09 August, 2009

ဟုပေယျလွဲချော်မှု


''ငါ့သျှင် သင်ဝန်ခံသည့်အတိုင်း အဆုံးမရှိသော ဥာဏ်နှင့်ပြည့်စုံ သော မာရ်ငါးပါးကို အောင်သော ဘုရားဖြစ်ထိုက်ပါသလော" ဟု (မေးရာ )
"ဥပက အာသဝေါတရားကုန်ခြင်းသို့ ရောက်သော ငါကဲ့သို့ ပုဂ္ဂိုလ်တို့သည် စင်စစ်ဇိနမည်ကုန်၏။ ငါသည် ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီးဖြစ်သောကြောင့် ဇိန မည်၏" ဟု (မိန့်တော်မူ၏)။
ဤသို့မိန့်တော်မူသော ဥပကတက္ကတွန်းသည် " င့ါရှင် ဟုတ် ပေရာ၏" ဟုဆိုကာ ဦးခေါင်းကို ညိတ်လျက် လမ်းဖယ်၍ သွား လေ၏။
(၀ိ၊မြန်။၃၊၁၃၊)



(က)

သစ္စာလေးပါးတရားမြတ်ကို ထိုးထွင်းသိမြင်ပြီး သဗ္ဗညုတဉာဏ်တော်ဆိပ်ကမ်းကို တက်လှမ်းတော်မူပြီးစ ဗုဒ္ဓအရှင်ဟာ ပိုင်ဆိုင်ပြီးဖြစ်တဲ့ အရဟတ္တဖိုလ်ချမ်းသာကို ၀င်စားပြီး ဥရုဝေလတောမြိုင်ခြေမှာ (၄၉)ရက်ကြာ သံသရာအမောဖြေတော်မူခဲ့ပါတယ်။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီစွန့်စားခန်းတွေနဲ့ နွမ်းတော်မူခဲ့ပြီး လေးဆယ့်ငါးဝါပတ်လုံး ဓမ္မ၀န်ထမ်းပြီး ပန်းတော်မူရဦးမယ့် အရှင်မြတ်အတွက် အဲဒီလေးဆယ့်ကိုးရက်သာ ကိုယ်ပိုင်အချိန်ရှိတော်မူခဲ့ရှာပါတယ်။

(ဒီနေ့ရက်တွေမှာလည်း ဓမ္မသုံးသပ်မှုအချိန်တွေ ဖဲ့ပြီး တပုဿ ဘလ္လိကာညီနောင်။ ဟုံဟုင်္ကပုဏ္ဏားနဲ့ သဟမ္ပတိဗြဟ္မာတို့ကို စကားအနည်းငယ်ပြောခဲ့ရရှာပါသေးတယ်)။ ဥရုဝေလ (၄၉)ရက် အပန်းဖြေစခန်းက ခွာလို့ ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာအသစ်ကို ကြေငြာဖို့ တရွေ့ရွေ့ကြွလှမ်းနေတဲ့ ဗုဒ္ဓအရှင်ရဲ့ မိဂဒါဝုန်ခရီးလမ်းတစ်ထောက်မှာ တက္ကဒွန်းကြီးဥပကနဲ့ ဆုံတွေ့ခဲ့တာပါ။

ပရမတ္ထအလင်းပြန့်နေတဲ့ ဗုဒ္ဓအရှင်ရဲ့ ခမ်းနားတဲ့ မျက်နှာတော်နဲ့ ထည်ဝါတဲ့ ဘုရားအသရေတော်မှန်သမျှဟာ တက္ကဒွန်းကြီးဥပကရဲ့ အဇ္ဈတ္တကို ထိထိရှရှဖြစ်စေခဲ့တာ သေချာလှပါတယ်။ဒါပေမယ့် အတ္တဒိဌိနဲ့ ခေတ်အယူ ၀ါဒအဟောင်းတွေ စူးနစ်စွန်းပေနေတဲ့ ဥပကရဲ့ နှလုံးသားထဲကို နုပျိုငယ်ရွယ်လွန်းလှတဲ့ ဗုဒ္ဓအရှင်ရဲ့"ငါဟာ ဆရာမရှိ၊ အတုမရှိ၊ ပြိုင်ဘက်မရှိတဲ့ ရဟန္တာ၊ နတ်လူတို့ရဲ့ ဆရာ၊ တစ်ဆူတည်းသော ဘုရား" ဆိုတဲ့ မိတ်ဆက် စကားတွေကတော့ တိုးဝင်နိုင်ခဲ့ဟန်မရှိပါဘူး၊ သူ့နှလုံးသားနံရံဟာ ထုထဲလွန်းနေခဲ့ပါတယ်။

