ်တော်ဆိုသော်လည်း ထီးထမ်းလမ်းလျှောက် လောက်လောက်လားလား လျှောက်သွားပြီး တရားမနာ စာပေမသင် လာဘ်ရွှင်အောင် အားထုတ်နေတဲ့ကိုယ်တော်လို့ တပည့်တော်တို့ရွာသား ဦးဇင်းဘုရားကို အထင်မခံနိုင်ဘူးဘုရား၊ ဦးဇင်းဘုရားကိုယ်တိုင် လုံ့လအားသန် ကံ ဉာဏ်ပြည့်စုံလို့ ရထားတဲ့ ဘွဲ့တွေတော့ အရင်းအတိုင်းပဲ ထည့်ရမှာပေါ့ဘုရား” ဟု စကားအနေ မခြေသာအောင် လျှောက်ထား လာသောအခါတွင်မူ သူ့အနေဖြင့် ခေါင်းတဆတ်ဆတ်လည်တစ်ခါခါ ကူကယ်ရာမဲ့ရလေတော့ သည်။

သို့နှင့် သူ့ရှေ့တော်မှောက်သို့ စာရွက်ဖြူဖြူတစ်ရွက်နှင့် ကလောင်တံတစ်လက် ဆက်ဆက်ရောက်ခဲ့လေ သတည်း

20 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၂)

(၁)
ရွာအ၀င်လမ်းကား သဲမြေပြန့်ပြန့် ကျောက်စရစ်ဖန့်ဖန့်ရှိချေပြီ။ ချောင်းမြောင်းနှစ်ခုကို တံတားနှစ်စင်း ဖြန့်ခင်းထားသဖြင့် ယခင်ကလို ဟိုမျှော် ဒီချော် လယ်ကံသင်းပေါ်က ကျော်ခွလျှောက်ရသောအနေ အထားမျိုးမဟုတ်လေပြီ။ ရွှံဗွက်အိုင်တိုင်းကို သိုင်းကွက်နင်းစရာမလိုပြီ။ သူမဇ္ဇျိမသို့ မထွက်ခွာမီလေးမှ ခင်းလက်စသောတံတားများဖြစ်၍ ဆေးရောင်ပြယ်လွင့်စပြုသော်လည်း ခိုင်ခံ့မှုကား ပကတိအခြေ မပျက်သေး။ တံတားတစ်စင်းက ရပ်ရွာစုပေါင်းအလှူ။ တံတားတစ်စင်းက တစ်ဦးတည်း အလှူဖြစ်ပေ၏။ တစ်ဦးတည်း တံတားအလှူရှင်မိသားစုကား ဦးဘယ်သူ ဒေါ်အ၀ှာ ဟု ထည်ဝါသောဝေါဟာရကို မသုံး၊ ကိုတင်ရွှေ မ၀င်းခိုင် မိသားစုဟု ရိုးရိုးလေးသာ နှုံးပြုလျက် ကမ္ပည်းသာမန်ထိုးသတည်း။

ရင်းနှီးကျွမ်းဝင်သော ဒကာတစ်ဦးပေမို့“မွန်မြတ်လှတဲ့ တံတားအလှူမှာ ဦးတွေ ဒေါ်တွေနဲ့ ခန့်ငြားစွာ ရေးထွင်းစေချင်ပါဘိ ”ဟု စကားအထူး ဆိုမိချေသေး၏။ ဒကာ၏ မျိုးဆက်ပွား စေတနာနှင့်တုန့်ပြန် စကားကို ကား သူသတိရမိဆဲပင်တည်း။ “ဦးပဉ္ဇင်းဘုရားနှယ် တပည့်တော်ရဲ့ ကလေးငယ်တွေ အရွယ်ရောက်လို့ လူလားမြောက်ချိန်မှာ ငါတို့ဖေ ငါတို့မေတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုသိုလ်အရေး ကြွယ်ခဲ့ကြသကိုးလို့ သိစေချင် နည်းယူစေချင်ပါရဲ့ကိုယ်တော် ”တဲ့။ ကောင်းလေစွ၊ နိပ်ပေစွ။ မှတ်သားထိုက်ပေစွ။ ဒကာကား ဆရာ့အား တရားပြချေသေး၏တကား။

သူ့ဒကာကား မှတ်ဖွယ်မှတ်ရာ ပြုကောင်းရာသော ကုသိုလ်တို့တွင် တက်ကြွလွန်းသူတည်း။ လမ်းခင်းကြစို့ ဆိုလျှင် ရွာလူကြီးများ ရပ်မိရပ်ဖများကား “ဘယ်သူ့ကိုတော့ ဘယ်လောက်ခွဲမလဲ။ ဘယ်အပိုင်းကိုတော့ ဘယ်သူက တာဝန်ယူမလဲ၊ လုပ်အားပေးဆိုတော့ အကျွေအမွေးအတွက် ဘယ်သူက ပေးမလဲ ”စသည် စည်းဝေး စကား ငြင်းခုန်ပွားလျက် ညှိနှိုင်း၍ မပြီး ခရီးမတွင် ရှိတတ်သည်တွင် သူ့ဒကာက စိတ်မရှည်၊

