Showing posts with label ဓမ္မဂင်္ဂါဖိုင်တွဲ. Show all posts
Showing posts with label ဓမ္မဂင်္ဂါဖိုင်တွဲ. Show all posts

08 December, 2010

ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံဝိနည်းညီလာခံ

ဝိနည်းအကျင့်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသည် ဂိုဏ်းအမျိုးမျိုးကွဲပြားခဲ့၏။ ယခု ၀ိနည်းကို အကြောင်းပြု၍ ထေရ၀ါဒ၊ မဟာသဗ္ဗတ္ထိဝါဒနှင့် ဓမ္မဂုတ္တိကဂိုဏ်းသံဃာတော်တို့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပြန်လည်တွေ့ဆုံကြတော့မည်။ လူပုဂ္ဂိုလ်များတက်ရောက်ခွင့်မရှိဘဲ ထေရ၀ါဒ၊မဟာယာနနှင့် တိဘက် သာသနာ့ဝန်ထမ်းများသာ တွေ့ဆုံ ဆွေးနွေးကြမည့် သမိုင်းဝင်ညီလာခံကြီးတစ်ခုအဖြစ် အားခဲပြင် ဆင်နေကြသည်။ သူလည်း ညီလာခံတွင် တင်သွင်းဖတ်ကြားရန် စာတမ်း တစ်စောင် အပူတပြင်းရေး (ကူး)နေရသဖြင့် ပို့စ်အသစ်မတင်နိုင်...။ ဤသည်ပင်လျှင် ပို့စ် အသစ်ဖြစ် ကောင်းဖြစ်ပေရာ၏ ဟူလိုသော်၊ ပုဒိအာနှင့် ပြည့်စုံရပါလို၏တည်း။ သာဓု သာဓု သာဓု...။

Dear Ven. Vicittasara,


It is a pleasure to announce that the Central University of Tibetan Studies, Sarnath, Varanasi is going to organize an International Conference on “Vinaya” from 17-19 January, 2011. The monk scholars from all the existing three traditions of the Vinaya viz., Theravada, M¨lasaråstivåda and Dharmaguptika will participate the conference and deliberate on various areas of Vinaya. His Holiness the Dalai Lama has kindly consented to grace the occasion and inaugurate the conference.
On behalf of the University, the organizing committee, would like to invite you to this conference and request you kindly make a presentation on "Varshavaasa & Nivarana" which will be followed by discussion. The concept note is enclosed herewith.
We are looking forward to this conference, which is, perhaps, the first time in modern era where the Sangha members belonging to all the three Vinaya traditions will gather and deliberate on the living traditions based on the Vinaya texts which have slight differences in their traditional versions.
We also request you kindly send your paper latest by 15th December 2010 so that the papers can be made ready for the participants on time.
We shall be grateful if you could send your consent as soon as possible . The University will be happy to bear the travel expenses (Air: economy class) and the local hospitality.

Looking forward to hearing from you,

Yours profound veneration

Yours sincerely,

Lobsang Norbu Shastri
Chairperson
Organizing Committee
International Conference on Vinaya
Central University of Tibetan Studies, Sarnath, Varanasi
Uttar Pradesh, INDIA

29 July, 2010

ဓမ္မဂင်္ဂါမွေးနေ့



လွန်ခဲ့တဲ့ နှစ်က ဇူလိုင်လ ၂၇ ရက်နေ့မှာ အိပ်မက်အသစ်တွေကို ထွန်ယက်ဖို့ အိပ်မက်ဟောင်းတွေကို ဖြိုချပြီး လေယာဉ်ပေါ်တက်ခဲ့တယ်။ မဇ္ဈိမကို ခြေချဖြစ်တော့ တက္ကသိုလ်တစ်ခုမှာ ပါရဂူဘွဲ့အတွက် ကျမ်းပြုခွင့် ရတယ်၊ (တကယ်တော့ သူဝင်မိတဲ့ ဗာရာဏသီသက္ကတတက္ကသိုလ်၊ ဗုဒ္ဓဒဿန (बुद्धादर्शन) ဆိုတဲ့ ဌာနက နိုင်ငံခြားကျောင်းသားလိုချင်နေတဲ့ အချိန်နဲ့တိုးသွားလို့ ရတာပါ။ ဒါပေမယ့် လူတွေ့စစ်ဆေးခြင်း (विवा वोचे ) မှာ သင်ယူလေ့ကျက်ဖူးတဲ့ အဘိဓမ္မာကျမ်းစာအချို့ကို ပါဠိလိုရော အင်္ဂလိပ်လိုပါ နည်းနည်းပါးပါး တီးခေါက်ပြရတာမျိုးလေးတော့ ရှိပါတယ်။)