ခါတော်မှီဘုရားတွေ ပွက်ပွက်ထနေတဲ့ ဘီစီခြောက်ရာစု မဇ္ဈိမအခြေအနေကလည်း ဘုရားလို့ ၀န်ခံသူတိုင်းကို မယုံကြည်တတ်အောင် တွန်းအားဖြစ်ကောင်းဖြစ်နေပေလိမ့်မယ်။ ပြီးတော့ သူကိုယ်တိုင်လည်း ဘုရားရယ်လို့ ခပ်တည်တည်ပြောခွင့်ရှိနေတဲ့ အခြေအနေမျိုးမှာ ငယ်ငယ်ရွယ်ရွယ် ချောချောမောမော ရဟန်းလေး တစ်ပါးအဖြစ်သာ သူမြင်နေတဲ့ ဗုဒ္ဓအရှင်က '' တစ်ဆူတည်းသောအနှိုင်းမဲ့ဘုရား(အနန္တဇိန)'' လို့ ရဲဝံ့ပြတ် သားစွာ ၀န်ခံမိတ်ဆက်နေပေမယ့် ယုံကြည်ဖို့ တွန့်ဆုတ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ''ဟုတ်လောက်ပါရဲ့ ကိုယ့်လူရယ် '' လို့ အဓိပ္ပါယ်ရတဲ့ '' ဟုပေယျ အာဝုသော'' ဆိုတဲ့ စကားတစ်ခွန်းကိုသာ ခပ်လွယ်လွယ်ပြောပြီး ခေါင်းတညိတ်ညိတ် လည်တခါခါ ထွက်ခွာသွားခဲ့တော့တာပါပဲ။

''ဟုတ်မှ လုပ်ပါ ကိုယ့်လူရာ'' လို့သာ ဘာသာပြန်လိုက်ရရင် ပိုပြီး မြင်ကွင်း ကြွလာလေမလား။ အာဝုသော ဆိုတဲ့ ပါဠိဝေါဟာရဟာ ကိုယ်နဲ့အဆင့်တူ သို့မဟုတ် နိမ့်ကျသူ ဂျူနီယာတစ်ယောက်ကို ရည်ညွန်းပါတယ်။ ဒီနေ့သုံးနေတဲ့ ''ကိုယ့်လူ'' စကားလုံးနဲ့ ထပ်တူပါပဲ။

(ခ)

ဒီမြင်ကွင်းလေးကို အမှတ်ရတိုင်း မိတ်ဆွေရဟန်းတစ်ပါးကို သတိရတတ်ပါတယ်။ သူက သီဟိုဠ်ကျွန်း ကိုသွားပြီး မဟာဝိဇ္ဇာဘွဲ့ယူပြီး ပြန်လာစ ခြေတကြွကြွဖြစ်နေချိန် ရွာအပြန်ခရီး ဟိုက်ဝေးကားတစ်စီးပေါ်မှာ ခရီးသွားဖော် ဒကာတစ်ဦးနဲ့ စကားပြောဖြစ်ခဲ့ပါသတဲ့။

ဘယ်ကလာသလဲ ဘယ်ကိုသွားမလဲ မေးခွန်းတွေကို မျှော်လင့်နေသူပီပီ သီရိလင်္ကာနိုင်ငံက မဟာဝိဇ္ဇာ ဘွဲ့ယူပြီးပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခု မွေးရပ်မြေ မိဘဆွေမျိုးများထံ ပြန်ကြွမည်ဖြစ်ကြောင်း၊ မကြာမီ ပါရဂူဘွဲ့အတွက် အိန္ဒိယနိုင်ငံသို့ ကြွရောက်မည်ဖြစ်ကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း ပြောပြဖြစ်ခဲ့ပါသတဲ့။

ဒါပေမယ့် ခရီးသွားဖော်ဒကာရဲ့ ဥပကဟန်အကြည့်နဲ့ တုန့်ပြန်စကားက မိတ်ဆွေရဟန်းကို ခပ်ရှိန်းရှိန်း ဖြစ်သွားစေခဲ့ပါတယ်။
“ဒါဆိုရင် ကိုယ်တော်က သဒ္ဒါ သင်္ဂြိုဟ်တွေ ရပြီပေါ့” တဲ့။
မိတ်ဆွေရဲ့ ခရီးသွားဖော်ဒကာအနေနဲ့ အမ်အေ ပီအိတ်ခ်ျဒီ ဆိုတဲ့ စကားလုံးတွေကို နားမဆန့်တာလား။
ရဟန်းတစ်ပါးကို အမ်အေ ပီအိတ်ခ်ျဒီဘွဲ့တွေနဲ့ မတွဲမိတာလား။
သဒ္ဒါ သင်္ဂြိုဟ်ကလွဲရင် ဘုန်းတော်ကြီးပညာရေးလောကကို လက်လှမ်းမမီတာလား။
ဒါမှ မဟုတ်ရင်လည်း အတုအပတွေ စားသုံးဖူးတဲ့ စားသုံးသူတစ်ယောက်လိုမျိုး စိစစ်နေတာပဲလား။ မဖြစ်နိုင် လောက်ဘူးဆိုတဲ့ အကြည့်မျိုးကိုလည်း သူခံစားလိုက်ရတယ်လို့ မိတ်ဆွေရဟန်းက ပြောပါသေးတယ်။

