Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

31 March, 2014

ဓမ္မဂင်္ဂါအွန်လိုင်းချက်တင်းဓမ္မသဘင်

မန္တလေးသာသနာ့တက္ကသိုလ်ဘွဲ့နှင်းခန်းမကြီး


၂၀၁၁ ခု ဧပြီလ ၁၄ ရက် (မဟာသင်္ကြန်တော်အကျနေ့)။ မြန်မာစံတော်ချိန် နေ့လည် ၂း၀၀ နာရီတိတိ

မန္တလေးမြို့၊ နန်းတော်ရှေ့က၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းဓမ္မာရုံကြီးထဲမှာ ဒုလ္လဘ ရဟန်းတော် အပါးသုံးရာခန့်ဟာ အသင့်နေရာယူပြီး ဖြစ်နေလိမ့်မယ်..။ ဒုလ္လဘ ရဟန်းတော် သုံးရာရှေ့မှာတော့ ပရိုဂျက်တာနဲ့ ထိုးပြဖို့ ပိတ်ကားဖြူဖြူကြီးတစ်ခု ထောင်ထားပေလိမ့်မယ်..။
သူကတော့ သူ့ရဲ့ နုတ်တ်ဘွတ်ခ်လေးကို ဖွင့်ထားလိုက်ပြီ။ အင်တာနက်ကွန်ယက်ကို ချိတ်ဆက်ကာ Gtalk ကိုလည်း အသင့်ပြင်ထားလိုက်ပြီ.။ ကော်နက်ရှင်းကောင်းနေတာ ကျေးဇူးတင်စရာပဲ..။ ဒါပေမယ့် ဗာရာဏသီမြို့တော်ရဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ကော်နက်ရှင်းကို စိတ်မချလို့ မိတ်ဆွေရဟန်းတော်နှစ်ပါးရဲ့ လက်ပ်တော့နှစ်လုံးကိုလည်း သူ့အခန်းထဲကို ရွှေ့ပြီး ဂျီတော့ခ်အကောင့်တ်ကို အရံဖွင့်ထားရသေးတယ်..။ တစ်ခုပျက်ရင် တစ်ခု.. ဓမ္မဒေသနာပွဲကိုတော့ အပျက်ခံလို့ မဖြစ်..။

အွန်လိုင်းချက်တင်းတရားပွဲရယ် လို့ စိတ်ကူးအတွေးရတဲ့ လက်ထောက်မော်ကွန်းထိန်း ဆရာတော်အရှင်ကုမုဒကလည်း မိုက်ခရိုဖုန်းကို ကိုင်ပြီး အသင့်စောင့်နေပြီဆိုတာ သေချာနေပြီ..။ သူ ချက်တင်းထဲမှာ ရိုက်ထည့်သမျှကို မော်ကွန်းထိန်းအရှင်က ထပ်ဆင့်ရှင်းပြမှာပါ..။ ပိုပြီးထိရောက်အောင် လိုအပ်တဲ့ ဓါတ်ပုံအချို့ကိုလည်း ပရိုဂျက်တာနဲ့ ထိုးပြမယ်..။ သူ ဗာရာဏသီ၊ မိဂဒါဝုန်လမ်းကနေ တချောက်ချောက်ရိုက်နေတဲ့ စာလုံးတွေက မန္တလေး နန်းတော်ရှေ့က ပရိုဂျက်တာပြကွက်ပေါ်မှာ တဖျောက်ဖျောက်ပေါ်နေပေလိမ့်မယ်။ စာလုံးတွေက အသံအဖြစ်ပြောင်းလဲပြီး ဓမ္မဒေသနာအသွင် ဆောင်သွားပေလိမ့်မယ်..။ ကောင်းပါဘိ အွန်လိုင်းချက်တင်း ဓမ္မသဘင်..။

'' အဆင်သင့်ဖြစ်နေပြီ အရှင်ဘုရား..အရှင်ဘုရားရဲ့ အကြောင်းလည်း မိတ်ဆက်လျှောက်ထားပြီးပါပြီ.. တရားပွဲစမယ်ဆို စလို့ ရပါပြီ..။'' ကဲတရားပွဲစပါပြီ..။ အရှင်ကုမုဒက '' မှန်ပါဘုရား၊ ဆက်ပါဘုရား..၊ ခဏစောင့်ပါဘုရား၊ '' စသည် တရားထောက်ပေးပါတယ်..။ မျက်နှာပူစရာကောင်းတဲ့ တရားကို မျက်နှာမပြဘဲ ဟောရတာ ကြုံတောင့်ကြုံခဲ..။

ဂျိန်းအထူးတရား

(ထူးတယ် လို့ သတင်းပြန်ကြားရလို့.. အထူးတရားလို့ တပ်လိုက်တာပါ..။)
''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်၊ နန်းတော်ရှေ့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊(မန္တလေး)မှာ သီတင်းသုံးနေတော်မူကြတဲ့ သင်ကြားစီမံ ဆရာတော်များကို ဂါရ၀ပြုရင်း သင်္ကြန်တော်ကာလမှာ ဒုလ္လဘသာသနာကို အရယူကြတဲ့ အရှင်မြတ်သုံးရာတို့ကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့တော်၊ မိဂဒါဝုန်လမ်းကနေ မင်္ဂလာပါနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၀မ်းမြောက်ဝမ်းသာနှုတ်ခွန်းဆက်သအပ်ပါတယ်..။

ဒီအွန်လိုင်းတရားပွဲဖြစ်မြောက်အောင် ဆက်သွယ်ဆောင်ရွက်ပေးခဲ့တဲ့ လက်ထောက်မော်ကွန်းထိန်းဆရာတော် အရှင်ကုမုဒကို ကျေးဇူးတင်ကြောင်း လျှောက်ထားလိုက်ပါတယ်..။
တပည့်တော်နေတဲ့ ဗာရာဏသီဆိုတာကို မိဂဒါဝုန်တောနဲ့တွဲပြီးသိလေ့ရှိပါတယ်။ ဗုဒ္ဓဘုရားရှင် ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဓမ္မစကြာ တရားဦး ဟောရာအဖြစ် ဗုဒ္ဓဘာသာဝင်တိုင်းက မြတ်နိုးတသ အနုဿတိပွားလေ့ရှိကြပါတယ် ။ ဘုရားရှင်ကိုယ်တော်တိုင် နောက်ဆုံးပရိနိဗ္ဗာန်စံဝင်ခါနီးကာလမှာ ရှင်အာနန္ဒာကို မှာကြားခဲ့တဲ့ သံဝေဇနိယလေးဌာန အပါအ၀င်၊ နေရာမြတ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြောရရင်တော့ ရတနာသုံးပါးမှာ သံဃာရတနာမွေးဖွားရာပါပဲ။ လုမ္ဗိနီကို ဘုရားရတနာ မွေးဖွားရာ(The Birth place of the Buddha) လို့ ခေါ်ကြပါတယ်။ သစ္စာလေးပါးသိမြင်ရာ ဗုဒ္ဓဂယာကိုတော့ တရားရတနာ မွေးဖွားရာ(The Birth place of Dhamma)လို့ ဂုဏ်တင်နာမည်ပေးကြပါတယ်။
ဒီတော့ ဗုဒ္ဓအရှင်ရဲ့ မဇ္ဈိမပဋိပဒါအကျင့်မြတ်ကို နှစ်ခြိုက်လက်ခံပြီး သာသနာတော်တွင်း ၀င်ရောက်လိုတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကိုဧဟိ ဘိက္ခုခေါ်ပြီး ရဟန်းအဖြစ်အသိအမှတ်ပြုတော်မူတဲ့ မိဂဒါဝုန်ဟာလည်း သံဃာရတနာ မွေးဖွားရာ(The Birth place of Samgha) မြင့်မြတ်တဲ့ သဘာဝသိမ်တော်ဖြစ်ပါတယ်။
စက်တင်ဘာလကစပြီး ဧပြီလအထိ ဘုရားဖူးရာသီတွေမှာတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာနဲ့အ၀ှမ်းက ဗုဒ္ဓဘာသာတွေဟာ သံဝေဇနိယလေးဌာမှာ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခြေရာတော်နောက်ကို သစ္စာအငွေ့ ပြန်ကောက်ကြတဲ့အနေနဲ့ ဘုရားဖူးရောက်လာကြပါတယ် ။ ဗုဒ္ဓ ကျောင်းတော်ရာတွေမှာ ဘုရားဖူးတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဝတ်ပြုဟန်နဲ့ စည်းဝါးနရီအမျိုးမျိုး တရားဓမ္မ ရွတ်ဖတ်သံတွေနဲ့ စည်စည်ဝေေ၀ရှိနေတတ်ပါတယ်။
တပည့်တော်ကိုယ်တိုင်လည်း သံဝေဇနိယလမ်းအတိုင်း သုံးကြိမ်တိတိလျှောက်ခဲ့ပြီးပါပြီ။ တပည့်တော်ငှါးနေတဲ့ အိမ်ခန်းလေးက မိဂဒါဝုန်တံတိုင်းနားမှာ ရှိခဲ့ဖူးတော့ နေ့စဉ်ဓမ္မတေးတွေကိုလည်း အနီးကပ်ကြား နာခွင့်ရခဲ့တာပေါ့ဘုရား ။ တစ်ခါတစ်ရံမှာတော့ သီးခြား ရောက်လာတတ်တဲ့ ဘုရားဖူးတစ်ဦးစနှစ်ဦးစကိုလည်း ဘုရားဖူးလမ်းညွှန်အဖြစ် မိဂဒါဝုန်တောထဲ အတူလျှောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ၀ါဆိုလပြည့်ည တစ်ညဆီ ရောက်အောင်ပို့ဖြစ်ခဲ့ပါတယ်။ ဘုရားရှင်က ပဉ္စ၀ဂ္ဂီရဟန်းငါးဦးကို ဓမ္မစကြာတရားတော်ဟောတော်မူတဲ့ အကြောင်း ရှင်းပြဖြစ်တာပါ..။