ပိုပြီး ကံကောင်းသလို ဖြစ်သွားတာက ဗာရာဏသီတိဘက်တက္ကသိုလ်ရဲ့ ပါဠိဌာနမှာ ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံခဲ့ရတာပါ။ ဒါလည်း သူ့ရယ်လို့ နာမည်တပ်ဖိတ်ကြားတာမဟုတ်ပါဘူး၊ သူ့မိတ်ဆွေရဟန်းတော် ဒေါက်တာအရှင်စန္ဒိမာကို တက္ကသိုလ်ဒုတိယအဓိပတိက ပါဠိဘာသာနဲ့ ထေရ၀ါဒအဘိဓမ္မာကို အင်္ဂလိပ်လိုသင်နိုင်တဲ့ မြန်မာရဟန်းတော်တစ်ပါးလိုချင်တယ်လို့ ကမ်းလှမ်းတာနဲ့ ဒေါက်တာအရှင်စန္ဒိမာက သူ့ကို လက်ညှိုးထိုးတာပါ။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်က ဒီအချိန်မှာ တစ်ရုံးဝင်တစ်ရုံးထွက် သွားလာနေခဲ့ရတာကို အမှတ်ရနေမိပါတယ်။ သူ့ကို အစစအရာရာ ဦးဆောင်ကူညီပေးခဲ့တဲ့ ဒေါက်တာ အရှင်စန္ဒိမာကိုလည်း ကျေးဇူးတင်ကြောင်း ပြောရင် ပေါ့သွားမှာစိုးလို့ ဒီအတိုင်းပဲ လေးပင်အောင် ထားလိုက်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေထဲ နေပူလိုက် မိုးရွာလိုက် ဗာရာဏသီသံသရာနဲ့ အတူလည်ပတ်နေစဉ် ကွန်းခိုစရာပေးပြီး မငြီးမငြူကျွေးခဲ့တဲ့ မစ္စတာပါရဂူနဲ့ ကိုရင်တို့ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။ သူကတော့ ကုန်ဘောင်ခေတ်က အမတ်ကြီးဦးပေါ်ဦးလို ဟိုပြော ဒီပြော တသောသောနဲ့ စာဖတ်သလိုလို ဘာလိုလိုနဲ့ အချိန်တန် ထစားလုပ်ခဲ့တာပါ။ (ညဉ်လေးပေါ့၊)

ဒီကြားထဲ မစ္စတာပါရဂူရဲ့ လက်ပ်တော့ကို ပိုင်ရှင်ထက် အချိန်ပိုအောင် ၀င်သုံးလိုက်ပါသေးတယ်။ အဲဒီမှာ အကျိုးရှိရာ ရှိကြောင်း လုပ်နေတယ်လို့ ကွန်ပြူတာပိုင်ရှင်မုဒိတာပွားနိုင်အောင်စင်ကာပူမှာတုန်းက လက်ဆော့ပြီး ဖွင့်ထားမိတဲ့ (အင်္ဂလိပ်ဘာသာစာတမ်းတစ်စောင်ကလွဲပြီး ဘာမှလည်း မရေးရသေးတဲ့) ဓမ္မဂင်္ဂါကို အသက်သွင်းဖို့ ကြိုးစားဖြစ်ပါတယ်။ (တကယ်လည်း မိတ်ဆွေရဟန်းတော်က စာပေသမားမို့ သူ့ကို လွှတ်ထားလိုက်ပါတော့တယ်)

ဟောဒီရောက်လာတော့မယ့် သြဂုတ်လကြီးထဲမှာပါပဲ။ ပထမဆုံးတင်ဖြစ်တဲ့ ပို့စ်က ဟုပေယျလွဲချော်မှုပါ၊ မဇ္ဈိမနေ့ရက်တွေကို ပြန်ကောက်ယူဖို့ ကြိုးစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် သြဂုတ်လထဲက တစ်ရက်ရက်ဟာ ဓမ္မဂင်္ဂါမွေးနေ့ပါပဲ။ ဒီတစ်နှစ်အတွင်းမှာ သူဘာတွေ ရေးခဲ့မိပါလိမ့်။ ဘ၀ဇာတိရဲ့ ကျဉ်းမြောင်း လှောင်ပိတ်တဲ့မွေးဖွားမှုကနေ ဓမ္မဇာတိရဲ့ လွတ်မြောက်ငြိမ်းချမ်းတဲ့ မွေးဖွားမှုဆီ .....။

အပေါ်မှာ ဖော်ပြထားတဲ့ ပေချပ်လေးကတော့ သူမဇ္ဈိမကို ထွက်ခါနီး သူ့မိခင်ကြီးကိုယ်တိုင် သားမောင်ပဉ္ဇင်းကို မျက်ရည်ဝဲ၀ဲနဲ့ ပေးလိုက်တဲ့ သူ့ဇာတာမှတ်တမ်းလေးပါ။ လွမ်းလို့ ဖော်ပြလိုက်ပါတယ်။

ဓမ္မဂင်္ဂါ
၃၀-၀၇-၂၀၁၀

မွေးနေ့များသို့......။
ဓမ္မဂင်္ဂါ စီးဆင်းခွင့်အတွက် ကမ္ဘာမြေနှင့် ဗြဟ္မစိုရ်နေ့ရက်များကို ကမ္ပည်းထိုးလိုက်ပါကြောင်း....။ဘလော့မွေးနေ့သာ ဖြစ်ပါကြောင်း...။