ကဲ ခုတော့ သာမန်စာသင်တိုက်လေးက ခပ်ရွယ်ရွယ် ကိုရင်လေးတွေကိုသာ မေးရမယ့်မေးခွန်းကို မြန်မာ နိုင်ငံမှာ အဆင့်မြင့်ပိဋကတ်စာပေတွေ သင်ယူတတ်ပွန်ပြီးကာမှ နိုင်ငံခြားက အမ်အေဘွဲ့ယူပြီး ပြန်လာတဲ့ ပီအိတ်ခ်ျဒီလောင်းလျာတစ်ပါးကို မေးခံလိုက်ရတာက “ ဒါဆိုရင် ကိုယ်တော်က သဒ္ဒါ သင်္ဂြိုဟ်တွေ ရပြီပေါ့” တဲ့။

ဘာပဲဖြစ်ဖြစ် မိတ်ဆွေရဟန်းကတော့ ဥပကရဲ့အသံကို ကိုယ်တိုင်ကြားလိုက်ရတာပါ။ ခေါင်းတညိတ်ညိတ် လည်တခါခါနဲ့ ဥပကတစ်ဦးကို အညာသွား ဟိုက်ဝေကားတစ်စီးပေါ်မှာ တကယ်တွေ့ခဲ့ရတာပါ။ ကိုယ့် အကြောင်းကိုယ် လွတ်လပ်စွာ ပြောခွင့်ရှိပေမယ့် စကားနဲ့နား အံဝင်မယ့် နေရာမျိုးမှာပဲ ပြောရမယ်ဆိုတဲ့ မှတ်ချက်လေးတစ်ခုတော့ မိတ်ဆွေရဟန်းရဲ့ ဒိုင်ယာရီစာမျက်နှာမှာ ရှိုနေနိုင်ကောင်းပါတယ်။

ခုနောက်ပိုင်းမှာတော့ မိတ်ဆွေရဟန်းက ဘွဲ့အမည်တွေ အပြည့်အစုံရိုက်နှိပ်ထားတဲ့ လိပ်စာကဒ်လေးတွေကို တစ်ပါတည်းဆောင်ယူလေ့ရှိပါသတဲ့။

(ဂ)
ဘုရားရှင်အတွက်ကတော့ နောင်တစ်ချိန် ဝင်္ကဟာရကျေးရွာသူ တောလိုက်မုဆိုးကြီးသမီး မဆာဝါနဲ့ အကြောင်းပါပြီး ကလေးတစ်ယောက်နဲ့ အိမ်ထောင်ရေး အဆင်မပြေဖြစ်တဲ့အခါမှ “ အနန္တဇိန” ဆိုတဲ့ မိဂဒါ ဝုန်လမ်းမပေါ်က မိတ်ဟောင်းဆွေဟောင်းကြီးကို မှတ်မှတ်ရရ ရှာဖွေရောက်လာမယ့် တက္ကတွန်း လူထွက်ကြီးဥပကရဲ့ အနာဂတ်နေ့ရက်များအထိ ကြိုတင်သိမြင်ခဲ့တာပါ။

ဒါကြောင့်လည်း ဘုရားဂုဏ်ပုဒ်မှန်သမျှကို တခုတ်တရထုတ်ပြခဲ့ခြင်းဖြစ်ပါတယ်။
(အခု လှောင်ပြောင်သရော်မှာ တွေးတော်မူခဲ့ပေမယ့် အနာဂတ်ကိုပဲ မျှော်ကြည့်ခဲ့ခြင်းပါပဲ။)

မနက်ဖြန်မှာ ကိုယ့်အကြောင်းကိုယ်တောင် မခန့်မှန်းနိုင်တဲ့ သူလိုကိုယ့်လို ပုထုဇဉ် တစ်ယောက်အတွက်တော့ အခြေအနေ အခါအခွင့်သင့်လို့ တကယ်လိုအပ်မှသာ နားလည်ပေးနိုင်စွမ်းရှိသူတစ်ယောက်ကိုသာ ကိုယ့် အကြောင်းကိုယ် ဖော်ထုတ်ပြောကြ ဆိုကြပါစို့လား။

ဒီလိုမှမဟုတ်ရင်တော့ “ ဟုတ်မှလုပ်ပါ ကိုယ့်လူရယ် ” ဆိုတဲ့ “ ဟုပေယျ အာဝုသော” တွေ ရင်ဘတ်ပေါ်ကျိန်း စပ်စပ် ကျလာမှဖြင့်။

No comments: