Showing posts with label ယနေ့ဗုဒ္ဓဘာသာ. Show all posts
Showing posts with label ယနေ့ဗုဒ္ဓဘာသာ. Show all posts

27 December, 2012

ဗုဒ္ဓဘာသာဝင်ဗြိတိသျှစစ်သည်တော်(၄၀၀၀)အား ဗုဒ္ဒဂယာဘုရားဖူးစေလွှတ်မည်



ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတော်၊ ရွြှေ့ပည်ကြီးမှာ စစ်ပွဲရဲ့ အနဋ္ဌာရုံတွေဆီ မြန်မာ့သားကောင်းစစ်သည်တော်တွေကို စစ်ချီစေလွှတ်တဲ့အချိန် ခရစ်ယန်အများစုကြီးစိုးရာ ဗြိတိန်နိုင်ငံတော်ကြီးကတော့ သူတို့ရဲ့ စစ်သည်တော်တွေကို စစ်ပွဲရဲ့ အနိဋ္ဌာရုံဆီကနေ ဆွဲထုတ်ပြီး တရားဘာဝနာပွားဖို့ စေလွှတ်လိုက်သတဲ့..။ 
အံ့သြစရာကောင်းတာက ဗြိတိသျှစစ်တပ်ကြီးထဲမှာ ဗုဒ္ဓဘာသာဝင်စစ်သည်တော်တွေ (၄၀၀၀)ကြီးများတောင် ရှိသတဲ့..။ 
ကဲဖတ်ကြည့်ကြပေဦးရော...။ 
''British Army to send 4,000 Buddhist troops to India for meditation to combat post-traumatic stress      
By GIRIDHAR JHA'' ဆိုတဲ့ သတင်းဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်.။

ဓမ္မဂင်္ဂါ
(၂၇-၁၂-၂၀၁၂)
ဗန်ကောက်စံတော်ချိန် နံနက် ၁၀း၅၀ နာရီ

(Buddhist monks are worshiping in front of Mahabodhi Temple in Bodh Gaya. Photo by - Sonu Kishan.)

တစ်ကြိမ်မက ကြုံရတဲ့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေက ရဲရဲတောက်စစ်သားကြီးတွေကိုတောင် အလဲထိုးနိုင်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်စစ်သားကြီးတွေလို အဆက်မပြတ်မမျှော်လင့်တဲ့ ပစ်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတွေအတွက်တော့ 
အရပ်ဘက်ကို ရောက်သည့်တိုင် စစ်ပွဲရဲ့ သွေးပျက်ဖွယ်ရာတွေကို မေ့ဖျောက်ဖြစ်ဖို့ သူတို့ခမျာခက်နေကြရှာတာပါ..။

PTSD လို့ခေါ်တဲ့ စိတ်ကျရောဂါဆိုတာဟာ စိတ်ပညာဆိုင်ရာစာအုပ်ထူထူကြီးတွေနဲ့ ဘာသာရပ်ဆိုင်ရာဂျာနယ်တွေမှာသာ တွေ့ရတဲ့ ရှုပ်ရှုပ်ထွေးထွေးဝေါဟာရတစ်ခုမဟုတ်တော့ပါဘူး။ စစ်ပွဲနဲ့ ပတ်သက်တဲ့ နိုင်ငံတိုင်း နေ့စဉ်နဲ့ အမျှ ရင်ဆိုင်နေရတဲ့ အမှန်တရားတစ်ခုဖြစ်သလို နိုင်ငံရဲ့ စစ်သည်တော်တွေကို ခက်ခဲတဲ့အခြေအနေအရပ်ရပ်က လွတ်မြောက်အောင် အဖြေရှာပေးနေရတဲ့ နိုင်ငံအသီးသီးရဲ့  အစစ်အမှန်အအခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီကိစ္စကို အလေးအနက်ထားတဲ့ ဗြိတိသျှတပ်မတော်ဟာ ( အိန္ဒိယနိုင်ငံ) ဗီဟာခရီးသွားဘုတ်အဖွဲ့ကို ချဉ်းကပ်ပြီး စစ်ပန်းနေတဲ့ ဗုဒ္ဓဘာသာဝင်စစ်သည်တော် (၄၀၀၀)ကို ဗုဒ္ဓဂယာမှာ ဘုရားဖူးရင်း သူတို့တွေရဲ့  စိတ်ပန်းစိတ်ကျမှုတွေကို ဖြေဖျောက်ဖို့ မဟာဗောဓိညောင်ပင်မြတ်အောက်မှာ တရားဘာဝနာပွားများနိုင်ရေး စေလွှတ်ဖို့  အဆိုပြုခဲ့ပါတယ်။ လာမယ့် ဇန်န၀ါရီလမှာ စစ်သည်တော်တွေ ၁၀၀-၁၅၀ အသုတ်လိုက် လာရောက်ပြီး ဗုဒ္ဓဂယာမြေမြတ်မဟာနဲ့  ဓမ္မစကြာတရားဦးဟောရာမိဂဒါဝုန်မှာ တစ်ပတ်ကြာနေထိုင်ကာ အာဖဂန်နဲ့ အီရတ်လို စစ်မြေပြင်တွေက အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးတွေမှာ  အချိန်အတော်ကြာပင်ပန်းခဲ့သမျှ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေကြမှာ ဖြစ်ပါတယ်။

စစ်သည်တော်တွေအားလုံး ဘီစီခြောက်ရာစုက ဗုဒ္ဓအရှင် သစ္စာသိမြင်တော်မူရာ မဟာဗောဓိညောင်ပင်အောက်မှာ တရားဘာဝနာပွားများကြပါလိမ့်မယ်။ 
''သူတို့ က ၁၀၀-၁၅၀ အဖွဲ့ခွဲပြီး ရောက်လာကြမှာပါ၊ မဟာဗောဓိပင်အောက်မှာ တရားထိုင်ကြမယ်ပေါ့။ လာမယ့် ၂၀၁၃ နှစ်တစ်ခုလုံး အဆက်မပြတ်လာရောက်ကြမှာပါ။''
ခရီးသွားလုပ်ငန်းဝန်ကြီး ဆူနီလ် ကုမာရ် ပိန္တုက တနင်္လာနေ့က ပြောကြားခဲ့တာပါ။ 
ဗြိတိသျှစစ်သည်တော်တွေဟာ ဗုဒ္ဓဂယာမှာ ခြောက်ရက်၊ မိဂဒါဝုန်မှာ တစ်ရက်နေထိုင်သွားကြမယ်လို့လည်း ၀န်ကြီးက ဆက်ပြောခဲ့ပါတယ်။ 

ဓမ္မဂင်္ဂါ
(၂၇-၁၂-၂၀၁၂)
ဗန်ကောက်စံတော်ချိန် နံနက် ၁၀း၅၀ နာရီ

26 December, 2012

ဟိုက်ဒရာဘတ်က အိုင်တီလူငယ်များ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာ


(ဟဆီနဂါရ်ဗုဒ္ဓရုပ်ပွားတော်) 

သြစတေးလျက မော်ဒယ်မလေး မီရန်ဒါ၊ ဟောလီဝုဒ်အကျော်အမော် မင်းသားကြီး ရစ်ချတ်ဂီယာနဲ့ မဓပူရ်မြို့က လူငယ်လေး ရဂ်ျကူးမားရ် တို့ ဘာများခြားနားလို့လဲ...။
 သူတို့အားလုံး ဗုဒ္ဓတရားတော်အရိပ်ကို ခိုလှုံလာကြသူတွေချည်းပါပဲ။ အဇ္ဈတ္တငြိမ်းအေးမှုကို ရှာဖွေဖို့ရယ် သူတို့ ရဲ့ လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိကဘ၀ကို ချိန်ခွင်လျှာညှိဖို့  ဗုဒ္ဓဒေသနာကို ဖက်တွယ်ခဲ့ကြတာပါ။ 

''ကျွန်တော် ဗုဒ္ဓတရားတော်တွေကို လိုက်နာကျင့်သုံးနေတာတစ်နှစ်ရှိပါပြီ၊ တကယ့်ကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ တရားဓမ္မဆိုတာ သိလာရပါတယ်။ ဒီနေ့ ခေတ်မှာ ကျွန်တော့်လို လူငယ်တွေက ငြိမ်းချမ်းပျော်ရွှင်မှုကို ရှာဖွေနေကြတာပါ။ ကျွန်တော့်အတွက်တော့ အဖြေက ဗုဒ္ဓဒေသနာပါပဲ'' လို့  မဓပူရ်မြို့မှာ ရှိတဲ့ နိုင်ငံစုံနည်းပညာကုမ္ဗဏီတစ်ခုက ဆော့်ဖ၀ဲလုပ်သား ရဂ်ျကူးမာရ်က ဆိုပါတယ်။ ဟိုက်ဒရာဘတ်မှာ လူရာပေါင်းများစွာ ပြောနေကြတဲ့ အကြောင်းအရာကိုပဲ သူက ထပ်ညွှန်းပြောပြခြင်းပါပဲ။ 

 ဟိုက်ဒရာဘတ်မြို့တော်နဲ့ ဗုဒ္ဓဘာသာစုရပ် ၁၅၀ ထက်မနည်းရှိတဲ့ ပြည်နယ်အတွင်းက အခြားနေရာတွေမှာ ၂၀၀၂ ခုနှစ်က ရာဂဏန်းအနည်းငယ်ရှိခဲ့ပေမယ့် ခုတော့ အနည်းဆုံးသုံးသောင်းခန့်  ဗုဒ္ဓဘာသာဝင်ဦးရေ  မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပါတယ်။ ဗုဒ္ဓဘာာသာပြန်လည်ထွန်းကားဆန်းသစ်လာတဲ့ နေရာတွေထဲမှာ  ရှေးအတိတ်ဆီကရွှေခေတ်ကို အမှတ်ရစေတဲ့ နာမည်ကျော်ဟဆီနဂါရ်မြို့လယ်က ဗုဒ္ဓရုပ်ပွားတော်လည်း ပါဝင်ပါတယ်။ 

 တကယ်တော့ ဗုဒ္ဓဘာသာဟာ ဘီစီ ၅ ရာစုက ကမ်းရိုးတန်းဖြစ်တဲ့ ဒီနေရာဒီဒေသမှာ ထေရ၀ါဒ၊မဟာယာနနဲ့ ၀ဇိရယာနဂိုဏ်းကြီး သုံးဂိုဏ်းလုံးအပြိုင် ထွန်းကားခဲ့ဖူးပါတယ်။  

နောက်ပိုင်းမှာတော့ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတရားတွေ လွှမ်းမိုးလာတာနဲ့အမျှ အဲဒီဘာသာတရားကိုးကွယ်သူအုပ်စိုးသူဘုရင်တွေက ဗုဒ္ဓဘာသာကျောင်းကန်ဘုရားတွေ ဖျက်ဆီးခံခဲ့ကြတဲ့အတွက် ဗုဒ္ဓသာသနာဟာ အမေ့ခံဘာသာတရားဖြစ်ခဲ့ရပါတော့တယ် လို့ သမိုင်းဆရာတွေက ထောက်ပြခဲ့ကြပါတယ်။



ကျောင်းကန်ဘုရားတွေကို ဘယ်တော့မှ ပြန်မဆောက်နိုင်ချင်သာ ရှိရမယ်၊ ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေရဲ့ အမြင်မှာတော့ ဟိုက်ဒရာဘတ်မြို့ပြရဲ့  နှလုံးသားတွေမှာ ဗုဒ္ဓအရှင်ရဲ့ တရားတော်တွေက တဖြေးဖြေး ၀င်ဆန့်ကာ ရေပန်းစားလာခဲ့ပါပြီ ဆိုတာ သေချာပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်လာကြသူထဲမှာ အသက်နှစ်ဆယ်နဲ့ သုံးဆယ်အတွင်းက လူငယ်တွေ ပါဝင်နေကြတာပါပဲ။

အလုပ်အကိုင်အတိုင်အပင်ခံလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး မကြာသေးမီက ဇနီးနဲ့ ကွဲနေတဲ့ ရာဇချာင်ဒရီဆိုတဲ့ လူငယ်တစ်ယောက်ကတော့
''ဗုဒ္ဓတရားတော်က မဇ္ဈိမပဋိပဒါအလယ်အလတ်ကျင့်စဉ်မဟုတ်လား၊ အစွန်းရောက်မှုကို အားမပေးဘူးလေ၊ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူ သိပ်ရတာပဲ။ ခု ကျွန်တော်က ငြိမ်းအေးမှုကို ထိန်းသိမ်းတည်ဆောက်ရင်း ဆူညံပွက်နေတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဇီဇာကြောင်တဲ့ ဆရာသမားတွေကို အဆင်ပြေပြေ ဘယ်လိုဆက်ဆံကျော်လွှားရမယ်ဆိုတာ သိပြီပေါ့ဗျာ၊ '' လို့ ဆိုပါတယ်။ 
''၀ိပဿနာတရားက ကျွန်တော့်ကို အဇ္ဈတ္တနတ်ဆိုးတွေကို ဖယ်ရှားဖို့  ကူညီပေးသဗျ။ခု ကျွန်တော်ဇနီးနဲ့ ကလေးဆီ ပြန်ရောက်နေပြီ။ ကျွန်တော် အလွန်ပျော်ရသူတစ်ဦးဖြစ်နေပါပြီ။'' လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။ 

'' ဗုဒ္ဓဒေသနာဆီကို တိုးဝင်လာကြတဲ့ အဓိကအကြောင်းတရားတွေက  ဖိအားတွေများလွန်းလို့၊  လုပ်ငန်းခွင်အခက်အခဲတွေနဲ့ စိတ်ဓါတ်ကျဆင်းလို့၊ အိမ်ထောင်ရေးပြဿနာတွေတက်လွန်းလို့  ဒါမှမဟုတ် ငြိမ်းအေးတဲ့ ဓမ္မအတွေ့အကြုံကို ရှာချင်လို့ စသည် အမျိုးမျိုးကွဲပြားနိုင်တယ် '' လို့  
ဟိုက်ဒရာဘတ်မြို့က ဆရာတော်တွေက မိန့်ကြပါတယ်။  မြို့တော်ရဲ့ အကြီးဆုံးကျောင်းတော်ဖြစ်တဲ့ မဟိန္ဒရာတောင်က အာနန္ဒဗုဒ္ဓ၀ိဟာရကျောင်းမှာ အပတ်စဉ်ရုံးဖွင့်ရက်မှာတောင် ကျောင်းရိပ်ကန်ရိပ်ခိုလာသူတွေ ရှိလာပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ ရာဂဏန်းအနည်းငယ်ထိ ရှိနေတတ်ပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာက ဒီက ဘုန်းတော်ကြီးတွေဟာ အတိုင်ပင်ခံအကြံပေးပုဂ္ဂိုလ်ကြီးတွေလည်း ဖြစ်နေကြရတာပါ။ 

''ဒီလာတဲ့ ဧည့်သည်တွေက လုပ်ငန်းခွင်အခက်အခဲ မိသားစုဒုက္ခ၊အိမ်ထောင်ရေးပြဿနာ၊ ကျန်းမာရေး၊ ပညာရေးအပူအမျိုးမျိုးအထိ ဆွေးနွေးလျှောက်ထားတတ်ကြပါတယ်။ ဒီလိုကိစ္စအမျိုးမျိုးအတွက် အကြံဥာဏ်တောင်းခံကြတာပါပဲ။ ဘုန်းကြီးတို့ကတော့ သူတို့ကို ဒီလို ကူညီပေးနေရတာပဲ ပျော်နေကြတာပါ။''
အာနန္ဒာကျောင်းတည်ထောင်သူ ဆရာတော်ကြီး  အရှင်သံဃရက္ခိတမဟာထေရ်က မိန့်တော်မူခြင်းဖြစ်ပါတယ်။ 

''ဘုန်းကြီးတို့မှာ လူတွေက ဗုဒ္ဓဘာသာကို ဘယ်လို ဘယ်အချိန်ကူးပြောင်းရမယ်ဆိုတာ စိတ်ဝင်တစားမေးကြတာတွေ ကြုံလာရတယ်။ ဘုန်းကြီးတို့ကတော့ ဗုဒ္ဓရဲ့ တရားတော်ဆိုတာက ဘ၀နေနည်းတစ်ခုဖြစ်ကြောင်း၊ဘာသာကူးပြောင်းတယ်ဆိုတာက အရေးမကြီးကြောင်း ရှင်းပြရတယ်။  အဓိကတော့ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသနဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးဖို့ပဲ လိုတာပါ '' လို့ ဆရာတော်ကြီးက ဆက်ပြီး မိန့်ကြားပါတယ်။

သိဒ္ဓတ္ထဗုဒ္ဓ၀ိဟာရတည်ထောင်သူ ဥက္ကဌဆရာတော်အရှင်ခေမာစာရကလည်း '' မြို့ထဲမှာ သာသနာ့ဘောင်ဝင်ချင်တဲ့ လူတွေလည်း တစ်နေ့တစ်ခြားများလာတယ်။ ဆရာတော်တွေကတော့ သရဏဂုံသီလခံယူဖို့နဲ့  တစ်ပတ်တန်သည်၊ တစ်လတန်သည် ဒုလ္လဘရဟန်းဝတ်ဖို့ပဲ အကြံပြုကြရပါတယ်။ အမျိုးသားတွေမှ မဟုတ်၊အမျိုးတွေလည်း စိတ်ဝင်စားကြတယ် '' စသဖြင့် ဟိုက်ဒရာဘတ်မြို့တော်မှာ သာသနာထွန်းကားလာတာနဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြတော်မူပါသေးတယ်။

ဆက်သွယ်ရေးလုပ်ငန်းတွဲဘက်လုပ်ကိုင်သူ ရာဂျေး ဆုထရီကတော့ လွန်ခဲ့တဲ့နှစ် လူငယ်ဗုဒ္ဓဘာသာအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ''ကျွန်တော်တို့ ဗုဒ္ဓဘာသာကို ဘယ်လို ကျင့်သုံးရသလဲ ဆိုတဲ့ စူးစမ်းမေးမြန်းမှုတွေ အများကြီးရလာပါပြီ။ ဗုဒ္ဓအရှင်ရဲ့ အခြေခံကျင့်ဝတ်သီလကို လိုက်နာကျင့်သုံးကြရင်း လူတွေအများစုဟာ တည်ငြိမ်တဲ့ လုပ်ငန်းခွင်နဲ့ ကိုယ်ပိုင်ဘ၀ကို ဦးတည်နိုင်ကြပြီဖြစ်သလို ၀ိပဿနာတရားကို ပွားများအားထုတ်ခြင်းဖြင့်လည်း မိမိတို့ရဲ့ စိတ်တွေကို ထိန်းချုပ်လာနိုင်ကြပါပြီ '' လို့ ဆိုပါတယ်။

(အိန္ဒိယတိုင်းမ်စ်သတင်းစာ၊ Buddhism slowly catching up in Hyderabad
By Rahul Devulapalli, Dec 4, 2012, 06.59 AM ကို ဘာသာပြန်ဆိုပါတယ်။)

ဓမ္မဂင်္ဂါ
(၂၆-၁၂-၂၀၁၂)
ဗန်ကောက်စံတော်ချိန် နံနက် ၉း၄၂ နာရီ
 

25 December, 2012

ပုဂံလမ်း၊အာဖဂန်လက်ပံတောင်၊ဗန်မော်ဂယာချီစစ်သည်များနဲ့ အိုင်တီဗုဒ္ဓဘာသာမျိုးဆက်



ဗန်ကောက်မြို့ပြ ခရစ္စမတ်စ်ညဟာ ရဟန်းတစ်ပါးအတွက်တော့ ထူးခြားတဲ့အတွေ့အကြုံရသမလိုအပ်..။
နတ်သမီးမြို့တော်ရဲ့ တောရဆန်တဲ့ ဆိတ်ငြိမ်အခန်းလေးမှာ 
မြန်နှုံးမြင့်အင်တာနက်ကွန်ရက်ထဲက သုတပညာအဖြာဖြာကိုသာ တဖြောက်ဖြောက်ကလစ်နေမိတော့တယ်။

 ရွှေပြည်ကြီးရဲ့ ၀မ်းနည်းဖွယ်နှစ်ထပ်သုံးထပ်...ဆယ့်လေးထပ်ကွမ်း သောကရုပ်တုပေးအပ်ပွဲသတင်းတွေအတွက်လည်း စိတ်နှလုံးတွေ လေးလံခဲ့ရပါသေးရဲ့..။ ပုဂံလမ်းက စောင့်နေမယ် သီချင်းမှာ မျက်ရည်ကာရန်ငြိခဲ့လေသတဲ့..။ အော် အိုင်ဒင်တတီပျောက်ဆုံးရတဲ့ လေယာဉ်ခရီးသည်ဒကာမလေးမနွယ်မင်းရှိန်နဲ့..... လေယာဉ်ဘီးနယ်ထဲ သံသရာခရီးသည်ဖြစ်ခဲ့ရရှာလေသူ ဦးပြား...။ 
ဘာပဲဖြစ်ဖြစ်...သဗ္ဗေသတ္တာ ဒုက္ခာ မုဉ္စန္တု ထက် ဘာမှမပိုနိုင်ပေမယ့် အဝေးရောက်ကရုဏာပခုံးလေးနဲ့ ၀င်ထမ်းမိခဲ့ခြင်းသာ...။ 

နိုင်ငံတကာဗုဒ္ဓဘာသာသတင်းတွေ ဖတ်မိတော့လည်း ရွှေပြည်ကြီးက လက်ပံတောင်ဒုက္ခမျိုးဆက်ပမာ
အာဖဂန်မှာလည်း ကြေနီသတ္တုသိုက်တူးကြမယ့်ပေါက်ဖော်ကြီးတွေက ဗုဒ္ဓအမွေအနှစ်ဘုရားကျောင်းကန်တွေ ဖြိုဖျက်ပစ်ကြတော့မယ်ဆိုပါရောလား..။
တာလီဘန်တွေက ဗာမီယန်ဗုဒ္ဓရုပ်ပွားကြီးတွေကို အမြောက်တွေ၊ ဒိုင်နမိုက်တွေနဲ့ ပစ်ခွဲကြတုန်းက တစ်ကမ္ဘာလုံး ကြိမ်မီးအုံးခဲ့ကြပေမယ့် ခု အမေရိကန်ကျောထောက်နောက်ခံရှိတဲ့ ပေါက်ဖော်ကြီးကိုကျတော့ နှုတ်ပိတ်နေကြပြီ ဆိုရဲ့..။ သဗ္ဗေသတ္တာ တွေလည်း များလှပါပကော..။ 

ရွှေပြည်ကြီးမှာ စစ်သည်တော်တွေ၊ အမြောက်သည်တော်တွေ၊ တင့်ကားသည်တော်တွေက ဗန်းမော်ကြောင်းချီ စစ်စခန်းချရာမြေ .... နတ်သျှင်နောင်ရတုသစ်ဆိုလို့  ဒေသခံစစ်ပြေးခိုလှုံဒုက္ခသည်တွေ ငိုရတဲ့အချိန်.... ဗြိတိသျှတပ်မတော်က ဗုဒ္ဓဘာသာဝင်စစ်သည်တော် (၄၀၀၀) ကို ဘုရားပွင့်ရာဗုဒ္ဓဂယာနဲ့  ဓမ္မစကြာတရားဦးဟောရာဗာရာဏသီမြို့တွေဆီ ၁၀၀=၁၅၀ အသုတ်လိုက် ခွဲပြီး ဘုရားဖူးတရားနာ၊ ၀ိပဿနာပွားဖို့ စေလွှတ်တော့မယ့် သတင်းတပြိုင်နက်ကြားရတော့ အလောင်းတော် သုဝဏ္ဏသျှမ်လို ငိုလည်း ငိုမိ..ရယ်လည်း ရယ်မိဖြစ်ရလေတော့တာ...။

ဆက်ဖတ်မိတော့ မဇ္ဈိမဒေသအိန္ဒိယအိုင်တီနည်းပညာနယ်မှာထင်ရှားလှတဲ့ ဟိုက်ဒရာဘတ်မြို့တော်က လူငယ်တွေ ဗုဒ္ဓတရားတော်ရဲ့ အရိပ်အောက်မှာ တစ်နေ့တစ်ခြား ခိုဝင်လာကြလေသတဲ့..။ အိန္ဒိယတိုင်းမ်စ်သတင်းစာကြီးမှာ ''Buddhism slowly catching up in Hyderabad'' ဆိုတဲ့ ခေါင်းစဉ်နဲ့  တခမ်းတနားပါပဲ..။ 
ဝမ်းနည်းစရာတွေသာ သောင်ထွန်းနေချိန် မုဒိတာလှေကလေးလှော်ကြည့်ဖို့
ခု ဘာသာပြန်နေပါတယ်...။ နည်းနည်းတော့ ခန္တီစ မွေးပြီး သည်းခံပေးကြပေဦးတော့..။

ဓမ္မဂင်္ဂါ
(၂၅-၁၂-၂၀၁၂)