မိဂဒါဝုန်တောက အထွက်မှာတော့ တပည့်တော်အနေနဲ့ မဖြစ်မနေရှင်းပြရတာက ဂျိန်းဘုရားအကြောင်းပါပဲ။ အနတ္တလက္ခ ဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီတော်ကြီးနဲ့အပြိုင် ဂျိန်းဘုရားကျောင်းတစ်ခုနဲ့ ဂျိန်းဘုရားရုပ်တုကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဖူးတွေ့လိုက်ကြရတာကိုး။

အနတ္တလက္ခဏသုတ်ဟောရာ မိဂဒါဝုန်ဓမ္မေခစေတီနဲ့ အပြိုင် ဂျိန်းဘုရားကျောင်း

ဂျိန်းဘုရားကျောင်းတွေက ဗုဒ္ဓဘုရားကျောင်းတွေရှိတဲ့နေရာတိုင်းမှာ အပြိုင်ဆောက်လေ့ရှိပါတယ်။ အကုန်လုံးက ဆင်တူရိုးမှားတွေလည်း လုပ်လေ့ရှိတာမို့ ရုပ်တုမြင်တိုင်း ဦးချချင်တဲ့ မြန်မာပြည်က ဘုရားဖူးလာကြတဲ့ အမျိုးတွေကို ဆွဲဆွဲ ထားရပါသေးတယ်။ ဟုတ်ပ သူရို့ကိုယ်တော်ကြီးကလည်း ဗုဒ္ဓနဲ့မတူတူအောင်ကို ထုဆစ်ထားတာကလား။ အဲ သင်္ကန်းမပါတာက လွဲလို့ပေါ့လေ...

ဗုဒ္ဓဘုရားရှင်လက်ထက်က ကောသလမင်းကြီးကို ငွေတစ်သိန်းလာဘ်ထိုးပြီး ဇေတ၀န်ကျောင်းတော်နဲ့ သာဝတ္ထိမြို့တော်ကြားမှာ ကျောင်းဆောက်ခဲ့တာလည်း ဂျိန်းကိုယ်တော်ကြီးတွေပေါ့ဘုရား..။ ဘုရားရှင်နဲ့ သံဃာတော်အရှင်မြတ်တွေကို ဖူးဖို့ လာကြတဲ့ ရပ်ဝေးရပ်နီးဒကာ၊ဒကာမတွေ မျက်စိရှက်စရာ အခက်ကြုံတဲ့ အတွက် ဘုရားရှင်ကိုယ်တော်တိုင် သံဃာတော်တွေကို ဦးဆောင်ပြီး နန်းတော်ရှေ့ကို ကြွကာ ဆန္ဒဖော်ထုတ်တော်မူလို့ ကောသလမင်းကြီးက တိတ္တိတွေဆီကနေ ပြန်ဝယ်ပြီး ဘိက္ခုနီရဟန်းမတွေအတွက် ရာဇိကာရုံဆိုတဲ့ မင်းကျောင်းဆောက်လှူခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်..။
ဂျိန်းဘုန်းကြီးများ အစည်းအဝေးအခန်းအနားမြင်ကွင်း
အသောကမင်းတရားကြီးဟာလည်း မိရိုးဖလာဂျိန်းဘာသာဝင်ဧကရာဇ်ကြီးဖြစ်ပါတယ်.။ နန်းတော်ထဲမှာ ဆွမ်းစားကြွတော်မူကြတဲ့ ဂျိန်းကိုယ်တော်ကြီးတွေရဲ့ မဖွယ်မရာအသွင်အပြင်တွေကို စိတ်ပျက်နေတဲ့ အချိန်မှာ နိဂြောဓရဟန္တာကိုရင်လေးရဲ့ အပ္ပမာဒတရားနာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တာပါ..။
ဂျိန်းဆိုတာက ပါဠိဘာသာဇိန(Jina)ဆိုတဲ့စကားလုံးက ဆင်းသက်တာပါ။ နိုင်ငံတကာအသံနဲ့ဖတ်တော့ ဂျိန-ဂျိန်းလို့ဖြစ်သွားတာပါ။ အောင်နိုင်သူကြီးရယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူက ဗုဒ္ဓနဲ့ခေတ်ပြိုင်ဖြစ်သလို ခတ္တိယအမျိုးအနွယ်ချင်းလည်းတူ တောထွက်တာလည်း တူပါတယ်။
ဗုဒ္ဓက ကပိလ၀တ္ထုက သကျခတ္တိယဖြစ်ပြီး ဂျိန်းကိုယ်တော်ကြီးကတော့ ဝေသာလီက နာဋခတ္တိယမျိုးပါ။ ဗုဒ္ဓအရှင်က ဇနီးနဲ့သားကို စွန့်ခဲ့သလို ဂျိန်း ကိုယ်တော်ကြီးကလည်း ဇနီးနဲ့သမီးကို စွန့်ခဲ့တယ်လို့ ဆိုပါတယ်။ တောထွက်တာချင်းတူပေမယ့် တရား သိပုံချင်းတော ကွဲသွားခဲ့ပါတယ်။
အင်း လွဲသွားတာပေါ့ဘုရား..။ ကိုယ်ပေါ်က အ၀တ်ကိုပါ ချွတ်ပစ်လိုက်တော့တာကိုး..။

ပိဋကတ်စာပေမှာတော့ နိဂဏ္ဌနာဋပုတ္တလို့ မှတ်တမ်းရှိပါတယ်။ တိတ္တိဆရာကြီးခြောက်ဦးထဲက ထင်ရှားသူတစ်ယောက်ပါ။ ကျန်တဲ့ တိတ္ထိဆရာကြီးတွေထက် ပိုမိုထင်ရှားပြီး ယနေ့တိုင်အောင် ကိုးကွယ်သူသုံးသန်းခန့်ကျန်နေပါသေးတယ်..။
နှစ်ဆယ့်တစ်ရာစုဆိုတာ ဘယ်အရေးအရာပဲဖြစ်ဖြစ် ပွင့်လင်းရာသီမို့ ဂျိန်းဘာသာရဲ့ ဘုရားမဟာဝီရကြီးရဲ့ အကြောင်းအရာအချို့ကို မျှဝေပေးလိုက်ပါတယ်..

မဟာဝီရ (နိဂဏ္ဌနာဋပုတ္တ) (ဘီစီ ၅၉၉-ဘီစီ၅၂၇)
ဇိန(ခေါ်)ဂျိန်းဘာသာရေးရဲ့ ဦးဆောင်သူ မဟာဝီရ(Mahavira) ၊ဗုဒ္ဓစာပေများမှာတော့ ဂိုဏ်းဆရာကြီးနိဂဏ္ဌနာဋပုတ္တ လို့ ဖော်ပြခြင်းခံရသူ၊ ၀ရ်ဇမန လို့လည်းအမည်တွင်သူကို ဗုဒ္ဓဂေါတမ လိုပဲ အိန္ဒိယ အရှေ့မြောက်ပိုင်း ဝေသာလီမှာ ဖွားမြင်ခဲ့ပါတယ် ။

ဗုဒ္ဓထက်အသက် ၃၆နှစ်မျှ ကြီတယ် လို့ ဆိုပါတယ်။ ဗုဒ္ဓလိုပဲ မင်းညီမင်းသားတစ်ဦးဖြစ်ပြီး အသက် ၃၀အရွယ်မှာ ဇနီးနဲ့ သမီး ၊စည်းစိမ်ကိုစွန့်ကာ တရားရှာရန် တောထွက်ခဲ့ပါတယ်။
ပရ်သွနာထဂိုဏ်းသို့ ၀င်ရောက်ပြီး ရဟန်းဝတ်နဲ့ ၁၂နှစ်တိုင်တိုင် တရားအကျင့်ကို အစွန်းရောက်တဲ့ ထိကျင့်ခဲ့ပါတယ်။ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွတ်လိုက်တာ နောက်ဆုံး သောက်ရေခွက်တောင် မကျန်တော့တဲ့ အထိပါပဲ ။ ကိုယ်ဝတ်ကိုပါစွန့်ပြီး ကိုယ်လုံးတီးနေခဲ့ပါတယ် ။ ကိုယ်ပေါ်ကို တက်လာတဲ့ ပိုးမွှား၊ခြင်၊မှက် စတဲ့ အရာတွေကို ဖယ်ရှားခြင်း၊သတ်ဖြတ်ခြင်းတောင် မပြုခဲ့ပါဘူး ။အိန္ဒိယလို ဖုန်းစားယာစကာ ပေါများတဲ့ ဒေသမှာပင် မဟာဝီရရဲ့ အမူအကျင့်တွေက ကဲ့ရဲ့ဖွယ်ဖြစ်ခဲ့ရပါတယ် ။အသက် ၄၂နှစ်ရောက်တဲ့အခါ အကျွတ်တရားကိုရပြီ၊အလုံးစုံသိမြင်သောဥာဏ်ရပြီ လို့ ကြေငြာပြီး ကွယ်လွန်ချိန်ရောက်တဲ့အထိ နှစ်ပေါင်း ၃၀လုံးလုံး တပည့်များ၊နောက်လိုက်များကို တရားဟောပြောခဲ့တယ်။ဘီစီ ၅၂၇ မှာ ကွယ်လွန်တဲ့အခါ ကြည်ညိုသူတပည့်တပန်း အများအပြား ကျန်ရှိခဲ့ပါတယ်။

မဟာဝီရရဲ့ ဟောပြောချက်များကတော့ ဗုဒ္ဓ၀ါဒ၊ဗြဟ္မဏ၀ါဒများနဲ့ ဆင်တူတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။