“ကျုပ်ကတော့ ရွာတောင်ပိုင်းလမ်းခင်းဖို့ တစ်ဦးတည်း တာဝန်ယူသဗျို့၊ကျန်တဲ့အပိုင်းကိုတော့ ရွာသူ ရွာသား တွေက တာဝန်ယူကြပေရော” ဆိုသဟာမျိုး အဆိုရိုးရိုးကြီးတင်သွင်းကာ အစည်းအဝေးကို ကျုံ့ပစ် တတ်၏။
တာဝန်ယူသည့်အပိုင်းအတွက် ငွေကြေး စိုက်ထုတ်လှူဒါန်းရုံမျှသာမက သူကိုယ်တိုင်လည်း တူရွင်းပေါက်ပြား ကိုင်ကာ ခပ်မြိုင်မြိုင်ပင် လုပ်အားဒါနပြူသတည်း။ သူ့ဒကာ၏ မဟေသီ မ၀င်းခိုင်ကား ပြုံးလျက်သာ ဆရာဒုံးလုပ်သမျှ ပီတိဖြာတတ်၏။

ကထိန်အလှူစသည် အခင်းအရေးတွင်လည်း ထိုနည်းနှင်နှင်ပင်၊ “ အခု အစည်းအဝေးပြီးတာနဲ့ ပင့်ရမယ့် သံဃာတွေကို ကျုပ်လိုက် ပင့်မယ်ဗျို့” ဟုလည်း တက်ကြွတတ်ပေ၏။ ဒုံးပျံကဲ့သို့ စိတ်မြန်ကိုယ်မြန် ကုသိုလ်ရေး မှန်သမျှတွင် အားသန် တတ်သော သူ့ဒကာသည် ကိုတင်ရွှေဟူသောအမည်ပျောက်၍ ဒုံးရွှေဟုသာ စာရင်း ပေါက်သတည်း။

သူ့ဒကာအိမ်ရှေ့တွင်လည်း အုတ်ကျောက်တို့ဖြင့် အခိုင်အမာ သေချာသပ်ရပ်စွာ ဆောက်လုပ်ထားသော ရေချမ်းစင်ကြီးသည် ဟီးဟီးထလျက် ရှိဘိ၏။ ရေချမ်းစင်နံဘေးတွင်လည်း ပန်းရံဆရာတို့ကို တန်ဖိုးပေး အော်ဒါမှာကာ “ရေအကျိုးဆယ်ပါး” ဟူသော စာမျိုးကို ကျောက်စာဖြင့် ရေးထိုးထားပြန်သေး၏။ ရေချမ်းစင်တွင် လေးလုံးခန့်မျှသော ရေအိုများကို တည်ခင်းကာ ရွာအတွင်းဝင်လာသူတို့၏ ချွေးပြိုက်ပြိုက် အမောကို ဆေးကြောအေးမြစေပြန်၏။ ခြောက်တန်းကျောင်းသူမျှသာဖြစ်သော သမီးကို ညှိနှိုင်းကာ သမီအဖ နှစ်ဦးသား ဥဒကဒါနတရားနှင့်အညီ ရေချမ်းစင်ပါရမီ ဖြည့်ကျင့်ကြသည်တည်း။

(၂)

သူ့ဒကာသည် ရပ်ရွာအနေ ငွေကြေးလည်းချောင်လည်ကာ ပညာလည်းတတ်သော ကျောင်းဆရာ ဟောင်းတစ်ဦးပင်ဖြစ်ပါ၏။ သို့သော် ရိုးရိုးကုပ်ကုပ်သာ နေဘိ၏။ မိန်းမကိုသာ အလှဆင်တတ်၏။ “တပည့်တော် မိန်းမလောက်လှသူ ဇမ္ဗူမရှိ” ဟု ခပ်ကြွားကြွားလျှောက်လေ့ရှိ၏။ “ နတ်သမီးကို ရထား တာဘုရား” ဟုလည်း ကွန့်နိုင်ညွန့်နိုင်ပေသေး၏။ သူ့ဒကာကိုယ်တိုင်မှာမူ ရွာဖြစ်လက်ဖြစ် ဟန်ဒရက်ပါ ဆင့်ကော်တွန်အစစ် ဖျဉ်ကြမ်းအင်္ကျီနှင့် ရွှေဘိုဆိတ်ခွန် ပုဆိုးကိုသာ မြတ်နိုးစွာ ၀တ်လေ့ရှိ၏။ ဆရာဒုံးဟု တစ်ရွာလုံး၏ အခေါ်ကိုလည်း ပြုံးပြုံးကြီး ပျော်လေ့ရှိ၏။