24 December, 2012

စာသုံးသူအကြိုက် ထုပ်ပိုးမှုအသစ်ဗုဒ္ဓဘာသာ တဲ့လား


ခင်းတစ်ခုမှာ သတင်းတွေကလစ်ရင်း နယူးယောက်ခ်တိုင်းသတင်းစာက  သောမတ်စ်ဖူးလားရဲ့ ဗုဒ္ဓဘာသာဆိုင်ရာဆောင်းပါးတစ်ပုဒ်ကို ဖတ်မိသွားပါတယ်..။ မြန်နှုံးမြင့်ရာစုသစ်စီးကြောင်းထဲက ယိုးဒယားရဟန်းတော်တွေရဲ့  နေရာနဲ့  သာသနာတော်ရဲ့ ပုံရိပ်ကို ရှင်းရှင်းကွင်းကွင်းမြင်လိုက်ရပါတယ်..။ စားသုံးသူအကြိုက်လျှပ်တပြက်ဗုဒ္ဓဘာသာ(Fast Food Buddhism) ဆိုတဲ့ ဝေါဟာရအသစ်ကို ကျက်မိပါသွားတယ်..။
 ဘာသာပြန်လိုက်ပါ၏..။ဖတ်ကြည့်ကြကုန်ရာသတည်း.။
ဓမ္မဂင်္ဂါ
(ဗန်ကောက်စံတော်ချိန်..နံနက် ၁၀း၁၄ )
ခေတ္တ ASSUMPTION UNIVERSITY

ယိုးဒယားနိုင်ငံမြောက်ပိုင်းကျေးလက်ဒေသက ရဟန်းတော်တွေဟာ နံနက်စောစောပိဏ္ဍပါတ်ဆွမ်းခံကျင့်ဝတ်ကို မကျင့်သုံးကြတော့ပါဘူး..။
နီးစပ်ရာစားသောက်ဆိုင်တစ်ခုခုကို ဖုန်းတစ်ချက်နှိက်လိုက်တာနဲ့  ဆွမ်းပွဲက ရောက်လာတော့တာပါ..။  

''ဘုန်းဘုန်းက အမြဲတမ်းကျောင်းပရိဝုဏ်ထဲမှာ နေဖြစ်ပါတော့တယ်။ အချိန်နဲ့ အမျှ စံတန်ဖိုးတွေက ပြောင်းလဲသွားကြပါပြီကော..။ ''
တစ်ချိန်က ကြက်ပျံမကျစည်ကားခဲ့ပေမယ့် ခု ကျီးနဲ့ ဖုတ်ဖုတ်သာသာ သံဃာတော်နှစ်ပါးတည်းသီတင်းသုံးကျန်တော့တဲ့ ကျောင်းတိုက်က  ကျောင်းထိုင်ဆရာတော်အရှင်မရ၀ိဆယောက  မိန့်ကြားခဲ့တာပါ..။

ရွှေရောင်တ၀င်းဝင်းစုလစ်မွန်းချွန်ကျောင်းတော်ကြီးတွေဟာ လယ်ကွင်းစိမ်းစိမ်းတွေ၊ ထန်းတောထန်းရိပ်တွေနဲ့ အပြိုင် ယိုးဒယားရဲ့  ရှုမျှော်ခင်းတွေ ဖြစ်နေကြဆဲပါ..။ ကျောင်းတော်ကြီးတွေက တစ်ချိန်တစ်ခါဆီကတော့ ကျေးလက်ဘ၀ရဲ့  အသည်းနှလုံးပမာ ရပ်သူရွာသားတွေရဲ့ ညီမူရာခန်းမလည်း ဖြစ်ခဲ့ဖူး၊ ဧည့်ရိပ်သာလည်း ဖြစ်ခဲ့ဖူး၊ ပြည်သူ့ရင်ပြင်လည်း ဖြစ်ခဲ့ဖူးပါရဲ..။ ခုတော့လည်း သံဃာတော်တွေ ဆိတ်သုဉ်းလာတာနဲ့ အမျှ အတိတ်ရဲ့  အဆင်တန်ဆာမျှ ထက် မပိုတော့ဘဲ တဖြေးဖြေးနဲ့ အမေ့ခံရပ်ဝန်းတွေ ဖြစ်လာခဲ့ကြပါပြီ..။

''၀ယ်ယူစားသုံးမှုသာ ယိုးဒယားရဲ့ ဘာသာတရားဖြစ်သွားပြီကော'' တဲ့..။  နိုင်ငံ့ဂုဏ်ဆောင်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ အရှင်ဝိသာလောက မိန့်တော်မူပါတယ်။
''တစ်ချိန်ကတော့ လူတွေက ကျောင်းရိပ်ကန်ရိပ်ကို ခိုကြပေမယ့် ခုတော့ ဈေးဝယ်ထွက်ဖို့ပဲ အားသန်ကြတော့တာပါ.''. လို့လည်း ဆရာတော်ကြီးက ဆက်မိန့်ပြန်ပါတယ်..။

တရားဘာဝနာနဲ့ မွေ့လျော်ရတဲ့ ရဟန်းဘ၀ဆိုတာကလည်း ဒီနေခေတ်အိုင်ဖုန်းမျိုးဆက်လူငယ်တွေကို ဆွဲဆောင်မှုအားနည်းလာပါတယ်။


ယိုးဒယားလူဦးရေနဲ့ စာရင် ရဟန်းသာမဏေဖြစ်နှုံးက ဆယ်စုနှစ် သုံု့းခုအတွင်းမှာ တစ်ဝက်ထိ လျော့ကျခဲ့ပါတယ်။ အစိုးရရဲ့ စစ်တမ်းအရ ၁၉၈၀ ပြည့်နှစ်တွေဆီက လူဦးရေတစ်ထောင်မှာ ၁၁ ယောက်နှုံးရှိခဲ့ပေမယ့် အခု ၅ ယောက်ခန့်သာ ရှိတော့တာကလား..။ 

ယိုးဒယားရဲ့ ဒေသအသီးသီးမှာ သံဃာတော်တွေ နည်းနည်းလာတာမှန်ပေမယ့် နိုင်ငံမြောက်ပိုင်းက ဘုန်းတော်ကြီးတွေကတော့ ကိုရင်ပေါက်စလေးတွေနဲ့ ပြည့်နေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပေါများရာ ဆင်းရဲနွမ်းပါးလှတဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ဘက်က ကလေးငယ်တွေကို ရှင်သာမဏေဘောင်သွတ်သွင်းပေးတာမျိုး ရှိနေပါတယ်။  


လူတွေအများစုက ခေတ်မီသလိုလိုနဲ့  လေးနက်တဲ့ ဘာသာရေးခံယူချက်ကနေ သာမန်ဘာသိဘာသာသဘောထားလာကြပါတယ်..။ ယိုးဒယားမှာ တစ်ခုဖြစ်နေတာက    နိုင်ငံစီးပွားရေးမြင့်တက်မှုရဲ့ အရှိန်အဟုန်မြင့်မားလှတဲ့ အပြောင်းအလဲက တပါတည်း သယ်ဆောင်လာခဲ့တဲ့ အချိန်ရှားပါးမှုပြဿနာပါ..။ တကယ်ပါပဲ.. အချိန်တိုတိုလေးအတွင်းမှာ ဒေသခံရဟန်းတော်တွေရဲ့  နေတစ်ဆူလတစ်မင်းအခန်းကဏ္ဍ၊ ဆရာသခင်နဲ့ လူမှုဘ၀ရှေ့ဆောင်ဆိုတဲ့ ဂုဏ်ဝိသေသတွေ ပျောက်ရှလာခဲ့ရပါတော့တယ်..။ 

နိုင်ငံရဲ့ မြန်နှုံးမြင့်လူမှုဘ၀ကို အမှီလိုက်ဖို့  ဗုဒ္ဒဘာသာဟာ အသစ်ထပ်မံထုပ်ပိုးဖို့ လိုအပ်နေပြီ လို့   ယိုးဒယားသံဃမဟာနာယကအဖွဲ့ရဲ့  လက်ထောက်အကျိုးဆောင်ချုပ်ဆရာတော် အရှင်အနိလသကျက မိန့်ပါတယ်။ ပြီးတော့ ဒီလို ကောက်ချက်ဆွဲပါတယ်..။
'' ဒီနေ့ခေတ် လူတွေက မြန်နှုံးမြင့်အရာတွေကိုပဲ ကြိုက်နှစ်သက်ကြလာကြပြီမဟုတ်လား.။ ဟိုတုန်းက  ခေါက်ဆွဲခြောက်ထုပ်ဆိုတာ မရှိခဲ့ဘူးလေ။ ခုတော့ လူတွေက ခေါက်ဆွဲခြောက်ထုပ်မှ ခေါက်ဆွဲခြောက်ထုပ်ဖြစ်ကုန်ကြပြီ.။ ဒီတော့ ဗုဒ္ဓဘာသာတရားတော်တွေကို သွန်သင်ဟောပြတဲ့နည်းလမ်းတွေ ပြောင်းဖို့ လိုလာပြီ၊ ခေါက်ဆွဲခြောက်ထုပ်တွေလိုပဲ အစာကြေလွယ်နပ်လွယ်၊ နားလည်လွယ်အောင် သင်ပြဖို့ လိုအပ်လာပါပြီ။ ဗုဒ္ဓဘာသာဦးဆောင်ဦးရွက်ပြုကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့  ဗုဒ္ဓအရှင်ရဲ့ တရားတော်တွေကို လူထုအားထားဖွယ်ဖြစ်လာအောင်  စိတ်ဖိအားတွေများလှတဲ့မြို့ပြလူမှုဘ၀ရဲ့ ဖြေဆည်ရာကောင်းတစ်ခုအဖြစ် ၀ိပဿနာဘာဝနာရဲ့ အားသာချက်ကိုအလေးအနက်ထား မြင့်တင်ပေးကြဖို့  ဗုဒ္ဓအရှင်ရဲ့ တရားတော်တွေကို ဘုန်းကြီးကျောင်းပရိဝုဏ်ထဲမှာပဲ သိုမှီးထားဖို့ မသင့်တော့ဘူးလေ.။ 
ဗုဒ္ဓဓမ္မကို ကုန်တိုက်တွေမှာ ဒါမှမဟုတ် အင်တာနက်မှာ ရနိုင်နေပါပြီ..။ '' တဲ့..။

သို့ပေသော်လည်းပေါ့လေ...။ အရှင်ပေသနကတော့ စာသုံးသူအကြိုက်ဗုဒ္ဓဘာသာဆိုတာကြီးကို နှစ်မြို့တော်မမူလှပါဘူး..။ ၀ိပဿနာတရားတွေကြောင့် ယိုးဒယားလူကုန်ထံဂုဏ်သရေရှိအသိုင်းအ၀ိုင်းရဲ့ အားပေးကြည်ညိုမှုကို ခံယူရရှိပြီး ဘာသာရေးစာအုပ်အရောင်းစံချိန်တင်နေတဲ့  ဆရာတော်တစ်ပါးဖြစ်တဲ့ သူက ခေတ်သစ်လူမှုဘ၀နဲ့  ဗုဒ္ဓတရားတော်ကြား အခြေခံမတူညီမှုကို မြင်နေခဲ့ပါတယ်..။ 

 သူ့ဘ၀က ရိုးရာဗုဒ္ဓဘာသာကျင့်စဉ်ရဲ့  ပုံရိပ်ကောက်ကြောင်းတစ်ခုသာဖြစ်ပါတယ်။ ယိုးဒယားအလယ်ပိုင်း ဝေးလံတဲ့နေရာက သစ်သားတံတားလေးသွယ်တန်းထားတဲ့ ရေကန်နံဘေးကျောင်းသင်္ခန်းလေးတစ်ခုမှာ သီတင်းသုံးပါတယ်။ သူ့မှာ ပရိဘောကအသုံးအဆောင်တွေ မရှိပါဘူး..။ ကြမ်းခင်းပေါ်မှာ ရိုးရှင်းစွာ အိပ်စက်ပြီး သူ့ဘေးနားမှာတော့ ကျမ်းစာအုပ်တွေနဲ့ သာ ပြည့်နေပါတယ်..။ ဆရာတော်က သတင်းထောက်ကို နံနက် ၆ နာရီ ရေကန်သာထက်မှာ မြူတွေဆိုင်းနေချိန် တပည့်သံဃာတော်တွေနဲ့  ဘုရားဝတ်မပြုမီလာတွေ့ဖို့ မေတ္တာရပ်တော်မူပါတယ်။

ဒီနေ့ခေတ် ရဟန်းတော်တွေဟာ အရေအတွက်ရော အရည်အသွေးဆိုင်ရာမှာပါ ဆုတ်ယုတ်နေကြရှာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူငယ်လူရွယ်တွေက မြို့ကြီးပြကြီးတွေရဲ့ ကြွယ်ဝချမ်းသာမှုနဲ့  မြန်နှုံးမြင့်လူမှုဘ၀ထဲကို ဆွဲနှစ်ခံနေကြရတယ်..။ ကျေးလက်ဒေသက လူငယ်လူရွယ်တွေအတွက် တစ်ချိန်တုန်းက ထွန်းကားခဲ့တဲ့ ဘုန်းတော်ကြီးသင်ပညာရေးဆိုတာကိုလည်း နိုင်ငံတော်က လောကဓါတ်ပညာရေးဆိုတာကြီးနဲ့ လုံးဝနီးပါးအစားထိုးလိုက်တော့တာကိုး...။ တဲ့..။ 
တောရဆရာတော်ကြီးရဲ့ မှတ်ချက်စကားပါ..။

ဓမ္မဂင်္ဂါ
(၂၄-၁၂-၂၀၁၂)

မူရင်း

12 March, 2012

ခေတ်သစ်အသောက(သို့မဟုတ်)မော်ဒန်ဘုရားလောင်း

အိန္ဒိယနိုင်ငံမှာ ပျောက်ကွယ်သွားတဲ့ ဗုဒ္ဓအရှင်ရဲ့ တရားဓမ္မတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေ နှစ်ဆယ်ရာစုအစောပိုင်းမှာ စတင်ခဲ့ပါတယ်..။ သီဟိုဠ်နိုင်ငံသားအနာဂါရိကဓမ္မပါလဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဗုဒ္ဓအရှင်သစ္စာသိမြင်ရာ မဟာဗောဓိစေတီတော်အပါအ၀င် မမေ့အပ်တဲ့သံဝေဇနိယဋ္ဌာနတွေကို ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ထဲပြန်ရောက်ဖို့ သက်စွန့်ကြိုးပမ်းခဲ့သလို အိန္ဒိယပါဠိပညာရှင်ရဟန်းတော်များဖြစ်တဲ့ အရှင်အာနန္ဒာကောသလ္လာယန၊အရှင်ဇာဂဒိသကဿပနဲ့ အရှင်ရာဟုလာသံကစ္စာယန(ကမ္ဘာကျော်စာရေးဆရာရာဟုလာသံကစ္စည်း)တို့ကလည်း ပိဋကတ်စာပေတွေကို မိခင်ဘာသာနဲ့ ပြန်ဆိုကြ၊ ပိဋကတ်အခြေခံသုတရသစာပေတွေကို တီထွင် ရေးသားကြနဲ့ ဗုဒ္ဓသာသနာအတွက် အားတက်စရာခြေလှမ်းတွေကို စတင်ခဲ့ကြပါတယ်..။

အရှေ့တိုင်းစာပေတွေကို ဆည်းပူးလိုကြတဲ့ ဗြိတိသျှအုပ်ချုပ်ရေးအရာရှိတွေ၊ အနောက်တိုင်းသား သုတေသီတွေကလည်း ပါဠိသက္ကတ ပြာကတစတဲ့ စာပေတွေကို ဆည်းပူးရင်း အာရှတိုက်ရဲ့ အလင်းရောင်လို ကမ္ဘာကျော်ကဗျာမျိုးနဲ့ သိဒ္ဓတ္ထလို ထင်ရှားတဲ့ ၀တ္ထုမျိုးတွေကို ရေးသားပြီး ဗုဒ္ဓအရှင်နဲ့ မဇ္ဈိမဒေသကို လူသိစေခဲ့တယ်။

အဲဒီလှုပ်ရှားမှုတွေကြားထဲက ဒေါက်တာအမ်ဘေဒကာ(DrB.R.Ambedkar) ဆိုတဲ့ ဇာတ်နိမ့်ခေါ်င်းဆောင်ကြီးရဲ့ မိရိုးဖလာဟိန္ဒူဘာသာတရားကို ကျောခိုင်းစွန့်လွှတ်ပြီး ဗုဒ္ဓအရှင်ရဲ့ သာဝကအဖြစ်ခံယူလိုက်ခြင်းဟာ ယနေ့ခေတ်အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓဘာသာသမိုင်းကို အသစ်ရေးဖို့ ဖြစ်လာခဲ့ပါတယ်..။ အမ်ဘေဒကာဗုဒ္ဓဘာသာဆိုတဲ့ ဝေါဟာရတစ်ခုလည်း တိုးပွားလာခဲ့ပါတယ်..။

ဇာတ်ခွဲခြားစနစ်နဲ့ အယူစွဲကိုးကွယ်မှုတွေ ကြီးထွားလွန်းလှတဲ့ အိန္ဒိယပြည်ကြီးမှာ ဇာတ်နိမ့်(Dalit)တွေအတွက် တိရိစ္ဆာန်တစ်ကောင်ထက် တန်ဖိုးမမြင့်ခဲ့လေဘူး။ ပညာသင်ယူခွင့်၊ ဘုရားကျောင်းတက်ရောက်ခွင့်၊ ယုတ်စွ အဆုံး အများပြည်သူပိုင်ရေတွင်းရေကန်သောက်သုံးခွင့်တောင် မရခဲ့ရှာတဲ့ ဇာတ်နိမ့်တွေရဲ့ဘ၀ပုံရိပ်မည်းကြီးက ထူးချွန်ထက်မြက်တဲ့ အမ်ဘေဒကာရဲ့ ရင်ထဲမှာ စွဲမြဲနာကျင်နေခဲ့ပါတယ်..။

စာသင်ကျောင်းတွေမှာ ဇာတ်မြင့်တွေနဲ့ တန်းတူရည်တူ ပညာသင်ယူခွင့်မရတဲ့ကြားထဲက အမ်ဘေဒကာဟာ အမေရိကန်နိုင်ငံ၊ ကိုလမ်ဘီယာတက္ကသိုလ်နဲ့ အင်္ဂလန်နိုင်ငံ၊လန်ဒန်စီးပွားရေးကျောင်းတွေက ဥပဒေနဲ့ ဘောဂဗေဒပညာရပ်တွေကို ပါရဂူမြောက်အောင် ဆည်းပူးနိုင်ခဲ့တယ်။

ပြည်တော်ပြန်တာနဲ့ အမ်ဘေဒကာဟာ ဇာတ်နိမ့်တွေရဲ့ ဘ၀လွတ်မြောက်ရေးနဲ့ လူသားပီပီ ဇာတ်မြင့်ဟိန္ဒူများနဲ့ တန်းတူရည်တူအခွင့်အရေးရဖို့အတွက် တိုက်ပွဲများစွာ ၀င်ခဲ့တယ်။ မဟတ္တမဂန္ဓီကြီးနဲ့ ထိပ်တိုက်တွေ့ရတဲ့အထိ ပြဿနာတွေကြီးထွားခဲ့တယ်။ ဂန္ဓီကြီးက ဇာတ်နိမ့်ဇာတ်မြင့်ရယ်လို့ မခွဲခြားဘဲ တစ်သားတည်း ညီညွတ်ဖို့ ဆော်အော်ခဲ့သလို အမ်ဘေဒကာကလည်း ဟိန္ဒူချင်းတူပေမယ့် ဘယ်တုန်းက ဇာတ်နိမ့်တွေအပေါ်မှာ ဇာတ်မြင့်တွေက အရေးပေးခဲ့ဖူးသလဲ လို့ မေးခွန်းထုတ်ခဲ့ပြီး ဇာတ်နိမ့်တွေ သီးခြားမဲဆန္ဒပေးခွင့်ရဖို့ ကြိုးစားခဲ့တယ်။

အဲဒီလို ခါးသီးတဲ့ တိုက်ပွဲဝင်ကာလတွေမှာပဲ ဟိန္ဒူဘာသာရဲ့ မမျှတတဲ့ ဇာတ်စနစ်ကြီးကို စိတ်ပျက်ပြီး '' ငါဟာ ဟိန္ဒူတစ်ယောက်အဖြစ်မွေးဖွားခဲ့ပေမယ့် ဟိန္ဒူတစ်ယောက်အဖြစ် မသေဘူး'' လို့ ကြေငြာခဲ့တယ်။ ဘာသာတရားအသီးသီးက အမ်ဘေဒကာကို ဖိတ်ခေါ်ခဲ့ကြပေမယ့် ဗုဒ္ဓအရှင်ရဲ့ ဓမ္မကိုသာ စိတ်တိုင်းကျခဲ့တယ်။
ဇာတ်နိမ့်များအတွက် တိုက်ပွဲဝင်နေတဲ့အချိန်မှာပဲ အိန္ဒိယပြည်ကြီးရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာလည်း အခြားခေါင်းဆောင်ကြီးများနဲ့ အတူ ဦးဆောင်မှုပေးခဲ့တယ်။

လွတ်လပ်တဲ့ အိန္ဒိယပြည်ကြီးအတွက် အခြေခံဥပဒေကြီးကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ပထမဆုံးသောတရားရေးဝန်ကြီးအဖြစ် ဥဒါန်းတွင်ခဲ့တယ်။ အိန္ဒိယရဲ့ အလံတော်က ဓမ္မစက်ဝန်းနဲ့ နိုင်ငံတော်တံဆိပ်က အသောကခြင်္သေ့ကြီးလေးကောင်အမှတ်အသားတွေဟာ အမ်ဘေဒကာရဲ့ ဗုဒ္ဓအဆုံးမအရိပ်အငွေ့လွှမ်းနေတဲ့ လက်ရာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်..။

၁၉၅၆ ခုနှစ်မှာတော့ ဒေါက်တာအမ်ဘေဒကာဟာ နောက်လိုက်ဇာတ်နိမ့်ပေါင်းငါးသိန်းနဲ့ အတူ ဗုဒ္ဓသာဝကအဖြစ်ခံယူခဲ့ပါတယ်..။ အသောကခေတ်အိန္ဒိယလို ဗုဒ္ဓဓမ္မတွေ ပြန့်ပွားစေရမယ် လို့ လည်း ခံယူချက်ထားခဲ့ပါတယ်..။ ၀မ်းသာဂုဏ်ယူဖို့ ကောင်းတာက ဒေါက်တာအမ်ဘေဒကာကို သရဏဂုံချီးမြှင့်တဲ့ ဆရာတော်က ကုသိနာရုံရခိုင်မြန်မာဆရာတော်ကြီး ဦးစန္ဒြမဏိဖြစ်နေတာပါပဲ..။ ဒေါက်တာအမ်ဘေဒကာရဲ့ အတ္ထုပ္ပတ္တိကို ရုပ်ရှင်၊ဂီတ၊စာပေ၊ကဗျာတွေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုခဲ့သလို အိန္ဒိယနိုင်ငံအနှံ့အပြားမှာ အနောက်တိုင်းဝတ်စုံဝတ်၊မျက်မှတ်ထူထူတပ်၊ ဥပဒေစာအုပ်ကြီးရင်မှာပိုက်ပြီး လက်ညှိုးထိုးနေဟန် ရုပ်တုကြီးတွေကိုလည်း ထုဆစ်ထားကြပါသေးတယ်။
ဒေါက်တာအမ်ဘေဒကာကို မော်ဒန်ဘုရားလောင်း(Modern Bodhisatva) လို့ ရည်ညွှန်းပြောဆိုရေးသားနေကြတာကိုလည်း မှတ်သားရပါကြောင်း..။

ဒေါက်တာအမ်ဘေဒကာဗုဒ္ဓဘာသာခံယူပွဲဗီဒီယိုကလစ်ရန်



31 August, 2011

ဂဒါဖီနဲ့ နောက်ဆုံးတွေ့လိုက်ရတဲ့ ဗုဒ္ဓဘာသာမိတ်ဆွေ


မစ္စတာဂဒါဖီကြီးရဲ့ သတင်းတွေက နားနဲ့ရော နှလုံးသားနဲ့ပါ မဆန့်အောင် ကြားနေရတာ ခါးပါတယ်..။ အာဏာရှင်ကြီးရဲ့ နိဂုံးကို အားလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြတာ ထင်ရှားပါရဲ့..။ သူဘယ်ရောက်နေလဲ ..။ လွန်ခဲ့တဲ့ သြဂုတ်လ (၂၃) ရက်နေ့ကတော့ မစ္စတာဂဒါဖီရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ ဗုဒ္ဓဘာသာဝင်ရုရှားအမျိုးကောင်းသားတစ်ယောက်ကတော့ မစ္စတာဂဒါဖီဟာ လစ်ဗျားကနေ ဘယ်တော့မှ ဆုတ်ခွာမှာ မဟုတ်ဘူး၊ အဆုံးစွန်ထိ တိုက်ပွဲဝင်သွားမယ် လို့ သူ့ဆီကို ဖုန်းဆက်ပြောကြားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသတဲ့..။

ဗုဒ္ဓဘာသာဝင်ရဟန်းတော်တစ်ပါးအနေနဲ့ မစ္စတာဂဒါဖီရဲ့ သတင်းကို ကမ္မဿကာ လုပ်လိုက်မိပေမယ့် ရုရှားအမျိုးကောင်းသားရဲ့ ပရိုဖိုင်လ်ကိုတော့ စိတ်ဝင်စားမိသွားပါတယ်..။