လူသေပြီးနောက် ဘ၀တစ်ပါးသို့ရောက်တယ် ။ဒါပေမယ့် လူ့ဘ၀သို့ ပြန်ရောက်ချင်မှရောက်မယ် အဲဒီလိုဖြစ်ရတာကတော့ ဂျိန်းဘာသာဝင်တို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ ကာရ်မ(Karma)အရဖြစ်တယ်။ ဗုဒ္ဓလက်ကိုင်ပြတဲ့ ကံနဲ့ မတူတာကတော့ ဂျိန်းတို့က ယခုဘ၀ပြုသမျှသော အကြောင်းတရားတွေဟာ နောက်ဘ၀ရောက်မှသာလျှင် အကျိုးပြုတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ။
အကုသိုလ်တရားတွေကို ချုပ်ငြိမ်းစေရန်အတွက်၊တဏှာကိုပယ်နိုင်ရန်အတွက် အလွန်ခြိုးခြံတဲ့ အကျင့်ကို ကျင့်ရန်လမ်းညွှန်ပြပါတယ်။ ငတ်ပြီးသေတဲ့အထိ ကျင့်နိုင်လျှင် သာ၍မြတ်သည်လို့ပင် အလွန်အကျူးဆိုထားပါတယ်။ ဗုဒ္ဓပယ်ထားတဲ့ အတ္တကိလမထာနုယောဂလမ်းစဉ်အတိုင်း ကျင့်နေကြတာ ထင်သာမြင်သာရှိလှပါတယ်..။

ဂျိန်းတို့ရဲ့ အရေးပါဆုံးသော တရားကတော့ နောင်တစ်ချိန်မှာ အိန္ဒိယလမ်းစဉ်၊ဂန္ဒီလမ်းစဉ်ရဲ့ အခြေခံလို့ဆိုရလောက်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ် (အဟိသ္မ)ဖြစ်သည်။ လူအချင်းချင်းမဆိုနဲ့ တိရိစ္ဆာန်တို့ကိုပင် နှိပ်စက်ခြင်းမပြုရန်တားမြစ်ထားတယ်။ ဒါ့ကြောင့် ဂျိန်းဂိုဏ်းဝင်တို့ဟာ သတ်သတ်လွတ်စားခြင်း၊တိရိစ္ဆာန် ပိုးမွှားသတ်ဖြစ်မှုမှရှောင်ကျဉ်ခြင်း တို့ကိုဆောင်ရွက်ကြရတယ်။
အစာစားလျှင် ပိုးမွှားတွေ ပါကုန်မှာစိုးလို့ အမှောင်ထဲမှာ အစာမစားကြရပါဘူး။ ထိုမျှသာမက အကျင့်ပြင်းထန်တဲ့ ဂျိန်းဂိုဏ်းဝင်များဆိုလျှင် မိမိသွားရာလမ်းများမှာ လူငှားနဲ့ တံမြက်စည်း လှည်းစေကြပါသေးတယ်။

ဘာသာရေးယုံကြည်ချက်ကြောင့် ဂျိန်းဘာသာဝင်များဟာ အလုပ်ကြမ်းကိုစွန့်လွတ်ပြီး လယ်ထွန်နွားကျောင်းအမှုကိုပင် မပြုကြတော့ဘဲ ရောင်းဝယ်သူ၊ ကုန်သည်များအဖြစ်သာ ၀ီရိယထားပြီး အသက်မွေးကြလေ့ရှိပါတယ် ။ ဒါကြောင့် ဂျိန်းဘာသာဝင်များ၊ ဂိုဏ်းဝင်များဟာ များသောအားဖြင့် ချမ်းသာတဲ့ အလွှာများဖြစ်ကြလေ့ရှိပြီး စာပေအနုပညာထွန်းပေါက်သူများအနေနဲ့ ကျန်ဘာသာဝင်များထက် အချိုးကျပိုများပါတယ်။

မူလအစက ဂျိန်းဘာသာဟာ ဗုဒ္ဓဘာသာလို လူတန်းစား ခွဲခြင်းမရှိပေမယ့် ဟိန္ဒူဝါဒရဲ့ လွှမ်းမိုးမှုခံလာရကာ ဇာတ်ခွဲခြားခြင်းရှိလာပါတယ်။ သို့သော် ဟိန္ဒူဘာသာလို ပြင်းထန်ခြင်းမရှိပါဘူး။ ဟိန္ဒူဝါဒရဲ့ လွှမ်းမိုးမှုခံရခြင်းရဲ့ အကြောင်းကတော့ ဗုဒ္ဓဘာသာကဲ့သို့ စာထက်အက္ခရာတင်ထားခဲ့ခြင်း မရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သို့သော် ဂျိန်းဝါဒသည်လည်း ဟိန္ဒူဘာသာအပါအ၀င် အခြားဘာသာများပေါ်မှာလည်း ပြန်လည်လွှမ်းမိုးခဲ့တာမျိုးလည်းရှိပါတယ်။ ဥပမာအားဖြင့် တိရိစ္ဆာန်သတ်ပြီး ယဇ်ပူဇော်ခြင်း နှင့် အသားစားခြင်းများကို ရှောင်ကျဉ်ရန် ဟိန္ဒူတို့ကို စည်းရုံးနိုင်ခဲ့တယ်။ နောင်ပိုင်းမှာ အကြမ်းမဖက်ရေး ၀ါဒဟာ အိန္ဒိယရဲ့ ရှေ့ဆောင်ဝါဒဖြစ်လာတော့တယ်။ အိန္ဒိယလွတ်လပ်ရေးရှေ့ဆောင်ကြီး ဂန္ဒီ ဆိုလျှင် ဂျိန်းဂိုဏ်းဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ ကိုဆရာတင်ပြီး အလုပ်တော်တော်များများကို ဆောင်ရွက်ခဲ့တာ ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနှင့် ဂျိန်း နှစ်ဘာသာတို့ရဲ့ နီးစပ်မှုကိုတွေ့နိုင်ပါတယ်။
ဂျိန်းဘာသာဝင် ဦးရေက အများကြီးမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာ သုံးသန်းခွဲမျှရှိတယ်လို့ သိရတယ်။ နိုင်ငံရပ်ခြားမှာ ပြန့်ပွားဖို့ ခက်လှတဲ့ ဘာသာတရားတစ်ခုလည်း ဖြစ်ပါတယ်..။
ဗုဒ္ဓကျမ်းစာများအလိုအရ မဟာဝီရ ခေါ် နိဏ္ဌဋနာလပုတ္တဟာ သွေးအန်ပြီး ကွယ်လွန်တယ် လို့ ဖော်ပြထားပါတယ် …။
အပ္ပမာဒေန သမ္ပာဒေထ.သင်္ကန်းကို မြဲအောင် ၀တ် ။ မချွတ်မိကြစေကုန်ရာသတည်း..။

ဓမ္မဂင်္ဂါ
(၁၄-၄-၂၀၁၁ သင်္ကြန်တော်အကျနေ့)
---------------------------------------------------------------------------------
ဝန်ခံချက်။ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ (၁၀၀) စာအုပ်ထဲက မဟာဝီရကို ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဆက်စပ်ပြီး အပြည့်အ၀ကိုးကားလိုက်ပါတယ်..။

သင်္ကြန်တော်အခါသမယမှာ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာရဟန်းတော်(၈)ပါးက အွန်လိုင်းချက်တင်းတရားဟောကြမှာပါ..။ ဒီနေ့တော့ မလေးရှားနိုင်ငံ၊ ဓမ္မဂါဒင်းဆရာတော်ဟောကြားမှာပါ..။သာဓု သာဓု သာဓု..။

15 April, 2012

မိဂဒါဝုန်Remix သကြန်

သူ့အခန်းရှေ့က သရက်ပင်ခြောက်လေးအောက်တွင် ခမ်းနားကြီးကျယ်သော မဏ္ဍပ်စင်ကြီးတစ်ခုရောက်ရှိနေသည်ကို အံ့သြမင်သက်သွားရ၏။ အိုး ဟိုး..ဂရိတ်ဗြိတိန်က ဒကာမလေး အဒဲလ်(Adele)တစ်ယောက်သူမ၏ အောင်မြင်လှသော အသံသြသြစွာစွာလေးဖြင့် မြူမှောင်ဝေကင်းသီချင်းကို သီဆိုနေလေသည်။ မင်္ဂလာရှိပါပေ့။ ကောင်းလင့်တေးပါပေ..။ အမျိုးသားအသံဖြင့်သာ နားယဉ်နေသော မြူမှောင်ဝေကင်းသည် အဒဲလ်၏ နှုတ်ဖျားတွင်လည်း ကျက်သရေဖြာနေပြန်သည်။ မုဒိတာပွားထိုက်သော Rolling in the Deep အနုသုခုမအဆိုရှင်လေး...ရွှေပြည်ကြီးရဲ့ နှစ်သစ်မှာ ကျန်းမာလင်းလက်အောင်မြင်ပါစေ။

ထိုနောက်တော့ ကတ်ထရီနာကိတ်၊ ပရိယန်က ချိုပရား၊ ဒီပီကာပဒူကုန်၊ ကရီနာကပူးနှင့် မလ္လိကာရှင်နာဝတ် စသော မဇ္ဈိမသူလေးများ၏ ယဉ်ကျေးချိုမြသောယိမ်းအက...။ ညိုမြတော့ အခေါ်ခံနိုင်ဘူးဆရာ တဲ့..။ ရှာရွတ်ခန်း၊ ရှာလ်မန်းခန်းနှင့် အမီးရ်ခန်း ဆိုသော ဘောလိဝုဒ်ခန်းသုံးခန်းက '' ရှာပုံတော်မင်းသားကြီး'' လုပ်ချလိုက်သောအခါ သူမပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ဖြစ်သွားသည်။ အမိတာဘာချမ်တို့ သားအဖက မန်းတောင်ရိပ်ခို..သမီးချွေးမဖြစ်သူကမ္ဘာ့အလှမယ်ဟောင်း အရှောဒယက ... ဟော့တော့ ရေတွေရွှဲကုန်ပြီ ဆက်လုပ်ကြပြန်သည်။