မာန်မာနမထား ကလေးများနှင့်လည်း တည့်၏။ တစ်ခါတစ်ရံ ယမကာလေးတမြမြနှင့် ညနက်အောင် မိတ်သဟာ စုံ ပါတီနွှဲကာ အထာကျတတ်သည်တွင် အိမ်သီးခြားနေသော ဆရာဒုံးမိခင်က “ သားရေ ညနက်ပြီ” ဟု အော်တတ်၏။ ထိုအခါ သူ့ဒကာကလည်း “ ဗျာ အမေ အခုပဲ ပြန်ပြီနော် ”ဟု ထပြန်ပြတတ်၏။ စိုးရိမ်လွန်းသော မိခင်သောကနှင့် အမေ့စကားကို ကလေးတစ်ယောက်ပမာ ကြောက်ပြတတ်ရှာသော သူ့ဒကာ သားအလိမ္မာ တုံးကြီးပေတည်း။ မိတ်သဟာများကို တိုးတိုးမှာသည်ကား “အမေအိပ်ချိန် များမကြာမီ ငါ ပြန်လာမည်” ဟူလို။

ယခုလည်း သူရောက်လာတော့မည် ဟူသော သတင်းကြားသည်နှင့် အသော့နှင်ကာ ကြိုဆိုပြန်ချေသည်။ အမိနှင့်အဖထက်ပင် သူ့ဒကာက ဦးနှင့်၏။ သူ့ဒကာကျောင်းဆရာဟောင်းသည် သူ့တွင် ပါလာသော လက်ပတော့ကွန်ပြူတာအိပ်ကို ဆွဲယူကာ ကြိုဆို၏။ အမှန်စင်စစ် သူ့ဒကာ၏ သူ့အပေါ်သဒ္ဓါညွတ်သည်က ကြည်ညိုမှုထက် ညီရင်းအကိုပမာ ချစ်ခြင်းမေတ္တာ ပိုကဲဘိ၏။သို့အတွက်လည်း သူ့အား ရင်းနှီးစွာ လျှောက်ထားတတ်၏။ ရွာရေးရပ်ရေး ပွင့်လင်းစွာ ဆွေးနွေးတတ်ပေ၏။

“ဦးပဉ္ဇင်းဘုရားရဲ့ အိပ်တော်ကြီးက လေးလှပါကလားဘုရား၊ နိုင်ငံခြားပြန်ဆိုတော့ ဘဇာတွေများ နင်းကန်ထည့်လာသတုန်း။ ဦပဉ္ဇင်းအဖေနဲ့ အမေအတွက် ဘာတွေများပါသတုန်း” ဟု ရင်းနှီးကျွမ်းဝင်စွာ ကိုယ့်အတွှက်တာ မမေးမမြန်း၊ သူ့မိခင်ဖခင်များအတွက်သာ စူးစမ်း၏။ “ကွန်ပြူတာဗျ ဒကာရ” ဟု သူက ဆိုလေသော် သူ့ဒကာက အလွန်ပျော်လေ၏။ “ရွာက ကလေးတွေကို အဲဒါကြီး ပြချင်နေတာဘုရား”တဲ့။ ထို့နောက်တွင် ဆိုချေသည်ကား “ ညကျရင် ဒါကြီးနဲ့ တရားပွဲချရမယ်ဘုရား”တဲ့။ “ ခု ရွာကလူတွေက မြို့ပြက ကိုယ်တော်ဘုရားတွေလို ကွန်ပြူတာတစ်ချက်ချက်နဲ့ တရားစက်လည်နိုင်မှ နာချင်ကြတော့တာဘုရား”တဲ့။

ရွာဦးကျောင်းဘုန်းတော်ကြီးဘုရားကို ၀င်ရောက်ဂါရ၀မပြုမီ အမေနှင့် အဖေကို မျက်နှာပြရ၏။ သတင်းကြားနှင့် စုဝေးလာကြသော ရွာသူရွာသားတို့ကား များလေပြီ။ အမေနှင့် အမနှမများကား လာသမျှကို လက်ဘက်ပွဲနှင့် မစဲအောင် ဧည့်ခံလျက် ရှိ၏။ “ဦးလေးသန်းရေ ခင်ဗျားသား နိုင်ငံခြားပြန်ကိုယ်တော်ကြီးတော့ ကြွလာပြီဗျာ။ ဟောဒီမှာ ကွန်ပြူတာဆိုတာကြီးလည်း ပါသဗျို့” ဟု သူ့ဒကာ ကျောင်းဆရာက ခပ်သောသောပင် လှမ်းအော် လိုက်လေရာ သူ့ဖခင်သည် ဘယ်လိုအပြုံးမျိုးမှန်းမသိသော အပြုံးဖြင့် ကြိုလေသည်။ထိုအပြုံးသည် အလွန်ပင် ကြည့်ကောင်းပေတော့၏။

သူ့မိခင်ဖခင်တို့၏ ဂေဟာမှာ သာမန်ကျေးလက်တဲအိမ်ထက် အနည်းငယ်မျှသာ ခန့်ညားသည် ဖြစ်လေရာ တရုံးရုံးလာသမျှသော ဧည့်သည်တို့အတွက် ကျဉ်းမြောင်းခြင်းဖြင့် ပြည့်ကြပ်လျက်ရှိသတည်း။ သူနေရာယူပြီး၍ အားလုံးက ကန်တော့်ဦးချပြီးသည်နှင့် “ ဦးဇင်း ကွန်ပြူတာကြီး ထုတ်တော့ဘုရာ့” ဟု ဆရာဒုံးက နောက်တော် အပါးက ဆော်သြေစကားဆိုလေတော့၏။ သူကား မငြင်းသာချေပြီ။ လက်ပတော့ပ် ကွန်ပြူတာ ပြပွဲကြီးကို အံချီးဖွယ် ဆင်နွှဲရလေမည်တည့်။