ကီရဆန် အီလျူမ်ဇီနော့ဗ်(Kirsan Ilyumzhinov.) အမည်ရှိတဲ့ ဒီပုဂ္ဂိုလ်ဟာ ခေသူတော့မဟုတ်ပါဘူး..။ စစ်တုရင်ချန်ပီယံဖြစ်သလို ကမ္ဘာ့စစ်တုရင်အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်.။ ကားပွဲစားမီလျံနာ သူဌေးတစ်ဦးဖြစ်သလို ရုရှားဖက်ဒရေးရှင်းထဲက တစ်ခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ ကယ်လ်မီကီယားသမ္မတနိုင်ငံ(Republic of Kalmykia) သမ္မတဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

မိခင်ဘာသာစကားအပြင် ရုရှား၊တရုတ်၊ ဂျပန် ၊ ကိုရီးယား၊ မွန်ဂိုလီယားနဲ့ အင်္ဂလိပ်ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပါသတဲ့။

အသက် (၇)နှစ်လောက်ကတည်းက စစ်တုရင်ထူးချွန်ခဲ့ပြီး အသက် (၁၇) နှစ်မှာတော့ သမတနိုင်ငံတစ်ခုလုံးရဲ့ ချန်ပီယဆုကို ဆွတ်ခူးခဲ့သူပါ၊ အသက် (၃၀)မှာ နိုင်ငံရဲ့သမ္မတဖြစ်လာပြီး နှစ်ပေါင်း (၁၇)နှစ်အကြာ၂၀၁၀ ခုနှစ်မှာမှ ရာထူးက ဆင်းပေးခဲ့ရတာပါ။ တိုင်းပြည်က ဆင်းရဲပေမယ့် သူကတော့ အလွန်ချမ်းသာခဲ့ပါသတဲ့..။

ဒီငနဲက နည်းနည်းတော့ ကြောင်တယ်လို့ အထင်ခံရဟန်လည်းရှိပါတယ်။၁၉၉၇ စက်တင်ဘာလမှာ သူ့ကို တစ်ခြားကမ္ဘာက ဂြိုဟ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ် လို့ ဖွင့်ဟပြောဆိုခဲ့သူမို့ပါ.။ ကြယ်တွေဆီကိုလည်း ရောက်ခဲ့ပါသေးသတဲ့။ သူ့ကိဲုဂြိုဟ်သားတွေက ပန်းကန်ပြားပျံတကယ်ရှိတယ်ဆိုတာကို ပြသချင်ခဲ့ကြတာပါ တဲ့။ စစ်တုရင်ကစားနည်းကိုတောင် ဂြိုဟ်သားတွေက မြေကမ္ဘာကို ယူဆောင်ခဲ့တဲ့ စကြာဝဠာကစားနည်း လို့ ပြောခဲ့ပါသေးတယ်..။

ဇွန်လ(၁၂ )ရက်နေ့က လစ်ဗျားမှာ တော်လှန်ရေးကြီးစတင်တဲ့အချိန်မှာတောင် မစ္စတာဂဒါဖီနဲ့ အေးအေးလူလူ စစ်တုရင်ကစားခဲ့ကြပါသေးသတဲ့။ ဒီပုဂ္ဂိုလ်က ဆတ်ဒမ်ဟူစိန်ကြီးနဲ့လည်း ရင်းနှီးဆိုပဲ..။ သူ့အကြောင်းဆက်ဖတ်ကြည့်တော့ အာဏာရှင်စနစ်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး လစ်ဗျားခေါင်းဆောင်ကြီးနဲ့ ၀ါသနာဘာဂီ စရိုက်တွေကလည်း ညီကြတယ်ဆိုပါကလား.။ ဒါကြောင့်လည်း နှစ်ဦးသား သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နိုင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။

ဆက်ဖတ်ကြဖို့ပါ..။

(၁) ရုရှားပြည်ထောင်စုက တစ်ခုတည်းသောဗုဒ္ဓဘာသာနိုင်ငံ
(၂)ဂဒါဖီရဲ့ မိတ်ဆွေရင်း
(၃)အတ္ထုပ္ပတ်
(၄)ထရီပိုလီမှာ ဂဒါဖီရှိနေဆဲ ရုရှားမိတ်ဆွေပြောကြား

29 August, 2011

မလေးရှားနိုင်ငံက ငရဲပြည်နေ့ချင်းပြန်ခရီး (HELL TOUR)


ဒီခရီးစဉ်ကိုတော့ မလေးရှားနိုင်ငံ ပီနန်မြို့တော်က Teong Guan Association နဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်ခဲ့ကြတာဖြစ်ပါသတဲ့..။ ရွှေပြည်ကြီးက အမျိုးတွေ နတ်ပူးတာလောက်တော့ အပျော့ပေါ့ လို့ ဆိုရမယ့် ကိန်းပါပဲ..။ ဒါပေမယ့် သူတစ်ပါးရဲ့ ဘာသာရေးကိစ္စမို့ မှတ်ချက်မပေးဘဲ သတင်းလေးပဲ ဖောက်သည်ချလိုက်ရပါစေ..။

ဒီခရီးစဉ်မှာ လူပေါင်း ၅၄ ဦးလိုက်ခဲ့ကြတာပါ..။ အဖွဲ့ခေါင်းဆောင်ကတော့ ၀ိဥာဉ်ရေးရာနဲ့ ပတ်သက်လို့ နှစ်ပေါင်း ၂၈ နှစ်အတွေ့အကြုံရှိပြီး တိဘက်ဗုဒ္ဓဘာသာ၊ တာအိုဝါဒနဲ့ နိမိတ်ဖတ်ခြင်းများကို လေ့လာဆည်းပူးထားသူ ရှဲ့ပေးကွမ်ယင်စင်တာက ဆရာတော် Kek Eng Seng ဖြစ်ပါသတဲ့..။

ဒီခရီးစဉ်လိုက်ပါမယ့်သူအားလုံးဟာ ဖယောင်တိုင်နဲ့ ဆုတောင်းစာစက္ကူတွေ မီးရှို့လို့ ထွက်ပေါ်လာတဲ့ အလင်းလေးသာ ရှိတဲ့ အမှောင်ခန်းမ (ရွက်ဖျင်တဲ) ကြီးတစ်ခုထဲမှာ အဖြူရောင်ဝတ်စုံကိုယ်စီ ၀တ်ဆင်ကာ ရွေ့လျားခြင်းမရှိဘဲ ငြိမ်သက်စွာ ထိုင်နေကြခဲ့ပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကိုတော့ အ၀ါရောင် သို့မဟုတ် အနက်ရောင်အ၀တ်ပိုင်းစလေးနဲ့ စည်းထားကြရပါတယ်..။ ခရီးစဉ်မစတင်မီ ဆရာတော်က အသေးစိတ်ညွန်ကြားချက်ပေးပါသတဲ့ ။

အဲဒီနောက်မှာတော့ ဗုံသံ လင်ကွင်းသံတွေနဲ့အတူ ခရီးစဉ်ခေါင်းဆောင်ဆရာတော်ရဲ့ မန္တန်အဆက်မပြတ်ရွတ်ဖတ်သံပေါ်လာခဲ့ပါတယ်..။ ခရီးစဉ်စတင်ပါပြီ...။

တမလွန်ဘ၀ရောက်နေကြပြီးဖြစ်တဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ တွေ့ဆုံကြဖို့ ဒီခရီးစဉ်မှာ လိုက်ပါကြတာလို့ သိရပါရဲ့...။ စိတ်ဝင်စားရင်တော့ မူရင်းသတင်းသာ ဆက်ဖတ်ကြပေရော..။

27 August, 2011

အာရှရဲ့ အမြင့်ဆုံးဗုဒ္ဓဘာသာဗိသုကာအဆောက်အဦ ပါကစ္စတန်မှာ ပြန်တွေ့ပြီ

တရုတ်ခရီးသွားရဟန်းတော် ဟူယင်ဆန်က လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင့်လေးရာလောက်က အာရှရဲ့ အမြင့်ဆုံးဗိသုကာအဆောက်အဦကြီးအဖြစ်မှတ်တမ်းတင်ခဲ့တဲ့ ရှေးဟောင်းနေရာတစ်ခုကို ပါကစ္စတန်နိုင်ငံမှာ ပြန်လည်တွေ့ရှိခဲ့တယ် လို့ သိရပါတယ်..။ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုနှစ်အစောပိုင်းက ရှေးဟောင်းပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့သားဖြစ်ပါသတဲ့။ ဒါပေမယ့် ဂရုမစိုက်ဘဲ လစ်လျူရှုထားခဲ့ကြတာမို့ မေ့လျော့ပျောက်ကွယ်သွားရာက ခု ပြန်လည်တွေ့ရှိကြပြန်တာပါ..။
ဒီဗိသုကာအဆောက်အဦကြီးကို ကုသျှဧကရာဇ် ကနိရှကဘုရင်မင်းမြတ်လက်ထက် အေဒီတစ်ရာစုမှာ တည်ဆောက်ခဲ့ပါသတဲ့။ တရုတ်ရဟန်းတော် ဟူယင်ဆန်ဟာ အေဒီ(၆၂၉-၆၄၅)ခရီးစဉ်အတွင်း ၀င်ရောက်လည်ပတ်ခဲ့ပြီး အာရှရဲ့ အမြင့်ဆုံးဗိသုကာလက်ရာအဆောက်အဦကြီးလို့ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။ ဒီနေ့ခေတ် (၁၃)ထပ်ရှိတဲ့ အဆောက်အဦတစ်ခုနဲ့ ညီမျှတဲ့ အဆောက်အဦကြီးဟာ နာမည်ကျော် ပက်ရှဝါမြို့တော်အနီးမှာ ခန့်ငြားစွာ တည်ရှိခဲ့တာပါ။
၁၉၀၈ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် ဒီ ဘရိန်နာ့ဒ် စပွန်းနာက ဒီနေရာကို တူးဖော်တဲ့အခါ ထူပါရုံစေတီတစ်ဆူနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့ပါတယ်။ နောက်တစ်နှစ်ကြာတဲ့အခါမှာတော့ ဗုဒ္ဓအရှင်ရဲ့ အရိုးတော်အစိတ်အပိုင်းနဲ့ ဓါတ်တော်ပြာကို ဌာပနာထားတဲ့ ဓါတ်တော်ရွှေကြုတ်ကို ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။ ဓါတ်တော်ကြုတ်မှာ ကနိသျှကဧကရာဇ်ရဲ့ ဘွဲ့အမည်နဲ့ ပုံတော်ကို ထွင်းထုထားပါတယ်။
ဗုဒ္ဓအရှင်ရဲ့ ဓါတ်တော်ကိုတော့ မြန်မာနိုင်ငံကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး ဓါတ်တော်ကြုပ်ကိုတော့ ပက်ရှဝါပြတိုက်မှာ ပြသထားပါသတဲ့..။
ဒီသတင်းကို ဖတ်မိမှပဲ ပက်ရှဝါဓါတ်တော်အကြောင်းသိရပါတော့တယ်..။ မန္တလေး သာသနာ့တက္ကသိုလ် နေ့ရက်များဆီက မန္တလေးတောင်တော်ကို တက်ရောက်တဲ့အခါတိုင်း ရပ်တော်မူကိုယ်တော်ကြီးကို ဖူးပြီး ရှေ့ဆက်သွားတဲ့ အခါ နိမိတ်ကြီးလေးပါးပြခန်းအနီးမှာ ပက်ရှဝါဓါတော်လို့ ရေးထားတဲ့ အခန်းတစ်ခု ရှိပါတယ်..။ အမည်ပဲ တွေ့ရပြီး ဓါတ်တော်ကိုတော့ မဖူးဘူးပါ..။

25 August, 2011

ဗုဒ္ဓဘာသာဝင် Apple ကုမ္ပဏီစီအီးအိုဒကာကြီး ရာထူးမှ နှုတ်ထွက်


Apple ကုမ္ပဏီကြီးကို တည်ထောင်သူ ဗုဒ္ဓဘာသာဝင် မစ္စတာစတီဗ်ဂျော်ဘ်စ်ဟာ ရာထူးမှ နှုတ်ထွက်သွားပါပြီ.တဲ့။ မစ္စတာစတိဗ်ရဲ့ လက်ရာ အိုင်ပက်လေးကို သုံးကြည့်ပြီး ချီးမွမ်းလို့မဆုံးသေးဘူး..။ ရာထူးနှုတ်ထွက်သွားလေသတဲ့..။ (သတင်းနဲ့ ရောပြီး ကြွားတာလို့ မထင်စေချင်ဘူး..း)

အမွေးစားခံကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာပြီး ကောလိပ်ကျောင်းပြီးအောင် မတက်ခဲ့ရတဲ့ မစ္စတာစတီးဗ်ဟာ အိန္ဒိယကို သစ္စာရှာသွားဖို့ ခရီးစရိတ်ပိုက်ဆံအတွက် ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါသတဲ့..။ အိန္ဒိယကပြန်လာတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ သူ့ကိုယ်သူထုတ်ဖော်ခဲ့ပါသတဲ့.။ လက်ထပ်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို ပင့်ဆောင်ပြီး မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါသတဲ့..။ ဗုဒ္ဓဘာသာဝင်ထဲက သို့ကလို လူချွန်လူမွန်ကြိးတစ်ယောက်ကို မုဒိတာပွားလိုက်ကြောင်းပါ..။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သူ့အကြောင်းလေးအချို့ကို မျှဝေလိုက်ပါတယ်...