သူ ဘယ်နေရာမှ ကြည့်နေသည်ကိုပင် သူမသိ..။ ရဟန်းတစ်ပါးဖြစ်သော သူသည် နစ္စဂီတသိက္ခာပုဒ်ကို ချိုးဖောက်နေပြီလား ဟူသော အတွေးဖြင့် ရှက်ရွံ့စွာ ပွဲခင်းထဲမှ ရွေ့လျားဖို့ ကြိုးစားမိသည်။ သို့သော် သူ့ခြေလှမ်းများက မရွေ့၊ ဘယ်လိုဖြစ်ပါလိမ့်..။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့လည်း သူနှင့်တူတာဆိုလို့ သူတစ်ဦးတည်းသာ ရှိနေသည်။ မဖြစ်ဘူး၊ မဖြစ်ဘူး ၊ ဒီက ထွက်မှ ဖြစ်မယ်..။ အာပတ်ဖြေဖို့ ဒေသနာကြားရမယ်။ သို့သော် သရက်ပင်လေးအောက်မှ အစပြုကာ စကြာဝဠာအနားရေးထိ ထူထဲလှသော ပရိသတ်အစုအဝေးကြီးကို သူမည်သို့ မည်ပုံ တိုးဝှေ့ထွက်ရပါမည်နည်း။

ယခု ရပ်နေသောနေရာတွင် ငြိမ်ဆိတ်စွာ ဆက်ရပ်နေသည်က အန္တရာယ်ကင်းပေမည်။ အကယ်၍ တိုးထွက်လိုက်၍ ရုတ်ရုတ်သဲသဲဖြစ်သွားပါက သူ၏ ထူးခြားလှသော အသွင်အပြင်ကြောင့် သတင်းသမားတွေအကြိုက် ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ကြမှဖြင့် အင်တာနက်စာမျက်နှာပေါ်မှာ.... .... ဒုက္ခ ဒုက္ခ..။

စတုမဟာရာဇ်မှ အစပြုကာ တာဝတိံသာ၊ တုသိတာ၊ ယာမာနတ်ပြည်တ၀ိုက်မှ ကပ်ကဲကဲ ဒေ၀စ္ဆရာလေးများ ပွဲခင်းထဲ လူးလွန့်ကခုန်နေကြသည်ကိုလည်း မြင်နေရသည်။ ရွှေပြည်ကြီးဆီက ဗုဒ္ဓဘာသာအမျိုးသမီးကောင်းလေးများကဲ့သို့ ဟော့ဟော့ရမ်းရမ်း ဆန်းချင်တိုင်း ဆန်းလို့တော့ ရဟန်မတူ..။ နတ်ဟင်းန်မိတ်ဖက်ရှင်ထည်များကလည်း လုံလုံခြုံခြုံ ထူထူထဲထဲရှိလှသည်။

လောကပါလနတ်မင်းကြီးလေးပါး၏ နတ်လုံထိန်းများက နေရာအနှံ့ရှိနေကြလေသည်။ ဂျင်းန်ပင်ဝတ်ချင်သော ဆယ်ကျော်သက်နတ်လေးများပင် ရိုးရာအချွန်အတက်ကြီးများဖြင့်သာ ရသလောက် အော်တာနေတစ်ဗ်နေကြရသည်။ ပန့်ခ်ကေညှပ်ထားသော နတ်ပေါက်စလေးများက ခေါင်းစွပ်ချွန်ချွန်ကြီးကို မကြာခဏမြှောက်မြှောက်ပြနေကြနေကြသည်မှာ ရီချင်စရာကောင်းသည်။

ထိုနောက်တော့ ဘရက်ပစ်တ်နှင့် ဂျိုလီတို့၏ ဦးရွှေရိုးနှင့် ဒေါ်မိုးအက...။ အနောက်စတိတ်စ်က ပုဂ္ဂိုလ်များက နေပြည်တော်ဆန်လိုပြီး အရှေ့ရိုးက အမျိုးတွေက အယ်လ်အေပျို့ချင်အန်ချင်ရှိနေဟန်တူသည်။ မစ္စ်ဂျိုလီ၏ နှုတ်ခမ်းထူထူများ တွန့်လိုက်ကွေးလိုက်၊ မစ္စတာဘရက်ပစ်၏ ရွှေရောင်မျက်ခုံးများက နိမ့်လိုက်မြင့်လိုက်...။ ကောင်းပါပေ့ အမေရိကန်တွင် လုပ်သည့် ဦးရွှေရိုးနှင့် ဒေါ်မိုး..။

မာရီစထရိပ်၊စန္ဒရာဘူးလော့ခ်၊ဒယ်မီမိုး၊ဂျေလိုစသော လေးဆယ်စွန်းဟောလိဝုဒ်စတားကြီးများ၏ သက်လတ်ယိမ်းအကကိုတော့ ရစ်ကီမာတင်၏ လန်ဒန်မြေပဲယို သီချင်းနှင့် တွဲဖက် တင်ဆက်ကြပြန်သည်။ မိဂဒါဝုန်သင်္ကြန် စတေ့ခ်ျမန်နေဂျာကို ကြည့်လိုက်တော့ ဟိုးဆေး မော်ရင်ဟိုဖြစ်နေသည်။ဘယ့်နှာကြီးပါလိမ့်..။ ဒီငနဲကြီးက ဒါမျိုးလည်း ဖြစ်တာပါပဲလား..။ ယခုနှစ်မှ အကယ်ဒမီပူပူနွေးနွေးရထားသော မစ္စတာဟဇာနာဗီစီယပ်စ်ကြီးက ဒကာမော်ရင်ဟိုနောက်က ဖိုင်လ်တွဲလေး ကိုင်ကာ ခပ်ကုပ်ကုပ်လိုက်နေသည်ကို တွေ့ရသည်။

မစ္စတာဘိန်းကြီးက ဂျော်နီအင်္ဂလိပ်စတိုင်လ် စမတ်ကျကျဝတ်ဆင်ကာ အိပ်မက်စေတမန် လုပ်နေဟန်ကြီးက ပြုံးချင်စရာကောင်းလှသည်။

'' ဂျိန်းစ်ဘွန်းဇာတ်လမ်းတွဲမင်းသားကြီးများဖြစ်ကြတဲ့ ရှောင်န်ကွန်နရီ၊ ရော်ဂျာ်မိုး၊ ပီယာ့စ် ၊ ဘရော့စနန်၊ ဒင်နီယာယ်ခရပ်ခ်ျ ၊ ဒိုင်ဟတ်မင်းသားကြီး ဘရုစ်ဝီလီ၊ အင်ဒီယာနာဂျုန်းစတား ဟယ်ရီဆန်ဖို့ အစရှိတဲ့ ၀ါရင့်မင်းသားကြီးများရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်နှင့် ဖျော်ဖြေပါတော့မယ်ရှင်''

အော် ဒကာမကြီး ဒေါ်တင်မိုးလွင်ပါလား..။ သူမရဲ့ ဟင်ဒီလေယူလေသိမ်းက တကယ့်ဟင်ဒူစတန်အမျိုးကောင်းသမီးကြီးအတိုင်း..။သူမရဲ့ ဆာရီကြီးကတော့ ရှည်လျားထွေပြားပါဘိ..။ မည်သို့ဆိုစေ ဂုဏ်ယူဖွယ်ရာ နယ်စည်းမခြားတင်ဆက်သူကြီးပေပဲ..။

ဘာရယ်မဟုတ် ထွက်လို့ မရတော့သည့်အတူတူ ငေးလက်စ ငေးနေမိသည်။ ရဟန်းဆိုသောအသိသညာက ကပ်ငြိလာသောအာရုံများတွင် မျောပါမသွားဖို့ သတိထားနေရသည်။ ထိုစဉ်မှာပင် ပွဲခင်းထဲဆီက ရုတ်ရုတ်ဆူညံသံများပေါ်လာသည်။ ဝေါကနဲ ဝေါကနဲ ဟစ်ကြွေးသံများက သူ့အနားရောက်လာသည်။ ပရိသတ်ကြီးက ရှဲကနဲ ရှဲကနဲ လမ်းဖယ်ပေးကြနေသည်။

အိုး ဟိုး သူ့ရှေ့မှာ တပြုံကြီး...။ လေဒီဂါဂါ .. ဘီယွန်ဆေး..။ ဂျနီဖာအင်နီစတန်.. ၀စ်သာစပွန်နှင့် ဖြူဖြူမဲမဲ မသဲကွဲသော အမျိုးအမည်များလှသော ဒကာမလေးများ...။

သွားပြီ။ ရဟန်းတစ်ပါးနှင့် အမျိုးသမီးများ၊ ပွဲခင်း၊ ဂီတဖျော်ဖြေမှု.။ မည်သို့မျှ မအပ်စပ်၊ မြတ်စွာဘုရားသာ သိလျင် '' မောဃပုရိသ (Useless Guy)'' ဟု ကဲ့ရဲ့ပေတော့မည်။ ရဟန်းတော်အချင်းချင်းလည်း သူ့ကို အမျိုးမျိုး ရှုံ့ချကြပေတော့မည်။ အင်တာနက်ဘလော့ဂါများကလည်း မဖွယ်မရာသတင်းတစ်ခုအဖြစ် ဖွကြပေတော့မည်။ သူ စိတ်အိုက်သွားသည်။

ဒကာမလေးတစ်စုကို ကြည့်လိုက်တော့လည်း လက်ထဲမှာ ရေခွက်လေးတွေ ကိုယ်စီနှင့်..။။''ဟေး ဟေး ညီးတို့ ငရဲငအုံတွေ ကြီးကုန်မယ်ကွယ်..မသင့်တော်ပါဘူးကွယ်ရို့ရယ်...။''' သူ ဘယ်လိုပြောပြော နားဝင်ဟန်မရှိတော့ပါ။ လေဒီဂါဂါက သူမ၏ ဘော်ဘော်များကို ငဲ့စောင်းအချက်ပြလိုက်သည်။