26 July, 2010

ဓမ္မဂင်္ဂါစီးဆင်းမှုနှေးကွေးသွားခြင်း

ဇူလိုင်လ ၁၂ ရက်၊ ဗာရာဏသီရဲ့ မစို့မပို့ မိုးစက်တွေအောက်မှာ တိဘက်တက္ကသိုလ်ရဲ့ တံခါးချပ်တွေ ပြန်ဖွင့်လိုက်ပါပြီ။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်အသစ်ထဲမှာ စာသင်ခန်းတွေထဲ ခပ်ရဲရဲ ဖြတ်သန်းဖို့ သင်ခန်းစာတွေ ပြင်ဆင်ရပါတယ်။ သင်ရမယ့် အတန်းတွေက ဥပစာအကြိုတန်း၊ ဥပစာတန်းနဲ့ ၀ိဇ္ဇာတန်းတွေပါပဲ။

ရွှေပြည်ကြီးမှာ တက္ကသိုလ်ဥပစာတန်းဆိုတာ မရှိလေတော့ တက္ကသိုလ်ဝင်တန်းအောင်ပြီး သုံးနှစ်အကြာမှာ သာမန်ဝိဇ္ဇာ သိပ္ပံဘွဲ့ တစ်ခုခုရဖို့ သေချာသလောက်ပါပဲ။ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကတော့ တစ်ဘာသာပေါ့လေ။ အခြားတက္ကသိုလ်တွေက သတ်မှတ်ချက်တွေ မသိရပေမယ့် သူကျင်လည်မိသမျှ မဇ္ဈိမတက္ကသိုလ်အချို့မှာတော့ ဥပစာအကြိုတန်း၊ ဥပစာတန်းဆိုတာတွေကို ကျော်ဖြတ်ပြီးမှ အခြေခံဘွဲ့ တစ်ခုကို ဆွတ်ခူးနိုင်မှာပါ။

ဒါပေမယ့် ရွှေပြည်ကြီးမှာ မဟာတန်းနဲ့ ပါရဂူတန်းတွေ ပြီးဖို့ကျတော့ နှစ်အကန့်အသတ်တွေ များ နေပြန်ပါရော။ မဇ္ဈိမကတော့ မဟာတန်းမှာ ၂ နှစ်နဲ့ ပါရဂူတန်းမှာ ကျမ်းပြုနှစ်နှစ်သတ်မှတ်ပေးထားပါတယ်။ ကျမ်းကြီးကြပ်တဲ့ ပါမောက္ခတွေက ကိုယ်ပြုစုထားတဲ့ ကျမ်းကို မျက်စိကျသွားရင် နှစ်တိုတိုနဲ့ ပါရဂူဘွဲ့ရ တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ မဟာတန်းမှာတော့ ကျမ်းပြုရတယ်လို့ မသိပါဘူး။ ရေးဖြေနဲ့ နှုတ်ဖြေအောင်ရင် မဟာဝိဇ္ဇာဖြစ်သွားနိုင်တာကိုး။ ရွှေပြည်ကြီးရဲ့ မြန်မာအမျိုးသား ခရစ်ယန်ဘာသာဝင် ပါဠိ ပါမောက္ခ ဦးဖေမောင်တင်ဟာ ကာလကတ္တားတက္ကသိုလ်က ကျင်းပတဲ့ မဟာဝိဇ္ဇာစာမေးပွဲကို နှစ်နှစ်နဲ့ ဖြေဆိုအောင်မြင်ခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ ဒီလိုနဲ့ သူလည်း မဟာဝိဇ္ဇာဖြစ်ခဲ့ရတာပါ။ (အ၀ိဇ္ဇာလက်ကျန်တွေ ထူထပ်နေသေးတာကတော့ ပုဂ္ဂလိကဖြေရှင်းရမယ့် အတွင်းရေးကိစ္စပါ။ ရွှေပြည်ကြီးက မဟာဝိဇ္ဇာဘွဲ့ရ နာမည်ကျော်ဝေဘန်ရေးဆရာကြီးတစ်ဦးကို ကာတွန်းဆရာတွေက မဟာအ၀ိဇ္ဇာကြီး လို့ခေါ်တာ အမှတ်ရပြီး ပြုံးမိပါသေးတယ်။)

သင်ပေးရမယ့် ဘာသာရပ်တွေက ပါဠိသဒ္ဒါ၊ အဘိဓမ္မာနဲ့ ပိဋကတ်စာပေ ကောက်နှုတ်ချက် ဘာသာရပ်တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က သင်ကြားပို့ချပေးခဲ့ရတဲ့ အတွေ့အကြုံဟာ ပညာသင် နှစ်အသစ်အတွက် တွန်းအားဖြစ်ခဲ့သလို ယုံကြည်မှုလည်း ပိုရခဲ့ပါတယ်။ အချိန်ပိုပါဠိ အထူး သင်တန်း တက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူအချို့ဟာလည်း သူ့ကို ယုံကြည်ကိုးစားစွာ ပါဠိကို အထူးပြုဘာသာရပ်အဖြစ် ယူလာကြပါတယ်။

ရက်ပိုင်း လပိုင်းအတွင်း ပါဠိဘာသာကို နားလည်သွားစေနိုင်တဲ့ နည်းစနစ်တွေကို ရွှေပြည်ကြီးရဲ့ ကျောင်းတော်ပရိဝုဏ်တွေက မွေးစားယူသင့်နေပါပြီ။ အခုလောလောဆယ်တော့ ဂျာမဏီမှာ မြတ်ရောင်နီအရှင်တေဇောဘာသနဲ့ စင်ကာပူမှာ မင်္ဂလာဝိဟာရ ဒေါက်တာ အရှင်အာစာရတို့ဟာ မြန်ကောင်းသက်သာနည်းတွေနဲ့ ပါဠိဘာသာကို ပို့ချပေးနေကြပါပြီ။ ပြောရရင်တော့ မြန်ကောင်း သက်သာနည်းဆိုတဲ့ စာအုပ်တွေကို အနောက်တိုင်းသားတွေက အရှေ့တိုင်းကို လာပြီး ထေရ၀ါဒဘုန်းတော်ကြီးတွေဆီမှာ ရိုးရာနည်းနဲ့ ခက်ခက်ခဲခဲသင်ပြီး ခေတ်မီနည်းနဲ့ လွယ်အောင် တီထွင်ကြတာပါ။ အဲဒါကိုပဲ အင်္ဂလိပ်စာတတ် သီဟိုဠ် ရဟန်းတော်တွေက ပိုမိုကောင်းမွန်အောင် မွမ်းမံပြုပြင်ပြီး ဖြန့်ဝေနေကြတာပါ။ ခေတ်အဆက်ဆက်မြန်မာရဟန်းတော်တွေဟာ ပါဠိဘာသာနဲ့ ပတ်သက်ရင် သီဟိုဠ်လက်က မလွတ်အောင်ကို ဖြစ်နေပါရောလားလို့ ညီးတွားမိပါသေးရဲ၊ ပုဂံခေတ်က အရှင်အဂ္ဂ၀ံသရဲ့ သဒ္ဒနီတိကျမ်းကြီးတစ်ကျမ်းရှိပေလို့သာ တော်တော့တယ်။

(တကယ်ဆိုတော့ ရွှေပြည်ကြီးဟာ ပါဠိဘာသာနဲ့ပတ်သက်ရင် လက်မထောင်နိုင်တယ်။ လက်မထောင်နိုင်တဲ့ အားထုတ်မှုလည်း အမှန်တကယ်ရှိခဲ့တယ်၊ ရှိနေဆဲ ဆိုတာ ၀န်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်နည်း စနစ်ခေတ်မမီတော့ခြင်းနဲ့ နိုင်ငံတကာမှာ ပါဠိစာပေပြန့်ပွားအောင် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း တို့ကတော့ အားနည်းချက်ဖြစ်နေခဲ့ပါပြီ။ ဆဋ္ဌသံဂါယနာမျိုးဆက်အထိ ပါဠိပညာရှင်မဟာထေရ်တို့ဟာ ခေတ်ရဲ့ တောင်းဆိုချက် တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ခဲ့ကြပြီးပါပြီ။ နိုင်ငံတကာစာကြည့်တိုက်ကြီးတွေနဲ့ တက္ကသိုလ်ပိဋကတ်တိုက်ကြီးတွေမှာ ဆဋ္ဌသံဂါယနာမူပါဠိပိဋကတ်ကျမ်းစာတော်တွေ ရွှေရောင် တ၀င်းဝင်းရှိနေခဲ့ပါပြီ။ အဲဒီဆဋ္ဌသံဂါယနာရဲ့ ကြီးမားသိပ်သည်းတဲ့ အရိပ်ဟာ မျိုးဆက်သစ် မြန်မာ ရဟန်းတော်များရဲ့ ပုခုံးသားပေါ် အရှိန်ပြင်းပြင်း ထိုးကျလာပါပြီ။ မြန်မာရဟန်းတော်တွေ မြင်ရင် ပါဠိနဲ့ အဘိဓမ္မာတတ်ပွန်ပြီးသားလို့ ယုံကြည်ကိုးစား ချဉ်းကပ်တာမျိုး ရှိလာပါပြီ။ တတ်ကျွမ်းတာကတော့ အခြားထေရ၀ါဒနိုင်ငံက ရဟန်းတော်တွေနဲ့ ယှဉ်ရင် ထိပ်တန်းမှာ ရှိပါသေးတယ်။ ဒါပေမယ့် ဘယ်လိုဖြန့် ဝေပေးရမလဲဆိုတာ အဆင်သင့်ရှိနေကြဖို့ပါ။ )