(၁)အောင်မြင်တဲ့ ဗုဒ္ဓဘာသာစီးပွားရေးလုပ်ငန်းရှင်ကြီး
(၂)ဗုဒ္ဓဘာသာတစ်ယောက်က အောင်မြင်မှုကို သရဇ္ဈာယ်လေသောအခါ
(၄)ဒကာကြီးမစ္စတာစတီဗ်ရဲ့ အတ္ထုပ္ပတ်

(၄)ဒါကတော့ ဘီဘီစီသတင်းပါ



ဘုရားဖူးရာသီအမီ လုမ္ဗိနီသတင်းများ


စက်တင်ဘာလကျော်ရင် ဗုဒ္ဓဂယာဘုရားဖူးရာသီစတော့မယ်...။ သံဝေဇနီယလေးဌာနထဲက ဘုရားအလောင်းတော်မွေးဖွားရာ လုမ္ဗိနီသတင်းလေးကို အမှတ်မထင် ကောက်ဖတ်မိတယ်။

တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာသုံးဘီလျံလောက် ရင်းနှီးမြုတ်နှံပြီး ဗုဒ္ဓအလောင်းအလျာမွေးဖွားသန့်စင်ရာ လုမ္ဗိနီဒေသဖွံ့ဖြိုးရေးအတွက် အိန္ဒိယနဲ့ ဆက်စပ်နေတဲ့ တောင်ပိုင်းဒေသမှာ လေယာဉ်ကွင်းကြီးတစ်ခုအပါအ၀င် ဟိုတယ်တွေ လမ်းတွေ အခြားအဆောက်အဦတွေ ဆောက်လုပ်ဖို့ နီပေါလ်နိုင်ငံ ခရီးသွားလာရေးဝန်ကြီးနဲ့ စာချုပ်လက်မှတ်ရေးထိုးပြီးသွားပြီ လို့ ယနေ့တရုတ်ပြည် သတင်းဌာနက ပြောလိုက်ပါသတဲ့။ ဗုဒ္ဓဘာသာရဲ့ မက္ကာဖြစ်အောင်လုပ်မယ့်စီမံကိန်းဆိုပဲ..။ အဲဒီလိုသုံးထားတာပါ..။ (Buddhist Mecca) တဲ။

ဘာပဲဖြစ်ဖြစ် ဘုရားဖူးဝါသနာအလေ့ထုံပြီး သဒ္ဓါတရားအားကြီးတဲ့ ရွှေပြည်ကြီးက အမျိုးတွေတော့ လုမ္ဗိနီမှာ အခက်အခဲမရှိသွားနိုင်လာနိုင်၊တည်းခိုနိုင်တော့မယ်လို့ ပီတီဖြစ်နေတုန်း ဆက်စပ်သတင်းတွေ ဖတ်ကြည့်တဲ့အခါ ဒီစီမံကိန်းက အငြင်းပွားဖွယ် ပြဿနာတွေ ရှိနေပုံပဲ..။

တရုတ်အစိုးရနောက်ခံပြုထားတဲ့ ဟောင်ကောင်အခြေစိုက်အန်ဂျီအိုအဖွဲ့ဖြစ်တဲ့ အာရှပစိဖိတ်ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း(The Asia Pacific Exchange and Cooperation Foundation) နဲ့ ကုလသမဂ္ဂ( UN Industrial Development Organization, တို့ ကြားသာ နားလည်မှုသ၀ဏ်လွှာလက်မှတ်ထိုးခဲ့ကြတာမို့ (တကယ့်အရေးကြီးတဲ့ အစိုးရအချင်းအချင်း လက်မှတ်ထိုးတာမျိုးလုပ်ခဲ့တာမျိုးမဟုတ်လို့ ) နီပေါလ်အစိုးအရအနေနဲ့ အသိအမှတ်မပြုပယ်ချထားတယ် လို့ သိရပါတယ်။ ။ ပြီးတော့လည်း နီပေါလ်နဲ့ အိန္ဒိယနယ်စပ်မှာ တည်ရှိတဲ့ လုမ္ဗိနီကို တရုတ်က လုံခြုံရေးအမြင်နဲ့ လွှမ်းမိုးချင်တာလို့လည်း သံသယဖြစ်နေကြပုံပါပဲ..။

အာရှပစိဖိတ်ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေးဖောင်ဒေးရှင်း(The Asia Pacific Exchange and Cooperation Foundation) ရဲ့ ပူးတွဲ-ဥက္ကဋ္ဌက နီပေါ်ကွန်မြူနစ်ပါတီ အကြီးအကဲ မောစီတုန်းဝါဒီကြီး မစ္စတာပရာချန်ဒြာဖြစ်နေတော့ အမေရိကန်ဒေါ်လာအခွင့်အရေးတွေ မျှော်ပြီး ဘာသာမဲ့ကနေ ဘုန်းကြီးလုပ်တော့မလို့လား ဆိုပြီး ကွန်မြူနစ်ခေါင်းဆောင်ကြီးကို ဘဒ္ဒန္တရဲဘော်ကြီး(Comrade Monk)လို့ ရယ်သွမ်းသွေးထားတာလည်း ဖတ်လိုက်ရပါသေးတယ်..။

နောက်ဆုံးဖတ်မိတာက ကုလသမဂ္ဂကိုယ်တိုင်ကလည်း တရားဝင်စာချုပ်ကိစ္စမရှိပါဘူးလို့ ငြင်းထားတာပါ..။ ဆက်ဖတ်ကြဖို့ပါ..။

(၁)လုမ္ဗိနီတွင် တရုတ်ဒေါ်လာ၃ ဘီလျံမြုတ်နှံတော့မည်
(၂)တရုတ်နိုင်ငံ၏ လုမ္ဗိနီပရောဂျက် နီပေါအစိုးရပယ်ချ
(၃)ဘဒ္ဒန္တရဲဘော်ကြီးသို့
(၄) လုမ္ဗိနီကိစ္စ ကုလသမဂ္ဂငြင်းဆို

23 August, 2011

လူဖြူတွေကြား ပေါ်ပြူလာဖြစ်တဲ့ ရဟန်း


သက်တော်(၈၄)နှစ်ရှိပြီး ဘွဲ့တော်နဲ့ ထင်ရှားတဲ့ ဗီယက်နမ်ဆရာတော်ကြီးပါ..။
အဖြူတွေ သဲသဲလှုပ်နောက်ကနေ လိုက်နေကြတာ မိဂဒါဝုန်မှာ တွေ့ဖူးပါတယ်..။ သီတဂူဆရာတော်ကြီးနဲ့ အတူတူ နာလန္ဒာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဆက်ကပ်တဲ့ပွဲမှာလည်း ဖူးခွင့်ရပါတယ်..။

ဆရာတော်ကြီးနှစ်ပါးကို တစ်ပြိုင်တည်းဘွဲ့တံဆိပ်ဆက်ကပ်တဲ့ ပွဲမှာ အဖြူတပည့်ယောဂီတွေ ခြံရံပြီး ကြွလာခဲ့တာပါ..။ သက်တော်ရှစ်ဆယ်ကျော်ဆိုပေမယ့် ခြောက်ဆယ်လောက်ပဲ ထင်ရပါတယ်.။ ဒီဆရာတော်ကြီးကလည်း သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကိုပဲ ပြသနည်းပေးလေ့ရှိတာပါ..။ သေချာမလေ့လာရသေးတော့ ထေရ၀ါဒနည်းနဲ့ တူမတူ မသိရပါ။ နိုင်ငံတကာပြယုဂ်မှာတော့ ဒလိုင်လားမားပြီးရင် ဒုတိယနေရာလောက်ရှိတယ် လို့ ဆိုပါတယ်..။


ပြည်တွင်းကအမျိုးတွေနဲ့ ပြည်ပရောက်အမျိုးတွေကြားမှာပဲ ပြည်တွင်းပြည်ပသာသနာပြုအမည်ခံနေကြတဲ့ ဓမ္မဂင်္ဂါတို့ကိုယ်တိုင် နှိုင်းယှဉ်လေ့လာဖို့ လင့်ခ်လေးတွေ တင်ပေးလိုက်ပါတယ်..။

(၁)လူဖြူတွေ ကြည်ညိုတဲ့ ဗုဒ္ဓဘာသာရဟန်း
(၂)အင်္ဂလိကန်ဘုန်းတော်ကြီးက ချီးမွမ်းခံရသူ
(၃)ဆရာတော်ကြီးရဲ့ ထေရုပ္ပတ်

(ယနေ့ဗုဒ္ဓဘာသာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပို့စ်မတင်နိုင်တာကြာပါပြီ.။ ကျမ်းတင်ပြီးရင်တော့ ဘလော့ဂ်လေးဆီ ပုံမှန်လှည့်နိုင်မယ်ထင်ပါတယ်..။)

07 January, 2011

ဘုရင်ဘုန်းကြီး ဘုန်းကြီးဘုရင်

တရုတ်နိုင်ငံက စိတ်ဝင်စားဖွယ် ဧကရာဇ်ဘုရင်တစ်ပါးအကြောင်းပါ.. မနက်အိပ်ရာထ ဖတ်မိတာနဲ့ မျှဝေလိုက်ပါတယ်....။ ဘာသာပြန်ဖို့မအားတာနဲ့ မူရင်းလေးအတိုင်း.....
ဒီမှာပါ

ဓမ္မဂင်္ဂါ
(၈-၁-၁၁)

(တိဘက်တက္ကသိုလ်မှာ ယနေ့ကျင်းပမယ့် ညီလာခံအကြောင်း ရေးသားဖို့ စဉ်းစားထားပါတယ်...)း)

17 November, 2010

အောင်ဆန်းစုကြည်(သို့မဟုတ်) ဗုဒ္ဓဘာသာသူရဲကောင်း

အရှေ့တောင် အာရှထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အောင်ဆန်းစုကြည်သည် ဘာသာရေးနှင့် နိုင်ငံရေးတန်ဖိုးကြားဝယ် ဆုံမှတ်တစ်ခုအဖြစ် တိုက်ပွဲဝင်နေသည့်ပြယုဂ်တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့အမျိုးသား သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် အောင်ဆန်းစုကြည်မွေးဖွားခဲ့သည်၊ ဗိုလ်ချုပ် အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကာလတွင် မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုကြီး၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်အုပ်စိုးမှုမှ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့မည် အချိန်နီးကပ်လာချိန်တွင် လုပ်ကြံခံခဲ့ ရသူဖြစ်သည်။


ဒီမိုကရေစီအထိမ်းအမှတ်သင်္ကေတ

အောင်ဆန်းစုကြည်သည် ရန်ကုန်၊ဒေလီနှင့် အောက်စဖို့ဒ်တို့တွင် ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တွင် မိသားစုဘ၀ကို ထူထောင်ရန် အခြေချခဲ့သည်။ အင်္ဂလိပ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှအရေးများနှင့် ခပ်ဝေးဝေးအင်္ဂလန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့စဉ် သူမ၏ မိခင်နာမကျန်းဖြစ်၍ မိခင်ကြီးအား ပြုစုရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်အတောအတွင်း အစိုးရက ရွေးကောက်ပွဲကျင်းပပေးမည် ဟု ကြေငြာခဲ့ရာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်းကြီး၏ သမီးအနေဖြင့် သဘာဝအားဖြင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုရေစီးထဲ ပါခဲ့ရတော့သည်။ နောက်ဆုံးတော့ သူမသည် ထိုဒီမိုကရေစီလှုပ်ရှားမှုကြီး၏ သင်္ကေတဖြစ်ခဲ့လေတော့သည်။

နေအိမ်အထိန်းသိမ်းခံဘ၀ရောက်နေသည့်ကြားမှပင် သူမ၏ လှုပ်ရှားမှုက ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ကြီးကျယ်စွာ အနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ပဲ ခေါင်းဆောင်များကို အကျဉ်းချပါလေသည်။ အောင်ဆန်းစုကြည်ကိုမူ ၁၉၉၀ ခုနှစ်ကတည်းက နေအိမ်တွင် ထိန်းသိမ်းအကျဉ်ချထားခဲ့သည်။ မည်သို့ဖြစ်စေ သူမကတော့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြောဆိုခဲ့သည်သာဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် သူမ၏ ဒီမိုကရေစီအရေးအတွက် အလံမလဲ တိုက်ပွဲဝင်မှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အားထုတ်မှုများအတွက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက သူမအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခဲ့ကြသည်။