မစ္စတာဒေးဗစ် ကော်ပါးဖီးလ်၏ ပဉ္စလက်တွင် အသက်ရှူမှားဘိသကဲ့သို့ ရွာသူရွာသားအပေါင်းတို့ကား သူ့လက်အရွေ့ကိုသာ တမေ့မေ့ငေးနေကြကုန်၏။ လူကြီးသူမများ၏ ပေါင်ပေါ် ဒူးပေါ် ခွကျော်နင်းကာ သူ့အနားသို့ ကလေးများ တိုးကပ်လာသည်ကို သူ့ဖခင်ကြီးက တဟေ့ဟေ့နှင့် ဟန့်နေရသေး၏။

“ဟယ် ဗီဒီယိုကလည်း ပေါက်စနလေးတော့”
“ဂဏန်းပေါင်းစက်ကြီးကလည်း အကြီးကြီးပါလားဟ”

အသံမျိုးစုံထွက်နေသော ရွာသူရွာသားအပေါင်းတို့အလယ်တွင် ဆရားဒုံးကား ပြုံးသည်ထက်ပြုံး၏။ သူ့အနားသို့လည်း တိုးကပ်ထိုင်ဘိ၏။ “အဲဒါ ခင်ဗျားတို့ ပြောပြောနေတဲ့ ကွန်ပြူတာကြီးပေပဲ” ဟုလည်း ရွာသူရွာသားတို့ဘက်သို့လှည့်ကာ ခပ်ကဲကဲ ဆိုလိုက်၏။ ကွန်ပြူတာတဲ့ ကွန်ပြူတာတဲ့။ ရှေ့ဆုံးအတန်းမှာ ထိုင်နေသည့် ဘကြီးညိုကား “ အရှင်ဘုရားတို့ ပြလို့သာ ဒီတစ်သက် ကွန်ပြူတာဆိုတာ မြင်ဖူးတော့ တာကိုယ်တော်။ လမ်းတွေ့လို့ ကောက်ရရင်တောင် ဘယ်ဟာနှိပ်လို့နှိပ်ရမှန်းမသိဘူးဟဲ့ မယ်မှုံရဲ့” ဟု သူ့ကိုလည်း လျှောက်ရင်း နောက်နားက အရီးမှုံကိုလည်း လှည့်ပြော၏။

ထိုအချိန်မှာပင် “ဘုန်းကြီးကြွလာတယ်”ဟူသော လှေကားရင်းမှ အသံနှင့် အတူ ရွာဦးကျောင်းဘုန်း တော်ကြီးသည် အိမ်ပေါ်သို့ ကြွလာလေသော် နေရာထိုင်ခင်းပြင်ကာ သူအပါအ၀င်အားလုံးက ဦးညွတ် ကန်တော့်ကြ၏။ “ ဘုန်တော်ကြီးကတော့ သူ့တပည့်နိုင်ငံခြားက ပြန်လာတာ ကျောင်းရောက်မှ အကန်တော့ ခံကို မစောင့်နိုင်တော့ဘူး။” ဟု ခပ်တိုးတိုးပြောသံကြားလိုက်ရချေသေး၏။

“ဟဲ့ မောင်ပဉ္ဇင်း မင့်လက်နှိပ်စက်ကြီးက ခလုပ်တွေများလှပါပကောဟ” ဟု ဆရာဘုန်းတော်ကြီးက ရောက်မဆိုက် မိန့်လိုက်ရာ ကွန်ပြူတာဟု သိနှင့်ပြီးသော ရွာသူရွာသားများက “ဘုန်းကြီးနှယ် အ,ရန်ကော” ဟု တသောသော ရယ်မောကြသည် ဟူ၏။

13 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ (၁)

(၁)
ပြုံးမိသည်တည့် ပြုံးမိသည်၊ မလေးမောင် သည်ယနေ့ ပြုံးမွေ့မိသည် ဟုသာ ဥဒါန်းကျူးခဲ့မိလေသည်တကား။ ကဗျာက၀ိ ဆရာဇော်ဂျီ ညှိခဲ့သော ကာရံအရှိကိုပင် ပြန်လည်တုပကာ တို့ထိမိခြင်းပေတည်း ။ အမှန်စင်စစ် ဆရာဇော်ဂျီ၏ ကာရံတွင် သွေးစက် စွန်း၏။ မျက်ရည်မြစ် စီး၏။ သောကသောင် ထွန်း၏။ ရာဇ၀င်မြက်ခင်းစိမ်းတို့၏ ဗျာပါဒတောအုပ်ဖြင့် မျှော်လင့်ချက် ရှုပ်ထွေးခဲ့သော နေ့ကို ဖွဲ့သောမဟာကဗျာအပိုင်းအစများပါပေ။

ဆရာဇော်ဂျီက “ဆွေးမိသည်တည့် ဆွေးမိသည်၊ မလေးမောင် သည်ယနေ့ဆွေးမြေ့မိသည်”တဲ့။ သို့သော် သူကား ဤသို့မဟုတ်ပြီ၊ “ပြုံးမိသည်တည့် ပြုံးမိသည်၊ မလေးမောင် သည်ယနေ့ ပြုံးမွေ့ မိသည် ဟု ပုဂ္ဂလိကအရေးအရာကို ကာရံလေးမြားတွင် တင်၍ လူမြင်သူမြင် ပစ်လွှတ်မိတော့သည်။ ဘလော့ပို့စ်အသစ်ရေးရန်မဖြစ်နိုင်တော့လောက်အောင် အလုပ်များသည်ဟု သူ့ကိုယ်သူ ထင်မြင် စေသည်အထိ လှည့်ဖြားခဲ့လေသော ယခုလိုနေ့ရက်များတွင် သူရေးခဲ့ပြီးသော ဘလော့ပို့စ်အဟောင်း များကိုတော့ ဟိုဟိုဒီဒီ စောင်းငဲ့ကလစ်မိချေသေး၏။

ဤကား ဘလော့ဂါ တစ်ဦး၏ နိကန္တိ၊ ဤကား ဘလော့ဂါတစ်ဦး၏ အင်နားရှား၊ ဤကား ဘလော့ဂါတစ်ဦး၏ ချင်ခြင်း ဖြစ်ပေတော့သတတ်။ ထိုအချိန်မှာပင် သူ၏ချစ်လှစွာသောမိတ်ဆွေကြီး၏ ကွန်မင့်တော်ကြီးကို ဖတ်ရခြင်းဖြစ်တော့၏။

Ashin Acara. said...
တစ်ချိန်ချိန်မှာ Post တွေကို လုံးချင်းထုတ်နိုင်ရင် Autobiography ဆိုတဲ့ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ ဖြစ်လာမယ်။
:)
ထိပေစွ။ မိပေစွ။ ပြောတတ်ပါပေစွ။ သူ့ရင်ဘတ်တည့်တည့်သို့ တရိရိငြိစေသော စကားလုံးတော်များပါ ပေတည်း။ သူကား အပျော်တစ်ဝက် အရိတစ်ဝက်ဖြင့် အိပ်ရေးမပျက်အောင် ကြိုးစားယူရသောညကို ဖြတ်သန်းရတော့မည်မှန်းသိလိုက်ရတော့၏။ သူအနေဖြင့် ပို့စ်အထူးကို နယူးဖြစ်အောင် ဖန်တီးရတော့မည် တည်း။

စေတနာအဖြူထည်သက်သက်ကြီးဖြင့် ကွန်မင့်ရေးကာ မထိတထိ ရိလေ့ရှိသော အရှင်ကား သူ့အား အမြဲတမ်း ပင် မတိမ်းမစောင်းအောင် စကားလုံးများဖြင့် ထိန်းကျောင်းပေးလေ့ရှိသူဖြစ်၏။

သာသနာ့တက္ကသိုလ် နေ့ရက်များတွင် အရှင်ကား တပည့်ခန့်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက်၊ (သူက အတ်တ် အင် ဆိုင်းယင့်စ်(Arts and Science) ခေါ် ၀ိဇ္ဇာသိပ္ပ တတ်ကောင်းစွများကို သင်ပေးပါဟု ပူဆာကာ ဆရာခန့်သောကြောင့် ဆရာတပည့်တော်ခဲ့ကြ၏။ သို့သော် သုံးရက်မျှသာ သက်တမ်းရှည်သော ထိုသင်တန်းကို နှစ်ဦးသဘောညီစွာ ဖျက်သိမ်းခဲ့ကြ၏။ အပျင်းထူ ဤသူစာမတတ် ဟူလိုသော်တွင် သူလည်းရှော် ခဲ့ဖူးညံခဲ့ဖူးပါ၏တကား )

ထေရ၀ါဒတက္ကသိုလ်နေ့ရက်များတွင်တော့ တရားဝင်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက် အတူဖြတ်သန်းခဲ့ ရဖူး၏။(သူက မဟာတန်းကျောင်းသား အရှင်ကား တက္ကသိုလ်နည်းပြရဟန်းဖြစ်၍ တရားဝင်ဆရာတပည့် ဖြစ်ခဲ့ပြန်၏)အရှင်၏ တက္ကသိုလ်အဆောင်အခန်းတွင် ထင်တိုင်းမွှေသည်ကို သည်းခံခဲ့သော ဆရာလည်း ဟုတ်၏၊ မိတ်ဆွေ လည်း မည်ပေ၏။

သို့ဖြစ်ရကား အရေးအရာ အခွင့်သာတိုင်း သူ့အား စိတ်အယားပြေအောင် သာသာနှင့်နာနာ နှက်တတ် ပါပေသည်။ စကားလုံးများနှင့် နှလုံးသားခေါင်းကို ခွပ်ကနဲမည်အောင် ခေါက် တတ်ပါပေသည်။