သူ့ရဲ့ ပါဠိဌာနပါမောက္ခဒေါက်တာ အက်စ် ကူမာရ်ကတော့ “ ဘန္တေဂျီး ရောက်လာတော့ ပါဠိဌာနမှာ ကျောင်းသား ပိုများလာတယ်” လို့ အားပေးစကားပြောပါတယ်။ အမှန်တကယ်တော့ သူလည်း ဒကာတော် ဖိုးအောင်ဆန်းကြီးမိန့်သလို “ ပြဲနေအောင် လုပ်ရတာပါ” ။

ဒီလိုနဲ့ ဒီရက်ပိုင်းအတွင်းမှာ ဓမ္မဂင်္ဂါဟာ စီးနှုံးနှေးခဲ့ရပါတယ်။

ဓမ္မဂင်္ဂါ
၂၆-၀၇-၂၀၁၀

စာကြွင်း၊ ဒီရက်ပိုင်းအတွင်းမှာ အိန္ဒိယနိုင်ငံဆိုင် ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ ကြီး ရဲ့ ဧဟိသွာဂတံ ၀က်ဘ်ဆိုဒ် ပီပီပြင်ပြင် ဖြစ်မြောက်ဖို့အတွက် ပံ့ပိုးပေးကြတဲ့ Bliss Foundation မိသားစု၊ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းနဲ့ စေတနာရှင်မလေးတို့ကို အထူးကျေးဇူးတင်ရပါတယ်။ အဖွဲ့ဝင် ရဟန်းတော်တွေဆီက ဓမ္မဆောင်းပါး၊ ဓမ္မကဗျာများ၊ မဇ္ဈိမဒေသအတွေ့အကြုံနဲ့ တက္ကသိုလ် ပညာရေးဆောင်းပါးတွေ ပေးပို့ကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။

15 May, 2010

ဓမ္မဂင်္ဂါဖိုင်တွဲ

(၁၃-၀၄-၂၀၁၀)
ကြာသပတေးနေ့


အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ ဧကာဒသမနှစ်လည်ဗဟို အလုပ် အမှုဆောင်အဖွဲ့၏ ပထမလေးလပတ်အစည်းဝေးတက်ရောက်ရန် ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ သွားကြ မည်။

နံနက် ၁၀း၀၀ တွင် တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲသို့ ၀င်လိုက်သည်။ ရုံးခန်းတွင် ၀င်၍ လက်မှတ်ထိုး၏။ တက္ကသိုလ် ကမလ်ရှီလ် ခန်းမကြီးတွင် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေနေကြသည်။ အခန်းစောင့်ကျနေသော အင်္ဂလိပ်စာ ဆရာမ ဒေါက်တာ ဘနာဂျီးက သူ၏ “နမစတေး“ ဟု ဟင်ဒီဘာသာဖြင့် နှုတ်ဆက်ခြင်းကို “ မောနင်း ”ဟု ထုံးစံအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ပြုံးချိုစွာ ပြန်လည်နှုတ်ဆက်သည်။ သူမက ကာလကတ္တားဇာတိ ဘင်္ဂါလီအမျိုးသမီးဖြစ်သည်။ တိဘက်တက္ကသိုလ်တွင် အင်္ဂလိပ်စာဌာန တွဲဘက်ပါမောက္ခ အဖြစ်ထမ်းဆောင် နေသည်။ သူမ၏ အင်္ဂလိပ်အသံထွက်က ကုလားသံလုံးဝမ၀ဲ၊ ဘိုသံအစစ်ပေါက်အောင် သေချာလုပ်ပြောနေ သလားထင်ရအောင် ပြောတတ်သည်။

ထို့နောက် တက္ကသိုလ်မုခ်ဦးတွင် စောင့်နေကြသူများနှင့်အတူ မိဂဒါဝုန်မှ စုရပ်ဖြစ်သည့် ဗာရာဏသီမြို့ထဲရှိ ဆေးဝင်္ကဘာမြန်မာကျောင်းသို့ အော်တိုကားလေးတစ်စီးငှါးကာ ထွက်လာခဲ့ကြ၏။ ဆေးဝင်္ကဘာ မြန်မာကျောင်းတွင် နေ့ဆွမ်းစားကြသည်။ ဆွမ်းစားပြီးသည်နှင့် အသင့်ငှားထားသည့် ကားပေါ်တွင် တက်ရောက် နေရာယူကြသည်။ ကားကတော့ မြန်မာပြည်မှာ လူပြောအများဆုံးကား” အပြာရောင်” အဆင်းရှိသော သီးသန့်လူစီးယာဉ်ဖြစ်သည်။ (အမှန်တကယ်ပင် “ကားပြာလေး”နှင့် တူကြောင်း လမ်းတစ်လျှောက်ဂိတ်များတွင် ပို၍ ထင်ရှားသည်။ စစ်ဆေးရေးဂိတ်များက ကား၏ အမှတ်အသားတစ်ခုခုကို လိုက်ရှာကြခြင်းမျိုးဖြစ်သည်။)

ပထမဆုံး ဗာရာဏသီသက္ကတတက္ကသိုလ် အပြည်ပြည်ဆိုင်ရာကျောင်းသားဆောင်(International Hostel)သို့ ၀င်ကာ အဖွဲ့ရုံးချုပ်အတွက် ဒသမနှစ်လည်အထိမ်းအမှတ်စာစောင်များ ကားပေါ်တင်ကြသည်။ နေရာ အခက်အခဲကြောင့် အုပ်ရေနှစ်ရာတိတိသာသယ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် ဗာရာဏသီဟိန္ဒူ တက္ကသိုလ်ကြီးသို့ ၀င်ကာ အပြည်ပြည်ဆိုင်ရာကျောင်းသားဆောင်(International Flat)မှ အဖွဲ့အမှုဆောင် ရဟန်းတော်များကို ကြိုကြ၏။

ဗာရာဏသီမှ လူစုံ၍ ကားစထွက်တော့ ၁၂း၃၀ ။ ထိုအချိန်မှာပင် တိဘက်တက္ကသိုလ်အဓိပတိရုံးခန်းမှ ဖုန်းဝင်လာသည်။ “ဘန္တေကြီး ခု ဘယ်မှာပါလဲ၊ အဓိပတိကြီးက ဘန္တေကြီးကို တွေ့ချင်နေပါတယ်”။ အကျိုးအကြောင်းရှင်းပြလိုက်ရသည်၊ "'Now I am on the way to Bodh Gaya''.

ဗာရာဏသီမှ အစည်းအဝေးတက်ရောက်ကြမည့် ဗဟိုအမှုဆောင်များ၊ ကျောင်းနှင့် ပညာရေးကော်မတီဝင်များ
၁။ အရှင်ဓမ္မသီလာဘိဝံသ (ဒုတိယ ဥက္ကဋ္ဌ)
၂။အရှင်ဝိစိတ္တသာရ (အထွေထွေအတွင်းရေးမှူး)
၃။ အရှင်သောဘဏာလင်္ကာရ(တွဲဘက်အတွင်းရေးမှူး)
၎။အရှင်သုန္ဒရ (ဘဏ္ဍာရေးမှူး)
၅။ အရှင်ဝါယာမိန္ဒ(ပြန်ကြားရေးမှူး)
၆။ အရှင်ကောသလ္လ (စာရင်းစစ်)
၇။ ဒေါက်တာအရှင်စန္ဒိမာ(ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ)
၈။အရှင်ဉာနောဘာသာလင်္ကာရ(ပညာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး)
၉။အရှင်နန္ဒသာရ(ပညာရေးကော်မတီအဖွဲ့ဝင်)

ညနေ ၆း၀၀ နာရီခန့်တွင် ဗုဒ္ဓဂယာမြေမြတ်မဟာရှိ အဖွဲ့ပိုင်ကျောင်းတော်ကြီးသို့ ရောက်ရှိခဲ့လေသည်။ ဗုဒ္ဓဂယာသည် ဗာရာဏသီထက်ပို၍ ပူလောင်ဟန်ရှိပေ၏။ ညနက်သည်အထိ အိပ်မပျော်ကြ၊ ညနှစ်နာရီထိုး သွားမှ အိပ်ဖြစ်တော့သည်။

(၁၄-၀၅-၂၀၁၀)
သောကြာနေ့


ကျောင်းတော်၏ နံနက်စာ ကြာဆံကြော်သည် မမေ့နိုင်ဖွယ်ရာဖြစ်၏။ နေ့လည်ပိုင်းအစည်းအဝေးအတွက် ဥက္ကဌဆရာတော်နှင့်အတူ အစီအစဉ်ရေးဆွဲကြသည်။ အဖွဲ့ကြီး၏ ညီညွတ်ခိုင်မာမှု၊ အဖွဲ့ဝင်ရဟန်းတော်များ၏ ချစ်ကြည်စည်းလုံးမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောပညာရေးစီမံကိန်းများကို အထောက် အကူဖြစ်စေမည့် အချက်များကို အဓိကထားခဲ့ကြသည်။ နေ့လည်စာ ငါးကြော်နှင့် မန်းကျီးရွက်ချဉ် ရေဟင်းသည်လည်း ရာသီစာအစစ်ပင်ဖြစ်သည်။ မန်းကျီးရွက်ချဉ်ရေဟင်းကို ရှူးရှူးရှားရှား မှုတ်သောက်ကြ သည်။
နေ့လည် ၁၂း၀၀ နာရီတိတိတွင် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံဖြိုးရေး အဖွဲ့ကြီး၏ ဧကာဒသမနှစ်လည်ဗဟိုအလုပ်အမှုဆောင် ပထမလေးလပတ်အစည်းအဝေး စတင်သည်။ ဗာရာဏသီဌာန၊ မဂဓဌာနနှင့် နာလန္ဒဌာနအသီးသီးရှိ ဗဟိုအမှုဆောင်များ၊ ကျောင်းတော်ကြီး ထိန်းသိမ်းစောင့် ရှောက်ရေးကော်မတီဝင်များ၊ ပညာရေးကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

သဘာပတိ အရှင်ပညာသာမိ( ဥက္ကဌ)
အခမ်းအနားမှူး အရှင်ဝိစိတ္တသာရ (အထွေထွေအတွင်းရေးမှူး)

အခမ်းအနားအစီအစဉ်များ
၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို စတင်ဖွင့်လှစ်ရန်
၂။ အစည်းအဝေးသဘာပတိ အဖွဲ့ဥက္ကဌဆရာတော်မှ အဖွင့်အမှာစကားလျှောက်ထားရန်
၃။ ဗာရာဏသီဌာန၊ မဂဓဌာန နှင့် နာလန္ဒဌာန၊ ဌာနကြီးသုံးခု၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ ဘဏ္ဍာရေးရှင်းတမ်းများ တင်သွင်းဖတ်ကြားရန်
၎။ အဖွဲ့ကြီး၏ ပထမလေးလပတ်သက်တမ်းကာလအတွင်း ဌာနအသီးသီးတွင် ဖွင့်လှစ်ခဲ့သည့် ပညာရေးသင်တန်းများဆိုင်ရာအစီအရင်ခံစာနှင့် ပညာရေးကော်မတီဥပဒေမူကြမ်းတင်သွင်းခြင်း
၅။ အဖွဲ့ပိုင်ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥပဒေမူကြမ်းတင်သွင်းရေးနှင့် အဖွဲ့ကြီး၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာမူသတ်မှတ်ရေးဆွေးနွေးကြရန်
၆။ အဖွဲကြီး၏ ပထမလေးလပတ်ကာလအတွင်း သာသနာရေးဆိုင်ရာ အထွေထွေလုပ်ငန်း ရပ်များဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဒုတိယလေးလပတ်ကာလတွင် ဆက်လက်ဆောင်ရွက်သွားကြမည့် သာသနာရေးဆိုင်ရာလုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ရေးနှင့် အထွေထွေကဏ္ဍကို ဆွေးနွေးကြရန်
၇။ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို အစည်းအဝေးကို ရုပ်သိမ်းရန်

၁၂း၀၀ နာရီတွင် စတင်သော အစည်းအဝေးသည် ၀၂း၄၅ နာရီတွင် ပြီးဆုံးသည်။ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးငြင်းခုန်ခွင့်ရှိသော အစည်းအဝေးဖြစ်၍ အဖွဲ့ကြီးအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေနိုင်သော ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များဖြင့် အစည်းအဝေးကို အောင်မြင်စွာ ပျော်ရွှင်ကြည်နူးစွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။ (အစည်းအဝေးမှတ်တမ်းအပြည့်အစုံကို အဖွဲ့ကြီး၏ ဧဟိ သွာဂတံ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြပေးပါလိမ့်မည်။ )

အစည်းအဝေးပြီး၍ ဌာနအသီးသီးစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပြီးသည်နှင့် အသင့်စောင့်နေသည့် ကားပြာလေးပေါ်တွင် တက်ရောက်နေရာယူကြသည်။ သို့သော် အပြန်ခရီးမှာတော့ လူမစုံတော့ပါ။ အမှုဆောင်ရဟန်းတော်အချို့က ရွှေပြည်ကြီးသို့ နွေရာသီ ကျောင်းပိတ်ရက် ခဏတာ ပြန်ကြမည်မို့ ဂယာမှာ နေခဲ့ကြသည်။ အားလုံးကို လက်အုပ်ချီကာ နှုတ်ဆက်။ ညီညွတ်ငြိမ်းချမ်းပျော်ရွှင်ကြစေသတည်း။ ဗာရာဏသီရောက်တော့ ည ၇း၄၅ မိနစ်ခန့်ရှိလေပြီ။

(၁၅-၀၅-၂၀၁၀)
စနေနေ့

တိဘက်တက္ကသိုလ်သည် စနေနေ့တွင်လည်း ရုံးပိတ်ကျောင်းပိတ်သည်မဟုတ်။ နားရက်တစ်ရက်သာ ထားသည်။ ဆရာများ နားနေခန်း(Teacher's Common Room)တွင် လက်မှတ်ထိုးပြီးသည်နှင့် တက္ကသိုလ်အဓိပတိရုံးခန်းသို့ ရောက်သွားသည်၊ အဓိပတိ၏ ကိုယ်ရေးအရာရှိက ညနေ ၃း၃၀ နာရီမှာ တွေ့ဆုံဖို့ ပြောသည်။ သို့နှင့် မစ္စတာပါရဂူ၏ မိဂဒါဝုန်အိမ်သစ်သို့ နေ့လည်စာစာရန် ရောက်သွားသည်။ မော်ဒန်တောရတွင် ဘာဟင်းမှ ချက်မထားပါ။ ခပ်တည်တည်ဧည့်သည်လုပ်ခြင်းသည် ပို၍ လုံခြုံလိမ့်မည်။ ကိုးန၀င်းကလည်း ဖိတ်ထားသေးသည်။ ကိုးန၀င်းက ဟင်းကောင်းချက်မည်ဟု သတင်းရပြီးသည့်တိုင် မစ္စတာပါရဂူ၏ မြန်မာ့ရိုးရာ ပဲပင်ပေါက်ဟင်းဆီ စိတ်ရောက်သွားသည်။

နေ့လည် ၃း၃၀ နာရီမှာတော့ တိဘက်တက္ကသိုလ်အဓိပတိရုံးခန်းသို့ရောက်သွားသည်။ ချိန်းဆိုထားသည့် နာရီအတိအကျတွင် အဓိပတိလားမားကြီးနှင့် တွေ့ဆုံစကားပြောရသည်။ အဓိပတိလားမားကြီးက ယဉ်ကျေးပျူငှာစွာ ကြိုဆိုသည်။ အချင်းချင်းလက်အုပ်ချီကာ အသိအမှတ်ပြုနှုတ်ဆက်ခြင်းကတော့ အသားကျနေခဲ့ပြီ။

အဓိပတိလားမားကြီးက သူဖွင့်လှစ်ခဲ့သည့် ပါဠိအထူးသင်တန်းကို ဂုဏ်ပြုစကားပြောသည်။ သူ့သင်တန်းတက် ရောက်ခဲ့သူများထံမှ အဓိပတိက စုံစမ်းထားပြီးဖြစ်သည်။ ထို့နောက် နောက်နှစ်ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည့် ပညာသင်နှစ်တွင် ၀ိဇ္ဖာကြိုတန်း၊ ၀ိဇ္ဖာအောက်တန်းနှင့် ၀ိဇ္ဖာတန်းတို့ကို ဦးစီးသင်ကြားပေးရန်နှင့် ထိုအတန်းများတွင် သင်ကြားရန်သင်ရိုးညွှန်းတမ်းများရေးဆွဲပေးရန် တိုက်တွန်းခဲ့သည်။ ယမန်နှစ်က ကျောင်းသူကျောင်းသားများအတွက် ဖွင့်လှစ်ခဲ့သော ပါဠိအထူးသင်တန်း (स्पेशल पली कुरसे) အပြင် တက္ကသိုလ်ဆရာဆရာမများနှင့် ၀န်ထမ်းများအတွက်ပါ တိုးချဲ့ သင်ကြားပေးစေ လိုကြောင်း တိုက်တွန်းပြန်ပါသည်။ နည်းနည်းတော့ ပုခုံးတွန့်သွား၏။ ဂျက်ကွမ်းခြံကုန်းကြီး၏ “ ငါကား ဖြစ်ချေပြီ” အချိုးမျိုးဖြစ်သွားမှာလည်း စိုးမိသေး၏။

ထိုမျှဖြင့် မပြီးသေးပါ။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိဘက်တက္ကသိုလ်မှ ကြီးမှူးကျင်းပမည့် နိုင်ငံတကာဗုဒ္ဓ၀ိနည်းဆိုင်ရာညီလာခံကြီးတွင် တက်ရောက်ရန် မြန်မာနိုင်ငံမှ ပါဠိပိဋကတ်ပညာရှင် ဆရာတော်ကြီးများပင့်ဆောင်ရေးအတွက် အမည်စာရင်းတင်သွင်းပေးရန်လည်း တိုက်တွန်းပြန်ပါသည်။ မဟာယာနထေရ၀ါဒရဟန်းတော်များ၏ ၀ိနည်းဓမ္မကံဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ပါတိမောက္ခ ကျင့်ဝတ်များအကြောင်းစာတမ်းများတင်သွင်းဖတ်ကြားမည့် ညီလာခံကြီးတစ်ခုဖြစ်ကြောင်းနှင့် ရှေးရိုးစွဲ (Conservative) အမြင်မျိုးမရှိဘဲ လွတ်လပ်ပွင့်လင်းသောအမြင်ရှိသည့် အင်္ဂလိပ်စကားဖြင့်ပြောဆိုဆွေး နွေးနိုင်မည့် စီနီယာဆရာတော်ကြီးများနှင့် ဂျူနီယာရဟန်းတော်များ (၈)ပါးခန့်ကို ဖိတ်ကြားလိုပါကြောင်း ပြောပါသည်။

ယခင် (၂၄-၀၅-၂၀၁၀) က တက္ကသိုလ်အဓိပတိကို သီတဂူဆရာတော်ဘုရားကြီးအကြောင်း မိတ်ဆက်ပြောခဲ့ဖူးသည်ဖြစ်၍ သီတဂူဆရာတော်ကြီးကိုလည်း အထူးဖိတ်ကြားလိုကြောင်းလည်း ပြောဆိုသည်။ အဓိပတိလားမားကြီး၏ စကားအစဉ်တွင် မြန်မာရဟန်းတော်များ၏ ပါဠိပိဋကတ်အစဉ်အလာကို လေးစားကြောင်း ထပ်တလဲလဲ ပြသပါသည်။ ကောင်းလေစွ။

သို့နှင့် သည်ရက်ပိုင်းအတွင်း ဘလော့စာမျက်နှာတွင် အသံတိတ်သွားခဲ့ရပါကြောင်း။