ဗုဒ္ဓဘာသာနိုင်ငံရေးဒဿန

အော်ဆန်းစုကြည်၏ နိုင်ငံရေးဒဿနမှာ အလွန်ရိုးစင်းသည်ဟု ထင်ရသော်လည်း ဗုဒ္ဓဒေသနာတော်၌ ကဲ့သို့ သူမ၏ စကားများတွင် စွမ်းအင်နှင့် စကားလုံးအရည်အသွေးများပါဝင်နေသည်။ ရိုးစင်း၍ အားအင်ပါသော စကားလုံးများဖြစ်သည်။ သူမ၏ အကျော်ကြားဆုံးစကားတစ်ခွန်းမှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဖြစ်သည်။

မိန့်ခွန်းပြီးခါနီးတွင် သူမက ဒီခေါင်းစီးစကားလုံးကိုပင် တဒင်္ဂခဏဖော်ထုတ်ပြီးနောက် မဟတ္တဂန္ဓီကြီး ၏ “ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဖြစ်စေ နိုင်ငံတစ်ခုအတွက် ဖြစ်စေ အကြီးကျယ်ဆုံးလက်ဆောင်မှာ ကြောက်ရွံ့ခြင်းမရှိမှု၊ စိတ်ထဲမှာ ကြောက်ရွံ့ခြင်း ကင်းမှုပင် ဖြစ်ပါ၏ ” ဟူသော သြ၀ါဒစကာကိုးကားသည်။ မဟတ္တမဂန္ဓီကြီးက ဤကြောက်ရွံ့ခြင်းကင်းရေးသြ၀ါဒကို ပေးသည့်အခါ သူက သူကျွမ်းကျင်းကျင်သည့် တစ်စုံတစ်ခုကို ပြုလုပ်တတ်သည်။ ထိုအရာမှာ ဗုဒ္ဓအရှင်၏ ရှေးဟောင်းကျင့်စဉ်ဖြစ်ကြောင်း ဖွင့်ဆိုခြင်းပင် ဖြစ်ပါသည်။

အောင်ဆန်းစုကြည်က “ကြောက်ရွံ့မှုကင်းခြင်းသည် မဟတ္တမဂန္ဓီမိန့်ဆိုသကဲ့သို့ပင် လက်ဆောင်တစ်ခုဖြစ် ကောင်းဖြစ်နိုင်သော်လည်း ပို၍ တန်းဖိုးကြီးမားသောအရာမှာ သင်တို့ကိုယ်တိုင်၏ အားထုတ်မှု၊ ကြိုးပမ်းမှုအားဖြင့် ရရှိလာသည့် သတ္တိပင်ဖြစ်သည်။ ထိုသတ္တိက သင်တို့၏ အပြုအမူများကို ကန့်သတ်ချုပ်ချယ်နေသည့် ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်သော အလေ့အကျင့်ကို ထူထောင်ပေးပါလိမ့်မည်” ဟု ဟောပြောလေသည်။

ဤစကားလုံးများကို ဖတ်ရှုကြရသည့်အခါ အောင်ဆန်းစုကြည်၏ လုပ်ရပ်က သတ္တိ၊ သည်းခံမှု၊ စိတ်ရှည်မှု၊ အကြမ်းမဖက်မှုကဲ့သို့သော ဗုဒ္ဓတရားတော်လာအခြေခံတန်းဖိုးများနှင့် ခေတ်သစ်ဒီမိုကရေစီတန်ဖိုးများကို တွဲဖက်ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထင်သာမြင်သာ ရှိလှပါပေသည်။

ဤသို့တွဲဖက်ကျင့်သုံးပြလိုက်ခြင်းဖြင့် ဗုဒ္ဓတရားတော်တန်ဖိုးဟူသည် ဘုရားကျောင်းနှင့်သာ ဆိုင်သည်ဟူသော အမြင်ရှိသူများကိုပင် အာရုံစူးစိုက်လာစေနိုင်သည်အထိ အင်အားကြီးကြီးမားလှပေသည်။ ဗုဒ္ဓအရှင်၏ တရားတော်တန်ဖိုးများက အသောကခေတ်မှသည် ယနေ့ခေတ်တိုင်အောင် နိုင်ငံရေးနယ်ပယ်တွင်သာမက ဘာသာရေးရိုးရာ လုပ်ငန်းစဉ်များတွင်လည်း အဓိကကဏ္ဍမှ ပါဝင်ခဲ့လေသည်။

ဓမ္မဂင်္ဂါ
(၁၇-၁၁-၂၀၁၀)

Aung San Suu Kyi: A Buddhist Hero ကို ဆီလျော်အောင် ပြန်ဆိုပါသည်။


13 November, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။
အလန်ကလီးမင့်ထ်စ်
“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”
အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။


အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ်
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”


ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”


အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဓမ္မဂင်္ဂါ
(ဘာသာပြန်သည်... :D )

မူရင်းစာမျက်နှာ

26 October, 2010

အမျိုးသမီးများအတွက် အမေရိကားမှာ ဘိက္ခုနီသာသနာ ထူထောင်ပြီ

ရဟန်းဘ၀ကို ရချင်လှပါတယ် ဆိုတဲ့ အမျိုးသမီးတွေအတွက် စိတ်ဝင်စားစရာဖြစ်မှာပါ....။ ကွယ်ပျောက် သွားပြီးဖြစ်တဲ့ ဘိက္ခုနီသာသနာကို ပြန်လည်ထူထောင်ဖို့ ၀ိနည်းလမ်းကြောင်းအရ မဖြစ်နိုင်တော့ဘူး လို့ မကြာသေးမီက မြန်မာနိုင်ငံအထူးသံဃ၀ိနိစ္ဆယအဖွဲ့က ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ အာရှနိုင်ငံရှေးရိုး အစဉ်အလာ သံဃာ့ အဖွဲ့အစည်းတွေကလည်း ဘိက္ခုနီသာသနာဆိုတာကြီးကို လက်ခံဖို့ ငြင်းဆန်နေကြတုန်း ပါပဲတဲ့။

ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ခြမ်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိယ်ဂျယ်လိစ်မှာတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ (၁၀)ရက်နေ့က ဘိက္ခုနီရဟန်းခံပွဲကြီးကို သမိုင်းဝင်အပြည်ပြည်ဆိုင်ရာဘိက္ခုနီရဟန်းခံပွဲကြီး အဖြစ် ကျင်းပခဲ့ပါသတဲ့..။

ကနေဒါသူတစ်ယောက်က အနာဂါရိက(ရှစ်ပါးသီလခံယနေ့ခေတ်သီလရှင်များနှင့် အဆင့်တူ) အဖြစ်ခံယူပြီး အမေရိကန်ဖွားအမျိုးသမီးနှစ်ယောက်ကလည်း သာမဏေရီ(သာမဏေကို ကိုရင်လို့ ခေါ်တော့ သာမဏေရီကို မယ်ရင်လို့များ ခေါ်ရလေမလား)အဖြစ် သာသနာဘောင်ကို ၀င်ရောက်ခဲ့ကြပါသတဲ့။

အဓိကအားဖြင့် ဘိက္ခုနီ(ဘိက္ခုကို ရဟန်းဆိုတော့ ဘိက္ခုနီကိုတော့ ရဟန်းမပေါ့) အဖြစ်ခံယူကြခဲ့တဲ့ သာမဏေရီများကတော့ သီရိလင်္ကာဖွား တစ်ဦး၊ ဗီယက်နမ်ဖွားသုံးဦးနဲ့ မြန်မာဖွား တစ်ဦးတို့ဖြစ်ကြပါသတဲ့။ ဒီပွဲကို ဦးဆောင် ဦးရွက်ပြုတော်မူတာက သီရိလင်္ကာသံဃာ့အဖွဲ့လို့ သိရပါတယ်။(အင်းမြန်မာလည်း သမိုင်းဝင်သွားပြန်ပေါ့)

ဒီဘိက္ခုနီသာသနာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်မပေးတော့ဘဲ သတင်းအဖြစ်ဖော်ပြလိုက်ပါတယ်..။ မူရင်းသတင်း


19 September, 2010

ဗုဒ္ဓဘာသာဝင်အမေရိကန်သမ္မတလိုပြီ တဲ့



America Needs a Buddhist President
ဆိုပဲ..။ စာအုပ်တစ်အုပ်ရဲ့ အမည်ပါ.. ။ စိတ်ဝင်စားအောင် လုပ်ထားလေတော့ စိတ်ဝင်စားမိလေသပေါ့ ။ အမေရိကန်မှာ ဗုဒ္ဓဘာသာဝင်က သမ္မတကြီးဖြစ်ဦးမယ်ဆိုရင်တော့ ရွှေတိဂုံပုံတူစေတီကြီးတစ်ဆူ ထပ်ဖူးရ ချည်သေးရဲ့ပေါ့။ သံဃမဟာနာယကအသစ် ဖွဲ့လို့ ပါရင် အိမ်ဖြူတော် ဆွမ်းစားကြွ.....။ စကားလက်အိုဟာရာ တို့ရဲ့ ဂျောဂျီယာပြည်နယ်မှာ တောစခန်းရိပ်သာကြီးတည်ထောင်ဖို့ မြေဧက ငါးထောင်လောက် ၀ယ်....။ မြေပဲစိုက်တောင်သူတွေ နဲ့ ၀ါဂွမ်းစိုက်တောင်သူတွေ အလုပ်လက်မဲ့ဖြစ်တာထက် ကျောင်းဒကာမစ္စတာ ဘီဂိတ်ကြီးသာ လှူမယ်တန်းမယ်ဆို ကျောင်းဒကာရဲ့ သဒ္ဓါတရားကို ငဲ့ရပေမကိုး။ အမေရိကားမှာ လူရိုသေ ရှင်ရိုသေလုပ်ထားမှ.။

အသောကကြီးဧကရာဇ်ကြီး ဗုဒ္ဓဘာသာဝင်ဖြစ်တော့လည်း ဇာတ်ဝင်ခန်းက ခပ်ရိုးရိုး..။ ပညာတတ်ဖို့ပဲ လိုတာ...။ နိဂြောဓသာမဏေလေးက တတ်လိုက်တဲ့ ပညာ ..။ အရိယိုလော်ဂျီပညာရှင်( Ariyology) (တက္ကသိုလ်တွေမှာ ဌာနတစ်ခုအနေနဲ့ မဖွင့်ရသေးတဲ့ အရိယာပညာ)၊ ပုဂံခေတ်မှာ အနော်ရထာကြီးရဲ့ ရှေ့မှောက် ဘွားကနဲရောက်လာတဲ့ ရဟန္တာအရှင်အရဟံကလည်း အချင်းအဆင်း လင်းပါဘိသနဲ့...။

အင်း ခုနေ အမေရိကားက သမ္မတကြီးရဲ့ အိမ်ဖြူတော်မှာ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ သာသနာပြုသာ ကြွရမယ်ဆိုရင် ....