'' ဒီလိုမျိုး ရေဆွမ်းလောင်းဖို့ ပါရမီအခွင့်အလမ်းရှာနေတာ ကြာပေါ့။ အနှစ်ပဲ'' တဲ့..။ ၀မ်းတူးသရီးခေါ်ကာ လောင်းချလိုက်ကြသည်။

ဘွမ်း

သူတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားသည်။ ''ဘန္တေကြီး ဘန္တေကြီး သင်္ကြန်ကျပြီလေ..။ အိပ်ရာကထပါလော့ ရောင်နီလာလှပေါ့..။'' ညခင်းဆီက ပူအိုက်သဖြင့် ဖွင့်ထားသော ပြတင်းတံခါးဝတွင် မိတ်ဆွေရဟန်းတစ်ပါးက ရေခွက်တစ်ခွက်ကို ကိုင်ရင်း ပြုံးစစဖြင့် သူ့ကို ကြည့်နေလေသည်။

အော် ငါ့ရှင် လက်ချက်ပေပဲကိုး..။ လေဒီဂါဂါတို့အဖွဲ့နဲ့တွေ့လို အာပတ်တွေ တစ်ပုံကြီးသင့်ပြီး ဆိုပြီး စိတ်ဆင်းရဲနေတာ..။ အိပ်မက်ဆိုတော့ အပြစ်က တရားသေလွတ်သွားပြီ..။ သာဓု သာဓု သာဓု မီလျံပါပေ..။ ဗုဒ္ဓအရှင်က ရဟန်းတော်များအတွက် ၀ိနည်းဒေသနာများချမှတ်ခဲ့ရာတွင် ''အိပ်မက်ကို အရေးမယူရ (အညတြ သုပိနန္တာ)'' ဟု ဖြည့်စွက်ချက်လေးထည့်သွင်းပညတ်ခဲ့လေသည်။ ကျေးဇူးကြီးလှပါပေ့ အရှင်မြတ်ဘုရား..။

ဓမ္မဂင်္ဂါ (၁၆-၀၄-၂၀၁၂)

သင်္ကြန်တော်ကာလအတွင်း အပျော်ကို ဆန္ဒကို သည်းခံနိုင်တော်မူကြသော ငယ်ရွယ်သောရှင်ငယ်၊ရဟန်းငယ်တို့အား ဂုဏ်ပြုပူဇော်အပ်ပါကြောင်း...

17 April, 2010

ဓမ္မဂင်္ဂါနှစ်သစ်ဧည့်ခံစကား


မိတ်ဆွေကောင်းဟူသည်
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။

ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။

မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။

ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။

ဆိုဖူးသောစကားအတိုင်း မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။

ဓမ္မဂင်္ဂါ

15 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၆)


မဟာသင်္ကြန်တော်အကြတ်နေ့(၂၀၁၀ ဧပြီလ ၁၅ ရက်)

နံနက်ခင်းအိပ်ရာထသည်နှင့် အင်တာနက်စာမျက်နှာထဲသို့တိုးဝင်ဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီ သင်္ကြန် တော်ကျနေသည့် မော်ဒန်တောရသင်္ကြန်စာမျက်နှာတွင် ဤသို့သော မှတ်ချက်လေးများကို ဖတ်ရသည်။

ကိုနော said..

ဟောဗျာ..အခုပဲသုံးဖြစ်လိုက်...အခုပဲလေးဖြစ်လိုက်..
ဘယ့်နှာတွေတုန်း...။

မိနစ်ပိုင်းနာရီပိုင်းအတွင်းမှာပင် မော်ဒန်တောရရိုးရိုးသင်္ကြန်နံပါတ်များတိုးသွားသည်ကို မျက်စိနောက်ကျိ တော်မူဟန်ရှိသည့် ကိုနောက ကလောင်ရှည်ဖြင့် လှမ်းခြစ်လိုက်ခြင်းဖြစ်သည်။

Ashin Acara. said..

တောရသင်္ကြန်ဆိုတာ မဟုတ်မဟုတ် လုပ်ထားတာတွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။

သူ့မိတ်ဆွေ သီဟပူရ၀ါသီရဟန်းတော်အရှင်ကတော့ သိသိကြီးနှင့် ကလိလိုက်ခြင်းဖြစ်သည်။ တောရသင်္ကြန်တော်သည် ရွှေပြည်ကြီး၏ အကိုင်းအခက်သင်္ကြန်မျှသာဖြစ်၍ “မဟုတ်မဟုတ် လုပ်ထားတာ တွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။” ဟူသော မေးခွန်းနှင့် တိုက်ဆိုင်စွာပင် မဇ္ဈိမဒေသ၏ အကြီးအကျယ် ဆုံးသော ကုမ္ဘမေလာ(kumbh mela)ပွဲတော်ကြီးကျင်းပနေသည့် သတင်းပုံရိပ်များကို ကောက်တင် လိုက်ပါသည်။

မြန်မာသင်္ကြန်တော်အကျနေ့က လူပေါင်းကုဋေနှင့်ချီကာ တိုးဝှေ့ရေချိုးနေကြပုံများကား သည်းထိတ်ရင်ဖို ကောင်းပေစွ။ အကြောင်းမလှသော် အသက်ပျောက်အောင် တိုးဝှေ့ရတတ်သည်။ အ၀တ်မပါသော ဆာဒူးများ ကြီး၏ အယဉ်ကျေးဆုံးပုံကို ရွေးချယ်ရသည်မှာ မလွယ်ကူလှပေ။


နောက်ဆုံးဖတ်ရသည့်မှတ်ချက်က မဇ္ဈိမသို့ ဘုရားဖူးရောက်နေသည့် ဒကာတော်ရွှေလမ်းငွေလမ်းဝင်းကြည်၏ မှတ်ချက်လေးဖြစ်သည်။

ရွှေလမ်းငွေလမ်းဝင်းကြည် ဆရာရှင်မော်ဒန်သင်္ကြန်အုပ်စုအဖွဲ့ကို လာရောက်ရေလောင်းချင်လိုက်တာ..
ဆရာတို့အိန္ဒိယမှာ သင်္ကြန်မှန်းကို မသိရပါလား.ဆရာတို့ရေ...

သူ့ခမျာကုမ္ဘမေလာပွဲတော်ရက်အတွင်းရောက်ရှိလာသော်လည်း ပွဲတော်ကျင်းပနေ သည့် ဟရိဒွါရ်နှင့် ခရီးကြုံဟန်မတူ၊ ကြုံများကြုံလျှင်တော့ သင်္ကြန်မှန်းမသိရဆိုသော ရွှေလမ်းငွေလမ်းကြီးအတွက် ဘလော့ ရေးကွက် ကုန်ကြမ်းကုန်ချောများ တနင့်တပိုးဖြစ်သွားနိုင်သည်။ အဖော်အချွတ်ကြမ်းလှသော ဆာဒူးကိုယ် တော်ကြီးများကို ဖူးရပေမကိုး။


ဆာဒူးများ

Kumbha Mela 2010


HaridwarDates of Kumbh Mela in Haridwar, India, 2010

January 14 to April 28, 2010

Kumbha Mela
The largest religious gathering in the world! According to astrologers, the 'Kumbh Fair' takes place when the planet Jupiter enters Aquarius and the Sun enters Aries.

Kumbha (Kumbha means pot) Mela (means fair) is a sacred Hindu pilgrimage that takes place at the following four locations of India:

Prayag, Allahabad (in the state of Uttar Pradesh) at the confluence of three holy
rivers - Ganga (Ganges), Yamuna and Saraswati
Haridwar (in the state of Uttar Pradesh) where the river Ganga enters the plains from Himalayas
Ujjain (in Madhya Pradesh), on the banks of shipra river, and
Nasik (in Maharashtra) on the banks of Godavari river.

The pilgrimage occurs four times every twelve years, once at each of the four locations. Each twelve-year cycle includes the Maha (great) Kumbha Mela at Prayag, attended by millions of people, making it the largest pilgrimage gathering around the world.

Thousands of worshippers line up to take a holy   dip in the Ganga, during “shahi snan” (the main royal bath) at the   Kumbh Mela in Haridwar on Wednesday.
AP Thousands of worshippers line up to take a holy dip in the Ganga, during “shahi snan” (the main royal bath) at the Kumbh Mela in Haridwar on Wednesday.



မှတ်ချက်၊ မြန်မာသင်္ကြန်ပွဲတော်တွင် ဆင်နွှဲ၍ အားမရသေးပါက ဧပြီလ (၂၈) ရက်ထိ ကျင်းပနေဦးမည့် ကုမ္ဘမေလာရေချိုးပွဲတော်ကြီးတွင် လာရောက်ကာ ကဲနိုင်ပါသေးကြောင်း။( အသက်နှင့် အရှက်အတွက် အာမ မခံ)။

14 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၅)

ဒေါက်တာဘီမရောင်အမ်ဘေဒကာ
ဗာရာဏသီသင်္ကြန်တော်အတွေးဖြင့် ဆက်စပ်ရာဖုန်းနံပါတ်များကို နှိပ်ဖြစ်သွားသည်။ ဗာရာဏသီရှိရဟန်းတော် များစုပေါင်းတွေ့ဆုံကာ သင်္ကြန်တော်အထိမ်းအမှတ်ဆွမ်းကပ်ကြမည်။ နွေရာသီပူပြင်းလာပြီမို့ အပူဒီ ဂရီမြင့်မားလာမည့်နေ့ရက်များတွင် ရဟန်းတော်အချင်းချင်းစုံညီတွေ့ဆုံဖို့ မလွယ်ကူတော့ပါ။ သင်္ကြန် တော်သည် ရဟန်းတော်များစုံညီတွေ့ဆုံနိုင်သည့် သံဃသန္နိပါတပွဲတော်မျိုးဖြစ်သွားနိုင်သည်။

“ကဲ ငါ့ရှင်တို့ သင့်သလိုသာ စီမံကြပေတော့။” အလှူငွေကောက်ခံကြမည်။ (ရဟန်းတော် အချင်း ချင်းအလှူခံခြင်းဖြစ်သည်။) ဆွမ်းနှင့်အခြားဖွယ်ဖွယ်ရာရာဆွမ်းဟင်းလျာများလှအောင်တော့သူက လိုဖြည့် သဘောမျိုးတာဝန်ယူလိုက်သည်။ (အမှန်က သူက ပွဲတော်ဖြစ်မြောက်ဖို့အတွက် မတည်အလှူရှင် သဘောမျိုး စာလုံးကြီးကြီးဖြင့်ရေးရန် ရွယ်စူးထားသည့် အကြံကို အကြောင်းသိမိတ်ဆွေရဟန်းတော်များက လက်မခံကြပါ။) အလှူရှင်ကို အမာထည်ဟု မမြင်ခြင်းဖြစ်သည်။ ဓမ္မဂင်္ဂါသင်္ကြန်တော်ဟု နာမည်ပေးဖို့လည်း သူက မတောင်းဆိုပါ။ ကုသိုလ်များကိုတော့ ဓမ္မဂင်္ဂါပရိသတ်များဆီ သံသရာအီးမေးလ်ဖြင့် ပို့ပေးလိုက်ပါမည်။

သင်္ကြန်တော်အကြတ်နေ့မှာ မဇ္ဈိမသုခကျောင်းတွင် ကြာဆံကြော်နှင့် သာကူကျိုဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးပါမည်တဲ့။ ရွှေပြည်ကြီးသင်္ကြန်တော်ကို အလွမ်းဖြေကြခြင်းသာဖြစ်သည်။ နှစ်ဆန်းတစ်ရက် နေ့မှာတော့ ဗာရာဏသီဆေးဝင်္ကဘာကျောင်းတွင် အလှူရှင်တစ်ဦးက ဗာရာဏသီသံဃဒါနဆွမ်းကပ်မည်တဲ့။ သတင်းဒေတာများတစ်ခုပြီးတစ်ခုဝင်လာ၏။ အော် ၀မ်းမြောက်ဖွယ်ကောင်းပေစွ။

နံနက်စာ စာပြီးသည်နှင့် တက္ကသိုလ်ဆီထွက်လာခဲ့သည်။မိဂဒါဝုန်လမ်းသည် ယခင်နေ့များလို မရှုပ်ထွေး၊ တက္ကသိုလ်ပရိဝုဏ်ထဲ ၀င်လိုက်သည့်အခါ ဆိတ်ငြိမ်နေသည်။ သူက သင်္ကန်းကို သေချာစွာရုံကာ ထီးကိုလည်း ဆောင်းထားသေးသည်မို့ ထင်းထင်းကြီးဖြစ်နေသည်။ ရွှေပြည်ကြီးမှာ ထီးဆောင်းခြင်းသည် အထူး အဆန်းမဟုတ်၊ မဇ္ဈိမမှာတော့ ထီးဆောင်းခြင်းသည် ထူးခြားသောအသွင်အပြင်ဖြစ်နေတတ်သည်။ မဇ္ဈိမသားတို့က အလွယ်တကူထီးဆောင်းလေ့ရှိသူများမဟုတ်ပါ။ လွန်ခဲ့သောနှစ်များဆီက ဂျဝါဟလာ နေရူးကြီး၏ မွေးရပ်မြေအေလာဟဗဒ်မြို့က တက္ကသိုလ်ကျောင်းသူလေးများ ထီးဆောင်းပြီးကျောင်း တက်ကြ သည်ကို သတင်းတစ်ရပ်အနေဖြင့် ဖော်ပြဖူးသေးသည်။

စာသင်ဆောင်ရှေ့သူရပ်လိုက်သည့်အခါမှာတော့ သူသိလိုက်ပြီ၊ သည်နေ့ တစ်နိုင်လုံးကျောင်းများရုံးများ ပိတ်သည်။ အမ်ဘေဒကာမွေးနေ့။ သူက သင်္ကြန်တော်အလွမ်းမပြေဖြစ်နေရသည်မို့ အမ်ဘေဒကာကြီးကို မေ့နေခြင်းဖြစ်ပါသည်။ သည်နေ့သည်ကား မဇ္ဈိမဒေသတွင် အသောကခေတ်ကဲ့သို့ သာသနာ ထွန်းတောက်စေရမည်ကြွေးကြော်ကာ ဗုဒ္ဓဘာသာပြန်လည်ထွန်းလာအောင် အားထုတ်ခဲ့သော ဇာတ်နိမ့် ခေါင်းဆောင်ကြီး၊ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့လေသော လွတ်လပ် ရေးရပြီးခေတ်ပထမဆုံးတရားရေ၀န်ကြီး၊ ယနေ့ခေတ် အိန္ဒိယဗုဒ္ဓဘာသာများ၏ ခေတ်သစ်ဘုရား လောင်း (Modern Bodhisatva)ဒေါက်တာဘီမရောင်း အမ်ဘေဒကာကြီး၏ ၁၁၉ နှစ်မြောက် မွေးနေ့အခါ သမယပေတကား။

သူသည် တက္ကသိုလ်မုခ်ဦးက ၀င်လာခဲ့သော်လည်း လာရင်းလမ်းအတိုင်း ပြန်မလှည့်တော့ဘဲ မလွယ် ပေါက်လေးတစ်ခုမှ ခပ်တည်တည်ပင် ထွက်လာခဲ့ပေသတည်း။

မော်ဒန်တောရရိုးရိုးသင်္ကြန်(၄)

စာသင်ခန်းမှ ပြန်ထွက်လာသည်အထိ နေပူချိန်က မကျတတ်သေး။ ပါဠိကျောင်းသားချင်ချင်ဘေး၏ တိုးတက်မှုကို တွေးတောကာ သူမျှော်လင့်နေသည့် ခေတ်မီပါဠိသင်တန်းတစ်ခုဖွင့်လှစ်ရေးအတွက် အားတက်သွားပါသည်။ ဓမ္မစကြာ၊ပရိတ်ကြီးနှင့် ပဌာန်းဝတ်ရွတ်စဉ်သင်တန်းများနှင့် ရောနှောကာ လူပုဂ္ဂိုလ် များအတွက် အချိန်တိုတိုဖြင့် ခရီးရောက်စေနိုင်သည့် ပါဠိသင်တန်းများဖွင့်လှစ်ရေးအတွေးများ လင်းသွားရ သည်။ တစ်လခွဲမျှဖြင့် ပါဠိဘာသာကို အခြေခံရအောင်သင်ပေးနိုင်သည့်နည်းစနစ်ကို သူရလိုက်ပြီ။

မော်ဒန်တောရသို့ မပြန်မီ ကိုနော၏ အခန်းလေးသို့ ၀င်ခိုလိုက်သည်။ ကိုနောအဆိုအရ “စိတ်အနေ ထူးခြားသည့်သူများသည် တစ်ဦးတည်း နေလေ့ရှိသည်”တဲ့။ ကိုနောက တစ်ကိုယ်တည်းနေခြင်းဖြစ်သည်။ သူ့လွယ်အိပ်ထဲမှ သဒ္ဓမ္မပုဏ္ဍရိကကျမ်း ဟိန္ဒီဘာသာပြန်စာအုပ်လေးကို ထုတ်ကာ ကိုနောကို ကမ်းပေး လိုက်သည်။ နံနက်ခင်းဆီက ရှင်လာဘသာမိက ကိုနောအတွက် ရည်စူးရှာဖွေလာသော စာအုပ်လေးကို သူက အလွယ်တကူကောက်ထည့်လာခြင်းဖြစ်သည်။

“ ရှိပြီးသားဗျ၊ ငါ့ရှင်ပဲ ယူလိုက်ပါတော့။ ”
“အဲဒါဆိုလည်း ငါ့ရှင်ပဲ လင်းပေတော့။”

သို့နှင့် ကိုယ်စီစာအုပ်ဖွင့်လိုက်ကြသည်။ သဒ္ဓမ္မပုဏ္ဍရိကာဆိုသည်က မဟာယာနသံဂါယနာဝင် ကျမ်းမြတ်တစ် ဆူဖြစ်သည်။ “ပရာက်ကထန်”ပထမဆုံးအမှာစကားကို ဖတ်ကြသည်။ ကိုနော၏ ရှင်းပြချက်များတွင် သူမျှောလိုက်သွား၏။ “Sadharma ki shakti paradarshi hai” (သူတော်ကောင်းတရား၏ သတ္တိကား ကမ်းကို ပြခြင်းမြင်စေခြင်းပေတည်း)။ နှစ်မျက်နှာခန့်ရှိသော အမှာစကားဖြင့်ပင် နွေအပူငြိမ်းသွားသည်။ ကြာပန်း တရားပေကိုး၊ ဤသို့ဖြင့် သင်္ကြန်တော်ကို ကြိုသတည်း။

မော်ဒန်တောရသို့ရောက်သော် “ မော်ဒန်တောရရိုးရိုးသင်္ကြန်”ပွဲတော်ကို ဘလော့မှာ နွှဲဖြစ်တော့၏။ မစ္စတာ ပါရဂူ၊ ကိုနော၊ မော်ကွန်သစ်၊မြတ်ရောင်နီ၊ရှင်သစ္စာစသောအထူးဧည့်သည်တော်ကြီးများက ရိုးသင်္ကြန်ပွဲတော် သို့ တက်ရောက်ကြ၏။ မစ္စတာမာဃနှင့် သူ၏ လေဒီများရှိုးပွဲ၊ စတုမဟာရာဇ် မော်ဒယ်လ် ယိမ်းများဖြင့် ဖျော်ဖြေရန်စီစဉ်ထားသည့်တိုင် “ပင်လယ်ကသစ်” သင်္ကြန်က ပွဲကြမ်းနေသဖြင့် မော်ဒန်တောရသင်္ကြန်သည် ရိုးရိုးဖြစ်သွားရခြင်းပင်။ ညပိုင်းတွင် အစီအစဉ်များကြေငြာ၍ မပြီးမီမှာပင် သူအိပ်ပျော်သွားခဲ့ပါတော့သည်။

မဟာသင်္ကြန်တော်အကျနေ့(၂၀၁၀ ဧပြီလ ၁၄)

အိပ်ရာနိုးသည်နှင့် သင်္ကြန်တော်ကျပစ်လိုက်သည်။ တဗွမ်းဗွမ်းရေချိုးလိုက်ပါသည်။ “ဗာရာဏသီသင်္ကြန်ပွဲတော် မကျင်းပတော့ဘူးလား” ဖုန်းသံအချို့ဝင်လာသည်။ “ အင်း စဉ်းစားတုန်းပါပဲ” ။ သူ့အသံကို တစ်ဖက်က အားရဟန်မတူပါ။ “ တစ်နိုင်ငံလုံးရဲ့ ထွေချုပ်ကြီးက သင်္ကြန်တော်လေးတော့ စီစဉ်ပေးသင့်တာပေါ့” “ အင်း ဒုက္ခပဲ”။

မော်ဒန်တောရရိုးရိုးသင်္ကြန်(၃)

သူ၏ ပါဠိအထူးသင်တန်းတွင် သင်တန်းသားတစ်ဦးသာရှိတော့သည်။ လွန်ခဲ့သော တစ်ပတ်က သူ့သင် တန်းသားများကို စာမေးပွဲနီးပြီမို့ စာမေးပွဲအတွက်သာ အားထည့်ကြိုးစားကြစေလိုကြောင်း သူက အကြံပြု လိုက်ပြီးသည့်နောက် ရုရှားနိုင်ငံသား မွန်ဂိုလူမျိုးကျောင်းသား ချင်ချင်ဘေးတစ်ယောက်သာ အခိုင်အမာ သင်တန်းသားအဖြစ် ကျန်ရှိတော့သည်။ ချင်ချင်ဘေးကတော့ စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီတဲ့။

်မွန်ဂိုကျောင်းသားချင်ချင်ဘေး၏ ပါဠိဘာသာတိုးတက်မှုက အံ့သြဖွယ်ကောင်းသည်။ တစ်လခွဲမျှသော အချိန်အတွင်းမှာပင် ကိုယ်ပိုင်ပါဠိဝါကျများကို ရေးဖွဲ့နိုင်နေပြီ။ မြန်မာအက္ခရာဖြင့်လည်း ပါဠိဘာသာကို ရေးနိုင်ဖတ်နိုင်နေပြီ။ ပိဋကတ်သုံးပုံပါဠိတော်များကို မြန်မာဘာသာဖြင့် ဖတ်နိုင်စေရန်ရည်ရွယ်ကာ မြန်မာအက္ခရာရေးနည်းဖတ်နည်းကို သူက သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

လူငယ်လေးတစ်ဦးမျှသာ ဖြစ်သော ချင်ချင်ဘေးက စစ်စစ်ပေါက်ပေါက်လည်း မေးတတ်သေးသည်။ သည်နေ့ သူရောက်ပြီး ၅ မိနစ်ခန့်ကြာမှ ချင်ချင်ဘေးက ရောက်လာသည်။ “ ခွင့်လွှတ်ပါ” ဆိုတာကို ပါဠိလို ဘယ်လိုပြောရမလဲ မေးသည်။ နေ့စဉ်သင်တန်းမစမီ ဓမ္မပဒဂါထာတစ်ပုဒ်ကျသင်ပေးဖြစ်သည့်အခါ “ မနော မယာ(စိတ်ဖြင့်ပြီးကုန်၏)” ဟူသော စကားလုံးကို မှီး၍ ချင်ချင်ဘေးက Hand-made ကို ဟတ္ထမယဟု ရေးနိုင်ပါသလား မေးသည်။ ဓမ္မပဒဂါထာအချို့ကို မိတ်ဆက်ပြီးသည့်အခါ လူ့ဘ၀၏ မြေပုံလမ်းပြဖြစ်သည့် မင်္ဂလသုတ်သင်ပေးဖြစ်သည်။

သည်နေ့ မင်္ဂလသုတ်၏ နောက်ဆုံးဂါထာကို အပြီးသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးဓလေ့နှင့် မင်္ဂလာတရားတော်အကြောင်း ရှင်းပြဖြစ်သည်။ “ဒီနေ့ နှစ်သစ်ကူး အကြိုနေ့ပဲ” ဟု သူက ပြောပြသောအခါ ချင်ချင်ဘေးက “ နှစ်သစ်မင်္ဂလာဖြစ်ပါစေ ဘန္တေ” ဟု ဆုတောင်းသည်။ မည်သို့ဖြစ်စေ မင်္ဂလသုတ်တစ်ခုလုံးကို အစမှ အဆုံးထိ တရားတစ်ပုဒ်သဖွယ်ဟောဖြစ်သည်။ ချင်ချင်ဘေးတော့ ခံပေရော။ အော် သင်္ကြန်အထူး တရားပွဲနှင့်တွေ့လေမှကိုး။

လွန်ခဲ့သောနှစ်က သင်္ကြန်တော်အတွင်းနေ့ရက်များတွင် ရိုးရိုးဖြစ်လိုက် အထူးဖြစ်လိုက်တရားပွဲများ ဟောဖြစ်သေးသည်။ ဒီနှစ်တော့ ရှေ့ရောက်လာတဲ့ ချင်ချင်ဘေး ပြေးမလွတ်အောင် ဟောတော့မည်။ဖြစ်ချင်းဖြစ်လျှင် သည်နေ့ဟောသောမင်္ဂလာတရားက အထူးတရားဖြစ်ထိုက်သည်။ မြန်မာနိုင်ငံသား ထေရ၀ါဒရဟန်းတော်က အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသည့် ပါဠိဘာသာဖြင့်ရှိနေသော မင်္ဂလာတရားတော်ကို မဟာယာနတိဘက်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ရုရှားနိုင်ငံသား မွန်ဂိုလူမျိုး တစ်ဦးက နာယူနေခြင်းဖြစ်လေသည်မဟုတ်လား။


13 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၂)

“ဒီနေ့ဟာ ငါတို့ရဲ့ နှစ်သစ်ကူးအကြိုနေ့ပဲ” ဟု သူက ပြောပြသောအခါ “ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ”ဟု တိဘက်လားမားရဟန်းက ဆုတောင်းသည်။ ၁၁း၀၀ နာရီတွင် ၀ိဇ္ဇာနောက်ဆုံးနှစ်သင်တန်းခန်းမထဲ ရောက်တော့ သင်တန်းသားမရှိ။ လာဒက်သီလရှင်တစ်ပါးနှင့် တိဘက်ကျောင်းသားတစ်ယောက်သာ ရှိသော ပါဠိအထူးပြုဝိဇ္ဖာတန်းနောက်ဆုံးနှစ်တွင် အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြီုဟ်)သင်ရသည်မှာ တစ်ခါတစ်ရံ တိဘက် ကျောင်းသား၏ ကတ်သီးကတ်သတ်မေးခွန်းများနှင့် ကြုံရတတ်သော်လည်း သူ့အတွက် ဉာဏ်အလင်း ပွင့်စေသည်။ သည်နေ့တော့ သူစောစောပြန်ထွက်လာခဲ့သည်။ စာမေးပွဲနီးပြီဆိုတော့ ကျောင်းသားများက ကိုယ်ပိုင်စာကြည့်ချိန်ဇယားကို ကိုယ်တိုင်ဆွဲနေကြပြီ။

မော်ဒန်တောရနေ့လည်စာကတော့ ချဉ်ရေဟင်း၊ အာလူးနှင့် ကြက်ဟင်းခါးသီးချက်များဖြစ်သည်။ ရှင်လာဘ သာမိနှင့် ရှင်ဣဿရတို့၏ လက်ရာဖြစ်သည်။ အင်း ခေါင်းပါးစွာ ကျင့်ကြံကြပေရော။ ရှင်လာဘသာမိက “ တောရဆိုတော့ တောရနဲ့ တူအောင်စားရမယ်” ဟု မှတ်ချက်ပြုသည်။ ဆင်းရဲလွန်း၍တော့ မဟုတ်၊ ဈေးဝယ်ရ သည့်အခက်အခဲကြောင့်ဖြစ်သည်။ ဗာရာဏသီတွင် ဣနြေ္ဒမပျက်ဈေးဝယ်နိုင်သည့် စီးတီးမတ်က ရှားပါးဖြစ် သည်။ ၊သို့နှင့် ဈေးဝယ်ထွက်ရသော ရဟန်းတစ်ပါး၏ မှတ်စုတွင် လူမြင်ကောင်းနိုင်သည့် ပင်တိုင်အာလူး၊ ပဲနှင့် အခြားဟင်းသီးဟင်းရွက်ဆိုတာမျိုးများသာ အကြိမ်အရေအများဆုံးရေးမှတ်ရတော့သည်။ (တကယ်တော့ သူက ဈေးတစ်ခါမှ မ၀ယ်ဖူး၊)

နေ့လည်စာပြီးသည်နှင် အီးမေးလ်စာအ၀င်အထွက် စစ်ဖြစ်သည်။ ဘလော့ဂါဇနီးမောင်နှံ (Bliss Foundation) ပေးပို့ထားသော MMWAI အဖွဲ့ကြီးတွင် ပြုလုပ်မည့် ပညာရေးမြှင့်တင်ရေးဆိုင်ရာသင်တန်းများအတွက် ပညာ ဒါနပို့ချပေးမည့် စာရေးဆရာ ဒေါက်တာနေဇင်လတ်၏ အကြောင်းပြန်စာကို ဖတ်ရသည်။ စီမံခန့်ခွဲမှု၊ ခေါင်း ဆောင်မှုအတတ်ပညာစသောဘာသာရပ်များတွင် နာမည်ရနေသည့် စာရေးဆရာနှင့် ဟောပြောပို့ချသူ ဆရာနေဇင်လတ်၏ စာများကို ရွှေအမြုတေမဂ္ဂဇင်းတွင် စောင့်ဖတ်ခဲ့ဖူးသည်။

အရေးအသားတင်ပြပုံနှင့် ခပ်ပြတ်ပြတ်အတွေးအခေါ်များကို နှစ်ခြိုက်ခဲ့သည်။ မဇ္ဈိမရောက်မှသာ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် ဝေးသွား၍ ဆရာနေဇင်လတ်စာများနှင့် ဝေးသွားသည်။ ဆရာနေဇင်လတ်က အဖွဲ့ကြီး၏ ရဟန်းတော်များအတွက် ပညာဒါနအဖြစ် လာရောက်ပို့ချနိုင်ကြောင်းနှင့် အကယ်၍ ဖိတ်ကြားမည် ဆိုလျှင် တစ်လကြိုတင် အကြောင်းကြားစေလိုကြောင်းတဲ့။

မဇ္ဈိမနွေရာသီတွင်တော့ မည်သည့်သင်တန်းမျိုးမှ အဆင်ပြေလိမ့်ဦးမည်မဟုတ်ပါ၊ ဒီဇင်ဘာမတိုင်မီတော့ ရဟန်းတော်များအတွက် အမှန်တကယ်လိုအပ်သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအတတ်ပညာများဆိုင်ရာ သင်တန်းတစ်ခုဖွင့်ဖြစ်ပါလိမ့်မည်။ ရဟန်းတော်များ ကတော့ ဗုဒ္ဓဘာသာမြန်မာ့လူ့အဖွဲ့အစည်းတွင် သဘာဝအရ ခေါင်းဆောင်ဖြစ်ကြမည်သာ၊ သို့သော် ခေါင်းဆောင်တတ်ဖို့နှင့် စီမံခန့်ခွဲတတ်ဖို့တော့ ဖြည့်ဆည်းကြရပေဦးမည်။

နေ့လည် ၀၂း၂၀ နာရီ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် မဇ္ဈိမနွေအခင်းအကျင်းကြီးထဲ ထီးတစ်ချောင်းအကူဖြင့် တက္ကသိုလ်စာသင်ခန်းသို့ ထွက်လာခဲ့ပြန်သည်။ တစ်သံသရာလုံးပူခဲ့တာ ပူစမ်း၊ သံဝေဂကြောင့် ရေရွတ်မိ သည်တော့ မဟုတ်၊ အခြားရေရွတ်စရာ နေပူပျောက်ဂါထာမရှိ၍သာ ကြုံသလို ရွတ်လိုက်မိခြင်းသာ။

မော်ဒန်တောရရိုးရိုးသင်္ကြန်

မော်ဒန်တောရ
မဟာသင်္ကြန်အကြိုနေ့(၂၀၁၀ ဧပြီလ ၁၃ ရက် )
အိပ်စက်ရာက ထလာသောအခါ နံနက် ၀၈း၄၅ နာရီရှိပြီ။မျက်နှာသစ်ခြင်း၊ရေချိုးခြင်းစသော နံနက်ခင်း ကရိကထများ၊ အရုဏ်ဆွမ်းအဖြစ် ဆန်ပြုတ်တစ်ခွက်နှင့် ကော်ဖီတစ်ကျိုက် မှီဝဲရသည်။ ဥပုသ်သည်များ ရောက်မလာနိုင်သော မိဂဒါဝုန်မဟာသင်္ကြန်တော်အကြိုနေ့မြင်ကွင်း၊ မည်သည့်`တူးပို့ တူးပို့´ သီချင်းမှ လည်း မကြားရ၊ အတူနေရဟန်း ရှင်လာဘသာမိဖွင့်နေကျ အင်္ဂလိပ်ဘာသာအစီအစဉ် ဒီဗီဒီခွေမှ ထွက်ကျလာသော ကွိကွိကွကွ ၀ူးဝူးဝါးဝါး ဘိုသံများကြားရ၏။အရှင်လာဘသာမိက နေ့စဉ်အိပ်ရာမှ ထသည်နှင့် အင်္ဂလိပ်ဘာသာသင်ခန်းစာတစ်ခုခုကို ဖွင့်ကာ နားထောင်လေ့ရှိပါသည်။

သူငယ်စဉ်က နေခဲ့သည့်မြို့လေးတွင်တော့ နံနက် ၃ နာရီအချိန်ကစပြီး တစ်မြို့လုံးက ဘုန်းတော်ကြီးကျောင်း များသို့ အရုဏ်ဆွမ်းပို့သွားကြမည့် မြို့သူမြို့သားများဖြင့် မြို့လေး၏ လမ်းများသည် ဆူညံတက်ကြွ နေလေ့ရှိသည်။ ထိုအချိန်က ကိုရင်ပေါက်စလေးမျှသာဖြစ်သည့် သူကတော့ မြို့လေး၏ သင်္ကြန်တော်ချိန်များကို မျှော်လင့်ပျော်ရွှင်နေတတ်သော်လည်း အရုဏ်ဆွမ်းအတွက် အစောကြီးထရသည့် နံနက်ခင်းများကိုတော့ လုံးဝ မကြိုက်ပါ။ အခြေအနေမကောင်းလျှင် ဆရာဘုန်းတော်ကြီး၏ ဖနောင့်စာမိသွားတတ်သေးသည်မဟုတ်လား။

ခုတော့ မြန်မာ့ရိုးရာဆွမ်းပို့မည့်သူကင်းမဲ့သော ဗာရာဏသီသင်္ကြန်တော်ဦးတွင် အိပ်ရေး၀၀ အိပ်ပစ် လိုက်ပါ သည်။ နွေရာသီအပူချိန်က ၄၅ ဒီဂရီစင်တီဂရိတ်မို့ ညနက်သည်ထိ အိပ်ပျော်လေ့မရှိပါ။ နံနက်ခင်း အေးအေးလေးကို ခို၍ အမိအရအိပ်စက်ရခြင်းဖြစ်သည်။

နံနက် ၀၉း၅၀ နာရီတွင် တိဘက်တက္ကသိုလ်မုခ်ဦးဆီ ထွက်ခဲ့၏။ လုံခြုံရေ၀န်ထမ်းဖြစ်သူ မစ္စတာနန္ဒက စောပရာဆဒ်က “ နမာစတေး ဂုရုဂျီ” ဟု အလေးပြုကာ နှုတ်ဆက်လိုက်သည်။ ဆရာများနားနေခန်းတွင် လက်မှတ်ထိုးကာ သူ့စာသင်ခန်းလေးထဲသို့ ၀င်လိုက်သည်။ သင်တန်းသားဖြစ်သူ လားမားရဟန်းတော် ရစ်ဂဆန်ဆန်ဖဲလ်က “ ဂုရုဂျီ ပရဏမ်” ဟု နှုတ်ဆက်လိုက်သောအခါ ပြိုင်တူ လက်အုပ်ချီဖြစ်ကြသည်။

ပါဠိပိဋကတ်စာပေကောက်နှုတ်ချက်သင်ရသည်မှာ သူ့အတွက် များစွာ အကျိုးရှိသွားသည်။ သက္ကဋစာပေကို ပြန်လည်နွှေးခွင့်ရသောကြောင့်ဖြစ်သည်။ ပြဌာန်းစာအုပ်တွင် ပါဠိ သက္ကတ ဟိန္ဒီသုံးဘာသာဖြင့် ရေးသားထားသည်ကို သူက အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်။ သင်တန်းသားလားမားရဟန်းတော်က အင်္ဂလိပ်ဘာသာအားနည်းသည်။ ထို့ကြောင့် သက္ကတဘာသာအခြေခံအနည်းငယ်ကျွမ်းဝင်ဖူးသော သူက ပါဠိစကားလုံးများကို ဘာသာဗေဒနည်းဖြင့် ရှင်းပြဖြစ်သွားသည်။

(သာသနာ့တက္ကသိုလ်မှာတုန်းက အမြင်ကတ်ဖွယ်ကောင်းစွာ ရှုပ်ထွေးလှသော ပါဠိနှင့်သက္ကတဆက်နွှယ်မှုကို စိတ်ဝင်စားမိရာက ပေပေတေတေလုပ်ပစ်မိသဖြင့် တန်းစဉ်ဂုဏ်ထူးထွက်ဖူးသည်။ )

(ဆက်လက်ဖတ်ရှုရန်)

12 April, 2010

သင်္ကြန်ကလစ်


ပိတောက်နဲ့ငြိရုံလေးပဲ
ဖြန်းပက်
တက်လာသမျှ
ဘာဝနာ

အသိတရားမပါဘဲ
ထိုင်ကြဖို့တော့
သဘောတူခဲ့ရပါတယ်

ဟူး ရိုးရာလေးကို
အ၀သောက်လိုက်ကြပြီကိုး
သီတင်းကျွတ်ဗျောက်အိုးလေးက
သင်္ကြန်ရေပြွတ်လေးကို
ပုခုံးပုတ်လိုက်ရဲ့

“တစ်နေ့နေ့”ဆိုတာ
လူသုံးအများဆုံးဝေါဟာရ

မဏ္ဍပ်တွေကို
စိတ်ထဲခင်းကျင်းလိုက်တော့
ရိပ်သာဝင်လက်စသီချင်းတွေ
နေပူခံဖို့ပဲ
ပြေးထွက်လာ

ရာသီစာအသစ်ကလည်း
မနှစ်ကအတိုင်း
ကတိတွေယိုင်ထိုးလို့
အမျိုးတွေချည်းပါပဲလေ

“သင်္ကြန်အစစ်လေးတော့
မြင်သွားချင်စမ်းပါဘိ”တဲ့
ဆယ်စုနှစ်မုန့်လုံးရေပေါ်သုံးနပ်စာ
ငါတို့သာ
အသည်းကွဲတော့တယ်။

ဓမ္မဂင်္ဂါ
၁၂-၀၄-၂၀၁၀

(သင်္ကြန်တော်အတွင်း စာတွေအများကြီးမဖတ်ချင်ဘူးဆိုတဲ့ အမျိုးတွေအတွက်)