လွန်ခဲ့သော ၂၀၀၆ လွန်နှစ်များတွင်တော့ သူက တက်လက်စမဟာတန်းကို ကျောခိုင်းကာ မဇ္ဈိမသို့ ထွက်ခွာစဉ် အရှင်ကား ပါရဂူကျမ်းတော်ကြီးကို ခဲတံတပြင်ပြင်နှင့် အသော့နှင်ရေးသားကျန်ခဲ့လေသတည်း။

(၂)

ဤရက်ပိုင်းတွင် သူက ဓမ္မဂင်္ဂါမည်သော ဘလော့တော်ကြီးတွင် ဟူးဟူးငြားငြား ကြိုးစားရေးသမျှသောပို့စ် မှန်သမျှကို သူ့ပုဂ္ဂလိက အရေးအရာ (အကြွားအ၀ါ)ဟု ထင်စကောင်းသော အရာတို့ဖြင့် တန်ဆာဆင်လေ့ရှိ သည်တည့်။ပရိယာယ်ဖြင့်တစ်ဖုံ တိုက်ရိုက်က တစ်မျိုး မရိုးနိုင်သော စကားတို့ဖြင့် သူသည် အရတော်သောသူ တစ်ဦးကဲ့သို့ ဖြစ်အောင် ရေးလေ့ ရှိခဲ့ချေသည်တကား။
ဤသည်ပင်လျှင် အရှင့်အတွက် ကွန်မင့်ရေးကွက်ရခဲ့ယောင်ယောင်တည်း။

လွန်ခဲ့သောနှစ်က သူနှင့် အရှင်ကို သီဟပူရတိုင်းနိုင်ငံ ဗုဒ္ဓ၀ိဟာရတစ်ခုတွင် လက်တွဲသာသနာပြုရေးအတွက် မိတ်ဆွေကျောင်းထိုင်ဆရာတော်၏ ဖိတ်ခေါ်ခြင်းခံခဲ့ကြရ၏။ အရှင်ကား ပါရဂူပူပူနွေးနွေး၊ သူက မဟာဝိဇ္ဇာ ခပ်အေးအေး။ သို့သော် သူနှင့် သီဟပူရလွဲခဲ့၏။ အရှင်နှင့်လည်း ကွဲခဲ့၏။ ကမ္ဘာ့စီးပွားပျက်ကပ် ကိန္နရာ ချောင်းခြားတွင် အလွမ်းစကားသာ ဆိုခဲ့ရလေပြီကော။ အရှင်ကမူ ယခုအခါ သီဟပူရသာသနာ့စာမျက်နှာကြီး ကို လှန်လှောလျက်ရှိချေပြီ။

သူကား ပုတီးမစိတ်ဟန်ရှိခဲ့တကား။ သို့သော် သူ စိတ်မပျက်၊သူ ဇွဲမလျှော့။ သူ့ကိုယ်သူ ချော့ခဲ့၏။ သီဟပူရတွင် နှစ်လတာမျှနေထိုင်ခဲ့စဉ်အတွင်း သီဟပူရတိုင်းသားတိုင်းသူအချို့အား အဘိဓမ္မာသင်တန်းလေး မစို့မပို့ အင်္ဂလိပ်စာမခို့တရို့ဖြင့် သင်ကြားပေးခဲ့ရသည်ကို “သီဟပူရတွင် အဘိဓမ္မာတစ်ခေတ်ဆန်းပြီ”ဟု ရွာဆွေ မျိုးရပ်ဆွေမျိုးများအား တရားပွဲမှန်သမျှ လူစုစုရှိရာတွင် သွင်သွင်စီးအောင် ပြောဟောလေတော့၏။

သီဟပူရမှ အောင်မြင်စွာ ဆုတ်ခွာရန်ပြင်ဆင်ချိန် ကံကောင်းထောက်မစွာပင် သီတဂူဆရာတော်၏ ဘုန်းရိပ်ကံရိပ်ကို ခိုခွင့်ရရန်အကြောင်းနိဒါန်းပျိုးသတည်း။ သီတဂူဆရာတော်၏ မွေးနေ့အခါသမယတွင် ကျင်းပမည့် ထေရ၀ါဒတက္ကသိုလ်များညီလာခံသို့ တက်ရောက်ရန် မဇ္ဈိမဒေသရောက်ရွှေပြည်သား ရဟန်းတော်ဆယ်ပါးတွင် ထည့်သွင်းရွေးချယ်လိုက်ကြောင်းနှင့် စာတမ်းတစ်စောင်တင်သွင်း ဖတ်ကြားရ မည်ဖြစ်ကြောင်း မဇ္ဈိမဒေသရဟန်းတော်များအဖွဲ့မှ အကြောင်းကြားစာရောက်လာလေတော့၏။