အော် အနောက်တိုင်းသားတွေကို သာသနာ ဘယ်လိုပြုရမယ်ဆိုတာတော့ မတွေး ..။ ၀ါရှင်တန်ဒီစီမှာ ကျောင်းမြေကွက်ချပေးဖို့ အရင်တွေးမိသေး...။ တော်တော်ခက်တဲ့ ကိုယ်တော်..။(အဲ ငါ့ကိုယ်နော်)

စာအုပ်လေးကို ရှိမယ်အမှတ်နဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာကို ကလစ်ခ်ကြည့်လိုက်တော့ ၀ယ်ရန် တဲ့...။ ငယ်ငယ်တုန်းက အဘိုးလေးဦးဇင်းကြီးကို သွားပြီး သတိရမိ သေးတော့တယ်။ ကိုရင်လေးတွေ ကျောင်းသားလေးတွေကို ညညတွေမှာ ၀တ်ဖြည့်ခိုင်းပါတယ်။ နင်းနှိပ်ပေးရတာပါပဲ။ ဇာတ်နိပါတ် ပုံပြင်တွေ ပြောပြတတ်ပါတယ်။

မြို့သွားရင်လည်း ကိုရင်ကျောင်းသားလေးတွေအတွက် မုန့်လေး ဘာလေး ကပ္ပိ(၀ယ်)လာတတ်ပါတယ်။ ဒါပေမယ့် ပါလာတဲ့ မုန့်တွေကို ချက်ချင်းမပေးဘဲ ဝေ့၀ိုက်ပြီး ဒီလိုမျိုးပြောပြခဲ့တာ အမှတ်ရပါတယ်။ ကလေးဆိုတော့ မြို့က ပြန်လာတဲ့ ဦးဇင်းကြီးရဲ့ သင်္ကန်းစနဲ့ချုပ်ထားတဲ့ လွယ်အိတ်ထောင်ကြီးထဲမှာ မုန့်တွေပါလာမယ် ဆိုတဲ့ အထင်လေးနဲ့ ဦးဇင်းကြီးနားမှာ ၀ိုင်းမျှော်ရတာပါ။ မင်းတို့ အတွက် မုန့်ဝယ်ဖို့သွားတာ ဆေးဆိုင်ဝင်မေးတော့ မုန့်မရောင်းဘူး ကွ တဲ။ အဲဒါနဲ့ မုန့်ဆိုင်သွားရတာပေါ့ကွာ ။ ဒါပေမယ့် မုန့်ဆိုင်ရောက်တော့လည်း ပိုက်ဆံနဲ့မှ ရောင်းမယ်လို့ ပြောပြန်ရောဟေ့ တဲ့။ ဒါပေမယ့်ကွာ ငါက မင်းတို့ ကျွေးချင်တော့ ပိုက်ဆံနဲ့ ဆိုလည်း ပိုက်ဆံနဲ့ပေါ့ကွယ် ဆိုပြီး ၀ယ်လာရသဟေ့ တဲ့..။ အင်း


အခုလည်း ပိုက်ဆံနဲ့မှ ရောင်းမှာ ဆိုတော့..
ဝယ်ပြီးတဲ့သူများ ကော်ပီလေး မျှပါ။(မှတ်ချက် အလှူခံခြင်းမဟုတ်ပါ..)
မူရင်းဆိုဒ်က ဒီမှာ ပါ

27 August, 2010

စိတ်ဝင်စားဖို့ကောင်းပါတယ် ဖတ်ကြည့်ပါ

စာမရေးနိုင်တာ တစ်ပတ်ပြည့်တော့မယ်။ ဒါပေမယ့် မှတ်မှတ်သားသား ဒါလေးတော့ ဖတ်ဖြစ်တယ်။ သာသနာရေးနဲ့ ဆိုင်တဲ့ အတွေးကွက်ကို ချခင်းပြထားတာပါ။
မူရင်းဆိုဒ်က http://mrmrt.blogspot.com/

10 August, 2010

ဗန်းမော်ဆရာတော်၏ သီရိလင်္ကာဘုရားဖူးခရီး

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ။ တိပိဋကရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပေါက်မြိုင်ဆရာတော်ဘုရားကြီး ဦးအဂ္ဂ၀ံသာဘိဝံသ(၂)ပါး အမှူးပြုလျက် ဖြူးမဟာစည်ရိပ်သာကြီး(၂)ခု၏ ပဓာနနာယကဆရာတော် အရှင်အဂ္ဂ၀ရ (ဓမ္မာစရိယ၊M।A, PhD Thesis) ဦးစီးသော ဘုရားဖူးအဖွဲ့သည် သီရိလင်္ကာနိုင်ငံတွင် 11-8-2010 မှ 20-8-2010 နေ့အထိ။ ထိုင်းနိုင်ငံတွင် 21-8-2010 မှ 23-8-2010 နေ့အထိ ဘုရားဖူးကြွရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

18 July, 2010

ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရ

ယနေ့(၁၉-၀၇-၂၀၁၀ အာဇာနည်နေ့)ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတွေမှာ ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အထူးအစည်းအဝေးသတင်းကို ဖတ်ရပါတယ်။ အဲဒီအစည်း အဝေးကြီးမှာ မကွေးဆရာတော်ကြီးပျံလွန်တော်မူသွားလို့ လစ်လပ်နေတဲ့ နိုင်ငံတော်ဗဟို သံဃာ့ဝန် ဆောင်အဖွဲ့ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသကို ဆန္ဒပေးရွေး ချယ်တော်မူခဲ့ကြပါသတဲ့။

လွန်ခဲ့လကမှ ဂျပန်နိုင်ငံက သာသနာပြုပြီး ပြန်ကြွသွားတော်မူတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ဒီနေ့ခေတ်မှာ ပိဋကတ်စာပေနဲ့ ပတ်သက်ရင် ပြိုင်ဘက်မရှိကျော်ဇော်တော်မူပြီး သံဃာထုတစ်ရပ်လုံးရဲ့ လေးစားခြင်း ခံတော်မူရတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ မင်းကွန်း တိပိဋကဆရာတော်ကြီးကိုယ်တိုင် ယုံကြည်ကိုးစား တော်မူခဲ့ပြီး မင်းကွန်း တိပိဋကလောင်းလျာများကို စာပေပို့ချပေးဖို့ လွှဲအပ်တော်မူခြင်းခံခဲ့ရပါတယ်။ ဆဋ္ဌ တိပိဋကဓရဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသအပါအ၀င် မျိုးဆက်သစ် တိပိဋကဓရ ဆရာတော်များကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။

ဗန်းမော်ဆရာတော်ကြီးဟာ မင်းကွန်းဆရာတော်ကြီးလိုပဲ နာမည်ကျော်သကျသီဟအသင်းကြီးရဲ့ ပရိယတ္တိ သာသနဟိတစာမေးပွဲမှာ ထူးချွန်ထက်မြက်စွာ အောင်မြင်တော်မူခဲ့လို့ ၀ဋံသကာဘွဲ့ထူးကို ဆွတ်ခူး တော်မူခဲ့ပါတယ်။ သကျသီဟအသင်းတော်ကြီးရဲ့ နှစ်တစ်ရာသက်တမ်းအတွင်းမှာ မင်းကွန်း ဆရာတော်ဘုရား၊ စာရေးဆရာကြီး ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်သဒ္ဒါဆရာ ဦးသောင်းလွင်( အရှင်သုမန ဘီအေ) တို့အပါအ၀င် ၀ဋံသကာဘွဲ့ဆွတ်ခူးခဲ့သူဟာ ကိုးဦးမျှသာ ရှိခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ သာသနာရေးဆိုင်ရာ စာမေးပွဲတွေမှာ အခြားဘွဲ့တံဆိပ်များစွာကိုလည်း ဆွတ်ခူး တော်မူခဲ့ပါသေးတယ်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ စာပေးစာယူစနစ်နဲ့ တက္ကသိုလ်ပညာရေးကို ဆည်းပူးခဲ့တဲ့ ဆရာတော်ကြီးဟာ ၀ိဇ္ဇာဘွဲ့နှင်းအပ်ခြင်းလည်း ခံယူတော်မူခဲ့ရပါတယ်။ ပိဋကတ်သုံးပုံ အင်္ဂလိပ် ဘာသာပြန်ဆိုရေး အဖွဲ့ကြီးရဲ့ တစ်ပါးတည်းသော နာယက ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ သာသနာရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အင်္ဂလိပ်ပိဋကတ်ဘာသာပြန်စာအုပ်တိုင်းရဲ့ ရှေ့ပိုင်းစာမျက်နှာမှာ ဆရာ တော်ကြီးရဲ့ ဘွဲ့တော်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မယ်။

ရဟန်းသာမဏေတွေကို အဆင့်မြင့်ပိဋကတ်စာပေပို့ချတော်မူခဲ့ပြီး သာသနာတော်တွင်းမှာ သတင်းမွှေးတဲ့ ဗန်းမော်ဆရာတော်ကြီးကို ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီး တည်ထောင်တော့ ပါမောက္ခမဟာဌာနမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ပင့်ဖိတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ နိုင်ငံတကာနဲ့ မြန်မာသင်တန်းသားရဟန်းရှင်လူတွေကို အင်္ဂလိပ်ဘာသာနဲ့ အဘိဓမ္မာ ကျမ်းစာနဲ့ အခြားပိဋကတ်စာပေတွေကို ပို့ချပေးတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ သာသနာတော်အရေးဆောင်ရွက်တော်မူခြင်းနဲ့ ပိဋကတ်စာပေအသိပညာတွေကြောင့် နှစ်စဉ်နှစ်တိုင်းပေးနေကျ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တွေများစွာအပြင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ဒီလစ်(D.Litt)ဘွဲ့ဆက်ကပ်ခြင်းကို အလှူခံရရှိတော်မူပါတယ်။ (ဘွဲ့တွေက များလွန်းလို့ မဖော်ပြတော့ပါ၊ သည်းခံပါ ဆရာတော်ဘုရား) ၂၀၀၉ ခုနှစ်မှာတော့ သက်တော်ရှစ်ဆယ်ပြည့်ပြီမို့ ဒုတိယ ပါမောက္ခချုပ် တာဝန်က အနားယူတော်မူခဲ့ပါတယ်။

ဒါပေမယ့် သာသနာတော်က ဗန်းမော်ဆရာတော်ကို လိုနေပါသေးတယ်။ ၂၀၁၀ မှာ နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင်အဖွဲ့ထဲ ၀င်ပြီး သာသနာတော်အရေးဆောင်ရွက်ဖို့ သံဃာတော်များရဲ့ တောင်းပန် တိုက်တွန်းချက်အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ၀င်ရောက်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ အကျိုးတော်ဆောင်ချုပ်အဖြစ် ရွေးချယ်ခြင်း ခံတော်မူခဲ့ရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး အကျိုးတော်ဆောင်ချုပ်အဖြစ်ထမ်းဆောင်နေစဉ်မှာ ဥက္ကဋ္ဌ မကွေးဆရာ တော်ကြီး ပျံလွန်တော်မူလို့ လစ်လပ်သွားတဲ့ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီး နေရာမှာ ဗန်းမော်ဆရာတော်ကြီးကို ဆက်လက်ရွေးချယ်လိုက်ပြီလို့ ဒီနေ့ထုတ် သတင်းစာမှာ ဖတ်လိုက်ရပါပြီ။ အာဇာနည်နေ့မှာ သသနာ့အာဇာနည်တစ်ပါးကို ရွေးချယ်နိုင်ခဲ့ပါပြီ။ ဗန်းမော်ဆရာတော်ကြီးဟာ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်တာဝန်မှ နိုင်ငံတော်သဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအဖြစ် သာသနာတော်အရေးကို ဦးဆောင်ရတော့မှာ ဖြစ်ပတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးရဲ့ (၁၉၈၀ မှ ၂၀၁၀ အထိ) သက်တမ်း နှစ်ပေါင်းသုံးဆယ်ကာလအတွင်း

ဥက္ကဌဆရာတော်ကြီးများကတော့
၁။ပဲခူးမြို့မဆရာတော်ဘုရားကြီး
၂။ မြင်းခြံ ကိုးဆောင်ဆရာတော်ဘုရားကြီး
၃။ မကွေး မဟာဝိသုတာရာမဆရာတော်ကြီးတို့ ဖြစ်ကြပါတယ်။

အကျိုးတော်ဆောင်ချုပ်ဆရာတော်များကတော့
၁။မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီး
၂။သံလျင်မင်းကျောင်းဆရာတော်ဘုရားကြီး
၃။မကွေးဆရာတော်ဘုရားကြီး
၎။ညောင်တုံးဈေးကျောင်းဆရာတော်ဘုရားကြီး
၅။ဗန်းမော်ဆရာတော်ဘုရားကြီးတို့ ဖြစ်ကြပါတယ်။

ယခုနှစ်မှာတော့
နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့
နိုင်ငံတော်သံဃာမဟာနာယကအကျိုးတော်ဆောင်ဆရာတော်အဖြစ် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒသာမိတို့ကို ဆန္ဒပေးရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

မဟာနာယကသမိုင်းတစ်လျောက်မှာ မကွေးဆရာတော်နဲ ဗန်းမော်ဆရာတော်တို့နှစ်ပါးသာ တာဝန်ကြီး နှစ်ရပ်လုံးကို ထမ်းဆောင်ခွင့်ရခြင်းပါပဲ။ ဗန်းမော်ဆရာတော်ကြီးဟာ ပဋ္ဌာန်းအမြဲရွတ်လေ့ရှိတယ် လို့ ပြောလေ့ရှိသလို ပဋ္ဌာန်းရွတ်ကြဖို့လည်း ပဋ္ဌာန်းအကျိုးတရားတွေကို တဖွဖွဟောလေ့ရှိပါတယ်။

ဓမ္မဂင်္ဂါ
၁၉-၀၇-၂၀၁၀

စာကြွင်း၊ ဗန်းမော်ဆရာတော်ကြီးနှင့် ပတ်သက်၍ ကိုးကားရည်ညွှန်းစရာ စာအုပ်စာတမ်းအနီးအနားမှာ မရှိပါ၍ မှတ်မိသိရှိ အားကျမိသမျှကိုသာ ရေးသားဖော်ပြလိုက်ရပါကြောင်း။ မင်းကွန်း ဆရာတော်ကြီး တစ်ပါးတည်း ကိုသာ အကျိုးတော်ဆောင်ချုပ်ဟု ဂုဏ်ပြုသုံးစွဲပြီး နောက်ဆရာတော်များကိုတော့ အကျိုးတော် ဆောင်ဆရာတော်ဟုသာ ရိုးရိုးသုံးစွဲကြောင်း ...။