အမှန်စင်စစ် ထိုအချိန်သည် မဇ္ဈိမဒေသ၏ ၀ိရွှဝိဒျာလယ်(၀ိဿဝိဇ္ဇာလယ)ခေါ် တက္ကသိုလ်ကြီးများ၏ စာစစ်ချိန်ပေတည်း။ ရဟန်းတော်အများစုကား စာစုခြင်း၊ စာကျက်ခြင်းတို့ဖြင့် မအားမလပ်ရှိကြလေ၏။ သို့အတွက် စာမေးပွဲမရှိသည့် ပါရဂူဘွဲ့အတွက် ကျမ်းပြုနေသူများ။ ကျမ်းတင်ရန်စောင့်နေသူများကို အထူးအလေးထားရွေးချယ်ခဲ့ကြလေ၏။ ဆယ်ပါးပြည့်ရန်တစ်ပါးအလိုတွင် လူစုစုမြင်လျှင် အခမ်းအနားမှူး ယောင်ယောင် စာဟောဆရာယောင် ယောင်လုပ်တတ်ပေသော သူ့အား စာရင်းသွင်းကာ သီတဂူ ညီလာခံကိုယ်စားလှယ်အဖြစ် ရေးထွင်းလိုက်ကြပါပေသည်။ စာမေးပွဲများသာ မရှိခဲ့သော် သူ့ထက် ပိုမိုထူးချွန်သော ရဟန်းတော် တစ်ပါးပါးကို ရွေးချယ်ခွင့်ရချိမ့်မည်တည်း။

ဖြတ် ညှပ်ကပ် အနုပညာသည်တို့နည်းနာကို အခါခါလေ့ကျက်ဖူးသော သူ့အတွက် စာတမ်းတစ်စောင် ရေးခြင်းဟူသည် မလွယ်သည့်တိုင် မခက်ဖြစ်ပေ၏။ဘုတ်အုပ်ထူထူကြီးထဲမှ တစ်ပိုဒ်၊ဘုတ်အုပ်သေး သေးလေးများမှ သုံးပိုဒ်စသည် ကူးယူခြင်း၊တုပရေးချခြင်းတို့ကို အား သန်ကြိုးပမ်းလေသော် ပါဠိစာပေ ဆိုင်ရာ စာတမ်း ကြီး တစ်စောင် ချောမောစွာ ဖြစ်သောဟူ၏။ သူကိုယ်တိုင်ကူး သူကိုယ်တိုင် စာစီ ရသောကြောင့် သူ့မူပိုင်အစစ်စာတမ်းကြီးပါပေတည်း။

သို့တစေ နောက်လာနောက်သား အင်္ဂလိသပညာဗေဒဆိုင်ရာသုတေသီငနဲလေးများအတွက်မူ အခက် ကြုံဖွယ်ပါပေတည်း။ တစ်ပိုဒ်နှင့်တစ်ပိုဒ်လေယူလေသိမ်းမတူ စကားလုံးအချို့ကလည်း အသံဝဲ သမို့ “ဤစာတမ်းကြီးသည် တစ်ဦးတစ်ယောက်တည်းရေးခြင်းမျိုးမဟုတ်ဘဲ ပညာရှင်အများ စုပေါင်းရေးသားထား ဟန်တူပေသည်။ အံ့သြဖွယ်ကောင်းသည်မှာ ရှေးခေတ်ပညာရှင်တို့၏ သဘောထား ကြီးမြတ်မှုပင်ဖြစ်၏။ ပညာရှင်ကြီးတို့၏ အရေးအသား ပါဒတစ်ခုပြောင်းလဲတိုင်း ထောင့်မကျိုးသော အင်္ဂလိသ ဘာသာကို ၀င်ရောက်စွက်ဖက်ရေးသားတတ်သူကို လစ်လျူးရှုနိုင်ခြင်းပေတည်း” ဟု မှတ်ချက်ပြုကြအံ့ထင်သည်။

အမှန်တကယ်ပင် သူသည် သီတဂူညီလာခံကြီးတွင် ကိုယ်စားလှယ်တော်ရဟန်းတစ်ပါးအဖြစ် တက်ရောက်ခဲ့ ပါလေ၏။ သူ့ကိုယ်ပိုင်သတင်းရပ်ကွက်ကျဉ်းကျဉ်းလေးတွင်မူ သီတဂူညီလာခံကြီးတက်ရောက်ရန် ဓမ္မဂင်္ဂါသည် သီဟပူရမှ ပိုးသားလေကြောင်းဖြင့် ကြွလာပြီ ဟု အုတ်အုတ်ကျက်ကျက်ဖြစ်နှင့်သတည်း။

သီတဂူညီလာခံ နေ့ရက်များတွင် သူသည် ဆရာတော်အရှင်ဇနကာဘိဝံသ၏ ရုပ်ပုံရှင်ကျင့်ဝတ်ကျမ်းစာမှ ကိုရင်လေးများ ၀တ်ရုံကြသကဲ့သို့ သင်္ကန်းတော်ကြီးကို သပ်ရပ်သေချာစွာ ၀တ်ရုံ၏။ သူ့အမည် ရေးထိုးထားသော ကဒ်ပြားလေးကို လည်တွင်ဆွဲ၏။ သူ့အတွက် ကောင်းကွက်မှာ သူတက် ရောက်ခဲ့သော တက္ကသိုလ်ကြီးနှစ်ခုမှ ပုဂ္ဂိုလ်ကြီး ငယ်တို့ တက်ရောက်ကြ ခြင်းပေတည်း။

ထိုပုဂ္ဂိုလ်ကြီးငယ်တို့၏ အမြင်တွင် သူကား ညီလာခံကိုယ်စားလှယ်တော်ကြီးအဖြစ်၊ ပါဠိစာပေဆိုင်ရာ စာတမ်းတော်ကြီးကို ဖတ်ကြားမည့် သုတဂဝေသီပညာသည်ကြီးအဖြစ် ထင်မှတ်ဖွယ်ရာ ဟန်ရေးပြခဲ့ လေသည်တကား။“ငါတို့များ၏ တက္ကသိုလ်ရင်နှစ်သည်းချာ ဓမ္မဂင်္ဂါသည် နှယ်နှယ်နှင်နှင်မဟုတ်၊ သီတဂူ ဆရာတော်ကိုယ်တိုင်ကပင် တကူးတကဖိတ်ရသော ပုဂ္ဂိုလ်ပေတကား” ဟု တက္ကသိုလ်စာသင်သားတို့အား တဆင့်စကား ၀င့်ဝင့်ကြွားကာ ပြောကြားကြလေသည်ဟု နောက်များတွင် သတင်းရရှိ၏။ ဟုတ်ပေ၏ ။ သီတဂူဆရာတော်ကြီးကား ဖိတ်စာမှန်သမျှတွင် ကိုယ်တော်တိုင်လက်မှတ်ရေးထိုးခဲ့လေသည်သာတည်း။

သူကား ကံကောင်းပြီးရင်း ကံကောင်း၏။ ကျော်ပြီးရင်း ကျော်၏။ လှော်ပြီးရင် လှော်ရလေသည်တည့်။ မဇ္ဈိမကိုယ်စားလှယ်ဆယ်ပါးကို အကြောင်းအရာဘာသာရပ်အလိုက် ဆက်ခ်ရှင်ခွဲ ပင်နယ်လ်ခွဲကာ ဆွေးနွေးရာ ဌာနများခွဲလိုက်လေသော် သူတစ်ပါးတည်းပင် ထီးတည်းကြီးဖြစ်စွာ လွန်စွာမှ ခမ်းနားကြီးကျယ်လှသော သန္တိမဟာ ဘွဲ့နှင်းခန်းမကြီးတွင် သူ၏ မှတ်တမ်းဝင်စာတမ်းတော်ကြီးကို ဖတ်ကြားခွင့်ရသတည်း။

သူစာတမ်းတော်ကြီးကို ဖတ်ကြားနေခိုက် ကင်မရာမင်းများကား စုပြုံတိုးကာဓါတ်ပုံတဖျတ်ဖျတ်ရိုက်ကြ၏။ မှတ်တမ်းတင် ဗွီဒီယိုကင်မရာကြီးများကား ဟိုမှသည်မှ ချိန်ရွယ်ကာ အနီးအဝေး စိတ်ကြိုက်မြင်ကွင်း ရွေးကြလေ၏။

သူ့ပုံတော်ကြီးကား ဘွဲ့နှင်းခန်းမနံရံများနှင့် ဘွဲ့နှင်းမျက်နှာစာတွင်တပ်ဆင်ထားသည့် အယ်စီဒီဖန်သား ပြင်ကြီးများတွင် ထင်းထင်းကြီးပေါ်လွင်ခဲ့လေသည်တကား။ သူကလည်း ဗြိတိန်ဝန်ကြီး ချုပ်ဂေါဒွန်ဘရောင်းနှယ် နားရွက်ကားကား ဟန်များများလုပ်လေတော့၏။ သို့သော် ကင်မရာများကား အရည်အသွေးမမီ။ စာတမ်း ဖတ်ပြီးချိန်တွင် မေးခွန်းများမေးရန် လက်ညှိုးထောင်ကြသောခဏ နှလုံးသွေးနှင့် ရောထွေးစီးဆင်းသော ချွေးစက်များကိုမူ ပေါ်လွင်အောင် မရိုက်နိုင်ကြလေဟန်ရှိဘိ၏။ မည်သို့ဖြစ်စေ သီတဂူညီလာခံကြီးကား ချောမောစွာ ပြီးဆုံးခဲ့လေပြီ။

ဇေယျပူရ(စစ်ကိုင်း)နယ်အတွင်း မှီတင်းနေထိုင်ကြသော မွေးသမိခင်မွေးသဖခင်တို့ရှိရာ ရွာလေးသို့ လော်ကယ်ရထားတစ်တန်၊ ဘတ်စ်ကားတစ်ဖုံ ခြေလျင်တစ်သွယ် သုံးမယ်မျှသော ခရီးလမ်းကြောင်းဖြင့် အပြင်းနှင်ခဲ့ရလေ၏။ သူ၏ ပရိက္ခရာအစုတွင် လက်ပ်တော့ပ်ကွန်ပြူတာတစ်လုံးသည် ရပ်နီးရပ်ဝေး ရွာသူ ရွာသားအပေါင်းကို တရုံးရုံးစုဝေးစေသော ပရိက္ခရာပေတည်း။